အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) ရန်ငြိုးစတင်ခြင်း
ကျောက်ဟယ်ရွှမ်းက ငွေရောင်လှံကို ထုတ်ယူလိုက်ပြီး ရှေ့သို့ တည်ငြိမ်စွာ ခြေနှစ်လှမ်း တက်လာ၏။
ထိုငွေရောင်လှံက ကျောက်လင်ဆီသို့ ချိန်ရွယ်ထားသည်။
"ကျောက်လင်... မင်းက သံမဏိအရိုးနယ်ပယ်ကို ရောက်နေပြီလို့ ငါ ကြားတယ်... မင်းနဲ့ ငါ လက်ရည်ယှဉ်ကြည့်ချင်တယ်..."
ကျောက်ဟယ်ရွှမ်းက ခပ်ဖွဖွ ပြုံးလိုက်၏။
သူတို့က ရင်းနှီးစွာ လက်ရည်ယှဉ်သည်ဟု ဆိုသော်လည်း တကယ့်တိုက်ပွဲတွင် ကျောက်ဟယ်ရွှမ်းက အလျှော့ပေးမည် မဟုတ်ပေ။ သူက ကျောက်လင်ကို တစ်ချက်တည်းနှင့် သေအောင် ထိုးသတ်ပြီးနောက် မတော်တဆ ထိခိုက်မိသည်ဟု အလွယ်တကူ အကြောင်းပြလိုက်လျှင် ဤကိစ္စက ပြီးဆုံးသွားမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ စစ်ထူယန်လုံ ရှိနေသည့်အတွက် ကျောက်ဟယ်ရွှမ်းက မည်သည့် နောက်ဆက်တွဲ ပြဿနာများကိုမျှ ကြောက်ရွံ့နေခြင်း မရှိပေ။
ကျောက်လင်၏ မျက်လုံးများက အေးစက်သွား၏။
စစ်ထူယန်လုံနှင့် ကျောက်ဟယ်ရွှမ်းတို့၏ ပေါ်တင် ရန်လိုမှုက ကျောက်လင်ကို အမျက်ထွက်စေသည်။
"ကျောက်ဟယ်ရွှမ်း... ငါတို့နှစ်ယောက်စလုံးက ဟေးချီခရိုင်ကလာတဲ့ ရွာသူရွာသားတွေချည်းပဲ..."
"မင်းက ငါ့ကို တော်တော် မုန်းနေတယ်လို့ ငါ ခံစားရတယ်..."
"ငါ မေးချင်တာက ငါ မင်းကို ဘာများ စော်ကားမိလို့လဲ... ဘာလို့ ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားနေရတာလဲ..."
ကျောက်လင်က ကျောက်ဟယ်ရွှမ်းကို စူးရဲစွာ စိုက်ကြည့်လိုက်၏။
ပြီးခဲ့သည့်အကြိမ် ယွီရွှေခရိုင်တွင် ဂေါင်ယီနှင့် တိုက်ခိုက်ပြီးနောက် သူ ကြုံတွေ့ခဲ့ရသော အကြံအစည်များအားလုံးက ကျောက်ဟယ်ရွှမ်းထံမှ မြစ်ဖျားခံလာခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွားခဲ့သည်။
ယခု ကျောက်ဟယ်ရွှမ်းနှင့် အမှန်တကယ် ဆုံတွေ့ရချိန်တွင် ကျောက်လင်က သူ့အား လူကိုယ်တိုင် သေချာပေါက် မေးခွန်းထုတ်ချင်နေသည်။
ခန္ဓာကိုယ်၏ မူလပိုင်ရှင်က ကျောက်ဟယ်ရွှမ်းကို မည်သို့ စော်ကားမိခဲ့သည်ကို သူ မသိပေ။
"မင်း ဘာတွေပြောနေတာလဲ ငါ မသိဘူး..."
"အခုချိန်မှာတော့ ငါ မင်းကို သေအောင် ထိုးသတ်ချင်နေတာပဲ..."
ကျောက်ဟယ်ရွှမ်းက ဤမျှများပြားသော လူများရှေ့တွင် အမှန်တရားကို ဘယ်တော့မှ ဖွင့်ဟမည် မဟုတ်ပေ။
ကျောက်လင်အား ဆက်လက် မေးခွန်းထုတ်ရန် အချိန်မပေးတော့ဘဲ ကျောက်ဟယ်ရွှမ်းက ရှေ့သို့ ခြေနှစ်လှမ်း တက်လာကာ သူ၏ ငွေရောင်လှံဖြင့် ကျောက်လင်၏ ရင်ဘတ်ဆီသို့ ကြောက်မက်ဖွယ်ကောင်းအောင် ထိုးစိုက်လိုက်၏။
"မင်းက တိုက်ချင်နေမှတော့ ငါ မင်းကို အရှုံးပေးသွားတဲ့အထိ ရိုက်နှက်ရတာပေါ့..."
ကျောက်လင်က ဒေါသတကြီးဖြင့် သူ၏ ကျောဘက်မှ သတ္တုစပ်ဓားကောက်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။
ဓားသွားက တုန်ခါသွား၏။
တစ်ချက်တည်း ခုတ်ပိုင်းလိုက်မှုနှင့်အတူ လှိုင်းလုံးတစ်ခု ထွက်ပေါ်လာသည်။
သတ္တုစပ်ဓားကောက်က ငွေရောင်လှံ၏ ထိပ်ဖျားနှင့် ရိုက်ခတ်သွား၏။
သူတို့ နှစ်ဦးစလုံးသည် ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်၏ အစပိုင်းအဆင့်တွင်ရှိနေကြပြီး အလွန် ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ဤစွမ်းအားနှစ်ခု ရိုက်ခတ်သွားချိန်တွင် ငွေရောင်လှံ၏ ထိပ်ဖျားက ရုတ်တရက် ပြတ်တောက်သွား၏။
၎င်းက သတ္တုစပ်ဓားကောက်၏ ထက်မြက်မှုပင် ဖြစ်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကျောက်ဟယ်ရွှမ်းမှာ အတော်လေး အံ့အားသင့်သွား၏။ သူ၏ ငွေရောင်လှံမှာ နာမည်ကြီး ပန်းပဲဆရာတစ်ဦးထံမှ သီးသန့်မှာယူထားခြင်းဖြစ်ပြီး အလွန် မာကျောသော်လည်း ယခုလိုပင် ထက်ပိုင်းပြတ်သွားခဲ့သည်။
အစပိုင်းတွင် စစ်ထူယန်လုံမှာ တည်ငြိမ်နေပြီး ကျောက်ဟယ်ရွှမ်း၏ စွမ်းအားက ကျောက်လင်ကို လုံးဝ လွှမ်းမိုးထားနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
သို့သော် လှံထိပ်ဖျား ပြတ်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ စစ်ထူယန်လုံမှာ အံ့သြသွားပြီး သူ၏ မျက်လုံးများက ကျောက်လင်၏ သတ္တုစပ်ဓားကောက်ဆီသို့ စူးစိုက်သွား၏။
ဤဓားက အလွန်ထက်မြက်သော ဓားကောက်တစ်ခုဖြစ်ပြီး ထိပ်တန်းအဆင့် လက်နက်တစ်ခုဖြစ်ကြောင်းကို သူ သေချာပေါက် သတိပြုမိလိုက်သည်။
"အိုး... မင်းမှာရှိတဲ့ စွမ်းအားက ဒီလောက်ပဲလား..."
ကျောက်လင်က လှောင်ပြုံး ပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ သူ၏ ဓားဖြင့် ထပ်မံ ခုတ်ပိုင်းလိုက်၏။
ဤတိုက်ခိုက်မှုက လေပြင်းတစ်ဟုန်ကို ဖြစ်ပေါ်စေကာ မမြင်နိုင်သော လေဓားသွားတစ်ခုကဲ့သို့ ကျောက်ဟယ်ရွှမ်းဆီသို့ အစွမ်းကုန် ခုတ်ပိုင်းသွားသည်။
"တပ်မတစ်ထောင်..."
ချီလင်ကျောင်းတော်တွင် ပညာသင်ကြားခဲ့သူပီပီ ကျောက်ဟယ်ရွှမ်းက ကျောက်လင်၏ တိုက်ခိုက်မှုကို မြင်လိုက်ရသည်နှင့် ချက်ချင်း အာရုံစူးစိုက်နိုင်ခဲ့ပြီး သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်ဖော်လိုက်၏။
ဤတိုက်ကွက်ဖြစ်သော 'ချန်ကျွင်း' သည် ကြီးမားကျယ်ပြန့်သော စစ်တပ်ကြီးတစ်ခု၏ အဓိပ္ပာယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။
ထိပ်ဖျား ပြတ်ထွက်နေသော ငွေရောင်လှံက မမြင်နိုင်သော အချပ်ပြားတစ်ခုကဲ့သို့ ရုတ်တရက် စတင်လည်ပတ်လာသည်။
လှံရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ တောက်ပလာစဉ် ၎င်းက မရေမတွက်နိုင်သော လေဓားသွားများကိုလည်း ဖန်တီးလိုက်ပြီး သူ၏ ရှေ့ရှိ နေရာလွတ်တစ်ခုလုံးကို ပိတ်ဆို့လိုက်၏။
လေဓားသွားများက ခုတ်ပိုင်းကျလာသော်လည်း ဤလှံရိပ်အချပ်ပြား၏ လွယ်ကူစွာ ကာကွယ်ခြင်းကို ခံလိုက်ရသည်။
"မင်းက ငါ့ရဲ့ တိုက်ခိုက်မှုတစ်ခုကို ကာကွယ်နိုင်တယ်... ဒါပေမဲ့ နောက်ထပ် ဘယ်နှစ်ကြိမ်လောက် ကာကွယ်နိုင်ဦးမလဲဆိုတာ သိချင်သေးတယ်..."
ကျောက်လင်က အေးစက်စွာ ရယ်မောလိုက်ပြီး သတ္တုစပ်ဓားကောက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်၏။
ဓား၏ အရှိန်အဝါက လေပြင်းတိုက်ခတ်သည့် အာနိသင်ကို ဖြစ်ပေါ်စေသည်။
၎င်းက အဆက်မပြတ် ခုတ်ပိုင်းနေ၏။
ကျောက်ဟယ်ရွှမ်းက သူ၏ 'တပ်မတစ်ထောင်' တိုက်ကွက်ကို ရုတ်သိမ်းရန် မဝံ့ရဲပေ။ သူက မြင်းစီးဟန်ဖြင့် ခိုင်မာစွာ ရပ်တည်လျက် လေဓားသွားများကို ကာကွယ်ရန်အတွက် လှံရိပ်နှင့် အလင်းတန်းများကို ထိန်းသိမ်းထားရန် သူ၏ လှံကို ဆက်လက် လှည့်ပတ်နေရုံသာ တတ်နိုင်တော့သည်။
ရုတ်တရက် လေဓားသွားက လှံရိပ်ကို ထိုးခွဲသွား၏။
ကျောက်ဟယ်ရွှမ်းက အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ကျလာချိန်တွင် သွေးတစ်လုတ် အန်ချလိုက်ရသည်။
ကျောက်ဟယ်ရွှမ်း မထနိုင်သေးမီမှာပင် ကျောက်လင်က ရှေ့သို့ ပြေးဝင်လာပြီး သူ့ကို ထပ်မံ ခုတ်ပိုင်းရန် ပြင်လိုက်၏။
"ရိုင်းစိုင်းလှချည်လား..."
စစ်ထူယန်လုံမှာ အံ့သြသွား၏။ သူ၏ တပည့်က ကျောက်လင်ကို ယှဉ်နိုင်မည် မဟုတ်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သို့သော် ကျောက်လင်က ကျောက်ဟယ်ရွှမ်းကို ဆက်လက် တိုက်ခိုက်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ သူက ခါးမှ ဓားကြီးတစ်လက်ကို ချက်ချင်း ဆွဲထုတ်ကာ လေထဲသို့ ဝှေ့ယမ်းလိုက်သည်။
ဤတိုက်ခိုက်မှုက ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခုကို တိုက်ရိုက် ဖြစ်ပေါ်စေကာ ကျောက်လင်ဆီသို့ ဟိန်းဟောက်လျက် တိုက်ခတ်လာ၏။
ကျောက်လင်က ကြီးမားသော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီး သူ၏ သတ္တုစပ်ဓားကောက်ကို ချက်ချင်း ဝှေ့ယမ်းကာ 'သွေးနတ်ဘုရားဓား' ၏ တတိယနယ်ပယ်ဖြစ်သော ဓားပဲ့တင်သံကို ထုတ်ဖော်လိုက်သည်။
ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်များက ဓားမှတစ်ဆင့် စီးဆင်းသွားပြီး ဓား၏ အဟုန်ကို တုန်ခါသည့် စွမ်းအားတစ်ခု ပိုင်ဆိုင်သွားစေ၏။
လှိုင်းလုံးနှစ်ခု ရိုက်ခတ်သွားချိန်တွင် ကျောက်လင် ဖန်တီးလိုက်သော လေပြင်းမှာ အနည်းငယ် အားနည်းနေဆဲဖြစ်သည်။
ပြင်းထန်သော လေပြင်းက ကျောက်လင်ကို ရိုက်ခတ်သွားကာ လေထဲသို့ လွင့်စင်သွားစေပြီး မီတာဆယ်ခန့် အကွာရှိ မြေပြင်ပေါ်သို့ ကျရောက်သွားစေသည်။
သို့သော်လည်း ကျောက်လင်က ခိုင်မာစွာ ရပ်တည်နေပြီး မြေပြင်ပေါ်သို့ လဲကျမသွားခဲ့ပေ။
"ဟင်..."
စစ်ထူယန်လုံက အံ့သြတကြီး ရေရွတ်လိုက်ပြီး သူ၏ တိုက်ကွက်က ကျောက်လင်ကို အနိုင်မယူနိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ဤအခိုက်အတန့်တွင် စစ်ထူယန်လုံက နောက်ထပ် ခြေလှမ်းကျယ်ကြီး တစ်လှမ်း လှမ်းလိုက်ကာ ကျောက်လင်အပေါ် သူ၏ တိုက်ခိုက်မှုကို ဆက်လက် ပြုလုပ်ရန် အသင့်ဖြစ်နေ၏။
ထိုစဉ် ကျောက်လင်၏ ရှေ့တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
သူသည်လည်း စစ်ထူယန်လုံနှင့် ဆင်တူသော နည်းပြဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းတစ်ယောက် ဖြစ်သည်။ သူ၏ ဝိုင်းစက်သော မျက်နှာက သူ့ကို ကြင်နာတတ်ပြီး ခင်မင်ဖွယ်ကောင်းပုံ ပေါက်စေ၏။
"နည်းပြစစ်ထူ... ခင်ဗျားလို ရွှေခန္ဓာနယ်ပယ်က ဆရာသခင်တစ်ယောက်က ဂျူနီယာတွေရဲ့ ပြိုင်ပွဲမှာ ဝင်ပါရဲတယ်ပေါ့..."
ထိုလူက လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ခပ်ဖွဖွ ပြုံးလိုက်သည်။
ထိုလူ၏ မျက်နှာကို မြင်လိုက်ရသောအခါ စစ်ထူယန်လုံက သူ၏ ဓားကြီးကို နှိမ့်ချလိုက်ပြီး မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်၏။
"ယွမ်ကော်ကော်... မင်းက ငါ့ကို တကယ်ပဲ ဆန့်ကျင်ချင်နေတာလား..."
စစ်ထူယန်လုံက မပျော်ရွှင်သော လေသံဖြင့် ပြောလိုက်သည်။
ကျောက်လင်ကို ကာကွယ်ရန် မတ်တတ်ထလာသော ထိုလူမှာလည်း ချီလင်ကျောင်းတော်မှ နည်းပြတစ်ဦး ဖြစ်နေသည်။
ယွမ်ကော်ကော်သည် စစ်ထူယန်လုံ၏ လုပ်ပုံကိုင်ပုံများကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘဲ ချီလင်ကျောင်းတော်တွင် ရှိစဉ်ကလည်း မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိသည်။
ယခုလေးတင် ကျောက်လင်က ကျောက်ဟယ်ရွှမ်းကို အနိုင်ယူလိုက်သည်ကို ယွမ်ကော်ကော်က အစအဆုံး မျက်မြင်တွေ့ရှိခဲ့၏။
စစ်ထူယန်လုံက သူ၏ အဆင့်အတန်းကို လျစ်လျူရှုကာ ကျောက်လင်ကို လူကိုယ်တိုင် ဖိနှိပ်ရန် ကြိုးစားသောအခါ ယွမ်ကော်ကော်က ထပ်မံ၍ ရှေ့သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူက စစ်ထူယန်လုံမှ ကျောက်လင်အား အနိုင်ကျင့်နေသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
"ငါတို့ ချီလင်ကျောင်းတော်က နည်းပြတွေနဲ့ ကျောင်းသားတွေက ဓားပြစခန်းကို ရှင်းလင်းဖို့ ယွီရွှေတပ်စခန်းနဲ့ ပူးပေါင်းနေကြတာလေ..."
"စစ်ဆင်ရေးက စတောင် မစရသေးဘူး... ငါတို့က အတွင်းမှာ စတင် တိုက်ခိုက်နေကြပြီ... သတင်းထွက်သွားရင် ငါတို့က ရယ်စရာ ဖြစ်မသွားဘူးလား..."
"နည်းပြစစ်ထူ... ခင်ဗျားက အားနည်းတဲ့သူကို အနိုင်ကျင့်နေတယ်... ဒါက ချီလင်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာကို စော်ကားတာပဲ... ဒါက နည်းပြတစ်ယောက် လုပ်သင့်တဲ့ကိစ္စ မဟုတ်ဘူး..."
ယွမ်ကော်ကော်က တည်ငြိမ်စွာ ပြောလိုက်ပြီး စစ်ထူယန်လုံ၏ လုပ်ရပ်ကို မည်သည့် ယဉ်ကျေးမှုမျှ မရှိဘဲ ဝေဖန်လိုက်၏။
"မင်း..."
စစ်ထူယန်လုံသည် နံပါတ်တစ် နည်းပြအဖြစ် လူသိများသော်လည်း သူ၏ စွမ်းအားက ယွမ်ကော်ကော်ကို မယှဉ်နိုင်ပေ။
ယွမ်ကော်ကော်က ကျောက်လင်ကို ကာကွယ်ရန် ရှေ့သို့ ထွက်လာကတည်းက ယနေ့ ကျောက်လင်ကို သတ်၍မရနိုင်တော့ကြောင်း စစ်ထူယန်လုံ သိလိုက်သည်။
"သွားမယ်…”
စစ်ထူယန်လုံက ဒေါသတကြီး အော်ဟစ်လိုက်၏။
ဤအခိုက်အတန့်တွင် ကျောက်လင်က သူ၏ ခန္ဓာကိုယ်ထဲတွင် အောင်းနေသော ဒေါသများကို လွှတ်ချလိုက်သည်။ စစ်ထူယန်လုံ လှည့်ထွက်သွားသည်ကို မြင်လိုက်ရသောအခါ သူက ချက်ချင်း အော်ပြောလိုက်၏။
"စစ်ထူယန်လုံ... ခင်ဗျားက ဒီနေ့ ကျုပ်ကို အရှက်ခွဲခဲ့တယ်... အခု ခင်ဗျားအပေါ်မှာ ကျုက် ရန်ငြိုးဖွဲ့လိုက်ပြီ..."
"ငါ ကျောက်လင်က ငါ့အပေါ် ကျူးလွန်ခဲ့တဲ့ မည်သည့်အမှားကိုမဆို အမြဲတမ်း လက်စားချေမှာပဲ..."
၎င်းကို ကြားသောအခါ စစ်ထူယန်လုံက လှောင်ရယ်မောလိုက်ပြီး ခေါင်းလှည့်မကြည့်ဘဲ သူ၏ တဲဆီသို့ ပြန်သွားခဲ့သည်။
စစ်ထူယန်လုံ ထွက်သွားသည်ကို မြင်ပြီးနောက် ကျောက်လင်က လက်အုပ်ချီကာ ယွမ်ကော်ကော်ကို ဦးညွှတ်လိုက်၏။
"ကျွန်တော် ကျောက်လင်က ခင်ဗျားရဲ့ ဒီနေ့ ကျေးဇူးကို မှတ်ထားပါ့မယ်..."
ကျောက်လင်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
"ဟားဟား... မင်းက ရယ်ရတယ်နော်..."
"ငါ ယွမ်ကော်ကော်က မင်းအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားထားတယ်... နယ်ခြားစောင့်တပ်သား တစ်ယောက်က ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး... ဒါက ငါ့ကို တကယ် အံ့သြစေတယ်..."
ယွမ်ကော်ကော်က ပြုံး၍ ပြောလိုက်၏။
"ကျွန်တော် ကံကောင်းသွားတာပါ... တောင်ပေါ်မှာ အမဲလိုက်နေရင်းနဲ့ ထူးဆန်းတဲ့ တောသစ်သီးတစ်လုံးကို တွေ့ခဲ့တယ်... အဲ့ဒါကို စားပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ စွမ်းအားက အဆင့်တက်သွားခဲ့တာပါ..."
ယွမ်ကော်ကော်က သူ၏ စွမ်းအား အဆင့်တက်လာမှုသည် အလွန် ထူးဆန်းနေသည်ဟု သံသယရှိနေကြောင်း ကျောက်လင်က သဘာဝကျကျ နားလည်ထားသောကြောင့် ယခင်က သူပေးခဲ့ဖူးသော ဆင်ခြေကိုသာ ထပ်မံ ပြောလိုက်၏။