← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

📗 Chapter 87

ယဲ့ရှောင်ရှောင်သည် သူ့အနားသို့ လျှောက်သွားပြီး ဆောင့် ကြောင့်ထိုင်လိုက်သည်။

“ဖိနပ်ချွတ်လိုက်”

ချောင်းယွင်ဟူ: “…”

“ငါကူချွတ်ပေးရဦးမှာလား”

ယဲ့ရှောင်ရှောင်က လက်ပိုက်လျက် မေးလိုက်သည်။

အပေါ်စီးမှ ငုံ့ကြည့်နေသည့် သူမ၏ အရှိန်အဝါမှာ ကြီးမားလွန်းလှသဖြင့် ချောင်းယွင်ဟူပင် ဝတ္ထုထဲက ကြောက်စရာကောင်းသော ဇာတ်ကောင်တစ်ကောင်၏ အရှိန်အဝါမျိုးကို ဆုံးရှုံးလိုက်ရသည်။

ချောင်းယွင်ဟူ ဇဝေဇဝါဖြစ်စွာ ဖိနပ်ချွတ်ပေးလိုက်သည်။

ထို့နောက် ယဲ့ရှောင်ရှောင်က ဖူးရောင်နေသည့် သူ့ခြေကျင်းဝတ်ကို သေသေချာချာ စစ်ဆေးကြည့်လိုက်ပါသည်။

အဆစ်အနည်းငယ်လွဲသွားသော်လည်း အန္တရာယ်တော့ မရှိနိုင်ပေ။

“သည်းခံထား”

ချောင်းယွင်ဟူ: “ဘာ”

“သည်းခံထားလို့”

ပြောပြောဆိုဆိုနှင့် ယဲ့ရှောင်ရှောင်သည် လက်ထဲကို အားထည့်ကာ ချောင်းယွင်ဟူ၏ နေရာလွဲနေသောအဆစ်ကို ဂျွတ်ခနဲမြည်အောင် ပြန်တည့်ပေးလိုက်တော့သည်။

“အား!”

“အော်မနေစမ်းပါနဲ့၊ အဲ့လောက်လည်းမနာပါဘူး၊ လောလော ဆယ်တော့ ပတ်တီးစနဲ့ နေရာမြဲအောင် စည်းပေးထားမယ်၊ ဒဏ်ရာက သိပ်မကြီးဘူးဆိုပေမမယ့် ဒီခြေထောက်ကို အားပြုပြီးတော့ လမ်းမလျှောက်သင့်သေးဘူး”

ယဲ့ရှောင်ရှောင်သည် လွယ်အိတ်ထဲမှ ပက်တီးအချို့ကို ထုတ်လိုက်ရာ ရေများညှစ်ချနိုင်လောက်သည့်အထိ စိုရွှဲနေသည်။

ထို့နောက် သစ်ကိုင်းခြောက်နှစ်ချောင်းကို ကောက်ယူလိုက်ပြီး ချောင်းယွင်ဟူ၏ ခြေကျင်းဝတ်တွင်ကပ်ကာ စည်းနှောင်ပေးလိုက်ပါသည်။

“ဒီမှာပဲစောင့်နေ၊ နင့်ကို ထမ်းခေါ်ဖို့ တစ်ယောက်ယောက်သွားရှာပေးမယ်”

စကားပြောပြီးသည်နှင့် ယဲ့ရှောင်ရှောင် ထွက်ခွာရန် ပြင်လိုက်သည်။

ချောင်းယွင်ဟူလည်း မိုးမိထားသဖြင့် တစ်ကိုယ်လုံး စိုရွှဲနေပြီး ဆံပင်များမှာ နဖူးပေါ်သို့ ကပ်နေကာ သူမကို မော့ကြည့်နေသည့် ပုံစံလေးမှာ သနားစရာကောင်းနေပါသည်။

ယဲ့ရှောင်ရှောင်က မတ်တပ်ရပ်လျက် မေးလိုက်သည်။

“ဘာလိုသေးလဲ”

ချောင်းယွင်ဟူ: “ဘာမှ မလိုတော့ပါဘူး”

ယဲ့ရှောင်ရှောင်လည်း စိတ်ကျေနပ်စွာဖြင့် ထွက်သွားခဲ့သည်။

ယခု သူတို့နှစ်ယောက် ရင်းနှီးသွားကြပြီဖြစ်၍ နောက်ပိုင်း ချောင်းယွင်ဟူသည် ဇာတ်လိုက်မင်းသမီးဘက်သို့ ရောက်ရှိသွားလျှင်ပင် သူမကို ဒုက္ခကြီးကြီးမားမား ပေးရက်တော့မည် မထင်ပါ။

စိတ်ရွှင်စွာဖြင့် ရှေ့သို့ ဆက်ချီတက်လာရင်း တာဝန်ကျ တပ်သားတစ်ယောက်ကို မြင်သောအခါ ကျောင်းသားတစ်ယောက် ဒဏ်ရာရရှိထားသည့်အကြောင်း ယဲ့ရှောင်ရှောင် အကြောင်းကြားခဲ့ပါသည်။

ချောင်းယွင်ဟူကို တပ်သားများက အလျင်အမြန်ပင် လာရောက်သယ်ဆောင်သွားကြသည်။

စစ်ဘက်ဆရာဝန်ထံသို့ ခေါ်ဆောင်သွားသောအခါ ဆရာဝန်က သူ့ခြေကျင်းဝတ်ဒဏ်ရာကို စစ်ဆေးလျက် ချီးကျူးလိုက်ပါသည်။

“ခြေဆစ်လွဲတာကို ပရော်ဖက်ရှင်နယ်ကျကျ ကိုင်တွယ်ထားတာပဲ၊ မင်းပညာက ဘယ်ဆိုးလို့လဲ ကောင်လေး”

ချောင်းယွင်ဟူ နှုတ်ခမ်းများ စည်းတင်းသွားသည်။

“ကျွန်တော့်ဖာသာကျွန်တော် လုပ်ထားတာ မဟုတ်ပါဘူး”

“ဒါဆိုလည်း လုပ်ပေးသွားတဲ့လူကို မင်းကျေးဇူးတင်သင့်တယ်၊ ခြေကျင်းဝတ်လိမ်တာကို ကိုင်တွယ်တာ မမှန်ရင် နောက်ပိုင်း လမ်းလျှောက်တဲ့အခါ ပုံစံပျက်လာနိုင်တယ်၊ အခု ကာကွယ်ထားတဲ့ ပုံစံက အတော်လေးကောင်းတယ်”

ထိုအခါမှ ထိုကျောင်းသူ၏ အမည်ကို မေးမြန်းဖို့ မေ့လျော့သွားမှန်း ချောင်းယွင်ဟူ သတိရသွားခဲ့သည်။

သို့သော် သူမ၏ မျက်နှာကိုတော့ သေသေချာချာ မှတ်မိနေပါသေးသည်။

သူမသည် အလွန်ချောမောလှပသည့် မိန်းကလေးတစ်ယောက်ဖြစ်ကာ သူ့အတန်းထဲမှ မဟုတ်မှန်းတော့ သေချာသည်။

--- --- ---

ညနေ ၄ နာရီ ဝန်းကျင်တွင် စခန်းသို့ ကျောင်းသားများတစ်ယောက်ပြီးတစ်ယောက် ပြန်ရောက်လာကြသည်။

တပ်မမှူးအပါအဝင် စစ်ခေါင်းဆောင်များသည် ထမင်းစားဆောင် ဝင်ပေါက်ရှေ့တွင် စောင့်ကြိုနေကြပါသည်။

စစ်သင်တန်းကာလမှာ တစ်ဝက်ကျော်လွန်ခဲ့ပြီး အဆုံးသတ်ရန် နီးကပ်လာပြီဖြစ်ရာ ဤကဲ့သို့ တက်ကြွလန်းဆန်းပြီး အလားအလာရှိသော လူငယ်များကို ကြည့်ရင်း ခေါင်းဆောင်များမှာ စိတ်လှုပ်ရှား ဂုဏ်ယူဝံ့ကြွားမှုကို ခံစားနေကြရသည်။

ယဲ့ရှောင်ရှောင်သည် နောက်ကျမှ ရောက်ရှိလာသူများအနက် ပါဝင်သည်။

မိုရွာသွန်းပြီးနောက် နေပြန်ထွက်လာခဲ့သဖြင့် သူမ၏ အဝတ်အစားများ ခြောက်သွေ့သွားသည်မှာ ကြာပါပြီ။

ကျောပိုးအိတ်ထဲ ထည့်ထားသည့် အပေါ်အင်္ကျီတစ်ထည်သာ စိုစွတ်နေတော့သည်။

စခန်းသို့ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသားများသည် တပ်မမှူးနှင့် လက်ဆွဲနှုတ်ဆက်ရသည်။ အခြားကျောင်းသားကျောင်းသူများ စိတ်လှုပ်ရှားနေပုံကို ကြည့်ခြင်းအားဖြင့် ဤသည်မှာ အလွန်ကြီးမားသည့် ဂုဏ်ယူဖွယ်ရာ ဖြစ်ပုံရပါသည်။

ယဲ့ရှောင်ရှောင် ရောက်လာသောအခါ ပထမဆုံးမြင်လိုက်ရသူမှာ လုဟန်ချွမ်ပင် ဖြစ်သည်။

တပ်မမှူးက လုဟန်ချွမ်ကို ကျောင်းသားများရှေ့တွင် ပေါ်မလာစေဖို့ တားမြစ်ထားသော်လည်း လုဟန်ချွမ်မှာမူ ဤကဲ့သို့ အခမ်းအနားမျိုးကို လက်လွတ်မခံနိုင်ပေ။

ယဲ့ရှောင်ရှောင်သည် အကြည့်ကို ပြန်လွှဲလိုက်ပြီး လုဟန်ချွမ်ကို တစ်ချက်ကလေးပင် လှည့်မကြည့်တော့ဘဲ ဘေးမှဖြတ်ကာ တပ်မမှူးရှေ့တွင် ရပ်လိုက်ပါသည်။

“မင်္ဂလာပါ တပ်မမှူး”

ယဲ့ရှောင်ရှောင် လက်ဆွဲနှုတ်ဆက်သောအခါ တပ်မမှူးက အပြုံးဖြင့် တုံ့ပြန်ခဲ့ပါသည်။

ယဲ့ရှောင်ရှောင်သည် တပ်မမှူး၏ လက်သည်များကို ကြည့်ရင်း ရုတ်တရက်ပြောလိုက်သည်။

“တပ်မမှူးရဲ့ ကျောက်ကပ်တွေက သိပ်မကောင်းဘူးထင်တယ်”

လီချန်းယင်၏ အပြုံးများ အေးခဲသွားရသည်။

“…”

ဘေးနားမှ ခပ်တိုးတိုးရယ်သံများလည်းထွက်ပေါ်လာသည်။

ယဲ့ရှောင်ရှောင်သည် ယခင်ဘဝက အကျင့်များ ပါလာသဖြင့် ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်မိခြင်းပင်ဖြစ်သည်။

သူမ၏ လုပ်ရပ်ကို သူမနားလည်သွားသောအခါ တပ်မမှူးအား ဦးညွတ်အလေးပြုလိုက်ပြီး ခပ်မြန်မြန်ပင် ထွက်ပြေးသွားတော့သည်။

အနားတွင် ရပ်နေသော နိုင်ငံရေးမှူးဟယ်က ရယ်မောရင်း ပြောလိုက်သည်။

“တပ်မမှူး ကျန်းမာရေးကို တကယ်ဂရုစိုက်သင့်နေပြီနော်”

လီချန်းယင်က ဒေါသမထွက်ပေ။ ဤအသက်အရွယ်တွင် ထိုကဲ့သို့ စကားများကိုလည်း ဂရုမစိုက်တော့ပါ။

သို့သော် အနည်းငယ်တော့ အံ့အားသင့်မိပါသည်။ ထိုကျောင်းသူ၏ သုံးသပ်ချက်မှာ အတော်လေး တိကျ မှန်ကန်နေခြင်းကြောင့်ပင်။

လီချန်းယင် ရေရွတ်လိုက်သည်။

“လာမယ့်နှစ်မှာ ဆေးကျောင်းသားတွေကို စစ်သင်တန်းအတွက် လက်မခံတော့ရင် ကောင်းမလားမသိဘူး၊ ဒီကလေးတွေရဲ့ မျက်လုံးက ကြောက်စရာကောင်းလောက်အောင် စူးရှလွန်းတယ်”

နိုင်ငံရေးမှူးဟယ်က ထပ်ပြောသည်။

“ဒီနေ့ကျောင်းသားတစ်ယောက်က အခြားကျောင်းသားတစ်ယောက် ခြေဆစ်လွဲတာကို ကိုယ်တိုင် ကုသပေးခဲ့တယ်လို့ စစ်ဘက်ဆရာဝန်ဆီက ကြားမိတယ်”

ထိုကျောင်းသား၏ဒဏ်ရာ ပြင်းထန်ခြင်းရှိမရှိ လီချန်းယင် အသေးစိတ်မေးမြန်းနေစဉ် လုဟန်ချွမ်၏ အကြည့်မှာမူ ထွက်ခွာသွားသော ယဲ့ရှောင်ရှောင်ထံတွင်သာ ရှိနေခဲ့ပါသည်။

လျို့ကျန်းဝေက သူ့ကို တံတောင်ဖြင့် တွတ်လိုက်သည်။

“မင်းဘာတွေကြည့်နေတာလဲ”

လုဟန်ချွမ်လည်း အကြည့်ပြန်လွှဲလိုက်သည်။

“စိတ်ဝင်စားစရာ ကောင်းလို့ပါ”

လျို့ကျန်းဝေ: “ဟုတ်တယ်နော်၊ ခုခေတ်ကလေးတွေက အရမ်း ရဲတင်းကြတာပဲ၊ ငါတို့တပ်ရင်းကကောင်တွေဆိုရင် တပ်မမှူးကို ဘယ်သူမှ အဲ့လို နောက်ပြောင်ရဲမှာ မဟုတ်ဘူး”

--- --- ---

နောက်ဆုံးကျောင်းသား ပြန်ရောက်လာချိန်တွင် ညနေ ၅ နာရီခွဲနေပါပြီ။

ကံကောင်းစွာဖြင့် ယနေ့ မည်သည့်ကျောင်းသားမှ ညစာမငတ်ခဲ့ပါ။

ကိုယ့်အစားအသောက်ကိုယ် ယူဆောင်သွားရမည့်အစား အားလုံးက စားပွဲဝိုင်းကြီးများတွင် အတူတူထိုင်ကြရပြီး လာရောက်တည်ခင်းပေးသည့် အစားအသောက်များကို စားကြရပါသည်။

လူအများအပြား အတူတူထိုင်စားရသောအခါ မင်္ဂလာပွဲကြီးတစ်ခုနှင့်ပင် တူနေတော့သည်။

ညစာမစားခင် ခေါင်းဆောင်များက မိန့်ခွန်းစကား ပြောကြားခဲ့သည်။

ယနေ့ ကျောင်းသားကျောင်းသူများ အလွန်ပင်ပန်းခဲ့ကြမှန်း သိသဖြင့် မိန့်ခွန်းများကို တိုတိုတောင်းတောင်းသာ ပြောခဲ့ကြပါသည်။

ယဲ့ရှောင်ရှောင်သည် စားပွဲတွင်ထိုင်ကာ အခန်းဖော်များနှင့် တီးတိုးစကားပြောလိုက်သည်။

“နင်တို့ထဲက ဘယ်သူ ပထမဆုံး ပြန်ရောက်တာလဲ”

ဟယ်ကျင်း: “ရှို့ရှို့လေ၊ သူအဲ့လောက် အပြေးမြန်မယ်ထင်မထားဘူး”

ထန်ရှို့ရှို့: “ငါက ပြေးရလွှားရတာ ဝါသနာပါလို့ပါ၊ ဒါပေမယ့် ပထမဆုံး ပြန်ရောက်လာတဲ့တစ်ယောက်က ငါတို့အတန်းထဲက ယွီမြောင်လေ”

ယဲ့ရှောင်ရှောင်: “သူက အရပ်ရှည်တာကိုး၊ အပြေးလည်း မြန်မှာပေါ့”

ယွီမြောင်ဟူသည်မှာ အရပ် ၁.၇ မီတာကျော်ရှည်သည့် မိန်းကလေးဖြစ်သည်။

ထန်ရှို့ရှို့: “အရပ်ရှည်ပြီး သက်လုံလည်း ကောင်းဖို့ လိုသေးတယ်၊ သူ့ထက် အရပ်ပိုရှည်တဲ့ ယောက်ျားလေးတွေဆို နောက်မှာကျန်ခဲ့ကြတာ အများကြီးပဲ”

နောက်ဆုံးတွင် ညစာကို စတင်စားသောက်ကြရသည်။

စားပွဲဝိုင်းတိုင်းတွင် ဂျင်းစွပ်ပြုတ်တစ်ပန်းကန်စီ ပါဝင်ပါသည်။ မိုးမိထားသည့် ကျောင်းသားကျောင်းသူများ နွေးနွေးထွေးထွေးရှိစေရန်အတွက် စားဖိုဆောင်မှ အထူးတလည် စီစဉ်ပေးထားသည့် ဟင်းလျာပင် ဖြစ်သည်။

ညနေပိုင်းတွင် အခြားအစီအစဉ်များ မရှိတော့သဖြင့် ညစာစားပြီးနောက် အားလုံးလူစုခွဲလိုက်ကြသည်။

ယဲ့ရှောင်ရှောင်နှင့် အခန််းဖော်များသည် ရေပူစိမ်ရန် မိန်းကလေးရေချိုးဆောင်သို့ သွားခဲ့ကြပြီး သက်တောင့်သက်သာ အိပ်စက်ရန် အသင့်ပြင်လိုက်ကြပါသည်။

ယဲ့ရှောင်ရှောင် အဆောင်ခန်းသို့ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပင် ထောင်ယန့်နန်က လာခေါ်သွားလေသည်။

ထောင်ယန့်နန်ရောက်လာတိုင်း စိတ်ဒဏ်ရာရတတ်သည့် အခန်းဖော်များကလည်း တံခါးဝတွင်စုပြုံကာ ယဲ့ရှောင်ရှောင် ပါသွားသည်ကို ငေးကြည့်နေကြပါသည်။

ဟယ်ကျင်းနားမလည်နိုင် ဖြစ်သွားသည်။

“ရှောင်ရှောင့်ကိုကော ဘာလို့ ခေါ်သွားတာလဲ၊ သူလည်း တစ်ယောက်ယောက်နဲ့ မရှင်းမလင်း အခြေအနေရှိနေတာတော့ မဟုတ်ပါဘူးနော်”

အဆောင်ခန်းထဲတွင် လီမိန့်ရူသည် သူမ၏ ရေခွက်ကို စားပွဲပေါ်သို့ အရှိန်ပြင်းပြင်းဖြင့်ချလိုက်သည်။

ဟယ်ကျင်းလည်း ပါးစပ်ပိတ်သွားခဲ့ပါသည်။

ထန်ရှို့ရှို့က လီမိန့်ရူကို တစ်ချက်လှည့်ကြည့်ကာ ပြောလိုက်သည်။

“တခြားကိစ္စကြောင့်ဖြစ်မှာပါ”

လီမိန့်ရူက လှောင်ပြုံးပြုံးလျက် ဆိုသည်။

“ထန်ရှို့ရှို့၊ နင်လည်း ဒီနေ့မြင်ခဲ့တာပဲ မဟုတ်ဘူးလား၊ သူ့အတွက် ဘာလို့ ကာကွယ်ပြောပေးနေရတာလဲ”

ယနေ့ လီမိန့်ရူနှင့် ထန်ရှို့ရှို့တို့ နှစ်ဦးစလုံး လုဟန်ချွမ်ကို မြင်ခဲ့ကြပါသည်။

သူ့အမည်ကို မသိသော်လည်း ကျောင်းဖွင့်စနေ့က ယဲ့ရှောင်ရှောင်ကို အဆောင်သို့ လိုက်ပို့ပေးခဲ့သည့်လူဖြစ်မှန်း သူတို့နှစ်ယောက်လုံး မှတ်မိကြသည်။

ထန်ရှို့ရှို့ မျက်မှောင်ကြုတ်သွားလေသည်။

“နင်တို့နှစ်ယောက်ရဲ့ အခြေအနေက မတူဘူးဆိုတာ နင်မသိဘူးလား၊ ငါထုတ်ပြောပြမှ နားလည်မှာလား”

လီမိန့်ရူလည်း ဘာမှဆက်မပြောတော့ဘဲ ဝရံတာသို့ထွက်ကာ ဆံပင်အခြောက်ခံနေတော့သည်။ သူမ၏ ရင်ထဲတွင်တော့ မကျေနပ်ချက်များအပြည့်ရှိနေပါသည်။

ယဲ့ရှောင်ရှောင်ကိုလည်း သူမ၏ ရည်းစားက လာခေါ်သွားခြင်းဖြစ်မှန်း သိသာသည်။

သူမကျတော့ ရင်းနှီးသူတစ်ယောက်နှင့် စကားပြောမိရုံလေးကို ဝေဖန်ခံရပြီး ခေါင်းဆောင်တစ်ဦးရှေ့တွင် ‘ပညာပေး’ခံခဲ့ရသည်။

ယဲ့ရှောင်ရှောင်မှာတော့ လူရှေ့သူရှေ့မှာပင် ပတ်သတ်ပြနေသည်ကို မည်သူကမှ အဖတ်မလုပ်ကြပေ။

အဆောင်ခန်းထဲတွင် ကျန်ခဲ့သည့် နှစ်ယောက်မှာ ဘာမှနားမလည်နိုင်ဖြစ်နေကြလေသည်။

ထန်ရှို့ရှို့က ခေါင်းခါလိုက်ပြီး ထိုနှစ်ယောက်ကို ဆက်မမေးတော့ဖို့ အချက်ပြလိုက်ပါသည်။

“ရှောင်ရှောင်ပြန်လာမှသာ ရှင်းပြခိုင်းလိုက်တော့”

--- --- ---

ထောင်ယန့်နန်: “ကျောင်းသူ ယဲ့ရှောင်ရှောင်၊ နင့်ဆီလာလည်တဲ့လူတစ်ယောက်ရှိလို့ အခုလို ခေါ်လာခဲ့တာ”

ယဲ့ရှောင်ရှောင်တွေးလိုက်သည်။

‘လုဟန်ချွမ်တော့ မဟုတ်လောက်ပါဘူးနော်….’

လွန်ခဲ့သည့် နှစ်နာရီဝန်းကျင်ခန့်ကမှ သူ့ကိုမြင်ခဲ့ရခြင်းဖြစ်သဖြင့် သူဖြစ်နေနိုင်ချေ အလွန်မြင့်ပါသည်။

သို့သော် စစ်တပ်က ကျောင်းသားကျောင်းသူများနှင့် စစ်သားများအကြား အဆက်အသွယ်မရှိစေဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားသည် မဟုတ်ပါလား။

လုဟန်ချွမ်မှာ ဤမျှ တာဝန်မဲ့သူ မဖြစ်နိုင်ပေ။

📗 Chapter 88

ရုံးခန်းတံခါး ပွင့်သွားသောအခါ ယဲ့ရှောင်ရှောင်၏ အတွေးများ ပျက်သွားရသည်။

သူမ၏ မျက်စိရှေ့တွင် ပေါ်လာကြသူများမှာ လုဟန်ချွမ်မဟုတ်ဘဲ သွမ်လဲ့နှင့် ရှုကျမ့်လီတို့ ဖြစ်နေပါသည်။

‘ဪ… သူတို့နှစ်ယောက်ကိုး’

သွမ်လဲ့က အလွန်စိတ်မကောင်းဖြစ်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“ရှောင်ရှောင်၊ နင်တကယ် ကျင့်ဟွာတက္ကသိုလ်ဝင်ခွင့် အောင်သွားတာပဲ! ဘာလို့ စစ်တပ်ဝင်းထဲကို ပြန်လာပြီး ငါတို့နဲ့ လာမတွေ့တာလဲ”

ယဲ့ရှောင်ရှောင်က ထောင်ယန့်နန်အား လှည့်ကြည့်လိုက်လေသည်။

“စကားအေးအေးဆေးဆေး ပြောကြပါ”

ထောင်ယန့်နန်က နားလည်မှုဖြင့် တံခါးပင် ပိတ်ပေးသွားပါသည်။

ယဲ့ရှောင်ရှောင်: “ငါ့မှာအချိန်မရှိဘူးလေ၊ စစ်သင်တန်းကာလကြီးမှာ ဘယ်သွားလို့ရမှာလဲ”

သွမ်လဲ့က လက်မခံနိုင်ဘဲ ပြန်ပြောလိုက်သည်။

“ဖုန်းလေးတစ်ခေါက်တောင် ဆက်ဖို့ အချိန်မရှိတာတော့ မဖြစ်နိုင်ပါဘူး၊ နင်ငါတို့ကို တမင်တကာ ရှောင်နေတာ မဟုတ်လား”

ပိုင်ချွမ်ရွာသို့ ယဲ့ရှောင်ရှောင် ရောက်ရှိသွားပြီးနောက် အခြားလူတစ်ယောက်ကဲ့သို့ အဘယ်ကြောင့် ပြောင်းလဲသွားရမှန်း သွမ်လဲ့ နားမလည်နိုင်သော်လည်း သူမဘေးတွင် အခိုင်အမာ ရပ်တည်ပေးဖို့ သူစိတ်ပိုင်းဖြတ်ထားပါသည်။

ယဲ့ရှောင်ရှောင် တိတ်ဆိတ်သွားခဲ့သည်။

သွမ်လဲ့ပြောသည်မှာ မမှားပေ။ သူမ တမင်တကာ ရှောင်ခဲ့ခြင်းပင်။

သို့သော် သွမ်လဲ့၏ မေးခွန်းကို ပြန်ဖြေရာတွင်မူ သူမ၏ လေသံမှာ သစ္စာဆိုနေသည့်အလား ပြတ်သားခိုင်မာနေပါသည်။

“မဟုတ်ပါဘူး၊ အားတဲ့အချိန်ကျရင် စစ်တပ်ဝင်းထဲ ပြန်လာဖို့ တကယ်အစီအစဉ်ရှိပါတယ်”

ရှုကျမ့်လီက စကားလမ်းကြောင်းလွှဲလိုက်သည်။

“အစ်မရှောင်ရှောင်၊ ကျင့်ဟွာတက္ကသိုလ်ဝင်ခွင့်ရခဲ့တာ ဂုဏ်ယူပါတယ်”

သွမ်လဲ့: “ဟုတ်ပါ့၊ အဲ့လို စုတ်စုတ်ပျက်ပျက် နေရာကို ရောက်သွားတော့မှ နင်တကယ်ကြီး စာတော်လာလိမ့်မယ်လို့ လုံးဝ ထင်မထားဘူး”

ယဲ့ရှောင်ရှောင်: “…”

ရှုကျမ့်လီက အိတ်တစ်လုံး ထုတ်ပေးလိုက်သည်။

“အစ်မရှောင်ရှောင်ကို ကျွန်တော်တို့ လက်ဆောင်ပစ္စည်းလေးနည်းနည်း လာပေးတာ”

ယဲ့ရှောင်ရှောင် သက်ပြင်းချလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် သင်တန်းကာလက တစ်ဝက်တောင်ကျိုးနေပြီလေ၊ အဲ့တာတွေ မလိုလောက်တော့ပါဘူး”

ရှုကျမ့်လီ: “အစားအသောက်တွေပါ အစ်မရှောင်ရှောင်ရဲ့၊ အစ်မရဲ့ အခန်းဖော်တွေနဲ့လည်း မျှစားလို့ ရတာပဲ”

ထိုအခါမှ လက်ဆောင်များကို ယဲ့ရှောင်‌ရှောင် လက်ခံလိုက်ပါသည်။

“ဟုတ်ပါပြီ၊ အဲ့တာဆိုလည်း နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်”

ရှုကျမ့်လီက ပြုံးသည်။

“အစ်မကို ကျွန်တော်တို့ ဆက်မနှောင့်ယှက်တော့ဘူးနော်၊ ကျောင်းပြန်ရောက်မှ ထပ်တွေ့ကြမယ်”

ရှုကျမ့်လီမှာ စကားကို အကွက်ကျကျပြောသွားခြင်းဖြစ်၍ ယဲ့ရှောင်ရှောင်လည်း မငြင်းဆန်တော့ပေ။

ထို့အပြင် ဘေးတွင် သွမ်လဲ့ စောင့်ကြည့်နေသည်ကတစ်ကြောင်း၊ သူမ၏ ကျောင်းနှင့်အတန်းကိုပါ သူတို့ စုံစမ်းသိရှိပြီးသား ဖြစ်နေသည်ကတစ်ကြောင်းကြောင့် ယဲ့ရှောင်ရှောင် ဆက်ပြီး ဖုံးကွယ်ထားစရာ မလိုအပ်တော့ပေ။

“ကောင်းပါပြီ”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

ထိုအခါမှ သွမ်လဲ့၏ မျက်နှာလည်း တောက်ပသွားသည်။

“ရှောင်ရှောင်၊ ငါ့အိမ်ကို လာလည်ဖို့လည်း မမေ့နဲ့ဦးနော်၊ နောက် ၂ လလောက်နေရင် ငါပေကျင်းမှာ ရှိမှာ မဟုတ်တော့ဘူး”

ယဲ့ရှောင်ရှောင် သူ့ကို စိုက်ကြည့်လိုက်သည်။

သွမ်လဲ့က ရှက်ကိုးရှက်ကန်းဖြင့် ရှင်းပြလိုက်ပါသည်။

“ငါစာကြိုးစားပါ့မယ်လို့ ကတိပေးထားပေမယ့် ငါက ပညာရေးမှာ ပါရမီမပါဘူးထင်ပါတယ်၊ ငါ့အဖေက ငါ့ကို စစ်တပ်ထဲ ပို့တော့မလို့လေ”

ဤသည်မှာလည်း ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခုပင်။

အနည်းဆုံးတော့ သွမ်လဲ့တစ်ယောက် ပြဿနာများနှင့် ဝေးရာတွင် နေခွင့်ရသွားပါလိမ့်မည်။

သူစစ်မှုထမ်းပြီး ပြန်လာချိန်တွင် မူရင်းဇာတ်လမ်းကလည်း လမ်းကြောင်းအတော်လေး ပြောင်းသွားလောက်ပြီ ဖြစ်သည်။

ယဲ့ရှောင်ရှောင် နူးညံ့စွာ ပြုံးလိုက်သည်။

“ကောင်းတာပေါ့၊ စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့်ရတာ အရမ်းအဖိုးတန်တဲ့ အခွင့်အရေးပဲ”

သူမ အပြုံးကိုမြင်ပြီး သွမ်လဲ့ အားပိုရှိသွားပါသည်။

“ငါ သေချာပေါက် ကြိုးစားမှာ”

သူတို့သုံးဦး မိနစ် ၂၀ ခန့် စကားဆက်ပြောခဲ့ကြပြီး သွမ်လဲ့နှင့် ရှုကျမ့်လီတို့ ပြန်သွားကြတော့သည်။

---- --- ---

ယဲ့ရှောင်ရှောင်သည် ရှုကျမ့်လီတို့ ပေးခဲ့သော မုန့်အိတ်ကို ယူဆောင်ကာ အဆောင်ခန်းသို့ ပြန်လာခဲ့ရာ အခန်းဖော်များက စိတ်ဝင်တစား ဝိုင်းကြည့်နေကြသည်။

“ရှောင်ရှောင်၊ ဒါတွေ ဘယ်သူလာပေးသွားတာလဲ”

ရှားလီ စိတ်ဝင်တစား မေးလိုက်ပါသည်။

စောစောက သူမ အခန်းဖော်များ မည်သည့်အတွက်ကြောင့် အငြင်းပွားခဲ့ရခြင်းကို ရှားလီ အလွန်သိချင်နေသည်။ သို့သော် သူတို့ကို တိုက်ရိုက်မေးမြန်း၍ မရခဲ့ပေ။

“မောင်လေးနှစ်ယောက်ပါ၊ ငါဒီမှာ လေ့ကျင့်ရေးဆင်းနေမှန်းသိလို့ လာလည်တာ”

သူမကို မည်သို့ရှာတွေ့ခဲ့ကြကြောင်း၊ သို့မဟုတ် စခန်းထဲသို့ မည်သို့ ဝင်ခွင့်ရရှိခဲ့ကြကြောင်းကို ရှုကျမ့်လီတို့အား ယဲ့ရှောင်ရှောင် မမေးမြန်းခဲ့ပါ။

စစ်တပ်ဝင်းထဲမှ ကလေးများတွင် အဆက်အသွယ်မရှားပေ။

ယဲ့ရှောင်ရှောင် အိတ်ကိုဖွင့်ကြည့်လိုက်ရာ အထဲတွင် နာမည်ကြီး ပေကျင်းမုန့်မျိုးစုံ အမှန်တကယ်ပါလာသည်ကို မြင်လိုက်ရပါသည်။

“နင်တို့ကော မြည်းကြည့်ဦးမလား”

ယဲ့ရှောင်ရှောင်သည် အခန်းဖော်များကို မုန့်များဝေငှပေး လိုက်ပါသည်။

လီမိန့်ရူမှအပ အခြားသူများအားလုံး ယဲ့ရှောင်ရှောင်ထံမှ မုန့်များကို တရင်းတနှီးဖြင့် ယူစားခဲ့ကြသည်။

အခန်းထဲက ထူးထူးဆန်းဆန်းအခြေအနေကို ယဲ့ရှောင်ရှောင် သတိထားမိသွားပြီး လီမိန့်ရူအား လှည့်ကြည့်လိုက်ပါသည်။

လီမိန့်ရူမှာ စိတ်မသက်သာစွာဖြင့် မျက်နှာလွှဲလိုက်ပြီး ပင်ပန်းချင်ယောင်ဆောင်လျက် အိပ်ရာဝင်သွားတော့သည်။

ကျန်သောသူများကို ယဲ့ရှောင်ရှောင် ယဲ့ရှောင်ရှောင် လှည့်ကြည့်လိုက်ရာ သူတို့က ပိုထူးဆန်းနေသေးသည်။

ဟယ်ကျင်း အနေခက်စွာ ဝင်ပြောလိုက်သည်။

“အားလုံးဒီနေ့ ပင်ပန်းလာကြတာပဲ၊ စောစော နားကြရ အောင်လေ”

တစ်နေ့လုံး ပင်ပန်းခဲ့ကြရသဖြင့် ညဘက်လေ့ကျင့်ရေးကိုပင် ဖျက်သိမ်းပေးထားခြင်းဖြစ်ရာ ထိုအချိန်ကို အလဟဿ ဖြုန်းတီးလိုက်၍ မဖြစ်ပေ။

ထို့ကြောင့် ယဲ့ရှောင်ရှောင်လည်း ဆက်မမေးတော့ဘဲ ပစ္စည်းများကို သိမ်းဆည်းကာ အိပ်ရာဝင်ခဲ့တော့သည်။

---

နောက်နေ့တွင် လေ့ကျင့်ရေးများ ဆက်ဆင်းခဲ့ရပါသည်။ ယဲ့ရှောင်ရှောင်၏ ခြေလက်များ အလွန်နာကျင်ကိုက်ခဲနေလေပြီ။

လီမိန့်ရူသည် သူမကို တစ်နေ့လုံး စကားတစ်ခွန်းမှ မပြောခဲ့ပေ။

အနားယူချိန်တွင် မနေ့ကဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ယဲ့ရှောင်ရှောင်အား ဟယ်ကျင်း ရှင်းပြခဲ့သည်။

ယဲ့ရှောင်ရှောင် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပါသည်။

“စစ်တပ်ထဲမှာ ငါ့မိတ်ဆွေတစ်ယောက် ရှိတာတော့ မှန်ပါတယ်၊ အဲ့တာကြောင့် လီမိန့်ရူက ငါ့ကို စိတ်ဆိုးနေတာလား”

ဟယ်ကျင်း သက်ပြင်းချလိုက်သည်။

“သူ ဘာတွေတွေးနေလဲ ငါလည်းမသိဘူးလေ၊ အရင်တစ်ခေါက်က ပြဿနာကို မမေ့နိုင်သေးဘူးထင်ပါတယ်”

ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်လျက် မျက်လွှာချလိုက်သည်။

“ဒါဆိုလည်း သူ့ဖာသာ သူ အချိန်ယူပြီး စဉ်းစားသုံးသပ်ပါစေ”

ဟယ်ကျင်းသည် မူလက သူမတို့နှစ်ယောက်အကြား ကြားဝင်ဖြေပေးဖို့ စဉ်းစားထားခဲ့ပါသည်။ သို့သော် ယဲ့ရှောင်ရှောင်တွင်လည်း ကိုယ်ပိုင်မာနရှိနေသည်ကို မြင်လိုက်ရသောအခါ ပြောဖို့ကြံထားသည့် စကားလုံးများကို ပြန်မျိုသိပ်လိုက်ရတော့သည်။

ယဲ့ရှောင်ရှောင်သည် စစ်သင်တန်းကာလကို အေးအေးချမ်းချမ်း ဖြတ်ကျော်ဖို့သာ အာရုံစိုက်ထားပြီး လီမိန့်ရူအားလျစ် လျူရှုထားလိုက်တော့သည်။

နောက်ဆုံး သုံးရက်တွင် သင်တန်းမှာပြီးဆုံးခါနီးပြီဖြစ်၍ ယခင်က လေ့ကျင့်ခန်း အဟောင်းများကိုသာ ပြန်လုပ်ခဲ့ကြရပါသည်။

အချိန်များက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ကျောင်းသို့မပြန်မီ နောက်ဆုံး ညနေခင်းတွင် ကျောင်းသားမျာားနှင့် နည်းပြများသည် လေ့ကျင့်ရေးကွင်းပြင်တွင်ထိုင်ကာ သီချင်းများသီဆိုကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် ငယ်ရွယ်နုပျိုမှု၏ သံစဉ်တို့နှင့် ဖုံးလွှမ်းသွားခဲ့တော့သည်။

“အီးဟီးဟီး… ငါတော့ ဒီနေရာကြီးကို လွမ်းနေတော့မှာပဲ”

တန်းဖြုတ်သောအခါ ရှားလီက ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြန်လာပါသည်။

ယဲ့ရှောင်ရှောင်: “…”

ဤမျှ စိတ်ပျော့သည့် လူတစ်ယောက်ကို မည်သို့ နှစ်သိမ့်ပေးရမှန်း သူမ မသိပေ။

ရှားလီက သူမကို မျက်ရည်အဝိုင်းသားဖြင့် ကြည့်ကာ မေးလိုက်သည်။

“နင်ကော အဲ့လိုမခံစားရဘူးလား”

ယဲ့ရှောင်ရှောင်က သူမခေါင်းကို တွန်းထုတ်လိုက်ပါသည်။

“ငါကတော့ ကျောင်းကို မြန်မြန်ပြန်ချင်နေပြီ၊ အတန်းတွေမြန်မြန်စပြီး အသစ်အဆန်းတွေပဲ သင်ယူချင်တော့တယ်”

ရှားလီ: “… နှလုံးသားမဲ့လိုက်တာ”

“ကဲပါ၊ အဲ့လောက် ဒရမ်မာဆန်မနေစမ်းပါနဲ့၊ နင်ဒီမှာနေချင်လည်း တစ်ယောက်တည်းနေခဲ့ဖို့ လျှောက်လွှာတင်လို့ ရတယ်”

ထန်ရှို့ရှို့က ရှားလီ ရုပ်ရှင်ရိုက်နေသည်ကို ရက်ရက်စက်စက် ချေမှုန်းပစ်လိုက်ပါသည်။

ရှားလီ၏ မျက်ရည်များ ချက်ချင်းပင် ခြောက်သွားသည်။

“နေပါစေတော့”

နောက်ဆုံးနေ့ မနက်ပိုင်းတွင် အနှစ်ချုပ်စုဝေးပွဲနှင့် စစ်ရေးပြအခမ်းအနားရှိပြီး ညနေပိုင်းတွင် ကျောင်းသားများ ထွက်ခွာကြရမည်ဖြစ်သည်။

ရှားလီကဲ့သို့ မျက်ရည်ဝိုင်းလျက် မခွဲနိုင်မခွာရက်ဖြစ်နေကြသော ကျောင်းသားများစွာ ရှိသော်လည်း ဤအတွေ့အကြုံမှာ အမှန်တကယ် အဆုံးသတ်သွားခဲ့ပါပြီ။

ကောင်းမွန်သည့်အရာတိုင်းတွင် အဆုံးသတ်ဟူသည် ရှိစမြဲဖြစ်ပြီး ရှေ့ဆက်လျှောက်ရမည့်လမ်းတွင် အတွေ့အကြုံသစ်များက သူတို့ကို အမြဲတမ်း စောင့်ကြိုနေပါလိမ့်မည်။

--- --- ---

တစ်ဖက်တွင်လည်း တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပြီးနောက် စစ်တပ်အရာရှိအားလုံး သက်ပြင်းချနိုင်ကြပြီ ဖြစ်သည်။

လီချန်းယင်က လုဟန်ချွမ်ကို ရုံးခန်းထဲ ဆင့်ခေါ်ခဲ့သည်။

လုဟန်ချွမ်: “ကျွန်တော့်ကို တာဝန်ပေးစရာရှိလို့လား တပ်မမှူး”

လီချန်းယင်က စာတစ်စောင်ထုတ်ကာ စားပွဲပေါ်သို့ ပစ်တင်ပေးလိုက်သည်။

“ဘာတာဝန်လဲ! ဒါကို အရင်ဖတ်ကြည့်ဦး”

လုဟန်ချွမ် စာကိုဖွင့်ဖတ်ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုပေါ်လာပါသည်။

“အမည်မသိ တိုင်ကြားစာတဲ့လား”

လီချန်းယင်: “မင်းဘာရှင်းပြချင်သေးလဲ”

လုဟန်ချွမ်က စာကို ပြန်ပေးကာ ပြောလိုက်သည်။

“ဘာမှရှင်းပြစရာမလိုပါဘူး၊ ဒီတစ်ခေါက် ကျောင်းသူတွေထဲမှာ ကျွန်တော့်ကောင်မလေးပါလာတာ အမှန်ပဲ၊ အဲ့လိုတော့ မကြည့်ပါနဲ့ တပ်မမှူး၊ သူက ကျွန်တော့်မိဘတွေနဲ့ တွေ့ပေးဖို့အထိတောင် ရည်ရွယ်ထားတဲ့ ကောင်မလေးပါ”

လီချန်းယင်: “ဘယ်တုန်းကတည်းကလဲ၊ ဘာလို့စောစောကြိုမပြောတာလဲကွ”

လုဟန်ချွမ် နှာခေါင်းပွတ်လိုက်သည်။

“ဒါက ကိုယ်ရေးကိုယ်တာ နှလုံးသားရေးရာကိစ္စလေ၊ အချိန်တိုင်း အစီရင်ခံနေဖို့ မလိုဘူးလို့ ထင်လို့ပါ”

လီချန်းယင် မျက်လုံးပြူးသွားပြီး စားပွဲကို ထုရိုက်မိမတတ်ဖြစ်သွားခဲ့သည်။

“ကိုယ်ရေးကိုယ်တာဟုတ်လား၊ အချိန်တန်ရင် မင်းရဲ့ အိမ်ထောင်ပြုခွင့်လျှောက်လွှာကို အတည်ပြုပေးရမှာ ငါဆိုတာ မမေ့နဲ့ဦး!”

လုဟန်ချွမ် ခပ်သဲ့သဲ့ ရယ်မောလိုက်သည်။

“လောလောဆယ်တော့ အိမ်ထောင်မပြုသေးပါဘူး”

လီချန်းယင်: “…”

“မင်းသွားလိုက်တော့၊ နောက်ကို ဒါမျိုးထပ်မတွေ့ရစေနဲ့၊ သင်တန်းကာလပြီးသွားမှ ဒီတိုင်ကြားစာရောက်လာတာ ကံကောင်းသွားတယ်၊ လွန်ခဲ့တဲ့ ၂ ရက်လောက်ကသာ ရောက်လာရင် လူတွေ ဘယ်လိုထင်ကြမလဲ”

လုဟန်ချွမ်က သတိအနေအထားဖြင့် အလေးပြုလိုက်သည်။

“ကျေးဇူးတင်ပါတယ် တပ်မမှူး”

လုဟန်ချွမ် ရုံးခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

ရုံးခန်းပြင်ပသို့ ရောက်သည်နှင့် သူ့မျက်နှာပေါ်မှ အပြုံး ချက်ချင်းပျောက်ကွယ်သွားကာ မျက်ဝန်းတို့ထဲ အေးစက်သည့် အရိပ်အယောင်များ ရိပ်ပြေးသွားတော့သည်။

All Chapters