← Chapters

အခန်း (၂၉၆-၂၉၇)

Vol. 17 Ch. 296-297

အခန်း (၂၉၆-၂၉၇)

Vol. 17 Ch. 296-297

အပိုင်း (၂၉၆) သခင်လေးနောက်လိုက်၍ ကြီးပွားခြင်း။

သေချာစွာ အနံ့ခံကြည့်ချိန်မှာတော့ ဖါးပါးသည် ထူးခြားချက် တစ်စုံတစ်ရာကို မတွေ့ရသေးချေ။ သို့ပေမည့် ဟုန်လုစီရုံးတော်မှ လက်ဖက်ရည်လောက် မမွှေးပျံ့ကြောင်းကိုမူ သူ၏ အနံ့ခံအာရုံက သိရှိနေသည်။

ရေနွေးဖြင့် မစိမ်ရသေးသောကြောင့်များလား။ ဤသို့ပင် ဖြစ်ရမည်။

ဖန်ကျန်းရီသည် သူ၏ဘေးသို့ ရောက်လာပြီး မျက်နှာအမူအရာကို အကဲခတ်နေသည်။ ဖါးပါး၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ ဆိုင်ရှင်အား နောက်ထပ် မျက်ရိပ်ပြလိုက်ပြန်၏။

ဆိုင်ရှင်က အမြန်ပြောလိုက်သည်။ “ဧည့်သည်တော် … ဘယ်လိုနေလဲ။ လက်ဖက်ခြောက်ထဲက ဆေးရနံ့ကို ရလိုက်လား”

ဆေးရနံ့။

ဖါးပါးသည် ထပ်မံ၍ အနံ့ရှူကြည့်လိုက်ပြီး ခေါင်းမော့ကာ အံ့ဩတကြီး ပြောလိုက်၏။ “တကယ်ပဲ။ တကယ်ပဲ ရှုပ်ထွေးတဲ့ ဆေးဘက်ဝင်အပင်တွေရဲ့ ရနံ့မျိုး ရနေတယ်။ ဘာဖြစ်လို့လဲ”

ဆိုင်ရှင်က ပြုံးလိုက်သည်။ “ဒါပေါ့။ ဒီလက်ဖက်ခြောက်က စစရှူချင်းမှာတော့ သာမန်ပါပဲ။ ဒါပေမဲ့ ရေနွေးနဲ့ စိမ်လိုက်တာနဲ့ အထဲက ဆေးရနံ့တွေက ထွက်လာရော။ အစပိုင်း သောက်တုန်းက သာမန်လို့ ထင်ရပေမဲ့ သောက်လေ ပိုအရသာရှိလေပဲ။ လုံးဝကို ရပ်လို့မရအောင် ဖြစ်သွားတာ။ ရေရှည် သောက်သုံးသွားမယ်ဆိုရင် ခွန်အားတွေ တိုးလာပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် သက်တမ်းကိုလည်း ရှည်စေတယ်။ လောကကြီးမှာ ဒီလောက် အစွမ်းထက်တဲ့ ဆေးဘက်ဝင် လက်ဖက်ရည်ဆိုလို့ ဒါတစ်မျိုးပဲ ရှိတယ်”

ဖါးပါးသည် လက်ဖက်ခြောက်အိုးကို ချထားလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။ “ဒီလိုကိုး … လောကမှာ ဒီလို ထူးဆန်းတဲ့ လက်ဖက်ခြောက်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ တကယ်ကို ထူးခြားတာပဲ။ ဒီနေ့တော့ မျက်စိပွင့်သွားပြီ။ ကံမကောင်းတာက မြည်းစမ်းခွင့် မရတာပဲ”

ဖန်ကျန်းရီသည် ပြုံးလျက် ဘေးတွင် ရပ်နေသည်။

တာ့ဖင် ထျန်းရှန်း လက်ဖက်ရည်က ထုတ်လုပ်မှု ရပ်နားသွားပြီ ဖြစ်၏။ အခု ရောင်းချနေသည်က အရသာ မဟုတ်ဘဲ ဇိမ်ခံမှု၊ အဆင့်အတန်းနှင့် ဇာတ်လမ်းတို့သာ ဖြစ်သည်။ ဆေးဘက်ဝင် အပင်များဖြင့် လှော်ထားသော လက်ဖက်ခြောက်သည် နောင်ခေတ်တွင် နိုင်ငံတော်အဆင့် လျှို့ဝှက်ဖော်စပ်နည်း ဖြစ်လာပေလိမ့်မည်။ ထို့အပြင် ဘုရင်မင်းမြတ် ကိုယ်တိုင် သတ်မှတ်ပေးထားသော ဈေးနှုန်းဖြစ်သည့် ငွေတုံး ငါးရာဆိုသည်မှာ အနည်းငယ်မှ မများပြားလှချေ။ မြောက်ပိုင်းရုန်လူမျိုးများကို လက်ဆောင်ပေးရန်အတွက်ဆိုလျှင် အလွန် သင့်လျော်၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ “ဆရာတော် … ဒီနေ့တော့ စိတ်မကောင်းစရာပဲ။ ခင်ဗျားလည်း အဝေးကြီးကနေ လာတာဆိုတော့ ဒီလို လက်ဖက်ရည်ကောင်းမျိုးကို တစ်ခါလောက်တော့ သောက်သင့်တာပေါ့။ ဟူး … ဝယ်လို့မရတာ နှမြောစရာပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ခင်ဗျားတို့အတွက် ကျုပ် ကိုယ်တိုင် နန်းတော်ကိုသွားပြီး ဘုရင်မင်းမြတ်ဆီမှာ တောင်းပေးပါ့မယ်။ ဘုရင်မင်းမြတ်ကလည်း ခွင့်ပြုမှာ သေချာပါတယ်”

ဖန်ကျန်းရီကို ရိုးသားသူတစ်ယောက်ဟု ဖါးပါး ပို၍ ယုံကြည်သွားပြီး ကျေးဇူးတင်စကား ဆိုလိုက်၏။ “မြို့ဝန်ဖန်ရဲ့ စေတနာကို ကျုပ် လက်ခံပါတယ်။ ဒီလောက်ကြီး ဒုက္ခမခံပါနဲ့”

“ရပါတယ်။ ဒီဆိုင်မှာ လက်ဖက်ရည်ကောင်း မရှိတော့မှတော့ ကျုပ်တို့ တခြားနေရာကို သွားလည်ကြတာပေါ့” ဖန်ကျန်းရီက ပြောရင်းနှင့် ဖါးပါး၏ အဖြေကိုမစောင့်ဘဲ သူ၏လက်မောင်းကို ဆွဲကာ တံခါးပေါက်ဆီသို့ ထွက်လာခဲ့သည်။

တံခါးမှ ထွက်လိုက်သည်နှင့် မျက်နှာချင်းဆိုင်တွင် လက်ဝတ်ရတနာဆိုင် တစ်ဆိုင် ရှိနေ၏။ သူတို့အဖွဲ့သည် လက်ဝတ်ရတနာဆိုင်ဆီသို့ တိုက်ရိုက် လျှောက်သွားကြရာ ဖါးပါးက ဇဝေဇဝါဖြင့် မေးလိုက်၏။ “မြို့ဝန်ဖန် … အဲဒီနေရာက လက်ဝတ်ရတနာ ရောင်းတဲ့နေရာလေ။ ထပ်သွားကြည့်စရာ မလိုတော့ပါဘူး”

ဖန်ကျန်းရီက ချက်ချင်း ပြန်ပြောလိုက်သည်။ “ဘာလို့ မလိုရမှာလဲ။ အဲဒီအထဲမှာ ကျုပ်တို့ တိုင်းပြည်ရဲ့ လှပတဲ့ လက်ဝတ်ရတနာတွေ အများကြီး ရှိတယ်။ ဆရာတော် အသုံးမလိုရင်တောင် ကြည့်လို့ရတာပဲလေ။ ဒီတစ်ခေါက် လာတုန်းက ခင်ဗျားတို့ဆီမှာ ပယင်းလိုမျိုး အဖိုးတန်ရတနာတွေ အများကြီး ပါလာတယ်လို့ ကြားတယ်။ ကျုပ်တို့ တိုင်းပြည်ရဲ့ ရတနာတွေက ဘယ်လိုနေလဲဆိုတာ ခင်ဗျားကို ပြပေးချင်လို့ပါ”

ဖါးပါးက ခေါင်းငုံ့ကာ ပြုံးလိုက်၏။

ရတနာဆိုတာတွေက အရေးမကြီးတော့ချေ။ ယခုအချိန်အထိ ကြည့်ရှုပြီးနောက် မြောက်ပိုင်းရုန်က ကျင်းတိုင်းပြည် အပေါ် ခန့်မှန်းချက်မှာ လုံးဝ မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။ တစ်စိတ်တစ်ပိုင်းကို ကြည့်ရုံဖြင့် တစ်ခုလုံးကို သိနိုင်သည် ဆိုသကဲ့သို့ ကျင်းတိုင်းပြည်၏ တိုးတက်မှုက သူ၏ စိတ်ကူးထက် ကျော်လွန်နေပြီ ဖြစ်သည်။

စစ်ပွဲ ရပ်နားထားသည်မှာ မကြာသေးသော နိုင်ငံတစ်နိုင်ငံ၊ နောက်ကျကျန်နေသော ရပ်ကွက်တစ်ခုက ခြောက်လအတွင်း ပြုပြင်ပြောင်းလဲပြီးနောက် သာယာဝပြောသော ခေတ်တစ်ခေတ်၏ မြင်ကွင်းမျိုး ဖြစ်လာခဲ့သည်။ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ကြာလျှင် ဘယ်လိုအခြေအနေ ဖြစ်လာမည်ကို သူ တွေးတောင် မတွေးရဲတော့ပေ။

သူတို့အဖွဲ့သည် လက်ဝတ်ရတနာဆိုင်ထဲသို့ ဝင်သွားကြ၏။ အထင်ရှားဆုံးနေရာတွင် ဖန်သားစိန်လက်စွပ်များ ခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။ သစ်သားပြခန်းကို ပြတင်းပေါက်အနီးတွင် တမင်သတ်သတ် ထားရှိထား၏။

ထိုအချိန်တွင် နေရောင်ခြည်က ဝင်ရောက်လာပြီး စိန်လက်စွပ်ပေါ်သို့ အတိအကျ ကျရောက်နေကာ အခန်းတွင်း၌ တောက်ပနေစေသည်။ သာမန် ပုလဲများနှင့် ကျောက်စိမ်းများသည် ဖန်သားရှေ့တွင် အရောင်မှိန်သွားကြသည်။

ဖါးပါးသည်လည်း စိန်များကို မြင်မြင်ချင်း သဘောကျသွားသည်။ အရှေ့သို့ တိုးသွားကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ “ဒါက ဘာပစ္စည်းမို့လို့ ဒီလောက်တောင် တောက်ပနေရတာလဲ”

နံပါတ်နှစ် သရုပ်ဆောင်ဖြစ်သော ဆိုင်ရှင်သည်လည်း နွေးထွေးစွာ ကြိုဆိုပြီးနောက် စတင် မိတ်ဆက် ပေးတော့သည်။ “ဒီအရာကို စိန်လို့ ခေါ်ပါတယ်။ လောကမှာ တန်ဖိုးအကြီးဆုံး ကျောက်မျက်ရတနာဖြစ်ပြီး ရွှေတစ်သောင်းတန်ပါတယ်။ ကြည့်ပါ … လက်သည်းခွံလောက်ရှိတဲ့ ဒီသမုဒ္ဒရာနှလုံးသားက စိန်တွေထဲမှာ အကောင်းဆုံးပဲ။ ဈေးနှုန်းကတော့ …”

ဖါးပါးသည် သေချာစွာ နားထောင်နေပြီး ဖန်ကျန်းရီကတော့ သက်ပြင်းချလိုက်နိုင်သည်။ ရှောင်ထောင်ဆိုသည့် ကောင်မလေးက ဈေးကွက်ထဲကို သမုဒ္ဒရာနှလုံးသား ဘယ်နှစ်ခုတောင် ထုတ်ရောင်းလိုက်သလဲ မသိချေ။ ဤအမှိုက်က နေရာတိုင်းမှာ ရှိနေပြီး ၈၂ ခုနှစ်ထုတ် လာဖီ ဝိုင်လိုမျိုး ဖြစ်နေ၏။

သို့သော်ငြား ဖါးပါး၏ ပုံစံကို ကြည့်ရသည်မှာ လှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း သိသာလွန်းသည်။

ရက်အနည်းငယ်ကြာလျှင် သူ ဘုရင်မင်းမြတ်ထံ ဆက်သရမည့် တုံ့ပြန်လက်ဆောင် စာရင်းတွင် စိန်နှင့် လက်ဖက်ခြောက်တို့ အဓိက ပါဝင်မည် ဖြစ်သည်။ အလွန်ဆုံး ထပ်ပေါင်းထည့်ရလျှင် ပိုးထည်များသာ ဖြစ်လိမ့်မည်။

ပုံမှန်အားဖြင့် တုံ့ပြန်လက်ဆောင်များမှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာစသည့် လူတိုင်း အသိအမှတ်ပြုသော အဖိုးတန်ပစ္စည်းများသာ ဖြစ်လေ့ရှိ၏။

သူ ပြင်ဆင်ထားသော လက်ဆောင်များ သင့်လျော်မှန်ကန်စေရန် ဖါးပါးအား တန်ဖိုးထက် ပိုတန်သည်ဟု ခံစားရစေရန် လုပ်ဆောင်ရမည်။ ထိုအရာက လိမ်ညာခြင်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ပေးမည့်ပစ္စည်းများသည် ဈေးကွက်ထဲတွင် တကယ်ပင် ထိုဈေးနှုန်း တန်ဖိုးရှိနေသောကြောင့်ပင်။ ထိုအရာအားလုံးက ဈေးကွက်ရှာဖွေရေး၏ ကျေးဇူးပင် ဖြစ်သည်။

နောင်တစ်ချိန်တွင် တန်ဖိုးတည်ငြိမ်မှု ရှိမရှိဆိုသည်မှာ အခြားကိစ္စတစ်ခုသာ ဖြစ်တော့သည်။ မည်သို့ပင်ဆိုစေကာမူ ရွှေနှင့် ငွေတို့ပင် တန်ဖိုးကျဆင်းသည့် အချိန် ရှိသေးသည် မဟုတ်ပါလား။ ထို့အပြင် မြောက်ပိုင်းရုန်လူမျိုးများသည် အနာဂတ်တွင် အားကောင်းသော ပြိုင်ဘက်များ ဖြစ်လာမည်ဖြစ်ရာ ပြိုင်ဘက်များကို ငွေပေးစရာ အကြောင်းမရှိချေ။

ခဏမျှ လေ့လာကြည့်ရှုပြီးနောက် ဖါးပါးသည် စိတ်ဝင်စားမှု လျော့ကျသွား၏။ စိန်များက တကယ်ကို လှပသော်လည်း ယောကျ်ားတစ်ယောက် အနေဖြင့် ဤပစ္စည်းအပေါ် မည်မျှအထိ စိတ်ဝင်စားနိုင်မည်နည်း။

ဖန်ကျန်းရီသည် ဤအရာကို မျက်စိထဲတွင် မြင်နေရပြီးနောက် ချက်ချင်း စကားပြောလိုက်သည်။ “ဆရာတော် … ဘယ်လိုနေလဲ ကြည့်လို့ပြီးပြီလား။ လမ်းလျှောက်လာတာ အတော်ကြာပြီဆိုတော့ ချီလျဲ့လည်း ဗိုက်ဆာလောက်ပြီ ထင်တယ်။ ကျုပ်တို့ အရင် သွားစားကြမလား … ပြီးမှ ဆက်ကြည့်တာပေါ့”

ဖါးပါးက ခေါင်းညိတ်ပြလိုက်ပြီး ချီလျဲ့ကို လှည့်ကြည့်ကာ သဘောထားကို မေးမြန်းလိုက်၏။

ချီလျဲ့က ခန္ဓာကိုယ် ကြီးမားသလို အစားအသောက်လည်း ကြီးမားသူဖြစ်ရာ အစောတည်းက ဗိုက်ဆာနေပြီဖြစ်၍ ဝမ်းသာအားရ လက်ခံလိုက်သည်။ သူတို့အဖွဲ့သည် လမ်းပေါ်သို့ ပြန်ထွက်လာပြီး စားသောက်ဆိုင် ရှာဖွေနေစဉ် ဖန်ကျန်းရီက ရင်းနှီးနေသော နာမည်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။

လောင်လျူ စားသောက်ဆိုင်။

ရပ်ကွက်ထဲတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သဖြင့် ချက်ချင်း ပြုံးလိုက်မိသည်။ ကျန်းလောင်လျူက ဆိုင်ခွဲကို ပန်းရှန်းရပ်ကွက်မှာတောင် လာဖွင့်ထားသည်လား။ တိုက်ဆိုင်မှု မဖြစ်နိုင်ချေ။

ဖန်ကျန်းရီသည် ခေါင်းလှည့်ကာ လောင်လျူ စားသောက်ဆိုင်ကို လက်ညှိုးထိုးပြပြီး ဖါးပါးအား ပြောလိုက်၏။ “ဆရာတော် … ဒီမှာပဲ စားကြတာပေါ့”

ဖါးပါးက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ဘာစားရစားရ အရေးမကြီးချေ။ အဓိက ရည်ရွယ်ချက်မှာ မြို့တော်နှင့် ပန်းရှန်းရပ်ကွက်၏ အခြေအနေကို လေ့လာရန်သာ ဖြစ်သည်။

သူတို့အဖွဲ့သည် စားသောက်ဆိုင်ထဲသို့ ဝင်သွားကြရာ ကောင်တာတွင် ရင်းနှီးနေသော ကျန်းလောင်လျူကို တွေ့လိုက်ရ၏။

ကျန်းလောင်လျူက ဖန်ကျန်းရီကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးကာ စကားပြောရန် အရှေ့သို့ တိုးလာသည်။

နောက်တစ်စက္ကန့်တွင် ဖန်ကျန်းရီက သူ့အား မျက်ရိပ်ပြနေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း သဘောပေါက်သွားကာ ဘာမှမဖြစ်သလို ဟန်ဆောင်၍ သူတို့အနီးသို့ ရောက်လာပြီး နွေးထွေးစွာ ကြိုဆိုလိုက်၏။ “ကြိုဆိုပါတယ်။ ဧည့်သည်တော်တို့ ဘာများသုံးဆောင်ချင်ပါသလဲ”

ဖန်ကျန်းရီက လက်ဝှေ့ယမ်းပြလိုက်သည်။ “ခင်ဗျားတို့ဆိုင်က နာမည်ကြီး ဟင်းလျာတွေ အကုန်ချပေး။ သေချာလေး ချက်ပေး”

ကျန်းလောင်လျူက ခါးညွတ်ကာ ပြုံးပြလိုက်၏။ “ဟုတ်ကဲ့ပါခင်ဗျာ။ အပေါ်ထပ်ကို ကြွပါ။ အပေါ်ထပ်က ပတ်ဝန်းကျင် ပိုကောင်းပါတယ်”

သူတို့အဖွဲ့သည် စားပွဲထိုး၏ လမ်းညွှန်မှုဖြင့် အပေါ်ထပ်သို့ တက်သွားကြရာ လှေကားထစ်သို့ ရောက်သောအခါ ဖန်ကျန်းရီက ရုတ်တရက် ပြောလိုက်သည်။ “ဆရာတော် … ကျုပ် အိမ်သာခဏ သွားလိုက်အုံးမယ်။ ခင်ဗျားတို့ အရင် သွားနှင့်ကြ”

ဖါးပါးက ခေါင်းညိတ်ပြပြီး အပေါ်ထပ်သို့ တိုက်ရိုက် တက်သွား၏။

လူတိုင်း အပေါ်ထပ်သို့ တက်သွားသည်ကို မြင်သောအခါ ကျန်းလောင်လျူသည် ချက်ချင်း အနီးသို့ ရောက်လာပြီး ပြုံးလျက် ပြောလိုက်သည်။ “သခင်လေး … ဘယ်လိုရောက်လာတာလဲ”

ဖန်ကျန်းရီက ပြောလိုက်၏။ “ကျန်းလောင်လျူ … ခင်ဗျားရဲ့ ဆိုင်ခွဲက မြို့တော်အထိတောင် ရောက်လာပြီကိုး”

ကျန်းလောင်လျူက ဖားယားသော မျက်နှာထားဖြင့် ပြောလိုက်ပြန်သည်။ “အရောင်းအဝယ် အရမ်းကောင်းတယ်။ ခရိုင်ထဲမှာက အရောင်းအဝယ် လုပ်ရတာ ခက်လာလို့ မြို့တော်ကို ထမင်းလာစားရတာပါ။ ပြီးတော့ ဒီနေရာကို သခင်လေး စီမံခန့်ခွဲနေတာလို့ ကြားတာနဲ့ ချက်ချင်း ရောက်လာခဲ့တာလေ။ ကျုပ်က သခင်လေးနောက်လိုက်ရင် သေချာပေါက် ကြီးပွားမှာပဲ။ သခင်လေး … ဟိုဧည့်သည်နှစ်ယောက်က ဘယ်လိုအခြေအနေလဲ။ ကျုပ် ဟင်းတချို့ လက်ဆောင်ပေးလိုက်ရမလား”

ဖန်ကျန်းရီက လှောင်ပြုံး ပြုံးလိုက်၏။ “ဟမ့် … မြောက်ပိုင်းရုန်က အရိုင်းအစိုင်းတွေလေ။ အားနာနေစရာ မလိုဘူး။”

ကျန်းလောင်လျူသည် ချက်ချင်း ဝမ်းသာသွားတော့သည်။ သေချာတာပေါ့။ သခင်လေးနောက်လိုက်ရင် ငွေမရစရာ အကြောင်းမရှိဘူး။

အပိုင်း (၂၉၇) ဖုန်းဟော့ဂိုဏ်းသည် လူမိုက်ဂိုဏ်းမဟုတ်။

လောင်လျူ စားသောက်ဆိုင်၊ ဒုတိယထပ်။

ဖုန်းဟော့ဂိုဏ်းမှ အဖွဲ့ဝင်တစ်စုသည် အတူတကွ ထမင်းစားနေကြပြီး ဟင်းပွဲများကို မှာယူထားသည်မှာ မကြာသေးချေ။ ထိုအထဲမှ လူတစ်ယောက်က ခါးနောက်မှ အနီရောင် တြိဂံပုံ အလံငယ်လေးတစ်ခုကို ရုတ်တရက် ထုတ်ယူကာ စားပွဲပေါ်သို့ ဘုန်းခနဲ ရိုက်ချလိုက်၏။

“အစ်ကိုကြီး … တတိယအကြိမ်မြောက် ယဉ်ကျေးမှု စံပြဆုကို ကျုပ်တို့ ထပ်ရပြန်ပြီ”

ဖုန်းဟော့ဂိုဏ်းမှ အဖွဲ့ဝင်များက ဝိုင်းအုံကြည့်ရှုကြပြီး အားလုံး၏ မျက်နှာပေါ်တွင် ဂုဏ်ယူနေသည့်ဟန် ပေါ်လွင်နေသည်။

ဒါက ကျုပ်တို့ ဖုန်းဟော့ဂိုဏ်းပဲ ဖြစ်ရမယ်။ ရပ်ကွက်ထဲမှာ ယဉ်ကျေးမှု စံပြဆု စတင်ကတည်းက ကျုပ်တို့ တစ်ကြိမ်မှ မရှုံးဖူးဘူး။ ရပ်ကွက်ထဲက ဘယ်အဖွဲ့အစည်းက ကျုပ်တို့ကို ယှဉ်နိုင်မှာလဲ။

သခင်လေးကျီက အလံကို စွေကြည့်လိုက်ပြီး အရက်ကို မှုန်ကုပ်ကုပ်ဖြင့် သောက်လိုက်၏။ သူ့ရင်ထဲတွင် ဝမ်းနည်းမှု တစ်ဝက်တစ်ပျက် ဖြစ်ပေါ်လာသည်။

အစိုးရမင်းများက သူ့ကို လာမရှာသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ ဘဝကြီးက တဖြည်းဖြည်း ခြောက်သွေ့လာသလို ခံစားနေရ၏။ ကျုပ်တို့က လူမိုက်ဂိုဏ်းလေ … ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုး ဖြစ်သွားရတာလဲ။

လက်အောက်ငယ်သားများကလည်း တဖြည်းဖြည်းနှင့် ထူးဆန်းလာကြ၏။ အစတုန်းကတော့ အသက်အန္တရာယ်မှ ကာကွယ်ရန် ဟန်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ယခုအခါ လုံခြုံသွားပြီဖြစ်သော်လည်း ယခင်ကလို သိုင်းလောကထဲ လှည့်လည်သွားလာခဲ့စဉ်က သွေးဆူမှုမျိုး လုံးဝ မရှိတော့ချေ။

လက်အောက်ငယ်သားများက နေ့တိုင်း ယဉ်ကျေးမှု စံပြဆု ရဖို့ကိုသာ စဉ်းစားနေကြသည်။ နောင်ကို ဘယ်လိုဆက်လုပ်စားကြမည်နည်း။

မြို့တော်ရှိ အခြားသော လူမိုက်ခေါင်းဆောင်များ စုဝေးကြချိန်တွင် သူသည် အများ၏ လှောင်ပြောင်မှုကို ခံခဲ့ရပြီး မျက်နှာပြစရာပင် မရှိတော့ပေ။ သူက တစ်သက်လုံး လူကောင်းတစ်ယောက်အဖြစ် နေသွားဖို့ စဉ်းစားရမည်လား။

တောက် … မဖြစ်နိုင်ဘူး။

သခင်လေးကျီ က စားပွဲကို အားကုန် ရိုက်ချလိုက်၏။ “တော်လောက်ပြီ။ မင်းတို့ တော်တော် လွန်နေပြီ။ အရက်သာ သောက်ကြ”

အဖွဲ့ဝင်များသည် ချက်ချင်း တိတ်ဆိတ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်ကြသည်။

တစ်ယောက်က မေးလိုက်၏။ “အစ်ကိုကြီး … ဘာဖြစ်လို့လဲ။ ဆုရတာ မပျော်ဘူးလား။ ပထမဆုံးအကြိမ် ဆုရတုန်းက အစ်ကိုကြီး အရက်တွေ အများကြီး သောက်ခဲ့တာ မှတ်မိသေးတယ်။ ဘာတွေ စိတ်ညစ်စရာ ရှိလို့လဲ။ ကျုပ်တို့ အလုပ်လုပ်တာ တစ်ခုခု လိုအပ်သွားလို့လား”

သခင်လေးကျီက အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ “စိတ်ညစ်လား။ ငါ မင်းတို့ကောင်တွေကို ကြည့်ပြီး စိတ်ပျက်တယ်။ မင်းတို့တွေက အဘွားအိုတွေကို လမ်းဖြတ်ကူးပေးတာ၊ အမှိုက်ကောက်တာ၊ လမ်းလှည်းတာကလွဲပြီး ဘာလုပ်တတ်သေးလဲ။ ငါတို့က ဖုန်းဟော့ဂိုဏ်းကွ။ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြစမ်း”

လူတိုင်းသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ဒီလိုပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား။ ပြီးတော့ အစ်ကိုကြီး ကိုယ်တိုင် ခိုင်းခဲ့တာလေ။ ကျုပ်တို့တောင် စိတ်မညစ်ဘူး … အစ်ကိုကြီးက အရင် စိတ်ညစ်နေတာလား။

တစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်သည်။ “ဒီလိုလုပ်တာ ကောင်းတာပဲ မဟုတ်ဘူးလား။ ဟိုတစ်ခေါက်က အဘွားအိုဝမ်ဆို သူ့မြေးမလေးနဲ့တောင် မိတ်ဆက်ပေးမယ်ပြောတယ်။ အစ်ကိုကြီး … ကျုပ်တော့ လူတွေကို အနိုင်မကျင့်ချင်တော့ဘူး။ ကျုပ်တို့ ဒီအလုပ်ကို လုပ်လာတာ အတော်ကြာနေပြီဆိုတော့ အိမ်နီးနားချင်းတွေ ကိုလည်း မလုပ်ရက်တော့ဘူး။ ဟုတ်တယ် … ကျုပ်တို့ ဖုန်းဟော့ဂိုဏ်းက ဘယ်သွားသွား လူတိုင်းက အထင်ကြီးကြတယ်။ ကျန်းမာရေးအဖွဲ့က တစ်လကို ငွေငါးမူး ပေးတာတောင် ကျုပ် မသွားခဲ့ဘူး။ ဒီမှာက တစ်လကို ငွေနှစ်မူးပဲ ရတာ … အစ်ကိုကြီးက ဘယ်တော့များမှ လစာတိုးပေးမှာလဲ”

မင်းတို့ သောက်ရှက်မရှိတဲ့ ကောင်တွေက လစာတိုးချင်သေးတာလား။ ငွေတွေက ဖုန်းဟော့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာနဲ့ လဲထားတာကွ။ ဘယ်လိုအကြောင်းပြချက်နဲ့ လစာတိုးပေးရမှာလဲ။

သခင်လေးကျီ၏ မျက်နှာက နီရဲသွားတော့သည်။ မျက်နှာပျက်သွားသော်လည်း ငွေရှာရသည်ကလည်း မနည်းလှချေ။ ကောင်းမှုကုသိုလ်များ ပြုလုပ်ရသည်မှာ အလကားတော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ တိုက်ခန်းစီမံခန့်ခွဲရေး အလုပ်ကို လုပ်ရသည်ဖြစ်ရာ စီမံခန့်ခွဲခတော့ ကောက်ခံရမည်။

သို့ပေမည့် ရလာသော ငွေများကို ပြန်ခွဲဝေပေးရန်မှာ ခက်ခဲလှပေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သခင်လေးကျီက အလျှော့ပေးကာ ပြောလိုက်၏။ “တော်တော့ … ဘာမှ ဆက်မပြောနဲ့တော့။ ထမင်းသာ စားကြ”

ပိုက်ဆံခွဲပေးဖို့ ပြောလိုက်တာနဲ့ ပါးစပ်ပိတ်သွားပြီ မဟုတ်လား။ လူတိုင်းက ရင်ထဲတွင် လှောင်ပြောင်နေကြပြီး ခေါင်းငုံ့ကာ ထမင်းစားနေကြတော့သည်။

ရုတ်တရက် ထိုအထဲမှ လူတစ်ယောက်က ခေါင်းမော့၍ ဟင်းယူရန် ပြင်လိုက်စဉ် ပါးစပ်ကြီး ဟသွား၏။ ယူလက်စ ဟင်းများက ပန်းကန်ထဲသို့ ပြန်ကျသွား၏။

“အစ်ကို … အစ်ကိုကြီး … ဟို … ဟိုမှာ ကြည့်လိုက်”

သခင်လေးကျီက နောက်သို့ လှည့်ကြည့်လိုက်ရာ ဝိညာဉ်လွင့်ထွက်မတတ် လန့်သွားသည်။

တောက် … ဒါ ဘာကြီးလဲ။

လှေကားထစ်တွင် ခန္ဓာကိုယ်တစ်ဝက်ခန့် ပေါ်လာသော ဧရာမလူကြီးကို တွေ့လိုက်ရ၏။ နွားမျက်လုံးကဲ့သို့ ပြူးကျယ်နေသော မျက်လုံးများက သူတို့စားပွဲကို စိုက်ကြည့်နေပြီး သူနှင့် အကြည့်ချင်း ဆုံသွားသည်။ လှေကားမှ တက်လာပြီး မတ်တပ်ရပ်လိုက်သည်နှင့် ခေါင်းမိုးသို့ ထိလုနီးပါး ဖြစ်သွား၏။

ဖုန်းဟော့ဂိုဏ်းမှ အဖွဲ့ဝင်များအားလုံး ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားကြသည်။ ဒီလို ကြောက်စရာကောင်းတဲ့ လူမျိုးကို တစ်ခါမှ မမြင်ဖူးဘူး။

ဖါးပါးနှင့် အခြားသူများသည် ပြတင်းပေါက်နားရှိ နေရာတစ်ခုကို ရှာကာ ထိုင်လိုက်ကြပြီး အောက်ထပ်ရှိ လူများပြည့်နှက်နေသော စည်ကားသည့် မြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် ဝမ်းနည်းမှု တစ်ဝက်တစ်ပျက် ဖြစ်ပေါ်လာ၏။ ကျင်းတိုင်းပြည်က … တကယ်ကို အခြေခံ နက်နဲတာပဲ။

ထို့နောက် အကြည့်များက ဖုန်းဟော့ဂိုဏ်းမှ အဖွဲ့ဝင်များထံသို့ ရောက်သွားပြီး သူတို့၏ ကြောက်ရွံ့နေသော မျက်လုံးများကို ကြည့်ကာ ယုံကြည်မှု တစ်ဖန် ပြန်လည်ရရှိလာပေသည်။ တော်သေးတာပေါ့ … ချီလျဲ့ကို ခေါ်လာလို့။

ချီလျဲ့က ရုပ်ဆိုးသော်လည်း ခွန်အားပိုင်းတွင်မူ မြို့တော်အတွင်း ပြိုင်ဘက်ကင်း ဖြစ်၏။

သခင်လေးကျီသည် ယခုအခါ စိတ်တည်ငြိမ်သွားပြီဖြစ်ပြီး ချီလျဲ့ကို မကြာခဏ လှမ်းကြည့်နေသည်။ ဘေးရှိ လူများကလည်း အဆက်မပြတ် ဆွေးနွေးနေကြသည်။

“ကျွတ် ကျွတ် ကျွတ် … ဒါ မြောက်ပိုင်းရုန်က လူတွေပဲ ဖြစ်ရမယ်”

“ကောင်းကင်ဘုံ … မြောက်ပိုင်းရုန်လူတွေ ရုပ်ဆိုးလိုက်တာ။ ဒီလောက် ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ ဘယ်သူက သူ့ကို နိုင်မှာလဲ”

“ကျန်းပြောင်ပဲ နိုင်မယ်ထင်တယ်။ သူ့ပုံစံက အရုပ်ဆိုးလွန်းလို့ မိန်းမတောင် ရမှာမဟုတ်ဘူး။ မိန်းမရရင်တောင် ဖိမိပြီး သေသွားနိုင်တယ်။ သားသမီးလည်း ရမှာမဟုတ်ဘူး … အလကားပဲ”

“ဟား ဟား ဟား …..”

ပြောရင်းပြောရင်းနှင့် ဖုန်းဟော့ဂိုဏ်းမှ အဖွဲ့ဝင်များသည် ရဲတင်းလာကြ၏။ မူလကတည်းက လူမိုက်များဖြစ်ရာ စိတ်လှုပ်ရှားလာချိန်တွင် လက်ညှိုးထိုးကာပင် စတင် ဝေဖန်လာကြတော့သည်။

ရင်းနှီးနေသော လှောင်ပြောင်သံများက ဖါးပါး၏ နားထဲသို့ ထပ်မံ ရောက်ရှိလာပြန်၏။ သူ၏ မျက်ခုံးများက တဖြည်းဖြည်း တွန့်ချိုးလာသည်။ သူက ကျင်းတိုင်းပြည်သို့ သံတမန်အဖြစ် လာရောက်ခဲ့သော်လည်း ယခုအချိန်အထိ ဩဇာအာဏာ မပြနိုင်ခဲ့သည့်အပြင် အသိပညာမဲ့သော ပြည်သူများ၏ လှောင်ပြောင်မှုကိုပင် ခံနေရသည်။ ရင်ထဲရှိ ဒေါသမီးများကလည်း တဖြည်းဖြည်း လောင်ကျွမ်းလာ၏။

ချီလျဲ့ကလည်း ဖုန်းဟော့ဂိုဏ်း အဖွဲ့ဝင်များကို စိုက်ကြည့်နေသည်။ သူက နားမလည်သော်လည်း အနီးကပ် လှောင်ပြောင်နေသည်ကိုတော့ ခံစားသိရှိနိုင်၏။ စားပွဲတစ်ဝိုင်းလုံးက သူ့ကို ရဲရဲတင်းတင်း လက်ညှိုးထိုးပြီး စကားပြောနေသည်က သူ့ကို အလွန် ဒေါသထွက်စေသည်။

ဖါးပါးအား လှမ်းမေးလိုက်၏။ “သူတို့ ဘာတွေ ပြောနေကြတာလဲ”

ဖါးပါးက ဖြေလိုက်သည်။ “သူတို့က ခင်ဗျားကို အရုပ်ဆိုးတယ်၊ ခန္ဓာကိုယ်သာ ကြီးပြီး အသုံးမကျဘူးလို့ ပြောနေကြတာ”

လုဖာသည် ရင်ထဲတွင် ထိတ်လန့်သွားပြီး တံတွေးမြိုချလိုက်မိ၏။ ဒုက္ခပဲ … တိုက်ပွဲဖြစ်တော့မှာလား … ဒီသောက်ဘုန်းကြီးက မီးမွှေးနေတာပဲ။

ချီလျဲ့က ထိုစကားကို ကြားသောအခါ လှောင်ပြုံး ပြုံးလိုက်ပြီး နောက်တစ်စက္ကန့်တွင် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ ဖုန်းဟော့ဂိုဏ်းမှ လူတစ်ယောက်ထံသို့ အားကုန် ပစ်ပေါက်လိုက်သည်။

“ဖောက်”

ခွက်က ထိုသူ၏ ခေါင်းကို ထိမှန်ကာ အကွဲကွဲအပြားပြား ဖြစ်သွားပြီးနောက် ထိုသူသည် ချက်ချင်း သတိလစ်သွားကာ နဖူးမှ သွေးများ ပန်းထွက်လာ၏။

“သောက်ခွေးကောင်တွေ … လက်နက်တွေ ထုတ်ကြစမ်း”

ဤသို့ ပေါက်လိုက်သည်နှင့် ဖုန်းဟော့ဂိုဏ်း အဖွဲ့ဝင်များသည် ချက်ချင်း မတ်တပ်ရပ်လိုက်ကြပြီး အနီးရှိ ပစ္စည်းများကို ကောက်ကိုင်ကာ ချီလျဲ့အား ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

သခင်လေးကျီသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း နောက်ပိုင်းတွင် ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာပေသည်။ အချိန်အတော်ကြာ ကိုယ်နှင့်မကွာ ဆောင်ထားသော ဓားမြှောင်သည် အင်္ကျီလက်အတွင်းမှ တိတ်တဆိတ် ထွက်ကျလာ၏။ လအတော်ကြာ တိုက်ပွဲမဖြစ်ခဲ့ရသဖြင့် စုဆောင်းထားသော တိုက်ခိုက်လိုစိတ်များ ယခုအချိန်တွင် အကုန်လုံး ထွက်ပေါ်လာ၏။

သတိလစ်နေသော အဖွဲ့ဝင်ကို ကြည့်ကာ တီးတိုးပြောလိုက်သည်။ “သူ့ကို ဆေးခန်းပို့လိုက်။ ပြီးတော့ ကျန်းပြောင်ကို အမြန်သွားခေါ်ချေ”

အဖွဲ့ဝင်နှစ်ယောက်က လူကိုထမ်းကာ ချက်ချင်း ထွက်သွားကြ၏။

သခင်လေးကျီသည် ယုံကြည်မှုအပြည့်ဖြင့် ချီလျဲ့၏ အရှေ့သို့ သွားကာ မျက်လုံးချင်းဆုံကြည့်လိုက်၏။ မျက်စိရှေ့ရှိ ဤကောင်က ခန္ဓာကိုယ် ကြီးမားပြီး ကျန်းပြောင်ထက်ပင် ပိုမို အင်အားကြီးမားပုံပေါ်သော်လည်း ယင်းက သူ၏ အားနည်းချက်ပင် ဖြစ်ပေသည်။

သတိမထားမိခင် ရှေ့ကို လျှောတိုက်ဝင်ပြီး …

အကယ်၍ မနိုင်ခဲ့လျှင်တောင်မှ ကျန်းပြောင်ကို အကူအညီတောင်းနိုင်သေးသည်။ ပန်းရှန်းရပ်ကွက်က သိပ်မကြီးသဖြင့် ကျန်းပြောင်က မကြာမီ ရောက်လာနိုင်ပသည်။ အရင်ဆုံး အချိန်ဆွဲထားရမည်။

ဒီ မြောက်ပိုင်းရုန်က သောက်ရူးက ငါ့လူတွေကို ရိုက်ရဲတယ်ပေါ့။ မင်းက အရင် ပြဿနာစရှာတာဆိုတော့ အစိုးရမင်းတွေ ရောက်လာရင်တောင် ကျုပ်တို့ဘက်က မှားစရာ အကြောင်းမရှိဘူး။

သခင်လေးကျီ၏ မျက်နှာက တည်တင်းသွားပြီး လှောင်ပြုံးပြုံးကာ ပြောလိုက်၏။ “မိတ်ဆွေ … ဒါက ဘာသဘောလဲ”

လုဖာက အမြန် ဘာသာပြန်ပေးလိုက်သည်။

ချီလျဲ့က အထင်သေးစွာ ကြည့်နေဆဲပင်။ “အမှိုက်ကောင် … မင်း မကျေနပ်ဘူးလား။ အကုန်လုံး တစ်ပြိုင်တည်း ဝင်လာခဲ့ကြ”

သခင်လေးကျီက သူ့ကို စိုက်ကြည့်လိုက်သည်။ သူက အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိသည်ကို မြင်သောအခါ ရုတ်တရက် ရင်ထဲတွင် မလုံမခြုံ ဖြစ်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်ရာ သူ့ဘက်တွင် လူဆယ်ယောက်ကျော် ကျန်သေးကြောင်း တွေ့လိုက်ရ၏။

အားလုံးက အသင့်အနေအထားဖြစ်နေသည်ကို မြင်တော့မှ သူ၏ ယုံကြည်မှုများ ပြန်လည်ရရှိလာတော့သည်။

ချီလျဲ့ကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “မင်းတို့ မြောက်ပိုင်းရုန်က လူတွေက ကျုပ်တို့တိုင်းပြည်ကို ရောက်လာတာတောင် ဒီလောက် မိုက်ရိုင်းနေရဲသေးတာလား။ မင်းက တိုက်ခိုက်တတ်ရုံနဲ့ အသုံးကျမယ် ထင်နေလား။ လောကထဲ ဝင်လာရင် အင်အားစုဆိုတာ ရှိရတယ်၊ နောက်ခံဆိုတာ ရှိရတယ်။ မင်းလို လူ … လူကောင်ကြီးက ကျုပ်တို့ဆီရောက်ရင် ငြိမ်ငြိမ်လေးပဲ နေစမ်း”

ပြောတာ ကောင်းတယ်ဟေ့။

ဖုန်းဟော့ဂိုဏ်းမှ အဖွဲ့ဝင်များ စိတ်လှုပ်ရှားသွားကြ၏။

အစ်ကိုကြီးလို့ ခေါ်ရတာ တန်ပါပေတယ်။ စကားပြောတာက တိကျသေချာတယ်။ ဒီလောက် အချိန်အကြာကြီး ရန်မဖြစ်ခဲ့ရတာတောင် အဆင့်အတန်းက မြင့်တက်လာသေးတယ်။

All Chapters