အခန်း (၂၉၀-၂၉၁)
Vol. 17 Ch. 290-291
အပိုင်း (၂၉၀) ဟုန်လုစီ၏ မုန့်များ။
ထိုနေ့ နေ့လယ်ပိုင်းတွင် ဖန်ကျန်းရီသည် ပန်းရှန်းရပ်ကွက်သို့ ပြန်လည်ရောက်ရှိလာပြီး လိုအပ်သည်များကို အကြမ်းဖျင်း စီစဉ်ညွှန်ကြားလိုက်၏။ လီယွမ်ကျောက်မှာမူ အစားအသောက် ဘေးကင်းလုံခြုံရေး နည်းလမ်းများကို အလွန်တက်ကြွစွာဖြင့် ရေးဆွဲနေဆဲ ဖြစ်သည်။ ဖန်ကျန်းရီက တစ်ချက်သာ ကြည့်လိုက်ပြီး သိပ်မနှောင့်ယှက်ချင်တော့သဖြင့် ဖန်အိမ်တော်သို့သာ တန်းပြန်လာခဲ့၏။
နောက်တစ်နေ့ နံနက်ပိုင်း အိပ်ရာထပြီးနောက် ဟုန်လုစီ - နိုင်ငံခြားရေးဝန်ကြီးဌာန သို့ တန်းသွားလိုက်၏။ ဟုန်လုစီ ရုံးတော်၏ လက်ထောက်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသဖြင့် ညီလာခံကို သေချာပေါက် မတက်တော့ဘဲ အခွင့်ကောင်းယူကာ အေးအေးဆေးဆေး နေလိုက်ခြင်း ဖြစ်ပေသည်။
ဟုန်လုစီသည် နေရာအကျယ်အဝန်း သိပ်မကြီးမားလှဘဲ အဆောက်အအုံ တစ်ခုလုံး၏ ဖွဲ့စည်းပုံမှာ ဧရာမခြံဝင်းကြီးတစ်ခုနှင့် တူ၏။ နိုင်ငံခြားဧည့်သည်များကို ကြိုဆိုဧည့်ခံသည့် အလုပ်အပြင် ပူဇော်ပသပွဲများ၊ ရာထူးခန့်အပ်ပွဲများနှင့် ညစာစားပွဲကြီးများ စသည်တို့ကိုလည်း တာဝန်ယူကျင်းပရသည်။ စုစုပေါင်း အင်အား နှစ်ရာကျော် ရှိသော်လည်း အဓိက တာဝန်ယူရသူမှာ အယောက်နှစ်ဆယ်ခန့်သာ ရှိ၏။
ချန်ဟုန်သည် ဟုန်လုစီ၏ အကြီးအကဲဖြစ်သော်လည်း သူ၏ ရာထူးအဆင့်က ဖန်ကျန်းရီ၏ အောက်တွင် ရှိနေသည်။ ယခုအချိန်တွင် ဖန်ကျန်းရီက သူ၏ လက်ထောက်အဖြစ် လာရောက် တာဝန် ထမ်းဆောင်နေသော်လည်း ဖန်ကျန်းရီ ကို လုံးဝ အမိန့်ပေးရဲမည် မဟုတ်ပေ။
ဖန်ကျန်းရီ ဟုန်လုစီသို့ ရောက်သည်နှင့် ချန်ဟုန်က ချက်ချင်းပင် ဆီးကြိုလိုက်ပြီး အတင်းပြုံးပြလိုက်သည်။ တကယ်ပင် ရောက်လာချေပြီ။ ဤလူ ပြဿနာ မရှာပါစေနှင့်ဟုသာ ဆုတောင်းရတော့မည်။
“မြို့ဝန်ဖန် … ကြိုဆိုပါတယ် … ကြိုဆိုပါတယ်”
ဖန်ကျန်းရီကလည်း ပြုံးလျက် ပြန်ပြောလိုက်၏။ “အမတ်ကြီးချန် … အားနာမနေပါနဲ့။ ကျုပ်က ဒီအတိုင်း လာကြည့်တာပါ။ လိုအပ်တာ ရှိရင်လည်း အချိန်မရွေး ခိုင်းလို့ ရပါတယ်။ အားနာမနေနဲ့နော်။ ဒါနဲ့ မြောက်ပိုင်းလူရိုင်း သံတမန်အဖွဲ့က ဘယ်မှာလဲ”
ချန်ဟုန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွား၏။ မင်း တကယ်ပဲ သံတမန်အဖွဲ့ကို ကိုယ်တိုင် ဧည့်ခံချင် နေတာလားလား။ ပန်းရှန်းရပ်ကွက်မှ ထွက်လာသော ကောလာဟလတွေက မင်း လက်ချက်ပဲ မဟုတ်ဘူးလား။
ယခုထက် ယုတ်ညမ်းရလျှင် လူတို့၏ မျက်နှာကို မစင်နှင့် ပက်ရန်သာ ကျန်တော့ည်။
“ဒီ … သံတမန်အဖွဲ့ကို အောက်က လူတွေက ဧည့်ခံနေပါတယ်။ ကျုပ် အကုန် စီစဉ်ပြီးသားမို့လို့ ကျုပ်တို့ ဝင်ပါစရာ မလိုပါဘူး။ လာ လာ လာ … မြို့ဝန်ဖန် … အထဲဝင်ပါ။ ကျုပ်တို့ ဟုန်လုစီရဲ့ မုန့်တွေက အရမ်း နာမည်ကြီးတာနော်”
“ဪ … ဟုတ်လား။ ဒါဆို ကျုပ် မြည်းကြည့်ရအောင်”
ချန်ဟုန်က ဖန်ကျန်းရီ၏ အင်္ကျီလက်ကို ဆွဲကာ အခန်းထဲသို့ ခေါ်သွားလိုက်၏။ သူ၏ နေရာတွင်ပင် ဝင်ထိုင်ခိုင်းလိုက်သည်။ ထို့နောက် မုန့်တစ်ပန်းကန်ကို ကိုယ်တိုင် သွားယူလာခဲ့ချေသည်။ ဖန်ကျန်းရီက မုန့်များကို တစ်လှည့်၊ ချန်ဟုန်ကို တစ်လှည့် ကြည့်ကာ ရုတ်တရက် အံ့အားသင့်သွားမိ၏။
ကျန်းလင်ဆိပ်ကမ်း ကယ်ဆယ်ရေးမှ ပြန်လာပြီးတည်းက လူတို့၏ ဆက်ဆံရေးက တကယ်ကို ကောင်းလာချေပြီ။ အားလုံးက ဤမျှလောက်ပင် သဘောကောင်းကြသည်လား။
မုန့်တစ်ခုကို ကောက်ယူကာ ကိုက်စားလိုက်ပြီး သေချာ အရသာခံကြည့်လိုက်၏။ ထို့နောက် ကျန်နေသော မုန့်တစ်ဝက်ကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး နှစ်ချက်ခန့် ဝါးကာ မြိုချလိုက်သည်။
ချန်ဟုန်က သတိထားကာ မေးလိုက်၏။ “ဘယ်လိုလဲ … စားလို့ ကောင်းလား”
ဖန်ကျန်းရီက ခေါင်းခါပြလိုက်သည်။ “မကောင်းဘူး”
ချန်ဟုန် ဆွံ့အသွား၏။ ထို့နောက် မုန့်တစ်ခုကို ယူကာ ဖန်ကျန်းရီထံ ကမ်းပေးလိုက်ပြန်သည်။ “လာ … ဒီ လိမ္မော်မုန့်လေးကို မြည်းကြည့်ပါအုံး”
ဖန်ကျန်းရီက လိမ္မော်မုန့်ကို ယူကာ တစ်ကိုက် ကိုက်စားလိုက်ပြီး ကျန်သည့်အပိုင်းကိုလည်း ပါးစပ်ထဲ ပစ်ထည့်ကာ နှစ်ချက်ခန့် ဝါးပြီး မြိုချလိုက်ပြန်သည်။ ထို့နောက် ခေါင်းခါလျက် ပြန်ဖြေလိုက်၏။ “မကောင်းဘူး”
ချန်ဟုန် ပြောစရာစကား မဲ့သွားချေသည်။
“ဒီတစ်ခုကို စမ်းကြည့်ပါအုံး”
“ဒါကတော့ … နည်းနည်း သင့်တော်ပါတယ်။ ဟင့်အင်း … မကောင်းပါဘူး။ ဒီအစာက နည်းနည်း ခြောက်နေတယ်”
ချန်ဟုန်မှာ အတော်လေး စိတ်ရှုပ်သွားရ၏။ မကောင်းဘူးဆိုပြီး အကုန် စားပစ်တာပဲလား။ မကောင်းလျှင်လည်း မကောင်းဘူးဟု ပြောရဲပေသည်။ ကျုပ်ကို မျက်နှာလေး နည်းနည်းလောက်တောင် မပေးနိုင်ဘူးလား။
မရဘူး။ သူ့ကို အချိန်ဆွဲထားမှ ဖြစ်မည်။ သူ့ကို နှစ်ရက်လောက် ဆွဲထားပြီး ညစာစားပွဲ ပြီးသွားလျှင် ပြဿနာ သိပ်မရှိတော့ပေ။
ချန်ဟုန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ဒီနေ့တော့ မြို့ဝန်ဖန်ကို သေချာပေါက် ကျေနပ်အောင် လုပ်ပေးရမယ်။ စားဖိုမှူးကို အသစ် ပြန်လုပ်ခိုင်းလိုက်မယ်။ အခုမှ လုပ်တဲ့ဟာက ပိုစားလို့ ကောင်းတယ်။ မြို့ဝန်ဖန် … ဒီမှာပဲ ခဏ စောင့်နေနော်။ လျှောက်မသွားနဲ့”
မုန့်ငါးခု ဆက်တိုက် စားပြီးနောက် လက်ဖက်ရည် နှစ်ခွက်ပါ သောက်လိုက်သဖြင့် ဖန်ကျန်းရီ အနည်းငယ် ဗိုက်ပြည့်သွားသလို ခံစားရပြီး ခါးပတ်ကို လျှော့ကာ ချန်ဟုန်ကို ပြုံးလျက် ပြောလိုက်၏။
“အမတ်ကြီးချန် … ခင်ဗျား အလုပ်မရှုပ်ပါနဲ့တော့။ ကြည့်ရတာ … ခင်ဗျားက ကျုပ်ကို မြောက်ပိုင်းလူရိုင်းသံတမန်အဖွဲ့နဲ့ ပေးမတွေ့ချင်ဘူး ထင်တယ်”
ချန်ဟုန်၏ မျက်နှာတွင် ကသိကအောက် အမူအရာများ ပေါ်လာ၏။ “ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲ … မြို့ဝန်ဖန်က ဧည့်သည်ဆိုတော့ ကောင်းကောင်း ဧည့်ခံချင်လို့ပါ”
ဖန်ကျန်းရီက ညင်သာစွာ ပြုံးလိုက်သည်။ “စိတ်ချပါ.. ကျုပ်က ရုံးလုပ်ငန်း သဘောအရ လုပ်တာပါ။ အရှင်မင်းကြီးက ကျုပ်ကို ဟုန်လုစီရဲ့ လက်ထောက်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားမှတော့ ဘာမှ မလုပ်ဘဲ နေလို့ ဘယ်ဖြစ်မလဲ။ နိုင်ငံတော်ရဲ့ လစာကိုစားပြီး တစ်နေကုန် မုန့်တွေ ထိုင်စားနေတယ်လို့ အရှင်မင်းကြီး သိသွားရင် မကောင်းဘူးလေ။ ဟုတ်တယ် မဟုတ်လား … အမတ်ကြီးချန်”
ချန်ဟုန်၏ မျက်နှာအမူအရာက အတော်လေး ခက်ခဲနေပုံရ၏။ အခြေအနေက ဤမျှ ဖြစ်နေပြီ ဆိုတော့ အချိန်ဆွဲ၍လည်း မရတော့ချေ။
သူက စဉ်းစားပြီးနောက် ပြောလိုက်သည်။ “မြောက်ပိုင်းလူရိုင်းသံတမန်အဖွဲ့က အခု ဟုန်လုစီရဲ့ ဧည့်ရိပ်သာမှာ ရှိတယ်။ မြို့ဝန်ဖန်က တွေ့ချင်တယ်ဆိုရင် ကျုပ် လိုက်ပို့ပေးပါ့မယ်။ တခြား ကိစ္စတွေကိုတော့ ထားလိုက်ပါ။ သူတို့ကလည်း ခရီးဝေးကနေ လာရတာဆိုတော့ အနားယူဖို့ လိုသေးတယ်လေ”
ဖန်ကျန်းရီက မျက်ခုံးပင့်လိုက်၏။ “အနားယူမယ် ဟုတ်လား။ သူတို့ကို အနားပေးလို့ မဖြစ်ဘူး။ ဆွေးနွေးပွဲတွေတော့ သေချာပေါက် ရှိမှာပဲ။ သူတို့ကို အဝစားခိုင်းပြီး အိပ်ရေးဝအောင် အိပ်ခိုင်းထားရင် ကျုပ်တို့နဲ့ ဘယ်လိုလုပ် အဆင်ပြေပြေ ဆွေးနွေးနိုင်မှာလဲ။ ခင်ဗျား တကယ် မိုက်မဲတာပဲ။ ဧည့်ရိပ်သာထဲကို ကြက်တချို့ ပစ်ထည့်လိုက်ပါလား။ ညသန်းခေါင်ကျရင် ကြက်တွေကို နှောင့်ယှက်စေပြီး သူတို့ကို အိပ်မရအောင် လုပ်လေ”
ချန်ဟုန်၏ မျက်နှာအမူအရာများ လုံးဝ ပျက်ယွင်းသွား၏။ လူစကားပြောနေတာရော ဟုတ်ရဲ့လား။ လူတစ်ယောက်က ဒီလောက်ယုတ်မာတဲ့ ကိစ္စကို လုပ်နိုင်ပါ့မလား။ တော်တော် အောက်တန်းကျတာပဲ။
ချန်ဟုန်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက ဟားဟား ရယ်မောလိုက်သည်။
“နောက်ပြောင်တာပါ။ အဲဒါတွေက နောက်ပြောင်တာပါ။ လူတိုင်းမှာတော့ ကိုယ်ကျင့်တရား မကောင်းတဲ့ အတွေးလေးတွေ ရှိတတ်ကြတာပဲလေ။ ဒီလို ယုတ်မာတဲ့ ကိစ္စမျိုးကို ကျုပ်က စဉ်းစားရုံ သက်သက်ပါ။ ခင်ဗျားကို ပြောပြတာက အမတ်ကြီးချန်ကို သူငယ်ချင်းလို သဘောထားလို့ပါ”
ချန်ဟုန်က ချွေးစေးများကို သုတ်လိုက်၏။ “ဟုတ်ကဲ့ … ဟုတ်ကဲ့ပါ”
ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ … သံတမန်အဖွဲ့ကိုတော့ သေချာပေါက် တွေ့ရမယ်။ တွေ့ရုံတင် မကဘူး သူတို့ကို အပြင်ပါ ခေါ်သွားချင်သေးတယ်။ အမတ်ကြီးချန် … နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“အပြင်ထွက်မယ်”
ချန်ဟုန်က အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “လုံးဝ မဖြစ်ဘူး။ ဘာသွားလုပ်မှာလဲ”
ဖန်ကျန်းရီက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ “ဟာ … ကျုပ်က အရှင်မင်းကြီး လက်ဆောင် ပြန်ပေးမယ့် ကိစ္စကို တာဝန်ယူထားတယ်လေ။ ဒါကြောင့် အဲဒီ မြောက်ပိုင်း လူရိုင်းတွေကို ကျုပ်တို့ရဲ့ အခြေအနေကို သွားပြချင်လို့ပါ။ မဟုတ်ရင် ကျုပ် ပေးတဲ့ လက်ဆောင်တွေကို သူတို့က အထင်မကြီးဘဲ တန်ဖိုးပေါတဲ့ ပစ္စည်းတွေလို့ ထင်သွားရင် အရမ်း အရှက်ကွဲမှာပေါ့။
ကျုပ်ရဲ့ မျက်နှာ ပျက်တာက ကိစ္စမရှိဘူး။ နိုင်ငံတော်ရဲ့ မျက်နှာ၊ အရှင်မင်းကြီးရဲ့ မျက်နှာ ပျက်သွားမှာ စိုးလို့ပါ။ ခင်ဗျား စိတ်ချလက်ချ နေပါ။ ကျုပ်က အရေးကြီးတဲ့ လူနှစ်ယောက်လောက်ကိုပဲ ပန်းရှန်းရပ်ကွက်ကို သွားပြမှာပါ။ အိမ်ရှေ့စံလည်း အဲဒီမှာ ရှိတယ်လေ။ ကျုပ် ဘာတွေ လျှောက်လုပ်ရဲမှာလဲ”
ချန်ဟုန်က အံကြိတ်ထားပြီး အသက်ရှူသံများပင် ပြင်းထန်လာ၏။ မဖြစ်ဘူး... လုံးဝ ပေးသွား၍ မဖြစ်ပေ။ ဤနှစ်ယောက် ပေါင်းပြီးလျှင် ပြဿနာ အကြီးကြီး တက်တတ်သည်။ ဖန်ကျန်းရီက အိမ်ရှေ့စံကို အကာအကွယ် လုပ်ပြီး ပိုဆိုးသော ကိစ္စများ လုပ်မည်မှာ သေချာသည်။
ချန်ဟုန် လုံးဝ သဘောမတူသည်ကို မြင်သောအခါ ဖန်ကျန်းရီလည်း အနည်းငယ် ခက်ခဲသွားသည်။ သူတစ်ပါး၏ နယ်မြေ ဖြစ်နေသည့်အပြင် မိမိကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံနေသဖြင့် သံတမန်အဖွဲ့ကို တွေ့ရန် အတင်းအကျပ် လုပ်၍ မရချေ။
ထို့ကြောင့် သူက ဆက်ပြောလိုက်၏။ “အမတ်ကြီးချန် … ကျုပ်က ဟုန်လုစီ အတွက် သတင်းစာ ထုတ်ပေးဖို့တောင် ကူညီစဉ်းစားပေးနေတာပါ။ မျက်နှာလေးတော့ နည်းနည်း ပေးပါ”
ချန်ဟုန်က ခေါင်းခါပြနေဆဲ ဖြစ်၏။ သူ့ကို အရူးဟု ထင်နေလား။ သေချာရေရာမှု မရှိသော ကိစ္စပင်။ နောက်မှ ဖြည်းဖြည်းချင်း ဆွေးနွေး၍ ရသည်။ မြောက်ပိုင်းလူရိုင်းသံတမန်အဖွဲ့ကိုတော့ လုံးဝ အထိခိုက်ခံ၍ မဖြစ်ချေ။
ဘယ်လိုမှ မရကြောင်း မြင်သောအခါ ဖန်ကျန်းရီက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ကောင်းပြီ။ ခင်ဗျား ကျုပ်ကို မယုံဘူးပေါ့။ ဒါဆိုရင် ဟုန်လုစီ ကို သတင်းစာ ထုတ်ပေးမယ်ဆိုတဲ့ ကိစ္စကို ခဏထားလိုက်။ ပန်းရှန်း သတင်းစာမှာတော့ ကျုပ်က သေချာပေါက် ဆုံးဖြတ်ခွင့် ရှိပါတယ်။ ပန်းရှန်း သတင်းစာရဲ့ အလယ် စာမျက်နှာမှာ ဟုန်လုစီ ကို တစ်နှစ် အခမဲ့ ကြော်ငြာပေးမယ်”
ချန်ဟုန်၏ မျက်လုံးများ အရောင်လက်သွား၏။ ပန်းရှန်းသတင်းစာဆိုသည်မှာ ဈေးကွက်တွင် အလုအယက် ဝယ်ယူနေရသော သတင်းစာ ဖြစ်၏။
ဟုန်လုစီအနေဖြင့် ကိုယ်ပိုင် သတင်းစာ ထုတ်လျှင်ပင် အရောင်းအဝယ် ကောင်းမည်ဟု အာမခံ၍ မရချေ။ သို့သော်ငြား ပန်းရှန်းသတင်းစာတွင် ကြော်ငြာပါက သေချာပေါက် အဆင်ပြေမည်။
ချန်ဟုန်က အံကြိတ်ကာ ပြောလိုက်သည်။ “သုံးနှစ်”
“တစ်နှစ်ခွဲ”
“နှစ်နှစ်”
“သဘောတူတယ်”
သဘောတူညီမှု ရရှိသွားပြီးနောက် ချန်ဟုန်ကလည်း နားလည်သဘောပေါက်သွားပြီး သက်ပြင်းချကာ ပြောလိုက်၏။ “ကောင်းပြီလေ။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို ကတိပေးရမယ်။ သူတို့နဲ့ ပြဿနာ လုံးဝ မဖြစ်စေရဘူးနော်”
ဖန်ကျန်းရီက ပြန်ပြောလိုက်သည်။ “စိတ်ချပါ။ ကျုပ်တို့ အတူတူ အလုပ်လုပ်လာတာ အတော် ကြာပြီပဲ။ ကျုပ်က အမြဲတမ်း လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်တဲ့သူပါ”
“……..”
အပိုင်း (၂၉၁) ဟေးရှန်း ချီလျဲ့။
လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်တယ် ဟုတ်လား။ မင်းရဲ့အဲဒီသောက်ပါးစပ်ကြီးနဲ့ လူဘယ်နှစ်ယောက်ကို ဒုက္ခပေးခဲ့ပြီးပြီလဲ။
ချန်ဟုန်၏ ရင်ထဲတွင် အလွန် ခါးသက်နေသည်။ ပြီးနောက် တုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“ခင်ဗျား သူတို့ကို ခေါ်သွားလို့ ရပါတယ်။ ဒါပေမဲ့ ဘာသွားလုပ်မလဲ ဆိုတာကိုတော့ ကျုပ်ကို ပြောပြရမယ်”
ဖန်ကျန်းရီက အနည်းငယ် စိတ်မရှည် ဖြစ်လာသည်။ ဤအဘိုးကြီးက စကားများလွန်းလှသည်။ သူက နိုင်ငံခြား ဧည့်သည်များကို ခေါ်ပြီး လူသတ် မီးရှို့ရန် သွားမည်မို့လို့လား။
“ဒီအတိုင်း ထမင်းစား၊ လက်ဖက်ရည်သောက်၊ စကားပြောရုံပါပဲ။ ဒါပဲလေ”
“ခင်ဗျား ကျိန်ရဲလား”
“ဟာ … ကျုပ် ကျိန်ပါတယ်။ ပြီးပြီ မဟုတ်လား”
ချန်ဟုန်က အနေရခက်စွာ ရယ်မောလိုက်၏။ “သွား … ကျုပ် လိုက်ပို့ပေးမယ်”
ဖန်ကျန်းရီက တားလိုက်သည်။ “နေအုံး … ကျုပ်အတွက် စကားပြန် တစ်ယောက် အရင် စီစဉ်ပေးအုံး။ မြောက်ပိုင်း လူရိုင်းတွေရဲ့ စကားကို ကျုပ် နားမလည်ဘူးလေ”
ချန်ဟုန်က ခေါင်းငုံ့ကာ စဉ်းစားလိုက်ပြီး ဝမ်းသာသွားသည်။ ဟုတ်သားပင်။ စကားပြန် တစ်ယောက် ထည့်ပေးလိုက်လျှင် စောင့်ကြည့်၍ ရသည်။ ထိုသို့ဆိုလျှင် ပိုစိတ်ချရပေမည်။
ထို့နောက် သူက တံခါးဝသို့ ပြေးသွားပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်၏။ “လုဖာ … လုဖာ … ရှိလား၊ မြန်မြန် လာခဲ့စမ်း”
ဖန်ကျန်းရီက မေးစေ့ကို ပွတ်ကာ အံ့သြနေမိသည်။ ကျစ်... ဟုန်လုစီ တွင် လုဖာနှင့် နာမည်တူသော လူ ရှိသေးသည်လား။ နိုင်ငံခြား ဘာသာစကား လေ့လာသူများက ဤသို့သော နာမည်မျိုး ပေးတတ်ကြသည်လား။
မကြာမီ ရင်းနှီးကျွမ်းဝင်နေသော ပုံရိပ်တစ်ခုက ဖန်ကျန်းရီ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာ၏။ ဖန်ကျန်းရီ၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားတော့သည်။ သောက်ကျိုးနည်း။ တကယ်ပင် သူ့အိမ်မှ လုဖာ ဖြစ်နေချေသည်။
ဤခွေးကောင်က ဘယ်လိုလုပ် ဟုန်လုစီသို့ ရောက်ပြီး အလုပ်လုပ်နေရသနည်း။ သူ့ကိုပင် အသိမပေးချေ။
လုဖာက ချန်ဟုန် အနားသို့ ပြေးလာပြီးမှ ဖန်ကျန်းရီကို မြင်လိုက်ရသဖြင့် မျက်လုံးပြူးကာ ဒူးထောက်တော့ မလိုပင် ဖြစ်သွား၏။
နှုတ်ခမ်းများ တုန်ယင်နေပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချန်ဟုန်က သူ့ကို ခြံဝင်းထဲသို့ ဆွဲခေါ်သွားသည်။
ခြံဝင်းထဲရှိ သစ်ပင်အောက်တွင် …။
ချန်ဟုန်က အဆက်မပြတ် စကားပြောနေပြီး၊ လုဖာကတော့ မိဘသေသွားသည့်အလား ခေါင်းငိုက်စိုက် ကျနေ၏။
“လုဖာ … မင်း သေချာ နားထောင်ထား။ အခန်းထဲက လူက အခု လက်ရှိအိမ်ရှေ့စံ၏ အတိုင်ပင်ခံ ပဲ။ သူက ချန်ရှီ ဆိုပေမဲ့ လူမိုက်နဲ့ သိပ်မကွာဘူး။ ခဏနေရင် သူ သံတမန်အဖွဲ့ကို အပြင်ခေါ်သွားလိမ့်မယ်။ မင်း သူနဲ့ လိုက်သွားပြီး သေချာ စောင့်ကြည့်ပေး။ ပြဿနာ တစ်ခုမှ မဖြစ်စေနဲ့။
မင်းအတွက် အခွင့်အရေး ရောက်လာပြီ။ သူ့ကို သေချာ စောင့်ကြည့်ထားဖို့တော့ လိုတယ်နော်။ ငါက မင်း ပညာသင်ချင်စိတ် ရှိတာကို မြင်လို့ ဟုန်လုစီ ကို ခေါ်လာခဲ့တာ။
မင်း သာမန် ပြည်သူ တစ်ယောက်လိုပဲ အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းချင်နေတာလား။ ဒီကိစ္စကိုသာ သေချာ လုပ်ပေးနိုင်ရင် ငါမင်းကို ဟုန်လုစီ ရဲ့ တရားဝင် စကားပြန် အဖြစ် ခန့်အပ်ပေးမယ်။ မင်းမှာ ဘွဲ့ရထားတာ မရှိရင်လည်း ကိစ္စမရှိဘူး။ ဒီလောက် လုပ်ပိုင်ခွင့်တော့ ငါ့မှာ ရှိတယ်။ နားလည်လား … ပြောစမ်းပါ”
လုဖာက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်ပြလိုက်၏။
နောက်တစ်စက္ကန့် တွင် ချန်ဟုန်က လက်ကို ဆန့်ထုတ်ကာ လုဖာ၏ လက်ထဲသို့ ငွေနှစ်မူး ထည့်ပေးလိုက်သည်။ “ဒီငွေနှစ်မူးကို ယူထားလိုက်။ အလုပ်ကောင်းကောင်း လုပ်နိုင်ရင် ပြန်လာတဲ့အခါ နောက်ထပ် နှစ်မူး ထပ်ဆုချမယ်”
လုဖာ၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားတော့၏။ ခင်ဗျားရဲ့ ငွေနှစ်မူး ဘာလုပ်ရမှာလဲ။ ဒီမှာ ကျုပ် သောက်ပြဿနာ တက်ပြီဗျ။
ချန်ဟုန်၏ ရင်ထဲတွင်တော့ အတော်လေး စိတ်သက်သာရာ ရသွားပြီ ဖြစ်သည်။ ခြိမ်းခြောက်မှုနှင့် မြှူဆွယ်မှုများကို တွဲလုပ်လိုက်သဖြင့် သေချာပေါက် အဆင်ပြေသွားမည်ဟု ထင်သည်။
ဤလုဖာ ဆိုသည်မှာ သာမန် ပြည်သူ တစ်ယောက်သာ ဖြစ်သည်။ ဟုန်လုစီ တံခါးဝတွင် နိုင်ငံခြား ဘာသာစကား လာလေ့လာနေသည်ကို တွေ့၍ ပါရမီပါသည်ဆိုကာ ကောက်ခေါ်လာခဲ့ခြင်း ဖြစ်၏။ ပုံမှန် စကားပြန်များဆိုလျှင် ဖန်ကျန်းရီ၏ အရှိန်အဝါကို ကြောက်ပြီး ဘာမှ ပြောရဲမည် မဟုတ်ပေ။ ဤလုဖာကတော့ မတူချေ။ ငွေမက်သူ ဖြစ်သဖြင့် အခွင့်အရေး ရလျှင် သေချာပေါက် ကြိုးစားပေမည်။ တရားဝင် စကားပြန် ဖြစ်ခွင့်ရမည်ဆိုလျှင် သူက အသက်စွန့်၍ပင် အလုပ်လုပ်ပေးမှာ သေချာ၏။
“လာ … ကျုပ်နဲ့ အခန်းထဲ လိုက်ခဲ့”
ထိုသို့ပြောပြီး ချန်ဟုန်က လုဖာကို ခေါ်ကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့၏။ ဖန်ကျန်းရီက မျက်နှာသေဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ လုဖာ ဝင်လာသည်ကို မြင်သောအခါ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
လုဖာက ရင်တထိတ်ထိတ်ဖြင့် ကြောက်ရွံ့စွာ မကြည့်ရဲဘဲ ဖန်ကျန်းရီ အရှေ့သို့ တုန်တုန်ယင်ယင်ဖြင့် လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။ “သခင်လေး … မင်္ဂလာပါ”
“ဘယ်သူ့ကို သခင်လေးလို့ ခေါ်တာလဲ။ မြို့ဝန်ဖန်လို့ ခေါ်လေ။ ရိုင်းလိုက်တာ”
ချန်ဟုန်က အမြန် ဝင်ပြောလိုက်ပြီး ဖန်ကျန်းရီကို ပြုံးကြည့်ကာ ဆက်ပြောလိုက်၏။ “မြို့ဝန်ဖန် … ဒါက ကျုပ်တို့ ဟုန်လုစီရဲ့ စကားပြန် လုဖာ တဲ့။ ခဏနေရင် သူ မြို့ဝန်ဖန်နဲ့ လိုက်လိမ့်မယ်”
ဖန်ကျန်းရီက လက်သီးဆုပ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အမတ်ကြီးချန်။ ခင်ဗျား ခဏလောက် အပြင်ထွက်ပေးပါလား။ သူ့ကို ပြောစရာ စကားလေး ရှိလို့ပါ”
ချန်ဟုန် အနည်းငယ် လန့်သွား၏။ “ဘာလို့လဲ”
“ဘာမှ မဟုတ်ပါဘူး။ ကျုပ်က အိမ်ရှေ့စံနဲ့ အမြဲ တွဲနေရတဲ့သူဆိုတော့ အနားကို လူစိမ်း ရောက်လာရင် သေချာ အရင် စစ်ဆေးချင်လို့ပါ။ နားလည်ပေးပါ”
ချန်ဟုန်က ချက်ချင်း သဘောပေါက်သွားသည်။ “ဪ … ဒီလိုကိုး။ ဒါဆိုလည်း ဆွေးနွေးကြပါ။ ကျုပ် အပြင်မှာ စောင့်နေမယ်”
ထိုသို့ပြောပြီး အပြင်သို့ မထွက်ခင် လုဖာကို မျက်ရိပ်ပြသွားသေး၏။
ချန်ဟုန် တံခါးပိတ်သွားသည်နှင့် လုဖာက ဒူးထောက်ချလိုက်ပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
“သခင်လေး … ကျုပ် မှားပါပြီ”
ဖန်ကျန်းရီက မြေပြင်ပေါ်တွင် ဝပ်တွားနေသော လုဖာကို ကြည့်ကာ ဖြည်းညင်းစွာ မေးလိုက်၏။ “အိမ်မှာ … ခင်ဗျားကို ထမင်းမကျွေးဘူးလား။ အပြင်မှာ လာပြီး အလုပ်လုပ်နေတာလား။ ပြီးတော့ ခင်ဗျား ဘယ်လိုလုပ် ဟုန်လုစီ ကို ရောက်လာတာလဲ”
လုဖာက မချိုမချဉ် ပြုံးလျက် ဖြေလိုက်သည်။ “သခင်လေး … ဒါက တကယ်တော့ ကျုပ် အပြစ် မဟုတ်ပါဘူး။ ပန်းရှန်းရပ်ကွက်က မြောက်ပိုင်း လူရိုင်းတွေကို အပုပ်ချနေတယ်လေ။ သခင်လေးက မြောက်ပိုင်း လူရိုင်းတွေနဲ့ တွေ့ရမယ်ဆိုရင် ကျုပ် သူတို့စကားကို တတ်ထားတာ ပိုကောင်းမယ် ထင်လို့ပါ။ ဆရာ မရှိတော့ ဟုန်လုစီ တံခါးဝမှာ သွားစောင့်ပြီး သင်ရတာပေါ့ … အချိန်ကြာလာတော့ အထဲက စကားပြန်တွေနဲ့ ရင်းနှီးသွားပြီး ချန်ဟုန်က ကျုပ်ကို ခေါ်သွင်းသွားတာ။ သူတို့ဆီမှာ လူ တော်တော် လိုနေတယ်တဲ့။ သခင်လေး … ကျုပ်က တကယ် နိုင်ငံခြား ဘာသာစကား လေ့လာနေတာပါ”
ဪ... ဒီလိုကိုး။ ယုတ္တိရှိသား။
“ခင်ဗျားကို မတွေ့ရတာ ကြာပြီလို့ ထင်နေတာ”
ဖန်ကျန်းရီက နားလည်သွားသည့်ဟန်ဖြင့် ပြောလိုက်၏။ “ခင်ဗျားက ဘယ်လောက်ကြာကြာ သင်ပြီးလို့ စကားပြန် ဖြစ်သွားတာလဲ”
လုဖာက သေချာ စဉ်းစားပြီး ပြောလိုက်သည်။ “တစ်လနီးပါးလောက်တော့ ရှိပြီ”
တစ်လ... ဘာသာစကား တစ်ခုကို ကျွမ်းကျင်သွားသည်လား။ ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် ချဉ်စူးစူး ဖြစ်သွား၏။
သူ အင်္ဂလိပ်စာကို ဆယ်နှစ်ကျော် သင်ခဲ့ရသော်လည်း နောက်ဆုံး မှတ်မိတာက 'How are you? I hope you are well as for me' တစ်ကြောင်းတည်းပင်။ လုဖာက တစ်လတည်းနှင့် ဘာသာစကား တစ်ခုကို တတ်သွားသည်။ သူ ယခင်က ခွေးလို နေခဲ့ပုံပင်။
“ကောင်းပြီ။ ထတော့ … ခင်ဗျား ဒီရက်ပိုင်း ဟုန်လုစီ မှာ ဘာတွေ လုပ်နေလဲ။ မြောက်ပိုင်းလူရိုင်းသံတမန်တွေကို တွေ့ပြီးပြီလား”
လုဖာက သေချာ စဉ်းစားပြီး ပြောလိုက်၏။ “မတွေ့ရသေးပါဘူး။ ချန်ဟုန်ပဲ ကိုယ်တိုင် ဧည့်ခံနေတာ။ ကျုပ်က ဒီရက်ပိုင်း တခြား စကားပြန်တွေကို နိုင်ငံခြား ဘာသာစကား သင်ပေးနေတာ”
“ဘာ … တခြား စကားပြန်တွေကတောင် ခင်ဗျားဆီကနေ သင်ယူရတယ် ဟုတ်လား”
လုဖာက နှုတ်ခမ်းကို သပ်လိုက်သည်။ “အဲဒီလိုတော့ မဟုတ်ပါဘူး။ ကျုပ်က ခြံဝင်းထဲမှာ ကြောင်တွေကို လေ့ကျင့်ပေးနေတာ။ သူတို့က ကျုပ်ကို ကြောင်စကားတတ်တယ် ထင်ပြီး သင်ပေးဖို့ အတင်း ပူဆာနေကြတာလေ”
“ကြောင်စကား”
ဖန်ကျန်းရီ၏ မျက်နှာတွင် ထူးဆန်းသည့် အမူအရာ ပေါ်လာ၏။ “ကြောင်စကားလည်း ရှိသေးတာလား။ ကြောင်စကားက ဘယ်လို ပြောရတာလဲ”
“ညောင်”
“… တော်ပြီ။ ပါးစပ်ပိတ်ထားလိုက်စမ်း။ အခု ဟုန်လုစီရဲ့ ဧည့်ရိပ်သာကို သွားမယ်”
သူတို့ သုံးယောက် ဟုန်လုစီ ဧည့်ရိပ်သာသို့ ရောက်သောအခါ သံတမန်များ၏ အခန်းတံခါးရှေ့တွင် ချန်ဟုန်က နောက်တစ်ကြိမ် ထပ်မံ သတိပေးလိုက်၏။
“မြို့ဝန်ဖန် … မြောက်ပိုင်း လူရိုင်းတွေနဲ့ ကျင်းတိုင်းပြည်ရဲ့ ယဉ်ကျေးမှုက မတူညီဘူးနော်။ လုံးဝ ပြဿနာ မဖြစ်စေနဲ့။ ပြဿနာ ရှိလာရင် ကျုပ်ဆီ လာခဲ့ပါ”
ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီးနောက် ချန်ဟုန်က တံခါးကို ခေါက်လိုက်သည်။
မကြာမီ တံခါး ပွင့်လာ၏။ မည်းမှောင်နေသော အဝတ်စတစ်ခုက တံခါးဝကို ကာဆီးထား၏။
ဖန်ကျန်းရီက မျက်တောင်ခတ်ကာ ဖြည်းညင်းစွာ ခေါင်းမော့ကြည့်လိုက်ရာ... ဧရာမ လူကြီး တစ်ယောက်က တံခါးဝတွင် ရပ်ကာ ခါးကိုကိုင်းလျက် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ မျက်လုံးကြီးများက ကြေးခေါင်းလောင်းကဲ့သို့ ပြူးကျယ်နေသည်။
ကြမ်းတမ်းသော မျက်နှာပေါက်၊ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်နှင့် ဖွင့်ထားသော တံခါးပေါက်၏ တစ်ဝက်ခန့်ကို ဖုံးအုပ်ထားနိုင်သည့် ခန္ဓာကိုယ်ကြီးက... ဖန်ကျန်းရီ၏ နှလုံးသားကို ချက်ချင်း တုန်လှုပ်သွားစေပြီး ချွေးစေးများပင် ပြန်လာ၏။ သူသည် အနောက်သို့ တစ်လှမ်း ဆုတ်သွားမိပြီး ဘေးမှ လုဖာမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
သောက်ကျိုးနည်း … ဒါ ဘာကြီးနည်း။ အိုနေးလ် ဝင်စားတာလား။ ဤခန္ဓာကိုယ်က အိုနေးလ်နှင့် တူသော်လည်း မျက်နှာကတော့... အရမ်း ကြောက်စရာ ကောင်းလှပေသည်။ မိစ္ဆာရုပ်ကြီးနှင့် တူ၏။
ချန်ဟုန်က ဖန်ကျန်းရီ၏ ပုံစံကို ကြည့်ကာ မနေနိုင်ဘဲ ရယ်မောလိုက်၏။ ဤဧရာမ လူကြီး ဟုန်လုစီသို့ စရောက်လာစဉ်က လူတိုင်းကို အလွန် လန့်သွားစေခဲ့သည်။ ဤမျှ ကြီးမားသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ရာ ကောင်းသော မျက်နှာက တကယ်ကို လန့်စရာ ကောင်းလှသည်။
“မြို့ဝန်ဖန် … သူ့နာမည်က ဟေးရှန်း ချီလျဲ့ တဲ့။ အခန်းထဲမှာ နောက်ထပ် လူတစ်ယောက် ရှိသေးတယ်။ သူက မြောက်ပိုင်းလူရိုင်းတွေရဲ့ ဆရာတော် ဖါးပါး ပါ။ မြောက်ပိုင်းလူရိုင်းသံတမန်အဖွဲ့ကို ဆရာတော် ဖါးပါးက ဦးဆောင်လာတာပါ”
ဟေးရှန်း ချီလျဲ့က မျက်မှောင်ကြုတ်ကာ အောက်ရှိ လူသုံးယောက်ကို ကြည့်လိုက်သည်။ ထိုသူတို့က သူ့ကိုကြည့်ကာ တိုးတိုးလေး ပြောနေကြသည်ကို မြင်သောအခါ နောက်သို့ လှည့်ကာ အော်လိုက်၏။
မကြာမီ ခေါင်းတုံးနှင့် လူတစ်ယောက်က သူ့အနောက်မှ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။