← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 16 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 16 Ch. 189-190

အခန်း (၁၈၉)

တစ်ဖက်မှာလည်း လိပ်ပြာဆူးအော့ခ်လေးကတော့ လုံးဝကို ဆန့်ကျင်ဘက် အသွင်ပြောင်းလဲမှုမျိုး ဖြစ်သွားခဲ့ပါတယ်။ သူက အရင်ကထက် အများကြီး ပိုပြီး ပိန်သွားသလို၊ သူ့ရဲ့ ဆူးတွေကလည်း ပိုပြီး သေးငယ်သွားခဲ့တာကိုး။

သူ့ပုံစံက အော့ခ်တစ်ယောက်ထက်စာရင် လူသားတစ်ယောက်နဲ့ ပိုပြီး တူသွားခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ သေးငယ်သွားတဲ့ ခန္ဓာကိုယ်အောက်မှာ၊ အရှိန်အဟုန်နဲ့ ထိန်းချုပ်နိုင်စွမ်းတွေက အဆမတန် မြင့်တက်သွားခဲ့တယ်ဆိုတာကို မိုက်ကယ် ခံစားသိရှိနိုင်ခဲ့ပါတယ်။ အဲဒီဆူးတွေကို မြင်လိုက်ရတဲ့အခါ မိုက်ကယ်က ခွဲစိတ်ကုသရာမှာ သုံးတဲ့ အပ်လေးတွေလိုမျိုး သတိရသွားစေခဲ့ပြီး၊ ပိန်ပိန်လေး ရှိနေပေမဲ့လည်း သူတို့ရဲ့ ထိုးဖောက်နိုင်စွမ်းကတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့ အဆင့်မှာ ရှိနေတာပါ။

နိုဗာ... ငါ ဘာတွေကို မြင်နေရတာလဲ။

သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူကတော့ အော့ခ်နှစ်ယောက်ဆီကို အလင်းဒြပ်စင် အလင်းတန်းတစ်ခု ချက်ချင်း လွှတ်လိုက်ပါတယ်။ အဲဒီ မှော်စွမ်းအင်တွေက အော့ခ်တွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အလင်းဒြပ်စင်တွေနဲ့ သွားပြီး ဓာတ်ပြုလိုက်ပြီးတဲ့နောက် မိုက်ကယ်ဆီကို ပြန်ပြီး တုန်ခါလာခဲ့တာပေါ့။

အဲဒီ အလင်းဒြပ်စင်တွေထဲမှာ အော့ခ်တွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေကို အပြည့်အဝ စစ်ဆေးနိုင်မယ့် လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံး ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

[ခွဲခြမ်းစိတ်ဖြာနေဆဲ... ပြီးဆုံးပါပြီ]

- - မျိုးနွယ်စု: ဝံပုလွေအော့ခ်၊ လိပ်ပြာဆူးအော့ခ်

- - ခက်ခဲမှုအဆင့်: ကြယ်လေးပွင့် (ကြယ်ငါးပွင့်)

- - ဒြပ်စင်: မြေဒြပ်စင်၊ မီးဒြပ်စင်

- - ဒီစွမ်းရည်က အသုံးပြုသူကို ကိုကိုးစေ့တွေဆီကနေ စုပ်ယူလိုက်တဲ့ စွမ်းအင်တွေကို သန့်စင်တဲ့ မြေဒြပ်စင် ပါဝါအဖြစ် ပြောင်းလဲပစ်နိုင်စေပါတယ်။ သူတို့ရဲ့ မြေဒြပ်စင်အပေါ်မှာ ရှိတဲ့ ခွန်အားအားလုံးက ခေတ္တခဏအတွင်း နောက်ထပ် အဆင့်တစ်ခုအထိ မြင့်တက်သွားမှာ ဖြစ်ပါတယ်။

မိုက်ကယ် သူတို့ကို ပထမဆုံး တွေ့တုန်းက အော့ခ်တွေရဲ့ ခက်ခဲမှုအဆင့်က ကြယ်လေးပွင့်ပဲ ရှိပါသေးတယ်၊ ဒါပေမဲ့ အခု သူတို့ရဲ့ 'အရှိန်မြှင့်ထားတဲ့' အခြေအနေအသစ်ကို သိသွားပြီးတဲ့နောက်မှာတော့ နိုဗာ က သူတို့ကို ကြယ်တစ်ပွင့် ပိုပြီး မြှင့်သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

မိုက်ကယ်ကတော့ အော့ခ်တွေဆီက မြင်တွေ့လိုက်ရတဲ့ အစွမ်းအသစ်ကို ကြည့်ပြီး တကယ့်ကို အံ့ဩမှင်သက်နေရုံကလွဲလို့ တခြားမရှိတော့ပါဘူး။

ကိုကိုးစေ့လေး တစ်စေ့တည်း စားရုံနဲ့တင် ဒီလောက်အထိ ပါဝါတွေ ရရှိလာနိုင်တယ်ဆိုတာက တကယ်ကို မယုံနိုင်စရာပဲလေ။

"ဒါက ကျွန်တော်တို့ ဒီအချိန်တစ်လျှောက်လုံးမှာ အသက်ရှင်သန်နိုင်အောင် ကူညီပေးခဲ့တဲ့ အရာပါပဲ၊ လူသားခင်ဗျာ။ အရှင်သခင်မရဲ့ ဆုလာဘ်က ကျွန်တော်တို့ကို ဘယ်လို အခက်အခဲမျိုးကိုမဆို အောင်နိုင်မယ့် ခွန်အားတွေကို ပေးစွမ်းနိုင်တာပါ" လို့ ဝံပုလွေအော့ခ်က သူ့ရဲ့ ထွားကြိုင်းလာတဲ့ ခန္ဓာကိုယ်ကို ပုတ်ရင်း ပြောလိုက်ပါတယ်။ အဲဒီကနေ ထွက်လာတဲ့ အသံကြီးက တောအုပ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေခဲ့တာပေါ့။

"တကယ်လို့ ကျွန်တော်တို့က ကိုကိုးပင်တွေကို တန်ဖိုးမထားဘူးဆိုရင်တော့ တကယ့်ကို ကျေးဇူးကန်းရာ ရောက်မှာပါ။ ကျွန်တော်တို့ရဲ့ ထုံးတမ်းစဉ်လာတွေက ကျွန်တော်တို့ရဲ့ သန့်စင်မွန်မြတ်သောနယ်မြေကို ကာကွယ်နိုင်စေသလို မြေကမ္ဘာအရှင်သခင်မကိုလည်း ရိုသေလေးစားမှု ဖြစ်စေပါတယ်" လို့ လိပ်ပြာဆူးအော့ခ်က သူ့ရဲ့ ဆူးအသစ်တွေကို လှုပ်ခါရင်း ပြောလိုက်ပါတယ်။ အဲဒီကနေ ထွက်လာတဲ့ အသံတွေက လူတိုင်းရဲ့ နားထဲမှာ သာယာတဲ့ စည်းချက်သံတွေလိုမျိုး ကြားလိုက်ရတာပေါ့။

မိုက်ကယ်က သူတို့ကို စက္ကန့်အနည်းငယ်လောက် စောင့်ကြည့်နေပြီးမှ နောက်ဆုံးမှာတော့ မေးခွန်းတွေကို တစ်ခုပြီးတစ်ခု တရစပ် မေးလိုက်ပါတော့တယ်။

"အဲဒီအစွမ်းက ဘယ်လောက်အထိ ကြာရှည်ခံလဲ"

"အကြာကြီးတော့ မခံပါဘူး။ လူသားတွေရဲ့ အခေါ်အဝေါ်နဲ့ ပြောရမယ်ဆိုရင်တော့ ဖယောင်းတိုင် တစ်တိုင်ရဲ့ လေးပုံတစ်ပုံလောက်ပဲ ကြာတာပါ" လို့ ဝံပုလွေအော့ခ်က ပြန်ဖြေပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် သူတို့ရဲ့ အသွင်ပြောင်းလဲမှုက ၁၀ မိနစ်လောက်ပဲ ကြာတာပေါ့။ နည်းနည်းလေး တိုတောင်းတယ်လို့ ထင်ရပေမဲ့လည်း၊ တိုက်ပွဲတစ်ခုအတွင်းမှာဆိုရင်တော့ ဒါက လုံလောက်တာထက်ကို ပိုနေပါသေးတယ်။

"ဒါနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေကော ရှိလား။ မင်းတို့ ကိုကိုးစေ့တွေကို ဆက်တိုက် စားလို့ရလား။ ကိုကိုးစေ့ နှစ်စေ့ကို တစ်ပြိုင်တည်း စားရင်ကော ဘာဖြစ်မလဲ"

မိုက်ကယ်ရဲ့ မျက်လုံးတွေထဲမှာ စူးစမ်းလိုစိတ်တွေ ပြည့်နှက်နေပြီး၊ မေးခွန်းတွေ မေးနေတဲ့ အချိန်မှာတော့ ပိုပြီး သိသာလွန်းနေပါတယ်။

"ကျွန်တော်တို့ အများကြီး စားလို့ရပါတယ်" လို့ လိပ်ပြာဆူးအော့ခ်က ဆိုပါတယ်။

"ဒါပေမဲ့ အဲဒါက ကျွန်တော်တို့ရဲ့ အသွင်ပြောင်းလဲမှုအပေါ် ဘာမှ ထူးခြားသွားစေမှာ မဟုတ်ပါဘူး။ ခွန်အားကိုလည်း ပိုပြီး မတိုးစေသလို အချိန်ကိုလည်း ပိုပြီး ကြာရှည်မခံစေပါဘူး"

"ဒါဆို သီအိုရီအရ ပြောရရင်၊ မင်းတို့ ကိုကိုးစေ့တွေကိုပဲ အမြဲတမ်း ဆက်တိုက် စားနေမယ်ဆိုရင် ဒီလို အရှိန်မြှင့်ထားတဲ့ အခြေအနေမှာ အမြဲတမ်း နေလို့ရတာပေါ့၊ ဟုတ်တယ်မလား"

အော့ခ်နှစ်ယောက်က ဇဝေဇဝါ ဖြစ်နေတဲ့ မျက်နှာတွေနဲ့ ခေါင်းညိတ်ပြကြပါတယ်။

"ဒါဆို မင်းတို့က ဘာလို့ အဲလိုမလုပ်ကြတာလဲ" လို့ မိုက်ကယ်က မေးလိုက်ပါတယ်။

သူတို့သာ အလိုရှိမယ်ဆိုရင် ဒီအစွမ်းကို အမြဲတမ်းတည်မြဲတဲ့အစွမ်း ဖြစ်သွားအောင် လုပ်လို့ရတာပဲလေ။ ဘာပဲဖြစ်ဖြစ် သူတို့မှာ ကိုကိုးစေ့တွေက ရီနေးတားကုမ္ပဏီကို လက်ဆောင်တွေ ဒီလောက်အထိ ပေးနိုင်တဲ့အထိ လိုသလောက် သုံးလို့ရနေတာပဲကို။

"ကျွန်တော်တို့ အဲဒီအရသာကို မုန်းလို့ပါ" လို့ ဝံပုလွေအော့ခ်က ဝန်ခံလိုက်ပါတယ်။

"တကယ်လို့ မလိုအပ်ဘူးဆိုရင်တော့၊ အစာငတ်ပြတ်နေတဲ့ အချိန်မျိုးမှာတောင် အဲဒါကို လုံးဝ မစားချင်ကြပါဘူး"

လိပ်ပြာဆူးအော့ခ်ကလည်း သဘောတူပါတယ်။

"ဒါဟာ မြေကမ္ဘာအရှင်သခင်မဆီက လာတဲ့ စမ်းသပ်မှုတစ်ခုလို့ ကျွန်တော်တို့ ယုံကြည်ထားကြတယ်။ ကိုကိုးစေ့တွေကို စားရခက်အောင် လုပ်ထားတာဟာ ကျွန်တော်တို့ ရရှိလာတဲ့ စွမ်းအားတွေအပေါ်မှာ စိတ်ရူးသွပ်မသွားစေဖို့အတွက် ဖြစ်ရမယ်"

မိုက်ကယ်က စက္ကန့်အနည်းငယ်လောက် ငြိမ်သက်သွားပြီး၊ အော့ခ်တွေနဲ့ ကိုကိုးစေ့တွေကိုပဲ စိုက်ကြည့်နေခဲ့ပါတယ်။

"မင်းတို့က အဲဒါ ခါးလို့ မုန်းနေကြတာပေါ့... ကောင်းပြီလေ၊ ဒါဆို ဒါလေးကို စမ်းကြည့်ကြမလား"

သူက သူ့ရဲ့ အရိပ်ထဲကို လက်လှမ်းလိုက်ပြီး မုန့်တိုက်ထဲက ချောကလက်ဘားတစ်ခုကို ထုတ်ယူလိုက်ပါတယ်။ အဲဒါက စက္ကူပတ်လျက်သား ရှိနေသေးတာကြောင့် အော့ခ်တွေက အစပိုင်းမှာတော့ ဘာမှန်း မသိကြပါဘူး။

ဒါပေမဲ့ မိုက်ကယ်က စက္ကူကို ခွာလိုက်တဲ့အချိန်မှာတော့၊ ဖျော့တော့ပေမဲ့ ရင်းနှီးနေတဲ့ ကိုကိုးစေ့တွေရဲ့ မွှေးရနံ့က သူတို့ရဲ့ အာရုံထဲကို လွင့်ပျံသွားခဲ့ပါတယ်။ ဒါက သူတို့ကို စိတ်ရှုပ်ထွေးသွားစေတာပေါ့။ အဲဒီ ပစ္စည်း က သူတို့တစ်ဘဝလုံး မြင်ဖူးခဲ့တဲ့ ကိုကိုးစေ့တွေနဲ့ လုံးဝ မတူပါဘူး၊ ဒါပေမဲ့ ဗီဇအသိအရတော့ အဲဒီထဲမှာ ကိုကိုးစေ့တွေ အများကြီး ပါဝင်နေတယ်ဆိုတာကို သိနေခဲ့ကြတာ ဖြစ်ပါတယ်။

"လူသားခင်ဗျာ... ဒါက ဘာဖြစ်လို့ ကျွန်တော်တို့ရဲ့ မွန်မြတ်တဲ့ အသီးအနှံနဲ့ အနံ့တူနေရတာလဲ"

"ဘာလို့လဲဆိုတော့ ဒါက အဲဒီအသီးမို့လို့ပေါ့" လို့ မိုက်ကယ်က ပြန်ဖြေလိုက်ပါတယ်။

"စမ်းစားကြည့်လိုက်လေ"

သူက ချောကလက်ဘားကို အချိုးညီညီ ဖဲ့လိုက်ပြီး အော့ခ်တွေကို ပေးလိုက်တဲ့အခါ၊ သူတို့က ဇဝေဇဝါ ဖြစ်နေတဲ့ မျက်နှာတွေနဲ့ ကြည့်နေကြတာပေါ့။

သူတို့က အဲဒါကို လက်နဲ့ ကိုင်တွယ်ကြည့်ပြီး နှာခေါင်းနဲ့လည်း နမ်းကြည့်လိုက်ကြပါတယ်။ မြေကမ္ဘာအရှင်သခင်မရဲ့ အငွေ့အသက်တွေက တကယ်ကို ပြင်းထန်နေတာကြောင့် ဒါဟာ မိုက်ကယ် ပြောသလို အစစ်အမှန်ပဲဆိုတာ သေချာသွားခဲ့ပါပြီ။

သူတို့ ကိုက်လိုက်တဲ့ အချိန်မှာပဲ၊ ကိုကိုးစေ့တွေရဲ့ ခါးသက်သက် အရသာကို ကြိုတင်တွေးဆပြီး ခန္ဓာကိုယ်တွေကို တင်းထားလိုက်ကြတာပေါ့။

ဒါပေမဲ့ ချောကလက်က ပါးစပ်ထဲမှာ အရည်ပျော်သွားတဲ့ အချိန်မှာတော့၊ လုံးဝကို အသစ်စက်စက် ခံစားချက်တစ်ခုက သူတို့ရဲ့ အာရုံတွေကို လွှမ်းမိုးသွားခဲ့ပါတော့တယ်။

အဲဒါက ချိုမြိန်လွန်းနေတာပါ။ တကယ့်ကို ခံစားလို့ ကောင်းပါတယ်။ ဒါက သူတို့တစ်ဘဝလုံး စားရမယ်ဆိုရင်တောင် စိတ်မရှိဘဲ စားချင်နေမယ့်အရာမျိုးပေါ့။

ကိုကိုးစေ့တွေရဲ့ မူလအရသာက ရှိနေဆဲ ဖြစ်ပေမဲ့၊ ခါးသက်သက် အရသာကတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။ တစ်နည်းနည်းနဲ့ ချောကလက်ဟာ အဲဒီ ခါးသက်သက် အရသာကို အော့ခ်တွေအတွက် တကယ့်ကို ကျေနပ်စရာကောင်းတဲ့ အရာတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အော့ခ်တွေဟာ မအောင့်ထားနိုင်တော့ဘဲ အဲဒီ ချောကလက်ကို စက္ကန့်ပိုင်းအတွင်းမှာတင် အငမ်းမရ ဝါးမြိုပစ်လိုက်ကြပါတော့တယ်။

ကိုကိုးစေ့တွေရဲ့ ခါးသက်သက် အရသာကိုပဲ အမြဲတမ်း ကျင့်သားရနေခဲ့ကြတဲ့ သူတွေအဖို့တော့၊ ဒါက တကယ့်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံရမယ့် အရသာ အပြောင်းအလဲတစ်ခု ဖြစ်နေခဲ့တာပေါ့။ ဒါဟာ ချောကလက်ရဲ့ အတွင်းထဲမှာ ဝှက်ထားတဲ့ မြေကမ္ဘာအရှင်သခင်မရဲ့ ရတနာကို နောက်ဆုံးမှာ သူတို့ ရှာဖွေတွေ့ရှိသွားခဲ့ရသလိုမျိုး ခံစားလိုက်ရတာ ဖြစ်ပါတယ်။

ဒါက အစကတည်းက ခါးနေရမှာ မဟုတ်ပါဘူး၊ အမြဲတမ်း ချိုမြိန်နေရမှာ ဖြစ်တာကိုး။

မိုက်ကယ်ကတော့ သူတို့တွေ သရေစာကို ပျော်ပျော်ပါးပါး စားနေကြတာကို မြင်တွေ့ရလို့ ဝမ်းသာသွားခဲ့ပါတယ်။ ချောကလက်အပေါ် သူတို့ရဲ့ ဒီလောက်အထိ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို မြင်လိုက်ရတာက၊ မိုက်ကယ်အနေနဲ့ ချောကလက်ကို လက်နက်ကောင်းတစ်ခုအဖြစ် သုံးပြီး အော့ခ် မျိုးနွယ်စုနှစ်ခုလုံးကို အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိလာခဲ့ပါပြီ။

သူက ချောကလက်ကို သုံးပြီး သူတို့နှစ်ယောက်ကို စည်းလုံးသွားစေဖို့ မျှော်လင့်နေမိတာပေါ့။

ဒါပေါ့... မိုက်ကယ်က ဒါကို ဘာအတွင်းစိတ် ရည်ရွယ်ချက်မှ မရှိဘဲ လုပ်နေတာတော့ မဟုတ်ပါဘူး။

အကယ်၍ သူ ကိုယ့်ကိုယ်ကိုယ် ရိုးသားစွာ ဝန်ခံရမယ်ဆိုရင်တော့၊ သူတို့ရဲ့ အလိုလျောက်အစွမ်းပြတဲ့ ပင်ကိုယ်စွမ်းရည် ဖြစ်တဲ့ အချိုဓါတ်အရှိန်အစွမ်း ကို သူ့ရဲ့ ကိုယ်ပိုင် အစွမ်းအဖြစ် သိမ်းပိုက်ချင်နေတဲ့ စိတ်ဆန္ဒလေးတစ်ခု ရှိနေတာကြောင့် ဖြစ်ပါတယ်။

* * * * * * * * *

စာစဉ်(၁၆)

အခန်း (၁၉၀)

အော့ခ်မျိုးနွယ်စုတွေကို သူ့နိုင်ငံထဲ သွတ်သွင်းပူးပေါင်းဖို့ စိတ်ကူးက ဖြစ်နိုင်ခြေတွေ အများကြီး ရှိလာနိုင်တာကို မြင်ပြီး မိုက်ကယ်ရဲ့ စိတ်ဆန္ဒတွေက ပိုပြီး ပြင်းပြလာခဲ့တာပေါ့။

တကယ်လို့ သူတို့သာ သူ့ရဲ့ နိုင်ငံသားတွေ ဖြစ်လာကြမယ်ဆိုရင်တော့၊ သူတို့ရဲ့ ပင်ကိုယ်ပါရမီတွေကို နှိုးဆွပေးနိုင်မှာ ဖြစ်သလို၊ အဲဒီကနေတစ်ဆင့် သူတို့ရဲ့ စွမ်းရည်တွေနဲ့ မှော်စွမ်းအင်အပေါ် ကျွမ်းကျင်မှုတွေကိုပါ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

အခုလောလောဆယ်တော့ သူတို့ရဲ့ အချိုဓါတ်အရှိန်အစွမ်းက မြေဒြပ်စင်မန္တန်တွေရဲ့ စွမ်းအားကိုပဲ မြှင့်တင်ပေးနိုင်ပါသေးတယ်၊ ဒါပေမဲ့ သူသာ ဒါကို လက်ဝယ်ရရှိသွားမယ်ဆိုရင်တော့၊ ဒြပ်စင်အားလုံးကိုပါ မြှင့်တင်ပေးနိုင်မယ့် အဆင့်မြင့် ဗားရှင်းတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မယ်လို့ မိုက်ကယ် သေချာပေါက် ယုံကြည်နေတာပေါ့။

ဒါကိုသာ သူတို့ရဲ့ တုန်ခါမှု အလေ့အထကျင့်စဉ်နဲ့ တွဲဖက်လိုက်မယ်ဆိုရင်တော့၊ အော့ခ်တွေဟာ တကယ့်ကို ယုံကြည်စိတ်ချရတဲ့ လုံခြုံရေး အင်အားစုကြီး တစ်ခု ဖြစ်လာနိုင်ကြပါတယ်။

"ချောကလက် အရသာက ဘယ်လိုလဲ" လို့ မိုက်ကယ်က မေးလိုက်ပေမဲ့ သူတို့ဆီက အဖြေကို ကြားရဖို့တောင် မလိုပါဘူး။ သူတို့ရဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့ မျက်နှာတွေနဲ့ ချောကလက်ကို ထပ်ပြီး တောင့်တနေတဲ့ ပုံစံတွေကို ကြည့်ရုံနဲ့တင် သူတို့ စွဲလမ်းသွားကြပြီဆိုတာ မိုက်ကယ် ကောင်းကောင်း သိလိုက်ရလို့ပါပဲ။

တကယ်တမ်းကျတော့ အော့ခ်တွေက အချိုတော်တော်ကြိုက်ကြတာကိုး။

ချောကလက်ဆိုတာက သူတို့ရဲ့ မွန်မြတ်တဲ့ ကိုကိုးစေ့တွေနဲ့ လုပ်ထားတာ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် သူတို့ကို စွဲလမ်းသွားစေမယ့် အရာမျိုးပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ အကြိုက်ဆုံး အစားအစာက သူတို့ ခန္ဓာကိုယ်ထဲက ဝှက်ထားတဲ့ ခွန်အားတွေကိုပါ နှိုးဆွပေးနိုင်တာကတော့ တကယ့်ကို ကံကောင်းလွန်းတဲ့ ရလဒ်တစ်ခုပါပဲ။

အော့ခ်တိုင်းက ကိုကိုးစေ့ အစိမ်းတွေကို စားရတာကို မုန်းကြတာကြောင့်၊ တချို့ဆိုရင် ခွန်အားတွေ မြှင့်တင်ဖို့ လိုအပ်နေတဲ့ အချိန်မျိုးမှာတောင် ဒါကို လုံးဝ မစားဘဲ နေတတ်ကြပါတယ်။

ဒါပေမဲ့ ဒီချောကလက်နဲ့ ဆိုရင်တော့၊ သူတို့ မျိုးနွယ်စုတွေက တွေ့သမျှ ချောကလက် အကုန်လုံးကို ချက်ချင်း ဝါမြိုပစ်ကြလိမ့်မယ်ဆိုတာ အော့ခ်တွေ ကိုယ်တိုင် သိနေခဲ့ကြတာ ဖြစ်ပါတယ်။

"မင်းက တကယ့်ကို မြေကမ္ဘာအရှင်သခင်မရဲ့ ကောင်းချီးပေးခံရတဲ့ သားတော်ပဲ" လို့ ဝံပုလွေအော့ခ်က မိုက်ကယ်ကို အံ့ဩမှင်သက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောလိုက်ပါတယ်။

မိုက်ကယ်ကတော့ သူ အခုလို ရုတ်တရက်ကြီး ရိုသေလေးစားမှု ပြသလာတဲ့အတွက် နည်းနည်းတော့ အံ့ဩသွားခဲ့ရတာပေါ့။

"ဘာပြောတယ်"

"ကျွန်တော်တို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်က ရီနေးတားရဲ့ ပိုင်ရှင်က မြေကမ္ဘာရဲ့ ကောင်းချီးပေးခံရတဲ့ သားတော်လို့ ပြောခဲ့ဖူးတယ်။ အရှင်သခင်မရဲ့ တပည့်ကိုယ်တိုင် အဲလို ပြောခဲ့တာ"

ဒါကို ကြားလိုက်ရတဲ့ အချိန်မှာ မိုက်ကယ်ရဲ့ ခြေဖဝါးအောက်က အရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားခဲ့ပါတယ်။

ဒါပေါ့... မိုက်ကယ် ဒါကို သတိပြုမိလိုက်တာနဲ့ ဒါဟာ ဖတ်ချ်ရဲ့ လျှောက်လုပ်ထားတဲ့ လက်ချက်တွေထဲက တစ်ခုပဲဆိုတာ ချက်ချင်း ရိပ်မိသွားခဲ့တာပေါ့။

"ဘာပဲဖြစ်ဖြစ်၊ မင်းတို့သာ ချောကလက်စားပြီး ဘေ့စ်ဘောကစားချင်တယ်ဆိုရင်တော့၊ ငါ မင်းတို့ကို အကူအညီတစ်ခုပဲ တောင်းချင်တယ်"

အော့ခ်တွေက မိုက်ကယ်ကို ကြည့်ပြီး ဒူးထောက်လိုက်ကြတာက၊ သူ တောင်းဆိုသမျှ ဘာမဆို လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေကြပြီဆိုတာကို ပြသလိုက်တာပါပဲ။

"ငါ့ရဲ့ ဒရာဂွန်ဘွန်းတွေကို ကူညီပေးနိုင်မလား"

အော့ခ်နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပေမဲ့၊ မိုက်ကယ် ဘာအကြောင်း ပြောနေလဲဆိုတာကိုတော့ မသိကြပါဘူး။

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့၊ လူတိုင်းဟာ နီယိုအော်ကပ်စ်မှာ ရှိတဲ့ လေ့ကျင့်ရေး ကွင်းပြင်ထဲကို ပြန်ပြီး စုရုံးရောက်ရှိလာခဲ့ကြပါတယ်။

ဒီနေရာကတော့ အက်ဂ်နက်စ်က ဒရာဂွန်ဘွန်းတွေနဲ့ ရီနေးတားရဲ့ လူတွေကို ကိုယ်ခံပညာရပ်မန္တန်တွေအကြောင်း လေ့ကျင့်သင်ကြားပေးနေတဲ့ နေရာပဲ ဖြစ်ပါတယ်။

"လူသားခင်ဗျာ... ကျွန်တော်တို့ကို ဘာလုပ်စေချင်လို့လဲ"

မိုက်ကယ်က ဘေ့စ်ဘော ဝတ်စုံတွေကနေ တိုက်ပွဲဝင် ဝတ်စုံတွေအဖြစ် ပြောင်းလဲဝတ်ဆင်ထားကြတဲ့ ဒရာဂွန်ဘွန်းတွေဆီကို လက်ညှိုးထိုးပြလိုက်ပါတယ်။ သူတို့ရဲ့ တစ်ဖက်မှာတော့ ပိုပြီး သင့်တော်မယ့် အဝတ်အစားတွေ လဲလှယ်ထားကြတဲ့ မောင့်ဂိုမာရီ စောင့်ရှောက်ရေးအဖွဲ့တွေ ရှိနေခဲ့တာပေါ့။

"သူတို့တွေ သူတို့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်နေသရွေ့၊ မင်းတို့ရဲ့ တုန်ခါမှု အလေ့အထကျင့်စဉ်ကို လုပ်ဆောင်ပေးစေချင်တာပါ" လို့ မိုက်ကယ်က သူတို့ကို ပြောလိုက်ပါတယ်။

"မင်းတို့သာ အဲလို လုပ်ပေးမယ်ဆိုရင်တော့၊ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အစားထိုးတဲ့အနေနဲ့ ချောကလက်တွေ ပိုပေးမယ့်အပြင်၊ နီယိုအော်ကပ်စ်ရဲ့ အသုံးအဆောင် ပစ္စည်းတွေ အားလုံးကိုလည်း စိတ်ကြိုက် သုံးခွင့်ပေးမယ်။ ဆိုလိုတာက မင်းတို့ ဘေ့စ်ဘောကို ကြိုက်သလောက် ကစားလို့ရပြီပေါ့"

အော့ခ်တွေကတော့ ဘာစကားမှ မပြောနိုင်တော့ဘဲ မိုက်ကယ်ကို ကြောင်ကြည့်နေကြရတာပေါ့။

"အဲဒါက တကယ်ရော ခက်ခဲမလား" လို့ သူက မေးလိုက်ပါတယ်။

လေ့ကျင့်ရေးက နာရီအနည်းငယ်လောက် ကြာတတ်တာကြောင့်၊ အော့ခ်တွေမှာ သူတို့ရဲ့ အလေ့အထကျင့်စဉ်ကို လုပ်ဆောင်ဖို့ အဲလောက်အထိ အင်အား ရှိပါ့မလားဆိုတာ သူ မသိလို့ပါပဲ။

"မခက်ပါဘူး၊ မခက်ပါဘူး၊ လူသားခင်ဗျာ။ မြေကမ္ဘာအရှင်သခင်မက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို တစ်ပတ်လုံးလုံး မရပ်မနား ကျေးဇူးတော် ချီးမွမ်းနိုင်တဲ့အထိ လုံလောက်တဲ့ ခွန်အားတွေ ပေးထားပြီးသားပါ။ ဒါပေမဲ့... ဒါက တကယ်ပဲ ဒီလောက်အထိ လွယ်ကူတာလား"

အဖိုးတန်လှတဲ့ ချောကလက်တွေကို ရဖို့အတွက် သူတို့ဆီကနေ ဒီထက်မက ပိုပြီး ကြိုးစားအားထုတ်မှုမျိုး လိုအပ်လိမ့်မယ်လို့ သူတို့ ထင်ထားခဲ့ကြတာကိုး။

"မင်းတို့အတွက် လွယ်ကူတယ်ဆိုရင်တော့၊ ဟုတ်တာပေါ့။ ဪ... ပြီးတော့ အလုပ်လုပ်နေတဲ့ အချိန်မှာ ဒါလေးတွေကို တပ်ထားလိုက်ဦး" လို့ မိုက်ကယ်က ပြောရင်း သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ သယ်ဆောင်ရလွယ်ကူတဲ့ မိုက်အသေးစားလေးတွေကို ညှပ်ပေးလိုက်ပါတယ်။

ဒါက ဘေးနားမှာရှိတဲ့ စပီကာတွေဆီကို တိုက်ရိုက် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

"...အွမ်..." စပီကာကနေ ဝံပုလွေအော့ခ်ရဲ့ အသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တာကြောင့် သူတို့နှစ်ယောက်လုံး လန့်သွားကြတာပေါ့။

မိုက်ကယ်က သူတို့ကို ကြောက်စရာ မလိုကြောင်းနဲ့၊ ဒါတွေက သူတို့ရဲ့ တုန်ခါမှု အလေ့အထကျင့်စဉ်ရဲ့ အာနိသင်ကို မြှင့်တင်ပေးမယ့် မီသရယ် မှော်ဝင်ပစ္စည်း စပီကာတွေပဲ ဖြစ်ကြောင်း ရှင်းပြလိုက်ပါတယ်။

ဒါပေါ့... အော့ခ်တွေကတော့ ဒါတွေအကြောင်းကို လုံးဝ နားမလည်ကြပါဘူး။ ဒါပေမဲ့လည်း သူတို့က မိုက်ကယ်ကို ယုံကြည်ကြတာကြောင့်ပဲ ဒီအတိုင်း လိုက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ လေ့ကျင့်ရေး ကွင်းပြင်ထဲမှာ ဂျာကူက အက်ဂ်နက်စ်နဲ့ နောက်တစ်ကြိမ် ရင်ဆိုင်နေရပြန်ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ သူတို့တွေ နေ့တိုင်း လေ့ကျင့်နေခဲ့ကြတာ ဖြစ်လို့ ဂျာကူက အရင်လို အခြေခံအဆင့် မဟုတ်တော့ပါဘူး။

ဒါပေမဲ့လည်း နာမည်ကျော်လှတဲ့ မောင့်ဂိုမာရီ တိုက်ပွဲဝင် အစေခံမလေးကိုတော့ သူ အခုထိ အနိုင်မယူနိုင်သေးပါဘူး။

သူတို့နှစ်ယောက်သား လက်နက်တွေနဲ့ စတင်တိုက်ခိုက်ကြတာနဲ့၊ မိုက်ကယ်က အော့ခ်တွေကို သူတို့ရဲ့ အလေ့အထကျင့်စဉ်တွေ စတင်ဖို့အတွက် အချက်ပြလိုက်ပါတယ်။

သူတို့တွေ ချောကလက်ဘားကို ကိုက်စားလိုက်တာနဲ့ သူတို့ရဲ့ အော်ဟစ်သံတွေက အရင်ကထက် အများကြီး ပိုပြီး ပြင်းထန်လာခဲ့တာပေါ့။ သူတို့ရဲ့ အရှိန်မြှင့်ထားတဲ့ ခန္ဓာကိုယ်တွေကြောင့်၊ သူတို့ရဲ့ အလေ့အထကျင့်စဉ် လုပ်ဆောင်မှုက အများကြီး ပိုပြီး ကျယ်လောင်ကာ ရက်စက်ကြမ်းကြုတ်လာခဲ့ပါတယ်။

ဒါတင်မကဘဲ သူတို့ရဲ့ အသံတွေက မီသရယ် စပီကာတွေထဲကို ဖြတ်သန်းသွားတဲ့အတွက်၊ အာနိသင်က အဆပေါင်းများစွာ ပိုပြီး မြင့်တက်သွားစေခဲ့တာပေါ့။

သူတို့ရဲ့ ကွဲပြားခြားနားလှတဲ့ ဟိန်းဟောက်သံကြီးတွေနဲ့ စည်းချက်ကျကျ တုန်ခါသံတွေက လေထဲမှာ ဆုံတွေ့သွားကြတဲ့ အချိန်မှာတော့၊ လေ့ကျင့်ရေး ကွင်းပြင်ထဲမှာရှိတဲ့ လူတိုင်းဟာ သူတို့ရဲ့ သွေးတွေ တက်ကြွလှုပ်ရှားလာသလိုမျိုး ခံစားလိုက်ရပါတယ်။

ခန္ဓာကိုယ်ထဲက အရှိန်အဟုန်တွေကြောင့် သူတို့ကိုယ်သူတို့ အသက်အန္တရာယ် ကြုံတွေ့နေရတဲ့ တကယ့် စစ်တလင်းပြင်ကြီးထဲကို ရောက်နေသလိုမျိုး ခံစားသွားစေခဲ့တာပေါ့။

အက်ဂ်နက်စ်ကိုယ်တိုင်တောင် သူမရဲ့ လည်ပင်းက အမွေးအမျှင်တွေ ထောင်လာသလို ခံစားလိုက်ရပြီး၊ သူမ ငယ်စဉ်တုန်းက ရန်သူပေါင်း ရာနဲ့ချီပြီး ရင်ဆိုင်ခဲ့ရတဲ့ အချိန်တွေကို ပြန်လည် သတိရသွားစေခဲ့ပါတယ်။

သူမကတော့ ရီနေးတား ကုမ္ပဏီနဲ့ ပတ်သက်သမျှ အရာအားလုံးက ဘယ်လောက်တောင် အဓိပ္ပာယ်မရှိအောင် ဆန်းကြယ်လွန်းနေလဲဆိုတာကိုပဲ ရယ်မောနေမိတော့တာပေါ့။

ဒီလို လေထုမျိုးက စစ်သည်တော်တစ်ဦးအတွက် သူတို့ရဲ့ အာရုံခံစားမှုတွေကို မြှင့်တင်ဖို့နဲ့ အတွေ့အကြုံတွေ စုဆောင်းဖို့အတွက် တကယ့်ကို ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခုပါပဲ။

ကြောက်ရွံ့စိတ်နဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် သွေးတွေ ဆူပွက်လာတာဟာ ကိုယ်ခံပညာရပ်မန္တန် အသုံးပြုသူတွေရဲ့ ခွန်အားကို မြှင့်တင်ပေးဖို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ တွန်းအားတစ်ခု ဖြစ်နေတာကိုး။

ဒါကြောင့်လည်း စစ်သားတွေနဲ့ စစ်သည်တော် အများစုက စစ်ပွဲတွေအတွင်းမှာ အဆင့်တက်လှမ်းနိုင်ကြပြီး၊ ငြိမ်းချမ်းတဲ့ အချိန်မျိုးမှာကျရင်တော့ အခြေအနေတွေက တုံ့ဆိုင်းနေတတ်ကြတာ ဖြစ်ပါတယ်။

လေ့ကျင့်ရုံ သက်သက်နဲ့တင် လူတစ်ယောက်ရဲ့ ကြီးထွားမှုကို နှိုးဆွဖို့က ခက်ခဲလွန်းလှပါတယ်၊ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်ကို ဆင့်ကဲပြောင်းလဲစေမယ့် တကယ့် အသက်အန္တရာယ်မျိုး မရှိလို့ပါပဲ။

ဒါပေမဲ့ အခုတော့၊ မိုက်ကယ်နဲ့ သူ့ရဲ့ ကုမ္ပဏီက စစ်ပွဲရဲ့ တကယ့် အန္တရာယ်မျိုး မရှိဘဲနဲ့ အဲဒီလို အာနိသင်မျိုး ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့ကြပါပြီ။

သူမက ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေက အောက်ခြေက မြေဒြပ်စင်မှော်စွမ်းအင်တွေကို စတင် စုပ်ယူနေတာကို ခံစားလိုက်ရပါတယ်။ သူမမှာ မြေဒြပ်စင် မှော်စွမ်းအင်အမြုတေ မရှိတာတောင်မှ၊ မြေဒြပ်စင်မှော်စွမ်းအင်တွေက ပတ်ဝန်းကျင်မှာရှိတဲ့ မီးဒြပ်စင်မှော်စွမ်းအင်တွေကိုပါ သူမရဲ့ ခန္ဓာကိုယ်ထဲကို ဆွဲခေါ်သွားပေးခဲ့တာ ဖြစ်ပါတယ်။

သူမ အရှေ့ကို ကြည့်လိုက်တဲ့ အချိန်မှာပဲ၊ ဂျာကူရဲ့ မျက်လုံးတွေထဲမှာ စိတ်သက်သာရာရသွားတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရပြီး၊ သူ့ရဲ့ ခန္ဓာကိုယ်ကလည်း အများကြီး ပိုပြီး လျှော့ချသွားခဲ့တာကို တွေ့လိုက်ရပါတယ်။

သူ အဆင့်တက်လှမ်းသွားခဲ့ပါပြီ။ တကယ့်ကို လွယ်လွယ်ကူကူလေးနဲ့ပေါ့။

* * * * * * * * *

All Chapters