အခန်း (၃၀၂-၃၀၃
Vol. 17 Ch. 302-303
အပိုင်း (၃၀၂) ကိုယ့်အရှက် ကိုယ်ခွဲတာပဲ။
မြို့တော်အတွင်းရှိ ရေချိုးကန်များနှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင် မများပြားလှသော်လည်း သေချာပေါက် နည်းပါးခြင်းလည်း မရှိပေ။
အတွင်းမြို့တော်ရှိ ရပ်ကွက်များအတွင်း နေရာတိုင်းလိုလိုတွင် မြင်တွေ့နိုင်သည်။
ရေချိုးရာတွင်လည်း ရေအေးချိုးခြင်းကို အဓိကထားကြပြီး လုပ်ငန်းစဉ်မှာ အခြေခံအားဖြင့် ရေချိုးကန်ထဲတွင် ရေချိုးပြီးနောက် အခြားအခန်းတစ်ခန်းသို့ ပြောင်းကာ အနားယူခြင်းသာ ဖြစ်၏။
အတွင်းပိုင်းတွင် ကျောချေးတွန်းပေးခြင်း၊ ခေါင်းဖြီးပေးခြင်း၊ ဆံပင်ညှပ်ပေးခြင်း၊ ခြေသည်းလက်သည်း ညှပ်ပေးခြင်း စသည့် ဝန်ဆောင်မှုများကိုလည်း ပေးဆောင်ထားသည်။
ခေတ်သစ် Spa လုပ်ငန်းစဉ်များနှင့် သိပ်မကွာခြားလှသော်လည်း အနည်းငယ် ပို၍ ရိုးရှင်းပေသည်။
သာမန် ရေချိုးရုံသက်သက်ဆိုလျှင် ကြေးပြားအနည်းငယ် ပေးရုံဖြင့် ရနိုင်၏။
ဝန်ဆောင်မှု အပြည့်အစုံအတွက် ကုန်ကျစရိတ်မှာလည်း မမြင့်မားလှဘဲ ကြေးပြား အနည်းငယ်သာ ကုန်ကျမည်ဖြစ်ရာ သာမန် ပြည်သူများအနေဖြင့် အံကြိတ်ကာ တစ်ခါတစ်ရံ အပြည့်အစုံ လာရောက် အသုံးပြုဖို့ ပြဿနာ မရှိချေ။
သေချာပေသည်... ဆင်းရဲသူက ဆင်းရဲသလို နေနိုင်ပြီး ချမ်းသာသူက ချမ်းသာသလို နေနိုင်ကြသည်။
လူချမ်းသာ အတော်များများတွင် ကိုယ်ပိုင် ရေချိုးကန်များ ရှိကြပြီး သင်္ချိုင်းဂူ တည်ဆောက်ရာတွင်ပင် ရေချိုးကန် ထည့်သွင်း တည်ဆောက်ကြသော်ငြား တစ်ယောက်တည်း ရေချိုးရသည်မှာ အပြင်ဘက်လောက် စုံလင်မှု မရှိသလို ပတ်ဝန်းကျင် အနေအထားလည်း မရှိပေ။
ထို့ကြောင့် သဘာဝအရ အထက်တန်းလွှာ ဖောက်သည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အဆင့်မြင့် ရေချိုးကန်များ ပေါ်ထွက်လာခြင်း ဖြစ်၏။
ဤကဲ့သို့သော အဆင့်မြင့် နေရာများသည် ပုံမှန်အားဖြင့် ပြည့်တန်ဆာရုံ လုပ်ငန်းများနှင့် အနည်းငယ် တူညီမှု ရှိသည်။
ရေချိုးကန်တွင် သဘာဝအရ ရေနွေးများ ရှိပြီး ပုံမှန်အားဖြင့် အလှဆင်မှုများမှာလည်း ပို၍ ဇိမ်ကျကျ ရှိသည်။ ကျောက်ဆောင်တုများ၊ ပန်းမန်များ ဝန်းရံထားပြီး ဝန်ဆောင်မှုများ ပိုမို စုံလင်ကာ ကစားစရာများ ပိုမို သေသပ်သလို သီးသန့်လွတ်လပ်ခွင့်လည်း ပိုမို မြင့်မား၏။
ဖန်ကျန်းရီ၌ ကျန်းမာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန် အလွန်အမင်း စွဲလမ်းနေသော စိတ်အားထက်သန်မှုမျိုး ရှိသည်။
သဘာဝအရ ရေချိုးကန်များကိုလည်း အလွန် အလေးထားပြီး ရေချိုးကန် တည်ဆောက်မည့် ကုန်သည်များကို မီးစိမ်းပြထား၏။
ပန်းရှန်းရပ်ကွက်ကို အစီအစဉ်တကျ ပြန်လည် ဖွဲ့စည်းထားပြီးနောက် လူအများ အဝင်အထွက် များပြားလာသဖြင့် လူချမ်းသာ အတော်များများက ဤနေရာတွင် ငွေရှာရန် အခွင့်အလမ်းသစ်များကို ရှာဖွေချင်လာကြရာ အဆင့်မြင့် ရေချိုးကန်များ သဘာဝအရ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သူတို့အဖွဲ့သည် ထမင်းစားပြီးနောက် ရပ်ကွက်အတွင်းရှိ ရေချိုးကန် တစ်ခုကို ရှာဖွေလိုက်ကြ၏။
ဖန်ကျန်းရီသည် ပန်းရှန်းရပ်ကွက်ရှိ ရေချိုးကန်သို့ တစ်ခါမှ မရောက်ဖူးခဲ့ချေ။ အခြားသူများနှင့် ရောနှော၍ ချိုးရသော ရေချိုးကန်ကြီးမျိုးကို သူ၏ ယခင်ဘဝ ငယ်စဉ်အခါကသာ မကြာခဏ ချိုးခဲ့ဖူးသည်။
နောက်ပိုင်းတွင် အိမ်မှာသာ ကိုယ်တိုင် ရေချိုးတော့ပြီး ထိုနေရာများသို့ နောက်ထပ် လုံးဝ မရောက်ဖူးတော့ချေ။
မျက်စိရှေ့ရှိ ဤရေချိုးကန်သည် အပြင်ဘက်မှ ကြည့်လျှင် အလှဆင်ထားမှုက ကြီးကျယ်ခမ်းနားပြီး နာမည်ပေး ထားပုံကလည်း အလွန် ဆွဲဆောင်မှု ရှိနေပေသည်။ နာမည်မှာ [စိတ်လွင့်မျော ရေမွှေးရေချိုးကန်] ဖြစ်၏။
ဖန်ကျန်းရီက ဆိုင်းဘုတ်ကို ကြည့်ရင်း မနေနိုင်ဘဲ နှုတ်ခမ်းသပ်လိုက်မိသည်။
ဒီလို မကောင်းတဲ့ စွမ်းအင်တွေ ပါနေတဲ့ နာမည်မျိုးကို လမ်းပေါ်မှာ ဗြောင်ကျကျ ချိတ်ဆွဲထားရဲတာ တကယ်ကို မယဉ်ကျေးလိုက်တာ။
သူတို့အဖွဲ့ ခြေလှမ်းကျယ်ကျယ်ဖြင့် ဝင်သွားသည်နှင့် စားပွဲထိုးတစ်ယောက်က ကြိုဆိုရန် အနီးသို့ ချက်ချင်း ရောက်လာ၏။
ဖန်ကျန်းရီက အရှေ့ခန်းမကို အထက်အောက် သေချာ အကဲခတ်ကြည့်ပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဒီကောင်လေး... မင်းတို့ဆီမှာ ဘယ်လို ပိုက်ဆံကောက်လဲ။"
စားပွဲထိုးက ချီလျဲ့အား ဦးစွာ တစ်ချက်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် ထိတ်လန့်သွားဟန် ပေါ်လာကာ ဖြေကြားလိုက်၏။ "သခင်လေးကို အကြောင်းကြားပါရစေ။ ကျုပ်တို့ဆီမှာက ဈေးတစ်မျိုးတည်းပါ။ တစ်ယောက်ကို ငွေနှစ်တေလ်းပါ။ သခင်လေးတို့ အားလုံးပေါင်း ခြောက်ယောက် လာတာဆိုတော့ ငွေဆယ့်နှစ်တေလ်းပါ။"
"မင်းတို့ဆီမှာ တစ်ခါချိုးတာ ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲ။"
ဖန်ကျန်းရီသည် မနေနိုင်ဘဲ တိတ်တဆိတ် လျှာသပ်လိုက်မိ၏။
ပန်းရှန်းရပ်ကွက်ရဲ့ ကုန်ဈေးနှုန်းက အခု ဒီလို ဖြစ်နေပြီလား။ တောက်ယွမ်ခရိုင်ကိုတောင် မီတော့မယ်။
ယ်သူကများ ရေတစ်ခါချိုးတာကို ဒီလောက် အပိုလုပ်ပြီး ငွေနှစ်တေလ်းတောင် သုံးမှာလဲ။
စားပွဲထိုးသည် ဧည့်သည်များ၏ ဤကဲ့သို့သော တုံ့ပြန်မှုကို မြင်ဖူးနေကျ ဖြစ်ကြောင်း သိသာနေပြီး ရှင်းပြလိုက်သည်။ "ဧည့်သည်တော်... မလောပါနဲ့။ ကျုပ်တို့ဆီက အပြင်ဘက်က တခြား ရေချိုးကန်တွေထက် အများကြီး ပိုဈေးကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ဆီက ပစ္စည်းတွေက အကောင်းဆုံးတွေချည်းပါပဲ။
လူကြီးလူကောင်း အတော်များများက ကျုပ်တို့ဆီကိုလာပြီး အရောင်းအဝယ် ကိစ္စတွေ ဆွေးနွေးကြပါတယ်။ ဒါကြောင့် ဈေးကြီးရတဲ့ အကြောင်းရင်း ရှိတာပါ။ ပိုအရေးကြီးတာက..."
စကားပြောနေရင်းနှင့် စားပွဲထိုး၏ အမူအရာက တဖြည်းဖြည်း ညစ်ညမ်းလာပြီး အသံလည်း တိုးဝင်သွား၏။ "ကျုပ်တို့ဆီမှာ ... အားပါးတရ ဖြစ်စေမယ့် အစီအစဉ်တွေ ရှိတယ်။ အပြင်မှာတော့ လုံးဝ ကြည့်လို့ မရဘူး။"
ဖန်ကျန်းရီသည် ချက်ချင်း သဘောပေါက်သွားတော့သည်။
စီးပွားရေး ရေချိုးကန် ဖြစ်နေတာကိုး။ အားပါးတရ ဖြစ်စေမယ့် အစီအစဉ်တွေတောင် ရှိသေးတယ်။
"ကောင်းပြီ။ ဒါဆို ကျုပ်တို့ ခြောက်ယောက်ပဲ။ မင်းတို့ဆီမှာ ဘယ်လို အားပါးတရ ဖြစ်စေမယ့် အစီအစဉ်တွေ ရှိလဲ ကြည့်ကြတာပေါ့။"
"ကောင်းပါပြီ ခင်ဗျာ။"
......
လက်ဖက်ရည် တစ်ခွက်စာ အချိန် ကုန်လွန်သွား၏။
ဖန်ကျန်းရီသည် လီယွမ်ကျောက်နှင့် အခြားသူများကို ခေါ်ကာ ရေချိုးကန်၏ ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေး နေနေကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
အခြားတစ်ဖက်တွင်တော့ ချီလျဲ့နှင့် ဖါးပါးတို့ ဖြစ်ပြီး သူတို့နှစ်ယောက်သည် မျက်နှာထား အေးအေးဆေးဆေးဖြင့် ရေချိုးကန်ထဲတွင် ပျင်းရိစွာ မှီနေကြ၏။ သူတို့၏ အမူအရာကို ကြည့်ရသည်မှာ အလွန် သက်တောင့်သက်သာ ရှိနေပုံပေါ်ပြီး ဘေးတွင် အမွှေးနံ့သာများလည်း ရှိနေ၏။
ဖါးပါး တို့ ရောက်လာသောကြောင့် ရေချိုးကန် တစ်ခုလုံးရှိ အခြား ဧည့်သည်များ အားလုံး ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။
ဖန်ကျန်းရီ၏ မျက်နှာမှာ နီရဲနေပြီး အပူဟပ်၍လား သို့မဟုတ် ဘာကြောင့်မှန်း မသိချေ။
လီယွမ်ကျောက်အား ကြည့်ကာ ဒေါသတကြီးဖြင့် တီးတိုး ပြောလိုက်၏။ "ကျုပ် မလာခဲ့သင့်ဘူး။ ခင်ဗျား စိတ်ဝင်စားနေတုန်းပဲလား။ စိတ်ဝင်စားသေးလား။ ကိုယ့်အရှက် ကိုယ်ခွဲတာပဲ။ အကုန်လုံး ခင်ဗျားကြောင့်ပဲ။"
လီယွမ်ကျောက်၏ မျက်နှာပေါ်တွင် ရှက်ရွံ့ဟန် ပေါ်လာပြီး ခေါင်းကို ရေထဲသို့ တဖြည်းဖြည်း နစ်မြုပ်လိုက်ကာ ချီလျဲ့အား စိုက်ကြည့်နေသော မျက်လုံးတစ်စုံကိုသာ ချန်ထားလိုက်တော့သည်။
ကျန်းပြောင်နှင့် လုဖာတို့သည် တိတ်တဆိတ် ပဝါဖြင့် မျက်နှာကို အုပ်ထားလိုက်ကြ၏။
ဖန်ကျန်းရီသည် ကောင်းကင်ကို မော့ကြည့်ကာ စကားမပြောနိုင် ဖြစ်နေသည်။
ငါ့မျက်စိတွေ ကန်းသွားပြီ။ သောက်ကျိုးနည်း စိတ်မဝင်စားခဲ့သင့်တာ။
ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီ။ ဒီတစ်လှည့်တော့ ငါ ရှုံးသွားပြီ... လုံးဝကို အရှုံးကြီး ရှုံးသွားတာပဲ။
အရပ်အမောင်းကို ကြည့်ရတာ ချီလျဲ့က ကိုးပေလောက် ရှိမယ်ထင်တယ်။ ဒီကောင်က လက်ရှည် ခြေရှည်ဆိုတော့ အစောကတည်းက တွေးမိသင့်တာ။
ဒီနေ့တော့ တကယ်ကို မျက်စိပွင့်သွားခဲ့ပြီပဲ။
ဖါးပါး သည် ပြုံးလျက် ဖန်ကျန်းရီနှင့် အခြားသူများကို လှမ်းကြည့်လိုက်၏။
အားလုံးက ယောကျ်ားတွေချည်းပဲ။ ဘာကို နားမလည်စရာ ရှိလို့လဲ။
ချီလျဲ့က အတွင်းရော အပြင်ပါ မြောက်ပိုင်းရုန်ရဲ့ နံပါတ်တစ် စစ်သူကြီးလို့ ခေါ်ဆိုနိုင်တယ်။ ဘယ်သူက ကြည့်ပြီး မကြောက်ဘဲ နေမည်နည်း။
"မြို့ဝန်ဖန်... ခင်ဗျား ဘာလို့ အဲဒီလောက် အဝေးကြီးမှာ သွားထိုင်နေတာလဲ။"
ဖန်ကျန်းရီက ရှက်ကိုးရှက်ကန်းဖြင့် နှစ်ချက်ခန့် ရယ်မောလိုက်ပြီး ဖါးပါး ၏ အနီးသို့ ရွှေ့သွားလိုက်သည်။
"ဆရာတော်….. ဒီ ရေပူစမ်းက ဘယ်လိုနေလဲ။ မြောက်ပိုင်းရုန်မှာရော ဒီလိုနေရာမျိုး ရှိလား။"
ဖါးပါးက ခေါင်းခါပြလိုက်ပြီး အနည်းငယ် အားကျဟန်ဖြင့် ပြောလိုက်၏။ "တကယ်ကို ကောင်းတဲ့နေရာ တစ်ခုပါပဲ။ ကျုပ်တို့ တိုင်းပြည်မှာလည်း ရှိပေမဲ့ ကျင်းတိုင်းပြည်လောက် မများဘူး။ ပြီးတော့ အလှဆင်ထားတာလည်း ဒီလောက် မသေသပ်ဘူး။"
ရေချိုးရင်း စကားပြောရတာက ခံစားချက် မတူဘူးပဲ။ အဝတ်မပါဘဲ စကားပြောရတာ အတော်လေး ပွင့်လင်းလာတယ်။
ဖန်ကျန်းရီက ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုရင် ဆရာတော် သေချာလေး ခံစားကြည့်သင့်တယ်။ သန်ဘက်ခါကျရင် နန်းတော်ထဲဝင်ပြီး ဘုရင်မင်းမြတ်နဲ့ တွေ့ရတော့မယ်ဆိုတော့ ဘယ်လို အစီအစဉ်တွေ လုပ်ထားလဲ မသိဘူး။"
ဖါးပါးက တစ်ခုခုကို စဉ်းစားနေသည့်ဟန်ဖြင့် ပြောလိုက်၏။ "မနေ့က ကျုပ် ဟုန်လုစီရုံးတော်ကို သံတမန် စာချွန်လွှာ တင်သွင်းပြီးပြီ။ ခန်မင်းကြီးက ကျင်းတိုင်းပြည်နဲ့ ညီနောင် နိုင်ငံအဖြစ် ဖွဲ့စည်းချင်တယ်။ ပြီးတော့ ကုန်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ပြီး အပြန်အလှန် ဖလှယ်ချင်တယ်။ မြို့ဝန်ဖန်က ဘယ်လိုထင်လဲ။"
ကုန်သွယ်ရေး လုပ်မယ်။
ဖန်ကျန်းရီက ခဏမျှ စဉ်းစားလိုက်ပြီး ပြုံးလိုက်သည်။ "ကောင်းတဲ့ကိစ္စပဲ။ ဒါက အရမ်းကောင်းတဲ့ ကိစ္စကြီးပဲ။"
ဖါးပါး ပြောသလို တကယ်ဆိုလျှင် မြောက်ပိုင်းရုန်၏ လက်ရှိ အခြေအနေက တကယ်တမ်းတွင် သိပ်မကောင်းလှချေ။
ခန်မင်းကြီး ဝူထူကလည်း အခွင့်အရေးကို အသုံးချပြီး အင်အား ပြန်လည် ဖြည့်တင်းချင်နေတာ ဖြစ်ရမယ်။ ဒါပေမဲ့ တကယ့်ကို အသုံးမကျတဲ့ အကွက်တစ်ခုပဲ။
သူ လေ့လာထားသလောက် မြောက်ပိုင်းရုန်၏ အဓိက အစိတ်အပိုင်းက ခြေသလုံးအိမ်တိုင် သိုးအုပ်ကျောင်းသည့် လူမျိုးစုများဖြစ်ပြီး ခီတန်ယဉ်ကျေးမှုနှင့် အလွန် တူညီသည်။
စီးပွားရေး တိုးတက်မှု အခြေအနေနှင့် ကုန်ပစ္စည်း အမျိုးအစား စုံလင်မှုတို့ကို ယှဉ်ကြည့်လျှင် ကျင်းတိုင်းပြည်ကို လုံးဝ မမီနိုင်ချေ။
နှစ်ဖက် အပြန်အလှန် ကုန်သွယ်မှု ပြုလုပ်လိုက်သည်နှင့် ကြီးမားသော ကုန်သွယ်မှု ပိုငွေကို ဖြစ်ပေါ်စေမည်။
မြောက်ပိုင်းရုန်က တင်ပို့နိုင်သည့် ပစ္စည်းများမှာ သိုး၊ မြင်း၊ ကုလားအုတ် ကဲ့သို့သော အရာများမှလွဲ၍ အခြားမရှိချေ။
သို့ပေမည့် ကျင်းတိုင်းပြည်ကတော့ မတူညီပေ။ သံ၊ ကြွေထည်၊ ပိုးထည်၊ လက်ဖက်ရည်နှင့် ဖန်သားများပင် ပါဝင်သေးသည်။
တချို့ပစ္စည်းတွေက အရင်းအနှီး အရမ်းနည်းလွန်းသောကြောင့် … တစ်ဖက်သို့ရောင်းချလျှင် ပိုက်ဆံလုသည်နှင့် ဘာမှမကွာခြားချေ။
"အို... မြို့ဝန်ဖန်ကလည်း ဖြစ်နိုင်တယ်လို့ ထင်တာလား။" ဖါးပါး၏ မျက်နှာပေါ်တွင် ဝမ်းသာအံ့ဩဟန် ပေါ်လာ၏။
"ဘာလို့ မဖြစ်ရမှာလဲ။ ဒါထက် ပိုကောင်းတာ မရှိတော့ဘူး။"
ဖါးပါး က သက်ပြင်းချကာ ပြောလိုက်သည်။ "နယ်စပ် ကုန်သွယ်ရေးက အမြဲတမ်း ခက်ခဲတယ်။ ကျုပ်က ဒီတစ်ခေါက် သွားရင် အနည်းနဲ့အများတော့ ဒုက္ခရောက်မယ်လို့ ထင်ထားတာ။ ဒီနေ့ မြို့ဝန်ဖန်ရဲ့ တုံ့ပြန်မှုကို မြင်ရတော့ တော်တော်လေး စိတ်အေးသွားပြီ။"
ထိုစကားကို ကြားချိန်မှာတော့ ဖန်ကျန်းရီ၏ မျက်ခုံးများ အနည်းငယ် ကုပ်ဝင် သွားတော့၏။
ဒီကိစ္စကို ဘယ်လိုလုပ် မေ့သွားရတာလဲ။
ညီလာခံက ခေါင်းမာတဲ့ လူအိုကြီး အတော်များများက ကုန်သွယ်ရေး ကိစ္စကို လုံးဝ စိတ်မဝင်စားကြဘူး။
ဖါးပါး တကယ်ပဲ အတားအဆီး အတော်များများနှင့် ရင်ဆိုင်ရနိုင်တယ်။ ငါကိုယ်တိုင် သူ့ကို ကူညီပေးရအုံးမယ် ထင်တယ်။
ကြွေထည်တွေ လူကြိုက်များတာက လူတိုင်း အသိအမှတ်ပြုထားပြီးသားပဲ။ ဒါပေမဲ့ ဖန်သားကလည်း မဆိုးဘူး။
အခု ခရိုင်ထဲက ဖန်သား နည်းပညာက တောက်ယွမ်ခရိုင် တစ်ခုတည်းကသာ မူပိုင်ခွင့် ရထားတာ။ အကယ်၍ မြောက်ပိုင်းရုန်ကို ရောင်းနိုင်ရင် အမြတ်ကြီး စားရမှာ မဟုတ်ဘူးလား။
ဖါးပါး က ဖန်ကျန်းရီ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ သူလည်း လိုက်၍ မျက်မှောင်ကြုတ်၍ မေးလိုက်၏။ "ဘာဖြစ်လို့လဲ … တစ်ခုခု ပြဿနာ ရှိလို့လား။"
"အင်း ... ပွင့်ပွင့်လင်းလင်း ပြောရရင် ကျုပ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အကြောင်း ကျုပ် သိထားသလောက်ဆိုရင် ကုန်သွယ်ရေး ကိစ္စမှာ တကယ်ကို ခက်ခဲလိမ့်မယ်။"
အပိုင်း (၃၀၃) ကျုပ် အထက်မှာ လူရှိတယ်။
ဖါးပါး၏ မျက်နှာက ချက်ချင်း တည်ကြည်သွား၏။ "ဘာဖြစ်လို့လဲ။"
ဖန်ကျန်းရီက ခေါင်းခါ၍ ခါးသက်စွာ ပြုံးလိုက်သည်။ "စိုက်ပျိုးရေးကို အားပေးပြီး ကုန်သွယ်ရေးကို ဖိနှိပ်တာက နိုင်ငံတော်ရဲ့ မူဝါဒလေ။ ကုန်သည်တွေရဲ့ အဆင့်အတန်းက အမြဲတမ်း နိမ့်ကျတယ်။ ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖွင့်လိုက်ရင် နိုင်ငံတော် မူဝါဒကို တုန်လှုပ်သွားစေမှာ မဟုတ်ဘူးလား။ ဒါ့အပြင် ကျုပ်တို့ ကျင်းတိုင်းပြည်က ထွက်ကုန်တွေ ပေါများပြီး မရှိတာ ဘာမှမရှိဘူး။ ဒါဆို ဘာလို့ ကုန်သွယ်ရေး လုပ်ဖို့ လိုအပ်အုံးမှာလဲ။
တိုင်းပြည် နှစ်ပြည်က ညီနောင် နိုင်ငံအဖြစ် ဖွဲ့စည်းတာ ကောင်းပေမဲ့ ကုန်သွယ်ရေး ကိစ္စကတော့ ချက်ချင်း လက်ငင်း အဖြေထွက်လာနိုင်မယ့် ကိစ္စမျိုး လုံးဝ မဟုတ်ဘူး။ ဘုရင်မင်းမြတ် ကိုယ်တိုင် အများရဲ့ ကန့်ကွက်မှုတွေကို တွန်းလှန်နိုင်မှပဲ ရမယ်။"
ဖါးပါး၏ မျက်ခုံးများက အလုံးစုံ ကုပ်ဝင်သွား၏။ "ကျင်းတိုင်းပြည်က အင်အားကြီးတယ် ဆိုပေမဲ့ ကျုပ် သိထားသလောက် မြင်းတွေ၊ သိုးရေတွေ လိုမျိုး ပစ္စည်းတွေ ရှားပါးနေတာပဲ။ ညီလာခံက အမတ်တွေက ဒါကို မမြင်ချင်ယောင် ဆောင်နေနိုင်မှာလား။"
"သဘာဝအရတော့ မရဘူးပေါ့။ ဒါပေမဲ့ သူတို့အမြင်မှာ ဒါက အကျိုးအမြတ် အသေးအဖွဲလေးပဲ။ ဘယ်သူမှ အကျိုးအမြတ် သေးသေးလေးအတွက်နဲ့ အခြေခံမူကို အပျက်ခံမှာ မဟုတ်ဘူး။ ကျင်းတိုင်းပြည်က စစ်ပွဲ ရပ်နားထားတာ သုံးနှစ်တောင် မပြည့်သေးဘူး။
စိုက်ပျိုးရေးကို အလေးထားတဲ့ အခြေခံက လူတွေရဲ့ ရင်ထဲမှာ စွဲမြဲနေပြီ။ အခုအချိန်က စိုက်ပျိုးရေးကို တိုးတက်စေပြီး နိုင်ငံတော်ရဲ့ အခြေခံကို ခိုင်မာအောင် လုပ်ရမယ့် အချိန်ပဲ။
ကုန်သွယ်ရေး အဖွဲ့တွေ နယ်စပ်ကို သွားဖို့ဆိုတာ သယ်ယူပို့ဆောင်ရေး စရိတ်တစ်ခုတည်းနဲ့တင် အများကြီး ကုန်ကျတယ်။ နန်းတွင်းက ဒီအပိုင်းက ဆုံးရှုံးမှုတွေကို တာဝန်ယူချင်မှာ မဟုတ်ဘူး။ နောက်ပြီး ဆရာတော် လည်း သိမှာပါ။ ကျုပ်တို့ ကျင်းတိုင်းပြည်ရဲ့ တောင်ဘက်ပိုင်းကမှ တကယ့် ချမ်းသာကြွယ်ဝတဲ့ နေရာဆိုတာ။ ပစ္စည်းတွေကို မြောက်ပိုင်းရုန် နယ်စပ်အထိ သယ်ယူပြီး အရောင်းအဝယ် လုပ်ဖို့ဆိုရင် အနည်းဆုံး လပေါင်းများစွာ ကြာလိမ့်မယ်။
ကုန်သည်တွေရဲ့ အဆင့်အတန်းက နိမ့်ကျတယ်။ ဒီအယူအဆက အခွန်ကောက်တဲ့ အရာရှိတွေရဲ့ ရင်ထဲမှာ ပိုပြီး စွဲမြဲနေတယ်။ အဲဒီလူတွေက အခွန်တိုးကောက်ဖို့ကို အစွမ်းအစအဖြစ် သတ်မှတ်ထားပြီး ရက်စက်ကြမ်းကြုတ်မှု ကို လုပ်ထုံးလုပ်နည်းအဖြစ် ကျင့်သုံးကြတယ်။ အရိုးထဲထိ စိမ့်ဝင်အောင် တွက်ချက်ပြီး တစ်ပြားတစ်ချပ်မှတောင် အလွတ်မပေးကြဘူး။
ဂိတ်တစ်ခုကို ဖြတ်သွားတိုင်း ကုန်သည်တွေက အရေခွံ တစ်လွှာ အဆုတ်ခံရမှာပဲ။ ဒီကြားထဲမှာ ဂိတ်ဘယ်နှစ်ခု ဖြတ်ရမလဲဆိုတာ ခင်ဗျား တွက်ကြည့်ဖူးလား။"
ဤနေရာသို့ ရောက်ချိန်မှာတော့ ဖန်ကျန်းရီ၏ ရင်ထဲတွင် မျက်ရည်များ ပြည့်နှက်သွား၏။
ခရိုင်ထဲက ကိုယ့်လူတွေ အပြင်ထွက်ပြီး ကုန်သွယ်ရေး လုပ်ရတာလည်း မလွယ်ကူဘူး။ ဒီဂိတ်တစ်ခုချင်းစီကို ဖြတ်သန်းနိုင်ဖို့ ငွေတွေ အများကြီး ကုန်ကျခဲ့ရတယ်။
ခြိမ်းခြောက်တာရော၊ မြူဆွယ်တာရော နည်းလမ်းပေါင်းစုံကို အကုန် သုံးခဲ့ရတယ်။
အများကြီး မပြောနဲ့အုံး။ ကုန်သွယ်ခွင့် လက်မှတ် အတုတွေ အမြောက်အမြား လုပ်ဖို့တောင် အားထုတ်မှု အများကြီး စိုက်ထုတ်ခဲ့ရတယ်။
"ဒီတစ်ခေါက် သွားရင် ချောမွေ့မှာ မဟုတ်ဘူးလို့ စဉ်းစားမိပေမဲ့ ခင်ဗျား တွေးထားသလောက် အသေးစိတ်တော့ မတွေးမိဘူး။" ဖါးပါး က မကြာခဏ ခေါင်းညိတ်ပြနေသည်။ ဖန်ကျန်းရီ ပြောစကားများက တကယ်ကို အဓိပ္ပာယ်ရှိပြီး သူ ကိုယ်တိုင်လည်း နားလည်ထားပြီးသား ဖြစ်၏။ သို့ပေမည့် အတားအဆီးများက ဤမျှအထိ ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
"ဒါပေမဲ့ ... မြို့ဝန်ဖန်... ခင်ဗျား ဘာလို့ ဒါကို ကောင်းတဲ့ကိစ္စလို့ ထင်နေရတာလဲ။"
"ဟူး... ကျုပ်က ငယ်ငယ်ကတည်းက ကုန်သည် မိသားစုမှာ ကြီးပြင်းလာတာဆိုတော့ ကုန်သွယ်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သဘာဝအရ နည်းနည်းပိုပြီး နားလည်တာပေါ့။"
ပြောရင်းနှင့် ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဝမ်းနည်းဒေါသထွက်နေသည့်ဟန် ပေါ်လာ၏။ "အမှန်အတိုင်း ပြောရရင် ကျုပ်ရဲ့ အတွေးအခေါ်တွေက ညီလာခံက အမတ်တွေနဲ့ အမြဲတမ်း သဘောထား မတိုက်ဆိုင်ဘူး။
အဲဒီအပြင် ရင်ထဲမှာ စကားတွေကို သိမ်းမထားတတ်လို့ လူတွေရဲ့ မုန်းတီးမှုကို အမြဲ ခံနေရတယ်။ ခင်ဗျား အချိန်ကြာလာရင် သိလာပါလိမ့်မယ်။ လူအတော်များများက ကျုပ်ကို နေ့တိုင်း ရွှံ့ရည်တွေ ပက်နေကြတယ်။ ဖားယားတတ်တယ်၊ စကားလှလှလေးတွေနဲ့ ဟန်ဆောင်တတ်တယ်၊ ပါးစပ်စောင့်စည်းမှု မရှိဘူးလို့ ပြောကြတယ်။ တကယ်တော့ သူတို့ကိုယ်တိုင်က အဲဒီလို လူစားမျိုးတွေဆိုတာ မသိကြဘူး။
ဘုရင်မင်းမြတ်သာ အမြော်အမြင် ကြီးမားမနေဘူးဆိုရင် ကျုပ်က ဘယ်ချောက်ကမ်းပါးထဲကို ရောက်နေပြီလဲဆိုတာတောင် သိမှာမဟုတ်ဘူး။ အရာရှိလောကက တကယ်ကို အမှောင်ကျနေတာပဲ။ ဒီနေ့ ဆရာတော့်ကို တွေ့ရတာ ရင်းနှီးပြီးသား လူတစ်ယောက်ကို တွေ့ရသလို ခံစားရလို့ တချို့စကားတွေကို မပြောရရင် မနေနိုင်လို့ပါ။"
ဖါးပါးက ပြုံးရုံသာ ပြုံးနေပြီး ဘာမှ မပြောချေ။
မနက်ပိုင်းက ချန်ဟုန်၏ သူ့အပေါ် ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် ဖန်ကျန်းရီသည် လူအများ၏ မုန်းတီးမှုကို ခံနေရကြောင်း သိသာပေသည်။
ထို့အပြင် ယခုအချိန်အထိ ထိတွေ့ဆက်ဆံရသလောက် ဖန်ကျန်းရီ၏ အပြုအမူများက အတော်လေး ပွင့်လင်းဖြောင့်မတ်သည်။ အရေးအကြီးဆုံးမှာ ဘုရင်မင်းမြတ် အမြော်အမြင် ကြီးမားသည်ဟု ပြောလိုက်ချိန်တွင် အလွန် ရိုးသားဖြူစင်ကြောင်း ခံစားလိုက်ရခြင်း ဖြစ်၏။
ဖန်ကျန်းရီ ပြောတာတွေက ဆယ်ပုံကိုးပုံလောက် အမှန်တွေ ဖြစ်ဖို့များတယ်။ ဒီလိုပဲ ဖြစ်ရမယ်။
ဒီလူကို အသုံးချလို့ ရတယ်။
"မြို့ဝန်ဖန်... ခင်ဗျား အမြင်အရဆိုရင်..."
"မြို့ဝန်ဖန်လို့ မခေါ်ပါနဲ့။ ညီလေးဖန် လို့ပဲ ခေါ်ပါ။ ခင်ဗျားနဲ့ကျုပ် အခု အဝတ်မပါဘဲတောင် ရင်ဆိုင်တွေ့နေရပြီ။ ဒီလောက် သူစိမ်းဆန်နေစရာ လိုသေးလို့လား။" ဖန်ကျန်းရီက အခြေအနေပေးသည်နှင့် ချက်ချင်း အခွင့်အရေး ယူလိုက်သည်။
ဖါးပါး က အနေရခက်စွာဖြင့် ချောင်းနှစ်ချက် ဟန့်လိုက်၏။ "ညီလေးဖန်... ခင်ဗျား အမြင်အရဆို ဘယ်လိုလုပ်ရင် ကောင်းမလဲ။"
ဖန်ကျန်းရီ၏ မျက်နှာက တည်ကြည်သွားသည်။ "ဆရာတော် .. အစောပိုင်းက ကျုပ်တို့နှစ်ယောက် ပြောခဲ့တဲ့ စကားတွေကို ညီလာခံမှာ လူတိုင်း သိနေပြီလို့ ပြောလို့ရတယ်။ ထပ်ပြီး အသေးစိတ် ဆွေးနွေးနေရင် မသင့်တော်ဘူးလို့ ထင်တယ်။ အိမ်ရှေ့စံလည်း ဒီမှာ ရှိနေသေးတယ် မဟုတ်လား။"
ဖါးပါးက လီယွမ်ကျောက်အား စွေကြည့်လိုက်ရာ သူနှင့် လုဖာတို့ သုံးယောက်က ချီလျဲ့ကို လက်ညှိုးထိုးကာ တစ်ခုခု ပြောနေကြဆဲ ဖြစ်ကြောင်း မြင်သောကြောင့် တီးတိုးပြောလိုက်၏။ "ညီလေးဖန်က ကျုပ်ကို သူငယ်ချင်းလို့ သဘောမထားဘူးလား။ လျှို့ဝှက်ချက်ဆိုတာ တတိယလူ မသိစေရဘူးလေ။ ခင်ဗျားနဲ့ကျုပ် နှစ်ယောက်ကြားက စကားဝိုင်းကို အပြင်ကို ပေါက်ကြားသွားမှာ မဟုတ်ပါဘူး။"
ဖန်ကျန်းရီက ခဏမျှ စဉ်းစားလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ "ကောင်းပြီလေ။ ခင်ဗျားက ဒီလိုပြောလာမှတော့ ကျုပ် ပြောပြရတာပေါ့။ ဒါပေမဲ့ ခင်ဗျား လျှို့ဝှက်ထားပေးဖို့တော့ လိုမယ်။"
ဖါးပါး၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ပေါ်လာ၏။ "သေချာပေါက်ပေါ့။"
"နောက်ရက်အနည်းငယ် ကြာရင် ခင်ဗျားက ဘုရင်မင်းမြတ်နဲ့ ညီလာခံက အမတ်တွေကို ဒီကိစ္စ ပြောပြတဲ့အခါ အကြီးမားဆုံး အတားအဆီးက ညီလာခံက အမတ်တွေပဲ။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှာက ဘုရင်မင်းမြတ်ပဲ။ ဒါကြောင့် ခင်ဗျားက ဘုရင်မင်းမြတ် သဘောတူအောင် ပြောနိုင်ရင် ရပြီ။
ကုန်သွယ်ရေး ကိစ္စကို ပြောရုံနဲ့ မလုံလောက်ဘူး။ အနည်းဆုံးတော့ အကြိမ်အနည်းငယ် ဆွေးနွေးရမယ်။ စည်းကမ်းချက်တွေကို တဖြည်းဖြည်းချင်း တိုးမြှင့်သွားရမယ်။ ကျုပ်ရဲ့ အကြံပြုချက်ကတော့ နောက်ဆုံးမှာ ခင်ဗျားက ဘုရင်မင်းမြတ်ကို တိုင်းပြည် နှစ်ပြည်အနေနဲ့ နယ်စပ်မှာ ကုန်သွယ်ရေး မြို့ကို အတူတူ တည်ဆောက်ပြီး အရောင်းအဝယ် လုပ်ကြမယ်။ ကိုယ့်ဘက်က အရာရှိတွေကို အသီးသီး လွှတ်ပြီး စောင့်ကြပ် ခိုင်းမယ်လို့ ပြောရမယ်။
တိုင်းပြည် နှစ်ပြည်က နယ်စပ် ကုန်သွယ်ရေး သဘောတူစာချုပ်မှာ တံဆိပ်တုံး တွဲနှိပ်ပြီး သီးသန့် ကုန်သွယ်ခွင့် လက်မှတ်တွေ ထုတ်ပေးဖို့ လိုတယ်။ ဒါမှ ကုန်သည်တွေက ဂိတ်တွေမှာ အတားအဆီး မဖြစ်မှာ။ နောက်ဆုံး အနေနဲ့ ဆရာတော် က လုံလောက်တဲ့ စေတနာကို ပြသဖို့ပဲ လိုတယ်။ အခွန် ဘယ်လောက် ပေးမလဲ ဆိုတာကမှ အဓိက သော့ချက်ပဲ။"
ဖါးပါးက ဖန်ကျန်းရီအား သံသယဖြင့် တစ်ချက် အကဲခတ်ကြည့်လိုက်၏။ "ဒီလောက် ရိုးရှင်းတာလား။"
"သေချာပေါက် မဟုတ်ဘူးပေါ့။"
"ဘုရင်မင်းမြတ်ရဲ့ ဆန္ဒအပေါ် ညီလာခံက အမတ်တွေရဲ့ လွှမ်းမိုးမှုက အရမ်း အရေးကြီးတယ်။ ခင်ဗျား လုပ်ရမှာက ဘုရင်မင်းမြတ် အနားက လူယုံတွေကို အရင်ဆုံး ချဉ်းကပ်နိုင်မှ အောင်မြင်ဖို့ အခွင့်အရေး ရှိမယ်။"
"အဲဒီလူက ဘယ်သူလဲ။"
ဖန်ကျန်းရီက လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ "အဲဒီလူက ဘုရင်မင်းမြတ်ရဲ့ ကိုယ်ရံတော် မိန်းမစိုးကြီး ကော်ထျန်းယန်ပဲ။ သူက ဘုရင်မင်းမြတ်နဲ့ ငယ်ငယ်ကတည်းက ကြီးတဲ့အထိ အတူတူ နေလာတာ။ အမြင်ကျယ်ပြီး သူပြောတဲ့ စကားတွေကလည်း အရမ်း အလေးချိန် ရှိတယ်။ နောက်တစ်ယောက် ရှိသေးတယ်။ သူက လက်ရှိ နန်းရင်းဝန်၊ အိမ်ရှေ့စံရဲ့ ဆရာနဲ့ ကျင်းရှန်ဆောင်ရဲ့ အမတ်ကြီးပဲ။"
ဖါးပါးသည် ချက်ချင်းပင် ရင်ထဲ၌ ဝမ်းသာသွား၏။ ဒီနေ့ လာရတာ တကယ် အချည်းနှီး မဖြစ်ဘူးပဲ။
"ဒါဆို အဲဒီလူ နှစ်ယောက်နဲ့ ဘယ်လို ဆက်သွယ်ရမလဲ။ ညီလေးဖန်မှာ နည်းလမ်း ရှိလား။"
ဖန်ကျန်းရီက ချောင်းနှစ်ချက် ဟန့်လိုက်သည်။ "အဟမ်း ... ပြောရရင် ခင်ဗျား ရယ်မှာကို မကြောက်ပါဘူး။ ကျုပ်က တခြား လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေး မကောင်းပေမဲ့ မိန်းမစိုးကြီးကော်နဲ့တော့ ဆက်ဆံရေး အဆင်ပြေပါတယ်။ ကျုပ် ခင်ဗျားအတွက် သွားပြောပေးဖို့ နည်းလမ်း ရှာကြည့်လို့ ရတယ်။"
"ဒါဆို အမတ်ကြီးလီကရော။"
"သူက ကျုပ်ရဲ့ ဦးလေးလေ။ တကယ့် ဆွေမျိုးအရင်းတွေပါ။ တိတ်တိတ်လေးပဲ နေပါ။ အပြင်ကို သွားမပြောနဲ့။"
ရှူး ... ဖါးပါးသည် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိ၏။
ဒီလိုကိုး ... လျှို့ဝှက်ချက်က ဒီမှာ ရှိနေတာပဲ။ ဒီလောက် ရိုးသားတဲ့လူ တစ်ယောက်က အရာရှိလောကမှာ ရပ်တည်နေနိုင်တာ မဆန်းပါဘူး။ ဒီလို နောက်ခံမျိုးနဲ့ဆို ကိုယ့်ကိုယ်ကိုယ် သေကြောင်းမကြံသရွေ့ ဘယ်သူမှ သူ့ကို ရန်စရဲမှာ မဟုတ်ဘူး။
"ဒါဆို ... ညီလေးဖန်က ကျုပ်ကို ကူညီပေးလို့ ရမလား..." ဖါးပါးသည် လီယွမ်ကျောက်ကို စိုက်ကြည့်ရင်း ဖန်ကျန်းရီအား မျက်ရိပ်ပြလိုက်၏။
"သေချာပေါက် ကူညီပေးလို့ ရတာပေါ့။ ဒါပေမဲ့ ... အခက်အခဲတွေကလည်း အများကြီး ရှိတယ်။" ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အခက်တွေ့နေဟန် ပေါ်လာသည်။
"ကျုပ်ဘက်က ဘာကူညီပေးဖို့ လိုလဲဆိုတာ ညီလေးဖန် အားမနာဘဲ ပြောပါ။"
ဖန်ကျန်းရီက ခဏမျှ စဉ်းစားလိုက်ပြီး တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်၏။ "ကျုပ် တစ်ယောက်တည်းဆို ရပါတယ်။ ပြဿနာက ... ငွေလိုတယ်။ မိန်းမစိုးကြီးကော်က ငွေကို မက်တယ်။ ကျုပ် ဦးလေးက လက်ဖက်ရည် သောက်ရတာ ကြိုက်တယ်။ အထူးသဖြင့် တာ့ဖင် ထျန်းရှန်း လက်ဖက်ရည်ကို ကြိုက်တာ။
မိန်းမစိုးကြီးကော်က ဩဇာအာဏာ ကြီးမားပြီး မွေးစားသားတွေကလည်း မရေမတွက်နိုင်အောင် များတယ်။ သာမန် အကျိုးအမြတ် သေးသေးလေးကို သူ သဘာဝအရ မျက်စိကျမှာ မဟုတ်ဘူး။ အဲဒီ တာ့ဖင် ထျန်းရှန်း လက်ဖက်ရည် ဘယ်လောက် ဈေးကြီးလဲဆိုတာ ခင်ဗျားလည်း သိသားပဲ... ငွေမရှိရင် တကယ်ကို ရှေ့တစ်လှမ်း တိုးဖို့တောင် ခက်တယ်။ ကျုပ် မကူညီနိုင်တာကို ခွင့်လွှတ်ပါ။"
ဖါးပါးက အနည်းငယ် ပြုံးလိုက်ပြီး တီးတိုးပြောလိုက်သည်။ "ညီလေးဖန် ငွေဘယ်လောက် လိုလဲ... ကျုပ် ထုတ်ပေးမယ်။ အဲဒီအပြင် ... လက်ဆောင်လေးတွေလည်း ပေးပါအုံးမယ်။"
ဖန်ကျန်းရီက ချက်ချင်းပင် ဖါးပါးအား ဒေါသတကြီး စိုက်ကြည့်လိုက်၏။ "ခင်ဗျား ဘာစကား ပြောတာလဲ။ ခင်ဗျားရဲ့ အဲဒီ လက်ဆောင်လေးကို ကျုပ်က လိုချင်နေလို့လား။ ဒီကိစ္စက တိုင်းပြည် နှစ်ပြည် ပူးပေါင်း ဆောင်ရွက်ရင် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်လို့ ထင်လို့ ကျုပ်က ကူညီပေးချင်တာ။
ခင်ဗျားက ကျုပ်ကို လာဘ်ထိုးနေတာလား။ ဒါဆို မလိုအပ်တော့ဘူးလို့ ထင်တယ်။ ကျုပ် ဖန်ကျန်းရီက လူကြည့်မှားသွားတာပဲလို့ သတ်မှတ်လိုက်မယ်။"
ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်လိုက်သည်။
ဖါးပါး သည် ရင်ထဲတွင် ထိတ်လန့်သွားပြီး အမြန် အရှေ့သို့ တိုးကာ ဖန်ကျန်းရီ၏ လက်မောင်းကို ဆွဲပြီး ချော့မော့လိုက်၏။ "ညီလေးဖန်... ညီလေးဖန်... ကျုပ် စကားမှားသွားတာပါ။ စိတ်မဆိုးပါနဲ့... ဒေါသလျှော့ပါအုံး။ ကျုပ်က ခင်ဗျားကို တောင်းပန်ပါတယ်။"
ဖါးပါးသည် စိုးရိမ်တကြီးဖြင့် ဖန်ကျန်းရီကို စိုက်ကြည့်နေသည်။
ဖန်ကျန်းရီ၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို မြင်လိုက်ရပြီး အချိန်အတော်ကြာမှ တည်ကြည်စွာ စကားပြောလာ၏။ "ကူညီပေးလို့ ရတယ်။ ဒါပေမဲ့ လက်ဆောင်ပေးမယ်ဆိုတဲ့ စကားကိုတော့ လုံးဝ ထပ်မပြောနဲ့တော့။ ကျုပ်က အဲဒီလို လူမျိုး မဟုတ်ဘူး။"
"ဟုတ် ... ဟုတ်ပါတယ်။ ကျုပ် မှားသွားတာပါ။ ညီလေးဖန်... ဒီကိစ္စ လုပ်ဖို့ ငွေဘယ်လောက် လိုမလဲ။" ဖါးပါးက တောင်းပန်သောအပြုံးဖြင့် မေးလိုက်သည်။
ကိုယ်တိုင် ဘာလို့ မတွေးမိခဲ့တာလဲ။ ဒီလို ရိုးသားဖြောင့်မတ်တဲ့ လူတွေက မျက်နှာ နဲ့ ဂုဏ်သိက္ခာကို အရေးအကြီးဆုံး သတ်မှတ်ထားတာလေ။ တကယ်ကို အမှားကြီး မှားသွားတာပဲ။
"ကျုပ် ထင်တာကတော့ ... ဘယ်လိုပဲဖြစ်ဖြစ် ငွေတုံး ငါးသောင်းလောက်တော့ လိုမယ်။"
ငါးသောင်းတဲ့လား။ ဖါးပါးသည် ရင်နာသွားသလို ခံစားလိုက်ရသော်လည်း ကိစ္စအောင်မြင်နိုင်မည်ဆိုလျှင် ငွေတုံး ငါးသောင်းကလည်း တန်ပေသည်။။
သူက ဖန်ကျန်းရီကို သံသယမဝင်ပေ။ ဤသို့သောကိစ္စရပ်မျိုးတွင် မုသားဆိုဝံ့လောက်သည်အထိ အတင့်ရဲသူဟူသည် ဤလောကတစ်ခွင်၌ ရှိမည်မထင်ပေ။ အရှင်မင်းမြတ်၏ အပါးတော်ရှိ လူများကို အသုံးချကာ လှည့်ဖြားဝံ့ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းပင် မဟုတ်ပါလား။
ဖါးပါးက အံကြိတ်လိုက်၏။ "ညီလေးဖန်... အကယ်၍ ငွေတုံး ငါးသောင်းနဲ့ မလောက်ဘူးဆိုရင် ကျုပ် နောက်ထပ် ငွေတုံး တစ်သောင်း ထပ်ပေါင်းပေးမယ်။"
"အင်း ... ရတယ်။"