← Chapters

အခန်း (၂၉၂-၂၉၃)

Vol. 17 Ch. 292-293

အခန်း (၂၉၂-၂၉၃)

Vol. 17 Ch. 292-293

အပိုင်း (၂၉၂) သူက အရမ်း ရုပ်ဆိုးတယ်။

ဆရာတော် ဖါးပါးက ဟေးရှန်း ချီလျဲ့ အနီးသို့ လျှောက်လာသောအခါ ချန်ဟုန်က လက်အုပ်ချီ နှုတ်ဆက်လိုက်၏။

သို့ပေမည့် ဖန်ကျန်းရီနှင့် လုဖာတို့ နှစ်ယောက်လုံးက ဤခေါင်းတုံးကို လုံးဝ သတိမထားမိကြချေ။ သူတို့က ချီလျဲ့ကိုသာ အထက်အောက် အကဲခတ်နေကြသည်။ ပါးစပ်မှလည်း အဆက်မပြတ် ရေရွတ်နေသည်။ “ကောင်းတယ်။ တကယ် ကောင်းတယ်”

ယခင်ဘဝက ဤမျှ အရပ်ရှည်သော လူများကို ရုပ်မြင်သံကြားတွင်သာ မြင်ဖူးခဲ့သော်လည်း ယခု ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါ အမြင်အာရုံအရ အလွန် အံ့မခန်း ဖြစ်သွားရသည်။ ဤသို့သော လူမျိုး စစ်မြေပြင်သို့ ရောက်သွားပြီး သံချပ်ကာ ဝတ်ဆင်ထားမည်ဆိုပါက မည်သူမှတားဆီးနိုင်မည် မဟုတ်ချေ။

ဖန်ကျန်းရီက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ချီလျဲ့ကို စိုက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်၏။ “ဒီကောင့်ကို ကြည့်ရတာ အရမ်း သတ္တိကောင်းမယ့် ပုံပဲ။ နောက်ပိုင်းကျရင် ဒုက္ခပေးမယ့်ကောင် ဖြစ်လာမှာ သေချာတယ်။ သူ့ကို သတ်ပစ်ဖို့ နည်းလမ်း ရှာရမယ်”

ချန်ဟုန်၏ မျက်နှာ ချက်ချင်း ဖြူရော်သွားပြီး ဖန်ကျန်းရီ၏ ပါးစပ်ကို အမြန်ပိတ်ကာ အဆက်မပြတ် ပြောလိုက်တော့သည်။ “မြို့ဝန်ဖန် … စကားကို ဆင်ခြင်ပါ။ ဆင်ခြင်ပါအုံးဗျာ”

ဖန်ကျန်းရီက သူ၏ လက်ကို ဖယ်ရှားလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “ဘာကြောက်စရာ ရှိလို့လဲ။ သူမှ နားမလည်တာကို”

ဘေးမှ ဖါးပါး၏ မျက်နှာမှာ ဒယ်အိုးမည်းကြီးကဲ့သို့ မည်းမှောင်သွားပြီ ဖြစ်သည်။ ဖန်ကျန်းရီ အနီးသို့ ဖြည်းညင်းစွာ လျှောက်လာပြီး ပြောလိုက်၏။ “ကျုပ် နားလည်တယ်”

လေထုက ချက်ချင်း ကသိကအောက် ဖြစ်သွားပြီး ဖန်ကျန်းရီက စကားလမ်းကြောင်းပြောင်းရန် ကြိုးစား လိုက်သည်။ “အာ … ဟားဟားဟား။ ဒီဆရာတော်က …”

ချန်ဟုန်မှာ ယခုအခါ ချွေးများပင် ပြန်နေပြီ ဖြစ်၏။ ကြီးမားသော နိုင်ငံရေး ပြဿနာကြီးပင်။ အိမ်ပြင်တောင် မထွက်ရသေးဘဲ လူ သတ်ရန် ကြံနေပြီလား။ နိုင်ငံနှစ်ခု စစ်တိုက်လျှင်ပင် သံတမန်ကို မသတ်ရပေ။ ထိုသူတို့က လက်ဆောင် လာပေးသည် မဟုတ်ပါလား။

ဤသို့ လုပ်နေလျှင် ဖန်ကျန်းရီကို သံတမန်များနှင့် သူ ဘယ်လိုလုပ် စိတ်ချလက်ချ အပြင်ပေးထွက်နိုင်မည်နည်း။

“အဟမ်း … သူက မြောက်ပိုင်း လူရိုင်းတွေရဲ့ ဆရာတော် ဖါးပါး ပါ”

“ဆရာတော် ဖါးပါး … မင်္ဂလာပါ” ဖန်ကျန်းရီက ပြုံးလျက် နှုတ်ဆက်လိုက်၏။

ဖါးပါးက ခဏမျှ တိတ်ဆိတ်သွားပြီး သူ့ရှေ့မှ လူငယ်လေးက ဘယ်လို လူစားမျိုးလဲ ဆိုသည်ကို တွေးနေမိသည်။ ထို့နောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျုပ်က ဘုန်းကြီး မဟုတ်ဘူး။ ခင်ဗျားကရော …”

“ကျုပ်က ဟုန်လုစီရဲ့ လက်ထောက်ဥက္ကဋ္ဌ ဖန်ကျန်းရီ ပါ”

လက်ထောက်ဥက္ကဋ္ဌ ဟုတ်လား။ ချန်ဟုန်၏ အပြုအမူကို ကြည့်ရသည်မှာ ထိုသို့ မဖြစ်နိုင်ချေ။ တခြား အလုပ်တစ်ခုခုမှ လာပြီး တွဲလုပ်နေခြင်း ဖြစ်လိမ့်မည်။ သူ၏ အမှန်တကယ် ရာထူးက ဤမျှ ရိုးရှင်းမည် မဟုတ်ပေ။

ဖါးပါးက ခေါင်းညိတ်လိုက်သည်။ “မြို့ဝန်ဖန် … မင်္ဂလာပါ။ ဒါပေမဲ့ … ခုနက မြို့ဝန်ဖန် ပြောသွားတဲ့ စကားက ဘာအဓိပ္ပာယ်လဲ ဆိုတာ ကျုပ် နားမလည်ဘူး”

“ဪ … ဒီ ဟုန်လုစီရဲ့ လက်ထောက်ဥက္ကဋ္ဌ ဆိုတာက …”

“အဲဒီစကားကို ပြောတာ မဟုတ်ဘူး။ ချီလျဲ့ကို သတ်ပစ်မယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ”

“စာသားအတိုင်းပဲလေ”

ဖါးပါးက မျက်နှာသေဖြင့် ဖန်ကျန်းရီကို စိုက်ကြည့်နေ၏။ ဖန်ကျန်းရီကလည်း တည်ငြိမ်စွာပင် ပြန်ကြည့်နေရာ သူတို့ နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာပင် အချင်းချင်း အားပြိုင်နေသကဲ့သို့ ဖြစ်နေ၏။

ချန်ဟုန်မှာ သူတို့ နှစ်ယောက်ကြားတွင် ဘာလုပ်ရမှန်း မသိဘဲ ငိုချင်လျက် မျက်ရည်မထွက် ဖြစ်နေတော့၏။ ဖန်ကျန်းရီကို စကားချိုချိုလေး ပြောရန် သူ၏ အင်္ကျီလက်ကို အဆက်မပြတ် ဆွဲနေရသည်။

ဖန်ကျန်းရီက ဖါးပါးကို အထက်အောက် အကဲခတ်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။ “ဆရာတော် အထင်လွဲနေပါပြီ။ ကျုပ်က အမြဲတမ်း ပွင့်လင်းရိုးသားတဲ့သူပါ။ ရင်ထဲမှာ ရှိတာကို အကုန် ပြောတတ်တယ်။ ဥပမာ လမ်းမှာ မိန်းမလှလေး တစ်ယောက်ကို မြင်ရင် သူနဲ့ အိပ်ချင်တယ်။ ဒါပေမဲ့ ကျုပ်က သူ့ကို အတင်းအကျပ်တော့ သွားမခေါ်ပါဘူး။ ဒီသဘောပါပဲ။ ဆရာတော်က ဒီလောက်လေးနဲ့ စိတ်ဆိုးသွားတာလား။ ဆရာတော့်ရဲ့ တရားတွေက မပြည့်စုံသေးဘူး ထင်တယ်”

သောက်ကျိုးနည်း။

ဖါးပါး၏ နဖူးပေါ်တွင် ဒေါသအကြောများ ထောင်ထလာသည်။ “မြို့ဝန်ဖန်က တကယ်ကို ပွင့်လင်းတဲ့သူပဲ။ ဒါပေမဲ့ … ကျုပ်က ဘုန်းကြီး မဟုတ်ဘူး။ ခင်ဗျားတို့ နှစ်ယောက် ဒီကို လာတာ ဘာကိစ္စ ရှိလို့လဲ”

ဖန်ကျန်းရီက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ “ကိစ္စ မရှိပါဘူး။ ကျုပ်က ပုံမှန်အားဖြင့် တရားဓမ္မ လေ့လာရတာ အရမ်း ဝါသနာပါတယ်။ ဆရာတော်နဲ့ တွေ့တာနဲ့ အရမ်းကို ရင်းနှီးသွားသလို ခံစားရတယ်။

ဒီနေ့ လာတာက တခြား ကိစ္စ မဟုတ်ပါဘူး။ ဆရာတော်က မြို့တော်ကို ရောက်နေတာ အတန်ကြာပြီ။ ဟုန်လုစီ ထဲမှာပဲ ထုံးတမ်းစဉ်လာတွေ လေ့လာနေရတော့ ပျင်းနေမှာပဲ။ မြို့တော်ထဲ လျှောက်လည်ဖို့ ဆရာတော့်ကို ခေါ်သွားချင်လို့ပါ။ ဆရာတော် ဘယ်လို သဘောရလဲ”

ဖါးပါး၏ မျက်ထောင့်များက အလိုအလျောက် တုန်ယင်သွား၏။

ဤအကောင် ဘာဖြစ်နေသနည်း။ မျက်နှာပြောင်တိုက်တာ လွန်လွန်းနေပြီ။ သူ ဘုန်းကြီး မဟုတ်ဘူးဟု ပြောနေသည်ကို ဆရာတော်၊ ဆရာတော်နှင့် အဆက်မပြတ် ခေါ်နေသေးသည်။ ဘယ်တော့မှ ရပ်မည်နည်း။

ရင်ထဲက ဒေါသတွေကို မျိုသိပ်လိုက်ပြီး ဖါးပါးက ချီလျဲ့ဘက်ကို လှည့်ကြည့်ကာ မေးလိုက်၏။ “ချီလျဲ့ … ခင်ဗျား အပြင်ထွက် လည်ချင်လား”

ချီလျဲ့က ပါးစပ်ကြီး ဖြဲကာ ပြုံးလိုက်သည်။ “သွားမယ်လေ။ ခုနက ဒီကောင်စုတ်လေးတွေ ကျုပ်ကို ကြည့်ပြီး ဘာတွေ ပြောနေကြတာလဲ”

ချီလျဲ့၏ စိတ်သဘောထားက အလွန် ကြမ်းတမ်းသဖြင့် ဖါးပါးကလည်း အများကြီး မပြောရဲချေ။ “ဘာမှ မဟုတ်ပါဘူး။ ကျင်းတိုင်းပြည်မှာ ခင်ဗျားလို အရပ်ရှည်ပြီး သန်မာတဲ့သူ မရှိလို့ သူတို့ အံ့သြနေကြတာပါ”

ချီလျဲ့က မထီမဲ့မြင်ဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့၏။ သူ မတ်တတ်ရပ်လိုက်သောအခါ တစ်ကိုယ်လုံးက ပို၍ပင် ကြောက်စရာ ကောင်းလာသဖြင့် ဖန်ကျန်းရီမှာ မနေနိုင်ဘဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ထို့နောက် လုဖာဘက်သို့ လှည့်ကာ မေးလိုက်၏။

“သူတို့ နှစ်ယောက် ဘာတွေပြောနေကြတာလဲ”

လုဖာက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေသည်။ “သူတို့က ကျုပ်တို့ကို ကောင်စုတ်လေးတွေ တဲ့။ ပြီးတော့ ကျင်းတိုင်းပြည်က လူတွေက အတွေ့အကြုံ မရှိဘူးလို့ ပြောသွားတာ”

ချန်ဟုန်၏ ရင်ထဲတွင် ဓားနှင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး လုဖာကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ဖန်ကျန်းရီ ပြဿနာ မရှာအောင် ငါမင်းကို စောင့်ကြည့်ခိုင်းထားတာလေ။ မင်း အလုပ်မလုပ်ချင်လို့ ဤနေရာ လာပြီး ရန်တိုက်ပေးနေတာလား။ အခုမှ တွေ့တာ ဘယ်လောက်ကြာသေးလို့လဲ။ ပြဿနာတွေ အများကြီး ဖြစ်ကုန်ပြီ။ ဒုက္ခပဲ .. ငါ့ရဲ့ အနာဂတ်တွေတော့ ဖန်ကျန်းရီ လက်ထဲမှာ ပျက်စီးရတော့မယ် ထင်တယ်။

ချန်ဟုန်က မကျေမနပ်ဖြစ်မှုကို မြိုသိပ်ကာ ဖန်ကျန်းရီ အနားသို့ လျှောက်သွားပြီး လေးနက်စွာဖြင့် ပြောလိုက်၏။ “မြို့ဝန်ဖန် … ဒီနေ့ ကျုပ် အချိန် အားပါတယ်။ သူတို့ကို အပြင်ခေါ်သွားဖို့ ခင်ဗျားကို ဒုက္ခမပေးတော့ပါဘူး။ ကျုပ်ပဲ သွားလိုက်ပါ့မယ်”

ဖါးပါးက ဝင်ပြောလိုက်သည်။ “မလိုပါဘူး။ မြို့ဝန်ဖန်ပဲ လိုက်ပို့တာ ပိုကောင်းပါတယ်။ အမတ်ကြီးချန်က ရာထူးကြီးတော့ အလုပ်များမှာပါ။ ခင်ဗျားကို အလုပ်မရှုပ်စေချင်ပါဘူး”

ဖါးပါးကလည်း စိတ်ထဲတွင် အလွန် သိချင်နေမိ၏။ သူ ဟုန်လုစီတွင် နေလာသည်မှာ ရက်အနည်းငယ် ရှိပြီ ဖြစ်ပြီး ကျင်းတိုင်းပြည်၏ အရာရှိများ အကြောင်းကိုလည်း အနည်းငယ် သိရှိထားသည်။ ချန်ဟုန်နှင့် ဖန်ကျန်းရီတို့သည် အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေး မဟုတ်သည်မှာ သိသာပြီး ဤဖန်ကျန်းရီ ဆိုသူက အလွန် ထူးခြားနေ၏။

အရာရှိလောကတွင် သူက ထူးဆန်းသော လူတစ်ယောက် ဖြစ်ပြီး ဤကဲ့သို့သော လူကို လေ့လာခြင်းက ချန်ဟုန်ကို လေ့လာခြင်းထက် အများကြီး ပိုအကျိုးရှိပေသည်။

ဖန်ကျန်းရီကတော့ ချန်ဟုန်ကို လုံးဝ ဂရုမစိုက်ဘဲ ဘေးသို့ ဖယ်လိုက်သည်။ ခေါင်းမော့ကာ ချီလျဲ့ကို သေချာ အကဲခတ်ကြည့်လိုက်၏။

ဤလို လူမျိုးဆိုလျှင်... ကျန်းပြောင်တောင် ယှဉ်နိုင်မည် မဟုတ်ချေ။ ကျန်းပြောင်က လောကတွင် ပြိုင်ဘက်ကင်းပြီဟု ထင်ထားတာ... မြောက်ပိုင်းလူရိုင်းများထံတွင် ဤသို့သော သတ္တဝါကြီး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့ပေမည့် တစ်ဖက်လူက သူ့အား ကောင်စုတ်လေးဟု သုံးနှုန်းခဲ့သည်။ ဒေါသထွက်စရာပင်။

ဖန်ကျန်းရီက ဖါးပါးဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဆရာတော် … သူက အရမ်း ရုပ်ဆိုးတယ်။ ခဏနေလို့ အပြင်ထွက်တဲ့အခါ ပြည်သူတွေကို လန့်သွားစေမှာ စိုးလို့ သူ့မျက်နှာကို အဝတ်နဲ့ အုပ်ထားလို့ ရမလား”

ဒီလောက်တောင် ရိုင်းစိုင်းရသလား။

ဖါးပါး ချက်ချင်း လက်သီးကို ဆုပ်ထားလိုက်၏။ “ကျင်းတိုင်းပြည်က ယဉ်ကျေးမှုကို တန်ဖိုးထားတဲ့ နိုင်ငံလို့ ကြားဖူးပါတယ်။ ဒါက ကျင်းတိုင်းပြည်ရဲ့ ဧည့်ဝတ်ကျေပွန်မှုလား”

“ဟာ … ဆရာတော်။ ကျုပ်က ခင်ဗျားတို့ ကောင်းဖို့အတွက် ပြောတာပါ။ သူ့ရုပ်ကြီးနဲ့ အပြင်ထွက်သွားရင် ကောလာဟလတွေ ထွက်လာပြီး နိုင်ငံနှစ်ခုရဲ့ နိုင်ငံရေး ဆက်ဆံမှုကို ထိခိုက်မှာ စိုးလို့ပါ”

“ဒါကို မြို့ဝန်ဖန် ပူစရာ မလိုပါဘူး”

ချန်ဟုန်က ရင်ဘတ်ကို ဖိကာ ဟိုကြည့်ဒီကြည့်ဖြင့် ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။

“ကောင်းပါပြီ။ ဒါဆိုလည်း သွားကြတာပေါ့”

ဖါးပါးနှင့် ချီလျဲ့တို့ နှစ်ယောက်က ဧည့်ရိပ်သာမှ အရင် ထွက်သွားကြသည်။ ဖန်ကျန်းရီ ထွက်သွားရန် ပြင်လိုက်စဉ် ချန်ဟုန်က သူ၏ အင်္ကျီလက်ကို အတင်းဆွဲထားပြီး တောင်းပန်တိုးလျှိုးစွာဖြင့် ပြောလိုက်၏။

“မြို့ဝန်ဖန် … လုံးဝ ပြဿနာ မရှာနဲ့နော်”

ဖန်ကျန်းရီက မျက်လုံးပြူးကာ ပြောလိုက်သည်။ “ခင်ဗျား ဘာတွေ လာပြောနေတာလဲ။ ကျုပ်က သူတို့ကို ထမင်းသွားကျွေးမှာပါ။ ကဲပါ … စိတ်ချလက်ချ နေပါ”

ချန်ဟုန်၏ သနားစရာကောင်းသော အကြည့်များအောက်တွင် ဖန်ကျန်းရီက လွတ်လပ်ပေါ့ပါးစွာဖြင့် ထွက်သွား၏။

ဟုန်လုစီတွင် သေချာပေါက် ရထားလုံးများနှင့် မြင်းများ အသင့် ရှိနေသည်။ ဟေးရှန်း ချီလျဲ့၏ အရပ်က အလွန် မြင့်မားလွန်းသဖြင့် ရထားလုံးထဲသို့ ဝင်၍ မရချေ။ သူကိုယ်တိုင် ယူလာသော မြင်းကိုသာ စီးရမည်။ သူ၏ မြင်းသည်လည်း သာမန်မြင်းများထက် နှစ်ဆခန့် ပိုကြီးပြီး လူနှင့်မြင်း အတူတူ ရှိနေသောအခါ ပို၍ပင် ကြောက်စရာ ကောင်းလှသည်။

ဖါးပါးက ဖန်ကျန်းရီ အနီးသို့ လျှောက်လာပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ “ချီလျဲ့က ကျုပ်တို့ မြောက်ပိုင်း လူရိုင်းတွေထဲမှာ အတော်ဆုံး သူရဲကောင်းပဲ။ ကျင်းတိုင်းပြည်မှာရော ဒီလို သတ္တိကောင်းတဲ့ လူမျိုး ရှိလား”

ဖန်ကျန်းရီက သူ့ကို တစ်ချက် ကြည့်ကာ အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။ “ကျုပ်လည်း မြို့တော်ကို ရောက်တာ သိပ်မကြာသေးတော့ … ဒီလို သတ္တိကောင်းတဲ့ လူမျိုးကို မတွေ့ဖူးသေးပါဘူး။ သူ့ထက် ရုပ်ဆိုးတဲ့ လူတော့ အခုထိ မတွေ့ဖူးသေးဘူး”

“……”

အပိုင်း (၂၉၃) ပလပ်စတစ် ညီအစ်ကိုတွေရဲ့ သံယောဇဉ်။

ဖါးပါး၏ မျက်နှာအမူအရာ ချက်ချင်း အေးခဲသွား၏။

သောက်ကျိုးနည်း။ ကျုပ်က နည်းနည်းလေး ကြွားလိုက်တာကို ခင်ဗျားက စကားကို အဲဒီလို လာပြောရသလား။ ချီလျဲ့က ရုပ်ဆိုးတာ မှန်ပေမဲ့ အဲဒါကို အမြဲတမ်း ပါးစပ်ကနေ ပြောနေဖို့ လိုလို့လား။

“ဆရာတော် … ရထားလုံးပေါ် တက်ပါ။ ကျုပ် ဆရာတော့်ကို မြို့တော်မှာ နာမည်ကြီးတဲ့ ပန်းရှန်းရပ်ကွက်ကို ခေါ်သွားပြမယ်”

ဖန်ကျန်းရီက ဖိတ်ခေါ်သည့်ဟန်ဖြင့် လက်ဟန်ပြလိုက်သည်။

ဖါးပါးက ရထားလုံးပေါ် တက်သွားပြီး ဖန်ကျန်းရီလည်း နောက်မှ လိုက်တက်သွားသည်။ ရထားဘီးများ ဖြည်းညင်းစွာ လည်ပတ်လာပြီးနောက် ရထားလုံးက ပန်းရှန်းရပ်ကွက် ဘက်သို့ ဦးတည်ထွက်ခွာသွား၏။

ဖါးပါးက ရထားလုံး ပြတင်းပေါက်မှ ကုလားကာကို လှန်ကာ အပြင်ကို ကြည့်ရင်း မေးလိုက်သည်။ “မြို့ဝန်ဖန် … မြို့တော်မှာ ရပ်ကွက်ပေါင်း ၁၀၈ ခု ရှိတယ်လို့ ကြားတယ်။ ပန်းရှန်းရပ်ကွက်က ဘာတွေများ ထူးခြားလို့လဲ”

ဖန်ကျန်းရီက ပြုံးလျက် ဖြေလိုက်၏။ “ပန်းရှန်းရပ်ကွက်က မြို့ပြင်အစွန်မှာ ရှိတယ်။ သူ့ရဲ့ တစ်ခုတည်းသော ထူးခြားချက်ကတော့ ဆင်းရဲတာပဲ”

“ဆင်းရဲတာ ဟုတ်လား။ ဆင်းရဲတာကို မြို့ဝန်ဖန်က ဘာလို့ ကျုပ်ကို သွားပြချင်ရတာလဲ” ဖါးပါးက နားမလည်စွာဖြင့် မေးလိုက်သည်။

“ဆင်းရဲတယ် ဆိုတာက အရင်တုန်းက တကယ် ဆင်းရဲခဲ့တာပါ။ ဒါပေမဲ့ အခုတော့ နည်းနည်း ပြောင်းလဲသွားပြီ။ အရှင်မင်းကြီးက ပန်းရှန်းရပ်ကွက်ကို အိမ်ရှေ့စံ လက်ထဲ အပ်လိုက်တာ လအနည်းငယ်ပဲ ရှိသေးတယ်၊ တော်တော်လေး ပြောင်းလဲသွားပြီ။ ဆရာတော်က အဝေးကြီးကနေ လာတာဆိုတော့ ကျုပ်တို့ ကျင်းတိုင်းပြည်နဲ့ မိတ်ဆွေဖွဲ့ဖို့ ရည်ရွယ်ချက် ပါသလို၊ ကျုပ်တို့ရဲ့ အခြေအနေကိုလည်း လေ့လာချင်လို့ ဖြစ်မှာပါ”

ဖါးပါး တိတ်ဆိတ်သွား၏။ ဖန်ကျန်းရီ၏ လုပ်ရပ်များကို သူ လုံးဝ နားမလည်နိုင်တော့ချေ။ လမ်းတစ်လျှောက်လုံး တွေ့ခဲ့ရသော ကျင်းတိုင်းပြည် အရာရှိများက စကားပြောရာတွင် ယဉ်ကျေးပျူငှာပြီး မေးခွန်းမေးလျှင်လည်း လိုရင်းကို မရောက်ဘဲ ရှောင်လွှဲပြောဆိုတတ်ကြသည်။ ဤသို့ ပွင့်ပွင့်လင်းလင်း ပြောတတ်သူကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

“မြို့ဝန်ဖန်က တကယ်ကို … ပွင့်လင်းတာပဲ”

ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ “ဒါပေါ့။ ကျုပ်က အစိုးရ အရာရှိ တစ်ယောက် ဆိုပေမဲ့ အဲဒီ ရိုးရာ ထုံးတမ်းစဉ်လာတွေကို အရမ်း မုန်းတာ။ လူတိုင်း ကိုယ် ပြောချင်တာကို ပြောကြရင် မကောင်းဘူးလား။ ဘာလို့ ဖုံးကွယ်ပြီး ပြောနေရမှာလဲ။ အဓိပ္ပာယ် မရှိဘူး။

ဟာ … ဒါပေမဲ့ ကျုပ်ကလည်း အဲဒီ ပါးစပ်ကြောင့် လူတော်တော်များများကို ဒုက္ခပေးမိလို့ ဟုန်လုစီ ကို အပြောင်းခံလိုက်ရတာ။ ဆရာတော်တော့ စိတ်မဆိုးပါဘူးနော်”

ပထမဆုံး တွေ့တည်းက ဤလူက စကားပြောတာ တစ်ချက်မှ စည်းမစောင့်ပေ။ ကြည့်ရသည်မှာ တကယ်ပင် ပွင့်လင်းသူ ဖြစ်နိုင်သည်။ ဤလူက တကယ် စိတ်ဝင်စားစရာ ကောင်းသည်။

ဖါးပါးက ပြုံးလျက် ဖြေလိုက်၏။ “သေချာပေါက် စိတ်မဆိုးပါဘူး။ မြို့ဝန်ဖန်က ပွင့်ပွင့်လင်းလင်း ဆက်ဆံတာကို ကျုပ် တကယ် လေးစားပါတယ်”

ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ “ဟာ … တခြားလူတွေလည်း ဆရာတော်လိုပဲ တွေးပေးကြရင် သိပ်ကောင်းမှာပဲ။ ပွင့်လင်းတာက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ညီလာခံက ဖော်လံဖားတွေ အကုန်လုံးက ကျုပ်ကို အမြင်မကြည်ကြဘူး။ ကျုပ်ကလည်း အဲဒီ ဖော်လံဖားတွေကို အမုန်းဆုံးပဲ။ အမြဲတမ်း မြှောက်ပင့်နေကြတဲ့ အကောင်တွေ။

ဆရာတော် … မြောက်ပိုင်း လူရိုင်းတွေက ပွင့်လင်းရိုးသားတယ်လို့ ကျုပ် ကြားဖူးတယ်။ ခင်ဗျားတို့ဆီမှာဆိုရင် အခြေအနေက အများကြီး ပိုကောင်းမှာပဲ”

ဖါးပါးက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ “အရာရှိလောက ဆိုတာ လူတွေရဲ့ စိတ်နေသဘောထားပါပဲ။ ဘယ်နေရာမှာမဆို အတူတူပါပဲ။ နည်းနည်းပါးပါးပဲ ကွာခြားမှာပါ”

“ကောင်းတယ်။ သိပ်မှန်တဲ့ စကားပဲ”

ဖန်ကျန်းရီက လက်ခုပ်တီးကာ ချီးကျူးလိုက်၏။ “ကြည့်ရတာ ဆရာတော်ကလည်း မြောက်ပိုင်း လူရိုင်းတွေထဲမှာ ကျုပ်လိုပဲ ရဲရဲဝံ့ဝံ့ ဝေဖန်ရဲတဲ့ သစ္စာရှိ အရာရှိ တစ်ယောက်ပဲ။ ဒါကြောင့်လည်း ဒီလို ပင်ပန်းတဲ့ သံတမန် အလုပ်ကို လုပ်ရတာ နေမှာပေါ့။ ခဏနေရင် ကျုပ်တို့ နှစ်ယောက် မမူးမချင်း သောက်ကြမယ်။ ဆရာတော် … အသား စားလား”

ကျုပ် ဘုန်းကြီး မဟုတ်ပါဘူးဆို။ ဖါးပါးက အနေရခက်စွာဖြင့် နှုတ်ခမ်းမဲ့လိုက်ပြီး ထပ်မရှင်းပြချင်တော့ချေ။

“စားတယ်”

အခွင့်အရေး ရပြီဆိုတာ သိလိုက်ရသဖြင့် ဖန်ကျန်းရီက မေးလိုက်၏။ “ဆရာတော်နဲ့ ကျုပ်က နှစ်ယောက်လုံး ပွင့်လင်းတဲ့သူတွေ ဆိုတော့ တချို့ကိစ္စတွေကို ကျုပ် ပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ။ ဆရာတော်တို့ ဒီတစ်ခေါက် ကျင်းတိုင်းပြည်ကို လာတာ လက်ထပ်ဖို့ တောင်းဆိုမလို့လား”

ဖါးပါး အနည်းငယ် လန့်သွားပြီး ပြောလိုက်သည်။ “ဒီလို ကိစ္စမျိုးကို သီးသန့် ဆွေးနွေးလို့ ကောင်းပါ့မလား”

“ဘာမကောင်းစရာ ရှိလို့လဲ။ ဆရာတော်က ကျုပ်ကို သူငယ်ချင်းလို သဘောမထားဘူးပဲ။ အစောကြီး ပြောလည်း ဒီစကား၊ နောက်မှ ပြောလည်း ဒီစကားပဲလေ။ ကျုပ်က သိချင်လို့ မေးကြည့်တာပါ။ ဆရာတော် ပြောပြရင် ကျုပ်ကတောင် အကြံဉာဏ် ပေးနိုင်အုံးမယ်”

ဘယ်သူက ခင်ဗျား သူငယ်ချင်းလဲ။ ခင်ဗျားဟာက အရမ်း ရင်းနှီးလွယ်လွန်းနေတယ်။

သို့ပေမည့် လက်ထပ်မည့် ကိစ္စက ပြောပြလျှင်လည်း ဘာမှ မဖြစ်ပါချေ။ အရာရှိငယ်လေး တစ်ယောက်က အရှင်မင်းကြီး၏ ဆုံးဖြတ်ချက်ကို ဘယ်လိုလုပ် လွှမ်းမိုးနိုင်မည်နည်း။ သူ့ဆီမှ တစ်ခုခု ပြန်သိရလျှင်တောင် ကောင်းသေးသည်။

ဖါးပါးက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကောင်းပြီလေ။ မြို့ဝန်ဖန်က ပွင့်ပွင့်လင်းလင်း မေးမှတော့ ကျုပ်လည်း ဘာမှ ဖုံးကွယ်စရာ မရှိပါဘူး။ ဒီတစ်ခေါက် လာတာ တကယ်ပဲ လက်ထပ်ဖို့ ရည်ရွယ်ချက် ပါပါတယ်။ ကျင်းတိုင်းပြည်က ပဉ္စမမင်းသမီးက အရွယ်ရောက်နေပြီလို့ ကြားတယ်။ ကျုပ်တို့ရဲ့ ဒုတိယ မင်းသားကလည်း အိမ်ထောင် မပြုရသေးဘူး။ မြို့ဝန်ဖန် ဘယ်လို ထင်လဲ”

ဖန်ကျန်းရီ၏ မျက်နှာပေါ်ရှိ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။ ဤကောင်များ တကယ်ပင် လက်ထပ်ရန် ရည်ရွယ်ထားကြသည်ကိုး။ နိုင်ငံတော် စာလွှာတွင် ဘာလို့ မရေးထားသနည်း။ ဤနေရာတွင် လာပြီး ရုတ်တရက် အစီအစဉ် လုပ်နေသည်လား။ ဤသို့သော ကိစ္စမျိုးကို ယခုမှ လာဆွေးနွေး၍ ရမည်လား။

ဖါးပါးက ဖန်ကျန်းရီ၏ မျက်နှာအမူအရာ ပျက်သွားသည်ကို မြင်သောအခါ လေးနက်စွာဖြင့် မေးလိုက်သည်။ “ဘာလဲ။ မြို့ဝန်ဖန်က ဒီကိစ္စမှာ အဆင်မပြေတာ ရှိတယ်လို့ ထင်လို့လား”

“မှန်ပါတယ်”

ဖန်ကျန်းရီက လေးနက်သော မျက်နှာထားဖြင့် ပြန်ဖြေ၏။ “ပဉ္စမမင်းသမီးက အိမ်ထောင် မကျသေးတာ မှန်ပေမဲ့ … ကျုပ် သိရသလောက်ဆိုရင် အရှင်မင်းကြီး စိတ်ထဲမှာ သမက်လောင်း ရွေးထားပြီးသား။ ခင်ဗျားတို့ အချည်းနှီး ဖြစ်သွားလိမ့်မယ်”

“အဲဒီလူက ဘယ်သူလဲ” ဖါးပါးက အမြန် မေးလိုက်သည်။

ဖန်ကျန်းရီက ခေါင်းခါလိုက်၏။ “အရှင်မင်းကြီး တိုက်ဆိုင်လို့ ပြောတာကို ကျုပ် ကြားခဲ့ရတာပါ။ တခြား ဘယ်သူမှ မသိသေးဘူး။ ကျုပ်လည်း ပြောလို့ မဖြစ်ဘူး။ ဆရာတော်လည်း တခြားလူတွေကို သွားမမေးတာ အကောင်းဆုံးပဲ။ တော်ဝင် မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်”

ဖါးပါးက လေးနက်စွာဖြင့် ပြောလိုက်သည်။ “စိတ်ချပါ။ ကျုပ် တခြားလူတွေကို လုံးဝ ထပ်မမေးပါဘူး။ မြို့ဝန်ဖန် ကျုပ်ကို ပြောပြလို့ ရမလား”

“သေချာပေါက် မရဘူးပေါ့။ ဆရာတော် ဆက်မမေးပါနဲ့တော့။ ဒါပေမဲ့ ကျုပ်က ဆရာတော့်ကို လမ်းမှန် တစ်ခုတော့ ပြပေးနိုင်တယ်”

“ပြောပါအုံး”

ဖန်ကျန်းရီက ဖါးပါး၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “ကျုပ်တို့ဘက်က မင်းသမီးကို အဲဒီဘက် ပေးစားလို့ မရပေမဲ့ … ခင်ဗျားတို့ဘက်က မင်းသမီးကို ဒီဘက် ပေးစားလို့ ရတာပဲလေ။ အရှင်မင်းကြီးမှာ သားတော် တစ်ပါးတည်း ရှိတာ။ ခင်ဗျား စဉ်းစားကြည့်။ ခင်ဗျားတို့ဘက်က အမျိုးသမီး ဒီကို လာလက်ထပ်ရင် ကျုပ်တို့ နိုင်ငံနှစ်ခုက မိသားစုတွေ ဖြစ်သွားပြီ မဟုတ်လား။ အကျိုးသက်ရောက်မှုက အတူတူပဲလေ”

လီယွမ်ကျောက် … ကျုပ်တို့က ညီအစ်ကိုကောင်းတွေပဲ။ ခင်ဗျားပဲ အနစ်နာခံလိုက်။

ဖါးပါး မျက်လုံးပြူးသွားပြီး ဖန်ကျန်းရီကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်သည်။

“ခင်ဗျား နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ကျင်းတိုင်းပြည် တော်ဝင်မိသားစုက တခြား နိုင်ငံက အမျိုးသမီးကို လက်ထပ်ပါ့မလား။ ပြီးတော့ ကျုပ်တို့ ခန်မင်းကြီးမှာ သမီးတော်လည်း မရှိဘူး”

ဖန်ကျန်းရီက အလျင်အမြန် လက်ကာပြလိုက်သည်။ “တခြား နိုင်ငံက လူ ဖြစ်တာ ဘာအရေးကြီးလို့လဲ။ လက်ရှိ အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံက သာမန်လူတွေမှ မဟုတ်တာ။ အဲဒီ ရိုးရာ ထုံးတမ်းစဉ်လာတွေက ဘာမှ မဟုတ်ပါဘူး။ ခန်မင်းကြီးမှာ သမီးတော် မရှိရင်လည်း ကိစ္စမရှိဘူး၊ အခုတည်းက မြန်မြန် မွေးခိုင်းလိုက်လေ။ အိမ်ရှေ့စံက ငယ်ပါသေးတယ်။ သူ စောင့်နိုင်ပါတယ်”

ဖါးပါးက နောက်သို့ မှီချလိုက်ပြီး ဖန်ကျန်းရီကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ သူ့စိတ်ထဲတွင် နောင်တရနေမိသည်။ ဤလူနှင့် အပြင်ထွက်မလာခဲ့သင့်ပေ။ ချန်ဟုန်ကိုသာ ခေါ်လာလျှင် ပိုကောင်းမည်။ ထိုသူ၏ တွေးခေါ်ပုံကို သူ မလိုက်နိုင်တော့ချေ...။

“ဒါဆိုလည်း ထားလိုက်ပါတော့။ လက်ထပ်လို့ မရရင်လည်း မပြောနဲ့တော့ပေါ့”

ဖန်ကျန်းရီက ပြန်လည် ပြုံးရွှင်လာ၏။ ကောင်းသည်။ ဤသို့ ဖြစ်ရမည်ပေါ့။ ထိုသို့ဆိုလျှင် အရာအားလုံးက လမ်းကြောင်းမှန်ပေါ် ရောက်သွားချေပြီ။ အားလုံး နိုင်ငံရေး ကိစ္စများကို ဆွေးနွေးကြလျှင် နိုင်ငံရေးသာ ဆွေးနွေးရမည်။ အမျိုးသမီးများကို လောင်းကြေးထပ်ပြီး လုပ်နေသည်မှာ ဘာအဓိပ္ပာယ် ရှိမည်နည်း။

“ဒါဆိုရင်တော့ ကျုပ်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ ဒါလောက်ပဲ စဉ်းစားပေးလို့ ရတော့မယ်။ မင်းသမီး လက်ထပ်ဖို့ကတော့ လုံးဝ မဖြစ်နိုင်တော့ဘူး”

ဖါးပါးက သူ၏ မျက်နှာအမူအရာကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ “အရှင်မင်းကြီး စိတ်ထဲမှာ ရွေးချယ်ထားတဲ့သူ ရှိနေမှတော့ လက်ထပ်ဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒီကိစ္စအတွက် မြို့ဝန်ဖန်ကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် နန်းတော်ထဲ ရောက်တဲ့အခါ အရှင်မင်းကြီးကို ဒီကိစ္စ သွားပြောမိရင် အရမ်း ရိုင်းရာကျသွားမှာပေါ့”

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ “ကျေးဇူးတင်စရာ မလိုပါဘူး။ ကျုပ်က အမြဲတမ်း သူများတွေကို ကူညီရတာ သဘောကျတယ်။ အရေးကြီးတဲ့ ကိစ္စ၊ မကြီးတဲ့ ကိစ္စ ခွဲခြားသိပါတယ်။ ကျုပ်တို့ ကျင်းတိုင်းပြည်နဲ့ မြောက်ပိုင်း လူရိုင်းတွေက မိတ်ဆွေ နိုင်ငံတွေ ဖြစ်သလို၊ ပြိုင်ဘက်တွေလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုယ်ပိုင် အမြင်အရ ပြောရရင် ဆရာတော်နဲ့ ချီလျဲ့လို သူရဲကောင်းတွေကို ကျုပ် အရမ်း လေးစားပါတယ်။ ဒီလို သေးငယ်တဲ့ ကိစ္စလေးက ကျင်းတိုင်းပြည်ရဲ့ အကျိုးစီးပွားကို မထိခိုက်စေပါဘူး။ ခင်ဗျားတို့ကို ကူညီပေးရတာ ကျုပ် ဝမ်းသာပါတယ်”

ဖန်ကျန်းရီ၏ စကားကို ကြားပြီးနောက် ဖါးပါးက ဖန်ကျန်းရီအပေါ် သတိထားမှု အနည်းငယ် လျော့ကျသွား၏။ ဤလူက... တကယ်ပင် ဘာဉာဏ်နီဉာဏ်နက်မှ မရှိသောသူ ဖြစ်ရမည်။

All Chapters