← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း(၁၁၉) မင်းအတွက်လည်း ဝေစုပါတယ်

ဂျစ်ကားလေးသည် ရွာအဝင်ဝရှိ လူသိများလှသော လင်ပန်းပင်အိုကြီးအောက်ဝယ် ဖြည်းညင်းစွာ ဆိုက်ရပ်လာတော့သည်။

ချန်ရှင်းက ကားပေါ်မှ အရင်ဆုံး ဆင်းလိုက်ပြီး တစ်ဖက်သို့ ပတ်သွားကာ ကားတံခါးကို ဖွင့်ပေးလျက် ရွှီချင်းချင်းကို ဖေးမ၍ အပြင်သို့ ခေါ်ထုတ်ပေးလိုက်၏။

ဤအချိန်တွင် ရွာသားအများစုမှာ ညစာစားသောက်ပြီးစီးကြသဖြင့် အိမ်ရှေ့များ၌ ထိုင်ကာ စကားစမြည်ပြောရင်း အပန်းဖြေနေကြချိန် ဖြစ်သည်။ ဂျစ်ကား၏ စက်နှိုးသံက ရွာတစ်ဝက်နီးပါးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ပြီးပြီ ဖြစ်၏။

"သူတို့ ပြန်လာကြပြီဟေ့... အကြံပေးချန်တို့ ပြန်လာကြပြီဗျို့..."

"ကားကြီးနဲ့ ပြန်လာကြတာပါလား... အမလေး ဘုရားရေ..."

ရွာသားတစ်အုပ်သည် ဆူညံသံကြား၍ ဝိုင်းအုံလာကြရာ ချန်ရှင်း၏ ကြင်နာယုယသော အပြုအမူများကို မြင်သောအခါ ရင်းနှီးပြီးသား အဒေါ်အချို့က ချက်ချင်းပင် စနောက်ကျီစယ်ကြတော့သည်။

"အမလေး... ကျွန်မတို့ ဆရာချန်ကို ကြည့်ပါဦး... သူ့မိန်းမကို ဘယ်လောက်တောင် အလိုလိုက်သလဲလို့..."

"ချင်းချင်းကတော့ ကံထူးမလေးပါပဲအေ... တို့ရွာက မိန်းကလေးတွေဆိုရင် ဒါမျိုးကို အိမ်မက်တောင် မမက်ဝံ့ကြဘူး..."

ရွှီချင်းချင်းမှာ ထိုစကားများကြောင့် မျက်နှာလေး ရဲခနဲ ဖြစ်သွားကာ ချန်ရှင်းကို ရှက်ကိုးရှက်ကန်း ကြည့်လိုက်မိသော်လည်း နှလုံးသားထဲတွင်မူ အလွန်တရာ ချိုမြိန်နေမိသည်။

သို့သော်လည်း တကယ့်ပွဲကြမ်းကြီးက ယခုမှ စလာခြင်း ဖြစ်၏။

ကားမောင်းသမားနှင့် ချန်ရှင်းတို့ ကားပေါ်မှ ပစ္စည်းများကို စတင်ချလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ စနောက်သံများနှင့် စကားပြောသံများက ချက်ချင်းပင် ဆိတ်ငြိမ်သွားတော့သည်။

လူတိုင်းက ထိုပစ္စည်းများကို မျက်လုံးအစုံ ပြူးလျက် စိုက်ကြည့်နေကြပြီး ဝန်းကျင်တစ်ခုလုံးတွင် အံ့ဩတုန်လှုပ်မှုကြောင့် ပြိုင်တူ လေပူမှုတ်ထုတ်လိုက်သည့် အသံတစ်ခုသာ ကျန်ရှိတော့၏။

"ဟူး..."

လတ်လတ်ဆတ်ဆတ် သစ်လွင်နေသော 'ဒက်ကရွန်' အထည်လိပ်များမှာ အရောင်အသွေး စုံလင်လွန်းသဖြင့် မျက်စိကျိန်းမတတ် တောက်ပနေလေသည်။

ခေတ်မီလှပသော သားရေဖိနပ်များနှင့် ကင်းဗတ်ဖိနပ်အချို့လည်း ပါဝင်သေးသည်။

ထို့အပြင် ကလေးအတွက် အရုပ်များ၊ ဘောလုံးလေးများနှင့် လှပသော ထုပ်ပိုးမှုများရှိသည့် သကြားလုံးမျိုးစုံနှင့် ဘီစကစ်မုန့်များကိုလည်း ဝယ်ယူလာခဲ့သည်။

ကမာကောင်ဆီ၊ မျက်နှာသုတ်ပုဝါအသစ်များနှင့် ရေနွေးအိုးအသစ်များပင် ရှိနေသေး၏။

အိတ်ကြီးအိတ်ငယ်များမှာ မြေပြင်ပေါ်တွင် ပုံကျနေတော့သည်။ သူတို့တစ်တွေ ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်း တစ်ခုလုံးကို သယ်ဆောင်လာခဲ့ကြသည်လား အောက်မေ့ရသည်။

"ပစ္စည်းတွေ အများကြီးပါလား... ဘယ်လောက်တောင် ကုန်သွားမလဲမသိဘူး... နွားတစ်ကောင်စာ ဖိုးလောက်တော့ အနည်းဆုံး ရှိမှာပဲ..."

မြေပြင်ပေါ်တွင် ပုံနေသော ပစ္စည်းများက မှေးမှိန်နေသော ညနေခင်းဆည်းဆာအောက်ဝယ် သေလောက်အောင် ဆွဲဆောင်နေလေသည်။

အထူးသဖြင့် လေထဲတွင် အနည်းငယ် လွင့်ပျံနေသည့် အရောင်တောက်တောက် 'ဒက်ကရွန်' အထည်စအချို့က အနားတွင်ရှိနေသော အမျိုးသမီးအားလုံး၏ မျက်လုံးများကို ဖမ်းစားထားတော့သည်။

ဒါက 'ဒက်ကရွန်' အထည်စလေ...။ ခရိုင်အရာရှိကြီးများ၏ မိသားစုများသာ ဝတ်ဆင်နိုင်သည့် အဖိုးတန် ဇိမ်ခံပစ္စည်းမျိုး ဖြစ်သည်။

*ဆရာချန်က တစ်ခါတည်းနဲ့ ဒီလောက်အများကြီး ဝယ်လာခဲ့တာပါလား…*

ရွာသားများ၏ အစပိုင်း အံ့ဩတုန်လှုပ်မှုများက မဆန်းစစ်နိုင်သော မနာလို အားကျမှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လင်းရှို့ရှို့သည် အိပ်ပျော်နေသော မြောင်မြောင်ကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူမအား ပေးထားသော ပစ္စည်းများကို သယ်ဆောင်ထား၏။ သူမသည် လူအုပ်ကြီး၏ အလယ်တွင် ရပ်နေရင်း လက်ကို ဘယ်နားထားရမှန်း ခြေကို ဘယ်နားချရမှန်းမသိအောင် ဖြစ်နေရှာသည်။

သူမသည် ချန်ရှင်းထံသို့ လျှောက်လာခဲ့ပြီး နှုတ်ခမ်းလေးများ တုန်ယင်နေကာ အတော်ကြာမှပင် စကားစရှာတွေ့တော့သည်။ သူမ၏ မျက်ဝန်းအစုံတွင် အတိုင်းထက်အလွန် ကျေးဇူးတင်ရိပ်များနှင့် မိမိကိုယ်တိုင်ပင် သတိမထားမိသော တွန့်ဆုတ်တမ်းတမှု အနည်းငယ်တို့ဖြင့် ပြည့်နှက်နေ၏။

"အကြံပေးချန်... ဒီနေ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ် ဒီပစ္စည်းတွေက... သိပ်ကို အဖိုးတန်လွန်းလို့ ကျွန်မ..."

သူမက လက်မခံနိုင်ပါဘူးဟု ပြောချင်သော်လည်း ထိုစကားများက အားနာစရာ ကောင်းလွန်းပြီး စိတ်နာကျင်စရာ ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။

"ပြန်ပြီး အနားယူလိုက်ပါဦး..."

ချန်ရှင်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ လေသံမှာ အေးဆေးလွန်းလှသဖြင့် မည်သည့်ခံစားချက်ကိုမျှ ဖော်ပြမနေပေ။

သူက ပို၍ တည်ငြိမ်လေလေ လင်းရှို့ရှို့၏ ကျေးဇူးတင်စိတ်က ပိုမိုပြင်းထန်လေလေ ဖြစ်နေတော့သည်။

သူမ ဘာမှထပ်မပြောတော့ဘဲ နှုတ်ခမ်းကို တင်းတင်းကိုက်လျက် ချန်ရှင်းကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်၏။

ထို့နောက် သမီးလေးနှင့် ပစ္စည်းများကို သယ်ဆောင်ကာ မိမိ၏ ရွှံ့အိမ်လေးဆီသို့ ပြန်လျှောက်သွားတော့သည်။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်းလည်း နောက်သို့ ပြန်လည်လှည့်ကြည့်နေရှာသည်။

မတ်တတ်မတ်မတ် မရှိလှသော ထိုကျောပြင်လေးက ညမှောင်မှောင်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း ခြေလှမ်းအနည်းငယ် လှမ်းတိုင်း လူအုပ်ထဲတွင် ရပ်နေသည့် ချန်ရှင်းကို လှည့်ကြည့်ရန် မမေ့ခဲ့ပေ။

လင်းရှို့ရှို့၏ ပုံရိပ်ကလေး လမ်းကွေ့တစ်ခုတွင် လုံးဝ ပျောက်ကွယ်သွားသည့်တိုင်အောင် ဖြစ်၏။

ရွာသားများ၏ စကားပြောသံများက ပြန်လည် ဆူညံလာပြန်သည်။

"အကြံပေးချန်က တကယ့်ကို သဘောကောင်းတာပဲ... ကောင်မလေးလင်းကို ဒီလောက်တောင် ဂရုစိုက်ပေးတာ..."

"ဟုတ်ပကွယ်... အဝတ်အစားအသစ်တွေနဲ့ လက်ဆောင်တွေပါ ပေးတယ်ဆိုတော့... တကယ့်ကို ကျေးဇူးတရားကြီးမားလှပါတယ်... တောက်တောက်..."

ပတ်ဝန်းကျင်မှ စကားသံများကို ဂရုမစိုက်ဘဲ ချန်ရှင်းနှင့် ရွှီချင်းချင်းတို့သည် ကျန်ရှိနေသော အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လျက် လူပေါင်းများစွာ၏ စိုက်ကြည့်မှုအောက်တွင် ရွာ၏ အခြားတစ်ဖက်ရှိ သူတို့၏ အိမ်အသစ်ဆီသို့ လျှောက်လှမ်းခဲ့ကြတော့သည်။

ရွှီချင်းချင်းက လက်တစ်ဖက်တွင် ပေါ့ပါးသော အိတ်အချို့ကို သယ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ချန်ရှင်း၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားကာ မိမိခန္ဓာကိုယ်တစ်ခုလုံးကို သူ့အနားသို့ တိုးကပ်ထားမိသည်။

သူမ၏ နောက်ကျောဘက်မှ ပြင်းထန်သော စိုက်ကြည့်မှုများကို ခံစားနေရသော်လည်း သူမ မည်သည့် စိတ်မသက်မသာဖြစ်မှုကိုမျှ မခံစားရပေ။ ထိုအစား တစ်ခါမှမရှိဖူးသေးသော ဂုဏ်ယူဝါကြွားမှုနှင့် ချိုမြိန်မှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

ဒါဟာ သူမရဲ့ ယောက်ျားပဲလေ...။

ရွာတစ်ရွာလုံး မနာလို အားကျအောင် လုပ်နိုင်ပြီး သူမကို အလိုလိုက်လွန်းလှတဲ့ ယောက်ျား...။

သူတို့နှစ်ယောက် အိမ်အသစ်ဆီသို့ လျှောက်လှမ်းလာကြရာ တံခါးဝသို့ ရောက်သည်နှင့် တံခါးဘောင်ကို မှီရပ်နေသော လှပသည့် ပုံရိပ်ကလေးတစ်ခုကို လှမ်းမြင်လိုက်ရသည်။

ကျောက်ဖန်းအာသည် လက်ပိုက်ထားရင်း နှုတ်ခမ်းထောင့်တွင် စနောက်လိုသော အပြုံးတစ်ခုကို ဆင်မြန်းလျက် သူတို့နှစ်ဦးကို ပြုံးစိစိဖြင့် ကြည့်နေ၏။

သူမ၏ အကြည့်က သူတို့လက်ထဲရှိ စုံလင်လှသော ဈေးဝယ်အိတ်များပေါ်သို့ ဝဲကျသွားပြီးနောက် တမင်တကာပင် သက်ပြင်းရှည်ကြီးကို ချဲ့ကား၍ ချလိုက်တော့သည်။

"အမလေး... ငါ့ရဲ့ အလှပဂေး ရွှီကြီး...၊ ညည်းကတော့ ညည်းရဲ့ ချစ်သူနဲ့အတူ ခရိုင်မြို့ကို သွားပြီး ကောင်းကောင်းမွန်မွန် စားသောက်ပျော်ပါးနေလိုက်တာ...၊ သနားစရာကောင်းပြီး အထီးကျန်နေတဲ့ ညည်းရဲ့ သူငယ်ချင်းအရင်းကြီးကိုတော့ လုံးဝ မေ့သွားပြီပေါ့လေ..."

သူမက ရှေ့သို့ လှမ်းလာပြီး ပျော်ရွှင်မှုကြောင့် နီမြန်းကာ ချောမွေ့နေသော ရွှီချင်းချင်း၏ မျက်နှာလေးကို ဆွဲဖျစ်လျက် စနောက်လိုက်၏။

"ဒီမျက်နှာလေးကို ကြည့်ပါဦး... ဖြူဖွေးနုဖတ်နေတာပဲ...။ မြေရှင်ကြီးရဲ့ မယားလေးကျနေတာပဲ...။ တောနယ်ကို ဆင်းလာတဲ့ ပညာတတ်လူငယ်တစ်ယောက်ရဲ့ အငွေ့အသက်တောင် လုံးဝ မရှိတော့ဘူး..."

"ဖန်းအာ... နင် ဘာတွေ လျှောက်ပြောနေတာလဲ..."

ရွှီချင်းချင်းမှာ ကျောက်ဖန်းအာ၏ စကားများကြောင့် မျက်နှာလေး အလွန်အမင်း ရဲတက်သွားကာ ရှက်လည်းရှက်၊ ဝမ်းလည်းသာ ဖြစ်နေမိသည်။ သူမက ကျောက်ဖန်းအာကို တွန်းထုတ်လိုက်၏။

သူမလက်ထဲမှ တွန်းအားက ပေါ့ပါးလွန်းလှသဖြင့် စနောက်ကျီစယ်သည့် အပြုအမူနှင့်သာ တူနေပေသည်။

သူမသည် အတိုင်းမသိ ပျော်ရွှင်နေမိပြီး သူငယ်ချင်းဖြစ်သူ၏ စကားများက ထိုပျော်ရွှင်မှုကို အဆပေါင်းများစွာ ပိုမိုကြီးမားသွားစေခဲ့သည်။

ချန်ရှင်းက ထိုအမျိုးသမီးနှစ်ဦး ရယ်မောကျီစယ်နေကြသည်ကို ကြည့်ရင်း မျက်နှာထက်တွင် ဖျော့တော့သော အပြုံးတစ်ခုကို အမြဲဆင်မြန်းထားဆဲဖြစ်၏။

သူက သယ်လာသော ပစ္စည်းများကို ရင်ပြင်ရှိ ကျောက်စားပွဲပေါ်တွင် တင်လိုက်ရင်း ကျောက်ဖန်းအာကို ပြောလိုက်သည်။

"မင်းအတွက်လည်း ဝေစုပါတယ်..."

ရွှီချင်းချင်းက ချက်ချင်းပင် နားလည်သွားပြီး ဖျင်အိတ်တစ်ခုထဲတွင် လှန်လှော ရှာဖွေတော့သည်။

မကြာမီမှာပင် သူမသည် လတ်လတ်ဆတ်ဆတ် ပန်းရိုက်လက်ကိုင်ပဝါဖြင့် သေသေချာချာ ထုပ်ပိုးထားသော စတုရန်းပုံစံ သေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူလိုက်ပြီး ကျောက်ဖန်းအာ၏ ရှေ့မှောက်သို့ ရတနာတစ်ခုလို တင်ဆက်လိုက်၏။

“တာ..ဒါ.. ဒါက ဘာလဲဆိုတာ ကြည့်လိုက်ဦး..."

ကျောက်ဖန်းအာမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် စနောက်လိုက်ပြန်သည်။

“ဟမ်… နင်က ငါ့အတွက် တကယ်ပဲ ပစ္စည်းတစ်ခု ပြင်ဆင်လာခဲ့တာလား...။ ဒါက ဘာများထူးခြားနေလို့လဲ...။ ငါ ခန့်မှန်းရရင်တော့... သကြားလုံးတစ်တုံးတော့ မဟုတ်တန်ရာဘူးမလား..."

ရွှီချင်းချင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။

"နင် ဘာလို့ ဖွင့်မကြည့်တာလဲ... ဖွင့်ကြည့်ရင် သိရမှာပေါ့..."

သူမ၏ အူကြောင်ကြောင် အပြုအမူကို မြင်သောအခါ ကျောက်ဖန်းအာလည်း စိတ်ဝင်စားသွားပြီး အမှတ်မထင် လှမ်းယူလိုက်တော့သည်။

"ဒါဆိုရင် ငါတို့ရဲ့ အကြံပေးချန်က ဘယ်လိုရတနာမျိုး ယူလာပေးသလဲဆိုတာ သေသေချာချာ ကြည့်ရသေးတာပေါ့..."

သူမက လက်ကိုင်ပဝါ၏ ထောင့်စွန်းကို အမှတ်မထင် ဆွဲကိုင်လိုက်ပြီး ဖွင့်ရန် ပြင်လိုက်၏။

ရွှီချင်းချင်းက ဘေးမှနေ၍ တိုက်တွန်းနေသည်။

"ကြည့်လိုက်ဦး…နင် သဘောကျရဲ့လားလို့...။ ချန်ရှင်းနဲ့ ငါနဲ့က နင့်အတွက် သီးသန့် ရွေးချယ်ပေးခဲ့တာနော်..."

ကျောက်ဖန်းအာက ခပ်တိုးတိုး ရယ်မောလိုက်ပြီး လက်ချောင်းလေးကို ခါယမ်းလိုက်ရာ စတုရန်းသေတ္တာကို ထုပ်ပိုးထားသော လက်ကိုင်ပဝါလေးက ပွင့်အာသွားတော့သည်။

လက်ကိုင်ပဝါလေး လုံးဝ ပွင့်ထွက်သွားပြီး အတွင်းထဲရှိ ပစ္စည်းကို မြင်လိုက်ရသည့် ခဏဝယ် ကျောက်ဖန်းအာ၏ စနောက်လိုသော အပြုံးများက ချက်ချင်းပင် အေးခဲသွားခဲ့ရ၏။

၎င်းက သေးငယ်သော ဒိုင်ခွက်ကလေး ပါရှိပြီး နုနယ်ပျော့ပျောင်းစွာ ဒီဇိုင်းဆွဲထားသည့် အမျိုးသမီးဝတ် လက်ပတ်နာရီတစ်လုံး ဖြစ်နေသောကြောင့်တည်း။

ရင်ပြင်၏ မှေးမှိန်သော ဝါကျင်ကျင် မီးရောင်အောက်ဝယ် ငွေရောင်နာရီကြိုးလေးက ဆွဲဆောင်မှုရှိပြီး တည်ငြိမ်သော တောက်ပမှုကို ပြသနေကာ လက်တံလေးများက ဒိုင်ခွက်ပေါ်တွင် ငြိမ်သက်စွာ နားခိုနေကြသည်။

ဤခေတ် ဤကာလ၌ ဤပစ္စည်းမျိုးသည် မိစုအမွေအနှစ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်ပြီး မင်္ဂလာဆောင်တစ်ခုအတွက် "မရှိမဖြစ် အသုံးအဆောင် သုံးခု" ထဲတွင် အဖိုးတန်ဆုံးနှင့် ရရှိရန် အခက်ခဲဆုံးသော ဇိမ်ခံပစ္စည်း ဖြစ်ပေတော့သည်။

All Chapters