အခန်း (၃၀၆-၃၀၈)
Vol. 17 Ch. 306-308
အပိုင်း (၃၀၆) အရှင်မင်းကြီးနှင့် တိတ်တဆိတ် နားလည်မှု။
နောက်တစ်နေ့ နံနက်ခင်း ညီလာခံတွင် အရှင်မင်းကြီးသည် ဖါးပါးနှင့် တရားဝင် တွေ့ဆုံခဲ့သည်။
သို့ပေမည့် ဖန်ကျန်းရီမှာမူ ညီလာခံသို့ မတက်ရောက်ဘဲ အလုပ်ခိုလိုက်၏။
အိမ်တွင် ညစာစားပွဲ မတိုင်မီအထိ တစ်လုပ်မျှမစားဘဲ တောင့်ခံနေခဲ့သည်။ အကျင့်ဟောင်းအတိုင်း အချောင်ရရန်အတွက် ကြိုးစားအားထုတ်နေခြင်းပင်။
သို့ပေမည့် ကံကောင်းထောက်မစွာဖြင့် ယခင်ကလည်း ငတ်နေကျ လူတစ်ယောက်ဖြစ်သောကြောင့် တစ်ရက်နှစ်ရက်မျှ မစားရခြင်းက သူ့အပေါ် မည်သို့မှ သက်ရောက်မှု မရှိချေ။
လီယွမ်ကျောက်ကတော့ ထိုသို့မဟုတ်ပေ။ မွန်းလွဲပိုင်းလောက်တွင် မခံနိုင်တော့ဘဲ စားသောက်ဆိုင်သို့ ကိုယ်တိုင် ပြေးသွားကာ ထမင်းစားခဲ့ရ၏။
ညစာစားပွဲနှင့် ပတ်သက်၍ ဖန်ကျန်းရီက အလွန် မျှော်လင့်ထားသည်။ ငွေကုန်သက်သာရန်အတွက်တော့ မဟုတ်ချေ။ စားသောက်ခြင်းသည် သူ၏ ဝါသနာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
နန်းတော်ထဲရှိ အစားအသောက်များက သိပ်စား၍ မကောင်းသော်လည်း သူက အမြဲတမ်း မျှော်လင့်ချက် ရှိနေခဲ့၏။
ဤကဲ့သို့သော တရားဝင် ကြီးမားသည့် တွေ့ဆုံပွဲများတွင် ပန်းကန်ပြား ပြောင်သွားသည်အထိ စားရမည့်၊ အဝတ်အစားများပင် ပေါက်ပြဲသွားလောက်အောင် အရသာရှိလှသော အစားအသောက်များကို စားရမည်ဟု သူ စိတ်ကူးယဉ်နေမိသည်။
အရှင်မင်းကြီး မှူးမတ်များကို ဖိတ်ကြားသည့် စားပွဲများသို့ သူ ယခင်က မတက်ရောက်ဖူးသည်တော့ မဟုတ်ချေ။ သို့ပေမည့် အဆင့်အတန်းမှာ ဤတစ်ကြိမ်လောက် မမြင့်မားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ နန်းတွင်း စားဖိုမှူးများ ဖြစ်သောကြောင့် ညံ့ဖျင်းနေမည်တော့ မဟုတ်ချေ။
ဤကြီးမားသော ညစာစားပွဲကို ဖုန်းထျန်း ခန်းမဆောင်တွင် ကျင်းပခြင်း ဖြစ်၏။
ထိုအချိန်တွင် အပြင်ဘက်၌ မှောင်စပြုနေပြီဖြစ်ပြီး အတွင်းဘက်၌ ရေတွက်၍မရနိုင်သော ဖယောင်းတိုင်များကို ထွန်းညှိထားရာ ခန်းမဆောင်ကြီး တစ်ခုလုံး လင်းထိန်နေသည်။
အရှင်မင်းကြီးသည် အလယ်တွင် ထိုင်နေပြီး ဘေးတွင် ဘာသာပြန်အရာရှိက ခြံရံလျက် ရှိကာ မှူးမတ်များကလည်း နေရာအသီးသီးတွင် ထိုင်နေကြသည်။ လီယွမ်ကျောက်က အရှင်မင်းကြီး၏ အောက်ဘက်တွင် ထိုင်နေပြီး လူတိုင်း၏ရှေ့တွင် စားပွဲငယ်လေးများ ရှိနေ၏။
ထမင်းစားရာတွင်တော့ တစ်ယောက်ချင်းစီ ခွဲစားသည့်စနစ်ကို အသုံးပြုထားသည်။
ဖါးပါး ခန်းမဆောင်ထဲသို့ ဝင်လာသည်နှင့် ပထမဆုံး မြင်လိုက်ရသူမှာ ဖန်ကျန်းရီ ဖြစ်သည်။သူ၏ အကြည့်များ စူးရှသွားပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။
သူက ဟုန်လုစီရုံးတော် အမတ် မဟုတ်ဘူးလား။ အဘယ့်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။ ထို့အပြင် ထိုင်ခုံ နေရာက အဘယ့်ကြောင့် ဤမျှမြင့်နေရသနည်း။
ဘေးနားရှိ လူတစ်ချို့ကို မြင်ဖူးသော်လည်း မနေ့က ညီလာခံတွင် အရှင်မင်းကြီးနှင့် တွေ့ဆုံစဉ်က ဖန်ကျန်းရီ ကို မတွေ့ခဲ့ရချေ။
ဖန်ကျန်းရီက ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်သည်။ သဘာဝကျကျပင် ဖါးပါး၏ သံသယများကို သူ ရိပ်မိနေ၏။
ဒီလူ အိမ်စာလုပ်ထားတာ ဒီလောက်ညံ့လိမ့်မယ်လို့ မထင်ထားဘူး။ အခုချိန်ထိ ကိုယ်က ချန်ရှီ (အိမ်ရှေ့စံ၏ ဆရာ) ဆိုတာ သူ မသိသေးဘူးပဲ။
သို့ပေမည့် ပြဿနာတော့ သိပ်မကြီးချေ။ အလွယ်တကူ လှည့်စားလိုက်လျှင် ရနိုင်သည်။ ကိစ္စရှိလျှင် အစ်ကိုကြီးကျော်ဆီ လွှဲချလိုက်ရုံပင်။
ခန်းမဆောင်ထဲသို့ ဝင်ရောက်လာပြီဖြစ်သောကြောင့် ဖါးပါးအတွက် စဉ်းစားချိန် သိပ်မရတော့ဘဲ အရှင်မင်းကြီးကို တွေ့သည်နှင့် ချက်ချင်း အရိုအသေ ပေးလိုက်၏။
"ဖါးပါးက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။"
ဘေးတွင် ပေါ်လာသော ချီလျဲ့ကြောင့် မှူးမတ်များကြားတွင် ဆွေးနွေးမှုများ ထပ်မံ ထွက်ပေါ်လာခဲ့သည်။
လူအများအပြားသည် မြောက်ပိုင်းရုန် သားရဲလူသားများ၏ ဒဏ္ဍာရီများကို ကြားဖူးထားကြပြီး ဖြစ်၏။ ညီလာခံတွင် မတွေ့လိုက်ရ၍ နှမြောနေခဲ့ကြသည်။ ယခု တစ်ကြိမ် မြင်လိုက်ရချိန်တွင်တော့ တကယ်ကို နာမည်နှင့် လိုက်ဖက်လှပေသည်။ သားရဲလူသားဆိုသည့် နာမည်က အတည်ဖြစ်သွားပြီ ဖြစ်၏။
အရှင်မင်းကြီးသည်လည်း အံ့အားသင့်သွားသည်။ လက်အောက်ငယ်သားများက ချီလျဲ့အကြောင်း ပြောပြထားသည်ကို ကြားဖူးသော်လည်း တကယ့်လူကို တွေ့ရချိန်တွင် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
သို့သော်ငြား သူ၏ မျက်နှာထားမှာ ပုံမှန်အတိုင်း ရှိနေဆဲဖြစ်ပြီး ပြုံးလျက် ပြောလိုက်သည်။ "ထူးထူးခြားခြားတွေ လုပ်နေစရာ မလိုပါဘူး။ မင်းရဲ့ဘေးက လူသန်ကြီးက ဟေးရှန်းက ချီလျဲ့ဆိုတာ ဖြစ်ရမယ်။"
"မှန်လှပါ အရှင်မင်းကြီး... ချီလျဲ့က ခန်မင်းကြီး ကိုယ်တိုင် ရွေးချယ်ပြီး ကျွန်တော်မျိုးနဲ့အတူ သံတမန်အဖြစ် လိုက်ပါလာတာပါ။ ဘာသာစကား နားမလည်တဲ့အတွက် အရှင်မင်းကြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။" ဖါးပါးက ရိုသေစွာ ပြန်ဖြေလိုက်၏။
အရှင်မင်းကြီးက ပြုံးလျက် ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ဝူထူရဲ့ လက်အောက်မှာ ဒီလိုမျိုး ရဲစွမ်းသတ္တိရှိတဲ့ စစ်သူကြီး ရှိနေတာကြောင့် မြောက်ပိုင်းရုန်ကို တစ်ပြေးညီ သိမ်းပိုက်နိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ယနေ့မှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်သွားရမယ်။ နိုင်ငံရေးကိစ္စတွေကို မပြောဘဲ လွတ်လွတ်လပ်လပ် နေကြတာပေါ့။ ထိုင်ခုံမှာ နေရာယူပါ။"
အရှင်မင်းကြီးက ခန်မင်းကြီး၏ နာမည်ကို တိုက်ရိုက် ခေါ်ဝေါ်လိုက်သည်ကို ကြားသော်လည်း ဖါးပါးသည် ပြုံးကာ ခေါင်းညိတ်ပြပြီးနောက် မိန်းမစိုး၏ လမ်းညွှန်မှုဖြင့် နေရာယူလိုက်၏။
လူတိုင်း နေရာယူပြီးနောက် ကော်ထျန်းယန်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
နန်းတွင်းအစေခံမလေးများက တရွေ့ရွေ့ လျှောက်လှမ်းလာကြ၏။
ဖန်ကျန်းရီမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
အရှင်မင်းကြီးက စစ်တိုက်ဖူးသူပီပီ ပွင့်လင်းမြင်သာသည့် ပုံစံရှိသည်။ အတွေးအခေါ် ပွင့်လင်းရုံသာမက ဤကဲ့သို့ ရှုပ်ထွေးလှသော စကားပြောခြင်းများကိုလည်း တတ်နိုင်သမျှ ရှောင်ရှားတတ်၏။
ယခင်နှစ်ခေါက် နန်းတော်ထဲတွင် ထမင်းစားစဉ်ကလည်း ဤအတိုင်းပင် ဖြစ်သည်။ အပိုစကား တစ်ခွန်းမှ မပြောဘဲ ချက်ချင်း ဟင်းပွဲများ ချပေးခဲ့၏။ ပုံမှန် ညီလာခံတွင်လည်း အပိုစကား မပြောဘဲ ပြဿနာများကို တိုက်ရိုက် ဆွေးနွေးတတ်သည်။
သူ၏ ယခင်ဘဝက ခေါင်းဆောင်များနှင့် မတူချေ။ တစ်နာရီလောက် စကားများနေသော်လည်း အသုံးဝင်သည့် စကားနှစ်ခွန်းတောင် မထွက်လာတတ်ပေ။
ဟင်းတစ်ပွဲ ရောက်လာချိန်တွင် ဖန်ကျန်းရီ ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် မျှော်လင့်ချက်များ ပျက်သုဉ်းသွားသလို ခံစားလိုက်ရ၏။
ဒီဟင်းက ပြီးခဲ့တဲ့နှစ်သစ်ကူးတုန်းက စားခဲ့ဖူးတယ်။
နန်းတော်ထဲရှိ ဟင်းလျာများသည် ပြင်ဆင်ထားပုံ အလွန် လှပသော်လည်း အရသာနှင့် အနံ့မှာတော့ အလွန် ကွာခြားလှသည်။
သို့သော်ငြား အလကားရခြင်းနှင့် တစ်နေကုန် ထမင်းမစားရသေးခြင်းတို့ကြောင့် ဖန်ကျန်းရီသည် ဂရုမစိုက်တော့ဘဲ ခေါင်းငုံ့ကာ စတင်စားသောက်တော့၏။
မျက်နှာချင်းဆိုင်ရှိ ဖါးပါး၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။
ဘယ်ညာကြည့်လိုက်ရာ အခြားသူများ မစားကြသေးသည်ကို တွေ့ရသောအခါ သူ၏စိတ်ထဲတွင် သံသယ ဝင်လာ၏။
ဒီအကြောင်းကို ရိုးရာဓလေ့ထုံးစံ ဌာနက မသင်ပေးခဲ့ဘူးလေ။
ဒါပေမဲ့... အနည်းဆုံးတော့ အရှင်မင်းကြီး စကားနှစ်ခွန်းလောက် ပြောပြီးမှ စားရမှာ မဟုတ်ဘူးလား။
ခင်ဗျား …. ဖန်ကျန်းရီက ဘယ်လိုလုပ် အရင် စားနေရတာလဲ။ ဒီအကျင့်စရိုက်က ပွင့်လင်းတာ မပွင့်လင်းတာ ပြဿနာ မဟုတ်တော့ဘူး။ နည်းနည်း ရိုင်းစိုင်းတာ ဖြစ်နေပြီ။
အရှင်မင်းကြီးသည် ဖန်ကျန်းရီကို ကြည့်လိုက်ရာ ပလုတ်ပလောင်းနှင့် စားသောက်နေသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်၏။
ကိုယ်တော်က စကားနှစ်ခွန်းလောက်တောင် မပြောရသေးဘူး... မင်းက စားနေပြီလား။ အရင်နှစ်ခေါက်ကလိုပဲ။
မင်း အဲဒီလောက်တောင် ဗိုက်ဆာနေတာလား။ ရိုးရာဓလေ့ထုံးစံ ဌာနက သူ့ကို အခုထိ သင်မပေးရသေးဘူးလား မသိဘူး...။
သို့ပေမည့် အရသာရှိရှိ စားနေသည်ကို ကြည့်ပြီးနောက် အရှင်မင်းကြီးသည် ပြုံးလိုက်ပြန်၏။
ဒီလိုလေးလည်း ကောင်းတာပါပဲ။ ကိုယ်တော် အရင်တုန်းက စစ်တပ်ထဲမှာ ထမင်းစားတဲ့ပုံစံနဲ့ နည်းနည်း တူတယ်။
အရှင်မင်းကြီးက ဖါးပါးကို ပြောလိုက်သည်။ "ဖါးပါး... ကိုယ်တော် သိရသလောက်ဆိုရင် ကိုယ်တော်တို့ နိုင်ငံနှစ်ခုကြားမှာ သံတမန်တွေ အပြန်အလှန် မစေလွှတ်တာ ဆယ်နှစ်လောက် ရှိပြီ မဟုတ်လား။"
"မှန်လှပါ အရှင်မင်းကြီး... ဆယ်နှစ်နဲ့ ခုနစ်လ ရှိပါပြီ။ ကျွန်တော်မျိုးတို့ရဲ့ မင်းကြီးက ပုန်ကန်သူတွေကို နှိမ်နင်းပြီးတာနဲ့ သံတမန်တွေ စေလွှတ်ပြီး နိုင်ငံနှစ်ခုကြား ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ချင်ခဲ့တာပါ။"
အရှင်မင်းကြီးသည် ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် သိမ်မွေ့သော ဝမ်းမြောက်မှုတစ်ခု ခံစားလိုက်ရ၏။
ဖါးပါး ပြောသည်မှာ မမှားချေ။ ဝူထူသည် မြောက်ပိုင်းရုန်ကို တစ်ပြေးညီ သိမ်းပိုက်ပြီး မကြာမီမှာပင် ကျင်းနိုင်ငံသို့ သံတမန် စေလွှတ်ခဲ့သည်။
မြောက်ပိုင်းရုန် နိုင်ငံတွင်း၌ ရှုပ်ထွေးမှုများ ရှိနေသေးသော်လည်း အဓိကအားဖြင့် ကျင်းနိုင်ငံ ကျားကြီး ဘေးတွင် ရှိနေမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်၏။
တာ့ကျင်း၏ ဂုဏ်သတင်းသည် နိုင်ငံအသီးသီးကို ခြောက်လှန့်နိုင်စွမ်း ရှိဆဲဖြစ်ပြီး သူ၏ စစ်ရေး စွမ်းရည်များကသည်လည်း အသိအမှတ်ပြု ခံရသည်ဟု ဆိုနိုင်သည်။
ပုံမှန်အချိန်များတွင်လည်း သူ့ကို မြှောက်ပင့်သူများ ရှိသော်လည်း ဤစကားကို သံတမန်၏ ပါးစပ်မှ ကြားရခြင်းက တကယ်ပင် ခံစားချက် ကွဲပြားစေသည်။
"ကောင်းတယ်။ ဝူထူက စေတနာရှိသားပဲ။ ဒါဆို ကိုယ်တော်ရဲ့ ဒီအရက်ခွက်က နိုင်ငံနှစ်ခုကြား ချစ်ကြည် ရင်းနှီးမှုအတွက် ဂုဏ်ပြုလိုက်တယ်။"
ထိုသို့ပြောပြီးနောက် အရှင်မင်းကြီးသည် အရက်ခွက်ကို မြှောက်ကာ ဖါးပါးဘက်သို့ လှည့်လိုက်၏။
ဖါးပါးကလည်း အလျင်အမြန် ခွက်ကို မြှောက်လိုက်သည်။ "ကျွန်တော်မျိုးက ခန်မင်းကြီး ကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"
စကားဆုံးသည်နှင့် နှစ်ယောက်သား တစ်ပြိုင်နက်တည်း မော့သောက်လိုက်ကြ၏။
ထိုအချိန်ရောက်မှသာ ခန်းမဆောင်ထဲရှိ မှူးမတ်များသည် တစ်ယောက်ပြီးတစ်ယောက် စတင် စားသောက်ကြတော့သည်။
ဖန်ကျန်းရီသည် ဟင်းတစ်ပွဲ စားပြီးနောက် ဗိုက်နည်းနည်း ပြည့်သွားသဖြင့် ဖြည်းဖြည်းချင်း စားသောက်နေရင်း အရှင်မင်းကြီး၏ စကားများကို နားထောင်နေလိုက်၏။
"မနေ့က ဖန်အမတ်က မင်းကို မြို့တော်ထဲ လိုက်ပို့ပေးတယ်လို့ ကိုယ်တော် ကြားတယ်။ မင်းက မြို့တော်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ဖြစ်မယ်။ ဘယ်လိုခံစားရလဲ။"
"မြို့တော်ထဲမှာ တစ်ရက်လောက် လည်ပတ်ရတာ ကျွန်တော်မျိုး ဖါးပါးကို တကယ်ပဲ မျက်စိပွင့်သွားစေပါတယ်။ တာ့ကျင်းမှာ တန်ဖိုးကြီးတဲ့ အရာတွေ အများကြီး ရှိတယ်။ ဖန်အမတ်က ကျွန်တော်မျိုးကို အရင်က မမြင်ဖူးတဲ့ အရာတွေ အများကြီး ပြသပေးခဲ့ပါတယ်။"
ဖါးပါး၏ စိတ်ထဲတွင် အနည်းငယ် ခါးသက်နေ၏။ တာ့ကျင်း၏ တိုးတက်မှု အခြေအနေက အရေးကြီးပြီး မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။ သို့ပေမည့် အိမ်ရှေ့စံ၏ ကြောက်မက်ဖွယ်ကောင်းသော အုပ်ချုပ်မှု စွမ်းရည်က သူ့ကို အနည်းငယ် ကြောက်လန့်စေခဲ့လေသည်။ နှစ်ရက်တောင် ကြာပြီဖြစ်သော်လည်း သူ သတိမဝင်သေးချေ။
"အို... ဘာတွေများလဲ။" အရှင်မင်းကြီးက သိလျက်နှင့် မေးလိုက်၏။
ထိုစကားကို ကြားသောအခါ ဖန်ကျန်းရီက ပါးစပ်ကို တစ်ချက်သုတ်ကာ ချက်ချင်း မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးက ဆရာတော်ဖါးပါးကို တာ့ကျင်းရဲ့ တန်ဖိုးကြီး ဒေသထွက်ကုန်တွေ ဖြစ်တဲ့ လက်ဖက်ခြောက်နဲ့ ထိပ်တန်း ရတနာဖြစ်တဲ့ စိန်တွေကို ပြသပေးခဲ့ပါတယ်။"
ဖါးပါး၏ လက်သီးများ ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်သွား၏။
ကျုပ် ဆရာတော် မဟုတ်ဘူးလို့ ပြောထားပြီးပြီ မဟုတ်လား။
အရှင်မင်းကြီးသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် နားလည်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ "အို... မဆိုးဘူး။ လက်ဖက်ခြောက်က တကယ်ကို ကောင်းပါတယ်။ ကိုယ်တော်လည်း အရမ်း နှစ်သက်တယ်။ ဒါပေမဲ့ အရပ်ဘက်မှာတော့ ရွှေတစ်ထောင်ပေးရင်တောင် ဝယ်ရခက်တယ်လို့ ကြားတယ်။ ဝယ်လို့ရခဲ့လား။"
"မှန်လှပါ အရှင်မင်းကြီး... ဝယ်လို့မရခဲ့ပါဘူး။"
အရှင်မင်းကြီးသည် ဝမ်းသာသွား၏။
အမှိုက်တွေကို ရွှေငွေနဲ့ လဲလိုက်ရပြီပဲ။ ကိုယ်တော့်ရဲ့ ဘဏ္ဍာတိုက်ကြီးက တကယ်ကို လုံခြုံသွားပြီ။
ဖန်ကျန်းရီကို လက်ဖက်ခြောက်များ ရောင်းချခိုင်းခဲ့ခြင်းက အစကတည်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ခဲ့သည်။ အခြားသူများသာဆိုလျှင် လက်ဖက်ခြောက်များကို စောစောစီးစီးပင် ဈေးချ၍ ရောင်းပစ်လောက်ချေပြီ။ ဤလူငယ်လေး တစ်ယောက်တည်းကသာ ဈေးမချဘဲ တောင့်ခံထားနိုင်ပြီး အမှိုက်သဖွယ် အရာများကိုပင် ရတနာတစ်ပါးကဲ့သို့ တခမ်းတနား ပူဇော်ထားနိုင်ခြင်း ဖြစ်သည်။
ခန်းမဆောင်ထဲရှိ မှူးမတ်များကလည်း ထိုလက်ဖက်ခြောက်ကို အလွန် ရှားပါးလှသော အရာတစ်ခုအဖြစ် ထင်မှတ်နေကြဆဲပင်။
လက်ဖက်ခြောက်ဖြင့် လူများကို လှည့်စားခြင်းက အပြစ်အနာအဆာ ကင်းသည်ဟု ဆိုနိုင်သည်။
ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က သူ့ကို ဤလက်ဖက်ရည်ဖြင့် လှည့်စားခဲ့သည်ကို ပြန်တွေးကြည့်မိကာ ယခု မြောက်ပိုင်းရုန်များကိုပါ လှည့်စားနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ရေစက်ဆိုသည်မှာ ပြောပြ၍မရအောင် ထူးဆန်းလှပေသည်။
အရှင်မင်းကြီး၏ မျက်နှာထားမှာ တည်ငြိမ်နေ၏။ "ဖါးပါးက အဝေးကြီးကနေ လာတာဆိုတော့ ဒီလောက် လက်ဖက်ရည်လေးကို မသောက်ရဘူး ဆိုတာမျိုး မရှိသင့်ဘူး။ ဖန်အမတ်... ဒီကိစ္စ မင်းကို တာဝန်ပေးလိုက်မယ်။ သံတမန် ပြန်သွားတဲ့အခါ ဒီလက်ဖက်ခြောက်ကို မဖြစ်မနေ ထည့်ပေးလိုက်ပါ။"
"ကျွန်တော်မျိုး အမိန့်တော်အတိုင်း ဆောင်ရွက်ပါ့မယ်။"
သူတို့နှစ်ယောက် တစ်ယောက်တစ်ခွန်း ပြောနေကြသည်ကို ကြည့်ပြီး ဖါးပါး၏ စိတ်ထဲတွင် ပျော်ရွှင်သွား၏။
အရှင်မင်းကြီး၏ သဘောထား အလွန် ချစ်ကြည်ရင်းနှီးမှု ရှိနေသည်ကို ကြည့်ရသဖြင့် နောင်တွင် ကုန်သွယ်ရေး ကိစ္စ ဆွေးနွေးရန် အခွင့်အလမ်း ပိုများလာနိုင်လည်။ ထို့အပြင် နာမည်ကြီး လက်ဖက်ခြောက်ကိုလည်း တကယ်ပဲ မြည်းစမ်းကြည့်ချင်နေမိသည်။
အပိုင်း (၃၀၇) တိုလည်းတို၊ သေးလည်းသေး။
"ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။"
အရှင်မင်းကြီး၏ စကားဆုံးသည်နှင့် ဖါးပါးက မတ်တပ်ရပ်ကာ အရိုအသေ ပေးလိုက်၏။
အရှင်မင်းကြီးက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ "ထူးထူးခြားခြားတွေ လုပ်နေစရာ မလိုပါဘူး။ ချီလျဲ့ မြို့တော်ထဲမှာ နှစ်သက်စရာ တစ်ခုခု တွေ့ခဲ့လား။ ကိုယ်တော် တစ်ခါတည်း ဆုချပေးမယ်။"
ဖါးပါးသည် ထိုစကားကို ကြားသောအခါ ချီလျဲ့အနီးသို့ တိုးသွားပြီး နှစ်ယောက်သား တီးတိုး စကားပြော လိုက်ကြ၏။
ထို့နောက် ဖါးပါးက မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီး... ချီလျဲ့က သူဟာ စစ်သည်တစ်ယောက် ဖြစ်တဲ့အတွက် သာမန်အရာတွေကို စိတ်မဝင်စားဘူးလို့ ပြောပါတယ်။
သူ့ရဲ့ တစ်ခုတည်းသော ဝါသနာက တခြားသူတွေနဲ့ သိုင်းပြိုင်ရတာပါ။ နိုင်ငံတွင်းမှာတော့ သူ မနိုင်တဲ့ ရန်သူဆိုတာ မရှိတော့ပါဘူး။ တာ့ကျင်းမှာရော သူနဲ့ ယှဉ်ပြိုင်နိုင်တဲ့ ပြိုင်ဘက် ရှိမလားဆိုတာ သိချင်နေပါတယ်။"
ဖါးပါး၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး စိုးရိမ်ထိတ်လန့်နေသည့် အရိပ်အယောင် လုံးဝ မရှိချေ။
ခန်မင်းကြီးဝူထူက ချီလျဲ့ကို သံတမန်အဖွဲ့နှင့်အတူ လိုက်ပါလာစေခြင်းမှာလည်း ဤရည်ရွယ်ချက်ကြောင့်ပင် ဖြစ်သည်။
တာ့ကျင်း၏ ဂုဏ်သိက္ခာကို နှိမ့်ချရန် ဖြစ်၏။
သူတို့၏ ဤခရီးစဉ်တွင် တာ့ကျင်းလူမျိုးများကို အကြိမ်အနည်းငယ် ထိတ်လန့်စေခဲ့ပြီး ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ ဂုဏ်သိက္ခာတိုးတက်အောင် ပြုလုပ်ရမည်။
သို့မဟုတ်လျှင် နောက်တစ်ကြိမ် ဆွေးနွေးပွဲများတွင် သူ့အနေဖြင့် ယုံကြည်မှု အနည်းငယ်မျှပင် ရှိတော့မည် မဟုတ်ချေ။
မနေ့က ထူးဆန်းလှသော ကျန်းပြောင်ဆိုသူနှင့် တွေ့ခဲ့ပြီး ချီလျဲ့ကို ဒဏ်ရာရစေခဲ့သော်လည်း...
ချီလျဲ့ကတော့ ထိုသူကို စိတ်ထဲထားပုံ မရချေ။ အလစ် တိုက်ခိုက်ခံခဲ့ရသောကြောင့် ဖြစ်နိုင်သည်။
ထိုစကား ထွက်ပေါ်လာသည်နှင့် မှူးမတ်များအားလုံး အံ့အားသင့်သွားကြ၏။
လူတိုင်းက လက်ထဲရှိ အလုပ်များကို ရပ်တန့်ကာ ချီလျဲ့ကို ကြည့်လိုက်ကြသည်။
ဒီလူသန်ကြီးက ဒီလောက်တောင် သတ္တိရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဒါက နန်းတော်ကို ပေါ်တင် စိန်ခေါ်နေတာ မဟုတ်ဘူးလား။
မင်းက အရပ်ရှည်တိုင်း တာ့ကျင်းမှာ မင်းကို နိုင်မယ့်သူ မရှိဘူးလို့ ထင်နေတာလား။
မြောက်ပိုင်းရုန်တွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းနေပြီ။
မှူးမတ်များမှာ မချင့်မရဲ ဖြစ်သွားကြ၏။
ဖန်ကျန်းရီကတော့ ရယ်မောလိုက်ပြီး ခုံပေါ်တွင် သက်သောင့်သက်သာ ထိုင်ကာ ပြဇာတ်ကို ကြည့်နေလိုက်သည်။
ကျန်းပြောင်တောင် မင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နိုင်သေးတာပဲ။ နန်းတော်တွင်းက သိုင်းသမားတွေထဲမှာ မင်းကို နှိမ်နင်းနိုင်မယ့်သူ မရှိဘူးလို့ ထင်နေတာလား။
ဒီချီလျဲ့က ဘယ်ကနေ ဒီလောက်တောင် ယုံကြည်မှုတွေ ရလာတာလဲ။
အရှင်မင်းကြီးသည် ချီလျဲ့ကို နောက်ပြောင်ချင်စိတ်ဖြင့် ကြည့်လိုက်ပြီး စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေ၏။
ခဏအကြာတွင် မေးလိုက်သည်။ "ချီလျဲ့က မြက်ခင်းပြင်မှာ ပြိုင်ဘက် မရှိတော့ဘူးလား။"
ဖါးပါးက ဖြေလိုက်၏။ "မှန်လှပါ အရှင်မင်းကြီး။ ချီလျဲ့က ကျွန်တော်မျိုးတို့ နိုင်ငံရဲ့ ပထမအဆင့် သူရဲကောင်းပါ။ ခွန်အားမှာ ဘယ်သူမှ မယှဉ်နိုင်ပါဘူး။"
အရှင်မင်းကြီးက ပြုံးလိုက်သည်။ "စိတ်ဝင်စားစရာပဲ။ ကောင်းပြီလေ... ကိုယ်တော် ဒီနေ့ မင်းအတွက် ပြိုင်ဘက် ရှာပေးမယ်။ ကိုယ်တော့်ရဲ့တာ့ကျင်းမှာ မင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နိုင်မယ့် ပြိုင်ဘက် ရှိ၊ မရှိ ကြည့်ကြတာပေါ့။"
ကော်ထျန်းယန်သည် အရှင်မင်းကြီးအနီးသို့ ကိုင်းညွတ်သွားပြီး ခေတ္တရပ်နားပြီးနောက် မတ်တပ်ရပ်ကာ အပြင်သို့ ထွက်သွား၏။
မကြာမီတွင် အရပ် တစ်မီတာ ကိုးဆယ်ခန့်ရှိသော လူသန်ကြီး တစ်ယောက်ကို ခေါ်ဆောင်လာခဲ့သည်။ ကျန်းပြောင် ထက် အနည်းငယ် သေးငယ်ပုံရပြီး မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိချေ။
ထိုသူသည် ခန်းမဆောင်ထဲသို့ ရောက်သည်နှင့် ချီလျဲ့ကို ပထမဆုံး အကြည့်ဖြင့် ပစ်မှတ်ထားလိုက်၏။ မျက်လုံးများက လျှပ်စီးကဲ့သို့ စူးရှနေပြီးအကြောက်အလန့်မရှိ ကြည့်နေသည်။
ချီလျဲ့ကမူ ခေါင်းငုံ့ကာ ထမင်းဆက်စားနေ၏။
အရှင်မင်းကြီးက တကယ် လူလွှတ်လာသည်ကို မြင်သောအခါ ဖါးပါး၏ စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာသွားသော်လည်း ပါးစပ်မှမူ ပြောလိုက်သည်။ "အရှင်မင်းကြီး... ချီလျဲ့က စိတ်မြန်လက်မြန်နဲ့ ရိုင်းစိုင်းတဲ့ စကားတွေကို ပြောမိသွားပါတယ်။ ဒီနေ့ အရှင်မင်းကြီးနဲ့ မှူးမတ်တွေ ရှိနေတဲ့နေရာမှာ ရုတ်တရက် သိုင်းပြိုင်မယ်ဆိုရင် အရှင်မင်းကြီးကို ထိတ်လန့်သွားစေမှာ စိုးရိမ်မိပါတယ်။"
အရှင်မင်းကြီးက လက်ကို ဝှေ့ယမ်းလိုက်၏။ "ကိစ္စမရှိပါဘူး။ ဒီနေ့ ထုံးစံတွေကို ဂရုစိုက်စရာ မလိုပါဘူး။ ကိုယ်တော်လည်း ပထမအဆင့် သူရဲကောင်းရဲ့ စွမ်းရည်ကို မြင်တွေ့ချင်နေတာပါ။ နိုင်ငံနှစ်ခု သိုင်းပညာနဲ့ မိတ်ဆွေဖွဲ့တယ်လို့ပဲ သဘောထားလိုက်ပါ။"
ဖန်ကျန်းရီသည် ဖါးပါးကို တစ်ချက် ကြည့်လိုက်သည်။
ဒီဘုန်းကြီး... အရှင်မင်းကြီးက ငယ်ငယ်တုန်းက စစ်တပ်မှာ နေခဲ့ဖူးတယ်ဆိုတာ သိရက်နဲ့ ဒီနေရာမှာ ဆွပေးနေတာ။ ဘယ်လိုလုပ် မပြိုင်ဘဲ နေပါ့မလဲ။
ဒါပေမဲ့ အရှင်မင်းကြီး လွှတ်လိုက်တဲ့ ဒီလူသန်ကြီးက တကယ်ကို မဆိုးဘူး။
အေးစက်စက် မျက်နှာထားနဲ့ ဆိုတော့ တကယ်ကို နန်းတွင်း သိုင်းသမား တစ်ယောက်ရဲ့ အသွင်အပြင် ပါတာပဲ။
သူ့ကို တာ့ကျင်းရဲ့ ပိုကောင်းတဲ့ ပုကျင်းယွင် လို့တောင် ခေါ်လို့ရတယ်။ တကယ်လို့ လက်နက်သာ ပါလာရင် ပိုပြီးတောင် ကြည့်ကောင်းအုံးမယ်။
ကော်ထျန်းယန်က စတင် မိတ်ဆက်ပေးလိုက်၏။ "ချီလျဲ့... သူကတော့ နန်းတော်တွင်းက ကင်းလှည့် သက်တော်စောင့် ချန်လျန် ဖြစ်ပါတယ်။ ဓားသုံးတာ ကျွမ်းကျင်ပါတယ်။"
ဖါးပါးက လှည့်ကာ ဘာသာပြန်ပေးလိုက်သည်။
ချီလျဲ့မှာမူ ဂရုမစိုက်သည့် ပုံစံဖြင့် ပါးစပ်ထဲမှ အစားအသောက်များကို ဝါးနေဆဲဖြစ်ပြီး အရက်တစ်ငုံ သောက်လိုက်ကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်ပြီး ခန်းမဆောင်၏ ကော်ဇောနီ အလယ်သို့ လျှောက်သွားသည်။
ချန်လျန်ကလည်း ဖြည်းဖြည်းချင်း ရှေ့သို့ တိုးလာသည်။ ပတ်ဝန်းကျင်ရှိ လူများအားလုံး အသက်အောင့် ထားကြပြီး ခြေသံများကို ရှင်းလင်းစွာ ကြားနေရ၏။
နှစ်ယောက်သား အကွာအဝေးတစ်ခုမှ မျက်နှာချင်းဆိုင် ရပ်နေကြသည်။
အရှင်မင်းကြီးက မေးလိုက်၏။ "ချီလျဲ့က ဘယ်လို လက်နက်ကို အသုံးပြုတာ ကျွမ်းကျင်လဲ။ သူတို့နှစ်ယောက် အတွက် တစ်လက်စီ သွားယူပေးလိုက်။"
ဖါးပါးက ပြန်ဖြေသည်။ "အရှင်မင်းကြီး... ချီလျဲ့က လှံအသုံးပြုတာ ကျွမ်းကျင်ပါတယ်။"
အရှင်မင်းကြီးက ခေါင်းညိတ်ပြလိုက်ရာ ကော်ထျန်းယန်က နောက်လှည့်ကာ သွားရောက် စီစဉ်ပေးလိုက်၏။
မကြာမီတွင် တန်ဖိုးကြီး ဓားတစ်လက်နှင့် လှံတစ်လက် သူတို့နှစ်ဦး၏ လက်ထဲသို့ ရောက်ရှိလာသည်။
ချန်လျန်က ဓားကိုကိုင်ကာ ရပ်နေပြီး သူ၏ဟန်ပန်မှာ အလွန် ခန့်ညားလှ၏။ လေတိုက်၍ ဆံပင်များ လွင့်မနေခြင်းသာ လိုတော့သည်။ နန်းတော်၏ ရွှေရောင်အမိုးပေါ်တွင် ရပ်နေမည်ဆိုလျှင် မိတ်ကပ်လိမ်းစရာမလိုဘဲ သိုင်းကား ရိုက်ကူး၍ ရနေပြီ ဖြစ်၏။
ဖန်ကျန်းရီသည် ကြည့်ပြီးနောက် အလွန် အားကျသွားမိသည်။
အားနည်းသူ တစ်ယောက်အနေဖြင့် ဤကဲ့သို့သော သိုင်းသမားများကို အလွန် အားကျမိသည်။ အထူးသဖြင့် ဤကဲ့သို့ ခန့်ညားပြီး အေးစက်စက်နိုင်သော သူရဲကောင်းမျိုးကိုပင်။
ကျုပ်သာ ခင်ဗျားလို ခန့်ညားမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ ကျန်းပြောင်ကို အကာအကွယ်အဖြစ် ခေါ်သွားစရာတောင် မလိုတော့ဘူး။
ထိုသူနှင့် နှိုင်းယှဉ်ပါက ချီလျဲ့မှာ အလွန် ထူးဆန်းနေသည်။
သူ၏ အရပ်အမောင်းသည် ချန်လျန်ထက် အများကြီး ပိုကြီးမားသော်လည်း မိန်းမစိုးများ ယူလာပေးသော လှံမှာ နှစ်မီတာသာ အရှည်ရှိ၏။
ချီလျဲ့က ကလေးကစားစရာကို ကိုင်ထားသကဲ့သို့ ဖြစ်နေသော်လည်း သူ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားနှင့် ပေါင်းစပ်လိုက်သောအခါ သရဲကားတစ်ကား၏ အငွေ့အသက်မျိုး ရနေသည်။
မှူးမတ်များမှာ စိတ်ထဲမှနေ၍ ချီးကျူးလိုက်ကြ၏။
တာ့ကျင်းရဲ့ သိုင်းသမားတွေကိုပဲ အားကိုးရတော့မယ်။ မြောက်ပိုင်းရုန်တွေက ဘာမှတောင် မလုပ်ရသေးဘဲနဲ့ အရှက်ကွဲနေပြီ။
သို့ပေမည့် အရှင်မင်းကြီးကတော့ ထိုသို့မမြင်ချေ။ ချီလျဲ့၏ လက်ထဲရှိ လှံကို ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "ဒီလှံက တိုလွန်းတယ်။ နောက်တစ်လက် သွားလဲပေးလိုက်။"
ဖါးပါးက ချီလျဲ့ကို လှံလဲရန် လို၊ မလို အလျင်အမြန် မေးမြန်းလိုက်၏။
ချီလျဲ့က လှံကို ကိုင်ကာ နှစ်ပတ်ခန့် လှည့်ကြည့်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ပေါ့လွန်းတယ်။ တိုလည်းတိုတယ်... သေးလည်းသေးတယ်။ ဒါပေမဲ့ လောက်ပါတယ်။ ဒီအတိုင်းပဲ ထားလိုက်ပါ။"
ချီလျဲ့ လဲလှယ်လိုသည့် ဆန္ဒမရှိသည်ကို မြင်သောအခါ ဖါးပါးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အရှင်မင်းကြီး... ချီလျဲ့က လှံလဲစရာ မလိုဘူးလို့ ပြောပါတယ်။ လုံလောက်ပါပြီတဲ့။"
အရှင်မင်းကြီးက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ဒါဆိုလည်း စကြတာပေါ့။"
နှစ်ယောက်သား နောက်သို့ ဆုတ်လိုက်ကြပြီး ချန်လျန်က အရှင်မင်းကြီးကို ကျောပေးကာ ရပ်လိုက်၏။
ငါးမီတာခန့် အကွာအဝေးသို့ ရောက်သောအခါ ရပ်တန့်လိုက်ကြသည်။
ကွင်းပြင်အတွင်းရှိ လေထုမှာ အလွန် တင်းမာနေပြီး လူတိုင်း၏ နှလုံးခုန်သံများ ပိုမို မြန်ဆန်လာ၏။
ဖန်ကျန်းရီသည် ချန်လျန်နှင့် အလွန်နီးကပ်စွာ ရှိနေသောကြောင့် သူ၏ အသက်ရှူသံကိုပင် ကြားနေရသည်။
ရုတ်တရက် ချန်လျန်၏ ခြေလှမ်းများက အနည်းငယ် ရွေ့လျားသွားသကဲ့သို့ ဖြစ်သွား၏။ လှုပ်သလိုလို မလှုပ် သလိုလိုပင်။
နောက်တစ်စက္ကန့်တွင်တော့ လူတစ်ကိုယ်လုံး လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားသည်။
ခြေထောက်နှစ်ဖက်လုံး၏ အားက အလွန် ပြင်းထန်လွန်းသဖြင့် အောက်ခြေရှိ ကော်ဇောနီတွင်ပင် အရေးအကြောင်းကြီးများ ဖြစ်ပေါ်သွား၏။
ဖန်ကျန်းရီကို ပို၍ အံ့အားသင့်စေသည်မှာ ချန်လျန် ပြေးထွက်သွားချိန်တွင် သူ၏ မျက်နှာပေါ်၌ ပြိုင်စံရှား သိုင်းသမားတစ်ယောက်၏ ဟန်ပန်များ ရှိနေဆဲ ဖြစ်သည်။
အေးစက်သော မျက်နှာထား၊ စူးရှသော အကြည့်များပင်။
ထိုသူသည် သာမန် နန်းတွင်းကင်းလှည့်စောင့် မဟုတ်ဘဲ အထူးတပ်ဖွဲ့ဝင်များထဲမှ အကောင်းဆုံးသူ ဖြစ်ကြောင်း သိသာလှသည်။
မျက်နှာချင်းဆိုင်ရှိ ချီလျဲ့ကမူ လန့်ဖြန့်ခြင်း မရှိချေ။ ချန်လျန် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့လက်၌ လှုပ်ရှားမှုများ ရှိနေပြီ ဖြစ်၏။
လှံထိပ်က ကြမ်းပြင်ပေါ်သို့ ကျသွားသည်။
ချီလျဲ့၏ လက်ချောင်းငါးချောင်းက ချိတ်ကဲ့သို့ လှံ၏အမြီးပိုင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပေါ့ပေါ့ပါးပါးဖြင့် လက်ကို မြှောက်ကာ လှံထိပ်ကို ရှေ့သို့ ထိုးသွင်းလိုက်၏။
လှံထိပ်က ပြေးလာသော ချန်လျန်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
ထိုခဏတွင် ကွင်းပြင်ထဲရှိ လူတိုင်း၏ နှလုံးသားများ လည်ချောင်းဝသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ဤအတိုင်း ဆက်တိုးဝင်သွားလျှင် ချန်လျန်၏ ခေါင်းကို လှံဖောက်ထွင်းသွားတော့မည်။
လေထဲရောက်နေသည့် ချန်လျန်က ခါးကိုလိမ်၍ လူကို ရဟတ်တစ်ခုလို အရှိန်ပြင်းပြင်း လှည့်ပစ်လိုက်သည်။ ဝတ်ရုံစများ လွင့်ခနဲ ဖြစ်သွား၏။
လှံဖျားနှင့် ထိလုဆဲဆဲ... ညာလက်မှ ဓားရှည်ဖြင့် လှံကို ပေါ့ပါးလျင်မြန်စွာ ပုတ်ထုတ်လိုက်သည်။
ချက်ချင်းပင် ဘယ်လက်ကို မြေပေါ်ထောက်ကာ ဗဟိုပြုပြီး နောက်တစ်ပတ် ထပ်လည်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ ခြေနှစ်ဖက်က ချီလျဲ့ဆီသို့ ချိန်ရွယ်လျက်သား။
ညာလက်မှ ဓားရှည်ကို မြေကြီးပေါ် အားပြုစိုက်ချလိုက်ပြီး ထိုအဟုန်ဖြင့် ချီလျဲ့အနီးသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ သို့ပေမည့် မြေပြင်နှင့် အလွန်ကပ်လွန်းနေသဖြင့် မြေကြီးပေါ်သို့ လျှောထွက်သွား၏။
မြေပြင်နှင့် ကပ်လုနီးပါး အနေအထားမှ ဝင်လာသော ထိုရင်းနှီးနေသည့် တိုက်ကွက်ကို မြင်လိုက်ရချိန်တွင်တော့...
ဖန်ကျန်းရီ တစ်ယောက် နေရာမှ ဆတ်ခနဲ မတ်တပ်ရပ်မိသွားသည်။
"ဘာ.... လျှောထိုးပြီး ဝင်သွားတာလား။"
အပိုင်း (၃၀၈) ကျန်းပြောင်နှင့် တစ်ပွဲတိုက်မည်။
လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ချန်လျန်သည် ချီလျဲ့၏ ပေါင်ကြားသို့ အောင်မြင်စွာ လျှောတိုက်ဝင်ရောက်သွားသည်။
မျက်နှာထားက အေးစက်ပြီး ခန့်ညားနေဆဲပင်။
သို့ပေမည့် ထိုအချိန်တွင် ချီလျဲ့က ခြေတစ်ဖက်တည်းဖြင့် ရပ်နေခြင်း ဖြစ်၏။
ဘယ်ခြေထောက်က မြေကြီးပေါ်တွင် ရှိနေပြီး ညာခြေထောက်ကို မြင့်မားစွာ မြှောက်ထားသည်။
ချန်လျန် ဓားဝှေ့ယမ်းတော့မည့် အချိန်မှာပင် ညာခြေထောက်က မြေကြီးပေါ်သို့ ရုတ်တရက် ဆင်းသက်လာ၏။
"ဘုန်း။"
လေးလံသော အသံကြီးတစ်ခု ခန်းမဆောင်ကြီးထဲတွင် ဟိန်းထွက်သွားလေသည်။
ထိုခဏတွင် ခန်းမဆောင်တွင်းရှိ လေထုမှာ ရပ်တန့်သွား၏။
လူတိုင်း၏ နားထဲတွင် အော်သံများ၊ အရိုးကျိုးသံများ ပဲ့တင်ထပ်နေသည်။
ချန်လျန်၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားသည်အထိ နင်းခံလိုက်ရပြီး အသက်ရှင်သလား ၊ သေဆုံးသွားသလားပင် မသိနိုင်တော့ချေ။
မျက်လုံးများ မှိတ်ထားပြီး နာကျင်နေသည့် အသွင်အပြင် ရှိနေသော်လည်း ညှိုးငယ်နေသည့် လူချောလေး တစ်ယောက်၏ ဟန်ပန်တော့ ရှိနေဆဲဖြစ်၏။
အရှင်မင်းကြီး၏ မျက်ခမ်းစပ်များက တုန်ခါသွားသည်။
လျှောထိုးဝင်တာ... တကယ်ပဲ အလုပ်မဖြစ်ဘူးလား။
ကိုယ်တော် ထင်ထားတာက...
ချီလျဲ့သည် ခန္ဓာကိုယ် ကြီးမားသည့်အတွက် နှေးကွေးမည်ဟု ထင်မှတ်ထားသော်လည်း သူ၏ နည်းစနစ်များက ဤမျှလောက် ကောင်းမွန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ချန်လျန်သည် နန်းတွင်း သက်တော်စောင့်များထဲတွင် အတော်ဆုံးဟု ဆိုနိုင်သော်လည်း တစ်ချက်တည်းနှင့်ပင် သတိလစ်သွားသည်အထိ အနင်းခံလိုက်ရသည်။
အရှင်မင်းကြီး၏ မျက်နှာမှာ အနည်းငယ် ပျက်သွား၏။
မျက်နှာထား မည်းမှောင်စွာဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ "လူလာစမ်း... သမားတော်ရုံကို ပို့လိုက်။"
ကော်ထျန်းယန်မှာလည်း မျက်နှာတွင် ခါးသက်သော အပြုံးတစ်ခု ပေါ်လာပြီး စိတ်ထဲတွင် အလွန် ထိတ်လန့် နေ၏။
ဒီချန်လျန်က ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ။ တစ်ပွဲတောင် မခံနိုင်ဘူး။
ညရောက်လို့ အရှင်မင်းကြီး ဒေါသထွက်လာရင် ငါလည်း အဆဲခံရတော့မှာပဲ။
ဖါးပါးက ကျေနပ်သွားပြီးနောက် အရှင်မင်းကြီးကို အရိုအသေ ပေးလိုက်၏။ "အရှင်မင်းကြီး... ချီလျဲ့က ရိုင်းစိုင်းပြီး အင်အား အတိုင်းအတာကို မသိတာမို့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"
အရှင်မင်းကြီး၏ မျက်နှာမှာ ရေကဲ့သို့ တည်ငြိမ်နေသည်။ "ကိစ္စမရှိပါဘူး။ လက်သီးနဲ့ ခြေထောက်မှာ မျက်စိမပါဘူးလေ။ ဒါတွေက ဖြစ်နေကျပါပဲ။ ချီလျဲ့က တကယ်ကို သိုင်းပညာ မြင့်မားလိမ့်မယ်လို့ ကိုယ်တော် မထင်ထားခဲ့ဘူး။ သူ ကျေနပ်သွားပြီလား မသိဘူး။"
ဖါးပါးက လှည့်ကာ ဘာသာပြန်ပေးလိုက်၏။
ချီလျဲ့၏ မျက်နှာပေါ်တွင် အထင်သေးသည့် အရိပ်အယောင်များ ပေါ်လာသည်။ "အရမ်း အားနည်းတယ်။ ကျန်းပြောင်ကို လုံးဝ မမီဘူး။"
"ကျန်းပြောင်..." အရှင်မင်းကြီးသည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး ကော်ထျန်းယန်ကို သံသယဖြင့် ကြည့်လိုက်၏။
ဒီနာမည်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ မြို့တော်ထဲမှာ ဒီလို သိုင်းသမားမျိုး ရှိလို့လား။
ကော်ထျန်းယန်က အခြေအနေကို ရိပ်မိသည်နှင့် အလျင်အမြန် ကိုင်းညွတ်ကာ နားနားကပ်၍ ပြောလိုက်သည်။ "အရှင်မင်းကြီး... ကျန်းပြောင်ဆိုတာ တောက်ယွမ်ခရိုင်က လူတွေကို ဖင်ချုပ်ပေးတဲ့ ကျန်းပြောင်လေ။ မနေ့က သတင်းရတာတော့ ကျန်းပြောင်နဲ့ သူက ပန်းရှန်းရပ်ကွက်ထဲမှာ ခွန်အားပြိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။"
သူ သတိပေးလိုက်မှသာ အရှင်မင်းကြီးသည် ချက်ချင်း နားလည်သွားတော့၏။
တောက်ယွမ်ခရိုင်မှာ ပထမဆုံးအကြိမ် ကြားဖူးခဲ့တဲ့ ကျန်းပြောင်ဆိုတာ သူပဲ။ ငွေတုံး တစ်ထောင်ကို အင်္ကျီလက်ထဲထည့်ပြီး လျှောက်သွားနေတတ်တဲ့ သိုင်းသမားကိုး။
ဒီလူကို ချီလျဲ့က ဒီလောက်တောင် အထင်ကြီးနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
သို့ပေမည့် လူတွေကို ဖင်ချုပ်ပေးခဲ့သည့် ကျန်းပြောင်၏ လုပ်ရပ်ကို ပြန်တွေးမိသောအခါ အရှင်မင်းကြီးသည် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ရင်း ချက်ချင်း စားချင်စိတ် ကုန်ခန်းသွားတော့၏။
ဤကဲ့သို့သော လူစားမျိုးသည် မသမာသော နည်းလမ်းများကိုသာ အသုံးပြုပေလိမ့်မည်။ အကယ်၍ အနိုင်ရရှိသွားခဲ့လျှင်ပင် ထိုအောင်နိုင်ခြင်းကား တင့်တယ်လျောက်ပတ်မည် မဟုတ်ချေ။
"ချီလျဲ့... ဒီနေ့ ရောက်လာပြီဆိုတော့ ကိုယ်တော် မင်းကို ကျေနပ်အောင် ယှဉ်ပြိုင်ခွင့် ပေးမယ်။ နန်းတော်ထဲမှာ သိုင်းသမားတွေ အများကြီး ရှိတယ်။ မင်း ကြိုက်တဲ့သူကို ရွေးချယ်နိုင်တယ်။"
ချီလျဲ့က ခေါင်းယမ်းလိုက်၏။ "အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်က ကျန်းပြောင်နဲ့ပဲ အနိုင်အရှုံး ခွဲချင်ပါတယ်။"
စောစောက ချန်လျန်နှင့် ယှဉ်ပြိုင်ခဲ့သည့် အချိန်တိုလေးအတွင်း ချီလျဲ့သည် ထိုသူ၏ သိုင်းပညာမှာ သာမန်မဟုတ်ကြောင်း သိရှိခဲ့ပြီး ဖြစ်သည်။ ခန်မင်းကြီး၏ ဘေးနားရှိ သက်တော်စောင့်များနှင့် နှိုင်းယှဉ်လျှင်တောင် လျော့ကျမည် မဟုတ်ချေ။
ချန်လျန်သည် အရှင်မင်းကြီး သေချာ ရွေးချယ်ထားသူ ဖြစ်မည်မှာ သေချာပေသည်။
သို့ပေမည့် ဤကဲ့သို့သော သိုင်းပညာမျိုးက သူ့ရှေ့တွင် လုံလောက်မှု မရှိသေးချေ။နန်းတော်တွင်းရှိ သိုင်းသမားများကို မည်မျှပင် ရွေးချယ်ပါစေ ဤအဆင့်လောက်သာ ရှိပေလိမ့်မည်။
အရှင်မင်းကြီးသည် သူ၏ အမူအရာကို မြင်သောအခါ စိတ်ထဲတွင် ဒေါသထွက်သွားသော်လည်း ပြောစရာ စကားမရှိဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ သိုင်းပြိုင်ရာတွင် ရှုံးနိမ့်ခဲ့သည်မို့ ညံ့ဖျင်းခြင်းသည်သာ အပြစ်ဖြစ်ပေသည်။
ထို့နောက် ဖန်ကျန်းရီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "ဖန်အမတ်... ကျန်းပြောင်က မင်းရဲ့ဘေးမှာ အမြဲတမ်း ရှိနေတယ်လို့ ကိုယ်တော် မှတ်မိတယ်။ ချီလျဲ့က သူနဲ့ ယှဉ်ပြိုင်ချင်နေတယ်ဆိုတော့ သူ့ကို ခေါ်လာခဲ့လိုက်ပါလား။ ကိုယ်တော်လည်း ဒီကျန်းပြောင်ရဲ့ သိုင်းပညာက ဘယ်လောက်တောင် ကောင်းလဲဆိုတာ မြင်ဖူးချင်တယ်။"
အောက်ဘက်တွင် ထိုင်နေသော လီယွမ်ကျောက်မှာ ပျော်ရွှင်လွန်းသဖြင့် ပျံသန်းတော့မည့်အလား ဖြစ်နေ၏။
ဤကြမ်းတမ်းခက်ထန်သော သူနှစ်ဦး ဆုံတွေ့ကြလေလျှင် ဧကန်မလွဲ စိတ်ဝင်စားဖွယ်ရာ ပြဇာတ်တစ်ပုဒ်ကို ရှုစားရပေတော့မည်။ ယခု ခမည်းတော်ကိုယ်တိုင်ကပင် နှုတ်ဟမြွက်ဆိုလာပြီဖြစ်ရာ မျှော်လင့်ချက်ရောင်ခြည် သန်းလာနိုင်သည်။
ချီလျဲ့က ကျန်းပြောင်၏ နာမည်ကို ပြောလိုက်သည်နှင့် ဖန်ကျန်းရီ၏ မျက်နှာက မည်းမှောင်သွား၏။
ဒီခွေးကောင် ချီလျဲ့က ဘာကိစ္စ ကျန်းပြောင်ကို ဆွဲထည့်နေရတာလဲ။ မင်း သူ့ကို သဘောကျနေတာလား။
"အရှင်မင်းကြီး... ကျန်းပြောင်က ကျွန်တော်မျိုးရဲ့ အနားမှာ အမြဲတမ်း ရှိနေတာ မှန်ပါတယ်။ ဒါပေမဲ့ မနေ့က သူ နေမကောင်းဖြစ်သွားလို့ ဒီနေ့ သိုင်းပြိုင်နိုင်မှာ မဟုတ်ပါဘူး။"
မင်းတို့ဘာသာမင်း ဘယ်လိုပဲ ပြိုင်ပြိုင်။ ကျန်းပြောင်ရဲ့ အသက်ကိုတော့ အပျော်သဘော မလုပ်နဲ့။ ငါက မင်းတို့နဲ့ လိုက်မကစားနိုင်ဘူး။
အရှင်မင်းကြီးက အနည်းငယ် နှမြောသွားပုံရသည်။ "ဒါဆိုလည်း သူ့ကို ကောင်းကောင်း အနားယူခိုင်းလိုက်ပါ။"
ဖါးပါးကလည်း တစ်ချိန်တည်းမှာပင် ဘာသာပြန်ပေးနေ၏။
ချီလျဲ့သည် ဖန်ကျန်းရီကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် မေးခွန်းထုတ်လိုက်သည်။ "မဖြစ်နိုင်ဘူး။ မနေ့က သူ့ခန္ဓာကိုယ်က အကောင်းကြီး ရှိနေတာကို ကျုပ် မြင်ခဲ့တာပဲ။ ဘယ်လိုလုပ် ဒီနေ့ ရုတ်တရက် ဖျားသွားရတာလဲ။ ဖန်အမတ်ကများ ကြောက်နေလို့လား။ သူ နေမကောင်းဖြစ်နေရင်တောင် ကိစ္စမရှိပါဘူး။ ကျုပ် စောင့်နိုင်တယ်။ တစ်ရက်နှစ်ရက်လောက် စောင့်လိုက်ရင်တော့ ပုံမှန် ပြန်ဖြစ်သွားမှာပေါ့။"
ဖန်ကျန်းရီက အေးစက်သော အကြည့်ဖြင့် ချီလျဲ့ကို စိုက်ကြည့်လိုက်၏။ "သူ အခု အိမ်ပြန်သွားပြီ။ မြို့တော်ထဲမှာ မရှိဘူး။"
"ကျုပ် စောင့်နိုင်တယ်။"
ချီလျဲ့ကလည်း နွားမျက်လုံးကြီးများဖြင့် ဖန်ကျန်းရီကို စိုက်ကြည့်နေလေသည်။
မနေ့က ကျန်းပြောင်ဆီတွင် အရှုံးပေးလိုက်ရပြီးနောက် သူ၏ စိတ်ထဲတွင် ပို၍ ခံပြင်းနေမိ၏။
ယနေ့ ပြိုင်ပွဲတွင် စိတ်ထဲရှိ ဒေါသများကို ဖြေဖျောက်နိုင်ခြင်း မရှိသည့်အပြင် ပို၍ပင် ကြီးမားလာသည်။ အားနည်းသူများနှင့် ယှဉ်ပြိုင်ရခြင်းမှာ တကယ်ကို စိတ်ပျက်စရာ ကောင်းလှ၏။ တစ်ချိန်တည်းမှာပင် ကျန်းပြောင်တွင် မည်မျှလောက် စွမ်းရည်ရှိသနည်း ဆိုသည်ကိုလည်း ပိုမို သိချင်လာမိသည်။
ယခု အရာရှိငယ်လေး တစ်ယောက်က သူ့ရှေ့တွင် လာပိတ်ရပ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
အရှင်မင်းကြီးသည် သူတို့နှစ်ယောက်၏ မျက်နှာထားများကို သေချာစွာ အကဲခတ်ကြည့်လိုက်ရာ မသိမသာ ဓားဆွဲထုတ်တော့မည့် အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
မှူးမတ်များကလည်း အချင်းချင်း မျက်လုံးများဖြင့် အချက်ပြနေကြသည်။
ဖန်ကျန်းရီက အဘယ့်ကောင့်ကျန်းပြောင်ကို သိုင်းပြိုင်ခွင့် မပေးရသနည်းကို သူတို့ နားမလည်ကြချေ။
သို့ပေမည့် ချီလျဲ့က သူ့အပေါ် အမြင်မကြည်ဖြစ်နေပုံရပြီး သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ သိပ်မကောင်း လှပေ။
ဒီပြဿနာကောင်က အပြင်လူတွေကို သွားပြီး ဒုက္ခပေးတော့မလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက တကယ်ကို ဝမ်းသာစရာ ကိစ္စပဲ။
ဖါးပါးက အခြေအနေကို မြင်သည်နှင့် အလျင်အမြန် ဝင်ရောက် တားဆီးလိုက်၏။
ဤသူနှစ်ဦး ထိပ်တိုက်တွေ့ဆုံ၍ မဖြစ်ချေ။ ဖန်ကျန်းရီတွင် ထမ်းဆောင်ရန် အရေးပါသော တာဝန်ဝတ္တရားများ ရှိနေသေး၏။ သူ့အား အမျက်ဒေါသ ထွက်စေမည်ဆိုပါက ထိုအရေးကြီးသော ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်နိုင်ပါဦးမည်လား။
ဖါးပါးက ချီလျဲ့၏ အင်္ကျီလက်စကို ဆွဲလိုက်သော်လည်း ချီလျဲ့က လှုပ်ရှားခြင်း မရှိဘဲ ဖန်ကျန်းရီကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။
ခဏအကြာတွင်တော့... ဖန်ကျန်းရီက ပြုံးလိုက်၏။
လူတစ်ကိုယ်လုံး သက်သောင့်သက်သာ ဖြစ်သွားပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကောင်းပြီ... ဒါဆို ကျုပ်က ကျန်းပြောင် ကိုယ်စား လက်ခံလိုက်မယ်။ အရှင်မင်းကြီး... သိုင်းပြိုင်မယ်ဆိုရင်လည်း သေချာ ပြိုင်ရအောင်ပါ။
ဖုန်းထျန်း ခန်းမဆောင်က ကြီးမားပေမဲ့ နေရာ အလုံအလောက် မရှိသေးပါဘူး။ သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ် မပြိုင်နိုင်မှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်။ ပန်းရှန်းရပ်ကွက်မှာ မကြာသေးခင်က ဘောလုံးကွင်းလို့ ခေါ်တဲ့ ကွင်းပြင်တစ်ခု ဆောက်လုပ်ထားပါတယ်။ အဲဒါက ပြည်သူတွေ ဖျော်ဖြေရေးအတွက် ဖြစ်ပြီး အခုထိ အသုံးမပြုရသေးပါဘူး။ ကျွန်တော်မျိုးရဲ့ အမြင်အရဆိုရင် ၅ ရက်ကြာရင် အဲဒီကွင်းထဲမှာ သိုင်းပြိုင်ဖို့ စီစဉ်လိုက်ရင် ပိုကောင်းမယ် ထင်ပါတယ်။
၅ ရက်ဆိုတဲ့ အချိန်က ကျန်းပြောင် နေကောင်းဖို့အတွက်လည်း လုံလောက်ပါတယ်။ အဲဒီမှာ နေရာ ကျယ်ဝန်းတဲ့အတွက် သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ် သိုင်းပြိုင်နိုင်မှာပါ။ ပြီးတော့ မြို့တော်က ပြည်သူတွေကိုပါ လာရောက် ကြည့်ရှုခွင့် ပေးမယ်ဆိုရင် အရှင်မင်းကြီးလည်း ပြည်သူတွေနဲ့အတူ ပျော်ရွှင်ရမှာပါ။ အရှင်မင်းကြီး... ခွင့်ပြုပေးပါဖို့ တောင်းဆိုပါတယ်။”
တစ်ခန်းလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး မှူးမတ်များ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြ၏။
သိုင်းပြိုင်ရာမှာ အနိုင်ရဖို့ လိုအပ်ပေမဲ့ ဒီလောက်ကြီးကျယ်တဲ့ အထိလုပ်ဖို့ လိုအပ်လို့လား။
ပြည်သူတွေကိုပါ လာကြည့်ခိုင်းအုံးမယ်ဆိုတော့ တကယ်လို့ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ မင်း ဘယ်ကနေ သေချာပေါက် နိုင်မယ်ဆိုတဲ့ ယုံကြည်မှုတွေ ရလာတာလဲ။
လီယန်စုန်က ချက်ချင်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "အရှင်မင်းကြီး... သာမန် သိုင်းပြိုင်တာလေးကို သိုင်းကျင့်တဲ့ ကွင်းထဲမှာ ပြိုင်ခိုင်းလိုက်ရင် ရပါပြီ။ ပြည်သူတွေကို အနှောင့်အယှက် မဖြစ်ရအောင် အကြီးအကျယ် လုပ်စရာ မလိုဘူးလို့ ကျွန်တော်မျိုး ထင်ပါတယ်။"
အရှင်မင်းကြီးက စကားမပြောဘဲ ဖန်ကျန်းရီကိုသာ ကြည့်နေ၏။
ဒီကောင်လေးက ကြိုတင်ပြင်ဆင်မှု မရှိဘဲ စစ်တိုက်မယ့်သူ မဟုတ်ဘူး။ အထူးသဖြင့် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို အပေါင်ထားရတဲ့ အချိန်မျိုးမှာပေါ့။
စောစောက အသေအလဲ ငြင်းနေပြီးမှ အခု ရုတ်တရက် လက်ခံလိုက်တယ်ဆိုရင် သေချာပေါက် သူ့မှာ အကြံအစည် တစ်ခုခု ရှိလို့ပဲ ဖြစ်မယ်။
ဒါပေမဲ့... သူ ဘယ်လို တွေးနေလဲဆိုတာကိုတော့ မသိဘူး။ ကျန်းပြောင်ရဲ့ သိုင်းပညာက တကယ်ပဲ ချီလျဲ့ကို နိုင်နိုင်လို့လား။
ဖန်ကျန်းရီက အရှင်မင်းကြီးကို ကြည့်ကာ ဖြည်းဖြည်းချင်း ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
အရှင်မင်းကြီး၏ စိတ်ထဲတွင် အကြိမ်ကြိမ် ချိန်ဆကြည့်ပြီးနောက် သူ၏ တုံ့ပြန်မှုကို မြင်သောအခါ ရုတ်တရက် စိတ်ချသွားပြီး စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် လေးနက်စွာဖြင့် ပြောလိုက်၏။ "နိုင်ငံနှစ်ခု သိုင်းပညာနဲ့ မိတ်ဆွေဖွဲ့တာကို ပြည်သူတွေပါ သက်သေခံခိုင်းတာ ကိုယ်တော့်ရဲ့ ဆန္ဒနဲ့ ကိုက်ညီပါတယ်။ ဒီကိစ္စကို ကိုယ်တော် ခွင့်ပြုလိုက်ပြီ။"