← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

📗 Chapter 75

ယဲ့မိသားစုမှ ကလေးသုံးယောက်စလုံးသည် မတူညီသော လမ်းခရီးများ အသီးသီးသို့ ခွဲခွာလျှောက်လှမ်းကြရပါတော့မည်။

ယဲ့မိသားစုဝင်များက အလွန်ဝမ်းသာပီတိဖြစ်နေကြပြီး ကလေးများအတွက် လိုအပ်မည့် အထုပ်အပိုးများကို စတင်ပြင်ဆင်ပေးနေကြပါပြီ။

အခြားပစ္စည်းများစွာ ယူဆောင်သွားဖို့ မလိုသော်လည်း ငွေကြေးလုံလောက်မှုရှိရန်မှာ အဓိကပင်။

မြောင်စွေ့ဖန်းသည် ရထားပေါ်တွင် ပိုက်ဆံပျောက်မည် စိုးသဖြင့် ပိုက်ဆံများကို အနည်းငယ်စီ ခွဲလိုက်ပြီး အတွင်းခံဘောင်းဘီရှည်များအတွင်း ထည့်ချုပ်ပေးလိုက်ပါသည်။

ကလေးများအတွက် ခရီးသွားစရိတ်၊ နေစရိတ် စားစရိတ်များကို ဖယ်လိုက်ပြီးနောက် အိမ်တွင် ‌ငွေပိုငွေလျှံ များများစားစား မကျန်တော့ပေ။

ဒုတိယသားနှင့် တတိယသားတို့ အိမ်ထောင်ပြုဖို့အတွက်လည်း ငွေများကို စတင်စုဆောင်းဖို့ လိုအပ်နေပြီဖြစ်ရာ မိသားစုအတွက် အလွန်ဖိအားများပေတော့သည်။

မြောင်စွေ့ဖန်း၏ လုပ်ဆောင်ချက်များကို ကြည့်ရင်း ယဲ့ရှောင်ရှောင် မှင်သက်နေရသည်။

နွေရာသီဖြစ်၍ အတွင်းခံဘောင်းဘီရှည်များကို သူမ ဝတ်စရာမလိုပါ။

မြောင်စွေ့ဖန်း: “ရထားပေါ်မှာ ခါးပိုက်နှိုက်တွေအများကြီးရှိတယ်၊ အဲ့တာကြောင့် သတိထားရမယ်လေ၊ သမီးရဲ့ အစ်ကိုအကြီးဆုံးနဲ့ အတူတူသွားတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်”

ယဲ့ရှောင်ရှောင်: “အစ်ကိုကြီးကို စတုတ္ထအစ်ကိုနဲ့သာ လိုက်သွားခိုင်းလိုက်ပါ၊ ဆရာကြီးစုန့်က သမီးနဲ့အတူ ပေကျင်းကို ပြန်မယ်လို့ ပြောထားတယ်”

ထို့ကြောင့် မြောင်စွေ့ဖန်းလည်း စိတ်ချသွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် ပေကျင်းမြို့တွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ ထိုနေရာနှင့် အသားကျဖို့ အထူးတလည် ကြိုးစားစရာ မလိုအပ်ပေ။

အချို့သော ကိစ္စများကို ပြောသင့်မပြောသင့် စဉ်းစားရင်း မြောင်စွေ့ဖန်မှာ တွန့်ဆုတ်နေခဲ့ပါသည်။

ယဲ့ရှောင်ရှောင်ကပင် ဦးစွာ မေးလိုက်ရသည်။

“သမီးကို တစ်ခုခုပြောချင်လို့လား”

မြောင်စွေ့ဖန်း သက်ပြင်းချလိုက်သည်။

“ပေကျင်းကို ပြန်ရောက်လို့ အချိန်ရရင် ဟောက်မိသားစုဆီ သွားလည်သင့်တယ်၊ ဘာပဲဖြစ်ဖြစ် သူတို့က သမီးကို…”

မြောင်စွေ့ဖန်း ဆက်မပြောနိုင်တော့ပေ။

ယဲ့ရှောင်ရှောင်က တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်လိုက်ပါသည်။

“သမီးနားလည်ပါတယ်”

မြောင်စွေ့ဖန်းသည် ဟောက်ယန်ယန်၏ အမည်ကို ထုတ်မပြောဘဲ ရှောင်လွှဲသွားခဲ့သည်။

သို့သော် ဟောက်ယန်ယန်အကြောင်း သူမ တွေးတောနေဆဲဖြစ်မှန်း ယဲ့ရှောင်ရှောင်သိသည်။

ယဲ့မိသားစုက ဟောက်ယန်ယန်ကို ဆက်လက် ဂရုစိုက်နေဦးမည်ဆိုလျှင် သူမ တားဖို့ စိတ်ကူးမရှိသလို ဝင်ပါဖို့လည်း စိတ်ကူး မရှိပေ။

သူမသည် သူမ၏ ကံကြမ္မာဆိုးကို ပြောင်းလဲဖို့ အတတ်နိုင်ဆုံး စွမ်းဆောင်ခဲ့ပြီးပြီဖြစ်ကာ ယခုအခါတွင်မူ ပညာရေးနှင့် အနာဂတ်အတွက်သာ အာရုံစိုက်လိုပါတော့သည်။

ယောက္ခမနှင့် ယောက်မဖြစ်သူတို့၏ တိတ်ဆိတ်မှုကို မြင်ပြီး ကျန်းရွှယ်က စကားလမ်းကြောင်း လွှဲဖို့ ကြိုးစားလိုက်သည်။

“ဒါညီမလေးအတွက် ချုပ်ပေးထားတဲ့ ဂါဝန်အသစ်လေးလေ၊ ဆိုဒ်ကော တော်ပါ့မလား မသိဘူး”

ယဲ့ရှောင်ရှောင်က ယူ၍ ဖြန့်ကြည့်လိုက်ရာ အနီရောင်ပန်းပွင့်လေးများပါသည့် ဂါဝန်တစ်ထည်ဖြစ်မှန်း မြင်လိုက်ရသည်။

ဆိုဒ်က သူမနှင့် ကွက်တိ တော်နေကာ စတိုင်ကလည်း သူမ သဘောကျသည့် စတိုင်မျိုးပင်။

“ကျေးဇူးတင်ပါတယ် အစ်မကြီး”

ကျန်းရွှမ် နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။

“ရပါတယ်၊ နင်ဝယ်လာပေးတဲ့ အပ်ချုပ်စက် ကျေးဇူးကြောင့်လေ၊ ပုံကြမ်းဆွဲတာကနေ ချုပ်တာအထိ တစ်နာရီတောင် မကြာဘူး”

မြောင်စွေ့ဖန်းက အထည်သားကို ကြည့်ရင်း မေးလိုက်သည်။

“ဒီပိတ်သားက နင်တို့ မင်္ဂလာဆောင်တုန်းက ခန်းဝင်ပစ္စည်းအဖြစ်ပါလာတဲ့ ပိတ်စမဟုတ်လား”

ယဲ့ရှောင်ရှောင်လည်း ချက်ချင်းပင် မော့ကြည့်လိုက်သည်။

ကျန်းရွှယ်က ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြလိုက်ပါသည်။

“ဟုတ်တယ်၊ သမီးဗီရိုထဲမှာ ထည့်သိမ်းထားတာကြာပြီ တစ်ခါမှလည်း ထုတ်မသုံးဖြစ်ဘူး၊ ညီမလေးနဲ့ ဒီအရောင်လေး လိုက်ဖက်မယ်ထင်လို့ ထုတ်သုံးလိုက်တာပါ”

ယဲ့ရှောင်ရှောင်သည် မိသားစုအတွက် လက်ဆောင်ပစ္စည်းများ မကြာခဏ ဝယ်ပေးတတ်ပါသည်။

သူမ၏ သားကြီးအတွက် မုန့်ပဲသရေစာများနှင့် အဝတ်အစားများ ဝယ်ပေးတတ်သည့်အပြင် သားငယ်မှာလည်း ယဲ့ရှောင်ရှောင် ဝယ်ပေးသည့် အာဟာရရှိသော နို့မှုန့်များစွာကို သောက်ခဲ့ရပြီးပြီဖြစ်သည်။

ယဲ့ရှောင်ရှောင်က မိသားစုအပေါ် ကောင်းသဖြင့် ကျန်းရွှယ်ကလည်း ထိုကျေးဇူးကို မေ့ပစ်လိုက်ဖို့ စိတ်ကူးမရှိပါ။

“ဒီဂါဝန်လေးက သမီးရဲ့ ဖိနပ်အနီရောင်လေးနဲ့ လိုက်မှာပဲ၊ ကျောင်းသွားအပ်တဲ့အချိန်ကျရင် ဝတ်သွားလိုက်ပါ့မယ်”

ယဲ့ရှောင်ရှောင်၏ ခရီးဆောင်အိတ်ထဲတွင် သားရေဖိနပ်တစ်ရံ ပါလာသော်လည်း ရွာသို့ရောက်စဉ်ကတည်းက တစ်ခါမှ ထုတ်မဝတ်ဖူးပါ။

ကျန်းရွှယ်: “အဲ့ဒီ ဂါဝန်လေးနဲ့ဆိုရင် ညီမလေး လှနေမှာ သေချာတယ်”

မြောင်စွေ့ဖန်းက သမီးဖြစ်သူကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

“လုဟန်ချွမ်ကော ပေကျင်းမြို့မှာပဲလား”

မြောင်စွေ့ဖန်းက လုဟန်ချွမ်အကြောင်း ရုတ်တရက် မေးလာလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မထားသဖြင့် ခက်ခက်ခဲခဲ ပြန်ဖြေလိုက်ရပါသည်။

“အဲ… ဟုတ်တယ်၊ ဒါပေမယ့် သူကစစ်တပ်ထဲမှာပဲ နေရတာဆိုတော့ အိမ်တော့ သိပ်မပြန်ဖြစ်ဘူး”

မြောင်စွေ့ဖန်း: “ဗိုလ်မှူးလုနဲ့ တွဲတာ သမီးအတွက်ကောင်းပါတယ်၊ ပေကျင်းမှာ သမီးကို စောင့်ရှောက်ပေးမယ့်လူတစ်ယောက် ရှိနေတာပေါ့”

ယဲ့ရှောင်ရှောင်က ချောမောလှပသူဖြစ်ပြီး အိမ်နှင့် ဝေးရာတွင် ကျောင်းသွားတက်ရမည်ဖြစ်ရာ အခက်အခဲအချို့ ရှိလာမည်ကို စိတ်ပူမိပါသည်။

လုဟန်ချွမ်ကဲ့သို့ အားကိုးအားထားထိုက်သူတစ်ဦးသာ အနားတွင်ရှိနေလျှင် ယဲ့မိသားစုလည်း စိတ်အေးနိုင်မည် မဟုတ်ပါလား။

မြောင်စွေ့ဖန်းသည် လုဟန်ချွမ်ကို သားမက်လောင်းတစ်ဦးအဖြစ်ပင် မြင်နေပါပြီ။

ယဲ့ရှောင်ရှောင်ကလည်း လုဟန်ချွမ်ကို လူကောင်းတစ်ယောက်ဟု ထင်မိပါသည်။ သို့သော် သူမ ရည်းစားထားဖို့အထိတော့ မစဉ်းစားသေးပေ။

ပညာရေးကိုသာ ဦးစားပေးချင်နေပါသေးသည်။

--- --- ---

ယဲ့ချန်းယွမ်က အိမ်မှ ပထမဆုံး ထွက်ခွာရသူဖြစ်ပြီး ထျန်ကျင်းသို့သွားမည့် အိပ်စင်လက်မှတ်တစ်စောင် ရရှိခဲ့ပါသည်။

“ချန်းယွမ်၊ ဟိုရောက်ရင် အဆင်ပြေတယ်ဆိုတဲ့အကြောင်း စာလေးဘာလေး ပို့ပေးဦးနော်”

ယဲ့ကျမ့်ယဲ့နှင့် လီကွေ့လန်တို့ လင်မယားနှစ်ယောက် သားဖြစ်သူကို ဘူတာရုံအထိ လိုက်ပို့ပေးကြသည်။

အိမ်နှင့် ပထမဆုံးအကြိမ် ခွဲခွာရခြင်းဖြစ်ရာ မိဘများက စကားများများမပြောသော်လည်း သံယောဇဉ်ဖြင့် တွန့်ဆုတ်နေကြဆဲဖြစ်မှန်း သိသာပါသည်။

ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့လည်း လိုက်ပါပို့ဆောင်ပေးခဲ့ကြသည်။ နောက်ရက်အနည်းငယ်နေလျှင် သူတို့ကိုယ်တိုင်လည်း မိသားစုနှင့် ခွဲခွာရပါတော့မည်။

ယဲ့ချန်းယွမ်သည် ရထားပေါ် ရောက်သောအခါ အိမ်နှင့်ဝေးရာသို့ ပထမဆုံးအကြိမ် သွားရတော့မည်ကို တွေးမိကာ စိတ်မကောင်းဖြစ်ပြီး ခေါင်းသာညိတ်ပြနိုင်ပါသည်။

အားလုံးကို လက်ပြနှုတ်ဆက်ခဲ့ပြီး ရထားကြီးထွက်ခွာသောအခါ အပြင်တွင် ကျန်ခဲ့သည့် မိသားစုကို ယဲ့ချန်းယွမ် လှည့်မကြည့်နိုင်ခဲ့ပါ။

လှည့်ကြည့်မိလျှင် ငိုမိမည်ကို စိုးရိမ်သောကြောင့်ပင်။

သို့သော် ယခင်က အိမ်မှထွက်ခွာဖူးသော သူ့အစ်ကိုကြီးများအကြောင်း တွေးရင်း ဘာမှကြောက်စရာမလိုကြောင်း သူ့ကိုယ်သူ ပြန်လည်နှစ်သိမ့်နိုင်ခဲ့ပါသည်။

ယဲ့ချန်းယွမ် ထွက်သွားပြီးနောက် ယဲ့ရှောင်ရှောင်နှင့် ယဲ့ချန်းရှန့်တို့သည် အိမ်တွင် ဆယ်ရက်ကျော်ခန့် ဆက်လက်နေထိုင်ခဲ့ကြသည်။

ယဲ့ရှောင်ရှောင်က ကျင့်ဟွာတက္ကသိုလ်ဝင်ခွင့်ရရှိထားသည်ကို သိသောကြောင့် စုန့်ကွမ်းကျင့်သည် သူမကို ဆေးပညာချက်ချင်း လေ့လာရန်မတိုက်တွန်းဘဲ အိမ်မှာသာ အေးအေးဆေးဆေး နားခွင့်ပြုခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် အားလပ်ချိန်များတွင် ကျန်းအာ့နီထံသို့ သွားရောက်ကာ ဝိတ်ကျဖို့နှင့် အသားအရေထိန်းသိမ်းဖို့ ကူညီပေးခဲ့သည်။

နွေရာသီ ကုန်ဆုံးချိန်တွင် ကျန်းအာ့နီမှာ ပေါင် ၂၀ ခန့် ကျသွားခဲ့ပါသည်။

သူမ၏ အသားအရေမှာလည်း ဂရုတစိုက် ထိန်းသိမ်းမှုကြောင့် ပိုမိုဖြူစင်နုပျိုလာခဲ့သည်။ ထိုအပြောင်းအလဲများကြောင့် ကျန်းအာ့နီ၏ အိမ်သို့ အောင်သွယ်တော်များ စတင်ရောက်ရှိလာကြပါသည်။

သို့သော် ကျန်းအာ့နီက ငြင်းဆန်ခဲ့သည်။

ယဲ့ရှောင်ရှောင်: “နင်လီသဲ့ရှုကို မမေ့နိုင်သေးဘူးလား၊ သူက မင်္ဂလာတောင် ဆောင်တော့မယ်”

ကျန်းအာ့နီက ခေါင်းခါလိုက်သည်။

“ငါအိမ်ထောင်စောစော မပြုချင်သေးလို့ပါ၊ မြို့ပေါ်သွားပြီး ဆံပင်ညှပ်ပညာသင်ယူမယ်လို့ ဆုံးဖြတ်ပြီးပြီ၊ နောက်ကျရင် ငါ့ကိုယ်ပိုင် ဆံပင်ညှပ်ဆိုင်လေး ဖွင့်နိုင်အောင် ကြိုးစားမယ်”

ယဲ့ရှောင်ရှောင်ကလည်း ထောက်ခံအားပေးသည်။

“အဲ့လိုတွေးတာ ကောင်းပါတယ်”

ယခုခေတ်တွင် လူအများစုသည် မိမိအိမ်တွင်သာ ဆံပင်ညှပ်လေ့ ရှိကြသဖြင့် ဆံပင်ညှပ်ဆိုင်များက ရေပန်း သိပ်မစားကြသေးပေ။

သို့သော် နောက်ပိုင်းနှစ်များတွင် ဖွံ့ဖြိုးပြီးဒေသများမှ လူတို့သည် ခေတ်မီဆံပင်ပုံစံများကို စတင်စိတ်ဝင်စားလာကြမည် ဖြစ်သည်။

ထို့ကြောင့် ကျန်းအာ့နီအနေဖြင့် ဤပညာကိုသင်ယူထားခြင်းဖြင့် အကျိုးမယုတ်နိုင်ပေ။

ကျန်းအာ့နီ အနည်းငယ် ပဋိပက္ခဖြစ်သွားဟန်ဖြင့် ပြောလိုက်သည်။

“ဒါပေမယ့် ငါ့မိဘတွေကတော့ ငါ့ကို အားမပေးကြဘူး၊ သူများဆံပင်ကို လျှော်ပေး ညှပ်ပေးတာက အစေခံတစ်ယောက်ရဲ့ အလုပ်တဲ့၊ အဲ့လိုပညာမျိုး သင်ရအောင် ငါတော်တော် အဆင့်နိမ့်နေပြီလားလို့ မေးကြတယ်”

ယဲ့ရှောင်ရှောင်: “အဲ့တာဆို နင်စိတ်ပြောင်းသွားပြီလား”

ကျန်းအာ့နီ: “မပြောင်းပါဘူး”

ယဲ့ရှောင်ရှောင်က သူမ ပခုံးကို ပုတ်လျက် ပြောလိုက်သည်။

“တွေ့လား နင်အရင်ကထက် အများကြီး သတ္တိပိုရှိလာပြီ”

ကျန်းအာ့နီလည်း မှင်သက်သွားခဲ့ရပြီး မိမိကိုယ်မိမိ ယခင်ကလိုလူမျိုး မဟုတ်တော့မှန်း တဖြည်းဖြည်း သတိပြုမိလာခဲ့တော့သည်။

--- --- ---

ဟာပင်းမြို့သည် ဇာတိမြေနှင့် သိပ်မဝေးလှသဖြင့် ယဲ့ချန်းရှန့်လည်း ရထားဖြင့်သာ သွားခဲ့ပါသည်။

ယဲ့ချန်းချင့်သည် ယခင်က ဟာပင်းသို့ မကြာခဏ ရောက်ဖူးသဖြင့် ယဲ့ချန်းရှန့်နှင့်အတူ ကျောင်းသို့ အဖော်လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဟာပင်းရှိ သူ့မိတ်ဆွေများထံကိုလည်း သွားရောက်လည်ပတ်နိုင်ပါလိမ့်မည်။

ယဲ့ချင်းချင့်ပါ အတူလိုက်သွားမည်ဖြစ်၍ ယဲ့ချန်းရှန့်အတွက် မြောင်စွေ့ဖန်း စိတ်အေးနိုင်ပါပြီ။

ထို့ကြောင့် မိသားစုဝင်များအားလုံး ဘူတာရုံအထိ လိုက်မပို့ဖြစ်ခဲ့ကြပေ။

ယဲ့ချန်းရှန့် ထွက်သွားပြီးနောက် ယဲ့ရှောင်ရှောင်က နောက်ဆုံးမှ ထွက်ခွာရပါသည်။ သူမသည် အဝတ်အစားအသစ်များနှင့် ဖိနပ်များစွာကို ထုပ်ပိုး ယူဆောင်သွားခဲ့သည်။

ထိုပစ္စည်းအများစုကို ပေကျင်းမြို့တွင်သာ ဝယ်ခဲ့ခြင်း ဖြစ်ပါသည်။

စုန့်ကွမ်းကျင့်နှင့် အတူသွားရမည်ဖြစ်၍ သူမ ခရီးဆောင်အိတ်ကို မည်သည့်နေရာတွင် ထားရမည်ကို စိတ်ပူစရာ မလိုအပ်ပေ။

သူမ မထွက်ခွာမီ ပေကျင်းမြို့သို့ ရောက်သည်နှင့် အိမ်ကို စာပို့ဖို့ မြောင်စွေ့ဖန်းက ထပ်ခါတလဲလဲ မှာကြားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်တွင် ငွေရှိသော်လည်း မြောင်စွေ့ဖန်းက အသင့်ပြင်ဆင်ထားသည့် စာအိတ်တစ်လုံးကို သူမလက်ထဲ ထည့်ပေးလိုက်ဆဲပင်။

“ရှောင်ရှောင်၊ အမေတို့က မချမ်းသာပေမယ့် အမေတို့မှာ ရှိသမျှနဲ့ သမီးကို အဆင်ပြေအောင် စောင့်ရှောက်ပေးမှာပါ”

ယဲ့ရှောင်ရှောင်လည်း မြောင်စွေ့ဖန်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပါသည်။

“စိတ်မပူပါနဲ့အမေရဲ့၊ ပေကျင်းကိုရောက်တာနဲ့ အမေတို့ဆီ ချက်ချင်း စာရေးပါ့မယ်”

တရုတ်တိုင်းရင်းဆေးဆိုင်အပြင်ဘက်တွင် ယခင်တစ်ခေါက်က ရောက်လာခဲ့ဖူးသော လူကပင် စုန့်ကွမ်းကျင့်အား ကားဖြင့်လာကြိုပါသည်။

ထိုလူသည် အသက် ၄၀ ဝန်းကျင် ရှိမည်ဟု ထင်ရပြီး ပညာတတ်တစ်ဦးဖြစ်ပုံရကာ စုန့်ကွမ်းကျင့်အပေါ် အလွန် လေးစားမှု ရှိသည်။

ပေကျင်းမြို့သို့ သွားရမည့်ခရီးမှာ မနီးလှသဖြင့် သူ့အပြင် အခြားဒရိုင်ဘာတစ်ဦးလည်း ပါသေးသည်။ ကတုံးဆံပင်ကေနှင့် စွပ်ကျယ်အင်္ကျီအဟောင်းကို ဝတ်ဆင်ထားသည့် ထိုလူငယ်မှာ တည်ငြိမ်အေးဆေးသည့်ဟန် ရှိပါသည်။

စုန့်ကွမ်းကျင့်၏ ပြောပြချက်အရ အသက်ကြီးကြီးလူမှာ စုန့်‌ကောကျမ့်ဖြစ်ကာ အသက်ငယ်ငယ်နှင့်တစ်ယောက်ကတော့ စုန့်ရှောင်းကွမ်ဖြစ်ကြောင်း ယဲ့ရှောင်ရှောင် သိခဲ့ရသည်။

နှစ်ဦးစလုံး၏ မျိုးရိုးအမည်က စုန့် ဖြစ်နေသောကြောင့် ယဲ့ရှောင်ရှောင် မေးမြန်းကြည့်လိုက်သည်။

“သူတို့က ဆရာကြီးရဲ့ မိသားစုဝင်တွေလား”

စုန့်ကွမ်းကျင့်: “အဲ့လိုပြောလို့ရပါတယ်”

ထိုအဖြေက ထင်မှတ်ထားသလောက် မရိုးရှင်းနိုင်ကြောင်း သူမ ခံစားမိပါသည်။

ယဲ့ရှောင်ရှောင်လည်း ထပ်မမေးတော့ဘဲ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ် တက်လိုက်တော့သည်။

📗 Chapter 76

လမ်းခရီးတစ်လျှောက်တွင် စုန့်ကောရှမ့်သည် ယဲ့ရှောင်ရှောင်ကိုသာ မကြာခဏ ခိုးကြည့်နေမိသည်။

ဆရာကြီး အသစ်စက်စက် မွေးမြူထားသည့် ဤတပည့်မလေးမှာ အသက်အရွယ် ငယ်သော်လည်း သာမန်တော့ မဟုတ်လှပေ။

ဤနေရာသို့ လာခဲ့စဉ် လမ်းခရီးတစ်လျှောက်ရှိ မြို့ငယ်လေးများမှ လူများသည် သူတို့ကားကို အားကျမှင်သက်သော အကြည့်များဖြင့် ဝိုင်းကြည့်ကြသော်လည်း ဤမိန်းကလေးမှာမူ ကားပေါ်တက်လာစဉ်ကတည်းက ထိုင်ခုံကို မှီ၍ အေးအေးလူလူ လိုက်ပါလာပြီး မည်သည့်အရာကိုမှ ထူးဆန်းအံ့ဩဟန် မပြခဲ့ပေ။

ယဲ့ရှောင်ရှောင် အမြင်တွင်မူ ဤကား၏အပြင်ပန်းဒီဇိုင်းသည် ခေတ်မမီတော့သည့်အပြင် ထိုင်ခုံများမှာလည်း သက်တောင့်သက်သာ မရှိလှကြောင်းကို စုန့်ကောရှမ့် သိနိုင်မည် မထင်ပါ။

သူမအတွက် ဤကားမှာ ရှေးဟောင်းပစ္စည်းအဆင့်သာ ရှိပါသည်။

ပိုင်ချွမ်ကောင်တီမှ ပေကျင်းမြို့သို့ ကားဖြင့် နှစ်ရက်ခန့် မောင်းရသည်။ လမ်းခရီးရှိ မြို့တစ်မြို့တွင် တစ်ညအိပ် အနားယူပြီးနောက် သူတို့ခရီးဆက်ခဲ့ကြသည်။

ယဲ့ရှောင်ရှောင်သည် ထိုင်ခုံပေါ် နုံးချည့်စွာ မှီရင်း ညည်းတွားလိုက်မိပါသည်။

“ရထားနဲ့ သွားတာကမှ ပိုကောင်းဦးမယ်ထင်တယ်”

စုန့်ကွမ်းကျင့် သူမကို ကြည့်ကာ ရယ်မောလိုက်သည်။

“ရထားက ပိုမြန်မယ်ထင်လို့လား၊ အတွင်းပိုင်းမှာ အနံ့ပေါင်းစုံနဲ့ ဒီလောက် ဗရုတ်သုက္ခဖြစ်နေတာ၊ နင့်အတွက် ပိုတောင် ဆိုးဦးမယ်”

ယဲ့ရှောင်ရှောင်သည် မနက်က ဝယ်လာသည့် ပေါက်စီကို ကိုင်ရင်း စိတ်မပါလက်မပါဖြင့် ကိုက်စားနေပါသည်။

စုန့်ကွမ်းကျင့်က ဆိုသည်။

“နင်က အရင်က မြို့တော်မှာ နေခဲ့တာဆိုတော့ လက်ဖျားခြေဖျား မလှုပ်ခဲ့ရတဲ့ သခင်မလေးတစ်ယောက်လို အငွေ့အသက်တွေ ပါနေတာပဲ”

စုန့်ကွမ်းကျင့်သည် ဟောက်မိသားစုတွင် သူမ နေထိုင်ခဲ့ရသည့် ဘဝအကြောင်းကို ရံဖန်ရံခါမေးလေ့ရှိပြီး ယဲ့ရှောင်ရှောင်ကလည်း ဖုံးကွယ်ထားစရာမလိုဟု ထင်မိသဖြင့် အမှန်အတိုင်း ပြောပြထားခြင်းဖြစ်သည်။

ယဲ့ရှောင်ရှောင် လက်ယမ်းပြရင်း ပြန်လည်ချေပလိုက်သည်။

“သမီးကို အဲ့လိုတော့ ခေါင်းစဉ်မတပ်ပါနဲ့၊ သမီးက ဘယ်လိုလုပ် ‘သခင်မလေး’ ဖြစ်နိုင်မှာလဲ၊ သမီးက ရည်မှန်းချက်၊ ကိုယ်ကျင့်တရား၊ ယဉ်ကျေးမှုနဲ့ စည်းကမ်းရှိတဲ့ စံပြလူငယ်တစ်ယောက်ပါ”

စုန့်ကွမ်းကျင့်က အားရပါးရ ရယ်မောလိုက်ပါသည်။

“နင် စကားတော်တော်တတ်တာပဲ”

ရှေ့ခရီးသည်ထိုင်ခုံတွင် ပြောင်းထိုင်နေသည့် စုန့်ကောရှမ့်လည်း နောက်ခန်းမှ စကားပြောသံများကို ကြားပြီး အနည်းငယ် ပြုံးသွားမိလေသည်။

“သခင်မလေးဖြစ်တာ ဘာဆန်းလို့လဲ၊ သူများတွေကြားရင် မိသားစုအခြေအနေကောင်းတယ်လို့ ထင်သွားမှာပဲလေ၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင်တော့ နည်းနည်းဝေဖန်ခံရလောက်ပေမယ့် အခုချိန်မှာတော့ အားလုံး ပွင့်လင်းနေကြပါပြီ၊ မြို့တော်က သူဌေးသားတွေဆို ဒီ့ထက်တောင် ရဲတင်းကြသေးတယ်၊ ဘယ်သူမှ ဝေဖန်မယ့်သူ မရှိဘူး”

စုန့်ကွမ်းကျင့်က သတိပေးလိုက်သည်။

“လူကွယ်ရာမှာ နောက်ပြောင်တာက ကိစ္စမရှိပေမယ့် အပြင်မှာ လျှောက်မပြောနဲ့ဦး၊ အနာဂတ်မှာ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲ ပြောလို့မရသေးဘူး”

စုန့်ကောရှမ့်: “ဟုတ်ကဲ့ပါ ဆရာကြီး”

ဤခေတ်တွင် အပျင်းပြေကြည့်စရာ မိုဘိုင်းဖုန်းများလည်း မရှိသေးသဖြင့် ကားပေါ်တွင် အလွန်ပျင်းစရာ ကောင်းနေပါသည်။

ယဲ့ရှောင်ရှောင်မှာ မှိန်းခနဲ ခေတ္တ အိပ်ပျော်သွားခဲ့သည်။ သူမ ပြန်နိုးလာသောအခါ ကားမှာ မြို့တော်၏ ဒုတိယပတ်လမ်းအတွင်းသို့ ရောက်ရှိနေပြီဖြစ်ကာ နောက်ဆုံးတွင် အနီရောင် ခြံတံခါးကြီးရှိသည့် အိမ်ဝင်းကြီးတစ်ခုရှေ့တွင် ရပ်တန့်သွားခဲ့ပါသည်။

တစ်လမ်းလုံး စကားသိပ်မပြောခဲ့သည့် စုန့်ရှောင်းကွမ်က ကားပေါ်ရှိ ပစ္စည်းများအားလုံးကို အိမ်ထဲသို့ စတင် သယ်ဆောင်ပေးခဲ့ပါသည်။

ခြံထဲသို့ ဝင်ကြည့်သောအခါ အလွန်ကျယ်ဝန်းလှပြီး အနည်းဆုံး အဆောင်သုံးဆောင်ပါဝင်သည့် အိမ်ဝင်းကြီးတစ်ခု ဖြစ်မှန်း ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။

အတွင်းဘက်အကျဆုံး အဆောင်ကို ပြန်လည်ပြုပြင်ထားပုံရပြီး နှစ်ထပ်တိုက်ပုလေးတစ်လုံးလည်း ပါရှိသည်။

စုန့်ကွမ်းကျင့်: “အရင်နှစ်သစ်ကူးတုန်းက ငါဒီမှာ လာနေသေးတယ်၊ ဒါပေမယ့် အိမ်သန့်ရှင်းရေးလုပ်ပေးတဲ့သူကတော့ အမြဲ ရှိပါတယ်”

ထို့နောက် စုန့်ရှောင်းကွမ်ကို စုန့်ကွမ်းကျင့် ညွှန်ကြားလိုက်သည်။

“ရှောင်ရှောင်ရဲ့ ခရီးဆောင်အိတ်ကို ဒုတိယထပ်က နေရောင်ရတဲ့ အခန်းထဲမှာ သွားထားထားပေးလိုက်”

စုန့်ရှောင်းကွမ် ခေါင်းညိတ်လိုက်ပြီး ခရီးဆောင်အိတ်ကို ယူဆောင်ကာ အပေါ်ထပ်သို့ တက်သွားခဲ့ပါသည်။

သန့်ရှင်းသပ်ရပ်နေသည့် အိမ်ဝင်းကြီးကို ကြည့်ရင်း ယဲ့ရှောင်ရှောင် အားကျသွားခဲ့ရသည်။

‘အိမ်တစ်လုံးဝယ်ရမယ်… ငါလည်း ဒီလို အိမ်တစ်လုံး ဝယ်နိုင်ရမယ်’

“ဆရာကြီး၊ ဒီလိုအိမ်ဝင်းကျယ်ကြီးတစ်ခုက ဘယ်လောက် တန်ဖိုးရှိလဲ”

စုန့်ကွမ်းကျင့်: “နင် သဘောကျလို့လား၊ ခုခေတ်လူငယ်တွေကတော့ တိုက်ခန်းတွေထဲမှာပဲ စုပြုံနေတတ်ကြတာ၊ ဒီလို အိမ်ဝင်းကြီးတွေက ရေပန်းမစားတော့ဘူး”

ယဲ့ရှောင်ရှောင်: “သမီးကတော့ အိမ်ဝင်းအကျယ်ကြီးထဲမှာ နေရတာပဲ သဘောကျတယ်၊ အထူးသဖြင့် နန်းတော်ဟောင်းနဲ့ နီးတဲ့ နေရာမျိုးပေါ့”

ဤကဲ့သို့သော အိမ်ဝင်းမျိုးသည် အနာဂတ်တွင် များစွာ တန်ဖိုးမြင့်တက်လာပါလိမ့်မည်။

စုန့်ကွမ်းကျင့်: “ဒီနားမှာ လွတ်နေတဲ့ အိမ်ဝင်းတွေ အများကြီးရှိတယ်၊ ဒါပေမယ့် ပိုင်ဆိုင်မှုကိစ္စတွေက မရှင်းကြဘူး၊ အိမ်ဝင်းတစ်ခုထဲမှာ အိမ်ထောင်စုတွေအများကြီး စုပြုံနေကြတာမျိုးများတယ်၊ နင်ဝယ်ချင်တယ်ဆိုရင် အိမ်ဝင်း တစ်ခုလုံးကို တိုက်ရိုက်လွှဲပြောင်းပေးနိုင်တဲ့ အိမ်မျိုးကိုပဲ ရှာဝယ်သင့်တယ်”

ယဲ့ရှောင်ရှောင်မှာ ပိုက်ဆံစုရန် ရည်မှန်းချက်အသစ် ရရှိသွားတော့သည်။

ယခုအချိန်တွင် အိမ်ခြံမြေများစွာ ဝယ်ယူထားပါက အနာဂတ်တွင် အလုပ်လုပ်စရာပင် မလိုဘဲ ခြေပစ်လက်ပစ် ထိုင်စားနေနိုင်ပါလိမ့်မည်။

ယဲ့ရှောင်ရှောင်: “ဆရာကြီး၊ သမီးတို့က ပေကျင်းမြို့ကို အစောကြီးရောက်လာကြတာနော်၊ ကျောင်းမဖွင့်ခင် ဘာလုပ်ကြမလဲ၊ ငွေရှာလို့ရတဲ့နေရာတွေဘာတွေ ရှိလား”

စုန့်ကွမ်းကျင့်လည်း သဘောကျသွားသည်။ လူငယ်တိုင်းတွင် ဤသို့ စိတ်အားထက်သန်မှု ရှိသင့်ပါသည်။

မကြာသေးခင်ကမှ ကားပေါ်တွင် သေလုမျောပါးဖြစ်နေသည့် ယဲ့ရှောင်ရှောင်မှာ ယခုမူ ပြန်လည်တက်ကြွနေလေပြီ။

“ဒီနေ့တော့ နားလိုက်ဦး၊ မနက်ဖြန် ငါတို့မိသားစုရဲ့ ရမ်သဲ့ထန်ဆေးဆိုင်ကို လိုက်ပြမယ်”

စုန့်ကွမ်းကျင့် ပေးထားသည့် တံဆိပ်ပြားအကြောင်း ယဲ့ရှောင်ရှောင် သတိရသွားကာ မေးမြန်းလိုက်သည်။

“ဆရာကြီးပြောတော့ အဲ့ဒီအမည်ကို မပိုင်ဆိုင်သေးဘူးဆို”

စုန့်ကွမ်းကျင့်: “မြို့တော်မှာ ရမ်သဲ့ထန်ဆေးဆိုင်တွေက အများကြီးရှိတယ်၊ ဒါပေမယ့် သာမန်လူတွေကတော့ အတုနဲ့ အစစ်ကို ခွဲခြားနိုင်မှာမဟုတ်ဘူး၊ ဆေးပညာကို သေချာသင်ယူပါ၊ တစ်နေ့ကျရင် အဲ့ဒီ တရားမဝင် အတုအယောင် ရမ်သဲ့ထန်တွေအကုန် နာမည်ပြောင်းသွားစေရမယ်”

ယဲ့ရှောင်ရှောင်က နှာခေါင်းပွတ်လျက် အကြံပြုလိုက်ပါသည်။

“ဆရာကြီး ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လို့ရတာပဲဥစ္စာ”

နိုင်ငံတော်က ၁၉၈၂ ခုနှစ်တွင် ကုန်အမှန်တံဆိပ်ဥပဒေကို ပြဌာန်းခဲ့သော်လည်း စက်ရုံများနှင့် လုပ်ငန်းအများစုမှာ ထိုအကြောင်းအရာကို နားမလည်ကြသေးပေ။

စုန့်ကွမ်းကျင့်မှာလည်း ထိုအကြောင်းကို သိပ်မသိသေးသဖြင့် ယဲ့ရှောင်ရှောင်ကပင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်၏ အရေးပါပုံကို ရှင်းပြပေးလိုက်ပါသည်။

သူမ ရှင်းပြသည်ကို နားထောင်ပြီးနောက် စုန့်ကွမ်းကျင့်မှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။

ဤကုန်အမှတ်တံဆိပ်ဆိုသည်မှာ သူတို့ ခက်ခက်ခဲခဲယှဉ် ပြိုင်လုယူနေကြသည့် ဆိုင်းဘုတ်အမည်ပင် မဟုတ်ပါလား။

မှတ်ပုံတင်သွင်းပြီးသည်နှင့် ဥပဒေက ကာကွယ်ပေးထားသဖြင့် အခြားလုပ်ငန်းများက သူတို့နှင့် အမည်တူကို ရွေးချယ်ခွင့်မရှိတော့ပေ။

စုန့်ကွမ်ကျင့်သည့် စုန့်ကောရှမ့်ကို ခေါ်ကာ ကုန်အမှတ်တံဆိပ်နှင့် ပတ်သတ်၍ စုံစမ်းမေးမြန်းနိုင်မည့် လူတစ် ယောက်ယောက်ကို ရှာဖွေဖို့ တာဝန်ပေးလိုက်ပါသည်။

ရမ်သဲ့ထန်ကို အခြားသူများထက် ဦးစွာ မှတ်ပုံတင်ထားရပါမည်။

စုန့်ကောရှမ့်မှာ ထိုအကြောင်းအရာကို အပြည့်အဝ နားမလည်သော်ငြား ဆရာကြီး၏အမိန့်ဖြစ်၍ ချက်ချင်းပင် သွားရောက် ကိုင်တွယ်ရတော့သည်။

စုန့်ကွမ်းကျင့်တစ်ယောက် အိမ်ဝင်းအတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း တစ်ဦးတည်း အတွေးနွံထဲ နစ်နေသည်ကို မြင်သဖြင့် ယဲ့ရှောင်ရှောင် အိမ်ထဲသို့ အရင်ဝင်လာခဲ့ပါသည်။

စုန့်ရှောင်းကွမ်က သူမ၏ အထုပ်အပိုးများကို ဒုတိယထပ်ရှိအခန်းထဲသို့ ပို့ပေးထားပြီးသားဖြစ်သည်။

အခန်းက အလွန်သန့်ရှင်းနေသော်လည်း လွန်လွန်ကဲကဲ သန့်ရှင်းနေခြင်းမျိုးဖြစ်ကာ လူနေထိုင်သည့် အငွေ့အသက်မျိုးပင် မရှိလှပေ။

တစ်ခန်းလုံးကို အကဲခတ်ကြည့်ရှုပြီးနောက် သူမ ပစ္စည်းများကို နေရာချခဲ့သည်။

နေ့လယ်စာစားချိန်တွင် အိမ်၌ ချက်ပြုတ်ပေးသည့် အဒေါ်ကြီးတစ်ယောက် ရှိကြောင်း သိခဲ့ရသည်။

စုန့်ကွမ်းကျင့်က ထိုအဒေါ်ကြီးနှင့် မိတ်ဆက်ပေးလိုက်ပါသည်။

“ဒါ အဒေါ်ရှုလို့ ခေါ်တယ်၊ ဘာစားချင်လဲဆိုတာ သူ့ကို ပြောလိုက်ရုံပဲ၊ သူစီစဉ်ပေးလိမ့်မယ်၊ ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပါ၊ ဘာမှ အားနာမနေနဲ့”

အဒေါ်ရှုမှာ ဝဝဖိန့်ဖိန့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။ ယဲ့ရှောင်ရှောင်ကို ကြည့်ရင်း စုန့်ကွမ်းကျမ့်အား သူမ မေးမြန်းလိုက်ပါသည်။

“ဆရာကြီး ဒီသခင်မလေးကို ဘယ်လိုခေါ်ရမလဲ”

ယဲ့ရှောင်ရှောင်: “ကျွန်မကို ယဲ့ရှောင်ရှောင်လို့ပဲ ခေါ်ပါ”

အဒေါ်ရှုက တောက်တောက်ပပ ပြုံးကာ ချီးကျူးလိုက်သည်။

“လှလိုက်တဲ့ နာမည်လေးပဲ”

ယဲ့ရှောင်ရှောင်သည် ယခင်ဘဝက တောင်ပိုင်းတွင်သာ အနေများခဲ့သဖြင့် မြောက်ပိုင်းအစားအစာများနှင့် အနည်းငယ် အသားမကျ ဖြစ်နေခဲ့ပါသည်။

သူမ၏ အဘိုးမှာမူ မြောက်ပိုင်းသားတစ်ဦးဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ အဘိုးဖြစ်သူကလည်း ဟင်းမချက်တတ်ပေ။

အမှန်တော့ သူမတို့မိသားစုတွင် ယောက်ျား၊ မိန်းမ မရွေး မချက်ပြုတ်တတ်ကြပေ။ သူမ၏ မောင်နှမများက သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များတွင် ထူးချွန်ကြသော်ငြား အိမ်မှုကိစ္စများတွင်တော့ အလွန် ညံ့ဖျင်းကြပါသည်။

တစ်ခါတစ်ရံ သူမ မိဘနှစ်ပါးစလုံးမှာ အလုပ်ကြိုးစားလွန်းကြသူများဖြစ်၍ နောက်ဆုံးတွင် ကွာရှင်းခဲ့ကြရခြင်း ဖြစ်လိမ့်မည်ဟုးပင် ယဲ့ရှောင်ရှောင် တွေးမိသည်။

လင်မယားနှစ်ဦးတွင် တစ်ဦးကတော့ မိသားစုကိုစောင့်ရှောက်ဖို့အတွက် အလုပ်ကို စွန့်ပယ်ရပါမည်။

သို့သော် သူမ၏ မိဘနှစ်ပါးစလုံးက အလွန်ခေါင်းမာကြပြီး မည်သူကမှ အလျှော့မပေးချင်ခဲ့ကြသဖြင့် နောက်ဆုံးတွင် ကွဲကွာခဲ့ရသည်။

အဒေါ်ရှုက စုန့်ကွမ်းကျင့်ပြန်လာသည့် အထိန်းအမှတ်အနေဖြင့် ဟင်းလျာများကို တခမ်းတနား ပြင်ဆင်ပေးထားပါသည်။

ယဲ့ရှောင်ရှောင်ပင် ထမင်းကို ပုံမှန်ထက် တစ်ပန်းကန် ပိုစားမိသည်။

“ဒီငါးချဉ်စပ်ဟင်းက စီချွမ်တောင်ပိုင်းမှာချက်တဲ့ ပုံစံမျိုးပဲနော်”

ယဲ့ရှောင်ရှောင်မှာ အလွန်စပ်နေသဖြင့် နှုတ်ခမ်းများပင် နီမြန်းနေပါသည်။

အဒေါ်ရှု: “ဒါတောင် ဒေါ်လေး နည်းနည်းပြင်ချက်ထားတာပါ၊ မဟုတ်ရင် ဒီ့ထက်တောင် ပိုစပ်ဦးမှာ”

ယဲ့ရှောင်ရှောင်: “အခုတောင် တော်တော်စပ်နေပြီ!”

စုန့်ကွမ်းကျင့်က တစ်ချက်လှမ်းကြည့်လိုက်ရာ ယဲ့ရှောင်ရှောင် ချက်ချင်း ပါးစပ်ပိတ်သွားခဲ့ပါသည်။

သူမကို ဤအဘိုးကြီး ကျန်းမာရေးအသိပညာများနှင့်ပတ်သတ်၍ ထပ်မံစစ်ဆေးဦးမှာ သေချာသည်။

စုန့်ကွမ်းကျင့်က စည်းကမ်းတင်းကျပ်သော်လည်း ဆရာတစ်ယောက်အနေဖြင့်တော့ ထူးချွန်သည်ထက် ပိုပါသည်။

မြို့တော်သို့ ရောက်ရှိပြီး ဒုတိယမြောက်နေ့တွင် ယဲ့ရှောင်ရှောင်ကို ဆေးဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုဆေးဆိုင်မှာ စုန့်လင်မြို့ရှိ ဆေးဆိုင်လေးနှင့် မတူညီဘဲ အထပ်သုံးထပ်ရှိကာ အလွန်ကြီးမားကျယ်ဝန်းပါသည်။

အပြင်ပန်းမှကြည့်လျှင် ရှေးဟောင်းပုံစံ နီညိုရောင် သစ်သားအဆောက်အအုံကြီးဖြစ်သည်။

အတွင်းသို့ ဝင်လိုက်သည်နှင့် လူနာတန်းစီသည့်နေရာ၊ ရောဂါတိုင်ပင်ဆွေးနွေးသည့် နေရာ၊ ဆေးထုတ်ယူသည့်နေရာနှင့် ငွေပေးချေသည့်နေရာ စသည်ဖြင့် အကန့်အသတ်ဖြင့် စနစ်တကျ ရှိကာ ဆေးရုံအသေးစားလေးတစ်ခုနှင့်ပင် တူလှပါသည်။

All Chapters