အခန်း ၁၁၈
Vol. 12 Ch. 118
အခန်း (၁၁၈)အတိုင်းထက်အလွန် ဂုဏ်ယူဝင့်ကြွားခြင်း
တစ်ကိုယ်တော် ပြိုင်ပွဲတစ်ခုလိုပင် ထိုကုန်စုံစတိုးဆိုင်ကြီးတစ်ခုလုံးသည် ချန်ရှင်း၏ မိသားစုဝင်များအတွက် သီးသန့်ခင်းကျင်းထားသည့် စင်မြင့်တစ်ခု ဖြစ်သွားခဲ့လေသည်။
ရွှီချင်းချင်းမှာလည်း ပီတိအဟုန်ကြောင့် ရင်တမတမနှင့် မူးမေ့လဲလုနီးပါး ဖြစ်နေရရှာ၏။ သူမသည် လက်တစ်ဖက်ဖြင့် ချန်ရှင်း၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်တွဲထားပြီး ကိုယ်ကိုမှီတွယ်ထားကာ တိမ်ပေါ်မှာ လျှောက်လှမ်းနေရသလို ခြေလှမ်းများက ပေါ့ပါးလွင့်မျောနေလေသည်။
ရွာမှာတုန်းကဆိုလျှင် လူရှေ့သူရှေ့ စကားပြောဖို့ရန်ပင် ကြောက်ရွံ့တတ်ပြီး တွန့်ဆုတ်နေတတ်သော သူမသည် တစ်နေ့သောအခါတွင် ခရိုင်မြို့၏ အစည်ကားဆုံး၊ အထူးခြားဆုံးနေရာ၌ အများတကာ၏ အားကျမနာလိုသော အကြည့်တို့ကို ခံယူရလိမ့်မည်ဟု အိပ်မက်ပင် မက်မဖူးခဲ့ပေ။
အစောပိုင်းက မာနတခွဲသားနှင့် မောက်မာနေခဲ့ကြသော အရောင်းစာရေးမများမှာလည်း ယခုအခါတွင်မူ မျက်နှာချိုသွေးသော အပြုံးများ ကိုယ်စီဆင်မြန်းလျက် နောက်ကနေ တကောက်ကောက် လိုက်ပါနေကြပြီး "ကောင်းကောင်းသွားပါဦးရှင်" ဟု ထပ်တလဲလဲ နှုတ်ဆက်နေကြတော့သည်။ သူတို့၏ ရိုသေကိုင်းညွတ်မှုမှာ မိမိတို့၏ အထက်လူကြီးကို ဆက်ဆံသည်ထက်ပင် ပိုမိုအလေးဂရုပြုနေပုံရ၏။
ဤခံစားချက်ကြီးက အိပ်မက်တစ်ခုလို မရေမရာနိုင်လှသော်လည်း အလွန်တရာ စွဲမက်စရာ ကောင်းလှပေသည်။ ယနေ့သည် သူမဘဝတွင် အဂုဏ်ယူရဆုံးသော နေ့တစ်နေ့ဖြစ်သည်ဟု သူမ ခံစားနေရတော့သည်။
လင်းရှို့ရှို့သည်လည်း များစွာ ပြောင်းလဲသွားခဲ့လေပြီ။ အစဦး၌ ကြောက်ရွံ့စိုးရိမ်စိတ်များ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ မြောင်မြောင်၏ လက်ကလေးကို ဆွဲကာ ချန်ရှင်း၏ ဘေးနားကနေ ငြိမ်ငြိမ်သက်သက် လိုက်ပါနိုင်နေပြီဖြစ်သည်။
သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့တွန့်ဆုတ်မှုအချို့ ရှိနေဆဲ ဖြစ်သော်လည်း တင်းမာနေခဲ့သော ပခုံးလေးများကမူ ပြေလျော့သွားခဲ့လေပြီ။
ထိုလူစု ကုန်စုံစတိုးဆိုင်ကြီး၏ ထွက်ပေါက်ဝသို့ ရောက်ရှိလာသောအခါ သူတို့နောက်တွင် အရောင်းစာရေးမတန်းကြီး လိုက်ပါလာသည်ကို တွေ့ရ၏။
"ရဲဘော်... ရှင်တို့ဝယ်ထားတဲ့ ပစ္စည်းတွေ အားလုံး အဆင်သင့် ပြင်ပေးထားပါတယ်ရှင် ပြန်စစ်ဆေးကြည့်ပါဦး..."
"နောက်လည်း ကြွလှမ်းခဲ့ပါဦးရှင်..."
အရောင်းစာရေးမအချို့က သူတို့သယ်ဆောင်လာသော အိတ်ကြီးအိတ်ငယ်များကို ခြေရင်းနားတွင် ဂရုတစိုက် ချထားပေးကြသည်။ သူတို့၏ နွေးထွေးပျူငှာပြီး ရိုသေလှသော အမူအရာများကြောင့် အဆောက်အအုံအတွင်းသို့ အဝင်အထွက် ပြုနေကြသူများ၏ အကြည့်တို့က စူးစိုက်ကျရောက်လာကြတော့သည်။
ချန်ရှင်းကမူ ခေါင်းကို အသာအယာသာ ညိတ်ပြလိုက်ပြီး အလေးဆုံးသော အိတ်များကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ရွှီချင်းချင်း၏ လက်ကလေးကို တွဲလျက် မလှမ်းမကမ်းတွင်ရှိသော နိုင်ငံပိုင်စားသောက်ဆိုင်ဆီသို့ ဦးတည်လျှောက်လှမ်းခဲ့လေသည်။
"ကဲ... သွားစားကြစို့..."
ထိုနိုင်ငံပိုင်စားသောက်ဆိုင်သည် ခရိုင်မြို့တွင် နာမည်အကြီးဆုံးနှင့် အဆင့်အတန်းအမြင့်ဆုံး စားသောက်ဆိုင်ဖြစ်ပေသည်။ စားသောက်ချိန် ဖြစ်သောကြောင့် တစ်ဆိုင်လုံးတွင် လူသံသူသံများဖြင့် ဆူညံပွက်လောရိုက်နေပြီး လေထုထဲတွင်လည်း ဟင်းချက်နံ့များနှင့် အသားဟင်းမွှေးနံ့များက ပျံ့လွင့်နေ၏။
ချန်ရှင်းက သူတို့ကို ပြတင်းပေါက်နားက အိုးဆိတ်သော စားပွဲဝိုင်းတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး အိတ်အားလုံးကို ဘေးနားက ကုလားထိုင်ပေါ်တွင် ပုံတင်ထားလိုက်သည်။
စားပွဲထိုးက စားသောက်ဖွယ်ရာစာရင်းကို ကိုင်ဆောင်လျက် လျှောက်လာရာ သူတို့၏ အပြင်အဆင်ကို မြင်သည်နှင့် အလွန်အမင်းပင် ယဉ်ကျေးပျူငှာသွားတော့သည်။
ချန်ရှင်းသည် ဟင်းစာရင်းကို ကြည့်ပင်မကြည့်တော့ဘဲ တိုက်ရိုက်ပင် အော်ဒါမှာလိုက်၏။
"ဝက်သားနီချက် တစ်ပွဲ၊ ကြက်သားချက် အင်တုံကြီးတစ်ပွဲ၊ ငါးပေါင်းတစ်ပွဲ၊ ရာသီပေါ် ဟင်းသီးဟင်းရွက်ကြော် တစ်ပွဲနဲ့ ပဲပြားဟင်းချိုတစ်ခွက် ပေးပါ... ပြီးတော့ ထမင်းလေးပွဲလည်း ယူခဲ့ပါ..."
လင်းရှို့ရှို့မှာမူ ထိုင်နေရာမှပင် ဆတ်ခနဲ လန့်ဖျတ်မတတ် ဖြစ်သွားရရှာသည်။
ဟင်းလေးပွဲနှင့် ဟင်းချိုတစ်ခွက်...။
ထို့ပြင် အားလုံးက ဆီပြန်ဟင်းအကောင်းစားကြီးများဖြစ်နေ၏။ ဝက်သားနီချက်၊ ကြက်သား၊ ငါး… ဤသည်မှာ... ဤသည်မှာ တရုတ်နှစ်သစ်ကူးတုန်းက စားခဲ့ရသည်ထက်ပင် ပိုမိုကောင်းမွန်နေသေးတော့သည်။
ဤဟင်းတစ်နပ်စာ ကုန်ကျစရိတ်သည် သာမန်မိသားစုတစ်ခု၏ တစ်လ သို့မဟုတ် နှစ်လစာ စားစရိတ်နှင့် ညီမျှနေသည် မဟုတ်ပါလော။
သူမ နှုတ်ခမ်းကို ဟလိုက်ပြီး ဤမျှ ဖြုန်းတီးခြင်းက အလွန်အကျွံဖြစ်လွန်းကြောင်း၊ မိမိအတွက်မူ ဝမ်းဝရုံမျှသာ စားလျှင် ရပြီဖြစ်ကြောင်း ပြောဆိုရန် ပြင်လိုက်မိသည်။
သို့သော်လည်း ချန်ရှင်း၏ တည်ငြိမ်ရဲဝံ့နေသော ဘေးတိုက်မျက်နှာသွင်ပြင်နှင့် ရွှီချင်းချင်း၊ မြောင်မြောင်တို့၏ မျှော်လင့်ချက်အပြည့် ရှိနေသော မျက်ဝန်းလေးများကို ကြည့်မိသောအခါတွင်မူ ပြောမည့်စကားတို့ကို ပြန်လည်မျိုချလိုက်ရတော့သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုသို့သော စကားမျိုး ပြောထွက်လိုက်ပါက သူ့မျက်နှာကို ပျက်စီးစေရာ ရောက်လိမ့်မည် မဟုတ်ပါလား...။
သူမခမျာ မတတ်သာတော့ဘဲ စကားလုံးတို့ကို မျိုသိပ်လျက် ငြိမ်ငြိမ်သက်သက်သာ ထိုင်နေရတော့သည်။
မကြာမီအချိန်အတွင်းမှာပင် ဟင်းများ ရောက်ရှိလာခဲ့လေပြီ။
တလက်လက်တောက်ပနေသော နီညိုရောင်အဆင်းရှိသည့် ဝက်သုံးထပ်သား နီချက်ပွဲကြီးထဲတွင် အဆီနှင့် အသားလွှာများက တစ်ထပ်စီ အချိုးကျကျ ပါဝင်နေပြီး မွှေးကြိုင်လှသော ရနံ့တို့ကို ထုတ်လွှတ်နေ၏။
အင်တုံကြီးဖြင့် ထည့်ထားသော ကြက်သားပွဲကြီးထဲတွင်မူ ရွှေဝါရောင် အာလူးများနှင့် နူးညံ့လှသော ကြက်သားတုံးများက အနှစ်ဝင်အောင် ချက်ပြုတ်ထားသဖြင့် နူးအိနေပုံရသည်။
ထို့ပြင် ချိုချဉ်အနှစ်များ ဆမ်းထားသည့် ငါးကင်တစ်ပွဲနှင့် စိမ်းစိုနေသော ဟင်းသီးဟင်းရွက်ကြော်တစ်ပွဲလည်း ရှိနေသေး၏။
မွှေးပျံ့လှသော ဟင်းရနံ့က လူတိုင်း၏ နှာခေါင်းဝသို့ ချက်ချင်းဆိုသလို တိုးဝင်လာပြီး ဝမ်းဗိုက်ထဲက ဆာလောင်သံများကို မြည်ဟီးလာစေတော့သည်။
"ဝါး... မွှေးလိုက်တာ..."
ရွှီချင်းချင်းက ပထမဆုံး မအောင့်အီးနိုင်သူ ဖြစ်ကာ မျက်လုံးလေးများ ပြူးကျယ်သွားပြီး သွားရည်ပင် ယိုကျလုနီးပါး ဖြစ်သွားရသည်။
မြောင်မြောင်ကမူ ပို၍ပင် ပွင့်လင်းလှ၏။ သူမ၏ လက်ညှိုးလေးဖြင့် ဝက်သားနီချက်ပွဲကို ညွှန်ပြလျက် ကလေးသံလေးဖြင့် အော်ဟစ်တော့သည်။
"အသား... အသားစားမယ်..."
"စား... စားကြ၊ အများကြီး ရှိတယ်..."
ချန်ရှင်းက ပြုံးရွှင်စွာ ပြောဆိုလျက် ရွှီချင်းချင်းနှင့် မြောင်မြောင်တို့၏ ပန်းကန်ထဲသို့ အသားတုံးကြီးများကို ထည့်ပေးလိုက်လေသည်။
ရွှီချင်းချင်းမှာမူ မိန်းကလေးပီပီ ဟန်ဆောင်ထိန်းသိမ်းနေမှုကို ဂရုမစိုက်နိုင်တော့ဘဲ အသားတစ်တုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ အတင်းသွတ်သွင်းရင်း "ကောင်းလိုက်တာ... တကယ် ကောင်းတာပဲ..." ဟု တတွတ်တွတ် ရေရွတ်နေတော့သည်။
မြောင်မြောင်လေးကလည်း လူကြီးများကို အတုခိုးလျက် ဇွန်းလေးဖြင့် မိမိပန်းကန်ထဲက အသားကို အားစိုက်ခွပ်စားနေသဖြင့် ပါးစပ်ဘေးတစ်ဝိုက်တွင် ဟင်းအနှစ်များ ပေပွနေရှာ၏။
ထမင်းစားပွဲဝိုင်းတွင် လင်းရှို့ရှို့တစ်ယောက်တည်းသာ ဘေးဖယ်ထားခံရသလို ဖြစ်နေရှာသည်။
သူမသည် ထမင်းဖြူကို တစ်လုပ်ချင်းစီ အသာအယာ စားနေပြီး ရံဖန်ရံခါမှသာ ဟင်းသီးဟင်းရွက်တစ်ဖတ်ကို တူဖြင့် ညှပ်စားရှာ၏။
မွှေးကြိုင်လှသော အသားဟင်းပွဲများကိုမူ သူမ မျက်လုံးစောင်း၍ပင် မကြည့်ဘဲ မြောင်မြောင်၏ ပန်းကန်ထဲသို့သာ ဟင်းများ ထည့်ပေးနေပြီး မိမိပန်းကန်ထဲက ထမင်းများကိုလည်း သမီးဖြစ်သူအား ခွဲဝေပေးရင်း "ဖြည်းဖြည်းစားနော်... သီးလိမ့်မယ်" ဟု တိုးတိုးလေး ချော့မြှူနေလေသည်။
သူမခမျာ မစားရက်ရှာပေ။
မိမိဘဝတွင် ဤကဲ့သို့သော အကောင်းစားများကို တစ်ခါမျှ မစားဖူးခဲ့ချေ။ ဤအရာများကို ကလေးအတွက်၊ အကြံပေးချန်နှင့် ချင်းချင်းတို့အတွက်သာ ချန်ထားပေးခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ချန်ရှင်းက သူမ၏ စိတ်ကူးလေးကို မည်သို့လျှင် မရိပ်မိဘဲ ရှိပါအံ့နည်း။
သူမ၏ ကိုယ့်ကိုယ်ကိုယ် အားငယ်နိမ့်ချနေသော အမူအရာကိုကြည့်ရင်း ချန်ရှင်း၏ မျက်ခုံးများက မသိမသာ နီးကပ်သွားတော့သည်။
သူသည် မည်သည့်စကားမျှ မဆိုဘဲ တူကို ဆန့်ထုတ်လျက် ပန်းကန်ထဲက အကြီးဆုံးသော ဝက်သားနီချက်တစ်တုံးကို ညှပ်ကာ လင်းရှို့ရှို့၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေ၏။
ပန်းကန်ထဲသို့ အသားတုံးကြီး ချက်ချင်း ရောက်ရှိလာမှုကြောင့် လင်းရှို့ရှို့မှာ ဆတ်ခနဲ တုံ့ဆိုင်းသွားရသည်။ သူမ မော့ကြည့်လိုက်သောအခါ ချန်ရှင်း၏ ငြင်းဆန်ရန်မလိုသော အကြည့်များနှင့် ဆုံစည်းသွားတော့၏။
"စား..."
စကားလုံးက တစ်လုံးတည်းသာဖြစ်ပြီး ရိုးရှင်းလှကာ အမိန့်ပေးဆန်လှသော်လည်း သူမ မငြင်းဆန်နိုင်သော အရှိန်အဝါမျိုး ပါဝင်နေလေသည်။
မျက်ဝန်းထဲသို့ ပူနွေးသော အရှိန်အဟုန်တစ်ခု တိုးဝှေ့လာပြီး လင်းရှို့ရှို့၏ နှာခေါင်းဝတွင် ချက်ချင်းဆိုသလို စပ်ဖျင်းဖျင်း ခံစားလိုက်ရရှာသည်။
မိမိ၏ မျက်ရည်များ စီးကျလာပြီး အများတကာ၏ ရယ်စရာ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် သူမ ကပျာကယာ ခေါင်းငုံ့လိုက်ရတော့သည်။
သူမသည် အသားတုံးကို တူဖြင့် ညှပ်ယူကာ တိတ်ဆိတ်စွာပင် တစ်လုပ်ချင်းစီ ပါးစပ်ထဲ သွတ်သွင်းလိုက်၏။
အသားမှာ အလွန်အမင်း နူးအိအောင် ချက်ထားသဖြင့် ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး ဟင်းအနှစ်နှင့် အသား၏ မွှေးရနံ့တို့က လျှာပေါ်တွင် ပေါက်ကွဲထွက်သွားသလို ခံစားရစေသည်။
သို့သော်လည်း သူမ မြည်းစမ်းလိုက်ရသည်မှာ အသား၏ အရသာသက်သက်သာ မဟုတ်ပေ။ လျှာပေါ်တွင် ပျားရည်ကဲ့သို့ ချိုမြိန်သော အရသာတစ်ခုလည်း ပါဝင်နေပြီး ထိုအရာက သူမ၏ နှလုံးသား အနက်ရှိုင်းဆုံးနေရာအထိ ချိုမြိန်ခြင်း ဝေဖြာစေခဲ့လေသည်။
ညစာစားပြီးချိန်တွင် မိုးက တော်တော်လေး ချုပ်နေခဲ့ပြီ ဖြစ်သည်။
ရွာသို့ ပြန်သည့်လမ်းတွင် ဂျစ်ကားအတွင်း၌ နွေးထွေးပြီး သက်တောင့်သက်သာ ရှိလှပေသည်။ မြောင်မြောင်လေးသည် ဆော့ကစားရသဖြင့် မောပန်းနေပြီး ဝမ်းလည်း ဝနေပြီဖြစ်ရာ လက်ထဲတွင် အနီရောင် ဘောလုံးလေးကို တင်းတင်းကြပ်ကြပ် ပိုက်ထားလျက် မိခင်၏ ရင်ခွင်ထဲတွင် မှီတွယ်ရင်း ကျေနပ်ဖွယ် အပြုံးလေးဖြင့် အိပ်မောကျနေခဲ့ပြီ ဖြစ်သည်။
ရွှီချင်းချင်းသည် ချန်ရှင်း၏ ပခုံးပေါ်တွင် ကျေနပ်အားရစွာ မှီတွယ်ထားပြီး လက်ထဲက အသစ်ဝယ်လာသော မျက်နှာလိမ်းခရင်မ်ဘူးကို ကိုင်တွယ်ကစားနေကာ သူမ၏ နှာခေါင်းဝတွင် မွှေးရနံ့သင်းသင်းလေးက ပျံ့လွင့်နေ၏။
သူမသည် ခေါင်းကို စောင်းလျက် ချန်ရှင်း၏ ပြတ်သားသော ဘေးတိုက်မျက်နှာသွင်ပြင်ကို ကြည့်ရင်း မျက်ဝန်းထဲတွင် နူးညံ့မှုနှင့် တမ်းတမှုများဖြင့် ပြည့်နှက်နေတော့သည်။
"အစ်ကိုချန်... နောက်တစ်ခါ ခရိုင်မြို့ကို ထပ်လာကြဦးမလားဟင် ကုန်စုံစတိုးဆိုင်ကြီးကို နောက်တစ်ခါ ထပ်ပြီး ဈေးဝယ်ချင်သေးလို့…”
ချန်ရှင်းသည် သူမ၏ ဆံနွယ်များထံမှ ရရှိသော မွှေးရနံ့ကြောင့် အလွန်ပင် စိတ်ကြည်လင်နေမိ၏။ သူသည် လက်ကို ဆန့်ထုတ်လျက် သူမ၏ လှပသော နှာခေါင်းချွန်ချွန်လေးကို အသည်းယားစရာ ကောင်းလောက်အောင် အသာအယာ ဆိတ်ဆွဲလိုက်ရင်း
"ကောင်းပြီလေ... မင်း လာချင်တယ်ဆိုရင် ကိုယ်တို့ အချိန်မရွေး လာကြတာပေါ့..."
ရွှီချင်းချင်း၏ ရင်ထဲတွင် အတိုင်းထက်အလွန် ချိုမြိန်သွားရရှာသည်။ သူမသည် ပျော်ရွှင်စွာဖြင့် မျက်လုံးလေးများကို မှိတ်လိုက်ပြီး ခေါင်းကို သူ့ပခုံးပေါ်သို့ ပိုမိုတိုးဝှေ့ မှီတွယ်လိုက်တော့သည်။
ရှေ့ခန်းတွင် ထိုင်နေသော လင်းရှို့ရှို့သည် နောက်ကြည့်မှန်မှတစ်ဆင့် နောက်ခန်းက ထိုသို့သော ကြင်နာယုယမှု မြင်ကွင်းကို အတိုင်းသား မြင်တွေ့နေရ၏။
မှန်ထဲတွင် သူတို့နှစ်ဦးမှာ အလွန်ပင် လိုက်ဖက်ညီလှပြီး တစ်ယောက်က ခန့်ညားကာ တစ်ယောက်က တင့်တယ်လှပလှသဖြင့် အတူတကွ ရှိနေပုံမှာ လှပသော ပန်းချီကားတစ်ချပ်ပမာ ဖြစ်နေလေသည်။
ဖော်ပြမတတ်သော အားကျစိတ်တစ်ခုက နှလုံးသားအောက်ခြေမှ တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။
သူမသည် မိမိ၏ ကောင်းကင်ပြာရောင် ဂါဝန်အသစ်စက်စက်ကို ငုံ့ကြည့်လိုက်ပြီးနောက် ရင်ခွင်ထဲတွင် အိပ်ပျော်နေသော သမီးဖြစ်သူကိုကြည့်ကာ ခြေရင်းနားတွင် ပုံတင်ထားသော ဈေးဝယ်အိတ်တောင်ကြီးကိုလည်း ငေးကြည့်မိတော့သည်။
လင်းရှို့ရှို့၏ မျက်ဝန်းထဲတွင် အားကျစိတ်အပြင် အဆုံးမရှိသော ကျေးဇူးတင်စိတ်များလည်း ပိုမိုပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
သူမသည် ဤကျေးဇူးတရားများကို မိမိဘဝတစ်သက်တာလုံး ကျွန်တစ်ယောက်လို အလုပ်အကျွေးပြု၍ပင် ပြန်လည်ပေးဆပ်ပါမည်ဟု နှလုံးသားထဲတွင် တိတ်တဆိတ် သစ္စာဓိဌာန်ပြုလိုက်တော့သည်။