← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

📗 Chapter 83

ကျောင်းသားများ စားသောက်ပြီးကြချိန်တွင် ညနေ ၅ နာရီပင် ထိုးနေပါပြီ။

ကျောင်းသားများကို လေ့ကျင့်ရေးကွင်းတွင် လူစုကြရန် အပြင်ဘက်ရှိ အသံချဲ့စက်များမှ ဆူညံစွာ အော်ဟစ် နှိုးဆော်နေတော့သည်။

ရှားလီသည် သူမ ဦးထုပ်ကို ကိုင်ရင်း အသည်းအသန်ပြေးလာပါသည်။

သူမ စစ်ယူနီဖောင်းက အနည်းငယ် ပွနေသော်လည်း အဆင် ပြေအောင်သာ ဝတ်ဆင်ထားရသည်။

သူမသည် လူတန်းထဲတွင် ရပ်နေရင်း တီးတိုးမေးလိုက်သည်။

“ငါတို့ကို ဒီနေ့ည ပြေးခိုင်းမှာတော့ မဟုတ်လောက်ပါဘူးနော်”

ယဲ့ရှောင်ရှောင်ကမူ ယူနီဖောင်းနှင့် အတော်လေးအံကိုက်ဖြစ်နေသည်။ သူမသည် ရှားလီနောက်တွင် ရပ်နေကာ တီးတိုး ပြန်ပြောလိုက်သည်။

“မပြေးခိုင်းလောက်ပါဘူး၊ ငါတို့ ခုလေးတင် စားပြီးသောက်ပြီးကြတာ မဟုတ်ဘူးလား၊ စားပြီးပြီးချင်း ပြေးတာက ကျန်းမာရေးအတွက် မကောင်းဘူးတဲ့”

ရှားလီ: “စိတ်ကူးယဉ်မနေစမ်းပါနဲ့၊ ဒါစစ်စခန်းဟဲ့၊ ဆေးရုံမှ မဟုတ်တာ”

ယဲ့ရှောင်ရှောင် ဘာမှ ပြန်မပြောနိုင်ခင် ရှေ့ဆုံးမှ နည်းပြက စတင်အော်ဟစ်လေသည်။

ပထမဆုံးအနေဖြင့် သူတို့အားလုံးကို အရပ်အမြင့်အလိုက် နေရာပြန်ချပေးပါသည်။

ယဲ့ရှောင်ရှောင်သည် မိန်းကလေးများအနက် အရပ်ရှည်သည့်အထဲတွင် ပါသဖြင့် နောက်ဘက်တွင် မတ်တပ်ရပ်ရသည်။

သူမနောက်တွင်မူ အလွန်အရပ်ရှည်သည့် ကောင်မလေးများနှင့် အတန်းထဲမှ ယောက်ျားလေးများ ရှိနေသည်။

ဥပမာအားဖြင့် သူတို့အတန်းထဲတွင် အမည်မသိ မိန်းကလေးတစ်ယောက်ရှိပြီး သူမ၏ အရပ်မှာ ၁၇၅ စင်တီမီတာ ရှိသဖြင့် တစ်ခါမြင်ရုံနှင့် မေ့နိုင်စရာ မရှိလှပေ။

ထန်ရှို့ရှို့၊ ဟယ်ကျင်းနှင့် ယဲ့ရှောင်ရှောင်တို့သည် အရပ်ချင်း ခပ်ဆင်ဆင်ဖြစ်သဖြင့် သုံးယောက်သား တစ်တန်းတည်း မတ်တပ်ရပ်ခွင့်ရပါသည်။

ရင်းနှီးနေသည့်လူများနှင့် အတူတူရှိနေခြင်းကြောင့် ယဲ့ရှောင်ရှောင် အနည်းငယ် စိတ်သက်သာရာရခဲ့သည်။

ပထမဦးဆုံး ညနေခင်းတွင် နည်းပြသည် သူတို့၏အသွင် အပြင်နှင့် သပ်ရပ်မှုတို့ကို စစ်ဆေးပြင်ဆင်ပေးကာ အသုံးများသည့် အမိန့်ပေးသံအချို့ကို သင်ကြားပေးပါသည်။

ဆံပင်ရှည်သည့် မိန်းကလေးများသည် ဆံပင်အားလုံးကို စုစည်းထုံးထားရပြီး ဖရိုဖရဲဖြစ်နေသည့် ဆံစများအား ကလစ်များဖြင့် သေသေချာချာထိန်းထားရပါသည်။

စခန်းတွင် ဆံပင်ဖားလျားချခြင်းကို တားမြစ်ထားပြီး ဆံမြိတ်များက မျက်ခုံးကို မဖုံးရပေ။

ယောက်ျားလေးများသည်လည်း ဆံပင်ရှည်ထားခွင့်မရှိဘဲ အခြားစည်းကမ်းချက်များမှာ မိန်းကလေးများနှင့် အတူတူပင်။

ပထမဆုံးည၏လေ့ကျင့်ရေးသည် တစ်နာရီခွဲခန့်သာ ကြာခဲ့ပြီး ကျောင်းသားကျောင်းသူများကို အနားယူခွင့်ပေးခဲ့သည်။

ကျောင်းမှ စခန်းဆီသို့ ခရီးနှင်ခဲ့ရသည့် တစ်နေ့တာမှာ အလွန်ခြေကုန်လက်ပမ်းကျစရာ ကောင်းလှသည်။

အဆောင်သို့ ပြန်ရောက်သောအခါ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် မနက်ဖြန် အသွင်အပြင် စစ်ဆေးမှုကို မည်သို့ ဖြတ်ကျော်ရမည်ကို အားလုံး တိုင်ပင် ဆွေးနွေးခဲ့ကြပါသည်။

ယဲ့ရှောင်ရှောင်က ဆံပင်ရှည်သော်လည်း ဖရိုဖရဲဆံစများမရှိသလို ဆံမြိတ်လည်း မရှိသဖြင့် ဆံထုံးထုံးကာ ဦးထုပ်အောက်သို့ ထိုးထည့်ထားလျှင် အဆင်ပြေပါပြီ။

အားလုံးထဲတွင် ဟယ်ကျင်းသည် ဆံပင်အရှည်ဆုံးဖြစ်ရာ ဆံထုံးထုံးဖို့ပင် အလွန်ခက်ခဲနေလေသည်။

အတန်ကြာအောင် ကြိုးစားကြည့်ပြီး မအောင်မြင်သောအခါ ဟယ်ကျင်းသည် ကတ်ကြေးတစ်လက်ကိုယူလျက် ဆံပင်များကို တစ်ဝက်ခန့် ညှပ်ချပစ်လိုက်တော့သည်။

“နင် တကယ်ကြီး ညှပ်ပစ်လိုက်တာလား”

ရှားလီ မယုံကြည်နိုင်စွာ မေးလိုက်သည်။

ဟယ်ကျင်း ပြုံးသာ ပြုံးလိုက်ပါသည်။

“ဟုတ်တယ်၊ ညှပ်ချင်နေတာ တော်တော်ကြာပြီ၊ ညီ မညီ ကြည့်ပေးပါဦး၊ ဒီဆံပင်တွေကို ပြန်ရောင်းရင်တောင် ပိုက်ဆံရတယ်လေ”

သူမအတွက် ရှားလီ စိတ်မကောင်းဖြစ်သွားပါသည်။

“ရောင်းလည်း ဘယ်လောက်ရမှာမို့လို့လဲ၊ ငါ့ဆံပင်ကို ကြည့်ပါဦး၊ ရှည်တာ အရမ်းနည်းတာ၊ ဆံပင်ရှည်တဲ့သူတွေကို ငါ အားအကျဆုံးပဲ”

ဟယ်ကျင်းက ဆိုသည်။

“ငါ့ဆံပင်က ဝါကျင့်ကျင့်နဲ့ ဆံသားသိပ်မကောင်းဘူး၊ ယဲ့ရှောင်ရှောင်ကို ကြည့်ပါဦး၊ သူ့ဆံပင်ဆို နက်မှောင်ပြီး ချောမွေ့နေတာပဲ၊ ဘယ်လိုများထိန်းသိမ်းတာလဲမသိဘူး”

ယဲ့ရှောင်‌ရှောင်သည် မနက်ဖြန် ဗျာမများရစေဖို့အတွက် အဝတ်အစားများကို သေချာခေါက်ကာ ကုတင်ရင်းတွင် တင်ထားပါသည်။

“ဒီလိုပါပဲ၊ တစ်ခါတလေ ငါ့ဆံပင်ကို နှမ်းနက်ရွက်နဲ့ လျှော်တယ်လေ”

ရှားလီ အလွန်အားကျသွားပါသည်။

“ငါလည်း အဲ့လိုလုပ်ကြည့်ဦးမှ”

သူမစကားဆုံးသည်နှင့် အဆောင်မီးများ ရုတ်တရက် ပိတ်သွားလေတော့သည်။

“အား!! ငါရေသွားမထည့်ရသေးဘူး!”

ရှားလီ ထိတ်ထိတ်ပျာပျာ အော်လိုက်သည်။

ဟယ်ကျင်း သူမကို တားလိုက်ပါသည်။

“အပြင်မထွက်နဲ့တော့၊ ငါ့မှာရေနွေးရှိတယ်၊ မနက်ဖြန်ကျရင်လည်း ငါ့ဟာပဲ သုံးလိုက်”

“ဟုတ်ပါပြီ”

စင်္ကြံလမ်းထဲတွင် ဝီစီမှုတ်သံများ စီစီညံသွားသည်။ ကျောင်း သားများကို အဆောင်ခန်းဆီပြန်လာဖို့ အချက်ပေးနေခြင်းပင်။

ယခုချိန်ထိ ပြန်မရောက်သေးသည့် ကျောင်းသူများကလည်း သုတ်သုတ်ပျာပျာ ပြန်ပြေးလာကြရပါသည်။

ယဲ့ရှောင်ရှောင်လည်း ကုတင်ပေါ် အမြန်တက်လိုက်သည်။ သို့သော် သူမ ချက်ချင်း လှဲမအိပ်သေးဘဲ တစ်ခုခုကို တွေး တောရင်း ရီဝေစွာထိုင်နေမိသည်။

ဟယ်ကျင်း မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ငါ့စောင်ကို ဒီနေ့ည ဖိထားလိုက်ရမလား စဉ်းစားနေတာ”

“အဲ့တာဆို ဒီနေ့ည နင်ဘယ်စောင်ကို ခြုံမှာတုန်း၊ ဒီမှာက ညဘက်ဆို ကျောင်းထက်ပိုအေးတယ်၊ စောင်မခြုံရင် အအေးမိသွားလိမ့်မယ်”

ထန်ရှို့ရှို့လည်း ဝင်ပြောလာသည်။

“ဒီနေ့ညတော့ ခြုံအိပ်လိုက်ပါ၊ မနက်ဖြန်ကျမှ ငါကူခေါက်ပေးမယ်”

ထိုစကားကြားမှ ယဲ့ရှောင်ရှောင် စိတ်အေးသွားတော့သည်။

ကျောင်းပြန်ရောက်သည့်အခါ ထန်ရှို့ရှို့ကို တစ်ပတ်လုံး မနက်စာဝယ်ကျွေးရမည်ဟုလည်း ဆုံးဖြတ်ခဲ့သည်။

ပူပန်စရာမရှိတော့သဖြင့် အိပ်ရာပေါ်တွင် လှဲလိုက်သည်နှင့် ယဲ့ရှောင်ရှောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တော့ သည်။

ဝီစီသံတစ်သံ ရုတ်တရက်ထွက်လာမှ ယဲ့ရှောင်ရှောင် အိပ်ရာနိုးလာခဲ့ပါသည်။

အခန်းထဲမှ တစ်စုံတစ်ယောက်က အိပ်ချင်မူးတူးနှင့် မေးလိုက်သည်။

“ဘယ်အချိန်ရှိပြီလဲ…”

ယဲ့ရှောင်ရှောင်သည် ခေါင်းအုံးအောက်မှ လက်ပတ်နာရီကို ထုတ်ကာ မျက်လုံးမှေးလျက် ကြည့်လိုက်သည်။

“ခြောက်နာရီခွဲ”

“ခြောက်နာရီခွဲထပြီး အိပ်ရာသိမ်း၊ မျက်နှာသစ်သွားတိုက်ဖို့ မိနစ်သုံးဆယ်ရမယ်၊ မနက်ခင်းလေ့ကျင့်ခန်းလုပ်ဖို့ ခုနစ်နာရီမှာ လူစုရမယ်၊ ၅ မိနစ်စောအောင် ရောက်နေပြီး တန်းစီထားရမယ်လို့ နည်းပြကညွှန်ကြားထားတယ်”

ဟယ်ကျင်းက အဝတ်အစားလဲကာ အိပ်ရာသိမ်းရင်း ရွတ်ပြလိုက်ပါသည်။

မျက်စိတစ်မှိတ်အချိန်အတွင်းမှာပင် ထန်ရှို့ရှို့နှင့် လီမိန့်ရူတို့ပါ အဝတ်အစား လဲပြီးသွားကြပါပြီ။

ယဲ့ရှောင်ရှောင်နှင့် ရှားလီတို့ နှစ်ဦးတည်းသာ ယခုမှ လောကကြီးထဲ ရောက်ရှိလာကြသူများအလား ကြောင်စီစီဖြင့် ထိုင်နေကြဆဲပင်။

‘တခြားသူတွေက ဘာလို့အဲ့လောက်မြန်ဆန်နေရတာလဲ’

“အရမ်းစောလွန်းတယ် မထင်ဘူးလား”

ယဲ့ရှောင်ရှောင်သည် မနေ့ညကတည်းက အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားသဖြင့် အချိန်ကုန်သက်သာခဲ့ပါသည်။

သူမ စောင်ခေါက်ဖို့ ကြံလိုက်စဉ် ထန်ရှို့ရှို့က သူမကို ကုတင်ပေါ်မှဆင်းခိုင်းပြီး သူမ ကိုယ်စား ခေါက်ပေးနေပါပြီ။

ဟယ်ကျင်းက ဆိုသည်။

“ငါ့အိမ်မှာဆို အခုချိန်က ဝက်စာခုတ်ဖို့ ထနေကျအချိန်ပဲ”

ယဲ့ရှောင်ရှောင်: “…”

‘ဟုတ်ပါပြီ၊ ငါလည်း အကျောမခံတော့ဘူး’

ပထမဆုံး မနက်ခင်းလူစုခြင်းမှာ ယောက်ျားလေးများအတွက်သာမက မိန်းကလေးများအတွက်ပါ ဗရုတ်သုက္ခ ဖြစ်ခဲ့ပါသည်။

နည်းပြက အားလုံးကို ၅ မိနစ်ကြိုလာရန် ညွှန်ကြားထားသော်လည်း သတ်မှတ်ချိန်ထက် ၁၀ မိနစ် ကျော်လွန်သွားသည်အထိ လူမစုံသေးပေ။

ယဲ့ရှောင်ရှောင်တို့အတန်း၏ နည်းပြခေါင်းဆောင်သည် အရပ် ၁၈၀ စင်တီမီတာကျော် မြင့်သော အေးစက်စက် မျက်နှာနှင့် လူတစ်ယောက်ဖြစ်သည်။

ဘာမှမလုပ်ဘဲ မတ်တပ်ရပ်နေရုံနှင့်ပင် ကြောက်စရာကောင်း လွန်းနေရာ ယခု သူဒေါသထွက်နေမှန်း သိသာသဖြင့် ကျောင်းသားကျောင်းသူများ အသက်ပင် ကျယ်ကျယ် မရှူရဲတော့ပါ။

ယဲ့ရှောင်ရှောင်သည် အချိန်မီ ရောက်ရှိလာခဲ့သော်လည်း အဆူခံရတော့မည့်အလား ခံစားနေရသည်။

သူမတို့အတန်းတစ်တန်းတည်းတင်မဟုတ်ဘဲ အခြာအးတန်းများလည်း အခြေအနေ သိပ်မကောင်းလှပေ။

ထို့ကြောင့် ပထမဆုံးနေ့မှာပင် လေ့ကျင့်ရေးကွင်းရှိ ကျောင်း သားများအားလုံး အပြစ်ပေးခံခဲ့ရသည်။

မိနစ် ၄၀ ကြာအောင် ကွင်းကို ပတ်ပြေးခဲ့ရပြီး မနက်ဖြန် တစ်စုံတစ်ယောက် ထပ်နောက်ကျပါက တစ်တန်းလုံး မနက်စာ ငတ်မည်ဟု သတိပေးခံခဲ့ရသည်။

မနက်ခင်း လူစုချိန်သည် ၈ နာရီမှ ပြီးသဖြင့် မနက်စာစားရန် မိနစ် ၂၀ ပင် မပြည့်တော့ပေ။

ထမင်းစားဆောင်ထဲတွင် ယဲ့ရှောင်ရှောင်သည် ထမင်းချိုင့်ထဲရှိ ပေါက်စီကို စိတ်မပါလက်မပါတူဖြင့် တူးဆွနေမိပါသည်။

လီမိန့်ရူ သူမကို လှည့်ကြည့်ကာ မေးသည်။

“နင် မစားဘူးလား”

“မျိုချလို့ကို မရဘူး”

သူမ စိတ်ဖိအား အလွန်များနေသည့်အခါတွင် စားချင်သောက်ချင်စိတ် မရှိလှပေ။

“ဒီနေရာမှာ စားကြွင်းစားကျန် ကျန်လို့မရဘူးနော်”

လီမိန့်ရူက သတိပေးသည်။

ယဲ့ရှောင်ရှောင်: “…”

သူတို့ တီးတိုးပြောနေကြစဉ် နည်းပြတစ်ယောက်က အနားမှ ဖြတ်သွားရင်း သတိပေးလိုက်ပါသည်။

“စားသောက်နေတဲ့ အချိန် စကားမများနဲ့”

ယဲ့ရှောင်ရှောင်: “…”

‘ကြောက်ဖို့ကောင်းလိုက်တာ’

မနက်စာစားပြီးသည်နှင့် မနက်ခင်း လေ့ကျင့်ခန်းများအတွက် ချက်ချင်းလူပြန်စုရပြန်သည်။

တစ်မနက်လုံး တည်တည်ငြိမ်ငြိမ် မတ်တပ်ရပ်ခြင်း၊ အနှေး၊ အမြန်လမ်းလျှောက်ခြင်းများကို လေ့ကျင့်ခဲ့ရသည်။

ယဲ့ရှောင်ရှောင်အနေဖြင့် ထိုအရာများကို ယခင်ဘဝက သင် ယူဖူးခဲ့သော်လည်း အမှန်တကယ် ပြန်လုပ်ရသည့်အခါ လေ့ကျင့်ခန်းများမှာ အလွန်ပင်ပန်းလှသည်။

တစ်နာရီလျှင် ၁၅ မိနစ် အနားယူခွင့်ပေးသည်။

ယဲ့ရှောင်ရှောင် ရေထိုင်သောက်နေစဉ် ကောင်လေးတစ်ယောက်က သူမဘေးတွင် လာထိုင်ပါသည်။

ယဲ့ရှောင်ရှောင်လည်း ဘေးသို့ လှည့်ကြည့်လိုက်သည်။ ထိုင်ကောင်လေး၏ထိုင်ခုံမှာ လူမစုခင်က သူမ ဘေးတွင် ရှိမနေခဲ့သည်မှာ သေချာသည်။

“အတန်းဖော်ရဲ့နာမည် ဘယ်လိုခေါ်လဲ”

ယဲ့ရှောင်ရှောင် ရေဘူးကိုချကာ ပြန်ပြောလိုက်သည်။

“သူများနာမည်ကို မမေးခင် ကိုယ့်နာမည် ကိုယ် အရင်မိတ်ဆက်ရတယ်”

ကောင်လေးမှာ မှင်သက်သွားရသည်။ ချိုချိုမြိန်မြိန်ပုံစံ ရှိလှသည့် ကောင်မလေးတစ်ယောက်တွင် ယခုလို ခိုင်မာပြတ် သားသည့် စရိုက်မျိုး ရှိလိမ့်မည်ဟု သူထင်မထားခဲ့ပါ။

“ငါ့နာမည် ကျန်းတုံပါ၊ နိုင်ငံတော်ရဲ့ထောက်တိုင်(တုံလျန်)ဆိုတဲ့ထဲက တုံလေ”

“ငါ့နာမည်က ယဲ့ရှောင်ရှောင်ပါ”

ထိုကောင်လေးမှာ သူမကို ပိုးပန်းဖို့ ကြိုးစားနေခြင်းဖြစ်မှန်း ယဲ့ရှောင်ရှောင် သိပါသည်။

‘သတ္တိရှိသူက အခွင့်အရေးအရင်ရသည်’ဟုဆိုသော်လည်း သူမ ဘက်က စိတ်မဝင်စားသည်မှာတော့ စိတ်မကောင်းစရာပင်။

ယဲ့ရှောင်ရှောင်၏စိုက်ကြည့်မှုကြောင့် ထိုကောင်လေးမျက် နှာမှာ အနည်းငယ်နီမြန်းသွားသည်။

သူတစ်ခုခု ထပ်ပြောဖို့ ကြံလိုက်စဉ် ထန်ရှို့ရှို့နှင့် ဟယ်ကျင်းတို့ သန့်စင်ခန်းမှပြန်ရောက်လာကြပါသည်။

“ငါ့ နေရာမှာ ဘာထိုင်လုပ်နေတာလဲ”

ဟယ်ကျင်းက မေးသည်။

ကောင်လေးလည်း သုတ်သုတ်ပျာပျာဖြစ်သွားပြီး တောင်းပန်လိုက်လေသည်။

“တောင်းပန်ပါတယ်၊ အခုပဲ သွားတော့မလို့ပါ”

ထိုကောင်လေးသည် ယဲ့ရှောင်ရှောင်ကို အတန်ကြာအောင် ကြည့်ပြီးမှ ထွက်သွားခဲ့ပါသည်။ ယဲ့ရှောင်ရှောင်ကမူ ပြန်လှည့်မကြည့်ခဲ့ပေ။

📗 Chapter 84

ဟယ်ကျင်း စိတ်ဝင်တစား လှမ်းကြည့်ကာ မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ”

ယဲ့ရှောင်ရှောင်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်သည်။

“ငါသူနဲ့ မသိပါဘူး”

ဟယ်ကျင်း: “ငါလည်း သူ့ကို မသိဘူး၊ ဒါပေမယ့် သူ့ကြည့်ရတာ တော်တော်အတင့်ရဲတယ်နော်၊ နင့်ကို လာချဉ်းကပ်တာမလား”

နောက်နောင် ပြဿနာတစ်စုံတရာ မတက်စေရန် ယခုကတည်းက အားလုံးကို ရှင်းရှင်းလင်းလင်း ပြောထားရမည်ဟု ယဲ့ရှောင်ရှောင် ဆုံးဖြတ်လိုက်ပါသည်။

“ငါ့မှာ ကောင်လေးတစ်ယောက် ရှိပြီးသား”

ဟယ်ကျင်း အံ့အားသင့်သွားသည်။

“ဘယ်တုန်းကတည်းကလဲ၊ နင်တစ်ခါမှ မပြောဖူးပါဘူး”

ထန်ရှို့ရှို့ကမူ ခန့်မှန်းမိပုံရသည်။

“ကျောင်းဖွင့်စနေ့က နင့်ကို အဆောင်လိုက်ပို့တဲ့တစ်ယောက်လား”

ထိုအချိန်တုန်းက သူမနှင့် လီမိန့်ရူတို့နှစ်ယောက်သာ ထိုလူ့ကို မြင်ဖူးသဖြင့် ဟယ်ကျင်းတို့ မသိသည်မှာ မဆန်းပေ။

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ သူလည်း စစ်တပ်ထဲကပဲ”

‘စိတ်မကောင်းပါဘူး ဗိုလ်မှူးလု၊ လောလောဆယ်တော့ ရှင့်ကို ဒိုင်းကာအဖြစ် အသုံးချရတော့မယ်’

ဟယ်ကျင်းက သက်ပြင်းသာ ချနိုင်တော့သည်။

“ရုပ်ချောတဲ့သူတွေက အမြဲတမ်း ပိုင်ရှင်ရှိပြီးသားပဲနော်”

--- --- ---

စကားအနည်းငယ်ပြောပြီးနောက် လေ့ကျင့်ခန်း ပြန်စရသည်။

မနက်ခင်းတွင် အတော်လေး ပင်ပန်းခဲ့ရသော်လည်း နေ့လယ်ပိုင်းတွင် အခြေအနေများ တိုးတက်လာခဲ့ပါသည်။။

မွန်းလွဲပိုင်းတွင် သေနတ်ပစ်လေ့ကျင့်ရေးများ လုပ်ရမည်ဟူသော သတင်းများ နေ့လယ်စာစားချိန်တွင် ပျံ့နှံ့လာပါသည်။

တစ်ဦးလျှင် ကျည်ဆံ ၅ တောင့်စီဖြင့် လေ့ကျင့်ရမည်ဖြစ်ကာ စုစုပေါင်းရမှတ်ကို စစ်သင်တန်း အဆင့်သတ်မှတ်ချက်ထဲတွင် ထည့်သွင်းသွားမည်ဟုဆိုသည်။

ယဲ့ရှောင်ရှောင်: “ငါတို့ကို တကယ်ကြီး သေနတ်ပေးကိုင်မှာလား”

ယဲ့ရှောင်ရှောင်သည် ယခင်ဘဝက သေနတ်အစစ်တစ်လက်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဤဘဝတွင်မူ ယဲ့မိသားစုအိမ်တွင် အမဲလိုက်သေနတ်များ မြင်ခဲ့ရသော်လည်း ထိုသေနတ်များမှာ ခေတ်နောက်ကျသည့် ကိုယ်တိုင်လုပ် သေနတ်များသာဖြစ်သဖြင့် စစ်တပ်တွင် အသုံးပြုသော သေနတ်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။

ဟယ်ကျင်း: “အကြောင်းကြားစာတောင် ထွက်လာပြီဆိုတော့ တကယ်မို့လို့နေမှာပေါ့”

လီမိန့်ရူကလည်း အနားတိုးလာပြီး ပြောလိုက်သည်။

“ငါတစ်ခါမှ သေနတ်မကိုင်ဖူးဘူး၊ ငါ့မွေးရပ်မြေမှာတုန်းက ပြည်သူ့စစ်အဖွဲ့ရှိတယ်လေ၊ သူတို့လက်ထဲက သေနတ်တွေကို မြင်ဖူးပေမယ့် ငါတို့ကိုဆို တစ်ခါမှပေးမကိုင်ဘူး”

ထန်ရှို့ရှို့: “ငါတို့က စစ်သားမှမဟုတ်တာ၊ သေနတ်ကိုင်ခွင့်မပေးတာ သာမန်ပါပဲ”

ဤလေ့ကျင့်ရေးမှာ စိတ်ဝင်စားစရာကောင်းသည့် အလားအလာရှိနေသဖြင့် ကျောင်းသားများလည်း ယခင်ကလောက် ပင်ပန်းသည်ဟု မခံစားရတော့ချေ။

--- --- ---

နေ့လယ်ခင်း လူစုပြီးနောက် နည်းပြသည် ကျောင်းသားများကို သေနတ်ပစ်ကွင်းသို့ အမှန်တကယ် ခေါ်ဆောင်သွားသည်။

ပထမဆုံးအနေဖြင့် နည်းပြက သေနတ်တစ်လက်၏ အခြေခံတည်ဆောက်ပုံနှင့် အသုံးပြုနည်းတို့အား ရှင်းပြခဲ့သည်။

တစ်နာရီခန့်ကြာပြီးနောက် နည်းပြသည် သေနတ် ၄ လက်ကို ထုတ်ပေးခဲ့ပါသည်။

ကျောင်းသားကျောင်းသူများက သေနတ်များကို ယူကာ အလှည့်ကျ လေ့ကျင့်ရသည်။ တစ်ဦးလျှင် ၅ ကြိမ် ပစ်ခွင့်ရပြီး တစ်ကြိမ်ပစ်ပြီးနောက် အနောက်ဘက်တွင် တန်းစီနေသည့် အတန်းဖော်ထံ လွှဲပြောင်းပေးရပါသည်။

ကျောင်းသားကျောင်းသူတိုင်းသည် အသက် ၂၀ ဝန်းကျင်သာ ရှိသေးပြီး သေနတ်ကိုင်ဖူးသည့် အတွေ့အကြုံလည်း မရှိကြသဖြင့် ရလဒ်များက အတော်ပင် ဆိုးရွားကြပါသည်။

ပစ်မှတ်ကို မှန်အောင် ပစ်နိုင်သူဟူ၍ အလွန်နည်းပါးသည်။

ယဲ့ရှောင်ရှောင်လည်း ပထမဆုံးပစ်ချက်တွင် အလွန်စိတ်လှုပ်ရှားနေသဖြင့် ပစ်မှတ်ကို လုံးဝ လွဲသွားခဲ့ကာ ခံစားချက်က မကောင်းလှပေ။

ဒုတိယအချက်တွင်မူ စိတ်ဓာတ်ကို ခိုင်ခိုင်ထားလိုက်ရာ ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်ခဲ့ပါသည်။

“ယဲ့ရှောင်ရှောင်၊ ၃ မှတ် (၃ ကွင်း)”

နည်းပြက ဘေးမှရပ်ကာ ရမှတ်ကို မှတ်တမ်းတင်လိုက်သည်။

ရုတ်တရက်ဆိုသလို ဘေးဘက်အတန်းမှ အံ့အားတသင့် အော်သံတစ်သံ ထွက်ပေါ်လာသည်။ အခြားအတန်းမှ ကျောင်းသားများအားလုံးလည်း လှည့်ကြည့်ကုန်ကြပါသည်။

လက်ထောက်နည်းပြတစ်ဦးက ဘေးသို့ရောက်လာကာ ရှင်းပြလိုက်သည်။

“ဟိုဘက်အတန်းက ကျောင်းသားတစ်ယောက် ၁၀ မှတ် (၁၀ ကွင်း) ကို မှန်အောင် ပစ်နိုင်သွားလို့တဲ့လေ”

“အရင်က လေ့ကျင့်ဖူးလို့နေမယ်”

“စစ်သားကောင်းတစ်ယောက်ဖြစ်မယ့်ပုံစံကို ဘာလို့ ဆေးပညာသင်နေတာလဲမသိဘူး”

“စကားမများစမ်းပါနဲ့၊ ဒါတွေက ကျင့်ဟွာတက္ကသိုလ် ကျောင်းသားကျောင်းသူတွေကွ၊ သူတို့အနာဂတ်က ငါတို့ထက်တောင် ပိုတောက်ပဦးမယ်”

နည်းပြများအကြား စကားအနည်းငယ်ပြောပြီးနောက် သူတို့အတန်းများ၏ လေ့ကျင့်ရေးကို ပြန်လည် ကြီးကြပ်ခဲ့ကြပါသည်။

အနားယူချိန်ရောက်သောအခါ အရှေ့တန်းမှ ရှားလီ ပြေးလာလေသည်။

“ဟိုဘက်အတန်းက သေနတ်ပစ်တော်တဲ့ ကျောင်းသားနာမည်က ချောင်းယွင်ဟူတဲ့၊ အရမ်းရုပ်ချောတာ”

ဟယ်ကျင်း: “သူရုပ်ချောတာ နင်က ဘယ်လိုလုပ်သိလဲ”

ရှားလီက ရှက်ကိုးရှက်ကန်းဖြင့် ဆိုသည်။

“ခိုးကြည့်လာတာလေ”

မျက်လုံးများ မှိတ်ကာ အနားယူနေသော ယဲ့ရှောင်ရှောင်သည် ထိုအမည်ကို ကြားလိုက်သည်နှင့် ဆတ်ခနဲ ထထိုင်လိုက်ပါသည်။

ချောင်းယွင်ဟူ…

ထိုကောင်လေးမှာလည်း စစ်တပ်ဝင်းထဲက ကလေးတစ်ယောက်ဖြစ်သည်။ သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် စရိုက်ချင်းမတူညီ၍ ရင်းနီးကျွမ်းဝင်မှု သိပ်မရှိပါ။

မူရင်းဝတ္ထုထဲတွင် စစ်တင်ဝင်းထဲသို့ ဇာတ်လိုက်မင်းသမီး(ဟောက်ယန်ယန်) ပြန်လည်ရောက်ရှိလာပြီးနောက် ချောင်းယွင်ဟူနှင့် မတော်တဆ ဆုံခဲ့ရသည်။

အမြဲတစေ ထိတွေ့ဆက်ဆံနေရသူများဖြစ်သည့်အလျောက် သူတို့နှစ်ဦးသည် အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် အမြင်မကြည်ရာမှ နောက်ပိုင်းတွင် စိတ်တူကိုယ်တူ ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်သွားတော့သည်။

မူရင်းဝတ္ထု၏ ဇာတ်လမ်းအရ ချောင်းယွင်ဟူသည် ဇာတ်လိုက်မင်းသမီးကို မင်းသားထက်ပင် များစွာ ကူညီပေးခဲ့ပါသည်။

သူ့မိသားစု နောက်ခံကြောင့် ချောင်းယွင်ဟူတွင် ပုံမှန်မဟုတ်သည့် စရိုက်တစ်ခုရှိသည်။

သူသည် အပြင်ပန်းတွင် ထူးချွန်ထက်မြက်သည့် ကျောင်းသားတစ်ဦးဖြစ်သည်ဟု ထင်ရသော်လည်း လူမှုပတ်ဝန်းကျင်ကို မုန်းတီးသည့် စိတ်ဓာတ်မျိုး ရှိသူဖြစ်ပါသည်။

ဇာတ်လိုက်မင်းသမီးအနေဖြင့် လုပ်ရန်မသင့်တော်သည့် ကိစ္စများကို ချောင်းယွင်ဟူကသာ နောက်ကွယ်မှ အလွန်အမင်း ရက်စက်ကြမ်းကြုတ်သည့် နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းပေးလေ့ ရှိသည်။

မူလ ယဲ့ရှောင်ရှောင်သည်လည်း ချောင်းယွင်ဟူ၏ ပစ်မှတ်ထားမှုကို အကြိမ်ကြိမ် ခံခဲ့ရပါသည်။

သို့သော် ယဲ့ရှောင်ရှောင် ထောင်နန်းစံသွားရသည့်အဖြစ်တွင် သူ့ပယောဂပါခြင်းမပါခြင်းကို စာအုပ်ထဲ၌ အတိအကျ ဖော်ပြထားခြင်း မရှိပေ။

“ဟဲ့ဟဲ့ ဟိုမှာကြည့်၊ အဲ့တာသူပဲ”

ရှားလီ စိတ်လှုပ်ရှားစွာ ညွှန်ပြလိုက်သည်။

ယဲ့ရှောင်ရှောင် မော့ကြည့်လိုက်ရာ သူမတို့ဘေးနားမှ ဖြတ်သွားသည့် ပိန်ပိန်ရှည်ရှည်နှင့် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရသည်။

ဟယ်ကျင်းက အမြန်သတိပေးလိုက်ပါသည်။

“တိုးတိုးပြောစမ်းပါ၊ တော်ကြားသွားဦးမယ်”

ရှားလီက ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။

“ကြားသွားလည်း ဘာဖြစ်လဲ၊ ရုပ်ချောတဲ့သူတွေက အကြည့်ခံရမှာကြောက်စရာမလိုဘူးလေ”

သို့သော်လည်း ရှားလီ၏ အသံမှာ ယခင်ကထက် ပိုမိုတိုးညှင်းနေခဲ့ပါသည်။

သူရဲဘောကြောင်သည့် သူမကို ကြည့်ရင်း ဟယ်ကျင်း ရယ်မောလိုက်လေသည်။

ရှားလီက မခံချင်စိတ်ဖြင့် ချေပသည်။

“ငါသူ့ကို ကြည့်ရဲတာတောင် အထင်ကြီးစရာ ကောင်းလွန်းနေပြီ”

ယဲ့ရှောင်ရှောင်လည်း အကြည့်ပြန်လွှဲခဲ့ပါသည်။

ထိုချောင်းယွင်ဟူသည် ယခုအချိန်တွင် အလွန်ငယ်ရွယ်သေးသည်။ တက္ကသိုလ်ဘွဲ့ရခါနီးမှ ဇာတ်လိုက်မင်းသမီးနှင့် ဆုံခဲ့ပုံရပါသည်။

ထိုအချိန်ကျလျှင် ဇာတ်လိုက်မင်းသမီးသည် ကျင့်ဟွာတက္ကသိုလ်အနီးတွင် လုပ်ငန်းတစ်ခု လုပ်နေမည်ဖြစ်ကာ ထိုနေရာတွင် ဆုံခဲ့ရခြင်း ဖြစ်လောက်သည်။

ဆိုလိုသည်မှာ ယခုချိန်တွင် ဟောက်ယန်ယန်နှင့် ချောင်းယွင်ဟူတို့ မဆုံကြသေးပေ။

ကြောက်စရာကောင်းသည့် ဤ “ဇာတ်ပို့မင်းသား”ကို သူမဘက်သို့ ပါအောင် စည်းရုံးသင့်၊ မစည်းရုံးသင့် ယဲ့ရှောင်ရှောင် စဉ်းစားနေမိသည်။

ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် ပိုင်ချွမ်ရွာတွင်နေထိုင်ဖို့ ပထမဆုံး ဆုံးဖြတ်ချက်ချခဲ့ပြီး ယဲ့မိသားစုဝင်များ၏ ကံကြမ္မာကိုပါ ပြောင်းလဲနိုင်ခဲ့သဖြင့် မူရင်းဝတ္ထု၏ ဇာတ်လမ်းကို အမှန်တကယ် ပြောင်းလဲနိုင်မှန်း သက်သေပြခဲ့ပြီး မဟုတ်ပါလား။

--- --- ---

သေနတ်ပစ်လေ့ကျင့်ရေးသည် မကြာမီမှာပင် အဆုံးသတ်သွားခဲ့သည်။

သေနတ်များကို သိမ်းဆည်းနေစဉ် မတော်တဆမှုတစ်ခု ဖြစ်သွားခဲ့ပါသည်။

ကောင်လေးတစ်ယောက်သည် သေနတ်ကို ကိုင်ရင်း အတန်းဖော်တစ်ယောက်၏ ခေါင်းကို ချိန်ရွယ်ခဲ့သည်ဟုဆိုသည်။

သေနတ်ထဲတွင် ကျည်ဆံမရှိသော်လည်း နည်းပြက ထိုကျောင်းသားကို ချက်ချင်းတားဆီးကာ ပြစ်တင်ဆုံးမခဲ့သည်။

ထိုကောင်လေးမှာ မာနထိခိုက်သွားပုံရပြီး သူ့ဘက်တွင် အမှားမရှိဟု ယူဆကာ နည်းပြကို ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောခဲ့ပါသည်။

ထို့ကြောင့် အတန်းဖော်အားလုံး အပြစ်ပေးခံရတော့သည်။

ကျောင်းသားအားလုံး ထိုကောင်လေးကို စိတ်ထဲမှ ကျိန်ဆဲကာ ဝမ်းဗိုက်ကိုဖိရင်း ပြေးနေကြရပါသည်။

လေ့ကျင့်ရေးကွင်းထဲတွင် လူ ၃၀၀ ကျော်ခန့် ပြေးလွှားနေသည်ကို မြင်ရခြင်းမှာ အတော်လေး ထူးခြားလှသည်။

ကွန်ကရစ်လမ်းမဟုတ်ဘဲ မြေသားစစ်စစ်ဖြစ်နေခြင်းကြောင့် ကျောင်းသားများ ပြေးလွှားသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်တလုံးလုံး ထနေတော့သည်။

နေ့လယ်ပိုင်းတွင် အပိုလေ့ကျင့်ခန်းများ လုပ်ခဲ့ရသဖြင့် ညစာစားပြီးနောက် အနားယူခွင့်ရခဲ့ကြပါသည်။

နည်းပြ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများကို လေ့ကျင့်ပေးဖို့သာဖြစ်ပြီး အမှန်တကယ် သေအောင်နှိပ်စက်ဖို့ မဟုတ်ပေ။

အဆောင်သို့ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင်သည် ခေါင်းလျှော်ရန် ရေနွေးသွားယူခဲ့သည်။

အနားယူချိန်တွင် သူမသည် မိန်းကလေးဆောင် အရှေ့ဘက်ရှိ ကွင်းပြင်ငယ်လေးတွင် ထိုင်ကာ ညနေခင်း လေပြည်လေညင်းလေးဖြင့် ဆံသားကို အခြောက်ခံခဲ့ပါသည်။

ဤအချိန်တွင် အခြားကျောင်းသူများလည်း အဝတ်လျှော်ခြင်း သို့မဟုတ် အနားယူခြင်းဖြင့် ကိုယ်စီ အလုပ်ရှုပ်နေကြသဖြင့် ကွင်းပြင်ထဲတွင် လူများများစားစား မရှိပေ။

နေဝင်စပြုချိန်တွင် ယဲ့ရှောင်ရှောင်သည် အဆောင်ဘက်သို့ ပြန်လျှောက်လာခဲ့ပါသည်။

ပန်းခင်းတစ်ခင်းဘေးမှ ဖြတ်သွားစဉ် ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ လီမိန့်ရူနှင့် ဆင်တူသော လူတစ်ယောက်ကို မြင်လိုက်ရသည်။

စစ်ယူနီဖောင်းဝတ်ထားသည့် ယောက်ျားလေးတစ်ဦးက သူမလက်ထဲသို့ တစ်စုံတစ်ခု ထည့်ပေးနေလေသည်။

ယဲ့ရှောင်ရှောင်ကလည်း ပုန်းကွယ်ဖို့ စိတ်ကူးမရှိဘဲ ကိုယ့်လမ်းကိုယ် ဆက်လျှောက်လာခဲ့ရာ သူမကို လီမိန့်ရူ မြင်သွားခဲ့သည်။

ပြဿနာကြီးကြီးမားမား မဟုတ်သော်လည်း ယဲ့ရှောင်ရှောင်ကို မြင်သောအခါ သူတို့နှစ်ယောက် အလွန်ပျာယာခတ်သွားပုံရပါသည်။

လီမိန့်ရူဆိုလျှင် လက်ထဲက ပစ္စည်းပင် လွတ်ကျမတတ် ထိတ်လန့်သွားသည်။ ထိုကောင်လေးမှာလည်း အလျင်အမြန် ပြန်ထွက်သွားခဲ့ပါသည်။

ယဲ့ရှောင်ရှောင်ကမူ ရှေ့သို့သာ ဆက်လျှောက်လာခဲ့သည်။

“ရှောင်ရှောင် ခဏနေပါဦး”

လီမိန့်ရူက သူမနောက်သို့ ပြေးလိုက်လာသည်။

“အဲ… ခုနက ကိစ္စကိုလေ ဘယ်သူ့ကိုမှ မပြောပါနဲ့နော်”

ယဲ့ရှောင်ရှောင်: “ဘာဖြစ်လို့လဲ၊ အဲ့ဒီရဲဘော်နဲ့ သိလို့လား”

လီမိန့်ရူ: “ငါတို့က တစ်နယ်တည်းသားချင်းတွေလေ၊ သူအိမ်ကယူလာတဲ့ ဒေသထွက်လက်ဆောင်တချို့ လာပေးတာပါ”

ယဲ့ရှောင်ရှောင်: “ဒါဆိုလည်း ပုံမှန်အတိုင်း ဆက်နေလေ၊ နင်က ဘာလို့အရမ်းကြောက်နေတာလဲ”

လီမိန့်ရူသည် သူမကို စစ်တပ်စည်းမျဉ်းစည်းကမ်းများအကြောင်း ပြောပြလိုက်ပါသည်။

ယဲ့ရှောင်ရှောင်: “…”

သူမ စိုးရိမ်နေသည့် အရာများက အမှန်တကယ် ဖြစ်ပျက်ဖူးကြောင်း ယဲ့ရှောင်ရှောင် သိလိုက်ရသည်။

ယဲ့ရှောင်ရှောင်: “မကြောက်ပါနဲ့၊ ငါဘယ်သူ့ကိုမှ မပြောပါဘူး”

ယဲ့ရှောင်ရှောင်၏ ကတိစကားကိုကြားခါမှ လီမိန့်ရူ စိတ်အေးသွားတော့သည်။

All Chapters