← Chapters

အခန်း (၂၀၇-၂၀၈)

Vol. 18 Ch. 207-208

အခန်း (၂၀၇-၂၀၈)

Vol. 18 Ch. 207-208

အခန်း(၂၀၇)

သူခိုးတွေကို ဖမ်းဆီးလိုက်နိုင်ပြီဆိုတော့ ညဉ့်နက်သန်းခေါင်ယံအချိန်ဟာ အရင်လိုပဲ ပြန်ပြီး ငြိမ်သက်သွားခဲ့တာပေါ့။ ဖတ်ချ်က သတိလစ်နေတဲ့ ဓားပြတွေကို သူတို့ရဲ့ ကြိုးတွေနဲ့ပဲ ပြန်တုပ်ပြီး တစ်စုတစ်စည်းတည်း ဖြစ်အောင် စုထားလိုက်တယ်။

မိုက်ကယ်က စကားပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ရုတ်တရက်ဆိုသလို တောရိုင်းမြေဘက်ကနေ အခြား တည်ရှိမှုတစ်ခုရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတာပေါ့။

"လူတစ်ယောက် လာနေတယ်" လို့ သူက ပြောလိုက်တယ်။

ဒီလူ့ရဲ့ ခြေလှမ်းတွေက တည်ငြိမ်ပြီး အားပါလွန်းလှတယ်၊ မကောင်းတဲ့ စိတ်နဲ့ ပုန်းလျှိုးကွယ်လျှိုး လာကြတဲ့ သူခိုးတွေနဲ့တော့ လုံးဝကို ဆန့်ကျင်ဘက်ပဲလေ။

လမင်းကြီးက မြေပြင်ပေါ်ကို လခြမ်းကွေးပုံစံ အလင်းဖျော့ဖျော့လေးပဲ ပေးစွမ်းနိုင်တဲ့ အချိန်ဖြစ်ပေမဲ့လည်း မိုက်ကယ်ကတော့ ဒီလူဝတ်ဆင်ထားတဲ့ သံမဏိချပ်ဝတ်တန်ဆာပေါ်မှာ အလင်းပြန်နေတဲ့ တောက်ပမှုကို အထင်အသား မြင်နေရတုန်းပါပဲ။

စက္ကန့်ပိုင်းလောက်ပဲ ကြာပြီးတဲ့နောက်မှာတော့ သတ္တုချပ်ဝတ်တန်ဆာအပြည့် ဝတ်ဆင်ထားတဲ့ လူတစ်ယောက်က သူတို့ရဲ့ စခန်းထဲကို လမ်းလျှောက်ဝင်လာခဲ့တာပေါ့။

ကိုကိုးကုန်သည်တွေက ဒီသူစိမ်းကို အံ့သြတုန်လှုပ်တဲ့ မျက်လုံးတွေ၊ စိတ်လှုပ်ရှားနေတဲ့ အရိပ်အယောင်တွေနဲ့ စိုက်ကြည့်နေကြတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ရင်ဘတ်ချပ်ကာပေါ်မှာ ပါတဲ့ တံဆိပ်ကို ကြည့်ပြီး သူက ဘယ်သူလဲဆိုတာကို ချက်ချင်း သိသွားကြလို့ပဲလေ။

"အခုလို ဝင်လာခဲ့တဲ့အတွက် ခွင့်လွှတ်ပေးကြပါ။ ကျွန်တော်က ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့က ဆာဂျွန် ဖြစ်ပါတယ်"

ဆာဂျွန်က ကိုကိုးကုန်သည်တွေဆီကို လျှောက်လှမ်းသွားခဲ့တယ်၊ ဘာလို့လဲဆိုတော့ သူတို့တွေက ဒီစခန်းကို ဦးဆောင်နေတဲ့သူတွေလို့ သူ ခန့်မှန်းလိုက်လို့ပေါ့။ ပြီးတော့ သူတို့ရဲ့ မြင်းရထားကို တစ်ချက် ကြည့်လိုက်ပြီး ဒါက လှည့်လည်ရောင်းချနေတဲ့ ကုန်သည်တွေပဲဆိုတာကို အမှန်အတိုင်း သိသွားခဲ့တာပဲလေ။

"ဒီတောရိုင်းမြေထဲမှာ အခုတလော သူခိုးတွေ သောင်းကျန်းနေတယ်လို့ လာပြီး သတိပေးတာပါ။ ဒါပေမဲ့ စိတ်မပူကြပါနဲ့၊ ကျွန်တော် သူတို့နောက်ကို လိုက်လံဖမ်းဆီးနေတာပါ။ သူတို့ကို ဖမ်းမိဖို့ကလည်း သိပ်မလိုတော့ပါဘူး" လို့ သူက ကုန်သည်တွေကို စိတ်ချအောင် ပြောလိုက်တာပေါ့။

ဒါပေမဲ့ သူတို့မျက်နှာပေါ်မှာ စိတ်အေးသွားတဲ့ ပုံစံမျိုးကို မြင်ရမယ့်အစား၊ ဒီစစ်သည်တော်ကြီးဟာ ကုန်သည်တွေအားလုံးက အနောက်မှာရှိတဲ့ ရွှေဝါရောင် ဆံပင်နဲ့ ထူးထူးခြားခြား မရှိလှတဲ့ ကလေးလေးတစ်ယောက်ဆီကို လှည့်ကြည့်လိုက်ကြတာကိုပဲ မြင်လိုက်ရတယ်။

"ကလေးတစ်ယောက်လား" လို့ ဆာဂျွန်က ရေရွတ်လိုက်မိတယ်။

"ဒီအပြင်မှာ သတိထားနော် ကောင်လေး..."

အဲဒီအချိန်မှာပဲ သူ လိုက်လံဖမ်းဆီးနေတဲ့ သူခိုးတွေကို သူ တွေ့သွားခဲ့တာပေါ့။ အဲဒီမျက်နှာတွေကိုတော့ သူ လုံးဝ မှားစရာ အကြောင်းမရှိပါဘူး။

သူခိုးတွေက မွေးမြူရေးခြံထဲမှာ မိနေတဲ့ နွားတွေလိုမျိုး ကြိုးနဲ့ အတုပ်ခံထားရတာကို မြင်လိုက်ရတဲ့ အခါမှာတော့ သူ့မျက်လုံးတွေက အံ့သြမှုတွေနဲ့ ပြည့်နှက်သွားပါတော့တယ်။

"ဒီသူခိုးတွေကို ဘယ်သူ ဖမ်းလိုက်တာလဲ" လို့ ဆာဂျွန်က ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံ၊ နည်းနည်းလေးလည်း အားကျနေတဲ့ လေယူလေသိမ်းနဲ့ မေးလိုက်တာပေါ့။

"ကျွန်တော်တို့ ဖမ်းတာပါ" လို့ မိုက်ကယ်က ပြောလိုက်တယ်။

"ဟုတ်တယ်... ဆိုလိုတာက ကျွန်တော့်ရဲ့ ဟောဒီက မိတ်ဆွေလေးက ဖမ်းလိုက်တာပါ" လို့ မိုက်ကယ်က သူ့ခေါင်းပေါ်မှာ ထိုင်နေတဲ့ ခရမ်းရောင် စလိုင်းမ်လေးကို ညွှန်ပြရင်း ပြောလိုက်တာပေါ့။

"မွေးမြူထားတဲ့ မိစ္ဆာတစ်ကောင်လား" လို့ ဆာဂျွန်က သိသွားတဲ့ ပုံစံ၊ အံ့သြတုန်လှုပ်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်တယ်။

သူက စခန်းပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အခါ မြက်ခင်းပြင်တွေ မီးလောင်ကျွမ်းထားတဲ့ အမှတ်အသားတွေ၊ မြေကြီးတွေ လန်ထွက်နေတာတွေကို မြင်လိုက်ရတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လက္ခဏာတွေကို တွေ့လိုက်ရတာပေါ့။ ပြီးတော့ ဆီမီးခွက်ကလည်း ငြှိမ်းသတ်ပြီးသား ဖြစ်နေတာကို မြင်လိုက်ရတဲ့အခါ သူခိုးတွေက ညသန်းခေါင်ကြီးမှာ ဓားပြတိုက်ခဲ့တာဖြစ်ပြီး လူတိုင်းကို ရုတ်တရက် အလစ်အငိုက် ဖမ်းခဲ့တာပဲလို့ သူ အမှန်အတိုင်း ခန့်မှန်းလိုက်မိတယ်။

"ဒီလောက်အထိ အဆင့်မြင့်တဲ့ သူခိုးတွေကို အနိုင်ယူနိုင်တဲ့ ဒီလို ပါရမီရှင် မှော်သားရဲမွေးမြူသူမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးဘူး။ ငါးယောက်ကို တစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့တာပဲလေ။ မင်းရဲ့ စလိုင်းမ်လေးက တကယ်ကို အစွမ်းထက်တာပဲ၊ ပြီးတော့ အသက်ငယ်ငယ်လေးနဲ့ ဒီစလိုင်းမ်လေးကို ဒီလောက်အထိ အစွမ်းထက်အောင် မွေးမြူနိုင်တဲ့ မင်းကတော့ ပိုပြီးတော့တောင် အံ့သြဖို့ ကောင်းသေးတယ်..."

မိုက်ကယ်ကတော့ သူ့ရဲ့ မှော်သားရဲ မွေးမြူနိုင်စွမ်း အပေါ်မှာပဲ တရစပ် ချီးကျူးခန်းဖွင့်နေတဲ့ စစ်သည်တော်ကြီးကို အမှန်အတိုင်း သွားပြီး မပြင်ပေးတော့ပါဘူး။

ဆာဂျွန်က ကိုကိုးကုန်သည်တွေနဲ့ စကားပြောနေတဲ့ အချိန်မှာပဲ ဖတ်ချ်က မိုက်ကယ်ရဲ့ ခေါင်းကို အသာအယာ ပုတ်လိုက်တာပေါ့။

"သခင်၊ သူက ဘယ်သူလဲဟင်" လို့ ဖတ်ချ်က မေးလိုက်တယ်။

"လမ်းကြုံလို့ ဖြတ်သွားတဲ့ စစ်သည်တော်တစ်ယောက်ပါပဲ။ သူ့ကို စိတ်ပူနေစရာ မလိုပါဘူး" လို့ မိုက်ကယ်က စိတ်ချအောင် ပြောလိုက်တယ်။

"ဒါပေမဲ့ သူခိုးတွေကောဟင်။ သူတို့ကို ကျွန်တော်တို့ ဘာလုပ်ကြမလဲ သခင်"

မိုက်ကယ်က သနားစရာကောင်းတဲ့ သူခိုးတွေကို ကြည့်ပြီး သူတို့အတွက် အဖြေတစ်ခုပဲ ရှိခဲ့တာပေါ့။ "ငါတို့ရဲ့ အကျဉ်းထောင်ထဲကို ခေါ်သွားလိုက်ပါ။ အကျဉ်းချခံရတဲ့ အရသာကို ခံစားရပြီးရင်တော့ သူတို့တွေ ပြောင်းလဲသွားနိုင်ပါတယ်" လို့ သူက ဖတ်ချ်ကို ပြောလိုက်တယ်။

ရီနေးတားနိုင်ငံဟာ ကင်းစ်နယ်မြေ အနှံ့အပြားကနေ လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေကို လက်ခံကြိုဆိုခဲ့ကတည်းက လုံခြုံရေးစနစ်တစ်ခုကို ချက်ချင်း လိုအပ်လာခဲ့တာပဲလေ။ နိုင်ငံတော်ရဲ့ စည်းကမ်းတွေကို မလိုက်နာဘဲ ဒုက္ခပေးတတ်တဲ့သူတွေကတော့ အသေးအဖွဲ အမှားလေးတွေကနေစပြီး ကြီးကြီးမားမား ပြစ်မှုတွေအထိ တော်တော်လေး ရှိနေခဲ့တာပေါ့။

ဘာပဲဖြစ်ဖြစ်၊ သူတို့အားလုံးကို နိုင်ငံတော်ရဲ့ ပထမဆုံး အကျဉ်းထောင်ဆီကိုပဲ ပို့ဆောင်ပြီး သူတို့ရဲ့ ပြစ်မှုတွေအတွက် နောင်တရလာတဲ့အထိ အကျဉ်းချထားဖို့အတွက် ရည်ရွယ်ထားတာပါ။ ဒါပေါ့၊ မိုက်ကယ်က သူ့ရဲ့ အရင်ကမ္ဘာက စည်းကမ်းတွေကိုပဲ အသုံးချခဲ့တာဖြစ်ပြီး လူတစ်ယောက်ရဲ့ ပြစ်မှုကြီးလေးမှုအပေါ် မူတည်ပြီး အကျဉ်းချရမယ့် အချိန်ကို သတ်မှတ်တဲ့ တရားစီရင်ရေးစနစ်မျိုးပဲ ဖြစ်ပါတယ်။

ဒါပေါ့၊ သူတို့တွေက သူတို့ရဲ့ အခြေအနေကို ပြန်လည် ထွက်ဆိုနိုင်သလို အပြစ်မရှိကြောင်းကိုလည်း လျှောက်လဲနိုင်ခွင့် ရှိကြပါတယ်၊ ဒါတွေကတော့ သူတို့နိုင်ငံမှာရှိတဲ့ ပါရမီရှင် ရှေ့နေတွေကြောင့် ဖြစ်နိုင်ခဲ့တာပေါ့။

ဒီသူခိုးတွေကတော့ ရီနေးတားနိုင်ငံသားတစ်ယောက်ကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့တဲ့ ပြစ်မှုကြောင့် နှစ်ပေါင်းများစွာအထိ အကျဉ်းချခံရဖို့ အလားအလာ များနေခဲ့တာပဲလေ။

"သခင်လေး အလိုရှိတဲ့အတိုင်းပါပဲဗျာ။ ကျွန်တော် သူတို့ကို အကျဉ်းထောင်ထဲကို ပို့လိုက်ပါ့မယ်"

ဖတ်ချ်မှာ မိုက်ကယ်ကိုယ်တိုင် ဖန်တီးပေးထားတဲ့ သဟဇာတ ပေါင်းစည်းခြင်းလို့ ခေါ်တဲ့ စွမ်းရည်တစ်ခု ရှိနေတာဖြစ်ပြီး အဲဒါက မိုက်ကယ်က သူ့ရဲ့ ကိုယ်ပွားနေရာမှာ အစားထိုး ဝင်ရောက်နိုင်သလိုမျိုးပဲ၊ သူ့ရဲ့ ကိုယ်ပွားတစ်ခုခုနဲ့ အခြားအရာတစ်ခုကို အစားလဲလိုက်နိုင်တဲ့ စွမ်းရည်မျိုးပါပဲ။

မြေပြင်ကနေ အရိပ်မီးတောက်တွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ သူခိုးတစ်ယောက်ချင်းစီရဲ့ ခြေထောက်ကနေ ခေါင်းအထိ ဝါးမြိုသွားခဲ့တာပေါ့။ ဖတ်ချ်ရဲ့ ကိုယ်ပွားက သူခိုးတွေရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စီးနင်းလိုက်ခြင်းအားဖြင့်၊ သူက ရီနေးတားနိုင်ငံမှာ ရှိနေတဲ့ သူ့ရဲ့ ကိုယ်ပွားတွေနဲ့ သူတို့တွေကို အစားလဲပစ်လိုက်နိုင်မှာ ဖြစ်လို့ပါပဲ။

ဒါပေမဲ့ ဖတ်ချ်က အဲဒီစွမ်းရည်ကို အသုံးပြုဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ စစ်သည်တော်ကြီးက ဘာဖြစ်နေလဲဆိုတာကို သတိထားမိသွားတယ်။

"သူတို့ကို ဘာလုပ်မလို့လဲ" လို့ သူက ပျာပျာသလဲ မေးလိုက်တာပေါ့။

"ကျွန်တော်တို့ရဲ့ နေရာကို ခေါ်သွားမလို့ပါ" လို့ ဖတ်ချ်က ရှင်းပြလိုက်တယ်။

စလိုင်းမ်လေးက စကားပြောနိုင်တာကို သိသွားတဲ့ အခါမှာတော့ စစ်သည်တော်ကြီးက နည်းနည်းလေး တုန်လှုပ်သွားတဲ့ ပုံစံပေါက်သွားတာပေါ့။ "...မင်း... မင်းတို့ အဲဒီလိုလုပ်လို့ မရဘူးလေ။ သူတို့ကို တို့တွေရဲ့ တရားရုံးရဲ့ ထိန်းသိမ်းမှုအောက်မှာပဲ ထားရှိရမယ်"

ဆာဂျွန်က သူ့ရဲ့ ပုဆိန်ကို မြှောက်လိုက်ပြီး အဖမ်းခံထားရတဲ့ သူခိုးတွေကို ဝါးမြိုနေတဲ့ အရိပ်မီးတောက်တွေကို ဖြတ်တောက်ဖို့ ကြိုးစားလိုက်တာပေါ့။

ဒါပေမဲ့ သူ့ရဲ့ ပုဆိန်က ဖတ်ချ်ရဲ့ အရိပ်ကိုယ်ပွားတွေကို မဖြတ်တောက်ခင်မှာပဲ၊ သူက ရုတ်တရက်ဆိုသလို သူ့ရဲ့ ပုဆိန်ဝှေ့ယမ်းတဲ့ လမ်းကြောင်းကို သူ့အနောက်ဘက်ဆီကို ချက်ချင်း ပြောင်းလဲပစ်လိုက်တယ်။

သူ့ရဲ့ ဓားသွားက လိပ်ပြာဆူးအော့ခ်တွေရဲ့ ဆူးတွေနဲ့ ထိတွေ့လိုက်တဲ့ အခါမှာတော့ ကျယ်လောင်လှတဲ့ တိန်းဆိုတဲ့ အသံကြီးက ပဲ့တင်ထပ်သွားပါတော့တယ်။

ဘာသတိပေးချက်မှ မရှိဘဲ သူ့အနောက်မှာ အော့ခ်ဆယ်ယောက် ရုတ်တရက် ရောက်ရှိလာတာကို မြင်လိုက်ရတဲ့ အခါမှာတော့ ဆာဂျွန်က အံ့သြသွားပြီး၊ သူ့ရဲ့ ပုဆိန်ကို သူတို့ဆီကနေ ရုန်းထွက်နိုင်ဖို့အတွက် သူ့ရဲ့ တကယ့် တန်ခိုးစွမ်းအားတွေကို စတင် အသုံးပြုလိုက်တာပေါ့။

အော့ခ်တွေကတော့ မီတာအနည်းငယ်လောက်အထိ အနောက်ကို ဆုတ်သွားခဲ့ကြရတယ်။

တခြားရွေးချယ်စရာ မရှိတော့တာကို မြင်လိုက်ရတဲ့ အခါမှာတော့ အော့ခ်တွေက သူတို့ရဲ့ အိတ်ထဲကနေ ကိုကိုးတုံးလေး တစ်တုံးစီကို ထုတ်လိုက်ကြပြီး စစ်သည်တော်ကြီးရဲ့ အရှေ့မှာတင် အပေါ်က အလွှာကို ခွာလိုက်ကြတာပေါ့။

စစ်သည်တော်ကြီးရဲ့ မျက်နှာပေါ်မှာတော့ စက္ကန့်ပိုင်းလောက်အထိ စိတ်မသက်မသာ ဖြစ်သွားတဲ့ အရိပ်အယောင်လေး ဖြတ်ပြေးသွားခဲ့တယ်။ သူ့ရဲ့ ဗီဇအသိက သူတို့တွေ အခုပဲ ပိုပြီး သန်မာလာတော့မယ်ဆိုတာကို သတိပေးနေသလိုပဲ၊ ကြောင်တစ်ကောင်က သူ့ရဲ့ လက်သည်းတွေကို ထုတ်ပြတော့မယ့် ပုံစံမျိုးပေါ့။

ဒါပေမဲ့ အော့ခ်တွေက ကိုကိုးတွေကို တစ်လုပ်တည်းနဲ့ ဝါးမြိုတော့မယ့် အချိန်မှာပဲ၊ ဝါရင့်ကုန်သည်ကြီးက သူတို့နှစ်ဦးကြားထဲကို ရုတ်တရက် ဝင်ရောက်ပြီး တားလိုက်ပါတော့တယ်။

"တော်ကြပါတော့။ နေပါဦး ဆာဂျွန်။ တို့တွေက ရီနေးတားနိုင်ငံရဲ့ နိုင်ငံသားတွေပါဗျာ။ ပြီးတော့ ဒီသူခိုးတွေက တို့တွေကို အရင်ဆုံး တိုက်ခိုက်ခဲ့တာဆိုတော့၊ တို့တွေမှာ သူတို့ကို အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်ပိုင်ခွင့် ရှိပါတယ်"

စစ်သည်တော်ကြီးက သူ့ရဲ့ အမှားကို သဘောပေါက်သွားတဲ့ အခါမှာတော့ သူ့ရဲ့ ပုဆိန်ကို အလျင်အမြန်ပဲ နှိမ့်ချလိုက်ပြီး သူ့ရဲ့ နောက်ကျောဆီကို ပြန်ထားလိုက်တာပေါ့။

"ကျွန်တော် တောင်းပန်ပါတယ်" လို့ သူက သူတို့တွေကို ပြောလိုက်တယ်။

"ကျွန်တော် မသိခဲ့လို့ပါ"

* * * * * * * * *

စာစဉ်(၁၈)

အခန်း(၂၀၈)

စစ်သည်တော်ကြီးက သူ့ရဲ့ ပုဆိန်ကို ကိုင်ထားတဲ့ လက်ကို ချက်ချင်းပဲ လွှတ်လိုက်ပြီး ပုဆိန်ကိုမြေပြင်ပေါ်ကို ချခြင်းအားဖြင့် သူ့ရဲ့ စစ်မှန်တဲ့ သဘောထားကို ပြသလိုက်တာပေါ့။ အဲဒီနောက်မှာတော့ သူက မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်ချလိုက်ပြီး သူ့မျက်လုံးထဲမှာ နောင်တရနေတဲ့ အရိပ်အယောင်တွေနဲ့အတူ ငုံ့ကြည့်နေရှာတယ်။

"ကျွန်တော့်ရဲ့ တစ်ဖက်သတ် ထင်မြင်ချက်တွေအတွက် အားလုံးပဲ ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့အားလုံးက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံတစ်ခုရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေကြတယ်ဆိုတာကို ကျွန်တော် မသိခဲ့လို့ပါ"

ဝါရင့်ကုန်သည်ကြီးကတော့ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိပြီး မိုက်ကယ်ရဲ့ အနားကို ချက်ချင်း သွားလိုက်တာပေါ့။

"တောင်းပန်ပါတယ် သခင်လေး မိုက်ကယ်။ ဒါတွေ အကုန်လုံး မဖြစ်ခင်မှာ စစ်သည်တော်ကြီးကို ငါ ကြိုပြီး ပြောထားခဲ့သင့်တာ။ ဒီနယ်မြေက အန်ဂိုရာမြို့မှာရှိတဲ့ စစ်သည်တော်များ တရားရုံးရဲ့ အပိုင်ဖြစ်နေတုန်းဆိုတော့၊ ဒီပတ်ဝန်းကျင်မှာ လှည့်လည်သွားလာနေတဲ့ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးပိုင်ခွင့်က သူတို့မှာပဲ ရှိတာလေ။

ဒါပေမဲ့ တို့တွေက သူခိုးတွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး တို့တွေက ရီနေးတားနိုင်ငံရဲ့ အစိတ်အပိုင်းတွေ ဖြစ်နေတာကြောင့်၊ သူတို့ကို ဖမ်းဆီးပိုင်ခွင့်က တို့မှာလည်း ရှိပါတယ်။

စစ်သည်တော်ကြီးက အဲဒါကို မသိတာကြောင့် တို့တွေက ရာဇဝတ်ကောင်တွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ ထင်သွားတာပါ"

မိုက်ကယ်ကတော့ သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လက်ဟန်ပြပြီး ပယ်ဖျက်လိုက်တာပေါ့။

"ဒါက ဦးလေးရဲ့ အမှားမဟုတ်ပါဘူး။ သေးငယ်တဲ့ နားလည်မှုလွဲမှားခြင်း တစ်ခုပါပဲ။ အခုတော့ အားလုံး ပြီးဆုံးသွားခဲ့ပါပြီ"

စစ်သည်တော်ကြီးက မတ်တတ်ရပ်လိုက်ပြီး ကိုကိုးကုန်သည်တွေကို မျက်နှာချင်းဆိုင်လိုက်တယ်။

"ခင်ဗျားတို့အားလုံးက ရီနေးတားနိုင်ငံကနေ လာကြတာဆိုတာကိုတော့ ကျွန်တော် နားလည်ပါပြီ။ ဒါပေမဲ့ ခွင့်လွှတ်ပါ၊ ကျွန်တော့်အနေနဲ့ ကွင်းစ်နယ်မြေရဲ့ ဘယ်နေရာမှာမှ ဒီလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံမျိုး ရှိခဲ့တာကို မမှတ်မိလို့ပါ"

"တို့တွေက ကင်းစ်နယ်မြေမှာ အခြေစိုက်တာပါ" လို့ မိုက်ကယ်က ပြန်ဖြေလိုက်တယ်။

ဆာဂျွန်က နားလည်သွားတဲ့ ပုံစံနဲ့ ခေါင်းညိတ်လိုက်တာပေါ့။

"အာ... အခုမှပဲ အဓိပ္ပာယ်ရှိသွားတော့တယ်။ ဒါဆိုရင် ဟောဒီ... အော့ခ်တွေကလည်း... ခင်ဗျားတို့နိုင်ငံရဲ့ အစိတ်အပိုင်းတွေပေါ့နော်။ သူတို့တွေကလည်း ခင်ဗျားရဲ့... မွေးမြူထားတဲ့ မှော်သားရဲတွေပဲလား"

ဖတ်ချ်က မိုက်ကယ်ရဲ့ အရိပ်ထဲကနေ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပြီး စစ်သည်တော်ကြီးကို စိတ်ဆိုးမာန်ဆိုး မျက်နှာပေးနဲ့ ရင်ဆိုင်လိုက်တာပေါ့။

"သူတို့က မှော်သားရဲတွေ မဟုတ်ဘူးနော်။ သူတို့က ကျွန်တော့်ရဲ့ အရိပ်အဖွဲ့ဝင်တွေပါ"

ဆာဂျွန်ကတော့ ဖတ်ချ်ကို ရင်ဆိုင်နေရတုန်းမှာ နည်းနည်းလေး လန့်နေတုန်းပါပဲ၊ ဘာလို့လဲဆိုတော့ သူက စကားပြောနိုင်လိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့လို့ပါပဲ။ အသိဉာဏ်ရှိတဲ့ မိစ္ဆာတစ်ကောင်ကို မြင်တွေ့ရဖို့ဆိုတာက ကွင်းစ်နယ်မြေရဲ့ မြို့တော်ကြီးတွေမှာတောင် တကယ့်ကို ရှားပါးလှတဲ့ မြင်ကွင်းတစ်ခုပဲလေ။

သူက မိုက်ကယ်ဘက်ကို လှည့်လာခဲ့တယ်၊ ဒီအသက်ငယ်ငယ်လေးနဲ့ ဒီလောက်အထိ အံ့သြဖို့ကောင်းအောင် သန်မာလှတဲ့ အရိပ်သတ္တဝါတွေကို ကျွမ်းကျင်စွာ ထိန်းချုပ်ထားနိုင်တဲ့ ပါရမီရှင်လေးပေါ့။

"မင်းရဲ့ နာမည်ကို သိခွင့်ရမလား ကောင်လေး။ မင်းလို ပါရမီရှင်မျိုးရဲ့ နာမည်က ကွင်းစ်နယ်မြေမှာတောင် ကျယ်ကျယ်ပြန့်ပြန့် နာမည်ကြီးနေမှာ အသေအချာပဲ"

"ကျွန်တော့်နာမည်က မိုက်ကယ်ပါ"

ဝါရင့်ကုန်သည်ကြီးက ဘာမှမသိသေးတဲ့ စစ်သည်တော်ကြီးအတွက် အခြေအနေကို ပိုပြီး နားလည်သွားအောင် နောက်တစ်ကြိမ် ထပ်ပြီး ဝင်ပြောပေးပြန်တာပေါ့။ သူက မိုက်ကယ်က ကိုယ့်ကိုယ်ကိုယ် ကြွားဝါပြောဆိုရတာကို မကြိုက်ဘူးဆိုတာ သိနေတာကြောင့် အခြားတစ်ယောက်က သူ့အတွက် ပြောပေးရမှာလေ။

"ဆာဂျွန် သိထားဖို့ကတော့၊ မိုက်ကယ်က ရီနေးတားနိုင်ငံရဲ့ လေးစားရတဲ့ ခေါင်းဆောင် ဖြစ်ပါတယ်ဗျာ"

စစ်သည်တော်ကြီးရဲ့ မျက်နှာပေါ်မှာ အံ့သြမှုတွေ၊ မယုံနိုင်မှုတွေက ချက်ချင်းပဲ ဖြတ်ပြေးသွားပါတော့တယ်။ ဒီ ‘ရီနေးတားနိုင်ငံ’ ဆိုတာက ဒီတိုက်ကြီးရဲ့ ဝေးလံခေါင်ဖျားတဲ့ တောရိုင်းကျေးလက်ဒေသက သေးငယ်တဲ့ နိုင်ငံလေးတစ်ခု ဖြစ်နေရင်တောင်မှ၊ ဒီလောက်အထိ ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ကို ခေါင်းဆောင်နေရာမှာ စောစောစီးစီး တင်မြှောက်ထားတာကို မြင်ရတာကတော့ တကယ့်ကို ပုံမှန်မဟုတ်တဲ့ ကိစ္စပဲလေ။

"ကျွန်တော် အခုမှပဲ နားလည်သွားတော့တယ်" လို့ ဆာဂျွန်က သူ့ရဲ့ မေးစေ့ကို ပွတ်ရင်း ပြောလိုက်တာပေါ့။

"ဒီအော့ခ်တွေက ခင်ဗျားတို့နိုင်ငံရဲ့ ခေါင်းဆောင် ကင်းစ်နယ်မြေရဲ့ အပြင်ဘက်ကို ခရီးသွားတဲ့ အချိန်မှာ ကာကွယ်ပေးဖို့အတွက် သီးသန့်တာဝန်ပေးထားတဲ့ အဆင့်မြင့် ကာကွယ်ရေးအဖွဲ့ ဖြစ်ရမယ်၊ ကျွန်တော် ပြောတာ မှန်တယ်မလား"

"ဟုတ်တာပေါ့ဗျာ" လို့ ဖတ်ချ်က ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။

"ကျွန်တော်တို့က အဆင့်မြင့်အဖွဲ့တွေပါ၊ ဟို အကြေးခွံတွေနဲ့ လူဆိုးကောင်တွေ မဟုတ်ဘူးနော်"

မိုက်ကယ်ကတော့ ဖတ်ချ်ရဲ့ လျှောက်ပြောနေမှုတွေအပေါ်မှာ ရယ်ပဲ ရယ်နေနိုင်တော့တာပေါ့။ ဒါပေါ့၊ အကယ်၍ ရီနေးတားနိုင်ငံမှာ အဆင့်မြင့်ကာကွယ်ရေးအဖွဲ့လို့ နာမည်တပ်ရမယ့် အစုအဖွဲ့တစ်ခု ရှိနေမယ်ဆိုရင်တော့၊ ဒါက တိုက်ခိုက်ရေးစွမ်းရည်ပိုင်းမှာ အခြားသော ရီနေးတားနိုင်ငံသားတွေထက် အမြဲတမ်း ထိပ်ဆုံးကနေ လွှမ်းမိုးထားနိုင်တဲ့ ဒရာဂွန်ဘွန်းတွေကလွဲလို့ တခြားမရှိပါဘူး။

ဒါပေမဲ့ ဖတ်ချ်နဲ့ သူ့ရဲ့ အရိပ်အော့ခ်တွေက အလုပ် ကောင်းကောင်း လုပ်ခဲ့ကြတာဖြစ်လို့၊ မိုက်ကယ်က သူတို့ကို လောလောဆယ် ဒီအောင်မြင်မှုလေးကို ခံစားခွင့်ပေးလိုက်တာပါ။ သူက ရှီနာတစ်ယောက် ဒါကို မကြားမိအောင်ပဲ သေချာ ဂရုစိုက်ရမှာဖြစ်ပြီး၊ မဟုတ်ရင်တော့ သူတို့နှစ်ယောက်စလုံး ဒုက္ခရောက်ကုန်ကြမှာ အသေအချာပဲလေ။

"ကျွန်တော် ထင်ထားခဲ့တဲ့အတိုင်းပဲ၊ ဒီအော့ခ်တွေက တကယ့်ကို အဆင့်မြင့် အဖွဲ့တွေပဲဗျာ" လို့ ဆာဂျွန်က လိပ်ပြာဆူးအော့ခ်တွေနဲ့ ဓားချင်း ရိုက်ခတ်ခဲ့ရတာကို ပြန်သတိရရင်း ပြောလိုက်တာပေါ့။

"ကျွန်တော်က ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့မှာ ထိပ်တန်း အဆင့် ၅၀ အတွင်းမှာ ရှိနေပေမဲ့လည်း၊ ခင်ဗျားတို့ရဲ့ အော့ခ်တစ်ယောက်တည်းနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတောင် အသာစီးရဖို့ ခက်ခဲတယ်လို့ ခံစားခဲ့ရတယ်။ သူတို့ရဲ့ တိုက်ခိုက်ချက်တွေက တကယ်ကို လေးလံလွန်းလှပါတယ်။ သူခိုးတွေက ဘာလို့ မိနစ်ပိုင်းအတွင်းမှာတင် လွယ်လွယ်ကူကူ ရှင်းလင်းခံလိုက်ရလဲဆိုတာ မအံ့ဩတော့ပါဘူး"

စစ်သည်တော်ကြီးက မိုက်ကယ်နဲ့ ဖတ်ချ်ကို ကြည့်လိုက်ပြီး၊ စကားလုံးအချို့ကို ပြောဖို့ တွန့်ဆုတ်နေသလိုမျိုး သူ့ရဲ့ ပါးစပ်က တုန်ရင်နေရှာတယ်။

"ပြီးတော့ ဒါက ကျွန်တော့်ရဲ့ တစ်ဖက်သတ် ထင်မြင်ချက်ပဲ ဖြစ်နိုင်ပေမဲ့လည်း၊ ဒီအော့ခ်တွေက ကျွန်တော့်ကို သူတို့ရဲ့ တကယ့် စွမ်းအားအစစ်အမှန်ကို အခုထိ ထုတ်မပြရသေးဘူးဆိုတာကို ကျွန်တော် သိနေပါတယ်။ ကျွန်တော် သိတာပေါ့။ တို့တွေ တိုက်ပွဲမရပ်ခင်တုန်းက၊ သူတို့တွေက ညိုမှောင်တဲ့ အရာတစ်ခုခုကို စားသုံးဖို့ ပြင်နေကြတာလေ။ ခင်ဗျားတို့ ကျွန်တော့်ကို ထုတ်ပြောပြဖို့ မလိုပါဘူး၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူတို့တွေက အရင်ကထက်ကို ပိုပြီးတော့တောင် သန်မာလာတော့မယ့် ပုံစံမျိုးကို ကျွန်တော် ခံစားလိုက်ရတယ်"

ဖတ်ချ်ရဲ့ ခန္ဓာကိုယ်အလုံးကြီးကတော့ တကယ့်ကို စစ်မှန်တဲ့ ဂုဏ်ယူမှုတွေ၊ ယုံကြည်မှုတွေနဲ့အတူ ချက်ချင်းပဲ ဖောင်းပွလာခဲ့တာပေါ့။

"ဟဲဟဲ၊ မင်း မှန်အောင် ခန့်မှန်းနိုင်သားပဲ၊ စပ်စုတတ်တဲ့ စစ်သည်တော်ကြီးရဲ့။ ငါ ဝန်ခံရမှာကတော့၊ တို့တွေရဲ့ အရိပ်အော့ခ်တွေကို သူတို့ရဲ့ လျှို့ဝှက်စွမ်းအားတွေ သုံးလာအောင်အထိ ဖိအားပေးနိုင်ခဲ့တဲ့ မင်းကလည်း တကယ့်ကို တော်တဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ပါပဲ"

စစ်သည်တော်ကြီးကတော့ တကယ့်ကို အထင်ကြီးသွားတဲ့ ပုံစံပေါက်သွားတာပေါ့။ မိုက်ကယ်က သူ့မျက်လုံးထဲမှာ စူးစမ်းလိုစိတ်တွေ၊ အရှုံးမပေးချင်တဲ့ ပြိုင်ဆိုင်လိုစိတ်တွေ တောက်လောင်နေတာကို မြင်တွေ့နေရပြီး၊ သူက သူ့ရဲ့ ပုဆိန်နဲ့ အော့ခ်တွေကို နောက်တစ်ကြိမ် ထပ်ပြီး ရင်ဆိုင်ချင်နေတဲ့ စိတ်တစ်ခုတည်းပဲ ရှိနေသလိုမျိုးပါပဲ။

"ဟိုဟို... အဲဒါက ဘာကြီးလဲဗျာ။ ဒါက ဆင်ကလဲယား ဆေးဝါးလုပ်ငန်းစုဆီကနေ ထွက်တဲ့ နာမည်ကြီး ကျင့်ကြံခြင်း ဆေးလုံးတွေထဲက တစ်ခုခုလား"

မိုက်ကယ်က ခေါင်းခါပြလိုက်တယ်။

"ကျွန်တော် အဲဒါက ဘာလဲဆိုတာ မသိပါဘူး၊ ဒါပေမဲ့ အဲဒါမျိုးနဲ့တော့ လုံးဝမတူပါဘူး။ ဒါက သာမန် မုန့်အချိုပွဲလေးတစ်ခု ပါပဲ"

သူက ကုန်သည်တွေရဲ့ မြင်းရထားပေါ်ကနေ ချောကလက်တုံးလေး တစ်တုံးကို ယူလိုက်ပြီး စစ်သည်တော်ကြီးကို ထုတ်ပြလိုက်တာပေါ့။

အော့ခ်တွေက ချောကလတ်ကို စားသုံးခြင်းအားဖြင့် ပိုပြီး သန်မာလာကြတယ်ဆိုတဲ့ အချက်ကို သူ့အနေနဲ့ ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ်၊ အော့ခ်တွေက အဲဒီအရာကြောင့် အမြဲတမ်း အရှိန်အဟုန် မြှင့်တင်ထားတဲ့ အခြေအနေမှာ ရှိနေကြရမှာ ဖြစ်လို့ပါပဲ။

ပြီးတော့၊ အော့ခ်တွေမှာ နောက်ပိုင်းကျရင် ထုတ်သုံးဖို့အတွက် မီသရယ်မှော်ဝင်ပစ္စည်းတွေ၊ သဟဇာတဖြစ်မှုတွေနဲ့ အခြားသော အရိပ်နဲ့ ဆက်စပ်နေတဲ့ စွမ်းရည်တွေလိုမျိုး လျှို့ဝှက်ချက်တွေနဲ့ လျှို့ဝှက်ဖဲချပ်တွေ အများကြီး ရှိနေသေးတာပဲလေ။

ခရမ်းရောင်နဲ့ ရွှေရောင် ရောယှက်နေတဲ့ အလွှာလေးက လရောင်အောက်မှာ တောက်ပနေပြီး၊ စစ်သည်တော်ကြီးရဲ့ မျက်နှာပေါ်ကို ရွှေရောင်အလင်းတန်းလေး တစ်ချက် ဖြတ်ပြေးသွားစေခဲ့တာပေါ့။

ဆာဂျွန်ရဲ့ မျက်လုံးတွေက သိသွားတဲ့ ပုံစံမျိုးနဲ့ တောက်ပလာခဲ့တယ်။ သူက ဒီချောကလက်တုံးကို လက်ညှိုးထိုးပြလိုက်ပြီး၊ ဒါက သူ တစ်ချိန်လုံး ရှာဖွေနေခဲ့တဲ့ အရာတစ်ခုခု ဖြစ်နေသလိုမျိုးပါပဲ။

"ချောကလက်" လို့ သူက စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်ပါတော့တယ်။ "ဒါက ချောကလက်ပဲလေ။ တို့တွေရဲ့ မြို့ထဲမှာ ရောင်းနေတဲ့ အရာပဲ"

"ခင်ဗျား ဒါကို သိတာလား" လို့ မိုက်ကယ်က မေးလိုက်တယ်။

"ဒါပေါ့။ ချောကလက်က တို့တွေရဲ့ လူမှုအဖွဲ့အစည်းမှာ တကယ့်ကို ရေပန်းစားတာ။ စားသုံးပြီးတဲ့ အခါမှာ တကယ့်ကို ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကို ပြသနိုင်တာကြောင့် တို့တွေရဲ့ လူမှုအဖွဲ့အစည်းကြားထဲမှာ ဝယ်လိုအား အများဆုံး ထိပ်တန်း ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါက ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး"

* * * * * * * * *

All Chapters