အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
🍋 Chapter 147
ကျိုးထျန်း၏ အကြံအစည်မှာ ရိုးရှင်းသည်။ သူ ရဲကို တိုက် ရိုက်ခေါ်နိုင်သော်လည်း လူမှုရေးအရ ကြည့်လျှင် မသင့် တော်ပေ။
သူသည် လျိုထျန်းအန်ကို အရင်ဆုံး အသိပေးရမည်။ အကယ်၍ သူသာ တိုင်ကြားလိုက်လျှင် လျိုထျန်းအန်အနေဖြင့် ဤအကြောင်းများကို သူ ဘယ်လိုသိသလဲဟု တွေးတောမိမည်မှာ အသေအချာပင်။
သူ့ကို မေးခွန်းထုတ်မည်၊ သံသယ ဝင်မည်၊ တစ်ခါတစ်ရံတွင် လျိုထျန်းအန်၏ တပည့်ကို သူကပဲ တမင်လုပ်ကြံစွပ်စွဲနေသည်ဟု ထင်သွားနိုင်သေးသည်။
ထိုသံသယများနှင့် ပြဿနာများကို ရှောင်ရှားရန် သူသည် လျိုထျန်းအန်အား သူ့အထောက်အထားကို ပွင့်ပွင့်လင်းလင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် လျိုထျန်းအန်နှင့် သူ့အဖွဲ့ကို ထျန်းချိုင်သို့ ခေါ်ယူလိုသည့် ဆန္ဒကိုပါ ထုတ်ဖော်ပြသလိုက်သည်။
လျိုထျန်းအန်သည် သူ့အထောက်အထားကို သိသွားလျှင် သူ တင်ပြလိုက်သည့် အထောက်အထားများကို ၇၀၊ ၈၀ ရာခိုင် နှုန်း ယုံကြည်သွားလိမ့်မည်ဟု သူ တွက်ဆထားသည်။
လျိုထျန်းအန်သည် ခဏမျှ စဉ်းစားပြီးနောက် စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
"ဒီကောင်လေးကို ဝန်ခံဖို့ အခွင့်အရေး ပေးသင့်တယ်လို့ ငါ ထင်တယ်"
"ဟုတ်ကဲ့၊ ဒါပေမဲ့ သူ မဝန်ခံရင်ရော?"
ကျိုးထျန်းမှာ အပြင်လူ ဖြစ်သည့်အတွက် ပိုရှင်းရှင်းလင်း လင်း မြင်သည်။ ဟွမ်ရှီမှာ ဝန်ခံရန် အကြောင်း မရှိပေ။
"အဲ့လိုဆိုရင်..."
လျိုထျန်းအန် ဆုံးဖြတ်ချက် မချနိုင်သေးပေ။ ဟွမ်ရှီ၏ လုပ်ရပ်များကို သိလိုက်ရချိန်တွင် သူ ဒေါသအလွန်ထွက်ပြီး ရဲကို ချက်ချင်း ခေါ်လိုခဲ့သည်။
သို့သော် အခု စိတ်အေးသွားသည့်အခါ ဟွမ်ရှီနှင့် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် အမှတ်တရများကို ပြန်တွေးမိသည်။
သူ တုံ့ဆိုင်းနေသည်။
လူသားတို့မှာ ထိုအတိုင်းပင်၊ စိတ်ခံစားချက်က အကြောင်းပြချက်ကို ဖုံးလွှမ်းသွားတတ်သည်။
လျိုထျန်းအန်၏ ဝေဝါးနေမှုကို မြင်သဖြင့် ကျိုးထျန်း ဝင်ပြောရန် လိုအပ်သည်ဟု ခံစားရသည်။
"မစ္စတာလျို၊ ကျွန်တော် အကြံတစ်ခု ပေးရမလား?"
"ပြောပါ" ဟု လျိုထျန်းအန် ပြန်ဖြေသည်။
သူကိုယ်တိုင် အဖြေမရှာနိုင်သဖြင့် အခြားသူ၏ အမြင်ကို နားထောင်ခြင်းမှာ ပိုကောင်းသည်။ ထို့အပြင် ဤလူငယ်မှာ အလွန် တော်သဖြင့် သူ အကုန်သိပြီးသား ဖြစ်နေနိုင်သည်။
"နောက်ပိုင်း ညစာစားချိန်မှာ ကျွန်တော် ဟွမ်ရှီကို အပြင် ခေါ်ထုတ်ပြီး စကားပြောကြည့်မယ်၊ သူ နောင်တရသလားဆိုတာ အနုနည်းနဲ့ စမ်းသပ်ကြည့်မယ်"
"ခင်ဗျားကတော့ ဒီမှာပဲ အနည်းငယ်အသွင်ယူပြီး ထိုင်နေပါ၊ သူ ခင်ဗျားကို မမှတ်မိအောင်ပေါ့"
"သူသာ နောင်တရတယ်ဆိုရင် ကျွန်တော်တို့ ဆက်ဆွေးနွေးကြတာပေါ့"
"သူသာ မရိုးသားဘူးဆိုရင်တော့ ကျွန်တော့် အစီအစဉ်အတိုင်း လုပ်ရမှာပဲ"
လျိုထျန်းအန် ခေါင်းညိတ်လိုက်သည်။
"မင်းရဲ့ အစီအစဉ်က ဘာလဲ?"
"ဟဲဟဲ၊ သူ့ကို တရုတ်ပြည်ကနေ ထွက်သွားခိုင်းပြီး တစ်ခါမှ ပြန်မလာဖို့ လုပ်လိုက်မယ်"
ကျိုးထျန်းက "ထွက်သွားခိုင်းမယ်" ဟု ပြောသော်လည်း လျိုထျန်းအန်မှာ ထိုစကားထဲမှ သတ်ဖြတ်လိုသည့် အငွေ့အ သက်ကို ခံစားလိုက်ရသည်။
"ဒီကောင်လေး တကယ်ပဲ ရက်စက်တော့မှာပဲ!" ဟု သူ စိတ်ထဲတွင် ညည်းညူလိုက်သည်။
ယခုအခါ ကျိုးထျန်း၏တွေးခေါ်ပုံမှာ လုံးဝ မှန်ကန်သည်။ သူကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်သဖြင့် သူနှင့်သာ လွှတ်ထားလိုက်ခြင်းက ပိုကောင်းသည်။
"ကောင်းပြီ၊ မင်း ပြောတဲ့အတိုင်းပဲ လုပ်မယ်။ ဒါပေမဲ့... ဒါက လျှို့ဝှက်ချက်၊ မင်းနဲ့ ငါပဲ သိရမယ်"
"နားလည်ပါတယ်၊ မူရန်နဲ့ ဆရာကတော်ကို နောက်ထပ် ဝမ်းနည်းမနေစေချင်တော့ပါဘူး"
နှစ်ယောက်သား အစီအစဉ်ကို အတည်ပြုပြီးနောက် ခဏမျှ တိတ်ဆိတ်နေကြသည်။
ကျိုးထျန်းမှာ သူတို့ကြားတွင် ပို၍ အဆင်မပြေ ဖြစ်လာသည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူမှာ မူရန်၏ ဖခင် ဖြစ်သည်။
"ဒါနဲ့ မစ္စတာလျို၊ ခုနက ပြောတဲ့ ခင်ဗျားရဲ့ အဖွဲ့သားတွေကို ထျန်းချိုင်ဆီ ခေါ်လာမယ့် ကိစ္စ ဘယ်လို စဉ်းစားလဲ?"
လျိုထျန်းအန် နှာခေါင်းကို ပွတ်လိုက်သည်။
"ငါ ဒါလုံအပေါ် ခံစားချက် ရှိပါသေးတယ်။ ဒါပေမဲ့ ဒီအခြေအနေထိ ရောက်လာမှတော့ ငါ ဆက်နေလည်း အရင်လို ဖြစ်မှာ မဟုတ်တော့ဘူး။ ပတ်ဝန်းကျင် ပြောင်းတာ ပိုကောင်းပါတယ်"
"ကောင်းပါပြီ၊ ဒါဆိုရင် ဒါလုံရဲ့ ဒါရိုက်တာအဖွဲ့ကို တတ်နိုင်သမျှ မြန်မြန် စပြောပေးပါ့မယ်"
လျိုထျန်းအန် စိတ်ဝင်တစား မေးလိုက်သည်။
"မင်း ငါတို့ အားလုံးကို ဒါလုံကနေ တစ်ခါတည်း ထွက်သွားအောင် ဘယ်လို လုပ်မှာလဲ?"
ကျိုးထျန်း ခေါင်းခါလိုက်သည်။
"လျှို့ဝှက်ချက်ပါ။ အခုတော့ မပြောပြနိုင်ဘူး၊ ဒါပေမဲ့ ကျွန်တော် လုပ်ပြီးသွားရင် ခင်ဗျား ခန့်မှန်းမိမှာပါ"
တစ်ဖက်လူ မပြောပြသဖြင့် လျိုထျန်းအန်လည်း ဆက်မမေးတော့ပေ။
...
အချိန်ကို ဟွမ်ရှီ အိုမာ၏ ခေါက်ဆွဲဆိုင်မှ ထွက်ပြေးသွားသည့်အချိန်သို့ ပြန်ခေါ်သွားသည်။
ကျိုးထျန်းမှာ အားမလိုအားမရ ဖြစ်စွာ လက်မြှောက်လိုက်သည်။
လျိုထျန်းအန်မှာလည်း စိတ်ပျက်နေသည့် အမူအရာဖြင့် "သူ ကြီးပြင်းလာပြီး မောက်မာလာပြီ။ ငါ သူ့ကို မထိန်းချုပ်နိုင်တော့ဘူး။ ဒါ ကံကြမ္မာပဲ ဖြစ်မယ်" ဟု ပြောသည်။
ထို့နောက် သက်ပြင်းချကာ ကျိုးထျန်းကို တစ်ချက်ကြည့်ပြီး ခေါက်ဆွဲဆိုင်မှ ထွက်သွားသည်။ သူ အယုံကြည်ရဆုံး တပည့်မှာ ဒီနေ့မှစ၍ သူနှင့် ဝေးကွာသွားတော့သည်။
ကံကောင်းသည်မှာ သူတွင် ဇနီးနှင့် သမီး ရှိနေသေးခြင်းပင်။ သူ၏ စီးပွားရေးလုပ်ငန်းမှာလည်း အပေါင်းအပါဟောင်းများနှင့် ပြန်လည် စတင်နိုင်တော့မည်။
မနက်ဖြန်ကို ကြည့်လိုက်လျှင် ဤအရာများမှာ အတိတ်တွင် ကျန်ရစ်ခဲ့တော့မည်။
ထိုသို့ တွေးလိုက်သည့်အခါ သူ၏ ခြေလှမ်းများမှာ ပေါ့ပါးလာပြီး သူ၏ မျက်နှာပေါ်တွင် ပျောက်ဆုံးနေသော တည်ငြိမ်မှုများ ပြန်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ခေါက်ဆွဲဆိုင်တွင် ထိုင်နေဆဲဖြစ်သော ကျိုးထျန်းမှာ ကျန်ရှိနေသည့် သိုးသားကင်ကို စားလိုက်ပြီး ဂျက်စီ ဆီသို့ မက်ဆေ့ချ် ပို့လိုက်သည်။
"စစ်ဆင်ရေး စတော့!"
မလှမ်းမကမ်းတွင် ရပ်ထားသည့် တက္ကစီထဲတွင် ဟွမ်ရှီမှာ တုန်လှုပ်နေသည်။
"ပြီးပြီ၊ လုံးဝ ပြီးပြီ၊ သူတို့ ရဲကို တိုင်မှာပဲ!"
"မဟုတ်ဘူး၊ ငါ ငါ့ဆရာကို သိတယ်။ သူက စိတ်ကောင်း ရှိတယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ သူ သတ္တိမွေးလိုက်မှာပဲ။ ဒါဆို ငါ ထွက်ပြေးဖို့ အချိန် ရလိမ့်မယ်"
"ငါ့ရဲ့ စတော့ခ် အကောင့်ထဲမှာ ဒေါ်လာ တစ်သောင်းကျော် ကျန်သေးတယ်၊ ပြည်ပမှာ ခဏလောက် နေဖို့ လုံလောက်တယ်"
"ငါ အိမ်ကို အမြန်သွား၊ ပတ်စပို့ ယူ၊ လေယာဉ် စီးပြီး နိုင်ငံခြားမှာ ပုန်းနေရမယ်"
"ငါ ဒီမှာ ထောင်ကျလို့ မဖြစ်ဘူး၊ လုံးဝ မဖြစ်ဘူး"
"ငါ မိသွားပြီး ထောင်ကျရင် ထွက်လာတဲ့အခါ ဆံပင်တွေ ဖြူပြီး အသက်ကြီးနေမှာပေါ့။ ငါ့ဘဝကို ထောင်ထဲမှာ မဖြုန်းနိုင်ဘူး!"
သူ အိမ်ကို အမြန်သွားကာ တက္ကစီကို အောက်တွင် စောင့်ခိုင်းပြီး ပတ်စပို့၊ ငွေသားအနည်းငယ်နှင့် ရောင်းရလွယ်သော နာရီ၊ ဆွဲကြိုးများကို ယူကာ ရှန်ဟိုင်း လေဆိပ်သို့ တည့်တည့် သွားသည်။
သူ့ အိမ်မှာ လေဆိပ်နှင့် ဝေးသည်မဟုတ်၊ မိနစ် ၂၀ လောက်သာ ကြာသည်။
လေဆိပ်တွင် ရဲများ စောင့်နေခြင်းမရှိကြောင်း သေချာစေပြီးနောက် လက်မှတ် အရောင်းဌာနသို့ သွားကာ ချက်ချင်း ထွက်မည့် လေယာဉ်လက်မှတ်ကို ဝယ်လိုက်သည်။
ဈေးကို ဂရုမစိုက်၊ အမြန်ဆုံး ထွက်မည့် လေယာဉ်သာ လိုချင်သည်။
သူ လေယာဉ်ပေါ် အမြန် တက်လိုက်ပြီး ထိုင်ခုံတွင် ထိုင်ကာ ခါးပတ်ကို တင်းတင်း ဆွဲထားသည်။
လေယာဉ် တက်သွားမှသာ သူ၏ စိတ်မှာ ပြေလျော့သွားသည်။ သူ မျက်လုံး မှိတ်ကာ အိပ်ပျော်သွားသည်။
နိုးလာသည့်အခါ နောက်တစ်နေ့ မနက် ဖြစ်နေပြီ။ ပြတင်း ပေါက်ကို ကြည့်လိုက်ရာ သူသည် တိုက်ကြီးတစ်ခု အပေါ်တွင် ရောက်နေသည်။
"ဟားဟား၊ နောက်ဆုံးတော့ လွတ်ပြီ! ငါ့ရဲ့ အရည်အချင်းနဲ့ဆိုရင် နိုင်ငံခြားမှာ ချမ်းသာတဲ့သူ ဖြစ်လာမှာပါ။ ပြီးရင် ငါ အသွင်ပြောင်းပြီး ပြန်လာမယ်"
သူ လေယာဉ်မယ်ဆီမှ ရေတစ်ခွက် တောင်းလိုက်ပြီး စိတ်အေးလက်အေးဖြင့် သတင်းစာ တစ်စောင်ကို ကောက်ဖတ်သည်။ ဤသတင်းစာမှာ လွန်ခဲ့သည့် နှစ်ရက်က ဖြစ်သည်။
"စစ်ဖြစ်ပွားမှုကြောင့် သေဆုံးသူ များပြား?"
"အိုဘုရားသခင်၊ ဒီနေရာက တကယ်ကို ရုန်းရင်းဆန်ခတ် ဖြစ်တာပဲ။ တရုတ်လူမျိုးတွေ အများကြီးရှိတဲ့ နေရာမှာပဲ နေမှ ဖြစ်မယ်၊ မဟုတ်ရင် အန္တရာယ် များတယ်"
"ဒီနိုင်ငံနဲ့ တရုတ်ပြည်နဲ့ကြားမှာ တရားခံ လွှဲပြောင်းရေး စာချုပ် မရှိဘူးမလား? မရှိဘူးလို့ မှတ်မိတယ်"
"ဘာပဲဖြစ်ဖြစ်၊ နောက်ဆုံးတော့ လွတ်မြောက်ပြီ။ စီးကရက် တစ်ဘူးလောက် ဝယ်ရဦးမယ်၊ မွန်းကျပ်နေပြီ"
"ဟမ့်၊ အဲ့ဒီ ကျိုးထျန်းက ငါ့ကို ဒုက္ခပေးရဲတယ်ပေါ့လေ။ တရုတ်ပြည်ကို ပြန်ရောက်ရင်တော့ အစစ်အမှန် တိုက်ပွဲဖြစ်ကြမှာပဲ!"
မိနစ် ၃၀ ကြာပြီးနောက် လေယာဉ်မှာ ဖြည်းဖြည်းချင်းဆင်း သက်လာသည်။ ဤလေဆိပ်မှာ တရုတ်ပြည်နှင့် ယှဉ်လျှင် အလွန်ပင် ဟောင်းနွမ်းပြီး ပစ္စည်းကိရိယာများမှာ ခေတ်မမီပေ။
ဆင်းသက်လိုက်သည်နှင့် သူ့စိတ်ထဲတွင် အလွန်မကောင်း သော ခံစားချက် ဖြစ်ပေါ်သွားသည်။
"ညံ့ဖျင်းတဲ့ နေရာပါလား! ကံဆိုးလိုက်တာ!"
သူတစ်ယောက်တည်း ထွက်ပေါက်သို့ လျှောက်သွားပြီး တက္ကစီ တစ်စီးကို လှမ်းခေါ်ရန် ကြိုးစားသည်။
"သန့်ရှင်းတဲ့ ဟိုတယ် တစ်ခု ရှာရမယ်။ ဒီမှာ ဒေါ်လာ လက်ခံမလား မသိဘူး"
ထိုစဉ်မှာပင် တရုတ်စကားသံ တစ်ခုကို ကြားလိုက်ရသည်။
"မစ္စတာဟွမ်၊ မစ္စတာဟွမ်၊ မင်္ဂလာပါ"
သူ အသံလာရာသို့ ကြည့်လိုက်သည်။
"တကယ် တရုတ်စကားပဲ၊ ငါ့နာမည် ခေါ်နေတာ။ ဒါပေမဲ့ ဒီစကားသံမှာ လေယူလေသိမ်း တစ်မျိုးကြီးပါလား?"
"စဉ်းစားကြည့်ဦး... ဟဲပေ ပြည်နယ်ဘက်က လေယူလေ သိမ်းပဲ"
သူ ပတ်ဝန်းကျင်ကို သေချာ ကြည့်လိုက်သော်လည်း တရုတ်လူမျိုး တစ်ယောက်မှ မတွေ့ရပေ။
"မစ္စတာဟွမ်၊ မင်္ဂလာပါ"
အသားမည်းမည်း အရပ်မြင့်မြင့် လူတစ်ယောက်က သူ့ပခုံးကို လာပုတ်လိုက်ရာ သူ ထိတ်လန့်သွားသည်။
"ဘာလုပ်တာလဲ!"
"မင်း ငါ့နာမည် ဘယ်လိုလုပ် သိတာလဲ!"
နိုင်ငံခြားမြေသို့ ရောက်ရောက်ချင်း သူ့ကို မှတ်မိနေသူ ရှိသည်ကို သူ အံ့ဩသွားသည်။ သူ့ ရှေ့တွင် ရှိနေသူမှာ ဒေသခံ ဖြစ်သော်လည်း ဘောင်ဒင်းလေယူလေသိမ်းဖြင့် တရုတ်စကား ပြောနေသည်။
တစ်ချိန်တည်းမှာပင် လူမည်း အရပ်ပုပု အယောက် ၂၀ လောက်က သူ့ကို ဝိုင်းထားလိုက်သည်။
"မစ္စတာဟွမ်၊ ခရီးပန်းနေမှာပါ။ ကျွန်တော်တို့နဲ့ အတူ လိုက်ခဲ့ပေးပါ" ဟု လူမည်းခေါင်းဆောင်က သွားဖြူများကို ပြကာ ပြုံး၍ ပြောလိုက်သည်။
"အော်၊ မစ္စတာကျိုးထျန်းက သူ့ရဲ့ နှုတ်ခွန်းဆက်စကားကို ပါးခိုင်းလိုက်ပါတယ်"
🍋 Chapter 148
ဟွမ်ရှီတစ်ယောက် သူ့ကို ဝိုင်းရံထားသော လူအုပ်စုကို မြင်လိုက်ရသည့်အခါ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်သည်။
ရိုးအပုံပေါက်သည့် အရပ်မြင့်မြင့် လူမည်းကြီးက ကျိုးထျန်း ဟူသော နာမည်ကို အေးဆေးတည်ငြိမ်စွာ ရေရွတ်လိုက်သည်ကို ကြားလိုက်ရချိန်တွင် သူ့စိတ်ထဲ၌ စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
"ကျိုးထျန်း!"
ဟွမ်ရှီမှာ အသိစိတ်ဖြင့် နောက်သို့ နှစ်လှမ်းဆုတ်လိုက်ပြီး လုံးဝထိတ်လန့်သွားကာ ခြေလှမ်းများ ယိုင်နဲ့သွားသည်။ သူ အမြန်လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် သူ့နောက်ဘက်တွင် လက်ပြတ်အင်္ကျီဝတ်ထားသော ကြွက်သားအမြှောင်းမြှောင်းနှင့် လူအချို့ ပေါ်လာပြီး ပြုံးပြနေကြသည်။
"မစ္စတာဟွမ်၊ ထွက်ပြေးဖို့တောင် မတွေးပါနဲ့။ ဒီနေရာမှာ ကျွန်တော့်နယ်မြေကနေ လွတ်မြောက်နိုင်မယ့်သူ ဘယ်သူမှမရှိဘူး"
ဆန်းတို့စ် သူ့ပခုံးကို ပုတ်ရင်း ယုံကြည်ချက်ရှိရှိပြောလိုက်သည်။
"Boss ကျိုးက ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ဧည့်သည်တော်ကြီးကို ကောင်းကောင်းဧည့်ခံပေးဖို့ အထူးမှာကြားထားလို့ ကျွန်တော်တို့နဲ့အတူ လိုက်ခဲ့ပေးပါ"
"မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါ့ကိုလွှတ်ပေးကြပါ၊ လွှတ်ပေးကြပါ... အွတ်... အွတ်..."
အရပ်မြင့်မြင့် လူမိုက်အချို့က သူ့ပါးစပ်ကို အုပ်ကိုင်လိုက်ပြီး သူ့ကို မချီကာ အနီးအနားတွင် ရပ်ထားသော ပစ်ကပ်ကားတစ်စီးဆီသို့ သယ်ဆောင်သွားကြသည်။
ပတ်ဝန်းကျင်ရှိ လူများကြည့်နေကြသော်လည်း ဟွမ်ရှီမှာ ရုန်းကန်နေဆဲပင်။
လမ်းသွားလမ်းလာအများစုမှာ တစ်ချက်သာ ငဲ့ကြည့်ပြီးနောက် ခေါင်းငုံ့ကာ အမြန်ထွက်ခွာသွားကြသည်။
အနီးအနားရှိ စစ်ဘုရင်များကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့သည့် ဤ ရက်စက်ကြမ်းကြုတ်သူ၏ရှေ့တွင် မည်သူမှမရပ်တန့်ရဲကြပေ။
ဆန်းတို့စ်မှာ သူ့ပုံတူ ပိုစတာများကို ရိုက်နှိပ်ကာ သူသိမ်းပိုက်ထားသည့် နယ်မြေအနှံ့တွင် ကပ်ထားပြီး ဖြစ်သည်။
သူပြန်ရောက်လာပြီဖြစ်ကြောင်း ကမ္ဘာကိုကြေညာလို၍ ဖြစ်သည်။
ပစ်ကပ်ကားနောက်ခန်းတွင် တုန်ခါရင်း လိုက်ပါသွားရစဉ် ဟွမ်ရှီမှာ သူ၏အတွင်းကလီစာများပင် အပြင်သို့ ထွက်ကျလာတော့မယောင် ခံစားရသည်။
သူ၏ပါးစပ်တွင် ပုပ်အဲ့အဲ့အဝတ်စတစ်ခုကို ထိုးသွင်းထားပြီး လက်နှင့်ခြေထောက်များကို ခွေးခြေကျင်းဖြင့် ချည် နှောင်ထားသဖြင့် လုံးဝလှုပ်ရှား၍ မရပေ။
တစ်နာရီခန့်အကြာတွင် ကားရပ်သွားပြီး သူ့ကို အာလူးအိတ်တစ်အိတ်ပမာ မြေပြင်ပေါ်သို့ ဆွဲချပစ်လိုက်သည်။
ပတ်ဝန်းကျင်မှာ သတ္တုတွင်းတစ်ခုဖြစ်ပြီး လူများစွာက သတ္တုရိုင်းများနှင့် ပစ္စည်းများကို ရွှေ့ပြောင်းနေကြသည်။
ထူးခြားသည်မှာ ဝတ်ဆင်ထားသည့် ဝတ်စုံနှစ်မျိုးဖြစ် သည်။
တစ်ဖွဲ့မှာ လိမ္မော်ရောင်အလုပ်သမားဝတ်စုံ၊ ဦးထုပ်ဆောင်းနှင့် ထူထဲသော လုံခြုံရေးဖိနပ်များ ဝတ်ဆင်ထားပြီး စက်ပစ္စည်းများကို လည်ပတ်နေသူများဖြစ်ကာ သက်သောင့် သက်သာ ရှိကြသည်။
နောက်တစ်ဖွဲ့မှာမူ အမျိုးမျိုးသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အလွန်အမင်း စုတ်ပြတ်နေသည်။
ထို့အပြင် ၎င်းတို့မှာ လည်ပင်းနှင့် ခြေထောက်များတွင် သံခြေကျင်းများခတ်ထားပြီး မျက်နှာတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့မှာ အခက်ခဲဆုံး အလုပ်များကို လုပ်ဆောင်နေရပြီး သတ္တုတွင်းဆီသို့ တန်းစီ၍လျှောက်သွားနေကြရသည်။
ဟွမ်ရှီတစ်ယောက် လျှပ်စီးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ ခြေထောက်များ တုန်ရီလာသည်။
လူမည်းတစ်ယောက်က သံခြေကျင်းတစ်ခုကို ထုတ်ယူကာ ပြုံးရင်း သူ့ထံသို့ ချဉ်းကပ်လာသည်။
"မလုပ်နဲ့... မလုပ်ပါနဲ့..."
"မင်းရဲ့ အိမ်သစ်လေးက ကြိုဆိုပါတယ်"
ဆန်းတို့စ်က စီးကရက်ကို ဖွာရှိုက်ရင်း သူ့ကို ရက်စက်သော အပြုံးဖြင့် ကြည့်လိုက်သည်။
သူ့ Boss မှ မနေ့က သူ့ကို ဆက်သွယ်လာပြီး လေဆိပ်ကနေ လူတစ်ယောက်ကို သွားခေါ်ဖို့ ပြင်ဆင်ထားရန် မှာကြားထားခြင်းဖြစ်သည်။
ထို့အပြင် အတိအကျ ပြောခဲ့သည့်စကားမှာ "သူ့ကို ကောင်း ကောင်း ဆက်ဆံလိုက်။ သူ ဒီလောကထဲကို မွေးဖွားလာရတာကို နောင်တရသွားမယ့်အထိကို ကောင်းကောင်းဆက်ဆံပေးလိုက်" ဟူ၍ ဖြစ်သည်။
ဤအလုပ်မှာ သူ့အတွက်တော့ အလွန်လွယ်ကူပြီး နည်းလမ်းပေါင်းစုံ သူသိသည်။
အကောင်းဆုံး နည်းလမ်းမှာ ဤသတ္တုတွင်းထဲတွင် အလုပ်ခိုင်းခြင်းပင်။
ဤနေရာရှိ အောက်ခြေအလုပ်သမား အများစုမှာ အကျဉ်း သားများနှင့် ရာဇဝတ်ကောင်များဖြစ်သည်။
ဤနေရာသို့ ရောက်လာပြီးနောက် ၎င်းတို့၏ပျမ်းမျှသက် တမ်းမှာ ၆ ဒသမ ၇ နှစ်သာရှိသည်။
ဤကာလအတွင်း သူတို့သည် တိရစ္ဆာန်များကဲ့သို့ နေထိုင်ရမည်ဖြစ်ပြီး တစ်နေ့လျှင် ၁၆ နာရီ အလုပ်လုပ်ရကာ အလွန်ညံ့ဖျင်းသည့် အစားအစာ နှစ်နပ်သာ ရရှိပြီး အဆုံးမရှိသော ဖုန်မှုန့်များကို ရှူရှိုက်နေရမည်ဖြစ်သည်။
နောက်ဆုံးတွင် ဤလူများအားလုံးမှာ အဆုတ်ရောဂါဖြင့် နာကျင်စွာ သေဆုံးသွားကြမည်ဖြစ်ပြီး မသေဆုံးမီ လပေါင်းများစွာ ကုတင်ပေါ်တွင် လှဲနေရကာ သေခြင်းတရားကို မလွှဲမရှောင်သာ စောင့်ဆိုင်းနေရမည်ဖြစ်သည်။
သို့သော် နှိပ်စက်သည့်အနေဖြင့် ဆန်းတို့စ်က သူတို့ကို ချက်ချင်းမသတ်ပစ်ဘဲ ဖြည်းဖြည်းချင်း နာကျင်ခံစားစေမည်ဖြစ်သည်။
မိမိတို့၏အပေါင်းအပါများ မြေပြင်ပေါ်တွင် ဝေဒနာဖြင့် အော်ဟစ်ညည်းညူနေသည်ကို ကြည့်နေရသည့် အလုပ် သမားများသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝပျက်စီးသွားလိမ့်မည်။
၎င်းမှာ ဆိုင်းငံ့ထားသော သေဒဏ်တစ်ခုပင်။
သေခြင်းတရား၏အလိုဆန္ဒအတိုင်း ငရဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားခြင်း... မည်မျှ ကောင်းမွန်သော သေဆုံးခြင်းနည်းလမ်း ဖြစ်လိုက်သနည်း။
ကျိုးထျန်းမှာ ဆန်းတို့စ် ဘာလုပ်မည်ကို အတိအကျ မသိသော်လည်း ဟွမ်ရှီ၏ကံကြမ္မာမှာ သူစိတ်ကူးယဉ်ထားသည်ထက် ပိုမိုဆိုးရွားမည်ကိုနားလည်သည်။
သူ ဂျက်ဆီကို အရင်ဆုံး ဆက်သွယ်ကာ လေကြောင်းလိုင်းစနစ်ကို ဟက်ခ်လုပ်သည့် နည်းလမ်းဟောင်းသို့ ပြန်သွားရန် ညွှန်ကြားခဲ့သည်။
ထို့နောက် ဟွမ်ရှီကို မည်သို့ပင်ဖြစ်စေ ဤလေယာဉ်ခရီးစဉ်အတွက် လက်မှတ်ရရှိစေရန် စီစဉ်ခဲ့သည်။
ဟွမ်ရှီကဲ့သို့ ဉာဏ်ကောင်းသူမှာ ပြည်ပသို့ တိုက်ရိုက်ထွက်ပြေးရန် ရွေးချယ်လိမ့်မည်ဟု သူသေချာပေါက် သိသည်။
တစ်ခါတည်း တရုတ်နိုင်ငံမှ ထွက်ခွာပြီး နယ်မြေခြား ပေါ်သို့ ခြေချလိုက်သည်နှင့် သူ့ဘဝမှာ သူ့လက်ထဲတွင် ရှိတော့မည် မဟုတ်ပေ။
တရုတ်ပြည်တွင်ဆိုလျှင် သူအများဆုံး ထောင်ဒဏ် ၂၀ သာ ကျခံရမည်ဖြစ်သော်လည်း ဆန်းတို့စ်၏လက်ထဲတွင်ဆိုလျှင်... ဟား!
ဤသည်မှာ ကျိုးထျန်း သူ့ကို နောင်တရစေရန် ပေးသည့် နောက်ဆုံးအခွင့်အရေးပင်။
နေခဲ့လျှင် အသက်ရှင်မည်။
ထွက်ပြေးလျှင် သေခြင်းထက်ပိုဆိုးရွားမည်!
သို့သော် ရလဒ်အရဆိုလျှင် ကျိုးထျန်း၏ဆုံးဖြတ်ချက်မှာ မှန်ကန်နေပြီး ဤကဲ့သို့လူမျိုးမှာ ကယ်တင်၍ မရတော့ပေ။
သူ့အိတ်ကပ်ထဲတွင် အနည်းငယ်သော တန်ဖိုး ကျန်ရှိနေသေးသည်။
သူ၏အမေရိကန် စတော့ရှယ်ယာအကောင့်ထဲတွင် ဒေါ်လာ တစ်သောင်းကျော် ရှိနေပြီး ထိုငွေများကို အလဟဿ မဖြုန်း တီးသင့်ပေ။
သူသည် ဆေးရုံသို့ တိုက်ရိုက်သွားကာ လျိုထျန်အန်းနှင့် လျိုမုယန်တို့ ရှေ့မှောက်တွင် ဖန်ယုံကျင်း ထံသို့ ငွေများကို ပေးအပ်လိုက်သည်။
"အဒေါ်၊ ရှောင်ပေါင်က အပြင်မှာ အခွင့်အရေးရှာဖို့ သွားချင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဒေါ်ကို နှုတ်မဆက်ချင်ဘဲ မသွားရက်ဖြစ်နေလို့ ကျွန်တော့်ကို အဒေါ့်ဆီ သတင်းစကားပါးခိုင်းလိုက်တာပါ။ ပြီးတော့ ဒီငွေတွေကို ဆေးကုသစရိတ်အဖြစ် အဒေါ့်ကို ပေးခိုင်းလိုက်ပါတယ်၊ သူ့ရဲ့ သားသမီးဝတ္တရားအနေနဲ့ပါ"
"အို... ဒီကလေး၊ ဘာလို့ နှုတ်မဆက်ဘဲ ထွက်သွားရတာလဲကွယ်"
ဖန်ယုံကျင်းနှင့် မုယန် တို့နှစ်ဦးစလုံး၏ မျက်လုံးများတွင် မျက်ရည်များဝဲလာသည်။
ဆယ်နှစ်ကျော်ကြာ သိကျွမ်းလာခဲ့သူမှာ ရုတ်တရက်ထွက်ခွာသွားသည်မှာ နှမြောစရာပင်။
လျိုထျန်အန်း၏ အမူအရာမှာသာ အနည်းငယ် ပြောင်းလဲသွားပြီး ကျိုးထျန်းကို ခေါင်းငြိမ့်ပြလိုက်သည်။
မင်း သိတယ်၊ ငါ သိတယ်၊ ကောင်းကင်နဲ့ မြေကြီးက သိတယ်။
ဒါဆိုရင် လုံလောက်ပြီ။
ထိုသူနှစ်ဦးမှာ တိတ်ဆိတ်စွာဖြင့် သဘောတူညီမှု ရရှိလိုက်ကြသည်။
ဆေးရုံမှ ထွက်လာပြီးနောက် သူလုပ်စရာ နောက်ထပ်အလုပ်တစ်ခု ကျန်သေးသည်။
ဝေဖေးယွီ နှင့် ဝမ်ရှောင်တို့က သူ့ကို သီးသန့်ကလပ်တစ်ခုတွင် တွေ့ဆုံရန် ချိန်းဆိုထားသည်။
သူသည် ထိုဖိတ်ကြားချက်ကို ဝမ်းမြောက်စွာ လက်ခံလိုက်သည်။ သူတို့နှစ်ယောက် ဘာတွေးနေမည်ကို သူခန့်မှန်းနိုင်သဖြင့် မကြောက်ရွံ့ပေ။
သူသည် အန်းနင်းရပ်ကွက်ရှိ ကလပ်တစ်ခုသို့ ကားမောင်းသွားလိုက်သည်။
ပတ်ဝန်းကျင်မှာ ကျက်သရေရှိပြီး အလွန်ငြိမ်းချမ်းသည်။
ခြောက်မီတာ သို့မဟုတ် ခုနစ်မီတာမြင့်သော သစ်ပင်များက ပတ်လည်ဝိုင်းရံထားပြီး အဓိက အဆောက်အအုံကို လုံးဝဖုံးအုပ်ထားသဖြင့် အပြင်လူများမှာ အတွင်းတွင် ဘာဖြစ်နေသည်ကို လုံးဝမြင်နိုင်မည် မဟုတ်ပေ။
သူသည် စားပွဲထိုးကို နောက်သို့လိုက်၍ သီးသန့်ခန်းတစ်ခုသို့ အေးဆေးတည်ငြိမ်စွာ ဝင်သွားသည်။
"မစ္စတာကျိုး၊ ရောက်လာပြီကိုး!"
ဝေဖေးယွီနှင့် ဝမ်ရှောင် တို့သည် သူဝင်လာသည်နှင့် ချက်ချင်း နှုတ်ဆက်ကြသည်။
၎င်းတို့၏အပြုအမူမှာ အရင်တစ်ခေါက်နှင့် လုံးဝကွဲပြားနေသည်။
အရင်တစ်ခေါက်က သူတို့သည် ဟန်ဆောင်သော ယဉ်ကျေး မှုများ၊ စီးပွားရေးလုပ်ငန်းရှင်များကဲ့သို့ အပြုံးအတုများနှင့် ပြုမူနေခဲ့သည်။
ယခုမူကား သူတို့မှာ ကြောက်ရွံ့နေသည့်ပုံစံ ပေါ်လွင်နေပြီး ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိသာနေသည်။
'ငါခန့်မှန်းတဲ့အတိုင်းပဲ၊ ဒီ မြေခွေးအိုကြီး နှစ်ကောင်ကတော့ အတော်လေး တွေးတောပြီးတဲ့နောက်မှာ အသက်ကိုပဲ ဦးစားပေးဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။ ဒါကြောင့် သူတို့က ငါ့ရဲ့ ခွေးတွေ ဖြစ်ရတာကိုပဲ ပိုသဘောကျနေကြတယ်'
'ဒါဆို သူတို့ ဘာတွေလုပ်ထားလို့ ဒီလောက်တောင် ပေါ်သွားမှာကြောက်နေရတာလဲဆိုတာကို ပိုပြီးသိချင်လာပြီ'
သူသည် ထိုလူနှစ်ဦးကို ဂရုမစိုက်ဘဲ ထိုင်လိုက်သည်။
ဤကဲ့သို့အချိန်မျိုးတွင် မောက်မာသောပုံစံမျိုး ထိန်းထားရမည်ဖြစ်ပြီး သူ ပိုအေးစက်ပြီး ဂရုမစိုက်သည့်ဟန် ပြလေလေ ၎င်းတို့ ပိုကြောက်ရွံ့လေ ဖြစ်မည်ဖြစ်သည်။
ထိုလူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တံတောင်ဖြင့် တွတ်လိုက်ကြသည်။
"အမ်... အမ်... မစ္စတာကျိုး၊ ဒီရက်ပိုင်းအတွင်း အလုပ်များနေသလားခင်ဗျာ"
"မဆိုးပါဘူး၊ လူတစ်ယောက်ကို ရှင်းထုတ်လိုက်တာကလွဲရင် တခြားဘာမှ အရေးကြီးတာ မရှိပါဘူး"
ထိုစကားကို ကြားလိုက်ရချိန်တွင် လူနှစ်ဦးစလုံး တုန်လှုပ်သွားကြသည်။
တခြားသူတွေ မသိရင်တောင် သူတို့နှစ်ယောက်တော့ သေချာပေါက် သိနေသည်။
ဟွမ်ရှီ ပျောက်သွားသည်။
ဒါလုံမြို့တွင် သူတို့၏သတင်းပေးသူတွေ ရှိနေပြီးသားဖြစ်သဖြင့် ဒီအကြောင်းကို သိနှင့်ပြီးသားပင်။
ဟွမ်ရှီ ဘာတွေလုပ်ခဲ့သည်ကို ကျိုးထျန်းသိထားပြီး သူက ဟွမ်ရှီကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း သူတို့ သိသည်။
သူ ရဲစခန်းကို ဖုန်းဆက်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း တစ်ရက်စောင့်ပြီးသည့်တိုင် ဟွမ်ရှီကိုရဲများက ဖမ်းဆီးသွားသည်ဟူသော သတင်း မကြားရဘဲ ပျောက်ဆုံးသွားသည့်သတင်းသာ ကြားလိုက်ရသည်။
ထိုအကြောင်းကို တွေးမိရုံနှင့်ပင် သူတို့မှာ အရွက်များပမာ တုန်ရီနေကြသည်။
မဟုတ်လျှင် သူတို့သည် ကျိုးထျန်း ကို ဤနေရာတွင် ဤမျှ အမြန်တွေ့ဆုံရန် မဖြစ်နိုင်ပေ။
သူတို့ ကြောက်သည်။ တကယ်ကို ကြောက်နေကြသည်။
အခုချိန်မှာ အလျှော့မပေးလျှင် ဟွမ်ရှီ၏ ကံကြမ္မာအတိုင်း သူတို့ ခံစားရမည်ကို ကြောက်နေကြသည်။
ယခု ကျိုးထျန်း က လူတစ်ယောက်ကို ရှင်းထုတ်လိုက်ပြီဟု ပြောလိုက်သည့်အခါ သူတို့၏တွေးခေါ်မှုက မှန်ကန်နေကြောင်း ပိုယုံကြည်သွားကြသည်။
အရှုံးပေးလိုက်ခြင်းမှာ ရှက်စရာမဟုတ်ပေ။ အသက်ရှင်နေခြင်းသည် အခြားအရာအားလုံးထက် ပိုအရေးကြီးသည်မဟုတ်ပါလော။