← Chapters

အခန်း (၃၀၄-၃၀၅)

Vol. 17 Ch. 303-304

အခန်း (၃၀၄-၃၀၅)

Vol. 17 Ch. 303-304

အပိုင်း (၃၀၄ - က) လေ့လာရေး ခရီးစဉ် ပြီးဆုံးခြင်း။

ဖန်ကျန်းရီ သဘောတူလိုက်သည်ကို ကြားသည်နှင့် ဖါးပါး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေက ထပ်ပြောင်းသွားပြန်၏။

"ဆရာတော်... ကျုပ် စဉ်းစားကြည့်တာ... ထားလိုက်ပါတော့။

ပြောရရင် ခင်ဗျား ရယ်မှာကို မကြောက်ပါဘူး။ ကျုပ်က ဆင်းရဲတဲ့ အရာရှိ တစ်ယောက်ပါ။ ဒီလောက် ငွေအများကြီး တစ်ခါမှ မကိုင်ဖူးဘူး... တစ်ခုခု ပြဿနာဖြစ်သွားရင် ကျုပ် တာဝန်မယူနိုင်မှာ စိုးလို့ပါ။"

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေသည်။ "ပြီးတော့ ငွေတုံး ငါးသောင်း ၊ ခြောက်သောင်းလောက်ကို ကျုပ်လက်ထဲ ဒီလောက်လွယ်လွယ်လေး ထည့်ပေးလိုက်တော့ ကျုပ်က လူလိမ်ကြီးနဲ့ တူသွားသလို ဖြစ်နေတယ်။"

"မဖြစ်နိုင်တာ။ ညီလေးဖန်က ကျုပ်ကို လိမ်သွားရင်တောင် ကျုပ်က ကျေကျေနပ်နပ် ခံယူမှာပါ။"

ဖါးပါးက အမြန် ဖြောင်းဖျလိုက်၏။ "ညီလေးဖန်... ဒီငွေကို ခင်ဗျားဆီ အပ်လိုက်မှတော့ ခင်ဗျားရဲ့ စွမ်းဆောင်ရည်ကို ကျုပ် ယုံကြည်လို့ပေါ့။ ပြီးတော့ ခင်ဗျား သဘောတူပြီးသားလေ... ကတိဖျက်လို့ မရဘူးနော်။ လူတိုင်းမှာ ပထမဆုံးအကြိမ်ဆိုတာ ရှိစမြဲပါ။ ကြောက်နေစရာ မလိုပါဘူး။"

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အခက်တွေ့နေဟန် ပေါ်လာပြီး အဆက်မပြတ် သက်ပြင်းချနေသည်။

ဖါးပါး မြင်ချိန်မှာတော့ ရင်ထဲတွင် ထပ်မံ စိုးရိမ်သွားပြန်ပြီး ကိစ္စ မအောင်မြင်မည်ကို ကြောက်သဖြင့် ဆက်လက်၍ ကောင်းမွန်စွာ ဖြောင်းဖျနေတော့၏။

"ဒီလိုဆိုမှတော့ ... ကျုပ် မတတ်သာဘဲ သဘောတူလိုက်ရတော့မှာပေါ့။ ပိုက်ဆံကို ကျုပ်အိမ်ဆီ ဘယ်တော့ လာပို့ပေးမလဲ။"

"မနက်ဖြန် .. မနက်ဖြန် လာပို့ပေးမယ်။"

"အင်း ... တိတ်တိတ်လေး လုပ်ပါ။ လူတွေ မသိစေနဲ့။"

ဖါးပါးက ထပ်မံ ဖြည့်စွက်ပြောလိုက်၏။ "ညီလေးဖန်... စိတ်ချလက်ချ နေလိုက်ပါ။ ဒီလောက် ကိစ္စသေးသေးလေးက သေချာပေါက် အလွဲအချော် မဖြစ်စေရဘူး။"

ဖန်ကျန်းရီသည် မနေနိုင်ဘဲ ပြုံးကာ ခေါင်းခါပြလိုက်ပြီး အပြုံးထဲတွင် အနည်းငယ် ခါးသက်နေဟန်များ ပါဝင်နေသည်။

ဤကဲ့သို့သော အပြုအမူကို ဖါးပါး မြင်ချိန်မှာတော့ ပို၍ ဝမ်းသာသွားပြန်သည်။ ဖန်ကျန်းရီက တကယ်ကို တိကျသေချာပြီး တည်ငြိမ်ကာ တာဝန်ယူစိတ်ရှိသူ တစ်ယောက် ဖြစ်ကြောင်း သိသာလှ၏။

ဖန်ကျန်းရီ၏ ရင်ထဲတွင် အစောတည်းက ပန်းပွင့်များ ဖူးပွင့်နေသကဲ့သို့ ဝမ်းသာပျော်ရွှင်နေကြောင်း သူ မသိခဲ့ချေ။

တစ်စုံတစ်ယောက်က သူ၏ထံပါးသို့ ငွေလာရောက်ပေးအပ်ရန် ဤမျှတိုင်အောင် အတင်းအကျပ် ပြုလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။

ပန်းရှန်းရပ်ကွက်က ပြည်သူများ ဝင်ငွေတိုးစေရန် စီမံကိန်း အများအပြားကို အလျင်အမြန် စတင်ခဲ့ရသည်။

ချည်မျှင်နှင့် အထည်စက်ရုံ၊ ဘောလုံးကွင်း တို့အတွက်တင် ငွေဘယ်လောက် ကုန်သွားမှန်း မသိချေ။

ကျန်းမာရေးအဖွဲ့၏ ခံစားခွင့်များနှင့် အသုံးစရိတ်များကလည်း မနည်းလှပေ။ ထို့အပြင် ရပ်ကွက်အတွင်း အမြဲတမ်း အခွန်ကင်းလွတ်ခွင့် မူဝါဒများ ရှိနေသဖြင့် နေ့စဉ်ဘဝမှာ အမြဲတမ်း ကြပ်တည်းနေခဲ့သည်။

ဖန်ကျန်းရီတွင် သေချာပေါက် ငွေမလိုသော်လည်း တောက်ယွမ်ခရိုင်က ငွေများကို ယူပြီး ပန်းရှန်းရပ်ကွက်ကို ထောက်ပံ့ရမည့် အကြောင်းရင်း မရှိချေ။ မည်သို့ပင်ဆိုစေ တောက်ယွမ်ခရိုင်ကမှ သူ၏ အခြေခံအုတ်မြစ် ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် ယခု နိုင်ငံခြားမိတ်ဆွေ တစ်ယောက်က ထွက်ပေါ်လာပြီး ငွေတုံး တစ်သောင်း ထပ်ပေါင်းပေးမည်ဟု ကိုယ်တိုင် ကတိပေးလာခဲ့သည်။

မြောက်ပိုင်းရုန်လူမျိုးတွေက တကယ် သဘောထားကြီးတာပဲ။ ပိုလာတဲ့ ငွေတုံး တစ်သောင်းကို ငါ့ လုပ်အားခအဖြစ် သတ်မှတ်လိုက်မယ်။

မည်သို့ပင်ဆိုစေ ဘုရင်မင်းမြတ်ဘက်ကို သူ ကိုယ်တိုင် သွားရောက် ဖြောင်းဖျပေးရမည်မှာ အသေအချာပင် ဖြစ်၏။

တိုင်းပြည် နှစ်ပြည် ကုန်သွယ်ရေးသာ ဖြစ်မြောက်သွားမည် ဆိုလျှင် ကျင်းတိုင်းပြည်အတွက် ကောင်းကင်ဘုံက ကျလာသည့် ကိစ္စကောင်းကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

"ကောင်းပြီ။ ဒီကိစ္စကို ကျုပ် တာဝန်ယူလိုက်မယ်။ ကျုပ် သွားပြီး ဖြေရှင်းပေးမယ်။"

ဖါးပါးသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး လုံးဝ စိတ်အေးသွား၏။

ထို့နောက် သူတို့နှစ်ယောက် စတင် စကားစမြည် ပြောကြပြီး အများအားဖြင့် ဒေသအသီးသီးမှ ဓလေ့ထုံးစံများ ကဲ့သို့သော ပေါ့ပေါ့ပါးပါး အကြောင်းအရာများသာ ဖြစ်သည်။

ရေစိမ်နေသည်မှာ အချိန်မည်မျှ ကြာသွားမှန်း မသိချေ။ ဘေးတွင်ရှိသော ချီလျဲ့သည် အနည်းငယ် မွန်းကျပ်လာသလို ခံစားလာရသည်။

မတ်တပ်ရပ်ကာ နားမလည်သော ဘာသာစကားဖြင့် တစ်ခုခု ပြောပြီး ထွက်သွားတော့၏။

လီယွမ်ကျောက်နှင့် အခြားသူများက သူ၏ကျောပြင်ကို ကြည့်ကာ ပြန်လည်၍ လက်ညှိုးထိုးကာ ဝေဖန်နေကြပြန်သည်။

ဖန်ကျန်းရီသည် ကြည့်ရင်းနှင့် စကားမပြောနိုင် ဖြစ်သွားသည်။ အိမ်ရှေ့စံက အခုတော့ ပင်ကိုယ်စရိုက်ကို လုံးဝ လွှတ်ချလိုက်ပြီပဲ။

တည်တည်ငြိမ်ငြိမ် ပုံစံမျိုး နည်းနည်းလေးမှ မရှိတော့ဘူး။ သူများရဲ့ ဟာကို စိုက်ကြည့်ပြီး ဆွေးနွေးလို့ မဆုံးတော့ဘူး။ ဒါ ဖြစ်သင့်ရဲ့လား။

ချီလျဲ့ ထွက်သွားသည်ကို မြင်သောအခါ လူတိုင်းက ဆက်စိမ်နေရန် အဆင်မပြေတော့သဖြင့် မတ်တပ် ရပ်လိုက်ကြ၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ "ဆရာတော်... အနောက်မှာ အားပါးတရ ဖြစ်စေမယ့် အစီအစဉ်တွေ ကျန်သေးတယ်။ ဒီနေ့ ဆရာတော်ရဲ့ ကျေးဇူးကြောင့် အတိအကျ ကြည့်ခွင့်ရပြီ။"

"ဘာ အစီအစဉ်လဲ။"

ဖန်ကျန်းရီက ပခုံးတွန့်ပြလိုက်၏။ သူလည်း မကြည့်ဖူးသဖြင့် ဤကုန်သည်တွေ ကွယ်ရာမှာ ဘယ်လို ပုံစံသစ်တွေ ဆော့ကစားကြလဲ မသိချေ။

လူတိုင်း ရေချိုးကန်ထဲမှ ထွက်လာကြပြီး စားပွဲထိုး၏ လမ်းညွှန်မှုဖြင့် အဝတ်အစားများ ပြန်ဝတ်ကာ အခြား အခန်းတစ်ခန်းသို့ ပြောင်းသွားကြသည်။

ဝင်သွားသည်နှင့် တပြိုင်နက် ဖန်ကျန်းရီသည် ချက်ချင်း စိတ်ပျက်သွား၏။

မျက်စိရှေ့ရှိ အခန်းကြီးထဲတွင် ကုလားထိုင် ဆယ်လုံးကျော် ချထားပြီး ဘေးတွင် စားပွဲငယ်လေးများ ရှိကာ အပေါ်တွင် ဖရဲစေ့နှင့် သရေစာ ကဲ့သို့သော အစားအစာများ တင်ထားပေးသည်။

အထင်ရှားဆုံးမှာ အရှေ့ဘက်ရှိ ဇာတ်ခုံတစ်ခုပင် ဖြစ်၏။

ရင်ခုန်ကျေနပ်ဖွယ် အစီအစဉ်ဟူသည်မှာ တကယ်တော့ အမည်ခံမျှသာ ဖြစ်သည်။ ဆန်းသစ်သည့် ဝန်ဆောင်မှုတစ်ရပ်များ ဖြစ်နေမလားဟု ထင်မှတ်ထားခဲ့သော်လည်း၊ တကယ်တမ်း၌ ထိုအစီအစဉ်ဆိုသည်မှာ ပြဇာတ်ကြည့်ရခြင်းသာ ဖြစ်နေသည်။

စားပွဲထိုးလေး၏ လှည့်ဖြားမှုအောက်သို့ ကျရောက်သွားလိမ့်မည်ဟု သူ မထင်ထားမိချေ။

သို့ပေမည့် ရောက်လာမှတော့ လိုက်လျောညီထွေ နေရမည်ဖြစ်ရာ သူတို့အဖွဲ့ နေရာတွင် ဝင်ထိုင်လိုက်ကြပြီး ဧည့်သည်များ တဖြည်းဖြည်း ပြည့်လာပြီးနောက် ဇာတ်သမားများ စင်ပေါ်တက်ကာ စတင် ကပြကြတော့သည်။

ဗုံသံများ ထွက်ပေါ်လာသည်နှင့်အမျှ ရင်းနှီးနေသော ပုံစံအချို့ ဖန်ကျန်းရီ၏ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာ၏။

ဤဇာတ်ခုံပေါ်ရှိ ဇာတ်လမ်းက အစအဆုံး မရှိစတင် ကပြနေပြီ ဖြစ်သည်။

ရင်းနှီးနေသော ဘုန်းကြီးရူး ... ရင်းနှီးနေသော မြွေသရဲမ၊ နောက်ခံက ဘုရားကျောင်းမှသည် ပင်လယ်ပြင်သို့ ပြောင်းလဲသွားသည်။

ဇာတ်လမ်းက တဖြည်းဖြည်း ရှေ့ဆက်သွားသည်နှင့်အမျှ ဖန်ကျန်းရီ၏ အနည်းငယ် ပြုံးနေသော မျက်နှာထားက ခဲအေးသွားတော့၏။

......

ဒီ အသုံးမကျတဲ့ ဇာတ်လမ်းတွေကို တရားဝင် တားမြစ်ထားပြီးပြီ မဟုတ်ဘူးလား။ မှောင်ခို ပြဇာတ် အဖြစ်တောင် ပြောင်းရွှေ့သွားတာလား။

သောက်ကျိုးနည်း ကပြနေတုန်းပဲ။ ပြီးတော့ ကလေလေ ပိုပြီး အဓိပ္ပာယ်မဲ့လေပဲ။

အချိန်မည်မျှ ကြာသွားမှန်း မသိချေ။ ရွံရှာမှုကို မနည်းအောင့်အည်း သည်းခံရင်း နောက်ဆုံးတွင် ဇာတ်ပွဲ ပြီးဆုံးသွားတော့သည်။

ထိုအချိန်အတွင်း ဖါးပါးသည် စကားပြောချင်သော်လည်း မပြောဘဲ အကြိမ်ကြိမ် နှုတ်ဆိတ်နေခဲ့ပြီး ဖန်ကျန်းရီ အား ထူးဆန်းသော မျက်နှာထားဖြင့် လှမ်းကြည့်နေ၏။

ဒီ ဇာတ်ပွဲက တကယ်ကို ထူးဆန်းလွန်းတယ်။ ကျင်းတိုင်းပြည်ရဲ့ ဓလေ့ထုံးစံတွေကို သူ အနည်းနဲ့အများတော့ နားလည်နိုင်ပေမဲ့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ ဆက်ဆံရေးကိုတော့ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေတယ်။

ရှီရှန်းက ဘာဖြစ်လို့ မြွေနှစ်ကောင်ရဲ့ အကြောတွေကို ဆွဲထုတ်လိုက်တာလဲ။

ဖာဟိုင်က ဘာဖြစ်လို့ လေ့ဖုန်း စေတီတော်ထဲမှာ အပိတ်လှောင်ခံလိုက်ရတာလဲ။

ရှီရှန်းက ရှီမျိုးရိုးပဲ။ ဘာလို့ ဖာရှီလင် ဆိုတဲ့ကောင်က သူ့ကို အဖေလို့ ခေါ်နေတာလဲ ... သူ့အဖေက ဖာမျိုးရိုး ဖြစ်ရမှာ မဟုတ်ဘူးလား။

......

ဖါးပါး ၏ အတွေးများက အလွန်အမင်း ရှုပ်ထွေးနေ၏။

သို့ပေမည့် အိမ်ရှေ့စံ၏ အပြုအမူကို ကြည့်ရသည်မှာ အလွန် စိတ်ဝင်တစား ကြည့်နေသည်။ ကျင်းတိုင်းပြည်အပေါ် သူ၏ နားလည်မှုက ဤမျှလောက်ထိ လွဲမှားနေသည်လား။

ဇာတ်ပွဲ ပြီးဆုံးသွားချိန်မှာတော့ စားပွဲထိုးက ဧည့်သည်များကို တံခါးဝအထိ နွေးထွေးစွာ လိုက်ပို့ပေးသည်။

တံခါးဝသို့ ရောက်ချိန်တွင် ဖန်ကျန်းရီအား မေးလိုက်၏။ "ဧည့်သည်တော်တို့ ... ဒီနေ့ ဇာတ်ပွဲကို ကျေနပ်ရဲ့လား။"

ဖန်ကျန်းရီက အားတင်းပြုံးပြလိုက်သည်။ "ဒီဇာတ်လမ်းကို တားမြစ်ထားပြီးပြီ မဟုတ်ဘူးလား။ ဘာလို့ ကနေတုန်းလဲ။"

စားပွဲထိုးက ဘယ်ညာကို တစ်ချက်ကြည့်လိုက်ပြီး သတိကြီးစွာဖြင့် ပြောလိုက်၏။ "ဧည့်သည်တော်... အပြင်လူတွေကို မပြောပြပါနဲ့နော်။ အစိုးရမင်းတွေ သိသွားရင် ဒဏ်ရိုက်ခံရမှာ။ ဒီဇာတ်လမ်းက တားမြစ်ခံထားရတာ မှန်ပါတယ်။ ဒါပေမဲ့ လူတိုင်းက ကြည့်ချင်နေကြတာကို မတားနိုင်ဘူးလေ။

ပန်းရှန်း ဇာတ်ခုံမှာ အခုထိ စစ်သူကြီးက တိုင်းပြည်ကျေးဇူးဆပ်တဲ့ ကားကိုပဲ ကပြနေတုန်းပဲ။ ကြည့်လာတာ လပေါင်းများစွာ ကြာနေပြီဆိုတော့ ဘယ်သူက ကြည့်ချင်တော့မှာလဲ။ အစိုးရမင်းတွေကလည်း စားစရာမရှိ အလုပ်ရှာနေတာပဲ။ ပြည်သူတွေ ဇာတ်ပွဲ ကြည့်တာကိုတောင် လိုက်ပိတ်ပင်နေရတယ်။ ဘယ်သူ့ကိုမှ ထိခိုက်နေတာမှ မဟုတ်တာ။"

ဖန်ကျန်းရီ၏ မျက်နှာထားက ပို၍ မကောင်းဖြစ်လာ၏။ "ဘာလဲ … အစိုးရမင်းတွေ ပြောတဲ့စကားက အသုံးမဝင်တော့ဘူးလား။ မင်းတို့က တစ်ယောက်ယောက် လာစစ်ဆေးမှာကို မကြောက်ဘူးလား။"

စားပွဲထိုးက ဂရုမစိုက်သည့်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။ "စစ်တော့ စစ်နေတာပဲ။ မျက်စိတစ်ဖက် မှိတ်ပြီး တစ်ဖက် ဖွင့်ထားကြတာပါ။ ဘယ်သူက တကယ် သေချာ အရေးယူနေလို့လဲ။ ပြည်သူတွေ ဇာတ်ပွဲ ကြည့်လို့ ကောင်းကင်ကြီး ပြိုကျမသွားပါဘူး။"

တောက်... ကောင်းကင်ကိုတောင် အာခံနေကြပြီပဲ။

ဖန်ကျန်းရီက အမူအရာ ကင်းမဲ့စွာဖြင့် စားပွဲထိုး၏ ပခုံးကို ပုတ်လိုက်၏။ "အင်း... မဆိုးဘူး။ သေချာ ကြိုးစားလုပ်ပါ။"

"အာ... ဟုတ်ကဲ့ပါခင်ဗျာ။ ဧည့်သည်တော်တို့ ဖြည်းဖြည်း ပြန်ကြပါ။"

လူတိုင်း တံခါးမှ ထွက်လာပြီးနောက် ဖါးပါးက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ညီလေးဖန်... စောစောက စားပွဲထိုး ပြောသွားတာ ဘာအဓိပ္ပာယ်လဲ။"

"အော် ... စောစောက ဇာတ်လမ်းက တကယ်တော့ ရပ်ကွက်ထဲမှာ ကပြဖို့ တားမြစ်ထားတဲ့ ဇာတ်လမ်းလေ။ ဆရာတော့်ကို ရယ်စရာ ဖြစ်စေမိပြီ။"

"တားမြစ်ထားတာ။ ဘာလို့ တားမြစ်ထားတာလဲ။ ဒီဇာတ်လမ်းက ဘာများ ထူးခြားနေလို့လဲ။" ဖါးပါး ၏ ဦးနှောက်ထဲတွင် သံသယများ ပြည့်နှက်နေဆဲ ဖြစ်၏။

အပိုင်း (၃၀၅) ချိန်းတွေ့ခြင်းကို မနှောင့်ယှက်ပါနှင့်။

နောက်တစ်နေ့၌ ဖန်ကျန်းရီသည် ဟုန်လုစီရုံးတော်သို့ အလုပ်သွားလုပ်ရန် စိတ်ကူးမရှိတော့ချေ။

မည်သို့ပင်ဆိုစေကာမူ ကိစ္စရပ်များ၏ ရည်ရွယ်ချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ မြောက်ပိုင်းရုန်တို့သည် မင်္ဂလာဆောင်ရန် စိတ်ကူးမရှိတော့သည့်အပြင် ထိုသူတို့ကို တောက်ယွမ်၏ ဇိမ်ခံပစ္စည်းများနှင့်လည်း မိတ်ဆက် ပေးနိုင်ခဲ့သည်။

အခြားကိစ္စများကိုမူ ဖန်ကျန်းရီက သူနှင့်မဆိုင်သကဲ့သို့သာ နေလိုက်တော့၏။

လက်ရှိတွင် အရေးအကြီးဆုံးမှာ ရက်ကန်းစက်ရုံနှင့် ဘောလုံးကွင်းကဲ့သို့သော ကြီးမားသည့် တည်ဆောက်ရေး လုပ်ငန်းများသာ ဖြစ်သည်။

ဘောလုံးကွင်းအတွက်မူ ပြောစရာမရှိချေ။

ရက်ကန်းစက်ရုံ ကတော့ အလွန်အရေးကြီးလေသည်။ မင်းသမီးနှင့် ပတ်သက်နိုင်မည်လား ဆိုသည်က ၎င်းအပေါ်တွင်သာ မူတည်နေ၏။

ထို့အပြင် ဆောင်းရာသီသို့ ရောက်ချိန်တွင် မြို့တော်အတွင်းရှိ အဝတ်အစား အမျိုးမျိုးတို့၏ စျေးနှုန်းများက သက်သာမည် မဟုတ်ချေ။

တောက်ယွမ်ခရိုင် ရက်ကန်းစက်များ၏ အလွန်မြန်ဆန်သော လုပ်ဆောင်နိုင်စွမ်းသည် စျေးကွက်အတွင်းရှိ လက်မှု လုပ်ငန်းငယ်များကို ဖိနှိပ်နိုင်စွမ်းရှိသည်။

ထိုအချိန်ရောက်လျှင် အဝတ်အစားစျေးနှုန်းများလည်း ကျဆင်းသွားမည်ဖြစ်ပြီး လူအများအပြားသည် စျေးကျချိန်ကို အခွင့်ကောင်းယူကာ အဝတ်အစားသစ်များ ဝယ်ယူကြမည် ဖြစ်၏။

သာမန်မိသားစုများတွင် နှစ်အနည်းငယ် သို့မဟုတ် ဆယ်နှစ်ကျော်တိုင်အောင် အဝတ်အစားသစ် မလဲလှယ်နိုင်သော မိသားစုများလည်း အများအပြား ရှိသည်။

အဝတ်အစားများ ပေါက်ပြဲသွားပါက အဖာအထေးများဖြင့်သာ ထပ်ခါထပ်ခါ ဖာထေးကြပြီး ဝတ်၍ရလျှင် ပြီးရောဆို၍ သဘောထားကာ နေထိုင်ကြ၏။

ရာသီဥတု အေးချမ်းလာချိန်၌ လယ်လုပ်စရာ မလိုတော့သောကြောင့် လူအများအပြား အားလပ်နေမည်ဟု ထင်မှတ်ရသည်။

သို့သော်ငြား ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ကာ လူအင်အား တိုးမလာဘဲ လျင်မြန်စွာ လျော့ကျသွားတတ်၏။

အဘယ်ကြောင့်ဆိုသော် ရာသီဥတု အလွန်အေးချမ်းသောကြောင့် လူအများစုသည် အိမ်ထဲတွင်သာ ပုန်းအောင်းနေကြပြီး မိသားစုလိုက် အနွေးဓာတ်ယူကာ အချိန်ကုန်ဆုံးကြသောကြောင့် ဖြစ်သည်။

ဆောင်းရာသီတွင် အပြင်ထွက် အလုပ်လုပ်ပါက ခွန်အားများ ကုန်ဆုံးပြီး စားနပ်ရိက္ခာ ဖြုန်းတီးသလို ဖြစ်တတ်သေး၏။

ပြည်သူများက ဉာဏ်ကောင်းကြသည်မို့ သူတို့၏ တွက်ရေးချက်ရေးများကို မည်သူ့ထက်မဆို ပို၍ ရှင်းလင်းစွာ သိကြသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဆောင်းရာသီသို့ ရောက်ချိန်တွင် အရပ်ဘက် စီးပွားရေးအချို့သည် ရပ်တန့်လုနီးပါး ဖြစ်သွားတတ်၏။

ပို၍ ဆိုးရွားသည်မှာ အအေးမိ၍ သေဆုံးသူများ ရှိလာနိုင်ပြီး နှစ်စဉ်နှစ်တိုင်းလည်း ဖြစ်ပွားလေ့ရှိသည်။

ယင်းကိစ္စသည် အုပ်ချုပ်သူများအတွက် ကောင်းမွန်သော ကိစ္စမဟုတ်ချေ။

ပန်းရှန်းရပ်ကွက်၏ အရပ်ဘက် စီးပွားရေးငယ်လေးများမှာ အမြဲတမ်း ကောင်းမွန်နေခဲ့သည်။ လမ်းဘေး စျေးဆိုင်များ၊ တွန်းလှည်းဖြင့် ရောင်းချသော သရေစာဆိုင်များကဲ့သို့သော အရာများကို ဖန်ကျန်းရီက အခွန် ကင်းလွတ်ခွင့် ပေးထားခဲ့၏။

ထိုသို့ဖြစ်နေသော်လည်း စျေးသည်ငယ်များမှာ ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိကြပြီး သာမန်လယ်သမားများနှင့် နှိုင်းယှဉ်ပါက ကိုယ်ပိုင်ပစ္စည်း ဆိုသည့် သဘောတရားကို သာမန်မျှသာ နားလည်ထားကြသည်။

သူတို့သည် မည်သည့် အန္တရာယ်ကိုမှ ခံနိုင်ရည်မရှိကြသလို ချမ်းသာကြွယ်ဝမှု ဆိုသည်နှင့် အလွန် ဝေးကွာနေဆဲ ဖြစ်၏။

ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို ဆွဲခေါ်ကာ ရက်ကန်းစက်ရုံ တည်ဆောက်ရေး စီမံကိန်းဆီသို့ အပြေးအလွှား သွားခဲ့သည်။

စီမံကိန်းခွင်တွင်မူ အလုပ်သမားများက တက်ကြွစွာ အလုပ်လုပ်နေကြဆဲ ဖြစ်၏။

ယေဘုယျအားဖြင့် တစ်ဝက်ခန့် ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းတိုးတက်မှုမှာ အလွန် မြန်ဆန်လှသည်။

ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို ခေါ်ကာ တစ်ပတ်လှည့်လည် ကြည့်ရှုပြီးနောက် တာဝန်ခံကို ခေါ်လိုက်၏။

တာဝန်ခံမှာလည်း တောက်ယွမ်ခရိုင်မှ လာသူဖြစ်ပြီး သူ၏နာမည်မှာ ဟယ်ကျုံး ဖြစ်သည်။

သူသည် ဆောက်လုပ်ရေးလုပ်ငန်းများကို တာဝန်ယူရုံသာမက နောက်ပိုင်း ထုတ်လုပ်ရေးများကိုပါ တာဝန်ယူရမည်။

ဖန်ကျန်းရီရှေ့သို့ ရောက်လာချိန်တွင် သူက ဦးစွာ နှုတ်ဆက်လိုက်ပြီးနောက် ဘေးတွင်ရပ်ကာ မေးခွန်းများကို ဖြေကြားပေးရန် အသင့်ပြင်ထားလိုက်သည်။

လီယွမ်ကျောက်က စပ်စုလိုစိတ်ဖြင့် မေးလိုက်၏။ "ဖန်ကြီး... ကျန်းကျန်မြို့ကို တည်ဆောက်တုန်းက ခင်ဗျား ရက်ကန်း စက်ရုံကို ဒီလောက် ဂရုစိုက်တာ မတွေ့ရပါလား။ အခု ကိုယ်တိုင်တောင် လာကြည့်ရတယ်ပေါ့လေ။"

ဖန်ကျန်းရီက ပြုံးလိုက်သည်။

ဘာအတွက် ဖြစ်ရမည်နည်း။ ခင်ဗျားညီမလေး၏ ပျော်ရွှင်မှုအတွက်ပင် မဟုတ်ပါလား။

"ကျန်းကျန်မြို့က အတိုင်းအတာ ကြီးမားလွန်းတော့ ကျုပ် တစ်ယောက်တည်း အကုန်လုံးကို မကြည့်နိုင်ဘူးလေ။ နောက်ပြီး အဲဒါတွေက ကုန်သည်တွေရဲ့ ကိုယ်ပိုင်စီးပွားရေးတွေဆိုတော့ ကျုပ်တို့ သွားစွက်ဖက်လို့ မကောင်းဘူး။

အချိန်ကြည့်ရတာ ဆောင်းရာသီ ရောက်တော့မယ်ဆိုတော့ ပြည်သူတွေအတွက် အဝတ်အစားတွေ ထုတ်ပေးဖို့ ရက်ကန်းစက်ရုံကို အမြန်ဆောက်ဖို့ လိုတယ်။ ဆောင်းတွင်းမှာ ပြည်သူတွေ အအေးဒဏ် ခံနေရတာကို ဘယ်လိုလုပ် ကြည့်နေလို့ ရမလဲ။"

"လမ်းပေါ်မှာ အဝတ်အထည်ဆိုင်တွေ အများကြီး ရှိတာပဲ။ ဘယ်တုန်းက အဝတ်အစား ပြတ်လပ်သွားလို့လဲ။" လီယွမ်ကျောက်က နားမလည်နိုင်စွာ မေးလိုက်၏။

"ဟယ်ကျုံး... ခင်ဗျား အိမ်ရှေ့စံကို ရှင်းပြလိုက်စမ်း။"

ဟယ်ကျုံးသည် လီယွမ်ကျောက်ရှေ့သို့ လျှောက်သွားကာ ရိုသေလေးစားစွာ ပြောလိုက်၏။ "အိမ်ရှေ့စံ... ကျုပ်တို့ရဲ့ ဒီရက်ကန်းစက်ရုံက တခြားနေရာတွေနဲ့ လုံးဝ မတူပါဘူး။ စက်ရုံထဲမှာ တောက်ယွမ်ခရိုင်ရဲ့ နောက်ဆုံးပေါ် ရက်ကန်းစက်တွေကို အသုံးပြုထားတာမို့ လုပ်ငန်းစွမ်းဆောင်ရည်က အလွန် မြင့်မားပါတယ်။ အထည်ရက်လုပ်တာ မြန်ဆန်တဲ့အပြင် သခင်လေး တီထွင်ထားတဲ့ ကွင်းဆက်လုပ်ငန်းစဉ် ကိုလည်း အသုံးပြုထားပါတယ်။"

"ကွင်းဆက်လုပ်ငန်းစဉ်... ဘာအဓိပ္ပာယ်လဲ။" လီယွမ်ကျောက်က မေးလိုက်၏။

ဖန်ကျန်းရီက အလျင်အမြန် ဝင်ပြောလိုက်သည်။ "အိမ်ရှေ့စံ... သမိုင်းမှတ်တမ်းတင်တဲ့ သူကို ကွင်းဆက်လုပ်ငန်းစဉ် ဆိုတာ ကျုပ် တီထွင်ခဲ့တာလို့ ပြောဖို့ မမေ့နဲ့နော်။"

မူပိုင်ခွင့် မှတ်ပုံတင်ရန်တော့ လွတ်သွား၍ မဖြစ်ချေ။ သို့မဟုတ်လျှင် သူ အလကား အသက်ရှင်နေရသလို ဖြစ်သွားပေမည်။

လီယွမ်ကျောက်က မျက်လုံးလှန်ကြည့်လိုက်၏။ ဖန်ကြီး တစ်ယောက် သမိုင်းမှတ်တမ်းတင်သူကို ဘာကြောင့် ဤမျှလောက်တောင် စိတ်ဝင်စားနေမှန်း သူ နားမလည်နိုင်ချေ။ ထို့နောက် ဟယ်ကျုံးဘက်သို့ လှည့်ကြည့်လိုက်သည်။

ဟယ်ကျုံးက ပြုံးလျက် ပြောလိုက်၏။ "ဒီကွင်းဆက်လုပ်ငန်းစဉ် ဆိုတာ လူတစ်ယောက်က အဆင့်တစ်ဆင့်ကိုပဲ လုပ်တာပါ။ အလုပ်တာဝန်တွေကို ရှင်းရှင်းလင်းလင်း ခွဲခြားထားပြီး ကိရိယာတွေနဲ့ အစားထိုးလို့ရတဲ့ အပိုင်းတွေကို လူအင်အား လျှော့ချပါတယ်။

ထပ်ခါတလဲလဲ လုပ်ရတဲ့ အလုပ်တွေကို အပိုင်းအသီးသီး ခွဲထုတ်လိုက်ပြီး အချိန်ဖြုန်းတီးမှုတွေကို လျှော့ချတာပါ။

မူလကတည်းက ကျုပ်တို့ရဲ့ ရက်ကန်းစက်တွေက စွမ်းဆောင်ရည် အလွန်မြင့်မားပါတယ်။ ကွင်းဆက် လုပ်ငန်းစဉ်နဲ့ ပေါင်းစပ်လိုက်တော့ ပိုပြီး မြန်ဆန်သွားတာပေါ့။ ဒါကြောင့် ထုတ်လုပ်ချိန်လည်း တိုတောင်းပြီး လူအင်အားလည်း နည်းနည်းပဲ သုံးရတော့ ထွက်လာတဲ့ ပစ္စည်းတွေက သဘာဝကျကျ စျေးသက်သာသွားတာပါ။

ကျုပ် ရှင်းပြတာ သိပ်မပြည့်စုံဘူး ထင်တယ်။ အဲဒီအချိန်ကျရင် အိမ်ရှေ့စံ ကိုယ်တိုင် မြင်တွေ့ရမှာပါ။ နောက်ပြီး ကျုပ်တို့ ရှေ့ဆက် ထုတ်လုပ်မယ့် ပစ္စည်းတွေက ကောင်းမွန်ရုံတင်မကဘူး။ အခု စျေးကွက်ထဲမှာ ခေတ်စားနေတဲ့ အဝတ်အစားတွေနဲ့လည်း လုံးဝ မတူဘူး။"

"ဘယ်လိုမျိုး မတူတာလဲ။"

ဟယ်ကျုံးက ရှင်းပြလိုက်၏။ "ကျုပ်တို့က ပိုက်ဆံလျှော်ချည်သား သုံးလွှာကို တစ်လွှာတည်းဖြစ်အောင် ချုပ်ထားတာပါ။ ဒါကြောင့် ခံနိုင်ရည်လည်း ရှိသလို အနွေးဓာတ်လည်း ပိုရတယ်။ ကုန်ကျစရိတ်နဲ့ စျေးနှုန်းက နည်းနည်း မြင့်သွားပေမဲ့ တကယ့်ကို တန်ပါတယ်။"

"အင်း... အဓိပ္ပာယ်ရှိတယ်။ အရမ်းကောင်းတယ်။"

ဖန်ကျန်းရီက သက်ပြင်းတစ်ချက် ချလိုက်သည်။

ဤသို့သောအဝတ်အစားမျိုးက ယခင်တုန်းက တောက်ယွမ်ခရိုင်က လူများ ဝတ်ခဲ့တာ ဖြစ်သည်။

ယခု တောက်ယွမ်ခရိုင်၏ ဘဝမှာ ကောင်းမွန်နေပြီ ဆိုသော်လည်း အစပိုင်းတုန်းကတော့ တကယ်ကို ခက်ခဲ ကြမ်းတမ်းခဲ့သည်။

တစ်ချို့က ငတ်မွတ်၍ သေဆုံးကြပြီး တစ်ချို့က အအေးမိ၍ သေဆုံးခဲ့ကြ၏။

ထိုစဉ်က အအေးဒဏ်နှင့် ငတ်မွတ်မှုတို့ကို လျှော့ချရန် ခရိုင်အတွင်းရှိ အမျိုးသမီးများကို အဝတ်အစားများ လက်ဖြင့်ချုပ်လုပ်ရန် တိုက်တွန်းခဲ့ရသည်။

ပိုက်ဆံလျှော်ချည်သား သုံးလွှာကို တစ်လွှာတည်းဖြစ်အောင် ချုပ်ပြီးနောက် ပြည်သူများကို အခမဲ့ ဝေငှပေးခဲ့ရ၏။ ထိုသို့လုပ်ဆောင်ခဲ့မှသာ တောက်ယွမ်ပြည်သူများသည် ဆောင်းရာသီ နှစ်ခုကို ဖြတ်သန်းနိုင်ခဲ့ခြင်း ဖြစ်၏။

ဝါဂွမ်းကိုတော့ သဘာဝကျကျ ဝယ်ယူနိုင်စွမ်း မရှိခဲ့ချေ။

ဝါဂွမ်းစိုက်ပျိုးခြင်းက မြေဆီလွှာကို အလွန်ထိခိုက်စေသောကြောင့် ကျင်းနိုင်ငံတွင် မည်သူကမှစိုက်ပျိုးလိုခြင်း မရှိကြပေ။ ထို့ကြောင့် ဝါဂွမ်းစျေးနှုန်းမှာလည်း အမြဲတမ်း မြင့်မားနေခဲ့သည်။

ဝါဂွမ်းအဝတ်အစားများမှာလည်း သာမန်ပြည်သူများနှင့် အလှမ်းဝေးနေခဲ့၏။

သို့သော်ငြား ကန်စွန်းဥ အထွက်နှုန်း တိုးလာချိန်တွင် ဝါဂွမ်းစိုက်ပျိုးလိုသူများလည်း များပြားလာပေလိမ့်မည်။

အနည်းဆုံးတော့ ဝါဂွမ်းစိုက်ပျိုးရန် တော်ဝင်နန်းတော်ကို ဆွဲဆောင်နိုင်ပေမည်။

ဖန်ကျန်းရီသည် စီမံကိန်းခွင်ကို စိတ်ဝင်တစား ကြည့်ရှုနေဆဲဖြစ်သော လီယွမ်ကျောက်ကို တစ်ချက် ကြည့်လိုက်သည်။

ထို့နောက် ရုတ်တရက် ပြောလိုက်၏။ “အိမ်ရှေ့စံ... ဒီနေရာက စီမံကိန်းခွင်တစ်ခု ဖြစ်နေသေးပေမဲ့ ဒီနေရာက မြို့တော်က ပြည်သူတွေရဲ့ သာယာဝပြောရေးနဲ့ သက်ဆိုင်နေတယ်။ သုံးလွှာပါတဲ့ ဆောင်းတွင်းဝတ် အင်္ကျီတွေက ကောင်းပေမဲ့ ကျုပ်ကတော့ နည်းနည်း စျေးကြီးတယ်လို့ ထင်တယ်။ ပြည်သူတွေက ဝယ်နိုင်အုံးမှာ မဟုတ်ဘူး။

ဒါကြောင့် အိမ်ရှေ့စံကို နာမည်ကြီး သူဌေးတွေနဲ့ ပူးပေါင်းဖို့ သွားဆွေးနွေးစေချင်တယ်။ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းနာမည်တွေကို အင်္ကျီပေါ်မှာ ရိုက်နှိပ်ပြီး ကြော်ငြာခတွေကို ရက်ကန်းစက်ရုံဆီ ထည့်လိုက်မယ်ဆိုရင် ဆောင်းတွင်းဝတ် အင်္ကျီတွေရဲ့ စျေးနှုန်းကို လျှော့ချနိုင်လိမ့်မယ်။”

လီယွမ်ကျောက်သည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွား၏။ "ဒီလိုကိစ္စလေးကို လက်အောက်ငယ်သားတွေကို လုပ်ခိုင်းလိုက်ရင် ရပြီ မဟုတ်ဘူးလား။ နောက်ပြီး ကျုပ်တို့က ကုန်ကျစရိတ် အတိုင်း ရောင်းလို့ မရဘူးလား။"

ဖန်ကျန်းရီက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဘယ်ရပါ့မလဲ။ တကယ်လို့ ကုန်ကျစရိတ်အတိုင်း ရောင်းလိုက်မယ်ဆိုရင် တခြား လုပ်ငန်းတူတွေ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မလဲ။ သူတို့ကို အသက်ရှူပေါက်လေးတော့ ချန်ထားပေးရမယ်လေ။

နောက်ပြီး ဒီကိစ္စကို အိမ်ရှေ့စံ ကိုယ်တိုင် သွားလုပ်ရမယ်။ ရက်ကန်းစက်ရုံမှာက မိန်းမတွေချည်းပဲဆိုတော့ နာမည်မကောင်းဘူး။ တကယ်လို့ အိမ်ရှေ့စံ ကိုယ်တိုင် သွားဆွေးနွေးမယ်ဆိုရင် အရပ်ဘက်က ဝေဖန်မှုတွေ အများကြီး လျော့ကျသွားလိမ့်မယ်။"

လီယွမ်ကျောက်သည် ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီကို ပြုံးစိစိဖြင့် ကြည့်လိုက်၏။ "ဟားဟား ... ကျုပ်ကို ဒိုင်းကာလုပ်ချင်လို့ မဟုတ်လား။ အဲဒီအချိန်ကျရင် အကုန်လုံးက ကျုပ်ကို ဆဲကြတော့မှာလေ။ ခင်ဗျား တိုက်ရိုက် ပြောလိုက်စမ်းပါ။ ကျုပ်က အဆဲခံရမှာကို မကြောက်ပါဘူး။ ဒါဆို ကျုပ်က နောက်ဆိုရင် ရက်ကန်းစက်ရုံရဲ့ စက်ရုံမှူး ဖြစ်သွားပြီပေါ့။"

ဖန်ကျန်းရီက လက်မကို ထောင်ပြကာ အားပါးတရ ပြောလိုက်သည်။ "အိမ်ရှေ့စံက တကယ့် သူရဲကောင်းပဲ။ ဒါပေမဲ့ စက်ရုံမှူးက ပဉ္စမမင်းသမီးပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက မိန်းကလေးလေ။ အိမ်ရှေ့စံရဲ့ လက်အောက်မှာ မိန်းမတွေချည်းပဲ အုပ်ချုပ်နေမယ်ဆိုရင် တကယ်ကို ဝေဖန်စရာ ဖြစ်သွားမှာပေါ့။

အဲဒီအချိန်ကျရင် တခြားသူတွေက ခင်ဗျားကို ဘယ်လိုပြောကြမလဲ။

အိမ်ရှေ့စံက အထိန်းအကွပ်မရှိဘူး၊ အရပ်ဘက်မှာ ရှုပ်ပွေနေတယ်လို့ ပြည်သူတွေက ပြောကြလိမ့်မယ်။

အဲဒီစက်ရုံက မိန်းကလေး အလုပ်သမားတွေ ဘယ်လိုနေကြမလဲ။ သူတို့ရဲ့ အပျိုစင်ဘဝတွေရော ဘယ်လိုလုပ်မလဲ။

တကယ်လို့ အိမ်ရှေ့စံက ကြော်ငြာသွားရှာပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်မယ်ဆိုရင်တော့ မတူတော့ဘူး။ ပြည်သူတွေက ခဏတော့ ဝေဖန်ကြပေမဲ့ စျေးသက်သာပြီး အနွေးဓာတ်ရတဲ့ ဆောင်းတွင်းဝတ် အင်္ကျီတွေကို ဝတ်ရတဲ့အခါကျရင် အိမ်ရှေ့စံကို ဘယ်သူကမှ မကောင်း မပြောရဲတော့ဘူး။

မှူးမတ်တွေတောင် အိမ်ရှေ့စံကို အားပေးကြလိမ့်မယ်။ ဒါက ပြည်သူတွေအတွက် စေတနာထားတာပဲလေ။ ကျုပ်ကလည်း အိမ်ရှေ့စံရဲ့ ပြည်သူလူထုကြားက နာမည်ကောင်းအတွက် စဉ်းစားပေးနေတာပါ။"

ဖန်ကျန်းရီက လီယွမ်ကျောက်ကို ပြုံးလျက် ကြည့်လိုက်၏။

မြန်မြန် သွားအလုပ်လုပ်စမ်းပါ။ ကျုပ် မင်းသမီးနှင့် ချိန်းတွေ့တာကို လာမနှောင့်ယှက်ပါနဲ့တော့။

လီယွမ်ကျောက်က ရုတ်တရက် နားလည်သွား၏။ "ကောင်းတယ်။ ခင်ဗျား ပြောတာ မှန်တယ်။ ဒါပေမဲ့ မြောင်ဟန်က ဘာမှမလုပ်ဘဲ စက်ရုံမှူး ဖြစ်သွားတာကတော့ အရမ်း လွယ်လွန်းတယ်။ သူ့ဆီကနေ ပိုက်ဆံ နည်းနည်းတော့ တောင်းသင့်တယ်။"

ခွေးတိရစ္ဆာန်ပင်။ ညီမဖြစ်သူ၏ ပိုက်ဆံကိုတောင် မျက်စိကျနေသေးသည်။

ဖန်ကျန်းရီက သက်ပြင်းရှည်ကြီး တစ်ချက် ရှူသွင်းလိုက်၏။ "ဒီစကားက မှားနေတယ်။ မင်းသမီးမှာလည်း သူ လုပ်ရမယ့် အလုပ်တွေ ရှိတာပေါ့။ သူ့ကို ထိုင်နေခိုင်းမှာ မဟုတ်ပါဘူး။ ကျုပ် သွားစီစဉ်လိုက်ပါ့မယ်။"

လီယွမ်ကျောက်က ဖန်ကျန်းရီကို သံသယဖြင့် ချက်ချင်း ကြည့်လိုက်၏။ "ခင်ဗျား တစ်ခုခု ကြံစည်နေတယ်လို့ ကျုပ် ခံစားနေရတယ်။"

ဖန်ကျန်းရီက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ဘာမှမရှိပါဘူး။ ကျုပ်နဲ့ မင်းသမီးက ရိုးရိုးသားသားပါ။ ခင်ဗျား လျှောက်မပြောနဲ့နော်။ သွားသွား …အိမ်ပြန်ရအောင်။ ဒီလောက်ကြာကြာ လမ်းလျှောက်ပြီးပြီဆိုတော့ ကျုပ် ပင်ပန်းနေပြီ။"

"ကျွတ်... ကျုပ် ဗိုက်ဆာပြီ။ လောင်လျူ စားသောက်ဆိုင်ကို သွားရအောင်။ ပြီးခဲ့တဲ့တစ်ခေါက် စားရတာ အရမ်းကောင်းတယ်။"

"ဘာစားမှာလဲ။ ပိုက်ဆံမကုန်ဘူးလား။ မနက်ဖြန်ညကျရင် နန်းတော်မှာ ညစာစားပွဲ ရှိတယ်လေ။ အိမ်ရှေ့စံ နည်းနည်းလောက် သည်းခံလိုက်ပါ။"

"နန်းတော်ထဲက အစားအသောက်တွေက စားလို့မကောင်းဘူးလေ။"

"လျှောက်ပြောပြန်ပြီ။ အလကားရတဲ့ အစားအသောက်တွေက ဘယ်တော့မှ စားလို့မကောင်းတာ မရှိဘူး။"

All Chapters