← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) အာဏာပြလွန်းသော စစ်ထူယန်လုံ

ရှရွှယ်ချန်တောင်သည် မင်ချွမ်မြို့နှင့် ချင်းယာမြို့ကြားတွင် တည်ရှိ၏။

ထိုနေရာသည် အလွန်ကျယ်ဝန်းလှသော တောင်တန်းဒေသ ဖြစ်သည်။

မင်ချွမ်မြို့အနီးရှိ တရားဝင်လမ်းမကြီး၏ တောင်ကြားလမ်းတွင် စစ်တပ်တစ်တပ်က တပ်စွဲကာ စခန်းချထားပြီး ဖြစ်၏။

ထိုနည်းတူစွာပင် ချင်းယာမြို့အနီးရှိ လမ်းမကြီးတွင်လည်း စစ်သားများက တပ်စွဲထားကြသည်။

ရှရွှယ်ချန်တောင်ရှိ ဓားပြစခန်းများကို ရှင်းလင်းချေမှုန်းရန်အတွက် ယွီရွှေတပ်စခန်းအနေဖြင့် တရားဝင်လမ်းမကြီးများကို ပိတ်ဆို့ကာ ရှရွှယ်ချန်တောင်ရှိ ဓားပြစခန်းအသီးသီး၏ ထွက်ပြေးရာလမ်းကြောင်းများကို ဖြတ်တောက်ထားရမည်မှာ သဘာဝပင် ဖြစ်၏။

မြင်းရိုင်းများကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုကာ ကျောက်လင်နှင့် သူ၏ အဖော်ခြောက်ယောက်တို့သည် နာရီဝက်အတွင်း မင်ချွမ်မြို့အနီးရှိ တရားဝင်လမ်းမကြီးသို့ ရောက်ရှိလာခဲ့ကြသည်။

တပ်စွဲထားသော စစ်သားများက တဲအလုံးနှစ်ဆယ်တိတိကို ဆောက်လုပ်ထားကြ၏။

ကျန်းဖုန်းသည် သူ၏ လက်အောက်ရှိ စစ်သားဆယ်ယောက်နှင့်အတူ ယမန်နေ့ကတည်းက ဤနေရာသို့ ရောက်ရှိနေခဲ့ပြီး လက်ရှိတွင် တဲတစ်လုံးအတွင်း၌ စုဝေးနေကြသည်။

ထိုအချိန်တွင် ယွီရွှေခရိုင်ရှိ ချီလင်ကျောင်းတော်မှ လူတစ်စုလည်း ဤတပ်စခန်းသို့ ရောက်ရှိလာခဲ့၏။

အလယ်ဗဟိုတွင် တည်ကြည်သော မျက်နှာနှင့် အေးစက်သော မျက်လုံးများရှိသည့် လူလတ်ပိုင်းတစ်ယောက် ထိုင်နေသည်။ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်မှာ တောင်တန်းကြီးတစ်ခုကဲ့သို့ ကြီးမားခမ်းနားနေပြီး အလွန်တရာ ခြောက်ခြားဖွယ် ကောင်းလှ၏။

ထိုလူလတ်ပိုင်း၏ အနောက်တွင် ကျောက်ဟယ်ရွှမ်းက မတ်မတ်ထိုင်နေပြီး တဲအတွင်းရှိ လူများကို တည်ငြိမ်စွာ စောင့်ကြည့်နေသည်။

ကျောက်ဟယ်ရွှမ်းသည် မူလက ကျားရဲစစ်တပ်မှ ရာစုတပ်မှူးတစ်ဦးဖြစ်၏။ သူ၏ ကျင့်ကြံခြင်း ပါရမီကြောင့် ကျားရဲစစ်တပ်ကို ဖျက်သိမ်းလိုက်သောအခါ ချီလင်ကျောင်းတော်သို့ တိုက်ရိုက်ဝင်ရောက်ခဲ့ပြီး ကျင့်ကြံသူလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့သည်။

အရှေ့မှ လူလတ်ပိုင်းမှာ ကျောက်ဟယ်ရွှမ်း၏ နည်းပြဖြစ်သော စစ်ထူယန်လုံပင်ဖြစ်၏။

ကျန်းဖုန်းသည် ကျောက်ဟယ်ရွှမ်း၏ အကြည့်နှင့် ဆုံလိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်မှာ အကြောင်းပြချက်မရှိဘဲ တုန်ယင်သွားခဲ့သည်။

ကျားရဲစစ်တပ်ကို ဖျက်သိမ်းလိုက်စဉ်က ကျောက်ဟယ်ရွှမ်းသည် ကျန်းဖုန်းအား တာဝန်တစ်ခု ပေးအပ်ခဲ့၏။ ယင်းမှာ ကျောက်လင်အား ပြဿနာရှာရန်နှင့် အခွင့်အရေးရပါက ကျောက်လင်အား တိုက်ရိုက်သတ်ဖြတ်ရန် ဖြစ်သည်။

သို့သော် ယခုအခါတွင် ကျောက်လင်သည် အကောင်းပကတိ သက်ရှိထင်ရှားရှိနေပြီး သူ၏ စွမ်းအားက သံမဏိအရိုးနယ်ပယ်သို့ပင် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။

ပြီးခဲ့သည့်အကြိမ်က ကျောက်ဟယ်ရွှမ်းသည် ကျောက်လင်၏ စွမ်းအားကို စမ်းသပ်ရန် လူလွှတ်ခဲ့ပြီး ကျောက်လင်မှာ သံမဏိအရိုးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ကျောက်ဟယ်ရွှမ်းသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကျန်းဖုန်းအား ကြည့်လိုက်ရာ ကျန်းဖုန်း၏ လုပ်ရပ်များအပေါ် မကျေနပ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။

စစ်ထူယန်လုံက ကျန်းဖုန်းအား တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"ထင်းရှူးနက်ကျေးရွာက နယ်ခြားစောင့်တပ်တွေ ရောက်လာပြီလား..."

ကျန်းဖုန်းက ချက်ချင်းပင် ပြန်ဖြေလိုက်၏။

"နည်းပြ... ကျွန်တော် ထင်းရှူးနက်ကျေးရွာက နယ်ခြားစောင့်တပ်တွေကို အကြောင်းကြားထားပြီးပါပြီ..."

"သူတို့သာ နောက်ကျရဲရင် ကျွန်တော် သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးပစ်မယ်..."

ကျန်းဖုန်းသည် ယမန်နေ့ကတည်းက ရောက်ရှိနေခဲ့ပြီး ကြိုတင်စုံစမ်းထားပြီး ဖြစ်သည်။ စစ်ထူယန်လုံသည် ကျောက်ဟယ်ရွှမ်း၏ နည်းပြဖြစ်ပြီး ချီလင်ကျောင်းတော်တွင် အလွန်မြင့်မားသော ရာထူးနေရာတစ်ခု ရထားကြောင်းကို သူ သိထား၏။

ထို့ကြောင့် စစ်ထူယန်လုံကို ကျောထောက်နောက်ခံပြုထားသဖြင့် ကျောက်လင်၏ လက်တုံ့ပြန်မှုကို စိုးရိမ်စရာ မလိုတော့ဘဲ ကျောက်လင်အား အတားအဆီးမရှိ အပြည့်အဝ အနိုင်ကျင့်နိုင်ပြီဖြစ်ကြောင်း ကျန်းဖုန်းက အလွန် ရှင်းလင်းစွာ သိနေသည်။

မည်သို့ပင်ဆိုစေ နာမည်ခံအားဖြင့် ကျန်းဖုန်းမှာ တပ်စုမှူးဖြစ်ပြီး ကျောက်လင်၏ အထက်လူကြီး ဖြစ်နေသေးသည် မဟုတ်ပါလား။

ဤဓားပြနှိမ်နင်းရေး စစ်ဆင်ရေးတွင် ကျန်းဖုန်း၌ ကျောက်လင်အား အလုပ်များစေခိုင်းရန် အာဏာရှိနေ၏။

အကယ်၍ ကျောက်လင်သာ အမိန့်ကို မနာခံဝံ့လျှင် ကျန်းဖုန်းအနေဖြင့် စစ်ထူယန်လုံ၏ အာဏာကို အသုံးပြုကာ ကျောက်လင်အား တိုက်ရိုက် ဖိနှိပ်ပစ်နိုင်မည် ဖြစ်သည်။

"ထင်းရှူးနက်ကျေးရွာက နယ်ခြားစောင့်တပ်တွေ ရောက်လာရင် ငါ့ကို ချက်ချင်းလာပြော..."

စစ်ထူယန်လုံက အေးစက်စွာ ပြောလိုက်၏။

"ဟုတ်ကဲ့... နားလည်ပါပြီ..."

ကျန်းဖုန်းက ခိုင်မာစွာ ပြန်ဖြေလိုက်သည်။

ထို့နောက် ချက်ချင်းပင် ကျန်းဖုန်းသည် သူ၏ တပ်ဖွဲ့ကို ဦးဆောင်ကာ တပ်စခန်းမှ ထွက်ခွာသွားခဲ့၏။

ကျောက်ဟယ်ရွှမ်းနှင့် စစ်ထူယန်လုံတို့သာ ကျန်ရစ်ခဲ့တော့သည်။

"ဆရာ... လွန်ခဲ့တဲ့ နှစ်ရက်က ဂျူနီယာညီလေး ရှန့်ထျန်းဝေ့ရဲ့ အဖေ ကျောင်းကို ရောက်လာခဲ့တယ်... သူက ညီလေးထျန်းဝေ့ကို သတ်သွားတာ ကျောက်လင် ဖြစ်နိုင်ခြေများတယ်လို့ ပြောသွားတယ်..."

"ဒီတစ်ခါတော့ ကျွန်တော်ကိုယ်တိုင် ဝင်ပါပြီး ကျောက်လင်ကို သတ်ပစ်မယ်..."

ကျောက်ဟယ်ရွှမ်းသည် စစ်ထူယန်လုံ၏ အရှေ့တွင်ရပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

အမှန်တော့ စစ်ထူယန်လုံမှာ ယွီရွှေခရိုင်ရှိ ချီလင်ကျောင်းတော်၏ နည်းပြချုပ်ဖြစ်ပြီး သူ၏ လက်အောက်တွင် ကျောက်ဟယ်ရွှမ်းနှင့် ရှန့်ထျန်းဝေ့ဟူသော တပည့်နှစ်ယောက် ရှိပေသည်။

ရှရွှယ်ချန်တောင်သို့ မလာမီကပင် ကျောက်ဟယ်ရွှမ်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး ယခုအခါ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ကျောက်ဟယ်ရွှမ်းသည် ကျောက်လင်အား သံမဏိအရိုးနယ်ပယ် အဆင့်တွင်သာ ရှိနေသေးသည်ဟု ထင်မှတ်ထားသဖြင့် ကျောက်လင်ကို သတ်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။

"ကျောက်လင် သတ်တာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျောက်လင်က သံသယအရှိဆုံးသူ ဖြစ်နေတဲ့အတွက် သူ့ကို ခွင့်လွှတ်ထားလို့ မဖြစ်ဘူး..."

"ကျောက်လင် သေချာပေါက် သေရမယ်..."

"ငါ စစ်ထူယန်လုံရဲ့ တပည့်က ဘယ်လိုလုပ် မတရားသေဆုံးသွားရမှာလဲ..."

စစ်ထူယန်လုံက စကားပြောနေစဉ် သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။ ဤသည်မှာ သူ၏ ကြီးစိုးလွှမ်းမိုးလိုသော သဘာဝပင် ဖြစ်သည်။

"ဟုတ်ကဲ့... တပည့်က ကျောက်လင်ကို သေချာပေါက် သတ်ပစ်ပါ့မယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်ဟယ်ရွှမ်း၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားခဲ့၏။

စစ်ထူယန်လုံကို ကျောထောက်နောက်ခံပြုထားသဖြင့် ကျောက်ဟယ်ရွှမ်းမှာ ယခုအခါ အလွန် ယုံကြည်မှု ရှိနေသည်။ သူက ကျောက်လင်ကို သတ်ပစ်လျှင်တောင်မှ ယွီရွှေတပ်စခန်းက သူ့ကို တာဝန်ယူဖြေရှင်းခိုင်းရဲမည် မဟုတ်ပေ။

ထိုအခိုက်တွင် အပြင်သို့ ထွက်သွားခါစဖြစ်သော ကျန်းဖုန်းမှာ ပြန်လည် ဝင်ရောက်လာ၏။

"နည်းပြ... ထင်းရှူးနက်ကျေးရွာက ကျောက်လင် ရောက်လာပါပြီ..."

အမှန်တော့ ကျန်းဖုန်းသည် တပ်စခန်းမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျောက်လင်တို့ လူခုနစ်ယောက် မြင်းရိုင်းများစီးကာ သူ့ထံသို့ လာနေသည်ကို မြင်လိုက်ရသဖြင့် သတင်းပို့ရန် ပြန်လာခဲ့ခြင်း ဖြစ်သည်။

စစ်ထူယန်လုံက ချက်ချင်းပင် မတ်တတ်ရပ်လိုက်၏။

"ကောင်းပြီ... ကျောက်လင်ဆိုတဲ့ ကောင်လေး အဆုံးတော့ ရောက်လာပြီပေါ့..."

"သွားမယ်... ငါ သွားပြီး သူ့ကို တွေ့ကြည့်ရတာပေါ့..."

စစ်ထူယန်လုံက အေးစက်သော အသံဖြင့် ပြောလိုက်ပြီးနောက် ကြီးမားသော ခွန်အားများဖြင့် ခြေလှမ်းကျဲကြီးများလှမ်းကာ တဲအတွင်းမှ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ကျောက်ဟယ်ရွှမ်းလည်း အနောက်မှ အနီးကပ် လိုက်ပါသွား၏။

တစ်ဖက်တွင်လည်း ကျောက်လင်နှင့် အခြားခြောက်ယောက်တို့သည် ၎င်းတို့၏ မြင်းရိုင်းများပေါ်မှ ဆင်းလိုက်ကြသည်။

"ဟေ့... ကျောက်လင်... ကျန်းဖုန်းရဲ့ အမူအရာကိုကြည့်ဦး... သူက ငါတို့ကို သိသိသာသာကြီး လှောင်ပြောင်နေတာ..."

"ကျန်းဖုန်းရဲ့ အရှေ့က လူနှစ်ယောက်ထဲက တစ်ယောက်က ကျောက်ဟယ်ရွှမ်းပဲ... သူက ကျားရဲစစ်တပ်မှာ ရာစုတပ်မှူး ဖြစ်ခဲ့ဖူးပြီး စစ်တပ်မှာရှိတုန်းက သံမဏိအရိုးနယ်ပယ် စွမ်းအားရှိခဲ့တယ်..."

"သူတို့ရဲ့ အရှေ့မှာ လျှောက်လာနေတဲ့ တခြားတစ်ယောက်လည်း ရှိသေးတယ်... အဲ့ဒီလူရဲ့ မျက်လုံးတွေထဲမှာ သတ်ဖြတ်ချင်တဲ့ အကြည့်တွေ ရှိနေတယ်... သူက မင်းကို သေချာပေါက် စိုက်ကြည့်နေတာပဲ..."

ဤအချိန်တွင် ယောင်းဟွိုင်တောက်က စစ်ထူယန်လုံ၏ အမူအရာကို သတိပြုမိသွားပြီး မနေနိုင်ဘဲ သတိပေးစကား ဆိုလိုက်ခြင်း ဖြစ်၏။

သေချာပေါက် ကျောက်လင်ကလည်း ထိုအရာကို မြင်လိုက်သည်။

ထိုအချိန်တည်းမှာပင် ယွီရွှေတပ်စခန်းသည် ဓားပြများကို နှိမ်နင်းရန် စစ်သားများနှင့် နယ်ခြားစောင့်တပ်များကို စုရုံးခဲ့သည့်အပြင် ချီလင်ကျောင်းတော်မှ နည်းပြများနှင့် ကျောင်းသားများကိုပါ ဖိတ်ခေါ်ထားကြောင်းကို ကျောက်လင် သဘောပေါက်သွားခဲ့၏။

မည်သို့ပင်ဆိုစေ ရှရွှယ်ချန်တောင်သည် ဓားပြစခန်းများစွာ၏ အခြေစိုက်ရာနေရာဖြစ်ပြီး ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်နှင့် ရွှေရောင်ခန္ဓာကိုယ်နယ်ပယ်မှ ကျွမ်းကျင်သူများ သေချာပေါက် ရှိနေမည်သာ ဖြစ်သည်။ ယွီရွှေတပ်စခန်း၏ စစ်သားထောင်ပေါင်းများစွာနှင့် စစ်ရေးစွမ်းရည်လောက်ဖြင့်သာဆိုလျှင် ဓားပြများကို မည်သို့လုပ် ချေမှုန်းနိုင်ပါမည်နည်း။

ချီလင်ကျောင်းတော်မှ ကျင့်ကြံသူများကို ဖိတ်ခေါ်ခြင်းက အကြောင်းပြချက် ခိုင်လုံလှ၏။

"ကျောက်လင်... ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ..."

"တပ်စုမှူးဖြစ်တဲ့ ငါ့ကို မြင်တာတောင် ဘာလို့ နှုတ်မဆက်တာလဲ..."

ကျန်းဖုန်းသည် လျှောက်လာသည်နှင့် တစ်ပြိုင်နက် ပြင်းပြင်းထန်ထန် စတင် ကြိမ်းမောင်းတော့သည်။

“မင်းက အရည်အချင်း ပြည့်မီလို့လား”

"ငါက ဆယ်ယောက်ပြိုင်တစ်ယောက်ပဲ... မင်းနဲ့ ရာထူးတူတူပဲကို ဘာလို့ နှုတ်ဆက်ရမှာလဲ..."

ကျောက်လင်က သနားညှာတာမှု ကင်းမဲ့စွာဖြင့် တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

ကျန်းဖုန်းက သူ့အား ပေါ်တင်ကြီး ပစ်မှတ်ထားနေသဖြင့် ကျောက်လင်ကလည်း ယဉ်ကျေးဟန်ဆောင်မနေလိုတော့ဘဲ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ရန် စတင်လိုက်ခြင်း ဖြစ်သည်။

"မင်း..."

စစ်သားများနှင့် နယ်ခြားစောင့်တပ်များစွာရှေ့တွင် ဤမျှ တိုက်ရိုက် ပြန်လည်ချေပဝံ့သည်အထိ ကျောက်လင်က ခက်ထန်နေလိမ့်မည်ဟု ကျန်းဖုန်း တကယ်ကို မထင်မှတ်ထားခဲ့ပေ။

သို့သော် သူသည် ကျောက်လင်၏ ပြိုင်ဘက် မဟုတ်ကြောင်းကို ကျန်းဖုန်းက ကောင်းကောင်းကြီး သိထားသဖြင့် သူက ကျောက်လင်အား အရင်စတင် တိုက်ခိုက်မည်တော့ သေချာပေါက် မဟုတ်ပေ။

"ဟီးဟီး... မင်းက ကျောက်လင်လား..."

"ငါ့တပည့် ရှန့်ထျန်းဝေ့ကို မင်း သတ်ခဲ့တာလား..."

စစ်ထူယန်လုံက ကျောက်လင်အား အကဲခတ်ကြည့်လိုက်ပြီး သူ၏ မောက်မာလွန်းမှုကို မြင်တွေ့လိုက်ရသောအခါ ဆက်မစောင့်တော့ဘဲ တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်၏။

"ရှန့်ထျန်းဝေ့..."

"သူက ဘယ်သူလဲ..."

ကျောက်လင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ရှန့်ထျန်းဝေ့ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းနေမှန်း ကျောက်လင် တကယ့်ကို မသိခဲ့ပေ။

ကျောက်လင်သည် တောင်ပေါ်တွင် စနိုက်ပါရိုင်ဖယ်ဖြင့် ရှန့်ထျန်းဝေ့အား သတ်ဖြတ်ခဲ့သော်လည်း သူက လူတစ်ယောက်ကို သတ်ခဲ့ကြောင်းသာ သိပြီး ထိုသူမှာ ရှန့်ထျန်းဝေ့ဖြစ်ကြောင်းကို မသိခဲ့သလို ရှန့်ထျန်းဝေ့ဟူသော နာမည်ကိုလည်း တစ်ခါမှ မကြားဖူးခဲ့ချေ။

စစ်ထူယန်လုံ၏ ဝိညာဉ်အာရုံက ကျောက်လင်အား ဆက်တိုက် အာရုံခံကြည့်နေခဲ့ပြီး ကျောက်လင်၏ လေသံမှာ အလွန်တည်ငြိမ်နေသလို အမူအရာကလည်း အနည်းငယ်မျှပင် တုန်လှုပ်ချောက်ချားနေခြင်း မရှိကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် ရှန့်ထျန်းဝေ့က ဘယ်သူမှန်း ကျောက်လင် တကယ်ကို မသိကြောင်း သူ သေချာသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ စစ်ထူယန်လုံက ကျောက်လင်ကို အလွတ်ပေးလိုက်ရန် မည်သို့ဖြစ်နိုင်ပါမည်နည်း။

အပြစ်ရှိသူကို လွတ်ပေးလိုက်ရခြင်းထက် အပြစ်ကင်းသူကို သတ်ပစ်လိုက်ရခြင်းက ပို၍ ကောင်းမွန်၏။

"ဟယ်ရွှမ်း... သွားပြီး ကျောက်လင်ရဲ့ စွမ်းအားကို မင်းကိုယ်တိုင် အကဲစမ်းကြည့်လိုက်စမ်း..."

ရုတ်တရက် စစ်ထူယန်လုံက အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့... ဆရာ..."

ကျောက်ဟယ်ရွှမ်းက ဤအမိန့်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ရာ သူက ချက်ချင်းပင် ပြန်ဖြေလိုက်၏။

All Chapters