အခန်း (၁၉၇-၁၉၈)
Vol. 17 Ch. 197-198
အခန်း (၁၉၇)
သူကတော့ အော့ခ်တွေရဲ့ အကြီးမားဆုံး အားသာချက်က တော်တော်လေး ဆူညံပေမဲ့ ဘာအန္တရာယ်မှမရှိတဲ့ သူတို့ဆီမှာပဲ ရှိတဲ့ ထူးခြားတဲ့ အလေ့အထကျင့်စဉ် သဟဇာတဖြစ်မှုလို့ပဲ အမြဲတမ်း ထင်နေခဲ့တာပေါ့။ ဒါကြောင့်လည်း အော့ခ်တွေက သူတို့နယ်ပယ်မှာ တကယ့်ကို ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်ကြတယ်ဆိုတာကို သူ မေ့လုနီးပါး ဖြစ်သွားခဲ့ရတာပါပဲ။
ဘာပဲဖြစ်ဖြစ် သူတို့တွေက ရွှေလမ်းမကြီးရဲ့ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ အချိန်တုန်းက အကောင်းဆုံး အစောင့်အရှောက်နဲ့ လုံခြုံရေး လုပ်ငန်းတွေအတွက် ထိပ်တန်း ရွေးချယ်စရာတွေအဖြစ် နာမည်ကြီးခဲ့ကြတာကိုး။
"မင်းတို့မှာ ဘာတွေ ရှိသေးလဲဆိုတာ ကြည့်ကြသေးတာပေါ့" လို့ မိုက်ကယ်က အော့ခ်တွေကို အာရုံစိုက်ရင်း သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ သူ့ရဲ့ မျက်လုံးတွေက လင်းလက်သွားတာကို ကြည့်ရင် သူ့ရဲ့ ကိုယ်ပိုင်အေအိုင်အကူ ဖြစ်တဲ့ နိုဗာကိုယ်တိုင်ပါ အာရုံစိုက်နေတယ်ဆိုတာ သိသာလှတာပေါ့။
ပထမဆုံး တိုက်ခိုက်မှု အနည်းငယ်မှာတော့ အော့ခ်တွေက မောင့်ဂိုမာရီ ဘက်က လူတစ်ပိုင်းသတ္တဝါတွေကို ဖိနှိပ်ဖို့အတွက် သူတို့ရဲ့ မွေးရာပါ ထူးကဲလှတဲ့ ခန္ဓာကိုယ် ခွန်အားတွေကို အသုံးချခဲ့ကြတယ်။
ဝံပုလွေအော့ခ်တွေက သေးငယ်တဲ့ ပြိုင်ဘက်ကို ဖိအားပေးဖို့ သူတို့ရဲ့ ကြီးမားလှတဲ့ ကြွက်သားထုကို အသုံးပြုခဲ့ကြတာပေါ့။ သူတို့ရဲ့ တိုက်ခိုက်မှု ပုံစံကတော့ တိုက်စစ်၊ တိုက်စစ်၊ ပြီးတော့ တိုက်စစ် ဆင်တာပါပဲ။
ဒါက တိုက်ပွဲတစ်ခုလုံးမှာ ခံစစ်ပိုင်းကိုပဲ အာရုံစိုက်ပြီး တိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်ကို စောင့်ဆိုင်းနေတတ်တဲ့ လိပ်ပြာဆူးအော့ခ်တွေနဲ့တော့ လုံးဝကို ကွဲပြားခြားနားလှတယ်။
သူတို့တွေက သူတို့ရဲ့ လေ့ကျင့်ဖော် လေ့ကျင့်ဖက်တွေနဲ့ တိုက်ကွက်တွေ အပြန်အလှန် ဖလှယ်ရင်း အနည်းငယ်လောက် အသာစီး ရရှိခဲ့ကြတာပေါ့။ ဒါပေမဲ့ သူတို့ ရင်ဆိုင်နေရတာကလည်း အန်း က ကိုယ်တိုင်ကိုယ်ကျ သေသေချာချာ လေ့ကျင့်ပေးထားတဲ့ ထိပ်သီးတွေ ဖြစ်နေတာကြောင့် လွယ်လွယ်နဲ့တော့ အရှုံးပေးကြမှာ မဟုတ်ပါဘူး။
လူတစ်ပိုင်းသတ္တဝါတွေကလည်း အော့ခ်တွေဆီကနေ အသာစီး ပြန်ရဖို့အတွက် သူတို့ရဲ့ စွမ်းရည်တွေနဲ့ အတတ်ပညာတွေကို အသုံးချပြီး ပြန်လည် တိုက်ခိုက်ခဲ့ကြတယ်။
ဒါက အော့ခ်တွေကို သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေနဲ့ သင်ယူထားတဲ့ မန္တန်တွေကို နောက်ဆုံးမှာ အသုံးချလာအောင် လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားခဲ့တာပေါ့။ ဝံပုလွေအော့ခ်တွေက သူ့ရဲ့ ရင်ဘတ်ကြွက်သားတွေကို စတင် ရိုက်ခတ်လိုက်ပြီး ပြိုင်ဘက်ကို ဟန်ချက်ပျက်သွားစေမယ့် တုန်ခါမှုလှိုင်းတစ်ခုကို ဖန်တီးလိုက်ကြတယ်။
လိပ်ပြာဆူးအော့ခ်တွေကလည်း တစ်ကြိမ်တည်းနဲ့ ဆူးပေါင်း ရာနဲ့ချီပြီး ပစ်လွှတ်လိုက်ကြသလို၊ သင်ယူထားတဲ့ မန္တန်တွေကို သုံးပြီး အဲဒီဆူးတွေကို ပြိုင်ဘက်ကို တိုက်ခိုက်ဖို့အတွက် လိုသလို ထိန်းချုပ်လိုက်ကြတာပေါ့။
မိုက်ကယ်က ကိုယ်ခံပညာရပ်မန္တန်တွေအပေါ် လုံးဝကို အမြင်သစ်တစ်ခုနဲ့ မြင်တွေ့လိုက်ရတာကြောင့် မျက်လုံးတွေ ပြူးသွားခဲ့ရတယ်။ ဒါက အန်း က သူမရဲ့ မှော်စွမ်းအင် အမြုတေတွေကို အသုံးပြုတဲ့ ပုံစံနဲ့ လုံးဝကို ကွဲပြားနေတာကိုး။
[မှော်ကျင့်စဉ်ကို ရရှိပါပြီ။]
[မှော်ကျင့်စဉ်ကို ရရှိပါပြီ။]
[မှော်ကျင့်စဉ်ကို ရရှိပါပြီ။]
တစ်နေ့ခင်းလုံး လေ့ကျင့်နေတဲ့ အချိန်တစ်လျှောက်လုံးမှာ မိုက်ကယ်က အော့ခ်တွေဆီကနေ မန္တန်တစ်ခုပြီးတစ်ခုကို ဆက်တိုက် စုပ်ယူနေခဲ့တာပေါ့။
သူက မန္တန်တွေ အများကြီးကို ကူးယူနိုင်ခဲ့တာကြောင့် အဲဒီ မှော်ကျင့်စဉ်တွေ အားလုံးကို သူ့စိတ်ကြိုက် ပေါင်းစပ်ပြီး အဲဒါတွေထဲကနေ လုံးဝ ဆန်းသစ်တဲ့ အရာတစ်ခုကိုတောင် ဖန်တီးနိုင်တော့မလို ခံစားနေရတယ်။
"ဟေး နိုဗာ၊ ဒရာဂွန်ဘွန်းတွေအတွက် သင့်တော်မယ့် ကိုယ်ခံပညာရပ်မန္တန်အသစ်တစ်ခု ဖန်တီးပေးနိုင်မလား
[ကျွန်ုပ် သေချာပေါက် လုပ်ပေးနိုင်ပါတယ်။ အခုပဲ အော့ခ်တွေရဲ့ တိုက်ခိုက်မှု ပုံစံကို အခြေခံပြီး ဒရာဂွန်ဘွန်းတွေ တစ်ယောက်ချင်းစီအတွက် မန္တန်အသစ်တွေကို ပြင်ဆင်ပေးပါ့မယ်။]
--- ဓားသွား၏ သေမင်းတမန်အသံ
--- ဒီမန္တန်က လေထဲမှာ ဓားကို ဝှေ့ယမ်းလိုက်တဲ့ အကြိမ်တိုင်းမှာ အန္တရာယ်များတဲ့ အသံလှိုင်းပေါက်ကွဲမှုကို ဖန်တီးပေးနိုင်ပါတယ်။ အဲဒီ အသံလှိုင်းပေါက်ကွဲမှုကနေ ပေးစွမ်းနိုင်တဲ့ ပျက်စီးမှုကတော့ အသုံးပြုသူရဲ့ မြန်နှုန်းအပေါ်မှာ မူတည်တာပေါ့။
--- မြားပြန်လည် ထိန်းချုပ်ခြင်း
--- ဒီမန္တန်က အသုံးပြုသူကို ပစ်မှတ်ဆီ ပစ်လွှတ်လိုက်တဲ့ မြားကို ပြန်လည် ထိန်းချုပ်နိုင်စွမ်း ပေးစွမ်းနိုင်ပါတယ်။
--- သွေးကြွ အလေ့အထ
--- ဒီမန္တန်က အသုံးပြုသူကို တိုက်ပွဲမစခင်မှာ အလေ့အထကျင့်စဉ် အခမ်းအနားတစ်ခုကို လုပ်ဆောင်စေပြီး အရှိန်အဟုန်နဲ့ ခွန်အားတွေကို ရရှိစေနိုင်ပါတယ်။
--- အကာအကွယ် ချိုးဖျက်ခြင်း
--- ပစ်မှတ်ရဲ့ အဓိက ကြွက်သားတွေကို ထိုးနှက်လိုက်ခြင်းက သူတို့ရဲ့ ခံစစ်ကို ခေတ္တမျှ ဖျက်ဆီးပစ်နိုင်ပါတယ်။
ဒီမန္တန်တွေက အများကြီး မထူးခြားလှဘူးဆိုပေမဲ့ ဒရာဂွန်ဘွန်းတွေရဲ့ ခွန်အားကို သိသိသာသာ မြင့်တက်သွားစေဖို့အတွက်တော့ လုံလောက်ခဲ့တာပေါ့။
နောက်တစ်နေ့မှာတော့ သူက ဒရာဂွန်ဘွန်းတွေကို ခပ်မြန်မြန်ပဲ စုစည်းလိုက်ပြီး နိုဗာ ဖန်တီးပေးထားတဲ့ မန္တန်အသစ်တွေကို သင်ကြားပေးလိုက်တယ်။ သူတို့တွေကလည်း ဒါကို သခင်လေးဆီကရတဲ့ မွေးနေ့လက်ဆောင်တစ်ခုလို သဘောထားကြတာကြောင့် တကယ့်ကို စိတ်လှုပ်ရှားနေကြတာပေါ့။
သူတို့တွေ လေ့ကျင့်ကွင်းကို ရောက်ရှိလာကြပြီး အသစ်ရရှိထားတဲ့ မန္တန်တွေကို စတင် လေ့ကျင့်ကြတော့တယ်။ စိတ်မကောင်းစရာကတော့ သူတို့တွေက ဒါကို တကယ့်ကို စိတ်အားထက်သန်လွန်းနေကြတာကြောင့် မြေပြင်ပေါ်မှာ ငလျင်အသေးစားလေးတစ်ခုကို မတော်တဆ ဖြစ်ပေါ်စေခဲ့တာပါပဲ။
အော့ခ်တွေရဲ့ ဆူညံလှတဲ့ အော်ဟစ်သံ စွမ်းရည်တွေနဲ့ ဒရာဂွန်ဘွန်းတွေရဲ့ မွေးရာပါ ခန္ဓာကိုယ် ခွန်အားတွေ ပေါင်းစပ်သွားတဲ့အခါ မြေပြင်ပေါ်မှာ သဟဇာတ ဖြစ်မှုတစ်ခု ဖြစ်ပေါ်စေခဲ့ပြီး၊ မြေပြင်ကို ဘယ်ပြန်ညာပြန် အနည်းငယ် တုန်ခါသွားစေခဲ့တာကိုး။
မနက်စောစောစီးစီးမှာပဲ ဂျင်မီက သူ့ရဲ့ ကုတင်ကို လှုပ်ခါသွားစေတဲ့ ရုတ်တရက် ငလျင်ကြောင့် လန့်နိုးလာခဲ့ရတယ်။ အမိုးက ရုတ်တရက် ပြိုကျလာပြီး သူ့ကို အပျက်အစီးတွေအောက်မှာ ပိတ်မိသွားစေတော့မယ်လို့ ထင်မှတ်ပြီး သူ့အသက်အတွက် တကယ့်ကို ထိတ်လန့်သွားခဲ့တာပေါ့။ သူက ဒီလိုမျိုး အခြေအနေတွေအကြောင်း အရင်က သတင်းတွေထဲမှာ ဖတ်ဖူးခဲ့တာလေ၊ အထူးသဖြင့် အော်ကပ်စ်မြို့မှာဆိုရင် အများစုက ကပ်ဘေးတွေနဲ့ပဲ အဆုံးသတ်လေ့ ရှိကြတာကိုး။
ဒါက သတင်းစာထဲမှာ သူ့ရဲ့ နာမည်ကို အမှတ်တရပါစေချင်တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ငလျင်က ဆက်ပြီး လှုပ်ခါနေပေမဲ့လည်း အဆောက်အအုံရဲ့ တည်ဆောက်ပုံက လုံးဝကို မလှုပ်မယှက် ဖြစ်နေတာကို မြင်လိုက်ရတာကြောင့် သူ အံ့ဩသွားခဲ့ရတယ်။ မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ငလျင်က ငြိမ်သက်သွားခဲ့ပြီး တိတ်ဆိတ်တဲ့ မနက်ခင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တာပေါ့။
သူက ငလျင်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် လူတွေ ပျာယာခတ်နေကြတာကို မြင်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ရင်း သူ့ရဲ့ အခန်းပြင်ကို ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာခဲ့တယ်။ ဒါပေမဲ့ နီယိုအော်ကပ်စ်မှာ ရှိတဲ့ နေ့စဉ် လူနေမှုဘဝက ဘာမှမဖြစ်ခဲ့သလိုမျိုး ဆက်ပြီး လည်ပတ်နေတာကို မြင်လိုက်ရတာကြောင့် သူ တကယ့်ကို အံ့ဩသွားခဲ့ရတာပေါ့။
သူက ဒေသခံအချို့ကို စတင် မေးမြန်းကြည့်တော့မှ သူတို့တွေ ဘာလို့ ဒီလောက်အထိ အေးအေးဆေးဆေး ဖြစ်နေကြလဲဆိုတဲ့ အကြောင်းရင်းကို သိလိုက်ရတော့တယ်။
သူတို့တွေ ဘာလို့ ပျာယာမခတ်ကြတာလဲ။ အဲဒါကတော့ နိုင်ငံသားတိုင်းရဲ့ အရိပ်ထဲမှာ ကိုယ်ပွားလေးတွေ ရှိနေတဲ့ စလိုင်းမ် လေးရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဒါကြောင့် သူတို့တွေ ဘယ်နေရာမှာပဲ ရှိနေရှိနေ၊ မိုက်ကယ်က သူ့ရဲ့ နိုင်ငံသားတွေကို ဖြစ်ပျက်သမျှ သတင်းမှန်သမျှကို ချက်ချင်း အချိန်နဲ့တပြေးညီ အလွယ်တကူ အသိပေးနိုင်တာပေါ့။
ဒါပေမဲ့ ဒါကလည်း သူတို့တွေ ဘာလို့ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်မှု တစ်ခုမှ မရှိကြဘူးလဲဆိုတာကို ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး။ အရင်တုန်းက ငလျင်တွေကြောင့် ဒီလိုမျိုး ကပ်ဘေးတွေနဲ့ နှလုံးကြေကွဲစရာတွေကို ကြုံတွေ့ခဲ့ဖူးတဲ့ ဒေသခံတွေအနေနဲ့ နောက်ထပ် ငလျင်တစ်ခု ထပ်လှုပ်တဲ့အချိန်မှာ နည်းနည်းလောက်တော့ စိတ်လှုပ်ရှားတဲ့ အမူအရာ ပြသသင့်တယ်လို့ သူ ထင်နေမိတာကိုး။
သူတို့တွေက ငလျင်တွေကို ဘာအန္တရာယ်မှ မရှိတဲ့ အရာတစ်ခုလိုမျိုး သတ်မှတ်ထားကြတဲ့ အတိုင်းပါပဲ။
ဒါကတော့ သတင်းထောက်အသစ်လေးကို တကယ့်ကို ဇဝေဇဝါ ဖြစ်စေခဲ့တာပေါ့။
နီယိုအော်ကပ်စ်မှာ အံ့မခန်း တည်ဆောက်ပုံတွေ ရှိနေရင်တောင်မှ မတော်တဆ ပြိုကျမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး၊ အပျက်အစီးတွေအောက်မှာ သူတို့ကို ပိတ်မိသွားစေနိုင်တဲ့ အခြေအနေက ရှိနေသေးတာပဲလေ။
ဒါပေမဲ့လည်း ဒေသခံတွေကတော့ ဒီလိုမျိုး ဖြစ်လာနိုင်ချေအပေါ်မှာ စိုးရိမ်ပူပန်မှု လုံးဝ မရှိကြပါဘူး။
ဂျင်မီက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပေမဲ့ နိုင်ငံသားတွေကို ကာကွယ်ပေးမယ့် မှော်အလွှာ အကာအကွယ်တွေရဲ့ အမှတ်အသားတွေကို လုံးဝ မတွေ့ရပါဘူး။ ဒါကြောင့် သူတို့အပေါ်ကို ကျောက်တုံးတွေနဲ့ အပျက်အစီးတွေ တန်နဲ့ချီပြီး ပိကျလာရင်တောင် ဘာမှမဖြစ်နိုင်ဘူးဆိုတဲ့ အမူအရာမျိုး ပြသနေကြတာကတော့ ဘယ်လိုမှ အကြောင်းပြချက် မရှိတဲ့ ကိစ္စ ဖြစ်နေပါတယ်။
ဂျင်မီက မိုက်ကယ်ကို ကိုယ်တိုင်ကိုယ်ကျ ဒီအကြောင်းကို မေးမြန်းချင်ပေမဲ့ ဒီလိုမျိုး အကြောင်းအရာက တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စမျိုး ဖြစ်နေမှာကိုတော့ စိုးရိမ်နေမိတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့တစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စမျိုး ဖြစ်နိုင်တာကိုး။
သတင်းထောက်တစ်ဦးအနေနဲ့၊ သူက မိုက်ကယ်ရဲ့ စိတ်ခံစားချက် အခြေအနေကို အကဲခတ်ဖို့အတွက် သူ့ရဲ့ တကယ့် မေးခွန်းအစစ်အမှန်ကို သာမန်မေးခွန်းအချို့နဲ့ ဘယ်လို လှည့်ပတ်မေးရမလဲဆိုတာကို ကောင်းကောင်း နားလည်ထားတာပေါ့။
"ဪ... တို့တွေထဲက ဘယ်သူမှ ငလျင်အပေါ် ဘာလို့ စိုးရိမ်ပူပန်မှု မရှိကြတာလဲလို့ မေးနေတာလား"
"ဟုတ်ပါတယ်" လို့ ဂျင်မီက စိတ်အားထက်သန်စွာနဲ့ ပြောလိုက်တယ်။
"ဒါပေမဲ့ တကယ်လို့ အစ်ကိုက ကျွန်တော့်ကို မပြောပြချင်ဘူးဆိုရင်လည်း ကျွန်တော် လုံးဝ အဆင်ပြေပါတယ်ဗျာ"
"အင်း... အဖြေကတော့ ရိုးရှင်းပါတယ်။ သူတို့တွေက အဲဒီဒဏ်ကို ခံနိုင်ရည် ရှိကြလို့ပဲလေ"
* * * * * * * * *
စာစဉ်(၁၇)
အခန်း (၁၉၈)
အကြွင်းမဲ့ ဒြပ်စင်ဘက်စုံအကာအကွယ် ကတော့၊ အဲဒါက ရီနေးတားနိုင်ငံသားတိုင်း ရရှိထားတဲ့ အားနည်းတဲ့ အဆင့်ပဲ ဖြစ်နေရင်တောင်မှ၊ သူတို့အပေါ်ကို အနည်းဆုံး အပျက်အစီးတွေ တန်နဲ့ချီပြီး ပြိုကျလာတဲ့ အခြေအနေကနေ ဘေးကင်းလုံခြုံစွာ ရှင်သန်နိုင်ဖို့အတွက် လုံလောက်တဲ့ ခံစစ် စွမ်းရည် ဖြစ်နေတာပေါ့။
ဒီလိုမျိုး အင်အားရဲ့ အလေးချိန်က ကြယ်တစ်ပွင့်မန္တန် ဖြစ်တဲ့ ကျောက်ခွဲမန္တန်လောက်နဲ့ပဲ ညီမျှတာကြောင့်၊ ရီနေးတာ နိုင်ငံသားတွေအနေနဲ့ ကြယ်နှစ်ပွင့်မန္တန် ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့အဆင့်မှာ ရှိနေသရွေ့တော့ ဒီလိုမျိုး ကပ်ဘေးတွေ သူတို့အပေါ် ကျရောက်လာမှာကို စိုးရိမ်နေစရာ မလိုတော့ပါဘူး။
ဆိုလိုတာက ရီနေးတား နိုင်ငံသားဖြစ်လာတာ တစ်လထက်ပိုသွားတဲ့သူတိုင်းဟာ ရေနစ်တာပဲဖြစ်ဖြစ်, မီးတောက်တွေထဲ ပိတ်မိတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မြင့်မားတဲ့ နေရာကနေ ပြုတ်ကျတာမျိုးပဲဖြစ်ဖြစ် ဘယ်လို သဘာဝဘေးအန္တရာယ်မျိုးကနေမဆို ဘေးကင်းလုံခြုံနေကြပြီ ဖြစ်ပါတယ်။
မိုက်ကယ်ကတော့ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့အရာတစ်ခုကို မရှာဖွေတွေ့ရှိခင်အထိ ဒါဟာ သူ့ရဲ့ နိုင်ငံသားတွေအတွက် တော်တော်လေး ကောင်းမွန်တဲ့ မွေးရာပါ ခံစစ်တစ်ခုလို့ တွေးထားခဲ့တာပေါ့။ သူက ဒါကို သာမန် စံနှုန်းတစ်ခုလောက်ပဲ ရှိတယ်လို့တောင် ထင်နေခဲ့တာပါ။
ဒါပေမဲ့ ကွင်းစ်နယ်မြေရဲ့ ဒေသခံတွေက သူ့ကို ကြည့်နေကြတဲ့ အကြည့်တွေကို ကြည့်ပြီး၊ သူ့ရဲ့ အတွေးအခေါ် ထဲမှာ တစ်ခုခု မှားယွင်းနေပြီဆိုတာ သိလိုက်ရတယ်။
"အဲဒါက တကယ်ကြီး ဆိုးရွားလို့လား" လို့ သူက သူတို့ကို မေးလိုက်မိတယ်။
"ဆိုးရွားတာ ဟုတ်လား" လို့ ဂျင်မီက အော်ဟစ်လိုက်တာပေါ့။
"ဒါက လုံးဝကို ရူးချင်စရာကြီးဗျာ။ သခင်လေးရဲ့ နိုင်ငံသားတွေက ဒီလိုမျိုး ခံစစ်စွမ်းရည်ကို အလိုအလျောက် ပိုင်ဆိုင်ထားကြတာလား။ ပြီးတော့ သခင်လေးက လူသားရော လူတစ်ပိုင်းသတ္တဝါတွေရဲ့ ပါရမီကိုပါ ကိုယ်တိုင် နှိုးဆွပေးနိုင်တယ်ဆိုတာကို ကျွန်တော် အခုမှ ဘာလို့ သဘောပေါက်သွားရတာလဲ”
မိုက်ကယ်ကတော့ ဒါက တော်တော်လေးကို ထင်ရှားလွန်းလှတယ်လို့ တွေးထားခဲ့တာပေါ့။ ဒါပေမဲ့ ဂျင်မီကတော့ ကင်းစ်နယ်မြေမှာ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေ အားလုံးကို အချိန်ယူပြီး စဉ်းစားနေရတုန်း ဖြစ်တာကြောင့်၊ ရီနေးတား နိုင်ငံသားတိုင်းက မှော်ပညာကို ဘာလို့ ဒီလောက်အထိ ကျွမ်းကျင်စွာ အသုံးချနိုင်နေကြလဲဆိုတာကို နားမလည်နိုင်သေးတာ ဖြစ်ရမယ်။
"ကုမ္ပဏီကြီးတွေမှာလည်း ဒီလိုမျိုး ခံစစ်စွမ်းရည်တွေ ရှိကြတာ မဟုတ်ဘူးလား" လို့ မိုက်ကယ်က အပြစ်ကင်းစင်တဲ့ ပုံစံနဲ့ မေးလိုက်မိတယ်။
လုံးဝ မရှိပါဘူး၊ ဆိုတာကတော့ ထွက်ပေါ်လာတဲ့ ပြတ်သားလှတဲ့ အဖြေပါပဲ။
"မိမိတို့ကိုယ်ပိုင် ခံစစ်နဲ့ တိုက်စစ် မန္တန်တွေ ရှိကြတဲ့ ကုမ္ပဏီတွေ ဒါမှမဟုတ် တော်ဝင်မျိုးနွယ်တွေရဲ့ နယ်မြေအချို့တော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေကို သူတို့ရဲ့ သာမန်နိုင်ငံသားတိုင်းကို ဒီအတိုင်း ပေးလိုက်ကြတာမျိုး မဟုတ်ဘူးဗျ။ ပိုက်ဆံဆိုတာ မြေကြီးထဲက အာလူးလို ပေါပေါပဲပဲ ရတာမှ မဟုတ်တာ။ သူတို့ရဲ့ နိုင်ငံသားတွေကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လောက်တဲ့အထိ စွမ်းရည်ရှိလာအောင် မြေတောင်မြှောက်ပေးဖို့အတွက် အရင်းအမြစ်တွေ အများကြီး လိုအပ်ပါတယ်။
သူတို့တွေက သူတို့ရဲ့ လူပေါင်း သောင်းနဲ့ချီကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် စွမ်းရည်တွေ ပေးအပ်မယ့်အစား၊ နိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် စစ်တပ်အသေးစားလေးတစ်ခုကိုပဲ ပြုစုပျိုးထောင်ဖို့ ပိုပြီး ရွေးချယ်ကြလိမ့်မယ်"
ဂျင်မီရဲ့ ရှင်းပြချက်ကို ကြားလိုက်ရတော့မှ မိုက်ကယ်က သူ့ရဲ့ နိုင်ငံတော်ရဲ့ ထူးခြားဆန်းပြယ်မှုကို နည်းနည်းလောက် ပိုပြီး သတိထားမိသွားခဲ့တာပေါ့။ သူကတော့ အောင်မြင်တဲ့ ကုမ္ပဏီတိုင်းဟာ သူလုပ်ခဲ့သလိုမျိုးပဲ လုပ်ဆောင်ကြလိမ့်မယ်လို့ ထင်နေခဲ့တာကိုး။
မိုက်ကယ်က ယူနာ ဘက်ကို လှည့်ကြည့်လိုက်တယ်။
"ဒါက တကယ်ပဲလား" လို့ သူမကို မေးလိုက်မိတာပေါ့။
"ဟုတ်ပါတယ်။ ဒါကြောင့်လည်း ငါက နင့်ကို ကုဒ်ခိုးသုံးနေတဲ့သူလို့ ပြောခဲ့တာပေါ့။ နင့်ရဲ့ တန်ခိုးတွေက ပြိုင်ဘက်တွေထက် အများကြီး ပိုပြီး အလှမ်းဝေးတဲ့နေရာကို ရောက်ရှိနေစေတာပဲလေ"
ပြန်တွေးကြည့်ရင်တော့ မိုက်ကယ်အနေနဲ့ သိထားသင့်တာပေါ့။ ဒါက အဆင့်မြင့်စွမ်းရည် တစ်ခုကို ကံကောင်းစွာနဲ့ ပိုင်ဆိုင်ခွင့် ရရှိထားတဲ့သူတွေရဲ့ တန်ခိုးပဲ ဖြစ်နေတာကိုး။
"ဒါဆိုရင်တော့ ငါက တော်တော်လေး တော်တဲ့သူ ဖြစ်နေတာပေါ့" လို့ မိုက်ကယ်က အခုမှ ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွားတဲ့ အတိုင်း တိုးတက်လေး ရေရွတ်လိုက်မိတယ်။
"စကားဖြတ်ပြောရတာ စိတ်မရှိပါနဲ့။ ဒါပေမဲ့ သခင်လေးက ကိုယ်ပိုင်ပြုပြင်ထားတဲ့ ကိုယ်ခံပညာရပ်မန္တန်တွေကို ဖန်တီးနိုင်ကတည်းက ဒါကို ပထမဆုံး သဲလွန်စအနေနဲ့ သိထားသင့်တာပေါ့" လို့ အန်း က ကြားဖြတ်ပြီး ပြောလိုက်တာပေါ့။
သူမက မိုက်ကယ် သင်ကြားပေးလိုက်တဲ့ ဒရာဂွန်ဘွန်းတွေရဲ့ မန္တန်အသစ်တွေကို သတိပြုမိသွားခဲ့တာ ဖြစ်ရမယ်။ ပုံစံချင်း ကွဲပြားနေရင်တောင်မှ ခွန်အားရဲ့ အခြေခံကတော့ လွန်ခဲ့တဲ့ တစ်ရက်တုန်းက အော့ခ်တွေ ပြသခဲ့တဲ့ အရာတွေနဲ့ တကယ့်ကို တူညီလွန်းနေတာကိုး။
"သခင်းလေးက အဲဒီမန္တန်တွေကို တစ်ရက်တည်းနဲ့တင် ဖန်တီးလိုက်တာ ဟုတ်တယ်မလား။ တို့တွေက သူတို့ရဲ့ မန္တန်တွေကို မနေ့ကအထိ တစ်ခါမှ မမြင်ဖူးခဲ့ကြဘူးလေ"။
"အာ... ဟုတ်ပါတယ်။ ဒါပေမဲ့ မြင့်မားတဲ့ အဆင့်ရှိတဲ့ ကိုယ်ခံပညာရပ် မာစတာတစ်ယောက်ဆိုရင်လည်း ဒါမျိုးကို လုပ်နိုင်တာ မဟုတ်ဘူးလား" လို့ သူက ဘာမှမသိတဲ့ ပုံစံနဲ့ မေးလိုက်မိတယ်။
လုံးဝ မဟုတ်ပါဘူး၊ ဆိုတာကတော့ နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာတဲ့ ပြတ်သားလှတဲ့ အဖြေပါပဲ။
"နည်းပညာအရ ပြောရရင်တော့ သူတို့တွေ ဒါကို လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ သခင်လေးလုပ်နိုင်သလိုမျိုး ဒီလောက်အထိ မြန်မြန်ဆန်ဆန်တော့ မလုပ်နိုင်ကြဘူး" လို့ အန်း က ရှင်းပြလိုက်တယ်။
"ဂုဏ်သရေရှိ စစ်သည်တော်တစ်ဦး ဖြစ်လာဖို့အတွက် အခြေခံ လိုအပ်ချက်တွေထဲက တစ်ခုကတော့ ကိုယ်ပိုင် ကိုယ်ခံပညာရပ်မန္တန်တစ်ခုကို ဖန်တီးနိုင်ဖို့ပါပဲ။ ပုံမှန်အားဖြင့်တော့ သူတို့ရဲ့ နည်းဗျူဟာအသစ်ကို ဝါရင့် စစ်သည်တော်တွေက အသိအမှတ် မပြုခင်အထိ တစ်နှစ် ဒါမှမဟုတ် အဲဒီထက်မက ကြိုးစားပမ်းစား သုတေသနပြုပြီး လေ့ကျင့်ကြရတာ ဖြစ်ပါတယ်"
"ဒါက တကယ့်ကို သူတို့ရဲ့ ကျမ်းစာတစ်စောင်လိုပဲပေါ့" လို့ ယူနာ က မိုက်ကယ်ကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။
"တကယ်လို့ တစ်စုံတစ်ယောက်က စာမျက်နှာ ၁၀၀ ရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ ကျမ်းစာတစ်စောင်ကို တစ်ညတည်းနဲ့တင် အပြီးထုတ်လိုက်တယ်ဆိုရင် သခင်လေးဘယ်လို ခံစားရမလဲ"
မိုက်ကယ်က အေအိုင်တွေ မရှိသေးတဲ့ အချိန်တုန်းက ကျောင်းပြီးခဲ့တဲ့သူ ဖြစ်တာကြောင့်၊ ကျမ်းစာတစ်စောင်ကို တစ်လအတွင်းမှာတင် ရေးသားဖို့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကို ကောင်းကောင်း နားလည်ထားတာပေါ့၊ တစ်ရက်တည်းနဲ့ ဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။
"ရီနေးတား နိုင်ငံတော်ရဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေ၊ သခင်လေးစုဆောင်းထားတဲ့ အပြင် အနာဂတ်မှာ ထပ်ပြီး စုဆောင်းရမယ့် ကြွယ်ဝချမ်းသာမှုတွေ၊ ပြီးတော့ နိုင်ငံသားတိုင်းရဲ့ ခိုင်မာလှတဲ့ ဘက်စုံခံစစ်တွေနဲ့ ဆိုရင်တော့... သခင်လေးရဲ့ ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ ထိပ်တန်း ၁၀ စာရင်းထဲကို ဝင်ရောက်နိုင်ဖို့အတွက် အကောင်းဆုံး အခွင့်အရေး ရှိနေပြီလို့ပဲ ကျွန်တော် ပြောနိုင်ပါတော့တယ်”
ဂျင်မီက သူ အခုလေးတင် ရှာဖွေတွေ့ရှိလိုက်တဲ့ အရာတွေရဲ့ ကြီးမားလှတဲ့ သြဇာလွှမ်းမိုးမှုကို သဘောပေါက်သွားတာကြောင့် မြေပြင်ပေါ်မှာ ထိုင်ချလိုက်ရုံကလွဲလို့ တခြားမတတ်နိုင်တော့ပါဘူး။
"ဒီဇာတ်လမ်းကို ပထမဆုံး ထုတ်ဝေခွင့်ရမယ့် သတင်းထောက်တစ်ဦး ဖြစ်လာရတာကို ကျွန်တော် ကံကောင်းတာလား ကံဆိုးတာလားဆိုတာ မသိတော့ပါဘူးဗျာ။ ဒါက လက်ရှိ ကမ္ဘာမှာတော့ အကောင်းဆုံး သတင်းတစ်ခု ဖြစ်လာနိုင်ပေမဲ့၊ ယုံကြည်ဖို့အတွက်တော့ တကယ့်ကို ခက်ခဲလွန်းနေလိမ့်မယ်။ သူတို့တွေ ကင်းစ်နယ်မြေရဲ့ လက်ရှိ အခြေအနေကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်ရသရွေ့တော့ ဒီလိုမျိုး ဇာတ်လမ်းကို ယုံကြည်ကြဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်မိတယ်။
ဒါပေမဲ့ စိတ်မပူပါနဲ့ဗျာ။ ကျွန်တော် ဆွဲဆောင်မှုရှိတဲ့ အရေးအသားတွေနဲ့ ဒီသတင်းကို ပျံ့နှံ့သွားအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော့်ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံး အသခင်လေးရဲ့ ကုမ္ပဏီနောက်ကိုပဲ တစိုက်မတ်မတ် လိုက်ပြီး သတင်းယူသွားမယ်ဆိုတာကိုသာ စိတ်ချထားလိုက်ပါတော့"
ဂျင်မီက သူ့ရဲ့ ခိုင်မာလှတဲ့ ဆုံးဖြတ်ချက်ကို ထုတ်ဖော်လိုက်တာကြောင့် မိုက်ကယ်ကတော့ ဒါကို ကြားရတာ တကယ်ကို ဝမ်းသာသွားခဲ့တာပေါ့။
"ဒါဆိုရင်တော့ မင်းက ရီနေးတားနိုင်ငံတော်ရဲ့ ပထမဆုံး သတင်းထောက် ဖြစ်လာတော့မှာပေါ့" လို့ မိုက်ကယ်က ပြောလိုက်မိတယ်။
"သခင်လေးရဲ့ ကုမ္ပဏီက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ ရလဒ်တွေကို တစ်ကမ္ဘာလုံးမှာ ထုတ်ဝေနိုင်အောင် သေချာပေါက် လုပ်ဆောင်သွားမှာပါ။ ဒါက ကျွန်တော့်ရဲ့ ပန်းတိုင်ပါပဲ”
ယူနာ က မိုက်ကယ်အနားကို ချဉ်းကပ်လာခဲ့တယ်။
"ဒါက နင့်အတွက် တကယ်ကောင်းတဲ့ ကိစ္စပဲ။ အဆင့်သတ်မှတ်ချက်တစ်ခုကို ထုတ်ဝေလိုက်တာက တခြား နယ်မြေတွေနဲ့ စကားပြောဆိုတဲ့ အခါမှာ တော်တော်လေး အထောက်အကူ ဖြစ်စေလိမ့်မယ်။ အဲဒါက နင့်ရဲ့ သြဇာလွှမ်းမိုးမှုကို ပိုပြီး ခိုင်မာစေတာကြောင့် ငါရဲ့ အလုပ်ကိုလည်း အများကြီး ပိုပြီး လွယ်ကူသွားစေမှာပေါ့"
ဘာဆိုးကျိုးမှ မရှိတာကို မြင်လိုက်ရတာကြောင့် မိုက်ကယ်က သတင်းထောက်အသစ်လေးနဲ့ လက်ဆွဲနှုတ်ဆက်လိုက်တယ်။
"ဒါဆိုရင် တို့တွေ အတူတူ အလုပ်လုပ်ကြတာပေါ့။ မင်း သုတေသနပြုနေတဲ့ အချိန်အတွင်းမှာ ရီနေးတား နိုင်ငံတော်ရဲ့ နယ်မြေတွေ အားလုံးကို စိတ်ကြိုက် ဝင်ထွက်သွားလာခွင့် ပေးပါ့မယ်”
"တကယ့်ကို ကောင်းတာပေါ့ဗျာ။ ကျွန်တော် အခုချက်ချင်းပဲ စပြီး အလုပ်လုပ်လိုက်ပါ့မယ်"
ဂျင်မီက သူ့ရဲ့ ဧည့်ရိပ်သာဆီကို ခပ်မြန်မြန်ပဲ ထွက်ခွာသွားခဲ့ပြီး၊ ကွင်းစ်နယ်မြေထဲကို ရီနေးတား ကုမ္ပဏီအကြောင်း မိတ်ဆက်ပေးမယ့် ထိုက်တန်လှတဲ့ သတင်းတစ်ခုကို စတင် ပြင်ဆင်နေပါတော့တယ်။
တစ်ဖက်မှာတော့၊ လေ့ကျင့်မှုတွေက ထုံးစံအတိုင်း ပုံမှန်အတိုင်းပဲ ဆက်ပြီး ဖြစ်ပေါ်နေခဲ့တာပေါ့။
တော်လှန်ပုန်ကန်ကြတဲ့ အော့ခ်တွေကတော့ သူတို့ရဲ့ မျိုးနွယ်စုထဲကနေ ခိုးထွက်လာခဲ့ကြရတာ ဖြစ်လို့ ရောက်လာတာ နည်းနည်း နောက်ကျသွားခဲ့ကြတယ်။ ဒါပေမဲ့ နေမဝင်ခင်မှာတော့ တိုက်ခိုက်မှုတွေ အပြန်အလှန် လုပ်ဆောင်ဖို့နဲ့ ဘေ့စ်ဘောကစားဖို့အတွက် လုံလောက်တဲ့ အချိန်တော့ ရရှိခဲ့ကြသေးတာပေါ့။
သူတို့တွေက ဒရာဂွန်ဘွန်းတွေနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပေမဲ့ ဖတ်ချ် မှာတော့ တခြား အစီအစဉ်တွေ ရှိနေတဲ့ ပုံပါပဲ။
"သခင် ကျွန်တော့် အော့ခ်တွေကို ကျွန်တော့်ရဲ့ လက်ထောက်တွေအနေနဲ့ သုံးခွင့်ပြုပါဦး" လို့ ဖတ်ချ် က မိုက်ကယ်ရဲ့ ခေါင်းပေါ်ကို ခုန်တက်ရင်း ပြောလိုက်တာပေါ့။
"မင်း သူတို့နဲ့ ဘာလုပ်မလို့လဲ" လို့ သူက မယုံသင်္ကာ ဖြစ်နေတဲ့ ပုံစံနဲ့ မေးလိုက်မိတယ်။
"သခင်။ ကျွန်တော် သူတို့ရဲ့ ပါရမီအချို့ကို အရိပ်တွေထဲကနေ အာရုံခံမိလို့ပါ"
* * * * * * * * *