အခန်း (၂၀၅-၂၀၆)
Vol. 18 Ch. 205-206
အခန်း (၂၀၅)
စွပ်ပြုတ်နဲ့ ပေါင်မုန့်ကို အတူတူ စားသောက်ပြီးတဲ့နောက် သူတို့တွေက မီးပုံကို ငြှိမ်းသတ်လိုက်ကြပြီး အိပ်စက်ဖို့အတွက် တဲတွေကို အဆင်သင့် ပြင်လိုက်ကြတယ်။
မိုက်ကယ်က နီယိုအော်ကပ်စ်ဆီ ပြန်ပြီး အနားယူတော့မယ့်အချိန်မှာပဲ တောအုပ်ထဲကနေ တိုးတိုးတိတ်တိတ် ပြောသံတွေကို ရုတ်တရက် ကြားလိုက်ရတာပေါ့။
"ဟေ့ကောင်တွေ... မိပြီဟ... သူတို့မှာ ဘာလုံခြုံရေးမှ ပါမလာဘူး..."
"ကုန်သည်တွေနဲ့လည်း တူတယ်ဟ။ သူတို့မြင်းရထားထဲမှာ သယ်လာတဲ့ ပိုက်ဆံတွေ အပြည့်ရှိနေတဲ့ ပုံပဲ..."
"နားထောင်စမ်း ဟေ့ကောင်တွေ။ တို့တွေ မြန်မြန်ဆန်ဆန်ပဲ လုပ်ကြရအောင်။ ပိုက်ဆံကိုပဲ ခိုးပြီး ပြန်ထွက်ခဲ့မယ်။ ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်နေစရာ မလိုဘူး..."
မိုက်ကယ်က သူ့ရဲ့ မြှင့်တင်ထားတဲ့ အကြားအာရုံစွမ်းရည်ကြောင့် သူတို့တွေ ခိုးယူဖို့ စောင့်ဆိုင်းနေကြတဲ့ စကားသံတွေကို ကြားလိုက်ရတာပဲလေ။
သူက သူ့ရဲ့ တဲအပြင်ကို ချောင်းကြည့်လိုက်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိမှော်စွမ်းအင်တွေကို ရှာဖွေဖို့အတွက် အဆင့်မြင့်စွမ်းရည် ဖြစ်တဲ့ သဟဇာတ ပေါင်းစည်းခြင်းကို အသုံးပြုလိုက်တယ်။ သေချာတာပေါ့... ချုံပုတ်ထဲမှာ လူငါးယောက်က လောဘတကြီး မျက်လုံးတွေနဲ့ တို့စခန်းကို စောင့်ကြည့်နေကြတာကို သူ မြင်လိုက်ရတယ်လေ။
ချောကလက် ကုန်သည်တွေကတော့ ဒါတွေကို ဘာမှမသိရှာပါဘူး။ သူတို့တွေကတော့ အမှောင်ထုထဲမှာ ဒီလိုအန္တရာယ်တွေ ချောင်းမြောင်းနေမှန်း မသိဘဲ တဲတွေထဲမှာ အိပ်ပျော်နေကြတာကိုး။
ဟင်း... ဒီသူခိုးတွေက တော်တော်လေး အားနည်းတာပဲလို့ မိုက်ကယ်က အကဲခတ်လိုက်တယ်။ သူတို့တွေအားလုံးက ကြယ်နှစ်ပွင့်အဆင့်မှာပဲ ရှိကြသေးတာလေ။
မိုက်ကယ်က ကြွားဝါချင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူက ဒီသူခိုးတွေကို မျက်တောင်တစ်ခတ်အတွင်းမှာတင် တကယ်ကို ရှင်းပစ်နိုင်စွမ်း ရှိတယ်။ သူက ကိုယ်ခံပညာရပ်မန္တန်ကိုတောင် သုံးနေစရာ မလိုပါဘူး။ ရိုးရှင်းတဲ့ မြေဒြပ်စင်ကိုယ်ကြပ် မန္တန် ဒါမှမဟုတ် မီးပွား မန္တန်လေး တစ်ခုတည်းနဲ့တင် ဒီသူခိုးတွေ လန့်ပြီး သတိလစ်သွားအောင် လုပ်ဖို့ လုံလောက်တာပေါ့။
ငါ သူတို့ကို အခုပဲ သွားရှင်းလိုက်ရမလား။
မိုက်ကယ် မလှုပ်ရှားခင်မှာပဲ ဖတ်ချ်က အမှောင်ထုထဲကနေ ထွက်လာတာကို သူ မြင်လိုက်ရတယ်။ စလိုင်းမ်လေးက သူ့ကို မော့ကြည့်ပြီး တောင်းပန် တိုးလျှိုးနေတာပေါ့။
"အရှင်... ကျေးဇူးပြုပြီး... ဒါကို ကျွန်တော်တို့ကိုပဲ ရှင်းခွင့်ပေးပါဗျာ။ ဒါက တကယ့်ကို ရင်ခုန်ဖို့ ကောင်းတာ။ ဒါက ရီနေးတားရဲ့ အရိပ်အဖွဲ့ရဲ့ စွမ်းအားကို ကျွန်တော်တို့ ပထမဆုံးအကြိမ် ပြသခွင့်ရမှာလေ"
"အင်း... ရပါတယ်" လို့ မိုက်ကယ်က သဘောတူလိုက်တယ်။ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ရတာ သဘောကျကြတဲ့ ရီနေးတားရဲ့ အရိပ်အဖွဲ့က ရီနေးတားနိုင်ငံတော်ရဲ့ ပထမဆုံးသော ကာကွယ်ရေးတပ်ဦး ဖြစ်လာတော့မှာဆိုတော့ သူတို့ ဘာတွေ လုပ်နိုင်လဲဆိုတာကို မိုက်ကယ်အနေနဲ့ ကိုယ်တိုင် မြင်တွေ့ချင်နေတာလည်း ပါတာပေါ့။
"ဟုတ်ကဲ့ဗျာ" လို့ ဖတ်ချ်က ဝမ်းသာအားရ ဆိုတယ်။
"ဒါပေမဲ့ ဒရာကောနစ်တွေကိုတော့ သွားမပြောနဲ့ဦး"
"ဪ... ဒါပေါ့ အရှင်ရဲ့။ တကယ်လို့ မမရှီနာသာ သူမ မရှိတဲ့အချိန်မှာ အရှင် ဟောဒီသူခိုးတွေရဲ့ အန္တရာယ်နဲ့ ကြုံခဲ့ရတယ်ဆိုတာကို သိသွားရင် ကျွန်တော့်ကို သေချာပေါက် စိတ်ဆိုးမှာဗျ"
ဖတ်ချ်က အခြားအော့ခ်တွေနဲ့အတူ ကာကွယ်ရေးအတွက် ပြင်ဆင်ဖို့ ပျောက်ကွယ်သွားတဲ့အချိန်မှာ မိုက်ကယ်က ကုန်သည်တွေရဲ့ တဲထဲကို တိတ်တဆိတ် ဝင်သွားပြီး သူခိုးတွေ လာနေတဲ့အကြောင်း သွားပြီး သတိပေးလိုက်တယ်။
"ဟင်..." ဝါရင့်ကုန်သည်ကြီးက အိပ်ချင်မူးတူးနဲ့ နိုးလာတယ်။ "မိုက်ကယ်"
ချုံပုတ်ထဲမှာ သူခိုးငါးယောက် ရှိနေတဲ့အကြောင်း မိုက်ကယ် ပြောပြလိုက်ပြီးတဲ့နောက်မှာတော့ ဝါရင့်ကုန်သည်ကြီးက ပျာပျာသလဲ ထရပ်ပါတော့တယ်။
"သူခိုးတွေလား... ဒီမှာလား... ဘယ်သူက အဲဒီလောက်အထိ အတင့်ရဲပြီး ဒါမျိုး လာလုပ်ရတာလဲ"
"တောရိုင်းမြေတွေထဲမှာ သူခိုးတွေ ရှိတတ်တာက ပုံမှန်ပဲ မဟုတ်ဘူးလား" လို့ မိုက်ကယ်က သူတို့ကို မေးလိုက်တယ်။
"မဟုတ်ဘူး သခင်လေး။ ဒီနေရာမှာတော့ မဟုတ်ဘူးဗျ။ အန်ဂိုရာမြို့ ပတ်ဝန်းကျင်မှာရှိတဲ့ နယ်မြေတွေအကုန်လုံးက ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတယ်ဆိုတာ လူတိုင်း သိကြတာပဲ။ အဖွဲ့အစည်းလိုက် လှုပ်ရှားကြတဲ့ ရာဇဝတ်ဂိုဏ်းတွေတောင်မှ ဒီလိုမျိုး ကုန်သည်အဖွဲ့ သေးသေးလေးအတွက်နဲ့ အဲဒီအဖွဲ့အစည်းကို ဆန့်ကျင်ဖို့ အဲဒီလောက်အထိ အတင့်မရဲကြဘူးဗျ။
ဒါကြောင့်လည်း ကျွန်တော်တို့နဲ့အတူ ဘာလုံခြုံရေးမှ ခေါ်မလာခဲ့တာပေါ့။ လိုအပ်လိမ့်မယ်လို့ မထင်ခဲ့ကြဘူးလေ။ အခုတော့ ကျွန်တော်တို့ ထင်တာ တကယ်ကြီး မှားသွားခဲ့ပြီ"
အဲဒီအဖွဲ့အစည်းရဲ့ သြဇာအရှိန်အဝါက မိုက်ကယ် ထင်ထားတာထက်ကို ပိုပြီး ကြီးမားတာပဲ။ တကယ်လို့ ကုန်သည်တွေက ဘာလုံခြုံရေးမှမပါဘဲ ခရီးထွက်ရဲတဲ့အထိ ယုံကြည်ချက်ရှိနေကြတယ်ဆိုရင် ဒါဟာ သူခိုးတွေက အဲဒီစစ်သည်တော်တွေကို တကယ် ကြောက်ကြတယ်လို့ သူတို့က အပြည့်အဝ ယုံကြည်ထားကြလို့ ဖြစ်ရမယ်။
"ကဲ... အခုတော့ ခင်ဗျားတို့အားလုံးက ရီနေးတားနိုင်ငံသားတွေ ဖြစ်နေကြပြီပဲလေ။ ခင်ဗျားတို့ လိုအပ်မယ့် လုံခြုံရေးအကုန်လုံးက ခင်ဗျားတို့ရဲ့ အရိပ်တွေအောက်မှာတင် ရှိနေပြီးသားပါ" လို့ မိုက်ကယ်က ကုန်သည်တွေကို စိတ်ချအောင် ပြောလိုက်တယ်။
"ခင်ဗျားတို့ရဲ့ အရိပ်တွေက ဒါကို ဘယ်လို ရှင်းပစ်မလဲဆိုတာကိုပဲ စောင့်ကြည့်လိုက်ပါ"
အဲဒီအချိန်မှာပဲ သူခိုးတွေက နောက်ဆုံးတော့ သူတို့ရဲ့ ပြင်ဆင်မှုတွေကို အပြီးသတ်လိုက်ကြပုံရတယ်။
"ခင်ဗျားတို့ နိုးနေတာကို ငါ သိတယ်နော်" လို့ ခက်ထန်တဲ့ အသံကြီးတစ်ခု ထွက်ပေါ်လာတယ်။
"မင်းတို့မှာရှိတဲ့ ရွှေဒင်္ဂါးတွေကို အကုန်ပေးလိုက်စမ်း၊ အဲဒါဆို ဘယ်သူမှ ဒဏ်ရာရမှာ မဟုတ်ဘူး"
ချောကလက် ကုန်သည်တွေအကုန်လုံးက မိုက်ကယ်ကို လှည့်ကြည့်လိုက်ကြတယ်၊ သူကလည်း ဘာအန္တရာယ်မှ ဖြစ်လာမှာမဟုတ်ကြောင်း သူတို့ကို ခေါင်းညိတ်ပြပြီး စိတ်ချစေလိုက်တာပေါ့။
သူတို့တွေက သူတို့ရဲ့ လက်တွေကို အပေါ်မြှောက်ပြီး အရှုံးပေးတဲ့ ပုံစံမျိုးနဲ့ တဲတွေထဲကနေ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာခဲ့ကြတယ်။
သူတို့ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ဖို့အတွက် စုတ်ပြဲနေတဲ့ အနက်ရောင် အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ လူငါးယောက် ရှိနေတာပေါ့။ ဒါပေမဲ့ သူတို့တွေက အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ သူတို့ရဲ့ မျက်နှာတွေကို ဖုံးကွယ်ဖို့တော့ မေ့နေခဲ့ကြပုံပဲ။
သူတို့လက်ထဲမှာ သံချေးတက်နေတဲ့ ကွေးနေတဲ့ ဓားမြှောင်တွေကို ကိုင်ထားကြပြီး အဲဒီလို ပျက်စီးနေတဲ့ လက်နက်တွေနဲ့ ကုန်သည်တွေကို ခြိမ်းခြောက်နေကြတာပဲလေ။
သူခိုးတွေက မြင်းရထားတွေနားကို ချဉ်းကပ်သွားပြီး အထဲမှာ ဝှက်ထားတဲ့ ရတနာတွေကို မြင်ရအောင် အုပ်ထားတဲ့ အဝတ်တွေကို လောဘတကြီးနဲ့ ဆွဲဖယ်လိုက်တာကို မိုက်ကယ်က စောင့်ကြည့်နေခဲ့တယ်။
"စားစရာတွေလား... ဒါတွေက အမှိုက်တွေလားဟ"
"နေဦး... ခဏလေး၊ ဒါက ကြည့်ရတာ ရင်းနှီးနေသလိုပဲ..."
သူခိုးတစ်ယောက်က ချောကလက်တုံးရဲ့ ခရမ်းရောင်နဲ့ ရွှေရောင် ထုပ်ပိုးမှုကို ကြည့်လိုက်တဲ့အချိန်မှာပဲ မျက်လုံးတွေက တဖျတ်ဖျတ် တောက်ပသွားပါတော့တယ်။
"ဟုတ်တယ်... ဒါ ချောကလက်ပဲဟ"
"မင်းတို့ သိတယ်မလား... အန်ဂိုရာမြို့ထဲမှာ ဟိုးလေးတကျော် ပြောနေကြတဲ့ အရာလေ။ ဟိုစစ်သည်တော်တွေ တဖွဖွ ချီးကျူးပြီး သဘောကျနေကြတဲ့ အရာလေ"
အဲဒီလို ရှင်းပြလိုက်တော့မှ ကျန်တဲ့သူခိုးတွေလည်း သူတို့ရှေ့မှာ ရောက်နေတဲ့ ရတနာက ဘယ်လောက်အထိ အဖိုးတန်လဲဆိုတာကို နောက်ဆုံးမှာ သဘောပေါက်သွားကြတယ်။
"မိုက်ပြီဟေ့။ ဒါတွေကိုသာ ပြန်ရောင်းရင် ရွှေဒင်္ဂါး သောင်းနဲ့ချီပြီး ရနိုင်တာပေါ့"
သူခိုးတွေရဲ့ မျက်လုံးထဲမှာ လောဘတွေ အတိုင်းထက်အလွန် လျှံထွက်နေတာကို မြင်တွေ့နိုင်တယ်။ သူတို့တွေက စိတ်မရှည်တော့ဘဲ မြင်းရထားတွေကို အပ်ဖို့အတွက် ချောကလက် ကုန်သည်တွေဆီ ချဉ်းကပ်ပြီး ခြိမ်းခြောက်ကြပါတော့တယ်။
"ဒါမျိုး မလုပ်ပါနဲ့ဗျာ" လို့ ဝါရင့်ကုန်သည်ကြီးက တောင်းပန် တိုးလျှိုးလိုက်တယ်။
ဒါပေမဲ့ သူခိုးတွေက သူ့ရဲ့ သတိပေးချက်ကို လျစ်လျူရှုလိုက်ကြတာပေါ့။
"ဟေ့ အဘိုးကြီး။ ဟောဒီမြင်းရထားက အခုကစပြီး တို့ပိုင်သွားပြီ။ မင်း ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်မသွားချင်ရင် အခုချက်ချင်း ထွက်သွားစမ်း"
ချောကလက် ကုန်သည်တွေကတော့ သူတို့နေရာမှာတင် ခိုင်ခိုင်မတ်မတ် ရပ်နေခဲ့ကြတယ်။ သူတို့တွေက ဒီချောကလက်တွေကို ကာကွယ်ချင်ကြတာပေါ့၊ ဘာလို့လဲဆိုတော့ ဒါတွေက သူတို့ပိုင်တာ မဟုတ်ဘဲ ရီနေးတားကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်နေလို့ပဲလေ။
စိတ်မရှည်တဲ့ သူခိုးတစ်ယောက်က မြေပြင်ပေါ်က ကျောက်တုံးကြီးတစ်တုံးကို ကောက်ယူလိုက်ပြီး ဝါရင့်ကုန်သည်ကြီးဆီကို ပစ်ပေါက်လိုက်ပါတော့တယ်။
ကျောက်တုံးက ထိတော့မယ့် အချိန်မှာပဲ ကြည်လင်ပြီးရောင်စုံအလင်းတွေ ဖြာထွက်နေတဲ့ အကာအကွယ်တစ်ခု ထွက်ပေါ်လာပြီး သူ့ကို အန္တရာယ်တွေကနေ ကာကွယ်ပေးလိုက်တယ်။
သူခိုးတွေက မှင်တက်သွားကြတာပေါ့။ မကြာခင်မှာပဲ သူခိုးတွေက သူတို့ရဲ့ ဓားမြှောင်တွေကို ကိုင်ပြီး ကုန်သည်တွေဆီကို တရှိန်ထိုး ပြေးဝင်လာကြပါတော့တယ်။
ဝါရင့်ကုန်သည်ကြီးက သူ့ မျက်နှာဆီကို ဓားဦးတည်လာတာကြောင့် လန့်သွားခဲ့ပေမဲ့ ကံကောင်းထောက်မစွာပဲ အဲဒီဓားက သူ့ရှေ့ ကိုက်ဝက်လောက် အကွာမှာတင် ရပ်တန့်သွားခဲ့တယ်။
သူခိုးတွေက အံ့ဩသွားကြပေမဲ့လည်း လက်မလျှော့ကြသေးဘဲ အဲဒီအကာအကွယ်အလွှာကို ဆက်ပြီး ထုရိုက်ဖို့ ကြိုးစားကြပြန်တယ်။ ဒါပေမဲ့ သူတို့ ကြိုးစားသမျှတိုင်းက ဓားသွားတွေကို သူတို့ဆီပဲ ပြန်လည် လွင့်စင်သွားစေတာကလွဲလို့ တခြားမရှိပါဘူး။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"သူတို့က ကုန်သည်တွေတင်ပဲဟာ။ ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ခိုင်မာတဲ့ အကာအကွယ်မျိုး ရှိနေရတာလဲ"
"ကိစ္စမရှိပါဘူး။ တစ်ချိန်ချိန်မှာတော့ ဒါက ပျက်စီးသွားမှာ သေချာတယ်။ ဆက်ပြီးတော့သာ ထုကြစမ်း"
သူတို့တွေက ကုန်သည်တွေကို ခြိမ်းခြောက်ဖို့အတွက် တစ်ညလုံး အချိန်ရတယ်လို့ ထင်နေကြတာပေါ့။
ကြယ်တွေ ပြည့်နှက်နေတဲ့ ကောင်းကင်ပြာအောက်က တည်ငြိမ်နေတဲ့ လမင်းကြီးရဲ့ အလင်းအောက်မှာ သူတို့ရဲ့ အရိပ်တွေက တဖြည်းဖြည်း ရှည်လျားလာပြီး ပုံစံပြောင်းလဲလာနေတယ်ဆိုတာကို သူတို့ မသိရှာပါဘူး။
ကြောက်စရာကောင်းပြီး အမြင့်သုံးမီတာလောက်ရှိတဲ့ အော့ခ်တွေဟာ စုစုပေါင်း ဆယ်ယောက်တောင် ရှိနေပြီး သူခိုးတွေရဲ့ နောက်ကွယ်က အရိပ်တွေထဲကနေ ထွက်ပေါ်လာကြပါတော့တယ်။
ဒါတွေကို စောင့်ကြည့်နေတဲ့ မိုက်ကယ်ကတော့ မရယ်ဘဲ မနေနိုင်တော့ပါဘူးဗျာ။
သူတို့တွေက ညဘက်မှာ ဘယ်သူမှမသိအောင် လှုပ်ရှားရမယ့် နင်ဂျာတွေ ဖြစ်ရမှာလေ၊ အခုတော့ သူတို့ရဲ့ ကြီးမားလှတဲ့ ခန္ဓာကိုယ်တွေက သူတို့ လုပ်ဆောင်ရမယ့် အလုပ်နဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတာကိုး။
* * * * * * * * *
စာစဉ်(၁၈)
အခန်း (၂၀၆)
စခန်းထဲမှာ အခြားသော တည်ရှိမှုတစ်ခု ရှိနေသေးတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ သူခိုးတွေက လန့်သွားကြတာပေါ့။
သူတို့တွေက မိုက်ကယ်ဘက်ကို လှည့်လာကြပြီး သူတို့ရဲ့ ဓားမြှောင်တွေကို အကာအကွယ်တစ်ခုလိုမျိုး အဆင်သင့် ပြင်ထားလိုက်ကြတယ်။ ဒါပေမဲ့ သူက ဘယ်လောက်တောင် ငယ်ရွယ်သေးလဲဆိုတာကို မြင်လိုက်ရတဲ့အခါမှာတော့ သူတို့ရဲ့ စိုးရိမ်စိတ်တွေက လျော့နည်းသွားခဲ့ပါတယ်။
"ဘာမှ လျှောက်မလုပ်နဲ့နော် ကောင်လေး။ မင်းကို ဒဏ်ရာ မရစေချင်ဘူး"
"ငါတို့ကို ဟောဒီမြင်းရထားကိုပဲ ပေးလိုက်စမ်း၊ အဲဒါဆို မင်းတို့အားလုံး ဒီည ဘေးကင်းကင်းနဲ့ ထွက်သွားလို့ရမယ်"
"ဟေ့။ မင်း ဘာလုပ်မလို့လဲ"
မိုက်ကယ်က သူ့ရဲ့ တဲဆီကို လျှောက်သွားတာကို မြင်လိုက်ရတဲ့အခါ သူက ချောကလက် ကုန်သည်တွေကို တစ်နည်းနည်းနဲ့ ကူညီဖို့ ပြင်နေတာလို့ သူတို့ ထင်လိုက်ကြတာပါ။
"ငါ ထိုင်ဖို့ ကုလားထိုင်တစ်လုံး သွားယူမလို့ပါ" လို့ မိုက်ကယ်က ပြောရင်း သူ့ရဲ့ တဲထဲကနေ ကုလားထိုင်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး အေးအေးဆေးဆေးပဲ ထိုင်လိုက်တယ်။ "လုပ်စရာရှိတာ ဆက်လုပ်ကြလေ" လို့ သူက သူခိုးတွေကို လက်ဟန်ပြလိုက်တာပေါ့။
အရိပ်အော့ခ်တွေက အခုမှ နိုးထလာတာဆိုတော့ ကြယ်တစ်ပွင့်အဆင့်မှာပဲ ရှိကြသေးတယ်။ ဟောဒီသူခိုးတွေက ကြယ်နှစ်ပွင့်အဆင့်မှာ ရှိနေကြပေမဲ့လည်း အော့ခ်တွေရဲ့ အဆင့်လောက်ပဲ ရှိတာပါ။ ဒါက တကယ့်ကို ကောင်းမွန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာတော့မယ်လို့ သူက စိတ်ထဲကနေ တွေးနေမိတယ်။
သူခိုးတွေကတော့ သူတို့ရှေ့က အသက်ဆယ်ကျော်သက်အရွယ် ကောင်လေးက သူတို့ကို ရယ်ချင်တဲ့ မျက်လုံးတွေနဲ့ အေးအေးဆေးဆေး စိုက်ကြည့်နေတာကို ကြည့်ပြီး တကယ့်ကို စိတ်မသက်မသာ ဖြစ်လာကြတာပေါ့။ ညသန်းခေါင်ကြီးမှာ ဓားပြတိုက်ခံနေရတာကို ရယ်နေနိုင်တယ်ဆိုကတည်းက ဒီကလေးမှာ တစ်ခုခု ချို့ယွင်းနေတာ အသေအချာပဲလေ။
"ဟေ့… သူ့ကို သွားရှင်းစမ်း"
"...ဟိုကလေးကိုလား... ဒါက နည်းနည်းတော့ မလွန်လွန်းဘူးလားဟ..." လို့ သူခိုးတစ်ယောက်က တိုးတိုးလေး ပြန်ပြောတယ်။
"သူ့ကို နည်းနည်းလောက်ပဲ လန့်သွားအောင် လုပ်လိုက်စမ်းပါ။ တို့တွေရဲ့ အလုပ်ထဲကို လာပြီး မနှောင့်ယှက်နိုင်အောင်လို့ပေါ့"
ကံမကောင်းရှာတဲ့ ပိန်ပိန်ပါးပါးနဲ့ အခြေခံအဆင့် သူခိုးလေးက သူ့ရဲ့ အိတ်ထဲက ကြိုးတစ်ချောင်းကို ကောက်ယူဖို့အတွက် မတတ်သာဘဲ လှည့်လိုက်ရပါတော့တယ်။ သူက မိုက်ကယ်ကို ကြိုးနဲ့တုပ်ထားပြီး ထွက်ပြေးတာ ဒါမှမဟုတ် အာဏာပိုင်တွေကို သွားတိုင်တာမျိုး မလုပ်နိုင်အောင် တားဆီးချင်နေတာလေ။
ဒါပေမဲ့ သူ လှည့်လိုက်တဲ့ အချိန်မှာပဲ မာကြောပြီး တစ်ချိန်တည်းမှာပဲ အိအိလေးဖြစ်နေတဲ့ အရာတစ်ခုခုနဲ့ ရုတ်တရက် ဝုန်းခနဲ ဆောင့်မိပါတော့တယ်။
သူခိုးလေးဟာ သူ့ရှေ့က အမွေးအမှင်တွေ ပြည့်နေတဲ့ တံတိုင်းကြီးတစ်ခုနဲ့ မျက်နှာချင်းဆိုင် တိုးမိသွားတာပေါ့။ သူ့ရဲ့ မျက်နှာပေးက ပထမတော့ စိတ်ပျက်သွားတဲ့ ပုံစံမျိုး ဖြစ်နေပေမဲ့ သူ့ရဲ့ အကြောင်သား ဖြစ်နေတာတွေ ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ သူ့ရှေ့က အရာက ဘယ်လောက်တောင် ကြီးမားပြီး ကြောက်စရာကောင်းလဲဆိုတာကို သိသွားပြီး မျက်လုံးတွေ ပြူးကျယ်သွားပါတော့တယ်။
သူ့ရဲ့ ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်တဲ့အခါမှာတော့ ဝံပုလွေအော့ခ် တစ်ယောက်က နီရဲနေတဲ့ မျက်လုံးတွေ၊ ထက်မြနေတဲ့ အစွယ်တွေနဲ့ သူ့ကို ငုံ့ကြည့်နေတာကို မြင်လိုက်ရတာပေါ့။
သူခိုးလေးက နောက်ကို ဖြည်းဖြည်းချင်း ဆုတ်ဖို့ ကြိုးစားပေမဲ့ ပါးစပ်ကနေ စကားလုံးတွေတောင် ကောင်းကောင်း ထွက်မလာတော့ပါဘူး။
သူ့ရဲ့ ကျောပြင်မှာ ချွေးစေးတွေ တသွင်သွင် စီးကျလာပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ သူ့အနောက်ကနေ ချောင်းမြောင်းနေတာက ဒီအော့ခ် တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိလိုက်ရတယ်။ စုစုပေါင်း ဆယ်ယောက်တောင် ရှိနေတာဖြစ်ပြီး အော့ခ်တစ်ယောက်ချင်းစီက သူခိုးတွေရဲ့ အနောက်မှာ ကပ်လျက်သား ရပ်နေကြတာပေါ့။ သူတို့တွေက တိုက်ခိုက်တော့မယ့် မြွေတစ်ကောင်လိုမျိုး စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေကြတာလေ။
ဒီအော့ခ်တွေက ဘာအသံမှ မထွက်ဘဲ ငြိမ်သက်စွာနဲ့ ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ ရပ်နေကြတာပါ။
"အား... အား... အာာာာ" လို့ သူခိုးလေးက နောက်ဆုံးမှာတော့ အော်ဟစ်လိုက်ပြီး သူ့ရဲ့ စွမ်းအင်ပင်လယ်ထဲကနေ မီးဒြပ်စင်မှော်စွမ်းအင်တွေကို တလိပ်လိပ် ထွက်ပေါ်လာစေတယ်။
"မီးတောက်ရိုက်ချက်"
သူ့ရဲ့ ဓားမြှောင်ကနေ မီးတောက်တွေ တဟုန်းဟုန်း ထတောက်လာပြီး လေထဲမှာ ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ လခြမ်းကွေးပုံစံ မီးတောက်ကြီးတစ်ခုက ငြိမ်သက်နေတဲ့ ဝံပုလွေအော့ခ်ဆီကို တရှိန်ထိုး ပြေးဝင်သွားပါတော့တယ်။
သူက ပျာပျာသလဲ ဖြစ်နေတာကြောင့် သူ့ရဲ့ ဓားမြှောင်ကိုပါ အော့ခ်ဆီကို ပစ်ပေါက်လိုက်မိတာပေါ့။
ဒါပေမဲ့ မီးတောက်ရိုက်ချက် မန္တန်က ဝံပုလွေအော့ခ်ရဲ့ ခန္ဓာကိုယ်ပေါ်က အမွေးတစ်ပင်တောင် မလောင်ကျွမ်းခင်မှာပဲ ရောင်စုံအကာအကွယ်အလွှာတစ်ခု ထွက်ပေါ်လာပြီး မီးတောက်တွေကို ချက်ချင်းပဲ ငြှိမ်းသတ်ပစ်လိုက်တယ်။
ပစ်ပေါက်လိုက်တဲ့ ဓားမြှောင်ကိုတော့ အော့ခ်က အချိန်ကိုက် လက်သီးတစ်ချက်နဲ့တင် လွယ်လွယ်ကူကူပဲ ရိုက်ထုတ်ပစ်လိုက်တာပေါ့။
အဲဒီတော့မှ ကျန်တဲ့သူခိုးတွေလည်း သူတို့ရဲ့ အနောက်မှာ ရပ်နေကြတဲ့ အရိပ်အော့ခ်တွေကို နောက်ဆုံးမှာ သတိထားမိသွားကြပါတော့တယ်။
"အား... သေစမ်း... မင်းတို့တွေက ဘယ်သူတွေလဲဟ"
"အော့ခ်တွေလား... တို့တွေက အော်ကပ်စ်မြို့နဲ့ အဝေးကြီးမှာ ရှိနေတာကို"
"ဘာပဲဖြစ်ဖြစ်... သူတို့ကို သွားရှင်းကြစို့"
သူခိုးတွေက သူတို့ရဲ့ ကိုယ်ခံပညာရပ်မန္တန်တွေကို တစ်ယောက်ပြီးတစ်ယောက် စတင် အသုံးပြုကြတာကို မိုက်ကယ်ကတော့ ဘေးကနေ ပျော်ပျော်ရွှင်ရွှင်နဲ့ စောင့်ကြည့်နေခဲ့တာပေါ့။
ဒါက သူ့ဘဝသစ်မှာ တကယ့် တိုက်ပွဲတစ်ခုကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရတာဆိုတော့ တကယ့်ကို ရင်ခုန်ဖို့ ကောင်းပြီး အရင်ဘဝတုန်းက အန်နီမေးတွေ ကြည့်ခဲ့ရတာကို ပြန်သတိရစေတယ်။ အပြားလိုက်ရှိတဲ့ စခရင်ပေါ်က လှုပ်ရှားနေတဲ့ ရုပ်ပုံတွေကို ကြည့်ရတာထက်စာရင် ဒါက အများကြီး ပိုပြီး ရင်ခုန်ဖို့ ကောင်းတယ်ဆိုတာကိုတော့ သူ ဝန်ခံရမှာပါပဲ။
သူခိုးတွေက သူတို့ရဲ့ ဓားမြှောင်တွေကို အဓိက တိုက်စစ်အဖြစ် သုံးပြီး မန္တန်အမျိုးမျိုးကို အသုံးပြုကြတယ်။
သူတို့ထဲက တစ်ယောက်က အခွင့်အရေးရတိုင်း မီးတောက်ရိုက်ချက် မန္တန်ကို သုံးနေတာပေါ့။ အခြားတစ်ယောက်ကတော့ သူ့ရဲ့ လျင်မြန်လှတဲ့ အရှိန်ကို သုံးပြီး အော့ခ်တွေနားကို ချဉ်းကပ်ကာ အပိုင်းပိုင်း ပြတ်သွားအောင် လှီးဖြတ်ဖို့ ကြိုးစားနေတယ်။ ကျန်တဲ့သူတွေကလည်း ရှုပ်ထွေးလှတဲ့ ကိုယ်ဟန်တွေနဲ့ တိုက်ခိုက်ရေးစတိုင်တွေကို သုံးပြီး သူတို့ရဲ့ ပြိုင်ဘက်တွေကို အသာစီးရဖို့ ကြိုးစားကြတာပဲလေ။
ဒါပေမဲ့ သူတို့ ကြိုးစားသမျှ အားလုံးက အော့ခ်တွေရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ရောင်စုံအကာအကွယ်အလွှာကြောင့် ဘာမှ ဖြစ်မလာခဲ့ပါဘူး။ အရာရာတိုင်းက ပျောက်ကွယ်သွားခဲ့ရတာပေါ့။
သူခိုးတွေက သူတို့ရဲ့ ဓားမြှောင်တွေကို သုံးပြီး တိုက်ခိုက်ဖို့ ကြိုးစားတဲ့ အချိန်တိုင်းမှာလည်း လိပ်ပြာဆူးအော့ခ်တွေက ရှေ့ထွက်လာပြီး သူတို့ရဲ့ ဆူးတွေနဲ့ သူခိုးတွေကို ပြန်လည် တိုက်ခိုက်ကြတယ်။
"လုပ်စမ်း... ငါ့ရဲ့ အရိပ်အော့ခ်တွေ" လို့ ဖတ်ချ်က မိုက်ကယ်ရဲ့ ဘေးကနေ အော်ဟစ် အားပေးနေတာပေါ့။
"နင်ဂျာတွေရဲ့ စွမ်းအားကို သူတို့ကို ပြလိုက်စမ်း"
မိုက်ကယ်က ခရမ်းရောင် စလိုင်းမ်လေးကို လှည့်ကြည့်လိုက်တယ်။
"မင်း သိပါတယ်... နင်ဂျာတွေက သူတို့ရဲ့ ပြိုင်ဘက်တွေကို ရှင်းဖို့အတွက် ပုန်းလျှိုးကွယ်လျှိုးနဲ့ ကျော့ရှင်းတဲ့ နည်းလမ်းတွေကို သုံးကြတာလေ"
"အဲဒါတွေ မဟုတ်ဘူး သခင်ရဲ့။ သူတို့က ရာဆင်းဂန် ဒါမှမဟုတ် ချီဒိုရီ လိုမျိုး ကြီးမားပြီး ဖျက်ဆီးနိုင်စွမ်းရှိတဲ့ စွမ်းရည်တွေကို သုံးကြတာ"
(TR Note: Naruto Animeထဲက စကားလုံးတွေဖြစ်ပါတယ်။)
ဖတ်ချ် ပြောလိုက်တဲ့ အချိန်မှာပဲ ဝံပုလွေအော့ခ်တွေက အစုအဖွဲ့တစ်ခုအဖြစ် စုစည်းသွားတာကို မိုက်ကယ် မြင်လိုက်ရတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ အရိပ်တွေကို ပေါင်းစပ်ပြီး သူတို့ခေါင်းဆောင် ကိုင်ဆောင်ထားတဲ့ ကြီးမားတဲ့ အလုံးကြီးတစ်ခုအဖြစ် စတင် ပုံဖော်ကြပါတော့တယ်။
"အရိပ်စွမ်းအင်လုံး" လို့ ဖတ်ချ်က စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်တဲ့ အချိန်မှာပဲ အရိပ်လုံးကြီးကို ကိုင်ထားတဲ့ အော့ခ်က သူခိုးတွေဆီကို တရှိန်ထိုး ပြေးဝင်သွားပါတော့တယ်။
ဒါကို မြင်လိုက်ရတဲ့ အခါမှာ သူခိုးတွေက လိပ်ပြာဆူးအော့ခ်တွေရဲ့ ဆူးတွေကြားမှာ ပိတ်မိနေတဲ့ သူတို့ရဲ့ ဓားမြှောင်တွေကို အလျင်အမြန် ပြန်ဆွဲထုတ်လိုက်ကြပြီး အခြားအော့ခ်တွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ဖို့အတွက် အဆင်သင့် ပြင်လိုက်ကြတယ်။
ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ မန္တန်အချို့ဖြစ်တဲ့ ကျောက်သားအရေပြား မန္တန်၊ လေပေါ်ရှောင်ကွင်းခြင်း မန္တန်နဲ့ မီးလျှံနှလုံးသား မန္တန်တွေကို အသုံးပြုခဲ့ကြပေမဲ့ အော့ခ်တွေရဲ့ ပင်ကိုယ်စွမ်းရည် ဖြစ်တဲ့ အရိပ်စွမ်းအင်လုံး မန္တန်နဲ့ ထိတွေ့လိုက်တဲ့ အချိန်မှာတော့ အားလုံးက အစစအရာရာ ပျက်စီးသွားခဲ့ရပါတော့တယ်။
သူခိုးတွေက အဲဒီစွမ်းအင်နဲ့ ထိတွေ့လိုက်တာနဲ့ လေထဲကို ပေအနည်းငယ်လောက်အထိ လွင့်စင်သွားခဲ့ကြပြီး မြေပြင်ပေါ်ကို ဝုန်းခနဲ ပြန်ကျလာကာ ခန္ဓာကိုယ် အတွင်းပိုင်းမှာတင် ဒဏ်ရာတွေ အပြင်းအထန် ရရှိသွားကြတာပေါ့။
သူခိုးတွေကတော့ အရိပ်အော့ခ်တွေရဲ့ အရှေ့မှာ ဘာမှမတတ်နိုင်တော့ဘဲ နာကျင်စွာနဲ့သာ ညည်းတွားနေနိုင်ကြတော့တယ်။
"ဟားဟားဟား။ မြင်တယ်မလား သခင်ရဲ့။ ဒါက ရီနေးတားရဲ့ အရိပ်အဖွဲ့ရဲ့ စွမ်းအားပဲလေ" လို့ ဖတ်ချ်က မိုက်ကယ်ကို ကြွားလုံးထုတ်လိုက်တာပေါ့။
ဒါကိုတော့ မိုက်ကယ်လည်း ဝန်ခံရမှာပါပဲ... သူတို့တွေ တကယ့်ကို တော်ကြပါတယ်။ အထူးသဖြင့် ဒီအော့ခ်တွေက ရီနေးတားနိုင်ငံသားတိုင်းရဲ့ အရိပ်တွေထဲမှာ အမြဲတမ်း ပုန်းကွယ်နေကြပြီး လိုအပ်တဲ့ အချိန်တိုင်းမှာ ချက်ချင်း ထွက်ပြီး ကာကွယ်ပေးနိုင်ကြတာကိုး။
"တော်တယ် ဖတ်ချ်။ မင်းရဲ့ ဟောဒီအဖွဲ့လေးရဲ့ အနာဂတ်ကို ငါ တကယ် သဘောကျမိတယ်" လို့ သူက ခရမ်းရောင် စလိုင်းမ်လေးကို ပြောလိုက်တယ်။
"ဟုတ်ကဲ့ပါ သခင်။ ကျွန်တော့်ကို... ချီးကျူးတဲ့ အနေနဲ့... ဟို... ခေါင်းလေး နည်းနည်းလောက် ပုတ်ပေးလို့ ရမလားဗျာ..."
"ရတာပေါ့ ကောင်လေးရာ" လို့ မိုက်ကယ်က ဆိုပြီး အလုပ် ကောင်းကောင်း လုပ်ခဲ့တဲ့ ဖတ်ချ်ကို ချီးကျူးတဲ့ အနေနဲ့ အသာအယာ ပုတ်ပေးလိုက်တာပေါ့။
အဲဒီနောက်မှာတော့ အော့ခ်တွေက ဖတ်ချ်နဲ့ မိုက်ကယ်ကို ဦးညွှတ် ဂါရဝပြုလိုက်ကြပြီး ချောကလက် ကုန်သည်တွေရဲ့ အောက်က အရိပ်တွေထဲကို ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားကြပါတော့တယ်။
* * * * * * * * *