အခန်း (၂၀၉-၂၁၀)
Vol. 18 Ch. 209-210
အခန်း(၂၀၉)
မိုက်ကယ်က ချောကလက်ကုန်သည်တွေကို လှည့်ကြည့်လိုက်တော့ သူတို့ကလည်း ဟုတ်ပါတယ်ဆိုတဲ့ သဘောနဲ့ ခေါင်းငြိတ်ပြကြတာပေါ့။
"အဲဒါ တကယ်ပဲ မိုက်ကယ်။ တို့တွေရဲ့ အဓိက ဖောက်သည်တွေက များသောအားဖြင့် ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ ထဲက အုပ်ချုပ်ရေးမှူးလောင်းတွေနဲ့ စစ်သည်တော်တွေ များတယ်လေ။ သူတို့ကြောင့်ပဲ အန်ဂိုရာမြို့ထဲမှာ ချောကလက်က ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြန့်နှံ့သွားပြီး တို့ပစ္စည်းတွေလည်း ရက်အနည်းငယ်အတွင်းတင် ချက်ချင်း ပြတ်လပ်သွားခဲ့ရတာပေါ့" လို့ ဝါရင့်ကုန်သည်ကြီးက ပြောပြရှာတယ်။
"တို့အသိုင်းအဝိုင်းကြားထဲမှာ ချောကလက်က ဘယ်လောက်တောင် ရေပန်းစားလဲဆိုတာ မင်းသိမှာ မဟုတ်ဘူး" လို့ ဆာဂျွန်က ဆိုပြန်တယ်။
"မင်းတို့တွေ ထွက်သွားပြီးတဲ့နောက်မှာ အန်ဂိုရာမြို့ထဲမှာ ချောကလက်ဆိုတာ ဒဏ္ဍာရီလာပစ္စည်းတစ်ခုလိုမျိုး ဖြစ်သွားခဲ့တာ။ မပြတ်လပ်ခင်မှာ ဝယ်လိုက်နိုင်တဲ့လူတွေဆိုရင် သူတို့ဝယ်ခဲ့တဲ့ မူရင်းဈေးထက် ဆယ်ဆလောက်အထိ ပြန်ရောင်းလို့ ရခဲ့ကြတယ်။
ဒါပေမဲ့ အများစုကတော့ လုံးဝကို ပြန်မရောင်းကြပါဘူးလေ။ ဘာပဲဖြစ်ဖြစ် တို့တွေလည်း ချောကလက်ကို နောက်တစ်ခါ ဘယ်တော့မှ ထပ်ရမယ်ဆိုတာ မသိကြလို့လေ"
ချောကလက်က လူကြိုက်အများဆုံး ပစ္စည်းတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ မိုက်ကယ်သိထားပေမဲ့ လူတွေရဲ့ တုံ့ပြန်မှုက ဒီလောက်အထိ ရူးသွပ်ဖို့ကောင်းလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ပါဘူး။ မူရင်းတန်ဖိုးထက် ဆယ်ဆတောင်ကြီးလား။ ဟောဒီစစ်သည်တော်ရဲ့ မျက်လုံးတွေထဲက စိတ်လှုပ်ရှားမှုနဲ့ တည်ကြည်မှုကိုသာ မမြင်ခဲ့ရရင် သူ ယုံမှာတောင် မဟုတ်ပါဘူး။
ဟင်း… ချောကလက်ရဲ့ အဓိက ဖောက်သည်တွေက စစ်သည်တော်တွေနဲ့ အုပ်ချုပ်ရေးမှူးလောင်းတွေ ဖြစ်နေတာပေါ့။ သူတို့က ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခု ဖြစ်လာဖို့အတွက် ရက်ပေါင်းများစွာကို ပင်ပန်းဆင်းရဲတဲ့ အခြေအနေတွေကြားထဲမှာ ကျင့်ကြံနေကြရတာလေ။
ဒီလိုလူတွေက အချိုဓာတ်နဲ့ ကယ်လိုရီ အဆမတန် မြင့်မားတဲ့ အစားအစာမျိုးကို အလကားတော့ စားကြမှာ မဟုတ်ပါဘူး။ ဆိုလိုတာက သူတို့တွေ ချောကလက်ဆီကနေ တစ်ခုခု အကျိုးကျေးဇူးရနေလို့ ဖြစ်ရမယ်။
"ချောကလက်ကို စားလိုက်တဲ့အချိန်မှာ ထူးထူးခြားခြား ခံစားရတာမျိုး ရှိလား။ မင်းရဲ့ စွမ်းအင်အမြုတေထဲက မှော်စွမ်းအင်တွေက တစ်ခါမှမကြုံဖူးတဲ့ စိတ်လှုပ်ရှားမှုမျိုးနဲ့ ဝုန်းခနဲ ပေါက်ကွဲထွက်လာသလိုမျိုးလား" လို့ သူက စစ်သည်တော်ကို မေးလိုက်တယ်။
ဆာဂျွန်က မိုက်ကယ်ရဲ့ အမေးကို ငြင်းလည်းမငြင်းသလို ဟုတ်တယ်လို့လည်း ဝန်မခံပါဘူး။
"အဲဒီလောက်အထိတော့ မပြင်းထန်ပါဘူး" လို့ သူက ဆိုတယ်။
"တို့တွေ အရင်ကထက်စာရင် အားအင်တွေ ပိုပြီး ပြည့်ဝလာသလိုပဲ ခံစားရတာပါ။ အကျိုးသက်ရောက်မှုကတော့ ကျင့်ကြံခြင်းဆေးလုံးတွေရဲ့ အာနိသင်ကို လျှော့ချထားတဲ့ ပုံစံမျိုးနဲ့ တူပေမဲ့ အများကြီး ပိုပြီးတော့ ဈေးသက်သာတာပေါ့"
သူတို့တွေ ခံစားနေရတာက အော့ခ်တွေရဲ့ အချိုဓါတ်အရှိန်အစွမ်း ပင်ကိုယ်စွမ်းရည်လိုမျိုး တစ်ခုခု ဖြစ်နေတာလားလို့ မိုက်ကယ် တွေးလိုက်မိပေမဲ့ တကယ်တမ်းကျတော့ သူတို့က အချိုဓာတ်အများကြီး စားသုံးလိုက်ရတာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်အာရုံခံစားမှု သက်သက်ပဲ ဖြစ်နေပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုကိုးအတွက် အလားအလာရှိတဲ့ ဖောက်သည်တွေ အများကြီး ရှိနေသေးတာကတော့ တကယ့်ကို ကောင်းတဲ့အချက်ပေါ့။
"ဒါက တကယ်ကို မယုံနိုင်စရာပဲ။ ချောကလက်က ရီနေးတားနိုင်ငံကနေ လာတာ ဖြစ်နေတာကိုး။ တို့ရဲ့ အုပ်ချုပ်ရေးမှူးလောင်းတွေသာ ချောကလက်အမြောက်အမြား ရောက်တော့မယ်ဆိုတာ သိသွားရင်တော့ တကယ့်ကို ပျော်ကြတော့မှာပဲ"
သူ ဒီလောက်အထိ စိတ်လှုပ်ရှားနေတာကို မြင်လိုက်ရတဲ့အခါ မိုက်ကယ်လည်း သူ့ကို ချောကလက်တစ်တုံး အလကား ပေးလိုက်ရပါတော့တယ်။
"မင်းတို့အားလုံးက အန်ဂိုရာမြို့ကို သွားကြမှာ၊ ဟုတ်တယ်မလား။ ဒါဆိုရင် မင်းတို့ကို မင်းတို့ရဲ့ ဦးတည်ရာဆီ ဘေးကင်းကင်းနဲ့ ရောက်အောင် စောင့်ရှောက်ပြီး လိုက်ပို့ပေးပါရစေ။ စစ်မှန်တဲ့ စစ်သည်တော်တစ်ယောက် မင်းတို့ဘေးမှာ ရှိနေရင် ဘယ်သူခိုးကမှ မင်းတို့ရဲ့ ကုန်ပစ္စည်းတွေကို လုယူဖို့ ရဲရဲဝံ့ဝံ့ ကြံစည်ရဲတော့မှာ မဟုတ်ဘူး" လို့ ဆာဂျွန်က စစ်မှန်တဲ့ စစ်သည်တော်တစ်ယောက်ရဲ့ ရဲစွမ်းသတ္တိနဲ့ ယုံကြည်ချက်တွေအပြည့်နဲ့ ပြောလိုက်တာပေါ့။
ချောကလက်ကုန်သည်တွေ အားလုံးကတော့ ခွင့်ပြုချက်တောင်းတဲ့ အကြည့်တွေနဲ့ မိုက်ကယ်ကို လှည့်ကြည့်လိုက်ကြတယ်။
"ရတာပေါ့၊ သွားကြလေ။ ဘာပဲဖြစ်ဖြစ် ငါကလည်း နီယိုအော်ကပ်စ် ဘက်ကို ပြန်ဖို့ ပြင်နေတာဆိုတော့"
ဆာဂျွန်က နှမြောတသဖြစ်ရတဲ့ မျက်နှာပေးမျိုးနဲ့ မိုက်ကယ်ကို ကြည့်လိုက်တယ်။
"အာ… မင်းက အန်ဂိုရာမြို့ကို တို့နဲ့အတူ လိုက်မလာဘူးလား။ မင်းက ချောကလက်ကို တီထွင်ခဲ့တဲ့သူဆိုတာ သိရင် တခြားစစ်သည်တော်တွေနဲ့ မိတ်ဆက်ပေးပြီး မင်းနဲ့ မင်းရဲ့အပေါင်းအဖော်တွေကို သေသေချာချာ ဧည့်ခံခိုင်းမလို့ စိတ်ကူးထားတာ"
"မင်းရဲ့ ကမ်းလှမ်းချက်ကို ငါ လက်ခံပါတယ်။ ဒါပေမဲ့ ငါ နောက်မှပဲ မင်းတို့အနောက်ကို လိုက်လာခဲ့မယ်" လို့ သူက စစ်သည်တော်ကို ပြောလိုက်တာပေါ့။
ဆာဂျွန်ကလည်း ထပ်ပြီး အတင်းအကျပ် မတောင်းဆိုတော့ပါဘူး။
"ဒါဆိုရင်တော့ မင်း သတိထားပြီး သွားနိုင်ဖို့ သတိပေးစကားလေး တစ်ခါတည်း ပြောခဲ့ပါရစေ။ ဒီနေ့လို ရက်မျိုးက တောရိုင်းမြေတွေထဲမှာ တစ်ယောက်တည်း ခရီးသွားဖို့ မကောင်းဘူး။ စစ်သည်တော်တွေက ကြီးမားတဲ့ ကိစ္စတစ်ခုခုနဲ့ အလုပ်ရှုပ်နေကြတာဆိုတော့ လူမိုက်ဂိုဏ်းတွေက ဒါကို အခွင့်ကောင်းယူပြီး အားနည်းတဲ့သူတွေနဲ့ ဒုက္ခရောက်နေတဲ့သူတွေကို လိုက်ပြီး တိုက်ခိုက်နေကြတာလေ"
မိုက်ကယ်က စိတ်ဝင်စားသွားပြီး စစ်သည်တော်ကို မေးခွန်းတစ်ခု ထပ်မေးလိုက်တယ်။
"ကြီးမားတဲ့ ကိစ္စတစ်ခုနဲ့ အလုပ်ရှုပ်နေတာ ဟုတ်လား။ အဲဒါ ဘာလဲဆိုတာ ငါ သိလို့ရမလား"
ဆာဂျွန်က အမှန်တရားကို ထုတ်ပြောဖို့ နည်းနည်းတော့ တွေဝေသွားရှာတယ်။ ဒါပေမဲ့ သူ့လက်ထဲက ချောကလက်တုံးကို ကြည့်လိုက်ပြီးတဲ့နောက်မှာတော့ ရီနေးတားနိုင်ငံရဲ့ လူငယ်ခေါင်းဆောင်လေးအပေါ် ကျေးဇူးကြွေး တင်ရှိနေသလိုမျိုး ခံစားလိုက်ရပုံပါပဲ။
"မင်း ဒါကို တခြားလူတွေကို လုံးဝ လျှို့ဝှက်ထားပေးရမယ်နော်" လို့ သူက မိုက်ကယ်ကို သတိပေးလိုက်တယ်။
"တကယ်တော့ ပြီးခဲ့တဲ့ အတောအတွင်းက ဒီအနီးအနားမှာတင် ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ရှိခဲ့တယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ သေချာမသိရသေးပေမယ့် ရှေးဟောင်းကာလက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အမွေအနှစ်တွေ ပါဝင်တဲ့ ဂူသင်္ချိုင်းတစ်ခုအကြောင်းကို လူတွေ စကားပြောနေကြတာ။ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ က လောလောဆယ် ဒီသတင်းကို လျှို့ဝှက်ထားဖို့ ကြိုးစားနေပေမဲ့ အန်ဂိုရာမြို့ထဲက ကုမ္ပဏီတော်တော်များများကတော့ ဒီစစ်ဆင်ရေးမှာ ပါဝင်ဖို့အတွက် အခုကတည်းက ပြင်ဆင်နေကြပြီလေ"
မိုက်ကယ်က ဘာမှမသိတဲ့ မျက်နှာပေးနဲ့ ခေါင်းညိတ်ပြလိုက်ပေမဲ့ သူ့စိတ်ထဲမှာတော့ ဟောဒီဂူသင်္ချိုင်း အမွေအနှစ်အကြောင်းကို တကယ်ပဲ စိတ်ဝင်စားသွားခဲ့ရတာပေါ့။ နိုဗာ ရဲ့ နောက်ထပ် အဆင့်မြှင့်တင်ဖို့ တိုးတက်အောင် လုပ်ဆောင်နိုင်မယ့် အခွင့်အရေးမျိုး ရှိလာမယ်ဆိုရင် ဘယ်လို စွန့်စားရမှုမျိုးကိုမဆို သူ ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ။
[နောက်ထပ် ဆော့ဝဲလ်အပ်ဒိတ်ဖြစ်ပေါ်ရန် တိုးတက်မှု: ၁၁.၀၃%]
"ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်" လို့ သူက စစ်သည်တော်ကို ပြောလိုက်တယ်။
"ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီသတင်းက ကောလာဟလတွေကနေတစ်ဆင့် ပြန့်နှံ့သွားမှာပါပဲ။ တို့တွေ ဘယ်လောက်ပဲ ဖုံးကွယ်ထားဖို့ ကြိုးစားကြိုးစား၊ အရာရာတိုင်းက လူတိုင်းရဲ့ နားထဲကိုတော့ တစ်နည်းနည်းနဲ့ ရောက်သွားကြမှာပဲလေ"
မနက်စောစောအချိန်မှာတော့ ချောကလက်ကုန်သည်တွေဟာ ဆာဂျွန်ရဲ့ လမ်းညွှန်မှုနဲ့အတူ တောရိုင်းမြေထဲကို စတင် ထွက်ခွာသွားကြပါတော့တယ်။ စစ်သည်တော်က ချောကလက်တွေကို အန်ဂိုရာမြို့ထဲ မြန်မြန်ရောက်ချင်ဇောနဲ့ မြင်းရထားကို သူကိုယ်တိုင်ပဲ တွန်းသွားချင်နေတဲ့ ပုံစံမျိုးတောင် ဖြစ်နေတာပေါ့။
သူတို့တွေက စခန်းထဲမှာ ကျန်ရစ်ခဲ့တဲ့ မိုက်ကယ်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားကြတယ်။
အခုဆိုရင် တစ်ယောက်တည်း ရှိနေပြီဖြစ်တဲ့ မိုက်ကယ်က သူ့ရဲ့ အောက်က အရိပ်ကို ငုံ့ကြည့်လိုက်ပြီး ဖတ်ချ်ကို ဆင့်ခေါ်လိုက်ပါတော့တယ်။
"ကျွန်တော်မျိုး အဆင်သင့်ရှိပါတယ်၊ သခင်"
မိုက်ကယ်က စလိုင်းမ်လေးကို လှည့်ကြည့်လိုက်တယ်။
"မနေ့ညက စစ်သည်တော် ပြောသွားတဲ့ စကားတွေကို မင်း ကြားခဲ့တယ်၊ မဟုတ်လား"
ဖတ်ချ်က ကြွားဝါချင်တဲ့ အပြုံးတစ်ခုကို ပြသလိုက်ရင်း "ဒါပေါ့ သခင်ရဲ့။ ကျွန်တော့်ကို ဘယ်သူလို့ ထင်နေလို့လဲ။ ကျွန်တော်က ကမ္ဘာပေါ်မှာ အတော်ဆုံး နင်ဂျာပဲလေ။ မနေ့ညကတည်းက ဟောဒီရှေးဟောင်းဂူသင်္ချိုင်းကို ရှာဖွေဖို့အတွက် တောရိုင်းမြေထဲကို အရိပ်အော့ခ်တွေကို လွှတ်ပြီး စစ်ဆေးခိုင်းထားပြီးသားပါ။ အဲဒါကို ရှာတွေ့ဖို့ကတော့ အချိန်တစ်ခုပဲ လိုတော့တာပါ၊ ကျွန်တော် ရဲရဲကြီး အာမခံပါတယ်"
"တော်တယ်" လို့ သူက ဖတ်ချ်ကို ချီးကျူးလိုက်တာပေါ့။
အဲဒီနောက်မှာတော့ မိုက်ကယ်က သူ့ရဲ့ အရိပ်တွေထဲကို ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားခဲ့ပြီး၊ လက်ရှိ သူတို့ရဲ့ စီမံကိန်းအတွက် အလုပ်ရှုပ်နေကြတဲ့ ရီနေးတားနိုင်ငံသား အင်ဂျင်နီယာတွေရဲ့ အနောက်ကနေတစ်ဆင့် နီယိုအော်ကပ်စ် ဆီကို ပြန်လည် ရောက်ရှိလာခဲ့ပါတော့တယ်။
"အာ… သခင်။ အချိန်ကိုက် ရောက်လာတာပဲ" လို့ ဟော့ဘ်မျောက်လူ အင်ဂျင်နီယာက ဆိုတယ်။
"ကျွန်တော်တို့ ရွှေလမ်းမကြီး ကို စတင်ဖို့အတွက် အစီအစဉ်တွေကို အကုန်လုံးချမှတ်ပြီးပါပြီ"
အဲဒီနောက်မှာတော့ သူတို့က မိုက်ကယ်ကို နီယိုအော်ကပ်စ်ရဲ့ အနီးနားမှာရှိတဲ့ မြေပြင်အနေအထား အပြည့်အစုံ ပါဝင်တဲ့အပြင် ရွှေလမ်းမကြီး ရဲ့ ပထမဆုံး ဦးတည်ရာ နေရာပါ ထင်ဟပ်နေတဲ့ ဗိသုကာပုံစံတွေကို ထုတ်ပြကြတာပေါ့။
"တို့တွေ ဘာကို စောင့်နေကြဦးမှာလဲ" လို့ မိုက်ကယ်က ရီနေးတားနိုင်ငံသားတွေကို ပြောလိုက်တယ်။
"ဟောဒီပွဲကြီးကို အခုပဲ စတင်လိုက်ကြရအောင်"
* * * * * * * * *
စာစဉ်(၁၈)
အခန်း (၂၁၀)
ဟောဒီ ရွှေလမ်းမကြီး အသစ်တည်ဆောက်ရေး လုပ်ငန်းစဉ်က နောက်ဆုံးမှာတော့ စတင်နေပြီ ဖြစ်ပါတယ်။ ရီနေးတားနိုင်ငံသား အင်ဂျင်နီယာတွေက မြေပြင်ပေါ်က အက်ကြောင်းတွေနဲ့ ချိုင့်ခွက်တွေကို အရင်ဆုံး ပြုပြင်ပြီးသား ဖြစ်နေသလို၊ နောက်တစ်ကြိမ် ငလျင်လှုပ်ခတ်မှု ဒဏ်ကြောင့် ပျက်စီးသွားတာမျိုး မရှိရလေအောင် သံမဏိချောင်းတွေနဲ့ပါ သေသေချာချာကို အားဖြည့်ပေးထားတာပေါ့။
အကယ်၍ အခုလို အချိန်မျိုးမှာ တစ်စုံတစ်ယောက်ကသာ နီယိုအော်ကပ်စ်ဆီကို လာရောက်လည်ပတ်ခဲ့မယ်ဆိုရင် နေ့တိုင်း မြို့ထဲကို ဘိလပ်မြေဖျော်စက်တွေ တင်ဆောင်ထားတဲ့ ကားကြီးတွေ အဆက်မပြတ် ဝင်ထွက်သွားလာနေကြတဲ့ မြင်ကွင်းကလွဲလို့ တခြား ဘာမှ မြင်ရမှာ မဟုတ်ပါဘူး။
သူတို့ လောလောဆယ် လုပ်ဖို့ လိုအပ်တာဆိုလို့ မြေပြင်ပေါ်ကို ကွန်ကရစ်အရည်တွေ လောင်းချလိုက်ရုံပဲဖြစ်ပြီး အဲဒီနောက်မှာတော့ ကွန်ကရစ်တွေ ခဲသွားတဲ့ ဖြစ်စဉ်ကို မြန်ဆန်စေဖို့အတွက် မှော်ပညာကို နည်းနည်းလောက် အသုံးပြုလိုက်ရုံပါပဲ။
မိုက်ကယ်ကလည်း ဒီကိစ္စအတွက် အများကြီး ကူညီပေးခဲ့ပါတယ်။ ရှီနာနဲ့ ယူမီစု တို့က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ သူခိုးတွေရဲ့ ဖြစ်ရပ်ကို တစ်ဆင့်စကားကနေ သိသွားခဲ့ကြရတာကြောင့် မိုက်ကယ်နဲ့ ဖတ်ချ်အပေါ်ကို ချက်ချင်းပဲ စိတ်ဆိုးဒေါသထွက်ကုန်ကြတာပေါ့။
သူတို့တွေက ဘေးကင်းလုံခြုံရေးအတွက် မိုက်ကယ်ရဲ့ ဘေးနားမှာ ဒရာကွန်ဘွန်းတစ်ယောက်ယောက်ကို အမြဲတမ်း စောင့်ရှောက်ခိုင်းထားဖို့အထိ ပြောဆိုနေကြတာကြောင့် မိုက်ကယ်လည်း အဲဒီစကားဝိုင်းထဲကနေ အမြန်ဆုံးပဲ ထွက်ပြေးခဲ့ရရှာတယ်။
"သခင်… သခင်…. သတင်းကောင်း ရှိတယ်"
မိုက်ကယ်က မြေပြင်ပေါ်ကို ဘိလပ်မြေတွေ လောင်းချတဲ့ အလုပ်ကို အပြီးသတ်လိုက်တဲ့ အချိန်မှာပဲ ဖတ်ချ်က သူ့ရဲ့ အရိပ်ထဲကနေ ဝုန်းခနဲ ခုန်ထွက်လာပြီး သူ့ရဲ့ ခေါင်းပေါ်ကို လာပြီး ဆင်းသက်လိုက်တာပေါ့။
"ဘာကိစ္စလဲ။ မင်း ဂူသင်္ချိုင်းကို ရှာတွေ့သွားပြီလား" လို့ သူက နင်ဂျာစလိုင်းမ်လေးကို မေးလိုက်တယ်။
"ဟုတ်ကဲ့၊ ရှာတွေ့ပါပြီ" လို့ စိတ်လှုပ်ရှားနေတဲ့ ဖတ်ချ်က ပြန်ဖြေတယ်။
"ဟဲ…ဟဲ… ကျွန်တော်တို့ အရိပ်အဖွဲ့ ရှိနေသရွေ့တော့ အရိပ်ထဲမှာ ဘာလျှို့ဝှက်ချက်မှ ဖုံးကွယ်ထားလို့ မရပါဘူး"
မိုက်ကယ်က သူ့လက်ထဲမှာ ရေလုံးတစ်ခုကို ဖန်တီးလိုက်ပြီး လက်ပေါ်မှာ ပေပွနေတဲ့ ဖုန်မှုန့်တွေနဲ့ ဘိလပ်မြေ အပိုင်းအစတွေကို ဆေးကြောပစ်လိုက်တယ်။
အဲဒီနောက်မှာတော့ မိုက်ကယ်နဲ့ ဖတ်ချ် နှစ်ယောက်စလုံးက အရိပ်တွေထဲကို ဝင်ရောက် ပျောက်ကွယ်သွားခဲ့ကြပြီး၊ ရီနေးတားနိုင်ငံသား ဆောက်လုပ်ရေး အလုပ်သမားတွေကိုပဲ သူတို့ရဲ့ အလုပ်ခွင်ထဲမှာ ထားခဲ့ပါတော့တယ်။
သူတို့နှစ်ယောက် အရိပ်ထဲကနေ ပြန်လည် ထွက်ပေါ်လာတဲ့ အချိန်မှာတော့ မိုက်ကယ်ရဲ့ ပတ်ပတ်လည်မှာ နွယ်ပင်တွေ ပြည့်နှက်နေတဲ့ တောနက်ကြီးနဲ့ စိုစွတ်နေတဲ့ မြက်ခင်းပြင်ကြီးရဲ့ မြင်ကွင်းက ချက်ချင်းပဲ ဆီးကြိုလိုက်တာပေါ့။
ဒါက တကယ့်ကို အမေဇုန် တောနက်ကြီးထဲကို ရောက်သွားသလိုမျိုး ခံစားရစေပြီး ပေနှစ်ဆယ်လောက်အထိ ကြီးမားတဲ့ မြွေကြီးတွေလည်း တောရိုင်းမြေထဲမှာ ချောင်းမြောင်းနေနိုင်လောက်တဲ့ နေရာမျိုးပဲလေ။
ပတ်ဝန်းကျင် မြင်ကွင်းတွေ သိသိသာသာ ပြောင်းလဲသွားတာအပြင် မိုက်ကယ်က သူ့ရဲ့ ဘေးနားကနေ ထွက်ပေါ်နေတဲ့ ဆူညံစွာ အော်ဟစ်သံတွေကိုပါ သတိပြုမိလိုက်ပါတယ်။
လူတွေက သူတို့ရဲ့ တည်ရှိမှုကို တတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် ထိန်းသိမ်းထားဖို့ ကြိုးစားရင်း တစ်ယောက်နဲ့တစ်ယောက် တိုးတက်ပြောဆိုနေကြတာဆိုတာ သိဖို့အတွက် သူ တစ်စက္ကန့်တောင် အချိန်ပေးပြီး စဉ်းစားစရာ မလိုလိုက်ပါဘူး။
မိုက်ကယ်နဲ့ ဖတ်ချ်တို့က သစ်ပင်တစ်ပင်ရဲ့ အနောက်ကနေ ချောင်းကြည့်လိုက်တဲ့ အခါမှာတော့ ခန္ဓာကိုယ်နဲ့ မျက်နှာပေါ်မှာ ဒဏ်ရာ အမှတ်အသားတွေ ပြည့်နှက်နေတဲ့ သက်လတ်ပိုင်းအရွယ် လူကြီးတွေကို တွေ့လိုက်ရတာပေါ့။ သူတို့တွေက သံမဏိချောင်းတွေနဲ့ ပြုလုပ်ထားတဲ့ ဝတ်စုံအချို့နဲ့ အသင့်အတင့် ရှိလှတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားကြပါတယ်။
သူတို့ဆီကနေ ရန်လိုတဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေတာကြောင့် ဘာနောက်ပြောင်ကျီစယ်မှုနဲ့ မရိုမသေ ဖြစ်တာမျိုးကိုမှ လက်ခံမယ့် ပုံစံမျိုး မဟုတ်ကြပါဘူး။
သူတို့တွေက စွန့်စားရှာဖွေသူများပဲ ဖြစ်ပါတယ်။
မိုက်ကယ် အန်နီမေးတွေထဲမှာ မြင်ဖူးလေ့ရှိတဲ့ စွန့်စားရှာဖွေသူများလိုပါပဲ၊ ဟောဒီလူတွေကလည်း ပိုက်ဆံနဲ့ ပတ်သက်ရင်တော့ သိပ်ပြီး အဆင်ပြေကြတဲ့ ပုံစံမျိုး မဟုတ်ကြပါဘူး။ သူတို့ရဲ့ အလုပ်က အန္တရာယ်နဲ့ စွန့်စားရမှုတွေ အများကြီး ရှိနေပေမဲ့လည်း သူတို့ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ သံမဏိဝတ်စုံတွေကတော့ စံနှုန်းတွေကို လုံးဝကို မမီကြပါဘူးလေ။ ကြည့်ရတာ သံတိုသံစ စုဆောင်းတဲ့နေရာကနေပဲ ကောက်ယူပြီး ပြင်ဆင်ထားသလိုမျိုး ဖြစ်နေတာကိုး။
ဟောဒီ စွန့်စားရှာဖွေသူတွေက အစုအဖွဲ့တွေအဖြစ် စုစည်းထားကြတာဖြစ်ပြီး၊ အချို့အဖွဲ့တွေက လူအယောက်နှစ်ဆယ်လောက်အထိ ရှိနေကြပေမဲ့ အချို့အဖွဲ့တွေမှာတော့ သုံးယောက်ကနေ ငါးယောက်လောက်ပဲ ရှိကြတာပါ။
မိုက်ကယ်က ပတ်ဝန်းကျင်မှာရှိတဲ့ မှော်စွမ်းအင်တွေကို အာရုံခံကြည့်လိုက်တဲ့ အခါမှာတော့ လက်ရှိ ဒီနေရာမှာတင် စွန့်စားရှာဖွေသူ အယောက်တစ်ရာနီးပါးလောက် ရှိနေလိမ့်မယ်လို့ ခန့်မှန်းလိုက်မိတယ်။
စွန့်စားရှာဖွေသူတစ်ယောက်ကို တောနက်ကြီးရဲ့ မထင်မရှား နေရာတစ်ခုဆီ ရောက်လာအောင် ဆွဲဆောင်နိုင်တဲ့ အရာဆိုလို့ တစ်ခုတည်းပဲ ရှိပါတယ်၊ အဲဒါကတော့ တခြားမဟုတ်ဘဲ ရတနာ အသေအချာပါပဲ။
ဆိုလိုတာက သူတို့တွေလည်း ဂူသင်္ချိုင်းအကြောင်းကို ကြားသိထားကြလို့ ဖြစ်ရမယ်။
ဒါပေမဲ့ သူတို့အားလုံး ဘာလို့ ဒီနေရာမှာပဲ ရှိနေကြသေးတာလဲလို့ မိုက်ကယ်က စိတ်ထဲကနေ တွေးနေမိတာပေါ့။ ရတနာဆိုတာ အရင်ရောက်တဲ့သူက အရင်ရစတမ်းပဲလေ၊ အဲဒါကို သူတို့တွေ ဘာလို့ အပြင်ထွက်ပြီး မစွန့်စားကြသေးတာလဲ။
တောနက်ကြီးရဲ့ အစွန်အဖျား နေရာတွေမှာ အိပ်ရာတွေ၊ တဲတွေ သေသေချာချာ ဆောက်လုပ်ပြီး စခန်းချနေကြတဲ့ အဖွဲ့အချို့ကိုပါ မိုက်ကယ် မြင်တွေ့လိုက်ရပါတယ်။ ကြည့်ရရင် သူတို့တွေ ဒီနေရာမှာ ရှိနေတာ ရက်အနည်းငယ်လောက်တောင် ကြာနေပြီ ဖြစ်ဟန်တူတာပေါ့။
သူကတော့ အနားကို ဖြည်းဖြည်းချင်း လျှောက်သွားပြီး အဲဒီမေးခွန်းကို တိုက်ရိုက်ပဲ မေးမြန်းချင်နေမိပေမဲ့၊ အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက် တောနက်ထဲကနေ တစ်ယောက်တည်း ထွက်လာတာကို မြင်ရင် သတိကြီးလှတဲ့ စွန့်စားရှာဖွေသူတွေက သံသယ ဝင်သွားကြလိမ့်မယ်ဆိုတာ သူ သိနေတာပေါ့။
မိုက်ကယ်က နောက်ပိုင်းကျမှ ဒရာကွန်ဘွန်းတွေနဲ့ တခြား ရီနေးတားနိုင်ငံသားအချို့နဲ့အတူ အပြင်ထွက်ပြဖို့ စီစဉ်ထားပေမဲ့၊ လောလောဆယ်မှာတော့ အရိပ်ထဲမှာပဲ ပုန်းကွယ်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
"ဖတ်ချ်၊ မင်း ဂူသင်္ချိုင်းနဲ့ ပတ်သက်ပြီး တစ်ခုခု ထပ်ရှာတွေ့သေးလား။ တစ်ယောက်ယောက်ကော အထဲကို ဝင်သွားကြပြီလား၊ ဒါမှမဟုတ် အခုအချိန်အထိ ဘယ်သူမဆို အဲဒါကို ရှာတွေ့ထားတာမျိုး ရှိလား"
နင်ဂျာစလိုင်းမ်လေးက မိုက်ကယ်ရဲ့ ခေါင်းကို ကိုင်လိုက်ပြီး ဘယ်ဘက်အစွန်ဆုံးမှာရှိတဲ့ စွန့်စားရှာဖွေသူ အစုအဖွဲ့အကြီးကြီးတစ်ခုရဲ့ ဘက်ကို လှည့်ပြလိုက်တာပေါ့။
မိုက်ကယ်ကတော့ သူတို့ကို စွန့်စားရှာဖွေသူတွေလို့ ခေါ်ဖို့ နည်းနည်းတော့ တွေဝေနေမိပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုက တော်တော်လေးကို အဆင့်အတန်း မြင့်မားလွန်းနေလို့ပါပဲ။ အယောက်နှစ်ဆယ်ကျော် ပါဝင်တဲ့ ဟောဒီအဖွဲ့ကတော့ နေရောင်အောက်မှာ လင်းထိန်နေတဲ့ သံမဏိဝတ်စုံအပြည့်နဲ့ တောနက်ကြီးရဲ့ အလယ်တည့်တည့်မှာ တကယ့်ကို တောက်ပနေကြတာလေ။
"သခင်၊ ကျွန်တော်မျိုး ကြားရသလောက်တော့ လက်ရှိအချိန်မှာ ဘယ်သူမှ ဂူသင်္ချိုင်းထဲကို မဝင်ချင်ကြသေးဘူး၊ ဘာလို့လဲဆိုတော့ အထဲမှာ သေစေနိုင်တဲ့ မှော်မန္တန် ထောင်ချောက်တွေ အများကြီး ရှိနေလို့ပဲ။ ပထမဆုံး ဝင်သွားတဲ့ အဖွဲ့အချို့ဆိုရင် ဘယ်တော့မှ ပြန်မလာတော့ဘူး၊ အနောက်က လိုက်လာတဲ့ အဖွဲ့တွေ တွေ့ရှိဖို့အတွက် အလောင်းတွေကိုပဲ ချန်ထားခဲ့ကြတာလေ"
"ပြီးတော့ မင်းက အဲဒါကို ဘယ်လိုလုပ် သိတာလဲ"
ဖတ်ချ်က အပေါ်ဘက်က အဖွဲ့ကြီးအပေါ်မှာ အရိပ်အာဝါသ ပေးထားတဲ့ သစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေဆီကို ညွှန်ပြလိုက်တယ်။
အဲဒီနေရာမှာတော့ ဝံပုလွေအော့ခ် အော့ခ်တစ်ယောက်က အကိုင်းအခက်တွေပေါ်မှာ တွဲလောင်းခိုရင်း ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားဖို့ ဘာအားစိုက်ထုတ်မှုမှ မလုပ်ဘဲ အောက်က အဖွဲ့ကို ငုံ့ကြည့်နေတာကို မိုက်ကယ် တွေ့လိုက်ရတာပေါ့။
မိုက်ကယ်က သူ့ရဲ့ နဖူးကို လက်နဲ့ ရိုက်လိုက်မိတယ်။
'ငါလည်း နင်ဂျာဆိုတာ ဘာလဲဆိုတာကို တောင် ကောင်းကောင်း မသိတော့ဘူး'
"ဟင်…. တို့တွေက စံပြ နမူနာတွေပဲလေ၊ သခင်"
"ဘာပဲဖြစ်ဖြစ်" လို့ မိုက်ကယ်က သက်ပြင်းချရင်း ဆိုလိုက်တယ်။
"ဟောဒီအဖွဲ့က ဘယ်သူတွေလဲ။ ပြီးတော့ သူတို့က ဘာလို့ တခြားစွန့်စားရှာဖွေသူတွေရဲ့ အတင်းအဖျင်း စကားတွေနဲ့ တိုးတိုးလေး ပြောဆိုရာ အဓိက အကြောင်းအရာ ဖြစ်နေရတာလဲ"
"သူတို့တွေက ဂိုးလ်စတုန်း ကုမ္ပဏီရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရတယ်၊ သခင်။ ကျွန်တော်မျိုးလည်း သူတို့အကြောင်း အများကြီး မသိသေးပေမယ့် တခြားစွန့်စားရှာဖွေသူတွေရဲ့ စကားအရဆိုရင် သူတို့က အဆင့်သတ်မှတ်ချက် တစ်ခုခုထဲမှာ ပါဝင်နေကြတာတဲ့။ ကမ္ဘာ့ထိပ်တန်း…"
"ဟုတ်တယ်၊ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်း။ သူတို့က အဆင့် ၄၉၅ မှာ ရှိနေတာဆိုတော့ ဟောဒီ ဂူသင်္ချိုင်းကို ဖောက်ထွင်းပြီး အမွေအနှစ်တွေကို ရရှိဖို့အတွက် အလားအလာ အကောင်းဆုံးလူတွေပေါ့။ အနည်းဆုံးတော့ ငါ ကြားသိရသလောက်ကတော့ အဲဒီအတိုင်းပဲ"
မိုက်ကယ်က ဒီကုမ္ပဏီအကြောင်း အများကြီး မသိသေးပေမယ့် တစ်ချိန်ချိန်မှာတော့ ဟောဒီ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲကို ဝင်ရောက်နိုင်ဖို့အတွက် သူ ဆုံးဖြတ်ထားတာပေါ့။
ဂျင်မီ ဒါမှမဟုတ် ယူနာ တို့က ဟောဒီ ဂိုးလ်စတုန်း ကုမ္ပဏီအကြောင်း ပိုပြီး သိရှိထားခြင်း ရှိမရှိကို သူ ထပ်ပြီး မေးမြန်းရဦးမှာ ဖြစ်ပါတယ်။
လောလောဆယ်တော့ မိုက်ကယ် ပြန်ဖို့ ပြင်ရတော့မှာပေါ့။
ဒါပေမဲ့ သူ အရိပ်တွေထဲကို ပြန်လည် ဝင်ရောက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ တောနက်ကြီးထဲကနေ တိုးညည်းတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့ရပါတယ်။
ခြေထောက် တစ်ဖက်လုံး သွေးချင်းချင်းနီနေတဲ့ စွန့်စားရှာဖွေသူတစ်ယောက်က စွန့်စားရှာဖွေသူအစုအဖွဲ့တွေ ရှိရာဘက်ဆီကို တရှိန်ထိုး ပြေးထွက်လာတာကိုး။
"ခြေထောက်။ တို့တွေ ခြေထောက် အကာအကွယ်တွေ လိုအပ်တယ်" လို့ သူက အော်ဟစ်လိုက်ပြီးတဲ့နောက်မှာတော့ မြေပြင်ပေါ်ကို ဝုန်းခနဲ လဲကျသွားပါတော့တယ်။
* * * * * * * * *