အခန်း ၂၂၇
Vol. 23 Ch. 227
အခန်း (၂၂၇) လူတိုင်းက အထုပ်အပိုးများ ပြင်ဆင်ကြပြီး အဖြူနှင့် အမည်းတို့က ဘိုးဘေးများကို ဖမ်းဆီးသွားခြင်း
ချွေ့ကျွယ်သည် စိတ်အေးသက်သာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေ၏။
ဤအရာများအားလုံးကို ခေတ္တဘေးဖယ်ထားကာ သူတို့ကို အရင်ရှာဖွေရန် လိုအပ်ပေသည်။ သို့သော်လည်း သူ၏ ဒေါသများ လုံးဝ ပြေပျောက်သွားခြင်း မရှိသေးသဖြင့် နောက်သို့လှည့်ကာ မျက်လုံးများကို ခပ်ပြင်းပြင်း ပွတ်သပ်လိုက်လေသည်။
"ဘုရားရေ... ဘုရားရေ... ဘုရားရေ..."
ဤတစ်ကြိမ်တွင်မူ သူသည် တကယ်ပင် ရူးသွပ်သွားတော့မည် ဖြစ်၏။ သူ၏ ခန္ဓာကိုယ်သည် နောက်သို့ ယိမ်းယိုင်သွားပြီး သူ၏ ဝိညာဉ်သည်လည်း ခန္ဓာကိုယ်ထဲမှ လွင့်ထွက်သွားတော့မည့်အလား ထင်မှတ်ရလေသည်။
တစ်ယောက်တည်းနှင့်ပင် လုံလောက်စွာ ကြောက်စရာကောင်းနေပြီ ဖြစ်သော်လည်း နောက်ထပ် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်ကြီးတစ်ဦး ထပ်မံပေါ်လာပြန်လေသည်။
ချွေ့ကျွယ်၏ ဤအော်ဟစ်သံနှစ်ခုမှာ စူးရှပြီး ထိတ်လန့်ဖွယ်ရာ ဖြစ်နေလေသည်။ နန်ကုန်းယွမ်သည် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ ချွေ့ကျွယ်က မယ်တော်ကြီးအား အကြောက်တရားများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။
*သူက မယ်တော်ကြီးကို သိနေတာလား…*
ချွေ့ကျွယ်သည် သတိကြီးစွာဖြင့် ခြေလှမ်းအနည်းငယ် ရှေ့သို့ မလှမ်းမီ သူ၏ ကိုယ်သူ ငြိမ်သက်အောင် ထိန်းလိုက်လေသည်။ မြေစောင့်နတ်သမီး ဟို့ထုသည် သေမျိုးများ၏ လောကတွင် လှည့်လည်ကာ အို၊ နာ၊ သေခြင်းတရားတို့ကို ခံစားသိရှိနိုင်ရန် သူမ၏ နတ်ဘုရားအသိစိတ်ကို ခွဲထုတ်ထားကြောင်း တစ္ဆေဧကရာဇ်ငါးပါး ပြောသည်ကို သူ ကြားဖူးပေသည်။
သူ သိထားသလောက်ဆိုလျှင်ကား…
သေမျိုးတစ်ဦး၏ ခန္ဓာကိုယ်သည် နတ်ဘုရားတစ်ပါးနှင့် ဆက်နွယ်မှုမရှိပါက ရုပ်သွင်ချင်း တူညီနိုင်မည် မဟုတ်ပေ။
တူညီသော ကမ္ဘာတစ်ခုတည်းတွင် ပုဂ္ဂိုလ်ကြီးနှစ်ဦးနှင့် ပြဿနာရှာရန် အခွင့်အရေးကို ဘယ်သောအခါမှ လက်မလွှတ်တတ်သည့် ပြဿနာကောင် အနည်းငယ်တို့ ရှိနေလေသည်။
ယမမင်းရေ…ဤသည်မှာ တကယ်ပင် ကပ်ဘေးကြီးတစ်ခု ဖြစ်လာတော့မည် ဖြစ်၏။
တရားသူကြီး ချွေ့ကျွယ်သည် ဆက်၍ မနေရဲတော့ဘဲ မယ်တော်ကြီး ရှိရာဘက်သို့ အလွန်အရိုအသေပေးကာ ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။
"ဟို့ထုနတ်သမီး... ကျွန်တော်မျိုး ကိုယ်ထင်ပြပြီး အရိုအသေ မပေးနိုင်တဲ့ ရိုင်းစိုင်းမှုအတွက် ခွင့်လွှတ်ပေးတော်မူပါ..."
မြေစောင့်နတ်သမီးဟို့ထုပင် ဖြစ်လေသည်။
နန်ကုန်းယွမ်သည် မိန်းကလေး၏ အမှန်တကယ် မည်သူမည်ဝါဖြစ်ကြောင်းကို ပထမဆုံး သိရှိခဲ့ရစဉ်ကထက် မလျော့သော တုန်လှုပ်ချောက်ချားမှုများဖြင့် သူ၏ အဘွားဖြစ်သူကို ကြည့်လိုက်လေသည်။
တရားသူကြီး ချွေ့ကျွယ် ဦးညွှတ်အပြီးတွင် သူ၏ အကြည့်များသည် အခြားသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦးအပေါ်သို့ ကျရောက်သွားရာ ထိုသူ့အတွက် အကြောက်တရားများ ပြည့်နှက်နေဆဲပင် ဖြစ်၏။
ဟို့ထုနတ်သမီးသည် ကြင်နာ၍ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်ရှိပြီး သူတို့က သူမကို လေးစားကြလေသည်။
ဆန့်ကျင်ဘက်အားဖြင့် သူသည် ငရဲပြည်တွင် ဒုတိယမြောက် အာဏာအရှိဆုံး ပုဂ္ဂိုလ်ပင် ဖြစ်သည်။
သူသည် အစွမ်းထက်သော အရှိန်အဝါကို ပိုင်ဆိုင်ထားပြီး ငရဲပြည်ကိုးထပ်တစ်ခုလုံးကို လွှမ်းမိုးထားလေသည်။
များသောအားဖြင့် သူ၏ အကြည့်တစ်ချက်သည်ပင် ဤအသေးအဖွဲကောင်များကို တစ်ကိုယ်လုံး တုန်ယင်သွားစေတတ်ပြီး သူ၏ ဘေးတွင် ရပ်နေစဉ် အသံကျယ်ကျယ်ဖြင့်ပင် အသက်မရှူရဲကြပေ။
"သူတို့ လွတ်သွားပြီ... သူတို့ လွတ်သွားပြီ..."
"ဒီနန်းတော်ကို နောက်တစ်ခါ ပြန်လာရမည့်အစား သေလိုက်တာကမှ ပိုကောင်းဦးမယ်..."
အလင်းတန်းတစ်ခု လက်သွားသည်နှင့်အတူ ချွေ့ကျွယ်သည် အရိပ်အယောင်မျှပင် မကျန်ရစ်ဘဲ ပျောက်ကွယ်သွားလေသည်။
ဤနှစ်ဦးထံ သွားရောက်၍ မရသော်လည်း ထိုပြဿနာကောင်များကိုမူ သူ ဖမ်းနိုင်သေးပေသည်။
ထိုမိန်းကလေးများကို ထိုပုဂ္ဂိုလ်ကြီးများနှင့် လုံးဝ အတူတူ သွားလာခွင့် မပြုနိုင်ပေ။ သို့မဟုတ်ပါက သူတို့၏ ကပ်ဘေးများကို ကျော်ဖြတ်ပြီး ငရဲပြည်သို့ ပြန်ရောက်သည့်အခါ သူတို့သည် ပို၍ပင် ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ဆောင်လာကြမည်ဖြစ်၏။
နန်ကုန်းယွမ်သည် ခုနက သူ့ကို ကြည့်လိုက်စဉ် ချွေ့ကျွယ်၏ မျက်လုံးများထဲရှိ အကြောက်တရားကို လွတ်မသွားခဲ့ပေ။
အကြောက်တရားတဲ့လားဟု သူ တွေးလိုက်မိ၏။
သူ၏ မျက်မှောင်များမှာ တင်းကျပ်စွာ စုကြုံ့သွားလေသည်။
တရားသူကြီး ချွေ့ကျွယ် ထွက်ခွာသွားခြင်းက ပတ်ဝန်းကျင်ရှိ အပူချိန်ကို ပြန်လည် မြင့်တက်လာစေခဲ့ပြီး လူတိုင်းမှာ စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်ကြလေသည်။ သို့သော်လည်း ယွင်မိသားစုဝင်များ၏ မျက်နှာများမှာမူ အလွန်အမင်း ဖြူရော်နေကြပြီး သူတို့၏ အငယ်ဆုံးသမီး သို့မဟုတ် ညီမငယ်လေးအတွက် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေကြ၏။
သူတို့သာမက ချွေ့မိသားစုနှင့် တော်ဝင်မိသားစုဝင်များပါ ထိုနည်းတူပင် ဖြစ်လေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် အစောင့်များ၏ ပါးစပ်ပိတ်ခြင်း ခံထားရသူများကို တစ်ချက်ကြည့်လိုက်ပြီး မယ်တော်ကြီးနှင့် အကြည့်ချင်း ဖလှယ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
တစ်စုံတစ်ယောက်က သူ၏ အတွင်းနက်ရှိုင်းဆုံးမှ အတွေးများကို ကြားနိုင်ကြောင်း သိရှိထားသဖြင့် သူ စိတ်အေးသက်သာ ရှိသွားလေသည်။
ပြီးတော့ ဤသူများ…
ထိုမိန်းကလေး ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် သူတို့က အသေအချာ တစ်ခုခုတော့ ပြောမည် ဖြစ်သည်။ သူက သူတို့ကို သေချာပေါက် ပြောဆိုဆုံးမရန် လိုအပ်ပုံရလေသည်။ အကယ်၍ သူတို့သာ တကယ်ပင် စကားမနားထောင်ပါက ဆွေမျိုးကိုးဆက် မျိုးဖြုတ်သတ်ခြင်း ကစားပွဲကို သူ ကစားရတော့မည်ဖြစ်၏။
"သူတို့ကို ဘေးဘက်ခန်းမဆောင်ဆီ ခေါ်သွားလိုက်... ငါ ကိုယ်တော် သူတို့ကို လက်ဖက်ရည် တိုက်မလို့..."
"မှန်လှပါ..."
အရှေ့ဘက်နယ်စပ်တွင် လူဦးရေ ထူထပ်လွန်းသဖြင့် ထိုနေရာမှ လူဦးရေကို လျှော့ချခြင်းက နယ်ခြားစောင့်တပ်များအတွက် ရိက္ခာအချို့ကို ချွေတာနိုင်ပေမည်။
ထိုမိန်းကလေးနှင့် အခြားသူများ အစောပိုင်းက ပြောဆိုခဲ့ကြသော အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေကို တွေးမိလိုက်သောအခါ နန်ကုန်းယွမ်၏ မျက်လုံးများသည် မည်းမှောင်သွားလေသည်။
"ထွက်လာခဲ့ပြီး ငါ့ကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ ခေါ်သွားစမ်း..."
ရှောင်လီဟွာနှင့် ရှောင်ရှင်းဟွာတို့ ချက်ချင်း ထွက်ပေါ်လာကြသည်။ နန်ကုန်းယွမ်သည် ဧကရာဇ်ဝမ်ရွှမ်းကို လက်ယှက်ကာ အရိုအသေပေးလိုက်လေသည်။ အစောင့်နှစ်ဦးအနက် တစ်ဦးက နန်ကုန်းယွမ်ကို ကျောပိုးထားပြီး နောက်တစ်ဦးက သူ၏ ဘီးတပ်ကုလားထိုင်ကို တွန်းကာ နန်းတော်ထဲမှ အလျင်အမြန် ထွက်ခွာသွားကြလေသည်။
ဧကရာဇ်ဝမ်ရွှမ်းက လက်ကို ဝှေ့ယမ်းလိုက်၏။
"နန်းတွင်း ညစာစားပွဲပြီးပြီ... အားလုံး အိမ်ပြန်ကြတော့..."
"အဖေ... အမေ... သမီး အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ သွားမလို့... ညီမလေးက တို့မိသားစုဝင်ပဲလေ... တရားသူကြီး ချွေ့ကျွယ်ကများ ပေါ်လာရဲရင် သူ့ကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်..."
ယွင်ဝေ၏ မျက်လုံးများတွင် မျက်ရည်များ ရစ်သိုင်းနေလေသည်။
ထိုပြဿနာရှာတတ်သော ညီမလေးကို သူမက ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်လာခဲ့ခြင်းဖြစ်သည်။ သူမကို ခေါ်သွားချင်သည်ဆိုပါက သူမ၏ လက်ထဲရှိ ကျောက်စိမ်းအုတ်ခဲလေးကို အရင်လာမေးလှည့်။
"ငါလည်း လိုက်မယ်..."
ယွင်ယာက ရှေ့သို့ လှမ်းထွက်လာသည်။
"ငါက အစ်မကြီးပဲ... ညီမလေးကို ပြန်ခေါ်လာလို့ရမရ ငါ သွားကြည့်မယ်... အဆင်မပြေဘူးဆိုရင် ပစ္စည်းတချို့ ယူသွားရမယ်... သူမက ချွေ့ကျွယ်ကို ပုန်းရှောင်နေတာဆိုတော့ ယွင်မိသားစုဆီ ပြန်လာချင်မှ ပြန်လာမှာ..."
ဤသည်ကို ကြားလိုက်ရသောအခါ...
ချွေ့ဝမ်ရှင်းသည် ယွင်ရှောင်ထျန်း၏ ကိုယ်ပေါ်သို့ အရုပ်ကြိုးပြတ် ကျဆင်းသွားပြီး သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ တသွင်သွင် စီးကျလာလေသည်။
"ဒါဆို... ဒါဆိုရင် ငါ သူမနဲ့အတူ သိုင်းလောကထဲ လှည့်လည်မယ်..."
ယွင်ရှောင်ထျန်းမှာ ဆွံ့အသွားလေသည်။
"ညီမလေးက ငါ့ကို သိုင်းလောကထဲ ခေါ်သွားပြီး စွန့်စားခန်းတွေ ဖွင့်မယ်လို့ အမြဲပြောခဲ့တာ... အခုပဲ အထုပ်အပိုးတွေ သွားပြင်လိုက်ဦးမယ်... အရှင်မင်းကြီး... အခု အနောက်နန်းဆောင်က မင်းရဲ့ လက်ထဲမှာပဲ..."
မယ်တော်ကြီးသည် လှည့်ကာ ပြေးသွားလေတော့သည်။
ဧကရီမှာ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် သူမ၏ တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်လေသည်။
"သူမရဲ့ စာရင်းထဲမှာ ငါလည်းပါတာပဲ... အရှင်မင်းကြီး... မောင်းမဆောင်ထဲက ဘယ်သူ့ကို သဘောကျလဲ... သူတို့ကို တော်ဝင်မိဖုရားခေါင်ကြီးဘွဲ့ အရင်ပေးလိုက်ပါ..."
ဧကရာဇ်ဝမ်ရွှမ်းမှာ အံ့ဩမှင်တက်သွားရလေ၏။
အိမ်ရှေ့စံမင်းသားသည် ဆိုးရွားသော ခံစားချက်တစ်ခု ရရှိလိုက်ပြီး နောက်သို့ လှည့်ကြည့်ရန် ပြင်လိုက်စဉ် သူ၏ ချစ်လှစွာသော ဇနီးသည်က သူ့ကို အေးစက်စက် ကျောပြင်တစ်ခုသာ ထားရစ်ခဲ့ပြီး ထွက်သွားလေပြီ။
"မိန်းမ... မိန်းမ... ကိုယ်ဝန်ကြီးနဲ့ မသွားရဘူးလေ... သွားလို့မရဘူး..."
သို့သော်လည်း အချိန်အနည်းငယ် ကြာပြီးနောက်တွင်။
ယွင်ဟွား ပြောဆိုခဲ့ဖူးသော လူများသည် အရူးများကဲ့သို့ အိမ်သို့ ပြေးပြန်ကြပြီး ယုံအန်းမင်းသမီးနှင့်အတူ စွန့်စားခန်းများ ဖွင့်ရန်အတွက် သူတို့၏ ခရီးဆောင်အိတ်များကို ပြင်ဆင်ကြလေတော့သည်။
"သခင်မ... စိတ်အေးအေးထားပါဦး..."
"မိန်းမ... ငါပြောတာကို နားထောင်ပါဦး..."
သူတို့၏ နောက်တွင်တော့ ထိတ်လန့်နေသော အမူအရာများဖြင့် အမျိုးသားများ လိုက်ပါလာကြလေသည်။
လူအုပ်ကြီးသည် ပျော်ရွှင်မှုတွင် ပါဝင်ဆင်နွှဲချင်ကြသော်လည်း အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေ၏ ကြောက်မက်ဖွယ်ရာ ပတ်ဝန်းကျင်အပြင် ငရဲပြည်၏ နတ်ဘုရားဖြစ်သော တရားသူကြီး ချွေ့ကျွယ်နှင့် ဆုံတွေ့နိုင်ခြေ ရှိနေခြင်းကြောင့် သူတို့ကို အနည်းငယ် တွေဝေသွားစေလေသည်။
ထိုအတွေးသည် ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်း ထွက်ခွာသွားကြလေပြီ။
အခန်း၏ လူသူကင်းမဲ့သော ထောင့်တစ်နေရာတွင်မူ သတိလစ်နေသူ တစ်ဦးတည်းသာ လဲလျောင်းနေပြီး မြေကြီးက အနည်းငယ် အေးစက်နေသောကြောင့် ရံဖန်ရံခါ တုန်ယင်နေလေသည်။
ပန်းကလေးကို အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေဆီ ခေါ်သွားမည့်အစား ငရဲလကျောက်သည် စိမ်းသက်နေသော အိမ်တော်တစ်ခု၌ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ရှောင်ယိုယို... ဘာတွေဖြစ်နေတာလဲ... ငါ့ကို ဘယ်ခေါ်လာတာလဲ..."
ယွင်ဟွားသည် အလွန်အမင်း စိုးရိမ်ပူပန်နေလေသည်။ အကယ်၍ သူတို့ ဤထက်ပို၍ အချိန်ဆွဲနေမည်ဆိုပါက ကျွယ်ကျွယ်လေးက သူတို့ကို မီသွားတော့မည် ဖြစ်၏။
ငရဲလကျောက်က မျက်လုံးကို လှန်လိုက်လေသည်။
"ဘာဖြစ်ရမှာလဲ... ငရဲပြည်က တရားသူကြီး ရောက်လာရုံတင်မကဘူး ဖြူမည်း သေမင်းတမန်တွေကလည်း တစ္ဆေဖမ်းဖို့ ရောက်လာကြတယ်... နင့်ရဲ့ ဘိုးဘေးတွေက သရဲတစ္ဆေ ကျင့်စဉ်တွေကို ပေါက်ကြားစေခဲ့တယ်ဆိုတာ သိသွားပြီးနောက်မှာ သူတို့က ယွင်မိသားစု ဘိုးဘေးတွေကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်ပြီ..."
"ဘာ..."
"နင် ဘာပြောလိုက်တယ်..."
ယွင်ဟွား၏ စူးရှသောအသံ ထွက်ပေါ်လာပြီး သူမ၏ အသက်ရှူသံများ ရင်ဘတ်ထဲသို့ နစ်ဝင်သွားကာ သူမ၏ မျက်လုံးများထဲရှိ နူးညံ့မှုများ ပျောက်ကွယ်သွားပြီး အေးစက်သော အရိပ်အယောင်သာ ကျန်ရစ်တော့လေသည်။
သူမကို ပြဿနာ လာရှာ၍ရသော်လည်း သူမ၏ မိသားစုကို ပြဿနာရှာခြင်း၊ အထူးသဖြင့် သူမ၏ အချစ်စရာအကောင်းဆုံး အဘိုးကြီးကို ပြဿနာရှာခြင်းကိုမူ ခွင့်မလွှတ်နိုင်ပေ။ ယွင်ဟွား၏ ရှင်းလင်းနေသော အဖြူနှင့် အမည်း မျက်လုံးများသည် ချက်ချင်းပင် တောက်ပသော အနီရောင်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ နဖူးပေါ်တွင် အမှတ်အသားတစ်ခု ထွက်ပေါ်လာလေသည်။ သူမထံမှ အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်လာ၏။
ကံကောင်းစွာဖြင့် ငရဲလကျောက်တွင် စွမ်းအား အနည်းငယ် ကျန်ရှိနေသေးပြီး ၎င်းက သူမ၏ အရှိန်အဝါကို ဖုံးကွယ်ပေးထားလေသည်။ သို့မဟုတ်ပါက ချွေ့ကျွယ်က တိုက်ခိုက်ပြီးလောက်ပြီ ဖြစ်၏။
ယွင်ဟွားက မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး သူမ၏ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်နေကာ မေးလိုက်လေသည်။
"သူတို့ အခု ဘယ်မှာလဲ..."
သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့တွင် တစ်ခုက သူမ၏ ခေါင်းပေါ်တွင် ဝပ်နေပြီး အခြားတစ်ခုက သူမ၏ ပခုံးပေါ်တွင်ရှိနေရာ ပန်းကလေးကို တကယ်ပင် ကြောက်မက်ဖွယ်ကောင်းအောင် ဖြစ်စေပြီး ထိုစဉ်က ယမမင်းကို သူမ စိန်ခေါ်ခဲ့စဉ်ကအတိုင်းပင် ဖြစ်လေသည်။
ဤအရာပင် ဖြစ်တော့သည်။
"ဒ္နေရာက အမတ်လျူရဲ့ အိမ်တော်ပဲ... သူက ဖောက်ပြန်နေတဲ့ စုံတွဲနှစ်တွဲကို လက်ဆုပ်လက်ကိုင် မိဖို့ ပြန်လာခဲ့တာ... ပြီးတော့ သူတို့ကို လက်စသတ်လိုက်ချိန်မှာပဲ ဖြူမည်း သေမင်းတမန်တွေက သူတို့ရဲ့ ဝိညာဉ်တွေကို ဖမ်းဖို့ ပြင်ဆင်နေကြတာ..."
"ဟုတ်လား..."
ယွင်ဟွားက ပြုံးလိုက်သော်လည်း ထိုအပြုံးသည် သူမ၏ မျက်လုံးများထံသို့ မရောက်ရှိပေ။ နောက်ပိုင်းတွင် ချွေ့ကျွယ်က သူမကို ဖမ်းမိသွားလျှင်တောင်မှ သူမသည် ယွင်မိသားစု ဘိုးဘေးကို အပြင်သို့ ထုတ်နိုင်ရန် ကြိုးစားဦးမည်သာ ဖြစ်၏။
"စိတ်မပူပါနဲ့ ဟွားဟွား... ပေပေ့က ငါ့ရဲ့ ရတနာကို ချက်ချင်း ထုတ်ယူလိုက်မယ်... ငါ့ဆီမှာ ဝိညာဉ်ချည်နှောင်ကြိုး ရှိတယ်... အဲ့လူဆိုးနှစ်ယောက်ကို အရင် ချုပ်ထားပြီး သူတို့ဘဝကို သူတို့ သံသယဝင်သွားတဲ့အထိ ရိုက်နှက်ကြတာပေါ့..."
"မလိုဘူး..."
ယွင်ဟွားက သူမ၏ လက်ကို လှန်လိုက်ရာ အနက်ရောင် ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲတစ်ခု သူမ၏ လက်ထဲတွင် ပေါ်လာလေသည်။
အခြားတစ်ဖက်တွင်မူ။
"ကျွတ် ကျွတ် ကျွတ်... လောင်ပိုင်... ဒီနေ့ ငါတို့ သားကောင် အတော်များများရတာပဲ..."
သေမင်းတမန်အမည်းသည် ဝိညာဉ်လေးခုကို သော့ခတ်ထားသည်ကိုကြည့်ကာ သရော်လိုက်လေသည်။ သူ၏ ခါးတွင် ချိတ်ဆွဲထားသော ဝိညာဉ်ချည်နှောင်အိတ်က လှုပ်ရှားနေဆဲဖြစ်ရာ သူက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"အဟက်... အဲ့လောက် ဖြစ်နေတာတောင် မင်းတို့က လိမ္မာအောင် မနေသေးဘူးလား..."
သေမင်းတမန်အမည်းသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ လက်ချောင်းထိပ်မှ ယင်စွမ်းအင်တစ်စသည် ဝိညာဉ်ချည်နှောင်အိတ်ထဲသို့ ပစ်ဝင်သွားရာ ၎င်းကို ချက်ချင်းပင် တိတ်ဆိတ်သွားစေလေသည်။