← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 17 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 17 Ch. 201-202

အခန်း(၂၀၁)

"သူတို့က မျိုးဆက်တစ်ခုကနေ တစ်ခုဆီကို လက်ဆင့်ကမ်းလာခဲ့တဲ့ ရှေးဟောင်းဒြပ်စင်အမြုတေကို စောင့်ရှောက်ရတဲ့ တစ်ဦးတည်းသော အစောင့်အရှောက်တွေ ဖြစ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ပြင်းထန်လှတဲ့ ငလျင်တစ်ခုလှုပ်ခတ်တုန်းက ကံမကောင်း အကြောင်းမလှတဲ့ မတော်တဆမှုတစ်ခုကြောင့် ဒီမျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ အဲဒီဒြပ်စင်အမြုတေကို ထာဝရ လက်လွတ်လိုက်ရတယ်။

အဲဒီလို ပျောက်ဆုံးသွားခဲ့တာကြောင့် ဒီအော့ခ်နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မဟာရန်သူတွေ ဖြစ်သွားခဲ့ကြတာပေါ့။

ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင်က သူ့သူငယ်ချင်းကို အရေးကြီးတဲ့အချိန်မှာ ပေါ်မလာနိုင်တဲ့ လူကြောက်တစ်ယောက်လို့ တွေးခဲ့ပြီး၊ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုခေါင်းဆောင်ကတော့ သူ့သူငယ်ချင်းကို အော့ခ်တွေရဲ့ သမိုင်းတစ်လျှောက်မှာ အဖိုးတန်ဆုံး ရတနာကို ဆုံးရှုံးလိုက်တဲ့ ဦးနှောက်မရှိတဲ့ လူအလို့ သတ်မှတ်ခဲ့တာကိုး။

သူတို့က တစ်ယောက်ကိုတစ်ယောက်ပဲ အပြစ်ပုံချခဲ့ကြတယ်။

ပြီးတော့ သူတို့ မျိုးနွယ်စုရဲ့ ခေါင်းဆောင်တွေ ဖြစ်လာကြတဲ့အချိန်မှာတော့ ဒီအမုန်းတရားနဲ့ အပြိုင်အဆိုင်စိတ်တွေက သူတို့ရဲ့ မျိုးနွယ်စုဝင်တွေထဲအထိ စိမ့်ဝင်သွားခဲ့ပြီး အခု သူတို့ဖြစ်နေကြတဲ့ ပြည်တွင်းစစ်အဆင့်အထိပါ ကြီးထွားလာခဲ့တာပေါ့။"

မိုက်ကယ်က ဖတ်ချ်ရဲ့ ဇာတ်လမ်းကို နားထောင်ရင်းနဲ့ ဒီချစ်စရာကောင်းတဲ့ နင်ဂျာလေးကို လုံးဝကွဲပြားတဲ့ အမြင်တစ်ခုနဲ့ မကြည့်ဘဲ မနေနိုင်တော့ပါဘူး။

သူက ဖတ်ချ်ကို အမြဲတမ်း လျှောက်ဆော့နေတာလို့ပဲ တွေးခဲ့တာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူက ဒီဆွေးနွေးပွဲရဲ့ လေထုတစ်ခုလုံးကို လုံးဝပြောင်းလဲပစ်နိုင်မယ့် အလွန်အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုကို ယူဆောင်လာခဲ့တာပဲလေ။

"သူတို့မှာ အရင်က ရှိခဲ့တဲ့ ဒြပ်စင်အမြုတေက ဘယ်လိုမျိုးလဲဆိုတာ မင်းသိလား"

ခရမ်းရောင်မြွေလေးက ခေါင်းခါပြလိုက်တယ်။

"သူတို့ရဲ့ နေ့စဉ်မှတ်တမ်းတွေထဲမှာ အဲဒီဒြပ်စင်အမြုတေအကြောင်းကို တိုက်ရိုက်ပြောဖို့ ရှောင်ကြဉ်ထားကြတယ်။ ဪ... ဒါနဲ့ ကျွန်တော် ဒါတွေအကုန်လုံးကို သူတို့ကုတင်အောက်က မှတ်တမ်းစာအုပ်တွေထဲကနေ သိခဲ့တာပါ"

ဒီလို တင်းမာမှုတွေနဲ့ အပြိုင်အဆိုင်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကို နောက်ဆုံးမှာ ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်လို့ မိုက်ကယ်အနေနဲ့ သူတို့ရဲ့ ပြဿနာကို နောက်ဆုံးမှာ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကောင်းကောင်းသိသွားခဲ့ပါပြီ။

သူက ကွင်းပြင်ထဲက ကလေးတွေလိုမျိုး မရပ်မနား အော်ဟစ်ဆဲဆိုနေကြတုန်းဖြစ်တဲ့ မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ကို ကြည့်လိုက်တယ်။

"မင်းလို လူကြောက်....." လို့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုခေါင်းဆောင်က ရွဲ့ပြလိုက်တယ်။

မိုက်ကယ်က သူ့လက်ကို မြှောက်လိုက်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ မြေဒြပ်စင်မှော်စွမ်းအင်တွေကို ရပ်တန့်သွားအောင် အမိန့်ပေးလိုက်တယ်။

ညိုမှိုင်းတဲ့ စွမ်းအင်အမှုန်အမွှားလေးတွေက ကမ္ဘာပေါ်က သူတို့ရဲ့ သဘာဝအတိုင်း စီးဆင်းမှုတွေကို ရပ်တန့်လိုက်ကြတယ်။ သူတို့တွေ ငြိမ်သက်သွားခဲ့ကြတာကြောင့် အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ သူတို့လုပ်နေတာတွေကို ရပ်လိုက်ကြရပြီး သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မြေဒြပ်စင်မှော်ကဝေရဲ့ တည်ရှိမှုကို ဘာလို့မခံစားရတော့တာလဲဆိုတာ ဇဝေဇဝါ ဖြစ်သွားကြရတာပေါ့။

မိုက်ကယ်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ရဲ့ အာရုံကို ဖမ်းစားလိုက်တယ်။

"မင်းတို့နစ်ယောက်လုံး အော်ဟစ်နေတာတွေကို ရပ်ပြီး ငါ့စကားကို နားထောင်စေချင်တယ်" လို့ မိုက်ကယ်က တည်ကြည်လေးနက်တဲ့ အရှိန်အဝါနဲ့ ပြောလိုက်ပြီး မြေဒြပ်စင်မှော်စွမ်းအင်တွေကို သူ့ရဲ့ အလိုဆန္ဒတစ်ခုတည်းအောက်မှာပဲ ကွေးညွှတ်သွားအောင် လုပ်ဆောင်လိုက်တယ်။

တကယ်လို့ မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်အနေနဲ့ သူတို့ အလွန်အမင်း ကိုးကွယ်ကြတဲ့ နတ်ဘုရားမနဲ့ ချိတ်ဆက်ချင်တယ်ဆိုရင်တော့ မိုက်ကယ် ပြောတဲ့အတိုင်း လုပ်ကြရမှာကိုး။

နောက်ဆုံးတော့ သူတို့တွေ ရန်ဖြစ်တာကို ရပ်လိုက်ကြပြီး မိုက်ကယ်ကို ကြည့်လိုက်ကြတယ်။

"ဒါဆို မင်းတို့နှစ်ယောက်စလုံးက ဒြပ်စင်အမြုတေလေး တစ်ခုအတွက်နဲ့တင် ရန်ဖြစ်နေကြတာပေါ့"

ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင်က ခေါင်းခါပြလိုက်တယ်။

"သာမန်ဒြပ်စင်အမြုတေ မဟုတ်ဘူး။ အဲဒါက တို့ဘိုးဘွားတွေရဲ့ ဂုဏ်သိက္ခာဖြစ်ပြီး မြေဒြပ်စင်နတ်ဘုရားမရဲ့ အလံတော်အောက်မှာ တို့တွေ တစ်ခါက အောင်မြင်ခဲ့ဖူးတဲ့ ပြယုဂ်တစ်ခုပဲ။ ဒါပေမဲ့ ဒီလူကြောက်... လိပ်ပြာဆူးအော့ခ်က... အဲဒါကို ချောက်ထဲ ကျသွားအောင် လုပ်ခဲ့တာ"

"ငါက မင်းကို ကယ်ဖို့ ကြိုးစားခဲ့တာလေ၊ ငအရဲ့" လို့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုခေါင်းဆောင်က အော်ဟစ်လိုက်တယ်။

"မင်းပါ ချောက်ထဲကို ကျတော့မှာလေ။ ဒါကြောင့် ငါက ဒြပ်စင်အမြုတေကို ဖမ်းမယ့်အစား မင်းကို ကူညီဖို့ ရွေးချယ်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါ မင်းကိုပဲ ချောက်ထဲကျခွင့်ပေးလိုက်သင့်တယ်ဆိုတာ သိလိုက်ရပြီ"

မိုက်ကယ်က မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ကို နောက်တစ်ကြိမ် ထပ်ပြီး စိတ်အေးသွားအောင် လုပ်ဖို့ ကြိုးစားလိုက်တယ်။

"ဒါဆို ဒီဒြပ်စင်အမြုတေကို... မီသရယ်မှော်ဝင်ပစ္စည်းလို့ ခေါ်တာလား"

မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်က ခေါင်းငြိမ့်ပြလိုက်ကြတယ်။

"ဟုတ်တယ်။ အဲဒီမှော်ဝင်ပစ္စည်းက ဆွဲကြိုးတစ်ကုံးဖြစ်ပြီး အဲဒါကို ကိုင်ဆောင်ထားတဲ့သူ ဘယ်သူ့ကိုမဆို ခွန်အားတွေ အဆမတန် တိုးတက်လာစေတယ်။ အဲဒါကို ဝတ်ဆင်ထားတဲ့သူ ဘယ်သူမဆို ကိုကိုးစေ့ ၅၀ လောက်ကို စားသုံးလိုက်ရသလိုမျိုး ခံစားရမှာပေါ့"

"ဒါက တို့မျိုးနွယ်စုကို ရှေးဟောင်းခေတ်တုန်းက အင်အားအကောင်းဆုံး လူတစ်ပိုင်းသတ္တဝါတွေထဲက တစ်ခု ဖြစ်လာအောင် ကူညီပေးခဲ့တဲ့ ရတနာတစ်ခုပဲ" လို့ ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင်က ညည်းတွားလိုက်တယ်။

"ဒါက တို့ကို အရင်တုန်းက ဘေးအန္တရာယ်တွေကနေ အကြိမ်ကြိမ် ကာကွယ်ပေးခဲ့တာကိုး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ တို့တွေ အဲဒါကို မကာကွယ်နိုင်ခဲ့ကြဘူး"

အော့ခ်တွေဟာ သူတို့ရဲ့ အဖိုးတန်လှတဲ့ ဒြပ်စင်အမြုတေ ဆုံးရှုံးသွားခဲ့ရမှုအတွက် ဝမ်းနည်းပူဆွေးဖို့ ရန်ပွဲကို ခဏလောက် ရပ်လိုက်ကြတယ်။ သူတို့တစ်ယောက်ပေါ်တစ်ယောက် ထားတဲ့ အမုန်းတရားရဲ့ တကယ့်အမြစ်တွယ်မှုက တကယ်တော့ သူတို့ရဲ့ အမွေအနှစ်ကို မကာကွယ်နိုင်ခဲ့ကြတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေကြတဲ့ စိတ်ပဲ ဖြစ်နေတာကိုး။

"ဒါဆို တကယ်လို့ မင်းတို့မှာ အရင်က ဒြပ်စင်အမြုတေနဲ့ တန်ဖိုးတူညီတဲ့ ပစ္စည်းတစ်ခု ရှိလာမယ်ဆိုရင် တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်နိုင်ကြမှာလား"

အော့ခ်နှစ်ယောက်ဟာ သူတို့ ငယ်ငယ်တုန်းက အချိန်တွေကို ပြန်တွေးမိရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့တွေရဲ့ စုပေါင်းစွမ်းအားကြောင့် သူတို့ကို အရင်တုန်းက ပါရမီရှင်အတွဲအဖက်လို့တောင် ခေါ်ခဲ့ကြတာလေ။

သူတို့ကြားက ရဲဘော်ရဲဘက်စိတ်ဓာတ်က အခုထိ ရှိနေဆဲဖြစ်ပြီး နှစ်ပေါင်းများစွာ အမုန်းတရားတွေအောက်မှာ ဖုံးကွယ်နေခဲ့ရုံသာ ရှိပါသေးတယ်။

"ဒီဒြပ်စင်အမြုတေနဲ့ တန်ဖိုးတူညီတဲ့အရာ ဆိုတာ မရှိနိုင်ပါဘူးဗျာ" လို့ ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင်က စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။

"ဒါက ရှေးဟောင်းလူပုမျိုးနွယ်တွေ လုပ်ခဲ့တဲ့ ပျောက်ဆုံးသွားတဲ့ အနုပညာတစ်ခုလေ။ ဘယ်ပန်းပဲဆရာမှ ဒါကို နောက်တစ်ကြိမ် မလုပ်နိုင်တော့ဘူး"

အော့ခ်တွေဟာ သူတို့ကြားက ရန်ငြိုးတွေကို ရှင်းပစ်ချင်နေကြတာ ဖြစ်တာကြောင့်လည်း ဒီအချက်အပေါ်မှာ ပိုပြီး စိတ်ပျက်သွားကြတဲ့ ပုံပါပဲ။ ကံမကောင်းစွာနဲ့ပဲ ဒြပ်စင်အမြုတေကို အစားထိုးဖို့က မဖြစ်နိုင်တော့ဘူးလေ။

"မင်းတို့ အဲဒါကို သေချာရဲ့လား" လို့ မိုက်ကယ်က ပြောရင်း သူ့ရဲ့ အရိပ်ထဲကနေ လက်မောင်းစွပ်တစ်ခုကို ထုတ်ပြလိုက်တယ်။

ဒါက ထူးခြားတာ ဘာလို့လဲဆိုတော့ မိုက်ကယ်က ဒါကို ဇိုင်ယွန်အတွက် သူ့ရဲ့ လက်သီးစွမ်းအားတွေကို ကူညီပေးဖို့ သီးသန့်ပြုလုပ်ထားပေးတဲ့ ချပ်ဝတ်တန်ဆာ ဖြစ်လို့ပါပဲ။

ဪ... ဒါတင်မကသေးပါဘူး၊ အဲဒါက တန်ခိုးတွေနဲ့ ပြည့်နှက်နေတဲ့ မီသရယ် မှော်ဝင်ပစ္စည်း တစ်ခုလည်း ဖြစ်နေတာကိုး။

အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ မိုက်ကယ်ရဲ့ လက်ထဲက လက်မောင်းစွပ်ဆီကို အလိုအလျောက် စွဲလန်းသွားကြတာကို ခံစားလိုက်ရတယ်။ သူတို့တွေ ဒါကို အရင်က မြင်ဖူးသလိုမျိုး ခံစားနေရတာပေါ့။

သူတို့တွေ အဲဒီပစ္စည်းကို သေသေချာချာ စိုက်ကြည့်လိုက်တဲ့ အချိန်ကျမှပဲ သူတို့ရဲ့ အမြုတေထဲက မှော်စွမ်းအင်တွေဟာ ပြင်းထန်လှတဲ့ အရှိန်အစွမ်းတွေနဲ့ တုံ့ပြန်လာတာကို နောက်ဆုံးမှာ ခံစားလိုက်ရတော့တယ်။ သူတို့ရဲ့ မှော်စွမ်းအင် အမြုတေတွေဟာ သဲကန္တာရထဲမှာ ငတ်မွတ်ခေါင်းပါးနေခဲ့ရသလိုမျိုး ဖြစ်နေခဲ့ပြီး အခုမှပဲ သူတို့ရှေ့မှာ ရေအိုင်ကြီးတစ်ခုကို မြင်လိုက်ရသလိုပါပဲ။

အော့ခ်နှစ်ယောက်စလုံးက အဲဒီပစ္စည်းက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ သိနေကြတာကြောင့်လည်း ဒြပ်စင်အမြုတေ ဆုံးရှုံးသွားခဲ့ရတဲ့ နာကျင်မှုက ဒီလောက်အထိ ဆိုးရွားခဲ့ရတာပေါ့။ အဲဒါကို ဆုံးရှုံးလိုက်ရကတည်းက သူတို့ရဲ့ သွေးကြောတွေထဲမှာ အရင်တုန်းက ဒြပ်စင်အမြုတေ လုပ်ပေးခဲ့သလိုမျိုး မှော်စွမ်းအင်တွေ ပြင်းပြင်းထန်ထန် စီးဆင်းသွားတာကို မခံစားနိုင်ကြတော့ဘူးဆိုတာ သူတို့ သိထားကြတာကိုး။

ပြီးတော့ သူတို့တွေဟာ အဲဒီအချိန်ကတည်းက ဒါကို တဖွဖွ တောင့်တနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုတော့ လုံးဝကွဲပြားတဲ့ ပစ္စည်းတစ်ခုက သူတို့ ဆုံးရှုံးလိုက်ရတဲ့ ဒြပ်စင်အမြုတေလိုမျိုး ခံစားချက်မျိုးကို ပေးစွမ်းနေတာပါပဲ။

"လူသား... ဒါ... ဒါက ဘာကြီးလဲ..." လို့ မျိုးနွယ်စုခေါင်းဆောင်တွေက မေးလိုက်ကြတယ်။

"ဒါက မီသရယ် မှော်ဝင်ပစ္စည်း လို့ ခေါ်တယ်။ ငါ့ရဲ့ လူပုသူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ငါကိုယ်တိုင် လုပ်ထားတာပေါ့။ မင်းတို့ရဲ့ ဒြပ်စင်အမြုတေလိုမျိုး ကောင်းရဲ့လားဆိုတာ ကိုယ်တိုင် စမ်းကြည့်ချင်ကြလား"

သူတို့နှစ်ယောက် ပြန်မဖြေနိုင်ခင်မှာပဲ မိုက်ကယ်က အော့ခ် မျိုးနွယ်စုခေါင်းဆောင်တွေကို လက်မောင်းစွပ်တစ်စုံကို ပေးလိုက်ပါတယ်။

ပြီးတော့ သူတို့တွေ အဲဒါကို လက်ထဲမှာ ကိုင်ထားလိုက်တာနဲ့ အမျှ သူတို့ရဲ့ မျက်လုံးတွေထဲမှာ စိတ်လှုပ်ရှားမှု မျက်ရည်တွေ ဝဲလာကြပါတော့တယ်။

* * * * * * * * *

စာစဉ်(၁၇)

အခန်း(၂၀၂)

သူတို့ရဲ့ ဒြပ်စင်အမြုတေ ဆုံးရှုံးသွားခဲ့ရကတည်းက မြေဒြပ်စင်နတ်ဘုရားမနဲ့ ချိတ်ဆက်မှုက ဒီလောက်အထိ အားကောင်းမနေခဲ့ဖူးပါဘူး။ ဒါက သူမရဲ့ ရင်ခွင်ထဲမှာ ရေချိုးနေရသလိုမျိုး၊ သူမရဲ့ အချစ်တွေနဲ့ ဂရုစိုက်မှုတွေကို အပြည့်အဝ ခံစားနေရသလိုမျိုးပါပဲ။

မီသရယ် မှော်ဝင်ပစ္စည်းဆီကနေ သူတို့ ခံစားလိုက်ရတဲ့ တန်ခိုးက သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မှော်စွမ်းအင်တွေနဲ့ ချိတ်ဆက်မှုထက်စာရင် ဒုတိယအဆင့်မှာပဲ ရှိနေပါသေးတယ်။

အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဒါက သူတို့တစ်ဘဝလုံး လိုက်ရှာနေခဲ့ကြတဲ့ ဒြပ်စင်အမြုတေပဲဆိုတာကို သဘောပေါက်သွားကြရတာပေါ့။

ပြီးတော့ သူမရဲ့ တည်ရှိမှုကို နောက်တစ်ကြိမ် ပြန်ပြီး ခံစားခွင့်ပေးခဲ့တဲ့သူက တခြားသူမဟုတ်ဘဲ မိုက်ကယ်ပဲ ဖြစ်နေတာကိုး။

မြွေတမန် ပြောတာ တကယ်မှန်တာပဲ။ မိုက်ကယ်က တကယ်ပဲ မြေဒြပ်စင်နတ်ဘုရားမရဲ့ ရွေးချယ်ခြင်းခံရသူ ဖြစ်နေတာပဲပေါ့။

တစ်ဖက်မှာလည်း မိုက်ကယ်က အော့ခ်မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ရဲ့ မှော်ပညာအသုံးချခြင်းကဏ္ဍက အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာတဲ့ ခံစားချက်ကို မြင်တွေ့နေရပါတယ်။

"ဘယ်လိုလဲ။ မင်းတို့ အရင်က ဆုံးရှုံးလိုက်ရတဲ့ ဒြပ်စင်အမြုတေနဲ့ တူရဲ့လား"

တကယ်လို့ သူတို့ရဲ့ ဒြပ်စင်အမြုတေက ရှေးဟောင်းခေတ်က မီသရယ် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် မိုက်ကယ်အနေနဲ့ သူ့ရဲ့ မီသရယ် မှော်ဝင်ပစ္စည်းက အရင်တုန်းက လူပုမျိုးနွယ်တွေ ဖန်တီးခဲ့တာနဲ့ ဘာတွေကွာခြားလဲဆိုတာကို သိချင်နေတာပါ။ ဒါက သူ့ကို ဘာတွေ ပိုပြီး ကောင်းအောင် ပြုပြင်လို့ရမလဲဆိုတဲ့ အမြင်တွေကို ပေးစွမ်းနိုင်မှာလေ။

"ငါ မှတ်မိနေတဲ့အတိုင်းပါပဲဗျာ" လို့ ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင်က ပြောရင်း ထိုင်ချလိုက်ပြီး သူ့လက်နှစ်ဖက်ကို ခေါင်းပေါ် မြှောက်လိုက်တယ်။

မိုက်ကယ်က အဲဒီအော့ခ်က သူ့ရဲ့ အလေ့အထကျင့်စဉ်ကို နောက်တစ်ကြိမ် ထပ်လုပ်တော့မယ်ဆိုတာ သိလိုက်ပေမဲ့ တားဖို့အတွက်တော့ နောက်ကျသွားခဲ့ပါပြီ။

"ဗူး တို တို " လို့ မျိုးနွယ်စုခေါင်းဆောင်က အော်ဟစ်လိုက်ပြီး သူ့ရဲ့ ရင်ဘတ်ကို အရင်ကထက် ပိုပြီး ပြင်းပြတဲ့ ခွန်အားတွေ၊ စိတ်အားထက်သန်မှုတွေနဲ့ ထုရိုက်ပါတော့တယ်။ အော့ခ်က သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ပြီး လုပ်နေတာဖြစ်လို့ မိုက်ကယ်အတွက်တော့ တကယ့်ကို ကသိကအောက် ဖြစ်စရာ မြင်ကွင်းတစ်ခုပေါ့။

သူ့ဘေးက လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုခေါင်းဆောင်ကလည်း မိုက်ကယ်ကို သူ့ရဲ့ ကျေးဇူးတင်ကြောင်း အလေ့အထကျင့်စဉ်ကို စလုပ်ရင်းနဲ့ ဒီကသိကအောက် ဖြစ်စရာ အခြေအနေကို ပိုပြီး ဆိုးသွားအောင် လုပ်လိုက်ပြန်တယ်။ သူက သူ့ရဲ့ ဆူးတွေကို စတင်ရိုက်ခတ်လိုက်တဲ့အခါ ဆူးတစ်ခုချင်းစီကနေ ထွက်ပေါ်လာတဲ့ အသံတွေက ပေါင်းစပ်သွားပြီး စွဲမက်ဖွယ်ကောင်းတဲ့ တေးသံတီးလုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

ပြီးတော့ သူတို့တွေက တစ်ဘဝလုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမဲ့လည်း အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ မိုက်ကယ်အနေနဲ့ သဘောကျမိမယ့် အံ့သြဖွယ်ကောင်းတဲ့ စည်းချက်နဲ့ တေးသံတီးလုံးတစ်ခုကို ဖန်တီးနိုင်ခဲ့ကြတာပေါ့။ ဒါပေမဲ့ မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်စလုံးက သူ့ကို စိုက်ကြည့်နေကြတာကြောင့် သူ သိပ်ပြီးတော့ မပျော်နိုင်ရှာပါဘူး။

"ကျေးဇူးပြုပြီး ဒါတွေ လုပ်စရာ မလိုပါဘူး" လို့ မိုက်ကယ်က ပြောလိုက်တယ်။

"ဒါက မင်းတစ်ယောက်တည်းအတွက် မဟုတ်ဘူး၊ လူသား" လို့ ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင်က ဆိုတယ်။

"တို့တွေက မင်းကို တို့ဘဝထဲကို လမ်းလျှောက်ဝင်လာခွင့် ပေးခဲ့တဲ့အတွက် မြေဒြပ်စင်နတ်ဘုရားမကို အဓိက ကျေးဇူးတင်နေကြတာပါ။ သူမရဲ့ ကောင်းချီးပေးမှုသာ မရှိရင် တို့တွေ ဆုံဖြစ်ကြမှာ မဟုတ်သလို မင်းလည်း တို့မျိုးနွယ်စုတွေရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး တည်ဆောက်ပေးနိုင်မှာ မဟုတ်ဘူး"

"ဒါ အမှန်ပဲ" လို့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုခေါင်းဆောင်က ထောက်ခံလိုက်တယ်။

"တို့တွေက မင်းကို ချီးမွမ်းခြင်းအားဖြင့် နတ်ဘုရားမကို တို့ရဲ့ ကျေးဇူးတင်မှုတွေကို ပြသနေကြတာ"

မိုက်ကယ်က အသာအယာ ချောင်းဆိုးလိုက်တယ်။

"ကောင်းပါပြီ၊ တကယ်လို့ မင်းတို့ ငါ့ကို ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ဒါထက် ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိပါသေးတယ်။ ဥပမာအားဖြင့်... ငါ့ရဲ့ နိုင်ငံတော်ထဲကို ပြည်သူတွေအနေနဲ့ ပါဝင်လိုက်တာမျိုးပေါ့"

မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ နောက်ဆုံးမှာ သူတို့ရဲ့ အလေ့အထကျင့်စဉ်တွေကို ရပ်လိုက်ကြပြီး မိုက်ကယ်ကို နာခံမှုရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြတယ်။

"ငါက ဒါကို မင်းဆီမှာ တောင်းဆိုဖို့ အစကတည်းက စီစဉ်ထားပြီးသားပါ" လို့ ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင်က မိုက်ကယ်ကို ဦးညွှတ်ရင်း ပြောလိုက်တယ်။

"ငါလည်း အတူတူပါပဲ။ ငါ့မျိုးနွယ်စုကို မင်းရဲ့ အမိန့်ပေးမှုအောက်မှာ ထားရှိခြင်းအားဖြင့် မြေဒြပ်စင်နတ်ဘုရားမကို တို့တွေ ဂုဏ်ယူဝင့်ကြွားအောင် လုပ်နိုင်မယ်ဆိုတာ ငါ သေချာပေါက် ယုံကြည်ပါတယ်" လို့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုခေါင်းဆောင်က ထပ်လောင်းပြောလိုက်တယ်။

"ဝေါ့" လို့ ဝံပုလွေအော့ခ်က ချောင်းဆိုးလိုက်တယ်။

"ငါ့မျိုးနွယ်စုက မင်းရဲ့ နိုင်ငံတော်ကို အကောင်းဆုံး အလုပ်အကျွေးပြုနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်"

ဝံပုလွေအော့ခ် နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် နောက်တစ်ကြိမ် ထပ်ပြီး စိုက်ကြည့်လိုက်ကြပြန်ပြီးမှ ချီးကျူးခံရဖို့ အသင့်ဖြစ်နေတဲ့ သိုးလိမ္မာလေးနှစ်ကောင်လိုမျိုး မိုက်ကယ်ဘက်ကို ပြန်လှည့်လာကြတော့တယ်။

"ဒါပေမဲ့... တို့တွေ သူမရဲ့ ရွေးချယ်ခြင်းခံရသူကို အလုပ်အကျွေးပြုဖို့အတွက် အတူတူ လက်တွဲလုပ်ဆောင်ကြမယ်ဆိုရင် မြေဒြပ်စင်နတ်ဘုရားမအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်တယ်" လို့ ဝံပုလွေအော့ခ် ခေါင်းဆောင်က ထပ်ပြောလိုက်တယ်။

"ဒါကို ငါ သဘောတူတယ်။ ငါက မင်းရဲ့ အလံတော်အောက်မှာ သူ့ရဲ့ မျိုးနွယ်စုနဲ့ အတူတူ လက်တွဲလုပ်ဆောင်ဖို့ အသင့်ပါပဲ။ ပြီးတော့ ရီနေးတားကုမ္ပဏီက မြေဒြပ်စင်နတ်ဘုရဦးမရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတာဆိုတော့ တို့တွေက သူမရဲ့ အောက်မှာ အခြေခံအားဖြင့် အလုပ်လုပ်နေကြတာပဲလေ"

မိုက်ကယ်က မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ကြားမှာ အပြိုင်အဆိုင်စိတ် ရှိနေတုန်းပဲဆိုတာကို အာရုံခံမိနေသေးပေမဲ့ သူတို့တွေ အခုလို အတူတူ လက်တွဲလုပ်ဆောင်ဖို့ ပိုပြီး ဆန္ဒရှိလာကြတာကိုတော့ ဝမ်းသာမိပါတယ်။

တကယ်တမ်းကျတော့ ဖတ်ချ်က ဒီတာဝန်မှာ တကယ့်ကို အရေးပါတဲ့ အကူအညီပေးသူလေး ဖြစ်ခဲ့တာပဲ။ တကယ်လို့ သူက မြွေအယောင်ဆောင်အနေနဲ့ သေချာဆွဲဆောင်မပေးခဲ့ဘူးဆိုရင် အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ မိုက်ကယ်ရဲ့ အောက်ကို ဝင်ဖို့ ဒီလောက်အထိ လွယ်လွယ်ကူကူနဲ့ သဘောတူကြမှာ မဟုတ်ဘူးလေ။

ဒါရဲ့ အားနည်းချက်ကတော့ မိုက်ကယ်အနေနဲ့ မြေဒြပ်စင်နတ်ဘုရားမရဲ့ ရွေးချယ်ခြင်းခံအဖြစ် ဒါမှမဟုတ် ဘယ်သူပဲဖြစ်ဖြစ် ဆက်ပြီး ဟန်ဆောင်နေရတော့မှာပါပဲ။

[မင်းက နတ်ဘုရားမရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတာပါ] လို့ နိုဗာက မိုက်ကယ်ကို သတိပေးလိုက်တယ်။

'သူမက ငါ့ကို အသက်တစ်ချောင်း ကြွေးတင်နေလို့ပဲ ဒီတန်ခိုးတွေကို ပေးခဲ့တာလေ။ ငါက ရွေးချယ်ခြင်းခံရလို့ ဒါမှမဟုတ် တခြားအရာတစ်ခုခုကြောင့် မဟုတ်ပါဘူး။ ငါ့ရဲ့ သေဆုံးမှုက အမှားအယွင်းတစ်ခု ဖြစ်ခဲ့တာကို မှတ်မိသေးတယ်မလား'

ဘာပဲဖြစ်ဖြစ်၊ သူက မြေဒြပ်စင်နတ်ဘုရားမရဲ့ ကောင်းချီးပေးခြင်းကို မခံထားရဘူးလို့ ပြောရင်တောင် အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်က သူ့ကို ယုံကြမှာ မဟုတ်ပါဘူး။ သူ သူတို့ကို မီသရယ် မှော်ဝင်ပစ္စည်းတွေ ပေးလိုက်တဲ့ အချက်တစ်ခုတည်းနဲ့တင် သူ့ရဲ့ မွန်မြတ်တဲ့ ချိတ်ဆက်မှုကို ယုံကြည်သွားစေဖို့အတွက် လုံလောက်ခဲ့ပြီကိုး။

မိုက်ကယ်က သူတို့ပေးတဲ့ ကိုကိုးစေ့တွေ အကုန်လုံးနဲ့ သူ ဘာလုပ်ခဲ့လဲဆိုတာကို သိသွားကြရင် သူတို့ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာကို စိတ်ကူးထဲမှာတင် တွေးကြည့်နေမိတယ်။

သူတို့တွေ ချောကလက်ကို သူတို့ရဲ့ သန့်စင်မွန်မြတ်တဲ့ အစားအစာအဖြစ် ပြောင်းလဲပစ်ကြမှာတော့ မဟုတ်ပါဘူးနော်။

[ဒါက ဖြစ်ဖို့ အလားအလာ အရမ်းများပါတယ်]

"ဒါဆို တို့မျိုးနွယ်စုတွေရဲ့ ပေါင်းစည်းမှုက အခု တရားဝင်ဖြစ်သွားပြီပေါ့"

အော့ခ်နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် မကျေမနပ် ဖြစ်မနေဘဲ မနေနိုင်ကြပေမဲ့လည်း မိုက်ကယ်ကို ခေါင်းငြိမ့်ပြလိုက်ကြပြီး သူ့ရဲ့ မေးခွန်းကို အတည်ပြုပေးလိုက်ကြတယ်။

"ဒါပေမဲ့ ငါ့မျိုးနွယ်စုက ဒီသတင်းကို ဘယ်လိုလက်ခံမလဲဆိုတာ ငါမသိဘူးဗျာ" လို့ ဝံပုလွေအော့ခ် မျိုးနွယ်စုခေါင်းဆောင်က စိုးရိမ်တကြီး ပြောလိုက်တယ်။

"သူတို့က လိပ်ပြာဆူးအော့ခ်တွေကို သူတို့ရဲ့ ကြွက်သားတွေထဲအထိ မုန်းတီးနေကြတာ"

"ငါ့မျိုးနွယ်စုလည်း သေချာပေါက် တော်လှန်ကြလိမ့်မယ်" လို့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုခေါင်းဆောင်က ခန့်မှန်းလိုက်တယ်။

"ဝံပုလွေအော့ခ်တွေနဲ့ အတူတူ အချိန်ကုန်ရမယ်ဆိုတဲ့ အတွေးတစ်ခုတည်းနဲ့တင် ငါ့မျိုးနွယ်စုဝင်တွေက သူတို့ကိုယ်ပေါ်က ဆူးတွေကို တစ်ခုချင်းစီ ဆွဲနှုတ်ပစ်ချင်ကြမှာ သေချာတယ်"

မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ သူတို့မျိုးနွယ်စုတွေရဲ့ အပြန်အလှန် အမုန်းတရားတွေကို သေချာသိထားကြတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်ကပဲ သူတို့ကို အစကတည်းက အမုန်းတရားတွေ သင်ပေးခဲ့တာ ဖြစ်လို့ပါပဲ။

"သတင်းကောင်းပဲ" လို့ သူက သူတို့ကို ပြောလိုက်တယ်။

"မင်းတို့မျိုးနွယ်စုတွေက မင်းတို့ထင်ထားတာထက် ဒါကို ပိုပြီး သဘောကျကြလိမ့်မယ်"

မိုက်ကယ်က သူ့နောက်ကို လိုက်ခဲ့ဖို့ အချက်ပြလိုက်တာကြောင့် အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ သူတို့မျက်နှာပေါ်မှာ သံသယဖြစ်ဖွယ် အကြည့်တွေနဲ့ သူ့နောက်ကနေ လိုက်လာခဲ့ကြတယ်။

သူက သူတို့ကို ဆွေးနွေးပွဲနေရာကနေ ခေါ်ထုတ်လာခဲ့ပြီး ကျယ်ပြန့်တဲ့ ကွင်းပြင်ကြီးကို စီးမိုးမြင်တွေ့နိုင်တဲ့ သတ္တုခြံစည်းရိုးတစ်ခုဆီကို ခေါ်သွားလိုက်တယ်။

အဲဒီနေရာမှာတော့ ကွင်းပြင်ကြီးကို အမှောင်ထုထဲကနေ လင်းထိန်သွားအောင် အပေါ်ကနေ ထိုးချနေတဲ့ မီးလုံးကြီးတွေ ရှိနေတာပေါ့။

အော့ခ် မျိုးနွယ်စုခေါင်းဆောင် နှစ်ယောက်ဟာ မိုက်ကယ်ကို သူ ဘယ်လိုမျိုး 'ကြယ်တွေ' ကို စုဆောင်းနိုင်ခဲ့တာလဲဆိုတာ မေးဖို့ ပြင်လိုက်ပေမဲ့ ကွင်းပြင်ထဲမှာ ရောနှောနေကြတဲ့ သူတို့ရဲ့ မျိုးနွယ်စုဝင်တွေကို မြင်လိုက်ရတဲ့အတွက် အာရုံလွဲသွားကြရတယ်။

ဝံပုလွေအော့ခ် အော့ခ်တွေနဲ့ လိပ်ပြာဆူးအော့ခ် အော့ခ်တွေဟာ ညဘက်ကြီးမှာ ဘေ့စ်ဘော ကစားရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ပျော်ပျော်ပါးပါး ဆော့ကစားပြီး ရယ်မောနေကြတာပါပဲ။

* * *

All Chapters