အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆)
သမ္မတရုံးရဲ့ အတွင်းရေးမှူးချုပ်အနေနဲ့ ဘဲဂျီဟန်က သမ္မတရုံးရဲ့ ခန့်အပ်မှုတွေနဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ကြီးကြပ်ရသူပါ။ တစ်နည်းအားဖြင့် ပြောရရင် သူ့ကို သမ္မတရဲ့ လူယုံတစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါတယ်။
အဲဒီလို လူမျိုးက ဘာဖြစ်လို့ ဒီလိုနေရာမျိုးမှာ ရုတ်တရက် ပေါ်လာရတာလဲ။
ဘဲဂျီဟန်က ပြုံးပြီး စကားပြောလာတယ်။
“ကြိုတင်ပြီး အကြောင်းမကြားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ ကိုယ်စားလှယ် ပတ်ဆန်းယော့။ K ကုမ္ပဏီရဲ့ ကိုယ်စားလှယ်အကြောင်းကို ကျွန်တော် အများကြီး ကြားဖူးထားပါတယ်။ တကယ့်ကို လူကိုယ်တိုင် တွေ့ဆုံချင်ခဲ့တာမလို့ အရာရှိ ချဲမင်ဆစ်ဆီကနေတစ်ဆင့် အကူအညီ တောင်းလိုက်ရတာပါ”
ပတ်ဆန်းယော့က သူ့သူငယ်ချင်းကို လှည့်ကြည့်လိုက်တဲ့အခါ ချဲမင်ဆစ်က အနေရခက်တဲ့ အမူအရာနဲ့ ဟန်ဆောင်ပြုံး ပြနေခဲ့တယ်။
'သူက ဒီလိုရည်ရွယ်ချက်မျိုးနဲ့ ငါ့ကို ဆုံဖို့ ချိန်းခဲ့တာလား'
အိမ်ပြာတော်ဘက်ကနေ အစိုးရဌာနတွေမှာ အလုပ်လုပ်နေတဲ့ ကိုရီးယား တက္ကသိုလ်ကျောင်းသား အားလုံးကို တိတ်တဆိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ အဲဒီကနေတစ်ဆင့် စီးပွားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ အရာရှိ ချဲမင်ဆစ်က ပတ်ဆန်းယော့နဲ့ အတန်းဖော် ဖြစ်ခဲ့ဖူးပြီး တော်တော်လေး ရင်းနှီးတဲ့သူ ဖြစ်မှန်း သူတို့ သိသွားခဲ့ကြတယ်။
အခြေအနေကို ဘာမှမသိရှာတဲ့ ချဲမင်ဆစ်က စီးပွားရေးနဲ့ ဘဏ္ဍာရေး ဝန်ကြီးရဲ့ ရုံးခန်းဆီ ခေါ်ယူခြင်း ခံခဲ့ရပြီး အဲဒီမှာ ဘဲဂျီဟန်နဲ့ ပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အောက်ခြေအဆင့် အရာရှိလေးတစ်ယောက်အနေနဲ့ အိမ်ပြာတော်ဘက်က တောင်းဆိုချက်ကို ငြင်းပယ်ဖို့ မဖြစ်နိုင်တာမလို့ သူက ချက်ချင်းပဲ ဒီတွေ့ဆုံမှုကို စီစဉ်ပေးခဲ့ရတာပေါ့။
ထူးခြားတဲ့ အခြေအနေကို ရိပ်မိသွားတဲ့ ပတ်ဆန်းယော့က အခန်းထဲကနေ ထွက်သွားဖို့ စဉ်းစားလိုက်ပေမယ့် သူ့စိတ်ကူးကို ပြန်ပြောင်းလိုက်တယ်။
'သူ ဘာပြောမလဲဆိုတာကို အရင်ဆုံး နားထောင်ကြည့်တာပေါ့'
“ကျေးဇူးပြုပြီး ထိုင်ပါဦး”
ဘဲဂျီဟန်က ချဲမင်ဆစ်ရဲ့ ဘေးမှာ ဝင်ထိုင်လိုက်တယ်။
“နိုင်ငံတော်အရေးကိစ္စတွေနဲ့ အလုပ်များနေမှာပဲနော်။ ဘာကိစ္စများ ရှိလို့ ဒီအထိ ရောက်လာရတာလဲ”
“ဟားဟား။ ဘယ်လောက်ပဲ အလုပ်များများ ဒီလို အချိန်မျိုးကိုတော့ အရာအားလုံးကို ပစ်ထားပြီး တက်ရောက်ရမှာပေါ့”
အခြေအနေက သိပ်ပြီး ဆိုးဆိုးရွားရွား မရှိတာကို မြင်လိုက်ရတဲ့အခါမှ ချဲမင်ဆစ်က စိတ်သက်သာရာရသွားပုံ ပြတယ်။
ဘဲဂျီဟန်က တက်ကြွတဲ့ လေသံနဲ့ ဆက်ပြောလာတယ်။
“ငါက အဝေးကြီးကနေ လာခဲ့ရတာဆိုတော့ တော်တော်လေး ရေငတ်နေပြီ။ ငါလည်း သောက်စရာ တစ်ခွက်လောက် ရနိုင်မလား”
ပတ်ဆန်းယော့က သူ့ခွက်ထဲကို အပြည့် ထည့်ပေးလိုက်တယ်။ အပြင်ပန်းကြည့်ရင် ဘဲဂျီဟန်က ဖော်ရွေပြီး ပေါင်းသင်းရလွယ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လို ထင်ရပေမယ့် ဒါက အပေါ်ယံ သက်သက်မျှသာ ဖြစ်တယ်။
နိုင်ငံရေးလောကကို စောင့်ကြည့်လေ့လာခဲ့ဖူးတာမလို့ ဘဲဂျီဟန်ရဲ့ တကယ့် သဘာဝအမှန်ကို သူ ကောင်းကောင်း သိထားခဲ့ပါတယ်။ ဘဲဂျီဟန်က သမ္မတနဲ့ ရှိတဲ့ အဆက်အသွယ်ကို အသုံးပြုပြီး အိမ်ပြာတော်ရဲ့ ရာထူးခန့်အပ်မှုတွေမှာ ကြားဖြတ်စွက်ဖက်တာတွေနဲ့ တခြားသော အာဏာအလွဲသုံးစားမှုမျိုးစုံကို ပြုလုပ်ခဲ့သူပါ။ အာဏာရပါတီရဲ့ ခေါင်းဆောင်တွေတောင် သူ့ရှေ့မှာ သတိထားပြီး လှုပ်ရှားကြရပါတယ်။
သောက်စရာ အနည်းငယ် သောက်ပြီးတဲ့နောက်မှာတော့ ဘဲဂျီဟန်ရဲ့ မျက်နှာက အလျင်အမြန်ပဲ နီရဲလာခဲ့တယ်။
“တကယ့်ကို စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေတဲ့သူပီပီ သောက်နိုင်တာပဲ။ ငါကတော့ မင်းကို မမှီပါဘူးကွာ။ ဟားဟား”
ဘဲဂျီဟန်က ရုတ်တရက် တစ်ခုခုကို သတိရသွားပုံနဲ့ ချဲမင်ဆစ်ကို လှည့်ပြောလိုက်တယ်။
“ဪ…. အပြင်မှာ စောင့်နေတဲ့ ဒရိုင်ဘာကို စကားဝိုင်းက နည်းနည်း ကြာနိုင်တာမလို့ အရင်ဆုံး သွားစားထားလိုက်ဖို့ ပြောပေးလို့ ရမလား”
ဖုန်းဆက်ရုံနဲ့ ရနိုင်တဲ့ ကိစ္စကို အခုလိုမျိုး အမှာစကားပါးခိုင်းတာက ချဲမင်ဆစ်ကို ခဏလောက် အပြင်ထွက်သွားစေချင်တဲ့ သဘောပဲလေ။
“နားလည်ပါပြီ။ အေးအေးဆေးဆေးပဲ စကားပြောကြပါဦး”
ချဲမင်ဆစ်ကလည်း ချက်ချင်းပဲ အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး နေရာကနေ ထသွားပါတယ်။
သူ ထွက်သွားတာနဲ့ ပတ်ဆန်းယော့က သူ့ရဲ့ ကော်လံက နက်ကတိုင်ကို သက်သောင့်သက်သာဖြစ်အောင် လျှော့ချလိုက်တယ်။
“သမ္မတက စေလွှတ်လိုက်တာလား”
တိုက်ရိုက်မေးလိုက်တဲ့ မေးခွန်းအပေါ် ဘဲဂျီဟန်က ငြင်းပယ်ခြင်း မရှိဘဲ တည်ငြိမ်စွာ ခေါင်းငြိမ့်ပြတယ်။
“မှန်ပါတယ်။ သမ္မတက ကိုယ်စားလှယ် ပတ်ဆန်းယော့အပေါ်မှာ အများကြီး စိတ်ဝင်စားမှု ရှိနေခဲ့တာပါ”
“ဘာဖြစ်လို့လဲ”
“သာမန် လမ်းဘေးဆိုင်လေးတစ်ဆိုင်ကို ဘယ်သူပဲ ဦးဆောင်ဦးဆောင် ကိစ္စမရှိဘူးလေ။ တကယ်လို့ အဲဒီဆိုင် ပျက်စီးသွားရင်တောင် ဘာမှ ကြီးကြီးမားမား ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ OTK ကုမ္ပဏီလို ကုမ္ပဏီမျိုးမှာ ပြဿနာတစ်ခုခု ဖြစ်ပေါ်လာရင်တော့ ဒါက နိုင်ငံတော်အဆင့် စိုးရိမ်စရာ ကိစ္စ ဖြစ်လာလိမ့်မယ်။ ဒီလို လုပ်ငန်းမျိုးကို အတွေ့အကြုံမရှိတဲ့သူတွေအစား အရည်အချင်းရှိတဲ့သူတွေကပဲ စီမံခန့်ခွဲသင့်တာပေါ့။ ဥပမာအားဖြင့် ကိုယ်စားလှယ် ပတ်ဆန်းယော့လို လူမျိုးပေါ့”
သူတို့နှစ်ယောက်က ခွက်ချင်း တိုက်လိုက်ကြတယ်။
“အသေးစိတ်ကို အရင်ဆုံး နားထောင်ပါရစေဦး”
“စီးပွားရေးလုပ်ငန်းတွေမှာ ပြဿနာမျိုးစုံက အမြဲတမ်း ရှိနေတတ်တာပဲလေ၊ အခွန်ရှောင်တာ၊ အကျင့်ပျက်ခြစားတာ၊ ငွေအလွဲသုံးစားလုပ်တာ စသဖြင့်ပေါ့”
“တကယ်လို့ ဘာပြဿနာမှ မရှိနေရင်ကော”
“ဒါဆိုရင် ငါတို့တွေက ပြဿနာတစ်ခုခုကို ဖန်တီးပေးလို့ ရတာပဲ မဟုတ်ဘူးလား”
“……”
သူတို့က ဘာအပြစ်မှ မရှိရင်တောင် စွပ်စွဲချက်တွေကို လုပ်ကြံဖန်တီးပေးမယ်လို့ ပြောနေကြတာလား။
“အဲဒီလို ဖြစ်နေရင်တောင် ကျွန်တော့်အနေနဲ့ OTK ကုမ္ပဏီရဲ့ ကိုယ်စားလှယ် ဖြစ်လာဖို့က ခက်ခဲပါလိမ့်မယ်။ ဒုတိယဥက္ကဋ္ဌ အိုတက်ဂယူနဲ့ စီနီယာ အိုဟျွန်းဂျူးတို့လည်း ရှိနေသေးတာပဲလေ”
“အနည်းဆုံးတော့ မင်းကို K ကုမ္ပဏီကို လုံးဝ ပိုင်ဆိုင်ခွင့်ရအောင် ငါ ကူညီပေးနိုင်ပါတယ်”
စကားကို ဆက်နားထောင်ရင်းနဲ့ သူ ဘာဖြစ်လို့ ရွေးချယ်ခံခဲ့ရလဲဆိုတာကို သူ သဘောပေါက်လာခဲ့တယ်။ ကန်ဂျင်ဟူကလွဲရင် OTK ကုမ္ပဏီရဲ့ အဓိက အနှစ်သာရက အိုတက်ဂယူ၊ အိုဟျွန်းဂျူးနဲ့ သူကိုယ်တိုင်ပဲ ဖြစ်တာမလို့လေ။
'သူတို့ထဲမှာ ငါက ကြိုးကိုင်ရ အလွယ်ဆုံး ဖြစ်နေမှာပဲ'
“ခင်ဗျားက ကျွန်တော့်ကို သစ္စာဖောက်ခိုင်းနေတာလား”
ဘဲဂျီဟန်က ပတ်ဆန်းယော့ရဲ့ မျက်နှာအမူအရာကို အကဲခတ်ရင်းနဲ့ လေသံနဲ့ ပြောလာတယ်။
“သစ္စာဖောက်တယ်ဆိုတာ ဘာကို ပြောတာလဲ။ မင်းက ယောက်ျားတစ်ယောက်ပဲလေ။ ရည်မှန်းချက် ဒီလောက်လေးတော့ ရှိသင့်တာ မဟုတ်ဘူးလား”
“ခင်ဗျား ထင်တာ မှားနေပုံရတယ်”
“ဟမ်”
သူက ရည်မှန်းချက် မရှိလို့ ကန်ဂျင်ဟူရဲ့ လက်အောက်မှာ နေနေတာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့မှာ ရည်မှန်းချက်တွေက လျှံထွက်နေတာပါ။
“လက်ရှိ OTK ကုမ္ပဏီရဲ့ တန်ဖိုးကို ခင်ဗျားသိလား”
“ဝမ် သန်း ၅ကုဋေလောက် ရှိမယ်လို့ ထင်တယ်”
“သတင်းအချက်အလက်စုဆောင်းတဲ့နေရာမှာ တော်သားပဲ”
OTKကုမ္ပဏီက ဘန့်ကွိုင်ကို ရောင်းချရာကနေ ရရှိခဲ့တဲ့ ဝမ် သန်း ၁၃၀၀၀ ကနေ စတင်ခဲ့တာပါ။ နှစ်အနည်းငယ်အတွင်းမှာတင် အဲဒီ ဝမ် သန်း ၁၃၀၀၀လေးကနေ ဝမ် သန်း ၅ကုဋေအထိ ဖြစ်လာခဲ့တာပေါ့။
နောက်ထပ် နှစ်အနည်းငယ် ကြာရင် ဒီ ဝမ် သန်း ၅ကုဋေက ဘယ်လောက်အထိ တန်ဖိုးရှိလာလောက်မလဲ။
သူ့အမြင်မှာတော့ OTK ကုမ္ပဏီက NFT တွေနဲ့ Google တို့ကို ကျော်လွန်ပြီး စျေးကွက်တန်ဖိုးအရ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာဖို့က မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။
“ဒါတွေအားလုံးက စီအီးအို ပတ်လို လူမျိုးတွေက ဘေးကနေ ပံ့ပိုးပေးခဲ့ကြလို့ ဖြစ်နိုင်ခဲ့တာ မဟုတ်ဘူးလား”
L6 ပေါက်ကွဲမှု၊ startup နယ်ပယ်၊ Brexit၊ ရိုနယ်ရဲ့ ရွေးကောက်ခံရမှုနဲ့ တခြားအရာတွေ။
အသက် ၂၀ ကျော် အရွယ် သာမန်လူငယ်တစ်ယောက်ထဲက ဒီလို ကြီးမားတဲ့ အလုပ်ကြီးတွေကို တစ်ယောက်ထဲ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ယုံကြည်ဖို့ ခက်ပါတယ်။ သဘာဝအတိုင်း တခြားသူတွေရဲ့ ကူညီပံ့ပိုးမှုတွေ ရှိခဲ့လိမ့်မယ်လို့ပဲ ယူဆကြမှာပေါ့လေ။
ပတ်ဆန်းယော့က သောက်စရာကို တစ်ငုံ သောက်လိုက်ပြီး ပြောလိုက်တယ်။
“မကြာသေးမီကမှ Cryptocurrencyတွေနဲ့ ပတ်သက်ပြီး သတင်းတွေ အများကြီး ထွက်ပေါ်နေခဲ့တာကို ခင်ဗျား သိမှာပေါ့”
“ဪ။ ဘန့်ကွိုင်လိုမျိုး virtual currency တွေကို ပြောတာလား”
“ဟုတ်တယ်၊ အတိအကျပဲ”
ဘဲဂျီဟန်က ခေါင်းငြိမ့်ပြတယ်။
“ငါ သိတာပေါ့၊ ဒါက သတင်းတွေမှာ ခဏခဏ ပါနေတာပဲလေ”
ဒီနှစ်အစတုန်းက ဘန့်ကွိုင်က ဒေါ်လာ ၁,၀၀၀ ဝန်းကျင်မှာပဲ ရှိနေခဲ့တာပါ။ တစ်လ ဒါမှမဟုတ် နှစ်လအတွင်းမှာတင် ဒါက ရုတ်တရက် နှစ်ဆကျော်အထိ ထိုးတက်သွားခဲ့တယ်။
ဘန့်ကွိုင်ရဲ့ ထိုးတက်မှုက အထင်ကြီးစရာ ဖြစ်ခဲ့ပေမယ့် altcoin လို့ လူသိများတဲ့ ကွိုင်အသစ်တွေက တစ်ညထဲနဲ့ မိုးပျံအောင် ထိုးတက်သွားခဲ့ကြတာမလို့ အခြေအနေက ပိုပြီးတော့တောင် အံ့ဩစရာ ကောင်းနေခဲ့တယ်။
အဲဒီထဲက အဓိက ကိုယ်စားပြုကတော့ အီသီရီယမ်ပဲ ဖြစ်ပါတယ်။
Cryptocurrency စျေးနှုန်းတွေ ရုတ်တရက် ထိုးတက်သွားတဲ့အကြောင်းက နေ့တိုင်း သတင်းတွေမှာ ဖော်ပြခံခဲ့ရပြီး လူတွေကို အိတ်ချိန်းတွေမှာ အကောင့်တွေ ဖွင့်လှစ်စေကာ ရင်းနှီးမြှုပ်နှံမှုတွေထဲကို တိုးဝင်လာစေခဲ့တယ်။
အပြင်လူတွေ သိပ်မသိကြပေမယ့် Brexit ဖြစ်ပွားပြီးတဲ့နောက်မှာ K ကုမ္ပဏီက Cryptocurrencyတွေထဲကို ဒေါ်လာ သန်း ၁ထောင် ရင်းနှီးမြှုပ်နှံခဲ့တာပါ။
သူတို့က အိတ်ချိန်းပေါ်က သူတို့ရဲ့ ရှယ်ယာကို ၈၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြပြီး အီသီရီယမ် အပါအဝင် Cryptocurrency အသစ်တွေကို ဝယ်ယူခဲ့ကြတယ်။ သူတို့က တရုတ်နဲ့ အိုက်စလန်တို့မှာ နေရာတွေ ငှားရမ်းပြီး Mining လုပ်ငန်းတွေကို တည်ထောင်ကာ ကွိုင်တွေကို miningခဲ့ကြသေးတယ်။
လက်ရှိမှာတော့ K ကုမ္ပဏီက ပိုင်ဆိုင်ထားတဲ့ ကွိုင်တွေရဲ့ တန်ဖိုးက ဒေါ်လာ သန်း ၂ထောင်ကျော် ရှိနေခဲ့ပါပြီ။
ဒါတွေအားလုံးက ကန်ဂျင်ဟူရဲ့ ညွှန်ကြားချက်ကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။
ပတ်ဆန်းယော့က Cryptocurrency စျေးကွက်ကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ဖူးပေမယ့် ဒီလို ကြီးမားတဲ့ အတိုင်းအတာမျိုးနဲ့ ရင်းနှီးမြှုပ်နှံဖို့ကိုတော့ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပါဘူး။
တကယ်လို့ ကန်ဂျင်ဟူရဲ့ အမိန့်ပေးမှုသာ မရှိခဲ့ရင် သူက အများဆုံး ဒေါ်လာ သန်းအနည်းငယ်လောက်ပဲ ရင်းနှီးမြှုပ်နှံမိမှာ သေချာပါတယ်။
“ဒါက အဆင့်အတန်းချင်း ကွာခြားချက်ပဲ”
ပတ်ဆန်းယော့က စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စနစ်တကျ ပညာရေးကို သင်ယူပြီးမှ ရင်းနှီးမြှုပ်နှံမှုတွေကို စတင်ခဲ့တာ မဟုတ်ပါဘူး။ သူက စတော့ရှယ်ယာတွေကို တိုက်ဆိုင်စွာ ကြုံတွေ့ခဲ့ရပြီး အဲဒီအပေါ်မှာ လုံးဝ စွဲလန်းသွားခဲ့တာပါ။
သူ့ရဲ့ သင်္ချာနည်းကျ ခွဲခြမ်းစိတ်ဖြာမှု နည်းလမ်းတွေကို ရင်းနှီးမြှုပ်နှံမှုမှာ အသုံးချခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှုတွေကို အကြိမ်ကြိမ် ရရှိခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက သူက ရင်းနှီးငွေသာ ရှိရင် သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဆမတန် တိုးပွားအောင် လုပ်နိုင်လိမ့်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ လွန်ကဲနေခဲ့တာပါ။
ဒါပေမဲ့ အဲဒီလို မာနထောင်လွှားမှုက ကြီးမားတဲ့ ကျရှုံးမှုတစ်ခုဆီ ဦးတည်သွားစေခဲ့တယ်။
အစတုန်းကတော့ သူ ဘာဖြစ်လို့ ကျရှုံးခဲ့ရလဲဆိုတာကို သူ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခုအချိန်မှာတော့ သူဟာ ဝေဝေဝါးဝါး သဘောပေါက်လာခဲ့ပါပြီ။
အပေါ်ယံကြည့်ရင် စျေးကွက်က ကျိုးကြောင်းဆီလျော်တဲ့ ယုတ္တိဗေဒအတိုင်း လည်ပတ်နေသလို ထင်ရပေမယ့် အဲဒီအောက်ခြေမှာတော့ ရူးသွပ်မှုနဲ့ ကြောက်ရွံ့မှုတွေ ရှိနေခဲ့တာပါ။
အခြေအနေတွေ တည်ငြိမ်နေတဲ့အချိန်မှာ ပြဿနာ မရှိပေမဲ့ အနည်းငယ်လေး တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာတာနဲ့ ရူးသွပ်မှုနဲ့ ကြောက်ရွံ့မှုတွေက ဟာကွက်တွေကနေတစ်ဆင့် အရှိန်အဟုန်နဲ့ တိုးဝင်လာတတ်တယ်။
အဲဒီလို ပရမ်းပတာ အခြေအနေတွေကြားထဲကနေ အမှန်တရားကို တကယ် မြင်နိုင်တဲ့သူ ဘယ်နှစ်ယောက် ရှိမှာမလို့လဲ။
အမြင်ကျယ်မှုနဲ့ ဆုံးဖြတ်ချက်ကို ကြိုးစားအားထုတ်မှုကနေတစ်ဆင့် ပျိုးထောင်နိုင်ပေမယ့် စိတ်ကူးစိတ်သန်းနဲ့ ပင်ကိုသိစိတ်ကတော့ မွေးရာပါလေ။
ပတ်ဆန်းယော့က သူ့မှာ အဲဒီလို အရည်အချင်းမျိုး မရှိဘူးဆိုတာကို ကောင်းကောင်း သိထားခဲ့တယ်။ ဒါပေမဲ့ ကန်ဂျင်ဟူကတော့ မတူဘူး။
အခွင့်အရေးကို မြင်တတ်တဲ့ မျက်စိ၊ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းရည်နဲ့ အရာအားလုံးကို ပုံအောပြီး ရင်းနှီးမြှုပ်နှံရဲတဲ့ သတ္တိ အကုန်ရှိပါတယ်။
ဒါက အကျိုးအကြောင်းပြချက် ဒါမှမဟုတ် အတွေးအခေါ်တွေရဲ့ နယ်ပယ် မဟုတ်ပါဘူး၊ တကယ့်ကို ပင်ကိုသိစိတ်နဲ့ အနုပညာဆန်တဲ့ နယ်ပယ်ပါ။ ပြီးတော့ ကန်ဂျင်ဟူ တစ်ယောက်ထဲသာ အဲဒီ နယ်ပယ်ထဲမှာ ရှိနေခဲ့တာလေ။
'ဉာဏ်ကြီးရှင်တွေလို့ သတ်မှတ်ခံထားရတဲ့ အိုဟျွန်းဂျူးနဲ့ ပတ်ဆန်းယော့တို့တောင် သူ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာနေကြရတာပဲလေ'
အစိုးရဟာ ကန်ဂျင်ဟူက ဘယ်လို သတ္တဝါမျိုးလဲဆိုတာကို ဘယ်တော့မှ အမှန်တကယ် နားလည်နိုင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့လည်း သမ္မတရုံးကကောင်တွေဟာ ဒီနေရာမှာ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို လာပြီး ပြောနေကြတာ ဖြစ်မှာပေါ့။
ဆက်ပြီး နားထောင်နေဖို့ မလိုအပ်တော့ဘူးဆိုတာကို သဘောပေါက်သွားတဲ့ ပတ်ဆန်းယော့က ပြုံးပြီး ပြောလိုက်တယ်။
“ကျွန်တော့်ခွက်ထဲကို တစ်ခွက်လောက် ထည့်ပေးပါဦး”
“ဟားဟား။ ရတာပေါ့”
ဘဲဂျီဟန်က ခွက်ထဲကို အပြည့် ထည့်ပေးလိုက်တယ်။
အဲဒီနောက်မှာတော့ ပတ်ဆန်းယော့က ခွက်ကို မြှောက်ပြီး တစ်ဖက်လူရဲ့ မျက်နှာဆီကို ပက်လိုက်တာပေါ့။
ဖြန်း
ရုတ်တရက် အရက်တွေနဲ့ စိုရွှဲသွားတဲ့ ဘဲဂျီဟန်က အံ့ဩမှင်သက်သွားခဲ့ရတယ်။
“ဘာလဲဟ……”
ပတ်ဆန်းယော့က ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်တယ်။
“ဪ။ တောင်းပန်ပါတယ်၊ ငါ့လက်က ချော်သွားလို့ပါ”
သူက အိတ်ကပ်ထဲကနေ သူ့ရဲ့ ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး ဝမ် ၅ သောင်းတန် လေးရွက်ကို စားပွဲပေါ် တင်ကာ နေရာကနေ ထရပ်လိုက်တယ်။
“ငါ လုပ်စရာ အလုပ်တစ်ခု ရှိသေးလို့ အရင်သွားတော့မယ်။ ငါ စားခဲ့တာတွေအတွက် ပိုက်ဆံရှင်းခဲ့ပါတယ်။ ကျန်တဲ့ ပိုက်ဆံကိုတော့ အဝတ်လျှော်ခအဖြစ် သုံးလိုက်ပါဦး”
သူ စားသောက်ဆိုင် အပြင်ဘက်ကို ထွက်လာတဲ့အခါ ချဲမင်ဆစ်က ဒရိုင်ဘာနဲ့အတူ စီးကရက် သောက်နေခဲ့တာ်။ သူက ပတ်ဆန်းယော့ဆီ လှည့်ပြီး မေးလိုက်တယ်။
“ဘာလို့ ဒီလောက် စောစော ပြန်လာရတာလဲ။ စကားပြောလို့ ပြီးသွားပြီလား”
“မဟုတ်ဘူး။ သူက အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာပြောနေလို့ ငါ သောက်စရာနဲ့ ပက်ခဲ့ပြီး ထွက်လာခဲ့တာ”
“ဘာ”
“ငါ သွားပြီ”
ချဲမင်ဆစ်က အလျင်အမြန်ပဲ နောက်ကနေ လိုက်လာခဲ့ပြီး ပတ်ဆန်းယော့ရဲ့ ပုခုံးကို လှမ်းကိုင်လိုက်တယ်။
“မင်း ရူးနေတာလား။ ပြန်သွားပြီး တောင်းပန်လိုက်စမ်း”
“ငါ့ကို လွှတ်”
“ဟင်”
ပတ်ဆန်းယော့က သူ့ခေါင်းကို လှည့်ကြည့်ပြီး တိုးညင်းတဲ့ လေသံနဲ့ ပြောလိုက်တယ်။
“မင်း နားကန်းနေလား။ မင်းလက်ကို ဖယ်စမ်း။ မအေဘေး”
ကြောက်ရွံ့မှုကို ခံစားလိုက်ရတာမလို့ ချဲမင်ဆစ်က ချက်ချင်းပဲ သူ့လက်ကို ရုပ်သိမ်းပြီး နောက်ဆုတ်သွားတယ်။
“ဟေ့ကောင်။ မင်းက သူငယ်ချင်းအချင်းချင်းကို ဘာလို့ ဒီလို လုပ်ရတာလဲ”
ပတ်ဆန်းယော့က မယုံနိုင်သလိုဖြစ်သွားပြီး ရယ်မောလိုက်တယ်။
“သူငယ်ချင်း ဟုတ်လား။ မင်းလို ကောင်မျိုးက သူငယ်ချင်း မဟုတ်ဘူး၊ အမှိုက် သက်သက်ပဲ။ ငါ့ကို နောက်တစ်ခါ ထပ်ပြီး အဆက်အသွယ် မလုပ်နဲ့တော့”
ပြောစရာ ရှိတာကို ပြောပြီးတဲ့နောက် သူက လှည့်ထွက်လာခဲ့ရာ နောက်ကနေ ချဲမင်ဆစ် အော်ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတယ်။
“ဟေ့ကောင်။ ပတ်ဆန်းယော့။ မင်း မှားနေပြီနော်”
လှည့်မကြည့်ဘဲ ပတ်ဆန်းယော့က လက်ခလယ်ကိုပဲ ထောင်ပြလိုက်တော့တယ်။
ကျွန်တော်၊ တက်ဂယူ၊ အစ်မဟျွန်းဂျူး၊ အယ်လီနဲ့ ဟင်နရီတို့ စုဝေးခဲ့ကြပြီး စီနီယာဆန်းယော့ရဲ့ ဇာတ်လမ်းကို နားထောင်ခဲ့ကြတယ်။
သူ သူငယ်ချင်းဖြစ်သူနဲ့ အပြင်မှာ သောက်နေတုန်း သမ္မတရုံးရဲ့ အတွင်းရေးမှူးချုပ် ပေါ်လာပြီး သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို ကြားလိုက်ရတဲ့အခါ အားလုံးရဲ့ မျက်နှာအမူအရာက တည်တံ့သွားခဲ့ကြတာပေါ့။
“ဒါက ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တစ်ခုပဲလ။ ဘာဖြစ်လို့ ငြင်းခဲ့ရတာလဲ”
ကျွန်တော့်ရဲ့ မေးခွန်းအပေါ် စီနီယာဆန်းယော့က ခေါင်းခါပြတယ်။
“နိုင်ငံရေးသမားတစ်ယောက် ပြောသမျှကို အကုန်ယုံကြည်ရင် အဲဒီလူက အရူးပဲ။ ရွှေဥ ဥတဲ့ငန်းရဲ့ဗိုက်ကို မင်းဆိုရင်ကော ခွဲမှာလား”
“ကျွန်တော်က ရွှေဥ ဥတဲ့ ငန်းတစ်ကောင်နဲ့ တူနေလို့လား”
“အဲဒါထက် ပိုတယ်။ ငှက်ကုလားအုတ်လောက် ဖြစ်မယ်ထင်တယ်”
စီနီယာဆန်းယော့ရဲ့ ပြက်လုံးက တင်းမာနေတဲ့ အငွေ့အသက်ကို နည်းနည်းလောက် လျော့ကျသွားစေခဲ့တယ်။
တက်ဂယူက စကားပြောလာတယ်။
“သူတို့တွေ တစ်ခုခု လုပ်ဖို့ ကြိုးစားလာလိမ့်မယ်ဆိုတာ သိထားပေမယ့် ဒါက လွန်လွန်းနေပြီ”
“ဟုတ်တယ်”
အစ်မဟျွန်းဂျူးက သူ့ရဲ့ စီးကရက်ကို တစ်ငုံ ရှိုက်လိုက်တယ်။
“ဒါက ဒီကိစ္စ အပြင်ကို ပေါက်ကြားသွားရင်တောင် သူတို့ ဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲ။ ဒီနည်းလမ်းရဲ့ ကြောက်စရာကောင်းတဲ့ အချက်က ကျရှုံးသွားရင်တောင် ဒါက အလုပ်ဖြစ်နေမှာလေ”
အမှန်တရားကို သိသွားပြီးတဲ့နောက်မှာတော့ မစိုးရိမ်ဘဲ နေဖို့က ခက်ပါတယ်။ တကယ်လို့ စီနီယာဆန်းယော့ကို ချဉ်းကပ်ခဲ့ကြရင် တခြားသူတွေကိုလည်း ထိုနည်း၎င်း ချဉ်းကပ်နိုင်တယ်ဆိုတဲ့ သဘောပဲ။
ဒါပေမဲ့ တိုက်ရိုက် တုံ့ပြန်ဖို့ နည်းလမ်းတော့ မရှိပါဘူး။ ဝန်ထမ်းတွေက အစိုးရအရာရှိတွေနဲ့ အဆက်အသွယ် ရှိမရှိဆိုတာကို စောင့်ကြည့်ဖို့ နည်းလမ်းက မရှိဘူးလေ။
ဒီလောကမှာ အားနည်းချက် ဒါမှမဟုတ် လောဘ မရှိတဲ့သူ ဘယ်သူ ရှိမှာလဲ။ တစ်ယောက်ယောက်ကတော့ ဖိအားပေးမှုအောက်မှာ ကျရှုံးသွားမှာပဲ။
“လောလောဆယ်တော့ အခြေခံ သတင်းအချက်အလက်အားလုံးက သူတို့ဆီကို စီးဆင်းသွားပြီလို့ပဲ ယူဆထားလိုက်ကြရအောင်” လို့ ကျွန်တော် ပြောလိုက်တယ်။
ဥပမာ ကျွန်တော် ဘယ်အချိန်မှာ အလုပ်လာလဲ၊ ဘယ်အချိန်မှာ ပြန်လဲ၊ ဘယ်သူနဲ့ တွေ့လဲ စသဖြင့်ပေါ့။
“ဒါနဲ့ သမ္မတရုံးက အဲဒီကောင် လုပ်တဲ့ အလုပ်တွေက တကယ့်ကို အောက်တန်းကျလွန်းတယ်”
ပက်ဆီဟျွန်းက အပြင်ပန်းမှာ ရဲရင့်သယောင် ဟန်ဆောင်နေပေမယ့် တကယ်တော့ သူက အသေးအဖွဲ ကိစ္စလေးတွေကိုတောင် မှတ်မိနေတတ်တဲ့ သိမ်ဖျင်းတဲ့ စိတ်ဓာတ် ရှိသူပါ။
ပါတီတွင်း ပဏာမရွေးကောက်ပွဲ ပြီးတဲ့နောက်မှာတော့ ပါတီတွင်းက သဘောထားကွဲလွဲသူ အားလုံးကို ဖယ်ရှားပစ်ခဲ့ပြီး ဆန့်ကျင်ဘက် အမတ်လောင်းကို ထောက်ခံခဲ့ကြတဲ့ လွှတ်တော်အမတ်တွေကို အမည်စာရင်း တင်သွင်းခွင့် ပိတ်ပင်ခဲ့တာ ဒါမှမဟုတ် အဲ့ဒီအမတ်တွေ ရှုံးနိမ့်စေဖို့အတွက် ခက်ခဲတဲ့ မဲဆန္ဒနယ်တွေမှာ မဟာဗျူဟာမြောက် ချထားခဲ့တာမျိုးတွေ ပြုလုပ်ခဲ့တယ်။
မြင့်မားတဲ့ ထောက်ခံမှုနှုန်းနဲ့ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ပက်ဆီဟျွန်းက အာဏာရှင် သမ္မတတစ်ယောက်လို အုပ်ချုပ်ခဲ့တာပါ။ သူ့ရှေ့မှာ ဘယ်သူမှ ခေါင်းမော့ရဲခြင်း မရှိခဲ့ဘူး။
ဒါပေမဲ့ ကျွန်တော်တို့တွေရဲ့ တန်ပြန်တိုက်ခိုက်မှု အပြီးမှာတော့ သူက ရာထူးတက်ကတည်းက အဆိုးရွားဆုံး နိုင်ငံရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ နောက်ဆုံးမှာတော့ သူက သူ့ရဲ့ လူယုံ နှစ်ယောက်ကို စနစ်တကျ စွန့်လွှတ်ခဲ့ရပြီး ပြည်သူကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား တောင်းပန်ခဲ့ရတယ်။
ဒါက သူ သမ္မတ ဖြစ်လာပြီးကတည်းက ကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံး အရှက်ခွဲခံရမှု ဖြစ်ပါလိမ့်မယ်။ သဘာဝအတိုင်း သူက အဲဒီရန်ငြိုးကို မေ့ပစ်မှာ မဟုတ်ပါဘူး။
ပြဿနာက သမ္မတက ကိုင်စွဲထားတဲ့ ကြီးမားတဲ့ အာဏာပေါ်မှာ ရှိနေခဲ့တာပါ။
အဲဒီအချိန်တုန်းက သူ့ရဲ့ ထောက်ခံမှုနှုန်းက ထိုးကျသွားခဲ့ပြီး အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အခုတော့ ဒါတွေက အတိတ်က အရာတွေ ဖြစ်သွားခဲ့ပါပြီ။ ကိုရီးယားပါတီက ဦးဆောင်ပါတီအဖြစ် တည်ရှိနေဆဲ ဖြစ်ပြီး သမ္မတ ပက်ဆီဟျွန်းရဲ့ ထောက်ခံမှုနှုန်းက ၅၀ ရာခိုင်နှုန်းကျော်မှာ ရှိနေဆဲပဲ။
အစိုးရနဲ့ အာဏာရပါတီကို ထိန်းကျောင်းရမယ့် အတိုက်အခံ ပါတီတွေကတော့ ပြည်တွင်း ပဋိပက္ခတွေနဲ့ လုံးပန်းနေခဲ့ကြတာပေါ့။
အယ်လီက ပြောလာတယ်။
“အဲဒီအချိန်ကစလို့ အခြေအနေတွေက ငြိမ်သက်နေခဲ့တာနော်။ သူတို့ ဘာဖြစ်လို့ ပြန်ပြီး လှုပ်ရှားလာကြတာလဲ”
“ဆိုဆောင်း SB ကို သိမ်းပိုက်မှုက အခြေအနေတွေကို ပြန်ပြီး လှုပ်ခတ်သွားစေခဲ့ပုံရတယ်” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။
သူတို့တွေ ဒီအတိုင်း ငြိမ်ပြီးထိုင်နေလို့ မရတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ရမယ်။
“ကျွန်တော်တို့တွေ ဘာလုပ်ကြမလဲ” လို့ ကျွန်တော် မေးလိုက်တယ်။
အစ်မဟျွန်းဂျူးက စီးကရက်မီးခိုးတွေကို မှုတ်ထုတ်ရင်း အကြံပြုလာတယ်။
“စေ့စပ်ညှိနှိုင်းဖို့အတွက် ငါတို့ဘက်က အရင်ဆုံး ချဉ်းကပ်တာကိုလည်း ရွေးချယ်စရာထဲမှာ ထည့်ထားသင့်တယ်”
“ဘယ်လိုမျိုးလဲ”
“PAS ကို အလုပ်တချို့ ပေးလိုက်ပေါ့”
PAS က ပလတ်စတစ် အတွင်းပိုင်း ပစ္စည်းတွေနဲ့ airbag တွေကို ထုတ်လုပ်တာ ဖြစ်တာမလို့ CarOS ဆီကနေ ကန်ထရိုက်ခွဲ အလုပ်တွေကို အလွယ်တကူ ရရှိနိုင်ပါတယ်။
“သူတို့က ဒီလို ကမ်းလှမ်းချက်မျိုးကို လက်ခံပါ့မလား”
တက်ဂယူက အပြစ်တင်တဲ့ လေသံနဲ့ မေးလိုက်တယ်။
“နင်က သမ္မတကို ဘယ်လိုလူလို့ ထင်နေတာလဲ။ တကယ်လို့ ပိုက်ဆံရမယ်ဆိုရင် သူက သူ့မိဘရဲ့ ရန်သူကိုတောင် ခွင့်လွှတ်မယ့်လူမျိုးပဲလေ”
“……”
တစ်နည်းနည်းနဲ့ ဒါက တကယ်ပဲ ဖြစ်နိုင်ခြေ ရှိပုံရပါတယ်။
“ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးရင်တော့ လက်လျှော့ ဒူးထောက်ဖို့ကို စိတ်ထဲမှာ ဝန်လေးမိတယ်။ တရားမဝင် စောင့်ကြည့်တာတွေ၊ ရှာဖွေသိမ်းဆည်းတာတွေနဲ့ အစိုးရရှေ့နေတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအထိ ကြုံခဲ့ရတာမလို့ ဒူးထောက်ရမှာက မတရားဘူးလို့ ခံစားရတယ်”
“ငါတို့တွေ PAS ရဲ့ အကြောင်းကို ပိုပြီး စုံစမ်းကြည့်ရင်ကော”
စီနီယာ ဆန်းယော့က မေးလာတယ်။
“ပိုင်ဆိုင်မှုကို ဖော်ထုတ်ဖို့ ပြောတာလား။ ပက်ဆီဟျွန်းက သူ့နာမည်နဲ့ ရှယ်ယာတစ်ခုမှ ပိုင်ဆိုင်မထားဘူးဆိုတာ စီနီယာလည်း သိပါတယ်”
ပက်ဆီဟျွန်းနဲ့ PAS ကြားက ဆက်ဆံရေးက ကိုရီးယားပါတီတွင်း ပဏာမရွေးကောက်ပွဲ ကတည်းက ပြဿနာ ရှိခဲ့တာ ဖြစ်လို့ စုံစမ်းစစ်ဆေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ရှယ်ယာ တစ်စုံတစ်ရာ ပိုင်ဆိုင်မထားဘူးလို့ ငြင်းဆိုခဲ့တာမလို့ ဒီအတိုင်းပဲ ပြီးသွားခဲ့ရတာပါ။
“ဒါကို ဘေးဖယ်ထားပြီး ကုန်ပစ္စည်းတွေ၊ ပူးပေါင်းတာတွေနဲ့ အရောင်းအဝယ် လုပ်ငန်းစဉ်တွေကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ကြရအောင်။ စီးပွားရေးလုပ်ငန်းတွေမှာ ပြဿနာမျိုးစုံက အမြဲတမ်း ရှိနေတတ်တယ်လို့ သူတို့ပဲ ပြောခဲ့ကြတာလေ”
တစ်ခါတလေမှာတော့ တိုက်စစ်က အကောင်းဆုံး ခံစစ် ဖြစ်တတ်ပါတယ်။
ကံကောင်းတာက ကျွန်တော့်မှာ အမေရိကန် နိုင်ငံရေးလောကနဲ့ အဆက်အသွယ်တွေ ရှိနေတာပါပဲ။ သူတို့တွေ အရင်တုန်းကလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အပြုအမူမျိုးတွေကို ထပ်ပြီး လုပ်ဆောင်နိုင်ကြမှာ မဟုတ်ပါဘူး။
“ကျန်တဲ့ အပိုင်းတွေကိုတော့ အခြေအနေ ပြောင်းလဲလာမှုအပေါ် မူတည်ပြီး တုံ့ပြန်သွားကြတာပေါ့”