← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

📗 Chapter 73

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ မထွက်ရှိမီမှာပင် တုံကောမိုင်းတွင်း ပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြပါသည်။

အစိုးရနှင့် ပြည်သူလူထု၏ ဖိအားပေးမှုများကြောင့် မိုင်းတွင်းအာဏာပိုင်များသည် နစ်နာသူ မိသားစုများအတွက် လျော်ကြေးငွေများ အတိုင်းအတာတစ်ခုအထိ ပေးအပ်ခဲ့ကြပါသည်။

ထိုငွေများကို အခင်းဖြစ်ပွားရာ နေရာ၌ပင် စိစစ်မှုများ ပြုလုပ်ပြီးနောက် မိသားစုဝင်များ၏ လက်ထဲသို့ တိုက်ရိုက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကျန်းယွီရှန့်နှင့် အခြားသော သေဆုံးသူများ၏ ရုပ်အလောင်းများသည် မိုင်းတွင်းအောက်ခြေတွင် နက်ရှိုင်းစွာ မြှုပ်နှံခံခဲ့ရသဖြင့် ပြန်လည်တူးဖော်ထုတ်ယူဖို့ မဖြစ်နိုင်တော့ချေ။

ယဲ့‌ရှောင်ရှောင်သည် ထိုအရေး၏ အဆုံးသတ်အား ယဲ့ချန်းအန်းထံမှ ပြန်လည်ကြားသိခဲ့ရပါသည်။

ထိုစဉ်က ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းချင့်တို့လည်း ရှိနေကြပြီး ရထားစီး၍ ပြန်တော့မည့် ယဲ့ချန်းအန်းကို ဘူတာရုံအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။

ယဲ့ချန်းချင့်၏ စိတ်အခြေအနေမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

မတော်တဆမှုမှာ ကြေကွဲစရာ ကောင်းသော်လည်းလျော် ကြေးငွေ ရရှိလိုက်ခြင်းမှာ အားလုံးအတွက် အကောင်းဆုံး ရလဒ်ဟုပင် ဆိုရပေမည်။

ယဲ့ရှောင်ရှောင်လည်း သူတို့နှင့်အတူ ဘူတာရုံသို့ လိုက်ပါလာခဲ့သည်။

ယဲ့ချန်းအန်း ထွက်ခွာသွားပြီးနောက် ယဲ့ချန်းချင့်နှင့် ယဲ့ချန်းရှန့်တို့သည် ရိက္ခာနှစ်အိတ်ကို လက်တွန်းလှည်းပေါ်တင်၍ ရွာသို့ သယ်ဆောင်လာခဲ့ကြပါသည်။

လှည်းကို ကောက်ရိုးများဖြင့် ဖုံးအုပ်ထားသဖြင့် အထဲတွင် မည်သည့်ပစ္စည်းများ ပါဝင်သည်ကိုမမြင်နိုင်ပေ။

တစ်စုံတစ်ယောက်က လာမေးလျှင်လည်း တိရိစ္ဆာန်အစာဟုသာ ပြန်ဖြေလိုက်ပါမည်။

ညီအစ်ကိုနှစ်ယောက် ပြန်သွားသောအခါ အဘိုးမြောင်၏ အိမ်မှာ ပြန်လည် တိတ်ဆိတ်သွားခဲ့ရသည်။

လကုန်ခါနီး အောင်စာရင်းထွက်မည့် အချိန်ကျမှသာ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့ ညီအစ်ကိုနှစ်ယောက် အောင်စာရင်းအတူတူ သွားကြည့်ဖို့ ယဲ့ရှောင်ရှောင်ထံ ရောက်လာကြပါသည်။

သူတို့နှင့်အတူ ကျန်းအာ့နီလည်း ပါလာသည်။ ကျန်းအာ့နီမှာ အမှန်တကယ် ဝိတ်ကျသွားပြီး ယခင်ကထက် သိသိသာသာ ပိန်သွားခဲ့ပါပြီ။

အရေးအကြီးဆုံးမှာ ယခင်ကထက် ပိုမိုတက်ကြွလာပြီး မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုပိုရှိလာသည့် ပုံစံ ပေါက်နေခြင်းပင်။

လီသဲ့ရှု အမြဲနှိမ်သကဲ့သို့ ဘာမှအသုံးမကျသည့်မိန်းကလေး တစ်ယောက်နှင့် လုံးဝမတူတော့ပေ။

“ရှောင်ရှောင် ငါ့ကို ကြည့်စမ်း၊ ငါတကယ် ဝိတ်ကျသွားတယ်မလား၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ငါ သတိထားမိတာ၊ ငါ့ဘောင်းဘီတွေ ချောင်လာလို့လေ”

ယဲ့ရှောင်ရှောင် မေးပွတ်လျက် သေချာအကဲခတ်ကာ ခေါင်းညိတ်လိုက်သည်။

“မဆိုးပါဘူး၊ ဒါပေမယ့် ရက် ၂၀ ပဲ ရှိသေးတယ်၊ နောက် ထပ် ၃ လ လောက် ဆက်ကြိုးစားလိုက်ရင် ဒီ့ထက် ပိုပိန်သွားမှာ သေချာတယ်၊ ဒါပေမယ့် အစားကို အရမ်းကြီးလျှော့မစားနဲ့၊ နင့်အရပ်နဲ့ ကိုက်ညီတဲ့ အလေးချိန်ကိုရောက်ရင် လုံလောက်ပြီ၊ အရမ်းကြီး ပိန်တာကလည်း ဆွဲဆောင်မှုမရှိဘူး”

ကျန်းအာ့နီ: “ဟဲဟဲ… ငါနင့်ထက်တောင် ပိုလှနေပြီထင်တယ်”

ယဲ့ရှောင်ရှောင်: “အဲ့တာကတော့ ယုံကြည်မှုလွန်ကဲပြီး စိတ်ထင်နေတာပါ”

ယဲ့ရှောင်ရှောင်သည် သူမ၏ အလှတရားအပေါ် ယုံကြည်မှုအပြည့် ရှိပါသည်။

‘ငါ့ထက် ပိုလှမယ်တဲ့လား၊ မဖြစ်နိုင်လိုက်တာ!’

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား ပညာရေးဦးစီးဌာနသို့ ပို့ဆောင်ကာ ထိုမှတဆင့် သက်ဆိုင်ရာ အထက်တန်းကျောင်းများသို့ ပြန်လည် ပို့ဆောင်ပေးပါသည်။

ယဲ့ရှောင်ရှောင်တို့ အဖွဲ့သည့် အောင်စာရင်းသွားကြည့်သည့် ပထမဆုံးအဖွဲ့တော့ မဟုတ်ကြပေ။

သူမတို့ ရောက်ရှိသွားချိန်တွင် ဂုဏ်ထူးဆောင် အောင်စာရင်းများကိုပင် ကပ်ထားပြီးပါပြီ။

ယခုနှစ်တွင် ပိုင်ချွမ် အမှတ်(၁) အထက်တန်းကျောင်းမှ ကျောင်းသားများ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြသည်။

ဟေးယွင်ပြည်နယ် စာမေးပွဲမေးခွန်းများအရ ဘာသာစုံ စုစုပေါင်း ရမှတ်မှာ ၉၀၀ ဖြစ်ပြီး သင်္ချာနှင့် တရုတ်ဘာသာတို့မှာ ၁၅၀ စီဖြစ်ကာ ကျန်ဘာသာရပ်များမှာ ၁၀၀ စီ ဖြစ်သည်။

ယခုနှစ်တွင် ကျောင်းသား ၁၃ ဦးသည် ရမှတ် ၆၀၀ နှင့်အထက် ရရှိခဲ့ကြပါသည်။

၎င်းတို့အနက် ယဲ့ရှောင်ရှောင်သည် ရမှတ် ၈၇၅ မှတ်ဖြင့် ရလဒ်အကောင်းဆုံးဖြစ်ခဲ့ပြီး ပြည်နယ်တစ်ခုလုံးတွင် ပထမအဆင့်ကို ရရှိခဲ့သည်။

ဤခေတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တူညီသည့် မေးခွန်းပုံစံမရှိသေးဘဲ ပြည်နယ်အလိုက် မေးခွန်းထုတ်ခြင်း ဖြစ်ကာ ယဲ့ရှောင်ရှောင်သည် ဟေးယွင်ပြည်နယ်၏အမှတ်အမြင့်ဆုံးဖြစ်သော်ငြား တစ်နိုင်ငံလုံး ပထမတော့ မဟုတ်ခဲ့ပေ။

သို့သော် ပြည်နယ်အတွင်း ပထမအဆင့်ကို ရရှိသည်ကပင် မဟာအောင်မြင်မှုကြီးတစ်ခု ဖြစ်နေပါပြီ။

အမှတ်အမြင့်ဆုံး ကျောင်းသားများကိုသာ ခေါ်ယူတတ်သည့် ကျင့်ဟွာတက္ကသိုလ်ကလည်း ယဲ့ရှောင်ရှောင်ကို ဝင်ခွင့်ပြုမှာ မလွဲဧကန်ပင်။

ကျောင်းအုပ်ကြီး လီသဲ့ရွှေ့သည် ယခင်က ယဲ့ရှောင်ရှောင်၏ ရည်မှန်းချက်များ မြင့်မားလွန်းနေသည်ဟု စိတ်ပူခဲ့မိသော် လည်း ယခုတွင်မူ သူအစိုးရိမ်လွန်ခဲ့ခြင်းသာ ဖြစ်ကြောင်း နားလည်ခဲ့ရသည်။

ယဲ့ရှောင်ရှောင်၏အမှတ်များက ကောင်းရုံတင်မကဘဲ ပြည်နယ်အတွင်း အခြားသူများထက် အပြတ်အသတ် သာလွန်နေခြင်းပင်။

ယဲ့ချန်းရှန့်ကမူ စုစုပေါင်းအမှတ် ၆၉၆ မှတ်ဖြင့် ပြည်နယ်တစ်ခုလုံးတွင် အဆင့် ၁၃၇ ချိတ်ခဲ့သည်။

ထိုအမှတ်ဖြင့် ထိပ်သီးတက္ကသိုလ်များကို ဝင်ရောက်နိုင်သဖြင့် ကျောင်းအုပ်ကြီး အလွန်ဝမ်းသာခဲ့ရပါသည်။

ပိုင်ချွမ်ကောင်တီသည် ပညာရေးအရင်းအမြစ် နိမ့်ပါးသော ဒေသဖြစ်ရာ ယခုကဲ့သို့ ထိပ်တန်းကျောင်းသား အမြောက်အများ ပေါ်ထွက်လာခြင်းမှာ အလွန်ဂုဏ်ယူစရာ ကောင်းလှပါသည်။

ဆရာမ ချမ့်ဖန်ဖန်သာ ပြဿနာတက်ပြီး ကျောင်းထွက်မသွားရလျှင် ယခုနှစ်အတွက် ဘောနပ်စ်များစွာရရှိပေလိမ့်မည်။

ကျောင်းအုပ်ကြီးပင်လျှင် နောက်နှစ်တွင် ယခုကဲ့သို့ ရလဒ်ကောင်းမည်ဟု အာမ မခံနိုင်ပေ။ ယခုချိန်တွင် ဆရာမ ချမ့်ဖန်ဖန်တစ်ယောက် အိမ်တွင်နေရင်း အကြီးအကျယ်နောင် တရနေမှာ သေချာပါသည်။

ယဲ့ချန်းယွမ်လည်း ၄၅၆ မှတ်ဖြင့် အမှတ်ကောင်းခဲ့သည်။

သိပ်မများသလို ထင်ရသော်လည်း ကျန်းအာ့နီ၏အမှတ် ၂၀၀ နှင့် နှိုင်းယှဉ်လိုက်လျှင်တော့ သူ စာကြိုးစားခဲ့မှန်း သိသာပါသည်။

ထိုအမှတ်နှင့်ဆိုလျှင် ထိပ်တန်းတက္ကသိုလ်များကို ဝင်ခွင့်ရဖို့ ခက်ခဲနိုင်သော်လည်း ကောလိပ်တစ်ခုခု တက်ရောက်ရန်မှာမူ ပြဿနာမရှိနိုင်ပေ။

သို့သော် ယဲ့ချန်းယွမ်တွင် ကိုယ်ပိုင် အစီအစဉ်ရှိပြီးသားဖြစ်ကာ စစ်တပ်ထဲဝင်ဖို့သာ ပိုမိုစိတ်အားထက်သန်နေပါသည်။

ယဲ့ရှောင်ရှောင်၏ထိုင်ခုံဖော် ဝမ်ယင်သည်လည်း ဒုတိယစာသင်နှစ်ဝက်တွင် အတော်လေး တိုးတက်လာခဲ့ပြီး ၄၃၂ မှတ်ရရှိခဲ့သည်။

သူမသည် ယခင်က ကျန်းအာ့နီနှင့် အဆင့်တူသည့် အတန်း(၉)မှ ကျောင်းသူတစ်ယောက်ဖြစ်ကြောင်း မမေ့သင့်ပေ။ ယခုတွင်မူ ယဲ့ချန်းယွမ်နှင့် အမှတ်မတိမ်းမယိမ်း ရရှိခဲ့ပါသည်။

“ဂုဏ်ယူပါတယ် ရှောင်ရှောင်”

ဝမ်ယင် စကားမထစ်စေအောင် ဖြည်းညှင်းစွာ ပြောလိုက်သည်။

ဝမ်ယင်၏အမှတ်နှင့် ထိပ်တန်းတက္ကသိုလ်ဝင်ခွင့်ရမှာမဟုတ်သော်လည်း သူမ အလွန်ပျော်ရွှင်နေပါသည်။

သူမ၏ ကြိုးစားအားထုတ်မှုနှင့် ထပ်တူညီသော ရလဒ်ကောင်းကို ရခဲ့သည်။ သူမသည် လူအမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့လေပြီ။

ယခင်က အတန်းထဲတွင် အနိုင်ကျင့်ခံခဲ့ရသဖြင့် လူကြောက်ကာ စာပေါ် အာရုံမစိုက်နိုင်ခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင်ကလည်း ဝမ်ယင်၏ လက်ကို ဆုပ်ကိုင်လျက် ပြန်ဂုဏ်ပြုလိုက်သည်။

“ငါလည်း နင့်အတွက် ဂုဏ်ယူပါတယ်၊ တစ်နှစ်တည်းနဲ့ နင်အများကြီး တိုးတက်လာတာ၊ နောက်တစ်နှစ် ပြန်တက်ဖို့ စဉ်းစားထားသေးလား”

ဝမ်ယင် ခေါင်းခါပြလိုက်သည်။

“ငါ့အမေကတော့ ကောလိပ်တက်ရလည်း အဆင်ပြေပါတယ်တဲ့၊ ငါ့ကို စာရင်းကိုင်ဘာသာရပ်နဲ့ ကျောင်းတက်စေချင်နေတာ၊ နောက်ကျရင် စာရင်းကိုင်လက်မှတ်ရအောင်လေ”

ဝမ်ယင်သည် ပြည့်စုံသည့် မိသားစုမှလာသူဖြစ်၍ သူမ၏ မိဘများက သူမအတွက် အလုပ်အကိုင်ကောင်းကောင်း စီစဉ်ပေးနိုင်စွမ်း ရှိပါသည်။ ထို့ကြောင့် သူမအတွက် အခွင့်အလမ်းက မရှားလှပေ။

“နင့် အမေတွေးထားတာ မှန်ပါတယ်”

ဤခေတ်တွင် အထက်တန်းကျောင်းအတော်များများ၌ ကောလိပ်ဌာနများ ရှိကြပြီး ဘွဲ့ကြိုကျောင်းသား ဦးရေမှာလည်း အလွန်မများသေးပေ။

ထို့ကြောင့် ကောလိပ်ဝင်ခွင့်ရခြင်းမှာပင် ကျောင်းသားအတော်များများအတွက် အိပ်မက်တစ်ခုသဖွယ် ဖြစ်ခဲ့ရပါသည်။

--- --- ---

“ကျောင်းသူ ယဲ့ရှောင်ရှောင်၊ ဒီဘက်လာပါဦး! ဓာတ်ပုံရိုက်ကြမယ်”

အတန်းဖော်များ စကားများများစားစား မပြောရသေးခင်မှာပင် ယဲ့ရှောင်ရှောင်ထံသို့ ကျောင်းအုပ်ကြီး ယွီသဲ့ရွှေ့ ရောက်လာပါသည်။

ယဲ့ရှောင်ရှောင်လည်း ဓာတ်ပုံရိုက်ဖို့ အတူလိုက်သွားခဲ့သည်။

အတန်းဖော်များနှင့် ဓာတ်ပုံ၊ ဆရာဆရာမများနှင့် ဓာတ်ပုံ၊ ကျောင်းအုပ်ကြီးနှင့် ဓာတ်ပုံ၊ ပညာရေးဌာန ခေါင်းဆောင်ကြီးများနှင့် ဓာတ်ပုံ…

“တော်ပြီလား ဆရာကြီး”

ယဲ့ရှောင်ရှောင်မှာ ဓာတ်ပုံရိုက်ကူးရေး ပစ္စည်းတစ်ခုပမာ မလှုပ်မယှက် မတ်တပ်ရပ်နေရပါသည်။

“တော်ပြီ တော်ပြီ၊ ဒီဓာတ်ပုံတွေကို မြန်မြန်ဆေးပြီး ငါတို့ကျောင်းဝင်ပေါက်မှာ ကပ်ထားရမယ်!”

ပြည်နယ်တစ်ခုလုံး၏ ထိပ်သီးကျောင်းသူတစ်ယောက် ထွက်ပေါ်လာခြင်းကြောင့် ယခင်က ကျောင်းတွင် ထွက်ခဲ့သမျှ သတင်းဆိုးများကို ဆေးကြောပစ်နိုင်ပါလိမ့်မည်။

ယွီသဲ့ရွှေ့မှာ ပျော်လွန်းသဖြင့် ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးရွှင်နေပါသည်။

ယွဲ့ရှောင်ရှောင်: “ပြည်နယ်ထိပ်သီးကျောင်းသူအတွက် ကျောင်းကနေ ဆုကြေးတွေဘာတွေ မပေးဘူးလား”

ကျောင်းအုပ်ကြီး၏အပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

“ယဲ့ရှောင်ရှောင်၊ တစ်ယောက်နဲ့တစ်ယောက်အကြားမှာ မှန်ကန်တဲ့ ယုံကြည်မှုနဲ့ တန်ဖိုးထားမှုတွေကိုလည်း တည် ဆောက်ရမယ်လေ၊ အမြဲတမ်း ပိုက်ဆံ၊ ပိုက်ဆံဆိုတာကြီးပဲ မတွေးပါနဲ့ဦး…”

ယဲ့ရှောင်ရှောင် ကျောင်းအုပ်ကြီးကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေသည်။

ယွီသဲ့ရွှေ့: “အဲ… အေးပါ၊ ခေါင်းဆောင်ပိုင်းတွေကို ငါ တင်ပြလိုက်ပါ့မယ်”

ယဲ့ရှောင်ရှောင်: “ကျေးဇူးတင်ပါတယ် ဆရာကြီး”

ထို့နောက် ယွီသဲ့ရွှေ့သည် ပညာရေးဦးစီးဌာနမှ လူကြီးများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ထိုလူကြီးများသည်လည်း ဆုကြေးငွေအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ပေးသင့်ပါသည်။

ဤဖြစ်ရပ်မှာ ပြည်နယ်တစ်ခုလုံးအတွက် ဂုဏ်ယူစရာပင် မဟုတ်ပါလား။

အောင်စာရင်းများကို ကြည့်ရှုပြီးနောက် ရင်းနှီးသည့် အတန်းဖော်အချို့မှာ နေ့လယ်စာအတူတူ သွားစားဖို့ တိုင်ပင်ကြပါသည်။

ယခုတစ်ခေါက် လမ်းခွဲပြီးလျှင် နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ကြဖို့ အခွင့်အရေး ရှိချင်မှရှိပါတော့မည်။

လီပေါ်ဝမ်သည် အထူးအခွင့်အရေးဖြင့် တက္ကသိုလ်ဝင်ခွင့်ရရှိထားသူဖြစ်သော်လည်း ယဲ့ချန်းရှန့်နှင့်တွေ့ဖို့အတွက် ကျောင်းသို့ ရောက်လာခဲ့ပါသည်။

ယဲ့ချန်းယွမ်နှင့် ကျန်းအာ့နီတို့ကို သူငယ်ချင်းဖြစ်သူများက ဆွဲခေါ်သွားကြသည်။ သူတို့လည်း အိမ်မပြန်ခင် အနည်းငယ် ပျော်ပါးကြဦးမည့်ပုံပင်။

“တစ်ခုခု သွားစားကြရအောင်”

လီပေါ်ဝမ်သည် ယဲ့ချန်းရှန့်နှင့် ဝမ်ယင်တို့ကို ခေါ်လိုက်သည်။ ဝမ်ယင်က ယဲ့ရှောင်ရှောင်ကို ခေါ်လာခဲ့ပါသည်။

ယဲ့ရှောင်ရှောင်ကလည်း မငြင်းဆန်ခဲ့ပေ။

ယနေ့သည် အပြင်ထွက်၍ပျော်ပါးရန် သင့်တော်သော နေ့လေးတစ်နေ့ပင် ဖြစ်ပါသည်။ သူမတို့ ငှားထားသည့် အငှားတိုက်ခန်းကိုလည်း ပြန်မအပ်ရသေးသဖြင့် ညမိုးချုပ်သွားလျှင် ထိုတိုက်ခန်း၌ သွားအိပ်နိုင်သည်။

ယဲ့ချန်းယွမ်ကို နှုတ်ဆက်ပြီးနောက် ယဲ့ရှောင်ရှောင်တို့ သူငယ်ချင်းများ ကျောင်းဝင်းထဲမှ ထွက်လာခဲ့ကြသည်။

လီပေါ်ဝမ်နှင့် ဝမ်ယင်တို့နှစ်ယောက် စက်ဘီးများကိုယ်စီ ထုတ်လိုက်ကြသည်။

“ဆိုင်ကောင်းကောင်းမှာ သွားစားကြတာပေါ့”

လီပေါ်ဝမ်က စက်ဘီးပေါ်တွင် ယဲ့ချန်းရှန့်ကို တင်ခေါ်ကာ ရှေ့မှ ဦးဆောင်ထွက်သွားသည်။

ဝမ်ယင်မှာမူ ယဲ့ရှောင်ရှောင်ကို တင်ခေါ်လာခဲ့ပါသည်။ ဝမ်ယင်မှာ ပိန်ပိန်ပါးပါးလေး ဖြစ်သော်လည်း အားအတော်ရှိပြီး စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် နင်းနိုင်လေသည်။

ယဲ့ရှောင်ရှောင်သည် စက်ဘီးနောက်ခုံတွင် ထိုင်ရင်း ဘေးပတ်ဝန်းကျင်၌ တရိတ်ရိတ် ကျန်ရစ်ခဲ့သော အဆောက်အဦးများကို ငေးကြည့်နေမိသည်။

တိုက်ခတ်လာသော လေပြည်လေညင်းလေးကပင် သူမအတွက် လွတ်လပ်မှုအရသာကဲ့သို့ ထူးခြားဆန်းသစ်နေတော့သည်။

📗 Chapter 74

လီပေါ်ဝမ်သည် သူတို့ အားလုံးကို ယခင်က တစ်ခါမှ မရောက်ဖူးသည့် စားသောက်ဆိုင်လေးတစ်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။

ဆိုင်ထဲဝင်လိုက်သည်နှင့် ကျဉ်းမြောင်းသော လှေကားထစ်လေးတစ်ခုကို တွေ့လိုက်ရပြီး စားသောက်ခန်းမမှာ ဒုတိယထပ်တွင် တည်ရှိပုံရသည်။

ကျောင်းနှင့် အတော်လေး ဝေးသည့်အပြင် ထမင်းစားချိန်လည်း မရောက်သေးသဖြင့် ဆိုင်ထဲတွင် လူရှင်းနေသည်။

ယဲ့ရှောင်ရှောင်တို့အဖွဲ့ စားပွဲတစ်ဝိုင်းတွင် နေရာယူပြီးနောက် ဟင်းပွဲအချို့မှာယူကာ စကားပြောခဲ့ကြသည်။

လီပေါ်ဝမ်က ယဲ့ချန်းရှန့်ကို လှမ်းမေးလိုက်သည်။

“မင်းဘယ်တက္ကသိုလ်တက်ဖို့ စဉ်းစားထားလဲ၊ ဝင်ခွင့်ရမယ်လို့ကော ထင်လား”

ယဲ့ချန်းရှန့်က ပြန်ဖြေသည်။

“အရင်က ငါ့အမှတ် ဒီလောက်ကောင်းလိမ့်မယ်လို့ ထင်မထားဘူးလေ၊ လောလောဆယ်တော့ ဟာပင်းမှာ ရှိတဲ့ အမျိုးသားကာကွယ်ရေး တက္ကသိုလ်ကို ပထမဦးစားပေးအနေနဲ့ မှန်းထားတယ်၊ ကျန်တဲ့ တက္ကသိုလ်နှစ်ခုက အိမ်နဲ့ ဝေးတယ်၊ ဒါပေမယ့် ဝင်ခွင့်အမှတ်က သိပ်မမြင့်ဘူး”

လီပေါ်ဝမ် ပြုံးလိုက်သည်။

“မင်းအမှတ်က နည်းနည်းတော့ ကတ်သီးကပ်သတ်နိုင်တယ်နော်၊ မနှစ်က ငါတို့ပြည်နယ်အတွက် အဲ့ဒီတက္ကသိုလ်ဝင်ခွင့် အမှတ်က ၇၀၁ မှတ် ရှိခဲ့တာ၊ ဒါပေမယ့် ဒီနှစ် သင်္ချာမေးခွန်းက တော်တော်ခက်ပြီး ပျမ်းမျှရမှတ်ကလည်း အရင်နှစ်တွေထက် ပိုနိမ့်နေတော့ မင်းမှာ မျှော်လင့်ချက်ရှိပါသေးတယ်၊ ငါတက္ကသိုလ်ဝင် စာမေးပွဲ ဝင်မဖြေခဲ့လို့ တော်သေးတယ်၊ မဟုတ်ရင် ထိပ်တန်းတက္ကသိုလ်တစ်ခုခုကို ဝင်ခွင့်ရပါ့မလားတောင် မသိဘူး”

လီပေါ်ဝမ်သည် ပညာရေးနှင့် ပတ်သတ်၍ အတော်လေး ဗဟုသုတရှိပြီး အချက်အလက်များကိုလည်း အသေအချာ လေ့လာထားပုံရပါသည်။

ထို့နောက် ယဲ့ရှောင်ရှောင်ဘက်သို့ လှည့်ကာ သူမေးလိုက်သည်။

“နင်ကော ဘယ်လိုစီစဉ်ထားလဲ”

“ငါတော့ ကျင့်ဟွာတက္ကသိုလ်တစ်ခုတည်းကိုပဲ ဝင်ခွင့်လျှောက်ထားတယ်”

သူမ၏ ယုံကြည်ချက်ပြည့်ဝမှုကို လီပေါ်ဝမ် လေးစားမိပါသည်။ သူမ၏ စွမ်းဆောင်ရည်များကို ပို၍ပင် လေးစားမိသေးသည်။

“နင့်လို ကျောင်းသူမျိုးရထားတာ ငါတို့ကျောင်းအတွက်တော့ တကယ်ကံကောင်းတာပဲ”

ဝမ်ယင်၏ ပြောပြချက်အရ သူမ၏ ထိုင်ခုံဖော် ယဲ့ရှောင်ရှောင်သည် စာသင်ချိန်တိုင်းတွင် အခက်အခဲမရှိ အေးအေးဆေးဆေးပင် ဖြတ်သန်းခဲ့ကြောင်း လီပေါ်ဝမ် ကြားဖူးပါသည်။

ထို့အပြင် အတန်း(၉)သည် တစ်ကျောင်းလုံးတွင် အညံ့ဆုံးအတန်း ဖြစ်သော်လည်း သူမ၏ ရမှတ်များမှာ ကျမသွားသည့်အပြင် ဝမ်ယင်ကိုပါ ထူးချွန်လာအောင် ကူညီပေးနိုင်ခဲ့ပါသည်။

ပါရမီရှင်နှင့် ထိပ်တန်းကျောင်းသားဟူသည်မှာ မတူညီဘဲ ကွဲပြားခြားနားကြောင်း လီပေါ်ဝမ် နားလည်သွားခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်ကမူ ပြုံးသာ ပြုံးလိုက်သည်။ ဘဝသစ်တစ်ခုကို ပြန်လည်စတင်ခွင့်ရခဲ့သည့် သူမကသာ ကံကောင်းသူဖြစ်ကြောင်း မည်သူမှ သိကြမည် မဟုတ်ပေ။

ဟင်းလျာများကို ရောက်ရှိလာသောအခါ စားသောက်ရင်းနှင့် စကားဆက်ပြောခဲ့ကြသည်။

ခွဲခွာရမည့် အချိန်နီးကပ်လာသောအခါ လွမ်းဆွတ်တမ်းတဖွယ်ရာ အငွေ့အသက်အချို့ ဖုံးလွှမ်းလာခဲ့သည်။

နောက်ဆုံးတွင် ယဲ့ရှောင်ရှောင်ကို ဝမ်ယင် ပွေ့ဖက်လိုက်လေသည်။

“ပိုင်ချွမ်ကောင်တီမြို့ကို ပြန်လာဖြစ်ရင် ငါ့ဆီ လာလည်နော်”

ယဲ့ရှောင်ရှောင်ကလည်း သူမကို ပြန်ဖက်ကာ ကတိပြုလိုက်သည်။

“သေချာပေါက် လာခဲ့မှာပေါ့”

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့ အိမ်ပြန်ရောက်သည့်အခါ ယဲ့ချန်းယွမ်နှင့် ကျန်းအာ့နီတို့က တံခါးဝတွင် စောင့်မျှော်နေကြပါပြီ။

ကျန်းအာ့နီ: “နင်တို့ အမျိုးတွေအိမ်မှာနေပြီး ကျောင်းတက်နေတာလို့ ထင်ထားတာ၊ လက်စသတ်တော့ အပြင်မှာ အိမ်ငှားထားကြတာကိုး”

ယဲ့ရှောင်ရှောင်က တံခါးဖွင့်ပေးကာ ပြန်ပြောလိုက်သည်။

“စာချုပ်သက်တမ်းကုန်တော့မယ်လေ၊ မနက်ဖြန်ဆို ငါတို့ပြောင်းရတော့မယ်”

မနက်ဖြန် ပိုင်ချွမ်ရွာသို့ အတူတူပြန်ဖို့အတွက် ကျန်းအာ့နီက ယဲ့ရှောင်ရှောင်တို့နှင့် တစ်ညအတူအိပ်ခဲ့ပါသည်။

သူမ၏ ရမှတ်များက နည်းပါးလွန်းသဖြင့် နောက်ဆုံးတွင် လင်ယူသားမွေးသည့် ဘဝကိုသာ ရောက်သွားနိုင်သည်။ နဂိုကတည်းက မျှော်လင့်ချက်သိပ်မထားခဲ့သော်လည်း ယခုတွင်မူ စိတ်ဓာတ်လုံးလုံး ကျဆင်းနေတော့သည်။

အိပ်ရာဝင်ချိန်ရောက်သောအခါ ကျန်းအာ့နီသည် သူမ၏ အတွေးများကို ယဲ့ရှောင်ရှောင်အား ဖွင့်ဟတိုင်ပင်ခဲ့သည်။

ယဲ့ရှောင်ရှောင်က အကြံပြုခဲ့ပါသည်။

“အခွင့်အလမ်းတွေက အများကြီးပါ၊ ဒီတိုင်း အိမ်ထောင်ပြုရမယ့်အချိန်ကို ထိုင်စောင့်နေမယ့်အစား ပညာတစ်ခုခု သင်ယူထားလိုက်တာ အများကြီး ပိုကောင်းတယ်”

ကျန်းအာ့နီ: “ဒါပေမယ့် ငါ့မှာ ဘာပညာမှ မရှိဘူးလေ၊ စက်ရုံအလုပ်လုပ်ဖို့တောင် အရည်အချင်း မပြည့်မီဘူး”

ဤခေတ်အခါက စက်ရုံအလုပ်ဟူသည်မှာ အခြေခိုင်သော အလုပ်တစ်ခုဖြစ်ကာ မြို့ပြအိမ်ထောင်စုစာရင်းရှိရန် လိုအပ်ပါသည်။

ယဲ့ရှောင်ရှောင်: “ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်လောက် ဖွင့်ကြည့်ပါလား၊ ဒီခေတ်ကြီးထဲမှာ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့လူတွေ အများကြီးရှိနေပြီ၊ နင်ဆံပင်ညှပ်ပညာ သင်ကြည့်ပါလား”

ထိုလမ်းကြောင်းကို ကျန်းအာ့နီ တစ်ခါမှ မစဉ်းစားဖူးခဲ့ပေ။။

ယခုမှသာ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခု သင်ယူရန်လိုအပ်ကြောင်း တွေးမိလာခြင်းဖြစ်သည်။

သို့မဟုတ်ပါက သူမသည် လယ်ယာလုပ်ငန်းတွင်လည်း မကျွမ်းကျင်၊ ရုပ်ရည်ကလည်း အလှကြီးမဟုတ်သဖြင့် မည်သည့်နေရာတွင်မှ အသုံးမကျသည့် မိန်းကလေးဖြစ်သွားမည်ကို စိတ်ပူရပါသည်။

ကျန်းအာ့နီတစ်ယောက် တစ်ညလုံး ဟိုလှည့်ဒီလှည့်နှင့် အိပ်မပျော်ခဲ့ဘဲ မည်သည့်ဆုံးဖြတ်ချက်ကို ချလိုက်မှန်း မသေချာသော်လည်း မနက်မိုးလင်းသောအခါ မျက်ကွင်းများ ညိုလျက် နိုးလာပါသည်။

ယဲ့ရှောင်ရှောင်မှာမူ ဘေးအိမ်က ဒေါ်လေးစွန်းနှင့် စကားပြောနေသည်။

ကလေးများမှာ နွေရာသီ ကျောင်းပိတ်ရက် ရောက်နေပြီဖြစ်ကာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ရလဒ်များလည်း ထွက်လာခဲ့ပါပြီ။ ထို့ကြောင့် သူမတို့မိသားစု ဇာတိမြေသို့ ခေတ္တပြန်ဖို့ စီစဉ်ထားကြသည်။

စွန်းယွီကျန်းက ယဲ့ရှောင်ရှောင်၏ လက်ကလေးကို ကိုင်ကာ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“တို့ရပ်ကွက်လေးကနေ ပြည်နယ်ထပ်သီးကျောင်းသူတစ်ယောက် ပေါ်လာမယ်လို့ တစ်ခါမှ မတွေးဖူးဘူး”

ယဲ့ရှောင်ရှောင်: “ဒီကာလအတွင်း သမီးတို့ကို စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဒေါ်လေးစွန်း”

စွန်းယွီကျန်း ရှက်သွေးဖြာသွားမိပါသည်။ သူမသည် ငွေကြေးအတွက်ကြောင့်သာ အလုပ်ကို တာဝန်ယူ လုပ်ပေးခဲ့ခြင်းဖြစ်ကာ ယဲ့ရှောင်ရှောင်တို့ကို စောင့်ရှောက်ခဲ့သည်ဟု မဆိုနိုင်ပေ။

ထိုငွေများကို ယူခဲ့မိသည်ကိုပင် နောင်တရနေမိတော့သည်။ ပြည်နယ်ထိပ်သီးကျောင်းသူတစ်ယောက်နှင့် ရင်းနှီးကျွမ်းဝင်နေခြင်းက သူမအတွက် ဂုဏ်ယူစရာပင် မဟုတ်ပါလား။

သို့သော်လည်း ယဲ့ရှောင်ရှောင်ကမူ ထိုသို့ မတွေးမိပါ။ စွန်းယွီကျန်းသာ ငွေကို လက်မခံခဲ့လျှင် အခြားသူအပေါ် အခွင့်အရေးယူရာ ကျမည်ဟု သူမ ခံစားမိပါသည်။

ယဲ့ရှောင်ရှောင်သည် တိုက်ခန်းမှ ပြောင်းရွှေ့ခဲ့ပြီး အိမ်တွင် ကျန်ရှိသမျှ ပစ္စည်းအနည်းငယ်ကို ထုပ်ပိုးကာ ပြန်လည် ယူဆောင်သွားခဲ့သည်။

သူမ၏ ဒုတိယခဲအို ပြုလုပ်ပေးထားသော ကုတင်မှာ အရည်အသွေးကောင်းလှပါသည်။ သို့သော် ယဲ့မိန်ကလည်း ပြန်မလိုချင်ဟု ဆိုသဖြင့် အိမ်ရှင်အတွက်သာ ထားခဲ့လိုက်တော့သည်။

တံခါးကို သော့ခတ်ပြီးနောက် ထိုအငှားတိုက်ခန်းလေးအား ယဲ့ရှောင်ရှောင် အပြီးအပိုင် နှုတ်ဆက်ခဲ့ရတော့သည်။

--- --- ---

ကျောင်းဝင်ခွင့်စာလွှာများမှာ အလျင်အမြန်ပင် ရောက်ရှိလာခဲ့ပါသည်။ အထူးသဖြင့် ယဲ့ရှောင်ရှောင်တို့ကဲ့သို့ ထိပ်သီး ကျောင်းသားကျောင်းသူများအတွက် ပို၍ပင် လျင်မြန်လှသည်။

ကျင့်ဟွာတက္ကသိုလ်၏ ဝင်ခွင့်ရုံးမှ ကျောင်းအုပ်ကြီး ရုံးခန်းသို့ တိုက်ရိုက်ဆက်သွယ်လာခဲ့သည်။

ယွီသဲ့ရွှေ့ကလည်း ကျင့်ဟွာတက္ကသိုလ်တွင် ယဲ့ရှောင်ရှောင် တက်ရောက်လိုကြောင်းကို ချက်ချင်းပင် အတည်ပြုပေးခဲ့ပါသည်။

ယဲ့ချန်းရှန့်အတွက်ကမူ စစ်တက္ကသိုလ်ဖြစ်သောကြောင့် အနည်းငယ် ပိုရှုပ်ထွေးသည်။ သူတို့သည် ပညာရေးစွမ်းဆောင်ရည်သာမက မိသားစုနောက်ခံကိုပါ စုံစမ်းစစ်ဆေးကြပါသည်။

ကံကောင်းထောက်မစွာဖြင့် ယဲ့မိသားစု၏ သမိုင်းကြောင်းတွင် အမည်းစက် ကင်းစင်နေပါသည်။

မိသားစုမျိုးဆက်သုံးဆက်စလုံးက စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြဖူးပြီး ဆွေမျိုးများတွင်လည်း ရာဇဝတ်မှု မှတ်တမ်းမရှိကြသဖြင့် စိုးရိမ်စရာ မရှိပါ။

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့အတွက် ကျောင်းဝင်ခွင့်စာများ အတူတူပင် ရောက်ရှိလာကြသည်။ ကျောင်းစတက်ရမည့် ရက်များမှာလည်း မတိမ်းမယိမ်းပင် ဖြစ်သည်။

စာအိတ်ရောက်လာသည့်အခါ ယဲ့ချန်းရှန့်မှာ ဖွင့်ဖတ်ဖို့ ရင်တုန်နေပါသည်။ သူတက်ချင်သည့် ကျောင်းမဟုတ်မည်ကို စိုးရိမ်နေခြင်းပင်။

သူ့ကို ကြည့်ရင်း ယဲ့ရှောင်ရှောင်ပင် စိတ်ဖိစီးလာခဲ့သည်။

“စတုတ္ထအစ်ကို မြန်မြန်ဖွင့်ဖတ်လိုက်ပါတော့”

ယဲ့ချန်းရှန့်လည်း အချိန်မဆွဲတော့ဘဲ စာအိတ်ကို ဆွဲဖွင့်လိုက်ရာ အတွင်း၌ သူအိပ်မက်မက်ခဲ့ရသော ဝင်ခွင့်စာလွှာလေးကို တွေ့လိုက်ရပါသည်။

ယဲ့ချန်းရှန့်၏ လက်များ အနည်းငယ် တုန်ယင်သွားရသည်။

“အား!!! ချန်းရှန့် ဝင်ခွင့်ရသွားပြီ!”

ယဲ့ချန်းယွမ်က အားလုံးထက်ပိုပျော်နေပြီး ဝင်ခွင့်စာလွှာကိုကိုင်ရင်း ပတ်ပြေးနေလေတော့သည်။

မြောင်စွေ့ဖန်း: “နင်က ဘာလို့ လျှောက်ပြေးနေတာလဲ၊ ငါ့ကိုပြဦး”

ယဲ့ရှောင်ရှောင်၏ ဝင်ခွင့်စာလွှာမှာလည်း အံ့ဩစရာမရှိဘဲ ‘ကျင့်ဟွာတက္ကသိုလ်’ဟူသည့် အမည်က ဂုဏ်ယူဝင့်ကြွားစရာ တောက်ပနေခဲ့ပါသည်။

မိသားစုဝင်များအားလုံး ဝင်ခွင့်စာလွှာနှစ်စောင်ကို လက်ထဲမှ မချနိုင်ဘဲ တစ်လှည့်စီ ကိုင်ကြည့်နေကြလေသည်။

“သိပ်ကောင်းတာပဲ! ငါတို့ယဲ့မိသားစုဆီက တက္ကသိုလ်ကျောင်းသားနှစ်ယောက် တစ်ပြိုင်တည်း ထွက်လာတာပဲ!”

ပြုံးလေ့ပြုံးထ မရှိသော ယဲ့ကျန်းကော်ပင် အနည်းငယ် ပြုံးမိပါသည်။

အဘိုးဖြစ်သူ ယဲ့ပိုင်ရွှင်းမှာ တစ်ရွာလုံးကို ပတ်ကြွားရဖို့ မစောင့်နိုင်တော့ပေ။

“ဒီဝင်ခွင့်စာလွှာတွေကို မိတ္ထူကူး မှန်ဘောင်သွင်းပြီး တို့အိမ်နံရံမှာ ချိတ်ထားသင့်တယ်”

အဘွားကျန်းစွေ့ယွင်ကလည်း သဘောတူသည်။

“အမှန်ပဲ၊ မျိုးရိုးစဉ်ဆက်စာရင်းထဲမှာပါ ထည့်သွင်းထားရမယ်”

ယဲ့ရှောင်ရှောင်သည် လူကြီးများ၏ စိတ်လှုပ်ရှားစရာ စကားဝိုင်းထဲ မပါဝင်ခဲ့သော်လည်း ပျော်ရွှင်စရာကောင်းသည့် အခိုက်အတန့်လေးတစ်ခုဖြစ်မှန်း နားလည်ပါသည်။

ယဲ့ရှောင်ရှောင်၊ ယဲ့ချန်းရှန့်နှင့် ယဲ့ချန်းယွမ်တို့သုံးဦး ခြံထဲတွင်ထိုင်ကာ စကားပြောခဲ့ကြသည်။

“ငါလည်း ရက်နည်းနည်းလောက်နေရင် သွားတော့မယ်”

ယဲ့ချန်းယွမ်က ရုတ်တရက် ပြောလိုက်သည်။

ယဲ့ရှောင်ရှောင်: “အစ်ကိုယွမ်ရဲ့ တာဝန်ကျစာလွှာကို မတွေ့ရသေးဘူး၊ ဘယ်ပြည်နယ်မှာ တာဝန်ကျတာလဲ”

ယဲ့ချန်းယွမ်: “ကျင်းဟိုင်မြို့လေ၊ ပေကျင်းနဲ့ သိပ်မဝေးဘူး”

ယဲ့ရှောင်ရှောင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ရေတပ်မှာတော့ မဟုတ်ပါဘူးနော်၊ ရေတပ်လေ့ကျင့်ရေးက အရမ်းခက်ခဲတာ”

ယဲ့ချန်းရှန့်: “စစ်တပ်ရဲ့ ဘယ်တပ်ခွဲဖြစ်ဖြစ် ခက်ခဲတာပဲ‌လေ၊ ကျင်းဟိုင်မြို့က ပတ်ဝန်းကျင်ကောင်းပါတယ်၊ အဲ့တာကြောင့် ချန်းယွမ်အတွက်တော့ အဆင်ပြေတယ်”

ယဲ့ချန်းယွမ်က ခေါင်းကုတ်လျက် ပြောသည်။

“ဗိုလ်မှူးလုက ငါ့ကို အဲ့မှာ အရင်အသားကျအောင် နေခိုင်းတာ၊ အဆင်မပြေဘူးဆိုရင် တခြားနေရာကို ပြောင်းလို့ ရတယ်တဲ့၊ ဒါပေမယ့် ဒီအခွင့်အရေးကို ငါကျိန်းသေပေါက် တန်ဖိုးထားမှာပါ၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဇွဲရှိရှိ ကြိုးစားသွားမယ်”

ယဲ့ရှောင်ရှောင်: “အစ်ကိုယွမ် လှိုင်းမမူးတတ်ဘူးဆိုရင်တော့ အဆင်ပြေမှာပါ၊ လှိုင်းမူးတယ်ဆိုတာ ခန္ဓာကိုယ်ပြဿနာလေ၊ ရှောင်လွှဲလို့မှ မရတာ”

ယဲ့ချန်းယွမ်: “ငါငယ်ငယ်လေးတုန်းက အဖေနဲ့အတူ မြစ်ထဲမှာ ငါဖမ်းထွက်ဖူးတယ်၊ လှေမမူးတတ်ပါဘူး”

ယဲ့ရှောင်ရှောင်: “နေပါဦး၊ ဦးလေးက ငါးဖမ်းတတ်တယ်လား

ယဲ့ချန်းရှန့်: “ဦးလေးက အရင်တုန်းက ကျွမ်းကျင် ငါးဖမ်းသမားပဲလေ၊ ငါငယ်ငယ်တုန်းကဆိုရင် လစဉ်လတိုင်း ငါတို့မိသားစု စားစရာငါးတွေ အများကြီး ရတယ်၊ ဒါပေမယ့် အိမ်နဲ့တော့ နည်းနည်းဝေးတာပေါ့၊ အဘိုးနဲ့အဘွား အသက်ကြီးလာတော့ ဦးလေးလည်း အိမ်မှာပဲ ပြန်နေတော့တာ”

မိသားစုနှင့် ပတ်သတ်၍ သူမ မသိသေးသော အကြောင်းအရာများစွာ ရှိနေသေးသည်ကို ယဲ့ရှောင်ရှောင် နားလည်သွားခဲ့ရတော့သည်။

All Chapters