← Chapters

အခန်း (၂၉၈-၂၉၉)

Vol. 17 Ch. 298-299

အခန်း (၂၉၈-၂၉၉)

Vol. 17 Ch. 298-299

အပိုင်း (၂၉၈) အခြေအနေကို ကယ်တင်ပေးလိုက်သည့် အစ်ကိုပြောင် ။

စားသောက်ဆိုင် ပထမထပ်။

ဖန်ကျန်းရီ လှည့်ထွက်ရန် ပြင်လိုက်စဉ် ကျန်းလောင်လျူက သူ၏ လက်မောင်းကို ဆွဲထားလိုက်၏။ နောက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းလောင်လျူ၏ မျက်နှာတွင် အားနာနေဟန် ပေါ်နေပြီး တစ်ခုခု ပြောချင်သော်လည်း မပြောရဲသလို ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဖန်ကျန်းရီက မတတ်သာဘဲ ပြောလိုက်၏။ “ဘာကိစ္စ ရှိသေးလို့လဲ … မြန်မြန်ပြောစမ်းပါ”

ခွင့်ပြုချက်ရမှ ကျန်းလောင်လျူက အမြန်ပြောလိုက်သည်။ “ရှိတယ် … ရှိတယ်။ သခင်လေး … ကျုပ်တို့ ရပ်ကွက်ထဲမှာ မကြာသေးခင်က ကျန်းမာရေး စစ်ဆေးတာတွေ လုပ်နေတယ်။ နေ့တိုင်း လာစစ်နေကြတာ။ မီးဖိုချောင်ကိုလည်း ပြုပြင်ဖို့ တောင်းဆိုကြတယ်။ အစိမ်းနဲ့ အကျက်ကို ခွဲထားရမယ်၊ စဉ်းတီတုံးကိုလည်း တစ်ခုတည်း သုံးလို့မရဘူး၊ ပန်းကန်တွေကိုလည်း ရောနှောမသုံးရဘူးတဲ့။

ပြီးတော့ မီးဖိုချောင် ပြင်ဆင်ပြီးရင် ရပ်ကွက်ရုံးကို ပုံစံကြမ်း တင်ပြရအုံးမယ်။ အခန်းအသစ်တွေ ဆောက်ရမယ်၊ ဘယ်ဘက်မှာ တံခါးတစ်ပေါက်၊ ညာဘက်မှာ တံခါးတစ်ပေါက် … ကျုပ်တို့လည်း ဘာမှ နားမလည်ပါဘူး။ အမိန့်အသစ်တွေ အများကြီး ထုတ်ထားတော့ နေရာအတော်များများကို ပြင်ဆင်နေရတယ်။ လူအတော်များများ လည်း ငြီးတွားနေကြတယ်။ ပြီးတော့ ကျန်းမာရေးအဖွဲ့က လူတွေက မကြာခဏ လာစစ်ဆေးပြီး လာဘ်စား တာတွေ လုပ်နေလို့ အရောင်းအဝယ် လုပ်ရတာ ခက်လာတယ်။ သခင်လေး … ဒါက အရမ်းခက်ခဲလွန်းတယ်။ ဒါတွေကို မလုပ်လို့ မရဘူးလား”

ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီ၏ မျက်ခုံးများက နက်ရှိုင်းစွာ ကုတ်ဝင်သွားတော့သည်။ လီယွမ်ကျောက်၏ အလုပ်လုပ်ပုံက ဤမျှမြန်ဆန်ပြီး အတွေးအခေါ်တွေကလည်း ဤမျှ ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ အလုပ်လုပ်ရာတွင် နောက်ဆက်တွဲ အကျိုးဆက်များကို လုံးဝ ထည့်မစဉ်းစားဘဲ အလျင်စလို လုပ်ဆောင်ကာ ထင်ရာစိုင်းနေ၏။

ဒီတစ်ခေါက် သူ့ကို ကူညီဖို့ လူမလွှတ်လိုက်မိဘူး … ဘယ်လောက်တောင် ပြဿနာတွေ ရှာထားသေးလဲ မသိဘူး။

ယခင်က သူ အလုပ်လုပ်တိုင်း ဖန်ကျန်းရီက ကြီးကြပ်ပေးခဲ့သဖြင့် ယခုအချိန်အထိ ကြီးကြီးမားမား အခက်အခဲများနှင့် မကြုံတွေ့ခဲ့ဖူးချေ။ ယခုတစ်ခေါက် အမှားလုပ်မိသည်ကလည်း ကောင်းသည်။ နေ့တိုင်း ဆူညံ့ပွက်လောရိုက်ပြီး ကောင်းကင်ဘယ်လောက်မြင့်ကြောင်း ၊ မြေပြင်ဘယ်လောက် ထူကြောင်း မသိဘဲ နေချင်သလို နေ,နေမှတော့ ပညာပေးရပေမည်။

ဖန်ကျန်းရီက ပြောလိုက်သည်။ “သိပြီ .. ဒီကာလအတွင်းမှာ ရပ်ကွက်ထဲက ဆိုင်တွေမှာ ဘယ်သူတွေ လာဘ်စားနေလဲဆိုတာကို တိတ်တဆိတ် မှတ်ထားလိုက်။ နောက်မှ သူတို့ကို ကျုပ် ရှင်းပစ်မယ်။ ဒီကိစ္စကို ခင်ဗျား တစ်ယောက်တည်းကိုပဲ အပ်မယ်၊ တခြားသူတွေကို မပြောနဲ့၊ ကျုပ် မယုံဘူး”

ကျန်းလောင်လျူသည် ချက်ချင်း ဝမ်းသာသွား၏။ သခင်လေး ကိုယ်တိုင် ပါဝင်လာပြီဆိုမှတော့ ဒီလို ကိစ္စသေးသေးလေးက သေချာပေါက် ပြေလည်သွားမှာပဲ။

စိတ်ချပါ သခင်လေး … ကျုပ်က ကျန်းမာရေးအဖွဲ့က သောက်ကောင်တွေကို မျက်မုန်းကျိုးနေတာ ကြာပြီ။ အိမ်ရှေ့စံနောက် လိုက်နေမှန်း သိတည်းက တစ်ယောက်ချင်းစီက မာနတွေ ထောင်လွှားနေကြတာ။ အပြင်ပန်းကသာ လူကြီးလူကောင်းယောင် ဆောင်နေတာ … ကွယ်ရာမှာတော့ လူမိုက်တွေလိုပဲ။ ကျုပ် သေချာ မှတ်ထားပါ့မယ်”

ခင်ဗျားကို သေချာ မှတ်ခိုင်းတာနော်။ အကယ်၍ ကိုယ်ရေးကိုယ်တာ ရန်ငြိုးတွေကြောင့် တမင်သတ်သတ် လုပ်ကြံတယ်ဆိုတာ ကျုပ် သိသွားရင် ဘာဖြစ်မလဲဆိုတာ သိတယ်မလား” ပုံစံကို ကြည့်ပြီး ဖန်ကျန်းရီက နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်သည်။

ကျန်းလောင်လျူသည် ချက်ချင်း တည်ကြည်သွား၏။ “သေချာပေါက် မလုပ်ပါဘူး”

သူတို့နှစ်ယောက် စကားပြောနေစဉ် အပေါ်ထပ်မှ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီးနောက် ညည်းတွားသံများ ထွက်ပေါ်လာသည်။

ဖန်ကျန်းရီက ရင်ထဲတွင် ထိတ်လန့်သွားပြီး အပေါ်ထပ်သို့ အမြန်ပြေးတက်သွား၏။

အပေါ်ထပ်သို့ ရောက်သောအခါ ရင်ထဲ အေးစက်သွားတော့သည်။

ဘယ်လိုဖြစ်ပြီး ရန်ဖြစ်နေကြတာလဲ။ သခင်လေးကျီက ချီလျဲ့၏ ခြေထောက်အောက်တွင် အနင်းခံထားရပြီး အဆက်မပြတ် ညည်းတွားနေသည်ကို တွေ့လိုက်ရ၏။

အကွဲစများက နေရာအနှံ့ ပြန့်ကျဲနေပြီး ဖုန်းဟော့ဂိုဏ်းမှ အဖွဲ့ဝင်နှစ်ယောက်လည်း လဲကျနေသည်။

ဖန်ကျန်းရီက မြင်သည်နှင့် ချက်ချင်း အော်ဟစ်လိုက်၏။ “အားလုံး ရပ်လိုက်ကြစမ်း။ ချီလျဲ့ … သူ့ကို လွှတ်ပေးလိုက်”

လုဖာက အမြန် ဘာသာပြန်ပေးသော်လည်း ချီလျဲ့က လှုပ်ရှားခြင်းမရှိဘဲ ဖန်ကျန်းရီအား အေးစက်စက် စွေကြည့်လိုက်သည်။

ဖါးပါးကလည်း အေးတိအေးစက်ဖြင့် ဘာမှမလုပ်ဘဲ နေ,နေ၏။

ဘယ်သူကမှ သူ့ကို ဂရုမစိုက်သည်ကို မြင်သောအခါ ဖန်ကျန်းရီ၏ ရင်ထဲရှိ ဒေါသမီးများက ချက်ချင်း တောက်လောင် လာတော့သည်။

“ဖါးပါး … သူက ဘာသဘောလဲ”

ဖါးပါးသည် ဖြည်းညင်းစွာ ထရပ်ကာ အေးစက်စက် ပြောလိုက်၏။ “မြို့ဝန်ဖန် … လူမိုက်တွေက ပြဿနာလာရှာလို့ ချီလျဲ့က သူတို့ကို ပညာနည်းနည်း ပေးလိုက်တာပါ။ ဒီလူတွေ ဒီလောက် အသုံးမကျမှန်း မထင်ထားမိဘူး။ ဆယ်ယောက်လောက် ဝိုင်းချတာတောင် ဒီလောက်ဆိုးဆိုးရွားရွား ရှုံးသွားသေးတယ်။ ကျုပ်တို့ဘက်က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရုံပါပဲ”

ဖန်ကျန်းရီ မျက်နှာပျက်သွားသည်ကိုကြည့်ကာ ဖါးပါး၏ ရင်ထဲတွင် ရုတ်တရက် ကျေနပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

ဖန်ကျန်းရီက လုဖာအား လှည့်ကြည့်ကာ မေးလိုက်၏ “ဒီလိုပဲလား။ ဘာတွေဖြစ်ခဲ့တာလဲ”

လုဖာက သခင်လေးကျီကို လက်ညှိုးထိုးကာ စိုးရိမ်တကြီး ပြောလိုက်သည်။ “အစက … အစက သူက အရင် ခိုးကြောင်ခိုးဝှက် ဝင်တိုက်တာ … လျှောတိုက်ဝင်လာတုန်း တစ်ဝက်လောက်မှာတင် အနင်းခံလိုက်ရတာပဲ။ တခြားသူတွေကတော့ လက်ဖက်ရည်ခွက်နဲ့ ပေါက်ခံရလို့ သတိလစ်သွားတာ”

ဖန်ကျန်းရီက ရင်ထဲတွင် ထပ်မံ ထိတ်လန့်သွားပြန်၏။ လျှောတိုက်ဝင်တာက အသုံးမဝင်ဘူးပဲ။ ချီလျဲ့ကို စတွေ့တုန်းက သူတောင် လျှောတိုက်ဝင်ပြီး ယှဉ်ပြိုင်ကြည့်ဖို့ စိတ်ကူးယဉ်ခဲ့သေးတယ်။

သခင်လေးကျီသည် မြေကြီးပေါ်တွင် အနင်းခံထားရဆဲဖြစ်ပြီး အားနည်းစွာဖြင့် ညည်းတွားနေသည်။ ဖန်ကျန်းရီ လာသည်ကို မြင်သောအခါ အဆက်မပြတ် အကူအညီ တောင်းတော့သည်။

“မြို့ဝန်ဖန် … ကယ်ပါအုံး။ ကယ်ပါအုံး … မြောက်ပိုင်းရုန်လူတွေ လူသတ်နေပြီ”

တောက် … သောက်ရှက်ကွဲလိုက်တာ။

ဖန်ကျန်းရီ၏ မျက်နှာက နီရဲသွားပြီး ဒေါသတကြီး အော်လိုက်၏။ “ပါးစပ်ပိတ်ထားစမ်း။ အရည်အချင်းမှ မရှိဘဲ တခြားသူကို သွားစိန်ခေါ်ရဲသေးတယ်။ ခွေးက ချီးစားတဲ့ အကျင့်ကို ဖျောက်မရဘူးဆိုတာ တကယ်ပဲ”

“မြို့ဝန်ဖန် … မတရားပါဘူး။ ကျုပ်တို့က ယဉ်ကျေးမှု စံပြတွေပါ” အဖွဲ့ဝင်တစ်ယောက်က ရဲတင်းစွာဖြင့် အလံကိုကိုင်ကာ ဖန်ကျန်းရီ၏ အရှေ့သို့ ရောက်လာသည်။

သခင်လေးကျီ၏ မျက်လုံးများက အရောင်လက်သွား၏။ “ဟုတ်ပါတယ် … ဟုတ်ပါတယ် … ကျုပ်က ယဉ်ကျေးမှု စံပြပါ”

အလံကို ကြည့်ရင်း ဖန်ကျန်းရီမှာ ရုတ်တရက် ဘာပြောရမှန်း မသိတော့ချေ။

ကျန်းမာရေးအဖွဲ့က မြေအောက်လူမိုက်တွေ ဖြစ်သွားပြီး လူမိုက်ဂိုဏ်းက ယဉ်ကျေးမှုစံပြတွေ ဖြစ်သွားတယ်။ တကယ်ကို ရှုပ်ထွေးလွန်းတာပဲ။

သို့ပေမည့် မည်သို့ပင်ပြောစေ ပန်းရှန်းရပ်ကွက်က သူ၏အုပ်ချုပ်မှုအောက်တွင် ရှိနေပြီး သူ၏လူများက နိုင်ငံခြားသားများ၏ ခြေထောက်အောက်တွင် အနင်းခံနေရသည်မှာ မျက်နှာပြစရာ မရှိလှချေ။

ဖန်ကျန်းရီက ဖါးပါးအား ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “သူ့ကို လွှတ်ပေးဖို့ ပြောလိုက်။ လူမိုက်တွေ ပြဿနာရှာတာကို အစိုးရမင်းတွေ ကိုင်တွယ်ဖြေရှင်းလိမ့်မယ်။ ချီလျဲ့က ပုဂ္ဂိုလ်ရေးအရ ရန်ဖြစ်တာက ပြဿနာရှာတာပဲ။ ဆရာတော် … ကိစ္စတွေကို မကြီးကျယ်စေနဲ့”

ဖါးပါးက ပခုံးတွန့်ပြကာ မတတ်သာဟန်ဖြင့် ပြောလိုက်သည်။ “မြို့ဝန်ဖန် … ချီလျဲ့ကို … ကျုပ် ထိန်းချုပ်ချင်တိုင်း ထိန်းချုပ်လို့ မရဘူး။ သူက မင်းကြီးခန်ရဲ့ အချစ်တော် စစ်သူကြီးပဲ။ ကျုပ် မကူညီနိုင်တာကို ခွင့်လွှတ်ပါ”

ထိုအခြေအနေကို မြင်သောအခါ လုဖာက ဖန်ကျန်းရီ၏ အနီးသို့ တိုးလာပြီး တီးတိုးပြောလိုက်၏။ “သခင်လေး … ချီလျဲ့ကို ရှင်းပစ်လိုက်ရမလား”

“ရှင်းရအောင် ခင်ဗျား သူ့ကို နိုင်လို့လား”

လုဖာက နှုတ်ခမ်းသပ်လိုက်သည်။ “မနိုင်ဘူး … ဒါပေမဲ့ သတ်ဖို့ ပြဿနာမရှိဘူး။ ဒီနေ့ လက်နက် မပါလာလို့ … အိမ်ပြန်ပြီး လက်နက်ပုန်း ယူလိုက်ရင် …”

“ပြဿနာ ထပ်မရှာနဲ့”

အခြေအနေက တင်းမာနေစဉ် အောက်ထပ်မှ ဆူညံသံများ ထွက်ပေါ်လာ၏။ ထို့နောက် လှေကားထစ်တွင် လူအချို့ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ လီယွမ်ကျောက်ဖြစ်ပြီး နောက်ကွယ်မှာတော့ ကျန်းပြောင်ကို လူအချို့က ဝိုင်းရံကာ လှေကားပေါ်သို့ တက်လာကြ၏။

အပေါ်ထပ်သို့ ရောက်သောအခါ ဖုန်းဟော့ဂိုဏ်း အဖွဲ့ဝင်များက ချီလျဲ့ကို လက်ညှိုးထိုးပြကာ အော်ဟစ် လိုက်ကြသည်။ “အစ်ကိုပြောင် … ကျုပ်တို့လူကို ရိုက်တာ သူပဲ”

ဖန်ကျန်းရီသည် သူတို့အနီးသို့ သွားကာ တီးတိုးမေးလိုက်၏။ “အိမ်ရှေ့စံ … ဘယ်လို ရောက်လာတာလဲ”

လီယွမ်ကျောက်သည် စိတ်လှုပ်ရှားစွာဖြင့် ချီလျဲ့အား စူးစမ်းလေ့လာနေသည်။ “ဖုန်းဟော့ဂိုဏ်းက လူတွေက ဒီမှာ မြောက်ပိုင်းရုန်က လူသားစားတဲ့ ဘီလူး ရှိတယ်ဆိုလို့ လာကြည့်တာ။ ကျွတ် ကျွတ် ကျွတ် … ကျုပ် မထင်ထားဘူး … လောကမှာ ဒီလို ကြမ်းတမ်းတဲ့ လူမျိုး ရှိနေလိမ့်မယ်လို့။ ကျန်းပြောင် နိုင်ပါ့မလား”

ကျန်းပြောင်က စကားတစ်ခွန်းမှ မဆိုဘဲ ချီလျဲ့၏ အရှေ့သို့ သွားကာ ခေါင်းမော့၍ ချီလျဲ့အား စိုက်ကြည့်နေ၏။ သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားကြပြီး လေထုက ခဏတာမျှ တင်းမာသွား၏။

သခင်လေးကျီသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ခံစားရပြီး အားကုန် အော်ဟစ်လိုက်သည်။ “အစ်ကိုပြောင် … ကယ်ပါအုံး”

ရုတ်တရက် ကျန်းပြောင်က လှောင်ပြုံး ပြုံးလိုက်၏။ “လူကို လွှတ်ပေးလိုက်”

ချီလျဲ့ကလည်း ပြုံးလိုက်သည်။ ဤလူက အခြားသူများနှင့် မတူကြောင်း သူ ခံစားလိုက်ရ၏။ သူ့ကို ကြည့်နေသော မျက်လုံးများတွင် ကြောက်ရွံ့မှု မရှိသည့်အပြင် အနည်းငယ် စိတ်လှုပ်ရှားနေပုံပင် ပေါ်နေသည်။ သို့ပေမည့် ခန္ဓာကိုယ် အရွယ်အစား ကွာဟမှုက အလွန်ကြီးမားလွန်းသဖြင့် ချီလျဲ့သည် သူ့ကို အရေးမစိုက်သေးဘဲ အထင်သေးစွာ ပြောလိုက်၏။ “မင်းက ဘာကောင်မို့လို့လဲ”

ကျန်းပြောင်သည် ထိုစကားကို ကြားသောအခါ အနောက်သို့ နှစ်လှမ်း တိတ်တဆိတ် ဆုတ်လိုက်သည်။

နောက်တစ်စက္ကန့်တွင်။

တစ်ကိုယ်လုံး ဘေးတိုက်လှည့်ကာ လှုပ်ရှားလိုက်၏။

“ဖုန်း” ဟူသော အသံကျယ်ကြီး ထွက်ပေါ်လာသည်။

တောက်ပနေသော ဓားမြှောင်တစ်လက်က ချီလျဲ့၏ ပခုံးထဲသို့ ချက်ချင်း ဖောက်ဝင်သွား၏။

ကျန်းပြောင်က ခေါင်းကို စောင်းကာ ချီလျဲ့အား ကြည့်လိုက်ပြီး သူ၏ စကားပြောနှုန်းက နှေးလည်းမနှေး၊ မြန်လည်းမမြန်ပေ။

“လူကို လွှတ်ပေးလိုက် … မဟုတ်ရင် နောက်တစ်ချောင်းက မင်းလည်ပင်းကို ဖောက်ဝင်သွားလိမ့်မယ်”

ဤသို့ ဓားမြှောင်ပစ်လိုက်မှုကြောင့် တစ်ခန်းလုံး အံ့ဩမှင်သက်သွားကြ၏။

အစ်ကိုပြောင် လို့ ခေါ်ရတာ တန်ပါပေတယ်။ သတ္တိရှိလိုက်တာ။ ရောက်လာတာနဲ့ ချက်ချင်း ချတာပဲ။

ဖါးပါးသည် ချီလျဲ့၏ ပခုံးပေါ်တွင် စိုက်ဝင်နေသော ဓားမြှောင်ကို ကြည့်ကာ မျက်နှာပျက်သွားသည်။

အပိုင်း (၂၉၉) စွမ်းရည်ယှဉ်ပြိုင်ခြင်း။

ဖန်ကျန်းရီ၏ ရင်ထဲတွင် ချက်ချင်း ပူပန်သွားတော့၏။ ကျန်းပြောင်က ချီလျဲ့ကို နိုင်မနိုင် သူ သေချာ မသိပေ။ သို့ပေမည့် ကျန်းပြောင်၏ သတ္တိကို သူ တကယ် မြင်ဖူးထားရာ ကြောက်ရွံ့မှုဆိုသည်မှာ လုံးဝ မရှိချေ။

ဒီဓားမြှောင်က ဖောက်ဝင်သွားပြီဆိုတော့ သူတို့နှစ်ယောက်ကို ဆွဲမထားနိုင်ဘဲ တိုက်ပွဲဖြစ်သွားရင် စားသောက်ဆိုင်ကြီး ပြိုကျသွားမှာ မဟုတ်ဘူးလား။ အကယ်၍ မနိုင်ခဲ့ဘဲ ကျန်းပြောင် ဒဏ်ရာရသွားပါက ဘယ်လိုလုပ်မလဲ။

ထို့အပြင် လူသေဆုံးမှု ဖြစ်ပေါ်လာပါက ကြီးမားသော သံတမန်ရေးရာ ပြဿနာ ဖြစ်သွားပေလိမ့်မည်။

ဖန်ကျန်းရီသည် ရင်ထဲတွင် ဖြေရှင်းနည်းများကို အသည်းအသန် စဉ်းစားနေစဉ် အခြားတစ်ဖက်တွင်မူ လီယွမ်ကျောက် ဦးဆောင်သော ပြဿနာကို မကြောက်သည့် ပွဲကြည့်ပရိသတ်များက အဆက်မပြတ် သွေးထိုးပေးနေကြပြီ ဖြစ်၏။

“အစ်ကိုပြောင် … ချလိုက်။ နောက်တစ်ချောင်း ထပ်ပစ်လိုက်”

“စက္ကူကျားပါကွာ။ တကယ်တော့ အစ်ကိုပြောင် က အကြမ်းဆုံးပဲ”

“ဒီ မြောက်ပိုင်းရုန်လူက သောက်သုံးကို မကျတာ”

အစ်ကိုပြောင် ၏ လျင်မြန်သော တိုက်ခိုက်မှုနှင့် အေးစက်သော မျက်နှာထားက ဖုန်းဟော့ဂိုဏ်း အဖွဲ့ဝင်များ၏ စိတ်နှလုံးကို ထပ်မံ ဖမ်းစားသွားပြန်သည်။

ချီလျဲ့က ပခုံးပေါ်တွင် စိုက်ဝင်နေသော ဓားမြှောင်ကို တစ်ချက်ကြည့်လိုက်ပြီး အလွယ်တကူ ဆွဲနှုတ်လိုက်၏။ ထို့နောက် လက်မဖြင့် အားစိုက်လိုက်ရာ ဓားမြှောင်မှာ ချက်ချင်း ကွေးသွားသည်။ ပြီးနောက် မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ပခုံးပေါ်မှ သွေးများက တဖြည်းဖြည်း ယိုစီးကျလာ၏။

ကျန်းပြောင်ကို ထပ်မံကြည့်လိုက်သော အကြည့်များတွင် ကြီးမားသော စိတ်လှုပ်ရှားမှုများ ပေါက်ကွဲ ထွက်လာသည်။

သိုင်းပညာရှင် … ဒီလူက သေချာပေါက် အဆင့်မြင့် သိုင်းပညာရှင်ပဲ။

လက်ရှိ မြင်တွေ့ရမှုများအရ လက်နက်ပုန်းကိုသာ အသုံးပြုနိုင်သေးသော်လည်း ဤအင်အားနှင့် အမြန်နှုန်းအရ အခြားသော စွမ်းရည်များလည်း ညံ့ဖျင်းမည်မဟုတ်ချေ။ ဤလူက သူနှင့် ကောင်းကောင်း ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

ချီလျဲ့သည် ဖြည်းညင်းစွာ ခြေထောက်ကို မလိုက်ပြီး သခင်လေးကျီအား ကျန်းပြောင်၏ အရှေ့သို့ ကန်ထုတ်လိုက်၏။ ပြီးနောက် ပြုံးလိုက်၏။

“မင်း မဆိုးဘူး … ငါနဲ့ တစ်ပွဲလောက် ချမလား”

ကျန်းပြောင်သည် ချီလျဲ့အား အမူအရာကင်းမဲ့စွာ စိုက်ကြည့်နေဆဲပင်။ သို့ပေမည့် သူ၏ မျက်လုံးများကို ကြည့်လိုက်လျှင် စိတ်လှုပ်ရှားနေပြီဖြစ်ကြောင်း သိသာနေသည်။

ဖန်ကျန်းရီက အမြန် အရှေ့သို့ တိုးသွားလိုက်၏။ ယနေ့ ဤနေရာ၊ ဤအချိန်၌ ဘယ်သူသေသေ ဘယ်သူ ဒဏ်ရာရရ ပြဿနာက အလွန်ကြီးမားသည်။ နောက်ထပ် မတော်တဆမှုတွေ လုံးဝ ဖြစ်ခွင့်မပေးနိုင်ပေ။

“တော်ပြီ။ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့။ ကျန်းပြောင် … ပြန်လာခဲ့”

ကျန်းပြောင်သည် နောက်သို့ လှည့်ကာ ဖန်ကျန်းရီ၏ အနီးသို့ ပြန်သွားလိုက်သည်။

ချီလျဲ့သည် အနည်းငယ် စိတ်ပျက်သွားမိ၏။ သူ အထင်ကြီးမိတာ မှားသွားပုံရ၏။ ဒီလူကလည်း သတ္တိမရှိတဲ့ ကြွက်တစ်ကောင်ပဲ။

မြေကြီးပေါ်တွင် မှောက်လျက်လဲနေသော သခင်လေးကျီကို အဖွဲ့ဝင်များက တွဲထူလိုက်ကြပြီး ကျန်းပြောင်အား ကျေးဇူးတင်သော အကြည့်ဖြင့် ဦးစွာ ကြည့်လိုက်ကြသည်။ ထို့နောက် ဖန်ကျန်းရီအား အားနာဟန်ဖြင့် ပြောလိုက်၏။ “မြို့ဝန်ဖန် … ကျုပ် … ကျုပ် မှားသွားပါတယ်”

“ခင်ဗျား မမှားပါဘူး။ လူမိုက်က လူမိုက်အလုပ်ကို လုပ်ရမှာပဲ။ အိမ်ပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင် ပြောင်းလဲလိုက်တော့”

သခင်လေးကျီက ခါးသီးစွာ ပြုံးလိုက်သည်။ “အရင်တုန်းက ကျုပ်မှာ ရွေးချယ်ခွင့် မရှိခဲ့ဘူး။ အခုတော့ လူကောင်းတစ်ယောက် ဖြစ်ချင်နေပြီ။ နောက်ထပ် အခွင့်အရေး တစ်ကြိမ်လောက် ထပ်ပေးပါ။ ကျုပ်က ယဉ်ကျေးမှု စံပြပါ … မြို့ဝန်ဖန်။”

ဘေးရှိ အဖွဲ့ဝင်က အလောတကြီးဖြင့် အလံကို ကမ်းပေးလိုက်ပြီး သခင်လေးကျီ၏ လည်ပင်းတွင် ချိတ်ဆွဲပေးလိုက်၏။ မြေအောက်လူမိုက်များကို မြင့်မြတ်သော အလင်းရောင်က ကာကွယ်ပေးထားသလိုပင်။

ရင်ဘတ်တွင် ချိတ်ဆွဲထားသော အလံကို ကြည့်ကာ ဖန်ကျန်းရီ၏ နှုတ်ခမ်းများက နှစ်ကြိမ်ခန့် တဆတ်ဆတ် တုန်ယင်သွားသည်။

“သိပြီ … မြန်မြန် ထွက်သွားကြတော့။ နောက်တစ်ခါ ထပ်ဖြစ်တာမျိုး မရှိစေနဲ့။”

ဖုန်းဟော့ဂိုဏ်း အဖွဲ့ဝင်များသည် လွတ်ငြိမ်းခွင့်ရသွားသကဲ့သို့ သခင်လေးကျီကို ထမ်းကာ အပြိုင်အဆိုင် အောက်ထပ်သို့ ပြေးဆင်းသွားကြ၏။

ဒုတိယထပ်တွင် လူရှင်းသွားတော့သည်။

လီယွမ်ကျောက်သည် အလွန် စိတ်လှုပ်ရှားနေပြီး ကျန်းပြောင်၏ နားနားသို့ ကပ်ကာ အဆက်မပြတ် တီးတိုး ပြောနေ၏။ “သူ့ကို ချလိုက်။ ချလိုက်စမ်းပါ။”

ထိုအခြေအနေကို မြင်သောအခါ ဖန်ကျန်းရီက သူ့ကို ဆွဲခေါ်လိုက်၏။ ထို့နောက် ဖါးပါးအား လှည့်၍ ပြောလိုက်သည်။

“ဆရာတော် … ဒီနေ့ကိစ္စ ပြီးသွားပြီဆိုတော့ ကျုပ်အနေနဲ့ ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်မယ်။ နောက်ဆိုရင် ခင်ဗျားလူကို သေချာ ထိန်းသိမ်းထားပါ။”

ဖါးပါး၏ မျက်နှာက အေးစက်တည်တင်းနေပြီး ခေါင်းညိတ်ပြလိုက်၏။ အကြောင်းပြချက်မရှိဘဲ ပေါ်လာသော လမ်းသွားလမ်းလာ တစ်ယောက်ကပင် ချီလျဲ့ကို အရှုံးကြီး ရှုံးစေခဲ့သည်။ ကျင်းတိုင်းပြည်တွင် ဤသို့သော သိုင်းပညာရှင် ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဖန်ကျန်းရီက လီယွမ်ကျောက်အား အရှေ့သို့ တွန်းပို့လိုက်သည်။ “ဆရာတော် … ကျုပ် မိတ်ဆက်ပေးမယ်။ ဒီပုဂ္ဂိုလ်က ကျုပ်တို့ တိုင်းပြည်ရဲ့ အိမ်ရှေ့စံ မင်းသားပဲ”

ဖါးပါးသည် ရင်ထဲတွင် ထိတ်လန့်သွားပြီး အကဲခတ်ကြည့်လိုက်ကာ အရှေ့သို့ တိုး၍ အရိုအသေပေးလိုက်၏။

သို့သော် လီယွမ်ကျောက်က သူ့အပေါ် လုံးဝ စိတ်မဝင်စားကြောင်း သိသာနေပြီး မပီမသ ပြန်ပြောလိုက်ကာ ချီလျဲ့အား အဆက်မပြတ် အထက်အောက် စူးစမ်းလေ့လာနေသည်။

“မဆိုးဘူး … ဒီလို ကြမ်းတမ်းတဲ့ လူမျိုးက ကျန်းပြောင်နဲ့ ယှဉ်ရင် ဘယ်သူ ခွန်အား ပိုကြီးမလဲ မသိဘူး”

ဖါးပါးက ကျန်းပြောင်ကို တစ်ချက်စွေကြည့်လိုက်၏။ “ချီလျဲ့ရဲ့ ခွန်အားက ပြိုင်ဘက်ကင်းပါပဲ”

“ဒီလိုလား။ ဒါဆိုရင် သူတို့နှစ်ယောက်ကို တစ်ပွဲလောက် ယှဉ်ပြိုင်ခိုင်းလိုက်ရင်ရော။ ကျုပ် မျက်စိပွင့်သွားအောင် ကြည့်ချင်တယ်”

ဤကဲ့သို့သောပွဲကို လီယွမ်ကျောက်က လုံးဝ လက်မလွှတ်ချင်ကြောင်း သိသာနေပြီး ထပ်မံ သွေးထိုး ပေးနေပြန်သည်။

ဖန်ကျန်းရီက သက်ပြင်းချလိုက်ပြီး အရှေ့သို့ တိုးသွားကာ ပြောလိုက်၏။ “တော်ပါတော့ အိမ်ရှေ့စံ … အားလုံး ထမင်းမစားရသေးဘူးလေ။ ပြီးတော့ သူက ဒဏ်ရာရထားတယ်ဆိုတော့ ကျုပ်တို့ဘက်က နိုင်ရင်တောင် တရားမှာ မဟုတ်ဘူး”

ဖါးပါး၏ နဖူးတွင် သွေးကြောများ ထောင်ထလာ၏။ မတရားဘူးတဲ့လား။ မယှဉ်ရသေးဘဲနဲ့ မင်းတို့ဘက်က အနိုင်ရသွားပြီလို့ တစ်ဖက်သတ် ကြေညာလိုက်တာလား။

ဖါးပါးက အနည်းငယ် ခါးညွတ်လိုက်သည်။ “အိမ်ရှေ့စံက ကြည့်ချင်တယ်ဆိုမှတော့ သူတို့ကို ယှဉ်ပြိုင် ခိုင်းလိုက်တာ ကောင်းပါတယ်”

ဖန်ကျန်းရီသည် နောက်သို့ လှည့်ကာ ကျန်းပြောင်ကို တစ်ချက်ကြည့်လိုက်၏။

ကျန်းပြောင်က ချီလျဲ့ကို စိုက်ကြည့်နေဆဲဖြစ်ပြီး အလွန် စိတ်လှုပ်ရှားနေသည့်ဟန် ပေါ်နေသည်။ ဤကဲ့သို့သော ပြိုင်ဘက်က သူ့ကို စိတ်မထိန်းနိုင်အောင် ဖြစ်စေကြောင်း သိသာလှသည်။

ဖန်ကျန်းရီ၏ အကြည့်များကို မြင်သောအခါ ကျန်းပြောင်က ပြတ်သားစွာ ပြောလိုက်၏။ “သခင်လေး … ကျုပ် သူနဲ့ တစ်ပွဲလောက် ချချင်တယ်”

“မရဘူး” ဖန်ကျန်းရီက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

အစောက ဓားမြှောင်ဖြင့် ပစ်လိုက်ခြင်းက အလစ်အငိုက်ကို တိုက်ခိုက်ခြင်းဖြစ်ပြီး ယခုအခါ ချီလျဲ့က သတိထားနေပြီ ဖြစ်၏။ အခန်းတွင်း နေရာကလည်း ကျဉ်းမြောင်းလွန်းသဖြင့် မျက်နှာချင်းဆိုင် ယှဉ်ပြိုင်ပါက အရေးနိမ့်သွားမည်ကို စိုးရိမ်ရ၏။

ကျန်းပြောင် အနည်းငယ် စိတ်ပျက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက မတတ်သာဘဲ ပြောလိုက်သည်။

“ဒီနေရာက သူများရဲ့ စားသောက်ဆိုင်လေ။ ပရိဘောဂတွေ ကျိုးပဲ့ကုန်ရင် ဘယ်လိုလုပ်မလဲ။ တကယ် ယှဉ်ပြိုင်ချင်ရင်လည်း လက်မောင်းလှဲတာ ပြိုင်ကြတာပေါ့။”

လီယွမ်ကျောက် ထပ်မံ သွေးထိုးပေးမည်ကို တားဆီးရန် ဖန်ကျန်းရီက စားပွဲတစ်လုံးကို အမြန်ဆွဲယူလာခဲ့သည်။

“လာ လာ လာ … မြန်မြန် ယှဉ်ပြိုင်ပြီး ထမင်းစားကြမယ်”

လီယွမ်ကျောက်က မျက်နှာပေါ်တွင် မကျေနပ်ဟန်ဖြင့် ဖန်ကျန်းရီ၏ အနီးသို့ တိုးလာ၏။

“ဖန်ကြီး … ဘာလို့ ကြောက်နေတာလဲ။ ကျန်းပြောင်ကို သူနဲ့ ချခိုင်းလိုက်လေ”

“အိမ်ရှေ့စံ … ကျန်းပြောင်က ကျုပ်ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ။ သူ တစ်ခုခုဖြစ်ရင် ခင်ဗျား တာဝန်ယူမှာလား”

လီယွမ်ကျောက်သည် ဘာမှမပြောတော့ဘဲ ဘေးသို့ ဆုတ်သွားသည်။

ကျန်းပြောင်သည် ခြေလှမ်းကျယ်ကျယ်ဖြင့် စားပွဲဆီသို့ သွားကာ ဘယ်ဘက်လက်ကို စားပွဲပေါ်သို့ တင်လိုက်၏။ လွတ်လွတ်လပ်လပ် မတိုက်ခိုက်ရလျှင်တောင်မှ ခွန်အားကို ယှဉ်ပြိုင်ကြည့်၍ ရသည်။ တောက်ယွမ်ခရိုင်တွင် သူ့ထက် ခွန်အားကြီးသူ တစ်ယောက်မှ မရှိခဲ့ဖူးချေ။

ယနေ့ တစ်ဖက်လူက သူ့ကို တကယ်ပဲ စိတ်လှုပ်ရှားလာအောင် လုပ်နိုင်ခဲ့၏။

ဖန်ကျန်းရီ၏ ဘဝတွင် ကျန်းပြောင် ဤမျှ တည်ကြည်လေးနက်သော မျက်နှာထားမျိုး ရှိခဲ့သည်ကို တစ်ခါမှ မမြင်ဖူးချေ။

ကျန်းပြောင်က သူ၏ လက်မောင်းကို ကြည့်ကာ ပြောလိုက်သည်။ “မင်း ညာဘက်လက်က ဒဏ်ရာရထားတယ်ဆိုတော့ ဘယ်ဘက်လက်နဲ့ ပြိုင်မယ်”

ချီလျဲ့သည် အထင်မသေးတော့ဘဲ ဘယ်ဘက်လက်မောင်းကို ဆန့်ထုတ်လိုက်၏။

သူတို့နှစ်ယောက် လက်ချင်း တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး မျက်လုံးချင်း ဆုံကြည့်နေကြရာ တင်းမာ ပူပြင်းသော လေထုက ဒုတိယထပ် တစ်ခုလုံးတွင် ပြည့်နှက်သွားသည်။

လူတိုင်း၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာကြ၏။

ဖန်ကျန်းရီသည်လည်း အလွန် စိတ်လှုပ်ရှားနေပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်နေကြချိန်တွင် ကျန်းပြောင်က ချီလျဲ့ထက် အများကြီး သေးငယ်လွန်းနေသည်။

ဒီတစ်ခေါက်တော့ တကယ့် ပြိုင်ဘက်နဲ့ တွေ့ပြီထင်တယ်။

သူက ကျန်းပြောင်၏ ဤမျှ တည်ကြည်လေးနက်သော မျက်နှာထားကို တစ်ခါမှ မမြင်ဖူးချေ။

“ရန်ကုန်က လက်မောင်းလှဲတဲ့ကောင်တွေလို ဘုန်း ဒိုင်းဆိုပြီး ခုံတွေကန် ၊ ခုံတွေထုတာ လုပ်ရင် သောက်ခွက် ရိုက်မယ်နော်။”

“စမယ်”

ဖန်ကျန်းရီ အော်လိုက်သည်နှင့် တစ်ပြိုင်နက် နှစ်ဖက်စလုံးက ရုတ်တရက် အားစိုက်ထုတ်လိုက်ကြသည်။ အားစိုက်ထုတ်လိုက်သည့် အခိုက်အတန့်တွင် စားပွဲနှင့် ကုလားထိုင်များမှ ဒဏ်မခံနိုင်သော အသံများ ထွက်ပေါ်လာ၏။

ကျန်းပြောင်၏ မျက်နှာမှာ နီရဲသွားပြီး ကြွက်သားများ ဖောင်းကြွလာသည်။ မူလကတည်းက သန်မာသော လက်မောင်းသည် ချက်ချင်း ပိုမို ကြီးမားလာပြီး သွေးကြောများ ထောင်ထလာ၏။ ပေါက်ကွဲထွက်မတတ် ကြွက်သားများကို အထင်အရှား မြင်တွေ့နေရသည်။

သို့ပေမည့် မျက်နှာချင်းဆိုင်ရှိ ချီလျဲ့၏ အခြေအနေကလည်း များစွာ မကွာခြားလှချေ။ သူ့မျက်နှာက မည်းနက်နေသဖြင့် ကျန်းပြောင်ကဲ့သို့ နီရဲနေသည်ကိုတော့ မသိသာလှပေ။ သို့သော်ငြား ပြူးကျယ်နေသော နွားမျက်လုံးများကို ကြည့်ခြင်းအားဖြင့် အားကုန်သုံးနေကြောင်း သိသာလှ၏။

သူတို့နှစ်ယောက်၏ လက်မောင်းများသည် ဘယ်ညာ ဖြည်းညင်းစွာ ယိမ်းယိုင်နေသည်။ ဘေးလူများ၏ ရင်ထဲတွင်လည်း အတက်အကျ ဖြစ်နေကြသည်။

ဖါးပါး အလွန်ထိတ်လန့်နေကြောင်း မည်သူမှ မသိကြချေ။ မထင်မှတ်ထားဘူး … ဒီ ကျန်းပြောင်ဆိုတဲ့ လူက ဒီလောက် ထူးဆန်းတဲ့ ခွန်အားတွေ ရှိနေလိမ့်မယ်လို့။ ဒီလောက် ကွာဟနေတဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့တောင် သူတို့နှစ်ယောက်က အပြိုင်အဆိုင် ဖြစ်နေကြတယ်။ ပြီးတော့ အခြေအနေအရ ကျန်းပြောင်က နည်းနည်းလေးမှ နောက်ကျမနေဘူး။

လေထုက ပိုပိုပြီး တင်းမာလာတော့သည်။

ရုတ်တရက် “ဂျုန်း” ဟူသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

လက်မောင်းတစ်ဖက်က အသံနှင့်အတူ ကျလာပြီး သစ်သားစားပွဲကြီးကို အလယ်မှ ကျိုးပဲ့သွားစေသည်။

All Chapters