← Chapters

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

အခန်း (၈၁-၈၂)

Vol. 9 Ch. 81-82

📗 Chapter 81

ရှားလီ မှတ်ချက်ပြုသည်။

“ဝမ်ကျောင်း ဘယ်လိုလှည့်ကွက်တွေ ထုတ်သုံးနေလဲဆိုတာ မသိတဲ့သူ ရှိပါ့မလား”

ယဲ့ရှောင်ရှောင်ကမူ ထိုကိစ္စအပေါ် မည်သည့် မှတ်ချက်မှ မပေးခဲ့ပေ။

သူမ အမှန်တကယ် ဒဏ်ရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျောင်းဆေးခန်းရှိ ဆရာဝန်ကတော့ ကျိန်းသေပေါက် ခွဲခြားသိမြင်နိုင်ပါလိမ့်မည်။

ခဏအကြာတွင် ဝမ်ကျောင်းနှင့် အခြားသူများပြန်ရောက် လာကြသည်။

ယဲ့ရှောင်ရှောင် ချက်ချင်းမေးမြန်းလိုက်ပါသည်။

“အခြေအနေ ဘယ်လိုလဲ”

ဟယ်ကျင်း ဝမ်ကျောင်းကို ကုတင်ပေါ်တွင် နေရာချပေးရန် ကူညီပေးရင်း ပြန်ဖြေလိုက်သည်။

“ခြေကျင်းဝတ် လိမ်သွားတာတဲ့၊ အရမ်းကြီးတော့ မဆိုးပါဘူး”

ဝမ်ကျောင်း မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။

“မဆိုးဘူးလို့ ဘာလို့အသေအချာ ပြောနိုင်ရတာလဲ၊ အရိုးနဲ့အကြောဒဏ်ရာဆိုတာ ပျောက်ဖို့ ရက်ပေါင်း တစ်ရာလောက် ကြာတတ်တယ်လို့ ပြောကြတယ် မဟုတ်ဘူးလား၊ ငါ့ခြေ ထောက်တွေ ဘယ်တော့မှ ပြန်ကောင်းလာမလဲ မသိပါဘူး”

စိတ်ရှည်သည်းခံတတ်သည့် ဟယ်ကျင်းပင် တစ်ဖက်မိန်းကလေးကို အတော်လေး စိတ်မရှည်ဖြစ်လာပါပြီ။

“အဲ့တာ ကျောင်းဆေးခန်းက ဆရာဝန်ပြောတာကို ပြန်ပြောပြတာလေ၊ ငါပြောတာမှ မဟုတ်တာ”

ရှားလီက ဝင်မေးသည်။

“အဲ့တာဆို မနက်ဖြန် စစ်သင်တန်း တက်စရာလိုသေးလား”

ဝမ်ကျောင်းသည် အောင်နိုင်သူတစ်ယောက်ပမာ ပြုံးရင်း ပြန်ဖြေလိုက်လေသည်။

“ငါကတော့ အဆောင်မှူးဆီကနေ ခွင့်စာ ရသွားပြီ၊ စိတ်မကောင်းစရာပဲ… နင်တို့နဲ့အတူ စစ်သင်တန်း မတက်နိုင်တော့ဘူးပေါ့၊ နင်တို့ပြန်လာမယ့်အချိန်ကို အဆောင်ကပဲ စောင့်နေတော့မယ်နော်”

ကျင့်ဟွာတက္ကသိုလ်မှ စစ်သင်တန်းသည် ကျောင်းသားများကို စစ်တပ်စခန်းအစစ်သို့ အမှန်တကယ် ပို့ဆောင်ပေးခြင်းဖြစ်ကာ အပြောင်အပျက်ကိစ္စ မဟုတ်ပေ။

ထိုသင်တန်းကို မတက်ဘဲ ရှောင်လွှဲနိုင်ခြင်းမှာ လူအများ မနာလိုဖြစ်စရာပင်ဖြစ်သည်။

မည်သူမှ စကားမပြောတော့သည်ကို မြင်သောအခါ ဝမ်ကျောင်းသည် လီမိန့်ရူအား လှည့်ပြောလိုက်သည်။

“ငါက ခြေကျင်းဝတ်လိမ်ထားတာဆိုတော့ အပေါ်ထပ်ကုတင်မှာ အိပ်လို့မရတော့ဘူး”

လီမန့်ရူ ဒေါသထွက်လွန်းသဖြင့် အငွေ့တထောင်းထောင်း ထနေပါပြီ။

သို့သော် သူမ အမှန်တကယ် တွန်းခဲ့ခြင်းကြောင့် ဝမ်ကျောင်းလဲကျသွားခြင်းဖြစ်ရာ ဤဒုက္ခကို ခါးစည်းခံရန်သာ ရှိတော့ သည်။

သူမသည် ဝမ်ကျောင်း၏အိပ်ရာခင်းများကို အောက်သို့ ရွှေ့ပေးလိုက်ပြီး သူမ ကုတင်ပေါ်တွင် ခင်းပေးလိုက်ရသည်။

ဝမ်ကျောင်းက အောက်ထပ်ကုတင်ပေါ်တွင် ထိုင်ရင်း ခနဲ့သော စကားများဆိုနေသေးသည်။

“နင်သာ အစောကြီးကတည်းက ငါ့ကို အောက်ထပ်ကုတင်ပေးလိုက်ရင် ဒါတွေဖြစ်လာစရာအကြောင်း မရှိဘူး၊ ငါ့ခြေကျင်းဝတ်လည်း လိမ်သွားမှာ မဟုတ်ဘူး”

လီမိန့်ရူကမူ ဘာမှပြန်မပြောဘဲ ဝမ်ကျောင်းအတွက် အိပ်ရာသာ ဆက်ပြင်ပေးနေပါသည်။

သူမအတွက်မူ အပေါ်ထပ်ကုတင်ပေါ်တွင် ဝါးဖျာတစ်ချပ်သာ ခင်းလိုက်ပြီး အိပ်ရန်ပြင်ဆင်လိုက်သည်။

ထိုစဉ် ဝမ်ကျောင်းက ကျယ်လောင်စွာ အော်သတိပေးလိုက်လေသည်။

“အိပ်ပျော်မသွားနဲ့ဦးနော်! ညဘက် ငါအိမ်သာသွားချင်ရင် နင့်ကိုလှမ်းခေါ်ရမှာ၊ အဆောင်မှူးက ငါ့ကိုတာဝန်ယူရမယ်လို့ နင့်ကို မှာထားတယ်မလား”

ဟယ်ကျင်းက မေးသည်။

“ဒါဆိုငါတို့အားလုံး စစ်သင်တန်းသွားရတဲ့အခါကျရင် နင့်ကိုဘယ်သူက ကူညီမှာလဲ”

ဝမ်ကျောင်း: “အဲ့အခါကျတော့လည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတော့မှာပေါ့၊ နင်တို့အားလုံး လဝက်လောက် သွားရမှာမလား၊ အဲ့တာဆို ငါလည်း အိမ်ပြန်ပြီးပဲ စောင့်နေတော့ မလားလို့”

ဟယ်ကျင်း: “…”

‘ခုနကပြောတော့ အဆောင်မှာပဲ စောင့်နေမယ်ဆို’

သူမသည် စစ်သင်တန်းကို ရှောင်လွှဲချင်ရုံသက်သက်သာ ဖြစ်မှန်း သိသာလှပါသည်။

ယဲ့ရှောင်ရှောင်သည် ကုတင်ခန်းဆီးကို ဆွဲပိတ်လိုက်ရာ သူမ၏ ကမ္ဘာ‌ငယ်လေးမှာ မှောင်မှောင်မှိန်မှိန်လေး ဖြစ်သွားလေတော့သည်။

အပြင်ဘက်တွင် ဆူညံသံများ ကြားနေရဆဲဖြစ်သော်လည်း ခြေကုန်လက်ပမ်းကျနေပြီဖြစ်၍ ယဲ့ရှောင်ရှောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။

နောက်တစ်နေ့တွင် အဆောင်အတွင်းမှ အသံများကြောင့် သူမ အိပ်ရာနိုးလာခဲ့သည်။ အဆောင်နေထိုင်မှုပုံစံကို သူမ ကျင့်သား မရသေးပါ။

ယခင်ဘဝက သူမနေထိုင်ဖူးသည့် အဆောင်မှာ လူနည်းပြီး အသံလုံကာ နေရာလည်း ပိုကျယ်သဖြင့် ယခုလို ပတ်ဝန်း ကျင်ထက် များစွာပိုကောင်းခဲ့သည်။

ဤနေရာတွင်မူ သံကုတင်များ၏ ကျွီကျွီကျွဲကျွဲ အသံများကပင် သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ကုတင်ခန်းဆီးကို ဆွဲဖွင့်လိုက်သောအခါ မျက်နှာချင်းဆိုင်ကုတင်ပေါ်ရှိ လီမိန့်ရူတစ်ယောက် မျက်လုံးများ နီမြန်းဖောင်းအစ်နေသည်ကို ယဲ့ရှောင်ရှောင် ချက်ချင်း မြင်လိုက်ရသည်။

“နင်… ငိုထားတာလား”

ယဲ့ရှောင်ရှောင် မေးလိုက်သည်။

လီမိန့်ရူ မျက်နှာကို ချက်ချင်းသုတ်ကာ ကုတင်ပေါ်မှ ဆင်းလိုက်ပါသည်။

“ဘာမှမဖြစ်ပါဘူး”

ဟယ်ကျင်းက အားလုံးကို သတိပေးလိုက်သည်။

“အားလုံးပဲ အိပ်ရာမြန်မြန်ထပြီး မျက်နှာသစ်၊ ပစ္စည်းတွေ ထုပ်ပိုးကြတော့နော်၊ စောင်တွေ၊ အိပ်ရာခင်းတွေကို သေသေ သပ်သပ် ခေါက်ခဲ့ကြ၊ လေ့ကျင့်ရေးအတွက် လူစုရတော့မယ်”

ယဲ့ရှောင်ရှောင်လည်း ချက်ချင်းပင် အသည်းအသန် ပြင်ဆင်ရတော့သည်။

မိန်းကလေးအဆောင်တစ်ဆောင်လုံးလည်း ဗရုတ်သုက္ခဖြစ်နေပါသည်။

အဆောင်အောက်ထပ်၌ လူစုချိန်တွင် ကျောင်းသူအများစုမှာ စောင်များကိုပင် မခေါက်ရသေးဘဲ လက်ဖြင့်ပိုက်လျက်‌ ရောက်လာကြသည်။

အဆောင်မှူးက အသံချဲ့စက်ဖြင့် အော်လိုက်သည်။

“အထုပ်အပိုးတွေ မြန်မြန်သိမ်းကြ၊ အတန်းလိုက်လူစုထား!”

ယဲ့ရှောင်ရှောင်လည်း သူမ၏ အခန်းဖော်များနှင့် အတူတန်းစီလိုက်သည်။ ကားပေါ်တက်ရဖို့အတွက် ၂ နာရီနီးပါး စောင့်ခဲ့ရပါသည်။

“ငါတော့ မူးလဲတော့မှာပဲ… မနက်စာတောင် မစားရသေးဘူး”

ယဲ့ရှောင်ရှောင် တီးတိုးရေရွတ်လိုက်သည်။

သူမ ဘေးတွင် ရပ်နေသည့် ထန်ရှို့ရှို့က မေးလိုက်ပါသည်။

“ငါတို့လည်း စားဖို့အချိန်မရှိခဲ့ဘူး၊ ငါ့အိတ်ထဲမှာ သစ်ကြားသီးမုန့်နည်းနည်းပါတယ်၊ စားဦးမလား”

ယဲ့ရှောင်ရှောင်က ‘စားချင်တာပေါ့’ဟူသည့် မျက်နှာပေးမျိုးလေး လုပ်ပြလိုက်သည်။

ထန်ရှို့ရှို့သည် သူမအိတ်ထဲမှ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသည့် အထုပ်ကို ထုတ်ကာ ဖွင့်လိုက်ရာ သစ်ကြားသီးမုန့်အချို့ ပေါ်လာပါသည်။

ယဲ့ရှောင်ရှောင် တစ်ခုယူလိုက်ပြီး လူကြားထဲတွင် ခိုးစားလိုက်သည်။

စားသောက်ပြီးနောက် သူမ ကတိပေးလိုက်ပါသည်။

“စစ်သင်တန်းပြီးတဲ့အခါကျမှ အရသာရှိတာတစ်ခုခု ပြန်လိုက်ကျွေးပါ့မယ်”

ထန်ရှို့ရှို့က ပြုံးသာ ပြုံးလိုက်သည်။

“ဟုတ်ပါပြီ”

ယဲ့ရှောင်ရှောင်သည် သူမကိုယ်သူမ ပြင်ဆင်မှုအားနည်းခဲ့သည်ဟု ခံစားနေရသည်။ အစောကြီးကတည်းကသာ ဤသို့ ဖြစ်လာနိုင်မှန်း ကြိုသိထားပါက ရိက္ခာခြောက်အချို့ ဝယ်ယူခဲ့မည်ဖြစ်သည်။

မွန်းတည့်ချိန်ရောက်ခါမှ သူမတို့အားလုံး ကားပေါ်တက်နိုင်ခဲ့ကြပါသည်။

---

တစ်ချိန်တည်းမှာပင် ကျင့်ဟွာတက္ကသိုလ်၏စီနီယာကျောင်း သားများ ကျောင်းသို့ ပြန်ရောက်လာကြပြီဖြစ်သည်။

“ငါ ပြောတာ ယုံစမ်းပါ၊ အဲ့ဒီကောင်မလေးက တကယ် မင်းကောင်မလေးနဲ့တူတာ၊ ဒါပေမယ့် သူ့ဘေးမှာ အကောင်တစ်ကောင်ရှိနေတော့ ငါလည်း မသေချာမရေရာဖြစ်သွားတာပေါ့”

ရှုကျမ့်ဝမ်၏ အခန်းဖော်သည် ဤနှစ်အတွက် ကျောင်းသားကျောင်းသူသစ် ကြိုဆိုရေးတွင် တာဝန်ကျသူဖြစ်ရာ ရက်အနည်းငယ်စော၍ ကျောင်းသို့ပြန်ရောက်နေခဲ့သည်။

ရှုကျမ့်ဝမ်၏ကောင်မလေးနှင့် အတော်လေးတူသော မိန်းက လေးတစ်ယောက်ကို မြင်ခဲ့ရသဖြင့် အလွန်မှင်သက်ခဲ့ရသည်။ ထိုသို့ပြောပြီးနောက် ရှုကျမ့်ဝမ်အား သူ ခိုးကြည့်လိုက်ပါသည်။

ယခင်ကဆိုလျှင် ထိုမိန်းကလေးအကြောင်းကို ပြောတိုင်း ရှုကျမ့်ဝမ်က သူ့ကောင်မလေး မဟုတ်ဟု အပြတ်အသတ် ငြင်းဆန်တတ်ပေသည်။

ယခုတစ်ခေါက်တော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေလေသည်။

ထူးတော့ မထူးဆန်းလှပေ။ ထိုမျှလှပသည့် မိန်းကလေးမျိုးကိုတွေ့လျှင် မည်သည့်ယောကျ်ားလေးကမှ စိတ်မလှုပ်ရှားဘဲ နေနိုင်မည် မဟုတ်ပါ။

ရှုကျမ့်ဝမ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်၏ပညာရေးမှတ်တမ်းမျိုးနှင့်သာဆိုလျှင် ကျင့်ဟွာတက္ကသိုလ်တွင် တက်ရောက်နိုင်စရာအကြောင်း လုံးဝ မရှိပေ။ သူ့အခန်းဖော် အမြင်မှားခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။

သို့သော် သေချာစေဖို့အတွက် အောက်ထပ်သို့ဆင်းကာ အိမ်ကိုဖုန်းဆက်ခဲ့သည်။

အိမ်တွင် ရှုကျမ့်လီက ဖုန်းကိုင်သည်။ ရှုကျမ့်ဝမ်က လိုရင်းကိုသာ မေးမြန်းခဲ့သည်။

“ယဲ့ရှောင်ရှောင် ဘယ်တက္ကသိုလ် ဝင်ခွင့်ရသွားတာလဲ မင်းသိလား”

ရှုကျမ့်လီ မအီမသာလေသံဖြင့် ပြန်ဖြေသည်။

“ငါက ဘယ်လိုလုပ်သိမှာလဲ၊ ငါ့ကို ပိုင်ချွမ်ကောင်တီဆီမှ သွားခွင့်မပေးကြတာ၊ ဒါပေမယ့် အစ်မရှောင်ရှောင် ပို့ပေးတဲ့ စာတော့ ရပါတယ်၊ မြို့တော်ကို လာမယ်လို့ပြောတယ်၊ မြို့တော်နဲ့ ရင်းနှီးပြီးသားဆိုတော့ သူ ဒီကိုရောက်လာရင် ငါတို့ဆီ အလည်လာမှာ သေချာတယ်”

ရှုကျမ့်ဝမ် ဖုန်းချလိုက်သည်။

မှန်သည်။ ယဲ့ရှောင်ရှောင်သာ ပေကျင်းသို့ ပြန်ရောက်လာလျှင် စစ်တပ်ဝင်းဆီ ချက်ချင်း ရောက်ရှိလာမည်မှာ သေချာသည်။

စစ်တပ်ဝင်းအကြောင်း စဉ်းစားသောအခါ ဟောက်ယန်ယန်အကြောင်းကိုပါ အလိုလို စဉ်းစားမိသွားသည်။

ဟောက်မိသားစု၏ အသစ်စက်စက် သမီးတော်သည် ယဲ့ရှောင်ရှောင်ထက်ပင် စာပိုညံ့ပါသေးသည်။

ပိုင်ချွမ်ကောင်တီမှ သူပြန်ရောက်လာစဉ်ကတည်းက သူမကို စာသင်မပေးတော့သော်လည်း ဟောက်ယန်ယန်၏ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များက အလွန်ဆိုးရွားလှသည်ဟု သတင်းကြားမိသည်။

သခင်မဟောက်မှာ ဒေါသလည်းထွက်၊ ရှက်လည်းရှက်ရွံ့သဖြင့် စစ်တပ်ဝင်းထဲမှ အခြားသူများနှင့် ထွက်မတွေ့သည်မှာ တစ်လခန့်ပင်ရှိပြီဟု ကြားသိရသည်။

တစ်ဖက်တွင် ရှုကျမ့်လီသည် ဖုန်းကျသွားသည်နှင့် ပိုင်ချွမ်အမှတ်(၁) အထက်တန်းကျောင်းသို့ ချက်ချင်းဖုန်းဆက်လိုက်ပါသည်။

ယခင်တစ်ခေါက် ကောင်တီမြို့သို့ ရောက်ရှိစဉ်က ဖုန်းနံပါတ် ခိုးမေးလာခဲ့ခြင်းဖြစ်သည်။

အော်ပရေတာမှတဆင့် နောက်ဆုံးတော့ ကျောင်းအုပ်ကြီးယွီသဲ့ရွှေ့၏ရုံးခန်းဆီ ဖုန်းခေါ်ဆိုနိုင်ခဲ့ပါသည်။

ယွီသဲ့ရွှေ့ ဖုန်းကိုင်လာသည်။

“ဘယ်သူလဲ မသိဘူး”

ရှုကျမ့်လီ ချက်ချင်းမေးလိုက်သည်။

“ယဲ့ရှောင်ရှောင်ဆိုတဲ့ ကျောင်းသူရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်တွေနဲ့ ဘယ်တက္ကသိုလ်ဝင်ခွင့်ရသွားလဲ ဆိုတာလေး သိချင်လို့ပါဗျ”

အခြားကျောင်းသားကျောင်းသူများသာဆိုလျှင် ယွီသဲ့ရွှေ့ မှတ်တမ်းကို ပြန်လှန်ကြည့်ရလောက်သော်လည်း ယခုနှစ်အတွက် သူတို့ကျောင်း၏ဂုဏ်ဆောင် ယဲ့ရှောင်ရှောင်၏ အကြောင်းဖြစ်နေသဖြင့် စဉ်းစားနေစရာပင် မလိုအပ်ပေ။

ယွီသဲ့ရွှေ့ ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ဪ ယဲ့ရှောင်ရှောင်လား! သူက အရမ်းထူးချွန်တာ၊ ဒီနှစ် ဟေးယွင်ပြည်နယ်မှာ အမှတ်အများဆုံးပဲလေ၊ အခုကျင့်ဟွာတက္ကသိုလ်မှာ ဝင်ခွင့်တောင်ရသွားပြီ”

ရှုကျမ့်လီ ရင်တုန်သွားခဲ့သည်။ ထို့နောက် သူမေးမြန်းလိုက် ပါသည်။

“ဒီနှစ် ကျောင်းဆင်းတဲ့သူတွေထဲမှာ ယဲ့ရှောင်ရှောင်ဆိုတဲ့ နာမည်နဲ့ ဘယ်နှယောက်ရှိလဲဟင်”

ယွီသဲ့ရွှေ့ ဇဝေဇဝါဖြစ်သွားကာ ပြန်ဖြေလိုက်သည်။

“တစ်ယောက်တည်း ရှိတာပေါ့ကွ၊ ဒီနာမည်က သိပ်ပြီးတွေ့ရများတဲ့နာမည်မှ မဟုတ်တာ”

ရှုကျမ့်လီလည်း ကျောင်းအုပ်ကြီးကို ကျေးဇူးတင်ကာ ဖုန်းချလိုက်ပါသည်။

‘ကျင့်ဟွာတက္ကသိုလ်က မနေ့က ကျောင်းဖွင့်ပြီမဟုတ်လား…’

အသုံးမကျသည့် သူ့အစ်ကိုမှာ အနီးဆုံးတွင်ရှိနေပါလျက်နှင့် အစ်မရှောင်ရှောင်ကို တွေ့ခဲ့ရပုံမပေါ်ပါ။

ရှုကျမ့်လီသည် ပထမတော့ ကျင့်ဟွာတက္ကသိုလ်သို့ သွား ရောက်ရန် ကြံခဲ့သော်လည်း ယခုချိန်လောက်ဆိုလျှင် ကျောင်းသားသစ်များ၏ စစ်သင်တန်းများ စတင်နေလောက်ပြီဖြစ်မှန်း သတိရသွားသည်။

သူသည် ကားသော့ကို ယူကာ အပြင်ထွက်လာခဲ့သည်။

ပထမဆုံးအနေဖြင့် သွမ်လဲ့အိမ်ကို သွားရပါမည်။ ယခုတလော သွမ်မိသားစုသည် သွမ်လဲ့ကို စစ်တပ်ထဲထည့်ဖို့ အတင်းအကျပ် ဖိအားပေးနေသဖြင့် သူမှတဆင့် စခန်းသို့ သွားရောက်ပြီး အစ်မရှောင်ရှောင်အား ရှာဖွေခွင့်ရနိုင်ချေရှိပေသည်။

---

ယဲ့ရှောင်ရှောင်တို့၏ကားသည် မြို့စွန်ရှိ စစ်တပ်စခန်းတစ်ခုသို့ ရောက်ရှိလာပါသည်။

“ဒီကနေ တောတောင်တွေကိုတောင် မြင်နေရတယ်နော်၊ ငါတို့ကို ဒီလောက်အဝေးကြီးပို့ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရရှာမှာပဲ”

ထန်ရှို့ရှို့ ရေရွတ်လိုက်ပြီး ယဲ့ရှောင်ရှောင်ကို ကားပေါ်မှဆင်းရန် ကူညီပေးလိုက်သည်။

စစ်တပ်စခန်း၏မြင့်မားလှသော နံရံကြီးများနှင့် ကင်းစောင့်နေသည့် စစ်သားများကိုကြည့်ရင်း ခက်ခဲပင်ပန်းရမည့် နေရက်များ စတင်တော့မည်ဟု ယဲ့ရှောင်ရှောင် တစ်ကိုယ်တည်း တွေးမိလေတော့သည်။

📗 Chapter 82

မည်သည့်ခေတ်တွင်မဆို စစ်သင်တန်းဟူသည်မှာ အတူတူဖြစ်ပုံရသည်။

နည်းပြများ ရောက်ရှိလာသည်နှင့် ပထမဦးဆုံးလုပ်သည့်အလုပ်က သူတို့၏အာဏာပါဝါကို စတင်ပြသခြင်းပင်။

ယဲ့ရှောင်ရှောင်သည် သူမ၏ ယခင်ဘဝကို ပြန်လည်အမှတ်ရမိပါသည်။

ထိုစဉ်က နည်းပြဖြစ်သူသည် စကားတစ်ခွန်းပင် မပြောဘဲ သူမတို့အားလုံးကို နေပူထဲတွင် တစ်နာရီကြာအောင် မတ်တပ်ရပ်ခိုင်းထားခဲ့သည်။

စစ်သင်တန်းသွားသည့် လူအချို့သည် ထိုကဲ့သို့ နည်းပြများအား အဘယ်ကြောင့် ချစ်မိကြိုက်မိသွားကြသည်ကို ယဲ့ရှောင်ရှောင် လုံးဝနားမလည်နိုင်ခဲ့ပေ။

ယခုနှစ်တွင် ကျင့်ဟွာတက္ကသိုလ်သည် မေဂျာအသီးသီးမှ ကျောင်းသား ၆,၀၀၀ ကျော်ကို လက်ခံထားပါသည်။

မတူညီသည့် မေဂျာများကို မတူညီသည့် စစ်တပ်တပ်ရင်းများသို့ ခွဲခြားပို့ဆောင်ထားသည်။ ဆေးတက္ကသိုလ်မှာ ကြည်းတပ် တပ်ရင်းတစ်ခုသို့ တာဝန်ကျသဖြင့် ကျောင်းနှင့် အတော်လေးနီးသည်ဟု ဆိုနိုင်သည်။

အချို့သော မဟာဌာနများမှာမူ မြို့တော်မှ ရထားဖြင့် ထွက်ခွာကာ အခြားသော ပြည်နယ်များအထိ သွားရောက်ကြရသည်။ မြို့တော်ကို ရောက်လာသည်မှာပင်မကြာသေးဘဲ ပြန်လည်နှင်ထုတ်ခံရသကဲ့သို့ ဖြစ်နေတော့သည်။

ဆေးတက္ကသိုလ်တွင် ကျောင်းသား ၃၀၀ ကျော်ရှိပြီး အတန်း ၈ တန်းအဖြစ် ခွဲခြားထားသည်။ အတန်းတိုင်းတွင် နည်းပြတစ်ဦးနှင့် လက်ထောက်နည်းပြ နှစ်ဦးစီတာဝန်ကျသည်။

နည်းပြများသည် ကျောင်းသားများကို ဦးစွာခေါ်ဆောင်၍ နေ့စဉ် စုဝေးရမည့် နေရာများကို လိုက်လံပြသပြီးနောက် နေထိုင်ရမည့် နေရာများကို စီစဉ်ပေးပါသည်။

ထိုလုပ်ငန်းစဉ် တစ်ခုတည်းနှင့်ပင် တစ်နာရီခန့် ကြာမြင့်ခဲ့ရာ ကျောင်းသားများမှာ နေပူထဲတွင် ပင်ပန်းနွမ်းနယ်နေကြသလို တစ်ဖက်တွင် စိတ်လှုပ်ရှားနေကြသူများလည်း ရှိပေသည်။

ယောက်ျားလေးအဆောင်များနှင့် မိန်းကလေးအဆောင်များမှာ အလွန့်အလွန် ဝေးကွာကြသည်။

ယဲ့ရှောင်ရှောင်နှင့် အခန်းဖော်များ အဆောင်ထဲသို့ဝင်လာသောအခါ ကျောင်းအဆောင်များနှင့် သိပ်မကွာခြားလှသည်ကိုမြင်လိုက်ရသည်။ အနည်းငယ် ပိုမိုသန့်ရှန်းသပ်ရပ်နေရုံသာ ရှိပါသည်။

အကြောင်းအရင်းမှာ ဤခေတ်က လူအများစုတွင် မလိုအပ်ဘဲ ရှုပ်ထွေးနေသည့် နေ့စဉ်သုံးပစ္စည်း အမြောက်အများ မရှိခြင်းကြောင့်ပင်။

မိန်းကလေးတစ်ဦးတွင် အသားဖြူလိမ်းဆေးခရင်မ်တစ်ဘူး ရှိနေလျှင်ပင် ချမ်းသာကြွယ်ဝသူဟု သတ်မှတ်ခံရသည်။ မျက်စိရှုပ်စရာ ပစ္စည်းနည်းပါးသဖြင့် အရာအားလုံးက သန့်ရှင်းသပ်ရပ်နေခြင်းဖြစ်သည်။

မိန်းကလေးအဆောင်တွင် နေ့စဉ် စစ်သင်တန်းကိစ္စရပ်များကို ကြီးကြပ်ဖို့အတွက် အမျိုးသမီးအရာရှိတစ်ဦးအား တာဝန်ပေးထားပါသည်။

“အထုပ်အပိုးတွေ နေရာချပြီးတာနဲ့ တစ်ဖွဲ့ချင်းစီကို အမျိုး သမီးစစ်သည်တွေရဲ့ အဆောင်ဆီ ခေါ်သွားပြီး လေ့လာခိုင်းမယ်၊ စခန်းမှာရှိနေတဲ့အချိန်အတွင်း နင်တို့ရဲ့ အိပ်ရာနဲ့ ပစ္စည်းထားသိုမှုတွေက အဲ့ဒီစံနှုန်းအတိုင်း ဖြစ်နေရမယ်”

“ဟုတ်ကဲ့ပါ!”

အားလုံး တညီတညွတ်တည်း အမိန့်နာခံလိုက်ပါသည်။ ရှေ့တွင်ကြုံလာရမည့် အတွေ့အကြုံသစ်များအတွက် အားလုံးက ယုံကြည်မှု ပြည့်ဝနေပုံရသည်။

သို့သော်လည်း အမျိုးသမီးစစ်သည်များအဆောင်ဆီ သွား ရောက်ပြီးနောက် လူတိုင်း၏စိတ်အားထက်သန်မှုများ လျော့ ကျသွားခဲ့ရတော့သည်။

‘ထောင့်မှန်ကျနေတဲ့ တို့ဟူးတုံးပုံစံ စောင်တွေက တကယ်ရှိတာလား၊ ပြီးတော့ မျက်နှာသုတ်ပုဝါတွေကိုလည်း မျက်နှာ သစ်ဇလုံထဲမှာ ဒီလောက်သပ်ရပ်အောင် ခေါက်ထားမှဖြစ်မှာလား…’

“ဒါနင်တို့ရဲ့ တစ်နေ့တာ အချိန်ဇယားပဲ၊ အခန်းတစ်ခန်းစီက အဆောင်ခေါင်းဆောင်တစ်ယောက်စီ ရွေးပြီး ငါ့ဆီမှာ တစ်စောင်စီ လာထုတ်လိုက်၊ စခန်းမှာ ရှိနေစဉ်ကာလအတွင်း ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်း တိတိကျကျ လိုက်နာရမယ်နော်”

“အိပ်ရာပြင်ဆင်မှု စံနှုန်းတွေကို လေ့လာပြီးသွားပြီဆိုရင် ကိုယ့်အခန်းကိုယ် ပြန်ပြီး ပြင်ဆင်ကြတော့၊ စံနှုန်းနဲ့ ကိုက်ညီအောင် အရင်ပြင်ဆင်ပြီးတဲ့ အဆောင်တွေက ထမင်းစားဆောင်ကို အရင်သွားပြီး နေ့လယ်စာစားလို့ရမယ်”

“ငါ့နာမည် ထောင်ယန့်နန်၊ မိန်းကလေးအဆောင်ဘက်မှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကို လာတွေ့လို့ရတယ်၊ ငါ့အခန်းနံပါတ်က ၃၀၁”

‌ထောင်ယန့်နန်သည် အနည်းဆုံး တပ်စုမှူးအဆင့် ရှိမည်ဟု ထင်ရသည်။

ကျောင်းသူများသည် ထောင်ယန့်နန် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအပေါ် တိတ်တဆိတ် ညည်းတွားမှုများ ရှိကြသော်လည်း ငယ်ရွယ်ပြီး ထက်မြက်သည် ဤ အမျိုးသမီး အရာရှိအပေါ် လေးစားအားကျစိတ်များလည်း ဖြစ်ပေါ်မိပါသည်။

မည်သူကမှ မကန့်ကွက်ရဲသဖြင့် သက်ဆိုင်ရာ အခန်းများသို့သာ ကိုယ်စီ ပြန်ဝင်သွားကြတော့သည်။

ထောင်ယန့်နန်လည်း အလွန် ကျေနပ်သွားပါသည်။ များသော အားဖြင့် မိန်းကလေးများသည် အမိန့်နာခံတတ်ပြီး ပြဿနာနည်းတတ်ပါသည်။

ယောက်ျားလေးအဆောင်ဘက်တွင်မူ မည်သည့်အခါတွင်မှ အေးအေးချမ်းချမ်း မရှိလှပေ။

အဆောင်ခန်းထဲသို့ ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင်နှင့် အခန်းဖော်များသည် အချိန်မဆွဲဘဲ အခန်းကို စတင် ပြင်ဆင်ကြပါသည်။

ကျောင်းအဆောင်ကဲ့သို့ပင် ဤအခန်းမှာလည်း လူ ၆ ယောက် အခန်းဖြစ်သော်ငြား သူမတို့အခန်းတွင် လူတစ်ယောက် လိုနေသဖြင့် ၅ ယောက်သာ ရှိသည်။

ဟယ်ကျင်းသည် အဆောင်ခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။

သူမ အချိန်ဇယားသွားထုတ်နေစဉ် အခြားအခန်းဖော်များက အထုပ်အပိုးများကိုနေရာချရင်း ‌စောင်များကို အသည်းအ သန် ခေါက်နေကြပါသည်။

ယဲ့ရှောင်ရှောင်သည် ယခင်က စစ်သင်တန်း တက်ဖူးသူဖြစ်သဖြင့် အခြားသူများအတွက် စံပြကောင်းဖြစ်သင့်သည်ဟု ခံစားမိသည်။

သို့သော်… ယခင်ဘဝက သင်ယူခဲ့သမျှအရာအားလုံးကို သူမ မေ့လျော့သွားခဲ့ပါပြီ။ ထိုစဉ်က နည်းပြသည် တစ်ခေါက်သာ သရုပ်ပြခဲ့ပြီး နောက်ပိုင်းတွင် သူမ၏စောင်ကို တစ်ခါမှ မဖြန့်ဖြစ်တော့သည်ကို သတိရမိပါသည်။

သူမ အခန်းဖော်အချို့ဆိုလျှင် စောင်ခေါက်စက်အချို့ကိုပင် ဝယ်ယူခဲ့ကြသေးသည်။

“ရှောင်ရှောင်၊ နင့်စောင်က နည်းနည်း ထူမနေဘူးလား”

ယဲ့ရှောင်ရှောင်ထုတ်ထားသည့် ဂွမ်းစောင်ကို ကြည့်ရင်း ရှားလီ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ယဲ့ရှောင်ရှောင်လည်း မတတ်နိုင်ပေ။ သူမစောင်ကို ဝါဂွမ်းအသစ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

“အခုမှ စောင်အသစ်သွားဝယ်ဖို့ နောက်ကျသွားပြီလေ”

ထန်ရှို့ရှို့ အနားရောက်လာပြီး စောင်ကို စစ်ဆေးကြည့်လိုက်သည်။

“အသစ်ဝယ်စရာမလိုပါဘူး၊ ဒီတိုင်းခေါက်ပြီးရင် ထိုင်ခုံတစ်ခုံရဲ့ မျက်နှာပြင်နဲ့ တစ်ညလောက် ဖိထားလိုက်၊ အဲ့တာဆို အဆင်ပြေသွားလိမ့်မယ်”

ယဲ့ရှောင်ရှောင်က မေးသည်။

“ခုဘာဆက်လုပ်ကြမလဲ၊ ငါတော်တော် ဗိုက်ဆာနေပြီ၊ တစ်ခုခုသွားစားလို့ရမလား”

ထန်ရှို့ရှို့သည် ယဲ့ရှောင်ရှောင်၏စောင်ကို ယူကာ ကူခေါက်ပေးလိုက်ပါသည်။ ထန်ရှို့ရှို့ လက်ထဲရောက်သောအခါ ထိုစောင်သည် ယခင်ကနှင့်မတူဘဲ အလွန်သပ်ရပ်သွားခဲ့လေသည်။

“ပထမဆုံးနေ့မှာတော့ အဲ့လောက် စည်းကမ်းမတင်းကျပ်ဘူးထင်တာပဲ၊ ပြီးတော့ နင်က အပေါ်ထပ်ကုတင်မှာ အိပ်မှာမလား၊ သိပ်ပြီး မသိသာပါဘူး”

ယဲ့ရှောင်ရှောင် အံ့အားသင့်သွားသည်။

“ရှို့ရှို့ နင်အရမ်းတော်တာပဲ!”

ထန်ရှို့ရှို့ ကုတင်ပေါ်မှ တည်တည်ငြိမ်ငြိမ် ပြန်ဆင်းလာခဲ့သည်။

“အိပ်ရာခင်းတွေကိုလည်း ပြန့်နေအောင်လုပ်ထားဦး၊ အားလုံးအသင့်ဖြစ်မှ ဆင်းလာခဲ့”

ယဲ့ရှောင်ရှောင် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပါသည်။

‘စောင်ခေါက် နတ်သမီး’ ထန်ရှို့ရှို့၏ ကျေးဇူးကြောင့် သူမတို့အခန်းသည် ထမင်းစားဆောင်သို့ ပထမဆုံး ရောက်ရှိလာသည့် အဖွဲ့ဖြစ်နေပါသည်။

ယဲ့ရှောင်ရှောင်သည် သူမ၏ ထမင်းချိုင့်ကိုထုတ်ကာ ဟင်း လျာနှစ်မျိုး၊ ထမင်းနှင့် စွပ်ပြုတ်တစ်မျိုးတို့ကို ထည့်လိုက်သည်။

အခြားပြဿနာများကို မေ့ထားလျှင် စစ်တပ်၏ အစားအ သောက်မှာ အလွန်ကောင်းမွန်လှသည်။ ယဲ့ရှောင်ရှောင် တစ်မနက်လုံး ဗိုက်ဆာနေသဖြင့် ထမင်းနှစ်ပန်းကန်စားခဲ့သည်။

--- --- ---

ကျောင်းသားကျောင်းသူများ စားသောက်နေကြစဉ် စစ်တပ်ခရိုင်အတွင်း၌လည်း အစည်းအဝေးတစ်ခုကို ကျင်းပနေပါသည်။ ထိုအစည်းအဝေးသို့ တပ်ခွဲမှူးအဆင့်နှင့်အထက် အရာရှိအားလုံး တက်ရောက်ရသည်။

ရှေ့ဆုံးတွင် တပ်မမှူးသည် တည်ကြည်လေးနက်သော မျက်နှာဖြင့် ထိုင်နေသည်။

“စစ်သင်တန်းပေးရတော့မယ့် အချိန်ကို ပြန်ရောက်လာပြီ၊ ကိုယ့်စစ်သည်တွေကိုယ် သေချာစီမံထိန်းသိမ်းကြပါ၊ အဲ့ဒီကျောင်းသူကျောင်းသားတွေက နိုင်ငံတော်က ပြုစုပျိုး ထောင်ထားတဲ့ ပါရမီရှင်တွေပဲ၊ သူတို့ကို အပြည့်အဝ လေ့ကျင့်ပေးရမှာ မှန်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုလည်း ထိန်းသိမ်းပေးရမယ်၊ မနှစ်ကလို မတော်တဆမှုမျိုး လုံးဝထပ်ဖြစ်လို့မရဘူး”

မနှစ်က စစ်သင်တန်းကာလတွင် နည်းပြတစ်ယောက်နှင့် ကျောင်းသူတစ်ယောက်တို့ ချစ်ကြိုက်မိသွားပြီး စစ်တပ်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့ပါသည်။

ထို့အပြင် နည်းပြက လမ်းခွဲဖို့ဆုံးဖြတ်လိုက်သည့်အခါ ထိုကျောင်းသူသည် အဆောင်ထဲတွင် လက်ကောက်ဝတ်ကို လှီးဖြတ်ရင်း သေကြောင်းကြံဖို့ကြိုးစားခဲ့လေသည်။

သူမ၏အခန်းဖော်သာ အချိန်မီ မတွေ့ခဲ့လျှင် ထိုကျောင်းသူ သေဆုံးသွားလောက်သည်။ နောက်ဆုံးတွင် ထိုကျောင်းသူကို ကျောင်းထုတ်ခဲ့ပြီး နည်းပြကိုလည်း တာဝန်မှရပ်ဆိုင်းခဲ့ကြ သည်။

အားလုံးက အမိန့်နာခံကြသော်လည်း တပ်မမှူးသည် စိတ်မသက်မသာဖြစ်နေဆဲပင်။

“အရမ်းချောလွန်း၊ ခန့်လွန်းတဲ့လူတွေကို နည်းပြအဖြစ် တာဝန်မပေးနဲ့၊ ဒီအရွယ် ယောက်ျားလေး၊ မိန်းကလေးတွေဆိုတာ စိတ်ကစားလွယ်တယ်”

လုဟန်ချွမ် မသိမသာ ပြုံးလိုက်သည်။

“တပ်မမှူးက တော်တော်အတွေ့အကြုံရှိတဲ့ပုံပဲ”

လီချန်းယင် သူ့ကို စိုက်ကြည့်လိုက်ပါသည်။

“မင်း မျက်နှာပေါ်က မထီမဲ့မြင်အပြုံးကို ချက်ချင်းဖျောက်စမ်း၊ အထူးသဖြင့် မင်းပေါ့၊ ကိစ္စဝိစ္စမရှိရင် အဲ့ဒီ လေ့ကျင့်ရေးစခန်းနဲ့ ဝေးဝေးမှာနေရမယ်”

လုဟန်ချွမ်: “…”

အနီးနားရှိ လူတစ်ဦးက ဝင်ပြောလိုက်သည်။

“ဗိုလ်မှူးလုက နည်းပြမှမဟုတ်တာပဲ၊ တပ်မမှူး အတွေးလွန်နေတာပါ”

လီချန်းယင်လည်း လုဟန်ချွမ်၏မျက်နှာကို အကဲခတ်မိ သည်။

ဤကောင်လေးမှာ စစ်သားတစ်ယောက်နှင့် လုံးဝ မတူလှပါ။ နည်းပြမဟုတ်လျှင်ပင် ကျောင်းသူအချို့ မြင်သွားပါက ရင်ခုန်သွားလောာက်သည့် မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည်။

“ငါ မင်းကို ခွင့်ပေးလိုက်မယ်လေ၊ ဒီနှစ်အတွက် ခွင့်ကိုစော စောယူလို့ရတာပေါ့”

လုဟန်ချွမ်က မေးသည်။

“ဒါဆို နှစ်သစ်ကူးရောက်ရင်ကော”

လီချန်းယင် စားပွဲကို ရိုက်လိုက်သည်။

“ဒီနှစ် နှစ်သစ်ကူးမှာ မင်းတာဝန်ကျတယ်လေ!”

လုဟန်ချွမ် မဆိုင်းမတွ ပြန်ပြောလိုက်သည်။

“အဲ့တာဆို လောလောဆယ်တော့ ခွင့်မယူသေးပါဘူး၊ ဇန်နဝါလီလ သို့မဟုတ် ဖေဖော်ဝါရီလလောက်မှပဲ ယူဖြစ်မယ်”

ထိုအချိန်သည် ဆောင်းရာသီကျောင်းပိတ်ရက်နှင့် ကွက်တိပင် မဟုတ်ပါလား၊

ခေါင်းဆောင်တစ်ယောက်က လက်အောက်ငယ်သားတစ်ယောက်ကို အတင်းအကျပ် ခွင့်ယူခိုင်းနေသည်ကို သူပထမဆုံး မြင်ဖူးခြင်းပင်။

လီချန်းယင်သည်လည်း ဤမျှခေါင်းမာသည့် လက်အောက် ငယ်သားကို ဘာမှ မလုပ်နိုင်တော့ပေ။

တစ်စုံတစ်ယောက်က ကျီစယ်လိုက်သည်။

“တပ်မမှူး၊ ဗိုလ်မှူးလုက ကျုပ်တို့တပ်ရင်းရဲ့မျက်နှာစာနော်၊ သူ ထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ’

လီချန်းယင်ကမူ မကျီစယ်နိုင်ဘဲ အတည်ပေါက် သတိပေးလိုက်ပါသည်။

“ငါ ရှင်းရှင်း ပြောထားမယ်၊ မင်းတို့ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေထဲမှာ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် အောက်ခြေကနေ အထက်အထိ တစ်ယောက်မကျန် အကုန်အရေးယူခံရမယ်နော်”

အစည်းအဝေးပြီးဆုံးသောအခါ အခြားသော ခေါင်းဆောင်ပိုင်းများသည် အထက်မှညွှန်ကြားချက်များကို ပြန်ကြားရန် သူတို့၏ လက်အောက်ငယ်သားများနှင့် အစည်းအဝေး ဆက်ကျင်းပကြသည်။

ဤနေရာတွင် ယဲ့ရှောင်ရှောင် စစ်သင်တန်းတက်နေသည်ကို လုဟန်ချွမ်သိပါသည်။ သို့သော် ဤကာလအတွင်း သူမကို သွားနှောင့်ယှက်ဖို့ အစီအစည်မရှိပေ။

မနှစ်က အဖြစ်အပျက်မှာ အလွန်ကြီးမားခဲ့သဖြင့် စစ်တပ်အတွက်သာမက ကျောင်းသူကိုယ်တိုင်အတွက်ပါ အကျိုး ဆက်ကဆိုးရွားခဲ့ပါသည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင် ဘေးကင်းပါစေဟုသာ သူအဝေးမှ ဆုတောင်းနေမိတော့သည်။

All Chapters