← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း (၁၁၄) ဩဇာကြီးမားသော နောက်ခံတစ်ခုအား တွယ်ကပ်ခြင်း

ချင်းရွှေရွာတွင် အုန်းအုန်းကြွက်ကြွက် စည်ကားနေချိန်၌၊ လူအုပ်ကြီး၏ အစွန်အဖျားတွင် ပြည့်ကျပ်နေသော လီကျားရွာမှ ရွာသူရွာသားများမှာမူ ခန္ဓာကိုယ်အနှံ့ ပုရွက်ဆိတ်များ တွားသွားနေသကဲ့သို့ ယားယံကာ ဂဏာမငြိမ် ဖြစ်နေကြလေသည်။

"ရွာလူကြီး... ရွာလူကြီး... ကျွန်တော်တို့ကိုယ်စား အကြံပေးချန်ဆီ သွားပြီး တောင်းဆိုပေးပါဦး..."

"ဟုတ်တယ် ဦးလေးလီ... ကျွန်တော်တို့ လက်ပိုက်ကြည့်မနေနိုင်ဘူးလေ... ချင်းရွှေရွာက အသားစားရရင်တောင် ကျွန်တော်တို့က ဟင်းရည်လေးတော့ သောက်ရမှာပေါ့..."

လီကျားရွာမှ ရွာသူရွာသားများသည် လီမင်အား ဝိုင်းရံထားကြပြီး သူတို့၏မျက်နှာများထက်တွင် စိုးရိမ်ပူပန်မှုများနှင့် တောင်းပန်တိုးလျှိုးမှုများ ပြည့်နှက်နေ၏။

ထိုခံစားချက်သည် မိမိတို့၏ ကိုယ်ပိုင်လယ်ကွင်းထဲတွင် ကောက်ပဲသီးနှံများ မပေါက်ရောက်သည်ထက်ပင် ပို၍ ဆိုးရွားနေသေးသည်။

လီမင်သည် သူ၏ဆေးတံကို တစ်ချက်ဖွာရှိုက်လိုက်ရာ၊ လွင့်ပျံလာသော ဆေးလိပ်ငွေ့များအကြားတွင် သူ၏ အိုမင်းနေသော မျက်နှာကြီးမှာ ခါးသီးမှုများနှင့် အကြိတ်အနယ် တွေးတောနေမှုများ ပြည့်နှက်နေလေသည်။

သူကိုယ်တိုင်လည်း လိုချင်လှပါသည်။ သို့သော်လည်း ဤကိစ္စကို ဖွင့်ပြောရမည်မှာ သူ အလွန်တရာ ရှက်ရွံ့နေမိ၏။

ရွာသူရွာသားများ၏ အဆက်မပြတ် တိုက်တွန်းမှုများကို မခံနိုင်တော့သည့်အဆုံးတွင်၊ လီမင်သည် အံကို တင်းတင်းကြိတ်ကာ ဆေးတံကို ခါးပုံစတွင် ထိုးထည့်လိုက်ပြီး လူအုပ်ကြီးကြားမှ အတင်းတိုးထွက်လျက် စင်မြင့်ခြေရင်းဆီသို့ သွားလေတော့သည်။

သူသည် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး စင်ပေါ်ရှိ ချန်ရှင်းထံသို့ ငိုမဲ့မဲ့အပြုံးတစ်ခုကို အတင်းဖန်တီးပြုံးပြလိုက်ရင်း…

"အကြံပေးချန်... အဲ့ဒီလိုလုပ်ရင်ကော... ကျွန်တော်တို့ လီကျားရွာလည်း... ပါဝင်ခွင့် ရနိုင်မလား..."

သူ စကားပင် ဆုံးအောင် မပြောနိုင်သေးခင် ရေငုံနှုတ်ပိတ် ဖြစ်သွားရသည်။

ဤကိစ္စသည် မူလကတည်းက ချင်းရွှေရွာနှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က ချန်ရှင်းအား ဦးဆောင်လုပ်ကိုင်ရန် အထူးတလည် တောင်းဆိုထားခြင်းဖြစ်ပေသည်။ လီကျားရွာက မည်သည့်အကြောင်းကြောင့် ဝင်ရောက် ဝေစုခွဲယူရမည်နည်း။

ချန်ရှင်းက သူ ရောက်လာမည်ကို ကြိုတင် မျှော်လင့်ထားသည့်အလား တည်ငြိမ်စွာပင် စိုက်ကြည့်နေခဲ့သည်။

"ရွာလူကြီးလီ... ခင်ဗျား ဆိုလိုတာကို ကျွန်တော် နားလည်ပါတယ်..."

သူ၏ တည်ငြိမ်သော အသံက လူတိုင်း၏ နားထဲသို့ ရှင်းလင်းပြတ်သားစွာ ရောက်ရှိသွားလေသည်။

"ဒါပေမဲ့ ခရိုင်ရဲ့ ရည်ရွယ်ချက်က ကျွန်တော်တို့ ချင်းရွှေရွာကို အရင်ဆုံး စံပြရွာအဖြစ် လုပ်ခိုင်းချင်တာပါ... ကျွန်တော်တို့အနေနဲ့ တစ်လှမ်းချင်းစီ လျှောက်ရမယ်၊ ထမင်းကိုလည်း တစ်လုတ်ချင်းစီ စားရမယ်လေ..."

"ကျွန်တော်တို့ရဲ့ စံပြစီမံကိန်း အောင်မြင်ပြီး နည်းပညာတွေလည်း ရင့်ကျက်လာပြီဆိုရင်၊ ကွန်မြူနစ်တစ်ခုလုံးကို တိုးချဲ့ဖို့ အခွင့်အရေးတွေ သေချာပေါက် ရှိလာမှာပါ... အဲ့ဒီအချိန်ကျရင် လီကျားရွာလည်း အလိုလို ပါဝင်လာမှာပါပဲ..."

ဤစကားများသည် အပ်ကျမခံနိုင်လောက်အောင် အပြစ်ဆိုဖွယ်ရာ မရှိပေ။

၎င်းကို ကြားသောအခါ လီမင်၏ မူလ အတွေးများမှာ ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားတော့သည်။

ဟုတ်ပေသည်။ ၎င်းက တစ်ခရိုင်လုံးအတွက် စံပြဖြစ်မည့် ရှေ့ပြေးစီမံကိန်းတစ်ခု ဖြစ်လေသည်။ အခြားရွာများအား ရမ်းသမ်း၍ ပါဝင်ခွင့်ပြု၍ မရနိုင်ပေ။

သူသည် သက်ပြင်းရှည်ကြီး ချလိုက်ကာ ချန်ရှင်းအား ရိုသေလေးစားမှုပြသည့်အနေဖြင့် လက်အုပ်ချီလိုက်ပြီး အလွန်တရာ စိတ်ပျက်အားငယ်နေသော အမူအရာဖြင့် နောက်ဆုတ်သွားလေတော့သည်။

လီကျားရွာမှ ရွာသူရွာသားများအားလုံးသည် သူတို့၏ရွာလူကြီး လက်ချည်းသက်သက် ပြန်လာသည်ကို မြင်သောအခါ အကြီးအကျယ် စိတ်ပျက်သွားကြလေသည်။

ချက်ချင်းဆိုသလိုပင် ထိုစိတ်ပျက်အားငယ်မှုသည် အဆုံးအစမရှိသော မနာလို ဝန်တိုမှုများနှင့် မကျေနပ်ချက်များအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ပိန်ပိန်ပါးပါးလူတစ်ယောက်က သူ့ပေါင်ကိုသူ ရိုက်ကာ အော်ဟစ်လိုက်သည်။

"မဖြစ်ဘူး... ငါ့သား ကြီးလာရင် ချင်းရွှေရွာက မိန်းကလေးနဲ့ မဖြစ်မနေကို ပေးစားရမယ်..."

ဤစကားသည် ချက်ချင်းပင် ကြီးမားလှသော ဆွေးနွေးပြောဆိုမှု လှိုင်းတံပိုးကြီးကို ဆူပွက်သွားစေလေသည်။

"ဟုတ်တယ်... ငါတို့က မိန်းမရှာမရရင်တောင်မှ ကိုယ့်သမီးတွေကို သူတို့ဆီ ပေးစားလိုက်လို့ ရတာပဲ..."

"အဘိုးဝမ်ရဲ့ သမီးက အခုထိ အိမ်ထောင်မကျသေးဘူး မဟုတ်လား... အကြံပေးချန်ဆီမှာ အလုပ်လုပ်နေတဲ့ ချန်အယ်တန့်က တော်တော်လေး အဆင်ပြေတယ်လို့ ငါထင်တယ်... ရိုးသားပြီး ယုံကြည်ရတယ်လေ..."

"အိုကွယ်... အဲ့ဒီလိုပြောမှပဲ ငါလည်း အိမ်မြန်မြန်ပြန်ပြီး ဒီကိစ္စကို သေချာ စဉ်းစားရဦးမယ်..."

လီကျားရွာမှ အမျိုးသမီးအချို့သည် မျက်လုံးများ တလက်လက် တောက်ပသွားကြကာ၊ တိုက်ကြီးတစ်ခု အသစ်ရှာဖွေတွေ့ရှိလိုက်သည့်အလား ချင်းရွှေရွာမှ လူပျိုပေါက်များအကြားတွင် ချက်ချင်း ရှာဖွေမှုများ စတင်လာကြတော့သည်။

အချို့က စာရင်းပေးသွင်းနေသော လူအုပ်ကြီးထဲသို့ပင် တိုးဝင်သွားကြပြီး ချင်းရွှေရွာမှ အဒေါ်ကြီးတစ်ယောက်ကို ဆွဲကာ မေးမြန်းနေကြသည်။

"အစ်မကြီး... အစ်မကြီးရဲ့သားက အသက်ဘယ်လောက်ရှိပြီလဲ... စေ့စပ်ထားပြီးပြီလား..."

စာရင်းပေးသွင်းသူများ၊ အောင်သွယ်ပေးသူများနှင့် ပွဲကြည့်ပရိသတ်များဖြင့် ထိုနေရာတစ်ဝိုက်သည် ချက်ချင်း ဖရိုဖရဲ ဖြစ်သွားပြီး၊ တရုတ်နှစ်သစ်ကူးကာလထက်ပင် ပို၍ စည်ကားသိုက်မြိုက်သော လေထုကြီးကို ဖန်တီးပေးနေလေသည်။

ထိုကသောင်းကနင်း အခြေအနေကြားတွင် လူရိပ်တစ်ခုသည် လူအုပ်ကြီးကို ဖောက်ကာ တိတ်တဆိတ် လှစ်ခနဲ ဝင်ရောက်သွားလေသည်။

ထိုသူကား အဒေါ်ဝမ်ပင်ဖြစ်သည်။

သူမ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကလည်ကလည် ဝေ့ဝဲကြည့်နေပြီး စာရင်းသွင်းသည့် စားပွဲအနီးသို့ တိုးကပ်သွားကာ အသံကို နှိမ့်လိုက်ပြီး ဖားယားယား အပြုံးတစ်ခုကို မျက်နှာပေါ်တွင် ပုံဖော်လိုက်သည်။

"အယ်တန့်... အဒေါ့်နာမည်ကိုပါ အဲ့ဒီထဲ ရေးထည့်ပေးလို့ ရမလား... ငါတို့တွေက တစ်ရွာတည်းသားတွေပဲလေ... ကောင်းတဲ့ကိစ္စရှိရင် အိမ်နီးချင်းတွေကို မေ့ထားလို့ မဖြစ်ဘူးပေါ့..."

ချန်အယ်တန့်က မော့ကြည့်လိုက်ပြီး သူမဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

သူက ဘောပင်ကို စားပွဲပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်ပြီး အေးစက်စက် အသံဖြင့် ဆိုလိုက်သည်။

"အဒေါ်ဝမ်... ခင်ဗျားတို့ မိသားစုနာမည်က ဒီစာရင်းထဲမှာ မပါဘူး... ကြက်မွေးမြူရေးခြံက ကျေးဇူးကန်းတဲ့ သစ္စာဖောက်တွေကို ကြိုမဆိုဘူး..."

ထိုစကားများသည် လွန်စွာ ပြတ်သားရိုင်းစိုင်းလှပြီး၊ အနီးအနားရှိ ရွာသူရွာသား အချို့က ကြားသွားကြကာ ဝါးလုံးကွဲ ရယ်မောကြတော့သည်။

အဒေါ်ဝမ်၏ မျက်နှာကြီးမှာ ခရမ်းရင့်ရောင်သန်းကာ ရဲတွတ်သွားလေတော့သည်။

သူမ ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး ခါးထောက်လိုက်ကာ သူမ၏ နာမည်ကြီး အကျင့်စရိုက်ဖြစ်သည့် ရမ်းကားသောင်းကျန်းမှုကြီးကို စတင်ထုတ်ဖော်ရန် ပြင်လိုက်သည်။

"ချန်အယ်တန့်... အဲ့ဒီကောင်စုတ်လေး... နင့်ကိုယ်နင် ဘာကောင်မှတ်နေလဲ... ငါ့ကိုများ ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ... နင်က ချန်ရှင်းရဲ့ ခွေးတစ်ကောင်ထက် မပိုပါဘူး... တကယ်ပဲ နင့်ကိုယ်နင် အရေးပါတဲ့လူလို့ ထင်နေတာလား..."

သူမ ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းနေစဉ်မှာပင် ပတ်ဝန်းကျင်ရှိ ဆူညံသံများ ရုတ်တရက် ငြိမ်သက်သွားသည်ကို ခံစားလိုက်ရသည်။

မြင့်မားသော စင်မြင့်ထက်တွင် ချန်ရှင်းက ခေါင်းကို ဖြည်းညင်းစွာ လှည့်လာပြီး ဖရိုဖရဲဖြစ်နေသော လူအုပ်ကြီးကို ဖြတ်ကျော်ကာ သူ၏ နက်ရှိုင်းသော မျက်လုံးများက သူမအပေါ်သို့ ကျရောက်လာလေသည်။

ထိုအေးစက်ပြီး ခံစားချက်ကင်းမဲ့နေသော မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသောအခါ၊ လီဟောင်တစ်ယောက် လူတောင့်ကြီးနှစ်ယောက်၏ ဆွဲခေါ်ခြင်းခံရကာ တောင်နောက်ဘက်တွင် ချေးကော်ရန် ခေါ်ဆောင်ခံရစဉ်က သနားစရာကောင်းလှသော အခြေအနေနှင့် ဝက်ခေါင်းကြီးတစ်လုံးကဲ့သို့ ဖူးယောင်နေအောင် အရိုက်ခံထားရသော သူ၏မျက်နှာကို အဒေါ်ဝမ် ချက်ချင်း ပြန်သတိရသွားတော့သည်။

သူမ အလွန်အမင်း ထိတ်လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး၊ သူမ၏ ကျိန်ဆဲသံများ ချက်ချင်း ရပ်တန့်သွားကာ မျက်နှာပေါ်ရှိ သွေးရောင်များ ဆုတ်ခွာသွားပြီး စက္ကူတစ်ရွက်လို ဖြူလျော့သွားလေတော့သည်။

သူမ၏ ကြောက်ရွံ့တုန်လှုပ်နေသော အသွင်အပြင်ကို မြင်လျှင် ပတ်ဝန်းကျင်ရှိ ရွာသူရွာသားများက ဟားတိုက်ရယ်မောလိုက်ကြသည်။

"ဟားဟား... ခုနလေးတင် တော်တော် မာနထောင်လွှားနေတာ မဟုတ်ဘူးလား..."

"ကြောက်သွားပြီလား... ငါက သူမကို ပြိုင်ဘက်ကင်းများ မှတ်နေတာ..."

"ခံရပါစေ... ဒီလိုလူစားမျိုးက အကြံပေးချန်နဲ့အတူတူ ကောင်းကောင်းမွန်မွန် နေထိုင်ခွင့်ရဖို့ မထိုက်တန်ဘူး..."

ပတ်ဝန်းကျင်ရှိ ရွာသူရွာသားများ၏ ဖုံးကွယ်ထားခြင်းမရှိသော ရယ်မောသံများနှင့် လှောင်ပြောင်ရှုတ်ချမှုများကြားတွင်၊ အဒေါ်ဝမ်သည် လေးဘက်ထောက်ကာ ကုန်းရုန်းထပြီး လူအုပ်ကြီးထဲမှ ခိုးကြောင်ခိုးဝှက် ထွက်ခွာကာ အရှက်တကွဲ အကျိုးနည်း ထွက်ပြေးသွားတော့သည်။

ယင်ကောင်များကို မောင်းထုတ်ပြီးနောက်တွင်တော့ အခင်းဖြစ်ပွားရာ နေရာ၏ လေထုသည် ယခင်ကကဲ့သို့ ဆူညံပွက်လောရိုက်မှုများဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။

ရွာသူရွာသားများသည် တန်းစီကာ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာကြပြီး နာမည်များ ပြည့်နှက်နေသော စာရင်းပေါ်တွင် အနီရောင်မှင်များ စွန်းထင်းနေသည့် သူတို့၏ လက်မများကို ဖိနှိပ်ကာ လက်ဗွေနှိပ်ကြလေသည်။

ထိုတောက်ပနေသော အနီရောင် လက်ဗွေရာများက ရွာတစ်ရွာလုံး၏ အနာဂတ်အတွက် မျှော်လင့်ချက်များအားလုံးကို သယ်ဆောင်ထားလေသည်။

နာရီဝက်ခန့်အကြာတွင် စာရင်းပေးသွင်းခြင်း ပြီးဆုံးသွားသည်။

ချန်ရှင်းသည် လက်ဗွေရာများ ဖုံးလွှမ်းနေသော စာရင်းကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး၊ အောက်ဘက်ရှိ စိတ်လှုပ်ရှားနေသော လူအုပ်ကြီးထံသို့ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

"ကြက်မွေးမြူရေးခြံကို မနက်ဖြန် စတင် ဆောက်လုပ်ပါမယ်... စာရင်းပေးထားတဲ့သူတိုင်း မနက်ဖြန်ကစပြီး အလုပ်အမှတ်တွေ ရရှိမှာပါ... နှစ်ကုန်ရင်တော့ အလုပ်အမှတ်တွေအလိုက် အမြတ်ငွေတွေကို ခွဲဝေပေးပါမယ်..."

“ဟေး..."

လူအုပ်ကြီး၏ အားပေးဟစ်ကြွေးသံများမှာ တရုတ်နှစ်သစ်ကူးတွင် ဗြောက်အိုးများ ဖောက်သည်ထက်ပင် ပို၍ စိတ်အားထက်သန်စွာဖြင့် ပေါက်ကွဲထွက်ပေါ်လာလေသည်။

"ကောင်းတယ်... မနက်ဖြန် စလိုက်ကြတာပေါ့..."

"အိမ်ရောက်တာနဲ့ ပေါက်တူးတွေ၊ ဂေါ်ပြားတွေကို အရင်ဆုံး သွေးရမယ်... ဘယ်သူမှ ငါ့ကို နောက်ကျကျန်ခဲ့အောင် ဆွဲထားလို့ မရဘူး..."

ရွာသူရွာသားအားလုံးသည် ချက်ချင်း စတင်လိုစိတ်များ ပြင်းပြနေကြပြီး သူတို့၏မျက်နှာများ ဝင်းလက်တောက်ပနေကာ ယခုချက်ချင်းပင် တောင်နောက်ဘက်သို့ ပြေးသွားပြီး ပထမဆုံး မြေကြီးတစ်ဂေါ်စာကို တူးဆွချင်စိတ်များ ပေါက်နေကြတော့သည်။

အားပေးဟစ်ကြွေးသံများ ကြားတွင် ချန်ရှင်းသည် စင်မြင့်ပေါ်မှ တည်ငြိမ်စွာ ဆင်းသက်လာခဲ့ပြီး သူ၏ အိမ်ဘက်သို့ လှည့်ကာ လျှောက်သွားလေသည်။

ခြံတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အရသာရှိသော အစားအစာများ၏ မွှေးရနံ့များက ပျံ့လွင့်လာသည်။

မီးဖိုချောင်ထဲတွင် ရွှီချင်းချင်းက ခါးစည်းဖျင်ကို ဝတ်ဆင်ထားပြီး နောက်ဆုံးဟင်းလျာဖြစ်သော ဝက်သားကြော်ကို စားပွဲပေါ်သို့ ချပေးနေသည်။ သူမ သူ့ကို ပြန်လာသည်ကို မြင်သောအခါ ချိုမြိန်လှသော အပြုံးတစ်ခုက သူမ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါ်လာလေသည်။

"ပြန်လာပြီလား... မြန်မြန် လက်ဆေးပြီး ထမင်းစားတော့လေ..."

ချန်ရှင်း၏ တည်ငြိမ်နေသော မျက်လုံးများထဲတွင် နူးညံ့ကြင်နာမှု အရိပ်အယောင်လေးတစ်ခု ယှက်သန်းသွားပြီး သူက ပြုံးကာ ပြန်ဖြေလိုက်သည်။

"လာပြီ..."

ထိုသို့ပြောပြီးနောက် ချန်ရှင်း၏ အကြည့်က ဘေးအိမ်ရှိ ခြံဝင်းဆီသို့ ကျရောက်သွားသည်။

လင်းရှို့ရှို့သည် နောက်ဆုံးကျန်နေသော သစ်ရွက်ကြွေအနည်းငယ်ကို တံမြက်စည်းဖြင့် အမှိုက်ဂေါ်ပြားထဲသို့ လှဲကျင်းနေသည်။ သူမသည် အိမ်ကို အတွင်းအပြင် ရှင်းလင်းသပ်ရပ်ထားရာ အညစ်အကြေး တစ်စက်မျှပင် မရှိအောင် သန့်ရှင်းနေတော့သည်။

ချန်ရှင်းကို မြင်သောအခါ သူမ အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းညိတ်ပြလိုက်ရာ မျက်နှာလေးမှာ အနည်းငယ် ရဲသန်းသွားလေသည်။

မြောင်မြောင်သည် ချန်ရှင်းကို မြင်သောအခါ သူမ၏ မျက်လုံးလေးများ ချက်ချင်း အရောင်တောက်သွားသည်။ သူမက တိုတိုလုံးလုံး ခြေထောက်လေးများဖြင့် ပြေးလာကာ ချန်ရှင်း၏ ခြေထောက်ကို ဖက်တွယ်လိုက်ပြီး၊ သူ့ကို မော့ကြည့်ရင်း ချိုသာစွာဖြင့် ခေါ်လိုက်လေသည်။

"ဦးဦး…”

"ဦးဦး" ဟု ခေါ်လိုက်သော ကောင်မလေး၏ နူးညံ့ချိုသာသည့် အသံလေးက၊ တစ်ရွာလုံးနှင့် ဆက်ဆံခဲ့ရသဖြင့် ချန်ရှင်း ခံစားနေရသော ပင်ပန်းနွမ်းနယ်မှုများကို ချက်ချင်း ပျောက်ကွယ်သွားစေလေသည်။

သူသည် ကိုယ်ကိုကိုင်းညွတ်ကာ မြောင်မြောင်၏ ခေါင်းလေးကို သူ၏လက်ကြီးဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

"ဗိုက်ဆာနေပြီလား... ဦးဦး သမီးကို အရသာရှိတာတွေ သွားကျွေးမယ်..."

"ဟုတ်..."

မြောင်မြောင်က ခေါင်းကို အားပါးတရ ညိတ်ပြလိုက်ရာ သူမ၏ မျက်လုံးပြူးပြူးလေးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။

ချန်ရှင်းက ပြုံးလိုက်ပြီး သူမ၏ လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ ဧည့်ခန်းမဆောင်ထဲသို့ ခေါ်ဆောင်သွားလေတော့သည်။

All Chapters