အခန်း (၁၉၉-၂၀၀)
Vol. 17 Ch. 199-200
အခန်း (၁၉၉)
ဖတ်ချ် က မိုက်ကယ်ရဲ့ ရွှေနှာခေါင်း စွမ်းရည်ကို ဆက်ခံရရှိထားတာဖြစ်တာကြောင့်၊ လူတစ်ယောက်ရဲ့ ပါရမီက ဘယ်လောက်အထိ ရှိလဲဆိုတာကို ပင်ကိုယ်ခံစားချက် တစ်ခုတည်းနဲ့တင် ကောင်းကောင်း သိရှိနိုင်တာပေါ့။
"မင်း ဒါကို သေချာရဲ့လား" လို့ မိုက်ကယ်က နင်ဂျာ စလိုင်းမ်လေးကို မေးလိုက်မိတယ်။
"သေချာတာပေါ့ သခင်။ နတ်ဘုရားမ စေလွှတ်လိုက်တဲ့ မြွေလူသားအသွင်ဟန်ဆောင်ပြီးတဲ့နောက်မှာ၊ သူတို့တွေကလည်း မွေးရာပါ အရိပ်တွေအပေါ်မှာ ထူးခြားတဲ့ ဆက်နွှယ်မှု ရှိကြတယ်ဆိုတာကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့တာပေါ့။ ဒါက သူတို့ထဲက တစ်ယောက်နှစ်ယောက်တည်းတင် မဟုတ်ဘူးနော်၊ သူတို့အားလုံးပဲ"
"ဆိုလိုတာက... နားလည်အောင် ရှင်းရှင်းလင်းလင်း ပြောရရင်။ မင်းက အော့ခ်တွေကို မင်းလိုမျိုး နင်ဂျာတွေ ဖြစ်လာစေချင်တာပေါ့... ဟုတ်တယ်မလား" လို့ မိုက်ကယ်က အခြေအနေအားလုံးကို စဉ်းစားကြည့်ရင်း မေးလိုက်မိတာပေါ့။
"အတိအကျပါပဲ သခင်။ သူတို့တွေက ကျွန်တော်ကို သဘောကျနေကြတာဆိုတော့ ကျွန်တော် ပြောတဲ့အတိုင်း လုပ်ကြမှာ သေချာပါတယ်"
မိုက်ကယ်က ဖတ်ချ် ကို တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ စိုက်ကြည့်လိုက်တယ်။
"မင်းက တကယ့်ကို ကြီးမားပြီး ကြောက်စရာကောင်းတဲ့ အော့ခ်တွေကို၊ မင်းရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နင်ဂျာလေးတွေထဲက တစ်ယောက် ဖြစ်လာစေချင်တာပေါ့လေ”
သူကတော့ အော့ခ်တွေက ပိန်းပိတ်အောင် မှောင်မည်းနေတဲ့ ညဉ့်နက်ပိုင်းတွေမှာ ခြေဖျားထောက် လမ်းလျှောက်ပြီး၊ တစ်စုံတစ်ဦးမှ မသိအောင် အခန်းတစ်ခုထဲကို ခိုးဝင်ဖို့ ကြိုးစားမယ့် အခြေအနေမျိုးကို ဘယ်လိုမှ စိတ်ကူးလို့ မရနိုင်ပါဘူး။ သူတို့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ် အလေးချိန် တစ်ခုတည်းတင် သတ္တုကြမ်းပြင်ကိုတောင် ကျယ်လောင်လှတဲ့ အသံတွေနဲ့ မြည်ဟည်းသွားစေဖို့အတွက် လုံလောက်နေတာကိုး။
"ကိစ္စမရှိပါဘူး သခင်။ သူတို့တွေ ကျွန်တော့်လိုမျိုး အကောင်းဆုံး နင်ဂျာတွေ ဖြစ်လာနိုင်ကြမှာပါ၊ ကျွန်တော် သေချာပေါက် ယုံကြည်တယ်" လို့ ဖတ်ချ် က သူ့ရဲ့ အသံထဲမှာ ထူးခြားလှတဲ့ ယုံကြည်မှုတွေ ပြည့်နှက်နေရင်း ပြောလိုက်တာပေါ့။
ဖတ်ချ် က ဒီလိုမျိုး အရာတွေအပေါ်မှာ မှားခဲလှတာကြောင့်၊ မိုက်ကယ်ကလည်း သူမရဲ့ ဆုံးဖြတ်ချက်ကိုပဲ ခွင့်ပြုပေးဖို့ ဆုံးဖြတ်လိုက်တယ်။
"ကောင်းပြီလေ။ ဒါပေမဲ့ ဒီကိစ္စကို အလွန်အကျွံကြီးတော့ ဖြစ်အောင် မလုပ်ပါနဲ့ဦး"
အဲဒီနောက်မှာတော့ မိုက်ကယ်က ခရမ်းရောင် စလိုင်းမ်လေးက အော့ခ်တွေဆီကို ခုန်ကူးသွားတာကို မြင်လိုက်ရပြီး၊ အော့ခ်တွေကလည်း စလိုင်းမ် ရောက်ရှိလာတာကို မြင်တာနဲ့ ခပ်မြန်မြန်ပဲ ဒူးထောက်လိုက်ကြတာပေါ့။ ကြည့်ရတာ သန့်စင်မွန်မြတ်သောနယ်မြေထဲမှာ နတ်ဘုရားမရဲ့ တမန်တော် အဖြစ် သူ့ရဲ့ ခိုးဝင်မှုက တကယ့်ကို အလုပ်ဖြစ်ခဲ့ပုံပါပဲ၊ သူက အခု အဲဒီနေရာမှာ မြွေလူသား အသွင် မဟုတ်တော့တာတောင်မှ သူတို့တွေက သူ့ကို တလေးတစားနဲ့ ဆက်ဆံနေကြတုန်းပဲကိုး။
ဖတ်ချ် ရဲ့ စွမ်းရည်တွေနဲ့ ဆိုရင်တော့၊ တစ်နေ့ကျရင် တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး နင်ဂျာတွေနဲ့ ဖွဲ့စည်းထားတဲ့ အကောင်းဆုံး အစုအဖွဲ့တစ်ခုကို သေချာပေါက် ဖန်တီးနိုင်လိမ့်မယ်လို့ သူ ယုံကြည်နေမိတာပေါ့။
ဒီအခြေအနေတစ်ခုလုံးက မိုက်ကယ်ကို လုံခြုံရေးရဲ့ အရေးကြီးပုံအကြောင်းကို တွေးတောမိစေခဲ့တယ်။ ဂျင်မီ ကတော့ ဒါရဲ့ အရေးကြီးပုံကို ကောင်းကောင်း သဘောပေါက်ထားတဲ့ ပုံစံမျိုး ရှိပေမဲ့၊ မိုက်ကယ်ကတော့ အရင်တုန်းက ဒါတွေအပေါ်မှာ သိပ်ပြီး အာရုံစိုက်ခဲ့တာမျိုး မဟုတ်ဘူးလေ။
ကင်းစ်နယ်မြေမှာတုန်းကတော့ ဒါမျိုးတွေအတွက် တကယ်ကို လိုအပ်ချက် မရှိခဲ့တာကိုး။ ဒါပေါ့... အခြေအနေတွေကို ပိုပြီး ငြိမ်းချမ်းသွားစေဖို့အတွက် ခွန်အားအချို့ကို သုံးခဲ့ရတဲ့ ဖြစ်ရပ်အနည်းငယ်တော့ ရှိခဲ့ဖူးပေမဲ့၊ အဲဒါကလည်း အလွန်အကျွံကြီးတော့ မဟုတ်ခဲ့ပါဘူး။
ဒါပေမဲ့ ကွင်းစ်နယ်မြေထဲမှာတော့ ခန္ဓာကိုယ်ခွန်အားက အများကြီး ပိုပြီးအရေးကြီးတဲ့ အနေအထားမှာ ရှိနေပုံရတယ်။
သူက ယူနာ ဆီကို လမ်းလျှောက်သွားခဲ့ပြီး အဲဒီအကြောင်းကိုပဲ သေသေချာချာ မေးမြန်းကြည့်လိုက်တာပေါ့။
"ဒီကမ္ဘာက အခုထိ အလယ်ခေတ် အခြေအနေတွေမှာပဲ ပိတ်မိနေတုန်းပဲလေ" လို့ သူမက ဆိုတယ်။
"ဒါကြောင့် တစ်ခါတလေမှာ ပဋိပက္ခတွေကို စစ်ပွဲတွေ ဒါမှမဟုတ် ခွန်အားသုံးတိုက်ခိုက်မှုတွေကနေတစ်ဆင့် ဖြေရှင်းကြရတာမျိုးတွေ ရှိတတ်တာပေါ့။ သေဆုံးမှုတွေကို လျော့နည်းစေဖို့အတွက် ကျွန်မ အဘွားရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဒါမျိုးတွေက သိပ်ပြီးတော့ မပြင်းထန်လှတော့ဘူးဆိုပေမဲ့၊ ဒါပေါ့... သံတမန်ရေးရာ နည်းလမ်းတွေနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ပဋိပက္ခတွေကတော့ ရှိနေဆဲပါပဲ"
"ဒါဆို တို့တွေ ကွင်းစ်နယ်မြေထဲမှာ ပဋိပက္ခတွေ အများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ မင်း ထင်လား" လို့ သူက သူမကို မေးလိုက်မိတာပေါ့။
"အင်း... တကယ်လို့ နင့်ရဲ့ ကုမ္ပဏီကို ထပ်ပြီး ချဲ့ထွင်ချင်တယ်ဆိုရင်တော့၊ နင့်ရဲ့ လက်တွေကို ညစ်ပတ်ခံရမယ့် အခြေအနေမျိုးတွေ ရှိလာမှာပေါ့"
မိုက်ကယ်ရဲ့ မျက်ခုံးလေး မြင့်တက်သွားခဲ့ရတယ်။ သူကတော့ ဒါမျိုးတွေကို လုပ်ဆောင်ရလိမ့်မယ်လို့ မထင်ထားခဲ့တာကိုး။
သူ့ရဲ့ စူးစမ်းလိုတဲ့ မျက်နှာပေးကို မြင်လိုက်ရတော့မှ၊ ယူနာ က သူမရဲ့ စကားလုံးတွေအကြောင်းကို အနုစိတ် ထပ်ပြီး ရှင်းပြပေးလိုက်တာပေါ့။
"နင် ဒါကို မသိသေးတာ ဖြစ်နိုင်ပေမဲ့၊ ကွင်းစ်နယ်မြေထဲက မြေကွက်တွေက သဘာဝအတိုင်း အများကြီး ပိုပြီး ဆန်းကြယ်သလို လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတာ။ နယ်မြေအသီးသီးမှာ အမြဲတမ်း အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေ ရှိနေတတ်တာ ဖြစ်ပြီး၊ အဲဒါတွေ အများစုကတော့ ဘယ်သူမဆို ပိုင်ဆိုင်ခွင့် ရရှိနိုင်မယ့် အနေအထားမျိုးပေါ့။
တစ်ခါတလေမှာ သူတို့တွေက ရွှေ ဒါမှမဟုတ် အရေးကြီးတဲ့ သတ္တုအချို့ကို ရှာဖွေတွေ့ရှိတတ်ကြတယ်။ ဒါက... ငါ့ကို အထင်မလွဲပါနဲ့ဦး၊ အဲဒီ ရှာဖွေတွေ့ရှိမှုအပေါ်မှာ ဘယ်သူက ပိုင်ဆိုင်ခွင့် ရရှိမလဲဆိုတဲ့ အချက်အပေါ် ကုမ္ပဏီအချင်းချင်း ကြားထဲမှာ စစ်ပွဲတစ်ခု ဖြစ်ပွားစေဖို့အတွက် လုံလောက်တဲ့ အခြေအနေမျိုးပါပဲ။ ပုံမှန်အားဖြင့်တော့ အဲဒါကို အစုအဖွဲ့ အသီးသီးကြားထဲမှာ နောက်ကွယ်က သဘောတူညီချက်တွေနဲ့ပဲ ဖြေရှင်းလိုက်ကြတာ များပါတယ်။
ဒါပေမဲ့ မျှဝေခံစားဖို့အတွက် လုံးဝကို တန်ဖိုးကြီးလွန်းလှတဲ့ ရှာဖွေတွေ့ရှိမှု အနည်းငယ်လည်း ရှိနေသေးတယ်လေ။ ဥပမာအားဖြင့်၊ အရင်က နိုင်ငံတော်တစ်ခုက ချန်ထားခဲ့တဲ့ သီးသန့် အာကာသနယ်မြေ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင်၊ ထိပ်တန်း ကုမ္ပဏီကြီး ၁၀ ခုစလုံးက အဲဒါကို ထိန်းချုပ်ခွင့်ရဖို့အတွက် အပြိုင်အဆိုင် ကြိုးစားကြမှာ သေချာတယ်။
တကယ်လို့ နင်က ကြယ်ကိုးပွင့် မှော်ဆရာကြီးတစ်ဦး ချန်ထားခဲ့တဲ့ အမွေအနှစ်တစ်ခုကို ရရှိချင်တယ်ဆိုရင်တော့၊ မှော်ပညာရှင်အစည်းအရုံးနဲ့ စကားပြောဆို ဆွေးနွေးရမှာ ဖြစ်သလို၊ ဒါမှမဟုတ်ရင်လည်း တခြားဘယ်သူမှ မသိခင်မှာတင် အဲဒီနေရာကို ပထမဆုံးအကြိမ်အဖြစ် သွားရောက် လုယူရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ခန္ဓာကိုယ် ခွန်အားက ကမ္ဘာပေါ်မှာ ထိပ်တန်းကုမ္ပဏီကြီးတစ်ခု ဖြစ်လာဖို့အတွက် အဓိက သော့ချက်တစ်ခု ဖြစ်နေရတာပေါ့။ နင့်အနေနဲ့ ဒီနယ်မြေထဲက ကောင်းမွန်တဲ့ ရှာဖွေတွေ့ရှိမှုတွေ အားလုံးကို ကိုယ်တိုင် အပိုင်စီးနိုင်မယ့် တန်ခိုး ရှိထားရမှာ ဖြစ်ပြီး၊ အဲလိုမှ မဟုတ်ရင်တော့ အနောက်မှာ ပြတ်ကျန်ရစ်ခဲ့မှာ အသေအချာပါပဲ"
ယူနာ ရဲ့ ရှင်းပြချက်ကြောင့် မိုက်ကယ်ရဲ့ မျက်စိတွေ ပွင့်သွားခဲ့ရတာပေါ့။ ကွင်းစ်နယ်မြေက သူ ထင်ထားခဲ့တာထက်စာရင် အများကြီး ပိုပြီး ရင်ခုန်စရာ ကောင်းသလို လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု ဖြစ်နေတာကိုး။
သီးသန့် အာကာသနယ်မြေတွေ ဟုတ်လား။ အမွေအနှစ်တွေ ဟုတ်လား။ ဘဏ္ဍာတိုက်တွေနဲ့ ဂူသင်္ချိုင်းတွေ ဟုတ်လား။
ဒီလိုမျိုး စကားလုံးတွေကို ကြားလိုက်ရတာကတော့ စွန့်စားရတာ ကြိုက်တဲ့သူတွေအတွက် တကယ့်ကို အိပ်မက်တစ်ခုပါပဲ။ မိုက်ကယ်က စွန့်စားရတာကို အသည်းအသန် ကြိုက်တတ်တဲ့ လူမျိုး မဟုတ်ရင်တောင်မှ၊ အဲဒီ မြေကွက်တွေအောက်မှာ ဘယ်လိုမျိုး ရတနာတွေ မြှုပ်နှံထားမလဲဆိုတာကို သိရှိဖို့အတွက် တကယ့်ကို စူးစမ်းချင်စိတ်တွေ ဖြစ်ပေါ်လာခဲ့တာပေါ့။
[ကျွန်ုပ်က အမြဲတမ်း မိုက်ကယ် လိုအပ်တဲ့ အရာမှန်သမျှကို ကူညီပေးဖို့အတွက် အဆင်သင့် ရှိနေပါတယ်နော်]
ကြည့်ရတာ နိုဗာ ကိုယ်တိုင်လည်း တကယ့်ကို စိတ်လှုပ်ရှားနေတဲ့ ပုံပါပဲ။ သူက သူမအနေနဲ့ စုပ်ယူရမယ့် ဗဟုသုတအသစ်တွေ ထပ်ပြီး ရရှိတော့မယ်ဆိုတာကို သိနေတာကြောင့်၊ နောက်ဆုံးမှာတော့ သူမရဲ့ ဆော့ဖ်ဝဲကို နောက်ထပ်တစ်ကြိမ် ထပ်ပြီး မြှင့်တင်နိုင်တော့မယ်ဆိုတာကို ကြိုသိနေသလိုပါပဲ။
ဒါကတော့ မိုက်ကယ်ကို အကြီးမားဆုံး ဆွဲဆောင်လိုက်တဲ့ အရာ ဖြစ်နိုင်တာပေါ့။
တကယ်လို့ သူက လက်ရှိ ကမ္ဘာမတိုင်ခင် အရင်ခေတ်က နိုင်ငံတော်ရဲ့ သမိုင်းကြောင်းတွေအကြောင်း ရှေးဟောင်း ဗဟုသုတတွေကို ရှာဖွေတွေ့ရှိနိုင်ခဲ့မယ်ဆိုရင်တော့၊ ကျန်ရှိနေတဲ့ နတ်ဘုရားပန်းပဲဖို ရဲ့ အပိုင်းအစတွေက ဘယ်နေရာမှာ ရှိမလဲဆိုတဲ့ သဲလွန်စတွေကို ပိုပြီး ရှာဖွေတွေ့ရှိနိုင်မှာ သေချာပါတယ်။
"ကြည့်ရတာ ငါ့ရဲ့ စစ်တပ်ပိုင်းဆိုင်ရာပိုင်းကို ပိုပြီး မြှင့်တင်ဖို့ လိုအပ်နေပြီ ထင်တယ်" လို့ မိုက်ကယ်က သူ့ဘာသာ ရေရွတ်လိုက်မိတယ်။
"သဘောပေါက်ဖို့ တော်တော်လေး အချိန်ယူလိုက်ရတာပဲကို" လို့ ယူနာ က မှတ်ချက်ချလိုက်တာပေါ့။
"ငါ ကြားဖူးသမျှ အမွေအနှစ်တွေနဲ့ ဂူသင်္ချိုင်းတွေ အများစုကတော့ ထောင်ချောက်တွေနဲ့ အန္တရာယ်များတဲ့ မန္တန်တွေနဲ့ပဲ ပြည့်နှက်နေတာ များပါတယ်။ အဲဒီ ရတနာသိုက် အခန်းဆီကို ဘေးကင်းလုံခြုံစွာ ရောက်ရှိဖို့အတွက် နင့်မှာ စစ်တပ်တစ်ခု သေချာပေါက် လိုအပ်လိမ့်မယ်"
မိုက်ကယ်မှာက သူ့ရဲ့ ကိုယ်ပိုင် သက်တော်စောင့်တွေအနေနဲ့ ဒရာဂွန်ဘွန်းတွေ ရှိနေပြီးသားပဲလေ။ ဒါပေမဲ့ သူ့ရဲ့ စစ်တပ် ခွန်အားကို ထပ်ပြီး တိုးမြှင့်ချင်တယ်ဆိုရင်တော့၊ စစ်ကြောင်းတစ်ခု ဖြစ်လာဖို့အတွက် လူအင်အား အများကြီးကို ထပ်ပြီး ရှာဖွေဖို့ လိုအပ်ပါတယ်။
ကင်းစ်နယ်မြေထဲမှာတုန်းက ကိုယ်ခံပညာရပ်ပိုင်းမှာ ပါရမီရှိတဲ့သူတွေ အများကြီး ရှိခဲ့ပေမဲ့၊ သူက အဲဒီတုန်းက သူတို့ကို လုံရုံရေး အစောင့်တွေအဖြစ်ပဲ တာဝန်ပေးအပ်ခဲ့တာကိုး။
'ငါ သူတို့ကို စပြီး လေ့ကျင့်ပေးသင့်တယ် ထင်တယ်... ပြဿနာကတော့၊ ငါ့မှာ သူတို့ကို ဦးဆောင်ပေးမယ့်သူ တစ်ယောက်မှ မရှိတာပဲ'
ယူနာ နဲ့ မတူတာကတော့၊ မိုက်ကယ်မှာ အားကိုးရမယ့် အန်း ကဲ့သို့သောသူ မရှိတာပါပဲ။ သူတို့ရဲ့ နိုင်ငံတော်ထဲမှာ ကိုယ်ခံပညာရပ်ပိုင်းကို ကျွမ်းကျင်တဲ့သူက တကယ်ကို မရှိသလောက်ပါပဲ။
သူက အနာဂတ်မှာ တစ်စုံတစ်ယောက်ကို သေချာပေါက် ရှာဖွေရမှာ ဖြစ်ပေမဲ့၊ အခုလောလောဆယ်တော့၊ သူ့ရဲ့ ရီနေးတား နိုင်ငံသားတွေကို လေ့ကျင့်ပေးဖို့အတွက် အန်း ရဲ့ ကူညီစောင့်ရှောက်မှု အပေါ်မှာပဲ အားကိုးရတော့မှာပေါ့။
* * * * * * * * *
စာစဉ်(၁၇)
အခန်း (၂၀၀)
မိုက်ကယ်တစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေတုန်းမှာပဲ တံခါးလာခေါက်တဲ့ ရှီနာ ကြောင့် ရုတ်တရက် နိုးလာခဲ့ရတယ်။ ပုံမှန်ဆိုရင် အခုလိုအချိန်မျိုးမှာ သူမက ကိုယ်ခံပညာရပ်ကျင့်ကွင်းထဲမှာ လေ့ကျင့်နေကျမို့လို့ မိုက်ကယ်အနေနဲ့ ဒါကို တော်တော်လေး ထူးဆန်းတယ်လို့ တွေးမိတာပေါ့။ သူ တံခါးဖွင့်ပြီး သူမကို အထဲပေးဝင်လိုက်တယ်။
"သခင်၊ ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင်တွေဆီကနေ သတင်းရရှိထားပါတယ်ရှင့်" လို့ ရှီနာက အစီရင်ခံတယ်။
"သူတို့က သခင်ရယ်၊ ဝံပုလွေအော့ခ် ခေါင်းဆောင်ရယ်၊ လိပ်ပြာဆူးအော့ခ် ခေါင်းဆောင်ရယ် သုံးယောက်စလုံး တစ်နေရာတည်းမှာ ဆုံပြီး အစည်းအဝေးလုပ်ဖို့ အခု တောင်းဆိုနေကြပါတယ်"
သူတို့တွေ နောက်ဆုံးမှာ သူ့ခေါင်းဆောင်နဲ့ ဆုံဖို့ ဆုံးဖြတ်လိုက်ကြပြီမို့ အချိန်တန်ပြီလို့ မိုက်ကယ် တွေးလိုက်မိတယ်။ သူက တော်တော်လေး ကြာအောင် စောင့်နေခဲ့ရတာဖြစ်ပြီး၊ သူတို့ဘက်ကတော့ အကြောင်းပြချက် တစ်ခုခုကြောင့် အမြဲတမ်း ရက်ရွှေ့နေခဲ့ကြတာကိုး။
အဲဒါက သူတို့ ရီနေးတား ကုမ္ပဏီကို မုန်းလို့တော့ မဟုတ်ပါဘူး၊ အဲလိုသာဆိုရင် သူတို့ဆီကို ကိုကိုးစေ့ တွေကို လက်ဆောင်အဖြစ် ပုံမှန် ဆက်ပြီး ပေးနေကြမှာ မဟုတ်ဘူးလေ။
ခေါင်းဆောင်တွေက သူနဲ့ မဆုံခင်မှာ သူ့ရဲ့ မျက်နှာသာပေးမှုကို အရင်ဆုံး ရယူဖို့ ကြိုးစားနေကြတာလို့ ဖတ်ချ် ဆီကနေ နောက်မှ သူ သိလိုက်ရတာပေါ့။ တကယ်လို့ မိုက်ကယ်က တခြားမျိုးနွယ်စုထက်စာရင် သူတို့မျိုးနွယ်စုကို ပိုပြီး သဘောကျသွားမယ်ဆိုရင် သူတို့ဘက်ကနေ ရပ်တည်ပေးပြီး နောက်ဆုံးမှာ တခြားမျိုးနွယ်စုကို တောအုပ်ထဲကနေ မောင်းထုတ်ပစ်ဖို့ အလားအလာ ပိုများလိမ့်မယ်လို့ သူတို့က ထင်နေကြတာကိုး။
ဒါပေါ့... မိုက်ကယ်က အဲဒီလိုမျိုး အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒီနယ်မြေမှာ ခဏခဏ ဖြစ်ပေါ်တတ်တဲ့ ငလျင်ဘေးအန္တရာယ်တွေကနေ သန့်စင်မွန်မြတ်သောနယ်မြေထဲက ကိုကိုးပင်တွေကို ကာကွယ်ပေးနိုင်မယ့်သူက သူတို့ပဲ ရှိတာမို့လို့ မျိုးနွယ်စု နှစ်ခုစလုံးက သူ့ရဲ့ ကိုကိုး စီးပွားရေးအတွက် တကယ့်ကို အရေးပါလှတာကိုး။
"ကောင်းပြီလေ ရက်သတ်မှတ်လိုက်ပါ" လို့ သူက ရှီနာကို ပြောလိုက်တဲ့အခါ သူမက ကိုယ်ကို ကိုင်းညွှတ်ပြီး အခန်းထဲကနေ ထွက်သွားခဲ့တယ်။
ခဏကြာတော့ သူမ ပြန်ဝင်လာပြီး အော့ခ် တွေက ဒီည တောအုပ်ရဲ့ ဘက်မလိုက်တဲ့ နယ်မြေတစ်ခုမှာ ဆုံဖို့ သဘောတူလိုက်ကြပြီလို့ ပြောပြတယ်။
"သူတို့က ဒီအစည်းအဝေးကို လုံးဝ လျှို့ဝှက်ထားပေးဖို့ တောင်းဆိုထားပါတယ်ရှင့်၊ သခင့်အနေနဲ့ သူတို့ရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်မလား"
မိုက်ကယ်က ခေါင်းခါပြလိုက်တယ် "မဟုတ်ဘူး ဒါက ပိုကောင်းတယ် တကယ်လို့ သူတို့နဲ့အတူ ကိုယ်ပိုင်အစောင့်တွေ ပါလာမယ်ဆိုရင် သူတို့အချင်းချင်း ပြဿနာတက်ပြီး ချကြဖို့ အလားအလာ ပိုများလိမ့်မယ်"
အော့ခ် မျိုးနွယ်စု နှစ်ခုစလုံးကို သူတို့လူတွေ ခေါ်ခွင့်ပြုလိုက်ရင် ဘာဖြစ်လာမလဲဆိုတာကို သူ ကြိုပြီး ပုံဖော်ကြည့်နိုင်နေတယ်။ အဲဒီ အစည်းအဝေးက ခေါင်းဆောင်နှစ်ယောက် မျိုးနွယ်စုတွေကြားထဲမှာ အော်ဟစ်ဆဲဆိုကြတဲ့ ပွဲတစ်ခုကလွဲလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ သူ ယူဆထားတာကိုး။
"ကောင်းပါပြီ သခင်၊ ဒါပေမဲ့ ဆရာ့ရဲ့ ဘေးကင်းလုံခြုံရေးအတွက်တင် ကျွန်မတို့က အစည်းအဝေးလုပ်မယ့် နေရာအနားမှာ ဘယ်သူမှ မရိပ်မိအောင် တိတ်တဆိတ် ပုန်းပြီး စောင့်ကြည့်နေပါ့မယ်ရှင့်၊ အဲဒီအတွက် ဆရာ ဖတ်ချ် ရဲ့ အကူအညီကိုလည်း တောင်းထားပါတယ်"
ရှီနာရဲ့ လေသံက တကယ့်ကို အလျှော့မပေးတဲ့ ပုံစံမျိုးပေါ့။ ဒီအစည်းအဝေးမှာ ဘာအန္တရာယ်မှ မရှိနိုင်ဘူးဆိုရင်တောင်မှ သူ့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လာရင် သူမက မရဘူးဆိုတဲ့ အငြင်းစကားကို လုံးဝ လက်ခံမယ့်သူ မဟုတ်ပါဘူး။ အော့ခ် တွေက စိတ်ဆတ်ပြီး အသံကျယ်တတ်ကြတာ မှန်ပေမဲ့ သဘာဝအတိုင်း ရန်မူတတ်တဲ့ သတ္တဝါတွေတော့ မဟုတ်ကြဘူးလေ။
မိုက်ကယ်လည်း ရှီနာကို ပြန်ပြီး အတွန့်မတက်တော့ဘဲ သူမ စီစဉ်ထားတဲ့အတိုင်းပဲ ခွင့်ပြုလိုက်တယ်။ အခု သူ လုပ်ဖို့ ကျန်တာကတော့ အစည်းအဝေးအတွက် ပြင်ဆင်ဖို့ပဲပေါ့။
မျိုးနွယ်စုတွေ ပေါင်းစည်းရေးအတွက် သူ စီစဉ်ထားတဲ့ အစီအစဉ်ကို ခေါင်းဆောင်တွေ သဘောတူလာအောင် ဆွဲဆောင်နိုင်မယ့် လုံလောက်တဲ့ အခွင့်အရေးမျိုး ရှိနေဖို့ သူ သေချာ ပြင်ဆင်ထားရမှာကိုး။
နာရီအနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ နေက မိုးကုတ်စက်ဝိုင်းဆီကို နောက်ဆုံးမှာ ဝင်ရောက်သွားခဲ့ပြီဖြစ်လို့ လရောင်ဖျော့ဖျော့လေးပဲ တောအုပ်ထဲကို ဖြာကျနေပါတော့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထု လွှမ်းမိုးနေရမှာ ဖြစ်ပေမဲ့လည်း သစ်ပင်တွေရဲ့ ပတ်ပတ်လည်မှာ မီးတုတ်တွေကို လိုက်ပြီး စိုက်ထားတာကြောင့် မိုက်ကယ်အတွက်တော့ အစည်းအဝေးလုပ်မယ့် နေရာဆီကို လမ်းညွှန်ပေးနေသလိုပါပဲ။
မီးတုတ်တွေကနေ ထွက်ပေါ်နေတဲ့ လှုပ်ခတ်နေတဲ့ မီးတောက်လေးတွေက တောအုပ်ထဲက လေထုကို ပိုပြီး မျိုးနွယ်စုဆန်တဲ့ အငွေ့အသက်မျိုး ဖြစ်စေခဲ့တာပေါ့။
မိုက်ကယ်ကတော့ သူ အရင်ကမ္ဘာတုန်းက ကြည့်ဖူးခဲ့တဲ့ လူကြိုက်များတဲ့ Survival တီဗွီရှိုးတွေထဲကလိုမျိုး မဲခွဲပြီး ရှိုးထဲကနေ လူတွေကို မောင်းထုတ်တဲ့ နေရာတစ်ခုထဲကို လမ်းလျှောက်ဝင်သွားနေရသလိုမျိုး တောင် တွေးနေမိတယ်။ သူကတော့ ဒီအစည်းအဝေးကနေ ဘယ်မျိုးနွယ်စုမှ မောင်းထုတ်ခံရတာမျိုး မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်နေမိတာပေါ့။
သူ အစည်းအဝေးလုပ်မယ့် နေရာအနားကို ချဉ်းကပ်သွားလိုက်တာနဲ့ သူ့အရှေ့မှာ ထူးခြားတဲ့ မှော်စွမ်းအင် အငွေ့အသက် နှစ်ခု ရှိနေတာကို အာရုံခံမိလိုက်တယ်။
တစ်ခုက အရမ်းကို ပူပြင်းတောက်လောင်နေတဲ့ မှော်စွမ်းအင် ဖြစ်ပြီး၊ ကျန်တဲ့တစ်ခုကတော့ အေးမြပြီး တည်ငြိမ်နေတဲ့ မှော်စွမ်းအင် ပဲ ဖြစ်ပါတယ်။ အဲဒီ စွမ်းအင်နှစ်ခုစလုံးက သူတို့နည်းသူတို့ဟန်နဲ့ အားကောင်းကြပေမဲ့ တစ်ခုနဲ့တစ်ခုကတော့ လုံးဝကို ကွဲပြားခြားနားနေတာကိုး။
သူက အလယ်တည့်တည့်မှာ မီးပုံကြီး တစ်ပုံ ရှိနေတဲ့ ဟင်းလင်းပြင် အစည်းအဝေးနေရာထဲကို ခြေလှမ်းလှမ်းဝင်လိုက်တာနဲ့ အော့ခ် ခေါင်းဆောင်နှစ်ယောက်က နောက်ဆုံးမှာ မိုက်ကယ်ကို သတိထားမိသွားကြသလို၊ မိုက်ကယ်ကလည်း သူတို့ကို သေချာ ကြည့်လိုက်မိတာပေါ့။
လိပ်ပြာဆူးအော့ခ် ခေါင်းဆောင်က သူ့မျိုးနွယ်စုထဲက တခြား အော့ခ် တွေနဲ့ ပုံစံတူပေမဲ့လည်း သူ့ရဲ့ ကျောပေါ်က ဆူးချွန်တွေက တခြားသူတွေထက် အများကြီး ပိုပြီး ထက်မြက်နေသလို ပိုပြီးတော့လည်း ခိုင်မာတောင့်တင်းနေပုံရတယ်။ အဲဒီဆူးတွေက ထူထဲတဲ့ သတ္တုတွေကိုတောင် ဘာပြဿနာမှမရှိဘဲ ဖောက်ထွင်းပစ်နိုင်စွမ်း ရှိတယ်ဆိုတာကို မိုက်ကယ် ကောင်းကောင်း ခန့်မှန်းနိုင်တာပေါ့။
တစ်ဖက်မှာရှိတဲ့ ဝံပုလွေအော့ခ် ခေါင်းဆောင်ကတော့ သာမန် ဝံပုလွေအော့ခ် တွေထက် အများကြီး ပိုပြီး ကြီးမားထွားကျိုင်းလှတယ်။ သူ့ရဲ့ လည်ပင်းပတ်ပတ်လည်က အမွေးတွေကလည်း အများကြီး ပိုပြီး ထူထဲနေသလို၊ သူ့ရဲ့ ဝံပုလွေနားရွက်တွေမှာလည်း ရွှေရောင် အသုံးအဆောင် ပစ္စည်းမျိုးစုံကို အပြည့်အစုံ ဆင်ယင်ထားတာပေါ့။
သူတို့ရဲ့ ထည်ဝါတဲ့ ပုံစံတွေကို ကြည့်ရုံနဲ့တင် သူတို့ဟာ မျိုးနွယ်စုထဲမှာ အားအကောင်းဆုံး အော့ခ် တွေဆိုတာ လုံးဝကို ထင်ရှားလွန်းနေပါတယ်။
ခေါင်းဆောင်နှစ်ယောက်က မိုက်ကယ် မရောက်ခင်အထိ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ကြဖို့ အဆင်သင့် ဖြစ်နေခဲ့ကြတာပေါ့။ ဒါပေမဲ့ သူ ရောက်လာတာနဲ့ သူတို့က မိုက်ကယ်ဘက်ကို လှည့်လာကြပြီး သူတို့ ရုပ်ပိုင်းဆိုင်ရာအရ လုပ်နိုင်သမျှ အကောင်းဆုံး အပြုံးကြီးတွေကို ပြုံးပြလိုက်ကြတယ်။
ခေါင်းဆောင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတုန်းမှာပဲ သူတို့ရဲ့ မျက်နှာချင်းဆိုင် အကြည့်တွေကြားထဲမှာ ပြင်းထန်လှတဲ့ လျှပ်စီးအလင်းတန်းတွေ ဖျတ်ခနဲ ဖြတ်ပြေးသွားသလိုမျိုးတောင် ထင်ရတာပေါ့။
"အဟမ်း… ကျွန်တော့်အနေနဲ့ ခေါင်းဆောင်တို့ကို ဒီလို ဆုံခိုင်းလိုက်ရတာက ခေါင်းဆောင်တို့ကြားထဲက မတူညီတဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့အတွက်ပါ ပြဿနာတွေကို ထပ်ပြီး မီးမွှေဖို့ မဟုတ်ပါဘူး" လို့ မိုက်ကယ်က ပြောလိုက်တယ်။
"ဒီလို အလိမ်အညာကောင်နဲ့ ကျွန်တော့်ကြားက သဘောထားတွေကို ဖြေရှင်းရမယ် ဟုတ်လား" လို့ ဝံပုလွေအော့ခ် ခေါင်းဆောင်က နှာခေါင်းရှုံ့ပြီး ပြောတယ်။
"ဒီလိုကိစ္စမျိုး ကျွန်တော့်ဘဝမှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး"
"သူ ဘယ်လောက်တောင် မာနကြီးလဲဆိုတာ မြင်တယ်မလား လူသား အဲဒီတော့ သူတို့မျိုးနွယ်စုထက်စာရင် ကျွန်တော်တို့ မျိုးနွယ်စုဘက်ကနေပဲ ရပ်တည်ပေးလိုက်တာက ပိုပြီး အဆင်ပြေလိမ့်မယ်" လို့ လိပ်ပြာဆူးအော့ခ် ခေါင်းဆောင်က ပြန်ပြီး ပက်ခနဲ ပြောလိုက်တာပေါ့။
မိုက်ကယ် စိုးရိမ်ခဲ့တဲ့အတိုင်းပါပဲ၊ ခေါင်းဆောင်နှစ်ယောက်က သူတို့ရဲ့ ရန်ငြိုးတွေထဲမှာပဲ အာရုံရောက်နေကြတာမို့လို့ အစည်းအဝေးက တစ်မိနစ်တောင် မပြည့်ခင်မှာတင် အော်ဟစ်ဆဲဆိုကြတဲ့ ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရပါပြီ။
'ငါ့ရဲ့ လျှို့ဝှက်လက်နက်ကို သုံးလိုက်ရမလား' လို့ မိုက်ကယ်က သူ့ဘာသာ တွေးလိုက်မိတာပေါ့။
သူက သူတို့ရဲ့ ခြေလှမ်းတွေအနားကို ချောကလက်တုံး တစ်တုံးလောက် ပစ်ချဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို အမှောင်ရိပ်ထဲကနေ တီးတိုးပြောသံတစ်ခုကို မိုက်ကယ် ကြားလိုက်ရတယ်။
မိုက်ကယ်က သူ့အနားမှာရှိတဲ့ သစ်ပင်တစ်ပင်ဆီကို လှည့်ကြည့်လိုက်တဲ့အခါ သစ်ကိုင်းတစ်ခုမှာ ထူးဆန်းတဲ့ ခရမ်းရောင် မြွေတစ်ကောင် ခွေနေတာကို တွေ့လိုက်ရတာပေါ့။
"ဖတ်ချ် မင်း ဒီမှာ ဘာလုပ်နေတာလဲ"
"သခင် ကျွန်တော့်အနေနဲ့ သူတို့မျိုးနွယ်စုတွေဆီကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့တယ်ခင်ဗျာ သူတို့တွေ ဒါကို တော်တော်လေး သေသေသေချာချာ ဝှက်ထားကြတာ ဒါပေမဲ့ အခုတော့ အဲဒီ ခေါင်းဆောင်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဘာလို့ ဒီလောက်အထိ မုန်းတီးနေကြရလဲဆိုတဲ့ အဖြေကို ကျွန်တော် သိပြီထင်တယ်"
သူက အခြေအနေကို ပြောင်းလဲပစ်နိုင်မယ့် အဆိုပါ အဖိုးတန်အချက်အလက်ကို စိတ်ဝင်စားသွားတာမို့ မြွေရဲ့ အနားကို ပိုပြီး တိုးသွားလိုက်မိတယ်။
"သူတို့တွေက အရင်တုန်းက တကယ့်ကို သွေးသောက်ညီအစ်ကိုတွေ ဖြစ်ခဲ့ကြတာခင်ဗျာ။ ပြီးတော့ အဆုံးအစမရှိတဲ့ တန်ခိုး အစွမ်းတွေ ကိန်းအောင်းနေတယ်လို့ ပြောကြတဲ့ ရှေးဟောင်းခေတ်က မှော်ဝင်ပစ္စည်း တစ်ခုကို ကာကွယ်ပေးဖို့အတွက်လည်း သစ္စာဆိုခဲ့ကြသေးတယ်။ အဲဒီအရာကို သူတို့ရဲ့ ဘိုးဘွားတွေက လူပု မျိုးနွယ်စုတွေဆီကနေ ဆုလာဘ် အပ်နှင်းခြင်း အဖြစ် ရရှိခဲ့တာလို့ ပြောကြတယ် နောက်ပိုင်းကျမှ ပျောက်ဆုံးသွားခဲ့တာပေါ့... သခင် သူတို့ဆီမှာ အရင်တုန်းက မီသရယ်တွေ ရှိခဲ့ဖူးတာဗျ"
* * * * * * * * *