အခန်း (၂၉၄-၂၉၅)
Vol. 17 Ch. 294-295
အပိုင်း (၂၉၄) ရိုးသားတဲ့သူပဲ။
ရထားလုံးထဲတွင် သူတို့ နှစ်ယောက် စကားပြောဆိုရသည်မှာ အတော်လေး အဆင်ပြေနေ၏။ သို့သော်ငြား ရထားလုံး အပြင်ဘက်တွင်တော့ အခြေအနေက လုံးဝ ရှုပ်ယှက်ခတ်နေသည်။
ချီလျဲ့နှင့် လုဖာတို့ နှစ်ယောက်လုံးက မြင်းစီးလာကြ၏။ သူတို့ နှစ်ယောက် ယှဉ်တွဲ သွားလာနေသည်ကို ကြည့်ရသည်မှာ လုဖာက ကလေးငယ် တစ်ယောက်နှင့် တူနေသည်။ ချီလျဲ့၏ ကြီးမားလှသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ကောင်းသော ရုပ်သွင်က လမ်းသွားလမ်းလာ ပြည်သူများကို အံ့သြ ထိတ်လန့်သွားစေ၏။
ကြောက်ရွံ့မှုကြောင့် ဘေးသို့ အမြန် ရှောင်ဖယ်သွားကြသည်။ သို့ပေမည့် ထူးဆန်းလွန်းလှသဖြင့် မနေနိုင်ဘဲ အနားကပ်ကာ ထပ်မံ ကြည့်ရှုချင်ကြပြန်သည်။
သူတို့နောက်သို့ လိုက်ပါလာသော ကြည့်ရှုသူ ပြည်သူများ ပိုမို များပြားလာပြီး တချို့ သတ္တိရှိသူများက အနီးကပ် လေ့လာရန်ပင် ကြိုးစားလာကြ၏။ ဆွေးနွေးပြောဆိုသံများကလည်း တဖြည်းဖြည်း ကျယ်လောင်လာသည်။
“ကောင်းကင်ဘုံ … ဒါ မြောက်ပိုင်းလူရိုင်းဖြစ်ရမယ်။ သောက်ကျိုးနည်း။ တကယ်ကို ကြောက်စရာ ကောင်းတာပဲ”
“နေ့တိုင်း အသားစားနေရင်တောင် ဒီလောက် အကြီးကြီး ဖြစ်မလာနိုင်ဘူး”
“ဒီလို လူမျိုးနဲ့သာ စစ်တိုက်ရရင် ကျုပ်တို့ နိုင်ပါ့မလား”
လမ်းမပေါ်ရှိ မြင်ကွင်းများကို ဖန်ကျန်းရီနှင့် ဖါးပါးတို့လည်း သေချာပေါက် မြင်တွေ့နေရသည်။ ဖါးပါး၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာ၏။
ချီလျဲ့ ပေါ်ထွက်လာမှုက ကျင်းတိုင်းပြည် မြို့တော်အတွင်း၌ အတော်လေး ဂယက်ရိုက်သွားစေမည်မှာ သေချာပေသည်။ ဤသို့သော သူရဲကောင်းမျိုးက မြက်ခင်းပြင်တွင်လည်း တစ်ဦးတည်းသော အတုမရှိ သူရဲကောင်း ဖြစ်သည်။
ယခုတစ်ခေါက် ချီလျဲ့ကို ခေါ်လာသည်မှာ တကယ်ကို မှန်ကန်သော ရွေးချယ်မှုပင်။ နန်းတော်ထဲ ရောက်လျှင်ပင် အံ့သြ တုန်လှုပ်သွားစေနိုင်သည်။ ဤသို့သော သူရဲကောင်း တစ်ယောက်တည်းနှင့်ပင် မြို့တော် တစ်ခုလုံးကို ခြိမ်းခြောက်နိုင်ပြီး ကျင်းတိုင်းပြည်က လူတွေ အထင်မသေးရဲအောင် လုပ်နိုင်ခဲ့၏။
ဖါးပါးက ဖန်ကျန်းရီ မျက်နှာသေ ဖြစ်နေသည်ကို မြင်သောအခါ ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာနေမိ၏။ ကြည့်ရသည်မှာ ဤဖန်ကျန်းရီကလည်း မျက်နှာပန်း လှချင်သူပင်။ ယခုတော့ ဘာမှ မပြောနိုင်တော့ချေ။
ဖန်ကျန်းရီက တခြား ဘာမှ မစဉ်းစားမိဘဲ အပြင်ဘက် ပတ်ဝန်းကျင်ကိုသာ လေ့လာနေခြင်း ဖြစ်သည်။ နေရာ အနေအထားကို ကြည့်ရသည်မှာ မကြာမီ ပန်းရှန်းရပ်ကွက်သို့ ရောက်တော့မည်။
ခဏမျှ ဆက်သွားပြီးနောက် နောက်ဆုံးတွင် ပန်းရှန်းရပ်ကွက် နယ်နိမိတ်သို့ ရောက်ရှိသွားသည်။
ပန်းရှန်းရပ်ကွက်နှင့် နီးကပ်လာသောကြောင့် ပတ်ဝန်းကျင်ရှိ ရပ်ကွက်များကလည်း ပန်းရှန်းရပ်ကွက်၏ ပုံစံများကို အတုယူလာကြပြီး အရာရှိများက စည်းကမ်း တင်းကျပ်ကာ ပြည်သူများကို မနှောင့်ယှက်ရဲ ကြတော့ချေ။
ထို့အပြင် လူမိုက်ဂိုဏ်းဖြစ်သော ဖုန်းဟော့ဂိုဏ်းကလည်း လုံခြုံရေး အဖွဲ့အစည်းအဖြစ် အောင်မြင်စွာ ပြောင်းလဲသွားပြီ ဖြစ်ရာ ပြည်သူများ၏ ရဲရင့်မှုက အခြား အလှမ်းဝေးသော ရပ်ကွက်များထက် အများကြီး ပိုများလာခဲ့၏။
ဟေးရှန်း ချီလျဲ့ကို အနီးကပ် လေ့လာသူများလည်း ပိုများလာသည်။ တီးတိုး စကားပြောသံများ ဆက်တိုက် ထွက်ပေါ်နေပြီး စကားပြောသည့် ပုံစံများလည်း တဖြည်းဖြည်း ပြောင်းလဲလာ၏။
“ဟေ့ကောင်။ ဒီမြောက်ပိုင်းလူရိုင်းက ဘာစားပြီး ကြီးလာတာလဲ”
“မြင်းနို့ သောက်တာ နေမှာပေါ့။ မြင်းနို့ သောက်တာ သေချာတယ်”
“ကျွတ် .. ငါလည်း မြင်းနို့ သောက်ဖူးတာပဲ။ ဘာလို့ ဒီလောက် မကြီးလာတာလဲ”
“သူတို့က နေ့တိုင်း သောက်တာလေ။ မင်း သောက်နိုင်လို့လား”
“ဟုတ်တယ်။ ဟုတ်တယ်။ နွားနို့ အများကြီး သောက်ရင် လူက နွားလို ဖြစ်လာတတ်တယ်။ မြင်းနို့ အများကြီး သောက်တော့လည်း မြင်းလို ဖြစ်သွားတာပေါ့”
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာ၏။
သူ မြှုပ်ထားသော မိုင်းများက ဤနေရာတွင် လာပေါက်ကွဲနေသည်။ သို့ပေမည့် ချီလျဲ့၏ ရုပ်ကြီးက မြင်းနှင့် မတူဘဲ ဘင်္ဂလား ဖွတ်ကြီးနှင့် ပိုတူနေသည်။
ချီလျဲ့၏ ရုပ်ဆိုးမှုက မကြာခင် မြို့တော် တစ်ခုလုံးကို ပျံ့နှံ့သွားမှာ သေချာပေသည်။ နန်းတော်ထဲက ရှေးရိုးစွဲ အဘိုးကြီးတွေတောင် ဤစကားကို ယုံချင်ယုံသွားလိမ့်မည်။ သူရဲကောင်း တစ်ယောက်က မြို့တော်၏ ရယ်စရာ ဖြစ်သွားတော့မည်။ မြောက်ပိုင်းလူရိုင်းတွေ ဒီကို လာတာ အရှက်ကွဲဖို့ သက်သက်ပဲ ဖြစ်သွားချေပြီ။
ဟာ... ဤသောင်းကျန်းနေသော ပြည်သူတွေ။ နောက်ဆိုလျှင် သတင်းစာမှတစ်ဆင့် မျိုးဆက် မတူသော သတ္တဝါများ မျိုးပွား၍ မရဘူး ဆိုသည့် အကြောင်းကို ရှင်းပြပေးမှ ရတော့မည်။ မဟုတ်လျှင် မည်မျှအထိ လမ်းလွဲသွားမည်နည်း မသိပေ။
ဖန်ကျန်းရီက ဖါးပါး၏မျက်နှာ မည်းမှောင်နေသည်ကို မြင်သောအခါ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရ၏။ ဤခေါင်းတုံးကလည်း မျက်နှာပန်းလှချင်သူပင်။ ခုနကမှ ထိုလူမိုက်ကြီးကို ပြပြီး သူ့ကို ကြွားနေခြင်းပင်။ ယခုတော့ ဘာမှ ပြောစရာ မရှိတော့ချေ။
ဖါးပါးက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။ “မြို့ဝန်ဖန် … ကျင်းတိုင်းပြည် မြို့တော်က ပြည်သူတွေက ဒီလိုပဲလား”
ခင်ဗျားက မြို့တော်သားတွေ ရိုင်းစိုင်းတယ်ဆိုပြီး ပြောချင်တာ မဟုတ်လား။ ယဉ်ကျေးတဲ့နိုင်ငံ ဆိုပြီး ကျုပ်ကို ဖိအားပေးချင်တာလား။ ပြီးတော့ ကျုပ် အနေခက်အောင်၊ ဖြေရှင်းလာအောင်၊ တောင်းပန်လာအောင် လုပ်ချင်တာပေါ့။ တခြားသူတွေဆိုရင် အနေခက်မှာပေမဲ့ ကျုပ်ကတော့ မျက်နှာအရေခွံက လက်သီးထက် ထူတယ်။
ဖန်ကျန်းရီက စိတ်ထဲတွင် ကျိတ်ရယ်လိုက်ပြီး ပါးစပ်မှ ပြောလိုက်၏။ “ဟုတ်တယ် … ဟုတ်တယ်။ မြို့တော်က ပြည်သူတွေက ဒီလိုပဲ”
ဖါးပါးက အားအင်ကုန်ခမ်းသွားသကဲ့သို့ ရထားလုံး ပြတင်းပေါက်ကို မှီကာ တိတ်ဆိတ်စွာ နေလိုက်တော့သည်။
ဘာမှ လုပ်၍ မရတော့ပေ။ ဖန်ကျန်းရီက အရမ်း ရိုးသားလွန်းနေသည်။ အားနည်းချက် လုံးဝ မရှိအောင် ရိုးသားနေ၏။ ပြောသူပင် အနည်းငယ် ရှက်ရွံ့သွားစေလောက်အောင်ပင် ရိုးသားလွန်းလှသည်။ ဤမျှ ရိုးရှင်း၊ ပွင့်လင်းပြီး ဉာဏ်နီဉာဏ်နက် မရှိသော လူတစ်ယောက်ကို ဘာဆက်ပြော၍ ရနိုင်ဦးမည်နည်း။ စကား ဆက်ပြော၍ မရတော့ချေ။
သူ၏ စိတ်ပျက်နေသော မျက်နှာကို ကြည့်ရင်း ဖန်ကျန်းရီက တိတ်တဆိတ် နှုတ်ခမ်းမဲ့လိုက်၏။
ခင်ဗျား ဘာလို့ လာကြွားနေတာလဲ။
ရထားလုံးက တကျီကျီ မြည်ကာ ဆက်သွားနေသော်လည်း ရထားလုံး အတွင်းတွင်မူ တိတ်ဆိတ်နေသည်။
ပန်းရှန်းရပ်ကွက်နှင့် နီးကပ်လာလေလေ၊ ပတ်ဝန်းကျင်မှ ပြည်သူများ၏ ဝေဖန်သံများက ပိုမို ဆိုးရွားလာလေလေ ဖြစ်၏။ ထို့အပြင် ပြည်သူများက ချီလျဲ့အနေဖြင့် မိမိတို့ ဘာသာစကားကို နားမလည်ကြောင်း သိသွားပုံရပြီး ပို၍ပင် ရဲတင်းစွာ အသံကျယ်ကျယ်ဖြင့် ပြောဆိုလာကြသည်။ ခန္ဓာကိုယ် အရွယ်အစားများနှင့် ပတ်သက်၍လည်း ဝေဖန်လာကြ၏။
ဖိနပ်က လှေလှော်၍ ရသည် ဆိုသည့် မှတ်ချက်များပင် အဆက်မပြတ် ထွက်ပေါ်နေ၏။ ဝေဖန်မှုများသာ မကချေ။ တချို့က မြောက်ပိုင်းဆီ သွားပြီး မြောက်ပိုင်းလူရိုင်းများကို မြို့တော်သို့ ခေါ်လာကာ ဖျော်ဖြေရေး လုပ်ရန်ပင် အော်ဟစ်နေကြသေးသည်။
ရထားလုံး အပြင်ဘက်ရှိ ချီလျဲ့ကတော့ လူတွေက သူ့ကို ကြောက်ရွံ့နေကြသည်ဟု ထင်ကာ အလွန် ဂုဏ်ယူနေသည်။ လူတချို့က သူ့ကို လှောင်အိမ်ထဲ ထည့်ရန်ပင် စဉ်းစားနေကြပြီ ဆိုသည်ကို သူ မသိရှာပေ။
ဘေးမှ လုဖာကလည်း ရယ်ချင်စိတ်ကို မနည်း ထိန်းထားရပြီး ချီလျဲ့ကို လုံးဝ ဘာသာပြန် မပေးချေ။
သခင်လေးနှင့် လာတွေ့မှတော့ ခင်ဗျားတို့ ကံဆိုးပြီသာ မှတ်တော့ …
ဖါးပါး၏ လက်သီးများက တင်းကျပ်စွာ ဆုပ်ထားသဖြင့် သွေးများပင် ထွက်လာတော့မလို ဖြစ်နေ၏။ ဤစကားလုံးများက သူ့ကို အပြင်းအထန် အတွင်းဒဏ် ရသွားစေ၏။
နောက်ဆုံးတွင် ရထားလုံးက ပန်းရှန်းရပ်ကွက် နယ်နိမိတ်သို့ ရောက်ရှိသွားချေပြီ။ ရထားသမားက ရထားလုံးကို ရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
“မြို့ဝန်ဖန် … ပန်းရှန်းရပ်ကွက် ရောက်ပါပြီ”
သူတို့ နှစ်ယောက်လုံး ရထားလုံးပေါ်မှ ဆင်းလာကြသည်။ ရပ်လိုက်သည်နှင့် သူတို့ ပတ်ပတ်လည်တွင် လူအုပ်ကြီး ဝိုင်းရံလာပြီး ချီလျဲ့ကို လက်ညှိုးထိုးကာ ဝေဖန်နေကြ၏။
ဖန်ကျန်းရီက ဤအခြေအနေကို မြင်သောအခါ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။ “အကုန်လုံး ထွက်သွားကြစမ်း။ ဒီမှာ လာမဝိုင်းနေနဲ့။ ထောင်ကျချင်နေကြတာလား”
လူအများအပြားက ဖန်ကျန်းရီကို မှတ်မိသွားပြီး ချက်ချင်း ပြေးထွက်သွားကြ၏။ ကျန်သည့်သူများကလည်း အများနောက် လိုက်ကာ ထွက်ပြေးသွားကြ၏။
လူအုပ်ကြီး ချက်ချင်း လူစုကွဲသွားသည်။
ဖန်ကျန်းရီက လူစုကွဲသွားသော လူအုပ်ကြီးကို ကြည့်ကာ ခေါင်းခါလျက် သက်ပြင်းချလိုက်၏။ “ဟာ … သောင်းကျန်းနေတဲ့ ပြည်သူတွေ …. နိုင်ငံခြား ဧည့်သည်တွေကို ဒီလို ဆက်ဆံလို့ ဘယ်ဖြစ်မလဲ”
ဖါးပါးက အနားသို့ ရောက်လာပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် မြို့ဝန်ဖန်။ ချီလျဲ့ကို မြင်တာနဲ့ လူတွေ ဒီလောက် အများကြီး စုလာလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး”
ဖန်ကျန်းရီက မော့ကြည့်ကာ မချိုမချဉ် ပြုံးလိုက်သည်။ “ဆရာတော် … ကျုပ် အစောကြီးတည်းက ပြောခဲ့သားပဲ။ သူက အရမ်း ရုပ်ဆိုးတော့ ပြည်သူတွေ ကြားထဲမှာ ပြဿနာ တက်လိမ့်မယ်လို့။ မျက်နှာကိုသာ အဝတ်နဲ့ အုပ်ထားလိုက်ရင် ပြဿနာ အများကြီး ကင်းသွားမှာကို။ အခုတော့ ကြည့်စမ်း … ဒီလို ဖြစ်သွားပြီ”
ဖါးပါး အနည်းငယ် ရှက်သွားပြီး ပြုံးရုံသာ ပြုံးပြနိုင်တော့၏။ ဖန်ကျီးအား စိတ်ယုတ်စိတ်မာဖြင့် ပြောဆိုခဲ့သည်ဟု သူ ထင်ခဲ့သည်။ သို့ပေမည့် တကယ်တမ်းမှာတော့ တစ်ဖက်လူက ပြဿနာနည်းအောင် ပြောခဲ့ခြင်းပင်။ သူက လူယုတ်မာ နှင့် လူကောင်း မှားယွင်း အထင်လွဲခဲ့မိသည်။
ကြည့်ရသည်မှာ ဖန်ကျန်းရီ က ဉာဏ်နီဉာဏ်နက်မရှိသည့် ရိုးသားဖြောင့်မတ်လွန်းသော လူတစ်ယောက်ပင်။
အပိုင်း (၂၉၅) အလွန်တန်ဖိုးကြီးမားလှသော လက်ဖက်ခြောက်။
လူကောင်းစကားကို နားမထောင်ခဲ့သောကြောင့် ကြီးမားသည့် အရှုံးနှင့် ရင်ဆိုင်လိုက်ရ၏။
သို့သော်ငြား အခြေအနေက ဤသို့ဖြစ်လာပြီဖြစ်ရာ ချီလျဲ့ အား မျက်နှာဖုံးစွပ်ပေးရန် မလိုအပ်တော့ချေ။ တော်သေးသည်မှာ ချီလျဲ့သည် အခြားသူများပြောသော စကားကို နားမလည်ခြင်းပင်။ အကယ်၍ ဘေးလူများ ဘာပြောနေသည်ကို သူသာ သိသွားခဲ့မည်ဆိုလျှင် မည်ကဲ့သို့ ပြဿနာများရှာပြီး သတ်ဖြတ်မှုများ ပြုလုပ်မည်ကို မသိနိုင်ပေ။
ဖါးပါးသည် နောင်တရနေမိ၏။ သူက သက်ပြင်းချကာ အရှေ့သို့ လှမ်းကြည့်လိုက်ပြီးနောက် မှင်သက် သွားသည်။ မျက်စိရှေ့တွင် ညီညာချောမွေ့နေသော ကျောက်ပြားခင်းလမ်းမကြီး ရှိနေပြီး အနောက်ဘက်သို့ လှည့်ကြည့်လိုက်ချိန်မှာတော့ မြေသားလမ်းလေး ဖြစ်နေသည်။ လမ်းပိုင်းခြားထားမှုက အလွန် ရှင်းလင်း ပြတ်သားနေသည်။
အရှေ့နှင့်အနောက် လမ်းမပေါ်တွင် လူများ ပြည့်နှက်နေသော်လည်း သူတို့အနီးသို့ ရောက်လာသူ အတော်များများ က ကွေ့ရှောင်သွားကြ၏။ သို့ပေမည့် လမ်းမပေါ်ရှိ မြင်ကွင်းက စည်ကားနေဆဲဖြစ်ကြောင်း သိသာနေသည်။ ထိုအချိန်မှာတော့ ချီလျဲ့နှင့် လုဖာတို့သည် မြင်းပေါ်မှ ဆင်းလာကြပြီး ဖန်ကျန်းရီနှင့် ဖါးပါး၏ အနီးသို့ လျှောက်လာကြ၏။
ချီလျဲ့သည် ပတ်ဝန်းကျင် အခြေအနေကို အံ့ဩတကြီးဖြင့် လေ့လာနေသည်။
ဖါးပါးက ချီးကျူးစကား ဆိုလိုက်၏။ “ခင်ဗျားတို့တိုင်းပြည်က အိမ်ရှေ့စံ ကိုယ်တိုင် စီမံခန့်ခွဲတဲ့ ရပ်ကွက်ဆိုတော့လည်း တကယ်ကို ထူးခြားတာပဲ။ ဒီလို ပြုပြင်ပြောင်းလဲမှုမျိုးက ကုန်ကျစရိတ် အတော်များမှာပဲ။ နန်းတွင်းက ငွေဘယ်လောက်တောင် ထုတ်ပေးထားတာလဲ”
ဖန်ကျန်းရီက ချက်ချင်း ပြန်ဖြေလိုက်သည်။ “တစ်ပြားမှ မပေးဘူး”
ဖါးပါး အံ့အားသင့်သွား၏။ “ဘာ”
ဤနေရာကိုမလာခင်က သူသည် အခြားရပ်ကွက်များကို မြင်ဖူးခဲ့သည်။ ထိုရပ်ကွက်များကိုလည်း ကောင်းသည်ဟု သူထင်ခဲ့သော်လည်း ပန်းရှန်းရပ်ကွက်လောက် အံ့မခန်း မဖြစ်ခဲ့ချေ။ ဤမျှ ကြီးမားလှသော ပြုပြင်ပြောင်းလဲမှုများကို အိမ်ရှေ့စံကိုယ်တိုင် စီမံခန့်ခွဲခဲ့သည်ဆိုလျှင် ဧကရာဇ်က အိမ်ရှေ့စံကို ငွေတစ်ပြားမှ ထုတ်မပေးဘဲ နေမည်လား။ လုံးဝ မဖြစ်နိုင်ချေ။
ဖါးပါး၏ မျက်နှာက တည်တင်းသွား၏။ “ခင်ဗျားတို့ တိုင်းပြည်က အိမ်ရှေ့စံက အသက် နှစ်ဆယ်တောင် မပြည့်သေးဘူးလို့ ကြားတယ်။ ဒီလို အရည်အချင်းမျိုး ရှိနေတာလား။ ဖန်သခင်လေး … ကျုပ်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်”
ဖန်ကျန်းရီက ပခုံးတွန့်လိုက်သည်။ “ဆရာတော ဖါးပါး … ခင်ဗျား ကျုပ်အကြောင်း သိပါတယ်။ ကျုပ်ဆိုတဲ့လူက လိမ်မပြောတတ်ဘူး။ နန်းတော်နဲ့ ဘုရင်မင်းမြတ်က အိမ်ရှေ့စံကို ငွေတစ်ပြားမှ ထုတ်မပေးထားတာ အသေအချာပဲ။ ခင်ဗျား ဘယ်သူ့ကို သွားမေးမေး အတူတူပဲ ဖြစ်နေလိမ့်မယ်”
တစ်နည်းအားဖြင့် ပြောရလျှင် လီယွမ်ကျောက်သည် တကယ်ကို အားထုတ်ကြိုးပမ်းခဲ့၏။ အထဲတွင် ပါဝင်သော အောင်မြင်မှု တစ်ဝက်ခန့်မှာ သူ့အတွက် ဖြစ်သင့်သည်။ ထို့အပြင် ယခုတစ်ခေါက် ဖါးပါးအား ခေါ်လာခြင်းက နိုင်ငံတော်၏ အင်အားကို ပြသရန်လည်း ဖြစ်သည်။ နောင်တစ်ချိန် နန်းတော်နှင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်ချိန်မှာတော့ သူ၏ စိတ်ပိုင်းဆိုင်ရာ ဈေးနှုန်းကို များစွာ လျှော့ချပစ်နိုင်လိမ့်မည်။
မည်သို့ပင်ဆိုစေ ထိမ်းမြားလက်ထပ်ခြင်းကိစ္စကိုတော့ ဆွေးနွေးခွင့် ပြုမည်မဟုတ်ချေ။ ဤကိစ္စကိုတော့ လမ်းကြုံ လုပ်ဆောင်ခြင်းအဖြစ် သတ်မှတ်လိုက်မည်။ သူကိုယ်တိုင်ကလည်း ဟုန်လုစီ ရုံးတော်၏ အရာရှိတစ်ဦးအဖြစ် တာဝန်ယူထားသည်ဖြစ်ရာ ဤသို့ လုပ်ဆောင်ခြင်းက တာဝန်မပျက်ကွက်ခြင်းပင် ဖြစ်သည်။
ဖန်ကျန်းရီက ရည်ရွယ်ချက်မရှိသလိုဖြင့် နောက်ထပ်စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်၏။ “ကျွတ် … ပန်းရှန်းရပ်ကွက်ရဲ့ ပြုပြင်ပြောင်းလဲမှုအကြောင်း ပြောရမယ်ဆိုရင် … အချိန် ခြောက်လပဲ ကြာခဲ့တာ။ ဒါမှမဟုတ် ခြောက်လတောင် မပြည့်ဘူး။ ကျုပ် သေချာတောင် မမှတ်မိတော့ဘူး”
ဖါးပါးသည် ချက်ချင်းပင် ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသည့်အလား ဖြစ်သွား၏။ ဆက်တိုက်ဆိုသလို ထိခိုက်ခံစားရမှုများကြောင့် သူ၏ စိတ်နှလုံးသည် အလွန် ရှုပ်ထွေးသွားခဲ့သည်။
ကျင်းတိုင်းပြည် ဧကရာဇ်၏ အုပ်ချုပ်မှုနှင့် စစ်ရေးစွမ်းရည်ကို သူ သံသယမဝင်ခဲ့သော်လည်း မွေးဖွားလာသော သားတော်က ဤမျှအထိ ထူးချွန်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
နောက်ဆယ်နှစ် … နှစ်တစ်ရာကြာချိန်တွင် ဘယ်လို အခြေအနေမျိုး ဖြစ်လာမည်နည်း။ အခုချိန် စစ်တိုက်မည်ဆိုလျှင်ပင် အနိုင်ရဖို့ အခွင့်အရေး ရှိနိုင်ပါဦးမည်လား။
ဒီနေရာက အရာအားလုံးက ဟန်ဆောင်ဖန်တီးထားတဲ့ အရာတွေများလား။ ဖန်ကျန်းရီ သူ့ကို တမင်သက်သက် လာလှည့်စားနေတာများလား။
အချိန်တိုအတွင်းမှာပင် ဖါးပါး၏ စိတ်ထဲ၌ အတွေးမျိုးစုံ ဝင်ရောက်လာ၏။
ဖန်ကျန်းရီက သူ မှင်သက်နေသည်ကို မြင်ချိန်မှာတော့ ပခုံးကို ပုတ်လိုက်သည်။ “ဆရာတော် … ဘာဖြစ်သွားတာလဲ”
ဖါးပါးက အမြန် ပြန်ဖြေလိုက်၏။ “အာ … ဘာမှမဖြစ်ပါဘူး။ ကျုပ်တို့ အရင် လမ်းလျှောက်ကြတာပေါ့။ သွားရအောင်”
ဖါးပါးသည် စိတ်ကို ငြိမ်သက်အောင် ထိန်းလိုက်ပြီး ရင်ထဲမှ အံ့ဩတုန်လှုပ်မှုများကို ဖိနှိပ်ထားကာ ရပ်ကွက်ထဲသို့ လျှောက်သွားလိုက်၏။ ဖန်ကျန်းရီသည် သုံးလှမ်းကို နှစ်လှမ်းလုပ်ကာ သူ၏ အရှေ့သို့ အမြန်လျှောက်သွားပြီး ဘေးဘက်ရှိ အဆောက်အအုံများအကြောင်းကို စတင်မိတ်ဆက်ပေးတော့သည်။
ဖါးပါးသည် ကြည့်လေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်၏။ ဤနေရာရှိ ပြည်သူများ၏ တက်ကြွမှုက အလွန် ပြည့်ဝနေသည်။
လမ်းမပေါ်ရှိ ဆိုင်အတော်များများကလည်း မကြာသေးမီကမှ အသစ်ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိသာနေသည်။ ဤမျှ ကြီးမားလှသော အတိုင်းအတာဖြင့် ပြုပြင်မွမ်းမံမှုများနှင့် ပြည်သူများ၏ ကျင့်သားရနေသော အခြေအနေများအရ သူ့ကို လှည့်စားရန် တမင်သက်သက် ဖန်တီးထားခြင်းမျိုး မဖြစ်နိုင်ချေ။
ထိုသို့ ပြုလုပ်ရန်လည်း မလိုအပ်ပေ။
ချီလျဲ့ကတော့ ပုံမှန်အတိုင်းပင် ဖြစ်၏။ သူသည် ခဏမျှသာ အံ့ဩသွားခဲ့ပြီး လမ်းပေါ်ရှိ မြင်ကွင်းများအပေါ် ထူးခြားသော ခံစားချက်မရှိတော့ချေ။
မကြာမီ လမ်းဘေးတွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ပေါ်လာ၏။ ဖန်ကျန်းရီသည် ဖါးပါးနှင့် အခြားသူများကို ခေါ်ကာ ထိုဆိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ သွားရင်းနှင့် ပြောလိုက်၏။ “ဆရာတော် … ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ လက်ဖက်ရည်က အကောင်းဆုံးပဲ။ ခင်ဗျား ဟုန်လုစီ ရုံးတော်မှာ သောက်ဖူးမှာပေါ့။ ဒါပေမဲ့ ဟုန်လုစီ ရုံးတော်က လက်ဖက်ရည်က အကောင်းဆုံး ထိပ်တန်း လက်ဖက်ရည် မဟုတ်သေးဘူး။ ဒီမှာ ကမ္ဘာ့အကောင်းဆုံး တာ့ဖင် ထျန်းရှန်း လက်ဖက်ရည် ရှိတယ်။ ဒီနေ့ ခင်ဗျားကို မျက်စိပွင့်သွားအောင် ပြပေးမယ်”
ထို့နောက် ခွင့်ပြုချက်မတောင်းဘဲ ဖါးပါးအား လက်ဖက်ရည်ဆိုင်ထဲသို့ ဆွဲခေါ်သွားတော့သည်။
တံခါးဝရှိ ဆိုင်ရှင်သည် ဖန်ကျန်းရီ လာသည်ကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် အလျင်အမြန် ခေါင်းငုံ့ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်၏။
ဖန်ကျန်းရီက ကောင်တာကို ခေါက်လိုက်သည်။ “ဆိုင်ရှင် … ခင်ဗျားတို့ဆီက တာ့ဖင် ထျန်းရှန်း လက်ဖက်ရည် ရှိသေးလား။ ထုတ်ပြစမ်းပါ။ ရှိသမျှ အကုန်လုံး ကျုပ် ယူမယ်”
ဆိုင်ရှင်၏ အကြည့်က ချီလျဲ့ထံသို့ ရောက်သွားပြီး မျက်လုံးထဲတွင် အကြောက်တရားများ ပေါ်လာကာ လက်ဖက်ရည်ခြောက်များကို ရှာရန် အမြန်လှည့်ထွက်သွား၏။
ထိုအချိန်လေးအတွင်း ဖန်ကျန်းရီက ဖါးပါးအား ပြောလိုက်သည်။ “ဆရာတော် … ဒီ တာ့ဖင် ထျန်းရှန်း လက်ဖက်ရည်က တွေ့ဖို့ခဲယဉ်းပြီး တောင်းဆိုလို့ မရဘူး။ သာမန်အချိန်ဆို တစ်ပိဿာကို ငွေတုံး ငါးရာလောက် ပေးရတယ်။ အရမ်းကို တန်ဖိုးကြီးတာ။ ဒီနေ့ ကျုပ်တို့ လာတာ ကံစမ်းကြည့်ရမှာပဲ”
ဖါးပါးသည် တိတ်တဆိတ် လျှာသပ်မိသွား၏။ တစ်ပိဿာကို ငွေတုံး ငါးရာတဲ့လား။ ဒီလောက်တောင် ဇိမ်ကျကျ နေနိုင်တာလား။ ကျင်းတိုင်းပြည်ရဲ့ ကုန်ဈေးနှုန်းက ဒီလောက်အထိ မြင့်မားနေပြီလား။
ဟုန်လုစီ ရုံးတော်မှ လက်ဖက်ရည်ကတော့ အရသာကောင်းမွန်ပြီး မွှေးပျံ့သန့်စင်သည်။ သို့ပေမည့် မည်မျှကောင်းမွန်စေကာမူ ဤမျှအထိ ကောင်းနိုင်ပါမည်လား။
ဖါးပါးက ပြန်ပြောလိုက်သည်။ “မြို့ဝန်ဖန်ကို ကျေးဇူးတင်ပါတယ်”
သိပ်မကြာခင်မှာပင် ဆိုင်ရှင်သည် လှပသေသပ်သော ကြွေအိုးငယ်လေး တစ်လုံးကို ယူလာပြီး ကောင်တာပေါ်သို့ တင်လိုက်၏။ ဖန်ကျန်းရီအား ကြည့်ကာ အားနာဟန်ဖြင့် ပြုံးပြလိုက်၏။
“တောင်းပန်ပါတယ် ဧည့်သည်တော်တို့။ ကျုပ်တို့ရဲ့ တာ့ဖင် ထျန်းရှန်း လက်ဖက်ရည်က ရောင်းကုန်သွားပါပြီ။ မနက်ဖြန်မှ ထပ်လာခဲ့ကြပါ။ ဒါပေမဲ့ ရောက်လာမှတော့ ဧည့်သည်တော်တို့ကို လက်ဗလာနဲ့တော့ မပြန်စေရပါဘူး။ ဒီအိုးလေးထဲမှာ ကျုပ်တို့ဆိုင်ရဲ့ အသက်သွေးကြောဖြစ်တဲ့ တာ့ဖင် ထျန်းရှန်း လက်ဖက်ခြောက် ရှိပါတယ်။ ရောင်းဖို့တော့ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဧည့်သည်တော်တို့ အနေနဲ့ အနံ့တော့ ရှူကြည့်လို့ ရပါတယ်။ နောက်ပိုင်း ဈေးကွက်ထဲမှာ အတုတွေနဲ့ တွေ့ရင် ခွဲခြားသိနိုင်အောင်လို့ပါ”
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဒေါသထွက်နေသည့်ဟန် ပေါ်လာသည်။ “အနံ့ရှူရမယ်။ ခင်ဗျား ကျုပ်ကို နောက်နေတာလား။ ကျုပ်က ဧည့်သည်တော်ကို တိုက်မလို့ဟ။ ခင်ဗျားရဲ့ လက်ဖက်ခြောက် ဘယ်လောက်လဲ။ ကျုပ် ယူမယ်။ တိုက်ရိုက်သာ ဈေးခေါ်လိုက်စမ်း”
ဆိုင်ရှင်သည် ခေါင်းကို အဆက်မပြတ် ခါယမ်းကာ လက်ဖက်ရည်အိုးကို ကောက်ကိုင်ပြီး ရင်ခွင်ထဲ ထည့်ထားလိုက်၏။ ထို့နောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး အလောတကြီး ပြောလိုက်၏။
“မရဘူး။ ဘယ်လောက်ပေးပေး မရောင်းပါဘူး။ သခင်လေး … ကျုပ်ကို ကိုယ်ချင်းစာပါအုံး။ နေ့တိုင်း ဒီလက်ဖက်ရည်ကို လာဝယ်တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။
ဒါပေမဲ့ ဆိုင်ငယ်လေးက တစ်လကို နည်းနည်းလေးပဲ ရတာပါ။ နေ့တိုင်း လာမေးတဲ့သူတွေသာ အနံ့လေးတောင် မရှူရဘူးဆိုရင် ကျုပ်ဆိုင်လေး အဖျက်ဆီးခံရပါလိမ့်မယ်”
ဖန်ကျန်းရီက ဖါးပါးအား လှည့်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် အားနာနေဟန်ဖြင့် ပြောလိုက်သည်။ “ဆရာတော် … ကြည့်ပါအုံး … ဒါ … ဒါက တော်တော်လေးကို အားနာစရာ ကောင်းသွားပြီ”
ဖါးပါးက ခေါင်းခါပြလိုက်သည်။ ရိုးသားသူတစ်ယောက်က မျက်နှာပူတတ်သည်ကို နားလည်ပေး၍ ရ၏။ “ကိစ္စမရှိပါဘူး။ ဒီလက်ဖက်ရည်က ဒီလောက်တောင် တန်ဖိုးကြီးပြီး ရဖို့ခဲယဉ်းနေမှတော့ အနံ့လေး ရှူရရင်လည်း ကောင်းတာပါပဲ”
ထိုသို့ပြောရင်း အရှေ့သို့ တိုးသွားချိန်မှာတော့ ဆိုင်ရှင်က ကြွေအိုးလေးကို ကပျာကယာ ကမ်းပေးလိုက်၏။ ဖါးပါးသည် ကြွေအိုးကို ယူကာ သေချာစွာ အနံ့ခံကြည့်လိုက်သည်။ သူ ခေါင်းငုံ့နေချိန်မှာတော့ ဆိုင်ရှင်က ဖန်ကျန်းရီအား တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။
ဖန်ကျန်းရီက မျက်ရိပ်ပြလိုက်သည်ကို မြင်သောအခါ ဆိုင်ရှင်က ချက်ချင်းပင် စကားစလိုက်၏။ “ဒီလက်ဖက်ရည်က အထွက်နှုန်း အရမ်းနည်းတယ်။ ကျုပ်တို့ တိုင်းပြည်ရဲ့ တောင်ဘက်အစွန်ဆုံးက အမြင့်ဆုံးတောင်ထွတ်ဖြစ်တဲ့ ထျန်းရှန်းတောင်ထွတ်ကနေ ထွက်တာပါ။
အခုဆိုရင် လက်ဖက်ပင် ဆယ်ပင်လောက်ပဲ ကျန်တော့တယ်။ ပြီးတော့ နန်းတွင်းဆက်သရတဲ့ ပစ္စည်းစာရင်းထဲမှာလည်း ပါသေးတယ်။
ဒီလက်ဖက်ရည်က ကြာလေ ပိုကောင်းလေပဲ။ သာမန်လူတွေမှာ ရှိရင်တောင် လွယ်လွယ်နဲ့ မရောင်းချင်ကြဘူး။ ကိုယ်တိုင် သောက်ဖို့ ဒါမှမဟုတ် သိမ်းထားဖို့ပဲ လုပ်ကြတာဆိုတော့ ဈေးကွက်ထဲမှာ ပစ္စည်းက ပိုပိုရှားလာတာ။ ဒါကြောင့် ဧည့်သည်တော်တို့ မနက်ဖြန်လာဖို့ မပြောနဲ့။ နောက်လ လာရင်တောင် ဝယ်လို့ရဖို့ ခဲယဉ်းတယ်”
ဆိုင်ရှင်သည် အဆက်မပြတ် စကားပြောနေကာ ဖါးပါး၏ အတွေးများကို အနှောင့်အယှက်ပေးနသည်၏။
ဖါးပါးသည် လက်ဖက်ရည်အိုးကို ကိုင်ကာ အနံ့ရှူကြည့်လိုက်ချိန်မှာတော့ အနံ့အရဆိုလျှင် သာမန်သာ ဖြစ်ကြောင်း ခံစားလိုက်ရသည်။ ဟုန်လုစီရုံးတော်မှ လက်ဖက်ခြောက်၏ ရနံ့ကိုပင် မမီဟု ထင်မိသည်။
သို့ပေမည့် ဆိုင်ရှင်၏ အလွန်အမင်း ချီးကျူးပြောဆိုမှုများကြောင့် လက်ဖက်ရည်အိုးကို ပြန်ယူကာ သေချာစွာ ထပ်မံ အနံ့ခံကြည့်လိုက်မိ၏။