← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း (၁၂၉)

Lost Fantasy M ကို မိတ်ဆက်ဖို့ ပြင်ဆင်ရတာက အနိမ့်အမြင့် အတက်အကျတွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရလို့ပါ။

စီမံခန့်ခွဲမှုပိုင်းနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် တီထွင်ထုတ်လုပ်မှု အစီအစဉ်က ဖျက်သိမ်းလုနီးပါးအထိ ဖြစ်ခဲ့ရတာလေ။ အဲဒီအချိန်မှာပဲ OTK Company က တီထွင်ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာမလို့ အိချီကာဝါ ရှီဂဲရုက တီထွင်ရေးဆွဲတဲ့ အဖွဲ့နဲ့အတူ Linix Pentagon ကနေ ထွက်ခွာလာခဲ့တာပါ။

သူက ယန်း သန်း ၁ထောင် ရင်းနှီးမြှုပ်နှံမှုနဲ့အတူ OTK Games ကို တည်ထောင်ခဲ့ပြီး Lost Fantasy M ကို လွတ်လပ်စွာ တီထွင်ထုတ်လုပ်ဖို့ စတင်ခဲ့တာပေါ့။ သူက Lost Fantasy စီးရီးရဲ့ တီထွင်သူ ဖြစ်သလို Pentagon ရဲ့ ကိုယ်စားလှယ်ဟောင်းလည်း ဖြစ်တာမလို့ ထုတ်လုပ်ခွင့် အာဏာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ နောက်ထပ် ယန်း သန်း ၄၀၀ ကို ထပ်ပြီး ရင်းနှီးမြှုပ်နှံခဲ့သလို သူကိုယ်တိုင် တိုက်ရိုက် ဖြန့်ချိဖို့ ကြိုးပမ်းခဲ့တာကြောင့် ကုန်ကျစရိတ်တွေက ပိုပြီး မြင့်တက်လာခဲ့တယ်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏက ဝမ် သန်း ၁၈၀၀၀အထိ ရှိခဲ့ပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ဖို့ ဇွတ်အတင်း ဆုံးဖြတ်ခဲ့တဲ့သူကတော့ အိုတက်ဂယူပါ။

သူကတော့ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ အိချီကာဝါ ရှီဂဲရု ကိုယ်တိုင် ဖန်တီးထားတဲ့ Lost Fantasy စီးရီးကိုတော့ မဖြစ်မနေ မိတ်ဆက်ရမယ်လို့ ယုံကြည်နေခဲ့တာလေ။

တက်ဂယူက ဒီဂိမ်း အောင်မြင်လိမ့်မယ်ဆိုတာကို ယုံကြည်ချက်အပြည့် ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။

“ငါက လက်ရှိ ရှိသမျှ ဂိမ်းတော်တော်များများကို ကစားဖူးတယ်၊ ဒါပေမဲ့ ဒီဂိမ်းကတော့ တခြား အဆင့်ကွ”

“မင်းက Lost Fantasy ကို ကြိုက်လို့ ဒီအတိုင်း ပြောနေတာ မဟုတ်ဘူးလား”

“မဟုတ်ပါဘူး။ Beta service စမ်းသပ်ကာလတုန်းက ငါကစားကြည့်ခဲ့တာ၊ ဒါက တကယ့်ကို ပေါက်သွားမယ့် ဂိမ်းပဲ”

စီနီယာ ဆန်းယော့က ဝင်ပြီး မှတ်ချက်ပေးလာတယ်။

“အင်တာနက်ပေါ်က တုံ့ပြန်မှုတွေကတော့ တော်တော်လေး အေးစက်နေသလိုပဲ”

“အဲဒါတွေကို စိတ်မပူပါနဲ့။ အောင်မြင်မယ့် ဂိမ်းကတော့ အောင်မြင်မှာပဲ”

ဒီစီးရီးရဲ့ သမိုင်းကြောင်းကြောင့် အမာခံပရိသတ်တွေ အများကြီး ရှိနေခဲ့ပေမယ့် အဲဒီလို အစုအဖွဲ့လေး တစ်ခုထဲနဲ့တင် အမြတ်ငွေ အများကြီး ရရှိဖို့က ခက်ခဲပါတယ်။ Console ကစားသူ ဘယ်နှယောက်လောက်က မိုဘိုင်းလ်ဂိမ်းဘက်ကို ကူးပြောင်းလာမလဲဆိုတာကတော့ မရေရာပါဘူး။

ကျွန်တော်က ရယ်မောလိုက်ပြီး ပြောလိုက်တယ်။

“အောင်မြင်တယ်ပဲ ထားဦးတော့၊ ပိုက်ဆံက ဘယ်လောက်တောင် ရမှာမလို့လဲ။ တီထွင်ထုတ်လုပ်မှု ကုန်ကျစရိတ်လောက်ပဲ အရင်းကျေရင်တောင် ကံကောင်းလှပြီ”

“ငါ ပြောရဲတယ်၊ ဒါက တကယ့်ကို ပေါက်သွားလိမ့်မယ်”

ကျွန်တော် သာမန်ကာလျှံကာပဲ ခေါင်းညိတ်ပြလိုက်တယ်။

“အေးပါ။ အေးပါ။ အောင်မြင်ရင်လည်း ကောင်းတာပေါ့။ ဒါက ဝါသနာအတွက် သုံးလိုက်တဲ့ ပိုက်ဆံပဲဆိုတော့ ငါတို့တွေ တွန့်တိုမနေကြေးလေ”

တက်ဂယူက ကန့်ကွက်လာတယ်။

“မင်းက ဂိမ်းအကြောင်း ဘာသိလို့လဲ”

တက်ဂယူက ရင်းနှီးမြှုပ်နှံမှုအတွက် သတ်မှတ်ခဲ့တဲ့ စည်းကမ်းချက်က တကယ့်ကို ရိုးရှင်းပါတယ်၊ ကိုရီးယားနဲ့ ဂျပန်မှာ တစ်ပြိုင်ထဲ မိတ်ဆက်ဖို့ပဲ ဖြစ်ပါတယ်။ တခြား ဘယ်အရာကိုမှ သူဟာ ဝင်ပြီး မစွက်ဖက်ခဲ့ပါဘူး။

Lost Fantasy စီးရီးအနေနဲ့ consoleဂိမ်းစက် ဒါမှမဟုတ် ကွန်ပျူတာတွေမှာ မဟုတ်ဘဲ မိုဘိုင်းလ်ဂိမ်းအဖြစ် ပထမဆုံးအကြိမ် မိတ်ဆက်တာ ဖြစ်တာမလို့ အင်တာနက်ပေါ်မှာတော့ အပျက်သဘောဆောင်တဲ့ ထင်မြင်ချက်တွေကပဲ အများစု ဖြစ်နေခဲ့တာပါ။

ဆွဲဆောင်မှုတွေ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်တဲ့ ဂိမ်းကို ဘယ်သူက ကစားမှာလဲ။

ဒါက ပေါ့ပေါ့ပါးပါး ကစားရတဲ့ ဂိမ်းမျိုး မဟုတ်ဘူး၊ မိုဘိုင်းလ်အတွက် MMORPG အဖြစ် ဖန်တီးလိုက်တာက အစကတည်းက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲ။

မိတ်ဆက်တာက နောက်ကျလွန်းသွားပြီ။ မနှစ်ကတည်းကသာ မိတ်ဆက်ခဲ့ရင် အခြေအနေက တမျိုး ဖြစ်နေမှာ။ မကြာသေးခင်ကမှ ဂိမ်းကြီးတွေက စျေးကွက်ထဲကို ပုံအောပြီး ဝင်လာခဲ့ကြတာလေ။

စနစ်ကို ကြည့်ရသလောက်တော့ တခြားဂိမ်းတွေနဲ့ ဘာမှ ကွာခြားချက် ရှိမနေဘူး။

ရိုးရိုးသားသား ပြောရရင် ရှီဂဲရုရဲ့ လက်ရာတွေ ကျဆင်းသွားတဲ့ ပုံပဲ။

– တကယ်လို့ ဒီဂိမ်းသာ ကျရှုံးသွားရင် သူ အနားယူဖို့အထိ စဉ်းစားရလိမ့်မယ်။

ကိုရီးယား ဂိမ်းကစားသူတွေဆီကနေ ဒီလိုမျိုး အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ထွက်ပေါ်လာတာက မျှော်လင့်ထားပြီးသား ဖြစ်ပေမယ့် ဂျပန် ဂိမ်းကစားသူတွေဆီကပါ အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့ရတဲ့ အပိုဆောင်း အကြောင်းအရင်းတွေ ရှိနေခဲ့ပါသေးတယ်။ OTK Company ရဲ့ နာမည်ကြောင့် ဂျပန်ကုမ္ပဏီတစ်ခုအဖြစ် ခဏလောက် ဇဝေဇဝါ ဖြစ်ခဲ့ကြတာ ဖြစ်လို့ပါ။ ဂျပန်လူမျိုးတွေက ကမ္ဘာ့ငွေကြေး စျေးကွက်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ကုမ္ပဏီကို ဂျပန်ကုမ္ပဏီတစ်ခုလို့ ယုံကြည်ပြီး အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ စီအီးအိုက ကိုရီးယားလူမျိုး ဖြစ်တယ်ဆိုတာ သိသွားကြတဲ့ အခါမှာတော့ သူတို့တွေဟာ သစ္စာဖောက်ခံလိုက်ရသလိုမျိုး ခံစားခဲ့ရတဲ့ ပုံပဲ။

– OTK Games ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ OTK Company က Brexitတုန်းက ဂျပန် နိုင်ငံခြားငွေလဲလှယ်ရေး စျေးကွက်ကို တိုက်ခိုက်ခဲ့ပြီး ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့တဲ့အဖွဲ့ပဲ။

– ကိုရီးယားလူမျိုးတစ်ယောက် ရင်းနှီးမြှုပ်နှံထားတဲ့ ဂိမ်းကို ဘယ်သူက ကစားမှာလဲ။

– ဒီအတိုင်း ဒေဝါလီခံပြီး ဂျပန်စျေးကွက်ကနေ ထွက်ခွာသွားလိုက်စမ်းပါကွာ။

– ကိုရီးယားတွေ ဂျပန်ကနေ ထွက်သွားကြ။

– ပျောက်ကွယ်သွားလိုက်စမ်း၊ သစ္စာဖောက် ကုမ္ပဏီ။

ဒါပေမဲ့ တစ်ဖက်မှာတော့ Lost Fantasy အမာခံ ပရိသတ်တွေက အပြုသဘောဆောင်တဲ့ ထင်မြင်ချက်တွေကို ဖော်ပြခဲ့ကြတယ်။ အိချီကာဝါ ရှီဂဲရုက မီဒီယာ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာကတော့ OTK Company ရဲ့ ရင်းနှီးမြှုပ်နှံမှုက အမြတ်အစွန်းထက်စာရင် သန့်စင်တဲ့ ပရိသတ်တစ်ယောက်ရဲ့ စိတ်ခံစားချက်ကြောင့် ဖြစ်တာမလို့ သူတို့တွေအနေနဲ့ ဘယ်လို ဖိအားမှ မရှိဘဲ ပျော်ပျော်ရွှင်ရွှင် တီထွင်ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

– ဒါက ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘဲ အိုတာကူတစ်ယောက်ရဲ့ ရုန်းကန်မှုသက်သက်ပဲလား။

– အိုတာကူ တစ်ယောက်ရဲ့ အောင်မြင်တဲ့ နမူနာပဲ။

– တကယ့်ကိုပဲ အိုတာကူ ကုမ္ပဏီ (Otaku Company) ပါပဲ။

– တကယ်လို့ OTK Company သာ မရှိခဲ့ရင် Lost Fantasy M က မိတ်ဆက်နိုင်ခဲ့မှာတောင် မဟုတ်ဘူး။

– ငါ့မှာသာ ပိုက်ဆံတွေ ပိုပြီး ရှိနေခဲ့ရင် ငါကြည့်ချင်တဲ့ အန်နီမေးရှင်း ထုတ်လုပ်မှုတွေကိုလည်း ဒီလိုမျိုး ပံ့ပိုးပေးချင်လိုက်တာ။

အိချီကာဝါ ရှီဂဲရုကတော့ သူတို့ရဲ့ အောင်မြင်မှုအပေါ် ယုံကြည်ချက် ရှိနေခဲ့ပါတယ်။

“Lost Fantasy M က အခုအချိန်အထိ Lost Fantasy စီးရီးတွေထဲမှာ အရည်အသွေး အမြင့်မားဆုံး ဂိမ်းတစ်ခုပါ။ မူရင်း Lost Fantasy ကို ကစားဖူးတဲ့သူတွေအနေနဲ့ လွမ်းဆွတ်မှုကို ခံစားရမှာ ဖြစ်သလို လူသစ်တွေအနေနဲ့လည်း ဆန်းသစ်တဲ့ ခံစားချက်တစ်ခုကို ရရှိမှာ ဖြစ်ပါတယ်”

မျှော်လင့်ချက်တွေနဲ့ စိုးရိမ်မှုတွေ ကြားထဲမှာတင် တရားဝင် မိတ်ဆက်မယ့်ရက်က နီးကပ်လာခဲ့ပါပြီ။

ဒီဂိမ်းကို App stores မျိုးစုံကနေတစ်ဆင့် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး မိုဘိုင်းလ်ဂိမ်း တော်တော်များများလိုပဲ ဂိမ်းတွင်း ဝယ်ယူမှု စနစ်ကို အသုံးပြုထားတာပါ။ ဂိမ်းကိုယ်တိုင်ကတော့ အခမဲ့ ဖြစ်ပေမယ့် ကစားသမားတွေက ဂိမ်းထဲက ပစ္စည်းတွေကို ပိုက်ဆံပေးပြီး ဝယ်ယူနိုင်ပါတယ်။

ဒါဆိုရင် ရလဒ်တွေက ဘယ်လို ဖြစ်လာခဲ့လဲ။

[Lost Fantasy M ကို ကိုရီးယားနဲ့ ဂျပန်မှာ တစ်ပြိုင်ထဲ မိတ်ဆက်]

[ဂျပန်ရဲ့ ပထမဆုံးနေ့ အသုံးပြုသူ အရေအတွက် ၅.၈ သန်း၊ ဝင်ငွေ ယန်း သန်း ၃ ထောင်]

[ကိုရီးယားရဲ့ ပထမဆုံးနေ့ ဒေါင်းလုဒ် အရေအတွက် ၂.၅ သန်း၊ ဝင်ငွေ ဝမ် သန်း ၁၂၀၀၀]

[Lost Fantasy M က ပေါက်ကွဲထွက်မတတ် အောင်မြင်မှုကို တွေ့မြင်နေရ]

[မိုဘိုင်းလ်ဂိမ်းတွေအတွက် မိုးကုတ်စက်ဝိုင်းအသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီ]

ဂိမ်းကို မိတ်ဆက်လိုက်တာနဲ့ တစ်ပြိုင်ထဲ အသုံးပြုသူ အရေအတွက်က ၁ သိန်းကျော်သွားခဲ့တာမို့ ဆာဗာတွေ ကျသွားခဲ့ရပါတယ်။ အရေးပေါ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပြီး မနက်ခင်းကျမှပဲ မနည်း ပြန်ပြီး ပြုပြင်နိုင်ခဲ့ပေမယ့် ဝင်ရောက်ဖို့ ကြိုးစားနေတဲ့သူတွေနဲ့ စောင့်ဆိုင်းနေတဲ့သူတွေကတော့ ဆက်တိုက် မြင့်တက်နေခဲ့တုန်းပဲ။

ကျွန်တော်တို့တွေကတော့ လုံးဝ မမျှော်လင့်ထားတဲ့ အောင်မြင်မှုကြောင့် အံ့ဩမှင်သက်သွားခဲ့ရတယ်။

ဒါက အောင်မြင်ရုံတင်မကဘဲ အောင်မြင်မှုရဲ့ အထက်ကို ကျော်လွန်သွားခဲ့တာပါ။ ဒါက မိုဘိုင်းလ်ဂိမ်း လောကရဲ့ ထိပ်တန်း ဘုရင်ဖြစ်တဲ့ 'Emperor of World' ကိုတောင် ကျော်လွန်ပြီး နိုင်ငံနှစ်ခုလုံးရဲ့ App storesတွေမှာ ပထမနေရာကို နေရာယူသွားခဲ့တာ ဖြစ်လို့ပါပဲ။

ဒါက ဝင်ငွေ ဘယ်လောက်တောင် ဖန်တီးပေးနိုင်ခဲ့လို့လဲ။

ပထမဆုံးနေ့ရဲ့ ဝင်ငွေတစ်ခုထဲနဲ့တင် တီထွင်ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကို ပြန်ပြီး ရရှိသွားနိုင်ခဲ့ပြီးပါပြီ။

ဒီအခြေအနေကို ကြိုတင်ခန့်မှန်းခဲ့တဲ့ တက်ဂယူ တစ်ယောက်ထဲကသာ အော်ဟစ်ပြီး ရယ်မောနေခဲ့တာပေါ့။

“ဟားဟား၊ ငါ မင်းကို ဘာပြောခဲ့လဲ”

“……”

သူတို့တွေက ဘာမျှော်လင့်ချက်မှ မရှိဘဲ ရင်းနှီးမြှုပ်နှံခဲ့ကြတာ ဖြစ်ပေမယ့် အခုတော့ အကြီးအကျယ် ပေါက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဂိမ်းလုပ်ငန်းက ရွှေဥ ဥပေးတဲ့ ငန်းကြီးတစ်ကောင်လိုပါပဲ။ အောင်မြင်မှု ရရှိဖို့က ခက်ခဲလှပေမယ့် တစ်ကြိမ်တစ်ခါ အောင်မြင်သွားပြီဆိုရင်တော့ ဝင်ငွေတွေကို အစဉ်မပြတ် ဖန်တီးပေးနိုင်တာ ဖြစ်လို့ပါ။

ဒီလိုမျိုး အောင်မြင်မှုက နှစ်အနည်းငယ်မှာ တစ်ကြိမ်လောက်သာ ဖြစ်ပေါ်တတ်တာပါ။ အခုအချိန်မှာတော့ Linix Pentagon အနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေအတွက် နောင်တရနေလောက်ပါပြီ။

“မင်းက ဒီလောက်အထိ အောင်မြင်လိမ့်မယ်လို့ တကယ်ပဲ မျှော်လင့်ထားတာလား”

ကျွန်တော့်ရဲ့ မေးခွန်းကြောင့် တက်ဂယူက လှည့်စားတဲ့ အပြုံးမျိုးနဲ့ ပြုံးပြလာတယ်။

“သူက ရှီဂဲရုလေ။ လောကဓံတွေက ယာယီ ဖြစ်နိုင်ပေမယ့် အရည်အချင်းကတော့ ထာဝရပဲ ဖြစ်တယ်”

“……”

ဒီကောင်က ကံပဲ ကောင်းတာလား၊ ဒါမှမဟုတ် ပင်ကိုသိစိတ်ပဲ ကောင်းနေတာလား မသိဘူး။

Lost Fantasy M က အကြီးအကျယ် ပေါက်သွားခဲ့တဲ့ အခါမှာတော့ တခြား တီထွင်ထုတ်လုပ်ရေး ကုမ္ပဏီတွေကလည်း အလားတူ မိုဘိုင်းလ်ဂိမ်းတွေကို အလျင်အမြန် လိုက်ပြီး ဖန်တီးလာကြတာပေါ့။

မီဒီယာတွေကတော့ ဂိမ်းတွင်း ဝယ်ယူမှုတွေနဲ့ လောင်းကစားဆန်တဲ့ အကြောင်းအရာတွေအပေါ် အလွန်အကျွံ အာရုံစိုက်နေမှုကို ထောက်ပြခဲ့ကြတယ်။ လက်တွေ့မှာလည်း လူတွေက ဒီဂိမ်းထဲမှာ ဝမ် သန်းနဲ့ချီပြီး သုံးစွဲနေကြတယ်ဆိုတဲ့ ပို့စ်တွေ ရှိနေခဲ့တာပါ။

Lost Fantasy စီးရီးက ကိုရီးယား၊ အမေရိကန်၊ ဥရောပနဲ့ အရှေ့တောင်အာရှတို့မှာ အောင်မြင်မှုတွေ ရရှိခဲ့တာပါ။ လက်ရှိ အခြေအနေအရ ကြည့်မယ်ဆိုရင်တော့ တခြားနိုင်ငံတွေမှာလည်း အောင်မြင်မှု ရရှိဖို့က မလွဲမသွေ ဖြစ်နေခဲ့တာပေါ့။

OTK Games ရဲ့ ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းလုံးကို OTK Company က ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ၁၂ ရာခိုင်နှုန်းကိုတော့ အမှုဆောင်တွေအတွက် Stock optionsအဖြစ် သတ်မှတ်ပေးထားတာပဲ ဖြစ်ပါတယ်။

တကယ်လို့ ဂိမ်းကသာ ကျရှုံးသွားခဲ့ရင် သူတို့တွေက အဲဒီ optionတွေကို အသုံးပြုကြမှာ မဟုတ်ပေမယ့် အခုလို အောင်မြင်သွားတဲ့ အခါမှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါပြီ။ သဘာဝကျကျပဲ အိချီကာဝါ ရှီဂဲရု အပါအဝင် တီထွင်သူတွေက သူတို့ရဲ့ Stock option အားလုံးကို အသုံးပြုပြီး အဲဒီ ၁၂ ရာခိုင်နှုန်းသော ရှယ်ယာကို ပိုင်ဆိုင်သွားခဲ့ကြတယ်။

အရှိန်အဟုန် ကောင်းနေတာမလို့ အိချီကာဝါ ရှီဂဲရုက Lost Fantasy Online ကို ထပ်ပြီး ဖန်တီးဦးမယ်လို့ ကြေညာခဲ့တယ်။ သူတို့တွေက လက်ရှိ ရရှိထားတဲ့ ဝင်ငွေတွေနဲ့တင် တီထွင်ထုတ်လုပ်မှု ကုန်ကျစရိတ်တွေကို ကာမိနိုင်တာမလို့ သူတို့ကို တားဆီးဖို့ အကြောင်းအရင်း မရှိပါဘူး။

Lost Fantasy ရဲ့ ဆက်တိုက် အောင်မြင်မှုတွေ ကြားထဲမှာတင် ကျွန်တော်က ပါမောက္ခ ကင်ဟိုမင် ရေးသားထားတဲ့ စာတမ်းတစ်ခုကို ရှာဖွေလိုက်တယ်။ သူက ပူးတွဲရေးသားခဲ့တဲ့ စာတမ်းတွေအပါအဝင် စာတမ်းပေါင်း ၁၀၀ နီးပါးကို ထုတ်ဝေခဲ့တာပါ။

နိုင်ငံခြား ဂျာနယ်တစ်ခုမှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ လတ်တလော စာတမ်းကို ပရင်ထုတ်ပြီး ကျွန်တော်ဖတ်ကြည့်လိုက်တယ်။ ဘာသာပြန်ဆိုချက် မရှိသေးတာမလို့ စာတမ်းက အင်္ဂလိပ်လို ဖြစ်နေခဲ့ပါတယ်။

“Anode ကို ဖန်တီးပေးတဲ့ အလူမီနီယမ် အလွှာ…… Anode active material…… Anodeနဲ့ Cathode materialတွေ၊ ပြီးတော့ ခွဲခြားပေးတဲ့ အလွှာတစ်ခုနဲ့ ဖွဲ့စည်းထားခြင်း…… NCM ဘတ္ထရီ……”

“ဒါက ဘာအဓိပ္ပာယ်ကြီးလဲ”

ကိန်းဂဏန်းတွေနဲ့ သင်္ကေတတွေက ရှုပ်ထွေးပွေလီစွာ ပါဝင်နေခဲ့ပြီး မရင်းနှီးတဲ့ ဝေါဟာရတွေကလည်း ဒါဇင်နဲ့ချီပြီး ရှိနေခဲ့တာပါ။ သိနေတဲ့ စကားလုံးတွေ ဖြစ်နေခဲ့ရင်တောင် အဓိပ္ပာယ်ကိုတော့ ကျွန်တော် နားမလည်နိုင်ပါဘူး။

ကျွန်တော် သိပ္ပံဘာသာရပ်ကို မရွေးချယ်ခဲ့တာ တကယ့်ကို ကံကောင်းတာပဲ။

ကုလားထိုင်ပေါ်ကို မှီချလိုက်ရင်း ကျွန်တော် ရေရွတ်လိုက်မိတယ်။

“နိုဗယ် ဓာတုဗေဒဆု……”

ကိုရီးယားရဲ့ အိုင်တီနည်းပညာက ကမ္ဘာ့အဆင့် ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း တစ်ယောက်က နိုဗယ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ဖူးတာကလွဲရင် သိပ္ပံနယ်ပယ်မှာတော့ ဆုရရှိဖူးသူ တစ်ယောက်မှ မရှိသေးပါဘူး။

အကြောင်းအရင်းကတော့ ကိုရီးယားက အခြေခံ သိပ္ပံပညာကို လျစ်လျူရှုထားခဲ့လို့ ဖြစ်ဖို့များပါတယ်။ ဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ အမေရိကန်၊ ဂျပန်နဲ့ ဗြိတိန်တို့လို တိုးတက်တဲ့ နိုင်ငံတွေကတော့ အခြေခံ သုတေသန လုပ်ငန်းတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံကြတာပါ။

ကိုရီးယားကလည်း ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ပေမဲ့ အစိုးရကော၊ ကုမ္ပဏီတွေပါ နှစ်နှစ် သို့မဟုတ် တစ်နှစ်အတွင်းမှာတင် ကြီးမားတဲ့ ရလဒ်တွေကို မျှော်လင့်တတ်ကြပါတယ်။

ဒီလို အခြေအနေမျိုးမှာတော့ အခြေခံ သိပ္ပံပညာမှာ စနစ်တကျ သုတေသန ပြုလုပ်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပါပဲ။

“သူက ဘယ်လို ဘတ္ထရီမျိုးကို တီထွင်ခဲ့တာလဲ”

ကျွန်တော် မြင်တွေ့ခဲ့ရတဲ့ အနာဂတ် ခန့်မှန်းချက်တွေအရ ဆိုရင်တော့ ပါမောက္ခ ကင်ဟိုမင်က ကျွန်တော်တို့နိုင်ငံမှာ သိပ္ပံနယ်ပယ်ကနေ ပထမဆုံး နိုဗယ်ဆု ရရှိမယ့်သူ ဖြစ်လာမှာပါ။

ဒါပေမဲ့ အချက်အလက်တွေက ကန့်သတ်ချက် ရှိနေတာမလို့ သူ ဘယ်အချိန်မှာ နိုဗယ်ဆု ရရှိမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါက လာမယ့်နှစ်မှာလည်း ဖြစ်သွားနိုင်သလို နောက်ထပ် ဆယ်စုနှစ် အနည်းငယ် ကြာမှလည်း ဖြစ်သွားနိုင်တာ ဖြစ်လို့ပါ။

ဘာပဲဖြစ်ဖြစ် သူက နောက်မျိုးဆက်သစ် ဘတ္ထရီတွေရဲ့ သော့ချက်ကို ကိုင်ဆောင်ထားတဲ့သူ ဖြစ်တာမလို့ ကျွန်တော် သူနဲ့ လူကိုယ်တိုင် တွေ့ဆုံဖို့က မဖြစ်မနေ လိုအပ်နေပါပြီ။

ဝန်ထမ်းတွေထဲမှာ ပါမောက္ခ ကင်ဟိုမင်ကို သိတဲ့သူ ရှိမလားလို့ ကျွန်တော် တွေးတောမိတယ်။ အဲဒီလောက်အထိတော့ မျှော်လင့်ချက် မရှိခဲ့ပေမယ့် မမျှော်လင့်ဘဲ ဝန်ထမ်းတစ်ယောက်က ကိုရီးယား တက္ကသိုလ်ရဲ့ ဓာတုဗေဒ ဌာနကနေ ဘွဲ့ရထားတဲ့သူ ဖြစ်နေခဲ့တာလေ။

သူ့နာမည်က ပတ်ကွမ်ဟျွန်း ဖြစ်တယ်။ သူက တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက်မှာ CFO အစီအစဉ်ကို ပြီးမြောက်ခဲ့ပြီး ရန်ပုံငွေ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့ကာ ကျွန်တော်တို့ကုမ္ပဏီကို ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

ကျွန်တော် သူ့ကို စီအီးအို ရုံးခန်းထဲကို ခေါ်ယူလိုက်တယ်။

ခဏအကြာမှာတော့ အသက် ၃၀ ကျော်လောက် ရှိမယ့် အမျိုးသားတစ်ယောက် ဝင်လာခဲ့တယ်။ သူက ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်လုံးရှိပြီး ဖော်ရွေတဲ့ ပုံစံမျိုး ရှိပါတယ်။

“မင်္ဂလာပါ။ စီအီးအို၊ ကျွန်တော်က ပတ်ကွမ်ဟျွန်း ပါ”

သူ့ကို ဘာလို့ ခေါ်လိုက်တာလဲဆိုတာနဲ့ ပတ်သက်ပြီး သူ ဇဝေဇဝါ ဖြစ်နေခဲ့တဲ့ ပုံပဲ။

“ခင်ဗျားက ကိုရီးယား တက္ကသိုလ်ရဲ့ ဓာတုဗေဒ ဌာနကနေ ဘွဲ့ရခဲ့တာ ဟုတ်လား”

“ဟုတ်ကဲ့၊ ဟုတ်ပါတယ်”

သူက ကျွန်တော့်ထက် အသက် အနည်းငယ် ပိုကြီးတဲ့ စီနီယာပဲ။

ကျွန်တော် အကြောင်းအရာကို တိုက်ရိုက်ပဲ စကားစလိုက်တယ်။

“ခင်ဗျား ပါမောက္ခ ကင်ဟိုမင်ကို သိလား”

“ကင်ဟိုမင်…… ဪ။ ဟို ပါမောက္ခလား”

“ခင်ဗျား သူ့ကို မှတ်မိလား”

“မှတ်မိတာပေါ့ခင်ဗျာ”

“သူက ဘယ်လိုလူမျိုးလဲ”

“သူက ပုံမှန်အားဖြင့် တစ်ပတ်ကို ဘာသာရပ်တစ်ခုပဲ သင်ကြားလေ့ရှိပြီး အများစုကတော့ သူ့ရဲ့ သုတေသနခန်းထဲမှာပဲ နေတာများပါတယ်။ သူက နည်းနည်းတော့ ထူးဆန်းသလိုမျိုး ရှိပေမယ့် လူကောင်းတစ်ယောက် ပါ။ သူ့ရဲ့ အရည်အချင်းကတော့ သံသယဖြစ်စရာ မလိုပါဘူး”

ကိုရီးယား တက္ကသိုလ်က ကျောင်းဝန်းထဲမှာ သုတေသန အဆောက်အဦး မျိုးစုံ ရှိပါတယ်။ တက္ကသိုလ်က တိုက်ရိုက် ပံ့ပိုးပေးတာတွေ ရှိသလို ကုမ္ပဏီကြီးတွေ သို့မဟုတ် ဖောင်ဒေးရှင်းတွေကလည်း သုတေသနအတွက် ရန်ပုံငွေတွေ ပံ့ပိုးပေးကြတာပါ။

“တခြား ထူးခြားတဲ့ အချက်တွေကော ရှိသေးလား”

“အင်း……”

သူက ခဏလောက် စဉ်းစားရင်း တုန့်ဆိုင်းသွားခဲ့ပြီးမှ တစ်ခုခုကို သတိရသွားခဲ့တဲ့ ပုံပဲ။

“ဪ… သူက စီးပွားရေး စီမံခန့်ခွဲမှု ဌာနရဲ့ ဌာနမှူးနဲ့ တော်တော်လေး ရင်းနှီးလိမ့်မယ် ထင်တယ်”

“တကယ်လား”

ဒါဆိုရင် သူက ကျွန်တော်တို့ဌာနမှူးနဲ့ သူငယ်ချင်းတွေ ဖြစ်နေကြတာလား။ ဒါက အခြေအနေတွေကို ပိုပြီး လွယ်ကူသွားစေတာပေါ့။

ပတ်ကွမ်ဟျွန်းက သတိထားပြီး မေးလာတယ်။

“ဒါပေမဲ့ ဘာကိစ္စရှိလို့လဲခင်ဗျာ”

သူက နောက်မျိုးဆက်သစ် ဘတ္ထရီတွေကို တီထွင်ပြီး နိုဗယ်ဆု ရရှိတော့မှာမလို့ လို့တော့ ကျွန်တော် အတိအကျ ပြောလို့ မရပါဘူး။

ဒါကြောင့် ကျွန်တော် ဝေဝေဝါးဝါးပဲ ပြန်ပြီး ဖြေလိုက်ရတယ်။

“ကျွန်တော်တို့ကုမ္ပဏီက ဆိုဆောင်း SB နဲ့အတူ ဘတ္ထရီပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ရှိနေလို့ပါ။ ပါမောက္ခ ကင်ဟိုမင်က အဲဒီနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်တာမလို့ သူ့ကို တစ်ခုခု မေးမြန်းချင်လို့လေ”

“ဪ။ အဲဒီလိုလား”

စကားပြောလို့ ပြီးသွားတဲ့ အခါမှာတော့ သူက နှုတ်ဆက်ပြီး ထွက်သွားခဲ့တယ်။

ကျွန်တော် ချက်ချင်းပဲ ဌာနမှူးဆီကို ဖုန်းဆက်လိုက်တယ်။

[ဟယ်လို]

“မင်္ဂလာပါ။ ပါမောက္ခ။ ကျွန်တော် ပါမောက္ခရဲ့ ကျောင်းသား ကန်ဂျင်ဟူ ပါ”

တက္ကသိုလ်ဘက်ကို ကားမောင်းပြီး ကျွန်တော်ထွက်လာခဲ့တယ်။

ကျောင်းကို မလာဖြစ်တာ တော်တော်လေး ကြာခဲ့ပါပြီ။

ပြီးခဲ့တဲ့နှစ် ပထမနှစ်ဝက် ပြီးဆုံးကတည်းကဆိုတော့ ဒါက ပထမဆုံးအကြိမ် ပြန်လာတာ ဖြစ်မလားပဲ။ အဲဒီအချိန်ကတည်းက အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့တာပါ။

ကျောင်းကိုရောက်သွားတဲ့ အခါမှာတော့ ကျွန်တော် ကားပါကင် ထိုးလိုက်ပြီး ဌာနရုံးခန်းဘက်ကို ဦးတည်လိုက်တယ်။ ကျွန်တော် ဝင်သွားတဲ့ အခါမှာတော့ ပါမောက္ခ ကင်မြောင်ဂျွန်က ထရပ်ပြီး ကျွန်တော်ကို ကြိုဆိုပါတယ်။

“OTK Company က ကန်ဂျင်ဟူ ရောက်လာတာပါလား”

“မတွေ့တာ ကြာပြီနော်။ ပါမောက္ခ။ နေကောင်းလားခင်ဗျာ”

“နေကောင်းပါတယ်။ လာပါ၊ ထိုင်ပါဦး”

ကျွန်တော် ထိုင်လိုက်တဲ့ အခါမှာတော့ ပါမောက္ခ ကင်မြောင်ဂျွန်က ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြလာတယ်။

“မင်းကတော့ ဒီအချိန်အထိ သေသေချာချာကို ပုန်းကွယ်နေနိုင်ခဲ့တာပဲနော်”

အနေရခက်တဲ့ အပြုံးမျိုးနဲ့ ကျွန်တော်ပြုံးပြလိုက်တယ်။

“တောင်းပန်ပါတယ်”

“Brexitတုန်းက ငွေကြေးစျေးကွက်ကနေ ပိုက်ဆံတွေ အများကြီး သိမ်းကျုံးယူသွားခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူက ငါ့ကျောင်းသား ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ခဲ့ဘူး။ သတင်းစာ ရှင်းလင်းပွဲ လုပ်တုန်းက တစ်ကျောင်းလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့တာ မင်း သိလား”

“ကြားသိခဲ့ရပါတယ်”

ရှင်ယူရီဆီကနေတစ်ဆင့် အဲဒီသတင်းကို ကျွန်တော်ကြားခဲ့ဖူးပါတယ်။

“မင်း ကျောင်းပြန်တက်ဖို့ကော စဉ်းစားထားတာ ရှိလား”

“လောလောဆယ်တော့ အလုပ်တွေ နည်းနည်း များနေတာမလို့ နောက်မှပဲ ဖြည်းဖြည်းချင်း စဉ်းစားတော့မယ်”

ပါမောက္ခ ကင်မြောင်ဂျွန်က အနည်းငယ် ချဲ့ကားပြီး ပြောလာတယ်။

“ကုမ္ပဏီကြီးတစ်ခုကို စီမံခန့်ခွဲနေတဲ့ စီအီးအိုတစ်ယောက်ကို ငါက ဘာတွေ သင်ကြားပေးရဦးမှာလဲ မသိဘူး”

“ကျွန်တော်သင်ယူစရာတွေ အများကြီး ရှိပါသေးတယ်။ အလုပ်တွေကိုတော့ ကျွန်တော့်ဘေးက လူတွေကပဲ အကုန်လုံး ဝိုင်းပြီး လုပ်ပေးကြတာပါ”

“လူတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်တာက စီမံခန့်ခွဲမှုရဲ့ အခြေခံပဲလေ။ မင်းက သင်ယူခဲ့ရတဲ့ အတိုင်းပဲ သေသေချာချာ လုပ်ဆောင်နေတာပဲ”

“ဒါတွေအားလုံးက ပါမောက္ခကြောင့်ပါပဲ”

ကျွန်တော် ဖြည်းဖြည်းချင်းပဲ အဓိက အကြောင်းအရာကို စကားစလိုက်တယ်။

“ဒါနဲ့ ကျွန်တော် အကူအညီ တောင်းထားတဲ့ ကိစ္စကကော ဘယ်လို ရှိလဲခင်ဗျာ”

ပါမောက္ခ ကင်မြောင်ဂျွန်က ခေါင်းညိတ်လာတယ်။

“ငါ ပြောထားပြီးသားမလို့ သုတေသနခန်းဘက်ကို တိုက်ရိုက် သွားတွေ့လို့ရပါတယ်”

“ကျေးဇူးတင်ပါတယ်ခင်ဗျာ”

“ဪ။ မင်း မသွားခင် ငါ့အတွက် လက်မှတ်တစ်ခုလောက် ထိုးပေးခဲ့ဦး။ ငါ ဒါကို ဆောက်ဝဲရဲ့ ဆိုင်းဘုတ် ဘေးမှာ ချိတ်ဆွဲထားပြီး ကြွားလုံးထုတ်ရမယ်”

“……”

သိပ္ပံနဲ့ အင်ဂျင်နီယာ အဆောက်အဦးတွေက ကျောင်းဝန်းရဲ့ အတွင်းပိုင်းမှာ တည်ရှိတာပါ။

ကျွန်တော် သဘာဝသိပ္ပံ ကောလိပ် ဘေးမှာ ရှိတဲ့ သုတေသနခန်း အဆောက်အဦးထဲကို ဝင်လိုက်တယ်။ တခြား အထပ်ကို တက်ရောက်ဖို့အတွက် ဧည့်သည် ကတ်ပြား လိုအပ်တာ ဖြစ်လို့ပါ။

ကောင်တာက ဝန်ထမ်းကို ကျွန်တော်စကားပြောလိုက်တယ်။

“ကျွန်တော် ပါမောက္ခ ကင်ဟိုမင်နဲ့ ချိန်းထားလို့ပါ”

“မင်း နာမည်က ဘယ်သူလဲ”

“ကျွန်တော့်နာမည်က ကန်ဂျင်ဟူ ပါ”

ဝန်ထမ်းက ကျွန်တော့်မျက်နှာကို ကြည့်ပြီး အံ့ဩသွားခဲ့တဲ့ ပုံပဲ။ အဲဒီနောက်မှာတော့ သူက ကျွန်တော့်ဆီကို ဧည့်သည် ကတ်ပြား ကမ်းပေးလာတယ်။

“ခုနစ်ထပ်က အခန်းနံပါတ် ၇၀၅ ကို သွားလိုက်ပါ”

“ကျေးဇူးတင်ပါတယ်”

ကျွန်တော် ဓာတ်လှေကားစီးပြီး အထပ်ပေါ် တက်လာခဲ့ကာ အခန်းနံပါတ် ၇၀၅ ရဲ့ တံခါးကို ခေါက်လိုက်တယ်။ ဘာတုံ့ပြန်မှုမှ မရှိခဲ့ဘဲ တံခါးကတော့ အနည်းငယ် ပွင့်သွားတယ်။

“ဝင်ခွင့်ပြုပါ”

ကျွန်တော် သတိထားပြီး အထဲကို ဝင်လိုက်တယ်။ အထဲမှာက ကိုယ်ပိုင် စာကြည့်တိုက်တစ်ခုနဲ့ တူနေပါတယ်။ အတွင်းထဲမှာ စာအုပ်တွေ ပြည့်နှက်နေခဲ့ပြီး တစ်ဖက်မှာတော့ ကျောက်သင်ပုန်းကြီး တစ်ခု ချိတ်ဆွဲထားပါတယ်။

ကျောက်သင်ပုန်းပေါ်မှာတော့ ကိန်းဂဏန်းတွေနဲ့ သင်္ကေတတွေက အပြည့်ဖြစ်နေခဲ့တယ်။ စာတွေက တစ်ကြိမ်ထဲနဲ့ ရေးသားထားတာ မဟုတ်ဘဲ စာလုံးတွေရဲ့ အစောင်းနဲ့ အရွယ်အစားက မတူညီကြတာမလို့ လျှောက်ခြစ်ထားသလိုမျိုးတောင် ဖြစ်နေပါတယ်။

အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ အနောက်ဘက်ကနေ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။

“ဒါတွေက ဘာ ရေးထားလဲဆိုတာ မင်း နားလည်လား”

ကျွန်တော် လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ မျက်မှန်တပ်ထားတဲ့ အသက် ၄၀ အစောပိုင်းလောက် ရှိမယ့် အမျိုးသားတစ်ယောက်ကို မြင်လိုက်ရတယ်။

“ပါမောက္ခ ကင်ဟိုမင် လားခင်ဗျာ”

သူက ခေါင်းညိတ်ပြလာတယ်။

ရှုပ်ပွနေတဲ့ ဆံပင်တွေ၊ ကင်ချီရည်တွေ ပေကျံနေတဲ့ ဂျာကင်အင်္ကျီ၊ ပြီးတော့ အပြာရောင် Crocs ဖိနပ်တွေနဲ့မလို့ သူက ပါမောက္ခ တစ်ယောက်ထက်စာရင် လေလွင့်နေတဲ့သူ တစ်ယောက်နဲ့ ပိုပြီး တူနေပါတယ်။

အနာဂတ်ရဲ့ ဓာတုဗေဒ နိုဗယ်ဆုရှင်က လေးစားဖွယ် ပညာရှင်တစ်ယောက် ထက်စာရင် အလုပ်လက်မဲ့ ဖြစ်နေတဲ့သူ တစ်ယောက်နဲ့ ပိုပြီး တူနေတာပေါ့။

All Chapters