← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 16 Ch. 157-158

🍋 Chapter 157

ကျောက်ဖန်၏ ဘဝသည် အမြဲတမ်း တည်ငြိမ်အေးချမ်းခဲ့သည်။

ကျောက်ရှင်း မမွေးခင်ကတည်းက သူမသည် ကျောက်မိသားစုတွင် အလှပဆုံး ပန်းတစ်ပွင့် ဖြစ်ခဲ့သည်။

သူမကို အသက်ကြီးမှ မွေးခဲ့ခြင်းဖြစ်ပြီး ငယ်စဉ်ကတည်းက ပညာရေးတွင် ထူးချွန်ခဲ့သဖြင့် အလွန်အမင်း အလိုလိုက်ခြင်း ခံခဲ့ရသည်။

သူမ အစ်ကိုကြီးမှာ သူမထက် အသက် ၂၀ နီးပါး ပိုကြီးသဖြင့် ငယ်စဉ်ကတည်းက သူမကို သမီးတစ်ယောက်လို ပြုစုပျိုးထောင်ခဲ့သည်။

ရုပ်ရည်တစ်ခုတည်းကို ကြည့်မည်ဆိုလျှင် ကျောက်ရှင်းက သူမထက် အမှတ်အနည်းငယ် ပိုသာနိုင်သော်လည်း များများစားစားတော့ မဟုတ်ပေ။

သို့သော် ကိုယ်လုံးကိုယ်ပေါက်နှင့် အရှိန်အဝါကိုပါထည့် သွင်းစဉ်းစားမည်ဆိုလျှင် အသက် ၂၀ ကျော်သာရှိသေးသည့် ကျောက်ရှင်းထက် သူမ၏ စုစုပေါင်းအမှတ်မှာ အပြတ်အသတ် သာလွန်နေပေလိမ့်မည်။

ထိုအချက်ကြောင့်ပင် သူမသည် အခြားမည်သည့် အမျိုး သမီးထက်မဆို ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်မှုရှိနေခြင်း ဖြစ်သည်။

သူမ၏ ရုပ်ရည်ကို ချီးမွမ်းကြသည့်သူပေါင်း များစွာရှိခဲ့သဖြင့် သူမမှာ ထိုစကားများကိုပင် နားငြီးနေပြီဖြစ်သည်။

ထို့ကြောင့် အရွယ်ရောက်လာသောအခါ သူမ အမှန်တကယ် လိုလားသောအရာမှာ အာဏာ၊ တစ်နည်းအားဖြင့် အခြားသူများကို ထိန်းချုပ်နိုင်သည့် စွမ်းအားပင်။

အလုပ်ခွင်တွင်သာမက ဆက်ဆံရေးများတွင်လည်း ထိန်းချုပ်လိုစိတ် ရှိသည်။

အမျိုးသားများနှင့် ဆက်ဆံရာတွင် သူမသည် အမြဲတမ်း အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်ခဲ့သည်။

အတူရှိမလား၊ လမ်းခွဲမလား ဆိုသည်ကို သူမကသာ ရွေးချယ်သည်။

သူမ စိတ်ကြည်လျှင် မင်းနှင့်အတူ ညစာစားမည်၊ စကား ပြောမည်။

ထိုအရာအားလုံးမှာ ပိုက်ဆံနှင့် မဆိုင်ဘဲ သူမ၏ ခံစားချက်နှင့်သာ ဆိုင်သည်။

သူမ အတွေ့အကြုံအရ မည်သည့်အမျိုးသားကိုမဆို ကိုင်တွယ်ရန် အဆင့်အနည်းငယ်သာ လိုအပ်သည်။

စကားစမြည်ပြောမည်၊ အခွင့်အရေး အနည်းငယ်ပေးမည်၊ ပြီးလျှင် အနည်းငယ် မြှူဆွယ်လိုက်မည်။ ထို့နောက် မည်သူ မဆို သူမ၏ဖမ်းစားမှုအောက်တွင် ကျရှုံးသွားကြသည်ချည်း ဖြစ်သည်။

သို့သော် ကျိုးထျန်းနှင့်ကျမှ တတိယအဆင့်မှာတင် အရာအားလုံး ရပ်တန့်သွားခဲ့သည်။

သူမကို အညံ့မခံရုံတင်မကဘဲ သူက ပြန်လည် တုံ့ပြန်ရဲသေးသည်။

ခပ်ပြင်းပြင်း အရိုက်ခံလိုက်ရသည့် သူမ ပေါင်မှာ ယခုထိ စပ်ဖျဉ်းဖျဉ်း ဖြစ်နေဆဲပင်။

သူမသည် အသုံးချခံနေရပြီဟု ခံစားနေရသဖြင့် အခြေအနေကို ပြောင်းပြန်လှန်ရန် အခွင့်အရေးရှာနေခဲ့သော်လည်း ယခုတော့ ထိုသို့မဖြစ်သည့်အပြင် အထင်သေးခြင်းပင် ခံလိုက်ရသည်။

၎င်းမှာ သူမကို အကြီးအကျယ် ဒေါသထွက်စေသည်။

ဟော့ပေါ့ဆိုင်သို့ ရောက်သောအခါ သူတို့အဖွဲ့ နေရာယူလိုက်ကြသည်။

လျိုမုယန်သည် ကျိုးထျန်း၏ဘေးတွင် ထိုင်ပြီး ကျောက်ရှင်း က ကျောက်ဖန် နှင့်အတူ ထိုင်သည်။

ကျောက်ဖန်သည် ကျိုးထျန်း မျက်စိရှေ့တည့်တည့်တွင် ရည်ရွယ်ချက်ရှိရှိ ထိုင်လိုက်ကာ သူ့ကို ရံဖန်ရံခါ ပြုံးပြနေသည်။

သူတို့နှစ်ယောက် အချင်းချင်းမသိသလို ဟန်ဆောင်နေကြဆဲဖြစ်ရာ ကျောက်ရှင်းက သူတို့ကို မိတ်ဆက်ပေးလိုက်သည်။

"ကျိုးထျန်း၊ ဒါ ငါ့အဒေါ် ကျောက်ဖန်"

"အဒေါ်၊ ဒါကတော့ Planetary Home ရဲ့ ရင်းနှီးမြှုပ်နှံသူ ကျိုးထျန်းပါ"

"တွေ့ရတာ ဝမ်းသာပါတယ်"

ကျောက်ဖန် သူမ၏လက်ကို ကမ်းပေးလိုက်ရာ ကျိုးထျန်းကလည်း ပြန်လည် နှုတ်ဆက်လိုက်သည်။

သို့သော် သူတို့လက်ချင်း ဆုပ်ကိုင်မိချိန်တွင် တစ်ဖက်လူက သူမ၏ လက်မဖြင့် သူ့လက်ဖဝါးကို ပွတ်သပ်နေသည်ကို ကျိုးထျန်း ခံစားလိုက်ရသည်။

'သူမ လက်မလျှော့သေးဘူးပဲ၊ ဒီဂိမ်းကို ဆက်ကစားချင်နေတုန်းပေါ့'

ကျိုးထျန်း တည်တည်ငြိမ်ငြိမ်ပင် ရှိနေကာ သူမ ဘာဆက်လုပ်မလဲဆိုသည်ကို စောင့်ကြည့်နေလိုက်သည်။

ဟင်းပွဲအားလုံး ရောက်လာပြီဖြစ်ရာ အားလုံးမှာ လျိုမုယန် အကြိုက်ဆုံးများ ဖြစ်သည်။

အမဲအူကြမ်း၊ အမဲနှလုံးသွေးကြော၊ အကြောသား၊ အစာ အိမ်နှင့် ကျောက်ကပ် အကွင်းလိုက်လေးများ ဖြစ်သည်။

သူတို့အဖွဲ့ စားသောက်ရင်း စကားပြောနေကြသည်။

မကြာမီ ကျောက်ဖန် သရုပ်ဆောင်ရမည့် အလှည့် ရောက်လာသည်။

သူမသည် ပထမဦးစွာ ကျောက်ရှင်းနှင့် လျိုမုယန်တို့အတွက် အသားနှစ်တုံးကို ပြုတ်ပေးကာ သူတို့ပန်းကန်ထဲထည့်ပေးလိုက်သည်။

ထိုအရာမှာ လူကြီးတစ်ယောက်အနေဖြင့် သာမန် အပြုအမူပင် ဖြစ်သည်။

သို့သော် နောက်ထပ် တစ်တုံးကို ပြုတ်ကာ ကျိုးထျန်းကို ထည့်ပေးလိုက်ပြန်သည်။

မိန်းကလေးနှစ်ယောက်နှင့် မတူသည်မှာ သူမက ကျိုးထျန်းကို ကျောက်ကပ် အချပ်ကြီးတစ်ချပ်ပေးလိုက်ခြင်း ဖြစ် သည်။

"အာ..."

ကျိုးထျန်း ကြောင်သွားပြီး စားရမလား၊ မစားရမလား ဝေခွဲမရ ဖြစ်သွားသည်။

သူမသည် လူကြီးတစ်ယောက်အသွင် ပေါက်စေရန် မိန်းက လေးနှစ်ယောက်ကို အရင်ထည့်ပေးခြင်းဖြင့် ကျိုးထျန်းကို ထည့်ပေးခြင်းမှာလည်း သဘာဝကျသယောင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမ ထည့်ပေးလိုက်သော အစားအသောက်မှာ မသင့်တော်ပေ။

ကျိုးထျန်း စားမလား၊ မစားဘူးလား ဝေခွဲမရ ဖြစ်နေစဉ်မှာပင် တစ်စုံတစ်ယောက်က သူ့ ခြေသလုံးကို တို့ထိလာသည်ကို ခံစားလိုက်ရပြန်သည်။

ကျောက်ဖန် ထိုလှည့်ကွက်ကိုပင် ထပ်သုံးပြန်သည်၊ သို့သော် ယခုတစ်ကြိမ်တွင် သူမက ပိုရဲတင်းလာသည်။

သူမ၏ခြေထောက်ကို အပေါ်သို့ တဖြည်းဖြည်း တိုးလာစေရင်း တစ်ဖက်တွင်လည်း လက်ဖြင့် မေးထောက်ကာ အနည်း ငယ်အံ့အားသင့်နေသည့် ကျိုးထျန်းကို စိုက်ကြည့်နေသည်။

"မစ္စတာကျိုး၊ စားပါဦး! ဒီနေ့ ကျွန်မ တိုက်တာပါ။ ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးကို ကူညီပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်"

သူမသည် "ကျေးဇူးတင်ပါတယ်" ဆိုသည့် စကားလုံးကို အလေးပေးပြောလိုက်ပြီး သူမ ခြေထောက်ကို ပိုအားထည့်ကာ လှုပ်ရှားလိုက်သည်။

သို့သော် ကျိုးထျန်းက အလျှော့ပေးမည့်သူ မဟုတ်ပေ။ သူ့ ဘယ်ဘက်လက်ကို စားပွဲအောက်သို့ ပို့လိုက်ပြီး သူမ ခြေကျင်းဝတ်ကို ဖမ်းဆုပ်လိုက်သည်။

'သွားတော့!'

သူက ကျောက်ဖန်၏ခြေထောက်ကို သူ့ဘက်သို့ အားဖြင့် ဆွဲယူလိုက်သည်။

စားပွဲပေါ်တွင် လက်တစ်ဖက်ဖြင့် မှီထားသည့် သူမမှာ ရုတ်တရက် ဟန်ချက်ပျက်သွားပြီး သူမ ခန္ဓာကိုယ် အစိတ် အပိုင်း အတော်များများမှာ ထိုင်ခုံပေါ်မှလျောကျသွားတော့သည်။

"အဒေါ်၊ ဘာဖြစ်တာလဲ"

ကျောက်ရှင်းသည် သူမ ထိုင်ခုံပေါ်မှ လျောကျသွားသည်ကို မြင်သောအခါ အမြန် လှမ်းတွဲပေးလိုက်သည်။

ထိုအခါမှ ကျိုးထျန်း သူမကို အေးအေးဆေးဆေး ပြန်လွှတ်ပေးလိုက်သည်။

ကျောက်ဖန်မှာ အနေရခက်စွာဖြင့် "ကြမ်းပြင်က နည်းနည်း ချောနေလို့ပါ၊ ပြီးတော့ ငါ ခါးကို မတ်မတ်ထိုင်ဖို့ ကြိုးစားလိုက်လို့ ဖြစ်မှာပါ" ဟုသာ ပြောနိုင်တော့သည်။

သို့သော် စိတ်ထဲမှာတော့ ကျိန်ဆဲနေမိသည်!

ဒီ ကျိုးထျန်းက ဘယ်လိုလူလဲ။

သူ ဒါကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာရော သိရဲ့လား။ ငါ့ကိုပြုတ်ကျအောင် လုပ်တော့မလို့!

ငါ ဒီလှည့်ကွက်ကို အကြိမ်ပေါင်းများစွာ သုံးခဲ့ဖူးတယ်၊ ဒါပေမဲ့ ဒီလို တုံ့ပြန်မှုမျိုးကြုံရတာ ဒါ ပထမဆုံးပဲ။

ငါ့မှာ တစ်ခုခု မှားနေတာလား၊ သူကပဲ မှားနေတာလား?

ငါ့ရဲ့ ဘဝအတွေ့အကြုံတွေ အားလုံးက သူ့ရှေ့မှာ ဘာလို့ အသုံးမဝင်သလို ခံစားနေရတာလဲ?

မရဘူး၊ ငါ့ရဲ့ အစွမ်းကုန် လက်နက်ကို သုံးရတော့မယ် ထင်တယ်။

ကျောက်ဖန်သည် ပြုံးလျက် အခြားသူများနှင့်အတူ စားသောက်နေကာ စည်းကျော်သည့် အပြုအမူမျိုး ထပ်မလုပ်တော့ပေ။

ကျောက်ရှင်းနှင့် လျိုမုယန်တို့ကို ဟိုတယ်သို့ ပြန်ပို့ပေးသည့်တိုင်အောင် သူမမှာ လိမ္မာယဉ်ကျေးစွာ နေခဲ့သည်။

မိန်းကလေးနှစ်ယောက် ထွက်သွားသည့်တိုင်အောင်...

"မစ္စတာကျိုး၊ ကျွန်မလည်း ဒီနေ့ည Baoge ဟိုတယ်မှာပဲ တည်းမှာပါ၊ အခန်းနံပါတ် ၁၇၀၂၊ နောက်မှ တစ်ခွက်လောက် လာသောက်ဖို့ စိတ်ဝင်စားလား"

"အချိန်မရှိဘူး"

ကျိုးထျန်း တိုက်ရိုက်ပင် ငြင်းလိုက်သည်။

သို့သော် သူမ စိတ်မဆိုးသွားပေ၊ အဘယ်ကြောင့်ဆိုသော် ဤအဖြေမျိုးကို သူမ မျှော်လင့်ထားပြီးသားဖြစ်သော ကြောင့် ဖြစ်သည်။

"ဒါဆိုလည်း ထားလိုက်ပါတော့၊ နောက်မှ တွေ့ကြတာပေါ့" သူမက လက်ဝှေ့ယမ်းပြကာ လှည့်ထွက်သွားသည်။

ကျိုးထျန်း အရက်အနည်းငယ် သောက်ထားသဖြင့် ကားမမောင်းတော့ဘဲ ဟိုတယ်ဝန်ထမ်းကို အငှားယာဉ် တစ်စီးခေါ်ခိုင်းလိုက်သည်။

သို့သော် ကားပေါ်တက်ပြီး ငါးမိနစ်အကြာတွင် သူ့ ဖုန်းမြည်လာသည်။

"ဒီအမျိုးသမီး ဘာကို ဆိုလိုတာလဲ?"

ကျောက်ဖန် ဖုန်းဆက်လာခြင်းဖြစ်ရာ သူ အားမလိုအားမရဖြင့် ထူးလိုက်သည်။

"ဘာလိုချင်လို့လဲ..."

"အာ... တူတူတူတူ"

စူးစူးဝါးဝါး အော်သံတစ်ခုနှင့်အတူ ဖုန်းလိုင်း ပြတ်တောက်သွားသည်။

ကျိုးထျန်း မျက်နှာမှာ တွန့်ချိုးသွားပြီး သူ့ဖုန်းကို ချလိုက်သည်။

တစ်ချိန်တည်းမှာပင် Baoge ဟိုတယ်၏ အခန်းနံပါတ် ၁၇၀၂ တွင်

ကျောက်ဖန်သည် ကိုယ်ကိုသေသေချာချာ ဆေးကြောသန့်စင်ကာ ရေမွှေးဆွတ်ပြီးနောက် အနီရောင် ဇာအတွင်းခံ အစုံနှင့်အတူ အနက်ရောင် ခြေအိတ်ရှည် နှင့် အပေါ်ကဝတ်စုံ တစ်ခုကို ဝတ်ထားသည်။

သူမသည် ရေမွှေးထပ်ဆွတ်ကာ အလှအပကိုလည်း အသေး စိတ်ပြင်ဆင်ထားသည်။

"ဟက်... ယောင်္ကျားတွေ!"

သူမသည် ကျိုးထျန်းကို သူမဆီမှာ တစ်ခုခုဖြစ်သွားပြီဟု ထင်စေရန်နှင့် ဟိုတယ်သို့ အပြေးအလွှား ပြန်လာရှာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ချက်သာအော်ပြီး ဖုန်းချလိုက်ခြင်းဖြစ်သည်။

သူမသည် သူ့ကို ထောင်ချောက်ထဲ ဆွဲသွင်းရန်အတွက် သူမ၏ အခန်းနံပါတ်ကိုလည်း ရည်ရွယ်ချက်ရှိရှိ ပေးထားခဲ့ခြင်း ဖြစ်သည်။

သူမ မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်သည်။

"ပြီးပြည့်စုံတယ်!"

ထို့နောက် သူမသည် အခန်းတံခါးကို အနည်းငယ် ဟထားခဲ့ပြီး ရေချိုးခန်းထဲတွင် ပုန်းနေလိုက်သည်။

ကျိုးထျန်း ရောက်လာသည့်အခါမှ အခန်းထဲသို့ ဝင်သွားပြီး သူ့ကို နောက်ကနေပွေ့ဖက်လိုက်ရန် ဖြစ်သည်။

ဤသို့တွေးရင်း သူမ ရင်အဟကို အနည်းငယ် အောက်သို့ ဆွဲချလိုက်သည်။

"အသက် ၂၀ ဝန်းကျင် ကလေးလေး၊ မင်းကို ဆွဲဆောင်မှုဆိုတာ ဘာလဲဆိုတာ ငါ သင်ပေးမယ်"

သူမ ဖုန်းကို စစ်ကြည့်လိုက်သည်။ ဆယ်မိနစ် ကုန်သွားပြီဖြစ်ရာ အကွာအဝေးအရဆိုလျှင် သူ မကြာခင် ရောက်လာတော့မည်။

ဆယ့်ငါးမိနစ် ကုန်သွားသော်လည်း ကျောက်ဖန် ဖုန်းကို ထပ်စစ်ကြည့်ပြန်သည်။

"လမ်းမှာ ကားပိတ်နေတာလား?"

နာရီဝက် ကုန်သွားသောအခါ သူမသည် မှန်တင်ခုံရှေ့က ထိုင်ခုံတွင် ထိုင်ကာ ပုခုံးကို ပိုက်ထားမိသည်။

ရေချိုးခန်းထဲရှိ လေအေးပေးစက်မှာ အနည်းငယ် အေးနေပြီး သူမ ဝတ်ထားသည်မှာလည်း မလုံလောက်ပေ။

"ဘာလို့ ဒီလောက် ကြာနေတာလဲ?"

တစ်နာရီ ကုန်သွားသောအခါ ကျောက်ဖန်မှာ ဇဝေဇဝါဖြစ်လျက် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်နေမိသည်။

"သူ... မလာတာလား မသိဘူး?"

"နောက်ထပ် ခဏလောက် ထပ်စောင့်ကြည့်ဦးမယ်၊ တစ်ခုခု ဖြစ်နေလို့ နေမှာပါ"

နှစ်နာရီ ကုန်သွားသည်။

ကျောက်ဖန်မှာ အပေါ်အင်္ကျီတစ်ထည် ဝတ်ကာ ရေနွေးတစ်ခွက်ကို ကိုင်ရင်း အအေးမိပျောက်ဆေးသောက်နေရသည်။

တစ်ချိန်တည်းမှာပင် ကျိုးထျန်းမှာ အိမ်သို့ပြန်ရောက်နေပြီဖြစ်ကာ ရေချိုးပြီး၍အအေးသောက်နေသည်။

"ဒီအမျိုးသမီးက ငါ့ရဲ့ ဉာဏ်ရည်ကို အထင်သေးပြီး ဒီလို လှည့်ကွက်တွေနဲ့ လာကစားနေတာပဲ"

သူ အချိန်ကို စစ်ကြည့်လိုက်ပြီး ကျောက်ဖန်ကို ဖုန်းခေါ်လိုက်သည်။

"ဟေး... မန်နေဂျာကျောက်၊ စောစောက ဘာဖြစ်သွားတာလဲ? ဘာလို့ အော်ပြီး ဖုန်းချသွားတာလဲ? ကျွန်တော် အရမ်းစိတ်ပူနေတာ! အခု ကျွန်တော် လာခဲ့ရမလား?"

ဖုန်းအခြားတစ်ဖက်တွင် ကျောက်ဖန်မှာ ဒေါသထွက်နေပြီ ဖြစ်သည်။

အခုမှ လာခဲ့ရမလား ဟုတ်လား?

ငါ့မှာသာ တစ်ခုခုဖြစ်ခဲ့ရင် ငါ အခုလောက်ဆို သေတောင် သေနေပြီ။

ဒီကောင် ငါ့ကို ဒေါသထွက်အောင် တမင် သက်သက်ဖုန်းဆက်တာ၊ သူ ငါ ဘာလိုချင်လဲဆိုတာ သေချာပေါက် သိနေတာပဲ!

"ဘာမှ မဖြစ်ပါဘူး၊ စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အော်... တော်သေးတာပေါ့။ ဒါဆိုရင်တော့ ကျွန်တော် တက္ကစီခ ယွမ် ၃၀ ကျော် အကုန်ခံပြီး လာနေစရာ မလိုတော့ဘူးပေါ့"

ကျောက်ဖန်မှာ ဒေါသထွက်လွန်းသဖြင့် သူမ၏အနက်ရောင် ခြေအိတ်ရှည်ကို ဆွဲဖြဲပစ်လိုက်သည်။

တောက်... ငါက တက္ကစီခ ယွမ် ၃၀ တောင် မတန်ဘူးလား!

"ဘာမှ ထွေထွေထူးထူး မရှိရင် ဖုန်းချလိုက်တော့မယ်"

ကျောက်ဖန် ဖုန်းချရန်ပြင်လိုက်စဉ် ကျိုးထျန်း စကားပြောလာသည်။

🍋 Chapter 158

"မန်နေဂျာကျောက်၊ နင် တစ်ခုခုကို မှားယွင်းနားလည်နေပုံရတယ်"

ကျိုးထျန်းလေသံမှာ ရုတ်တရက် တည်ကြည်လေးနက်သွားသည်။

"လက်ရှိမှာ ငါတို့ရဲ့ ဆက်ဆံရေးက ရင်းနှီးမြှုပ်နှံသူနဲ့ ကုမ္ပဏီမန်နေဂျာ ဆက်ဆံရေးမျိုးမဟုတ်ဘူး"

"ဒါက အုပ်ချုပ်သူနဲ့ လက်အောက်ခံ ဆက်ဆံရေးမျိုးနဲ့ ပိုတူတယ်။"

"ငါ အလိုရှိရာကို နင့်ကို ခိုင်းစေနိုင်တယ်"

"ငါ မလိုလားတဲ့အရာကိုတော့ နင် မလုပ်မိဖို့လိုမယ်"

"ဘယ်လိုနည်းလမ်းနဲ့မဆို ငါတို့ရဲ့ ဆက်ဆံရေးကို ပြောင်းလဲဖို့ မကြိုးစားနဲ့"

"ဘာလို့လဲဆိုတော့ ငါ့ရဲ့လက်ညှိုးတစ်ချက် အချက်ပေးလိုက်ရုံနဲ့ နင့်ကို ဟွမ်ရှီ ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ မန်နေဂျာရာထူးကနေ ဖယ်ရှားပစ်နိုင်လို့ပဲ"

"ပြီးတော့ ငါသာ အလိုရှိမယ်ဆိုရင် ကျောက်ရှင်းက ငါ့ဘက်မှာ ရှိနေမှာကို ငါ အာမခံနိုင်တယ်။ နင့်ရဲ့တူမက သူ့အဖေထက် နင်ဆိုတဲ့ အဒေါ်ကို ပိုပြီးတန်ဖိုးထားမယ်လို့ နင် ထင်နေလား"

တစ်ဖက်မိန်းကလေးသည် သူမ ကျူးလွန်ခဲ့သည်များကို ကျောက်ရှင်းအားပြောပြရန် သူ တွန့်ဆုတ်နေသည်ကို ရိပ်မိသွားပြီး၊ သူတို့ကြားရှိ အနေအထားကို ဟန်ချက်ညီစေရန် သူ့ အားနည်းချက်ကို ရှာဖွေနေခြင်းဖြစ်ကြောင်း ကျိုးထျန်း သိရှိပြီးဖြစ်သည်။

ဤအမျိုးသမီးမှာ တိုက်ခိုက်လိုစိတ် ပြင်းထန်သူဖြစ်ရာ မည်သို့လျှင် အညံ့ခံကာ နာခံနေပါမည်နည်း။

သူမအဖို့တော့ အမျိုးသားတစ်ဦးအပေါ် အသုံးပြုနိုင်သည့် အကြီးမားဆုံး လက်နက်မှာ သူမကိုယ်တိုင်ပင်ဖြစ်ပြီး ဤလက်နက်မှာလည်း နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

အကယ်၍ ကျိုးထျန်းသာ ထောင်ချောက်ထဲသို့ ဆင်းသက်ပြီး သူမနှင့် ပတ်သက်မှုတစ်ခုခု ရှိသွားခဲ့လျှင် သူမသည် သူ့ကို ထိန်းချုပ်ရန် အချက်တစ်ခုရရှိသွားပေလိမ့်မည်။

သို့သော် သူသည် ထောင်ချောက်ထဲသို့ လုံးဝဆင်းမည်မဟုတ်ပေ။ သူ့တွင် မကောင်းသော ရည်ရွယ်ချက်များမရှိသရွေ့ သူမ လှည့်ကွက်များမှာ လုံးဝအသုံးမဝင်ပေ။

သူ့ စကားများကို ကြားရသောအခါ ကျောက်ဖန်၏ ဒေါသများမှာ သိသိသာသာလျော့ပါးသွားပြီး ကြောက်ရွံ့တုန်လှုပ်မှုများက အစားထိုးဝင်ရောက်လာသည်။

တစ်ဖက်လူက သူမ၏အတွေးများကို ထပ်မံအကဲခတ်မိသွားပြန်ပြီဖြစ်သည်။

သူမ ဘာပြောရမှန်း မသိတော့သလို၊ စကားပြောရန်လည်း မဝံ့တော့ပေ။

ကျိုးထျန်း ပြုံးလျက် ထပ်မံ ပြောကြားလိုက်သည်။

"နင် ကြောက်နေလား? နင့်မှာ ရှိသမျှ အရာအားလုံး ဆုံးရှုံးသွားမှာကို ကြောက်နေတာလား? အဲ့ဒီလိုဆိုရင်တော့ ငါ့ရဲ့ အမိန့်တွေကို နင် လိမ္မာပါးနပ်စွာနဲ့ နာခံတာပိုကောင်းလိမ့်မယ်။ ငါ အကူအညီ လိုအပ်တဲ့အခါ နင့်ကို ဆက်သွယ်လိုက်မယ်၊ အဲ့ဒီလိုမဟုတ်ရင်တော့ ကျေးဇူးပြုပြီး ငါ့အနားမှာ လာပြီးမရှုပ်ပါနဲ့"

"ဒီတစ်ကြိမ်တော့ ငါ ခွင့်လွှတ်ပေးလိုက်မယ်၊ ဒါပေမဲ့ ငါ့အပေါ် လှည့်ကွက်တွေ ထပ်သုံးဖို့ ကြိုးစားမယ်ဆိုရင်တော့ ငါ ဒီလောက်အထိ ယဉ်ကျေးနေမှာ မဟုတ်ဘူး"

ထိုသို့ ပြောပြီးနောက် ကျိုးထျန်း ဖုန်းချလိုက်သည်။

‘အုပ်ချုပ်သူနဲ့ လက်အောက်ခံ ဟုတ်လား?’

‘ဒီကောင်လေးက သိသိသာသာကြီး မအိုသေးပါဘူး၊ ဒါပေမဲ့ ဘာလို့ ဒီလောက်အထိ သြဇာအရှိန်အဝါကြီးမားနေရတာလဲ?’

ကျောက်ဖန် တစ်ယောက် ခေါင်းငုံ့ကာ စဉ်းစားနေမိသည်။

‘သူက တကယ့်ကို သာမန်လူတွေနဲ့ မတူဘူးပဲ’

သူမ အဝတ်အစားများပြန်ဝတ်လိုက်ပြီး တစ်ရှူးဖြင့် နှာခေါင်းကို သုတ်လိုက်သည်။

သူမမှာ ကြက်သူခိုးဖမ်းဖို့ ကြိုးစားရင်း ဆန်ပါဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။ ကျိုးထျန်းလည်း ရောက်မလာသည့်အပြင် သူမမှာ အအေးမိသွားခဲ့ရသည်။

လေအေးပေးစက်ရှေ့တွင် အတွင်းခံဖြင့် ဤမျှကြာအောင် နေခဲ့ပြီးမှ အအေးမမိလျှင် ထူးဆန်းပေလိမည်။

သူမ ဖုန်းကိုဖွင့်လိုက်ပြီး ကျောက်ရှင်း၏ ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။

'ငါ သူမကို မနာလိုမိတယ်၊ နုပျိုမှုက တကယ်အံ့သြစရာကောင်းတာပဲ’

‘ငါကတော့ လာမယ့်နှစ်ဆို အသက် ၃၀ ရှိပြီ၊ ဒါပေမဲ့ သူမနဲ့မတူတာက ငါ့မှာ ချစ်ရတဲ့ ယောင်္ကျားတစ်ယောက်တောင် မရှိသေးဘူး’

‘ငါ့အလုပ်မှာပဲ ငါ အာရုံစိုက်သင့်ပါတယ်။ ဒီလို အစွမ်းထက်တဲ့သူမျိုးနဲ့ တိုးရတာ ကံဆိုးတာပဲ။ ငါ အောက်ကျနောက်ကျပဲ နေရတော့မယ် ထင်တယ်’

‘သူက ချမ်းသာတဲ့ လူကုံထံသားလေးတစ်ယောက်မို့ ရှင်းရှင်း ကြောင့် ငါတို့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံတာလို့ ငါ ထင်ခဲ့တာ’

‘အခုကြည့်ရတာ ရှင်းရှင်းက တကယ်ကံကောင်းတာပဲ’

...

နောက်တစ်နေ့တွင် ကျိုးထျန်း အလွန်စောစော နိုးလာသည်။

မနေ့ညက သူသည် နွားသားရေကွက် အင်္ကျီများ ဝတ်ထားသည့် အသက်ကြီးကြီး အမျိုးသမီးတစ်ဒါဇင်ခန့်က သူ့ကို ဝိုင်းထားသည်ဟု အိမ်မက်မက်ခဲ့သည်။

‘ကြည့်ရတာ ငါ ဒီအမျိုးသမီးနဲ့ ဝေးဝေးနေသင့်တယ် ထင်တယ်’

သူ့ဖုန်းထဲမှ Weibo ကို စစ်ကြည့်လိုက်ရာ ပူးပေါင်းဆောင် ရွက်မှု ပရိုမိုးရှင်းဗီဒီယိုမှာ နံပါတ် (၁) Trending ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

Despair World နှင့် Planetary Home တို့၏ လူကြိုက်များမှုမှာ မြင့်မားနေပြီးဖြစ်ရာ ယခုကဲ့သို့ အစွမ်းထက်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ကျောက်ရှင်း၏ ပါဝင်မှုတို့ကြောင့် ရလဒ်မှာ ၁+၁+၁ > ၁၀ ထက်ပင် ပိုမို ကောင်းမွန်နေတော့သည်။

ပရိုမိုးရှင်းဗီဒီယို ထွက်လာပြီးနောက် ထျန်းချိုင်နှင့် ချန်ကွမ်ချီ တို့သည် စီမံခန့်ခွဲမှုအဖွဲ့ ထဲတွင် ဂိမ်းဝင်ရောက်သူနှင့် ဒေါင်းလုဒ်အရေအတွက်များကို တင်ပေးခဲ့ရာ နေ့စဉ်တိုး တက်မှုနှုန်းမှာ ၇၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။

ဂိမ်းကို နောက်တစ်ပတ်အတွင်းမှာ တရားဝင် စတင်တော့မည်ဖြစ်ရာ ဤသည်မှာ အလွန်ကောင်းမွန်သော သတင်းပင် ဖြစ်သည်။

‘ဒီရွေးချယ်မှုက မှန်ကန်ပုံရတယ်၊ ဒါ ဂိမ်းအတွက်တင်မကဘဲ ရုပ်ရှင်အတွက်ပါ အကျိုးရှိလိမ့်မယ်’

‘ဘာပဲဖြစ်ဖြစ် ငါတို့ဂိမ်းရဲ့ ကစားသမားတွေက အသက် ၁၆ နှစ်ကနေ ၂၆ နှစ်ကြားက အများစုဖြစ်ပြီး၊ Planetary Home ရဲ့ ကြည့်ရှုသူတွေကတော့ အသက် ၁၆ နှစ်ကနေ ၄၅ နှစ်ကြားမှာ အဓိကရှိနေတာဆိုတော့ နှစ်ဖက်စလုံးက လူအုပ်စုချင်း ထပ်တူကျတာ အတော်များတယ်’

ဤပရိုမိုးရှင်းဗီဒီယိုသည် နှစ်ဖက်စလုံးအတွက် အဓိကကျသော အပြုသဘောဆောင်သည့် သက်ရောက်မှုများရှိစေ သည်။

အထူးသဖြင့် ကျောက်ရှင်းအတွက် ဖြစ်သည်။

မကြာသေးမီက သူမသည် ခြေထောက်နှစ်ဖက်စလုံး ဒဏ်ရာရရှိခဲ့ပြီး ဖျော်ဖြေရေးလောကမှ လအနည်းငယ်ကြာ ဝေးကွာနေရမည် ဖြစ်သည်။ သူမ ပြန်လာသည့်အခါ သူမ၏ လူကြိုက်များမှုမှာ သေချာပေါက် ထိခိုက်နိုင်ပေသည်။

ဖျော်ဖြေရေးလောကမှာ ရက်စက်လှပြီး ပရိသတ်များ၏ မှတ်ဉာဏ်မှာ တိုတောင်းလှသည်၊ လအနည်းငယ်မျှ ပျောက်ကွယ်သွားရုံနှင့် လုံးဝ မေ့လျော့ခြင်း ခံရနိုင်ပေသည်။

ဤပရိုမိုးရှင်းဗီဒီယိုသည် ကျောက်ရှင်း ရှိနေသေးကြောင်း ကောင်းမွန်သော သတိပေးချက်တစ်ခု ဖြစ်စေသည်။

ရုပ်ရှင်ကို စက်တင်ဘာလကုန်အထိ ပြသရန် မျှော်မှန်းထားသဖြင့် ထိုလအတွင်း Planetary Home ၏ လူကြိုက်များမှု မကျဆင်းသရွေ့ ကျောက်ရှင်း၏ လူကြိုက်များမှုသည်လည်း ကျဆင်းမည် မဟုတ်ပေ။

ထို့အပြင် သူမ ဒဏ်ရာများမှာ မပြင်းထန်လှပေ၊ တစ်လ သို့မဟုတ် နှစ်လအတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။

ဤနည်းဖြင့် ဒဏ်ရာကုသနေစဉ်အတွင်း သူမ၏လက်ရှိလူကြိုက်များမှုကို ထိန်းသိမ်းထားနိုင်ပြီး မေ့လျော့ခံရခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။

ထိုအရာအားလုံးမှာ ရိုးရှင်းသော ကူညီမှုလေးတွေဖြစ်ပြီး ကျောက်ရှင်း၏ လူကြိုက်များမှု မြင့်တက်လာခြင်းမှာ ကျိုးထျန်း အတွက်လည်း အကျိုးရှိစေသည်။

ထျန်းချိုင် နည်းပညာကုမ္ပဏီသည် မိုဘိုင်းဂိမ်းလုပ်ငန်းတွင် အချိန်အတော်ကြာ ရပ်တည်သွားမည်ဖြစ်ပြီး ဂိမ်းကြော်ငြာခြင်းမှာ အလွန်ကုန်ကျစရိတ် များပြားလှသည်၊

အထူးသဖြင့် ကိုယ်စားလှယ်ရှာဖွေခြင်း ဖြစ်သည်။

ယခုအခါ သူတို့တွင် အချိန်အကန့်အသတ်မရှိ အသုံးပြုနိုင်သည့် အခမဲ့ကိုယ်စားလှယ်တစ်ဦး ရှိနေပြီဖြစ်ရာ ကုန်ကျ စရိတ်အမြောက်အမြားကို သက်သာစေမည် ဖြစ်သည်။

ကျောက်ရှင်း သဘောမတူမှာကိုတော့ သူ ထည့်သွင်းစဉ်းစားနေစရာမလိုပေ၊ သူသည် နားချခြင်းနှင့် လှည့်ဖျားခြင်းတို့ကို ပေါင်းစပ်အသုံးပြုရုံသာ ဖြစ်သည်။

လက်ရှိတွင် သူ အလေးအနက်ထားနေသည်မှာ Da Long ကုမ္ပဏီမှ သတင်းများဖြစ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဝမ်ချောင်နည်းပညာ ၏ Weibo ပို့စ်ကြောင့် ၎င်းတို့ ဥက္ကဋ္ဌမှာ ရှေးဟောင်းပစ္စည်း နှစ်ခုကို ရိုက်ခွဲပစ်ခဲ့သည်ဟု ဆိုသည်၊ အခြေအနေများ မည်သို့ရှိနေသည်ကို သူ သိချင်နေမိသည်။

သူသည် အခြေအနေကို သိရှိနိုင်ရန် ချန်ကွမ်ချီထံ ဖုန်းဆက်လိုက်သည်။

"သူဌေး၊ မနေ့က Da Long မှာ နောက်ထပ် အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့တယ်လို့ ကြားတယ်ဗျ။ လီဟိုင်ပေါ်က စားပွဲကို လက်သီးနဲ့ထုပြီး ဆဲဆိုခဲ့သလို၊ လျိုထျန်းအန်ရဲ့နေရာမှာ အစားဝင်တဲ့ ယာယီ CEO ကိုလည်း အပြင်းအ ထန် ဆူပူကြိမ်းမောင်းနေတယ်လို့ကြားတယ်"

"အဲ့ဒီလိုလုပ်တာက အဆင့်မြင့်အရာရှိ ၅၀ လောက်ရဲ့ ရှေ့မှာဆိုတော့ CEO အတွက် တကယ်ကို အရှက်ရစရာဖြစ်သွားတယ်"

"ပြီးတော့ Da Long ကဝမ်ချောင်နည်းပညာ အပေါ် တရားစွဲထားတဲ့ကိစ္စကလည်း တိုးတက်မှုသိပ်မရှိဘူးလို့ ထင်ရတယ်၊ ဒါပေမဲ့ အတားအဆီးအချို့ရှိနေပုံပဲ၊ ဝမ်ချောင်နည်းပညာရဲ့ အလုပ်ရှင်နဲ့ ပတ်သက်နေတာလည်း ဖြစ်နိုင်တယ် သူဌေး"

ကျိုးထျန်း ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တာပဲ။ ဒီသတင်းအချက်အလက်တွေက အရမ်းအရေးကြီးတယ်"

"ကျေးဇူးတင်ပါတယ် သူဌေး၊ ဒါက ဘာမှ မဟုတ်ပါဘူး" ချန်ကွမ်ချီအနေဖြင့် ဤအတွင်းသတင်းများကို အားစိုက်စရာမလိုဘဲ ရရှိခဲ့ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် Da Long ကိုယ်တိုင်က ယင်းကို လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိသောကြောင့် ဖြစ်သည်။

သူသည် အတွင်းဝန်ထမ်း အနည်းငယ်ကို ရှာဖွေပြီး အနီရောင်အိတ် အနည်းငယ် ပေးလိုက်ရုံဖြင့် ဤသတင်းအချက်အလက်များမှာ သူတို့၏ နားထဲသို့ အဆက်မပြတ် စီးဝင်လာပေလိမ့်မည်။

"ဒါနဲ့ ထောက်ပံ့ရေးမန်နေဂျာကို အသိပေးလိုက်ဦး၊ မင်းနဲ့အတူ ပိုပြီးကျယ်တဲ့ ရုံးခန်းတစ်ခု သွားရှာဖို့"

"အာ... သူဌေးကျိုး၊ ကျွန်တော်တို့ကုမ္ပဏီက တိုးချဲ့တော့မှာလား" ချန်ကွမ်ချီ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

ပိုကျယ်ဝန်းသော ရုံးခန်းတစ်ခု ရှာဖွေခြင်းမှာ ဝန်ထမ်းအသစ် အမြောက်အမြားခန့်အပ်တော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ မဟုတ်လျှင် စားပွဲအနည်းငယ် ထပ်တိုးလိုက်ရုံဖြင့် လုံလောက်ပေသည်။

ထို့အပြင် ကုမ္ပဏီမှာလည်း လူအပြည့် မရှိသေးပေ။ ယင်းချိုင် နည်းပညာပျက်စီးသွားပြီးနောက် ဝန်ထမ်းအင်အားမှာ ယခင်အဆင့်၏ ၈၀ ရာခိုင်နှုန်းခန့်သာ ရှိသေးသည်။

"ဟုတ်တယ်၊ ငါ နောက်ထပ် လူအချို့ထပ်ပြီး ခန့်ဖို့ စီစဉ်ထားတယ်၊ မင်း အဆင်သင့်ပြင်ထားဖို့လိုမယ်"

"ဟုတ်ကဲ့၊ ခန့်မှန်းခြေ အရေအတွက်လောက် သိခွင့်ရှိမလား"

"အင်း... လူနှစ်ရာထက် မနည်းလောက်ဘူး!"

ချန်ကွမ်ချီ အံ့အားသင့်သွားသည်။

လူနှစ်ရာ ဟုတ်လား?

ထျန်းချိုင်နည်းပညာ မှာ ဝန်ထမ်းသုံးရာကျော်ပဲ ရှိတာလေ။ တစ်ခါတည်းနဲ့ လူနှစ်ရာကျော် ထပ်ခန့်မယ် ဟုတ်လား?

‘ပြီးတော့ အဲ့ဒီလောက် လူအများကြီးကို ဘယ်ကနေရမှာလဲ။ ရှန်ဟိုင်းမှာ အခြေကျပြီးသား မိုဘိုင်းဂိမ်းပညာရှင်တွေက အဲ့ဒီလောက် အများကြီးမရှိဘူးလေ၊ မဟုတ်ရင် သူတို့ ဝန်ထမ်းခန့်ဖို့ ဒီလောက် ခက်ခဲနေမှာ မဟုတ်ဘူး’

"ဘာပဲဖြစ်ဖြစ် အဲ့ဒီထက်လည်း ပိုနိုင်ပါတယ်။ ကြိုတင်ပြီး ပြင်ဆင်ထားလိုက်ပါ"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်"

ချန်ကွမ်ချီ ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေတော့သည်။ သူဌေးမှ အစီအစဉ်ကြီးတစ်ခု လုပ်တော့မည့်ပုံပေါ်နေသည်။

ဤသူဌေးကျိုးမှာ ငယ်ရွယ်ပုံရသော်လည်း သူ၏ အပြုအမူများမှာ အမြဲတမ်း ခန့်မှန်းရခက်လှသည်။ သူသည် ကုမ္ပဏီသို့ အတန်ကြာမှ လာလေ့ရှိသော်လည်း အမြဲတမ်းကြီးမား သော လှုပ်ရှားမှုများကို ပြုလုပ်လေ့ရှိသည်။

Planetary Home နှင့် ပူးပေါင်းဆောင်ရွက်သော ပရိုမိုးရှင်းဗီဒီယိုကဲ့သို့ပင်။

ထိုအရာအားလုံးကို သူကသာ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီမှ မည်သူမှကြိုတင် မသိရှိခဲ့ကြပေ။

သူသည် ခေါင်းကို ပွတ်သပ်ရင်း၊ ဗဟိုအစိုးရကို ထောက်ပံ့နေရသည့် ဒေသန္တရအစိုးရတစ်ခုကဲ့သို့ ခံစားလိုက်ရကာ သက်ပြင်းချလိုက်မိသည်။

"ငါ သူ့ကို နားမလည်နိုင်တော့ဘူး၊ သူ ခိုင်းတာကိုပဲ အဟုတ်ပါလို့ပြောပြီး လုပ်ပေးလိုက်တော့မယ်"

All Chapters