← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 17 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 17 Ch. 193-194

အခန်း (၁၉၃)

ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းဆိုတဲ့ နောက်ဆုံးစကားလုံးကြောင့် မိုက်ကယ်တစ်ယောက် တကယ်ပဲ စိတ်ဝင်စားသွားခဲ့ရတာပေါ့။

"ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ ဟုတ်လား... သေချာလေး ရှင်းပြပါဦး"

ဂျင်မီက ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ကုမ္ပဏီတွေကြားထဲမှာ အဆင့်သတ်မှတ်ချက်တစ်ခု ရှိတယ်ဆိုတာကို မိုက်ကယ်ကို ဆက်ပြီး ရှင်းပြခဲ့ပါတယ်။

ဒီအဆင့်သတ်မှတ်ချက်ကိုတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဂုဏ်သရေရှိတဲ့ သတင်းထောက်တွေနဲ့ သတင်းစာတိုက်တွေကပဲ ကုမ္ပဏီတစ်ခုရဲ့ ကြွယ်ဝမှုနဲ့ သြဇာလွှမ်းမိုးမှုအပေါ် မူတည်ပြီး သေသေချာချာ ပြုစုထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အခုလောလောဆယ် ကမ္ဘာ့နံပါတ်တစ်နေရာမှာ ရှိနေတာကတော့ တခြားမဟုတ်ပါဘူး... ဗန်ဒါဘစ် လုပ်ငန်းစုကြီးပဲ ဖြစ်ပါတယ်၊ ဆရာ။ ဒါပေမဲ့ ကျွန်တော်သိထားသလောက်တော့ ကုမ္ပဏီအများစုအတွက် နံပါတ်တစ်နေရာကို လုဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုပါပဲ။ ဒါကြောင့် ဒီထိပ်တန်း ၅၀၀ စာရင်းထဲ ဝင်ရုံတင်တင်ပဲ တကယ့်ကို အံ့ဩစရာကောင်းတဲ့ မှတ်တိုင်တစ်ခု ဖြစ်နေပါပြီ"

မိုက်ကယ်ကတော့ ဒီလိုအဆင့်သတ်မှတ်ချက်မျိုးကို တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ ဖြစ်နိုင်တာကတော့ သူ့ရဲ့ အဖေနဲ့အမေက ဗန်ဒါဘစ် လုပ်ငန်းစုအကြောင်းကို သူ့ကို သိပ်ပြီး မပြောပြခဲ့ကြလို့ ဖြစ်မှာပေါ့။ သူတို့က ကမ္ဘာပေါ်မှာ အချမ်းသာဆုံး မိသားစုဝင်တွေ ဖြစ်တယ်လို့ ပြောပြခဲ့ကြတာနဲ့တင် လုံလောက်နေခဲ့တာကိုး။

မိုက်ကယ်အနေနဲ့ ဒါကို တခြားဘယ်သူ့ကိုမှ အတိအလင်း ထုတ်မပြောခဲ့ဖူးပေမဲ့ တစ်နေ့ကျရင် သူ့အဘိုးရဲ့ လုပ်ငန်းစုကြီးကို ကျော်ဖြတ်မယ်ဆိုတဲ့ အတွေးမျိုးတော့ ရှိခဲ့ပါတယ်။ ပြီးတော့ အခု သူ့ကုမ္ပဏီ တိုးတက်နေတဲ့ ပုံစံအရဆိုရင် အနာဂတ်မှာ အဲဒီလို ဖြစ်လာဖို့အတွက် အခွင့်အလမ်း အများကြီး ရှိနေတယ်လို့လည်း သူ တွေးထားတာပေါ့။

"ဂျင်မီ... ဒါဆို ငါတို့ကုမ္ပဏီရဲ့ အဆင့်က ဘယ်လောက်လဲ" လို့ မိုက်ကယ်က တိုက်ရိုက်ပဲ မေးလိုက်ပါတယ်။

မိုက်ကယ်က အဲဒီမေးခွန်းကို မေးလိုက်တဲ့အခါ အခြေခံအဆင့် သတင်းထောက်လေးခမျာ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားခဲ့ရတာပေါ့။

သူက အမှန်အတိုင်း ပြောပြချင်ပေမဲ့လည်း သခင်လေးကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးလေ။ နီယိုအော်ကပ်စ်ထဲကနေ မောင်းထုတ်ခံရမှာကိုလည်း သူ ကြောက်နေတာကိုး။

"ပြောသာပြောပါ။ ငါ စိတ်မဆိုးပါဘူး"

ဂျင်မီက လည်ချောင်းတစ်ချက်ဟန့်လိုက်ပြီး "အဆင့် သတ်မှတ်ချက်ထဲမှာ မပါသေးပါဘူး။ ဒါပေမဲ့... ချောကလက်ကုန်ပစ္စည်းတွေရဲ့ အခြေအနေကို ကြည့်ရသလောက်တော့ ဆရာ့အနေနဲ့ ထိပ်တန်း ၅၀၀ စာရင်းထဲကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်မယ့် အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ တကယ်ကို ဖြစ်နိုင်ချေ ရှိပါတယ်" လို့ ပြောလိုက်ပါတယ်။

မိုက်ကယ်ကတော့ စိတ်ဆိုးသွားတဲ့ ပုံစံမျိုး လုံးဝမပြဘဲ ခေါင်းညိတ်လိုက်တာပေါ့။

"ဒါဆိုရင် အဆင့်တွေ တက်လာဖို့အတွက် ငါတို့ ဘာတွေ ထပ်ပြီး ပြုပြင်ပြောင်းလဲဖို့ လိုမလဲလို့ မင်း ထင်လဲ"

ဂျင်မီက သူ့လက်ကို မြှောက်လိုက်ပြီး လက်ချောင်းတွေကို လိုက်ရေတွက်ပါတော့တယ်။

"ပထမဆုံးအနေနဲ့ ဆရာ့ရဲ့ လက်အောက်မှာ ပိုပြီးတော့ ကြွယ်ဝချမ်းသာမှုတွေ ရှိဖို့ လိုအပ်ပါတယ်။ ဒါက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းးရဲ့ အရေးကြီးဆုံး အချက်ပဲ ဖြစ်တာပေါ့။ ဒါပေမဲ့ ဒါတစ်ခုတည်းနဲ့တင် ဆုံးဖြတ်တာတော့ မဟုတ်ပါဘူး။

ဒုတိယအနေနဲ့ ဆရာ့မှာ နယ်မြေတွေ ပိုပြီး ရှိဖို့ လိုပါတယ်။ နယ်မြေမရှိရင်တော့ လုပ်ငန်းစဉ်တွေ လုပ်ဖို့အတွက် အခြေစိုက်စခန်း ရှိလာမှာ မဟုတ်ဘူးလေ။ ကုန်ပစ္စည်းတွေကို ထုတ်လုပ်ဖို့အတွက် နေရာတစ်ခုခု လိုအပ်မှာကိုး။ ကျွန်တော် ထင်တာတော့ ဆရာ့အနေနဲ့ နီယိုအော်ကပ်စ်ရဲ့ အပြင်ဘက်အထိပါ နယ်မြေချဲ့ထွင်ဖို့ လိုအပ်လိမ့်မယ်။ ဒီနေရာက အရမ်း သေးလွန်းနေတာကြောင့် ဖြစ်ပါတယ်။

ပြီးတော့ တတိယအနေနဲ့ လုံခြုံရေး လိုအပ်ပါတယ်။ ဆရာ့မှာ ရှိနေတဲ့ နယ်မြေတွေကို ကာကွယ်ပေးမယ့် လူတွေ လိုအပ်မှာပေါ့။ လက်ရှိ ကမ္ဘာ့အခြေအနေအရတော့ ဒါက သိပ်ပြီး မလိုအပ်သေးဘူး ဆိုပေမဲ့လည်း လောကကြီးမှာ မတော်တဆမှုတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ စိတ်မချမ်းမြေ့စရာ စီးပွားရေး ကိစ္စတွေက အမြဲ ရှိနေတတ်တာပဲလေ။ ဒါကြောင့် ဆရာ့ရဲ့ ကြွယ်ဝမှုနဲ့ နယ်မြေတွေကို ကာကွယ်ဖို့အတွက် လူတွေ ရှိထားတာက အကောင်းဆုံး ဖြစ်မှာပါ"

မိုက်ကယ်က ဂျင်မီရဲ့ စာရင်းကို နားထောင်ပြီး ခေါင်းညိတ်လိုက်ပါတယ်။ စိုးရိမ်ပူပန်နေတဲ့ သတင်းထောက်လေးခမျာ မိုက်ကယ် ဘာတွေ တွေးနေလဲဆိုတာကို လုံးဝ ခန့်မှန်းလို့ မရနိုင်ခဲ့ပါဘူး။

"ဟို... ကျွန်တော့် စကားကြောင့် ဆရာ စိတ်အနှောင့်အယှက် ဖြစ်သွားလား ခင်ဗျာ"

မိုက်ကယ်က လူငယ်လေးရဲ့ စိုးရိမ်မှုကို လက်ဝှေ့ယမ်းပြီး ပယ်ချလိုက်တာပေါ့။

"မဖြစ်ပါဘူး။ တကယ်တော့ ငါ မင်းကို ကျေးဇူးတင်ရမှာ။ ကောင်းတဲ့ ဗဟုသုတအချို့ကို ရလိုက်တာပဲ။ ကဲ... ငါတို့ နီယိုအော်ကပ်စ်ကို ဆက်ပြီး လှည့်ပတ်ကြည့်ရအောင်လား"

ဂျင်မီက သူ့နဖူးပေါ်က ချွေးစေးတွေကို သုတ်လိုက်ပါတယ်။ မိုက်ကယ်က သူ့ကုမ္ပဏီကို အဆင့်မြင့်မြင့် မသတ်မှတ်ပေးလို့ စိတ်ဆိုးလိမ့်မယ်လို့ သူ ထင်နေခဲ့တာကိုး။

စီးပွားရေး လုပ်ငန်းရှင် အများစုကတော့ သူတို့ရဲ့ အဆင့်က အမြင့်ကြီး မဟုတ်ဘူးဆိုရင် စိတ်တိုတတ်ကြတာပဲလေ။ ဒါပေမဲ့ မိုက်ကယ်ကတော့ တခြားသူတွေနဲ့ မတူဘဲ ဒီလို အဆင့်သတ်မှတ်ချက်တွေအပေါ် စိတ်ဝင်စားပုံ မရပါဘူး။

ဒါနဲ့ပဲ မိုက်ကယ်က လူတိုင်းကို နီယိုအော်ကပ်စ်ထဲမှာ လိုက်ပြီး လမ်းညွှန်ပြသပါတော့တယ်။

သူက ပထမဆုံးအနေနဲ့ ချောကလက်စက်ရုံနဲ့ ကွတ်ကီးမုန့်ဖုတ်လုပ်ငန်းဆီ ခေါ်သွားခဲ့ပါတယ်။ အဲဒီနေရာက တော်တော်လေးကို ကျယ်ပြန့်လာခဲ့ပြီဖြစ်ပြီး အခုဆိုရင် ဘက်သ် ရဲ့ အဓိက ဦးဆောင်မှုအောက်မှာ ရီနေးတားနိုင်ငံတော်ရဲ့ လူတွေ အများကြီးက အချိတ်အဆက်မိမိနဲ့ အလုပ်လုပ်နေကြတာကိုး။

စက်ရုံထဲက ထိရောက်လှတဲ့ ထုတ်လုပ်မှုစနစ်ကြီးကို မြင်လိုက်ရတဲ့အခါ လူတိုင်းက တကယ့်ကို အံ့ဩမှင်သက်သွားခဲ့ကြရတာပေါ့။ ကုန်ပစ္စည်းသယ်စက်ပတ်ကြိုးတွေရယ်၊ စက်မှုလုပ်ငန်းသုံး မွှေစက်ကြီးတွေရယ်၊ ပြီးတော့ တစ်ခေါက်တည်းနဲ့ ပမာဏ အမြောက်အမြားကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်တဲ့ ရေကန်ကြီးတွေကို သူတို့ ပထမဆုံး မျက်မြင်ကိုယ်တွေ့ မြင်ဖူးခြင်း ဖြစ်လို့ပါပဲ။

သူတို့အားလုံးဟာ မီးဖိုကြီးထဲမှာ တစ်ပြိုင်တည်း ဖုတ်နေတဲ့ ရာနဲ့ချီတဲ့ ကွတ်ကီးမုန့်တွေကို ငေးကြည့်နေခဲ့ကြပါတယ်။ မုန့်ဖုတ်ပြီးသွားတာနဲ့ ကွတ်ကီးတွေကို သိုလှောင်ရုံသေတ္တာထဲကို လောင်းထည့်လိုက်ကြပြီး အလုပ်သမားတွေက အဲဒါတွေကို လိုက်ပြီး ထုပ်ပိုးကြတာပေါ့။

"ဒါ... ဒါမျိုးကတော့ ဘယ်လိုမှ မဖြစ်နိုင်တာ..."

ဒါပေါ့... ကွင်းစ်နယ်မြေမှာရှိတဲ့ ဒေသခံတွေအတွက်တော့ သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ လျှပ်စစ်စွမ်းအင် အလုပ်လုပ်နေတာကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်တာကြောင့် အံ့ဩရတာ မဆန်းပါဘူး။

"အဲဒီ စွမ်းအင်က လူပုဘုရင်နိုင်ငံတော် အနားမှာရှိတဲ့ အသစ်စက်စက် ရေနွေးငွေ့စက်ရုံကနေ လာတာ ဖြစ်ပါတယ်" လို့ မိုက်ကယ်က ဘာမှမဖြစ်သလို အေးအေးဆေးဆေးပဲ ရှင်းပြလိုက်တာပေါ့။

"ဩော်... ဒါနဲ့ ငါတို့ ရထားဘူတာရုံသစ်ဆီကို သွားကြမလား။ ငါ မင်းတို့ကို လူပုဘုရင်နိုင်ငံတော်အပြင် ရီနေးတားနိုင်ငံတော်ကိုပါ လိုက်ပြပေးမယ်"

အခုဆိုရင် ဂျင်မီနဲ့ ကုန်သည်တွေအားလုံးဟာ တကယ့်ကို အံ့ဩစရာကောင်းလှတဲ့ ဒီလို တီထွင်မှုအဆောက်အဦးတွေကို မြင်ပြီး ဇဝေဇဝါဖြစ်ကာ ဆွံ့အကုန်ကြပြီ ဖြစ်လို့... ဘာစကားမှတောင် ထပ်ပြီး မပြောနိုင်ကြတော့ပါဘူး။

မိုက်ကယ်က သူတို့ကို ရထားဘူတာရုံဆီ ခေါ်သွားတဲ့အချိန်မှာ သူတို့အားလုံးရဲ့ ပါးစပ်တွေက အဟောင်းသား ဖြစ်နေခဲ့ကြရတာပေါ့။

သူတို့ ရထားထဲကို ဝင်သွားတဲ့အချိန်မှာ ဘာစကားမှ မပြောနိုင်ကြတော့ပါဘူး။ ရထားကြီးရဲ့ အင်ဂျင် စတင်လည်ပတ်ပြီး လူပု ဘုရင်နိုင်ငံတော်ဆီကို ဦးတည်ထွက်ခွာတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ ကြောက်စရာကောင်းတဲ့ ဟိန်းသံကြီးကြောင့် သူတို့တွေ အံ့ဩလွန်းလို့ အော်တောင် မအော်နိုင်ကြရှာပါဘူး။

နာရီအနည်းငယ် ကြာသွားခဲ့တဲ့အထိတောင် ဒီဒေသခံတွေဟာ ဒီလောက် အချိန်တိုအတွင်းမှာ မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို သူတို့ရဲ့ ဦးနှောက်ထဲမှာ ချက်ချင်းကြီး အဓိပ္ပာယ်ဖော်ဖို့ ခက်ခဲနေကြတုန်းပါပဲ။

မိုက်ကယ်က သူတို့ကို အသစ်အဆန်းတစ်ခုခု လိုက်ပြတိုင်းမှာ အဲဒါကို နားလည်ဖို့အတွက် နောက်ထပ် နာရီအနည်းငယ်လောက်အထိ အချိန်ပေးပြီး စဉ်းစားနေကြရတာကိုး။ ဒီလို သံသရာလည်နေတဲ့ အဖြစ်ကြီးက ရထားလမ်းတစ်လျှောက်လုံးမှာ ဖြစ်ပျက်နေခဲ့တာကြောင့် ဂျင်မီနဲ့ ကုန်သည်တွေခမျာ ကြောင်တောင်တောင် ပုံစံမျိုးကြီးနဲ့ပဲ လိုက်ပါလာခဲ့ကြရတာပေါ့။

ရထားဘူတာရုံမှာ ခဏရပ်နားလိုက်တဲ့အချိန်မှာတော့ လူပု ဘုရင်နိုင်ငံတော်ရဲ့ နာမည်ကျော် မီးတောင်ကြီးကို အနီးကပ် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာကြောင့် ဂျင်မီရဲ့ မျက်လုံးတွေက မျက်ဆန်ကျွတ်မတတ် ပြူးကျယ်သွားခဲ့ရတာပေါ့။

ဒါပေမဲ့ ကွင်းစ်နယ်မြေမှာရှိတဲ့ ဘယ်သူမှ မမြင်ဖူးတဲ့ ဒီလို ကြီးကျယ်ခမ်းနားလှတဲ့ မြင်ကွင်းကြီးအပေါ် သူ မယုံနိုင်အောင် ဖြစ်နေတဲ့အကြောင်းကို စကားတောင် မဟရသေးခင်မှာပဲ... တကယ့် လူပုတွေရဲ့ ဘုရင်ကိုယ်တိုင်က မိုက်ကယ်ရဲ့ အနားကို လျှောက်လာပြီး သူငယ်ချင်းအရင်းကြီးတွေလို ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်တာကို မြင်လိုက်ရပြန်ပါတယ်။

အဲဒီနောက် မိုက်ကယ်က လူပုဘီယာလို့ ခေါ်တဲ့ ယမကာသေတ္တာအပြည့်ကို သူ့သူငယ်ချင်းဆီ ပေးလိုက်ပြီး၊ အလဲအလှယ်အနေနဲ့ ဒဏ္ဍာရီလာ ဒမတ်စကတ်သံမဏိတွေ အပြည့်ပါတဲ့ သေတ္တာကို ပြန်ပြီး လက်ခံရယူလိုက်တာကို ဂျင်မီ မြင်တွေ့လိုက်ရတာပေါ့။

ဒါက အခြေခံအဆင့် သတင်းထောက်လေးအတွက်တော့ တကယ့် အိပ်မက်ဆိုးကြီးတစ်ခုလို ခံစားနေရရှာတာပါပဲ။ သူက အရာရာကို အံ့ဩလွန်းနေခဲ့တာကြောင့် သူ့ရဲ့ စာအုပ်အသေးလေးထဲမှာ သတင်းအချက်အလက်တွေ ချရေးဖို့ကိုတောင် လုံးဝ မေ့လျော့နေခဲ့ရတာကိုး။

ရီနေးတားကုမ္ပဏီက လူပုဘုရင်နိုင်ငံတော်နဲ့ မဟာမိတ်ဖြစ်နေတဲ့ အချက်ကို ထားလိုက်ပါဦး... သူတို့မှာ ဒမတ်စကတ် သံမဏိတွေကို အကန့်အသတ်မရှိ ရရှိနေတဲ့ အချက်ကိုလည်း ထားလိုက်ပါဦး... ဂျင်မီအတွက် အံ့ဩစရာ အကောင်းဆုံးအချက်ကတော့... တစ်ခုလုံးကို ခြုံကြည့်လိုက်ရင် ကင်းစ်နယ်မြေတစ်ခုလုံးက ရီနေးတားကုမ္ပဏီရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရောက်နေတဲ့ ပုံစံမျိုး ဖြစ်နေတာကိုပါပဲ။

* * * * * * * * *

စာစဉ်(၁၇)

အခန်း (၁၉၄)

သူ ကြည့်လိုက်တဲ့ နေရာတိုင်းမှာ... လမ်းထောင့် တိုင်း၊ လမ်းမ တိုင်းမှာ ရီနေးတားကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေကိုပဲ နေရာအနှံ့ မြင်တွေ့နေရတာပေါ့။

အထူးသဖြင့် လူသားတွေကိုအထင်သေးတတ်တာကြောင့် နာမည်ကြီးလှတဲ့ လူပုဘုရင်နိုင်ငံတော်ထဲမှာတောင် ဒါမျိုး မြင်တွေ့ရလိမ့်မယ်လို့ သူ လုံးဝမထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ သူတို့တွေဟာ ဒီအရာအားလုံးကို ဖြစ်မြောက်အောင် လုပ်ပေးခဲ့တဲ့ လူသားဖြစ်တဲ့ မိုက်ကယ်ရဲ့ နာမည်ကိုပဲ နေရာအနှံ့ ဂုဏ်ပြုနေကြတာကိုး။

အဲဒီနောက် သူတို့တွေ အတွင်းဘက်ဆီကို ခရီးဆက်ခဲ့ကြပြီး၊ ဂျင်မီနဲ့ ကုန်သည်တွေကို ကင်းစ်နယ်မြေနဲ့ ရထားလမ်းစနစ် ချိတ်ဆက်ထားတဲ့ တခြားသော နယ်မြေတွေဆီကို လိုက်ပြီး ပြသပေးခဲ့ပါတယ်။

ရထားဖြတ်သန်းသွားတဲ့အချိန်မှာ လမ်းဘေးက လူတွေရဲ့ အံ့ဩမှင်သက်နေတဲ့ မျက်နှာပေးတွေကို ကြည့်ရုံနဲ့တင် ရထားလမ်းစနစ် တည်ဆောက်မှုက ကင်းစ်နယ်မြေတစ်ခုလုံးမှာ ပြီးစီးသွားခဲ့တာ ရှင်းနေတာပေါ့။

ဂျင်မီက ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တိုင်း လူတွေက အော်ဟစ်အားပေးပြီး အံ့ဩနေကြတာကို မြင်တွေ့ရပါတယ်။

တချို့လူတွေဆိုရင် ရီနေးတားကုမ္ပဏီရဲ့ အလံကို လေထဲမှာ ဝှေ့ယမ်းနေကြတာက... တကယ့် ဘုရင်တစ်ပါး ကြွချီလာတာကို ဆီးကြိုနေသလိုမျိုးပါပဲ။ တကယ့်ကို မယုံနိုင်စရာ ကောင်းလှတာပေါ့။

ပုံမှန်ဆိုရင်တော့ ဂျင်မီအနေနဲ့ ဒီလိုမျိုး အပြုအမူတွေကို တကယ့် ဘုရင်ရှိတဲ့ တော်ဝင်နယ်မြေတွေမှာပဲ မြင်တွေ့ဖူးတာ ဖြစ်ပေမဲ့လည်း... အဲဒီလိုနေရာတွေမှာတောင် လူတွေရဲ့ အားပေးမှုက အတင်းအကျပ် လုပ်ထားသလိုမျိုး၊ တာဝန်အရပဲ ချီးမွမ်းနေရတဲ့ ပုံစံမျိုး ဖြစ်နေတတ်တာကိုး။

ဒါပေမဲ့ အခု သူတို့ ဖြတ်သန်းသွားခဲ့တဲ့ ကင်းစ်နယ်မြေထဲက နယ်မြေတွေရဲ့ အခြေအနေကို ကြည့်ရသလောက်တော့... လူတိုင်းဟာ ရီနေးတားကုမ္ပဏီအပေါ် တကယ့်ကို လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်နေကြတာ ရှင်းလင်းနေပါတယ်။

သာမန် ကုမ္ပဏီတစ်ခုတည်းကတင် နယ်မြေတစ်ခုလုံးကို ဒီလောက်အထိ အကောင်းမြင်တဲ့ သြဇာလွှမ်းမိုးမှုတွေ ဖြန့်ကြက်နိုင်တာက သူ့အတွက်တော့ တကယ့်ကို ရူးချင်စရာပါပဲ။

လူတွေက ရီနေးတားရဲ့ ကုန်ပစ္စည်းတွေကို ဆီးကြိုလက်ခံထားကြပြီး၊ သူတို့ရဲ့ နေ့စဉ်လူနေမှုဘဝမှာပါ အသုံးပြုဖို့ ရွေးချယ်ထားကြတာပေါ့။ အင်္ကျီတွေ၊ အရောင်းဆိုင်တွေ၊ ကစားစရာတွေ ဒါမှမဟုတ် အစားအသောက်တွေမှာ ဖြစ်ဖြစ်... အရာအားလုံးပေါ်မှာ ရီနေးတားကုမ္ပဏီရဲ့ နာမည်တွေချည်းပဲ ပါဝင်နေတာကိုး။

"ကုန်ပစ္စည်းတွေ အများကြီးကို ဘယ်လိုမျိုး ထုတ်လုပ်လိုက်တာလဲ... ကျွန်တော် ထင်တာက ဆရာတို့က ချောကလက်နဲ့ ကွတ်ကီးတွေကိုပဲ ရောင်းတာလို့..."

မိုက်ကယ်က ပုခုံတွန့်ပြလိုက်တာပေါ့။

"ဒါက ငါ့ရဲ့ နိုင်ငံသားတွေရဲ့ ကြိုးစားမှုကြောင့်ပေါ့။ ငါတို့နိုင်ငံမှာ စက်ရုံတွေနဲ့ ထုတ်လုပ်မှု အဆောက်အဦးတွေ အများကြီး ရှိတာကိုး။ နောက်ကျရင် မင်းတို့ကို လိုက်ပြပေးမယ်လေ"

ကင်းစ်နယ်မြေထဲမှာ ပိုက်ဆံနဲ့ သြဇာလွှမ်းမိုးမှုတွေ အများကြီး ရရှိပြီးတဲ့နောက်မှာတော့ မိုက်ကယ်က သူတို့ကုမ္ပဏီရဲ့ ကုန်ပစ္စည်းအမျိုးအစားတွေကို ပိုပြီး ချဲ့ထွင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေကို သူ ကိုယ်တိုင် မတီထွင်ခဲ့ရင်တောင်မှ... သူက ပုံစံသစ်တစ်ခုခု ဒါမှမဟုတ် တခြားဘယ်သူ့ထက်မဆို ပိုပြီး မြန်မြန်ဆန်ဆန် ထုတ်လုပ်နိုင်မယ့် ထိရောက်တဲ့ နည်းလမ်းတစ်ခုကို ဖန်တီးလိုက်တာပဲလေ။

တကယ်လို့ မိုက်ကယ်အနေနဲ့ ကင်းစ်နယ်မြေတစ်ခုလုံးကို အပိုင်ချုပ်ထားချင်တယ်ဆိုရင်တော့... အဲဒီမှာရှိတဲ့ နိုင်ငံသားတွေရဲ့ လိုအပ်ချက်နဲ့ အလိုဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးရမှာ သေချာပါတယ်။ အစားအသောက်၊ ကုန်ကြမ်းပစ္စည်း၊ ကျောက်သံပတ္တမြား၊ အဝတ်အထည်နဲ့ တခြားသော အရာမှန်သမျှကို... မိုက်ကယ်က ရီနေးတားကုမ္ပဏီကနေပဲ ထုတ်လုပ်ချင်နေတာကိုး။

တော်သေးတာက ရီနေးတားနိုင်ငံတော်က ဒီလို ကြီးမားလှတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် တော်တော်လေး ကျယ်ပြန့်လာခဲ့လို့ပါပဲ။ ဒါ့အပြင် ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်တဲ့ မီသရယ် အဆင့်မြင့်စွမ်းရည်တွေနဲ့ မှော်ဝင်ကိရိယာတွေရဲ့ အစွမ်းတွေ ရှိနေတာကလည်း တကယ့်ကို အထောက်အကူ ဖြစ်စေခဲ့တာပေါ့။

မိုက်ကယ်က ဒါကို ဂျင်မီနဲ့ ချောကလက်ကုန်သည်တွေကို ရှင်းပြလိုက်တဲ့အခါ၊ သူတို့တွေခမျာ အံ့ဩလွန်းလို့ ဘာစကားမှ မပြောနိုင်ဘဲ နောက်တစ်ကြိမ် ဆွံ့အသွားခဲ့ကြရပြန်တာပေါ့။

ဗန်ဒါဘစ်လုပ်ငန်းစုကြီးတောင်မှ ကွင်းစ်နယ်မြေထဲမှာ ဒီလောက်အထိ သြဇာလွှမ်းမိုးမှုနဲ့ လက်လှမ်းမီမှုမျိုး မရှိခဲ့ပါဘူး။

ကြည့်ရတာ ကင်းစ်နယ်မြေတစ်ခုလုံးက မိုက်ကယ်ရဲ့ လက်ခုပ်ထဲက ရေလို ဖြစ်နေသလိုပါပဲ။ ရထားလမ်းနဲ့ ချိတ်ဆက်ထားတဲ့ နယ်မြေတိုင်းကို လှည့်ပတ်ကြည့်ရှုပြီးတဲ့နောက်မှာ သူတို့ ရရှိသွားတဲ့ အမြင်ကတော့ အဲဒါပါပဲ။

ရက်အနည်းငယ် ဆက်တိုက် အံ့ဩစရာတွေကို ကြုံတွေ့ပြီးတဲ့နောက်မှာတော့၊ မိုက်ကယ်က သူတို့အတွက် နောက်ဆုံးသော အကြီးမားဆုံး အံ့အားသင့်စရာတစ်ခုကို ပြသခဲ့ပါတယ်... အဲဒါကတော့ ရီနေးတားနိုင်ငံတော်ပါပဲ။

မိုက်ကယ်က သူတို့ ခရီးသွားနေတဲ့ အချိန်တစ်လျှောက်လုံးမှာ ရီနေးတားနိုင်ငံတော်အကြောင်းကို ခဏခဏ ပြောပြခဲ့ဖူးတာကြောင့်၊ ဂျင်မီကတော့ ဒါကို သူတို့ကုမ္ပဏီရဲ့ သာမန် ရုံးချုပ်အသေးစားလေးတစ်ခုပဲလို့ ထင်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ ထဲက ကုမ္ပဏီအများစုမှာလည်း သူတို့ရဲ့ ဝန်ထမ်းတွေ အကုန်လုံး စုဝေးနေထိုင်ကြတဲ့ ကိုယ်ပိုင်နိုင်ငံဆိုတာမျိုး ရှိတတ်ကြတာကိုး။

ဒါပေမဲ့ သူတို့တွေ သုခဘုံလို့ ခေါ်တဲ့ နေရာကို ရောက်ရှိသွားတဲ့ အခါမှာတော့... အဲဒီနိုင်ငံရဲ့ ကြီးမားခမ်းနားလှတဲ့ ပုံစံကို ကြည့်ပြီး မအံ့ဩဘဲ မနေနိုင်ခဲ့ကြပါဘူး။

အဲဒီနေရာမှာရှိတဲ့ အသာမန်ဆုံး အိမ်တွေကတောင် ကွင်းစ်နယ်မြေမှာရှိတဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ စံအိမ်တွေ၊ ရဲတိုက်တွေထက်တောင် ပိုပြီး သပ်ရပ်လှပနေတာကိုး။ ဒါတင်မကဘဲ ဒီနေရာရဲ့ တိုးတက်မှု အဆင့်အတန်းက စိတ်ကူးယဉ်ဇာတ်လမ်းစာအုပ်တွေထဲမှာပဲ မြင်တွေ့နိုင်မယ့် အရာမျိုး ဖြစ်နေပါတယ်။

မော်တော်ကားတွေက နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေခဲ့ပြီး၊ ကားလမ်းမတွေပေါ်မှာလည်း တစ်နေရာကနေ တစ်နေရာကို အရှိန်အဟုန်နဲ့ မောင်းနှင်နေကြတဲ့ ကားတွေနဲ့ ပြည့်နှက်လို့ နေတာပေါ့။

ပြီးတော့ မိုက်ကယ်က သူတို့ကို လျှပ်စစ်စွမ်းအင်အကြောင်း ရှင်းပြခဲ့ဖူးတာကြောင့်... အဲဒီအရာက နိုင်ငံထဲမှာရှိတဲ့ အိမ်တိုင်း အိမ်တိုင်းမှာ နေမင်း အသေးစားလေးကို ဘယ်လိုမျိုး လင်းထိန်စေတာလဲ ဆိုတာကို သော်လည်းကောင်း၊ သတ္တုသေတ္တာကြီးတစ်ခုကနေ ဘာအကြောင်းရင်းမှမရှိဘဲ ဆောင်းရာသီလို အေးမြတဲ့ လေထုတွေကို ဘယ်လိုထုတ်ပေးနေတာလဲ ဆိုတာကို သူတို့တွေ လုံးဝ စဉ်းစားလို့ မရနိုင်ခဲ့ကြပါဘူး။

နိုင်ငံရဲ့ စီးပွားရေးဇုန်ကို လှည့်ပတ်ကြည့်ရှုပြီးတဲ့နောက်မှာတော့၊ မိုက်ကယ်က သူတို့ကို သဲကန္တာရရဲ့ အတွင်းဘက်မှာ တည်ရှိတဲ့ ကုန်ထုတ်လုပ်မှု ဗဟိုစခန်းဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဂျင်မီနဲ့ ကုန်သည်တွေဟာ သဲကန္တာရထဲမှာ မိုးကုတ်စက်ဝိုင်းအထိ တန်းစီ ဆောက်လုပ်ထားတဲ့ လေးထောင့်ပုံစံ အဆောက်အဦးကြီးတွေကို မြင်တွေ့လိုက်ရတာပေါ့။

"ဒါက ငါတို့ရဲ့ စက်ရုံပဲ ဖြစ်ပြီး၊ ငါတို့ရဲ့ ကုန်ပစ္စည်းမှန်သမျှကို ဒီနေရာကနေပဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အစားအသောက် ပြုပြင်မွမ်းမံမှုတွေ၊ ပန်းပဲပညာနဲ့ အဝတ်အထည် လုပ်ငန်းတွေအထိ ပါဝင်တာပေါ့" လို့ မိုက်ကယ်က ရှင်းပြခဲ့ပါတယ်။

"ကျွန်တော်တို့ အခု ဘာကို မြင်တွေ့နေရတာလဲ ခင်ဗျာ" လို့ ဂျင်မီက ဒီနေရာရဲ့ ကြီးမားလှတဲ့ လုပ်ငန်းစဉ်ကြီးကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေတဲ့ စိတ်နဲ့ မေးလိုက်ပါတယ်။

"လူကြီးမင်းတို့ခင်ဗျာ... သင်တို့ အခု မြင်တွေ့နေရတဲ့အရာကတော့ စက်မှုတော်လှန်ရေးပဲ ဖြစ်ပါတယ်"

မိုက်ကယ်က ထုတ်လုပ်မှုကို တတ်နိုင်သမျှ အထိရောက်ဆုံး ဖြစ်လာအောင် လုပ်ဆောင်ဖို့အတွက်... သူ့ရဲ့ အရင်ဘဝက ခေတ်သစ်ကာလရဲ့ နည်းပညာတွေနဲ့ အစီအစဉ်တွေကို အသုံးချခဲ့တာ ဖြစ်ပါတယ်။

ဒါပေါ့... လေထုထဲကို မီးခိုးအချို့ ထွက်ပေါ်လာတာကတော့ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စ ဖြစ်တာကြောင့်...

အဆောက်အဦးတွေရဲ့ လေဝင်လေထွက် ပိုက်တွေထဲကနေ ထွက်ပေါ်လာတဲ့ မီးခိုးဖြူ အမြောက်အမြားဟာ ကောင်းကင်ယံက တိမ်တိုက်ကြီးဆီကို ဦးတည်ပျံသန်းနေတာပေါ့။ ဒါပေမဲ့ အဲဒီမီးခိုးတွေက လေထုကို ညစ်ညမ်းစေမယ့်အစား... ထူးဆန်းတဲ့ မိုးတိမ်တိုက်ကြီးတစ်ခုက အဲဒီမီးခိုးတွေကို အကုန်လုံး စုပ်ယူပစ်လိုက်တာကြောင့်၊ မီးခိုးစုပ်ယူလိုက်တဲ့ အကြိမ်တိုင်းမှာ တိမ်တိုက်ကြီးက နည်းနည်းစီ ပိုပြီး ကြီးမားလာခဲ့ပါတယ်။

"တိမ်တိုက်ကြီးဆီကနေ မှော်စွမ်းအင်တွေ ပိုပြီး ထွက်လာတာကို ငါ ခံစားနေရပြီ..." လို့ မိုက်ကယ်က ပြောလိုက်ပါတယ်။ သူက မီးခိုးတွေကို စုပ်ယူပြီး ဒြပ်စင်မှော်စွမ်းအင်တွေကို ထုတ်လွှတ်ပေးတဲ့ ဒီလို ဗီဇပြောင်းလဲထားတဲ့ တိမ်တိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် တကယ့်ကို ကျေးဇူးတင်နေမိတာပေါ့။

ဒါမျိုးတွေသာ မရှိခဲ့ဘူးဆိုရင်... သူက စက်ရုံအမြောက်အမြားကို ဒီလောက်အထိ အတင့်ရဲပြီး ဆောက်လုပ်ရဲမှာ မဟုတ်ပါဘူး။

"ကဲ... ဒါဆိုရင် ငါတို့နိုင်ငံတစ်ခုလုံးအပေါ် မင်းတို့ရဲ့ အမြင်က ဘယ်လိုရှိလဲ" လို့ သူက ဂျင်မီကို မေးလိုက်ပါတယ်။

အခြေခံအဆင့် သတင်းထောက်လေးကတော့ မယုံနိုင်လောက်တဲ့ အမူအရာနဲ့ ခေါင်းခါပြလိုက်တာပေါ့။

"ဘယ်လောက်ပဲ စာအရေးအသားကောင်းတဲ့ သတင်းထောက် ဖြစ်ပါစေ... ရီနေးတားကုမ္ပဏီရဲ့ အကြောင်းအရာ အားလုံးကို အပြည့်အစုံ ရေးသားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်သာ ကြိုးစားပြီး ရေးခဲ့ရင်တောင်မှ... အဲဒါက တကယ့် လက်တွေ့အခြေအနေရဲ့ အပေါ်ယံလောက်ပဲ ဖြစ်နေမှာ သေချာပါတယ်။

ပြီးတော့... အဲလို ရေးခဲ့ရင်တောင်မှ ကျွန်တော် ရေးသမျှကို ဘယ်သူကမှ ယုံကြည်ကြမှာ မဟုတ်ပါဘူး"

* * * * * * * * *

All Chapters