အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) မြေပြင်အနေအထားကို ကင်းထောက်ခြင်း၊ ငါ့မှာ ဒရုန်းတစ်စီးရှိတယ်
"ကျောက်လင်... မင်း ဒီကင်းထောက်မယ့် တာဝန်ကို ဘယ်လိုလုပ်ပြီး လက်ခံလိုက်ရတာလဲ..."
"ကျောက်ဟယ်ရွှမ်းက မင်းကို သက်သက်မဲ့ ပစ်မှတ်ထားနေတာ ရှင်းနေတာပဲဟာကို..."
တဲအပြင်သို့ လူခုနစ်ယောက် ထွက်လာပြီးနောက် ရှုံ့တကျွမ်းက စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်၏။
ကျောက်လင်က ရှုံ့တကျွမ်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။
"ဝက်ဝံကြီး... ကျောက်ဟယ်ရွှမ်းက ကိုယ်ရေးကိုယ်တာ ရန်ငြိုးကို ဖြေရှင်းနေတာ ငါ မသိဘူးလို့ မင်း ထင်နေတာလား..."
"စိတ်မပူပါနဲ့... ငါ့မှာ ကိုယ်ပိုင်အစီအစဉ်တွေ ရှိတယ်..."
ကျောက်လင်က ယုံကြည်မှုရှိစွာဖြင့် ပြန်ပြောလိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေ၏။
စစ်ပွဲဟူသည် အမြဲတစေ ရုန်းကန်လှုပ်ရှားနေရသော အရာဖြစ်ပြီး တိုက်ခိုက်မှုများနှင့် ပဋိပက္ခများက တစ်ပြိုင်နက်တည်း ဖြစ်ပွားလေ့ရှိသည်။
တိုက်ခိုက်ခြင်းက သေဆုံးခြင်းကို ဖြစ်စေနိုင်၏။
သို့သော်လည်း စည်းစိမ်ဥစ္စာ၊ မိန်းမများနှင့် အာဏာတို့အတွက် ရုန်းကန်ရခြင်းကလည်း အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။
အကယ်၍ ကျောက်လင်သာ ယွီရွှေတပ်စခန်းမှ အခြားစစ်သည်များနှင့်အတူ ဓားပြစခန်းများကို ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက သူသည် ဓားပြများ၏ ဂိုဒေါင်များကို လုယက်ရန် အခွင့်အရေး ရရှိမည် မဟုတ်ပေ။
ယခုမူ ကျောက်လင်သည် ဗြောင်ကျကျနှင့် တစ်ကိုယ်တော် လှုပ်ရှားနိုင်ပြီ ဖြစ်သောကြောင့် သူ၏အတွက် အချိန်နှင့် နေရာ အလုံအလောက် ရရှိသွားပြီဖြစ်၏။
"လာ... ငါ့နောက်ကို လိုက်ခဲ့ကြ..."
ကျောက်လင်က ခပ်တိုးတိုး ပြောလိုက်ပြီး ချက်ချင်းပင် လေချွန်လိုက်ရာ မြင်းရိုင်းက ပြေးလာခဲ့သည်။
လူခုနစ်ယောက်သည် ချက်ချင်းပင် မြင်းပေါ်သို့ တက်ခွလိုက်ကြပြီး တပ်စခန်းမှ ထွက်ခွာသွားကြ၏။
ဝံပုလွေတောင်ထွတ်သည် အခြားသော ဓားပြစခန်းလေးခုနှင့် နှိုင်းယှဉ်ပါက တပ်စခန်းနှင့် အနီးဆုံး ဖြစ်သည်။
ဤသည်ကပင် ကျောက်ဟယ်ရွှမ်းက ၎င်းကို ဦးစွာ တိုက်ခိုက်လိုသော အကြောင်းရင်းလည်း ဖြစ်၏။
ပင်မလမ်းမကြီးမှ စတင်၍ တောင်ခြေလမ်းငယ်လေးတစ်ခုက မကြာမီ ပေါ်လာပြီး ဝံပုလွေတောင်ထွတ်၏ အောက်ခြေအထိ သွယ်တန်းသွားသည်။
တောင်တက်လမ်းမှာ မကျယ်ဝန်းလှဘဲ မြင်းလှည်းတစ်စီးစာ သွားလာရန်သာ လုံလောက်ပြီး လမ်းမျက်နှာပြင်မှာလည်း ပျက်စီးနေကာ ချိုင့်ခွက်များ ပြည့်နှက်နေ၏။
တောင်တက်လမ်းပေါ်ရှိ ဘီးရာများက ဝံပုလွေတောင်ထွတ်မှ ဓားပြများသည် တောင်အောက်ရှိ ကုန်သည်ယာဉ်တန်းများကို လုယက်နေကြောင်း ညွှန်ပြနေသည်။
တောင်တက်လမ်းထဲသို့ မီတာနှစ်ရာပင် မရောက်မီ ကျောက်လင်က မြင်းကို ဇက်ကြိုးဆွဲ၍ ရပ်တန့်လိုက်၏။
"ဘာဖြစ်လို့လဲ ကျောက်လင်..."
အနောက်မှ လိုက်ပါလာသော ယောင်းဟွိုင်တောက်ကလည်း ရုတ်တရက် ရပ်တန့်သွားကာ မေးခွန်းထုတ်လိုက်သည်။
"ရှေ့က တောင်စောင်းပေါ်က သစ်ပင်ထိပ်မှာ လူတစ်ယောက် ဝပ်နေတယ်... သူက ဝံပုလွေတောင်ထွတ်က သူလျှိုဖြစ်ရမယ်..."
ကျောက်လင်က ပြန်ဖြေလိုက်၏။
သူတို့သည် မီတာ ၃၀၀ ကျော် ကွာဝေးပြီး ထိုသူ၏ ခန္ဓာကိုယ်မှာ သစ်ရွက်ဖုံးလွှမ်းနေသော သစ်ပင်ထဲတွင် ပုန်းကွယ်နေသော်လည်း ကျောက်လင်၏ လင်းယုန်မျက်လုံးများက နောက်ပြောင်နေခြင်း မဟုတ်ဘဲ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသူကို သော့ခတ်ထားနိုင်ခဲ့သည်။
"ဒါဆို သွားဖမ်းကြတာပေါ့..."
ရှုံ့တကျွမ်း၏ တိုက်ခိုက်လိုစိတ်များ ချက်ချင်းပင် ထက်သန်လာပြီး သူ၏ သံလှံကိုပင် မလွှဲမရှောင်သာ ခါယမ်းလိုက်မိ၏။
"သွား... သူ့ကို ဖမ်းပြီး ဝံပုလွေတောင်ထွတ်ရဲ့ သတင်းအချက်အလက်တွေကို စစ်မေးကြမယ်..."
ကျောက်လင်က သဘောတူလိုက်သည်။
မြင်းခုနစ်ကောင်သည် ထိုတောင်စောင်းဆီသို့ တိုက်ရိုက် ဒုန်းစိုင်းပြေးသွားကြ၏။
သစ်ပင်ပေါ်တွင် အနက်ရောင်ဝတ်ဆင်ထားပြီး ပိန်ချုံးကာ မျက်စိစွေနေသော အမျိုးသားတစ်ယောက် ရှိနေသည်။ သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းအများစုကို သစ်ပင်စည်က ဖုံးကွယ်ထား၏။
ကျောက်လင်တို့ လူခုနစ်ယောက်အား ခိုးကြည့်ရန် ကြိုးပမ်းနေသည့် သူ၏လုပ်ရပ်ကို ကျောက်လင်က သတိပြုမိသွားသည်။
ထိုအခိုက်တွင် ကျောက်လင်နှင့် အခြားခြောက်ယောက်တို့၏ လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ သူ အထိတ်တလန့် ဖြစ်သွား၏။
သို့သော်လည်း ကျောက်လင်သည် ဤတောင်စောင်းသို့ မြေပြင်အနေအထားကို ကင်းထောက်ရန်သာ လာခြင်းဖြစ်ပြီး သူ့ကို တွေ့ရှိနိုင်မည် မဟုတ်ဟုတွေးကာ သူက မျှော်လင့်ချက် တစ်စွန်းတစ်စကို ကိုင်ဆွဲထားဆဲ ဖြစ်သည်။
ထို့ကြောင့် မျက်စိစွေနေသော အမျိုးသားသည် သစ်ကိုင်းပေါ်တွင် မလှုပ်မယှက် ထိုင်နေကာ အသံတစ်ချက်မျှပင် မထွက်ရဲပေ။
မြင်းခုနစ်ကောင်သည် သစ်ပင်အောက်သို့ ရောက်လာပြီး ရပ်တန့်သွား၏။
"မင်းဘာသာ ဆင်းလာမလား... ဒါမှမဟုတ် ငါတို့က မြှားနဲ့ ပစ်ချရမလား..."
ကျောက်လင်က အပေါ်သို့ မော့ကြည့်ကာ ပြုံး၍ အော်ပြောလိုက်သည်။
"အဲ့တာ..."
မျက်စိစွေနေသော အမျိုးသားတွင် အခြားသော အတွေးများ မရှိတော့ပေ။ သူ ပေါ်လာပြီဖြစ်ကြောင်း သူ သေချာပေါက် သိလိုက်၏။
"မဟုတ်ဘူး... မဟုတ်ဘူး... ငါ ဆင်းလာပါ့မယ်..."
မျက်စိစွေနေသော အမျိုးသားမှာလည်း ပြတ်သားလှသည်။
ယခု သူ ပေါ်လာပြီ ဖြစ်သောကြောင့် ဆက်လက် ပုန်းအောင်းနေရန် မလိုအပ်တော့ဘဲ သစ်ပင်ပေါ်မှ သဘာဝကျကျ ဆင်းလာခဲ့ရ၏။
မကြာမီ မျက်စိစွေနေသော အမျိုးသားက အောက်သို့ ဆင်းလာပြီး မြေပြင်ပေါ်သို့ ခုန်ချလိုက်သည့် အခိုက်အတန့်တွင် လူခုနစ်ယောက်၏ ဝိုင်းရံထားမှုမှ ရုတ်တရက် ရုန်းထွက်ရန် ကြိုးပမ်းလိုက်သည်။
ကျောက်လင်က အသင့်အနေအထားရှိနေပြီးဖြစ်ရာ ယင်းကို မြင်သည်နှင့် သူ၏ ဓားကို ဝှေ့ယမ်းလိုက်၏။
အားကောင်းသော လေဓားသွားတစ်ခုက မျက်စိစွေနေသော အမျိုးသား၏ ကျောပြင်ကို ရိုက်ခတ်သွားရာ သူ့ကို မြေပြင်ပေါ်သို့ လဲကျသွားစေပြီး သွေးများ အဆက်မပြတ် စီးကျနေသည့် ရှည်လျားသော ဓားဒဏ်ရာ တစ်ချက်ကို ချန်ရစ်ထားခဲ့သည်။
"မင်းက ထွက်ပြေးရဲသေးတယ်ပေါ့..."
ကျောက်လင်က လှောင်ပြုံး ပြုံးလိုက်၏။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... ငါ မပြေးတော့ပါဘူး... ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့..."
ထိုအခါမှ မျက်စိစွေနေသော အမျိုးသားသည် ကျောက်လင်က အလွန်သန်မာပြီး သူ့အတွက် လွတ်မြောက်ရန် အခွင့်အရေး မရှိကြောင်း နားလည်သွားသည်။
ရှုံ့တကျွမ်းက ကြိုးပင် ယူဆောင်လာခဲ့ရာ စကားတစ်ခွန်းမျှ မဆိုဘဲ ထိုသူ၏ လက်များကို အနောက်သို့ ပြန်ပတ်၍ ချက်ချင်း တုပ်နှောင်လိုက်၏။
မင်း အသက်ရှင်မရှင်ဆိုတာက မင်းရဲ့ သဘောထား းအပေါ်မှာပဲ မူတည်တယ်။
"အခု... ဝံပုလွေတောင်ထွတ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် အကုန်လုံးကို ငါ့ကို ပြောပြစမ်း..."
"မင်းက နည်းနည်းလေးတောင် ဖုံးကွယ်ထားရဲရင် မင်း လုံးဝ အသက်ရှင်မှာ မဟုတ်ဘူး…”
"မင်းကို သတ်ပြီး ဘယ်ဘက်နားရွက်ကို ဖြတ်လိုက်တာက စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည် အမှတ်တစ်ခုအနေနဲ့ သတ်မှတ်တယ်ဆိုတာကို မင်း ကြားဖူးမှာပေါ့..."
"ငါတို့ကို အမှန်အတိုင်းပြော... ပြီးရင် မင်းကို တပ်စခန်းဆီ ပြန်ခေါ်သွားမယ်... မင်းက ရာဇဝတ်ကောင်တစ်ယောက်ပဲ ဖြစ်လိမ့်မယ်... တစ်ခုခုကို ဖုံးကွယ်ထားရင်တော့ မင်းကို ချက်ချင်းသတ်ပြီး ဘယ်ဘက်နားရွက်ကို ဖြတ်ပစ်မယ်..."
ကျောက်လင်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်၏။
ထိုစကားများက အမျိုးသား၏ စိတ်ပိုင်းဆိုင်ရာ ခုခံမှုများကို လုံးဝ ပြိုကျသွားတော့၏။
ဤအမျိုးသားသည် မိသားစု အခက်အခဲကြောင့် လှည့်လည်သွားလာနေရင်း အကူအညီမဲ့စွာဖြင့် ဓားပြတစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်၏။
ထမင်းတစ်နပ်အတွက် မျက်စိစွေနေသော အမျိုးသားက ဝံပုလွေတောင်ထွတ်အပေါ် မည်သို့ သစ္စာရှိနိုင်မည်နည်း။
"ငါ ပြောပါ့မယ်... မင်းတို့ မေးချင်တာ မှန်သမျှ ငါ ဖြေပါ့မယ်..."
ကျောက်လင်က မကျေမနပ်ဖြစ်ကာ သူ့ကို သတ်ပစ်မည်ကို စိုးရိမ်၍ မျက်စိစွေနေသော အမျိုးသားက စိုးရိမ်တကြီးဖြင့် အော်ပြောလိုက်သည်။
ထို့နောက် ကျောက်လင်နှင့် သူ၏ လူခုနစ်ယောက် အုပ်စုက မေးခွန်းများ မေးကြပြီး မျက်စိစွေနေသော အမျိုးသားက ပြန်ဖြေပေး၏။
ကျောက်လင်သည် ဝံပုလွေတောင်ထွတ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို အခြေခံအားဖြင့် ရရှိသွားပြီ ဖြစ်သည်။
ဝံပုလွေတောင်ထွတ်တွင် အဖွဲ့ဝင် ၁၀၀ ခန့်ရှိပြီး ခေါင်းဆောင် နှစ်ယောက်ရှိကာ နှစ်ယောက်စလုံးမှာ ရွှေခန္ဓာနယ်ပယ်တွင် ရှိကြ၏။
ဝံပုလွေတောင်ထွတ်သို့ သွားရာ လမ်းတစ်လမ်းတည်းသာ ရှိပြီး ဤလမ်းတွင် ကျောက်နံရံသုံးခု ရှိသည်။ ယင်းကို တက်ရောက်ရန်အတွက် အတားအဆီး သုံးခုစလုံးကို ကျော်လွှားရမည်ဖြစ်ပြီး အလွန်ပင်ပန်းသွားလိမ့်မည်။
စုရပ်သည် အမြင့်ပေ မီတာ ၄၀၀ ကျော်ရှိ တောင်ခါးပန်းတွင် တည်ရှိပြီး ထိုနေရာရှိ အိမ်များအားလုံးကို ကျောက်တုံးများဖြင့် တည်ဆောက်ထား၏။ ကျောက်တုံးအိမ်များကို တူညီသော နံရံများတစ်လျှောက် တည်ဆောက်ထားရာ ကျောက်တုံးအိမ် နှစ်တန်း ဖြစ်ပေါ်နေပြီး အလယ်တွင် လူများ လမ်းလျှောက်ရန် နှစ်မီတာ အကျယ်ရှိသော လမ်းကလေး တစ်လမ်းသာ ရှိသည်။
အစားအစာ၊ ရတနာများနှင့် ငွေများအားလုံးကို ကျောက်ဂူတစ်ခုထဲတွင် သိမ်းဆည်းထားသည်။ ဂူပေါက်ဝတွင် ကျောက်တံခါး တစ်ချပ်ရှိပြီး ခေါင်းဆောင်ကသာ ၎င်းကို မည်သို့ ဖွင့်ရမည်ကို သိ၏။ ဤကျောက်တံခါးမှာလည်း ခေါင်းဆောင် နေထိုင်သည့် ကျောက်တုံးအိမ်၏ အနောက်ဘက်ခြံဝင်းထဲတွင် တည်ရှိသည်။
ဤသတင်းအချက်အလက်များကို ရရှိပြီးနောက် ကျောက်လင်က အချိန်အနည်းငယ်မျှ တိတ်ဆိတ်နေပြီး ယင်းနှင့် ပတ်သက်၍ စဉ်းစားနေလိုက်၏။
"ရှေ့က တောင်တက်လမ်းမှာ ငါတို့ကို စောင့်ကြည့်နေတဲ့ လူနှစ်ယောက် ထပ်ရှိသေးတယ်..."
"အခု အဲ့ဒီကို သွားပြီး အဲ့ဒီ နောက်ယောင်ခံနေတဲ့ နှစ်ယောက်ကိုပါ သွားဖမ်းကြမယ်..."
ဤသည်မှာလည်း မျက်စိစွေနေသော အမျိုးသားက ထုတ်ဖော်ပြောကြားခဲ့သည့် သတင်းအချက်အလက်များထဲမှ တစ်ခု ဖြစ်သည်။
ကျောက်လင်တွင် ဝံပုလွေတောင်ထွတ်ကို စုံစမ်းထောက်လှမ်းရန် အစီအစဉ် ရှိနေပြီးဖြစ်ရာ ယခုအခါ သူ့ကို စောင့်ကြည့်နေသည့် အခြားလူနှစ်ယောက်ကိုပါ ဖမ်းဆီးလိုနေ၏။
"ကောင်းပြီလေ..."
ယောင်းဟွိုင်တောက်နှင့် အခြားခြောက်ယောက်တို့က ပြန်ဖြေလိုက်ကြသည်။
လူခုနစ်ယောက်သည် မျက်စိစွေနေသော အမျိုးသားကို သစ်ပင်တစ်ပင်တွင် တုပ်နှောင်ခဲ့ပြီးနောက် ၎င်းတို့၏ မြင်းရိုင်းများပေါ်သို့ တက်ကာ စီးနှင်သွားကြ၏။
ကျောက်လင်သည် လင်းယုန်မျက်လုံးများကို ပိုင်ဆိုင်ထားပြီး မျက်စိစွေနေသော အမျိုးသားထံမှ သတင်းအချက်အလက်များ ရရှိထားသောကြောင့် သူ့ကို နောက်ယောင်ခံနေသော အခြားလူနှစ်ယောက်ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိကာ ၎င်းတို့ကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။
"ဟွိုင်တောက်... ဝက်ဝံကြီး... မင်းတို့ ခြောက်ယောက်က အဲ့ဒီကင်းစောင့် သုံးယောက်ကို တပ်စခန်းဆီ ပြန်ခေါ်သွားကြ..."
"ငါ ဒီမှာနေပြီး မင်းတို့ ပြန်လာတာကို စောင့်နေမယ်..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်၏။
ယောင်းဟွိုင်တောက်နှင့် အခြားခြောက်ယောက်တို့က ကျောက်လင်ကို ကြည့်လိုက်ကြသည်။ သူတို့သည် ကျောက်လင်၏ အမိန့်ပေးမှုများကို အသားကျနေပြီ ဖြစ်သောကြောင့် အဘယ်ကြောင့်နည်းဟု မမေးတော့ဘဲ နာခံလိုက်ကြသည်။
လူခြောက်ယောက် ထွက်ခွာသွားကြ၏။
ထိုအခိုက်တွင် ကျောက်လင်သည် စနစ်မျက်နှာပြင်ကို ကြည့်ကာ စနစ်ဈေးဆိုင်ထဲတွင် ရှာဖွေကြည့်ရှုနေသည်။
မကြာမီ ကျောက်လင်က သူ အလိုရှိသော ကုန်ပစ္စည်းကို ရှာတွေ့သွား၏။
【ဒရုန်း - အမှတ် ၁၀,၀၀၀】
ဤသည်ကပင် ကျောက်လင်က သူ၏ အဖော်ခြောက်ယောက်ကို လွှတ်လိုက်ရခြင်း အကြောင်းရင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ အကယ်၍ ဒရုန်းတစ်စီးကို ဝယ်ယူပြီး စနစ်နေရာလွတ်ထဲမှ ထုတ်ယူရန် လိုအပ်ချိန်တွင် လူခြောက်ယောက်ရှိနေပါက ရှင်းပြရန် နည်းလမ်း ရှိမည်မဟုတ်ပေ။
စနစ်အမှတ် - ၄၁၅၆၆၀
ယခုအခါ သူ၏ထံတွင် စနစ်အမှတ်များ အမြောက်အမြား ရှိနေပြီဖြစ်ရာ ကျောက်လင်သည် ဒရုန်းတစ်စီးဝယ်ရန် အမှတ် ၁၀,၀၀၀ ကို ချက်ချင်း အသုံးပြုလိုက်၏။
အမြင်အာရုံ ထိန်းချုပ်ရေး လက်ကိုင်တစ်ခုနှင့်အတူ ဒရုန်းကို ထုတ်ယူလိုက်သည်။
"ဒီစောင့်ကြည့်ရေး ဝန်ထမ်းသုံးယောက် ပေးတဲ့ သတင်းအချက်အလက်တွေကို ဒရုန်းသုံးပြီး အတည်ပြုဖို့ လိုတယ်..."
ကျောက်လင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ချက်ချင်းပင် ကျောက်လင်က အဝေးထိန်းခလုတ်ကို ကောက်ကိုင်လိုက်ပြီး ဒရုန်းကို လွှတ်တင်လိုက်သည်။
လက်ကိုင်ပေါ်ရှိ မျက်နှာပြင်က ဒရုန်း၏ ကင်မရာမှ ရိုက်ကူးထားသော မြင်ကွင်းများကို အချိန်နှင့်တစ်ပြေးညီ ပြသနေ၏။