← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း (၁၃၀)

ဓာတုဗေဒ ဌာနရဲ့ ထိပ်တန်း ပညာရှင်တစ်ယောက် ဖြစ်တဲ့ ပါမောက္ခ ကင်ဟိုမင်။

သူက ကိုရီးယား တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးတဲ့နောက် အမေရိကန်ကို သွားပြီး MIT ကနေ ပါရဂူဘွဲ့ ယူခဲ့တယ်။ ဘွဲ့လွန် သုတေသန လုပ်ငန်းတွေကို ပြီးမြောက်ခဲ့ပြီးတဲ့နောက်မှာတော့ ကိုရီးယား တက္ကသိုလ်ကို ပြန်လာခဲ့ပြီး သက်ပြည့် ပါမောက္ခအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတယ်။

သူက ကိုရီးယားမှာတင်မကဘဲ ကမ္ဘာ့ ဘတ္ထရီ နယ်ပယ်မှာပါ ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ပြီး တက္ကသိုလ်ရဲ့ ပံ့ပိုးမှုနဲ့အတူ သုတေသနနဲ့ တီထွင်ထုတ်လုပ်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့တာပါ။

သူနဲ့ တွေ့ဆုံလိုက်ရတဲ့ အခါမှာတော့ မျှော်လင့်ထားတာထက် ပိုပြီး နုပျိုနေတာကို တွေ့လိုက်ရတယ်။

“မင်္ဂလာပါ ပါမောက္ခ။ ကျွန်တော်ကတော့……”

ပါမောက္ခ ကင်ဟိုမင်က ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြလာတယ်။

“မင်းအကြောင်းကို ပါမောက္ခ ကင်မြောင်ဂျွန်ဆီကနေ ကြားထားပြီးသားပါ။ လူတိုင်း ပြောနေကြတဲ့ ကန်ဂျင်ဟူ ဆိုတာ မင်းပေါ့လေ။ ဟုတ်လား”

“ဟုတ်ပါတယ်”

“ကော်ဖီ ကြိုက်လား”

“ဟုတ်၊ ကြိုက်ပါတယ်”

ပါမောက္ခ ကင်ဟိုမင်က Maxim ကော်ဖီမစ် အထုပ်တစ်ထုပ်ကို ကိုင်မြှောက်ပြတယ်။

“ဒါသောက်မလား”

“Maximကတော့ အကောင်းဆုံး ကော်ဖီပါပဲ”

“ခဏလောက် ထိုင်ပါဦး”

ဆိုဖာပေါ်မှာ ပြန့်ကျဲနေတဲ့ စာအုပ်အချို့ကို ဖယ်ရှားလိုက်ပြီး ကျွန်တော်ထိုင်လိုက်တယ်။ ပါမောက္ခ ကင်ဟိုမင်က လျှပ်စစ် ရေနွေးအိုးနဲ့ ရေနွေးတည်လိုက်ပြီး စာရွက်ခွက်ထဲမှာ ကော်ဖီမစ် တစ်ခွက် ဖျော်ပေးလာတယ်။

“ကျေးဇူးတင်ပါတယ်”

“ကော်ဖီမစ်ကို ဘယ်သူ အရင်ဆုံး စတင် တီထွင်ခဲ့လဲဆိုတာကို သိလား”

“ဒေါင်းဆို အစားအစာလုပ်ငန်းလို့ ထင်ပါတယ်”

“မှန်တယ်။ ဒါက တကယ့်ကို ရာစုနှစ်ရဲ့ တီထွင်မှုတစ်ခုပဲ”

ပါမောက္ခ ကင်ဟိုမင်က ကျောက်သင်ပုန်းဆီကို ညွှန်ပြလာတယ်။

“ကျောက်သင်ပုန်းပေါ်မှာ ဘာတွေ ရေးထားတာလဲလို့ ထင်လဲ”

“အာ…. ကျွန်တော်က ဝိဇ္ဇာဘာသာရပ်ဘက်ကမလို့ပါ”

'ဝိဇ္ဇာလိုင်း ဖြစ်ခဲ့လို့ တောင်းပန်ပါတယ်' ဆိုတဲ့ စကားမျိုးကိုပဲ သုံးလိုက်ရပါတယ်။

ကျွန်တော့်ရဲ့ အမူအရာကို မြင်တော့ ပါမောက္ခ ကင်ဟိုမင်က ပြုံးလိုက်တယ်။

“ဒါက စိတ်ထဲ ပေါ်လာတဲ့ အခါတိုင်း ရေးမှတ်ထားတဲ့ ဘတ္ထရီ ဓာတုဗေဒ ပုံသေနည်းတွေပေါ့။ ငါကိုယ်တိုင်လည်း သေချာ နားမလည်ပါဘူး။ ဖျက်ပစ်ဖို့ နှမြောလို့ ဒီအတိုင်း ထားထားတာ။ ဒါနဲ့ မင်းက ငါ့ဆီကို ဘာကိစ္စနဲ့ လာခဲ့တာလဲ”

“ဘတ္ထရီတွေနဲ့ လျှပ်စစ်ကားတွေအပေါ် ပါမောက္ခရဲ့ အမြင်ကို သိချင်လို့ပါ”

ပါမောက္ခ ကင်က လွယ်လွယ်ကူကူပဲ ပြန် ဖြေတယ်။

“ကော်ဖီ အမျိုးအစားကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုး ခွဲခြားနိုင်တယ်။ အဲဒါတွေက ဘာလဲ မင်း သိလား”

ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

“Robusta နဲ့ Arabicaပါ”

ပါမောက္ခ ကင်က သဘောတူတဲ့ အနေနဲ့ ခေါင်းညိတ်ပြတယ်။

“အဲဒီလိုပဲ Lithium-ion ဘတ္ထရီတွေကိုလည်း အဓိက အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်တယ်”

စာတမ်းတွေထဲမှာ ဖတ်ခဲ့ရတာကို ပြန်ပြီး ကျွန်တော် သတိရလိုက်မိတယ်။

“NCM နဲ့ LFP မလား”

“မှန်တယ်”

အများအားဖြင့် Ternary ဘတ္ထရီလို့ လူသိများတဲ့ NCM ကိုတော့ နီကယ်၊ မန်းဂနိစ်နဲ့ Cobalt ဒြပ်ပေါင်းတွေကို Cathode ပစ္စည်းတွေအဖြစ် အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ LFP ကတော့ လီသီယမ် အိုင်းယွန်း ဖော့စဖိတ်ကို အသုံးပြုတာပါ။

“Trade-offရဲ့ အဓိပ္ပာယ်ကို သိလား”

ကျွန်တော် ထပ်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

“ဒါက စီးပွားရေးဆိုင်ရာ ဝေါဟာရတစ်ခုပဲလေ”

အစိုးရအနေနဲ့ စီးပွားရေး တိုးတက်မှုနဲ့ ကုန်စျေးနှုန်း တည်ငြိမ်မှု ဆိုတဲ့ ပန်းတိုင်တွေကို ဖော်ဆောင်ရတာပါ။ ဒါပေမဲ့ စီးပွားရေး တိုးတက်လာတဲ့ အခါမှာ ကုန်စျေးနှုန်းတွေက မြင့်တက်လာတတ်ပြီး ကုန်စျေးနှုန်းကို ထိန်းချုပ်လိုက်ပြန်ရင်လည်း စီးပွားရေး တိုးတက်မှုကို နှေးကွေးသွားစေနိုင်ပါတယ်။

အဆုံးသတ်မှာတော့ ဒီပန်းတိုင် နှစ်ခုလုံးက ပြိုင်တူ မတည်ရှိနိုင်တာမလို့ တစ်ခုခုကို စနစ်တကျ စွန့်လွှတ်ရမလား သို့မဟုတ် ညှိနှိုင်းမှုတစ်ခုကို ရှာဖွေရမလားမျိုးပေါ့။

“ငါတို့တွေလည်း ဒီဝေါဟာရကို သုံးတယ်။ လီသီယမ်အိုင်ယွန် ဘတ္ထရီတွေက အကောင်းဆုံး ဥပမာပဲ။ Capacity(ပမာဏ) ကို မြှင့်တင်လိုက်ရင် ဘေးကင်းလုံခြုံမှုက ကျဆင်းသွားတတ်ပြီး ဘေးကင်းလုံခြုံမှုကို မြှင့်တင်လိုက်ပြန်ရင်လည်း Capacityကို လျှော့ချရတာမျိုးပေါ့။ NCM က ပမာဏကိုမြှင့်တင်ထားတဲ့ အမျိုးအစား ဖြစ်ပြီး LFP ကတော့ လုံခြုံရေးကိုဦးစားပေးတဲ့ အမျိုးအစားပေါ့။ ဒီလိုမျိုး အလဲအလှယ် လုပ်ရတဲ့ အခြေအနေတွေ (trade-off) ကြုံလာရပြီး ဘယ်ဘက်ကိုမှ စွန့်လွှတ်လို့ မရတဲ့ အခါမှာတော့ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ပဲ ကျော်လွှားရတယ်”

“……”

သူ ပြောနေတဲ့ အဓိပ္ပာယ်ကို နားလည်ဖို့က တော်တော်လေး ခက်ခဲနေပါတယ်။

ကျွန်တော် စီးပွားရေးနဲ့ စီမံခန့်ခွဲမှု အကြောင်းတွေကို အကြာကြီး ပြောပြတုန်းက တက်ဂယူ ခံစားခဲ့ရတာမျိုးက ဒါမျိုး ဖြစ်နေမလားပဲ။

“L6 ဘတ္ထရီ ပေါက်ကွဲမှု ဖြစ်စဉ်ကို မင်းမှတ်မိလား”

“ဟုတ်၊ မှတ်မိပါတယ်”

ပါမောက္ခ ကင်ဟိုမင်က ရုတ်တရက် အော်ဟစ်ပြီး ရယ်မောလာတယ်။

“ဟားဟား။ အေးပါ၊ မင်းကတော့ ကောင်းကောင်းမှတ်မိမှာပေါ့။ မင်းက အဲဒီအခြေအနေကနေ ပိုက်ဆံတွေ အများကြီး ရရှိခဲ့တာမလို့ လူသိများတယ် မဟုတ်လား။ မင်း သိတဲ့အတိုင်းပဲ L6 ဘတ္ထရီ ပေါက်ကွဲရတာက ဘတ္ထရီဆဲလ် ထဲမှာ ရှိတဲ့ ခွဲခြားပေးတဲ့ အလွှာ Separator ထိခိုက်ပျက်စီးသွားခဲ့လို့ ဖြစ်ရတာပဲ။ အကြောင်းအရင်းကတော့ ကန့်သတ်ထားတဲ့ နေရာလေးထဲမှာတင် ပမာဏကို အလွန်အကျွံ မြှင့်တင်ဖို့ ကြိုးစားခဲ့ကြလို့လေ။ ဒီဖြစ်စဉ်က ပြသနေသလိုပဲ ဘေးကင်းလုံခြုံမှုကို စိတ်ချရစေရင်းနဲ့ ပမာဏကို မြှင့်တင်ဖို့ ဆိုတာက တကယ့်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပဲ”

ရလဒ်အနေနဲ့ ဆိုဆောင်း အီလက်ထရောနစ်က L6 ကိစ္စ နောက်ပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းတွေမှာ ဘတ္ထရီ ပမာဏကို တိတ်တဆိတ် လျှော့ချပစ်ခဲ့ပါတယ်။ စွမ်းဆောင်ရည် ကျဆင်းသွားရင်တောင်မှ အလားတူ ဘေးအန္တရာယ်မျိုး ထပ်ပြီး မဖြစ်ပွားအောင် တားဆီးဖို့ ကြိုးစားခဲ့ကြတာပေါ့။

“အီလက်ထရောနစ် ပစ္စည်း တော်တော်များများက Ternary ဘတ္ထရီတွေကို သုံးကြတာများတယ်။ လျှပ်စစ်ကားတွေလည်း တူတူပါပဲ။ တရုတ်နိုင်ငံ တစ်ခုထဲသာ LFP ကို တကယ် သုံးစွဲတာ”

ဂျပန်ရဲ့ Technics နဲ့ ကိုရီးယားရဲ့ ဆောင်း အီလက်ထရောနစ်၊ CL Chemical တို့ကတော့ NCM ကိုပဲ ထုတ်လုပ်ကြတာပါ။ ဆန့်ကျင်ဘက်အနေနဲ့ BID အပါအဝင် တရုတ် ဘတ္ထရီ ကုမ္ပဏီတွေကတော့ LFP ကိုပဲ အဓိက ထုတ်လုပ်ကြပါတယ်။

“တရုတ်က ဘတ္ထရီ ထုတ်လုပ်မှုနဲ့ သုံးစွဲမှုမှာ အကြီးမားဆုံး နိုင်ငံပဲ”

စက်မှုလုပ်ငန်းပိုင်းကို နောက်ကျမှ ဝင်ရောက်ခဲ့တာကြောင့် တရုတ်က လက်ရှိ မော်တော်ကား စျေးကွက်မှာတော့ နောက်ကျကျန်နေခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေက နောက်မျိုးဆက်သစ် မော်တော်ကား စျေးကွက်မှာတော့ ဦးဆောင်မှု နေရာကို ရရှိဖို့ သေချာပေါက် ဆုံးဖြတ်ထားကြတာပါ။

တရုတ်အစိုးရက ထောက်ပံ့ကြေးတွေနဲ့ အကျိုးခံစားခွင့် မျိုးစုံကို ပံ့ပိုးပေးရင်း လျှပ်စစ်ကားတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် တက်ကြွစွာ နှိုးဆော်ခဲ့တယ်။

ဒါက ပီကင်းနဲ့ ရှန်ဟိုင်းတို့လို တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ကြုံတွေ့နေရတဲ့ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုတွေကြောင့်လည်း ပါတာပေါ့။ လူတွေက တရုတ်အစိုးရက လေထုညစ်ညမ်းမှုကို ဂရုမစိုက်ဘူးလို့ အထင်မှားတတ်ကြပေမယ့် လက်တွေ့မှာတော့ ဒါက အာဏာပိုင်တွေ အလေးအနက်ထားပြီး လုပ်ဆောင်နေတဲ့ ကိစ္စတစ်ခုပါ။

ကွန်မြူနစ်ပါတီရဲ့ အဆင့်မြင့် အဖွဲ့ဝင်တွေနဲ့ လုပ်ငန်းစုကြီးတွေက မြို့ကြီးတွေမှာပဲ နေထိုင်ကြတာလေ။ အစားအစာ သို့မဟုတ် သောက်ရေတွေ ညစ်ညမ်းသွားရင်တော့ သဘာဝ ထုတ်ကုန်တွေ သို့မဟုတ် သွင်းကုန်တွေဘက်ကို ပြောင်းလဲနိုင်ပေမယ့် လေထုကိုတော့ ပြောင်းလဲလို့ မရပါဘူး။ အပြင်ထွက်တိုင်းလည်း အောက်ဆီဂျင်ဘူးတွေကို သယ်ဆောင်သွားဖို့ဆိုတာက မဖြစ်နိုင်ဘူး မဟုတ်လား။

တရုတ်အစိုးရက စက်ရုံလည်ပတ်မှုတွေကိုလည်း ရပ်တန့်ပစ်လို့ မရတာမလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကားတွေကို တိုးမြှင့်လိုက်တာက မော်တော်ကားတွေဆီက ထွက်တဲ့ ညစ်ညမ်းမှုတွေကို အနည်းဆုံးတော့ လျှော့ချပေးနိုင်မယ့် နည်းလမ်းတစ်ခုလို့ တွေးတောခဲ့ကြတာဖြစ်လောက်မှာပါ။

တရုတ်ကုမ္ပဏီတွေရဲ့ ဘတ္ထရီ နည်းပညာက တိုးတက်တဲ့ နိုင်ငံတွေထက်စာရင် နောက်ကျကျန်နေခဲ့တာပါ။ ဒါကြောင့် သူတို့တွေက NCM ထက်စာရင် LFP ထုတ်လုပ်မှုအပေါ်မှာပဲ အာရုံစိုက်ခဲ့ကြပြီး အစိုးရရဲ့ ထောက်ပံ့ကြေးတွေကလည်း ပြည်တွင်းဖြစ် LFP တွေကိုပဲ ရည်ရွယ်ခဲ့တယ်။ (တရားဝင်အားဖြင့်တော့ ဘေးကင်းလုံခြုံမှု ပြဿနာကို အကြောင်းပြခဲ့ကြတာမလို့ ဆောင်း အီလက်ထရောနစ်နဲ့ CL Chemical တို့ရဲ့ ဘတ္ထရီတွေက တရုတ်နိုင်ငံမှာ ထောက်ပံ့ကြေး ရရှိမယ့် စာရင်းကနေ ဖယ်ထုတ်ခံခဲ့ရတာပေါ့)။

“လက်ရှိမှာတော့ တရုတ်လုပ်ငန်းတွေကလည်း NCM ဘက်ကို ကူးပြောင်းလာတဲ့ လမ်းကြောင်း ရှိနေတယ်။ LFP ရဲ့ ပမာဏကို မြှင့်တင်ဖို့က မဖြစ်နိုင်ပေမယ့် NCM ရဲ့ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ဖို့ကတော့ ဖြစ်နိုင်ခြေ ရှိတာမလို့လေ”

“ဪ…. အဲဒီလိုလား”

ကျွန်တော် ဘာလို့လဲဆိုတာကိုတော့ ဆက်ပြီး မမေးတော့ပါဘူး။ မေးရင်လည်း ကျွန်တော် နားလည်မှာ မဟုတ်တာ သေချာနေလို့ပါ။

ဒါကြောင့် တခြား မေးခွန်းတစ်ခုကိုပဲ ပြောင်းပြီး ကျွန်တော် မေးလိုက်တယ်။

“ဒါဆိုရင် လျှပ်စစ်ကားတွေရဲ့ အနာဂတ်အပေါ် ပါမောက္ခရဲ့ အမြင်က ဘယ်လို ရှိပါသလဲ”

“စွမ်းအင်က အဆင့်တိုင်းမှာ ဆုံးရှုံးမှုတွေ ရှိတတ်တယ်။ သီအိုရီအရ ကြည့်မယ်ဆိုရင်တော့ လျှပ်စစ်ကား (EVs) တွေက အတွင်းပိုင်းလောင်ကျွမ်းခြင်းအင်ဂျင်သုံးကား (ICEs) တွေထက် စွမ်းဆောင်ရည် ပိုပြီး နိမ့်ကျတယ်။ အင်ဂျင်သုံးကားတွေက ရုပ်ကြွင်းလောင်စာတွေကို တိုက်ရိုက် လောင်ကျွမ်းစေပြီး အင်ဂျင်ကို မောင်းနှင်တာ ဖြစ်ပေမယ့် လျှပ်စစ်ကားတွေကတော့ ရုပ်ကြွင်းလောင်စာတွေကို လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲကာ ဘတ္ထရီကို အားသွင်းရပြီး အဲဒီ လျှပ်စစ်နဲ့ပဲ မော်တာကို ပြန်ပြီး လည်ပတ်စေတာ ဖြစ်လို့လေ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ လျှပ်စစ်ကားတွေက ပိုပြီး စွမ်းဆောင်ရည် မြင့်မားတာကို သက်သေပြနိုင်ခဲ့တယ်”

ဒါက စွမ်းအင် ထိရောက်မှုကြောင့် ဖြစ်တာပေါ့။

အင်ဂျင်သုံးကားတွေရဲ့ စွမ်းအင် ထိရောက်မှုက ၂၀ ရာခိုင်နှုန်းခန့်ပဲ ရှိတာပါ။ ဓာတ်ဆီ လောင်ကျွမ်းမှုကနေ ထွက်လာတဲ့ စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ ကားမောင်းနှင်ဖို့ သုံးစွဲနိုင်ပြီး ကျန်တဲ့ အပိုင်းတွေကတော့ အပူစွမ်းအင်အဖြစ် လေလွင့်ဆုံးရှုံးသွားတာလေ။ ဆန့်ကျင်ဘက်အနေနဲ့ လျှပ်စစ်ကားတွေကတော့ ၈၀ ရာခိုင်နှုန်းကျော်အထိ စွမ်းအင် ထိရောက်မှု ရှိကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဆင့်တွေ ပိုပြီး များနေခဲ့ရင်တောင်မှ လျှပ်စစ်ကားတွေက စွမ်းအင် သုံးစွဲမှု ပိုပြီး နည်းပါးတာပေါ့။

ပါမောက္ခ ကင်ဟိုမင်က ကော်ဖီကို တစ်ငုံ သောက်လိုက်ရင်း မေးလာတယ်။

“မနှစ်က စုစုပေါင်း ကားရောင်းအားက ဘယ်လောက် ရှိလဲ သိလား”

“သန်း ၉၀ နီးပါး ရှိပါတယ်”

“ဒါဆိုရင် လျှပ်စစ်ကား ရောင်းအားကကော”

“၇ သိန်းခွဲ ဝန်းကျင်လောက် ရှိပါတယ်”

ဒါက လျှပ်စစ်ကား သီးသန့်တင်မကဘဲ ပလပ်အင် ဟိုက်ဘရစ် (PHEVs) ကားတွေကိုပါ ထည့်သွင်း ရေတွက်ထားတာပါ။

ပါမောက္ခ ကင်က ခေါင်းညိတ်ပြတယ်။

“ဒါက စုစုပေါင်း ရောင်းအားရဲ့ ၁ ရာခိုင်နှုန်းတောင် မပြည့်သေးဘူး။ ဒီနှစ်မှာတော့ ၁ သန်းကျော်လိမ့်မယ်လို့ ခန့်မှန်းထားကြပေမယ့် ဒါက ပြောပလောက်တဲ့ ပမာဏတော့ မဟုတ်သေးဘူး။ တကယ်လို့ လက်ရှိ ရောင်းချနေတဲ့ ကားတွေ အကုန်လုံးသာ လျှပ်စစ်ကားတွေ ဖြစ်သွားခဲ့ရင် ဘာဖြစ်လာမလဲ”

“လျှပ်စစ် သုံးစွဲမှုက အဆမတန် မြင့်တက်သွားမှာမလို့ ဓာတ်အား စီမံခန့်ခွဲမှုပိုင်းမှာ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်”

“အဲဒါကတော့ ဓာတ်အားပေးစက်ရုံတွေ ပိုပြီး တည်ဆောက်တာ ဒါမှမဟုတ် တခြား ရွေးချယ်စရာ စွမ်းအင်တွေကို သုံးစွဲတာမျိုးနဲ့ ဖြေရှင်းနိုင်တယ်။ ပြဿနာကတော့ အပိုင်းနှစ်ပိုင်းမှာ ရှိနေတာကွ။ အဲ့ဒီနှစ်ပိုင်းကတော့ ဘတ္ထရီ ကုန်ကျစရိတ်နဲ့ ဘတ္ထရီ စွမ်းဆောင်ရည်တို့ပဲ။ တကယ်လို့ စမတ်ဖုန်းတွေသာ မရှိခဲ့ရင် လျှပ်စစ်ကားတွေက ဒီလောက်အထိ အလျင်အမြန် ပျံ့နှံ့လာနိုင်ပါ့မလား”

စမတ်ဖုန်းတွေက ဘတ္ထရီရဲ့ ကနဦး ဝယ်လိုအားနဲ့ ထောက်ပံ့မှုကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေက သာမန်ဖုန်းတွေထက် စွမ်းအင် ပိုပြီး သုံးစွဲရတာမလို့ စမတ်ဖုန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာနဲ့အမျှ ဘတ္ထရီ ထုတ်လုပ်မှုကလည်း အကြီးအကျယ် မြင့်တက်လာခဲ့ပြီး စျေးနှုန်းတွေကတော့ အလျင်အမြန် ကျဆင်းသွားခဲ့တာပါ။

ဒါပေမဲ့လည်း ဘတ္ထရီတွေက ထောက်ပံ့ကြေး လိုအပ်နေသေးတဲ့အထိ စျေးကြီးနေဆဲပဲ ဖြစ်ပါတယ်။

“ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေကို ဆန်းသစ်တီထွင်လိုက်ရင် တစ်ခုချင်းစီရဲ့ ကုန်ကျစရိတ်ကို လျှော့ချနိုင်မှာ ဖြစ်ပေမယ့် ထုတ်လုပ်မှု ပမာဏ တိုးတက်လာတာနဲ့အမျှ ကုန်ကြမ်းစျေးနှုန်းတွေကတော့ မြင့်တက်လာနိုင်တာပေါ့”

မော်တော်ကားတွေ အများကြီး ရှိလာတာကြောင့် ရေနံဝယ်လိုအား မြင့်တက်လာခဲ့သလိုပဲ လျှပ်စစ်ကားတွေ တိုးတက်လာတာကလည်း ဘတ္ထရီ ကုန်ကြမ်းပစ္စည်းတွေရဲ့ ဝယ်လိုအားကို မြင့်တက်စေခဲ့တယ်။ လက်တွေ့မှာလည်း လီသီယမ် စျေးနှုန်းတွေက ဆက်တိုက် မြင့်တက်နေခဲ့တာပါ။

အစိုးရိမ်ရဆုံး ကိစ္စကတော့ Cobaltပါပဲ။

Ternary ဘတ္ထရီမှာ Cobaltက မရှိမဖြစ် ကုန်ကြမ်းတစ်ခုပါ။ ကမ္ဘာ့ သိုလှောင်မှု ပမာဏရဲ့ ထက်ဝက်ကျော်က ကွန်ဂိုနိုင်ငံမှာ တည်ရှိနေတာမလို့ ပြည်တွင်းစစ်နဲ့ လုံခြုံရေး ပြဿနာတွေကြောင့် ထောက်ပံ့မှု တည်ငြိမ်ရေးက ထိခိုက်နေခဲ့ပါတယ်။

စျေးကွက် ကစားသူတွေရဲ့ ဝယ်လိုအားကြောင့်လည်း ပါဝင်တာမလို့ နိုင်ငံတကာ စျေးနှုန်းတွေက အခုဆိုရင် နှစ်ဆကျော်အထိ မြင့်တက်သွားခဲ့ပြီ ဖြစ်တယ်။ ကုန်ကျစရိတ် အချိုးအစားကလည်း ၈ ရာခိုင်နှုန်းအောက်ကနေ အခုဆိုရင် ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့တာပေါ့။

“တကယ်လို့ ကားအစီးရေ ၁ သန်းအတွက် ပေးနေတဲ့ ထောက်ပံ့ကြေးကို သန်း ၉၀ အထိ တိုးမြှင့်လိုက်ရင် ဘာဖြစ်မလဲ”

“အဲဒီလို မဖြစ်ခင်မှာတင် အစိုးရက ဒေဝါလီခံရလိမ့်မယ် ထင်ပါတယ်”

“တကယ်လို့ လျှပ်စစ်ကား သန်း ၉၀ က အားသွင်းစခန်းတွေဆီကို စုပြုံပြီး ရောက်လာခဲ့ရင် ဘာဖြစ်မလဲ။ ဆောင်းတွင်းမှာတော့ ကြည့်ကောင်းမယ့် မြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မယ်”

အခုတောင် ဓာတ်ဆီဆိုင်တွေမှာ တန်းစီနေကြရတာပါ။ ဒါပေမဲ့ လျှပ်စစ်ကားတွေကို အမြန်အားသွင်းဖို့ဆိုရင်တောင် မိနစ် ၃၀ ကျော် ကြာမြင့်ပါတယ်။ ဘတ္ထရီ စွမ်းဆောင်ရည် အကြီးအကျယ် ကျဆင်းသွားတတ်တဲ့ ဆောင်းတွင်းမျိုးမှာဆိုရင် အားသွင်းစခန်းတွေက တိုးမပေါက်အောင် ဖြစ်နေပါလိမ့်မယ်။

“ဒါဆိုရင် ကျွန်တော်တို့တွေ ဘာလုပ်သင့်လဲ”

“ရိုးရိုးရှင်းရှင်းလေးပါပဲ။ ငါတို့တွေက ကုန်ကျစရိတ်ကို လျှော့ချရမယ်၊ ပမာဏကို မြှင့်တင်ရမယ်၊ ပြီးတော့ အားသွင်းနှုန်းကို ပိုပြီး မြန်ဆန်အောင် လုပ်ရမယ်”

“ဒါပေမဲ့ အဲဒါက ကျွန်တော်တို့တွေ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာ မဟုတ်ဘူးလား”

နည်းပညာတွေက အလျင်အမြန် တိုးတက်လာခဲ့ပေမယ့် ဘတ္ထရီပိုင်းကတော့ လိုက်ပါနိုင်ခြင်း မရှိသေးပါဘူး။

တိုးတက်မှုအချို့ ရှိနေခဲ့တာကလည်း Semiconductors တို့လို အီလက်ထရောနစ် အစိတ်အပိုင်းတွေရဲ့ စွမ်းအင် ထိရောက်မှု မြင့်မားလာခဲ့လို့ ဖြစ်တာများပါတယ်။

ပါမောက္ခ ကင်ဟိုမင်က ခါးခါးသီးသီး ပြုံးလိုက်တယ်။

“ဒါကြောင့် ငါတို့တွေက သုတေသနနဲ့ တီထွင်ထုတ်လုပ်မှု (R&D)ပိုင်းမှာ ကြိုးစားနေကြတာပေါ့။ စျေးကြီးတဲ့ Cobaltနဲ့ ရှားပါး သတ္တုတွေ သုံးစွဲမှုကို အနည်းဆုံးဖြစ်အောင် လျှော့ချရင်းနဲ့ ပမာဏကို မြှင့်တင်ဖို့၊ ပြီးတော့ ဘေးကင်းလုံခြုံမှုကို စိတ်ချရစေဖို့ ကြိုးစားနေတာလေ။ သိပ္ပံပညာက မဖြစ်နိုင်တာကို ဖြစ်လာအောင် မလုပ်နိုင်ရင်တောင်မှ ဖြစ်နိုင်ခြေ ရှိတာကိုတော့ ဖြစ်ပျက်လာအောင် လုပ်ဆောင်ပေးနိုင်တယ်။ ဒါက လျှပ်စစ်ကားတွေအတွက်တင် ပြဿနာ မဟုတ်ဘူး၊ အနာဂတ်ရဲ့ အဓိက အချက်အချာကျတဲ့ နည်းပညာတစ်ခု ဖြစ်နေလို့ပဲ။ စမတ်ဖုန်းတွေ၊ လက်ပ်တော့တွေ၊ တက်ဘလက်တွေ၊ ဝတ်ဆင်ရတဲ့ စက်ပစ္စည်းတွေ၊ ဒရုန်းတွေ၊ လျှပ်စစ်ကားတွေ၊ ကိုယ်ခန္ဓာထဲ ထည့်သွင်းရတဲ့ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေ အစရှိတာတွေ အကုန်လုံးပေါ့။ တကယ်လို့ ငါတို့တွေသာ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် တခြားနယ်ပယ်တွေက နည်းပညာ တိုးတက်မှုတွေကလည်း ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်”

အစကတော့ ကျွန်တော့်မှာ ဝေဝေဝါးဝါး အတွေးပဲ ရှိခဲ့တာ ဖြစ်ပေမယ့် စကားပြောကြည့်လိုက်ရတဲ့ အခါမှာတော့ ကျွန်တော် သေချာပေါက် ယုံကြည်သွားခဲ့ပါပြီ။

ဒီလူကတော့ အကိုက်ညီဆုံးလူပဲ။

“မင်း တခြား မေးစရာ ရှိသေးလား”

“ဟုတ်၊ ရှိပါတယ်”

“ဘာလဲ။ ပြောလေ”

ကျွန်တော် သောက်လို့ ကုန်သွားတဲ့ ကော်ဖီခွက်ကို ချလိုက်တယ်။

“OTK Company မှာ ဘတ္ထရီ သုတေသနဌာနတစ်ခု တည်ထောင်ဖို့ ကျွန်တော်စဉ်းစားထားလို့ပါ။ ပါမောက္ခအနေနဲ့ အဲဒီဌာနရဲ့ ဒါရိုက်တာအဖြစ် ဦးဆောင်ပေးဖို့ စဉ်းစားပေးနိုင်မလား သိချင်ပါတယ်”

“……ဟမ်”

ပါမောက္ခ ကင်ဟိုမင်က ခဏလောက် ကြောင်အမ်းသွားခဲ့ပြီးမှ အော်ဟစ်ပြီး ရယ်မောလာတယ်။

“ဟားဟား။ မင်းက ငါ့ကို အလုပ်ခန့်ချင်တယ်လို့ ပြောနေတာလား”

“ပိုပြီး တိတိကျကျ ပြောရရင်တော့ ပါမောက္ခကို ကျွန်တော်တို့နဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်တာပါ”

“တကယ်လို့ ငါက မင်ကုမ္ပဏီရဲ့သုတေသနဌာနကို သွားမယ်ဆိုရင် ပါမောက္ခ ရာထူးကို စွန့်လွှတ်ရလိမ့်မယ်”

“ကျွန်တော် ကတိပေးရဲပါတယ်၊ ပါမောက္ခ တစ်ယောက်ထဲတင်မကဘဲ ပါမောက္ခနဲ့အတူ အလုပ်လုပ်မယ့် သုတေသန ပညာရှင် အားလုံးအတွက်ပါ ပိုပြီး ကြီးမားတဲ့ ပံ့ပိုးမှုမျိုးကို ပေးအပ်သွားမှာပါ”

ကိုရီးယား တက္ကသိုလ်ရဲ့ ပါမောက္ခ တစ်ယောက်အနေနဲ့ ဆိုရင်တော့ ပါမောက္ခ ကင်က တစ်သက်လုံးအတွက် တည်ငြိမ်မှုနဲ့ ဂုဏ်သရေကို အာမခံချက် ရရှိထားပြီးသားပါ။ ဒါပေမဲ့ တခြား သုတေသန ပညာရှင်တွေအတွက်တော့ အဲဒီလို အခြေအနေမျိုး မဟုတ်ပါဘူး။

မဟာဘွဲ့နဲ့ ပါရဂူဘွဲ့ ရရှိထားတဲ့သူတွေတောင်မှ ငွေကြေးပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အလုပ်အကိုင် မတည်ငြိမ်မှုတွေကြောင့် ရုန်းကန်နေကြရတာများပါတယ်။ တကယ်လို့ သုတေသန လုပ်ငန်းတွေ ရပ်တန့်သွားခဲ့ရင် သူတို့တွေက ချက်ချင်းပဲ အလုပ်လက်မဲ့ ဖြစ်သွားကြရမှာပါ။

ကြီးမားတဲ့ အောင်မြင်မှုတွေက လူတစ်ယောက်ထဲရဲ့ ကြိုးပမ်းမှုကြောင့်ပဲ ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အောက်ကနေ ဝိုင်းဝန်း ပံ့ပိုးပေးကြတဲ့သူတွေရဲ့ ကူညီမှုလည်း လိုအပ်ပါတယ်။

ကျွန်တော် သူ့ကို အလေးအနက်ထားပြီး စည်းရုံးဖို့ ဆုံးဖြတ်လိုက်တယ်။

“ကိုရီးယားမှာတော့ တက္ကသိုလ်တွေကော၊ ကုမ္ပဏီတွေပါ တစ်နှစ် သို့မဟုတ် နှစ်နှစ်အတွင်းမှာတင် ရလဒ်တွေကို မျှော်လင့်တတ်ကြတယ်။ တကယ်လို့ အဲဒီ အချိန်အတိုင်းအတာအတွင်းမှာ ရလဒ် မထွက်လာရင် ရန်ပုံငွေတွေကို ဖြတ်တောက်လိုက်ကြတာများပါတယ်”

ပါမောက္ခ ကင်ရဲ့ သုတေသန အဖွဲ့ကလည်း နှစ်အနည်းငယ်ကြာတဲ့အထိ ဘာရလဒ်မှ မထွက်ပေါ်ခဲ့ပါဘူး။ လက်တွေ့မှာလည်း ရန်ပုံငွေတွေ ပြန်လည် သိမ်းဆည်းခံရတော့မယ်ဆိုတဲ့ ကောလာဟလတွေက ထွက်ပေါ်နေခဲ့တာပါ။

“တကယ်လို့ ပါမောက္ခသာ သုတေသနဌာနကို တာဝန်ယူပေးမယ်ဆိုရင် ဆယ်နှစ်ဖြစ်စေ၊ အနှစ်နှစ်ဆယ်ဖြစ်စေ လွတ်လွတ်လပ်လပ် သုတေသန ပြုလုပ်နိုင်မယ့် ပတ်ဝန်းကျင်မျိုးကို ကျွန်တော် သေချာပေါက် ဖန်တီးပေးမှာပါ”

ကျွန်တော်ကသာ အဲဒီလို ပြောလိုက်တာ ဖြစ်ပေမယ့် တကယ်တမ်းတော့ အဲဒီလောက်အထိ အကြာကြီး စောင့်ဆိုင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး။

ပါမောက္ခ ကင်က နောက်မျိုးဆက်သစ် ဘတ္ထရီတွေကို တီထွင်ပြီး နိုဗယ် ဓာတုဗေဒဆုကို ရရှိမှာပါ။ ဒါက သူဟာ ထူးခြားဆန်းသစ်တဲ့ သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုတစ်ခုကို သေချာပေါက် ဖန်တီးနိုင်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။

ဒါဆိုရင် သူက အဲဒီလို အောင်မြင်မှုမျိုးကို ဘယ်အချိန်မှာ ရရှိမှာ ဖြစ်ပြီး နိုဗယ်ဆုကိုကော ဘယ်အချိန်မှာ ရရှိမှာလဲ။

ကျွန်တော့်အနေနဲ့တော့ သိပ်ပြီး အကြာကြီး ကြာလိမ့်မယ်လို့ မထင်ပါဘူး။

ဘတ္ထရီ ပြဿနာကို ဖြေရှင်းဖို့က စက်မှုလုပ်ငန်းလောကအတွက် အရေးတကြီး စိန်ခေါ်မှုတစ်ခု ဖြစ်နေတာမလို့ ကုမ္ပဏီအားလုံးက သုတေသနနဲ့ တီထွင်ထုတ်လုပ်မှုတွေကို တက်ကြွစွာ လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့် အဖြေရှာဖွေနိုင်ဖို့က မကြာခင်မှာ ဖြစ်လာနိုင်ခြေ ရှိပြီး ပါမောက္ခ ကင်က အဲဒီ အဖြေကို ပေးနိုင်မယ့် အကောင်းဆုံး နေရာမှာ ရှိနေတာပါ။ (တကယ်လို့ တခြားသူက အရင်ဆုံး ဖြေရှင်းသွားနိုင်ခဲ့ရင်တော့ အဲဒီလူကပဲ နိုဗယ်ဆုကို ရရှိသွားမှာပေါ့လေ)

တချို့ကတော့ သူ နိုဗယ်ဆု ရရှိဖို့အတွက် အသက်ငယ်လွန်းတယ်လို့ တွေးတောလောက်ပေမယ့် သိပ္ပံနဲ့ အင်ဂျင်နီယာ နယ်ပယ်တွေမှာတော့ ကြီးမားတဲ့ အောင်မြင်မှုတွေကို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဖန်တီးနိုင်ကြတာများပါတယ်။

အိုင်းစတိုင်းကလည်း သူ့ရဲ့ အသက် ၂၀ ကျော် အရွယ်မှာတင် Theory of relativityကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး စတီဖင်ဟော့ကင်းကလည်း သူ့ရဲ့ အသက် ၃၀ ကျော်ကတည်းက ကမ္ဘာကျော် ရူပဗေဒပညာရှင်တစ်ယောက်အဖြစ် ကျော်ကြားမှုတွေ ရရှိခဲ့တာပါ။

ပါမောက္ခ ကင်ဟိုမင်က သူ့ခေါင်းကို ကုတ်လိုက်ရင်း ပြောလာတယ်။

“မင်းက တကယ်ပဲ သုတေသနနဲ့ တီထွင်ထုတ်လုပ်မှုပိုင်းကို ဆက်တိုက် ပံ့ပိုးပေးနိုင်မှာလား”

“သေချာတာပေါ့ခင်ဗျာ”

လတ်တလောမှာတော့ ပိုက်ဆံပိုင်းမှာ နည်းနည်း ကျပ်တည်းနေခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ Lost Fantasy M ရဲ့ အောင်မြင်မှုကြောင့် အသက်ရှူချောင်သွားခဲ့ရပါပြီ။ လာမယ့် သုံးလပတ်မှာ အစိတ်အပိုင်း တချို့ကိုပဲ ခွဲဝေလိုက်ရင်တောင်မှ ဒေါ်လာ သန်းနဲ့ချီတဲ့ ငွေသားတွေကို ရရှိနိုင်မှာပါ။

အဲဒီ ပိုက်ဆံတွေ အကုန်လုံးကို သုတေသနဌာန တည်ထောင်တဲ့ နေရာမှာ တိုက်ရိုက် ရင်းနှီးမြှုပ်နှံဖို့ ကျွန်တော်စီစဉ်ထားပါတယ်။

သူ့ရဲ့ အမူအရာကို ကြည့်ရသလောက်တော့ ကျွန်တော့်ရဲ့ စကားတွေကြောင့် စိတ်ဝင်စားမှု အနည်းငယ် ရှိလာခဲ့တဲ့ ပုံပါပဲ။ ဒါက သဘောတူညီချက် ရရှိအောင် ဆွဲဆောင်ရမယ့် အကောင်းဆုံး အချိန်ပဲလေ။

အချိုသတ် စကားတွေ ပြောမယ့်အစား လက်တွေ့ကျတဲ့ အရာတစ်ခုကိုပဲ ကျွန်တော်စကားစလိုက်တယ်။

“တကယ်လို့ ပါမောက္ခသာ ကျွန်တော်နဲ့ လက်တွဲမယ်ဆိုရင် ပိုက်ဆံတွေ အများကြီး ရရှိစေရမယ်လို့ ကျွန်တော် ကတိပေးပါတယ်”

သူ့ရဲ့ အံ့ဩသွားတဲ့ အမူအရာကို ကြည့်ရသလောက်တော့ ကျွန်တော့်ရဲ့ စကားက သူ မျှော်လင့်မထားတဲ့ အရာ ဖြစ်ဟန်တူပါတယ်။

“ပိုက်ဆံ ဟုတ်လား”

“ပါမောက္ခ သိတဲ့အတိုင်းပဲ၊ ကျွန်တော်က စီးပွားရေးလိုင်းကမလို့ ဓာတုဗေဒ သို့မဟုတ် ဘတ္ထရီရဲ့ သီအိုရီတွေကို သေချာ နားမလည်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေ တီထွင်ထုတ်လုပ်မှုမှာ အောင်မြင်သွားခဲ့ရင် အဲဒီ ထုတ်ကုန်ကို ထုတ်လုပ်မယ့် ကုမ္ပဏီတွေက အဆမတန် ချမ်းသာသွားကြလိမ့်မယ်ဆိုတာကိုတော့ နားလည်ပါတယ်။ ပြီးတော့ အဲဒီနေရာမှာ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေလည်း ပိုက်ဆံတွေ အများကြီး ရရှိကြမှာပါ။ ချမ်းသာတဲ့ လုပ်ငန်းရှင်တွေနဲ့ ငွေကြေးသမားတွေကတော့ မရေမတွက်နိုင်အောင် ရှိကြပါတယ်။ ဒါပေမဲ့ တီထွင်မှုအသစ်တွေကို ဖန်တီးခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေ၊ တီထွင်သူတွေနဲ့ သုတေသန ပညာရှင်တွေကော အများကြီးရှိလို့လား။ သူတို့ထဲက ဘယ်နှယောက်လောက်က တကယ် ချမ်းသာသွားကြလို့လဲ”

ကုမ္ပဏီတွေ ဒါမှမဟုတ် တက္ကသိုလ်တွေနဲ့ ဆက်စပ်နေတဲ့ သုတေသန ပညာရှင်တွေကတော့ အောင်မြင်တဲ့ တီထွင်မှုတွေ ပြုလုပ်နိုင်ခဲ့ရင်တောင်မှ ရာထူးတိုးတာ ဒါမှမဟုတ် မပြောပလောက်တဲ့ ဘောနပ်စ်အချို့ ရရှိတာမျိုးနဲ့ပဲ အဆုံးသတ်သွားကြရတာများပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရှုံးနိမ့်သွားတဲ့ အခါမှာတော့ မကောင်းမွန်တဲ့ ဆက်ဆံမှုတွေ ကြုံရတတ်ပြီး အလုပ်ထုတ်ခံရတာမျိုးအထိ ဖြစ်တတ်ပါတယ်။

“ကျွန်တော် ပါမောက္ခကို သုတေသနဌာနရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပေးပါ့မယ်။ တီထွင်ဆန်းသစ်လိုက်တဲ့ မူပိုင်ခွင့်တွေနဲ့ နည်းပညာတွေ အကုန်လုံးက သုတေသနဌာနရဲ့ ပိုင်ဆိုင်မှု ဖြစ်လာမှာ ဖြစ်ပြီး အဲဒီကနေ ထွက်ပေါ်လာမယ့် အကျိုးအမြတ်တွေ အကုန်လုံးကိုလည်း ရရှိမှာပါ”

ပါမောက္ခ ကင်ကတော့ အံ့ဩမှင်သက်သွားခဲ့တဲ့ ပုံပါပဲ။

“ကိုရီးယား တက္ကသိုလ်က ကျောင်းသားတစ်ယောက်ဆီကနေ ဒီလိုမျိုး ကမ်းလှမ်းချက် ရရှိလိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားခဲ့ဘူး”

“တကယ်လို့ သောမတ်စ် အက်ဒီဆင် သာ General Electric ကုမ္ပဏီကို မတည်ထောင်ခဲ့ရင် သူ ဒီလောက်အထိ ချမ်းသာလာပါ့မလား။ တစ်ဖက်မှာတော့ အက်ဒီဆင်ရဲ့ အောက်မှာ အရာတော်တော်များများကို တီထွင်ပေးခဲ့တဲ့ နီကိုလာ တက်စ်လာ ကတော့ သူ့ရဲ့ မူပိုင်ခွင့်တွေ အကုန်လုံး ဆုံးရှုံးခဲ့ရပြီး ဆင်းရဲဒုက္ခရောက်ရင်းနဲ့ပဲ အဆုံးသတ်သွားခဲ့ရတာလေ”

ကျွန်တော် ပါမောက္ခ ကင်ကို စိုက်ကြည့်လိုက်တယ်။

“တက်စ်လာ တစ်ယောက် ဖြစ်လာမယ့်အစား အက်ဒီဆင် တစ်ယောက် ဖြစ်လာတာက ပိုပြီး ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ဘူးလားခင်ဗျာ”

All Chapters