အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
📗 Chapter 77
“ဆရာကြီးက ဆေးရုံတစ်ခု ဖွင့်ထားသလိုပါပဲလား”
စုန့်ကွမ်းကျင့်နှင့်အတူ အထဲသို့ ဝင်လာစဉ် ယဲ့ရှောင်ရှောင် အံ့ဩတကြီး ရေရွတ်လိုက်ပါသည်။
ဤဆေးဆိုင်ရှိ ဝန်ထမ်းများသည် စုန့်ကွမ်းကျင့်နှင့် ရင်းနှီးမှုသိပ်မရှိသော်လည်း နောက်တွင်ပါလာသည့် စုန့်ရှောင်းကွမ်ကို မြင်ပြီး ထိုအဘိုးကြီးမှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းမိပုံ ရသည်။
ထို့ကြောင့် ဝန်ထမ်းအားလုံး အလုပ်ကို ပိုမိုတက်ကြွစွာဖြင့် ကြိုးစားလုပ်ကိုင်ပြတော့သည်။
“ဆေးရုံတစ်ရုံဖြစ်ဖို့ အဝေးကြီးလိုပါသေးတယ်၊ ဒါပေမယ့် ဒါက ငါတို့ရမ်သဲ့ထန်ရဲ့ ဌာနချုပ်ပေါ့၊ မြင်ဖူးတယ်ရှိအောင် နင့်ကိုခေါ်လာခဲ့တာ”
စုန့်ကွမ်းကျင့်သည် ဤဆေးဆိုင်၏ နေ့စဉ်လုပ်ငန်းဆောင် တာများကို ကိုယ်တိုင် စီမံခန့်ခွဲလေ့ မရှိပေ။
ရမ်သဲ့ထန်သည် ယခင်က နိုင်ငံပိုင်အဖြစ် ပြောင်းလဲခြင်း ခံခဲ့ရဖူးသော်လည်း လွန်ခဲ့သည့် ၂ နှစ်ကမှ ပုဂ္ဂလိကပိုင်အဖြစ် ပြန်လည် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ အပြောင်းအလဲများစွာ ကြုံခဲ့ရသဖြင့် သူစုဆောင်းထားသည့် ငွေကြေးအနည်းငယ်မှာလည်း ကုန်သလောက်ပင် ဖြစ်နေခဲ့ရပါပြီ။
ယဲ့ရှောင်ရှောင်သည် စုန့်ကွမ်းကျင်နောက်မှလိုက်ကာ အထပ်သုံးထပ်စလုံးကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် စုန့်ကွမ်းကျင့်က မေးလိုက်သည်။
“တစ်ခုခု ထူးထူးခြားခြား သတိထားမိတာရှိလား”
ယဲ့ရှောင်ရှောင်: “ဒီကို ရောဂါလာပြတဲ့လူတွေထဲမှာ လူငယ်တွေ အရမ်းနည်းတာပဲ၊ ပြီးတော့ ရမ်သဲ့ထန်မှာ ဆရာဝန်လည်း သိပ်မရှိဘူးထင်တယ်နော်”
သူမတို့ ဤဆေးဆိုင်သို့ ရောက်ရှိနေသည်မှာ အတော်ကြာပြီဖြစ်သော်လည်း လူနာတန်းက ရှည်လျားပြီး ဆေးစစ်ပေးနေသည့် ဆရာဝန်မှာမူ တစ်ဦးတည်းသာ ရှိနေသည်။
စုန့်ကွမ်းကျင့်က သက်ပြင်းချလိုက်သည်။
“အမှန်ပဲ… ငါတို့ရဲ့ တရုတ်တိုင်းရင်းဆေးပညာက ဆုတ်ယုတ်လာနေပြီ၊ နောက်ဆယ်စုနှစ်တစ်စုလောက် ကြာရင် လုံးဝ ပျောက်ကွယ်သွားလောက်တယ်”
ယဲ့ရှောင်ရှောင်: “သမီးကတော့ ဆယ်စုနှစ်မကလို့ ရာစုနှစ်တစ်ခုကြာရင်တောင် တရုတ်တိုင်းရင်းဆေးပညာဆိုတာ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ယုံကြည်တယ်”
စုန့်ကွမ်းကျင့်: “ဘာပဲဖြစ်ဖြစ် မီးတောက်က ငြိမ်းစပြုနေပြီလေ၊ ဆေးကျမ်းစာအုပ်တွေကလည်း ရှာရခက်တယ်၊ တချို့ ဆေးညွှန်းတွေဆို လုံးဝ ပျောက်ကွယ်သွားလုနီးပါး ဖြစ်နေပြီ”
တိုင်းရင်းဆေးပညာ၏ အနာဂတ်ကို တွေးတောရင်း စုန့်ကွမ်းကျင့်တစ်ယောက် အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိပါသည်။
သူတို့ အားလုံး ပထမထပ်သို့ ပြန်ဆင်းလာကြသောအခါ အလွန် စကားပြောရခက်သည့် လူနာတစ်ယောက်နှင့် ဆုံခဲ့ရသည်။
လူနာအားလုံး စနစ်တကျ တန်းစီနေကြစဉ် လူတစ်ယောက်က ရုတ်တရက် ဝင်လာကာ အရေးပေါ်အခြေအနေဖြစ်နေ၍ ဦးစားပေးကြည့်ရှုပေးရန် တောင်းဆိုတော့သည်။
ရှေ့မှ တန်းစီနေသူများက ထိုလူ၏ ခြေလက်များမှာ ကောင်းမွန်နေသည်ကို မြင်သဖြင့် အလျော့မပေးချင်ကြပေ။ ထို့ကြောင့် စကားများကြပြီး ဆေးဆိုင်တစ်ဆိုင်လုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြတော့သည်။
ထိုစဉ် စုန့်ကွမ်းကျင့်က လှမ်းခေါ်လိုက်သည်။
“လူကြီးမင်းက ဆရာဝန်အမြန်တွေ့ဖို့ လိုအပ်နေတယ်ဆိုရင် ကျုပ်ဆီလာခဲ့ပါလား”
စုန့်ကွမ်းကျင့်သည် မုတ်ဆိတ်ဖြူဖြူ၊ ဆံပင်ဖြူဖြူရှိကာ မသေမျိုးပညာရှိကြီးတစ်ဦးနှင့် တူလှသည်။
ထိုလူလည်း အော်ဟစ်နေသည်ကို ရပ်တန့်လိုက်ပြီး စုန့်ကွမ်းကျင့်ကို ကြည့်ကာ မပီမသ မေးမြန်းလိုက်သည်။
“ခင်ဗျားလည်း ဆရာဝန်တစ်ယောက်ပဲလား”
စုန့်ကွမ်းကျင့်က ခေါင်းညိတ်သည်။
“အမှန်ပဲ”
ထိုအခါမှ ထိုလူသည် ဘေးသို့ ဖယ်ပေးလိုက်ပြီး အခြားလူနာများကို ဆက်လက်တန်းစီခွင့် ပြုခဲ့ပါသည်။
စုန့်ကွမ်းကျင့်သည် အနီးနားရှိ ခုံပုလေးတွင် ထိုင်ကာ မေးမြန်းလိုက်သည်။
“ဘယ်နေရာ နေထိုင်မကောင်းဖြစ်နေလို့လဲ”
“ကျုပ်… ကျုပ်သွားကိုက်နေလို့”
ထိုလူသည် သူ့ပါးကို လက်ဖြင့်အုပ်ထားပြီး စကားပြောလျှင်ပင် သိပ်မလှုပ်ရှားရဲပေ။
ပါးပြင်ကြွက်သားများ လှုပ်ခတ်ခြင်း သို့မဟုတ် သွားနှင့်ထိမိခြင်းတို့က မခံမရပ်နိုင်အောင် နာကျင်စေပါသည်။
သွားကိုက်ခြင်းက ကပ်ရောဂါမဟုတ်သော်လည်း နာကျင်မှုကြောင့် သေစေနိုင်သည်ဟု ဆိုကြသည်။
ခုတလော ထိုလူလည်း နာကျင်လွန်းသဖြင့် နံရံကို ခေါင်းဖြင့် ပြေးတိုက်ချင်စိတ်များပင် ပေါ်လာမိပါသည်။
စုန့်ကွမ်းကျင့်: “အရင်က ဘယ်လိုဆေးမျိုး သုံးဖူးလဲ”
“အကိုက်အခဲပျောက်ဆေးတွေတော့ သောက်တာပဲ၊ အစကတော့ အလုပ်ဖြစ်ပါတယ်၊ ဒါပေမယ့် လက္ခဏာကိုပဲ ကုသပြီး ရောဂါရင်းမြစ်ကို ကုသမပေးနိုင်ဘူး၊ တစ်နာရီ နှစ်နာရီလောက်နေရင် ပြန်ကိုက်လာကော၊ တစ်ရက်ကို အကိုက်အခဲပျောက်ဆေး အများကြီးသောက်လို့လည်း မရဘူးလေ”
စုန့်ကွမ်းကျင့်: “ပါးစပ်ဟကြည့်ပါ”
“အာ…”
ယဲ့ရှောင်ရှောင်လည်း လှမ်းကြည့်လိုက်သည်။
“ရပြီ ပြန်ပိတ်လိုက်တော့”
စုန့်ကွမ်းကျင့်သည် လူနာကို ပါးစပ်ပြန်ပိတ်ခိုင်းလိုက်ပြီးနောက် ယဲ့ရှောင်ရှောင်အား လှည့်မေးလိုက်ပါသည်။
“ဘယ်လိုသဘောရလဲ”
ယဲ့ရှောင်ရှောင်က အေးအေးလူလူ ပြန်ဖြေသည်။
“စာအုပ်တွေထဲမှာတော့ လေပူဝင်ရောက်ခြင်းနဲ့ လေမီးအဆိပ်တွေကြောင့် သွားနဲ့ သွားဖုံးတွေကို ထိခိုက်စေတယ်တဲ့၊ အဲ့ဒီအဆိပ်တွေ စုစည်းပြီး တခြားနေရာကို မပျံ့နှံ့နိုင်တဲ့အခါ ‘ချီ’နဲ့ သွေးတွေ ပိတ်ဆို့ပြီး သွေးကြောတွေပါ ပိတ်သွားနိုင်လို ရောဂါဖြစ်ပွားစေတာလို့ ဖော်ပြထားပါတယ်”
“ဒီလူကြီးမင်းရဲ့ သွားဖုံးတွေက ရောင်နေတယ်၊ လတ်တလောမှာ မြေပဲတွေ၊ အစေ့အဆန်တွေ၊ အသားငါးတွေ စားပါများလို့ အစာအိမ်ထဲကနေ အပူတွေကန်ပြီး သွားကိုက်တာ ဖြစ်ပါလိမ့်မယ်”
ထိုလူက ပါးကိုလက်ဖြင့်အုပ်ရင်း ပြောလိုက်သည်။
“ဘာလို့ စကားတွေ လာများနေတာလဲ၊ ငါ့ကို သွားကိုက်ပျောက်အောင်လုပ်ခိုင်းဖို့ လာခဲ့တာ! စကားများတာ နားထောင်ဖို့ လာခဲ့တာ မဟုတ်ဘူး”
ယဲ့ရှောင်ရှောင် ရှေ့သို့ တိုးလာသည်။
“လူကြီးမင်း လက်တစ်ဖက် ရှေ့ဆန့်လိုက်ပါ”
ထိုလူကလည်း သံသယဖြင့် ဘယ်ဘက်လက်ကို ဆန့်ပေးလိုက်ပါသည်။
ယဲ့ရှောင်ရှောင်သည် လက်ဖမိုး၏ လက်ညှိုးနှင့် လက်မအကြားရှိ ဟယ်ကူးအမှတ်ကို ဦးစွာ ရှာဖွေလိုက်ပြီး သူမ၏ လက်မဖြင့် သုံးမိနစ်ကြာအောင် ဖိထားလိုက်သည်။
သုံးမိနစ်ပြည့်သောအခါ အခြားလက်တစ်ဖက်ကို ပြောင်းလိုက်ပါသည်။
သတိပင်မထားမိလိုက်ချိန်တွင် ထိုလူ၏ နာကျင်မှုများ အရှင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုလူမှာ မျက်လုံးများ ပြူးကျယ်သွားရလေသည်။
“ဟာ တကယ်မနာတော့ဘူးဟ!”
ယဲ့ရှောင်ရှောင်: “ရှင့်လို အခြေအနေမျိုးက ဆေးသောက်ဖို့ မလိုပါဘူး၊ နာလာရင် ကိုယ့်ဖာသာကိုယ် အဲ့ဒီ အကြောမှတ်ကို ဖိပေးလိုက်၊ အစားအသောက်ကို ဆင်ခြင်ပြီး ကျွန်မပြောခဲ့တဲ့ အစားအစာတွေကို လျှော့စားမယ်ဆို သုံးရက်ကနေ ငါးရက်အတွင်း ပျောက်ကင်းသွားလိမ့်မယ်”
“ကောင်းတယ် ကောင်းတယ်! ဆရာဝန်မလေးက ဆေးကုတာ တော်ရုံတင်မကဘူး ကျုပ်ကိုပါ ငွေကုန် သက်သာအောင် ကူညီပေးလိုက်တာပဲ!”
ပိုက်ဆံကုန်စရာမလိုတော့ကြောင်း သိလိုက်ရသဖြင့် ထိုလူ၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။
ထိုလူ၏ စကားသံမှာ အတော်လေးကျယ်လောင်သဖြင့် တန်းစီနေသည့် အခြားလူနာများကပါ ဝိုင်းကြည့်လာကြသည်။
“သွားကြစို့၊ အခုမထွက်ရင် နင့်ကို အလုပ်ဆက်လုပ်ခိုင်းကြလိမ့်မယ်”
သူသည် ယနေ့တွင် ယဲ့ရှောင်ရှောင်ကို ဆေးဆိုင်၏အခြေ အနေ လာပြခြင်းသာဖြစ်ပြီး သူမကို ဆေးကုသခွင့်ပေးဖို့ မဆုံးဖြတ်ရသေးပေ။
ဆေးဆိုင်ပြင်ပသို့ ရောက်သောအခါ စုန့်ကွမ်းကျင့်က ပြောလိုက်သည်။
“တရုတ်တိုင်းရင်းဆေးပညာဆိုတာ ရွေးချယ်ဖို့ ဘာလို့ခက်လဲ မြင်ပြီလား၊ လူတိုင်းသာ ဆေးပညာကို နင့်လို လေ့လာကြမယ်ဆိုရင် ငါတို့တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ဘူး”
ယဲ့ရှောင်ရှောင်က နှာခေါင်းကို ရှက်ကိုးရှက်ကန်းပွတ်ကာ ပြောလိုက်သည်။
“အဲ့တာတွေက အသေးအဖွဲရောဂါလေးတွေမို့ပါ၊ ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ ရောဂါတွေလည်း ရှိတယ်လေ၊ အဲ့တာတွေကမှ ငွေရှာကောင်းတဲ့ ရောဂါတွေ”
စုန့်ကွမ်းကျင့်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
“အဲ့တာဆိုလည်း နင်အမြန်ဆုံးထူးချွန်လာအောင် ကြိုးစားလိုက်တော့”
ရယ်မောပြီးနောက် သူထပ်ပြောလိုက်သည်။
“နင့်ရဲ့ အရင်ဆရာက နင့်ကို အပ်စိုက်ပညာနဲ့ အကြောမှတ်တွေကို အဓိကထား သင်ပေးခဲ့တဲ့ပုံပဲ၊ နင်က အကြောမှတ်တွေအကြောင်း တော်တော်လေး နှံ့စပ်တယ်နော်”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်”
စုန့်ကွမ်းကျင့်: “သူဘယ် သူဘယ်ဝါလဲ ထုတ်မပြောနိုင်တာ စိတ်မကောင်းစရာပဲ၊ မဟုတ်ရင်တော့ ငါတို့နှစ်ယောက် ပညာချင်း ဖလှယ်လို့ရလောက်တယ်”
ယဲ့ရှောင်ရှောင်: “အဲ့ဒီဆရာက သမီးကို သင်ပေးပြီး တခြားနေရာကို ပြောင်းသွားတာ၊ သမီးလည်း သူ့ကို ရှာမတွေ့တော့ဘူး”
စုန့်ကွမ်းကျင့်၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်မှုများနှင့် ပြည့်နှက်သွားတော့သည်။
--- --- ---
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်မည့်ကိစ္စအား စုန့်ကောရှမ့် စုံစမ်းပြီးသွားပါပြီ.
ကုန်အမှတ်တံဆိပ် မူဝါဒကို ထုတ်ပြန်ထားသည်မှာ ၂ နှစ်ခန့်သာ ရှိပါသေးသည်။ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်သည့် လုပ်ငန်းရှင်များမှာ အလွန်နည်းပါးနေဆဲဖြစ်ကာ ရုံးခန်းမှာလည်း အလွန် တိတ်ဆိတ်နေခဲ့ပါသည်။
လိုအပ်သည့် စာရွက်စာတမ်းများနှင့် မှတ်ပုံတင်လိုသည့် အမှတ်တံဆိပ်ကို ယူဆောင်သွားလျှင် အလွယ်တကူပင် ဆောင်ရွက်နိုင်ပေလိမ့်မည်။
ယဲ့ရှောင်ရှောင်သည် ‘ရမ်သဲ့ထန်’အတွက် သူမကိုယ်တိုင် ရေးဆွဲထားသည့် အမှတ်တံဆိပ်မျိုးစုံကို စုန့်ကွမ်းကျင့်အား ပြသလိုက်ပါသည်။
စာလုံးအမှတ်တံဆိပ်များသာမက ရုပ်ပုံအမှတ်တံဆိပ်များပါ ပါဝင်ပြီး နောက်ဆုံးတွင် ဆက်စပ်သမျှ အရာအားလုံးကို မှတ်ပုံတင်လိုက်ကြပါသည်။
စုန့်ကွမ်းကျင့်: “နင်ဆွဲထားတဲ့ ပုံတွေက တော်တော်လှတာပဲ၊ တံဆိပ်တုံးတစ်ခုလုပ်ပြီး ငါတို့ ရမ်သဲ့ထန်အတွက် အမှတ်တံဆိပ်အဖြစ် သုံးလို့ရတယ်”
ယဲ့ရှောင်ရှောင်ကမူ နောင်နှစ်ပေါင်းများစွာမှ ရေပန်းစားလာမည့် ပုံစံဖြစ်သဖြင့် သူမ ဖာသာ လျှောက်ဆွဲထားခြင်း ဖြစ်သည်ဟု ဆိုသော်လည်း ဆရာကြီးက သဘောကျနေသဖြင့် မငြင်းတော့ပေ။
“ဆရာကြီး အေးးအေးဆေးဆေး ကြည့်နှင့်ဦးနော်၊ သမီး ဖုန်းသွားဆက်လိုက်ဦးမယ်”
ပေကျင်းမြို့သို့ ရောက်စဉ်ကတည်းက လုဟန်ချွမ်အား ယဲ့ရှောင်ရှောင် အကြောင်းမကြားရသေးပါ။
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ ရုံးသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်ရာ အော်ပရေတာက ဖြေကြားပါသည်။
ယဲ့ရှောင်ရှောင်: “ဗိုလ်မှူး လုဟန်ချွမ်နဲ့ စကားပြောချင်လို့ပါ”
အော်ပရေတာ: “ခဏလောက်စောင့်ပေးပါနော်၊ အခုချက်ချင်း ဖုန်းလွှဲပေးပါ့မယ်”
ယဲ့ရှောင်ရှောင် ခေတ္တစောင့်နေပြီးနောက် တစ်ဖက်မှ ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသည်။
“ရှောင်ရှောင်လား”
“ကျွန်မပါ၊ ကျွန်မ ပေကျင်းကို ရောက်ပြီဆိုတဲ့အကြောင်း လှမ်းအသိပေးတာ”
လုဟန်ချွမ် အလွန်အံ့အားသင့်သွားခဲ့ပါသည်။
“ကျောင်းတက်ရမယ့်အချိန် မရောက်သေးဘူး မဟုတ်လား”
ယဲ့ရှောင်ရှောင်: “ကျွန်မဆရာကြီးနဲ့ အတူတူ လိုက်လာခဲ့တာ၊ ပေကျင်းမှာလည်း သူ့ဆေးဆိုင်ရှိသေးတယ်လေ၊ အဲ့တာကြောင့် ပညာယူလို့ရအောင်လို့ ကျွန်မကို ခေါ်လာခဲ့တာ”
လုဟန်ချွမ်: “အခုသုံးနေတာ ဆရာကြီးစုန့်ရဲ့ ဖုန်းလား”
“ဟုတ်တယ်”
လုဟန်ချွမ် ချက်ချင်း ပြောလိုက်သည်။
“ကိုယ့်ကို လိပ်စာပေး၊ အချိန်ရတာနဲ့ လာတွေ့မယ်”
ယဲ့ရှောင်ရှောင် အမြန်ငြင်းလိုက်သည်။
“မလိုပါဘူး မလိုပါဘူး၊ ကျွန်မ ပေကျင်းကိုရောက်ပြီဆိုတာကို သိအောင်ပဲ ဖုန်းဆက်လိုက်တာပါ”
လုဟန်ချွမ်: “ဘာပဲဖြစ်ဖြစ် ကိုယ်လာလည်သင့်တာပေါ့”
ထို့ကြောင့် ယဲ့ရှောင်ရှောင်လည်း မတတ်သာတော့ဘဲ ဆရာကြီး စုန့်ကွမ်းကျင့်၏လိပ်စာကို ပေးလိုက်ရတော့သည်။
လုဟန်ချွမ် မှတ်သားလိုက်ပြီး ခေတ္တ တိတ်ဆိတ်သွားပြီးနောက် မေးမြန်းလိုက်ပါသည်။
“မင်း စစ်တပ်ဝင်းထဲကိုကော ပြန်ဦးမှာလား”
ယဲ့ရှောင်ရှောင်: ‘…’
‘ငါက ဘာလို့ပြန်ရမှာလဲ၊ အဲ့ကလူတွေကို တစ်ယောက်မှ မှတ်မိမှာ မဟုတ်ဘူး’
သူမကို လာနှုတ်ဆက်သည့်လူတိုင်းအား အရူးတစ်ယောက်လို ကြောင်ကြည့်နေမိမှာ သေချာပါသည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင် အမြန်ငြင်းဆန်လိုက်ပါသည်။
“ကျွန်မ မပြန်သေးပါဘူး၊ ရှင်နဲ့အတူတူ ပြန်ဖို့ပဲ စောင့်နေမယ်”
လုဟန်ချွမ် ရယ်မောလိုက်သည်။ သူဘာတွေစဉ်းစားနေမှန်းတော့ မသိရပေ။
“ဟုတ်ပါပြီ၊ အချိန်တန်ရင် ကိုယ်လိုက်ပို့ပေးမယ်နော်”
📗 Chapter 78
ယဲ့ရှောင်ရှောင်အနေဖြင့် သူမ မမှတ်မိသည့် လူများကို ခွဲခြားရာတွင် လုဟန်ချွမ်ကိုသာ အားကိုးရမည်ဖြစ်သဖြင့် သူ့စကားကို ကန့်ကွက်စရာအကြောင်း မရှိပေ။
သို့သော် လုဟန်ချွမ်၏ အတွေးကမူ ခြားနားသည်။
ဤသည်မှာ သူတို့နှစ်ဦး၏ ဆက်ဆံရေး တိုးတက်လာသည့် လက္ခဏာဟု ထင်မှတ်နေပါသည်။
ဖုန်းချပြီးနောက် လုဟန်ချွမ်သည် စစ်ဘက်ဆိုင်ရာ တာဝန်များကို အဆုံးသတ်ကာ မိသားစုနေထိုင်ရာည စစ်တပ်ဝင်းသို့ ခေတ္တပြန်လာခဲ့သည်။
မိဘနှစ်ပါးစလုံးမှာ အလုပ်များနေကြသဖြင့် အိမ်တွင် အဘိုးလုနှင့် အဘွားလုတို့သာ ရှိကြပါသည်။
အဘိုးအဘွားများသည် အနားယူသွားကြပြီ ဖြစ်သော်လည်း ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမှာ ခိုင်ခိုင်မြဲမြဲ ရှိနေဆဲဖြစ်သည်။
နိုင်ငံတော်မှ ချီးမြှင့်ထားသည့် ပြုစုစောင့်ရှောက်ရေး ဝန်ထမ်းများလည်း ရှိနေသဖြင့် လင်မယားနှစ်ဦး အေးအေးလူလူပင် အနားယူနိုင်ကြပါသည်။
“ဒီနေ့ ဘာအကြောင်းထူးလို့လဲ၊ ဘာလို့ အလောတကြီး ပြန်ရောက်လာတာလဲ”
အဘိုးလုသည် ခြံဝင်းထဲတွင် ငှက်ကလေးများကို အစာကျွေးနေပါသည်။
မြေးဖြစ်သူ ပြန်လာသည်ကို သတိထားမိသောအခါ တစ်ချက််သာ လှည့်ကြည့်ခဲ့ပြီး မေးမြန်းလိုက်သည်။
“ကိစ္စတစ်ခုရှိလို့ ပြန်လာခဲ့တာ၊ အဖေနဲ့အမေ အိမ်မှာ မရှိဘူးမလား”
လုဟန်ချွမ်သည် အဘိုးဖြစ်သူဘေးသို့ လျှောက်သွားကာ မေးလိုက်သည်။
လုကော်ဖုန်းက အေးစက်စွာ ပြန်ဖြေသည်။
“မရှိဘူး”
အိမ်ရှေ့မှ စကားပြောသံများကို ကြားသောအခါ အဘွားလု အိမ်တံခါးဖွင့်ကြည့်လိုက်ပြီး လုဟန်ချွမ်ကို မြင်သွားခဲ့ပါသည်။
“ရှောင်းချွမ်လေး ပြန်လာတာလား၊ အိမ်ထဲ ဘာလို့ မဝင်တာလဲ”
လုကော်ဖုန်းကမူ သူ၏ နေ့စဉ် အိမ်ထောင်ပြုရေး နားပူနားဆာ လုပ်ငန်းကို စတင်တော့သည်။
“မင်းက အိမ်ကို အမြဲတမ်း တစ်ယောက်တည်း ပြန်လာတာပဲ၊ ဘယ်လိုပဲကြည့်ကြည့် ငါ့အတွက် မျက်စိစပါးမွေး စူးစရာ ဖြစ်နေတယ်”
ချန်းယန်က မြေးဖြစ်သူကို ကာကွယ်ပြောဆိုလိုက်သည်။
“ကျွန်မတို့ ရှောင်းချွမ်လေးက အိမ်ကို ခဏခဏ ပြန်လာတာမဟုတ်ဘူး၊ ရှင်ပစိပစပ် ဆက်များနေရင် ကျွန်မ ဒေါသထွက်မိမယ်နော်”
အဘိုးလုသည် မိသားစု၏ အကြီးအကဲဖြစ်သဖြင့် တစ်အိမ်လုံးတွင် မည်သူ့ကိုမှ မကြောက်တတ်ပါ။
ဇနီးဖြစ်သူကတော့ ခြွင်းချက်ပင်။ ထို့ကြောင့် မိန်းမအနည်းငယ် ကြောက်ရသည့်အထဲ ပါဝင်ပါသည်။
ချန်းယန်သည် ငယ်စဉ်က စစ်တပ်အတွင်းရှိ ဖျော်ဖြေရေး အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးသဖြင့် တက်ကြွရွှင်လန်းသော ကိုယ်ရည်ကိုယ်သွေး ရှိသူဖြစ်ကာ အသက်ကြီးလာသည့်တိုင်အောင် ခင်မင်စရာကောင်းသည့် အမျိုးသမီး ဖြစ်နေဆဲပင်။
ဇနီးဖြစ်သူ၏ စကားကိုကြားသောအခါ လုကော်ဖုန်းသည် လက်နှစ်ဖက်ကို ကျောနောက်ပစ်လျက် တစ်ကိုယ်တည်း ပွစိပွစိ ပြောနေတော့သည်။
“အေးပါ သူ့ကို ဆက်ပြီး အလိုလိုက်ထားကြ၊ ဒီတစ်သက်တော့ ငါမြစ်ချီရပါဦးမလား မသိတော့ဘူး၊ ချန့်မိသားစုက ကောင်မလေးက အရမ်းလှပါတယ်ဆိုနေမှ၊ သူကပဲ အထက်စီးက ငြင်းရတယ်ရှိသေးတယ်”
ချန်းယန်က တံခါးဝတွင် ရပ်ရင်း လှမ်းအော်သည်။
“ဒီအဘိုးကြီးကတော့လေ၊ ဒါကလေးတွေကိစ္စ မဟုတ်ဘူးလား၊ ရှင်က ဘာတွေဝင်ပူနေတာလဲ၊ လွတ်လပ်စွာ ချစ်ကြိုက်ခွင့် ဆိုတဲ့သဘောတရားကိုကော ရှင်နားလည်ရဲ့လား”
လုဟန်ချွမ်က ရှေ့တိုးလာကာ အဘွားဖြစ်သူအား တွဲပေးလိုက်ရင်း အပြုံးဖြင့် ပြောလိုက်သည်။
“အဘွားပြောတာ မှန်တယ်၊ ဒါပေမယ့် အဘိုးလည်း စိတ်ပူစရာမလိုတော့ပါဘူး၊ ကျွန်တော့်မှာ ကောင်မလေး ရှိနေပြီ”
ထိုစကားကို ကြားလိုက်ရသည်နှင့် အဘိုးအဘွားနှစ်ဦးစလုံး တပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။
လုကော်ဖုန်းမှာ ငှက်စာကျွေးချင်ယောင် ဆောင်နေရာမှ တံခါးဝသို့ အပြေးအလွှားရောက်လာပြီး အကြောင်းစုံ မေးမြန်းလေတော့သည်။
ချန်းယန်ကလည်း မြေးဖြစ်သူကို အိမ်ထဲသို့ ဆွဲခေါ်ကာ တတွတ်တွတ် မေးမြန်းလေသည်။
“ဘယ်သူ့သမီးလေးလဲ၊ အဘွားတို့ကိုလည်း တစ်ခါမှ မပြောဖူးပါလား၊ နင်ငါတို့ကို လိမ်နေတာတော့ မဟုတ်လောက်ပါဘူးနော်”
ထိုသို့မေးလိုက်သော်လည်း သူလိမ်ညာနေခြင်းမဟုတ်မှန်း ချန်းယန်သိပါသည်။
သူမ၏ မြေးတွင် ပြတ်သားသည့် စိတ်ဓာတ်ရှိသဖြင့် မဟုတ်ဘဲနှင့်တော့ လိမ်ပြောမည့်သူ မဟုတ်ပေ။ ချန့်မိသားစုမှ ကောင်မလေးကို ကြည့်လျှင် သိနိုင်ပါလိမ့်မည်။
သူမက လုဟန်ချွမ်နောက်ကို တကောက်ကောက် လိုက်နေသော်လည်း လုဟန်ချွမ်ကမူ မျက်နှာသာ လုံးဝ မပေးခဲ့ပါ။
လုဟန်ချွမ်သည် အားနာရုံသက်သက်ဖြင့် မျက်နှာလိုက်တတ်သူမျိုး မဟုတ်ပေ။
လုကော်ဖုန်းက မေးသည်။
“ဘယ်သူ့ကောင်မလေးလဲ၊ ဒီလောက် တိတ်တိတ်ပုန်းတွဲနေရအောင်… သူက မင်းကို သဘောမကျလို့လား”
ချန်းယန်က သူ့ကို တွန်းထုတ်ပစ်လိုက်သည်။
“ပေါက်ကရတွေ မပြောစမ်းပါနဲ့”
လုဟန်ချွမ်: “…”
“သူ့ကို အဘိုးနဲ့ အဘွားတို့ သိလောက်မှာပါ၊ သူက ဟောက်မိသားစုနဲ့ ယဲ့မိသားစုတို့ကြားထဲ မွေးကတည်းက ကလေးချင်း မှားသွားတဲ့ကောင်မလေးလေ”
ချန်းယန် မျက်မှောင်ကြုတ်သွားသည်။
သူမသည် စစ်တပ်ဝင်းအတွင်းရှိ အဘွားအိုအသိုင်းအဝိုင်းတွင် ကျင်လည်နေသူဖြစ်၍ ထိုအတင်းအဖျင်းများကို ကြားဖူးပါသည်။
“ဘယ်တစ်ယောက်လဲ၊ အသစ်ရောက်လာတဲ့တစ်ယောက်လား၊ ထွက်သွားရတဲ့တစ်ယောက်လား”
လုဟန်ချွမ်က ဖြေသည်။
“ထွက်သွားရတဲ့တစ်ယောက်လေ၊ သူ့နာမည်က ယဲ့ရှောင်ရှောင်တဲ့”
ဤသည်မှာ စစ်တပ်ဝင်းအတွင်း ကြီးမားသည့် သတင်းတစ်ခု ဖြစ်သည်။
လုကော်ဖုန်းပင် ထိုသတင်းကို ကြားဖူးသဖြင့် သံသယဖြင့် မေးလိုက်ပါသည်။
“သူက ရှုမိသားစုရဲ့ ချွေးမလောင်း မဟုတ်ဘူးလား”
လုဟန်ချွမ်က စူးရှသော မျက်လုံးများဖြင့် အဘိုးဖြစ်သူကို ကြည့်ကာ အပြတ်ပြောလိုက်သည်။
“အရင်က ဟုတ်တယ်၊ အခုတော့ မဟုတ်တော့ဘူး”
လုကောဖုန်းသည် ခေါင်းငုံ့ကာ မြေးမိုက်ကို ရိုက်နှက်ဖို့ လက်နက်တစ်ခုခု ရှာဖွေလေတော့သည်။
“မင်းကတော့ နာချင်နေပြီထင်တယ်! သူများရဲ့ သတို့သမီးလောင်းကို သွားခိုးရဲတယ်ပေါ့ ဟုတ်လား!”
သို့သော် ချန်းယန်က ဝင်တားလိုက်သည်။
“အဲ့ဒီကောင်မလေးကို ကျွန်မ မြင်ဖူးတယ်၊ သူက လှလည်းလှသလို ယဉ်ကျေးသိမ်မွေ့မယ့် ပုံစံလေးပါ”
ချန်းယန်သည် ယခင်က ယဲ့ရှောင်ရှောင်ကို ခပ်လှမ်းလှမ်းမှ မြင်ခဲ့ဖူးပါသည်။
သူမ၏ စိတ်နေစိတ်ထားကို မသိရသော်လည်း သူမ၏ ရုပ်ရည်မှာမူ တစ်ခါမြင်ဖူးလျှင် မေ့မရနိုင်လောက်အောင် ထင်ရှားလွန်းလှသည်။
လုကော်ဖုန်းက သံသယအကြည့်ဖြင့် ကြည့်နေစဉ်မှာပင် ချန်းယန်က ဆက်ပြောသည်။
“ပြီးတော့ ဟောက်မိသားစုက သူတို့သမီးအသစ်နဲ့ ရှုမိသားစုရဲ့ သားကို လက်ဆက်ပေးဖို့ ကြိုးစားနေကြတာ မဟုတ်ဘူးလား၊ အတိတ်က အတိတ်မှာ ကျန်ခဲ့ပြီပဲ၊ ရှောင်းချွမ် သဘောကျတယ်ဆိုရင် ကလေးတွေ အချင်းချင်းတွဲတာ ဘာမှမဖြစ်ပါဘူး”
လုဟန်ချွမ်က ဝင်ပြောသည်။
“အဘွားက သဘောတူတယ်ဆိုမှတော့ ကျွန်တော် နောက်တစ်ခါ သူ့ကို ခေါ်လာတဲ့အခါကျရင် နည်းနည်းပါးပါး ကာကွယ်ပေးရမယ်နော်”
စစ်တပ်ဝင်းထဲတွင် သတင်းများက ပျံ့နှံ့လွယ်ပါသည်။
ယဲ့ရှောင်ရှောင်၏ ရှုပ်ထွေးသော မိသားစုနောက်ခံကြောင့် သူမနှင့်ပတ်သတ်သည့် မကောင်းသတင်းများ ထွက်လာမည်ကို လုဟန်ချွမ် မလိုလားပါ။
ချန်းယန်က ရင်ပုတ်ကာ အာမခံလိုက်သည်။
“သူက လုမိသားစုဝင်ဖြစ်လာမယ့် မိန်းကလေးပဲဥစ္စာ၊ အဘွားရှိနေသရွေ့ ဘယ်သူမှ အနိုင်မကျင့်ရဲစေရဘူး”
လုကော်ဖုန်းကလည်း ချောင်းနှစ်ချက်ဟန့်ကာ သူရှိနေသေးကြောင့် အချက်ပြလိုက်သည်။
“သူ့ကို ဘယ်တော့ ခေါ်လာမှာလဲ”
လုကော်ဖုန်းတွင် သား ငါးယောက်ရှိပြီး လေးယောက်က စစ်မြေပြင်တွင် သေဆုံးသွားကြသည်။ မြေးဟူ၍လည်း လုဟန်ချွမ်တစ်ဦးတည်းသာ ရှိပါသည်။
ထို့ကြောင့် မြေးဖြစ်သူကို အိမ်ထောင်ပြုရန် နားပူနားဆာ လုပ်နေခြင်းမှာ အခြားကြောင့် မဟုတ်ဘဲ၊ အသက်ကြီးလာသည့်အခါ သားမြေးမြောက်မြားစွာနှင့် စည်ကားသည့် အိမ်လေးတစ်လုံးကို မြင်ချင်သည့် ဆန္ဒကြောင့်ပင် ဖြစ်သည်။
ချန်းယန်က မေးသည်။
“အဘွားမှတ်မိသလောက်ဆို အဲ့ဒီကလေးမလေးက သိပ်မကြီးသေးဘူးမလား”
လုဟန်ချွမ်: “အခုမှ တက္ကသိုလ် စတက်မှာပါ”
“ဟုတ်လား ဘယ်တက္ကသိုလ်တုန်း”
“ကျင့်ဟွာ တက္ကသိုလ်ပါ”
ချန်းယန်က ဝမ်းသာအားရ လက်ခုပ်လက်ဝါးတီးကာ ပြောလိုက်သည်။
“ဘုရားရေ၊ သူ့ပညာရေးအဆင့်အတန်းက အဲ့လောက်တောင် မြင့်တာလား၊ ကျင့်ဟွာတက္ကသိုလ်ဆိုတာ လူတိုင်း တက်နိုင်တာ မဟုတ်ဘူး၊ ပညာတတ်တာ ကောင်းပါတယ်၊ အဘွားကတော့ ပညာတတ်တွေကိုပဲ သဘောကျတယ်”
လုကော်ဖုန်းက အတိုင်အဖောက်ညီနေသည့် မြေးအဘွားနှစ်ယောက်ကို ကြည့်ရင်း ချောင်းဟန့်လိုက်သည်။
“အဟမ်း”
ချန်းယန်က လှည့်ငေါက်လိုက်ပါသည်။
“ဘာတွေ ချောင်းလာဟန့်နေတာလဲ၊ ကျွန်မပြောတာ မှားလို့လား”
လုကော်ဖုန်း: “ငယ်ရွယ်တာ ကောင်းပါတယ်၊ မင်းတို့နှစ်ယောက် တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ အချိန်ယူပြီး ကြိုးစားသင့်တယ်၊ လျန့်မိသားစုက ငတိလို မဖြစ်စေနဲ့၊ အဲ့ဒီကောင်က တစ်လကို မိန်းကလေး ၈ ယောက်လောက် အိမ်ခေါ်လာတာ၊ အဘိုးလျန့်ဆို ဒေါသထွက်လွန်းလို့ သေတော့မယ်”
‘လျန့်မိသားစုမှ ငတိ’ဟူသည်မှာ လုဟန်ချွမ်၏ ငယ်သူငယ်ချင်းဖြစ်သူ လျန့်ချန်းရှုပင် ဖြစ်သည်။ သူသည် ရုပ်ရည် ချောမောပြီး ဆွဲဆောင်မှုရှိသော်လည်း အလွန်ခြေရှုပ်တတ်ပါသည်။
အချစ်ရေးတွင် ခြေရှုပ်သော်လည်း သူငယ်ချင်းများအပေါ် သစ္စာရှိသဖြင့် လုဟန်ချွမ်နှင့် ရင်းနှီးမှု ရှိပေသည်။
ချန်းယန်: “ရှင်ပြောချင်တာ ပြောပြီးပြီမလား၊ အခု ရှောင်းချွမ်မှာ ကောင်မလေး ရှိနေပြီဆိုတော့ နောက်တစ်ခါ ချန့်မိသားစုက ကောင်မလေး လာလည်ရင် အချိုးကို ပြင်ထားဦး”
လုကော်ဖုန်း: “အဲ့ဒီကောင်မလေး မလိုအပ်ဘဲ မျှော်လင့်ချက်တွေမထားအောင် မင်းက ရှင်းရှင်းလင်းလင်း ပြောထားမှ ဖြစ်မှာပေါ့ကွ”
ချန်းယန် သူ့ကို ခပ်စူးစူး စိုက်ကြည့်လိုက်သည်။
‘အရင်က အဲ့ဒီကောင်မလေးကို ဝမ်းသာအားရ ကြိုဆိုခဲ့တာ ရှင်မဟုတ်ဘူးလား၊ အခုတော့ ချက်ချင်းသဘောထားပြောင်းပြီး ကျွန်မကို လူယုတ်မာ လုပ်ခိုင်းတော့မှာပေါ့’
ချန်းယန်သည် လုဟန်ချွမ်အား ကွယ်ရာသို့ ဆွဲခေါ်ကာ သူ့လက်ထဲ ငွေအချို့ ခိုးထည့်ပေးလိုက်ပါသည်။
“ရည်းစားထားတဲ့အခါ ကောင်မလေးအပေါ် ရက်ရက်ရောရော ရှိရတယ်၊ ကပ်စေးနည်းမနေနဲ့နော်”
လုဟန်ချွမ် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
“ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ် အဘွားရဲ့”
“သိပါတယ်၊ ဒါအဘွားက စေတနာနဲ့ မုန့်ဖိုးပေးတာ”
လုဟန်ချွမ်လည်း မတတ်သာတော့ဘဲ ငွေများကို လက်ခံလိုက်ရသည်။
“ဒါဆိုလည်း ရှောင်ရှောင်ကိုယ်စား ကျွန်တော် လက်ခံလိုက်ပါ့မယ်”
အဘွားလုက သူ့ကျောကို ပုတ်ကာ မေးလိုက်သည်။
“အဲ့ဒီအကြောင်းပြောဖို့ တကူးတက ပြန်လာခဲ့တာလား”
“မိသားစုကို အရင်အသိပေးထားတာ ပိုကောင်းမယ်ထင်လို့လေ၊ ဒါမှ ကျွန်တော် အိမ်ပြန်လာတိုင်း နားပူနားဆာ အလုပ်မခံရတော့မှာပေါ့”
လုကော်ဖုန်းက မျက်စောင်းလှမ်းထိုးသည်။
“ဒီကောင် လူကြီးမိဘကို မလေးမစားနဲ့ကွာ! ငါက ဘယ်သူ့အတွက် အဲ့လောက် အာညောင်းခံပြီး ပြောနေရတယ် ထင်လို့လဲ”
လုဟန်ချွမ်သည် အငြင်းပွားရန် ပြန်လာခြင်း မဟုတ်သဖြင့် အဘိုးဖြစ်သူကို အလျှော့ပေးလိုက်ရသည်။
“ကျွန်တော့်အတွက်ပါ ကျွန်တော့်အတွက်ပါ၊ အခုကော အဘိုးစိတ်ချသွားပြီလား”
လုကော်ဖုန်းက လက်နောက်ပစ်လျက် ဆိုသည်။
“မင်းလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးမှ စကားဆက်ပြောကြတာပေါ့”
အဘိုးလုသည် ခေါင်းမာနေဟန်ပေါ်သော်လည်း ရင်ထဲမှ အပူလုံးကြီးမှာ အမှန်တကယ် ကင်းစင်သွားခဲ့ရပါပြီ။
မြေးဖြစ်သူသည် ကျန်းမာရေးချို့ယွင်းနေခြင်း မဟုတ်ဘဲ စံနှုန်းအနည်းငယ် မြင့်မားလွန်းခြင်းကြောင့်သာဖြစ်မှန်း သက်သေပြနိုင်ခဲ့လေပြီ။
“ဒီကောင် လူကြီးမိဘကို မလေးမစားနဲ့ကွာ! ငါက ဘယ်သူ့အတွက် အဲ့လောက် အာညောင်းခံပြီး ပြောနေရတယ် ထင်လို့လဲ”
လုဟန်ချွမ်သည် အငြင်းပွားရန် ပြန်လာခြင်း မဟုတ်သဖြင့် အဘိုးဖြစ်သူကို အလျှော့ပေးလိုက်ရသည်။
“ကျွန်တော့်အတွက်ပါ ကျွန်တော့်အတွက်ပါ၊ အခုကော အဘိုးစိတ်ချသွားပြီလား”
လုကော်ဖုန်းက လက်နောက်ပစ်လျက် ဆိုသည်။
“မင်းလက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးမှ စကားဆက်ပြောကြတာပေါ့”
အဘိုးလုသည် ခေါင်းမာနေဟန်ပေါ်သော်လည်း ရင်ထဲမှ အပူလုံးကြီးမှာ အမှန်တကယ် ကင်းစင်သွားခဲ့ရပါပြီ။
မြေးဖြစ်သူသည် ကျန်းမာရေးချို့ယွင်းနေခြင်း မဟုတ်ဘဲ စံနှုန်းအနည်းငယ် မြင့်မားလွန်းခြင်းကြောင့်သာဖြစ်မှန်း သက်သေပြနိုင်ခဲ့လေပြီ။