အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
📗 Chapter 89
စစ်သင်တန်းပြီးဆုံးသွားပြီးနောက် ကျောင်းသားများ၏ တရားဝင် စာသင်ချိန်များ စတင်ခဲ့ပါသည်။
တက္ကသိုလ်သို့ ပြန်ရောက်ရောက်ချင်းမှာပင် ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းရှန့်ထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။
စတုတ္ထအစ်ကိုသည်လည်း စစ်သင်တန်းပြီးဆုံးခါစပင် ရှိသေးသည်။ သို့သော် သူတက်နေသည်မှာ စစ်တက္ကသိုလ် ဖြစ်သောကြောင့် နေ့စဉ် စီမံခန့်ခွဲမှုများက စစ်မှုထမ်းများနှင့် မခြားနားလှပါ။
ထိုနေရာမှ စစ်သင်တန်းဟူသည်မှာ သူတို့ကို စစ်တက္ကသိုလ်ကျောင်းသားဘဝသို့ ကူးပြောင်းရာတွင် ပိုမို လွယ်ကူစေဖို့အတွက် အထောက်အကူပြုပေးသည့် ပေါင်းကူးတံတားတစ်စင်းသဖွယ် ဖြစ်ပါသည်။
ယဲ့ချန်းရှန့်က ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ယဲ့ရှောင်ရှောင်၏ အခြေအနေကို မေးမြန်းလို၍ စာရေးလိုက်ရခြင်းဟု ဆိုသည်။
ယဲ့ရှောင်ရှောင် ပြန်စာပို့ပေးလိုက်ပြီး အိမ်သို့လည်း စာတစ်စောင် ပို့ပေးခဲ့ပါသည်။
အတန်းစသည့် ပထမဆုံးနေ့တွင် ယဲ့ရှောင်ရှောင်သည် အခန်းဖော်များနှင့် လမ်းခွဲပြီး သက်ဆိုင်ရာ စာသင်ခန်းဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့ရသည်။
တရုတ်တိုင်းရင်းဆေးပညာမေဂျာ ကျောင်းသူတစ်ဦးအနေဖြင့် စာသင်ခန်းထဲသို့ ခြေလှမ်းလိုက်ချိန်တွင် နေရာပင် မှားသွားသလား ထင်မှတ်သွားခဲ့ရသည်။
အလွန်ကြီးမားသည့် စာသင်ခန်းကြီးထဲတွင် ကျောင်းသား ငါးယောက်သာ ထိုင်နေပါသည်။
“ဝါး! ငါတို့အတန်းထဲ မိန်းကလေးအတန်းဖော်တစ်ယောက် ရောက်လာပြီဟေ့!”
စာသင်ခန်း၏ ရှေ့ဆုံးတွင် ထိုင်နေသည့် ဝဝတုတ်တုတ် ကျောင်းသားတစ်ယောက်က လက်ခုပ်လက်ဝါးတီးကာ အော်လိုက်သည်။
ယဲ့ရှောင်ရှောင်က မေးသည်။
“တစ်ခန်းလုံးမှာ ဒါပဲရှိတာတော့ မဟုတ်ပါဘူးနော်၊ မရောက်သေးတဲ့လူတွေ ရှိသေးတယ်မလား”
ထိုကျောင်းသားက ပြုံးဖြီးဖြီးဖြင့် ဆိုသည်။
“စိတ်မကောင်းစွာနဲ့ အသိပေးရရင်တော့ ဒီနှစ်် ငါတို့မေဂျာကို လာလျှောက်တဲ့သူက ၁၀ ယောက်ထပ် မပိုပါဘူး”
ယဲ့ရှောင်ရှောင်: “…”
ထိုကျောင်းသားက သူ့ကိုယ်သူ မိတ်ဆက်ပေးလိုက်သည်။
“ငါ့နာမည် ကျန်းခိုင်နင်ပါ၊ နင့်နာမည်ကကော”
လူနည်းပါးသည့် အတန်း၏ အခြေအနေကို ခါးခါးသီးသီး လက်ခံလိုက်ရင်း ယဲ့ရှောင်ရှောင် ပြန်ဖြေလိုက်သည်။
“ယဲ့ရှောင်ရှောင်ပါ”
ကျန်းခိုင်နင်က သူမကို နွေးနွေးထွေးထွေး ကြိုဆိုသည်။
“ထိုင်ချင်တဲ့နေရာမှာ ရွေးထိုင်လိုက်၊ စိတ်မပူပါနဲ့၊ ငါတို့မေဂျာက လူနည်းပေမယ့် ဆရာအင်အားကတော့ အတော်တောင့်တယ်၊ ပါမောက္ခတွေနဲ့ တစ်ယောက်ချင်း အနီးကပ်သင်ရမှာဆိုတော့ တွေးကြည့်ရုံနဲ့ ရင်ခုန်စရာပဲ”
ယဲ့ရှောင်ရှောင်သည် ဒုတိတန်းတွင် ဘေး၌ လူမရှိသည့် ခုံတွင် ဝင်ထိုင်လိုက်ပါသည်။
“နင်ပြောတာ မှန်တော့မှန်ပါတယ်၊ ဒါပေမယ့် ဒီနယ်ပယ်မှာ အလုပ်အကိုင်ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာကိုလည်း ပြသနေတာပဲလေ”
ဤခေတ်အခါက တရုတ်တိုင်းရင်းဆေးပညာမှာ လူသိနည်းသော နယ်ပယ်တစ်ခုပင်ဖြစ်သည်။
ကျန်းခိုင်နင်သည် ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ရာ သူမ၏ စကားကိုကြားပြီးနောက် အားရပါးရ ပြန်ပြောလေတော့သည်။
“တကယ်တော့ ငါ့အဖေက အတင်းဖိအားပေးလို့သာ ငါတိုင်းရင်းဆေးပညာကို ရွေးခဲ့ရတာ၊ မဟုတ်ရင် ငါလည်း အနောက်တိုင်းဆေးပညာပဲ သင်မိမှာပဲ၊ အနောက်တိုင်းဆေးပညာက အရမ်းမိုက်တာ၊ ပစ္စည်းကိရိယာအသစ်တွေလည်း အများကြီး ကိုင်ရတယ်၊ လူတွေလည်း ပိုစိတ်ဝင်စားကြတယ်လေ”
ယဲ့ရှောင်ရှောင်က အကြံပြုသည်။
“တခြားမေဂျာက အတန်းတွေကို သွားနားထောင်လို့လည်းရတာပဲ”
ကျန်းခိုင်နင်က ခေါင်းခါသည်။
“ထားလိုက်ပါတော့၊ ငါက နည်းနည်း ဉာဏ်ထိုင်းတယ်၊ ဘာသာရပ်တစ်ခု တတ်မြောက်ဖို့တောင် တော်တော် ကြိုးစားနေရတာ”
ခဏအကြာတွင် ကျောင်းသား သုံးယောက် ထပ်မံရောက်ရှိလာသည်။ အတန်းထဲတွင် လူနည်းနေသည်ကိုလည်း အံ့ဩသည့်ပုံ မပေါ်ကြပေ။
ကျောင်းသားများ စုံလင်သွားပြီး မကြာမီမှာပင် ပါမောက္ခ ဝင်လာခဲ့သည်။
အခြေခံသီအိုရီနှင့်ရောဂါရှာဖွေခြင်းကို သင်ကြားပေးမည့် ပါမောက္ခ စွန်းကျန့်ယောင်သည် သဘောကောင်းပြီး ဖော်ရွေတတ်သော ဆရာတစ်ယောက်ဖြစ်ပါသည်။
စာသင်ခန်းထဲက ကျောင်းသား ၉ ယောက်ကို ကြည့်ရင်း သူစိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“မဆိုးဘူး မဆိူးဘူး၊ မနှစ်ကထက်စာရင် ပိုများသားပဲ”
ကျောင်းသားများ: “…”
‘မနှစ်က အခြေအနေ ဘယ်လောက်တောင် ဆိုးလို့လဲ’
စွန်းကျန့်ယောင်ကလည်း သူတို့၏အတွေးကို ဖောက်ထွင်းမြင်နိုင်သည့်အလား ရှင်းပြလိုက်ပါသည်။
“ငါတို့မေဂျာက လူနည်းနေတာနဲ့ပဲ တရုတ်တိုင်းရင်းဆေးပညာဆိုတာ ပျောက်ကွယ်နေပြီလို့ မထင်လိုက်နဲ့ဦး၊ သေချာ စဉ်းစားကြည့်ရင် လူနည်းနေရတဲ့အကြောင်းအရင်းက တို့တက္ကသိုလ်ရဲ့ ဝင်ခွင့်အမှတ် အရမ်းမြင့်နေလို့ပဲလေ”
အဓိပ္ပာယ်တော့ရှိပါသည်။ အခြားတက္ကသိုလ်များတွင်လည်း တရုတ်တိုင်းရင်းဆေးပညာ မေဂျာများ ရှိကြသည်။ သို့သော် ကျင့်ဟွာတက္ကသိုလ်၏ ဝင်ခွင့်အမှတ်မှာ ကျိန်းသေပေါက် အမြင့်ဆုံးပင် ဖြစ်သည်။
ကျောင်းသားနည်းခြင်းမှာ မြင့်မားသော စံနှုန်းများကြောင့်သာ ဖြစ်သည်ဟု တွေးလိုက်သောအခါ အားလုံး စိတ်သက်သာရာ ရသွားခဲ့ကြတော့သည်။
အားလုံး အခြေကျသွားသည်ကို မြင်ပြီးနောက် စွန်းကျန့်ယောင်က မေးမြန်းလိုက်သည်။
“မင်းတို့ထဲမှာ အရင်က တရုတ်တိုင်းရင်းဆေးပညာနဲ့ လုံးဝ မထိတွေ့ဖူးတဲ့သူတွေ ပါကြလား”
မည်သူမှ လက်မထောင်ကြပေ။ ဆိုလိုသည်မှာ ကျောင်းသား ၉ ဦးစလုံးသည် တရုတ်တိုင်းရင်းဆေးပညာကို လိုလိုလားလားနှင့် ရွေးချယ်ခဲ့ကြသူများဖြစ်ပြီး ထိုနယ်ပယ်တွင် အထူးကျွမ်းကျင်သည့် မိသားစုနောက်ခံလည်းရှိနေသည့် သဘောပင်။
“သိပ်ကောင်းတယ်၊ အခု ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ကြရအောင်၊ ပထမအတန်းရဲ့ ညာဘက်အစွန်ဆုံးက စမယ်”
ကျန်းခိုင်နင်က ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
“ကျွန်တော့်နာမည် ကျန်းခိုင်နင်ပါ၊ အဖေနဲ့ အဘိုးတို့ နှစ်ယောက်စလုံးက ရွာမှာ သမားတော်တွေလေ၊ ကျွန်တော်တို့ မိသားစုက ဆေးဖက်ဝင် အပင်တွေကို ဆေးဝါးအဖြစ် ဖော်စပ်တဲ့နေရာမှာ ကျွမ်းကျင်ကြပြီး ကျွန်တော်လည်း အဲ့ဒီ ပညာကို နည်းနည်းပါးပါး လေ့လာထားပါတယ်”
စွန်းကျန့်ယောင် ခေါင်းညိတ်လိုက်ပြီး နောက်တစ်ယောက်ကို အချက်ပြလိုက်ပါသည်။
နောက်တစ်ယောက်က လီကျစ်မင်ဟု အမည်ရသော ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့မိသားစုမှာ ဆေးဆိုင်ဖွင့်ထားကြသူများဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက တိုင်းရင်းဆေးပညာနှင့် နီးစပ်ခဲ့သူဖြစ်ပြီး အခြေခံ ရောဂါဝေဒနာများအကြောင်း ကောင်းစွာသိကျွမ်းနားလည်ပါသည်။
တတိယမြောက်ကောင်လေးသည် ချူးယွင်ရှောင်ဟု အမည်ရပြီး သူ့မိသားစုအကြောင်း မပြောပြခဲ့ဘဲ ငယ်စဉ်ကတည်းက ဆရာဖြစ်သူ၏ လက်အောက်တွင် တရုတ်တိုင်းရင်းဆေးပညာကို သင်ယူခဲ့ကာ ခွဲစိတ်ကုသမှုပိုင်းတွင် ကျွမ်းကျင်ကြောင်း ပြောခဲ့ပါသည်။
ယဲ့ရှောင်ရှောင်က စတုတ္ထမြောက် မိတ်ဆက်ရသူဖြစ်သည်။ အတန်းထဲတွင် တစ်ဦးတည်းသော မိန်းကလေးဖြစ်သဖြင့် ဝင်လာကတည်းက သူမကို အားလုံး စိတ်ဝင်စားနေခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင်: “ကျွန်မလည်း ငယ်ငယ်လေးကတည်းက မိသားစုဝင် လူကြီးမိဘတွေဆီကနေ တိုင်းရင်းဆေးပညာကို သင်ယူခဲ့တာပါ၊ ဆရာတစ်ယောက်ဆီမှာလည်း တရားဝင်တပည့်ခံယူထားပါတယ်၊ ကျွန်မက အပ်စိုက်ကုသမှုနဲ့ အတွင်းပိုင်းဆေးကုသမှုမှာ ကျွမ်းကျင်ပါတယ်”
ယဲ့ရှောင်ရှောင်၏အကြောင်းကို စွန်းကျန့်ယောင် သိရှိပြီးသားပင်ဖြစ်သည်။ ဤမိန်းကလေးမှာ အဘိုးစုန့်လက်ခံထားသည့် တပည့်မလေးဖြစ်မည်ဟု တွေးလိုက်သည်။
အခွင့်အရေးရလျှင် သူမ၏ အရည်အချင်းကို စမ်းသပ်ကြည့်ရပါမည်။ သူမကို ထိုင်ရန် အချက်ပြလိုက်ပြီး ကျန်ကျောင်းသားများကို ဆက်လက်မိတ်ဆက်ခိုင်းခဲ့သည်။
ကျန်ရှိသော ကျောင်းသားငါးယောက်၏ မိတ်ဆက်မှုကို နားထောင်ပြီးနောက် ယဲ့ရှောင်ရှောင်သည် အတန်းထဲတွင် ‘လူစွမ်းကောင်း’များ စုဝေးနေကြသည်ကို နားလည်သွားခဲ့ရသည်။
သူမတွင် ဆေးပညာအသိုင်းအဝိုင်းရှိခဲ့သော်လည်း အခြားသူများထက် သာလွန်နေမည်ဟု အာမခံချက် မရှိပေ။
ကျောင်းသားများ မိတ်ဆက်ပြီးနောက် စွန်းကျန့်ယောင်က အတန်းခေါင်းဆောင်ရွေးချယ်ဖို့ ပြောခဲ့ပါသည်။
“ငါက မင်းတို့ရဲ့ ပထမဆုံးအတန်းကို သင်ကြားပေးမယ့် ပါမောက္ခပဲ၊ နောင်အခါ ငါတို့အတန်းအတွက် ကိစ္စဝိစ္စတွေကို ဦးဆောင်ပေးဖို့ အတန်းခေါင်းဆောင်တစ်ယောက် လိုအပ်တယ်၊ ဘယ်သူအတန်းခေါင်းဆောင် လုပ်ချင်လဲ”
မည်သူမှ လက်မထောင်ကြပေ။
စွန်းကျန့်ယောင်ကဆိုသည်။
“ဒါဆိုငါပဲ ရွေးပေးလိုက်တော့မယ်၊ ချူးယွင်ရှောင်က အတန်းခေါင်းဆောင် လုပ်လိုက်ပါ”
ချူးယွင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။
စီစဉ်စရာရှိသည်များကို စီစဉ်ပြီးနောက် စွန်းကျန့်ယောင်သည် စာသင်ကြားခြင်းကို စတင်ခဲ့ပါသည်။
အခြေခံသီအိုရီမှာ ပြဌာန်းစာအုပ်များအပေါ်တွင် များစွာ အခြေခံထားသည်။ အားလုံးတွင် အခြေခံရှိကြသော်လည်း တရားဝင် သီအိုရီပိုင်းဆိုင်ရာ အသိပညာများကိုတော့ နားလည်ချင်မှ နားလည်ကြပါလိမ့်မည်။
အချုပ်အားဖြင့် ဆိုရလျှင် သင်ခန်းစာမှာ အတော်လေး ရိုးရှင်းလှသည်။
--- --- --
မကြာမီမှာပင် မနက်ခင်း ပထမအတန်းချိန် ပြီးဆုံးသွားခဲ့သည်။ အတန်းနားချိန်အတွင်း ယဲ့ရှောင်ရှောင် အပြင်သို့ ခေတ္တ ထွက်သွားပါသည်။
သူမ ပြန်ဝင်လာသောအခါ အတန်းထဲမှ ကျောင်းသားများအားလုံး စာအုပ်ထဲမှ လူနာဖြစ်စဉ်တစ်ခုကို ဖတ်ရှုလေ့လာ သုတေသနပြုနေကြသည်ကို မြင်လိုက်ရလေသည်။
‘တကယ့် စာကြမ်းပိုးတွေပဲ!’
ယဲ့ရှောင်ရှောင်လည်း သူတို့စကားဝိုင်းထဲ ဝမ်းသာအားရ ပါဝင်ခဲ့တော့သည်။
အခြေခံသီအိုရီအပြင် သူတို့သည် ရောဂါဗေဒ၊ အပ်စိုက်ကုသမှုနှင့် ဆေးဝါးဗေဒများကိုလည်း သင်ယူခဲ့ကြရသည်။
တစ်နေ့တာမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ယဲ့ရှောင်ရှောင်သည် ကန်တင်းတွင် စားသောက်ပြီးနောက် အဆောင်သို့ ပြန်လာခဲ့ပါသည်။
ကျင့်ဟွာတက္ကသိုလ်၏ အချိန်ဇယားမှာ အလွန်ပြည့်နှက်နေပြီး အထူးသဖြင့် သူမတို့ကဲ့သို့ မေဂျာအသေးစားများတွင် ပါမောက္ခများက နေ့တိုင်း အချိန်ပိုသင်ခန်းစာများ တိုးသင်ဖို့ စိတ်အားထက်သန်နေကြပါသည်။
ယဲ့ရှောင်ရှောင် အဆောင်သို့ ရောက်သောအခါ အခန်းဖော်များ အားလုံး ပြန်ရောက်နေကြပါပြီ။
ရှားလီ: “ရှောင်ရှောင်၊ နင့်အတန်းတွေက အရမ်းနောက်ကျတာပဲ!”
ယဲ့ရှောင်ရှောင်က လွယ်အိတ်ကို အောက်ချရင်း ပြောလိုက်သည်။
“နောက်ဆုံးအတန်းရဲ့ ပါမောက္ခက စကားပြောတာ နည်းနည်းကြာသွားလို့ပါ”
ရှားလီ: “နင်တို့ တရုတ်တိုင်းရင်းဆေးပညာမေဂျာမှာ ကျောင်းသား ၉ ယောက်ပဲ ရှိတယ်လို့ ကြားတယ်၊ အတန်းတက်ရတာ တော်တော်ခက်မှာပဲနော်”
ယဲ့ရှောင်ရှောင်က ခေါင်းခါသည်။
“တကယ်တော့ စာသင်ခန်းထဲမှာ စာသင်လို့တကယ် ကောင်းပါတယ်”
အတန်းထဲတွင် ပညာရှင်များအချင်းချင်း အားပြိုင်နေကြသကဲ့သို့ဖြစ်၍ အလွန်စိတ်ဝင်စားဖို့ ကောင်းပါသည်။
ဟယ်ကျင်းကလည်း ဝင်မေးသည်။
“အတန်းထဲမှာ မိန်းကလေးဆိုလို့ နင်တစ်ယောက်တည်းပဲ ရှိတာလား”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
ရှားလီက မေးထောက်လျက် သုံးသပ်လိုက်သည်။
“ဝါး… အဲ့တာဆို အတန်းထဲမှာ နင့်ရာထူးက တော်တော်မြင့်မှာပဲနော်”
ယဲ့ရှောင်ရှောင် ရယ်ရခက် ငိုရခက်ဖြစ်သွားလေသည်။
“အဲ့လိုလည်း မဟုတ်ပါဘူး”
ဝမ်ကျောင်းသည် အခန်းဖော်များ စကားပြောနေကြသည်ကို ဘေးမှ ထိုင်ကြည့်နေမိသည်။
စစ်သင်တန်းမှ ပြန်လာပြီးနောက် ဤအခန်းဖော်များအကြား ရင်းနှီးကျွမ်းဝင်မှု ပိုတိုးလာသည်ဟု သူမ ခံစားနေရပါသည်။
သူတို့ပြောဆိုနေသည့်အကြောင်းအရာများတွင် ဝမ်ကျောင်း ယခင်ကကဲ့သို့ သံယောင်လိုက်ကာ ပြောဆိုနိုင်ခြင်း မရှိတော့ပေ။
သို့သော် ထူးခြားသည့် အခြေအနေတစ်ခုကိုလည်း သူမ သတိထားမိပါသည်။
လီမိန့်ရူနှင့် အခြားအခန်းဖော်များ၏ ဆက်ဆံရေးမှာ အနည်းငယ် တင်းမာနေပုံရပြီး အချင်းချင်း စကားပင် မပြောတော့သလောက် ရှိသည်။
သို့သော် ဝမ်ကျောင်းကလည်း လီမိန့်ရူကို ကြည့်မရသဖြင့် သူမနှင့် စကားမပြောချင်ပေ။
ဝမ်ကျောင်းက ဝင်မေးသည်။
“လီမိန့်ရူ ဘယ်ထွက်သွားတာလဲ နင်တို့သိကြလား”
ရှားလီသည် ဝမ်ကျောင်းကို သဘောမကျသော်လည်း လျစ်လျူရှုထားရလောက်သည့်အထိတော့ မဟုတ်ပေ။
“အတန်းပြီးကတည်းက အပြင်ထွက်သွားတာ၊ ငါတို့နဲ့အတူ ပြန်လိုက်မလာဘူး၊ သူနဲ့ဘာကိစ္စရှိလို့လဲ”
ဝမ်ကျောင်းက ရှင်းပြသည်။
“အရင်တစ်ခေါက် ငါ့ခြေထောက် အဆစ်လွဲသွားတုန်းက လီမိန့်ရူ ဆေးဖိုး ကူရှင်းပေးထားတာလေ၊ ငါ့အတွက် ရေးကြီးခွင်ကျယ် မဟုတ်ပေမယ့် ငါ့အမေက ပြန်ပေးသင့်တယ်လို့ ပြောလို့”
ရှားလီ: “ဪ၊ အဲ့တာဆိုလည်း သူပြန်လာမှ ပေးလို့ရတာပဲ”
📗 Chapter 90
လီမိန့်ရူ ကျောင်ဝင်းပြင်ပသို့ ခြေလှမ်းလိုက်စဉ် အနက်ရောင် ကားတစ်စီးသည် သူမဘေးတွင် ရုတ်တရက် ထိုးရပ်လာလေသည်။
ဇိမ်ခံကားကြီးကို သေသေချာချာ မကြည့်ရသေးခင်မှာပင် ကားတံခါးပွင့်သွားပြီး အထဲမှ လက်တစ်ဖက်က သူမကို ကားထဲ အတင်းဆွဲခေါ်သွားခဲ့ပါသည်။
“အွန်း…အု!”
လီမိန့်ရူ ထိတ်လန့်တကြား ရုန်းကန်လေတော့သည်။
ထိုစဉ် ကားရှေ့ခုံမှ တည်ငြိမ်အေးစက်သည့် အသံတစ်သံထွက်လာသည်။
“မအော်နဲ့၊ ငါတို့စကားနည်းနည်းပဲပြောမှာ၊ ဆူဆူညံညံ ဆက်လုပ်နေမယ်ဆိုရင်တော့ ဒီထဲကနေ အကောင်းပကတိ ပြန်ထွက်သွားနိုင်မယ်လို့ အာမခံနိုင်ဘူး”
ရှေ့ခန်းမှ အမျိုးသားက နောက်သို့ အနည်းငယ် လှည့်ကြည့်လိုက်ရာ ထင်ရှားပြတ်သားသော မျက်ခုံးရိုးနှင့် မျက်နှာတစ်ခု ပေါ်လာခဲ့သည်။
လီမိန့်ရူ မျက်လုံးများ ပြူးကျယ်သွားပြီး ရုန်းကန်မှုများလည်း ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။
‘သူပဲ!’
နောက်ခန်းတွင် လီမိန့်ရူကို ချုပ်ထားသည့် အမျိုးသားက အချက်ပြမှုကို ရရှိပြီးနောက် သူမကို လွှတ်ပေးလိုက်ပါသည်။
လီမိန့်ရူ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“ရှင်… ရှင်တို့ ကျွန်မကို ပြန်ပေးဆွဲနေတာပဲ၊ ဒါရာဇဝတ်မှုမြောက်တယ်နော်၊ ကျွန်မသာ…”
“ဟား”
ရှေ့ခန်းမှ အထင်သေးစက်ဆုပ်သည့် ရယ်သံတစ်သံ ထွက်ပေါ်လာသည်။
လုဟန်ချွမ်၏ လေသံမှာ ဆောင်းလယ်နှင်းပွင့်များပမာ အေးစက်နေပါသည်။
“မင်းသာ ဘာဖြစ်လဲ၊ အမည်မသိတိုင်ကြားစာတစ်စောင် ထပ်ရေးဦးမှာလား”
လီမိန့်ရူ တစ်ကိုယ်လုံး တောင့်ခဲသွားခဲ့သည်။
‘သူသိနေတာလား!’
“မင်းက အသက် ၂၀ တောင်ပြည့်သေးတာ မဟုတ်ဘူး၊ တကယ့်ရာဇဝတ်မှုဆိုတာ ဘာလဲကော နားလည်ရဲ့လား၊ ငါသာ ဒီယူနီဖောင်းကို ဝတ်မထားဘူးဆိုရင် မင်းဒီမှာ အရှင်လတ်လတ် ထိုင်နေနိုင်မယ် ထင်လို့လား”
လုဟန်ချွမ်က လီမိန့်ရူကို စူးစူးရှရှ စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဒီနေ့ ငါမင်းကို သတိပေးဖို့ပဲလာခဲ့တာ၊ နောက်တစ်ခါ ကလေးကလား လှည့်ကွက်တွေ ထုတ်မသုံးနဲ့တော့၊ တက္ကသိုလ်ကျောင်းသူဘဝကို ရိုးရိုးသားသားဖြတ်သန်းပါ၊ အဲတာက အားလုံးအတွက် ပိုကောင်းလိမ့်မယ်”
လီမိန့်ရူ အလွန်စိတ်ချောက်ချားနေပါပြီ။
ကားထဲက အခြေအနေမှာ အလွန်ပင် ကြက်သီးထစရာကောင်းနေပြီး သူမရှေ့မှ အမျိုးသားသည် အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ စူးရှသော အကြည့်များဖြင့် သူမကို တင်းတင်းကျပ်ကျပ် တုပ်နှောင်ထားသလို ခံစားနေရသည်။
“မင်းက ကျင့်ဟွာတက္ကသိုလ်ကိုတောင် ဝင်ခွင့်ရခဲ့တာဆိုတော့ ငတုံးမဟုတ်လောက်ပါဘူး၊ နောင်တစ်ချိန်မှာ ကျောင်းကပေးတဲ့ ဆုလာဘ်တွေ၊ ဘွဲ့ရတဲ့အခါ ပိုင်ဆိုင်ရမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ၊ မြို့ပြ လူနေမှု အကျိုးခံစားခွင့်တွေ… အဲ့တာတွေကိုတော့ မင်းစွန့်လွှတ်ချင်မှာ မဟုတ်ဘူးထင်တယ်နော်”
လုဟန်ချွမ်သည် မည်သည့် အကြမ်းဖက်မှုကိုမှ အသုံးမပြုခဲ့သော်လည်း ထိုစကားအနည်းငယ် ဆိုလိုက်ရုံနှင့် လီမိန့်ရူ၏ နောက်ဆုံး စိတ်ဓာတ်ခံစစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပါသည်။
သူမ၏ မိသားစုသည် သာမန်အဆင့်သာရှိပြီး စာကို အသေအလဲ ကြိုးစားခဲ့ရခြင်းမှာ ပိုမိုကောင်းမွန်သည့် အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ပင် မဟုတ်ပါလား။
ယခုတော့ ခဏတာ ဖြစ်ပေါ်လာသည့် ဒေါသစိတ်ကြောင့် လှပသော ရည်မှန်းချက်အားလုံး မြေမြှုပ်ခံရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရပါပြီ။။
လီမိန့်ရူတစ်ယောက် စိတ်ဓာတ်ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။
“ကျွန်မတောင်းပန်ပါတယ် တကယ်တောင်းပန်ပါတယ်… ကျွန်မ မရည်ရွယ်ခဲ့ပါဘူး… ကျွန်မ ပြန်တောင်းပန်ပါ့မယ်၊ ကျွန်မ တောင်းပန်ပေးပါ့မယ်”
လုဟန်ချွမ်က အာရုံနောက်သည့် လေသံဖြင့် ပြောလိုက်သည်။
“မလိုအပ်တာတွေ လျှောက်မလုပ်နဲ့၊ ကားပေါ်က ဆင်းတော့၊ ဉာဏ်ထက်တဲ့လူဆိုတာ ဘယ်အချိန်မှာ ပါးစပ်ကို ပိတ်ထားရမလဲ သိသင့်တယ်၊ နောက်တစ်ခါဆိုတာ ရှိခဲ့ရင် ဒီလိုစကားပြောရုံနဲ့ ပြီးသွားမယ်မထင်နဲ့”
လုဟန်ချွမ်သည် နောက်ခန်းမှလူကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။
ထိုလူက ကားတံခါးကို ဖွင့်လိုက်ပြီး ဝိညာဉ်လွင့်မတတ် တုန်လှုပ်နေသည့် လီမိန့်ရူကို အပြင်သို့ တွန်းထုတ်လိုက်ပါသည်။
“အစ်ကိုလု သူ့ကို ဒီတိုင်းလွှတ်ပေးလိုက်တော့မှာလား”
လုဟန်ချွမ် ရှေ့သို့ ပြန်လှည့်သွားပြီး ထိုင်ခုံတွင် ကျောမှီထိုင်လိုက်သည်။
“လွှတ်မပေးလို့ ငါကဘာလုပ်ရမှာလဲ၊ ငါက ဂုဏ်သိက္ခာရှိတဲ့ စစ်သားတစ်ယောက်လေ၊ တရားမဝင်တဲ့အလုပ်မျိုး၊ ရာဇဝတ်မှုမြောက်မယ့်အလုပ်မျိုး ဘယ်လုပ်ပါ့မလဲ”
“…”
လုဟန်ချွမ်: “သွားကြစို့၊ ဟန်ရှင်းတို့ဆီ သွားကြမယ်”
ကျောင်းဝင်းထဲသို့ လီမိန့်ရူ ယိုင်တိုင်တိုင် ပြန်ဝင်လာချိန်တွင် အနက်ရောင်ဇိမ်ခံကားကြီးမှာ ကျောင်းရှေ့မှ ဖြည်းဖြည်းချင်း ပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။
--- --- ---
‘ဝုန်း’ခနဲ မြည်သံနှင့်အတူ အဆောင်အခန်းတံခါးပွင့်သွားခဲ့ပြီး လီမိန့်ရူတစ်ယောက် လိပ်ပြာလွင့်နေသည့် ပုံစံဖြင့် ဝင်လာခဲ့သည်။
အခန်းထဲက လူတိုင်း တံခါးဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
လက်သည်းနီဆိုးနေသည့် ဝမ်ကျောင်းမှာ ထိုအသံကြောင့် အထိတ်တလန့်ဖြင့်ကာ လက်သည်းနီပင် ချော်ထွက်သွားခဲ့ရသည်။
“နင်သရဲတွေ့လာလို့လား၊ ဝုန်းဒိုင်းကိုကြဲနေတာပဲ!”
လီမိန့်ရူသည် ရန်ပြန်တွေ့ချင်စိတ်ပင် မရှိတော့ဘဲ သူမ၏ ကုတင်ထံသို့သာ လျှောက်လာခဲ့ပါသည်။
စာအုပ်ဖတ်နေသည့် ယဲ့ရှောင်ရှောင်လည်း လီမိန့်ရူကို လှမ်းအကဲခတ်လိုက်ရာ သူမ၏ မျက်နှာမှာ အလွန်အမင်း ဖြူဖျော့နေသည်ကို သတိထားမိလိုက်သည်။
ဟယ်ကျင်းက အလိုက်တသိ မေးလိုက်သည်။
“နင်အပြင်ကို ကိစ္စရှိလို့ ထွက်သွားတာ မဟုတ်ဘူးလား၊ ပြဿနာတစ်ခုခု တက်လာလို့လား”
“မဟုတ်ဘူး!”
စိတ်လှုပ်ရှားမှုကြောင့် သူမ၏ အော်သံမှာ ပုံမှန်ထက် စူးရှနေပါသည်။
လီမိန့်ရူ အသက်ကို ဝဝရှူလိုက်ပြီး ခေါင်းခါလျက် ဘာမှမဖြစ်ကြောင်း ပြောခဲ့ပါသည်။
“ဒီတိုင်း… မြန်မြန်ပြေးလာခဲ့လို့ပါ”
ဟယ်ကျင်းက ခြောက်ခြောက်ကပ်ကပ်ဖြင့် ဆိုသည်။
“ဒါဆိုလည်း နားတော့လေ”
ဝမ်ကျောင်းကလည်း တီးတိုးလှောင်ပြောင်လိုက်ပါသည်။
“အရူးမ”
လီမိန့်ရူ စိတ်တည်ငြိမ်သွားသောအခါ ဖြစ်ပျက်ခဲ့သမျှကို ပြန်စဉ်းစားရင်း သူမ ကံအလွန်ကောင်းခဲ့သည်ဟု ခံစားလိုက်ရပါသည်။
ဒီနေ့ သူမကို ကားပေါ်သို့ ဆွဲတင်သွားသော အမျိုးသားမှာ အလွန်ကြံ့ခိုင်သန်မာသူဖြစ်မှန်း သိသာသည်။ သူ့လက်ထဲတွင် လုံးဝ ရုန်းကန်မရခဲ့ပေ။
သူတို့သာ သူမကိုတစ်စုံတစ်ခုလုပ်ဖို့ အမှန်တကယ် ရည်ရွယ်ထားလျှင် သူမ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုအတွေးဖြင့် လီမိန့်ရူသည် ယဲ့ရှောင်ရှောင်နှင့် ခပ်ဝေးဝေးတွင် နေဖို့ ဆုံးဖြတ်ချက် ပိုခိုင်မာသွားတော့သည်။ လှည့်ကွက်များလည်း ထုတ်မသုံးရဲတော့ပါ။
လီမိန့်ရူ ကုတင်ပေါ်တက်ရန် ပြင်လိုက်သည်။
ယခင်တစ်ခေါက်က ခြေကျင်းဝတ်ပြဿနာကြောင့် ဝမ်ကျောင်းသည် အောက်ထပ်ကုတင်ကို တရားဝင်သိမ်းပိုက်သွားခဲ့ပါပြီ။
ဝမ်ကျောင်းက လီမိန့်ရူကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။
“ဒီမှာ အရင်တစ်ခေါက်က နင်စိုက်ပေးထားတဲ့ ဆေးဖိုး၊ ငါပြန်ပေးတယ်နော်၊ ငါက သူများတွေအပေါ် အခွင့်ကောင်းယူတတ်တဲ့ လူမျိုးမဟုတ်ဘူး”
လီမိန့်ရူ: “မလိုပါဘူး”
ဝမ်ကျောင်း: “ယူလိုက်စမ်းပါ၊ ၂ ယွမ်တည်းပဲဥစ္စာ”
ဝမ်ကျောင်း၏ ရုတ်တရက်ပြောင်းလဲသွားသော အပြုအမူများကြောင့် အခန်းဖော်များ အနည်းငယ် အနေခက်သွားခဲ့ပါသည်။
သို့သော် မည်သူမှ မေးခွန်းမထုတ်ခဲ့ကြပေ။
အခန်း ၂၀၆ ၏ ဆက်ဆံရေးများမှာ အတော်လေး ယိုင်နဲ့နေပြီဖြစ်ရာ နောက်ဆုံး ကောက်ရိုးတစ်မျှင်ကြောင့် အခြေအနေ ပိုဆိုးသွားမည်ကို မည်သူကမှ မလိုလားကြပေ။
ယဲ့ရှောင်ရှောင်သည် လီမိန့်ရူတစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသော်လည်း ခေတ္တအကဲခတ်ပြီးနောက် စာအုပ်ကိုသာ အာရုံပြန်စိုက်လိုက်ပါသည်။
စစ်သင်တန်းပြီးဆုံးသွားပြီဖြစ်ရာ ဤအပတ်ထဲတွင် သွမ်လဲ့နှင့် ရှုကျမ့်လီတို့အား တွေ့ဆုံဖို့ အားလပ်ရက်တစ်ရက် ရှာရပေဦးမည်။
သို့သော် စစ်တပ်ဝင်းထဲသို့ သူမ မပြန်ချင်သေးပါ။ ထိုနေရာသည် ‘ဇာတ်လိုက်မင်းသမီး’နှင့် အလွန်နီးကပ်သည့် နေရာဖြစ်မှန်း သူမ သိထားခြင်းကြောင့်ပင်။
ထို့အပြင် စစ်တပ်ဝင်းထဲတွင် သူမကို သိကြသော်လည်း သူမဘက်က မသိနိုင်သည့် လူအမြောက်အများ ရှိနိုင်သဖြင့် စကားမှားဖို့ လွယ်ကူပါသည်။
ထို့ကြောင့် သွမ်လဲ့တို့နှင့် အပြင်တွင် တွေ့ဆုံရန် စီစဉ်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။
ယဲ့ရှောင်ရှောင် စာအုပ်ကို ပိတ်လိုက်ပြီး ဖုန်းဆက်ဖို့ အပြင်ထွက်သွားလေတော့သည်။
--- --- ---
ယဲ့ရှောင်ရှောင် အတန်းမရှိသည့် အားလပ်ရက်ဟူ၍ တနင်္ဂနွေနေ့ တစ်ရက်တည်းသာ ရှိသည်။
သူမသည် မနက်ပိုင်းတွင် ကျောင်းမှထွက်လာခဲ့ပြီး တက္ကသိုလ်အနီးရှိ စားသောက်ဆိုင်လေးတွင် သွမ်လဲ့နှင့် ရှုကျမ့်လီတို့အား စောင့်နေခဲ့ပါသည်။
သူတို့နှစ်ယောက်ကလည်း အချိန်မှန်ရောက်လာခဲ့ကြသည်။
သွမ်လဲ့မှာ ရောက်ရှိလာသည်နှင့် ဗျစ်တောက်ဗျစ်တောက် ပြောလေတော့သည်။
“ဘာလို့ အပြင်မှာ လာစားရတာလဲ”
“နင်မကြာခင် ပေကျင်းကနေ ထွက်သွားရတော့မယ်ဆိုလို့ တစ်ခုခုလိုက်ကျွေးတာလေ၊ စကားဆက်များနေဦးမယ် ဆိုရင်တော့ ငါပြန်တော့မယ်”
ယဲ့ရှောင်ရှောင်သည် နေရာတိုင်းတွင် အလျှော့မပေးသင့်မှန်း နားလည်ပါသည်။ မဟုတ်လျှင် လူအချို့က ရောင့်တက်လာကြလိမ့်မည်။
သွမ်လဲ့လည်း ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။
သုံးယောက်သား နေရာယူပြီးနောက် ယဲ့ရှောင်ရှောင်က သူတို့နှစ်ယောက်ကို ကြိုက်ရာ မှာခိုင်းလိုက်သည်။
သွမ်လဲ့က ကန့်ကွက်ချင်သော်လည်း ယဲ့ရှောင်ရှောင်ကို တစ်ချက်ကြည့်လိုက်ပြီး မေးမြန်းလိုက်ပါသည်။
“ရှောင်ရှောင် နင်ငါပေးထားတဲ့ ပိုက်ဆံတွေ ပြန်ပို့ထားတယ်နော်၊ နင့်အသုံးစရိတ်က လုံလောက်ရဲ့လား”
ယဲ့ရှောင်ရှောင်: “အဲ့တာအတွက် နင်စိတ်ပူစရာမလိုပါဘူး၊ ငါက ကျောင်းမှာ ပိုက်ဆံသိပ်မသုံးဘူး၊ ပြီးတော့ တက္ကသိုလ်ကျောင်းသားတွေက ထောက်ပံ့ကြေးလည်း ရတယ်လေ”
သွမ်လဲ့သည် ပြောဖို့ပြင်ဆင်ထားသည့် စကားလုံးများကို ပြန်မျိုချလိုက်ရပါသည်။
ရှောင်ရှောင့်ကို ပိုက်ဆံပေးဖို့ သူအခွင့်အရေးရတော့မည် မထင်ပေ။
ကံကောင်းစွာဖြင့် သူမပုံစံက အမှန်တကယ် ပြေလည်နေပုံရပါသည်။
ယဲ့ရှောင်ရှောင်ကလည်း ငွေမရှားပေ။ ဆရာကြီးစုန့်က စကားတည်သူဖြစ်ရာ သူမ ကျင့်ဟွာတက္ကသိုလ်တွင် ဝင်ခွင့်ရရှိပြီးနောက် ကတိပေးထားသည့်အတိုင်း ဆုအများကြီး ချခဲ့ပါသည်။
အသုံးစရိတ်အတွက်ဆိုလျှင် သုံးနှစ်စာလောက်အထိ လုံလောက်သည်။
ယဲ့ရှောင်ရှောင်က သွမ်လဲ့ကို မေးလိုက်သည်။
“နင်ကော ဘယ်တော့ သွားရမှာလဲ”
သွမ်လဲ့ သက်ပြင်းချလိုက်သည်။
“နောက်ရက်ပိုင်းထဲမှာပဲ၊ နင်သာ ငါ့ကို မဆက်သွယ်ရင် ကျောင်းအထိ လိုက်လာဖို့ စဉ်းစားနေတာ”
အစားအသောက်များ ရောက်ရှိလာသောအခါ ယဲ့ရှောင်ရှောင်က ပြောလိုက်သည်။
“ဒါဆိုလည်း ခရီးလမ်းဖြောင့်ဖြူးပါစေလို့ ငါဆုတောင်းပေးပါတယ်၊ ဒီနေ့ဝိုင်းကို နင့်အတွက် နှုတ်ဆက်ပွဲလို့ပဲ သဘောထားလိုက်ပေါ့”
သွမ်လဲ့: “ကျေးဇူးပါ…”
‘အား…! ငါမသွားချင်သေးဘူး!’
ထို့နောက် ရှုကျမ့်လီကို လှည့်ကြည့်ကာ ယဲ့ရှောင်ရှောင် မေးမြန်းလိုက်သည်။
“နင်က အထက်တန်းတက်နေတာ မဟုတ်ဘူးလား၊ ဘာလို့အချိန်တွေ အဲ့လောက် အားနေရတာလဲ”
ရှုကျမ့်လီက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေသည်။
“အထက်တန်းသင်ရိုးထဲက စာတွေအကုန် နားလည်ထားပြီးပြီလေ၊ ကျွန်တော် အတန်းတက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ ဘာမှ ထူးခြားမှုမရှိဘူးး”
ယဲ့ရှောင်ရှောင်: “…”