အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
📗 Chapter 99
ထန်ရှို့ရှို့က သူမကိုယ်တိုင်စုံစမ်းစစ်ဆေးပေးမည်ဟု ပြောခဲ့ပြီးနောက် ခပ်မြန်မြန်ပင် လှုပ်ရှားခဲ့ပါသည်။
ထိုအခါမှသာ ထန်ရှို့ရှို့သည် ပေကျင်းမြို့ဇာတိ ဖြစ်ရုံသာမကဘဲ သူမ၏ မိသားစုကလည်း အဆက်အသွယ် အလွန်ကျယ်ပြန့်ကြောင်း အခန်းဖော်များ သိခဲ့ရပါသည်။
ထိုအလုပ်ရုံအား စုံစမ်းထောက်လှမ်းဖို့ သူမ၏ အစ်ကိုဖြစ်သူကို အကူအညီတောင်းခဲ့ရာ ထိုအလုပ်ရုံသည် လုပ်ငန်းလည်ပတ်မှုနှင့် ထုတ်ကုန်အပိုင်းတွင် ကြီးမားသော ပြဿနာများ ရှိနေသည်ကို သိရှိခဲ့ရသည်။
အကယ်၍ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဌာနကသာ အရေးယူဆောင်ရွက်မည်ဆိုလျှင် လူ ၇ ဦး ၈ ဦးမျှသာ ရှိသော ထိုအလုပ်ရုံလေး ပိတ်သိမ်းခံရမည်မှာ မလွဲဧကန်ပင်။
အလုပ်ရုံပိတ်သိမ်းခံလိုက်ရသောအခါ လီမိန့်ရူ လက်မှတ်ထိုးထားရသည့် စာချုပ်သည်လည်း အကျုံးဝင်တော့မည် မဟုတ်ပေ။
ထန်ရှို့ရှို့က အကြံပြုသူဖြစ်သော်ငြား လီမိန့်ရူအတွက် ကိုယ်စားဆုံးဖြတ်ချက် ချမပေးခဲ့ပါ။
ထို့အစား အခန်းထဲက လူအားလုံးကို မေးမြန်းလိုက်သည်။
“အဲ့ဒီအလုပ်ရုံကို တိုင်ကြားချင်လား၊ တိုင်ကြားဖို့ လိုအပ်တဲ့ အထောက်အထားတွေအတွက်တော့ ငါကူညီပေးနိုင်တယ်”
လူအချို့သည် မိမိကိစ္စကိုမိမိ ကိုင်တွယ်ဖြေရှင်းနိုင်ပါက သူတစ်ပါး၏ စာကျက်ချိန်ကို ဖျက်ဆီးရန် မလိုအပ်ပေ။
သို့သော် ယခု လီမိန့်ရူမှာ ခြိမ်းခြောက် အကျပ်ကိုင်ခံနေရပြီဖြစ်ရာ သူမအနေဖြင့် ပြန်လည်တုံ့ပြန်ရန် ရွေးချယ်နိုင်သည်။
နှစ်ရက်ခန့် စဉ်းစားချင့်ချိန်ပြီးနောက် လီမိန့်ရူ ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့တော့သည်။ သူမ၏ အနာဂတ်ကို သူတစ်ပါးက လာရောက်ဖျက်ဆီးမည်ကို ဤအတိုင်း ရပ်ကြည့်မနေနိုင်ပေ။
“ကျေးဇူးပါရှို့ရှို့၊ အဲ့ဒီအထောက်အထားတွေ ငါ့ကိုပေးပါ၊ ငါ့ဖာသာငါ လက်တုံ့ပြန်လိုက်ပါ့မယ်”
ထန်ရှို့ရှို့လည်း စိတ်သက်သာရာရသွားခဲ့သည်။ လီမိန့်ရူမှာ ကယ်မရလောက်အောင် ပျော့ညံ့နေသူ မဟုတ်သေးပေ။
အကယ်၍ မိန်းကလေးတစ်ဦးသည် မိမိအတွက်မိမိ မရပ်တည်နိုင်ပါက သူတစ်ပါးက မည်မျှပင် အကြံပေးပါစေ ထူးခြားနိုင်မည် မဟုတ်ပေ။
“နောက်ပိုင်း အချိန်ပိုင်းအလုပ် ထပ်ရှာရင် ယုံကြည်စိတ်ချရတဲ့နေရာမှာသာ ရှာတော့”
ဝမ်ကျောင်းကလည်း ဘေးမှဝင်ပြောသည်။
သို့သော် ဤကိစ္စမျိုးသည် သတိထားရုံနှင့် ရှောင်လွှဲနိုင်သည့် ကိစ္စမဟုတ်ဘဲ သူမကို မည်သူက အကွက်ချ ကြံစည်ထားခြင်းဖြစ်မှန်း လီမိန့်ရူ နားလည်သွားခဲ့ပါပြီ။
လီမိန့်ရူ အလျင်အမြန်ပင် လှုပ်ရှားခဲ့သည်။
ထန်ရှို့ရှို့ ပေးထားသည့် သက်သေအထောက်အထားများကို ယူဆောင်ပြီး စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး စီမံခန့်ခွဲမှုဌာနသို့ သူမကိုယ်တိုင် သွားရောက်ခဲ့သည်။
မကြာမီမှာပင် စံချိန်စံညွှန်းမညီသော ထိုအလုပ်ရုံလေးမှာ ပိတ်သိမ်းခံလိုက်ရပါသည်။
ဤကိစ္စ ပြီးဆုံးသွားသည်ဟု ဆိုနိုင်သည်။
အခန်းဖော်များက များများစားစား ကူညီမပေးနိုင်ခဲ့ကြသော်လည်း အဆောင်ခန်းတွင်ရှိ အခြေအနေမှာ ယခင်ကထက် ပိုမို သာယာလာခဲ့ပါသည်။
လီမိန့်ရူလည်း တစ်ကိုယ်တည်း မနေထိုင်တော့ဘဲ အခြားသူများနှင့် ပြန်လည်ပြောဆိုဆက်ဆံလာခဲ့သည်။
တစ်နေ့တွင် ယဲ့ရှောင်ရှောင် အဆောင်သို့ ပြန်လာချိန် တံခါးဝ၌ ရုတ်တရုတ်သဲသဲ ဖြစ်နေသည်ကို မြင်လိုက်ရလေသည်။
တစ်စုံတစ်ယောက်က သူမတို့အဆောင်ခန်းထဲရှိ ပစ္စည်းများကို စင်္ကြံလမ်းပေါ်သို့ ပစ်ထုတ်နေခြင်းပင်။
“နင်ဘာလုပ်နေတာလဲ!”
ယဲ့ရှောင်ရှောင် ပြေးသွားပြီး တရားခံ ကျားရှန်းနန်ကို ဖမ်းဆွဲလိုက်သည်။
အဆောင်ခန်းထဲတွင်လည်း လူအချို့ရှိနေပြီး လီမိန့်ရူကို တစ်စုံတစ်ယောက်က ဖမ်းချုပ်ထားပါသည်။
ကျားရှန်းနန်က ယဲ့ရှောင်ရှောင်၏ လက်ကို ရိုက်ထုတ်ပစ်ကာ ကြမ်းတမ်းခက်ထန်သော လေသံဖြင့် ပြောလိုက်သည်။
“နင်တို့အခန်းကဟာတွေ တစ်ယောက်မှ မကောင်းဘူး! ငါ့အမေရဲ့ စက်ရုံ တိုင်ကြားခံရအောင် လီမိန့်ရူကို နင်တို့ ကူညီပေးခဲ့ကြတာမလား”
သူမ ဘာကြောင့် အလွန်ဒေါသထွက်နေမှန်း ယဲ့ရှောင်ရှောင် နားလည်သွားခဲ့ပါသည်။
သူမ နှုတ်ခမ်းထက် အေးစက်စက် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။
“အမျိုးသမီး အလုပ်သမား ၇ ယောက် ၈ ယောက်လောက်ပဲ ရှိပြီး လုပ်ငန်းလိုင်စင်လည်း မရှိတဲ့ အလုပ်ရုံလေးကို ပြောတာလား”
ကျားရှန်းနန် အလွန်ဒေါသထွက်သွားပြီး ယဲ့ရှောင်ရှောင်ကို ရိုက်နှက်ဖို့ ပြင်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်၏ ဆံချည်တစ်မျှင်ကို မထိနိုင်ခင်မှာပင် အခန်း(၂၀၆) ၏ အခြားအခန်းဖော်များ အလုံးအရင်းနှင့် ပြန်ရောက်လာကြသည်။
“အား!!! ငါ့ဂါဝန်လေး!!!”
စင်္ကြန်လမ်းထဲတွင် ပျံ့ကြဲနေသည့် သူမ၏ အဝတ်အစားများကို ဝမ်ကျောင်း မြင်လိုက်ရသည်။ ၎င်းတို့အနက် သူမ အသစ်စက်စက် ချုပ်လုပ်ထားသည့် ဂါဝန်လေးပင် ပါသေးသည်။
“ဘယ်သူ့လက်ချက်လဲ! ငါ့ကို ပြန်လျော်ပေးရမယ်!”
ဝမ်ကျောင်းဒေါသအလွန် ထွက်သွားပြီး ကျားရှန်းနန်ကို ဆွဲလာားရမ်းလား လုပ်လေတော့သည်။
“ကျန်းရှန်းနန်! နင်တော့ သေချင်နေပြီထင်တယ်! ငါတို့အခန်းကို ဒီနေ့ ပြန်ရှင်းမပေးမချင်း ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့!”
ကျားရှန်းနန်နှင့် အတူပါလာသော မိန်းကလေးများသည် အခန်း(၂၀၆) မှ ကျောင်းသူများ ပြန်ရောက်လာသည်ကို မြင်သောအခါ လီမိန့်ရူကို လွှတ်ကာ ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားသည်။
သို့သော် ယဲ့ရှောင်ရှောင်က ရှေ့မှ ကာရပ်ထားပါသည်။
“နင်တို့ရဲ့လုပ်ရပ်က သူများပိုင်နက်ကို ကျူးကျော်ဝင်ရောက်မှုနဲ့ လုယက်ဖျက်ဆီးမှု မြောက်တယ်နော်၊ ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားလို့ရမယ်လို့ မထင်နဲ့”
မိန်းကလေးတစ်ဦးက ခေါင်းမာစွာဖြင့် ပြန်ချေပသည်။
“နင်တို့အခန်းထဲက အမှိုက်တွေကို ငါတို့က အရေးစိုက်စရာလား”
ယဲ့ရှောင်ရှောင်: “နင်တို့ဖာသာ အရေးစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ၊ ငါတို့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပြီးပြီ၊ ပြီးတော့ ငါတို့အခန်းထဲက ဘာမှပျောက်မနေဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ”
ယဲ့ရှောင်ရှောင်သည် မွှေနှောက်ခံထားရသော သူမ၏ စားပွဲဆီသို့ လျှောက်သွားပြီး လက်ပတ်နာရီတစ်လုံးကို ကောက်ကိုင်လိုက်သည်။
“ဒီမော်ဒယ်ဆို ရှော့ပင်းမောမှာ ယွမ် ၁၅၀ လောက် ပေးရတာ၊ အခုတော့ ပျက်သွားပြီ”
ထို့နောက် ယဲ့ရှောင်ရှောင် လွှတ်ချလိုက်ရာ လက်ပတ်နာရီလေးမှာ ကြမ်းပြင်ပေါ်သို့ ခွက်ခနဲမြည်အောင် ပြုတ်ကျသွားတော့သည်။
“နင်… နင့်ဖာသာနင် တမင်သက်သက် လွှတ်ချလိုက်တာလေ!”
ထိုမိန်းကလေး၏ မျက်နှာမှာ အလွန်ဖြူဖျော့နေပြီး ကျားရှန်းနန်အား လှည့်ပြောလိုက်သည်။
“ရှန်းနန်၊ ဒါနင့်အကြံလေ၊ တစ်ခုခု စဉ်းစားပါဦး!”
ထန်ရှို့ရှို့က တံခါးဝတွင် ပိတ်ရပ်ကာ ပြောလိုက်သည်။
“ဘာမှစဉ်းစားမနေနဲ့တော့၊ လျော်ကြေးငွေပေးဖို့သာ တန်းစီစောင့်နေကြ”
ဟယ်ကျင်းက အဆောင်မှူးကို သွားခေါ်ခဲ့သည်။
အခန်း(၂၀၆) ၏ အခြေအနေနှင့် အထဲကလူများကို မြင်လိုက်ရသောအခါ ဘာတွေဖြစ်ပျက်နေမှန်း အဆောင်မှူး ခန့်မှန်းနိုင်ခဲ့ပါသည်။
“နင်တို့အားလုံး ငါနဲ့လိုက်ခဲ့ကြ၊ နင်တို့မိဘတွေက ပညာသင်ဖို့ ကျောင်းကိုလွှတ်လိုက်တာ၊ ဒါက နိုင်ငံတော်ရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ ကျင့်ဟွာတက္ကသိုလ်ပဲ၊ ဒီလိုနေရာမှာ ပညာသင်ခွင့်ရတာကို တန်ဖိုးမထားတာက တစ်ပိုင်း၊ တစ်နေကုန် ပြဿနာရှာဖို့ပဲ ကြံစည်နေမယ်ဆိုရင်တော့ အားလုံး ကျောင်းထွက်လိုက်ကြတာ ပိုကောင်းမယ်”
အဆောင်မှူး၏ လေသံက အလွန်ခက်ထန်နေပြီး အားလုံးကို ရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားပြီးနောက် အဆောင်မှူးသည် အခန်း(၂၀၆)၏ အပျက်အစီးများအတွက် အခန်း(၂၀၈)မှ ကျောင်းသူများကို ပြန်လျော်ခိုင်းခဲ့ပါသည်။
ထို့အပြင် သူတို့အားလုံးကို ကြီးလေးသော ပြစ်ဒဏ်များ ပေးခဲ့ပြီး တစ်ကျောင်းလုံးသိအောင် ကြေညာမည် ဖြစ်သည်။
အဆောင်မှူးသည် ‘မျောက်ကိုခြောက်ရန် ကြက်ကိုသတ်ရခြင်း’ဟူသော နည်းလမ်းအတိုင်း စံပြအရေးယူမှုကို လုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်သည်။
အစပိုင်းတွင်သာ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မထားပါက နောင်တွင် ကျောင်းစည်းကမ်းကို မည်သူကမှ လေးစားကြတော့မည် မဟုတ်ပေ။
ကျားရှန်းနန်က အဆောင်မှူးကို မကျေမနပ်ကြည့်ကာ ပြောလိုက်သည်။
“ကျောင်းမှာ ကျောင်းသားတွေရဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သတ်တဲ့ သတ်မှတ်ချက်တွေကော မရှိတော့ဘူးလား၊ သူတစ်ပါး နောက်ကွယ်မှာ အကွက်ဆင်တတ်တဲ့ ဒီလိုလူမျိုးတွေကိုမှ ကျောင်းထုတ်သင့်တာ မဟုတ်ဘူးလား”
အဆောင်မှူးက မျက်မှောင်ကြုတ်လိုက်သည်။
“နင်တို့ မိသားစုရဲ့ စက်ရုံကသာ စည်းကမ်းနဲ့ကိုက်ညီမယ်ဆိုရင် နိုင်ငံတော်က ပိတ်သိမ်းမှာ မဟုတ်ဘူး၊ နင်ပြောတဲ့အတိုင်းဆိုရင် ပြဿနာတစ်ခုကို အင်အားသုံးပြီး ဖြေရှင်းချင်တဲ့ နင့်ရဲ့ စိတ်ဓာတ်ကသာ အဆိုးဆုံးပဲ”
ကျားရှန်းနန်: “…”
ကျားရှန်းနန်နှင့် အခန်းတူ မိန်းကလေးများကလည်း အလွန်ကံဆိုးကြပါသည်။
သူတို့ မည်မျှပင် တောင်းပန်ကြပါစေ၊ အဆောင်မှူးက ပြစ်ဒဏ်ကို ပြန်ရုတ်သိမ်းမပေးခဲ့ပေ။
ထို့အပြင် သူတို့သည် အလွန်များပြားသည့် လျော်ကြေးငွေဒဏ်ကိုလည်း ရင်ဆိုင်ရပါဦးမည်။
“ရှန်းနန်၊ အခန်း(၂၀၆)မှာ ပြဿနာရှာဖို့ နင်ငါတို့ကို ဦးဆောင်ခဲ့တာလေ၊ အဲ့ဒီ လျော်ကြေးငွေတွေကို နင်ပဲ ထုတ်ပေးသင့်တာ မဟုတ်ဘူးလား”
မိန်းကလေးတစ်ယောက် ကျားရှန်းနန်ကို ရွံရှာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ကြီးလေးတဲ့ ပြစ်ဒဏ်ဆိုတာကော ဘာလဲ နင်သိရဲ့လား၊ ဒီနေ့ကစပြီး ကျောင်းကပေးတဲ့ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုမှတ်တမ်းတွေက ငါတို့နဲ့ ဘာမှမသက်ဆိုင်တော့ဘူး”
ကျားရှန်းနန်ကမူ အခန်းဖော်များ၏ အကြည့်ကို သတိမထားမိဘဲ အေးအေးလူလူ ပြန်ပြောလိုက်ပါသည်။
“အဲ့ဒီဆုတွေကို နင်တို့ကကော ရမှာမို့လို့လား၊ အခန်း(၂၀၆)မှာ စာရင်းသွားရှင်းမယ်လို့ ငါပြောတုန်းက နင်တို့ပဲ တက်တက်ကြွကြွ လိုက်လာခဲ့ကြတာလေ၊ အခုတော့ ငါ့တစ်ယောက်တည်းကို အပြစ်ပုံချနေကြပြီပေါ့ ဟုတ်လား”
ကျန်းရှန်းနန်၏ ဂရုမစိုက်သော အမူအရာကြောင့် သူမ၏ အခန်းဖော်များမှာ ပို၍ပင် စိတ်နာသွားကြပြီး ပြည်တွင်းစစ်များ စတင်ဖြစ်ပွားတော့မည့်ပုံစံ ပေါက်နေပါသည်။
ယဲ့ရှောင်ရှောင်တို့အဖွဲ့ ဘေးနားမှ ဖြတ်သွားစဉ် ထန်ရှို့ရှို့က ပြောလိုက်သည်။
“ပစ္စည်းပျက်စီးမှု စာရင်းကို စစ်ဆေးပြီးတာနဲ့ ကျသင့်ငွေကို ပြောပြမယ်၊ လျော်ကြေးကို အသင့်ပြင်ထားကြနော်၊ တစ်ပတ်အတွင်း မပေးဘူးဆိုရင် ငါတို့ဘက်ကလည်း ရွေးချယ်စရာမရှိဘဲ ရဲတိုင်ရမှာပဲ၊ ရာဇဝတ်မှု မှတ်တမ်းရှိသွားရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ နင်သိပါတယ်”
ကျားရှန်းနန်: “…”
ယဲ့ရှောင်ရှောင်တို့ အဖွဲ့မှာ သူတို့ကို ဂရုမစိုက်တော့ဘဲ အဆောင်သို့ပြန်၍ ပစ္စည်းများ သိမ်းဆည်းခဲ့ကြသည်။
ကျားရှန်းနန်၏ အငြှိုးတရား မည်မျှ ကြီးမားကြောင်းကို မြင်နိုင်ပါသည်။ သော့ခတ်ထားသည့် ဗီရိုများမှအပ အပြင်တွင် ရှိနေသည့် ပစ္စည်းအားလုံးကို မြေလှန်ထားခြင်းကြောင့်ပင်။
တံခါးနှင့် အနီးဆုံးတွင်ရှိနေသည့် ဝမ်ကျောင်း၏ စားပွဲနှင့် ကုတင်တို့က အခြေအနေ အဆိုးဆုံးပင် ဖြစ်သည်။ ဝမ်ကျောင်းတစ်ယောက် သန့်ရှင်းရေးလုပ်နေစဉ်အတွင်း ကျားရှန်းနန်ကို ဆဲရေးတိုင်းထွာနေမိပါသည်။
ယဲ့ရှောင်ရှောင်၏ စားပွဲက ရှုပ်ပွနေသော်လည်း စားပွဲပေါ်တင်ထားသည့် ပစ္စည်းများမှာ မပျက်စီးသေးပေ။ ကြမ်းပြင်ပေါ် ပြုတ်ကျသွားသဖြင့် စာအုပ်အချို့ ညစ်ပတ်သွားရုံသာ ရှိသည်။
သူမ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည့် လတ်ပတ်နာရီလေးကလည်း အမှန်တကယ် ပျက်စီးသွားခြင်းမဟုတ်ပေ။ ကျားရှန်းနန်တို့ကို ခြောက်လှန့်ဖို့ သရုပ်ပြခဲ့ခြင်းသာ ဖြစ်သည်။
လီမိန့်ရူက လိပ်ပြာမလုံစိတ်ဖြင့် တောင်းပန်လိုက်သည်။
“ငါတောင်းပန်ပါတယ်၊ ငါ့ကြောင့် နင်တို့အားလုံးပါ ပြဿနာထဲ ရောပါခဲ့ရတာ”
အားလုံး သန့်ရှင်းရေးလုပ်နေသည်ကို ခေတ္တရပ်တန့်လိုက်ကြသည်။
ဝမ်ကျောင်း: “ထားလိုက်စမ်းပါ၊ နင့်အပြစ်ကြီးပဲလည်း မဟုတ်ဘူး၊ အဲ့ဒီကောင်မတွေကိုက ရူးနေတာ”
📗 Chapter 100
အခြားအခန်းဖော်များကလည်း ဖြစ်ပျက်သွားသည့် ကိစ္စများအတွက် လီမိန့်ရူကို အပြစ်တင်ရန် စိတ်ကူး မရှိကြပေ။
သူမသည် ခုတလော ကံဆိုးမိုးမှောင်ကျမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရသူဖြစ်ရာ သနားစရာကောင်းသည်ဟုပင် ဆိုရပါမည်။
ကျန်သောသူများကလည်း သူမအပေါ် ဖိအားထပ်မပေးလိုကြဖြင့် ဘာမှမဖြစ်ခဲ့သလိုမျိုးသာ အတတ်နိုင်ဆုံး ဟန်ဆောင်ခဲ့ကြသည်။
ယဲ့ရှောင်ရှောင်သည် ပစ္စည်းများ သိမ်းဆည်းပြီးနောက် အားလုံးကို မေးမြန်းလိုက်သည်။
“နင်တို့ ကန်တင်းသွားကြမှာလား”
ရှားလီက အပေါ်ထပ်ကုတင်မှ အလျင်အမြန်ဆင်းလာကာ ဖြေလိုက်သည်။
“သွားမယ် သွားမယ် သွားမယ်! ငါဗိုက်ဆာလွန်းလို့ သေတော့မှာပဲ!”
သူမသည် မူလက စာအုပ်များကို ပြန်လာထားပြီးနောက် တစ်ခုခုသွားစားဖို့ စီစဉ်ထားခဲ့သော်လည်း သူမ၏ ‘စခန်း’လေး စီးနင်းတိုက်ခိုက်ခံထားရသည်ကို မြင်ခဲ့ရသည်။
ဒေါသလည်းထွက်၊ သန့်ရှင်းရေးလည်း လုပ်ခဲ့ရသဖြင့် အားအင်များ အလွန်ကုန်ခမ်းကာ ဗိုက်ထဲမှ တဂွီဂွီပင် မြည်နေပါပြီ။
ထန်ရှို့ရှို့လည်း လက်ထဲမှ ပစ္စည်းများကို ချလိုက်သည်။
“အတူတူသွားစားကြမယ်၊ ပြန်လာမှ သန့်ရှင်းရေးဆက်လုပ်ကြတာပေါ့”
ဟယ်ကျင်း: “အဆောင်ရဲ့ ဆုံးရှုံးမှုစာရင်းကို ငါတွက်ပြီးပြီ၊ နောက်မှ နင်တို့်ထပ်တိုးစရာ ရှိမရှိ ကြည့်ပေးကြဦး”
ဝမ်ကျောင်းက အနားသို့လျှောက်လာကာ စာရင်းကို တစ်ချက်ကြည့်လိုက်သည်။
“သူတို့ကို သက်ညှာပေးမလို့လား”
ဟယ်ကျင်းက ပြုံးသည်။
“ဟိုနည်းနည်း ဒီနည်းနည်း ပေါင်းလိုက်ရင် သူတို့လျော်ရမယ့် ပမာဏက မနည်းပါဘူး၊ ဒါသူတို့အတွက် သင်ခန်းစာပဲလို့ သဘောထားလိုက်ပေါ့”
ဝမ်ကျောင်းက မကျေမနပ်ဖြင့် ပြောလိုက်သည်။
“အဲ့ဒီကျားရှန်းနန်ရဲ့ မိသားစုက အရမ်းချမ်းသာတယ်လေ၊ အဲ့တာကြောင့်လည်း အဲ့ဟာမက ကျောင်းမှာ ဒီလောက်ထိ ရမ်းကားနေတာပေါ့”
သူမသည် ယခင်က ထိုမိန်းကလေးမှာ အနေအေးလောက်မည်ဟု ထင်ထားခဲ့သော်လည်း ယခုအခါ သူမ၏ သရုပ်မှန်ကို မြင်တွေ့လိုက်ရပြီဖြစ်၍ ခပ်ဝေးဝေးမှ ရှောင်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ဟယ်ကျင်း: “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေက သူများကို တမင်တကာတော့ မလိမ်သင့်ဘူးလေ၊ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ငါတို့အဆောင်ကို လူတွေဘယ်လိုမြင်ကြမလဲ”
ဝမ်ကျောင်းလည်း နှုတ်ခမ်းများ စည်းတင်းသွားပြီး ဟယ်ကျင်း၏ အကြောင်းပြချက်ကို လက်မခံချင်ဘဲ လက်ခံလိုက်ရပါသည်။
စကားအနည်းငယ် ဆက်ပြောပြီးနောက် သူတို့အားလုံး ကန်တင်းသို့ ထွက်လာခဲ့ကြသည်။
လမ်းတွင် ရှားလီက ရုတ်တရက် ပြောလိုက်ပါသည်။
“အမျိုးသားနေ့တောင် ရောက်တော့မယ်နော်၊ တို့တွေ အားလပ်ရက် ရမှာမလား၊ နင်တို့ ရင်ပြင်ကို သွားပြီး အလံတင် အခမ်းအနား သွားကြည့်ကြမှာလား”
ဝမ်ကျောင်းက စိတ်မဝင်စားပေ။
“အဲ့တာက ဘယ်အချိန်မဆို သွားလို့ရနေတာပဲ၊ အမျိုးသားနေ့တော့ မသွားဘဲနေရအောင်၊ လူတွေအရမ်း များလိမ့်မယ်”
ရှားလီက ပြန်ချေပသည်။
“တခြားအချိန်တွေမှာကော ငါတို့က အားလို့လား၊ ဘာပဲဖြစ်ဖြစ် ငါကတော့ သွားမှာပဲ၊ ဘယ်သူလိုက်ခဲ့ကြဦးမလဲ”
ယဲ့ရှောင်ရှောင်က ခေါင်းခါသည်။
“ငါမအားလောက်ဘူး”
အားလပ်ရက်များတွင်ပင် သူမသည် စုန့်ကွမ်းကျင့်ထံသို့ သွားကာ ပညာသင်ယူရပါသည်။
ထန်ရှို့ရှို့ကလည်း ငြင်းသည်။
“ငါက အိမ်ပြန်ရမှာ”
ဟယ်ကျင်း: “ငါတော့လိုက်ခဲ့ပေးလို့ရတယ်”
ရှားလီက လက်ခုပ်တီးကာ ပြောလိုက်သည်။
“ဒါဆိုအဆင်ပြေပြီ၊ မိန့်ရူ နင်ကော အားလား၊ ငါတို့နဲ့အတူ လိုက်ခဲ့ပါလား”
လီမိန့်ရူလည်း ခေါင်းညိတ်ကာ သဘောတူလိုက်ပါသည်။
ကန်တင်းတွင် စားသောက်ပြီးနောက် ဟယ်ကျင်းသည် အဆောင်သို့ ပြန်လာခဲ့ပြီး ဆုံးရှုံးမှုစာရင်းကို ယူ၍ ဘေးခန်းသို့ လျော်ကြေးသွားတောင်းတော့သည်။
ထန်ရှို့ရှို့နှင့် ယဲ့ရှောင်ရှောင်တို့လည်း သူမနှင့် အဖော်လိုက်လာကြပါသည်။
အခန်း(၂၀၈)ကို တံခါးခေါက်ပြီးနောက် ဟယ်ကျင်းသည် အခန်းခေါင်းဆောင်၏ လက်ထဲသို့ စာရင်းကို ထည့်ပေးလိုက်သည်။
“ဒီမှာ၊ လျော်စရာရှိတာ မြန်မြန်လျော်တော့”
ဟယ်ကျင်း ဤမျှ ပြတ်ပြတ်သားသား ပြောဆိုဖူးသည်မှာ ပထမဆုံးအကြိမ်ဟု ဆိုနိုင်သည်။
အခန်း(၂၀၈)၏ အခန်းခေါင်းဆောင်မှာ မျက်နှာဖြူရော်သွားပြီး စာရင်းကို ဖတ်ကြည့်ပြီးနောက် ဘာလုပ်ရမှန်းမသိ လမ်းပျောက်သွားခဲ့သည်။
ယဲ့ရှောင်ရှောင်၏ လက်ပတ်နာရီဖိုး မပါလျှင်ပင် လျော်ကြေးငွေက ယွမ် ၆၀ ကျော်နေပါပြီ။
ထိုပမာဏမှာ သာမန်အလုပ်သမားတစ်ဦး၏ တစ်လစာနှင့် ညီမျှသည်။
“နင်တို့တွေ အရမ်းတရားလွန်နေပြီနော်၊ နင်တို့အခန်းထဲက ပစ္စည်းအကုန်လုံးကို အသစ်ဝယ်ပေးလိုက်ရင်တောင် ဒီလောက် ကုန်ကျမှာ မဟုတ်ဘူး”
ထန်ရှို့ရှို့က ပြန်ချေပသည်။
“ဝမ်ကျောင်းရဲ့ ဂါဝန်တစ်ထည်နဲ့တင် ၇ ယွမ် ၈ ယွမ်လောက် ရှိတယ်၊ အဲ့တာကို များတယ်လို့ ထင်နေတုန်းလား၊ မလျော်ချင်ရင် အစကတည်းက ငါတို့ပစ္စည်းကို လာမဖျက်ဆီးနဲ့လေ”
စင်္ကြန်လမ်းထဲမှ ဖြတ်သွားသည့် ကျောင်းသားအချို့က ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို လှည့်ကြည့်သွားကြသည်။
ယနေ့ဖြစ်ရပ်မှာ အတော်လေး သတင်းပျံ့သွားခဲ့သဖြင့် ကျောင်းသားအများစုက နောက်ကွယ်တွင် အတင်းအဖျင်း စပြောနေကြပါပြီ။
အခန်း(၂၀၈)၏ အခန်းခေါင်းဆောင်မှာလည်း စကားကို ကျယ်ကျယ် မပြောရဲတော့ဘဲ အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
အဆောင်ခန်းထဲမှ အငြင်းပွားသံများ ထွက်ပေါ်လာသည်ကို ကြားနေရပါသည်။
ခဏအကြာတွင် အခန်းခေါင်းဆောင်သည် လျော်ကြေးများကိုင်ကာ ပြန်ထွက်လာသည်။
“ရော့၊ အခုအားလုံး ကျေပြီနော်”
သူမ၏ အမူအရာက ဆိုးရွားလွန်းပါသည်။
သို့သော် ယဲ့ရှောင်ရှောင်တို့က အမူအရာကို ကြည့်ဖို့လာခဲ့ခြင်း မဟုတ်ပေ။ ငွေကို ရေတွက်ပြီးနောက် လှည့်ပြန်လာခဲ့ကြပါသည်။
အဆောင်ခန်းသို့ ပြန်ရောက်သောအခါ ဟယ်ကျင်းက အားလုံးကို ဆုံးရှုံးမှုအလိုက် လျော်ကြေးငွေများ ခွဲဝေပေးလိုက်သည်။
အဆောင်ရှိ လူတိုင်းမှာ ချမ်းသာသောမိသားစုမှ လာခဲ့ကြသူများ မဟုတ်သဖြင့် ဤငွေပမာဏသည် အချို့သော သူများအတွက် ငွေကြေးအခက်အခဲကို ပြေလျော့စေခဲ့ပါသည်။
ထို့အပြင် ကျောင်းမှ တက္ကသိုလ်ကျောင်းသားများအတွက် လစဉ်ပေးသော ထောက်ပံ့ကြေးများလည်း ထွက်လာခဲ့ပြီ ဖြစ်သည်။
ကျောင်းသားတစ်ဦးလျှင် လစဉ် ထောက်ပံ့ကြေး ၂၃ ယွမ် ရရှိကြပါသည်။
အလွန်ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ သို့မဟုတ် ထူးချွန်သည့် ကျောင်းသားများက အပိုခံစားခွင့် သို့မဟုတ် ပညာသင်ဆုများကို လျှောက်ထားနိုင်သည်။
သို့သော် ပညာသင်ဆုများကို နှစ်ဝက်စာမေးပွဲ ပြီးဆုံးမှသာ စတင်မည်ဖြစ်သည်။
ထိုအချိန်တွင် အမှတ်ပေါ်မူတည်၍ ပညာသင်ဆု လျှောက်ထားရမည်။
ငွေကြေးအခက်အခဲရှိသည့် ကျောင်းသားများမှာမူ အထူးအကျိုးခံစားခွင့်များ လျှောက်ထားရပါမည်။
ရှားလီက လက်ထဲမှ ငွေကို ရေတွက်ရင်း ဝမ်းသာအားရပြောလိုက်သည်။
“ပိုက်ဆံရပြီကွ! တစ်ခုခုသွားစားရမယ်”
ဟယ်ကျင်းကမူ မထောက်ခံပေ။
“ပိုက်ဆံကို စုထားတာ ပိုကောင်းမယ်၊ ကန်တင်းမှာ စားရလည်း ကိစ္စမရှိပါဘူး”
လူအများစုသည် လက်ထဲတွင် ငွေအနည်းငယ်ရှိလာသည်နှင့် မိသားစုထံမှ ငွေတောင်းခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။
ဟယ်ကျင်းနှင့် လီမိန့်ရူတို့ကဲ့သို့ အချို့သူများမှာမူ ပိုက်ဆံတစ်စိတ်တစ်ပိုင်းကို အိမ်သို့ပင် ပြန်ပို့ပေးကြပါသေးသည်။
ယဲ့ရှောင်ရှောင်လည်း မိသားစုထံသို့ မဆက်သွယ်သည်မှာ ကြာပြီဖြစ်မှန်း သတိရသွားသဖြင့် အိမ်သို့ စာတစ်စောင်ရေးကာ ယွမ် ၁၀၀ နှင့်အတူ ပို့ပေးလိုက်ပါသည်။
တတိယအစ်ကို၏ စီးပွားရေးအခြေအနေနှင့် မည်သည့်အချိန်မှ အိမ်ကို အောင်မြင်စွာ ပြန်လာနိုင်မည်ကိုလည်း သူမ သိချင်မိပါသည်။
ပိုင်ချွမ်ရွာမှ ထွက်လာစဉ်ကတည်းက ဇာတ်လမ်း၏ အခြေအနေကို သိရှိနားလည်ဖို့ ယဲ့ရှောင်ရှောင်အတွက် အလွန်ခက်ခဲသွားခဲ့သည်။
သို့သော်လည်း သူမအနေဖြင့် ပိုက်ဆံရှာဖို့ လိုအပ်နေဆဲဖြစ်သည်။ အကြောင်းမှာ ပိုက်ဆံသည် အရာရာအတွက် အလွန်အရေးကြီးနေခြင်းကြောင့်ပင်။
--- --- ---
ကြာသပတေးနေ့ ယဲ့ရှောင်ရှောင် အတန်းတက်သည့်အခါ အခန်း(၂၀၈)နှင့် ပတ်သတ်သည့် အသိပေးချက်အား တစ်ကျောင်းလုံးတွင် ကပ်ထားပြီးပါပြီ။
တိုင်းရင်းဆေးပညာမေဂျာမှ ကျောင်းသားတိုင်းလည်း ထိုအကြောင်းကို သိရှိပြီးကြပြီ ဖြစ်သည်။
ကျန်းခိုင်နင်က ယဲ့ရှောင်ရှောင်အား မေးမြန်းခဲ့ပါသည်။
“နင်တို့အဆောင်ခန်းနဲ့ ပြဿနာဖြစ်တာလား၊ နင်တို့ရှုံးမသွားဘူးမလာား”
ယဲ့ရှောင်ရှောင် ပြန်ဖြေလိုက်သည်။
“မရှုံးပါဘူး”
ကျန်းခိုင်နင် စိတ်အေးသွားပြီး စကားလမ်းကြောင်းလွှဲလိုက်ပါသည်။
“ရှောင်ရှောင်၊ ငါ့မှာ ငွေရှာနိုင်မယ့် နည်းလမ်းတစ်ခုရှိတယ်၊ နင်စိတ်ဝင်စားလား”
ယဲ့ရှောင်ရှောင် မျက်ခုံးတစ်ဖက်ပင့်သွားသည်။
“ငွေရှာနိုင်မယ့်နည်းလမ်း ဟုတ်လား”
ချူးယွင်ရှောင်က ယဲ့ရှောင်ရှောင်ကို သတိလှည့်ပေးလိုက်သည်။
“သူ့ရဲ့ စုတ်ချာနေတဲ့ လုပ်ငန်းထဲ ဝင်မပါနဲ့နော် ယဲ့ရှောင်ရှောင်”
ကျန်းခိုင်နင် မခံမရပ်နိုင် ဖြစ်သွားသည်။
“ငါက စေတနာနဲ့ ပြောတာကွ၊ ပိုက်ဆံရှာနိုင်မယ့် နည်းလမ်းဆိုတာ လူတိုင်းနဲ့ မျှဝေသင့်တာပေါ့၊ ဘာလို့ စုတ်ချာနေတဲ့လုပ်ငန်းလို့ ရက်ရက်စက်စက် ပြောရတာလဲ”
ယဲ့ရှောင်ရှောင်က ကျန်းခိုင်နင်ကို စိတ်အေးအေးထားခိုင်းပြီး မေးမြန်းလိုက်သည်။
“ငါ့ကို အရင်ပြောစမ်းပါဦး၊ ပိုက်ဆံဘယ်လိုရှာရမှာလဲ”
ချန်းခိုင်နင်က လည်ချောင်းရှင်းလျက် ပြောလိုက်သည်။
“ဆိုင်ခန်းတစ်ခုဖွင့်ပြီး ခွေးသားရေ ဆေးပလာစတာတွေ ရောင်းမလားလို့”
ယဲ့ရှောင်ရှောင် ရယ်မောလိုက်မိသည်။
ကျန်းခိုင်နင်: “ငါ့ပလာစတာတွေကို အထင်မသေးနဲ့ဟ! မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ လျှို့ဝှက်ချက်ပဲ၊ အဆစ်အမြစ်ရောင်ရမ်းတာနဲ့ ဂေါက်ရောဂါတွေအတွက် တကယ်ကောင်းတာ၊ ပြီးတော့ ဒဏ်ရာတွေ အကျက်မြန်စေတာနဲ့ အမာရွတ်ပျောက်စေတဲ့ ပလာစတာတွေလည်း ရှိသေးတယ်၊ ဖော်မြူလာမတူပေမယ့် အားလုံးက အာနိသင်ရှိကြတယ်”
ယဲ့ရှောင်ရှောင် မေးထောက်လျက် ပြောလိုက်သည်။
“ငါလည်း ပလာစတာတွေ လုပ်တတ်ပါတယ်နော်၊ နင့်ရဲ့ မျိုးရိုးအဆက်ဆက်က လက်ဆင့်ကမ်းလာတဲ့ ‘ခွေးသားရေ’ ပလာစတာက ဘာတွေထူးခြားနေလို့လဲ ကြည့်ပါရစေဦး”
ကျန်းခိုင်နင်သည် သူ့အိတ်ထဲမှ မဲမှောင်စေးကပ်နေသော ပလာစတာအချို့ကို ထုတ်ပေးလိုက်ပါသည်။
“နင်စမ်းကြည့်လိုက်၊ တစ်ခုကပ်ရုံနဲ့ သိသာစေရမယ်လို့ ငါအာမခံတယ်”
ယဲ့ရှောင်ရှောင်သည် ထိုပလာစတာများအား အနံ့ခံကြည့်လိုက်သည်။
သူမရင်းနှီးနေသည့် ဆေးပင်အချို့၏ ရနံ့ကို ရသော်လည်း ပါဝင်ပစ္စည်းအသေးစိတ်ကိုတော့ မသိနိုင်ပေ။
“ငါ့ကို နင်နဲ့အတူ ဆိုင်ခန်းထွက်ပေးဖို့ပဲ အကူအညီတောင်းနေတာလား”
ကျန်းခိုင်နင် ခေါင်းခါလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ၊ ဒီပလာစတာတွေက အစွမ်းထက်ပေမယ့် ပြဿနာတစ်ခုတော့ ရှိတယ်၊ ပါဝင်ပစ္စည်းတွေက အရမ်း တန်ဖိုးကြီးတာ၊ အဲ့တာကြောင့် ဈေးကလည်း ကြီးတယ်၊ ဆိုင်ဖွင့်မယ်ဆိုရင် အရင်းအနှီးတော့ လိုမှာပဲလေ မဟုတ်ဘူးလား”
ယဲ့ရှောင်ရှောင်၏ လှလှပပ မျက်ဝန်းများ ဂနာမငြိမ် ဖြစ်သွားခဲ့သည်။
ချူးယွင်ရှောင်ကိုလည်း သူချဉ်းကပ်ခဲ့လောက်သည်။ သို့သော် ကျန်းခိုင်နင်ထံတွင် ရင်းနှီးမြှုပ်နှံပေးဖို့ ချူးယွင်ရှောင်က သဘောတူခဲ့ပုံ မပေါ်ပါ။
ထို့ကြောင့် ယဲ့ရှောင်ရှောင်ကိုလည်း သတိထားဖို့ အသိပေးနေခြင်း ဖြစ်နိုင်သည်။
ကျန်းခိုင်နင်က မခံချင်စိတ်ဖြင့် လက်ကာပြကာ ပြောလိုက်သည်။
“သွားစမ်းပါကွာ၊ ငါတို့က အတန်းဖော်တွေပဲဥစ္စာ၊ ဘုန်းကြီးကပြေးနိုင်ပေမယ့် ကျောင်းက မပြေးနိုင်ဘူးတဲ့၊ ငါမင်းတို့ကို လိမ်သွားမှာ တကယ်ကြီး စိတ်ပူနေကြတာလား”
ကျန်းခိုင်နင်သည် ဤအကြောင်းကို အခြားမည်သူ့ကိုမှ မပြောရသေးပေ။ သူ၏ ပစ်မှတ်မှာ ပိုက်ဆံတတ်နိုင်သော၊ ချမ်းသာကြွယ်ဝသော မိသားစုများမှလာသည့် ကျောင်းသားများသာ ဖြစ်သည်။
ယဲ့ရှောင်ရှောင်၏ ဝတ်စားဆင်ယင်ပုံကို အကဲခတ်ကြည့်ခြင်းအားဖြင့် ငွေရှားသည့်လူတစ်ယောက်နှင့် မတူဖြင့် သူဖွင့်ပြောခဲ့ခြင်းပင်။
“အဲ့ဒီပလာစတာတွေရဲ့ ရောင်းဈေးကဘယ်လောက်လဲ၊ အရင်းကကော ဘယ်လောက်ကျလဲ”