← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 18 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 18 Ch. 215-216

အခန်း (၂၁၅)

"သခင်။ သူတို့ မျက်နှာတွေကို သခင် မြင်လိုက်စေချင်တယ်" လို့ ဖတ်ချ်က လတ်တလော ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ဂိုးလ်စတုန်း အဖွဲ့သားတွေ လုံးဝကို ကြောင်တောင်တောင် ဖြစ်သွားရတဲ့ အကြောင်းကို မိုက်ကယ်ကို ပြန်ပြောပြနေတာပေါ့။

"သခင်။ ကျွန်တော် ပြောပြမယ်၊ ဟောဒီက နာရီတိုနဲ့ ဆာစူကီ တို့ပေါ့"

အရင်တုန်းက ဝံပုလွေအော့ခ် နဲ့ လိပ်ပြာဆူးအော့ခ် မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဟောင်းတွေဟာ မိုက်ကယ်ရဲ့ အရိပ်ထဲကနေ ထွက်ပေါ်လာပြီး ကိုယ်ထင်ပြလိုက်ကြတယ်။

ဖတ်ချ်က အဲဒီ ခန့်ညားထည်ဝါလှတဲ့ ခေါင်းဆောင်နှစ်ယောက်ကို သူ့ရဲ့ အရင်ဘဝတုန်းက အန်နီမေး ဇာတ်ကောင်တွေရဲ့ နာမည်တွေနဲ့ အရမ်းဆင်တူတဲ့ နာရီတိုနဲ့ ဆာစူကီ ဆိုပြီး ကိုယ်တိုင် နာမည်ပေးခဲ့တာကိုး။

အော့ခ်တွေကလည်း အဲဒီနာမည်တွေကို လုံးဝ စိတ်မရှိကြဘဲ သူတို့ရဲ့ နာမည်အသစ်တွေကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့တွေ ဆင့်ကဲပြောင်းလဲခြင်း မရှိခင်တုန်းကတော့ ဘာနာမည်မှ ရှိခဲ့ကြတာ မဟုတ်ဘူးလေ။

သူတို့တွေက သူတို့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ ထူးခြားတဲ့ အသံတွေကတစ်ဆင့်ပဲ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ခဲ့ကြတာကိုး၊ ဝံပုလွေအော့ခ်တွေက သူတို့ရဲ့ ပေါင်တွေကို ရိုက်ခတ်ကြပြီး လိပ်ပြာဆူးအော့ခ်တွေကျတော့ သူတို့ရဲ့ ဆူးတောင်တွေကို တီးခတ်ကြတာ ဖြစ်ပါတယ်။

"ဂိုးလ်စတုန်း အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အိတ်ချ် က သူ့လူတွေကို အကြောင်းရင်းကို စုံစမ်းခိုင်းလိုက်တော့ ကျွန်တော်တို့ရဲ့ လက်နက်တိုက်ကို ရှာတွေ့သွားကြတယ်ဗျ" လို့ ဝံပုလွေအော့ခ် ခေါင်းဆောင်ဖြစ်တဲ့ နာရီတို က သတင်းပို့လိုက်တယ်။

"ဟမ်း... မင်းက အချက်အလက်တွေ အများကြီးကို ချန်န်ထားခဲ့တာပဲ" လို့ လိပ်ပြာဆူးအော့ခ် ခေါင်းဆောင်ဖြစ်တဲ့ ဆာစူကီက ပြိုင်ဆိုင်လိုတဲ့ စိတ်နဲ့ ထောက်ပြလိုက်တာပေါ့။

"သူက အန်ဂိုရာ မြို့တော်ဆီကို သတင်းပို့ဖို့အတွက် သတင်းပို့သမားတစ်ယောက်ကို လွှတ်လိုက်ပြီဗျာ။ ကျွန်တော်လည်း ကျွန်တော့်ရဲ့ တပည့်တွေကို သူတို့ရဲ့ အရိပ်နောက်ကနေ လိုက်ခိုင်းပြီး အခြေအနေတွေကို ပိုသိရအောင် စုံစမ်းခိုင်းထားတယ်"

"ငါ စကားပြောလို့ မပြီးသေးဘူးလေ" လို့ နာရီတို က မကျေမနပ် ညည်းတွားလိုက်တယ်။

"ငါက တို့တွေရဲ့ သခင်ကို အဲဒီအကြောင်း သတင်းပို့ဖို့ လုပ်နေတာပါ။ မင်းက ဘာလို့ အမြဲတမ်း ငါ့ကို လာပြီး နှောင့်ယှက်နေရတာလဲ"

"ငါက နှောင့်ယှက်တာ မဟုတ်ပါဘူး။ တို့တွေရဲ့ သခင်အမှန်တရားကို သိအောင် လုပ်ပေးနေတာပါ။ ဒါက မင်းရဲ့ မာနကြောင့် အဲလိုမျိုး တွေးနေတာပဲ ဖြစ်ရမယ်"

မိုက်ကယ်လည်း အဲဒီနှစ်ယောက်ကို ထပ်ပြီး အငြင်းမပွားကြစေဖို့အတွက် ကြားကနေ ဖြန်ဖြေပေးလိုက်ရတာပေါ့။

"ဒါနဲ့ ဂိုးလ်စတုန်း ကုမ္ပဏီက ဘာတွေ ဆက်လုပ်ကြလဲ"

"ဟိဟိ၊ သူတို့က သူတို့ရဲ့ ဝယ်သူတွေကို အက်စစ်ဒဏ်ခံ ခြေထောက်အကာအကွယ်တွေ ပြန်ဝယ်လို့ရအောင် စီစဉ်ပြီး တို့တွေနဲ့ ပြိုင်ဆိုင်ဖို့ ပြင်နေကြတယ်ဗျာ။ ဟား…. သူတို့က အဲဒါတွေကို သူတို့သီးသန့် သိမ်းထားဖို့ ကြိုးစားခဲ့ကြတာပေါ့၊ ဒါပေမဲ့ လူတိုင်းက တို့တွေဆီကနေ ခြေထောက်အကာအကွယ်တွေ ဝယ်နေကြတာကို မြင်တော့မှ သူတို့ရဲ့ နည်းဗျူဟာကို ချက်ချင်း ပြောင်းလိုက်ကြတာလေ"

ဖတ်ချ်ကတော့ ရီနေးတားရဲ့ အရောင်းဌာန က လုပ်ဆောင်နိုင်ခဲ့တဲ့ အရာအပေါ် တကယ့်ကို ဂုဏ်ယူနေတာပေါ့။

"ကျွန်တော်တို့ရဲ့ အော့ခ်တွေရဲ့ ပြောပြချက်အရဆိုရင် သူတို့က တောနက်ထဲမှာ ယာယီလက်နက်တိုက် အရောင်းဆိုင်တစ်ခုကို ဆောက်ဖို့လည်း စီစဉ်နေကြတယ်ဗျ။ အခုအချိန်မှာတင် သူတို့ ဆောက်လုပ်နေကြပြီ" လို့ နာရီတိုက ပြောလိုက်တယ်။

တကယ်ပဲ ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မိုက်ကယ် ကိုယ်တိုင် သွားရောက်ကြည့်ရှုလိုက်တဲ့အခါ ရီနေးတား ရဲ့ အရောင်းဌာန ရဲ့ ဆန့်ကျင်ဘက် အခြမ်းမှာ သစ်သားနဲ့ ဆောက်ထားတဲ့ ယာယီတဲအိမ်လေးတစ်ခုကို တွေ့လိုက်ရတာပေါ့။ အဲဒီနေရာမှာ ဂိုးလ်စတုန်းကုမ္ပဏီရဲ့ အမှတ်တံဆိပ် ရှိနေပြီး သူတို့ရဲ့ ဝန်ထမ်းတွေက တာဝန်ယူထားကြတာ ဖြစ်ပါတယ်။

အဲဒါက တကယ့်ကို အလျင်စလို ဆောက်လုပ်ထားခဲ့ရတာကြောင့် စုတ်ပြတ်နေပြီး ဘာအလှဆင်မှုမှ မရှိတာဆိုပေမဲ့ သူ့ရဲ့ တာဝန်ကိုတော့ ကောင်းကောင်း ထမ်းဆောင်နိုင်မှာပါ။ အဲဒီမှာ မည်သူမဆို ဝယ်ယူနိုင်တဲ့ ဂိုးလ်စတုန်းရဲ့ ဝတ်စုံတွေနဲ့ လက်နက်တွေကို ခင်းကျင်းပြသထားတာကိုး။

ဒါပေမဲ့ သူတို့ ထင်ထားခဲ့တာထက် အရောင်းအဝယ်က တော်တော်လေး အေးစက်နေတာကို တွေ့လိုက်ရတယ်။

သူတို့ရဲ့ ဆိုင်မှာ ဘယ်သူမှ လာပြီး မဝယ်ကြဘူးလေ။

ဒါကတော့ စွန့်စားရှာဖွေသူတွေအားလုံး က ရီနေးတား ရဲ့ ထုတ်ကုန်တွေကိုပဲ ဝယ်ယူပြီး အသုံးပြုဖို့ ကျင့်သားရနေကြပြီဖြစ်လို့ပါပဲ။ အကျဉ်းချုပ်ပြောရရင်တော့ သူတို့တွေ နောက်ကျသွားခဲ့ပြီပေါ့။

ဒါတင် မကသေးပါဘူး၊ သူတို့ရဲ့ အရည်အသွေးကလည်း ရီနေးတားရဲ့လက်နက်တိုက် ထက်စာရင် နည်းနည်းလေး လျော့နည်းနေပြီး ဈေးနှုန်းကတော့ အများကြီး ပိုပြီး ဈေးကြီးလွန်းနေတာကိုး။

မီးခိုးရောင် တောက်ပြောင်နေတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ကတုံးနဲ့ဖြစ်တဲ့ ဂိုးလ်စတုန်း စွန့်စားရှာဖွေသူတွေရဲ့ ခေါင်းဆောင် အိတ်ချ် ဟာ ရီနေးတားလက်နက်တိုက် နဲ့ ပြိုင်ဆိုင်နိုင်ဖို့အတွက် ဈေးနှုန်းတွေကို အများကြီး ချပစ်လိုက်ရတော့တာပေါ့။

သူတို့က ဈေးနှုန်းတွေကို ၄၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပစ်လိုက်တာကြောင့် ရီနေးတား ရဲ့ ထုတ်ကုန်တွေထက်တောင် ပိုပြီး ဈေးသက်သာသွားခဲ့ရတယ်။

ဒါကြောင့်မို့လို့ သူတို့လည်း နောက်ဆုံးမှာတော့ ဝယ်သူအချို့ကို ရရှိလာခဲ့တာပေါ့။

ဂူသင်္ချိုင်း စီမံကိန်းက တဖြည်းဖြည်းနဲ့ ရှေ့ကို ပိုပြီး တိုးတက်လာတာနဲ့အမျှ ထောင်ချောက်တွေနဲ့ အန္တရာယ်တွေကလည်း ပိုပြီး များပြားလာတာကြောင့် ပျက်စီးသွားတဲ့ ဝတ်စုံတွေကို လဲလှယ်ဖို့ လိုအပ်ချက်တွေက ပိုပြီး မြင့်မားလာခဲ့ပြန်တယ်။

တစ်ဖက်မှာလည်း အတွင်းထဲကနေ ရှာဖွေတွေ့ရှိရတဲ့ ရတနာတွေက ပိုပြီးတော့ တန်ဖိုးကြီးမားလွန်းနေတာကြောင့် အန္တရာယ်တွေ ပိုများလာတာကို သိရက်နဲ့တင် စွန့်စားရှာဖွေသူ အမြောက်အမြားကို ဆွဲဆောင်နေသလို ဖြစ်နေတာကိုး။

ဒါကြောင့်မို့လို့ နယ်မြေအသီးသီးကနေ ဂူသင်္ချိုင်းကို စွန့်စားဖို့အတွက် သင့်တော်တဲ့ ဝတ်စုံတွေ လိုအပ်နေကြတဲ့ စွန့်စားရှာဖွေသူ အသစ်တွေ အများကြီး ထပ်မံ ရောက်ရှိလာကြတာ ဖြစ်ရမယ်။

အဲဒီအချက်ကြောင့်ပဲ ဂိုးလ်စတုန်း ရဲ့ ယာယီအရောင်းဆိုင်မှာ ပြဿနာတစ်ခု ကြုံတွေ့လာရပါတော့တယ်။

သူတို့ရဲ့ ကုန်ပစ္စည်းတွေက ဝယ်လိုအားကို မလိုက်မီနိုင်တော့တာပါပဲ။

သူတို့ရဲ့ ပစ္စည်းတွေက ပစ္စည်းအသစ်တွေ ထပ်ဖြည့်ပြီး တစ်ရက်တောင် မပြည့်ခင်မှာတင် အကုန်လုံး ရောင်းထွက်သွားတတ်တာကိုး။

ပုံမှန်ဆိုရင်တော့ ဒါက သူတို့အတွက် ပျော်ရွှင်စရာအကြောင်းပြချက်တစ်ခု ဖြစ်ရမှာပါ။ ဒါပေမဲ့ ဒါဟာ ဒီတိုက်ပွဲအတွင်းမှာ သူတို့ရဲ့ ရွှေဒင်္ဂါးတွေကို အကုန်သုံးဖို့ အသင့်ဖြစ်နေကြတဲ့ ဝယ်သူအမြောက်အမြားကို လက်လွတ်ဆုံးရှုံးနေရတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်နေတာကိုး။

အဲဒီလိုမျိုး သူတို့ဆိုင်ကနေ လက်ဗလာနဲ့ စိတ်ပျက်လက်ပျက် ပြန်ထွက်လာကြတဲ့ လူတွေအားလုံးဟာ ဂူသင်္ချိုင်းရဲ့ ဆန့်ကျင်ဘက် အခြမ်းမှာရှိတဲ့ သူတို့ရဲ့ ပြိုင်ဘက် ရီနေးတားလက်နက်တိုက် ဆီကိုပဲ သွားကြပါတော့တယ်။

ပြီးတော့ အဲဒီကုမ္ပဏီကတော့ အခုလိုမျိုး ပြဿနာကို ဘယ်တော့မှ မကြုံတွေ့ရသလိုပါပဲ။

နေ့တိုင်း နေ့တိုင်း စွန့်စားရှာဖွေသူ ၂၀ လောက်က အက်စစ်ဒဏ်ခံ ခြေထောက်အကာအကွယ်တွေကို လာပြီး ဝယ်ယူနေကြတာတောင် သူတို့ရဲ့ ဆိုင်မှာတော့ ပစ္စည်းတွေက အမြဲတမ်း ပြည့်နှက်နေတာကိုး။

"ဒီကုမ္ပဏီက ဘယ်ကနေ ရောက်လာတာလဲဟင်။ သူတို့က ကုန်ပစ္စည်းတွေကို တကယ့်ကို မြန်မြန်ဆန်ဆန် ဖြည့်တင်းနိုင်တာပဲ"

ဂိုးလ်စတုန်း စွန့်စားရှာဖွေသူတွေဟာ ကွင်းစ်နယ်မြေ ရဲ့ မြေပုံကို သေသေချာချာ ကြည့်ရှုလိုက်ကြပေမဲ့ ဂူသင်္ချိုင်းရဲ့ အနီးအနားမှာ ဘာမြို့မှ ရှိမနေတာကို တွေ့လိုက်ရတယ်။ အနီးဆုံးဆိုလို့ အန်ဂိုရာ မြို့တော် ပဲ ရှိတာပါ။

"သူတို့က ဟောဒီနေရာ အော်ကပ်စ်မြို့ ကနေ လာတာ ဖြစ်နိုင်မလား" လို့ တစ်စုံတစ်ယောက်က ကွင်းစ်နယ်မြေ ရဲ့ အစွန်အဖျား နေရာကို ညွှန်ပြရင်း ဆိုလိုက်တယ်။

"အဲဒီနေရာက လူသူကင်းမဲ့နေတဲ့ မြို့ပျက်ကြီးလို့ ကြားဖူးတယ်နော်။ ပျက်စီးနေတာ ပြုပြင်လို့တောင် မရတော့ဘူး"

"အကယ်၍ သူတို့က အဲဒီကနေ လာတာဆိုရင်တောင် ကုန်ပစ္စည်းတွေ သယ်ဖို့အတွက် အနည်းဆုံး တစ်ပတ်လောက် ကြာမှာပဲလေ။ သူတို့က ပစ္စည်းတွေကို ဒီလောက်အထိ မြန်မြန် ဖြည့်နိုင်တာကို ကြည့်ရင် တကယ့်ကို အနီးအနားမှာတင် ရှိနေရမယ်"

အိတ်ချ် က သူ့ရဲ့ တပည့်တွေကို ငြိမ်သက်သွားအောင် လုပ်လိုက်ရတော့တာပေါ့။

"ဒါက အဆင်ပြေပါတယ်" လို့ သူက တပည့်တွေကို ပြတ်သားတဲ့ အသံနဲ့ ပြောလိုက်တယ်။ "တို့တွေက ဝတ်စုံတွေနဲ့ လက်နက်တွေကို ရောင်းဖို့အတွက် ဒီကို ရောက်နေတာ မဟုတ်ဘူး။ တို့တွေရဲ့ ရည်ရွယ်ချက်က ဟောဒီ ဂူသင်္ချိုင်းကို အပြီးသတ် စွန့်စားရှာဖွေဖို့ပဲ။ တို့တွေရဲ့ အလုပ်ရှင်တွေက တို့တွေကို ဒီဂူသင်္ချိုင်းကို ပထမဆုံး အပြီးသတ်နိုင်မယ့်သူတွေ ဖြစ်စေချင်တာ၊ အဲဒါမှ တို့ကုမ္ပဏီ နာမည်က သတင်းစာတွေထဲမှာ ပါလာမှာကိုး။ တို့တွေသာ အဲဒါကို လုပ်နိုင်ခဲ့မယ်ဆိုရင် နောက်ဆုံးမှာတော့ တို့တွေ ရှေ့ကို တိုးတက်သွားပြီး ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်း ရဲ့ အဆင့် ၄၉၄ နေရာကို ရရှိနိုင်မှာ ဖြစ်တယ်"

အက်စစ်ဖြစ်ရပ် ဖြစ်ပွားပြီးနောက် တစ်လနီးပါး ကြာပြီးတဲ့အချိန်မှာတော့ ဂူသင်္ချိုင်းရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို စွန့်စား ရှာဖွေပြီးသား ဖြစ်နေပါပြီ။

ကံကောင်းတဲ့ စွန့်စားရှာဖွေသူ အချို့ကတော့ လျှို့ဝှက်ရတနာ အခန်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပေမဲ့ ဘာရတနာ ကျောက်မျက်တွေနဲ့ ရွှေတုံးတွေကမှ ဂူသင်္ချိုင်းရဲ့ နောက်ဆုံး တံခါးကြီးရဲ့ အဆုံးမှာရှိမယ့် တကယ့် ဆုလာဘ်ကြီးကိုတော့ မီမှာ မဟုတ်ပါဘူး။

အဲဒီအချိန်မှာပဲ ကောင်းကင်ဘုံစစ်သည်တော်များအဖွဲ့ က သူတို့ရဲ့ ကိုယ်ပိုင် စွန့်စားရှာဖွေသူ အဖွဲ့ကို နောက်ဆုံးမှာ စေလွှတ်လိုက်ကြပါတော့တယ်။

စခန်းထဲမှာရှိတဲ့ လူတိုင်းဟာ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ စစ်သည်တော် ဆယ်ယောက်လောက် ဂူဝဆီကို ဝင်ရောက်လာကြတဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ ဂျိမ်းဂျိမ်းဂျွမ်းဂျွမ်း ဆိုတဲ့ လက်နက်ချင်း ထိခိုက်သံကြီးတွေကြောင့် နိုးလာခဲ့ကြတာပေါ့။

"ဝိုး... သူတို့တွေ တပည့်တွေကိုတောင် မလွှတ်ဘဲ ကိုယ်တိုင် လာကြတာပဲ။ ဒါက တကယ်ကြီး အရေးကြီးနေပြီ"

"ဆိုလိုတာက သူတို့အားလုံးက အနည်းဆုံး ကြယ်လေးပွင့် စစ်သည်တော်တွေ ဖြစ်ရမယ်..."

"ကြည့်စမ်း။ ဟိုမှာ ဆာဂျွန်ပဲဗျ။ သူက ကြယ်ငါးပွင့် စစ်သည်တော်ကြီးလေ"

ဒါကတော့ စွန့်စားရှာဖွေသူတွေအတွက် ဟောဒီ ဂူသင်္ချိုင်း တိုက်ပွဲက အဆုံးသတ်ဖို့ နီးကပ်လာပြီဆိုတာကို အချက်ပေးလိုက်တာပါပဲ။

အခုဆိုရင် စစ်သည်တော်ကြီးတွေ ရောက်ရှိလာကြပြီဖြစ်လို့ သူတို့တွေဟာ နောက်ဆုံး စွန့်စားမှုကို မနက်ဖြန်ထက် နောက်မကျဘဲ အပြီးသတ်နိုင်ကြမှာ သေချာလှပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က ဒီတိုက်ပွဲမှာ ပါဝင်ချင်တယ်ဆိုရင်တော့ ဒါက သူတို့ ရရှိမယ့် နောက်ဆုံး အခွင့်အရေး ဖြစ်ရမှာပေါ့။

ဒါကြောင့်မို့လို့ စွန့်စားရှာဖွေသူ အမြောက်အမြားဟာ ဆာဂျွန် ဦးဆောင်တဲ့ စစ်သည်တော်ကြီးတွေရဲ့ အနောက်မှာတင် ဂူဝမှာ စုရုံးရောက်ရှိနေကြတာ ဖြစ်ပါတယ်။

ဒါပေါ့၊ ဟောဒီ စွန့်စားရှာဖွေသူ အများစုကတော့ သူတို့အနေနဲ့ တကယ့် ရတနာအခန်းကြီးထဲကနေ တန်ဖိုးရှိတဲ့ အရာတွေကို ရရှိဖို့ အလားအလာ မရှိဘူးဆိုတာကို သိကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့က စစ်သည်တော်ကြီးတွေအပြင် အကောင်းဆုံးအဆင့်မှာ ရှိနေကြတဲ့ ဂိုးလ်စတုန်း အဖွဲ့သားတွေနဲ့ပါ အပြိုင်အဆိုင် ကစားကြရမှာကိုး

"မင်း ထင်တာတော့ ဘယ်သူက နောက်ဆုံးမှာ အနိုင်ရမယ့်သူ ဖြစ်မလဲ"

"ကျွန်တော်ကတော့ ဆာဂျွန်ကိုပဲ လောင်းကြေးထပ်တယ်ဗျာ။ သူက စစ်သည်တော်ကြီးလေ"

"မင်းကတော့ အဖွဲ့အစည်းရဲ့ ပရိသတ်ကြီးအဖြစ် အမြဲတမ်း ရှိနေတာပဲ။ ကျွန်တော်ကတော့ ဂိုးလ်စတုန်း ကုမ္ပဏီ ဖြစ်မယ်လို့ ထင်တယ်။ မင်း သိလား... သူတို့ရဲ့ ခေါင်းဆောင် အိတ်ချ် မှာ လျှို့ဝှက်လက်နက်တစ်ခု ရှိတယ်နော်... ငါ ကြားတာတော့ သူ့ရဲ့ လက်ဝှေ့စစ်သည်တော်မှာ မီသရယ် အကြွင်းအကျန် အပိုင်းအစလေးတစ်ခု ထည့်သွင်းထားတယ် တဲ့"

"ဟုတ်တယ်။ ဒါက ခွန်အားတစ်ခုတည်းနဲ့တင် ဆိုင်တာ မဟုတ်ပါဘူး။ ဂူသင်္ချိုင်းထဲမှာ ထောင်ချောက်တွေနဲ့ လှည့်ကွက်တွေ ရှိနေနိုင်သေးတာပဲလေ။ ကျွန်တော်ကတော့ ကြယ်၄ပွင့် စွန့်စားရှာဖွေသူတွေ ဒါမှမဟုတ် ကြယ်၃ပွင့် စွန့်စားရှာဖွေသူ အဖွဲ့က ရတနာအခန်းဆီကို ရောက်ဖို့ အလားအလာ အကောင်းဆုံးလို့ ထင်တယ်။ သူတို့က ဒါမျိုးတွေနဲ့ ပတ်သက်ရင် အတွေ့အကြုံ အရှိဆုံးပဲကိုး"

ဟောဒီ စွန့်စားရှာဖွေသူ အများစုကတော့ တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန် ငြင်းခုံနေကြတဲ့ အချိန်မှာပဲ၊ အနောက်ဘက်ကနေ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ဒရာကွန်ဘွန်းလေးယောက် ပါဝင်တဲ့ လုံးဝ ထူးဆန်းလှတဲ့ အဖွဲ့တစ်ခု ရောက်ရှိလာခဲ့ပါတော့တယ်။

* * * * * * * * *

စာစဉ်(၁၈)

အခန်း (၂၁၆)

မိုက်ကယ်ကတော့ အစကတည်းက ဂူသင်္ချိုင်းကို တစ်ယောက်တည်း စွန့်စားဖို့ စဉ်းစားထားခဲ့တာပါ၊ ဒါပေမဲ့ ဒါပေါ့၊ ရှီနာက ကြားကနေ ဝင်ရောက်စွက်ဖက်ပြီး ဟောဒီ တိုက်ပွဲမှာ သူတို့ပါ လိုက်ခဲ့ကြဖို့ အတင်းအကျပ် လိုက်ခဲ့တာကိုး။

အခုဆိုရင်တော့ ဟောဒီ ဂူသင်္ချိုင်းရဲ့ စွန့်စားမှုတစ်ခုလုံးက မောင်နှမတွေအတွက် အပန်းဖြေ ခရီးတစ်ခုလိုမျိုး ဖြစ်နေပါတော့တယ်။ ဂူသင်္ချိုင်းထဲမှာ သူတို့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေနဲ့ စိုးရိမ်စရာတွေ ရှိနေတာကို သိရက်နဲ့တင် ဒရာကွန်ဘွန်းတွေကတော့ ဒါကို သာမန် အလုပ်လေးတစ်ခုလိုပဲ သတ်မှတ်ထားကြတယ်။

ပြီးတော့ အဲဒါကလည်း အကြောင်းပြချက် မရှိတာ မဟုတ်ပါဘူး။ သူတို့ရဲ့ တိုက်ခိုက်ရေး အရည်အချင်းတွေက အက်ဂ်နက်စ်နဲ့အတူ လပေါင်းများစွာ လေ့ကျင့်ပြီးတဲ့နောက်မှာတော့ သာမန်လူတွေထက် အများကြီး ပိုမို တိုးတက်ပြောင်းလဲနေခဲ့ပြီလေ။

ဒါကြောင့်မို့လို့ မိုက်ကယ်နဲ့ ဒရာကွန်ဘွန်းတွေဟာ အနောက်မှာ စောင့်ဆိုင်းနေကြတဲ့ စွန့်စားရှာဖွေသူ တစ်ရာကျော်လောက်နဲ့အတူ ဂူဝဆီကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

တခြားလူတွေလိုပဲ သူတို့တွေကလည်း ရှေ့တန်းက စစ်သည်တော်ကြီးတွေရဲ့ အနောက်မှာ စောင့်ဆိုင်းနေခဲ့ကြတာပေါ့။ စစ်သည်တော်ကြီးတွေ ရှေ့ကို ရွေ့လျားသွားတာနဲ့အမျှ စွန့်စားရှာဖွေသူတွေလည်း လိုက်ပါ သွားကြတာ ဖြစ်ပါတယ်

မိုက်ကယ်ကတော့ ဒီတိုက်ပွဲအတွက် တစ်လလောက်အထိ အာရုံစိုက်ထားခဲ့ရတာဆိုပေမဲ့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ဖူးတာကတော့ မရှိသေးပါဘူး။ ဒါက ပထမဆုံး အကြိမ်ပဲ ဖြစ်ရမှာပေါ့။

ဂူဝရဲ့ အဝင်ဝကို ကြည့်လိုက်ရင်တော့ အတိတ်ကာလတုန်းက ကြီးကျယ်လှတဲ့ နိုင်ငံတော်ကြီးတစ်ခုရဲ့ အပျက်အစီးတွေထဲကနေ ထွက်ပေါ်လာသလိုမျိုး ရှိနေတာကိုး။ မိုက်ကယ်ကတော့ အဲဒါကို သူ့ရဲ့ အရင်ဘဝတုန်းက မြေအောက်ထဲကို နစ်မြုပ်သွားခဲ့ဖူးတဲ့ မာယာယဉ်ကျေးမှု အဆောက်အအုံတွေရဲ့ ပုံစံမျိုးနဲ့ နှိုင်းယှဉ်ကြည့်နေမိတယ်။

အဲဒါကို အများသောအားဖြင့် ကျောက်တုံး အုတ်ခဲတွေနဲ့ တည်ဆောက်ထားခဲ့တာဖြစ်ပြီး အတိတ်ကာလတုန်းကတော့ ကြီးကျယ်လှတဲ့ ဗိသုကာလက်ရာတစ်ခု ဖြစ်ခဲ့မှာဆိုပေမဲ့ အခုတော့ မှော်ပင်တွေနဲ့ မြက်ပင်တွေပဲ ပြည့်နှက်နေပါတော့တယ်။

ဂူသင်္ချိုင်းတစ်ခုလုံးက မြေအောက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ မိုက်ကယ်ကတော့ မူလဂူသင်္ချိုင်းက အတိတ်ကာလတုန်းက ပြင်းထန်လှတဲ့ ငလျင်လှုပ်ခတ်မှုတွေကြောင့် မြေပြင်ပေါ်က ကြီးမားတဲ့ အက်ကြောင်းကြီးတစ်ခုထဲကို နစ်မြုပ်သွားခဲ့တာ ဖြစ်ရမယ်လို့ သံသယဝင်နေမိတာပေါ့။ မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ကျောက်တုံး အပျက်အစီးတွေက အမိုးတွေရဲ့ ပုံစံမျိုး ရှိနေတာကို ကြည့်ရင် အဲဒီသီအိုရီက ပိုပြီးတော့ ခိုင်မာနေသလိုပါပဲ။

မိုက်ကယ်နဲ့ ဒရာကွန်ဘွန်းတွေဟာ စွန့်စားရှာဖွေသူတွေရဲ့ အနောက်ကနေ လိုက်ဝင်သွားခဲ့ကြပြီး ကျောက်စက်ပန်းဆွဲတွေနဲ့ ကျောက်တုံးအုတ်ခဲတွေ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ထားတဲ့ ကြီးမားလှတဲ့ ဂူကြီးတစ်ခုကို တွေ့လိုက်ရတာပေါ့။

ဂူတစ်ခုလုံးကို စွန့်စားရှာဖွေသူတွေရဲ့ မီးတောက်တွေနဲ့ လင်းထိန်နေစေတာကြောင့် မိုက်ကယ်အနေနဲ့ မြေပြင်ပေါ်မှာ ပျက်စီးနေတဲ့ ရုပ်ထုတွေနဲ့ တိုင်လုံးကြီးတွေကို သေသေချာချာ မြင်တွေ့နိုင်ခဲ့ပါတယ်။

"ဖတ်ချ်။ ဒါက ဘယ်လိုမျိုး ဂူသင်္ချိုင်းလဲဟင်"

အပေါ်က ကျောက်စက်ပန်းဆွဲတွေဆီကနေ ခရမ်းရောင် စလိုင်းမ် လေးက စီးကျလာပြီး မိုက်ကယ်ရဲ့ ခေါင်းပေါ်ကို လာကျတာပေါ့။

"ကျွန်တော် ကြားတာတော့ ဒါက အတိတ်ကာလတုန်းက နာမည်ကျော်ကြားခဲ့တဲ့ စစ်သူကြီးတစ်ယောက်ရဲ့ အနားယူရာနေရာတဲ့ဗျ"

မိုက်ကယ်လည်း အဲဒီစကားကို ယုံကြည်လိုက်မိတယ်၊ ဘာလို့လဲဆိုတော့ အဲဒါက အဖွဲ့အစည်းက စစ်သည်တော်ကြီးတွေ ဘာကြောင့် ဒီဂူသင်္ချိုင်းအပေါ် စိတ်ဝင်စားနေကြရသလဲဆိုတာကို အစကတည်းက ရှင်းပြပေးနိုင်လို့ပါပဲ။

သူတို့တွေ ဂူထဲကို ပိုပြီးတော့ အောက်ဘက်ဆီကို ဆက်လက် ဝင်ရောက်လာကြတဲ့ အချိန်မှာတော့ ဂူတည်ဆောက်ပုံက ပိုပြီးတော့ ကျဉ်းမြောင်းသွားခဲ့ပြီး လမ်းခွဲ ဆယ်ခုထဲကနေ ရွေးချယ်ဖို့ အခြေအနေ ဖြစ်လာခဲ့ရတာပေါ့။ မှန်ကန်တဲ့ လမ်းခွဲကိုတော့ အရင် စွန့်စားရှာဖွေသူတွေက အမှတ်အသား ပြုလုပ်ထားခဲ့ကြပြီဖြစ်လို့ လူတိုင်းက ပထမဆုံး ထောင်ချောက်ကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကြတယ်။

ဒါကြောင့်မို့လို့ ဂူသင်္ချိုင်းက တော်တော်လေးကို ဘေးကင်းလုံခြုံနေတာကြောင့် ဒရာကွန်ဘွန်းတွေအတွက်တော့ နည်းနည်း ပျင်းစရာ ကောင်းနေတာပေါ့။

အမြဲတမ်း တည်ကြည်လေးနက်နေတတ်တဲ့ ရှီနာ တောင်မှ လမ်းလျှောက်နေရင်းနဲ့ သူမရဲ့ မြှားတွေကို အချောသပ်နေခဲ့မိတာပဲလေ။

အဖွဲ့ထဲမှာ အကြီးဆုံးဖြစ်တဲ့ ဂျာကူ ကတော့ အိပ်ချင်မူးတူးနဲ့ သမ်းဝေလိုက်မိပြီး အရှေ့က စွန့်စားရှာဖွေသူတွေရဲ့ အနောက်ကနေ ပျက်စီးနေတဲ့ ကျောက်တုံးအုတ်ခဲ မြေပြင်ပေါ်မှာ ခြေထောက်တွေကို တရွတ်တိုက်ဆွဲရင်း လိုက်ပါလာခဲ့တာပေါ့။

တစ်ဖက်မှာတော့ ယူမီစု က အရှေ့က စွန့်စားရှာဖွေသူတွေအပေါ်မှာ တကယ့်ကို ရှက်ကြောက်နေတာကြောင့် အနောက်ဘက်မှာပဲ ကျန်ရစ်ခဲ့ဖို့ ကိုယ့်ကိုယ်ကိုယ် ခွင့်ပြုထားခဲ့တာကိုး။

ဒါပေမဲ့ ဇိုင်ယွန် ကတော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။ အားအင်တွေ ပြည့်နှက်နေတဲ့ အဲဒီ ဒရာကွန်ဘွန်းလေးကတော့ အရှေ့က စွန့်စားရှာဖွေသူ အချို့ရဲ့ အနားကို အပြေးအလွှား သွားရောက်ပူးပေါင်းလိုက်ပြီး စကားတွေ သွားပြောနေတာပေါ့။

သူက စွန့်စားရှာဖွေသူတွေကို သူတို့ရဲ့ အရင် အတွေ့အကြုံတွေနဲ့ အတိတ်ကာလတုန်းက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအကြောင်း မေးခွန်းတွေအမြောက်အမြားနဲ့ တရစပ် မေးမြန်းပါတော့တယ်။ ပြီးတော့ သူတို့ သွားနေကြတဲ့ လိုဏ်ခေါင်းကလည်း သိပ်ပြီးတော့ မကြီးတာကြောင့် သူ့ရဲ့ အသံကြီးက လမ်းတလျှောက်လုံးမှာ ဟိန်းထွက်နေပြီး ပဲ့တင်ထပ်နေတာပေါ့။

အဲဒီအချိန်ကျမှပဲ စွန့်စားရှာဖွေသူ အချို့က မိုက်ကယ်ရဲ့ ထူးဆန်းလှတဲ့ အဖွဲ့ကို သတိထားမိသွားကြတာ ဖြစ်ပါတယ်။

မိုက်ကယ်ကတော့ စွန့်စားရှာဖွေသူတွေက သူတို့အဖွဲ့ကို ကြည့်ပြီး တော်တော်လေး ဇဝေဇဝါ ဖြစ်နေကြတာကို မြင်တွေ့နိုင်ခဲ့တာပေါ့။ ပထမဆုံး အချက်အနေနဲ့ သူတို့တွေက ဒရာကွန်ဘွန်းတွေကို တစ်ခါမှ မမြင်ဖူးကြသေးလို့ဖြစ်ပြီး၊ ဒုတိယအချက်အနေနဲ့ကတော့ ကလေးတစ်ယောက်က သူတို့နဲ့အတူ လိုက်ပါလာလိမ့်မယ်လို့ မထင်ထားခဲ့ကြလို့ပါပဲ။

နောက်ဆုံးမှာတော့ သူတို့ထဲက တစ်ယောက်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်ရတော့တာပေါ့။

"တဆိတ်လောက်၊ ခင်ဗျားတို့က ဘယ်သူတွေလဲဟင်"

ဇိုင်ယွန် က ပြုံးလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကြေညာလိုက်တာက

"ကျွန်တော်က ဇိုင်ယွန် ပါ၊ တို့တွေက ရီနေးတားနိုင်ငံတော်က လာကြတာ ဖြစ်ပါတယ်"

သူ့ရဲ့ အဖြေကိုတော့ သူတို့တွေရဲ့ ပထဝီဝင် သင်ခန်းစာတွေကို အတင်းပြန်စဉ်းစားဖို့ ကြိုးစားနေကြတဲ့ ကြောင်တောင်တောင် မျက်နှာတွေနဲ့ပဲ ဆီးကြိုနှုတ်ဆက်လိုက်ကြတာပေါ့။ ဒါပေမဲ့ သူတို့တွေ ဘယ်လောက်ပဲ ကြိုးစားပမ်းစား စဉ်းစားကြ စဉ်းစားကြ၊ ဟောဒီ နိုင်ငံတော်အကြောင်းကို တစ်ခါမှ မကြားဖူးကြပါဘူး။

"ခဏလေး... ရီနေးတား ဟုတ်လား။ ဘာလို့ အဲဒီနာမည်က ရင်းနှီးနေရတာလဲ"

စွန့်စားရှာဖွေသူက သူ့ရဲ့ ရင်ဘတ်ပေါ်မှာ ထင်ဟပ်နေတဲ့ ရှုပ်ထွေးလှတဲ့ 'R' အမှတ်တံဆိပ်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်ကျမှပဲ အခြေအနေတွေကို နောက်ဆုံးမှာ ဆက်စပ်မိသွားပါတော့တယ်။

"ရီနေးတားလက်နက်တိုက်လား။ ခင်ဗျားတို့က အဲဒီနေရာရဲ့ ပိုင်ရှင်တွေလား"

"ဟင်။ ဪ ဟုတ်သားပဲ။ တို့တွေရဲ့ သခင်က အဲဒီနေရာရဲ့ ပိုင်ရှင်လေ" လို့ ဇိုင်ယွန် က အနောက်မှာ လမ်းလျှောက်လာတဲ့ ရွှေဝါရောင် ဆံပင်တွေနဲ့ ကလေးလေးကို ညွှန်ပြရင်း ပြောလိုက်တာပေါ့။

သူတို့ရဲ့ စကားဝိုင်းကို ကြားလိုက်ရတဲ့ စွန့်စားရှာဖွေသူတွေအားလုံးဟာ ကွေးကောက်နေတဲ့ ကျောက်တုံးအုတ်ခဲ လိုဏ်ခေါင်းရဲ့ အလယ်တည့်တည့်မှာတင် ရုတ်တရက် ရပ်တန့်သွားကြတာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ကုန်ပါတော့တယ်။

"ရီနေးတားလက်နက်တိုက် ဟုတ်လား။ ခင်ဗျားတို့က ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ရမယ့်သူတွေပဲ။ အကယ်၍ ဟောဒီ ဦးထုပ်သာ မရှိခဲ့ရင် ကျွန်တော့်ရဲ့ ခေါင်းက အခုဆိုရင် အပိုင်းပိုင်း ပြတ်နေလောက်ပြီ"

"ကျွန်တော်လည်း တူတူပါပဲ။ ပြီးတော့ သူတို့ရဲ့ မီးခြစ်တွေကြောင့်သာ မဟုတ်ရင် အခန်းတွေထဲက တစ်ခုမှာ ပိတ်မိနေတုန်းက အေးစက်လှတဲ့ ညကို ကျွန်တော် ကျော်ဖြတ်နိုင်ခဲ့မှာ မဟုတ်ဘူး"

"ဟေး၊ ခင်ဗျားတို့က ဒီလို ဝတ်စုံတွေကို ဘယ်လိုမျိုး မြန်မြန်ဆန်ဆန် ဖန်တီးလိုက်တာလဲ ပြောပြပါဦး။ အရာရာကို မှော်ပညာနဲ့ပဲ ဖန်တီးလိုက်သလိုမျိုးပဲနော်"

မိုက်ကယ်နဲ့ ဒရာကွန်ဘွန်းတွေဟာ အခုလိုမျိုး စပ်စုချင်စိတ် ပြင်းပြနေကြတဲ့ စွန့်စားရှာဖွေသူတွေရဲ့ ဝိုင်းအုံခြင်းကို ခံလိုက်ရတော့တာပေါ့။ သူတို့တွေက ရီနေးတား ကုမ္ပဏီအကြောင်းနဲ့ သူတို့ရဲ့ ပန်းပဲအတတ်ပညာအပေါ် ဘယ်လောက်တောင် အထင်ကြီး လေးစားနေရသလဲဆိုတာကို မေးခွန်းအမျိုးမျိုးနဲ့ မေးမြန်းနေကြတာကိုး။

ဒါပေါ့၊ ဟောဒီ လူတွေကတော့ သူတို့တွေကို ဂိုးလ်စတုန်း ကုမ္ပဏီလိုမျိုး သီးသန့် ပန်းပဲလုပ်ငန်းတစ်ခုလို့ပဲ ထင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရှီနာ က ဒါဟာ သူတို့ရဲ့ ထုတ်ကုန်အမျိုးအစားတွေထဲက အစိတ်အပိုင်းတစ်ခုမျှသာ ရှိသေးတယ်ဆိုတာကို သူတို့ကို ရှင်းပြပေးလိုက်ရတာပေါ့။

အဲဒီအချက်က သူတို့ကို ပိုပြီးတော့တောင် မေးခွန်းတွေအမြောက်အမြား မေးမြန်းလာအောင် ဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့ပေမဲ့ ရှီနာကတော့ သူတို့တွေ ရှေ့ကို ဆက်ပြီး လမ်းမလျှောက်ကြမချင်း ဘယ်သူ့ကိုမှ ပြန်လည် ဖြေကြားပေးခြင်း မရှိတော့ပါဘူး၊ အဲလိုမှ မဟုတ်ရင် သူတို့တွေ အနောက်မှာ လုံးဝ ပြတ်ကျန်ရစ်ခဲ့ရတော့မှာကိုး။

ဒါကြောင့်မို့လို့ သူတို့တွေ ဂူသင်္ချိုင်းအတွင်းထဲကို ဆက်လက် ဝင်ရောက်လာကြတဲ့ အချိန်မှာတော့ စွန့်စားရှာဖွေသူ အချို့က ဒရာကွန်ဘွန်းတွေရဲ့ ပုံမှန်မဟုတ်တဲ့ ခန္ဓာကိုယ် စွမ်းဆောင်ရည်တွေကို နောက်ဆုံးမှာ သတိထားမိသွားကြပါတော့တယ်။

သူတို့တွေက ချောက်ကမ်းပါး ထောင်ချောက်တွေကို ဘာအားစိုက်ထုတ်မှုမှ မလိုဘဲ အလွယ်တကူ ခုနကပဲ ခုန်ကျော်သွားခဲ့ကြတာဖြစ်ပြီး၊ နံရံထောင်ချောက်တွေထဲကနေ မြှားတွေက သူတို့ရဲ့ မျက်နှာဘေးကနေ ဖြတ်သန်းသွားတဲ့ အချိန်မှာတောင် ဘာမှမဖြစ်သလိုပဲ ဂရုမစိုက်ဘဲ နေနိုင်ကြတာကိုး၊ ပြီးတော့ အဲဒါတွေအားလုံးကို သူတို့တွေ သာမန်မြေပြင်ပေါ်မှာ လမ်းလျှောက်နေကြသလိုမျိုး တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်း လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

"ဒီလူတွေက ဘယ်သူတွေလဲဟင်"

"သူတို့က ကြည့်ရတာထက် ပိုပြီး သန်မာကြတာပဲ။ မင်း ထင်တာတော့ ကြယ်သုံးပွင့် စစ်သည်တော်တွေ ဖြစ်မလား"

"ကျွန်တော်ကတော့ ကြယ်လေးပွင့် စစ်သည်တော်တွေလို့ ထင်တယ်"

"ဘယ်လိုပဲဖြစ်ဖြစ်၊ ရီနေးတား ကုမ္ပဏီက ဟောဒီလို ထိပ်သီး တိုက်ခိုက်ရေးသမားတွေကို ဘယ်နေရာကနေ ခေါ်ယူလိုက်တာလဲ။ ကျွန်တော်ကတော့ သူတို့ရဲ့ မျိုးနွယ်စုကို တစ်ခါမှတောင် မမြင်ဖူးသေးဘူး"

စွန့်စားရှာဖွေသူတွေဟာ သူတို့တွေ ဂူသင်္ချိုင်းရဲ့ အက်စစ်ရေကန် နေရာကို ရောက်ရှိသွားတဲ့ အချိန်မှာတော့ ပိုပြီးတော့တောင် အံ့ဩတုန်လှုပ်သွားကြရပြန်ပါတယ်။

အတွေ့အကြုံရှိတဲ့ စွန့်စားရှာဖွေသူ အများစုကတော့ အရှေ့ကလူရဲ့ အနောက်ကနေ သေသေသေချာချာ လိုက်ပါလာခဲ့ကြတာဖြစ်ပြီး၊ အက်စစ်ထဲမှာ သူတို့ရဲ့ ခြေထောက်တွေကို အပြည့်အဝ နှစ်မြှုပ်ရင်း ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ သူတို့တွေက သတ်မှတ်ထားတဲ့ လမ်းကြောင်းကနေ တစ်လှမ်းမှ သွေဖည်မသွားအောင် သေသေချာချာ ခြေလှမ်းပြင်နေကြရတာဖြစ်ပြီး၊ အဲလိုမှ မဟုတ်ရင် အက်စစ်ထဲကို နစ်မြုပ်ပြီး သေဆုံးသွားမယ့် အန္တရာယ် ရှိနေလို့ပါပဲ။

ဒါပေမဲ့ ဒရာကွန်ဘွန်းတွေ အက်စစ်ရေထဲကို ဝင်ရောက်လိုက်တဲ့ အချိန်မှာတော့၊ သူတို့ရဲ့ ခန္ဓာကိုယ် ပတ်ပတ်လည်မှာ အရောင်စုံ အလင်းတန်းတွေ ပါဝင်တဲ့ အကာအကွယ် ဒိုင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ရေကန်တစ်ခုလုံးကို အလွယ်တကူ ဖြတ်သန်း လမ်းလျှောက်သွားနိုင်စေခဲ့တာပေါ့။

အက်စစ်က ဟောဒီ အကာအကွယ်ဒိုင်းကို တိုက်စားဖို့ ကြိုးစားခဲ့ပေမဲ့ အထဲမှာ အက်စစ်ကို လုံးဝ ချေဖျက်ပစ်နိုင်တဲ့ မှော်အတတ် ရဲ့ အစွမ်းတစ်ခု ရှိနေသလိုမျိုးပါပဲ။

"ဘာကြီးလဲဗျာ။ ဒါက ဘယ်လိုမျိုး ကိုယ်ကြပ်မန္တန်ကြီးလဲ"

"သူတို့ရဲ့ ဝတ်စုံတွေက မှော်ဝင်ပစ္စည်းတွေလား။ ကျွန်တော်တော့ တကယ်ကို အားကျမိတယ်"

"ဒါက သူတို့ကုမ္ပဏီရဲ့ လျှို့ဝှက် ကိုယ်ကြပ်မန္တန် ဖြစ်ရမယ်... ဟောဒီ ရီနေးတား က ဘယ်ကနေ ရောက်လာတာလဲ၊ ပြီးတော့ သူတို့က ဘာကြောင့် ဒီလောက်အထိ အစွမ်းထက်နေရတာလဲ"

ပြီးတော့ ဟောဒီ ကုမ္ပဏီရဲ့ ခေါင်းဆောင်လို့ သတ်မှတ်ထားကြတဲ့၊ ရွှေဝါရောင် ဆံပင်တွေရှိတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်လေးကတော့၊ လေထဲမှာ သာမန်အတိုင်း ဝဲပျံနေပြီး အက်စစ်ရေကန်တစ်ခုလုံးကို လုံးဝ ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။

ကြယ်လေးပွင့်မန္တန် တစ်ခုကို အဲလိုမျိုး အလွယ်တကူ သုံးသွားတာပေါ့။

* * * * * * * * *

All Chapters