← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

🍋 Chapter 159

ကျိုးထျန်း သူ့အမိန့်တွေကို ဘယ်လိုပဲ အဓိပ္ပာယ်ကောက်ယူပါစေ၊ အကောင်အထည်ဖော်နေသရွေ့ သူ ဂရုမစိုက်ပေ။

"အဖိုးကြီးချန်၊ နောက်တစ်ခုရှိသေးတယ်၊ ငါ့အတွက် ဒါလုံ က လီဟိုင်ပေါ်ကို ဆက်သွယ်ပေးပါ၊ ငါ သူ့ကို တစ်ခုခုပြောစရာရှိလို့ တွေ့ဖို့ အချိန်ချိန်းချင်တယ်လို့ ပြောလိုက်"

"ဪ..."

သူ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

ဘာလို့ ရုတ်တရက်ကြီး ဒါလုံ နဲ့ ပြန်ပြီး ဆက်သွယ်ရတာလဲ?

ငါတို့ ကုမ္ပဏီနှစ်ခုက အဆင်ပြေတာမှ မဟုတ်တာ။

သူဌေး ပြောသမျှကို ငါ ဘာလို့ တစ်ခုမှ နားမလည်နိုင်ရတာလဲ?

တစ်ဖက်က ဥက္ကဋ္ဌနဲ့ တွေ့မယ်ဆိုတာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမလို့လား?

ဒါပေမဲ့ တစ်ဖက်လူက အခုလောလောဆယ် စိတ်အခြေ အနေ သိပ်မကောင်းဘူးလို့ ကြားထားတယ်၊ အခုအချိန်မှာ စကားပြောဖို့ တကယ်ပဲ သင့်တော်ရဲ့လား?

"သူဌေး ဒါလုံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက နည်းနည်း... အကယ်၍ သူတို့က သူဌေးနဲ့ တွေ့ဖို့ သဘောမတူရင် ဘယ်လိုလုပ်မလဲ"

"မဟုတ်ဘူး၊ အခုအချိန်မှာ ငါတို့က သူတို့ရဲ့ အဓိက ရန်သူ မဟုတ်တော့ဘူး၊ သူ ငါတို့နဲ့ စကားပြောဖို့ သေချာပေါက် ဆန္ဒရှိလိမ့်မယ်၊ ငါ ခိုင်းတဲ့အတိုင်းသာ လုပ်ပါ၊ ငါ ဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်"

ကျိုးထျန်း ဤသို့ ပြောသည်ကို ကြားရသဖြင့် သူ သဘောတူလိုက်ရုံသာ ရှိတော့သည်။

ဖုန်းချပြီးနောက် ကျိုးထျန်း ခဏမျှ စဉ်းစားနေမိသည်။

‘ချန်ကွမ်ချီက ကုမ္ပဏီရဲ့ CEO ရာထူးနဲ့ တကယ်ကို မသင့် တော်ဘူး၊ ဌာနမန်နေဂျာ တစ်ယောက်အနေနဲ့ ဆိုရင်တော့ အဆင်ပြေနိုင်ပေမဲ့ သူက စိတ်ပျော့လွန်းတယ်၊ တက်ကြွမှုမရှိသလို အမြင်ကျယ်ကျယ်လည်း မစဉ်းစားတတ်ဘူး’

‘အခု ဒါလုံ နဲ့ ဝမ်ချောင်နည်းပညာ တို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတဲ့ အချိန်မှာ သူတို့ ပြိုင်ဘက်ကို တိုက်ခိုက်ဖို့အင်အားစုတွေ စုစည်းချင်ကြမှာပဲ၊ အဲ့ဒါက ယာယီပဲ ဖြစ်ဖြစ်ပေါ့၊ ဒီအချိန်မှာ သူတို့ ငါ့အပေါ်ကို ပြုံးပြုံးရွှင်ရွှင် ဆက်ဆံကြလိမ့်မယ်’

‘ဒါလုံက အခု ပြည်တွင်းပြည်ပပြဿနာတွေနဲ့အကြီး အကျယ် ရင်ဆိုင်နေရတာ၊ သူ ထျန်းချိုင်ကို ထပ်ပြီး ပစ်မှတ်ထားဖို့ မဖြစ်နိုင်တော့ဘူး၊ သူ့မှာ အဲ့ဒီလောက် အင်အားမရှိတော့ဘူး’

အရေးအကြီးဆုံးအချက်မှာ ဒါလုံ၏အပြင်ပန်း သန်မာမှုနောက်ကွယ်မှ အတွင်းပိုင်း အားနည်းချက်ကို ကျိုးထျန်းမြင်နေရခြင်းပင်။

အကယ်၍ သူတို့က ဝမ်ချောင်နည်းပညာကိုတောင် မကိုင် တွယ်နိုင်ဘူးဆိုလျှင်၊ ဒါလုံ၏ ဒါရိုက်တာ အများစုက ဒါလုံ ကို အဓိက အကျိုးအမြတ်ရသည့် နေရာဟု မသတ်မှတ်ထားခြင်းကြောင့် ဖြစ်ရမည်၊

မဟုတ်လျှင်မူ သူတို့ ထိတ်လန့်နေကြပြီဖြစ်သည်။ သို့မဟုတ် သူတို့က ၎င်းမှာ ၎င်းတို့ ဝင်ရောက်စွက်ဖက်ရမည့်နေရာမဟုတ်ဟု ခံစားနေရခြင်းလည်း ဖြစ်နိုင်သည်။

ဥက္ကဋ္ဌလီဟိုင်ပေါ် ဒေါသမှာ လက်ရှိပြဿနာများကိုမဖြေရှင်းနိုင်သည့်အပေါ်တွင်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။

အကယ်၍ သူက ဤပဋိပက္ခများကို မဖြေရှင်းနိုင်ဘဲ တခြားသူများကို ဝင်ပါခိုင်းနေရမည်ဆိုလျှင်၊ သူ ဤရာထူးကို ဆက်ပြီး ဆုပ်ကိုင်ထားနိုင်ပါဦးမည်လော?

ဒါရိုက်တာ အချို့ကမူ လှုပ်ရှားရန်အတွက် ယားယံနေကြပြီ ဖြစ်လိမ့်မည်။ ဥက္ကဋ္ဌရာထူးဆိုသည်မှာ တစ်ဦးတည်းအတွက် မဟုတ်ပေ၊ အခြေအနေများမှာ အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။

ထို့ကြောင့် လီဟိုင်ပေါ်၏ စိတ်ပျက်အားလျော့မှုမှာ ပြင်ပဖိအားများကြောင့်တင် မဟုတ်ဘဲ အတွင်းပိုင်း အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်သည်။

ကျိုးထျန်း က ဤအရာအားလုံးကို နားလည်ထားပြီး နောက် ဆက်တွဲ ဆွေးနွေးပွဲများအတွက် ပိုယုံကြည်ချက် ရှိနေသည်။

နောက်တစ်နေ့ မွန်းလွဲ ၂ နာရီတွင်

ကျိုးထျန်းသည် မြို့လယ်ခေါင်တွင်ရှိသော ဒါလုံနည်းပညာကုမ္ပဏီ ရုံးချုပ်သို့ ကိုယ်တိုင် ကားမောင်းသွားခဲ့သည်။

‘သူတို့လည်း ထျန်းချိုင်လိုပဲ မြို့လယ်ခေါင်မှာ နေရာတစ်ခု ရွေးထားမယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီမှာ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး'

သူသည် ရုံးခန်းနှင့် ကုန်သွယ်မှုဆိုင်ရာ အဆောက်အအုံဝင်း၏အဝင်ဝသို့ ကားမောင်းဝင်သွားပြီး၊ နေရာမမှားကြောင်း အတည်ပြုပြီးနောက် မြေအောက် ကားပါကင်ထဲသို့ မောင်းဝင်ခဲ့သည်။

သူ ကားမောင်းရင်း လေ့လာနေမိသည်။

‘ဒီမှာက သွားလာရတာနဲ့ စားသောက်ဆိုင်တွေက တော်တော်လေး အဆင်ပြေပြီး ဈေးလည်းမကြီးဘူးပဲ’

‘ထျန်းချိုင် ရုံးခန်းအဆောက်အအုံလို မဟုတ်ဘူး၊ အဲ့ဒီမှာက နေရာကောင်းဖြစ်နေလို့ ပတ်ဝန်းကျင် ကုန်ကျစရိတ်တွေက အရမ်းများတယ်၊ ခေါက်ဆွဲတစ်ပွဲတင် ယွမ် ၆၀ ကျော် ပေးရတယ်’

‘ဒါလုံ က ဝန်ထမ်းတွေရဲ့ အတွေ့အကြုံနဲ့ သွားလာရ အဆင် ပြေမှုကို ပိုပြီး တန်ဖိုးထားပုံရတယ်၊ ထျန်းချိုင်ကတော့ ရန်ပုံငွေရပြီးကတည်းက အကောင်းဆုံးရုံးခန်း အဆောက် အအုံကို ရွေးခဲ့တာကိုး’

ကျိုးထျန်း ယင်းချိုင်ကို လက်လွှဲယူစဉ်က ရုံးခန်းကိစ္စနှင့် ပတ်သက်၍ အခက်တွေ့ခဲ့ရသေးသည်။

ဈေးနှုန်း အဆမတန်ကြီးမားမည်ကို သူ စိုးရိမ်ခဲ့ပြီး ရုံးခန်းပြောင်းရန်တောင် စဉ်းစားခဲ့ဖူးသည်။

သို့သော် ထောက်ပံ့ရေးဌာနနှင့် အစည်းအဝေးလုပ်ပြီးနောက်တွင်မူ နေရာကောင်းတိုင်းက ဈေးနှုန်းအဆမတန် ကြီးနေခြင်းမျိုး မဟုတ်သည်ကို သူ သိလိုက်ရသည်။

ဥပမာအားဖြင့် သူတို့ အဆောက်အအုံမှာ ဒါလုံကုမ္ပဏီထက် တစ်စတုရန်းမီတာလျှင် တစ်နေ့မှ တစ်ယွမ်သာပိုများခြင်းမျိုးဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အလွန်အဆင့်မြင့်သည့် ရုံးခန်း အဆောက်အအုံများမှာ ကုမ္ပဏီအများစုကို နောက်တွန့်စေသည့်အတွက်၊ ငှားရမ်းမှုဌာနများက လူငှားရရှိရန်အတွက် ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထိပင် လျှော့ဈေးများပေးလေ့ရှိသောကြောင့် ဖြစ်သည်။

သို့သော် ကုမ္ပဏီတိုင်းကို လက်မခံပေ၊ ငှားမည့်သူများမှာ သူတို့၏ Brand Image နှင့် ကိုက်ညီရမည်။

ထျန်းချိုင်ကဲ့သို့ နည်းပညာကုမ္ပဏီမျိုးများကိုမူ သူတို့က သေချာပေါက် လိုချင်ကြသည်။

အဆင့်မြင့်သည်၊ သန့်ရှင်းသည်၊ ပြီးလျှင် သေချာပေါက် ချမ်းသာကြသည်။

တစ်နှစ်လျှင် ငှားရမ်းခ ၅ ရာခိုင်နှုန်း တိုးပေးမည်ဆိုသည့် သဘောတူညီချက်နှင့် ၁၀ နှစ်စာ စာချုပ်ချုပ်မည်ဆိုပါက၊ သူတို့က ပထမဆုံး ငှားမည့်သူများကို ဈေးသက်သက်သာ သာနှင့် ငှားပေးတတ်ကြသည်။

ရုံးခန်း အဆောက်အအုံများမှာ လူစည်ကားရန် လိုအပ်သည်၊ လူမစည်ကားလေလေ ငှားမည့်သူ နည်းလေလေဖြစ်ပြီး အဆိုးသံသရာ လည်မည်ကို သူတို့ကြောက်ကြသည်။

မကြာသေးမီနှစ်များအတွင်း ရှန်ဟိုင်း၏မြေဈေးနှုန်းများမှာ ကျဆင်းနေပြီး ရုံးခန်းငှားခများမှာလည်း အရင်ကဲ့သို့ မတည် ငြိမ်တော့ပေ။

ရှန်ဟိုင်း၏အမြင့်ဆုံး အဆောက်အအုံ သုံးခုတောင်မှ လျှော့ဈေးနှင့် ငှားနေရပြီဆိုလျှင် တခြားနေရာများကို ပြောနေစရာ မလိုတော့ပေ။

၎င်းအစား နေရာသင့်တင့်ပြီး ပတ်ဝန်းကျင်တွင် လိုအပ်သည်များ အစုံအလင်ရှိသည့် အလယ်အလတ်တန်းစား ရုံးခန်း အဆောက်အအုံများမှာ ပိုလူကြိုက်များသည်။

ဒါလုံ၏ရုံးခန်း အဆောက်အအုံမှာ ဤအမျိုးအစားထဲတွင် ပါဝင်သည်။

သူ ဓာတ်လှေကားစီးပြီး ၃၂ လွှာ ခလုတ်ကို နှိပ်လိုက်သည်။

ဒါလုံ နည်းပညာ တွင် ဝန်ထမ်း ၈၀၀ ကျော်ရှိပြီး ဤအဆောက်အအုံ၏ အပေါ်ဆုံးလေးလွှာကို ရုံးချုပ်အဖြစ် အသုံးပြုထားခြင်းဖြစ်သည်။

၎င်းတို့ ရှန်ကျန့်တွင် ဘဏ်ခွဲတစ်ခု ဖွင့်ရန် စီစဉ်နေသည်ဟု ကြားဖူးသည်၊ ယခုဖြစ်ရပ်က ၎င်းတို့ကို ထိခိုက်စေသလားမသိပေ။

ဓာတ်လှေကား တံခါးပွင့်သွားသောအခါ ကုမ္ပဏီ၏ Receptionist မှာ ထိုနေရာတွင် ရှိနေသည်။

"မင်္ဂလာပါ၊ ကျွန်တော် ဥက္ကဋ္ဌလီဟိုင်ပေါ် နဲ့ တွေ့ချင်လို့ပါ"

"မစ္စတာကျိုးလားရှင့်"

"ဟုတ်ကဲ့၊ ကျွန်တော်ပါပဲ"

သူဖြစ်ကြောင်း သိလိုက်ရသောအခါ Receptionist ၏ အပြုံးမှာ ပိုတောက်ပသွားသည်။

ဥက္ကဋ္ဌစောင့်နေသည့်သူမှာ အရေးကြီးသူဖြစ်ရမည်၊ ပြီးတော့ သူက အရမ်းလည်းငယ်သေးတယ်၊ ငါလည်း အခွင့်အရေးရနိုင်မလား...

ကျိုးထျန်းကမူ သူမ ဘာတွေးနေသည်ကို မသိပေ။

သူ ထိုအမျိုးသမီးနောက်မှ လိုက်သွားပြီး ကုမ္ပဏီအတွင်းရှိ အစည်းအဝေးခန်းလေးတစ်ခုသို့ ရောက်သွားရာ လက်ဖက် ရည်နှင့် မုန့်များမှာ အဆင်သင့်ရှိနေပြီ ဖြစ်သည်။

လက်ဖက်ရည်ဖျော်သည့် ပစ္စည်းအစုံကို စားပွဲပေါ်တွင် သေချာပြင်ဆင်ထားသည်။

ကျိုးထျန်း ကြွေထည်ပစ္စည်းများအကြောင်း သိပ်မသိသော် လည်း ဤအရာများမှာ သာမန်ပစ္စည်းများ မဟုတ်သည်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။

‘ဒီ လီဟိုင်ပေါ်ကတော့ တကယ်ကို အစွမ်းကုန် ကြိုးစားနေတာပဲ၊ ဧည့်ခံမှုကို ဒီလောက်အထိ အဆင့်မြင့်အောင်လုပ်ထားတာက သူက ရင်းရင်းနှီးနှီးရှိချင်တဲ့ သဘောပဲ’

‘စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ဒီနေ့က ငါ မျှော်လင့်ထားတာထက်တောင် ပိုပြီးအဆင်ပြေသွားနိုင်တယ်’

တစ်ဖက်လူက အလွန်အလုပ်ရှုပ်နေဟန်ဆောင်နေမည် သို့မဟုတ် အလုပ်ရှုပ်ချင်ယောင်ဆောင်ပြီး တွေ့ဆုံမှုကို ရက်အနည်းငယ်ခန့် ရည်ရွယ်ချက်ရှိရှိ ရွှေ့ဆိုင်းထားမည်ဟု သူ ထင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ချန်ကွမ်ချီ ဆက်သွယ်ပြီးသည်နှင့် တစ်ဖက်လူက ချက်ချင်းအချိန်သတ်မှတ်ပေးခဲ့သည်။

‘ကြည့်ရတာ လီဟိုင်ပေါ်က အခုလောလောဆယ် ဖိအားတွေ အများကြီးအောက်မှာ ရှိနေပုံရတယ်’

‘သူ့ရဲ့ရာထူးကို ခိုင်မာအောင်လုပ်ဖို့အတွက် အောင်မြင်မှုအချို့ကို အရေးတကြီး လိုအပ်နေပုံပဲ’

ဂျက်ဆီပေးသည့် သတင်းအချက်အလက်များအရ လီဟိုင်ပေါ် သည် ယခုနှစ်တွင် အသက် ၄၈ နှစ် ရှိပြီဖြစ်သဖြင့် သိပ်တော့ မအိုသေးပေ။

ကုမ္ပဏီစတင်တည်ထောင်စဉ်က သူသည် တတိယမြောက် အစုရှယ်ယာ အများဆုံးပိုင်ရှင် ဖြစ်ခဲ့သည်။

သို့သော် သူ့ နောက်ခံမှာ တခြား အဓိကရှယ်ယာရှင်များလောက်မခိုင်မာပေ။

သူကား ကံကောင်းသလို ကံလည်း ဆိုးခဲ့သည်။

ဒါလုံ၏ ဒါရိုက်တာအဖွဲ့မှာ အုပ်စုနှစ်ခုကွဲနေသည်။ တစ်ဖက်က ငွေရှိပြီး နောက်တစ်ဖက်က အာဏာရှိသည်။

နှစ်ဖက်စလုံးမှာ ဒါလုံ၏ရှယ်ယာရှင်များ ဖြစ်ကြသော်လည်း ပဋိပက္ခများမှာ ရှောင်လွှဲ၍မရပေ။

နောက်ဆုံးတွင်မူ အာဏာရှိပြီး အဆက်အသွယ်ကောင်းသည့် အုပ်စုက သူ့အား ဥက္ကဋ္ဌရာထူးသို့ တွန်းတင်ပေးခဲ့သည်။

သူ့နာမည်မှာ ဥက္ကဋ္ဌဖြစ်နေသော်လည်း ကိစ္စအတော်များများကိုမူ တခြား ဒါရိုက်တာများနှင့် ဆွေးနွေးရသေးသည်။

သူသည် တစ်ဦးတည်း ဆုံးဖြတ်ချက်ချနိုင်စွမ်းမရှိပေ၊ ထို့ကြောင့်လည်း ချမ်းသာသည့် အုပ်စုက သူ့ကို ဤရာထူး လက်ခံခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဤဖြစ်ရပ်ကမူ သူ့ကို တကယ်ပင် ခေါင်းခဲစေခဲ့သည်။

လျိုထျန်းအန်မှာ သူကိုယ်တိုင်ခန့်အပ်ခဲ့သူ ဖြစ်ပြီး၊ ယခုမူ ဒါရိုက်တာအဖွဲ့နှင့် သူကိုယ်တိုင်ပင် လျိုထျန်းအန်က ကုမ္ပဏီကို သစ္စာဖောက်ခဲ့သည်ဟု သံသယဝင်နေကြပြီဖြစ်သည်။

သူကိုယ်တိုင်ခန့်ခဲ့သူက ပြဿနာတက်ခြင်းဖြစ်သဖြင့် အပြစ်မှာ သဘာဝကျကျ သူ့အပေါ် ကျရောက်လာတော့သည်။

ထို့ကြောင့် သူလျိုထျန်းအန်အ အလျင်အမြန် ရာထူးမှခေတ္တရပ်ဆိုင်းလိုက်ပြီး၊ ဤကိစ္စနှင့် ဝေးဝေးနေနိုင်ရန် ကုမ္ပဏီအတွင်းပိုင်း ဝန်ထမ်းများကို အသည်းအသန် စုံစမ်းစစ်ဆေးနေခဲ့သည်။

မနေ့က ထျန်းချိုင်၏သူဌေးက သူ့ကို စကားပြောချင်သည်ဟု ကြားလိုက်ရသောအခါ သူ တကယ်ဝမ်းသာသွားခဲ့သည်။

၎င်းမှာ ကောင်းကင်မှ ကျလာသည့် အခွင့်အရေးကဲ့သို့ပင်!

ယခင်က ယင်းချိုင်သည် ဒါလုံနှင့် အဆင်မပြေခဲ့သော်လည်း ယခုမူ ခေါင်းဆောင်မှု အပြောင်းအလဲရှိသွားပြီဖြစ်သည်။

ကုမ္ပဏီမှာလည်း ထျန်းချိုင်ဖြစ်သွားပြီး သူဌေးလည်း ပြောင်းသွားပြီ ဖြစ်သည်။ သူတို့ ယခင်က ရန်ငြိုးများကို ဘေးဖယ်ထားပြီး ပူးပေါင်းဆောင်ရွက်နိုင်ကောင်းပါလိမ့် မည်။

ထိုသို့ဖြစ်နိုင်ခြေမှာ အလွန်မြင့်မားသည်၊

အကယ်၍ သူ ထျန်းချိုင် နှင့် ပူးပေါင်းဆောင်ရွက်ပြီး ကုမ္ပဏီ၏လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်အောင် ကူညီနိုင်မည်ဆိုလျှင်၊ ဤအရာအားလုံးမှာ သူ့ ဂုဏ်သတင်း ဖြစ်သွားမည်ဖြစ်ပြီး ဒါရိုက်တာအဖွဲ့အပေါ် သူ့ သြဇာလွှမ်းမိုးမှုလည်း မြင့်တက်လာပေလိမ့်မည်။

‌🍋 Chapter 160

ကျိုးထျန်း အစည်းအဝေးခန်းထဲမှာ ထိုင်နေတာ နှစ်မိနစ်တောင် မပြည့်သေးခင်မှာပဲ အပြင်ဘက်စင်္ကြန်ဆီကနေ အလျင်စလို လျှောက်လာတဲ့ ခြေသံတွေကို ကြားလိုက်ရသည်။

ခြေသံက လူနှစ်ယောက်ဆီက ဖြစ်သည်။

အားပါပြီး ပြတ်သားတဲ့ ခြေသံကတော့ သေချာပေါက် လီဟိုင်ပေါ်ဖြစ်ပြီး၊ နောက်ထပ် စိုးရိမ်တကြီး ဖြစ်နေတဲ့ ခြေသံကတော့ Receptionist မလေးဆီက ဖြစ်သည်။

ဥက္ကဋ္ဌ ဒီလောက်အထိ အပြေးအလွှား သွားတာမျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူမ လိုက်မမှီနိုင်လောက်အောင်ကို သူက မြန်မြန်လျှောက်နေခြင်းဖြစ်သည်။

မှန်တံခါး ပွင့်သွားပြီးနောက် ဆံပင်အနည်းငယ်ဖြူနေသော် လည်း သေသေသပ်သပ် ဖီးသင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဝင်လာသည်။

ကျိုးထျန်း ဓာတ်ပုံထဲမှာ မြင်ဖူးထားသဖြင့် သူ့ကိုချက်ချင်း မှတ်မိလိုက်သည်။

"မစ္စတာလီ၊ မင်္ဂလာပါ"

ကျိုးထျန်း သူ့ ညာဘက်လက်ကို ကမ်းပေးလိုက်သည်။

"မစ္စတာကျိုး၊ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"

ထိုသူ့အသံမှာ ကျယ်လောင်ပြတ်သားပြီး လက်ဆွဲနှုတ်ဆက်ရာတွင်လည်း အားပါလှသဖြင့် သူ၏တက်ကြွမှုကို ပြသနေသည်။

လီဟိုင်ပေါ်က ပြုံးပြီး ပြောလိုက်သည်။

"အားနာပါတယ် မစ္စတာကျိုးရာ၊ ကျွန်တော့်ရုံးခန်းထဲမှာ တွေ့ရမှာ ဖြစ်ပေမဲ့ ကုမ္ပဏီက အခုတလောထူးခြားတဲ့ ကာလတစ်ခုကိုဖြတ်သန်းနေရလို့ သံသယတွေ ကင်းရှင်းအောင် ရိုးရိုးအစည်းအဝေးခန်းမှာပဲ တွေ့လိုက်ရတာပါ"

ကျိုးထျန်း ချက်ချင်းနားလည်လိုက်သည်။

သူ စောင့်ကြည့်ကင်မရာတွေ ရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ ရွေးပြီး တွေ့တာပဲ။

ဒါလုံ အခုတလော အခြေအနေမကောင်းတာ မှန်ပေမဲ့ ဥက္ကဋ္ဌက ဒီလောက်အထိ သတိကြီးမယ်လို့ သူ မထင်ထားခဲ့မိဘူး။

ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင်တော့ ဒါ အဓိပ္ပာယ်ရှိပါတယ်။

ဒါလုံ နဲ့ ထျန်းချိုင်က ဘယ်လိုပဲဖြစ်ဖြစ် လုပ်ငန်းတူတွေဖြစ်ပြီး ပြိုင်ဘက်တွေပဲလေ။

အကယ်၍ တခြား ဒါရိုက်တာတွေက သူတို့ စကားပြောဆိုမှုရဲ့ ရလဒ်အပေါ် သံသယရှိခဲ့ရင် သူက ဗီဒီယိုမှတ်တမ်းကို ထုတ်ပြပြီး သူ့ကိုယ်သူ သက်သေပြလို့ရတာပေါ့။

'ဒီလီဟိုင်ပေါ်ရဲ့ အခြေအနေက အခုတလောတကယ်ဆိုးရွား နေတာပဲ၊ သူကိုယ်တိုင်တောင် ဒီလောက် သတိထားနေရတယ်ဆိုရင် ကုမ္ပဏီထဲက အခြေအနေက ဘယ်လောက်တောင် တင်းမာနေမလဲ'

ကျိုးထျန်း ခေါင်းညိတ်ပြလိုက်ပြီး ဘာမှ အများကြီးမပြောတော့ပေ။ ရောက်တဲ့အရပ်က ဓလေ့ကို လိုက်နာရမှာ ဖြစ်သလို တစ်ဖက်လူရဲ့ အလေ့အထကိုလည်း လိုက်လျောပေးရမည် မဟုတ်ပါလား။

လီဟိုင်ပေါ် ဝင်လာစဉ်က အလျင်စလို ဖြစ်နေမှုတွေကို ဘေးဖယ်ထားပြီး လက်ဖက်ရည်ကို သူကိုယ်တိုင် အေးအေးလူလူ စတင်ဖျော်တော့သည်။

"လာပါ မစ္စတာကျိုး၊ မြည်းကြည့်ပါဦး၊ ဒါက ဟန်ကျိုးက အခုမှ ရောက်ထားတဲ့ ထိပ်တန်းအဆင့် ချင်းမင်လက်ဖက် ရည်လေ"

ကျိုးထျန်း ကြွေခွက်လေးကိုယူပြီး အနံ့ကို ခံကြည့်လိုက်ရုံနှင့်တင် လန်းဆန်းသွားစေသည်။

'ဒါနဲ့ ယှဉ်လိုက်ရင် ငါတို့ အိမ်မှာ သောက်နေကျ လက်ဖက် ရည်တွေက သစ်ရွက်ခြောက်တွေလိုပဲ၊ ဒါမှတကယ့် လက်ဖက်ရည် အစစ်'

သူ တစ်ငုံ သောက်လိုက်ပြီး မျက်လုံးမှိတ်ကာ အရသာခံကြည့်လိုက်သည်။ လည်ချောင်းထဲမှာ ကျန်ရစ်တဲ့ အရသာက ချိုမြိန်ပြီး နွေဦးလေပြေလို လန်းဆန်းစေသည်။

လီဟိုင်ပေါ် သူ့ကို ကြည့်ပြီး ပြုံးလိုက်သည်။

"မစ္စတာကျိုး ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ဖက်ရည်ရဲ့အရသာကို သိတတ်မယ်လို့ မထင်ထားဘူး၊ ဒါ တကယ့်ကို ရှားပါးတယ်"

"မစ္စတာကျိုး ကြိုက်တယ်ဆိုရင် နောက်ကျရင် တစ်ထုပ် လက်ဆောင်ပေးလိုက်ပါ့မယ်"

သူ ကျိုးထျန်း ကို ယဉ်ယဉ်ကျေးကျေး ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

ထိုအခါမှသာ သူက လက်ဖက်ရည်နံ့ထဲကနေ သတိပြန်ဝင်လာသည်။ သူက လက်ခံမယ်၊ မလက်ခံဘူးဆိုတာကို တိတိ ကျကျမပြောဘဲ ပြုံးရုံသာပြုံးပြပြီး လက်ဖက်ရည်ကို ဆက်သောက်နေလိုက်သည်။

သူသည် တစ်ဖက်လူ၏ သဘောထားကို ခန့်မှန်းရခက်စေရန် မိမိ၏သဘောထားကို ဝေဝေဝါးဝါးထားခြင်းက ဆွေးနွေးပွဲများတွင် ပိုအားသာချက်ရှိကြောင်းကို ပိုနားလည်လာသည်။

ယခုကဲ့သို့ပင် သူက ဘာမှ အများကြီးမပြောဘဲ ပြုံးပြုံးလေးနှင့် လက်ဖက်ရည် သောက်နေပြီး တစ်ဖက်လူနှင့် သာမန် ကာလျှံကာ စကားအချို့ကိုသာပြောနေသည်။

အဓိက အကြောင်းအရာကိုတော့ လုံးဝ မထိသေးပေ။

နာရီဝက်ခန့် စကားစမြည် ပြောပြီးနောက်တွင်မူ စိတ်မရှည်သော်လည်း အောင့်အည်းသည်းခံနေရသည့် လီဟိုင်ပေါ်က နောက်ဆုံးတွင် ထိန်းမထားနိုင်တော့ပေ။

"မစ္စတာကျိုး၊ ဒီနေ့ ကျွန်တော့်ကို ဘာကိစ္စနဲ့ တွေ့ချင်တာလဲဆိုတာ သိပါရစေ၊ ကျွန်တော် တကယ်ကို သိချင်နေလို့ပါ"

တစ်ဖက်လူက နောက်ဆုံးတော့ စိတ်မရှည်နိုင်ဘဲ စကားစလာသည်ကို မြင်သောအခါ ကျိုးထျန်း လက်ဖက်ရည်ခွက်ကို အသာအယာ ပြန်ချလိုက်သည်။

"မစ္စတာလီ၊ ကျွန်တော်တို့ နှစ်ယောက်စလုံးက စီးပွားရေး သမားတွေပဲ၊ စီးပွားရေးဆိုတာ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိဖို့ပဲ မဟုတ်လား၊ ကိုယ်လိုတာ ကိုယ်ရကြတာပေါ့၊ ခင်ဗျားလည်း သဘောတူမယ် မဟုတ်လား"

"ဒါပေါ့၊ ပိုက်ဆံရနိုင်သရွေ့တော့ ပူးပေါင်းဆောင်ရွက်တာက အကောင်းဆုံး နည်းလမ်းပါပဲ"

လီဟိုင်ပေါ်က ပူးပေါင်းဆောင်ရွက်မှုအကြောင်း ကြားလိုက်ရသောအခါ မျက်လုံးအရစ်များတွန့်သွားသည်အထိ ပြုံးလိုက်သည်။

"မစ္စတာလီက ပညာရှိပဲ၊ ကျွန်တော် ထင်ထားတဲ့အတိုင်းပါပဲ"

သူ စီးပွားရေးလောကရဲ့ထုံးစံအတိုင်း ပြုံးပြီး ချီးကျူးစကား ပြောလိုက်သည်။

"ခု ငါတို့ချင်း စိတ်ကူးချင်း တူနေမှတော့ ခင်ဗျားရဲ့ သတ် သတ်မှတ်မှတ် ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်ကို ပြောပြပါဦး"

လီဟိုင်ပေါ် သူ့ကို ပြောရန် အချက်ပြလိုက်သည်။

"ပရောဂျက်တွေမှာ ပူးပေါင်းဆောင်ရွက်မှာလား၊ ကုမ္ပဏီအချင်းချင်း မဟာဗျူဟာမြောက် ပူးပေါင်းမှာလား၊ ဒါမှမဟုတ် ဝန်ထမ်းတွေ ဖလှယ်ဖို့လား"

ကျိုးထျန်း သူ့စကား ဆုံးသွားသည့်အခါ ခေါင်းကိုဖြည်း ဖြည်းချင်း ခါလိုက်သည်။

"မဟုတ်ဘူး၊ ကျွန်တော် လိုချင်တဲ့ ပူးပေါင်းဆောင်ရွက်မှုက ဒီလို သာမန်ပူးပေါင်းဆောင်ရွက်မှုမျိုး မဟုတ်ဘူး၊ ဒါမျိုးတွေကိုတော့ တခြားကုမ္ပဏီတွေနဲ့လည်း လုပ်လို့ရတာပဲ၊ ဒါလုံ ဆီကို သီးသန့်လာစရာမလိုပါဘူး"

"ဪ... ဒါဆို ခင်ဗျား ပြောတဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လိုမျိုးလဲ"

လီဟိုင်ပေါ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

"ကျွန်တော် ပြောချင်တဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျွန်တော်က ခင်ဗျားကို တစ်ခုခုကူညီပေးမယ်၊ ခင်ဗျားလည်း ကျွန်တော့်ကို တစ်ခုခု ပြန်ကူညီပေးမယ်၊ ဒီနည်းနဲ့ နှစ်ယောက်လုံး အကျိုးရှိသွားမယ်၊ ဒါကလည်း ပူးပေါင်းဆောင်ရွက်မှု တစ်မျိုးပါပဲ"

လီဟိုင်ပေါ် ပိုပြီး နားမလည်တော့ပေ။

အကူအညီ? ဘာကူညီရမှာလဲ?

ဒါလုံက ထျန်းချိုင် ရဲ့ အကူအညီကို တစ်နည်းနည်းနဲ့ လိုအပ်နေလို့လား?

"ဒါဆိုရင် ဒါလုံ ဆီက ဘာအကူအညီ လိုချင်တာလဲဆိုတာ အရင်ပြောပြပါလား"

သူ ဘယ်လိုမှ စဉ်းစားမရသဖြင့် မေးလိုက်ရတော့သည်။

ကျိုးထျန်း သူ့ရဲ့ လက်ဆွဲအိတ်ထဲကနေ စာရွက်စာတမ်း အချို့ကို ထုတ်ပြီး သူ့ကို ကမ်းပေးလိုက်သည်။

ဒီနေ့ အိမ်က မထွက်ခင်မှာ သူက ဥက္ကဋ္ဌ တစ်ယောက်ရဲ့ ဂုဏ်ဒြပ်နဲ့ ကိုက်ညီရန် ဈေးဝယ်စင်တာတွင် မွန့်ဘလန့် အမျိုးသား လက်ဆွဲအိတ်တစ်လုံးကို ယွမ် ၂၀,၀၀၀ ကျော် ပေးပြီး ဝယ်ခဲ့သေးသည်။

အကုန်အကျခံခဲ့ရသောကြောင့် သူ နည်းနည်းနှမြောနေမိသည်။

ဈေးကြီးလွန်းလို့ မဟုတ်ပါပေ၊ ယွမ် ၂၀,၀၀၀ ဆိုတာ သူ့အတွက် အများကြီး မဟုတ်သော်လည်း ထိုအရာမျိုးကို အမြဲ သုံးလေ့မရှိသလို နောင်မှာလည်း သုံးဖြစ်မည်မထင်သော ကြောင့် ဖြစ်သည်။

သို့သော် မဝယ်ဘဲနေလို့လည်း မဖြစ်ပေ၊ အလဟဿဖြစ်တော့မည်ဟု သူ ခံစားနေရသည်။

လီဟိုင်ပေါ်မှ တစ်လက်မခန့် ထူသော စာရွက်စာတမ်းများကို ယူပြီး မျက်မှန်တပ်ကာ စတင် စစ်ဆေးတော့သည်။

တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သူ့ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ထို့နောက် သူက စာရွက်များကို အလျင်အမြန် လှန်လှောကြည့်ပြီး ပိုစူးစူးစိုက်စိုက်နှင့် ပိုမြန်မြန် ဖတ်တော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် သူ မျက်မှန်ကို ချွတ်ပြီး စားပွဲပေါ် ပစ်တင်လိုက်သည်။ သူ့မျက်နှာထားမှာ အလွန် တည်တင်းသွားသည်။

"ဥက္ကဋ္ဌကျိုး၊ ဒါက ဘာသဘောလဲ၊ ဘာလို့ ကျွန်တော်တို့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ အချက်အလက်တွေကို ထုတ်ပြနေရတာလဲ၊ ခင်ဗျား ဘာလုပ်ချင်နေတာလဲ"

သူ့အသံမှာ ယဉ်ကျေးရာမှနေ၍ စွပ်စွဲသည့်လေသံ၊ ဒေါသထွက်သည့် လေသံသို့ ပြောင်းသွားသည်။

စာရွက်စာတမ်းတွေကို သေချာကြည့်လိုက်သောအခါ ဒါလုံ ရဲ့ ဝန်ထမ်းတွေ ဖြစ်နေရုံတင်မကဘဲ လျိုထျန်းအန်၏ လက် အောက်ငယ်သားများ၏ အချက်အလက်များဖြစ်နေသော ကြောင့်ပင်။

အခုအချိန်မှာ လျိုထျန်းအန်နှင့် ပတ်သက်သမျှ အရာအားလုံးက ဒါလုံအတွက် အရမ်းကို ထိလွယ်ရှလွယ် ဖြစ်နေသည်။

ရုတ်တရက်ကြီး ပြိုင်ဘက် ကုမ္ပဏီရဲ့အလုပ်ရှင်က ရောက် လာပြီး ဝန်ထမ်း ကိုယ်ရေးမှတ်တမ်းတွေကို ချပြလိုက်တော့ သူ ဘာလုပ်ချင်နေတာလဲ?

သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လုံခြုံရေးကိုတောင် ခေါ်ဖို့ ပြင်လိုက်မိသည်။

ခုနကတင် လူငယ်လေးရဲ့အကြည့်က ထက်မြက်တယ်လို့ သူ ထင်ခဲ့ပေမဲ့ အခုတော့ အဲ့ဒီအကြည့်ထဲမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ပါနေတယ်လို့ ခံစားလိုက်ရသည်။

လီဟိုင်ပေါ် အလွန် တင်းမာနေသော်လည်း ကျိုးထျန်း ကမူ ဆန့်ကျင်ဘက်ပင်။ သူက ကုလားထိုင်ပေါ်မှာ အေးအေးလူ လူ မှီထိုင်နေသည်။

"မစ္စတာလီ၊ စိတ်မလှုပ်ရှားပါနဲ့၊ ကျွန်တော်က လူစားတဲ့ ကျား မဟုတ်ပါဘူး၊ ဒီလောက်အထိ စိုးရိမ်မနေပါနဲ့"

"ဒီဖိုင်ထဲမှာ ခင်ဗျားတို့ ကုမ္ပဏီဝန်ထမ်းတွေ အားလုံးပါတာတော့ အမှန်ပဲ၊ အဲ့ဒါကပဲ ကျွန်တော် ခင်ဗျားဆီက လိုချင်တဲ့ အကူအညီပဲ"

သူ ရိုးရိုးသားသား ကြည့်ပြီး ပြောလိုက်သည်။

"လက်ရှိ ဒါလုံနည်းပညာ ရဲ့ CEO ဖြစ်တဲ့ မစ္စတာလျိုထျန်းအန်ရယ်၊ နောက်ထပ် ဝန်ထမ်း ၅၇ ယောက်ရယ်ကို ခင်ဗျားတို့ဘက်က ဘာကန့်သတ်ချက်မှမထားဘဲ အလုပ်ထုတ်ပေးစေချင်တယ်"

"ဘာ!"

လီဟိုင်ပေါ် ကုလားထိုင်ပေါ်ကနေ ဝုန်းခနဲ ထရပ်လိုက်သည်။

သူ တကယ် ဒေါသထွက်သွားသည်။

ဒီလောက် စကားတွေပြောပြီးမှ သူတို့က ငါ့ဝန်ထမ်းတွေကို လာပြီး ဆွဲထုတ်ချင်နေတာလား!

ပြီးတော့ ဥက္ကဋ္ဌဖြစ်တဲ့ ငါ့ရှေ့မှာတင် တည့်တည့် လာပြောနေတာပဲ!

ဒါ အရမ်းကိုမောက်မာလွန်းတယ်၊ ရိုင်းပျလွန်းတယ်!

ဒါလုံ ဆီမှ ဝန်ထမ်းများကိုလာပြီး ဆွဲထုတ်ဖို့ ကြိုးစားကြခြင်းက ထုံးစံလိုဖြစ်နေသည်။

သူ့ကုမ္ပဏီမှာ အရည်အချင်းရှိသူများ များလွန်းသောကြောင့် ပစ်မှတ်ထားခံရခြင်းမှာ ပုံမှန်ပင်၊ သူသည်လည်း ထိုအရာကို ကျင့်သားရနေပြီ ဖြစ်သည်။

သို့သော် ထိုလူများမှာ ခိုးကြောင်ခိုးဝှက် လုပ်ကြသည်၊ အမောက်မာဆုံး ဆိုသည့် ဝမ်ချောင်နည်းပညာပင် လွန်ခဲ့ သော ရက်ပိုင်းမှ Weibo ပေါ်တွင် ဝန်ထမ်းခေါ်သော စာတင် ၍ အရှက်ခွဲရန် ကြိုးစားခဲ့ရုံရှိသေးသည်။

မထင်မှတ်ဘဲ ဒီလူကတော့ ပိုပြီးရက်စက်တယ်၊ အိမ်ပေါက်ဝအထိ တည့်တည့်လာပြီး လူတောင်းနေတာပဲ၊ ဒါ အရှက်ခွဲတာထက်တောင် ပိုဆိုးသေးတယ်။

လီဟိုင်ပေါ် မှ သူ့ရှေ့ရှိ လက်ဖက်ရည်ဗန်းကိုကြည့်ကာ တစ်ခု ခုကို ရိုက်ခွဲပစ်ချင်တဲ့ စိတ်တွေပေါက်လာသဖြင့် ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

ထို့အပြင် ကျိုးထျန်း ကို ဧည့်ခံရန်အတွက် ကွယ်လွန်သွားပြီဖြစ်သော လက်ဖက်ရည် ဆရာကြီးကုကျင်းကျိုး၏မြေအိုးလေးနှင့် ပြီးခဲ့သောနှစ်မှ ဟောင်ကောင်မှဝယ်ခဲ့သော ရှေးဟောင်း ကြွေထည် လက်ဖက်ရည်ခွက် အစုံကို သီးသန့် ထုတ်သုံးထားခြင်းပင်။

ထိုအရာများမှာ အရမ်းအဖိုးတန်လွန်းသောကြောင့် သူ မခွဲရက်ဖြစ်နေသည်။

လွန်ခဲ့တဲ့ နှစ်ရက်လောက်က သူ ပစ္စည်းနှစ်ခုလောက် ခွဲပစ်ခဲ့ဖူးသည်၊ ထိုအချိန်တုန်းကတော့ ဘာမှ မတွေးမိခဲ့သော်လည်း နောက်ပိုင်းမှာတော့ အလွန်နှမြောမိသွားသည်။

ထို့ကြောင့် ယခုအခါ အံသွားကိုကြိတ်ကာ ထွက်လာတဲ့ ဒေါသကိုထိန်း၍ ကျိုးထျန်း ကို လက်ညှိုးထိုးပြီး မေးလိုက်သည်။

"ဒါ ခင်ဗျားပြောတဲ့ အကူအညီ ဆိုတာလား"

"ဒါ တကယ် ဖြစ်နိုင်မယ်လို့ ခင်ဗျား ထင်နေတာလား"

"ခင်ဗျား စိတ်ကူးယဉ်နေတာပဲ ဖြစ်ရမယ်"

သူ့ရဲ့ အော်ဟစ်သံတွေ ရှေ့မှာ ကျိုးထျန်း ကတော့ တုန်လှုပ်ခြင်း မရှိပေ။

"ဥက္ကဋ္ဌလီ၊ ကျွန်တော် ခုနကပြောသလိုပဲ၊ စိတ်မလှုပ်ရှားပါနဲ့၊ ကျွန်တော် ဒီကို လာကတည်းက သေချာပြင်ဆင်လာပြီးသားပါ"

"ကျွန်တော် ဒီလိုတောင်းဆိုရတဲ့ အကြောင်းရင်းက 'ခင်ဗျား ကျွန်တော့်ကို ကူညီမယ်၊ ကျွန်တော်က ခင်ဗျားကို ပြန်ကူညီမယ်' ဆိုတဲ့ အချက်ကြောင့်ပါ၊ ဒါက ပူးပေါင်းဆောင်ရွက်မှုရဲ့ အနှစ်သာရပဲလေ"

All Chapters