← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

📗 Chapter 71

ယဲ့ကျန်းကော် အိမ်ပြန်ရောက်သည့်အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျနေပါပြီ။

မိုးမှာ ယခင်ကဲ့လောက် မသည်းထန်တော့သော်လည်း ခပ်ဖွဲဖွဲလေးတော့ ရွာသွန်းနေပါသေးသည်။ ကလေးများအားလုံး အိပ်ခန်းအသီးသီးတွင် အိပ်ရာဝင်သွားကြပြီ ဖြစ်သည်။

မြောင်စွေ့ဖန်းမှာ အိပ်ရာများ ခင်းကျင်းနေပါသည်။

“ရွာထဲမှာ အခြေအနေဘယ်လိုရှိလဲ”

“အိမ်သုံးလုံးတော့ ပြိုသွားတယ်၊ နောက်ထပ် ခုနစ်လုံး ရှစ်လုံးလောက်ကလည်း နံရံတွေ စောင်းကုန်လို့ နေလို့ မရတော့ဘူး၊ အားလုံးပေါင်းလိုက်ရင် အိမ်ထောင်စု ဆယ်ဂဏန်းလောက် ဒုက္ခရောက်ကုန်ကြပြီ”

စိုရွှဲနေသော အဝတ်အစားများကို ချွတ်ရင်း ယဲ့ကျန်းကော် ရှင်းပြလိုက်သည်။

မြောင်စွေ့ဖန်း: “ကျွန်မတို့အိမ်က ကုန်းမြင့်ပေါ်မှာရှိနေလို့ တော်သေးတာပေါ့၊ မြေနိမ့်ပိုင်းက လမ်းတွေ တဖြည်းဖြည်း ရေမြုပ်လာတာ မြင်ခဲ့ရတယ်၊ ဒီမိုးသာ မရပ်ရင် မြေနိမ့်ပိုင်းက အိမ်တွေ အကုန်ရေမြုပ်ကုန်တော့မှာပဲ”

ယဲ့ကျန်းကော်: “အိမ်တွေတင်မကဘူး လယ်ကွင်းတွေထဲက သီးနှံတွေပါ ပျက်စီးကုန်ပြီလေ”

ပိုင်ချွမ်ရွာလေးသည် အစကတည်းက စိုက်ပျိုးမြေ ရှားပါးပြီး စားနပ်ရိက္ခာ ခေါင်းပါးသည့် နေရာတစ်ခုဖြစ်သည်။

ယခုကဲ့သို့ ရေကြီးရေလျှံမှုကြောင့် လယ်ထဲတွင် ရိတ်သိမ်းစရာ ဘာမှ ကျန်တော့မည် မဟုတ်ပေ။

မြောင်စွေ့ဖန်းလည်း စိတ်ပူသွားသည်။

“အချိန်ရတုန်း ဆန်နည်းနည်းလောက် ဝယ်ထားကြရအောင်၊ အခုချိန် ဆန်ဈေးတွေ တက်နေတယ်ဆိုပေမယ့် စိုက်ခင်းတွေ အထွက်နှုန်းမကောင်းရင် ဆောင်းဦးပိုင်းကျ ဒီ့ထက် ပိုဈေးတက်သွားလိမ့်မယ်”

ယဲ့ကျန်းကော်လည်း ခေါင်းညိတ်လိုက်သည်။

“အစ်ကိုကြီူတို့မိသားစုနဲ့ တိုင်ပင်ပြီး အတူတူဝယ်ဖို့ လုပ်လိုက်ပါ့မယ်”

အစားအသောက်ဟူသည်မှာ အရေးကြီးသည့် ကိစ္စဖြစ်၍ ပေါ့ဆ၍ မရပေ။

ထို့နောက် ယဲ့ကျန်းကော်က ဖြည်းညှင်းစွာ ဆက်ပြောလိုက်သည်။

“ကလေးနှစ်ယောက် ကျောင်းဆက်တက်ဖို့အတွက်တော့ ငွေကို သက်သက် ဖယ်ထားရမယ်၊ သူတို့တက္ကသိုလ်ဝင်ခွင့်ရရင် ကျောင်းက ထောက်ပံ့ကြေးပေးမယ်ဆိုပေမယ့်လည်း ‌ကလေးတွေကို နယ်မြေစိမ်းမှာ ချို့ချို့တဲ့တဲ့ မနေစေချင်ဘူး၊ ပြီးတော့ ဒုတိယသားအတွက်လည်း စဉ်းစားပေးရဦးမယ်၊ သူ့မှာ ကောင်မလေးရှိနေပြီဆိုတော့ အိမ်ကို အမြဲတမ်း ထောက်ပံ့နေလို့ မရတော့ဘူး၊ နောက်ဆို သူ့မိသားစုအနာဂတ်အတွက် ငွေစုရတော့မယ်”

မြောင်စွေ့ဖန်း: “ကျွန်မ နားလည်ပါတယ်”

ထိုအချိန်တွင် အပြင်ဘက်မှ မိုးရွာသံများကို နားထောင်ရင်း ယဲ့ရှောင်‌ရှောင် အိပ်မပျော်နိုင်ဘဲ အိပ်ရာထဲ ဟိုလှည့်ဒီလှည့် လုပ်နေခဲ့ပါသည်။

မိုးရွာနေပြီဖြစ်၍ မူရင်းဝတ္ထုထဲတွင် ပါဝင်သည့် မိုင်းတွင်းမတော်တဆမှု ဖြစ်ပွားတော့မည်ထင်သည်။

ယဲ့ချန်းချင့်မှာ အကြောင်းအမျိုးမျိုးကြောင့် မိုင်းတွင်းတွင် ဆက်မနေဘဲ ပြန်လာခဲ့သော်လည်း အခြားသူများကမူ သူ့လောက် ကံမကောင်းနိုင်ပေ။

ထိုမတော်တဆမှုတွင် လူအမြောက်အများ သေဆုံးခဲ့ကြရသည် မဟုတ်ပါလား။

မိုးမှာ သုံးရက်တိုင်တိုင် ရွာသွန်းခဲ့သည်။ မြေနိမ့်ပိုင်းတွင် ဆောက်ထားသည့် နေအိမ် ထက်ဝက်ကျော်နီးပါး ရေမြုပ်ကုန်ပါသည်။

အိမ်ထောင်စုပေါင်း ၂၀ ဝန်းကျင်ခန့် နေစရာမရှိတော့ဘဲ ကျေးရွာကော်မတီဝင်းအတွင်း၌သာ ယာယီ စုပြုံခိုလှုံနေကြရသည်။

“ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ရွာသူကြီး၊ အိမ်တွေအကုန် ပျက်စီးသွားပြီ”

“နိုင်ငံတော်က ကျွန်တော်တို့ကို ဒီတိုင်း ပစ်မထားသင့်ဘူး”

ကျန်းရန်ကွေ့လည်း ခေါင်းအလွန်ကိုက်ခဲနေပါပြီ။

“ဒုက္ခခံစားရတာ ငါတို့တစ်ရွာတည်းမဟုတ်ဘူးကွ၊ တချို့နေရာတွေဆို ငါတို့ထက် ပိုဆိုးတဲ့ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတာ၊ အရေးကြီးတဲ့နေရာတွေကို အရင်ကူညီထောက်ပံ့ရမှာပေါ့၊ ပြဿနာကို ငါတို့ဖာသာ ဖြေရှင်းနိုင်ရင် နိုင်ငံတော်ကို ဒုက္ခမပေးတာ အကောင်းဆုံးပဲ”

“မိုးတိတ်သွားရင်လည်း ပစ္စည်းတွေယူဖို့ အိမ်တွေထဲကို အလောတကြီး မဝင်ကြနဲ့ဦး၊ အဆောက်အဦးတွေ ပြိုကျပြီး ထိခိုက်ဒဏ်ရာ ရကုန်မှာစိုးလို့”

“ဒီရက်ပိုင်းထဲမှာ ရွာသားတွေအတွက် အစားအသောက်နဲ့ နေရာထိုင်ခင်းတွေကို အခမဲ့ စီစဉ်ပေးသွားမယ်”

ကျန်းရန်ကွေ့၏ စကားကြောင့် လူအများစုမှာ အနည်းငယ် ငြိမ်သက်သွားကြသည်။

သို့သော် သူ့ရင်ထဲတွင်မူ အခြားသူများထက် ပို၍ပင် စိုးရမ်ပူပန်နေခဲ့ပါသည်။

ယခုနှစ်တွင် ကောက်ရိတ်သိမ်းစရာ မရှိတော့သဖြင့် ကောင်တီမြို့မှ ကူညီထောက်ပံ့ရေးရိက္ခာများကို စောစောစီးစီး လျှောက်ထားနိုင်ရန် ကျေးရွာကော်မတီနှင့် တိုင်ပင်ရတော့သည်။

ရွာထဲမှ ရေမြုပ်နေသည့် နေအိမ်များပြဿနာကို မဖြေရှင်းနိုင်ခင် သတင်းဆိုးများ ထပ်မံရောက်ရှိလာပြန်ပါသည်။

လမ်းပန်းဆက်သွယ်ရေးအခြေအနေ ဆိုးရွားမှုကြောင့် တုံကောမိုင်းတွင်း ပြိုကျသွားသည့်သတင်းမှာ ပိုင်ချွမ်ရွာသို့ ခုနစ်ရက် ရှစ်ရက်ခန့် နောက်ကျပြီးမှ ရောက်ရှိလာပါသည်။

ရွာထဲမှ ယဲ့ချန်းချင့်ကဲ့သို့ ယာယီအလုပ်သမားများအနက် သုံးဦး သေဆုံးမှု ရှိခဲ့သည်။

မိုင်းတွင်းတာဝန်ခံများက ထိုမတော်တဆမှုကို စုံစမ်းနေဆဲဟုဆိုကာ သတင်းကို ဖုံးဖိထားဖို့ ကြိုးစားသည်။

အသက်ဘေးမှ လွတ်မြောက်လာသော ရွာသားတစ်ဦးက ခိုးထွက်ပြီး ပြန်လာခြင်းကြောင့်သာ ထိုသတင်းကို ကြားခဲ့ရခြင်း ဖြစ်ပါသည်။

ယဲ့ချန်းချင့်သည် ထိုသတင်းကို ကြားပြီးနောက် စိတ်မကောင်းဖြစ်ကာ မှိုင်တွေနေတော့သည်။ ထိုလူများ သေဆုံးခဲ့ရခြင်းမှာ သူ့အပြစ်မကင်းဟု ခံစားနေရပါသည်။

အကယ်၍ ထိုအချိန်ကသာ အခြားသူများကို ကြိုးစားပမ်းစား ဖျောင်းဖျခဲ့လျှင် အားလုံး စိတ်ပြောင်းသွားကြပြီး သူနှင့်အတူ ရွာပြန်လာကြလောက်သည်။

ယဲ့ချန်းချင့်သည် ထိုကိစ္စက သူနှင့်မသက်ဆိုင်ဟု တွေးပြီး မိမိကိုယ်ကိုယ် နှစ်သိမ့်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသော်လည်း သူ့အသိစိတ်ထဲသို့ အပြစ်ရှိစိတ်က အလိုလိုဝင်ရောက်လာခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းချင့်၏ စိတ်ခံစားချက်များကို နားလည်သဖြင့် ဘေးမှ နှစ်သိမ့်ပေးခဲ့သည်။

“အစ်ကိုကြီး ပြန်ရောက်လာနိုင်တာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပါပြီ၊ မဟုတ်ရင် သမီးတို့ မိသားစုလည်း တခြားမိသားစုတွေလိုပဲ နာကျင်ခံစားရမှာလေ၊ ဖြစ်သမျှအကြောင်း အကောင်းပဲလို့ မှတ်ရမှာပေါ့”

ယဲ့ချန်းချင့် “သေသွားတဲ့ လူသုံးယောက်စလုံးက ငါနဲ့ရင်းနှီးတဲ့လူတွေချည့်ပဲ၊ သူတို့က မိုင်းတွင်းရဲ့ တရားဝင် ဝန်ထမ်းတွေမဟုတ်ဘဲ နေ့စားလုပ်သားတွေဆိုတော့ ငွေများများရဖို့ အလုပ်ချိန်လည်း ပိုလုပ်ရတယ်၊ ညစ်ပတ်ပြီး ပင်ပန်းရတဲ့အလုပ်မှန်သမျှ သူတို့ပဲ လုပ်ကြရတာ၊ သူတို့သာ အဲ့လောက်ကြီး အပင်ပန်းမခံခဲ့ရရင် အခုလို သေသွားမှာ မဟုတ်ဘူး”

ယဲ့ရှောင်ရှောင် “မိုင်းတွင်းရဲ့ လုံခြုံရေးလိုအပ်ချက်ကြောင့် ဖြစ်ခဲ့တာဆိုရင် ကျန်ရစ်သူမိသားစုတွေက လျော်ကြေး ရသင့်တာပေါ့”

ယဲ့ချန်းချင့် ခေါင်းခါလိုက်ပါသည်။

“နေ့စားလုပ်သားတွေက လျော်ကြေးမရကြဘူး”

ယဲ့ရှောင်ရှောင်လည်း ထိုအကြောင်းကို သေချာနားမလည်သဖြင့် ဘာမှ မပြောတတ်တော့ပါ။

မိုင်းတွင်းဘက်မှလည်း ယခုချိန်ထိ ကျန်ရစ်သူမိသားစုများထံ အကြောင်းကြားခြင်း မရှိသေးပေ။ ထို့ကြောင့် ကျန်ရစ်သူ မိသားစုများက အကြောင်းစုံသိရဖို့အတွက် မိုင်းတွင်းသို့ သွားရောက်ရန် ပြင်နေကြသည်။

မိုင်းတွင်းမှ ထွက်လာခဲ့သူတစ်ဦးအနေဖြင့် ယဲ့ချန်းချင့်သည်လည်း ထိုမိသားစုများကို ကူညီပေးချင်သဖြင့် အတူလိုက်ပါသွားဖို့ စီစဉ်ခဲ့ပါသည်။

ထိုကျန်ရစ်သူမိသားစုများကို တုံကောမိုင်းတွင်းသို့ ပို့ဆောင်ပေးရန် ကျေးရွာက နွားလှည်းနှစ်စီး စီစဉ်ပေးခဲ့သည်။

ယဲ့မိသားစုဝင်များကလည်း ယဲ့ချန်းချင့်ကို နှုတ်ဆက်ဖို့ ရွာထိပ်သို့ လာခဲ့ကြပါသည်။ နစ်နာသူ မိသားစုဝင်များနှင့် တွေ့ဆုံနေစဉ် ဆံပင်များရှုပ်ပွနေသည့် အမျိုးသမီးတစ်ယောက်က ယဲ့ချန်းချင့်ထံသို့ ရုတ်တရက် ပြေးလာလေသည်။

“နင်! တစ်ခုခုဖြစ်တော့မယ်ဆိုတာ နင်ကြိုသိနေလို့ ရွာကိုစောစော ပြန်လာခဲ့တာမလား! နင်ထွက်သွားလို့ သူတို့ အလုပ်ချိန်တွေပြောင်းသွားရတာလို့ ငါ့ယောက်ျား ယွီရှန့်က ပြောတယ်၊ နင်သာ ထွက်မသွားရင် ငါ့ယောက်ျား ယွီရှန့် သေသွားရမှာ မဟုတ်ဘူး!”

စိတ်ရူးဖောက်နေသည့် ထိုအမျိုးသမီးမှာ ကျန်းယွီရှန့်၏ ဇနီးပင် ဖြစ်သည်။ လွန်ခဲ့သည့်တစ်ပတ်ခန့်ကမှ သူတို့လင်မယား စာဖြင့်အဆက်အသွယ် ရှိခဲ့ပါသေးးသည်။

ယခင်က ယဲ့ချန်းချင့်သည် မိုင်းတွင်းလုပ်သားများ၏ ခေါင်းဆောင်ဖြစ်ခဲ့ကာ သူထွက်သွားပြီးနောက် ထိုရာထူးကို ကျန်းယွီရှန့်က ဆက်ခံခဲ့ရသည်။

အလုပ်သမားခေါင်းဆောင်တစ်ဦးသည် အခြားသူများထက် အလုပ်ကို ပိုမိုတက်ကြွစွာ လုပ်ဆောင်ရသဖြင့် ကျန်းယွီရှန့်မှာ မတော်တဆမှုထဲ ပါသွားခဲ့ရသည်။

သို့သော် သူ့ဇနီးဖြစ်သူသည် ယဲ့ချန်းချင့်ကိုသာ အပြစ်ပုံချနေသဖြင့် အားလုံးအတွက် နားလည်ရခက်စရာ ဖြစ်နေလေသည်။

ကံမကောင်းစွာဖြင့် သူမ၏စကားများကို ကြားပြီးနောက် အခြားကျန်ရစ်သူမိသားစုဝင်များကလည်း ယဲ့ချန်းချင့်ကို ထူးဆန်းသော မျက်လုံးများဖြင့် ဝိုင်းကြည့်လာကြသည်။

ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်သွားခဲ့သည်။

အခြေအမြစ်မရှိသည့် စကားများ ဖြစ်နေစေကာမူ သူမ၏အစ်ကိုကို ဤကဲ့သို့ မတရားသဖြင့် စွပ်စွဲခွင့် မပြုနိုင်ပေ။ မဟုတ်လျှင် နောင်တွင် ရွာသားများက ယဲ့ချန်းချင့်ကြောင့် ဤသို့ ဖြစ်ရသည်ဟု ယုံကြည်သွားကြပေလိမ့်မည်။

“ရှင့်ခင်ပွန်းကို ဆုံးရှုံးလိုက်ရတာမှန်ပေမယ့် ဒီလို မတရား သဖြင့်တော့ ပြောလို့မရဘူးလေ၊ ကျွန်မအစ်ကို ရွာပြန်ရောက်နေတာ တစ်လလောက်ရှိပြီ၊ ဒီအချိန် မိုးတွေသည်းသည်းမဲမဲ ရွာလိမ့်မယ်လို့ သူက ဘယ်လိုလုပ် သိနိုင်မှာလဲ၊ အလုပ်ချိန်တွေ ပြောင်းတဲ့ကိစ္စအတွက်လည်း ကျွန်မအစ်ကိုကို အပြစ်တင်လို့မရဘူး၊ အဲ့လို အလုပ်ချိန် မပြောင်းဘဲနေရင် ရှင့်ယောက်ျားကလွဲပြီး အခြားဘယ်သူမဆို သေလို့ရတယ်လို့ ပြောချင်တာလား”

ယဲ့ရှောင်ရှောင်၏ စကားကြောင့် အခြားသူများအားလုံး အသိစိတ်ဝင်လာကြသည်။

အထူးသဖြင့် အသက်ဘေးမှ လွတ်မြောက်လာသည့် အလုပ်သမားလေးက ပိုနားလည်ပါသည်။

“မရီးယွီရှန့်၊ ဒီကိစ္စက အစ်ကိုချန်းချင့်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျွန်တော်တို့ မိုင်းတွင်းမှာ ရှိစဉ်ကာလက အစ်ကိုချန်းချင့် ကျွန်တော်တို့ကို အများကြီး စောင့်ရှောက်ပေးခဲ့တာ၊ အလုပ်ချိန်တွေ ပြောင်းသွားရတယ်ဆိုတာလည်း အစ်ကိုယွီရှန့်က ပိုက်ဆံပိုရချင်လို့ အချိန်ပိုဆင်းခွင့်ပေးဖို့ သူ့ဖာသာသူ တောင်းဆိုခဲ့တာပါ၊ အစ်မအတွက် ငွေလက်ကောက်လေး ဝယ်ပေးချင်လို့တဲ့လေ”

ကောင်လေး၏ စကားကြောင့် မကြာသေးခင်က အော်ဟစ်သောင်းကျန်းနေခဲ့သော ယွီရှန့်၏ဇနီးမှာ ချက်ချင်းတိတ် ဆိတ်သွားခဲ့ရသည်။

သူမသည် အင်အားများ ဆုတ်ယုတ်သွားသကဲ့သို့ မြေပြင်ပေါ်သို့ ခွေကျသွားလေတော့သည်။

အမှန်စင်စစ် ယဲ့ချန်းချင့်တွင် အပြစ်မရှိကြောင်း သူမ သိပါသည်။ သို့သော် သူမ၏ ဝမ်းနည်းပူဆွေးမှုကို ဖွင့်ချရန် ထွက်ပေါက်တစ်ခု ရှာဖွေခဲ့ခြင်းသာ ဖြစ်သည်။

ရွာသူကြီး ကျန်းရန်ကွေ့က ဘေးမှ အော်လိုက်သည်။

“ယွီရှန့်ရဲ့ မိန်းမ၊ မင်းစိတ်ခံစားချက်တွေ အရမ်းပြင်းထန်နေတယ်၊ မိုင်းတွင်းကို မလိုက်နိုင်ရင် အိမ်မှာပဲ နေခဲ့ပါလား”

“မနေဘူး! ကျွန်မသွားချင်တယ်၊ ယွီရှန့်ကို ကျွန်မတွေ့ချင်တယ်”

သူမပုံစံမှာ အလွန်သနားစရာကောင်းလွန်းနေသဖြင့် အခြားသူတွေလည်း မငြင်းရက်တော့ပါ။

ကျန်းရန်ကွေ့နှင့် ယဲ့ချန်းချင့်တို့နှစ်ယောက် ကျန်ရစ်သူမိသားစုများနှင့်အတူ မိုင်းတွင်းသို့အတူတူ လိုက်ပါသွားကြပြီး ဖြေရှင်းချက်တစ်ခုခုရရှိအောင် ကြိုးစားမည်ဟု ဆုံးဖြတ်ထားကြသည်။

နွားလှည်းနှစ်စီး ထွက်ခွာသွားသောအခါ ယဲ့ရှောင်ရှောင်နှင့် မိသားစုဝင်များလည်း အိမ်ပြန်လာခဲ့ကြတော့သည်။

အပြန်လမ်းတွင် ယဲ့ချန်းချင့်တစ်ယောက် မိုင်းတွင်းမှ စောစောစီးစီး ထွက်လာနိုင်ခဲ့ခြင်းမှာ အလွန်ပင် ကံကောင်းလှသည်ဟု ယဲ့မိသားစုဝင်များ တွေးမိကြသည်။

မဟုတ်လျှင် ယခုအချိန်တွင် ပူဆွေးနေကြရသည့် ထိုကျန် ရစ်သူမိသားစုများထဲ သူတို့မိသားစုလည်း ပါဝင်နေပေလိမ့်မည်။

📗 Chapter 72

ယဲ့ရှောင်ရှောင် “ဒုတိယအစ်ကို… မိုင်းတွင်းဘက်က ကျန်ရစ်သူမိသားစုတွေကို လျော်ကြေးပေးမယ်လို့ ထင်လားဟင်”

ယဲ့ချန်းအန်းက ခေါင်းခါသည်။

“အဲ့တာတော့ တာဝန်ရှိသူတွေရဲ့ ကိုယ်ချင်းစာတရားပေါ်မှာပဲ မူတည်လိမ့်မယ်၊ နေ့စားလုပ်သားတွေအတွက် နစ်နာကြေးက နည်းရုံတင်မကဘူး၊ တချို့ဆို အချိန်ဆွဲပြီး ဘယ်တော့မှ မပေးတော့တာမျိုးတောင် ဖြစ်နိုင်တယ်”

ယဲ့ရှောင်ရှောင် “အဲ့ဒီလူတွေကို ကူညီနိုင်မယ့် အခြားနည်းလမ်းမရှိတော့ဘူးလား”

ယဲ့ချန်းအန်းက တစ်စုံတစ်ခုကို အသည်းအသန် စဉ်းစားနေဟန်ဖြင့် ခေတ္တမျှ ခေါင်းငုံ့သွားခဲ့သည်။

“မိုင်းတွင်းရဲ့ လုံခြုံရေးစနစ်တွေမှာ ချို့ယွင်းချက်ရှိတယ်လို့ အစ်ကိုကြီး ပြောဖူးတာ မှတ်မိလား”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“အဲ့လိုတော့ ပြောခဲ့တာပဲ၊ ဒါပေမယ့် အခု မိုင်းက ပြိုကျသွားပြီဆိုတော့ သက်သေတွေလည်း ပျက်စီးသွားလောက်ပြီလေ”

ယဲ့ချန်းအန်း: “သက်သေတွေဘာတွေ မလိုပါဘူး၊ တာဝန်ရှိတဲ့သူတွေကို ဖိအားပေးဖို့ပဲလိုတာ၊ ငါတို့ဘက်က ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် ဖော်ထုတ်လိုက်လို့ သူတို့ဘက်က တကယ်လိပ်ပြာမလုံ ဖြစ်လာရင်တော့ ပေးစရာရှိတာ မြန်မြန်ထုတ်ပေးလိမ့်မယ်”

သေဆုံးသွားသူများက ပြန်ရှင်မလာနိုင်တော့သော်လည်း ပူဆွေးနေသည့် ကျန်ရစ်သူမိသားစုဝင်များအတွက် ယခုချိန်တွင် အလိုအပ်ဆုံးမှာ ထိုအရေးပေါ် လျော်ကြေးငွေကိုပင် ဖြစ်သည်။

ထိုလျော်ကြေးငွေကို မြန်မြန်ရလေလေ ဤကပ်ဆိုးကြီး၏ ရိုက်ခတ်မှုအား အမြန်ဆုံးကျော်လွှားနိုင်လေလေပင် မဟုတ်ပါလား။

ယဲ့ရှောင်ရှောင် တစ်စုံတစ်ခုကို စဉ်းစားမိကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“အဲ့ဒီမိုင်းတွင်းက လုံခြုံရေးပြဿနာတွေကို သတင်းထောက်တွေဆီ တိုင်ကြားလို့ရတာပဲ၊ လူတွေပိုသိလေလေ မိုင်းတွင်းဘက်က ဖိအား ပိုများလာလေလေ ဖြစ်မှာမလား”

သက်သေမခိုင်လုံဘဲ ကောလဟာလလွှင့်ခြင်းက ပြစ်မှုမြောက်နိုင်သော်လည်း သတင်းထောက်များကို သတင်းပေးခြင်းကမူ အခြေအနေကွဲပြားသည်။

သတင်းထောက်တစ်ယောက်သာ စုံစမ်းစစ်ဆေးရန် စိတ်ဝင်စားသွားပါက မိုင်းတွင်းမှ တာဝန်ရှိသူများက ကျိန်းသေပေါက် အကျပ်ရိုက်သွားကြလိမ့်မည်။

အနည်းဆုံးတော့ ရသင့်ရထိုက်သည်ကို တောင်းဆိုဖို့ ခွန်အားတစ်ခုဖြစ်လာပါလိမ့်မည်။

ယဲ့ချန်းအန်း: “သတင်းစာတိုက်ကို အမည်မဖော်ဘဲ တိုင်စာတစ်စောင် ပို့ကြည့်တာပေါ့၊ အလုဖြစ်၊ မဖြစ်ကတော့ စောင့်ကြည့်မှပဲ သိနိုင်မယ်”

တုံကောမိုင်းတွင်းသည် ဒေသခံအစိုးရနှင့်် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ ယခင်ကလည်း မတော်တဆမှုများ ဖြစ်ပွားဖူးသော်ငြား အကြိမ်တိုင်း ဖုံးဖိနိုင်ခဲ့ကြသည်။

ယခုတစ်ခေါက်တွင်မူ လူဆယ်ဂဏန်းခန့် သေဆုံးခြင်းရှိခဲ့သဖြင့် အလွန်ကြီးမားသော မတော်တဆမှုအဖြစ် ခေါင်းစဉ်တပ်နိုင်ပါလိမ့်မည်။

မတော်တဆမှုဖြစ်ပွားသည့်နေ့တွင် မိုးရွာသွန်းနေသဖြင့် မိုင်းတွင်းဘက်မှ စည်းမျဉ်းများကို ချိုးဖောက်ကာ အလုပ်သမားများအား အလုပ်ခိုင်းစေခဲ့ခြင်း ရှိ၊ မရှိမှာလည်း သံသယဖြစ်စရာပင်။

ဤတစ်ကြိမ်တွင်တော့ ပြဿနာမှာ ပြီးစလွယ် အဆုံးသတ်မသွားဘဲ မိုင်းတွင်းတစ်ခုလုံးကို စနစ်တကျ စုံစမ်း စစ်ဆေးခံရလိမ့်မည်ဟု ယဲ့ချန်းအန်း မျှော်လင့်မိတော့သည်။

အိမ်သို့ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် တိုင်စာတစ်စောင် ရေးသားကာ စာပို့သမားမှတဆင့် ပေးပို့ခိုင်းလိုက်ည်။

စာပို့သမားမှာ ပိုင်ချွမ်ရွာသို့ သုံးရက်တစ်ကြိမ် လာရောက်တတ်ပြီး ယဲ့ရှောင်ရှောင်၏ စာကို ယူဆောင်သွားစဉ် သူမကိုလည်း စာတစ်စောင် ပြန်ပေးခဲ့ပါသည်။

ထိုစာကို ရှုကျမ့်လီ ပေးပို့လိုက်ခြင်းပင်။ ဤစာမှာ သူ၏ ဒုတိယမြောက်စာဖြစ်ပြီး ပထမစာကို ပိုင်ချွမ်ကောင်တီမြို့ လိပ်စာဖြင့် ပေးပို့ထားသဖြင့် ယဲ့ရှောင်ရှောင် မရရှိခဲ့ခြင်းဖြစ်သည်။

အကြောင်းပြန်စာ မရရှိသဖြင့် ရှုကျမ့်လီမှာ စိုးရိမ်တကြီးဖြင့် ပိုင်ချွမ်ရွာသို့ နောက်တစ်စောင်ထပ်ပို့ခဲ့ရာ မိုးသည်းထန်မှုကြောင့် ကြန့်ကြာခဲ့ရပါသည်။

အကယ်၍ ယဲ့ရှောင်ရှောင်သာ ပြန်စာမပေးပို့ခဲ့လျှင် ထိုကောင်လေး အိမ်မှ နောက်တစ်ကြိမ် ထွက်ပြေးလာလောက်သည်။

စာထဲတွင် သူမ၏ ကျန်းမာရေး အခြေအနေနှင့် စာမေးပွဲပြီးနောက် မြို့တော်သို့ မည်သည့်အချိန်တွင် ပြန်လာမည်ကို ရှုကျမ့်လီက မေးမြန်းထားသည်။

ထို့အပြင် ယခင်က ယဲ့ရှောင်ရှောင် ပေးလိုက်သည့် ဆေးဝါးများမှာ သူ့ကျန်းမာရေးအတွက် အလွန်အထောက်အကူ ပြုသဖြင့် ကျေးဇူးတင်စကားလည်း ဆိုထားသေးသည်။

တစ်ဖက်တွင် ရှုကျမ့်ဝမ်ကလည်း ဟောက်ယန်ယန်အပေါ် အလွန်အေးစက်သွားကြောင်းနှင့် အစ်ကိုဖြစ်သူမှာ သူ့ရွေးချယ်မှုအပေါ် နောင်တရနေပုံပေါ်ကြောင်း ရှုကျမ့်လီက ရေးသားထားပါသေးသည်။

ယဲ့ရှောင်ရှောင် အသာအယာ ပြုံးလိုက်မိသည်။

ရှုကျမ့်လီ ထင်ထားသည့်အတိုင်းတော့ မဖြစ်နိုင်ပေ။ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့မှာ အတူတူပေါင်းစည်းရန် ကံပါလာကြသူများ မဟုတ်ပါလား။

အိမ်ထဲသို့ ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် ဖောင်တိန်တစ်ချောင်းကိုင်လျက် စာတစ်စောင် ပြန်ရေးသားပေးဖို့အတွက် ပြင်လိုက်သည်။

ကျင့်ဟွာတက္ကသိုလ်မှ ကျောင်းဝင်ခွင့်စာရမှသာ ပေကျင်းမြို့သို့ ပြန်လာမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်များ ထွက်လာဖို့ကလည်း ရက်ပိုင်းခန့် လိုပါသေးသည်။

ယခင်က ပေးလိုက်သော တရုတ်တိုင်းရင်းဆေးများမှာ အာနိသင်ရှိသဖြင့် ရှုကျမ့်လီအတွက် ဆေးအချို့ ထပ်မံ ပြင်ဆင်ကာ စာနှင့်အတူ တွဲပို့ပေးလိုက်ဖို့ ဆုံးဖြတ်ထားသည်။

လမ်းများမှာ ရွှံ့ဗွက်ထူနေဆဲဖြစ်သော်လည်း ရွာပြင်သို့ ထွက်ခွာနိုင်ပြီဖြစ်ရာ ယဲ့ရှောင်ရှောင်သည် မြို့ပေါ်ရှိ အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်းအန်း: “ကျွန်တော် ရှောင်ရှောင့်ကို လိုက်ပို့ပေးလိုက်မယ်၊ မြို့ထဲမှာ လုပ်စရာကိစ္စလေးတွေလည်း ရှိသေးလို့”

မြောင်စွေ့ဖန်း ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ၊ သားပါတော့ အမေစိတ်ချရတာပေါ့”

ယဲ့ရှောင်ရှောင်ကို ခွဲရမှာ အဝမ်းနည်းဆုံးလူက ကျန်းအာ့နီ ဖြစ်နေပါသည်။

“နင်မရှိရင် ငါဘာဆက်လုပ်ရတော့မလဲ”

ယဲ့ရှောင်ရှောင်: “ဝိတ်ဆက်ချနိုင်အောင် ကြိုးစားရမှာပေါ့၊ ခုတလော ရလဒ်တွေကောင်းနေတာ ငါသတိထားမိတယ်၊ နင့်မေးနှစ်ထပ်ဖြစ်နေတာတောင် သိပ်မသိသာတော့သလိုပဲ”

ကျန်းအာ့နီက သူမမေးစေ့ကို ကိုင်ကြည့်ရင်း မယုံသင်္ကာနှင့် မေးသည်။

“တကယ်လား”

ယဲ့ရှောင်ရှောင် အားပေးလိုက်သည်။

“တကယ်ပေါ့၊ ငါပေးထားတဲ့ အသားဖြူခရင်မ်သာ ဆက်လိမ်းထားလိုက်၊ နင်ပိန်သွားတဲ့အခါ မြို့ပေါ်ကိုသွားပြီး ခေတ်မီတဲ့ ဆံပင်စတိုင်ပြောင်းလိုက်ရင် သေချာပေါက် လှသွားမှာ”

ကျန်းအာ့နီ ချက်ချင်းပင် ပြန်လည်တက်ကြွသွားခဲ့ပါသည်။

“မြို့ကိုရောက်ရင် ငါနင့်ဆီ လာခဲ့မယ်!”

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းအန်းတို့ မြို့ပေါ်သို့ ပြန်သွားခဲ့ကြသည်။

ယဲ့ရှောင်ရှောင်အား မြောင်ဖုန့်ရှန်း၏ အိမ်တွင် ထားခဲ့ပြီးနောက် ယဲ့ချန်းအန်းမှာ လုပ်စရာရှိသည့်ကိစ္စများလုပ်ဖို့ အပြင် ထွက်သွားခဲ့ပါသည်။ အသေးစိတ်ကိုတော့ ယဲ့ရှောင်ရှောင်အား ပြောမပြခဲ့ပေ။

ယဲ့ချန်းအန်း ပြန်လာသောအခါ ကားတစ်စီးဖြင့် ရိက္ခာအိတ်ပေါင်း ဆယ်ဂဏန်းကျော်ကို သယ်ဆောင်လာလေသည်။

“ဒုတိယအစ်ကို ဒီလောက် ရိက္ခာအိတ်တွေအများကြီး ဘယ်ကရလာတာလဲ”

ယဲ့ချန်းအန်း: “ပိုက်ဆံနဲ့ ဝယ်လာတာပေါ့ အရူးမလေးရဲ့”

ယဲ့ရှောင်ရှောင်: “အခုချိန်မှာ ရိက္ခာဆိုတာ အရမ်းရှားပါးနေတာလေ၊ ဒီလောက်အများကြီး ဝယ်ဖို့ ကူပွန်တွေ ဘယ်လောက်တောင် သုံးလိုက်ရလဲ”

ယဲ့ချန်းအန်းက သူ့မနားကပ်ကာ တိုးတိုးလေး ပြောပြလိုက်သည်။

“သူငယ်ချင်းတစ်ယောက်ဆီက ဝယ်လာတာ၊ ဘာကူပွန်မှ မလိုဘူး”

ရိက္ခာအိတ်များကို အိမ်ထဲသို့ သယ်ပြီးနောက် ယဲ့ရှောင်ရှောင် ရေတွက်ကြည့်လိုက်ရာ ဂျုံအိတ် ၇ အိတ်နှင့် ဆန်အိတ် ၁၀ အိတ်ပါဝင်ပါသည်။

“ဒုတိယအစ်ကို ငွေချေပြီးသွားပြီလား၊ ငွေလိုသေးရင် သမီးဆီမှာရှိတယ်”

ယဲ့ချန်းအန်းက ညီမဖြစ်သူ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။

“ချေပြီးသွားပါပြီ၊ ဘာမှ ပူမနေနဲ့”

ယဲ့ရှောင်ရှောင်ကတော့ မယုံကြည်နိုင်ပေ။

ယဲ့ချန်းအန်းမှာ အိမ်သို့ လစဉ် ငွေပို့ပေးနေသူဖြစ်ရာ သူ့ထံတွင် စုငွေအမြောက်အများရှိနေနိုင်မည် မဟုတ်ပေ။ ဤပစ္စည်းများကို ဝယ်ယူရနင် အနည်းဆုံး ယွမ်ရာဂဏန်းမျှ ကုန်ကျနိုင်ပါသည်။

“ဒုတိယအစ်ကို… ဧကန္တ သူဌေးမတစ်ယောက်ယောက်နဲ့ ငြိနေတာတော့ မဟုတ်လောက်ပါဘူးနော်”

ယဲ့ချန်းအန်း ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

“အတွေးလွန်မနေစမ်းပါနဲ့၊ စစ်တပ်လစာက မများဘူးဆိုပေမယ့် တာဝန်တွေထမ်းဆောင်ပြီးရင် ဘောနပ်စ် ရပါတယ်”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“ဒီလောက်အများကြီး ဝယ်ထားဖို့ လိုလို့လား”

သူမ မှတ်မိသလောက်ဆိုလျှင် ဆန်နှင့်ဂျုံမှုန့်များကို ကြာရှည်အောင် ပစ်ထားပါက ပိုးကောင်များ ကပ်လာတတ်ပါသည်။

ယဲ့ချန်းအန်း: “ဒီနှစ် မိုးအရမ်းသည်းလို့ တချို့နေရာတွေမှာ စိုက်ခင်းတွေအကုန် ပျက်စီးကုန်တယ်၊ ဆောင်းဦးနဲ့ ဆောင်းရာသီရောက်ရင် ဆန်ဈေးက သေချာပေါက် တက်လာဦးမှာ၊ အဲ့တာကြောင့် အခုကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပါပဲ”

ပစ္စည်းများကို ချပြီးနောက် ကားက ပြန်လည်ထွက်ခွာရန် ပြင်ဆင်သည်။ ယဲ့ချန်းအန်းက ကားဆရာကို စီးကရက်နှစ်ဘူး လက်ဆောင်ပေးလိုက်ပါသည်။

သူငယ်ချင်းဖြစ်သူက စီစဉ်ပေးထားခြင်းဖြစ်သော်လည်း လိုက်ပို့ပေးသည့်အတွက် ကျေးဇူးတော့ တုံ့ပြန်ရပါမည်။

တစ်အိမ်လုံး ရိက္ခာအိတ်များဖြင့် ပြည့်နှက်သွားသည်ကိုကြည့်ရင်း မြောင်ဖုန့်ရှန်း အလွန်ဝမ်းသာသွားခဲ့သည်။

သို့သော် ယဲ့ရှောင်ရှောင်ကမူ ဒုတိယအစ်ကို ပြောသည့် တာဝန်ဘောနပ်စ်များအကြောင်းကို စဉ်းစားနေဆဲပင်။

“ဒုတိယအစ်ကို အရမ်းအန္တရာယ်များတဲ့ တာဝန်တွေ ထမ်းဆောင်နေရတာတော့ မဟုတ်ပါဘူးနော်”

သူမ၏ ဒုတိယအစ်ကိုမှာ တိုက်လေယာဉ်မောင်းသူတစ်ဦးဖြစ်သည်။

ယဲ့ချန်းအန်း ရယ်မောလိုက်ပါသည်။

“အန္တရာယ်မများပါဘူး၊ ဒါပေမယ့် တချို့တာဝန်တွေကတော့ အပြင်ကို ပေါက်ကြားလို့ လုံးဝ မဖြစ်ဘဲ လျှို့ဝှက်ထားရတာပေါ့”

ယဲ့ရှောင်ရှောင်မှာ အစ်ကိုဖြစ်သူကို မည်သို့ အကြံပြုရမှန်း မသိတော့ပေ။

သူမ အစ်ကို လုပ်သမျှအရာတိုင်းတာ နိုင်ငံတော်အတွက် အမိန့်ကို နာခံနေခြင်းသာ ဖြစ်သည်။ တာဝန်ထမ်းဆောင်နေသည့် အစ်ကိုဖြစ်သူကို သူမ တားမရပေ။ ထို့ကြောင့် ဘေးကင်းလုံခြုံအောင် နေဖို့သာ သတိပေးနိုင်ပါသည်။

ယဲ့ချန်းအန်း ဝယ်လာသည့် ရိက္ခာများအားလုံးကို ပိုင်ချွမ်ရွာသို့ တစ်ပြိုင်တည်း ပို့ဆောင်၍ မရပါ။ ထိုသို့ ပြုလုပ်လိုက်လျှင် လူအများ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။

ရွာသားများက လူဆိုးများ မဟုတ်ကြသော်လည်း လူ့သဘာဝအရ မနာလိုစိတ်နှင့် လောဘစိတ်များကို တားဆီးရန် ခက်ခဲလှပေသည်။

သူတစ်ပါးတွင် စားစရာမရှိချိန် မိမိ၌ ရိက္ခာအပုံလိုက်ရှိနေသည်ကို သိသွားလျှင် ဘာဆက်ဖြစ်လာမည်ကို ခန့်မှန်းရ လွယ်ပါသည်။

မနာလိုဝန်တိုမှုကြောင့် ဒုက္ခရောက်နိုင်သဖြင့် တိတ်တဆိတ် လှုပ်ရှားခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မည်။

ယဲ့ချန်းအန်းသည် မြောင်ဖုန့်ရှန်းနှင့် တီးတိုးတိုင်ပင်ခဲ့သည်။

ယခုတစ်ခေါက် ရွာသို့ အပြန်တွင် ဆန်တစ်အိတ်သာ ယူဆောင်သွားမည်ဖြစ်ပြီး နောက်ပိုင်းမှ ယဲ့ချန်းချင့်နှင့် ယဲ့ကျန်းကော်တို့အား နည်းနည်းချင်းစီ လာသယ်ခိုင်းလိုက်မည်။ ထိုသို့ သယ်ယူရာတွင်လည်း ရိက္ခာများဖြစ်ကြောင်း လူအများ မရိပ်မိစေရန် အခြားပစ္စည်းများဖြင့် ဖုံးအုပ်သယ်ယူကြရပါမည်။

ယဲ့ရှောင်ရှောင် သက်ပြင်းချမိသည်။

မိမိငွေနှင့် မိမိဝယ်ယူသည့်အရာကိုပင် သူများမသိအောင် တိတ်တဆိတ် သယ်ဆောင်နေရခြင်းမှာ နားလည်ရ ခက်လှပေသည်။

ယဲ့ချန်းအန်းသည် မြောင်ဖုန့်ရှန်း၏ အိမ်တွင်တစ်ညသာ တည်းခိုခဲ့ပြီး ပိုင်ချွမ်ရွာသို့ ပြန်သွားခဲ့ပါသည်။

ခွင့်ယူထားသည့် ရက်များက မကျန်တော့ဘဲ ၂ ရက် ၃ ရက်အတွင်း ပြန်ရတော့မည်ဖြစ်၍ ကျန်ရှိချိန်များကို မိသားစုနှင့်သာ အတူ ဖြတ်သန်းလိုပါသည်။

ယဲ့ရှောင်ရှောင်ကမူ ဆေးဆိုင်တွင် ပညာဆက်လက်သင်ယူခဲ့သည်။

စုန့်ကွမ်းကျင့်အား သူမ မေးမြန်းခဲ့သည်။

“ဆရာကြီး ရိက္ခာတွေ ဝယ်ထားချင်လား၊ ရာသီဥတုပြင်းထန်တော့ တချို့နေရာတွေမှာ စိုက်ခင်းတွေ ပျက်စီးကုန်လို့ နောက်ပိုင်း ရိက္ခာတွေဝယ်ရတာ ပိုခက်လာနိုင်တယ်”

အထူးသဖြင့် နဂိုကတည်းက ရိက္ခာထုတ်လုပ်မှု နည်းပါးသည့် ပိုင်ချွမ်ကောင်တီကဲ့သို့ နေရာမျိုးတွင် အခြေအနေ ပိုဆိုးရွားပါလိမ့်မည်။

စုန့်ကွမ်းကျင့်ကမူ သိပ်ပြီး စိုးရိမ်ပုံမရပေ။။

“လူတစ်ယောက်တည်းက ဘယ်လောက်စားနိုင်မှာမို့လို့လဲ၊ အဲ့လောက်ကြီး သိုလှောင်ထားစရာ မလိုပါဘူး၊ နင်တို့အိမ်က ရိက္ခာဝယ်ချင်လို့ဆိုရင်တော့ ဆရာငွေနည်းနည်း ထုတ်ပေးမယ်လေ”

ယဲ့ရှောင်ရှောင်‌ ခေါင်းခါလိုက်သည်။

“ဒုတိယအစ်ကို ဝယ်ပြီးသွားပါပြီ ဆရာကြီး”

စုန့်ကွမ်းကျင့်: “အေးပါ… ငါတို့လည်း ကျောင်းဝင်ခွင့်စာရတာနဲ့ မြို့တော်ကို သွားကြမယ်၊ ဒီဆေးဆိုင်ကိုလည်း ပိတ်ထားခဲ့လိုက်တော့မယ်”

All Chapters