အခန်း ၂၂၈
Vol. 23 Ch. 228
အခန်း (၂၂၈) အဖြစ်ဆိုးနှင့်ကြုံရသော ဖြူမည်း သေမင်းတမန်များ
သေမင်းတမန်အမည်းသည် ဝိညာဉ်ချည်နှောင်အိတ်ကို ပုတ်လိုက်ပြီး စိတ်အလွန်ကြည်နူးနေလေ၏။
"မင်းတို့က အရမ်းခေါင်းမာတာပဲ... မင်းတို့ရဲ့ သရဲတစ္ဆေ ကျင့်စဉ်တွေကို ဘယ်ကရလာသလဲဆိုတာ ပြောဖို့ ငြင်းဆန်နေကြတယ်... ငရဲပြည်ကို ရောက်တဲ့အထိသာ စောင့်နေလိုက်... မင်းတို့တွေ နာကျင်မှုကမ္ဘာထဲ ရောက်သွားစေရမယ်..."
ယွင်မိသားစု၏ ဘိုးဘေးများက တစ်စုတစ်ရုံးတည်း ပူးကပ်နေကြသည်။ ထိုမိန်းကလေးသည် ငရဲပြည်မှလူများနှင့် တွေ့ရမည်ကို ကြောက်ရွံ့ပြီး ရှူးရှူးနှင့် ပေပေ့တို့ကို သူတို့က ခေါ်သွားမည်ကို စိုးရိမ်နေကြောင်း ကြားသိထားကြသဖြင့် ပါးစပ်ပိတ်ထားကာ ဘာမှမပြောဘဲ နေလိုက်ကြလေ၏။
ယွင်ကျန်းရှန်က မျက်ရည်တစ်ပေါက်ကို သုတ်လိုက်သည်။
"ငါတို့အားလုံး မျိုးပြုတ်သွားပြီဆိုတာကို သိသွားရင် ငါ့မြေးမလေး ငရဲပြည်ကို ပြန်လာမလား မသိဘူး..."
"အင်း..."
"အားလုံး ငါ့အမှားတွေပါ... အောင်မြင်မှုနည်းနည်း ရသွားပြီးတဲ့နောက်မှာ ဘိုးဘေးခန်းမထဲမှာ ပိတ်လှောင်ခံနေရတာကို သည်းမခံနိုင်တော့ဘဲ အပြင်ထွက်ဖို့ ကြိုးစားခဲ့မိတယ်... အပြင်ရောက်ရောက်ချင်း ဖြူမည်း သေမင်းတမန်တွေ ဖမ်းတာခံရလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး..."
သူသည်လည်း နောင်တရနေလေ၏။
ဆုတောင်းပြည့်စေရန် ခြိမ်းခြောက်မည့် မျိုးဆက်သစ်ဆွေမျိုးများ မရှိတော့ပေ။ သူ၏ အကြီးဆုံးမြေးကိုလည်း စာသင်ပေး၍ မပြီးသေးသည့်အပြင် အိမ်စာများနှင့် ပူညံပူညံလုပ်ကာ သူ့ကို အမြဲဒုက္ခပေးတတ်သော မြေးမလေးနှင့်လည်း မခွဲခွာရက်နိုင်အောင် ဖြစ်နေရသည်။
"သွားကြစို့... အချိန်က အရေးကြီးတယ်... ငါတို့ နောက်တစ်နေရာကို သွားရဦးမယ်..."
သေမင်းတမန်အဖြူက သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
ရာထူးတိုးရန်နှင့် လစာတိုးရန်အတွက် ငရဲပြည်ရှိ တစ္ဆေတမန်များက သူတို့၏ ကိုယ်ပိုင်တာဝန်များကို လျစ်လျူရှုကာ ထိုပြဿနာရှာကောင်များကို အသည်းအသန် ရှာဖွေနေကြသဖြင့် သူနှင့် လောင်ဟေးတို့မှာ နေ့စဉ်အချိန်ပိုဆင်းနေရပြီး လပေါင်းများစွာ ကောင်းမွန်စွာ အနားမယူရခြင်း ဖြစ်ပေသည်။
သေမင်းတမန်အမည်းက ခေါင်းညိတ်လိုက်ပြီး ထိုသူနှစ်ဦး ထွက်ခွာတော့မည့်ဆဲဆဲတွင် ရှင်းလင်းပြီး အေးစက်သော အသံတစ်ခုက သူတို့၏ နောက်ကွယ်မှ ထွက်ပေါ်လာလေ၏။
"မတွေ့ရတာ ကြာပြီနော် အမည်းလေး၊ အဖြူလေး... နင်တို့နှစ်ယောက် ငါ့ကို လွမ်းနေကြလား..."
ယွင်ဟွားသည် ဖြည်းညင်းစွာ လျှောက်ထွက်လာလေသည်။
အေးစက်သော လေပြေတစ်ချက် တိုက်ခတ်သွားရာ သူမ၏ ဖြာကျနေသော ဆံပင်များသည် လေထဲတွင် လွင့်ဝဲသွားလေ၏။ သူမ၏ မျက်လုံးများထဲတွင် ကြမ်းတမ်းသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသော်လည်း ချက်ချင်းပင် ဖုံးကွယ်လိုက်သည်။
ဖြူမည်း သေမင်းတမန်နှစ်ပါးမှာ အံ့အားသင့်သွားကြသည်။ ဤမျှရင်းနှီးနေသော အခေါ်အဝေါ်ကို တစ်ကမ္ဘာလုံးရှိ ငရဲပြည်တစ်ခွင်တွင် လူတစ်ဦးတည်းကသာ သုံးနှုန်းနိုင်ပေသည်။
သူတို့နှစ်ဦး အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ဦး၏ မျက်လုံးထဲတွင် တစ်ဦးက အံ့အားသင့်မှုများကို မြင်တွေ့လိုက်ကြလေ၏။
ရှာလိုက်ရသည်မှာ အမောပင်။ ယခုမူ လွယ်လွယ်ကူကူပင် ကိုယ့်ဆီ ရောက်လာခဲ့လေပြီ။
သူတို့သည် ကပ်ဘေးဒုက္ခ၏ တည်နေရာကို တကယ်ပင် ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်သည်။
ဖြူမည်း သေမင်းတမန်နှစ်ပါး လှည့်ကြည့်လိုက်သောအခါတွင် ရင်းနှီးနေသော မန်ဂျူဆာကာ ပန်းနီလေး ဖြစ်နေပေသည်။ သို့ရာတွင် သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့မှာမူ ၎င်းတို့၏ မူလပုံစံများဆီသို့ ကျုံ့ဝင်သွားခဲ့ပြီဖြစ်ရာ ထိုနေရာတွင် မရှိတော့ပေ။
"အိုး... ပုလဲလေး... တိုက်ဆိုင်လိုက်တာ... ဒီလောကထဲကို ဝင်စားလာလိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့ဘူး... ငါတို့သုံးယောက် စကားလေးဘာလေး ပြောကြရအောင်လား..."
သေမင်းတမန်အမည်းက ပြုံး၍ နှုတ်ဆက်လိုက်သော်လည်း သေမင်းတမန်အဖြူကမူ အခြား ပြဿနာကောင်နှစ်ဦးကို တိတ်ဆိတ်စွာ ရှာဖွေနေလေ၏။
ယွင်ဟွား၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး သူမ၏ အကြည့်များက သေမင်းတမန်အမည်း၏ ခါးဆီသို့ ရောက်ရှိသွားသည်။ သူမက ပြုံးကာ ပြောလိုက်၏။
"ကောင်းပြီလေ... ငါမရှိတဲ့အချိန် ငရဲပြည်က စည်ကားနေလား ဒါမှမဟုတ် ခြောက်ကပ်နေလား ဆိုတာကို သိချင်နေတာ..."
သေမင်းတမန်အဖြူ၏ နဖူးကြောများ ပြင်းထန်စွာ တွန့်လိမ်သွားလေသည်။
"စည်ကားတယ်... အရမ်းကို စည်ကားတာပဲ... တရားသူကြီးစုတ်တံက နင့်ရဲ့ မူလခန္ဓာကိုယ်ကို ယူပြီး ထွက်ပြေးသွားတယ်... ပြီးတော့ ငရဲပြည်မှာရှိတဲ့ ပစ္စည်းကောင်းတွေကိုလည်း ထုပ်ပိုးပြီး ယူသွားသေးတယ်... ယမမင်းက သူ့ကို လိုက်ရှာရင်းနဲ့ကို ပရမ်းပတာတွေ ဖြစ်နေတော့တာပဲ..."
"သူ နင့်ကို ရှာတွေ့သွားပြီလား မသိဘူး..."
သေမင်းတမန်အဖြူက စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။
"ဟုတ်လား..."
"ပေပေ့လေးများ ပျောက်သွားတာလား... ငါ သူ့ကို လုံးဝမတွေ့ရသေးဘူး..."
ယွင်ဟွားက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီးနောက် သေမင်းတမန်အမည်း၏ ဝိညာဉ်ချည်နှောင်အိတ်ကို ရုတ်တရက် လက်ညှိုးထိုးပြလိုက်သည်။
"ဝိညာဉ်ချည်နှောင်အိတ်ကို သုံးထားတာလား... ဘာဖြစ်လို့လဲ... ကလဲ့စားတစ္ဆေနဲ့ တွေ့လို့လား..."
သေမင်းတမန်အမည်းက အောက်သို့ တစ်ချက်ကြည့်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
"မဟုတ်ပါဘူး... အိမ်တော်တစ်ခုထဲမှာ သူတို့ကို ဖမ်းမိခဲ့တာ... မျိုးဆက်သစ်တွေဆီက ပူဇော်သက္ကာရတွေကို ခံယူနေမယ့်အစား တစ်နေရာရာကနေရလာတဲ့ တစ္ဆေ ကျင့်စဉ်တွေကို လျှို့ဝှက်ကျင့်ကြံနေကြတာ..."
"ကြည့်ရတာ သူတို့က အေးအေးချမ်းချမ်း နေမယ့်ပုံမပေါ်ဘူး... ဒါ့ကြောင့် ဖမ်းပြီး ငရဲပြည်ကို ပြန်ခေါ်သွားကာ ကောင်းကောင်းဆုံးမပေးမလို့..."
"ဪ... ဒါကြောင့်ကိုး..."
ယွင်ဟွားက တောက်ပစွာ ပြုံးလိုက်လေသည်။
"ဒါဆိုရင်... ငါ နင်တို့ကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်..."
ယွင်ဟွားသည် ရုတ်တရက် သေမင်းတမန်အမည်းအနားသို့ တိုးကပ်သွားပြီး ရယ်မောကာ ပြောလိုက်၏။
"အဲ့တစ္ဆေကျင့်စဉ်ကို ငါ ပေးထားတာ... နင်တို့ ဖမ်းလာတဲ့ တစ္ဆေတွေက ဒီဘဝမှာ ငါ့ရဲ့ ဘိုးဘေးတွေပဲ... အံ့သြသွားလား... မထင်ထားဘူး မဟုတ်လား..."
"ဘာ..."
သေမင်းတမန်အမည်းသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ၏ အသံမှာ အလိုအလျောက် ကျယ်လောင်သွားလေ၏။
"နင့်... နင့်ရဲ့ ဘိုးဘေးတွေ..."
"အင်း..."
ယွင်ဟွားက ခေါင်းညိတ်လိုက်ပြီး သူမ၏ ပါးစပ်လေးမှာ ပြုံးယောင်သန်းသွားလေသည်။
သေမင်းတမန်အဖြူ၏ တုံ့ပြန်မှုက အမြန်ဆန်ဆုံး ဖြစ်သည်။ သူသည် ထိုလူယုတ်မာ၏ နှုတ်ခမ်းပေါ်မှ ထူးဆန်းသော အပြုံးကို မြင်လိုက်ရပြီး သူ၏ နှလုံးသားမှာ ခုန်ပေါက်သွားလေ၏။ သူက အော်ဟစ်လိုက်သည်။
"လောင်ဟေး... သတိထား... အဲ့လူယုတ်မာက ညစ်ပတ်တဲ့ နည်းလမ်းကို သုံးတော့မယ်..."
သူ စကားမဆုံးမီမှာပင် သေမင်းတမန်အမည်း၏ ခေါင်းကို ကောင်းကင်တုန်ခါအုတ်ခဲဖြင့် ထုချလိုက်လေသည်။
"ဘုန်း" ဟူသော အသံတစ်သံ ထွက်ပေါ်လာ၏။
အသံမှာ ကျယ်လောင်ပြီး လေးလံလှပေသည်။
ထိုရိုက်ချက်ကြောင့် သေမင်းတမန်အမည်းမှာ မျက်စိထဲတွင် ကြယ်များလည်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ထိုနေရာတွင်ပင် ချာချာလည်သွားလေ၏။ ယွင်ဟွားသည် သူ၏ ခါးမှ ဝိညာဉ်ချည်နှောင်အိတ်ကို အမြန်ဆွဲလုယူလိုက်ပြီး ကောင်းကင်တုန်ခါအုတ်ခဲကိုကိုင်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
ယင်စွမ်းအင် အနည်းငယ်ကို အထဲသို့ ထိုးထည့်၍ စစ်ဆေးကြည့်လိုက်ရာ ဘိုးဘေးများမှာ အနည်းငယ် ဖရိုဖရဲဖြစ်နေပြီး သူတို့ ကျင့်ကြံထားသော ယင်စွမ်းအင်များ အားလုံး လွင့်စင်သွားကြသည်။ သို့ရာတွင် သူတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာမရထားသည်ကို မြင်လိုက်ရသဖြင့် သူမ သက်ပြင်းချနိုင်သွားလေ၏။
တရားသူကြီးစုတ်တံသည် အခွင့်ကောင်းကို ယူကာ သူ၏ ဝမ်းဗိုက်အောက်ပိုင်းမှ ဝိညာဉ်ချည်နှောင်ကြိုးကို ဆွဲထုတ်လိုက်ပြီး သေမင်းတမန်အမည်းကို ချည်နှောင်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သေခြင်းရှင်ခြင်းစာအုပ်က ဆူးပါသော တုတ်တိုကို ကိုင်ဆောင်ထားပြီး သေမင်းတမန်အမည်းအား အဆုံးသတ်ရန်အတွက် သူ၏ ခေါင်းဆီသို့ ချိန်ရွယ်လိုက်၏။
“ငါ နင့်ကို ရိုက်မယ်…”
“နင့်ရဲ့ ဘိုးဘေးတွေကိုပဲ သွားဖမ်းလေ... ဟွားဟွားရဲ့ ချစ်စရာကောင်းတဲ့ အဘိုးအဘွားတွေကိုတောင် ချမ်းသာမပေးဘူး... ငါ နင့်ကို သေတဲ့အထိ ရိုက်သတ်ပစ်မယ်…”
“ရှူးရှူး... ပြင်းပြင်းရိုက်... ပြင်းပြင်းရိုက်... သေတဲ့အထိ ရိုက်ပစ်လိုက်…”
တရားသူကြီးစုတ်တံက ရက်စက်စွာ အားပေးလိုက်၏။ ဟွားဟွားကို လာရှာစဉ်က သူတို့နှစ်ဦးက သူ့ကို ဝိုင်းထားခဲ့ကြသည်ကို မေ့မထားပေ။
*ငါသာ ဉာဏ်နည်းနည်း မသုံးခဲ့ဘူးဆိုရင် အလုပ်ကြမ်းလုပ်ဖို့ ငရဲပြည်ကို ပြန်ခေါ်သွားခံရတာ ကြာပြီပေါ့…*
"လောင်ဟေး..."
သေမင်းတမန်အဖြူမှာ အံ့အားသင့်သွားပြီး သူ၏ ဝမ်းနည်းခြင်းတောင်ဝှေးကို ဆွဲထုတ်လိုက်လေသည်။
“ဟွားဟွား... နောက်ထပ် အဖြူလေးတစ်ကောင် ကျန်သေးတယ်... သူ့ကိုပါ ထုလိုက်ကြရအောင်…”
တရားသူကြီးစုတ်တံသည် ချက်ချင်းပင် သူ၏ ဗိုက်ထဲမှ ရတနာတစ်ခုကို ဆွဲထုတ်လိုက်ပြီး ခေါင်းပေါ်သို့ မြှောက်ကာ သေမင်းတမန်အဖြူဆီသို့ ထုချလိုက်လေ၏။
“ဟွန့်... နင်ရောပဲ... နင်လည်း သိပ်ထူးတာမဟုတ်ဘူး... အရင်တုန်းက ငါ့ကို အမြဲအနိုင်ကျင့်ခဲ့တယ်... အခုတော့ ငါ့ကို ဟွားဟွားက ကျောထောက်နောက်ခံပေးထားပြီမလို့ နင့်ကို မကြောက်တော့ဘူး…”
သေမင်းတမန်အဖြူ၏ သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားလေသည်။
စုတ်တံလေး၏ လက်ထဲတွင်ရှိသော ကျိုးနေသည့်စုတ်တံမှာ တရားသူကြီး ချွေ့ကျွယ်၏ ရတနာပင် ဖြစ်ပြီး သူ၏ လက်ထဲရှိ ဝမ်းနည်းခြင်းတောင်ဝှေးကို ဖိနှိပ်ရန် လုံလောက်ပေသည်။
"မလာနဲ့... အနားကို ထပ်မလာနဲ့..."
တရားသူကြီးစုတ်တံသည် သူ၏ ခေါင်းပေါ်ရှိ ဆံပင်စုစုလေးကို ကုတ်ကာ ရက်စက်စွာ ပြုံးလိုက်လေ၏။ သေမင်းတမန်အဖြူက အားပျော့စွာ အော်ဟစ်လိုက်သည်။
“နင် အခြေအနေကို နားလည်တယ်ဆိုရင် လိမ္မာကျိုးနွံစွာနဲ့ အရှုံးပေးလိုက်... ဒါမှမဟုတ်ရင် နင့်ကို အကြမ်းဖက်ရတာကို အပြစ်မတင်နဲ့…”
"တရားသူကြီးစုတ်တံ... နင်..."
ကပ်ဘေးဒုက္ခကြီးနှစ်ပါးသည် ဘယ်နှင့်ညာမှ ချဉ်းကပ်လာသောအခါ သေမင်းတမန်အဖြူသည် ကျိန်ဆဲချင်စိတ် ပေါက်သွားလေ၏။
*ငါသာ သိခဲ့မယ်ဆိုရင် အဲ့ထူးဆန်းတဲ့ တစ္ဆေအုပ်စုကို ဖမ်းနေဖို့ ဒုက္ခခံမှာ မဟုတ်ဘူး... တစ်ကောင်နှစ်ကောင်လောက်ဆိုရင် ကိုင်တွယ်လို့ ရနိုင်သေးတယ်... အခုတော့ သူတို့က အုပ်စုလိုက် စုနေကြတဲ့အပြင် ရတနာတွေ အများကြီး ပိုင်ဆိုင်ထားမှတော့ ဘယ်လိုလုပ် အနိုင်ရနိုင်ပါ့မလဲ…*
"ပေပေ့လေး... သွားကြစို့..."
ယွင်ဟွားက ဟိန်းဟောက်လိုက်ပြီးနောက် သေမင်းတမန်အဖြူမှာ မြေပြင်တွင် ဖိချခံရကာ အရိုက်ခံရလေတော့သည်။ သူနှင့် သေမင်းတမန်အမည်းတို့၏ အော်ဟစ်သံများသည် ထိုနေရာတစ်ခွင်လုံး ပဲ့တင်ထပ်သွားလေ၏။
ထောင့်တစ်နေရာတွင် ရပ်နေသော အမတ်လျူမှာ မျက်နှာဖြူရော်နေပြီး သူ၏ ရှေ့မှောက်ရှိ အရာအားလုံးကို ထိတ်လန့်တကြား စိုက်ကြည့်နေလေသည်။
ယုံအန်းမင်းသမီးသည် ထိုအရာကို လေထဲသို့ ပစ်ပေါက်လိုက်စဉ် အနက်ရောင်ကြိုးတစ်ချောင်းက တစ်စုံတစ်ရာကို ချည်နှောင်ထားပုံရပြီး ဆူးပါသော တုတ်တိုကိုလည်း အထက်အောက် ရမ်းခါနေလေ၏။ သူမ၏ ဘေးရှိ မည်သည့်အရာမှန်းမသိသော အရာတစ်ခုကိုလည်း ပြင်းထန်စွာ ရမ်းခါနေပေသည်။
သူ၏ မျက်လုံးများ လန်သွားကာ လုံးဝ သတိလစ်သွားလေတော့သည်။
သူတို့သုံးဦးမှာ တိုက်ခိုက်ရသဖြင့် မောပန်းနွမ်းနယ်နေကြပြီး ဖြူမည်း သေမင်းတမန်နှစ်ပါးမှာလည်း မျက်နှာပေါ်တွင် ပွန်းပဲ့ဒဏ်ရာများနှင့် ရောင်ရမ်းနေကာ ဆံပင်များ အဆုပ်လိုက် ကျွတ်ထွက်နေပြီး အဝတ်အစားများမှာလည်း အပိုင်းပိုင်းအစစ စုတ်ပြဲလုနီးပါးဖြစ်နေသည့် သနားစရာအခြေအနေသို့ ရောက်ရှိနေကြလေ၏။
"နင်တို့... နင်တို့ အရမ်းလွန်လွန်းတယ်..."
သေမင်းတမန်အဖြူသည် သူ၏ အသွင်အပြင်ကို အလွန်ဂရုစိုက်သူဖြစ်ရာ ယခုလက်ရှိ သူ၏ ဖရိုဖရဲဖြစ်နေသော အခြေအနေကို တကယ်ပင် လက်မခံနိုင်ဖြစ်နေသည်။
"နင်တို့ ကောင်စုတ်လေးတွေ... ငါ့ကို လုံးဝ မမှတ်တမ်းတင်နဲ့... ကြားလား... ငါ့ကို မမှတ်တမ်းတင်နဲ့..."
သူ၏ ခန့်ညားပြီး ချောမောသော အသွင်အပြင်မှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။
သေမင်းတမန်အဖြူက ထိန်းမရသိမ်းမရ ငိုကြွေးလိုက်လေ၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အရင်တုန်းက လုပ်ဖော်ကိုင်ဖက်တွေလေ... နင်တို့တွေ အရမ်းရက်စက်လွန်းတယ်... ဝါး..."
"ဟုတ်တယ်... ဟုတ်တယ်..."
သူ၏ ခေါင်းပေါ်တွင် ဖုကြီးများစွာ ထွက်နေသော သေမင်းတမန်အမည်းမှာ အလွန်ဝမ်းနည်းပူဆွေးနေလေ၏။
"ငါတို့မှာ နှစ်ရာပေါင်းများစွာကြာခဲ့တဲ့ ခင်မင်ရင်းနှီးမှု ရှိခဲ့တာကို နင်တို့က ခုလိုမျိုး မျက်နှာလွှဲခဲပစ် လုပ်ရက်တယ်ပေါ့..."
*ကျစ်... ငါတို့တွေ စကားပြောပြီး အတိတ်ကို ပြန်သတိရနေကြတုန်း အဲ့ပန်းက ရုတ်တရက် ထုရိုက်တော့တာပဲ...ငါ့ ကမ္ဘာကြီး တုန်ဟည်းသွားမတတ် တိုက်ခိုက်မှုကြောင့် ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေက အနည်းဆုံး အနှစ်သုံးဆယ်ကနေ ငါးဆယ်အထိ ပျောက်မှာ မဟုတ်ဘူး…*
*သေမင်းတမန်အဖြူက ပြိုလဲလုနီးပါး ဖြစ်နေပြီဆိုတာကို နင်တို့ မမြင်ကြဘူးလား…*