← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 15 Ch. 141-142

🍋 Chapter 141

"ရှောင်ပေါင်၊ အလုပ်ကနေ အခုမှပဲ ပြန်လာတာလား"

"အေး" ဟွမ်ရှီက တစ်သျှူးနှင့် စားပွဲကို သုတ်နေရင်းပင် သူ့ကို ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"ဟဲဟဲ၊ အခုလို ရုတ်တရက် ခေါ်လိုက်တာအတွက် တောင်းပန်ပါတယ်ဗျာ"

ကျိုးထျန်းက အငွေ့တထောင်းထောင်း ထနေသည့် သိုးသားကင် ပန်းကန်ကို သူ့ရှေ့သို့ ယဉ်ယဉ်ကျေးကျေး တွန်းပေးလိုက်သည်။

သို့သော် ဟွမ်ရှီက မျက်မှောင်အနည်းငယ်သာ ကြုတ်လိုက်ပြီး စားရန်အတွက် ကောက်မယူခဲ့ပေ။

ကျိုးထျန်းက အနေရခက်စွာ ရယ်မောလိုက်ပြီး သူဘာသာ စတင်စားသောက်လိုက်သည်။

"ကျွန်တော် ဒီနေ့ ခင်ဗျားဆီ လာတာက မူယန်နဲ့ ပတ်သက်ပြီး မေးစရာတချို့ ရှိလို့ပါ"

"ကိစ္စမရှိပါဘူး၊ ပြောသာပြောပါ။ ငါ ဒီရောက်နေမှတော့ မင်းကို ကူညီပေးဖို့ ဆန္ဒရှိပါတယ်"

"ရှောင်ပေါင်ကလည်း သဘောကောင်းလိုက်တာ၊ ဒါဆို ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်"

ကျိုးထျန်း ပါးစပ်ထဲရှိ သိုးသားကင်ကို မြိုချလိုက်ပြီး ပြုံးကာ မေးသည်။

"မကြာသေးခင်က မူယန်တို့ မိသားစုမှာ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့တာ ခင်ဗျား ကျွန်တော့်ထက် ပိုသိမှာပါ"

"အဒေါ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ရုံတင်မကဘဲ အခုထိ ဆေးရုံတက်နေရတုန်းပဲလေ"

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှောင်ပေါင်၏ မျက်လုံးများ မှေးမှိန်သွားပြီး မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်များ ထင်ဟပ်လာသည်။

"အခုဆို အဒေါ်အပြင် ဦးလေးရဲ့ အလုပ်ကိစ္စမှာပါ ပြဿနာတွေ တက်နေတာပဲ။ ခင်ဗျားက သူ့ရဲ့ တပည့်၊ အယုံကြည်ရဆုံး လက်အောက်ငယ်သားဆိုတော့ ဒါကို ပိုသိမှာပေါ့"

ရှောင်ပေါင် ခေါင်းညိတ်လိုက်သည်။ လျိုထျန်းအန် အလုပ်အကြောင်း ပြောလိုက်သည့်အခါ သူ့ အမူအရာမှာ ဒေါသထွက်သွားသည်။

"ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် မူယန်ရဲ့ မိဘတွေက ဖျားနာတာ ဒါမှမဟုတ် အလုပ်လက်မဲ့ ဖြစ်တာနဲ့ မိသားစုမှာ ဝင်ငွေ လုံးဝမရှိတော့ဘူး။ အဲ့ဒီအပြင် ပြန်လည်သန်စွမ်းရေးနဲ့ ကုသစရိတ်တွေကလည်း ရှိသေးတယ်၊ လူနာကို ပြုစုစောင့်ရှောက်ဖို့ကလည်း လိုသေးတယ်လေ"

"ပြီးတော့ မူယန်က တက္ကသိုလ်တက်တော့မှာ။ ကျောင်းလခနဲ့ နေထိုင်စရိတ်ကလည်း မနည်းဘူး။ တခြားကောင်မလေးတွေလိုပဲ မူယန်ကို အလုပ်လုပ်ခိုင်းကြတော့မှာလား"

ကျိုးထျန်းက လျိုမိသားစု ကြုံတွေ့ရမည့် အခက်အခဲများကို အကုန်လုံး ထုတ်ပြောလိုက်သည်။

ဟွမ်ရှီ ခေါင်းခါလိုက်သည်။

"အဲ့လိုတော့ မဖြစ်စေရဘူး။ မူယန်က ငါ့ရဲ့ ညီမလေးလိုပဲ၊ ငယ်ငယ်ကတည်းက ဘာဒုက္ခမှ မခံခဲ့ရဘူး၊ စာလည်း ထူးချွန်တယ်။ အနာဂတ်မှာ အရမ်းတော်တဲ့သူ ဖြစ်လာမှာပဲ။ သူ့အချိန်တွေကို အလုပ်လုပ်ရင်းနဲ့ အလကား မဖြုန်းတီးခိုင်းနိုင်ဘူး"

"ဒါပေမဲ့ ဘာလုပ်လို့ ရမှာလဲ? လျိုမိသားစုရဲ့ ပြဿနာတွေကို ငါတို့ မဖြေရှင်းပေးနိုင်ဘူးလေ"

ကျိုးထျန်းက သူ့ကို ကြည့်လိုက်သည်။

"ငါ အရင်က ဆရာ့ကို ပြောဖူးတယ်၊ အခြေအနေ မကောင်းရင် တစ်ကိုယ်တော် ရပ်တည်ပြီး ကိုယ်ပိုင် စတူဒီယိုထောင်ကြမယ်၊ အစက ပြန်စကြမယ်လို့လေ။ ဒါပေမဲ့ သူက အမြဲတမ်း ဆိုင်းငံ့ထားပြီး ငါ့ကို အဖြေပြန်မပေးဘူး"

ဤအထိရောက်သော် ရှောင်ပေါင်က စိတ်ပျက်စွာဖြင့် စားပွဲကို ခပ်ပြင်းပြင်း ထုလိုက်ပြီး တစ်သျှူးဖြင့် လက်ကို စိတ်ပျက်လက်ပျက် သုတ်လိုက်သည်။

"ဦးလေးမှာ သူ့အစီအစဉ်နဲ့သူ ရှိမှာပါ။ ဥပမာ- တစ်ကိုယ်တော် ထွက်လုပ်မယ်ဆိုရင်တောင် ကနဦး အရင်းအနှီးကို ဘယ်လို ရှာမလဲ?"

"ရင်းနှီးမြှုပ်နှံသူတွေကို ရှာနိုင်ပါ့မလား?"

"ခင်ဗျားတို့နဲ့အတူ ဘယ်နှစ်ယောက် လိုက်လာမှာလဲ?"

"ဒါတွေအားလုံးက ဖြေရှင်းရ ခက်တဲ့ ပြဿနာတွေပဲ၊ ဒါကြောင့်လည်း ဦးလေး ခင်ဗျားကို အဖြေမပေးနိုင်သေးတာ ဖြစ်မှာပါ"

ကျိုးထျန်းက ခဏရပ်လိုက်ပြီး ဆက်ပြောသည်။

"ပြီးတော့ ဦးလေးက ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့သူလို့ ထင်တယ်။ သူနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ မပြီးခင်မှာ ကိုယ်ပိုင် စီးပွားရေး လုပ်မှာ မဟုတ်ဘူး"

"အဲ့ဒီလို လုပ်လိုက်ရင် လူတွေ ပြောစရာ ဖြစ်လာမယ်၊ သူ့ရဲ့ ဂုဏ်သိက္ခာလည်း ပျက်သွားနိုင်တယ်လေ"

ထိုအကြောင်းကို ပြောလိုက်သည့်အခါ ရှောင်ပေါင်၏ အမူအရာမှာ ပိုမို ဆူပွက်လာသည်။ ကုမ္ပဏီ၏ စစ်ဆေးမှုမှာ ယခုအခါ အလွန်ပင် စေ့စပ်သေချာနေပြီ ဖြစ်သည်။ ကွန်ပျူတာများအားလုံးကို စစ်ဆေးရန် သိမ်းဆည်းသွားပြီး၊ ကုမ္ပဏီကလည်း သူတို့၏ ကိုယ်ပိုင်အကောင့်များကို လျှို့ဝှက် စစ်ဆေးနေသည်။

သူသည် ဤဘဝကို နောက်ထပ် တစ်ရက်မျှ မနေချင်တော့ပေ။ ကုမ္ပဏီတွင် နေ့တိုင်း သူနှင့် လျိုထျန်းအန်၏လက်အောက်ငယ်သားများမှာ လူတို့၏လက်ညှိုးထိုးခြင်းနှင့် ကဲ့ရဲ့ခြင်းကို ခံနေကြရသည်။

ထို့အပြင် သူတို့မှာ အလုပ်မရှိကြတော့ပေ၊ ဘယ်သူကမှလည်း သူတို့ကို ပရောဂျက် မပေးတော့ပေ။ ကုမ္ပဏီ၏နေ့စဉ် အစည်းအဝေးများတွင်ပင် သူတို့ မပါဝင်ရသလို၊ အဖွဲ့လိုက် လှုပ်ရှားမှုများ၊ သုံးလပတ် အစည်းအဝေးများတွင်လည်း မပါဝင်ရတော့ပေ။

သူတို့သည် လုံးဝအထီးကျန်သွားပြီး လူတိုင်း၏ဝေဖန်မှု ပစ်မှတ်ဖြစ်သွားကြသည်။

"ခင်ဗျား ပြောတာကို ကျွန်တော် သိတာပေါ့၊ ဒါပေမဲ့ ဒီအတိုင်း ထိုင်ပြီး သေဖို့ စောင့်နေလို့လည်း မရဘူးလေ"

ရှောင်ပေါင် မျက်နှာကို သုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"ဒါကြောင့်လည်း ခင်ဗျားကို အပြင်မှာ ဖိတ်ခေါ်လိုက်တာပေါ့"

ကျိုးထျန်း ပြုံးလိုက်ပြီး ဆက်စားသည်။

"ဘာကို ဆိုလိုတာလဲ? ခင်ဗျားမှာ အစီအစဉ် ရှိလို့လား?"

ကျိုးထျန်း သူ့ကို ချက်ချင်းမဖြေဘဲ ဆက်စားနေသည်။ သိုးသားကင် အချို့ကို စားပြီးနောက် လက်ကို သုတ်လိုက်ပြီး ဆက်ပြောသည်။

"အစီအစဉ် ရှိလို့ပေါ့၊ မဟုတ်ရင် ခင်ဗျားကို ဘာလို့ ဖိတ်ပါ့မလဲ"

ဤစကားက ဟွမ်ရှီ၏စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးလိုက်သည်။ ဟွမ်ရှီမှာ မူရန်နှင့် စကားပြောစဉ်ကတည်းက ကျိုးထျန်းမှာ အလွန် ချမ်းသာကြောင်းသိထားပြီး ဖြစ်သည်။

ဒါဆို သူက သူတို့ကို ရင်းနှီးမြှုပ်နှံပေးမလို့လား?

ကျိုးထျန်း သူ့အတွေးကို လျစ်လျူရှုကာ သူ့ဘာသာ သူ ဆက်ပြောသည်။

"ကျွန်တော် ထင်တာတော့ ခင်ဗျားတို့ အစက ပြန်စဖို့ မလိုဘူး။ သင့်တော်တဲ့ ကုမ္ပဏီတစ်ခုကို ရှာလိုက်ပါ၊ ခင်ဗျားတို့ရဲ့ အဖွဲ့ကိုလက်ခံမယ့် ကုမ္ပဏီတစ်ခုကို ရှာပြီး တစ်ဖွဲ့လုံး အဲ့ဒီကို ပြောင်းသွားလိုက်ဖို့ပဲ"

"ဟက်၊ ဒါက တကယ် ဖြစ်နိုင်လို့လား?"

"အဲ့လို ကုမ္ပဏီမျိုးသာ ရှိမယ်ဆိုရင် ငါတို့ အရင်ကတည်းက သွားနှင့်ပြီးပေါ့။ မင်း ပြောပြစရာမှ မလိုတာ"

ရှောင်ပေါင် လှောင်ပြုံးဖြင့် ပြောလိုက်သည်။ ဘယ်လောက် ရယ်စရာကောင်းတဲ့ အဖြေလဲ။

"အကယ်၍ အဲ့လို ကုမ္ပဏီမျိုး တကယ်ရှိနေရင်ရော?"

"မဖြစ်နိုင်တာ။ ငါ ဒီလုပ်ငန်းမှာ လုပ်လာတာ နှစ်တွေ အတော်ကြာပြီ၊ ငါ သိသလောက်တော့ ဘယ်ကုမ္ပဏီကမှ အဲ့လို စိတ်ကူး မရှိဘူး"

သူက သေချာပေါက် ပြောသည်။ သူ့ သတင်းကွန်ရက်မှာ အတော်လေး ကောင်းမွန်ပြီး ဤလုပ်ငန်းနယ်ပယ်တွင် မည်သည့်ကုမ္ပဏီကမှ ထိုသို့ စိတ်ဝင်စားမှု ပြသည်ကို မကြားဖူးပေ။

"ဒါဆိုရင် အဲ့လို ကုမ္ပဏီရှိခဲ့ရင် ခင်ဗျား စဉ်းစားမှာလား?"

"သေချာပေါ့ စဉ်းစားမှာပေါ့! ဘာလို့ မစဉ်းစားရမှာလဲ? ဘယ်ကုမ္ပဏီက လက်ခံပေးမလဲလို့ ပြောတာလဲ?"

"မူလ ယင်းချိုင် ၊ အခု ထျန်းချိုင် နည်းပညာ ဖြစ်နေရင်ရော?"

"ထျန်းချိုင်? မင်းပြောတာ Despair World ကို လုပ်တဲ့ ရှန်ဟိုင်းက ကုမ္ပဏီကို ပြောတာလား?"

"ဟုတ်တယ်၊ အဲ့ဒါပဲ"

"သေချာလို့လား? မင်းက သူတို့ရဲ့ သူဌေးကို သိလို့လား?"

ရှောင်ပေါင်က သံသယဖြင့် မေးသည်။ သူသည် ဤကုမ္ပဏီကို ကောင်းကောင်း သိသည်။ ရှန်ဟိုင်းတွင် မိုဘိုင်းဂိမ်း ကုမ္ပဏီများ မရှိလှသဖြင့် သူ ဘယ်လိုလုပ် မသိဘဲ နေမလဲ။

"ကျွန်တော်က ထျန်းချိုင် နည်းပညာရဲ့ သူဌေးပါ" ကျိုးထျန်း ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

ဟွမ်ရှီ: ...

အချိန်အတော်ကြာပြီးနောက် ရှောင်ပေါင်မှာ အံ့အားသင့်မှုမှ တဖြည်းဖြည်း ပြန်လည် နိုးထလာသည်။

"ထျန်းချိုင် နည်းပညာ၊ မင်းနာမည်က ကျိုးထျန်း၊ ဟွန်း... စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ငါ့ရှေ့မှာတင် ဒီလောက် တော်တဲ့သူ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ငါ တကယ့်ကို မျက်စိကန်းနေတာပဲ"

"ဒါဆို... မင်းတို့အဖွဲ့ကို လက်ခံဖို့ ဆန္ဒရှိလား?"

"ရှိတာပေါ့၊ ဒါပေမဲ့ ကြိုတင် သတ်မှတ်ချက် တစ်ခုတော့ ရှိတယ်"

"ပြောပါ" ရှောင်ပေါင်က လွယ်လွယ်ပင် ပြောသည်။

"ခင်ဗျားတို့အဖွဲ့ မရောက်ခင်မှာ ဒါလုံ ရဲ့ အချက်အလက်တွေကို ပေါက်ကြားအောင် လုပ်ခဲ့တဲ့ သူလျှိုကို အရင် ရှာပေးရမယ်"

သူ၏ စည်းကမ်းချက်ကို ပြောပြီးနောက် ကျိုးထျန်းမှာ ဟွမ်ရှီကို အေးအေးဆေးဆေး စိုက်ကြည့်နေသည်။

"မဖြစ်နိုင်တာ၊ မဖြစ်နိုင်ဘူး! ငါတို့အဖွဲ့ထဲက ဘယ်သူမှ ကုမ္ပဏီကို သစ္စာမဖောက်ဘူး။ ဒါလုံက ဒီလောက်ကြာအောင် စုံစမ်းနေတာတောင် ဘာမှ မတွေ့ခဲ့ဘူးလေ။ အဲ့ဒါက အကောင်းဆုံး သက်သေပဲ!"

သူက စိတ်လှုပ်ရှားလာပြီး အသံမှာ ပိုမို ကျယ်လောင်လာသည်။ ကံကောင်းသည်မှာ ဤနေရာမှာ လူစုံတက်စုံနှင့် ဆူညံနေသည့် နေရာ ဖြစ်သဖြင့် သူ့အသံမှာ ထူးခြားနေခြင်း မရှိပေ။

"သေချာလို့လား?"

"ကျွန်တော် မနေ့ကပဲ ဝမ်ချောင်နည်းပညာရဲ့ သူဌေးနဲ့ တွေ့ခဲ့တယ်၊ သူတို့က အဲ့လိုမျိုး ဘာမှ ပြောမသွားဘူးလေ"

ကျိုးထျန်းက သဘာဝအတိုင်း ပြောရင်း စားသောက်နေပြီး ဟွမ်ရှီ၏ အမူအရာကို စောင့်ကြည့်နေသည်။

ဟွမ်ရှီ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိပေ။

"သူတို့နှစ်ယောက် ပြောတာကို ယုံလို့ ရမှာလား? သူတို့က ဒီလုပ်ငန်းမှာ ရက်စက်ပြီး ကောက်ကျစ်တယ်လို့ နာမည်ကြီးတာ။ ခင်ဗျားကို လမ်းလွဲအောင် လုပ်ဖို့ နာမည်တစ်ခုခုကို တမင် ဖန်တီးပြောသွားတာ ဖြစ်မှာပါ"

"ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့က နာရီအကြောင်းလည်း ပြောသွားသေးတယ်။ ခင်ဗျား ကြားဖူးလား?"

"နာရီ?"

"မင်းပြောတာ ငါ့ဆရာ့အိမ်က ခိုးခံလိုက်ရတဲ့ နာရီအကြောင်းကို ပြောတာလား?"

"သူတို့က ဘာလို့ အဲ့ဒီနာရီအကြောင်းကို ပြောရတာလဲ?"

ရှောင်ပေါင်မှာ မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားခန်း ဝင်သွားသည်။

အချိန်အတော်ကြာသည်အထိ ကျိုးထျန်းက ဘာမှ မပြောဘဲ သူ စဉ်းစားနေသည်ကို ငြိမ်သက်စွာ စောင့်နေသည်။

"ဒါက ငါ့ဆရာ့အမှုနဲ့ ဆက်စပ်နေတာများလား?"

"ငါ နားလည်ပြီ။ သူတို့က ငါ့ဆရာကို ဝမ်ချောင်နည်းပညာဆီ ခေါ်ဖို့ ကြိုးစားတာ၊ ဆရာက ငြင်းလိုက်တော့ သူတို့က လက်စားချေတာပဲ!"

ရှောင်ပေါင်၏ အမူအရာမှာ အလွန် ရက်စက်ကြမ်းတမ်းလာပြီး မျက်လုံးများမှာ ပြူးကျယ်လာသည်။

ကျိုးထျန်း ခေါင်းညိတ်လိုက်ပြီး သူ့ကို အားပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"ခင်ဗျား ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ခင်ဗျား အသေးစိတ် အချက်အလက် အချို့ကို လွှတ်သွားတယ်"

🍋 Chapter 142

ကျိုးထျန်းက သူ့ ပြောဆိုချက်ကို အတည်ပြုလိုက်သည်။

"ခင်ဗျား ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ အသေးစိတ် အချက်အလက် အချို့ လိုနေသေးတယ်"

"လျိုမိသားစုမှာ ဒီရာဇဝတ်မှုကို တကယ်တမ်း ကျူးလွန်ခဲ့တာ ဘယ်သူလဲ?"

"ပြီးတော့ ဒီလူက ဘာကြောင့် ဒီလိုလုပ်ရတာလဲ?"

"ဒီအသေးစိတ် အချက်အလက်တွေက အရမ်းအရေးကြီးတယ်"

"ကျွန်တော် အရင်က မစဉ်းစားတတ်ခဲ့ပေမဲ့ အခုတော့ နားလည်သွားပြီ"

ကျိုးထျန်းက လက်ထဲက သံတုတ်ကင်ကို ချလိုက်ပြီး ရှောင်ပေါင်ကို ပြုံးကြည့်လိုက်သည်။

"ဒါကြောင့်လည်း ကျွန်တော် ဒီသစ္စာဖောက်ကို ရှာမှ ဖြစ်မှာ၊ မဟုတ်ရင် ဦးလေးရဲ့ အဖွဲ့ကို ဘယ်လို စိတ်ချလက်ချနဲ့ လက်လွှဲယူရဲမှာလဲ"

"ကျွန်တော်တို့ ထျန်းချိုင် နည်းပညာက ဒီလို မိုင်းဗုံးမျိုးကို အနောက်မှာ ချန်ထားခဲ့လို့ မရဘူးလေ"

ရှောင်ပေါင် အမူအရာမှာ မနှစ်မြို့သလို ဖြစ်သွားသည်။

"ငါ ပြောပြီးပြီလေ၊ ဆရာ့အဖွဲ့ထဲမှာ အဲ့လိုလူမျိုး လုံးဝ မရှိဘူး။ တကယ်လို့ ရှိရင်လည်း ဒါလုံက ကောင်တွေက အစောကြီးကတည်းက ရှာတွေ့နေမှာပေါ့။ အခုထိတော့ ဘာသဲလွန်စမှ မတွေ့ဘဲနဲ့။ တစ်ယောက်ယောက်က ငါဆရာကို ဒုက္ခပေးချင်လို့ ဖြစ်ရမယ်။

ဟုတ်တယ်၊ ဝမ်ချောင်က အဲ့ဒီကောင်နှစ်ယောက်၊ သူတို့က ဒါလုံထဲမှာ လူသွင်းပြီး ငါ့ဆရာကို တမင် ပုံဖျက်တာ ဖြစ်ရမယ်"

သူက အသေအချာပင် ပြောဆိုလိုက်ပြီး သူ့ အမူအရာမှာလည်း အလွန်တည်ကြည်နေသည်။

"ကောင်းတယ်၊ တကယ်ကောင်းတယ်။ ဒီလောက်တော်တဲ့သူ ဒီလောကမှာ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ကျွန်တော် တကယ်ပဲ အံ့ဩသွားတယ်၊ တကယ်ကို လေးစားမိတယ်၊ အရမ်းကို လေးစားမိတယ်"

ကျိုးထျန်းမှာ လက်ခုပ်တီးလိုက်မိသည်။

"ဟွမ်ရှီ၊ ခင်ဗျားက တကယ်ကို ပါရမီရှင်ပဲ။ ခင်ဗျားရဲ့ သရုပ်ဆောင်မှုက အဆင့်မြင့်လွန်းတယ်၊ ဘာအပြစ်အနာအဆာမှ မရှိဘူး။ ခင်ဗျားသာ ဖျော်ဖြေရေးလောကထဲ ဝင်သွားရင် မိုဘိုင်းဂိမ်းလောကမှာထက်တောင် ပိုပြီးနာမည်ကြီးနေမှာ အသေအချာပဲ"

"ခင်ဗျားရဲ့ သရုပ်ဆောင် အရည်အချင်းက အိုင်ဒေါလ် ပေါက်စလေးတွေထက်တောင် အများကြီး သာတယ်။ သဘာဝကျတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ၊ မျက်တောင်တစ်ချက် မခတ်ဘဲ လိမ်ပြောနိုင်တာ၊ တကယ့်ကို အံ့ဩဖို့ကောင်းတယ်"

ကျိုးထျန်းက သူ့ကို ပြုံးကြည့်လိုက်သည်။

ဟွမ်ရှီ နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။

"မင်း ဘာတွေ ပြောနေတာလဲ? ငါ ဘာမှ နားမလည်ဘူး"

"မင်းက ငါ ဒါလုံကို သစ္စာဖောက်တယ်လို့ ပြောချင်တာလား?"

"ဝမ်ချောင် က အဲ့ဒီမြေခွေးအိုနှစ်ကောင် မင်းကို လာပြောတာလား?"

"သူတို့က တကယ်ပဲ လုပ်တတ်သားပဲ။ ငါက ဆရာ့ရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်နေတာကို သူတို့က မင်းကို သုံးပြီး ငါတို့ကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာကိုး"

ကျိုးထျန်းက သူ့ကို ဆက်ကြည့်နေသည်။

"မင်းကို ဘယ်သူမှ သံသယ မဝင်တာ အံ့ဩစရာ မဟုတ်တော့ဘူး။ မင်းက မင်းကိုယ်တိုင်တောင် လှည့်စားထားနိုင်တာပဲ မဟုတ်လား?"

"ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို အထင်သေးလွန်းနေပြီ"

"ကျွန်တော် ငယ်လွန်းလို့ ခင်ဗျားတို့ အားလုံးက ကျွန်တော့်ကို အလေးအနက် မထားကြတာလား?"

ကျိုးထျန်း သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

သို့သော် ၎င်းမှာလည်း ကောင်းပေသည်။

တခြားသူတွေကို အထင်သေးအောင် လုပ်ထားလို့ ရတာပေါ့။

"ဟွမ်ရှီ၊ ကျွန်တော့်မှာ ခိုင်လုံတဲ့ အထောက်အထား မရှိရင် ခင်ဗျားကို တွေ့ဖို့ ချိန်းမယ်လို့ ထင်နေတာလား?"

ကျိုးထျန်း ဖုန်းထဲက ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်ပြီး ပုံတစ်ပုံကို ရှာကာ ဟွမ်ရှီရှေ့တွင် ချပေးလိုက်သည်။

ဟွမ်ရှီက တစ်ချက်ကြည့်လိုက်ပြီး ဖုန်းကို ကျိုးထျန်းဆီ ပြန်တွန်းပေးလိုက်ကာ စားပွဲပေါ်မှ သိုးသားကင်ကို ကောက်ယူပြီး စားလိုက်သည်။

"ငါ ဒါကို နားမလည်ဘူး။ မင်း ဘာပြောချင်တာလဲ?"

ကျိုးထျန်းမှာ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။

"ကျွန်တော်ကတောင် ခင်ဗျားရဲ့ တပည့်ဖြစ်ရမလားလို့ တွေးနေမိတာ၊ ခင်ဗျားကတော့ အခုထိ ဘာမှ မဖြစ်သလိုပဲ။ ကျွန်တော်က အထောက်အထားကို ခင်ဗျားရှေ့ ချပေးထားတာတောင် ခင်ဗျားက ဒီလိုပဲ လုပ်နေသေးတယ်"

ပြောပြီးနောက် သူ၏ မျက်ဝန်းများ ပြောင်းလဲသွားပြီး ဒေါသများ ပြည့်နှက်လာသည်။

"ခင်ဗျားသာ လျိုမိသားစုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး မရှိရင် ခင်ဗျား အခုလောက်ဆို ပြီးဆုံးသွားပြီဆိုတာ သိထားဖို့ လိုတယ်!"

"မူရန်တို့ မိသားစုက ခင်ဗျားကို ဒီလောက် ချစ်ခင်ယုံကြည်နေတာကို ငဲ့ညှာတဲ့အတွက်သာ မဟုတ်ရင်၊ ခင်ဗျားကို ဒီလောကကြီးကနေ ပျောက်ကွယ်သွားအောင် အရင်ကတည်းက လုပ်လိုက်ပြီးပြီဆိုတာ သိထားပါ!"

သူ၏ စကားနှစ်ခွန်းမှာ တိုးတိုးလေးသာ ပြောလိုက်ခြင်း ဖြစ်သော်လည်း အားမာန်အပြည့် ပါဝင်သည်။

ဟွမ်ရှီ၏ အမူအရာမှာ ဤအချိန်တွင် အနည်းငယ် ပြောင်းလဲသွားသော်လည်း ကြောက်ရွံ့မှု အနည်းငယ်သာ ပါဝင်သည်။

သူ သိထားသည်မှာ ကျိုးထျန်းမှာ နောက်ပြောင်နေခြင်း မဟုတ်ကြောင်းပင်။

ဒီလူငယ်လေးမှာ သူထက်တောင် ပိုငယ်သေးသည်၊ သို့သော် သူ့ ကိုယ်မှ ထွက်ပေါ်လာသော လူသတ်ငွေ့မှာ အလွန်ပြင်းထန်လှသည်။

"မင်း... မင်း ဘာလုပ်ချင်တာလဲ?"

သူ အနည်းငယ် ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် တည်ငြိမ်မှု ပြန်ယူလိုက်သည်။

"ခင်ဗျား ဘာကြောင့် ဒီလို လုပ်ရတာလဲဆိုတာကို ပြောပြဖို့ လိုတယ်"

ဟွမ်ရှီက ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး၊ ငါ ဘာမှ မလုပ်ခဲ့ဘူး။ ဒါတွေအားလုံးက မင်းရဲ့ ခန့်မှန်းချက်တွေနဲ့ နားလည်မှု လွဲတာတွေပဲ"

သူက ယခုအခါ စိတ်အေးလက်အေး ပုံစံဖြင့် ပြောသည်။

"ဒါနဲ့ မင်း သိလား? လူတစ်ယောက်ရဲ့ ခြေထောက်မှာ အဓိက သွေးကြောကြီး တစ်ခု ရှိတယ်။ အဲ့ဒါကို ဖောက်လိုက်ရင် ၁၅ မိနစ်အတွင်းမှာပဲ လူတစ်ယောက် သေဆုံးသွားနိုင်တယ်"

"ပြီးတော့ တစ်ခုခုနဲ့ ထိုးဖောက်ခံလိုက်ရရင် သွေးထွက်တဲ့ နေရာကို ရှာရတာ အရမ်းခက်ပြီး ကယ်ဆယ်ဖို့လည်း အလွန် အခက်အခဲ ရှိတယ်"

"သေဆုံးနိုင်ခြေက ၉၀ ရာခိုင်နှုန်းကျော် ရှိတယ်"

သူ ပြောလိုက်သော စကားမှာ အရင် စကားပြောခန်းနှင့် ဘာမှ မသက်ဆိုင်သလို ဖြစ်နေသည်။ သို့သော် ကျိုးထျန်းမှာ သူ ဘာလုပ်နေလဲဆိုတာ သိသည်။

"ဟွမ်ရှီ၊ ခင်ဗျား တော်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောရဦးမယ်၊ ခင်ဗျား ကျွန်တော့်ကို အထင်သေးနေတုန်းပဲ"

"ခင်ဗျား ဒီနေရာကို ရောက်လာကတည်းက ဒီပတ်ဝန်းကျင်ကို အရမ်းရွံရှာကြောင်း ပြခဲ့တယ်။ စားပွဲနဲ့ ကုလားထိုင်ကိုတောင် အခါခါ သုတ်နေသေးတယ်"

"ခင်ဗျားက ကိုယ့်ကိုယ်ကို လူကုံထံတစ်ယောက်လို့ သတ်မှတ်ထားပြီး ဒီလို နေရာမျိုးကို လက်မခံနိုင်ဘူး ဖြစ်မှာပါ"

"ဒါပေမဲ့ အဲ့လိုသာ ဆိုရင် ဘာလို့ သိုးသားကင်ကို ကောက်ကိုင်ပြီး စားလိုက်တာလဲ?"

"ဒီနေရာက ပတ်ဝန်းကျင်ကိုတောင် ရွံတာ၊ ဒီက အစားအစာဆို ပိုတောင်ပြောစရာ လိုသေးလား"

ကျိုးထျန်းက ပြုံးကာ သိုးသားကင် တစ်ချောင်းကို ကောက်ယူလိုက်သည်။

"ခင်ဗျား သိုးသားကင်ကို စားတာက အဲ့ဒီ သံတုတ်ကင်ကို လိုချင်လို့ မဟုတ်လား? ပြီးရင် ခင်ဗျားက ဒီ သံတုတ်နဲ့ ကျွန်တော့်ကို ခြိမ်းခြောက်ပြီး ထွက်သွားဖို့ ကြိုးစားမှာပေါ့"

"ကျွန်တော် ဘာလို့ ဒီလို လူစည်ကားတဲ့ နေရာမှာ ချိန်းတွေ့ရတာလဲဆိုတာ ခန့်မှန်းကြည့်ပါဦး"

ကျိုးထျန်းက အစီအစဉ် ချထားပြီးသား ဖြစ်သည်။ ဒီနေရာတွင် လူများစွာ ရှိပြီး အများစုမှာ သူနှင့် ရင်းနှီးသူများ ဖြစ်သည်။

သူ အော်လိုက်တာနဲ့ လူတစ်ဒါဇင်လောက်က သူ့ကို ကူညီဖို့ ပြေးထွက်လာလိမ့်မည်။

ဤအချိန်တွင် ဟွမ်ရှီ၏ ဘယ်ဘက်လက်မှာ စားပွဲအောက်တွင် သံတုတ်ကင်ကို တင်းတင်းဆုပ်ကိုင်ထားပြီး ကျိုးထျန်း ပေါင်ကို အချိန်မရွေး ထိုးစိုက်ရန် ပြင်ဆင်နေသည်။

အခြားသူက သူ့ကို ရိပ်မိသွားသော်လည်း သူက လုံးဝ အံ့ဩဟန် မပြပေ။

"ပြီးတော့ ဘာဖြစ်လဲ? မင်း သိရင်ရော ဘာတတ်နိုင်မှာလဲ? မင်း ငါ့ကို မတားနိုင်ပါဘူး၊ မင်း ငါ့ကို ထွက်သွားခွင့် ပေးရမှာပဲ"

"ဟမ့်၊ ငါသိချင်တာက မူရန်ရဲ့ အမေ ဒဏ်ရာကလည်း ချွန်ထက်တဲ့ အရာဝတ္ထုနဲ့ ထိုးခံထားရတာပဲ။ အဲ့ဒါက သံတုတ်ကင်မျိုးနဲ့ တူနေမလား?"

ဟွမ်ရှီ ဘာမှ မပြောပေ။

"တိတ်ဆိတ်နေတာက ဝန်ခံတာပဲ။ အခုတော့ ဘာလုပ်ဖို့ စဉ်းစားထားလဲ? ထွက်ပြေးမလား၊ ဒီအတိုင်းပဲ ထွက်သွားမလား?"

သူ တိတ်ဆိတ်နေဆဲပင်။ ကျိုးထျန်းက နားထင်ကို ပွတ်လိုက်သည်။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းမှာ တကယ်ပင် မသက်မသာ ဖြစ်ရသော်လည်း သူ မထိတ်လန့်ပေ။

"ခင်ဗျားရဲ့ အဒေါ်၊ ဦးလေးနဲ့ မူရန်တို့ သိသွားရင် သူတို့ အရမ်း ဝမ်းနည်းကြမှာပဲ။ သူတို့က ခင်ဗျားကို မိသားစုဝင်လို သဘောထားတာလေ"

ထိုစကားကို ကြားလိုက်ရသည့်အခါ ဟွမ်ရှီ မျက်ဝန်းတွင် ပထမဆုံးအကြိမ်အဖြစ် နောင်တ အရိပ်အယောင်လေး ပေါ်လာသည်။

သို့သော် အရင်အတိုင်းပင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

"ဘာမှ မလုပ်နဲ့။ ငါ အခု ထွက်သွားတော့မယ်၊ ငါတို့ နောက်တစ်ခါ ဘယ်တော့မှ မတွေ့ကြတော့ဘူး။ ကိုယ့်ကိုကိုယ် ပြဿနာ မရှာနဲ့"

ဟွမ်ရှီက သတိပေးသည့်အနေဖြင့် ကျိုးထျန်း၏ ပေါင်ကို သံတုတ်ကင်ဖြင့် တစ်ချက် ထိုးလိုက်သည်။

"ပြီးတော့ မင်း နောက်ပိုင်း ငါ့ရဲ့ ဆရာနဲ့ ဆရာမနဲ့ တွေ့ရင် ငါ့ကိုယ်စား တောင်းပန်ပေးလိုက်ပါ"

သူ့ မျက်လုံးများမှာ အနည်းငယ် နီရဲလာသော်လည်း မျက်ရည် မကျလာခဲ့ပေ။

"တောင်းပန်ရမှာဆိုရင် ကိုယ်တိုင်ပဲ ပြောသင့်တယ်"

ကျိုးထျန်းက လက်ကို ဆန့်ထုတ်ကာ သူ့ နောက်က စားပွဲတွင် ထိုင်နေသည့် လူတစ်ယောက်ကို ပုတ်လိုက်သည်။

ထိုလူမှာ လက်ရှည် တီရှပ်နှင့် ဘေ့စ်ဘော ဦးထုပ်ကို ဆောင်းထားသည်။ သူ သက်ပြင်းချလိုက်ပြီး နောက်ကို လှည့်လာသည်။

"ဆရာ... ဆရာ၊ ဆရာ ဒီကို ဘယ်လိုရောက်လာတာလဲ!"

ဟွမ်ရှီမှာ အံ့အားသင့်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး သူ ခြိမ်းခြောက်ရန် ကိုင်ထားသော သံတုတ်ကင်ကိုပါ ပစ်ချလိုက်မိသည်။

"ရှောင်ပေါင်၊ မင်း ခေါင်းရှုပ်နေတာလား?"

လျိုထျန်းအန်လှည့်လာပြီး ကျိုးထျန်းဘေးတွင် ထိုင်ကာ ဟွမ်ရှီကို မျက်နှာချင်းဆိုင်လိုက်ပြီး သူ၏ အသွင်ယူထားသော ဦးထုပ်ကို ချွတ်လိုက်သည်။

သူ့ မျက်လုံးများတွင် အဆုံးမရှိသော ဝမ်းနည်းမှုများ ပေါ်လာသည်။ ဤအထီးကျန်ဆန်သည့် ခံစားချက်ကြောင့် ကျိုးထျန်းမှာ မိမိသားကို မြေမြှုပ်ရတော့မည့် ဖခင်အိုတစ်ယောက်ကို မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ဟွမ်ရှီမှာ လျိုထျန်းအန်ထံတွင် ကျောင်းပြီးကတည်းက လာရောက် လုပ်ကိုင်ခဲ့သည်မှာ ဆယ်နှစ်ကျော် ရှိပြီ ဖြစ်သည်။

သူ လျိုထျန်းအန်ကို "ဆရာ" ဟု စခေါ်သည့်အချိန်က လျိုမုယန်မှာ စကားပင် မတတ်သေးပေ။

သူ ကြီးပြင်းလာပုံကို ကြည့်၊ ရင့်ကျက်လာပုံကို ကြည့်၊ ယခုတော့ မိမိကိုယ်ကိုယ် ဖျက်ဆီးမည့် လမ်းသို့ ဦးတည်သွားသည်ကို ကြည့်နေရသည့်အတွက် မည်သို့လျှင် နှလုံးမကွဲဘဲ နေနိုင်ပါမည်နည်း။

"မင်း... ဘာလို့ ဒီလို လုပ်ရတာလဲ?"

လျိုထျန်းအန်က သူ့ကိုယ်သူ ပြန်ထိန်းလိုက်သည်။

"ငါ အစအဆုံး နားထောင်နေတာ။ ကျိုးထျန်းက မင်းကို ဝန်ခံဖို့ အခွင့်အရေးတွေ အကြိမ်ကြိမ် ပေးနေတာတောင် မင်းက ဘာကြောင့် ဒီလောက်ထိ မလှုပ်မယှက်ဖြစ်နေရတာလဲ?"

"မင်းက ငါ သိတဲ့ ရှောင်ပေါင် ဟုတ်သေးရဲ့လား?"

လျိုထျန်းအန်က ထပ်ခါတလဲလဲ မေးမြန်းသော်လည်း အဖြေမရခဲ့ပေ။ ဟွမ်ရှီ ရုတ်တရက် လှည့်ထွက်သွားပြီး အိုမာ၏ခေါက်ဆွဲဆိုင်ထဲမှ အလျင်အမြန် ပြေးထွက်သွားကာ ရှန်ဟိုင်း၏ တောက်ပသော ညဉ့်နက်ယံထဲပျောက်ကွယ်သွားတော့သည်။

All Chapters