အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅)
တက်ဂယူက eSports အသင်း တည်ထောင်ဖို့အတွက် စီအီးအိုရုံးခန်းရဲ့ အဖွဲ့ခေါင်းဆောင် ဂျောင်ကီဟုမ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်။ ဒါကြောင့်မလို့ စီအီးအိုရုံးခန်းက ပိုပြီး ငြိမ်သက်သွားခဲ့ပြီး ကျွန်တော်လည်း စိတ်အေးသွားရပါတယ်။
ကျွန်တော်က ဝဘ်ဆိုက်စာမျက်နှာပေါ်က သတင်းတွေကို အပေါ်ယံလောက် လှန်လှောကြည့်လိုက်တယ်။
“ဒီနေ့ သတင်းမှာလည်း ရိုနယ်က ပါနေပြန်ပြီပဲ”
အခုအချိန်မှာတော့ သူ့ကို သတင်းတွေရဲ့ ပုံမှန်ဧည့်သည်တော်လို့ ပြောရင်တောင် လွန်မယ်မထင်ပါဘူး။
သမ္မတ ရိုနယ်က အရင်က ပြောခဲ့ဖူးတဲ့အတိုင်း ကိုရီးယား အီလက်ထရောနစ် ထုတ်လုပ်သူတွေအပေါ် အတားအဆီး အစီအမံတွေကို စတင်လိုက်ပြီပဲ ဖြစ်ပါတယ်။ မူလကတော့ ဆိုဆောင်း အီလက်ထရောနစ်နဲ့ CL အီလက်ထရောနစ်တို့ကို အဓိကထားခဲ့တာ ဖြစ်ပေမယ့် ဆိုဆောင်း SB က ဘတ္ထရီစက်ရုံ တည်ထောင်မယ့် အစီအစဉ်ကို ကြေညာခဲ့ပြီးတဲ့နောက်မှာတော့ ဆိုဆောင်း အီလက်ထရောနစ်က စာရင်းထဲကနေ တိတ်တဆိတ် ဖယ်ရှားခံလိုက်ရတယ်။
ရလဒ်အနေနဲ့ CL အီလက်ထရောနစ်ကပဲ ဒဏ်ကို တစ်ယောက်ထဲ ခံလိုက်ရပြီး အမေရိကန်မှာ စက်ရုံတည်ဆောက်မယ့် အစီအစဉ်ကို အလျင်အမြန် ကြေညာခဲ့ရပေမယ့် ချက်ချင်း ရရှိလာမယ့် ထိခိုက်နစ်နာမှုကိုတော့ ရှောင်လွှဲဖို့ ခက်ခဲခဲ့ပါတယ်။
ဒါက အစပဲ ရှိသေးတာပါ။
နောက်ထပ် ပစ်မှတ်တွေက မော်တော်ကားနဲ့ သံမဏိလုပ်ငန်းတွေ ဖြစ်တယ်လို့ ရိုနယ်က ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ သူက လက်ရှိ ရှိနေတဲ့ FTA သဘောတူညီချက်တွေကို ပြန်လည်ညှိနှိုင်းဖို့ကိုလည်း စတင်သုံးသပ်နေပြီ ဖြစ်တာမလို့ အဲဒီထဲမှာ ကိုရီးယားကလည်း သဘာဝအတိုင်း ပါဝင်နေခဲ့တာပေါ့။
နောက်ထပ် သတင်းတစ်ခုကတော့ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နိုင်ငံရေးပွဲကြီးဖြစ်တဲ့ National Two Sessions ပွဲကြီး ဖွင့်လှစ်လိုက်တဲ့အကြောင်းပါ။
National Two Sessions ဆိုတာက အမျိုးသား ပြည်သူ့ကွန်ဂရက်နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ညီလာခံကို ရည်ညွှန်းတာ ဖြစ်ပြီး အဲဒီကနေတစ်ဆင့် တရုတ်အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှု မူဝါဒတွေနဲ့ စီးပွားရေး မဟာဗျူဟာတွေကို ဆုံးဖြတ်ကြတာပါ။ ဒါကြောင့်မလို့ ဒီကာလအတွင်းမှာ ကမ္ဘာ့အာရုံစိုက်မှုက တရုတ်နိုင်ငံဆီ ရောက်ရှိနေခဲ့ပါတယ်။ ဒီပွဲမှာ သမ္မတ ရှီကျင့်ဖျင်က အမေရိကန်ရဲ့ ကာကွယ်ရေးဝါဒကို ဝေဖန်ခဲ့ပြီး ကမ္ဘာကြီးက လွတ်လပ်စွာ ကုန်သွယ်မှုဆီ ဦးတည်ရမယ်လို့ အခိုင်အမာ ပြောကြားခဲ့တယ်။
“မယုံနိုင်စရာပဲ……”
အမေရိကန်က တားဆီးရေးဝါဒကို ထောက်ခံပြီး တရုတ်က လွတ်လပ်စွာ ကုန်သွယ်မှုကို အားပေးတဲ့ အခြေအနေမျိုးကို မျက်စိနဲ့ မြင်ရလိမ့်မယ်လို့ ဘယ်သူကမှ ထင်ထားမှာမဟုတ်လောက်ဘူး။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းကပဲ အမေရိကန်က တရုတ်ရဲ့ တားဆီးရေး မူဝါဒတွေကို ပြစ်တင်ဝေဖန်ခဲ့တာ မဟုတ်ဘူးလား။
ဒါပေမဲ့လည်း ရိုနယ် တွန်းအားပေးနေတဲ့ မူဝါဒတွေက ကျွန်တော်တို့အတွက်တော့ အကျိုးရှိပါတယ်။ ကျွန်တော်တို့က အမေရိကန်မှာ စက်ရုံရှိပြီးသား ဖြစ်တာမလို့ အခွန်အခတွေနဲ့ ကုန်သွယ်ရေး အတားအဆီးတွေရဲ့ သက်ရောက်မှုကို မခံရဘူး။ ဆန့်ကျင်ဘက်အနေနဲ့ တခြားကုမ္ပဏီတွေကတော့ တိုးမြင့်လာတဲ့ အခွန်အခတွေကြောင့် စျေးနှုန်းပြိုင်ဆိုင်မှုမှာ အားနည်းချက်တွေနဲ့ ရင်ဆိုင်ရတော့မှာပါ။
ချိန်းဆိုထားတဲ့ အချိန်ရောက်တဲ့အခါ ကျွန်တော်က ဒါရီလ်နဲ့ video call ပြောဖြစ်ခဲ့တယ်။
မျက်နှာပြင်ပေါ်မှာ ဒါရီလ်က ကျွန်တော့်ကို ကြည့်ပြီး မေးလိုက်တယ်။
“ဘယ်သတင်းကို အရင်ဆုံး ကြားချင်လဲ၊ သတင်းကောင်းလား၊ သတင်းဆိုးလား”
“သတင်းဆိုးကနေပဲ စတာပေါ့”
“ငါတို့ရဲ့ ရောင်းအားက ပြီးခဲ့တဲ့လနဲ့ နှိုင်းယှဉ်ရင် ၈ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ မနှစ်က အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင်တော့ ကျဆင်းမှုက ၂၀ ရာခိုင်နှုန်းကျော် ရှိနေပြီ။ ကုန်ပစ္စည်း လက်ကျန်တွေက ဆက်တိုက် တိုးပွားနေတာမလို့ ထုတ်လုပ်မှုကို တချို့အပိုင်းတွေမှာ ရပ်ဆိုင်းထားရတယ်”
အရောင်းမြှင့်တင်ရေး မက်လုံးတွေကို တိုးမြှင့်ပေးဖို့ အရောင်းကိုယ်စားလှယ်တွေရဲ့ အဆိုပြုချက်ကို ကျွန်တော်တို့တွေက ငြင်းပယ်ခဲ့ကြတာပါ။
ရလဒ်အနေနဲ့ အရောင်းကိုယ်စားလှယ် အတော်များများက သူတို့ရဲ့ စာချုပ်တွေကို အဆုံးသတ်ခဲ့ကြပြီး တခြားသူတွေကလည်း ရောင်းအားအပေါ် စိတ်မပါတဲ့ အမူအရာမျိုး ပြသခဲ့ကြတာပေါ့။
“ဒါက ငါတို့တွေ ကြော်ငြာတာ ဒါမှမဟုတ် အရောင်းမြှင့်တင်တာတွေမှာ အင်တိုက်အားတိုက် အားမစိုက်တာကြောင့်လည်း ပါတာမလို့ ရောင်းအား ထိုးကျသွားတာက အံ့ဩစရာတော့ မဟုတ်ပါဘူး”
ဘာပဲဖြစ်ဖြစ် Chrysler အမှတ်တံဆိပ်ကို အဆင့်ဆင့် ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်က ချမှတ်ပြီးသား ဖြစ်ပါတယ်။ အတည်မပြုရသေးပေမယ့် နောက်ထပ် ထွက်ရှိလာမယ့် မော်ဒယ်အသစ်တွေကိုတော့ အမှတ်တံဆိပ်အသစ်နဲ့ မိတ်ဆက်ပေးသွားမှာပါ။
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။
“သတင်းကောင်းကို ပြောပါဦး”
“Level 4 အဆင့် ထုတ်လုပ်မှုက ပြီးသွားပါပြီ။ စက်ရုံတွင်း စမ်းသပ်မောင်းနှင်မှုတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာမျိုးစုံကို machine learning ကနေတစ်ဆင့် ပြီးပြည့်စုံအောင် ပြင်ဆင်နိုင်ခဲ့တယ်”
အလိုအလျောက် မောင်းနှင်မှုစနစ်ကို အဆင့်အနည်းငယ် ခွဲခြားထားတာပါ။
Level 4 ဆိုတာက ယာဉ်မောင်းရဲ့ ထိန်းချုပ်မှု မလိုအပ်တဲ့ အဆင့်မြင့် အလိုအလျောက် မောင်းနှင်မှုစနစ် ဖြစ်ပါတယ်။
လက်ရှိမှာတော့ Level 4 ရဲ့ အစောပိုင်း အဆင့်တွေကို မော်တော်ကား ထုတ်လုပ်သူ တချို့က တီထွင်ပြီး ထုတ်လုပ်တဲ့ ကားတွေမှာ ထည့်သွင်းထားကြပါပြီ။ ဒါပေမဲ့ ဒါက လုံးဝ စိတ်ချရတဲ့ အဆင့်မှာတော့ မရှိသေးပါဘူး။
Level 4 စနစ်တွေ အချင်းချင်းကြားမှာတောင် ဒါက ပြီးပြည့်စုံမှု ရှိမရှိအပေါ် မူတည်ပြီး နည်းပညာ ကွာဟချက်က အကြီးကြီး ဖြစ်နိုင်ပါတယ်။
ဘာလို့လဲဆိုတော့ အလိုအလျောက် မောင်းနှင်မှု နည်းပညာက ယာဉ်မောင်းတွေနဲ့ လမ်းသွားလမ်းလာတွေရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတာမလို့ အမှားအယွင်း အနည်းငယ်မျှတောင် အဖြစ်ခံလို့ မရလို့ပါပဲ။
“အခုဆိုရင် ငါတို့တွေက Level 5 အဆင့်ထဲကို ဝင်ရောက်သွားပြီလို့ ပြောလို့ရတယ်”
Level 5 ဆိုတာကတော့ လုံးဝ ပြီးပြည့်စုံတဲ့ အလိုအလျောက် မောင်းနှင်မှုစနစ်ပါ။
ဒါက လူမပါဘဲ မောင်းနှင်နိုင်တဲ့ ယာဉ်တွေအနေနဲ့ လူတစ်ယောက်မှ ရှိမနေဘဲ မောင်းနှင်နိုင်တဲ့ အဆင့်ပေါ့။ Level 4 နဲ့ ကွာခြားချက်ကတော့ ယာဉ်မောင်းခုံမှာ လူရှိနေဖို့ လိုမလိုနဲ့ အဝေးကနေ ထိန်းချုပ်နိုင်မှု ရှိမရှိအပေါ်မှာပါ။
“ဆိုဆောင်း အီလက်ထရောနစ်နဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လို အခြေအနေ ရှိလဲ”
“သူတို့ဘက်က အများကြီး ပြင်ဆင်ထားခဲ့ကြတဲ့အတွက် ထုတ်လုပ်မှုက မျှော်လင့်ထားတာထက် ပိုပြီး မြန်ဆန်နေတယ်”
“သူတို့က ငါတို့နဲ့ မပူးပေါင်းရင်တောင် ဒီစျေးကွက်ထဲကို ဘာပဲဖြစ်ဖြစ် ဝင်ရောက်ဖို့ ပြင်ဆင်နေခဲ့ကြတာပဲလေ”
“ဒီနှုန်းအတိုင်းဆိုရင် ငါတို့တွေ ဒီနှစ် ဒုတိယနှစ်ဝက်မှာ မော်ဒယ်အသစ်တွေကို မိတ်ဆက်ပေးနိုင်လိမ့်မယ်”
ပထမဦးဆုံး ကျွန်တော်တို့က အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်ကို အသုံးပြုထားပြီး Level 4 အလိုအလျောက် မောင်းနှင်မှု နည်းပညာ ထည့်သွင်းထားတဲ့ ကားကို ထုတ်လုပ်ဖို့ စီစဉ်ထားပြီး နောက်နှစ် ပထမနှစ်ဝက်ကစပြီး လျှပ်စစ်ကား ထုတ်လုပ်မှုကို မြှင့်တင်သွားမှာပါ။
TS ကုမ္ပဏီရဲ့ စက်ရုံမပြီးမချင်း ဘတ္ထရီ ထောက်ပံ့မှု ပြဿနာ ရှိနိုင်ပေမယ့် လောလောဆယ်တော့ ဆိုဆောင်း SB ရဲ့ ပြည်တွင်းစက်ရုံကနေ ထုတ်လုပ်တဲ့ ဘတ္ထရီတွေကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။
“ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ နောက်ထပ် နည်းနည်းလောက်တော့ တောင့်ခံပေးပါဦး”
“နားလည်ပါပြီ”
Video callကို အဆုံးသတ်ပြီးတဲ့နောက် ကျွန်တော် သက်ပြင်းအရှည်ကြီးတစ်ခုကို ချလိုက်တယ်။
အရာအားလုံးက အစီအစဉ်အတိုင်း တိုးတက်နေတာက စိတ်သက်သာရာရစရာပါပဲ။ ဒါပေမဲ့ အလျင်အမြန် တိုးပွားလာတဲ့ အရှုံးပမာဏကတော့ အဓိက စိုးရိမ်စရာ ဖြစ်နေခဲ့တယ်။
လောလောဆယ်တော့ ကျွန်တော်တို့ဆီမှာ အချိန်အနည်းငယ် ရှိသေးပေမယ့် တကယ်လို့ တစ်နှစ်အတွင်း အမြတ်အစွန်း မရရှိနိုင်ရင် ကျွန်တော်တို့တွေ ငွေပြတ်လပ်မှု အကြပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်တယ်။
'ရိုနယ်က နောက်ထပ် နည်းနည်းလောက် ပိုပြီး ကြိုးစားပေးဖို့ လိုတယ်'
ဘေ့စ်ဘောကွင်းမှာ လင်ဂျင်ယုံနဲ့ ကန်ဂျင်ဟူတို့ ဆုံတွေ့ခဲ့ကြတဲ့အကြောင်းကို မီဒီယာအတော်များများက သတင်းဖော်ပြခဲ့ကြတယ်။
အိမ်ပြာတော်မှာ သတင်းစာဖတ်နေတဲ့ ပက်ဆီဟျွန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်တယ်။
“သူက တကယ်ပဲ ကျားပေါက်တစ်ကောင် ဖြစ်နေတာပါလား”
သူက လင်ဂျင်ယုံကို အထင်သေးခဲ့မိတာပါ။
ဖိအားပေးလိုက်ရင် သူက ဆိုဆောင်း SB ကို စွန့်လွှတ်ပြီး နောက်ဆုတ်သွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် အဲဒီအစား သူက ကန်ဂျင်ဟူနဲ့ လက်တွဲဖို့ အခွင့်အရေးတစ်ခုအဖြစ် အသုံးပြုခဲ့တယ်။
ဆိုဆောင်း SB နဲ့ OTK ကုမ္ပဏီတို့ရဲ့ ဖက်စပ်လုပ်ငန်းဖြစ်တဲ့ TS ကုမ္ပဏီက တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ဘတ္ထရီစက်ရုံက ကမ္ဘာ့အကြီးဆုံး ဖြစ်ပါတယ်။ ဒါကို ကြေညာလိုက်တဲ့အခါ မော်တော်ကား ထုတ်လုပ်သူတွေနဲ့ ဘတ္ထရီ ကုမ္ပဏီတွေအားလုံး တင်းမာသွားခဲ့ကြတာပေါ့။
ဒါပေမဲ့ ပိုပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှုကတော့ CarOS နဲ့ ဆိုဆောင်း အီလက်ထရောနစ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုပါပဲ။
လင်ဂျင်ယုံက ဆိုဆောင်း SB နဲ့ မသက်ဆိုင်ဘဲ ကန်ဂျင်ဟူနဲ့ လက်တွဲဖို့ အစကတည်းက စီစဉ်ထားခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မလို့လည်း အရာအားလုံးက အရှိန်အဟုန်နဲ့ ပြီးမြောက်သွားခဲ့တာပါ။
နိုင်ငံရေးသမားတစ်ယောက် မဖြစ်ခင်တုန်းက ပက်ဆီဟျွန်းက စီးပွားရေးသမားတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ သူက နိုင်ငံရေးထက် စီးပွားရေးလောကမှာ အချိန်တွေ အများကြီး ပိုပြီး ကုန်ဆုံးခဲ့တာပါ။
စီးပွားရေးသမားအဖြစ် ရှိနေစဉ်အတွင်းမှာ သူ ဘယ်လောက်ပဲ ကြိုးစားပါစေ ချေဘောတွေရဲ့ အစေခံအဖြစ်ကနေ မလွတ်မြောက်နိုင်ဘူးဆိုတာကို သူ သဘောပေါက်ခဲ့တယ်။
ဒါကြောင့်မလို့ သူက နိုင်ငံရေးဘက်ကို လှည့်ခဲ့ပြီး အောင်မြင်တဲ့ စီးပွားရေးသမား ဆိုတဲ့ ခေါင်းစဉ်ကို အသုံးပြုကာ သမ္မတအဖြစ် အာဏာရဲ့ အထွတ်အထိပ်ဆီ ရောက်ရှိလာခဲ့တာပါ။
သာမန် စီးပွားရေးသမားဘဝကနေ အခုဆိုရင် သူက ချေဘောတွေကို စိတ်တိုင်းကျ ကြိုးကိုင်နိုင်တဲ့ အနေအထားကို ရောက်ရှိနေခဲ့ပါပြီ။
အာဏာရဲ့ အရသာက တကယ့်ကို ချိုမြိန်လှပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီအချိန်က သိပ်ပြီး မရှည်ကြာပါဘူး။ အာဏာရှင်စနစ် မဟုတ်ရင်တော့ အာဏာပိုင်တစ်ယောက်က သက်တမ်းကုန်ဆုံးတဲ့အခါ ရာထူးကနေ ဆင်းပေးရမှာပါ။
သမ္မတ သက်တမ်းက အခုဆိုရင် ကုန်ဆုံးခါနီးနေပါပြီ။ ကိုရီးယားပါတီကနေ သမ္မတအသစ်တစ်ယောက် ထွက်ပေါ်လာရင်တောင် အခုလိုမျိုး အာဏာကို အပြည့်အဝ ခံစားဖို့က မဖြစ်နိုင်တော့ဘူး။
အာဏာက ထာဝရ မဟုတ်ပါဘူး။ ဒါပေမဲ့ ငွေကတော့ ထာဝရပါ။
အုပ်ချုပ်ရေးစနစ် အပြောင်းအလဲ အများကြီး ရှိခဲ့ပေမယ့် ချေဘောတွေက သူတို့ရဲ့ သားစဉ်မြေးဆက်အထိ ချမ်းသာကြွယ်ဝမှုကို လက်ဆင့်ကမ်းခဲ့ကြတာလေ။
ဒါကို ကောင်းကောင်းသိတဲ့ ပက်ဆီဟျွန်းက အာဏာရနေစဉ်အတွင်းမှာ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကို စုဆောင်းခဲ့တယ်။ အဲဒီရဲ့ အသီးအပွင့်ကတော့ PAS ပဲ ဖြစ်တယ်။
ပက်ဆီဟျွန်းရဲ့ သမ္မတ သက်တမ်းအတွင်းမှာ အစိုးရရဲ့ ပံ့ပိုးကူညီမှုကို ရရှိခဲ့တဲ့ အွန်ဆောင်း မော်တာက အများကြီး တိုးတက်လာခဲ့ပြီး အွန်ဆောင်း မော်တာရဲ့ ပံ့ပိုးမှုကို ရရှိတဲ့ PAS ကလည်း အတူတူ တိုးတက်လာခဲ့တာပေါ့။
ပစ္စည်းပံ့ပိုးပေးရတဲ့ ကုမ္ပဏီခွဲလေး သက်သက်မျှသာ ဖြစ်ခဲ့တဲ့ PASက ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပြည်တွင်းပြည်ပမှာ စက်ရုံပေါင်း ၁၆ ခု ရှိတဲ့ အကြီးစား အပိုပစ္စည်းကုမ္ပဏီကြီးတစ်ခုအဖြစ် တိုးတက်လာခဲ့တယ်။
PAS အတွက် အကြီးဆုံး ပြဿနာကတော့ သူတို့ရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းက အွန်ဆောင်း မော်တာအပေါ်မှာပဲ မှီခိုနေရတာပါ။
အခုအချိန်အထိတော့ အွန်ဆောင်း မော်တာက အောင်မြင်နေဆဲ ဖြစ်တာမလို့ ကြီးမားတဲ့ ပြဿနာ မရှိသေးပါဘူး။ ဒါပေမဲ့ တကယ်လို့ အွန်ဆောင်း မော်တာမှာ အကြပ်အတည်းတစ်ခု ဖြစ်ပေါ်လာရင် PAS ကလည်း သက်ရောက်မှုကို ခံရမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်မလို့လည်း OTK ကုမ္ပဏီက ရိုနယ်ကို ပံ့ပိုးဖို့အတွက် လှုပ်ရှားခဲ့ပြီး CarOS ကနေတစ်ဆင့် မော်တော်ကားလုပ်ငန်းထဲကို တိုက်ရိုက် ဝင်ရောက်လာခဲ့ချိန်မှာပဲ သူတို့က ချက်ချင်းပဲ သူတို့ရဲ့ ထိန်းချုပ်မှုတွေကို စတင်ခဲ့ကြတာပါ။
နောက်ဆုံးမှာ ရိုနယ်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး အဲဒီအချိန်ကစလို့ အခြေအနေတွေက ဆက်တိုက် ဆိုးရွားလာခဲ့တာလေ။
စိုးရိမ်ခဲ့ကြတဲ့အတိုင်း ရိုနယ်က ကိုရီးယား-အမေရိကန် FTA ကို ပြင်ဆင်ရရင်တောင် မော်တော်ကား အခွန်အခတွေကို ညှိနှိုင်းဖို့ သုံးသပ်နေခဲ့တယ်။ အမျိုးသား ပင်စင်ရန်ပုံငွေအဖွဲ့ရဲ့ ပံ့ပိုးကူညီမှု ရှိခဲ့ပေမယ့်လည်း အွန်ဆောင်းရဲ့ ဆိုဆောင်း SB ကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှုက ကျရှုံးခြင်းနဲ့ပဲ အဆုံးသတ်ခဲ့ရတာပါ။
ပက်ဆီဟျွန်းရဲ့ အမြင်မှာတော့ CarOS က Nikola ထက် ပိုပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။
အဓိက အချက်ကတော့ ထုတ်လုပ်မှု ပမာဏပါ။ Nikolaရဲ့ စျေးကွက်တန်ဖိုးက GM ကို စိန်ခေါ်နိုင်တဲ့အထိ တိုးတက်လာခဲ့ရင်တောင် သူတို့ရဲ့ နှစ်စဉ် ထုတ်လုပ်မှုက ကားအစီးရေ ၇ သောင်းပဲ ရှိတာလေ။
ဒီပမာဏက တခြားကုမ္ပဏီတွေရဲ့ ရောင်းအားကို သိသိသာသာ သက်ရောက်မှု မရှိစေပါဘူး။
ဒါပေမဲ့ CarOS ကတော့ မတူဘူး။
သူတို့က Chryslerကို သိမ်းပိုက်ပြီး ထုတ်လုပ်မှု စက်ရုံတွေကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သလို စက်ရုံအသစ်တွေကိုလည်း တည်ဆောက်နေခဲ့ကြပါပြီ။ ဒီစက်ရုံတွေ ပြီးစီးသွားရင် ထုတ်လုပ်မှု စွမ်းရည်က တစ်နှစ်ကို ကားအစီးရေ ၅ သန်းအထိ တိုးတက်လာနိုင်တယ်။
ဘတ္ထရီ ထောက်ပံ့မှု ပြဿနာကြောင့် လျှပ်စစ်ကား ထုတ်လုပ်မှုက အစီးရေ ၅ သိန်းခန့်သာ ကန့်သတ်ထားရပေမယ့် ဒါက Nikolaရဲ့ ရောင်းအားထက် ၇ ဆ ပိုများနေဆဲပါပဲ။
သူတို့တွေဟာ ပြီးပြည့်စုံတဲ့ အလိုအလျောက် မောင်းနှင်မှု နည်းပညာ ထည့်သွင်းထားတဲ့ ကားတွေကို အမြောက်အမြား ထုတ်လုပ်လာပြီဆိုရင်တော့ နည်းပညာပိုင်းမှာ အလှမ်းဝေးနေသေးတဲ့ လက်ရှိ မော်တော်ကား ထုတ်လုပ်သူတွေက ကြီးမားတဲ့ ထိုးနှက်ချက်ကို ခံရမှာ ဖြစ်ပြီး အဲဒီထဲမှာ အွန်ဆောင်း မော်တာလည်း ပါဝင်နေမှာပါ။
အစိုးရက အလိုအလျောက် မောင်းနှင်မှုဆိုင်ရာ စည်းမျဉ်းတွေကို မလျှော့ချသရွေ့တော့ ပြည်တွင်းစျေးကွက်ကို ကာကွယ်ထားနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ စည်းမျဉ်းစည်းကမ်း ပြဿနာတွေကတော့ ရိုနယ်အပေါ်မှာပဲ မူတည်နေတာပါ။
တကယ်လို့ CarOS က ကိုရီးယားကုမ္ပဏီတစ်ခု ဖြစ်နေရင် ဒါမှမဟုတ် အနည်းဆုံး ကိုရီးယားမှာ လုပ်ငန်းလည်ပတ်မှု ရှိနေရင် သူတို့က တစ်နည်းနည်းနဲ့ လွှမ်းမိုးနိုင်မှာ ဖြစ်ပေမယ့် CarOS က ဌာနချုပ်နဲ့ စက်ရုံတွေအားလုံး အမေရိကန်မှာပဲ ရှိတဲ့ အမေရိကန် ကုမ္ပဏီတစ်ခု ဖြစ်နေခဲ့တာပါ။
ကံကောင်းတာက ပိုင်ဆိုင်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ OTK ရဲ့ စီအီးအိုက ကိုရီးယားလူမျိုး ဖြစ်နေတာပါပဲ။ သူတို့တွေ အစောပိုင်းတုန်းက လှုပ်ရှားမှုအချို့ ပြုလုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့် ရလဒ်တွေကတော့ ကျရှုံးခဲ့ရတယ်။
အဲဒီအစား တန်ပြန်တိုက်ခိုက်မှုကို ခံခဲ့ရပြီး အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲနဲ့ ရှေ့နေချုပ်တို့ ရာထူးတွေ ဆုံးရှုံးခဲ့ရကာ သမ္မတကိုယ်တိုင် ပြည်သူကို လူသိရှင်ကြား တောင်းပန်ခဲ့ရတယ်။
အဲဒီဖြစ်ရပ်ကို ပြန်တွေးမိတိုင်း သူ့မှာ ဒေါသတွေနဲ့ ပြည့်နှက်လာခဲ့ရတာပါ။
လင်အီကွမ်နဲ့ ဟန်မင်းဂူတို့တောင် သူ့ရှေ့မှာ ခေါင်းငုံ့ခဲ့ကြရတာ ဖြစ်ပေမယ့် အသက် ၂၀ ကျော် အရွယ် သာမန်ကောင်လေးတစ်ယောက်ကြောင့် သူက အခုလို အရှက်ခွဲခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
“တကယ်လို့ ကန်ဂျင်ဟူက အွန်ဆောင်း မော်တာအပေါ် ရန်ငြိုးရှိနေရင်တော့ အစကတည်းက ညှိနှိုင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ”
နောက်တစ်ကြိမ် ပြန်လည် ဖိအားပေးဖို့က အန္တရာယ် များလှပါတယ်။ အထူးသဖြင့် အမေရိကန် သမ္မတက သူ့ရဲ့ ပြိုင်ဘက်ကို ပံ့ပိုးပေးနေတဲ့ အချိန်မျိုးမှာပေါ့။ မဆင်မခြင် လှုပ်ရှားမှုတစ်ခုလုပ်မိတာက ပိုပြီး ကြီးမားတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါပေမဲ့လည်း သူက ဒီအတိုင်း ငြိမ်ထိုင်နေဖို့တော့ အစီအစဉ် မရှိပါဘူး။
သူ့လက်ထဲမှာ အာဏာက ရှိနေဆဲပဲလေ။
ပတ်ဆန်းယော့က သူ့ရဲ့ အလုပ်တွေကို အဆုံးသတ်ပြီးတဲ့နောက် အချိန်အတော်ကြာမှ သူ့သူငယ်ချင်းနဲ့ ပြန်ဆုံဖြစ်ခဲ့တယ်။
“ပတ်ဆန်းယော့။ နေကောင်းရဲ့လား”
“မတွေ့ရတာ ကြာပြီနော်။ မင်ဆစ်”
ကိုရီးယား တက္ကသိုလ်က သင်္ချာမေဂျာတူ သူငယ်ချင်းဖြစ်တဲ့ ချဲမင်ဆစ်က ပဉ္စမအဆင့် ရှိတဲ့ နိုင်ငံ့ဝန်ထမ်း စာမေးပွဲကို အောင်မြင်ခဲ့ပြီး လက်ရှိမှာ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတာပါ။
အလုပ်များပြီး အဆက်အသွယ် ပြတ်တောက်နေခဲ့ကြရာကနေ မကြာသေးမီကမှ သူတို့တွေ ပြန်လည် ဆက်သွယ်မိကြတာလေ။
“ဘာစားချင်လဲ”
“ငါ ဆိုင်တစ်ဆိုင်မှာ ဘိုကင်တင်ထားတယ်”
မင်ဆစ် ဘိုကင်တင်ထားတဲ့ နေရာက အဆင့်မြင့် ဂျပန်စားသောက်ဆိုင်တစ်ခုပါ။ သူတို့တွေဟာ တိတ်ဆိတ်တဲ့ အခန်းတစ်ခုမှာ ထိုင်လိုက်ကြတယ်။
ပတ်ဆန်းယော့က Menuကို ကြည့်ရင်း မေးလိုက်တယ်။
“မင်း ပိုက်ဆံရှင်းမှာလား”
မင်ဆစ်က ဟန်ဆောင်ပြီး ညည်းတွားပြတယ်။
“မလုပ်ပါနဲ့ကွာ။ နိုင်ငံ့ဝန်ထမ်း လစာက ဘယ်လောက်ရလို့လဲ။ ငါ့ကို သက်ညှာပါဦး”
“နိုင်ငံ့ဝန်ထမ်းတွေက ဒီလိုနေရာမျိုးမှာ စားရင် ကင်ယောင်ရန်း ဥပဒေနဲ့ မငြိဘူးလား”
“မင်းက ပိုက်ဆံရှင်းမယ့်သူ ဖြစ်တာမလို့ မင်းရဲ့ ပါးစပ်ကို ပိတ်ထားရင် ပြီးတာပါပဲ”
ပတ်ဆန်းယော့က သဘောကျပြီး ရယ်မောလိုက်တယ်။
“ဟားဟား။ ကောင်းပြီလေ”
အစားအစာတွေ မရောက်ခင်မှာပဲ သောက်စရာတွေ အရင်ဆုံး ရောက်ရှိလာခဲ့တယ်။
သူတို့တွေ အချင်းချင်းရဲ့ ဆိုဂျူခွက်တွေကို အပြည့် ထည့်ပေးလိုက်ကြတယ်။
“အလုပ်ကော ဘယ်လိုလဲ”
“နိုင်ငံ့ဝန်ထမ်း ဖြစ်ရတာကတော့ ပုံသေပါပဲ”
“ဒါပေမဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ ဆိုတော့ မဆိုးဘူးမလား။ ဘတ်ဂျက်ကို ကိုင်တွယ်ရတာဆိုတော့ မင်းတို့ စကားက အရာရောက်တာပေါ့”
မင်ဆစ်က ခေါင်းခါပြတယ်။
“အထက်လူကြီးတွေအတွက်တော့ ဟုတ်မှာပေါ့၊ ဒါပေမဲ့ ငါ့လိုမျိုး အောက်ခြေလူတန်းစားအတွက်ကတော့ အလုပ်ကြမ်း လုပ်ရတာ သက်သက်ပါပဲ”
“မင်းကလည်း နှိမ့်ချလွန်းနေပြီ။ ပဉ္စမအဆင့်ဆိုတာ အောက်ခြေ မဟုတ်ပါဘူးကွ။ ဒီနေ့ခေတ် ကိုရီးယား တက္ကသိုလ်က ကျောင်းသားတွေတောင် နဝမအဆင့် နိုင်ငံ့ဝန်ထမ်း စာမေးပွဲကို ပြင်ဆင်နေကြရတယ်လို့ ကြားတယ်”
“ဒါကတော့ ဟုတ်ပါတယ်၊ ငါတို့ အတန်းဖော်တွေထဲမှာတောင် အလုပ်မရသေးတဲ့သူ တချို့ ရှိနေတုန်းပဲ”
“မင်းက အဲဒီလို ခက်ခဲတဲ့ စာမေးပွဲကို ပထမဆုံးအကြိမ်မှာတင် အောင်မြင်ခဲ့တာဆိုတော့ တကယ့်ကို တော်တာပဲ”
“ဘာတွေ ပြောနေတာလဲ။ ငါတို့သူငယ်ချင်းတွေထဲမှာ မင်းက အအောင်မြင်ဆုံးပဲလေ”
“တကယ်လား”
ပတ်ဆန်းယော့က ငြင်းတာမျိုး မလုပ်ခဲ့ဘူး။
သူတို့နှစ်ယောက်က ငါးအစိမ်းတုံးတွေ စားရင်း ဆိုဂျူသောက်ကာ အလုပ်အကြောင်း၊ မိန်းကလေးတွေအကြောင်း၊ ကျောင်းတုန်းက သူငယ်ချင်းဟောင်းတွေနဲ့ အမှတ်တရတွေအကြောင်း ဆက်တိုက် စကားပြောဖြစ်ခဲ့ကြတယ်။
“ငါ မှတ်မိသေးတယ်၊ အရင်တုန်းက မင်းက အခန်းငှားခ စရန်ငွေကို ထုတ်ပြီး MK Tech လား၊ ဘာလား ဆိုတာမှာ ရင်းနှီးမြှုပ်နှံဖို့ လုပ်တုန်းကလေ။ ငါတို့အားလုံးက ‘ဒီကောင် ဘယ်လို အရူးမျိုးလဲဟ’ လို့ တွေးခဲ့ကြတာ။ ငါတင်မကဘူး၊ ငါတို့ သူငယ်ချင်းတွေနဲ့ စီနီယာတွေအားလုံးက အဲဒီလိုပဲ ခံစားခဲ့ကြရတာ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒါက ဆယ်ဆလောက် ထိုးတက်သွားတော့ မင်းက အောင်မြင်ဖို့ ကံပါလာတဲ့သူပဲလို့ ငါ့ကို တွေးမိစေခဲ့တယ်။ ဒါပေမဲ့ ဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ဘူး”
“အောင်မြင်မှု ဟုတ်လား။ သွားရမယ့် လမ်းက အဝေးကြီး လိုပါသေးတယ်”
မဆုံဖြစ်တာ ကြာပြီ ဖြစ်တာမလို့ သူတို့တွေ ပြောစရာ စကားတွေ အများကြီး ရှိနေခဲ့ပြီး စကားဝိုင်းက အဆုံးသတ်မသွားခဲ့ပါဘူး။
နောက်ဆုံးမှာတော့ သူတို့ရဲ့ စကားပြောသမျှက နိဂုံးတစ်ခုဆီပဲ ဦးတည်သွားခဲ့တယ်။
“ဒါပေမဲ့ ကျောင်းတုန်းက အချိန်တွေက အပျော်ဆုံးပဲနော်”
“ဟုတ်တယ်၊ အခု အလုပ်ခွင်ထဲ ဝင်ကြည့်မှ ကျောင်းဆင်းရင် ဘိလိယက် သွားထိုးခဲ့ကြတဲ့ အချိန်တွေက အပျော်ဆုံးပဲဆိုတာ သဘောပေါက်တော့တယ်”
အတိတ်က အရာအားလုံးက ပြန်တွေးရင် ပိုပြီး ကောင်းမွန်နေတတ်တာ အမှန်ပဲလေ။
သူတို့တွေ ဆက်တိုက် သောက်နေကြတုန်းမှာပဲ ချဲမင်ဆစ်က တစ်ခုခုကို ပြောချင်ပေမယ့် ပြောဖို့ တွန့်ဆုတ်နေပုံရပြီး သူ့ရဲ့ နှုတ်ခမ်းတွေက တုန်လှုပ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ဒါကို ကြည့်ပြီး ပတ်ဆန်းယော့ကပဲ အရင်ဆုံး စကားစလိုက်ရတာပေါ့။
“မင်းက ပိုက်ဆံချေးချင်လို့လား”
“ဟင်”
“ဘယ်လောက် လိုလဲ”
ချဲမင်ဆစ်က ပျာပျာသလဲ ဖြစ်သွားပြီး လက်ကို ယမ်းပြတယ်။
“အာ… မဟုတ်ပါဘူးကွာ။ အဲဒါ မဟုတ်ပါဘူး”
“ဒါဆို ဘာလဲ”
ခဏလောက် တွန့်ဆုတ်နေပြီးတဲ့နောက် ချဲမင်ဆစ်က သတိထားပြီး စကားပြောလာတယ်။
“ငါ မင်းကို မိတ်ဆက်ပေးချင်တဲ့ လူတစ်ယောက် ရှိလို့ပါ”
“ဘယ်သူလဲ”
“ခဏလေး စောင့်ဦးနော်”
ချဲမင်ဆစ်က တစ်ယောက်ယောက်ဆီ စာတို ပို့လိုက်တယ်။
ခဏအကြာမှာတော့ အနောက်တိုင်းဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က အခန်းတံခါးကို ဖွင့်ပြီး ဝင်ရောက်လာခဲ့တယ်။
ပတ်ဆန်းယော့က အဲဒီလူရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါ ခဏလောက် ဆွံ့အသွားခဲ့ရတယ်။ တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် အဲဒီမျက်နှာက ရင်းနှီးနေသလို ခံစားလိုက်ရလို့ပါပဲ။
'သူ့ကို ဘယ်မှာ မြင်ဖူးပါလိမ့်'
အဲဒီလူက ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်လိုက်တယ်။
“မင်္ဂလာပါ ကိုယ်စားလှယ် ပတ်ဆန်းယော့။ ငါက သမ္မတရုံးရဲ့ အတွင်းရေးမှူးချုပ် ဘဲဂျီဟန် ပါ”