အခန်း (၉၁-၉၂)
Vol. 10 Ch. 91-92
📗 Chapter 91
ယဲ့ရှောင်ရှောင်တို့ သုံးယောက် စားသောက်နေကြစဉ် အပြင်ဘက်မှ ကျောင်းသားအချို့ ဆိုင်ထဲသို့ ဝင်လာကြပါသည်။
ယဲ့ရှောင်ရှောင် မော့ကြည့်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအုပ်စုထဲ ချောင်းယွင်ဟူလည်း ပါလာသည်ကို မြင်လိုက်ရသည်။
သွမ်လဲ့က ချောင်းယွင်ဟူကို မှတ်မိပုံရပြီး နှုတ်ဆက်သည့်အနေဖြင့် လက်လှမ်းပြလိုက်ပါသည်။။
ချောင်းယွင်ဟူသည် သူ့အတန်းဖော်များကို စားစရာများအရင်မှာထားဖို့ ပြောလိုက်ပြီး ယဲ့ရှောင်ရှောင်တို့ထံသို့ လျှောက်လာခဲ့လေသည်။
“မင်းတို့လည်း ဒီမှာစားနေကြတာလား”
သွမ်လဲ့က ခေါင်းညိတ်သည်။
“ဟုတ်တယ် သူငယ်ချင်းတစ်ယောက်ဆီ လာလည်တာလေ”
သွမ်လဲ့သည် ချောင်းယွင်ဟူနှင့် အလွန်အမင်း ရင်းနှီးနေသည် မဟုတ်သော်လည်း အားလုံးက စစ်တပ်ဝင်းထဲမှ ကလေးများ ဖြစ်ကြ၍ မကြာခဏ တွေ့ဆုံဖူးပါသည်။
ချောင်းယွင်ဟူက ယဲ့ရှောင်ရှောင်အား လှည့်ကြည့်လိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲနော်”
သွမ်လဲ့: “ရှောင်ရှောင်ကို မင်းသိတယ်လား၊ ဟုတ်သားပဲ… မင်းတို့က ကျောင်းချင်းအတူတူပဲဥစ္စာ”
ချောင်းယွင်ဟူက ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။
“ငါလည်း ဆေးပညာဌာနကပါပဲ”
သွမ်လဲ့ သဘောကျသွားလေသည်။
“ကောင်းတာပေါ့! ငါမိတ်ဆက်ပေးမယ်၊ သူက ယဲ့ရှောင်ရှောင်တဲ့၊ သူလည်း ငါတို့စစ်တပ်ဝင်းထဲမှာပဲ ကြီးပြင်းလာတာ၊ အဲ… နောက်ပိုင်း ပြဿနာနည်းနည်း တက်ခဲ့ပေမယ့် အဲ့တာတွေက အရေးမကြီးပါဘူး၊ ဒီမှာရှိနေစဉ် ကာလအတွင်း မင်းသူ့ကို စောင့်ရှောက်ပေးရမယ်နော်၊ ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့်မပေးနဲ့”
သွမ်လဲ့ကို ယဲ့ရှောင်ရှောင် မကျေမနပ် လှည့်ကြည့်လိုက်သည်။
‘ဒီကောင် ငတုံးပဲ’
မြေခွေးကို အိမ်ထဲသို့ ဖိတ်ခေါ်ပြီး၊ မုဆိုးလက်ထဲ သားကောင်ကို အပ်သည်ဟူသည်မှာ ဤသည်ကို ဆိုလိုခြင်း ဖြစ်လိမ့်မည်။
ချောင်းယွင်ဟူ ခေါင်းညိတ်လိုက်သည်။
“ရပါတယ်၊ အားလုံးက တပ်ဝင်းထဲက ကလေးတွေပဲဥစ္စာ၊ အချင်းချင်း ကူညီပေးရမှာပေါ”
တစ်ဖက်လူက စကားပြောရလွယ်ကူသဖြင့် သွမ်လဲ့ကျေနပ်သွားပါသည်။
ယဲ့ရှောင်ရှောင်ကလည်း အပြုံးဖြင့်သာ တုံ့ပြန်ခဲ့သည်။
သူမစိတ်ထဲတွင် လှောင်ပြုံးဟု သတ်မှတ်ထားသော်လည်း အခြားသူများ၏ အမြင်တွင်တော့ ချိုမြိန်သည့် အပြုံးတစ်ခုသာ ဖြစ်သည်။
လူက လှသဖြင့် မည်သည့်အရာပဲလုပ်လုပ် အမြဲသင့်တော်နေတော့သည်။
ချောင်းယွင်ဟူက အားလုံးကို နှုတ်ဆက်ပြီးနောက် သူ့စားပွဲသူ ပြန်သွားခဲ့သည်။
သူထွက်သွားသည်နှင့် ယဲ့ရှောင်ရှောင်က သွမ်လဲ့ကို စားပွဲအောက်မှ တစ်ချက်ကန်လိုက်ပါသည်။
“ခုနက ဘာတွေလျှောက်ပြောနေတာလဲ”
သွမ်လဲ့က အသံကို နှိမ့်လိုက်သည်။
“ငါဘာအမှားလုပ်မိလို့လဲ၊ နင်ကျောင်းမှာပြဿနာတစ်ခုခု တက်လာရင် ချောင်းယွင်ဟူကို အကူအညီသွားတောင်းလို့ ရအောင်လို့လေ၊ ချောင်းမိသားစုက အာဏာရှိတယ်၊ အနည်းဆုံးတော့ ပေကျင်းမြို့မှာဆို သူတို့ကို ဘယ်သူမှ အလွယ်တကူ မစော်ကားရဲဘူး”
ရှုကျမ့်လီက ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။
“ဒါပေမယ့် ချောင်းယွင်ဟူက တစ်ကိုယ်တည်းသမားလေ၊ ဘယ်သူနဲ့မှ တရင်းတနှီးနေတာ မမြင်ဖူးဘူး”
ယဲ့ရှောင်ရှောင်လည်း သူတို့နှစ်ယောက်ကို ပါးစပ်ပိတ်ပြီးစားကြဖို့နှင့် မြန်မြန်ပြန်ကြဖို့ တိုက်တွန်းလိုက်လေတော့သည်။
ချောင်းယွင်ဟူနှင့် ဆုံခဲ့ရသော်လည်း စားသောက်ပွဲမှာ ပျော်စရာကောင်းပါသည်။
ယဲ့ရှောင်ရှောင်သည် ချောင်းယွင်ဟူနှင့်ဆုံသည့်အခါတိုင်း သတိမလွတ်ရဲသေးပေ။
ဤဇာတ်ကောင်သည် မူလဝတ္ထုထဲမှ ဇာတ်ကြောင်းအတိုင်း ဆက်သွားနေဦးမည်ဆိုလျှင် သူမ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါသည်။
--- --- ---
စားသောက်ပြီးနောက် ယဲ့ရှောင်ရှောင်တို့ စားသောက်ဆိုင်မှ ပြန်ထွက်လာခဲ့ကြသည်။
သွမ်လဲ့က ချောင်းယွင်ဟူကို တမင်တကာပင် နှုတ်ဆက်သွားသေးသည်။
အပြင်ရောက်သည်နှင့် ကောင်လေးနှစ်ယောက်က ယဲ့ရှောင်ရှောင်ကို ကျောင်းဝင်ပေါက်အထိ လိုက်ပို့ပေးပြီးမှ ပြန်သွားခဲ့ကြပါသည်။
အပြန်လမ်းတွင် သွမ်လဲ့က မေးလိုက်သည်။
“ဟောက်ယန်ယန်ဆိုတဲ့တစ်ယောက်ကို မင်းမြင်မိသေးလား”
ယဲ့ရှောင်ရှောင် စစ်တပ်ဝင်းထဲ ပြန်မလာသည်မှာ ထိုမိန်းမကြောင့်ဟု သွမ်လဲ့ ခံစားနေရပါသည်။
ရှုကျမ့်လီ: “ငါတို့အိမ်ကို မလာတာတောင် တော်တော်ကြာပြီ၊ တက္ကသိုလ်ဝင် စာမေးပွဲကျတော့ လာရမှာ ရှက်နေတာနေမှာပေါ့”
ယခင်က ဟောက်ယန်ယန်သည် သူ့အစ်ကိုဖြစ်သူထံ မေးခွန်းပုစ္ဆာများ ရှင်းပြခိုင်းဖို့ မကြာခဏ လာဖူးပါသည်။
ယခုတော့ အမှတ်တွေ အလွန်နည်းနေသဖြင့် မျက်နှာပြရမှာ ရှက်ရွံ့နေပုံရသည်။
“အဲ့တာဆို ဟောက်မိသားစုကကော ဘာမှမလုပ်ကြဘူးလား”
ဟောက်လင်မယားသည် ရှောင်ရှောင်အပေါ် အလွန်ကောင်းသည်ဟု သွမ်လဲ့ ထင်ခဲ့ဖူးပါသည်။ သို့သော် ဟောက်ယန်ယန်ကို ရှာတွေ့ပြီးစဉ်ကတည်းက ထိုသို့မဟုတ်မှန်း နားလည်ခဲ့ရသည်။
ရှောင်ရှောင် ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သော်လည်း ဟောက်မိသားစုရှိ မည်သူကမှ သွားမရှာကြပါ။
ထို့အစား ဟောက်ယန်ယန်ကိုသာ တပ်ဝင်းထဲမှာ မျက်နှာလိုက်ပြခဲ့ကြသည်။ သဘောထားကတော့ ရှင်းလင်ပါသည်။
ဟောက်ယန်ယန်ကိုသာ သူတို့၏ သမီးအရင်းအဖြစ် အသိအမှတ်ပြုသည်ဟူသော သဘောပင်။
သွမ်လဲ့ အနည်းငယ် စိတ်ပျက်သွားခဲ့ရပါသည်။
ရှုကျမ့်လီက ခေါင်းခါသည်။
“မလုပ်ဘူး၊ တစ်ခုခုလုပ်မယ်ဆိုရင်တောာင် ဟောက်ယန်ယန်နဲ့ လက်ထပ်ဖို့ ငါ့အစ်ကိုကို ဖိအားပေးတာပဲဖြစ်မှာ”
သွမ်လဲ့: “မင်းအစ်ကိုကကော ဟောက်ယန်ယန်ကို လက်ထပ်ချင်ရဲ့လား”
ရှုကျမ့်လီ: “လောလောဆယ်တော့ သူ့ဘက်က ဆန္ဒမရှိသေးဘူး၊ ဒါပေမယ့် ငါ့မိဘတွေရဲ့ ဆုံးဖြတ်ချက်က ပြောင်းလဲဖို့ ခက်တယ်လေ”
သွမ်လဲ့ သရော်လိုက်သည်။
“အနည်းဆုံးတော့ မင်းအစ်ကိုက အသိတရားရှိသေးတာပဲ၊ ဒါပေမယ့် မြင်းကောင်းဆိုတာ မြက်ဟောင်းကို ပြန်မစားတတ်ဘူး၊ ရှောင်ရှောင်ကတော့ မင်းအစ်ကိုကို မေ့ပစ်လိုက်ပြီ”
သူ့အစ်ကိုသည် အစ်မရှောင်ရှောင်နှင့် ထိုက်တန်သည်ဟု ရှုကျမ့်လီ မခံစားရသော်လည်း သွမ်လဲ့သည်လည်း ထိုက်တန်သည်ဟု သူ မထင်မိပါ။
“အစ်မရှောင်ရှောင်က မင်းကိုလည်း မကြိုက်ပါဘူး”
သွမ်လဲ့: “…”
“ငါတို့က သူငယ်ချင်းတွေလေ၊ အဲ့တာ ‘ကြိုက်တာ’မဟုတ်လို့ ဘာလဲ”
“သူငယ်ချင်းဖြစ်တာနဲ့ပဲ ချစ်သူဖြစ်နိုင်မယ်လို့ မဆိုလိုဘူး”
သွမ်လဲ့ စိတ်မရှည်စွာ လက်ကို ခါယမ်းလိုက်သည်။
“မင်းက ဘာသိလို့လဲ သောက်ကလေး၊ အိမ်မြန်မြန်ပြန်တော့၊ ငါလည်း လုပ်စရာတွေရှိသေးတယ်”
--- --- ---
တစ်ဖက်တွင် ယဲ့ရှောင်ရှောင် ကျောင်းဝင်းထဲ ဝင်လာပြီး သိပ်အဝေးကြီး မရောက်သေးခင်မှာပင် နောက်မှ ချောင်းယွင်ဟူ လိုက်လာခဲ့ပါသည်။
“အမြန်စားပြီးသွားတာလား”
ယဲ့ရှောင်ရှောင် နောက်သို့လှည့်ကြည့်လိုက်ရာ သူ့သူငယ်ချင်းများကို မမြင်ရတော့ပေ။
“စစ်သင်တန်းမှာ ငါ့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အဲ့ဒီတုန်းက အလောတကြီးဖြစ်သွားလို့ နင့်နာမည်ကို ဒီနေ့မှပဲ သိရတော့တယ်”
ချောင်းယွင်ဟူက အလွန်နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။
စာအုပ်ထဲမှာ ဖော်ပြထားသည့် စိတ္တဇဟူသော ပုံစံမျိုးနှင့် လုံးဝ မတူလှပါ။
ယဲ့ရှောင်ရှောင်လည်း သူ့ကို စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ကျောင်းဝင်းထဲ အတူတူ လျှောက်လာခဲ့ကြပါသည်။
“ရပါတယ်၊ ငါ့နေရာမှာ တခြားဘယ်သူမဆို ကူညီပေးမှာပဲ”
“နင်မသိပါဘူး၊ စစ်သင်တန်းက အမှတ်တွေကလည်း အရေးကြီးတဲ့အတွက် အဲ့ဒီတုန်းက လူတိုင်းက ပြိုင်ဘက်တွေချည့်ပဲလေ၊ ငါ့ကို ကူညီပေးမယ့်လူဆိုတာ တကယ်ရှားတယ်”
ချောင်းယွင်ဟူ ရုတ်တရက် စကားပိုများလာခဲ့သည်။
“ပြီးတော့ နင့်ဆေးပညာအရည်အချင်းကလည်း အရမ်းကောင်းတယ်၊ အခြားသူတစ်ယောက်ယောက်သာ ငါ့ကို ကူညီပေးခဲ့ရင် ငါ့ခြေထောက်ဒဏ်ရာ ပိုဆိုးသွားနိုင်တယ်၊ နင်အရင်က ဆေးပညာ လေ့လာဖူးတာလား”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်ပြလိုက်သည်။
“တရုတ်တိုင်းရင်းဆေးပညာ သင်နေတာ”
ချောင်းယွင်ဟူ အံ့အားပိုသင့်သွားခဲ့သည်။
“ငါတို့တက္ကသိုလ်က တရုတ်တိုင်းရင်းဆေးပညာမေဂျာမှာ ကျောင်းသားအရမ်းနည်းတယ် မဟုတ်လား”
ယဲ့ရှောင်ရှောင်: “ငါတို့ကျောင်းရဲ့ ဝင်ခွင့်အမှတ်က အရမ်းမြင့်လို့လေ”
ချောင်းယွင်ဟူ: “ဟုတ်ပါတယ်လေ”
လမ်းလျှောက်လာကြရင်း ယောကျ်ားလေးအဆောင်နှင့် မိန်းကလေးအဆောင် ခွဲထားသော လမ်းဆုံလမ်းခွသို့ ရောက်ရှိလာကြသည်။
ချောင်းယွင်ဟူက ကမ်းလှမ်းလိုက်ပါသည်။
“ငါလိုက်ပို့ပေးမယ်လေ”
ယဲ့ရှောင်ရှောင်: “ရပါတယ်၊ နေ့ခင်းကြောင်တောင်ကြီး ဘာအန္တရာယ်မှ မရှိဘူး”
သူတို့စကားပြောနေကြစဉ် ယောက်ျားလေးအဆောင်ရှိရာ လမ်းမှ လူတစ်ယောက် လျှောက်လာပါသည်။
ယဲ့ရှောင်ရှောင် ယနေ့ ကံဆိုးလွန်းနေသည်ဟု ဆိုရမလားမသိ၊ အပြင်ထွက်လာစဉ်ကတည်းက သူမ သိသည့်လူတိုင်းနှင့် လမ်းတွင် ဆုံနေရပါသည်။
အနားမှဖြတ်သွားသူမှာ ယခင်က ယဲ့ရှောင်ရှောင်ကို သဘောကျဖူးသော ကျန်းတုံပင် ဖြစ်နေလေသည်။
ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရချိန်တွင် ကျန်းတုံ မှင်သက်သွားခဲ့ပြီး ဘေးက ချောင်းယွင်ဟူကို မြင်လိုက်ရသောအခါ မျက်မှောင်ပိုကြုတ်သွားခဲ့ပါသည်။
“နင်ငါ့ကို တကယ်လိမ်ထားတာပဲ! ၃ နှစ်အတွင်းမှာ အိမ်ထောင်ပြုပြီး ကလေးနှစ်ယောက်မွေးထားတယ်ဆိုတာ ပေါက်ကရတွေမလား! နင်ငါ့ကို မကြိုက်လို့ အဲ့စကားပြောခဲ့တာမလား
ဤရက်ပိုင်းအတွင်း ကျန်းတုံမည်မျှ အောင့်အည်းထားရကြောင်းကို မည်သူမှ မသိပါ။ အခြားသူတွေကို မေးမြန်းကြည့်ချင်သော်လည်း ယဲ့ရှောင်ရှောင်၏ ဂုဏ်သိက္ခာထိခိုက်သွားမည်စိုး၍ သူ့ရင်ထဲမှာသာ ချုပ်တည်းကာ စဉ်းစားချင့်ချိန်ခဲ့ရသည်။
သူမ၏ အသက်အမှန်ကို မသိရသေးချိန်မှာပင် ယနေ့မြင်ကွင်းကို မြင်လိုက်ရခြင်းပင်။
ယဲ့ရှောင်ရှောင်: “တစ်ခုခုကို နားလည်သွားရင် စိတ်ထဲမှာပဲ ထားလို့ရတယ်၊ အော်ပြောစရာမလိုပါဘူး”
ချောင်းယွင်ဟူက ယဲ့ရှောင်ရှောင်ကို လှည့်ကြည့်လိုက်သည်။
“အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရှိတယ်လို့ သူပြောလိုက်တာလား၊ နင်က သွမ်လဲ့နဲ့ အသက်တူတူလောက်ပဲ မဟုတ်ဘူးလား”
ယဲ့ရှောင်ရှောင် မျက်နှာကို လက်ဖြင့်အုပ်လိုက်သည်။
“သူလူမှားနေတာ”
ကျန်းတုံ အသည်းကွဲသွားသည်။ သူ့ကို မည်သူမှ အရေးမစိုက်ကြသည်ကို မြင်သောအခါ တဲ့တိုး မေးမြန်းလိုက်ပါသည်။
“မင်းတို့နှစ်ယောက်က တွဲနေကြတာလား”
သူ့တွေးခေါ်ပုံကြောင့် ယဲ့ရှောင်ရှောင် အလွန်အံ့အားသင့်သွားခဲ့ရသည်။
‘ဒီကောင်က ဘာလို့အဲ့လောက်ပွင့်လင်းရတာလဲ၊ ခုခေတ်လူတွေက အရှက်အကြောက်ကြီးကြတာ မဟုတ်ဘူးလား!’
ယဲ့ရှောင်ရှောင် ချက်ချင်းပင် ငြင်းဆန်ခဲ့သည်။
“မဟုတ်တာ! နင်ဘာတွေ လာပြောနေတာလဲ၊ ငါတို့နှစ်ယောက်က အတန်းဖော်အဆင့်ပဲ ရှိတာ!”
ထိုအဖြေကို ကြားသောအခါ ကျန်းတုံ မျက်လုံးများ အရောင်လက်သွားသည်။
‘ဒါဆို ငါ့မှာ အခွင့်အရေးရှိသေးတယ်ဆိုတဲ့သဘောလား’
ယဲ့ရှောင်ရှောင်က ချက်ချင်းပင် ဆက်ပြောလိုက်သည်။
“ငါ့ကောင်လေးက ကျင့်ဟွာတက္ကသိုလ်က ကျောင်းသားမဟုတ်ဘူး”
ကျန်းတုံ: “…”
‘ငါဒုတိယအကြိမ် အငြင်းခံလိုက်ရတာလား”
ကျန်းတုံ ထွက်သွားမည့်ပုံမပေါ်သည်ကို မြင်သောအခါ ချောင်းယွင်ဟူက အားမနာတမ်း မေးမြန်းလိုက်ပါသည်။
“မင်းက ဒီမှာပဲ တစ်သက်လုံး ရပ်နေတော့မှာလား”
ယနေ့ တုန်လှုပ်စရာဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ရပြီးသားဖြစ်၍ ထိုစကားများကို ကြားသောအခါ ကျန်းတုံတစ်ယောက် ဝမ်းနည်းပက်လက် ထွက်ပြေးသွားလေတော့သည်။
ချောင်းယွင်ဟူ: “…”
‘ယောက်ျားကြီးတန်မဲ့ ထွက်ပြေးသွားပုံက နုနုရွရွလေးပါလား’
📗 Chapter 92
“နင့်မှာ ပြဿနာတွေ တော်တော်များတဲ့ပုံပဲနော်”
ချောင်းယွင်ဟူသည် ယဲ့ရှောင်ရှောင်ထံ အာရုံပြန်စိုက်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်လည်း မတတ်သာသည့်ပုံစံဖြင့် ပခုံးသာတွန့်ပြလိုက်သည်။
“အကူအညီတစ်ခုခု လိုအပ်တာရှိရင် ငါ့ကို လာပြောလို့ရတယ်၊ ငါ့အဆောင်အခန်းက ယောက်ျားလေးအဆောင် အခန်း ၃၀၉ မှာ၊ ငါက လက်တွေ့ဆေးပညာမေဂျာ အတန်း(၁)မှာပါ”
ယဲ့ရှောင်ရှောင်က အလွန်ဖော်ရွေသည့် အပြုံးတစ်ခု ပြုံးပြလိုက်ပြီး မှတ်ထားပါ့မည်ဟု တုံ့ပြန်ခဲံသည်။
သို့သော် ထိုအပြုံးထဲတွင် ဝတ္တရားအရ ပြုံးပြနေရသည့် အရိပ်အယောင်အချို့ ပါဝင်နေသည်ဟု ချောင်းယွင်ဟူ ခံစားခဲ့ရပါသည်။
ယဲ့ရှောင်ရှောင် သူ့ကို နှုတ်ဆက်ပြီး အဆောင်သို့ ပြန်လာခဲ့သည်။
နောက်ပိုင်းရက်များတွင် ယဲ့ရှောင်ရှောင်သည် အတန်းများကို ပုံမှန်အတိုင်း တက်ရောက်ခဲ့ပါသည်။
စုန့်ကွမ်းကျင့်သည် သူမ၏ အချိန်ဇယားကို မိတ္ထူယူထားကာ ရံဖန်ရံခါ အိမ်သို့ ခေါ်သွားပြီး ဆေးပညာ သင်ကြားပေးလေ့ ရှိသည်။
တက္ကသိုလ်မှ ပထမနှစ် သင်ခန်းစာများမှာ အတော်လေး ရိုးရှင်းပြီး သူမ၏ ဆေးပညာစွမ်းရည်ကို တိုးတက်စေဖို့အတွက် များစွာ အထောက်အကူမဖြစ်စေခဲ့ပါ။
သူမ သင်ယူရမည့် ဆေးပညာများမှာ စုန့်ကွမ်းကျင့်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှုကို လိုအပ်ပါသေးသည်။
စုန့်ကွမ်းကျင့်သည် လူရွေးတော်သည့် သူ့ကိုယ်သူ ချီးကျူးမိပါသည်။
ယဲ့ရှောင်ရှောင်ကို ရွေးချယ်ခဲ့ခြင်းမှာ အလွန် မှန်ကန်သည့် ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့သည်။
ပင်ကို ပါရမီလည်းပါ၊ ကြိုးစားအားထုတ်မှုလည်း ရှိခြင်းကြောင့် ဤကလေး၏ ဆေးပညာအရည်အချင်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေတော့သည်။
ယဲ့ရှောင်ရှောင်သည် ပညာသင်ကြားမှုတွင်သာ စိတ်လုံးလုံးနှစ်ထာားခဲ့ရာ သတိပင်မထားမိလိုက်ဘဲ အချိန်တစ်လ ကုန်လွန်သွားခဲ့ပါပြီ။
တက္ကသိုလ်တွင် ရှုကျမ့်ဝမ်နှင့်သာ မဆုံခဲ့ရလျှင် ဝတ္ထုစာအုပ်တစ်အုပ်ထဲ ကူးပြောင်းလာသည်ကိုပင် သူမ မေ့လျော့သွားနိုင်သည်။
ယဲ့ရှောင်ရှောင်သည် သင်ကြားရေးမှတ်စု အချို့ သွားယူရန် ဝမ်စစ်အဆောက်အဦးရှိ ရုံးခန်းတစ်ခုဆီသို့ အသွားတွင် ရှုကျမ့်ဝမ်နှင့် ထိပ်တိုက် ဆုံခဲ့ရလေသည်။
သူမက မော့မကြည့်မိသော်လည်း ရှုကျမ့်ဝမ်က သူမကို ဦးစွာ လှမ်းခေါ်လိုက်ပါသည်။
“ရှောင်ရှောင်၊ နင်ဘာလို့ ဒီရောက်နေတာလဲ”
ရှုကျမ့်ဝမ်၏ အသံတွင် အံ့ဩတုန်လှုပ်မှုနှင့် ဇဝေဇဝါဖြစ်မှုတို့ အပြည့်ပါဝင်နေသည်။
ယဲ့ရှောင်ရှောင်မှာ သူ့ကို မေ့လုနီးပါးပင် ဖြစ်နေခဲ့သဖြင့် ရုတ်တရက်တွေ့လိုက်ရသောအခါ ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင် အသက်ဝဝ ရှူလိုက်ပြီး သူမ၏ လှလှပပ မျက်ဝန်းများက ရေခဲတမျှ အေးစက်သွားခဲ့သည်။
“ဒီမှာ ကျောင်းတက်နေတာလေ”
ယခင်က သူ့အခန်းဖော်ပြောခဲ့ဖူးသည့်စကားကို ရှုကျမ့်ဝမ် ချက်ချင်း မှတ်မိသွားခဲ့သည်။
‘အဲ့ဒီအချိန်တုန်းက သူ့အခန်းဖော် မြင်ခဲ့ရတဲ့လူက တကယ်ပဲ ယဲ့ရှောင်ရှောင်ဖြစ်နေတာလား’
ရှုကျမ့်ဝမ် လွှတ်ခနဲ မေးလိုက်မိပါသည်။
“နင်က ကျင့်ဟွာတက္ကသိုလ်ကို ဘယ်လိုလုပ် ဝင်ခွင့်ရသွားတာလဲ”
ယဲ့ရှောင်ရှောင်၏ အမူအရာက ပို၍ပင် အေးစက်သွားသည်။
“ရဲဘော်ရှု၊ လူတစ်ယောက်က သုံးရက်လောက် ခွဲခွာသွားရင်တောင် အဲ့ဒီလူကို အမြင်သစ်နဲ့ ကြည့်ရတယ်တဲ့၊ ကျွန်မတို့ မတွေ့ရတာ နှစ်ဝက်လောက်ရှိပြီလေ၊ ကျွန်မမှာကော ပြောင်းလဲခွင့်မရှိတော့ဘူးလား”
ရှုကျမ့်ဝမ် ရှက်ရွံ့စွာ တောင်းပန်လိုက်သည်။
“ငါတောင်းပန်ပါတယ်၊ ငါစကားပြော မှားသွားတယ်”
သို့သော်လည်း သူ့ရင်ထဲမှာတော့ လူတစ်ယောက်သည် ဤကဲ့သို့ အချိန်တိုအတွင်း အခြားသူတစ်ယောက်လို ပြောင်းလဲသွားနိုင်သည်ကို မယုံကြည်နိုင် ဖြစ်နေပါသေးသည်။
ယဲ့ရှောင်ရှောင်၏ အမှတ်များဖြင့် ထိပ်တန်းတက္ကသိုလ်တစ်ခုခုကို တက်ခွင့်ရချင်ရနိုင်သော်လည်း ကျင့်ဟွာတက္ကသိုလ်ကဲ့သို့ တက္ကသိုလ်မျိုးကိုတော့ လွယ်လွယ်နှင့် ဝင်ခွင့်ရမည် မဟုတ်ပေ။
သို့သော် သူမ ဒေါသထွက်သွားမည်စိုးသဖြင့် သူ့အတွေးများကို ထုတ်မပြောခဲ့ပါ။
“ပေကျင်းကို ပြန်ရောက်နေတာတောင် တပ်ဝင်းထဲကို ဘာလို့ ပြန်မလာသေးတာလဲ”
ယဲ့ရှောင်ရှောင်သည် သူမ၏ မှတ်စုများကို တင်းတင်းကျပ်ကျပ် ပိုက်ကာ ရှုကျမ့်ဝမ်နှင့် စကားဆက်ပြောချင်စိတ်လည်း မရှိတော့ပေ။
“ပြန်ရမယ့်အချိန်တန်ရင် ပြန်လာမှာပေါ့”
ရှုကျမ့်ဝမ်: “နင်ငါ့ကို အရမ်းစိမ်းကားသွားသလိုပဲနော်”
ယဲ့ရှောင်ရှောင် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။
“အဲ့ဒီကိစ္စ အရင်တစ်ခေါက်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသား မဟုတ်ဘူးလား”
ရှုကျမ့်ဝမ် မျက်မှောင်ကြုတ်သွားသည်။
“ရှောင်ရှောင်၊ နင်သာ ဆန္ဒရှိရင် ငါတို့ အရင်လို ပြန်ဖြစ်နိုင်ပါသေးတယ်”
ယဲ့ရှောင်ရှောင်: “ကျွန်မ ဆန္ဒမရှိတော့ဘူး”
ရှုကျမ့်ဝမ် ကြက်သေသေသွားသည်။
“အရင်တုန်းက ရှင့်နားက တဖဝါးမှ မခွာဘဲ လိုက်နှောင့်ယှက်တတ်တဲ့ ဟောက်ရှောင်ရှောင်၊ ရှင်နည်းလမ်းပေါင်းစုံသုံးပြီး ရှောင်ဖယ်ခဲ့တဲ့ ဟောက်ရှောင်ရှောင်ဆိုတာ မရှိတော့ဘူး၊ အခုလက်ရှိ ယဲ့ရှောင်ရှောင်က အဲ့တာမျိုးတွေ မလုပ်ဘူး၊ ကျွန်မ တက္ကသိုလ်ဘွဲ့ ရအောင်ယူပြီး ရည်မှန်းချက်တွေကို အကောင်အထည် ဖော်ချင်ရုံပဲ”
စကားဆုံးသည်နှင့် ယဲ့ရှောင်ရှောင်သည် မှတ်စုများကို ပွေ့ပိုက်ကာ တစ်လှမ်းပင် မရပ်ဘဲ ထွက်သွားတော့သည်။
ဤတစ်ခါတော့ သူမ ပြတ်ပြတ်သားသား စကားကုန် ပြောခဲ့ပြီးပါပြီ။ ရှုကျမ့်ဝမ် အိပ်မက်မှ နိုးထနိုင်ဖို့ သူမ မျှော်လင့်မိသည်။
သူက မူရင်းဝတ္ထု၏ ‘ဇာတ်လိုက်မင်းသား’ ဟုတ်မနေလျှင်ပင် သူ့ပင်ကိုစရိုက်နှင့် ရုပ်ရည်ကို ယဲ့ရှောင်ရှောင် သဘောမကျပေ။
အဝေးသို့ ထွက်ခွာသွားသည့် ယဲ့ရှောင်ရှောင်၏ ကျောပြင်ကိုကြည့်ရင်း ရှုကျမ့်ဝမ်ရင်ထဲ ဟာလာဟင်းလင်း ဖြစ်သွားခဲ့လေသည်။
ယခင်က ပိုင်ဆိုင်ဖူးသည့် အရာတစ်ခုကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရတော့သည်။
--- --- ---
တိုက်ဆိုင်စွာဖြင့် မနက်ခင်းက ရှုကျမ့်ဝမ်နှင့် ဆုံခဲ့ရပြီး မွန်းတည့်ချိန်ရောက်သောအခါ လုဟန်ချွမ်က ရောက်လာပြန်သည်။
မိန်းကလေးအဆောင်ရှေ့တွင် ပခုံးကျယ်ကျယ်၊ ခြေတံရှည်ရှည်နှင့် ရုပ်ရည်ခန့်ညားသော လူတစ်ဦးသည် ရိုးရှင်းသော ကော်လံရှပ်အင်္ကျီတစ်ထည်ကို ဖက်ရှင်ကျကျ ဝတ်ဆင်ထားပြီး အဆောင်တံခါးဝအား တည်တည်ငြိမ်ငြိမ် စိုက်ကြည့်နေပါသည်။
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ အချိန်ဇယားကို စစ်ဆေးထားပြီးသားဖြစ်၍ ယနေ့ နေ့လယ်ပိုင်းတွင် သူမ အတန်းချိန် မရှိသည်ကို သိသောကြောင့် အဆောင်မှူးကို အကူအညီတောင်းကာ သူမကို ခေါ်လိုက်ရခြင်း ဖြစ်သည်။
ဘေးနားမှ ဖြတ်သွားဖြတ်လာ ကျောင်းသူများကလည်း သူ့ကို မျက်လုံးကျွတ်ကျမတတ် ငေးကြည့်သွားကြသည်။
ယဲ့ရှောင်ရှောင်လည်း ခက်ခက်ခဲခဲ ရှာစရာပင် မလိုဘဲ လုဟန်ချွမ်ကို ချက်ချင်း တန်းတွေ့သွားပါသည်။
“ဒီနေ့ တပ်ဝင်းထဲကို ပြန်မှာမလား၊ ကိုယ်လိုက်ပို့ပေးမယ်”
လုဟန်ချွမ် ဤသို့ မေးလိုက်ခြင်းမှာ ယဲ့ရှောင်ရှောင်ကို အိမ်ပြန်လိုက်ပို့ပေးမည်ဟု ကမ်းလှမ်းရုံသာမကဘဲ ဟောက်မိသားစုထံ သွားချင်သလားဟုလည်း မေးမြန်းလိုက်ခြင်းဖြစ်သည်။
ယဲ့ရှောင်ရှောင်: “ဒီနေ့ဟုတ်လား၊ ကျွန်မ ဘာမှတောင် မပြင်ဆင်ရသေးဘူး”
လုဟန်ချွမ် ရယ်မောလိုက်သည်။
“လူပါရင် ရပြီ၊ ကျန်တာအားလုံး စီစဉ်ထားပြီးသား၊ ဟောက်မိသားစုက မင်းကို ၁၇ နှစ်လောက် ပြုစုပျိုးထောင်ပေးခဲ့တာ၊ မင်းဘက်က အဆက်အသွယ်ဖြတ်ချင်တယ်ဆိုရင်တောင် စကားကို ရှင်းရှင်းလင်းလင်း ပြောသင့်တာပေါ့”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုလည်း ဒီနေ့ပဲ သွားကြတာပေါ့”
လုဟန်ချွမ်သည် သူမ၏ ပခုံးကို လက်ဖြင့်ဖက်ကာ ခေါ်ဆောင်သွားပါသည်။
ထို့နောက် နူးညံ့သိမ်မွေ့သည့် လေသံဖြင့် ပြောလိုက်သည်။
“ပြုံထားစမ်းပါ၊ ဘာတွေကြောက်နေတာလဲ၊ မင်းကို မီးထဲရေထဲ တစ်ယောက်တည်းလွှတ်မှာမဟုတ်ဘူး၊ မင်းနောက်မှာ ကိုယ်ရှိတယ်၊ ဒီနေ့ ဟောက်မိသားစုအိမ်ကို ပြောင်းပြန်လှန်ချင်တယ်ဆိုရင်တောင် ကိစ္စမရှိဘူး”
သူတို့ပုံစံက ရန်ဖြစ်ဖို့ ချီတက်နေသည့် လူမိုက်များနှင့် တူနေပါသည်။
ယဲ့ရှောင်ရှောင် စိတ်များလေးလံနေသောကြောင့် လုဟန်ချွမ်၏ ပိုင်စိုးပိုင်နင်းနိုင်သည့် အပြုအမူကိုပင် သတိမထားမိလိုက်ပေ။
ကျင့်ဟွာတက္ကသိုလ်မှ စစ်တပ်ဝင်းထဲသို့ ကားဖြင့်မောင်းသွားလျှင် တစ်နာရီကျော်ကြာသည်။
ကံကောင်းစွာဖြင့် လမ်းတွင် ကားမပိတ်ခဲ့ပါ။ ဤတပ်ဝင်းထဲသို့ ပြန်လာရခြင်းမှာ ယဲ့ရှောင်ရှောင်အတွက် မသက်သာလှပေ။
လုဟန်ချွမ်နှင့် သူမ၏ အားလပ်ချိန်ချင်း ကိုက်ညီဖို့ ခက်ခဲမှန်း သိသဖြင့် သူ့အစီအစဉ်ကို မငြင်းဆန်ဘဲ လက်ခံခဲ့ခြင်း ဖြစ်သည်။
သူမကိုယ်တိုင်လည်း ဟောက်မိသားစုကို ရင်ဆိုင်ချိန်တန်ပြီဟု ခံစားရသည်။
ဆယ်စုနှစ်တစ်စုကျော်လောက် ပြုစုပျိုးထောင်ပေးခဲ့သည့် သမီးဖြစ်သူမှာ အကြောင်းမကြားဘဲ ထွက်ပြေးသွားလျှင် ကျေးဇူးကန်းသောသူဟု ခေါ်ဆိုခံရပါလိမ့်မည်။
လုဟန်ချွမ်၏ ကားကို စာရင်းသွင်းထားပြီးသားဖြစ်ရာ အိမ်ရာဝင်ပေါက်မှ အစောင့်များက မတားဘဲ ချက်ချင်း ဝင်ခွင့်ပေးခဲ့ပါသည်။
လုဟန်ချွမ်သည် သတ်မှတ်ထားသည့်နေရာတွင် ကားကို ရပ်တန့်လိုက်ပြီးနောက် နောက်ဖုံးမှ ပစ္စည်းများကို ထုတ်ယူလိုက်သည်။
“ကျွန်မတို့ ဖုန်းကြိုဆက်သင့်လား၊ အိမ်မှာ ဘယ်သူမှ မရှိရင် ဘယ်လိုလုပ်မလဲ”
ယဲ့ရှောင်ရှောင် ကားပေါ်မှ မဆင်းသေးဘဲ မေးမြန်းလိုက်ပါသည်။
လုဟန်ချွမ်က သူမအတွက် တံခါးဖွင့်ပေးလိုက်သည်။
“ကိုယ်စစ်ကြည့်ပြီးသွားပြီ၊ ဟောက်လင်မယားနှစ်ယောက်စလုံး အိမ်မှာ နားနေကြတယ်၊ လူစုံတက်စုံရှိတဲ့ ရှားပါး အခွင့်အရေးပဲ”
ယဲ့ရှောင်ရှောင်: “…”
‘တော်ပါပေတယ်၊ အများကြီး ပြင်ဆင်ထားတာပဲ’
ယဲ့ရှောင်ရှောင်လည်း ရွေးချယ်စရာမရှိတော့ဘဲ လုဟန်ချွမ်နှင့်အတူ ဟောက်မိသားစု အိမ်တံခါးဝသို့ လျှောက်လာခဲ့ရတော့သည်။
သူမတွင် မူရင်းခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ မရှိသော်လည်း ဤနေရာသို့ရောက်ရှိလာသောအခါ မြင်ကွင်းအချို့က သူမ အာရုံထဲ ဝိုးတိုးဝါးတား ပေါ်လာခဲ့သည်။
ယဲ့ရှောင်ရှောင် ခေါင်းကို ခါလိုက်ပြီး တံခါးခေါက်လိုက်ပါသည်။
“လာပြီ!”
တံခါးလာဖွင့်ပေးသူမှာ ဟောက်ချန်းပင်၏ မွေးရပ်ဇာတိမှ ဆွေမျိုးတစ်ဦးဖြစ်ကာ ဟောက်မိသားစုတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။
ဟယ်ချောင်းရှန့်မှာ ချမ်းသာကြွယ်ဝသည့် မိသားစုမှလာသူဖြစ်၍ အိမ်မှုကိစ္စမနိုင်နင်းသဖြင့် ထိုအမျိုးသမီးကပဲ အိမ်တွင် သန့်ရှင်းရေးနှင့် အချက်အပြုတ်ကို တာဝန်ယူထားရပါသည်။
သူမက ဆွေမျိုးဖြစ်သဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုမျာအတွင်း မည်သူကမှ ပြဿနာ မရှာခဲ့ကြပေ။
ယဲ့ရှောင်ရှောင်ကို မြင်လိုက်သည်နှင့် ထိုအမျိုးသမီးက အံ့ဩတကြီး အော်ပြောလိုက်ပါသည်။
“ရှောင်ရှောင် ပြန်လာပြီဟေ့!”
သူမ၏ အသံက ကျယ်လောင်လွန်းသဖြင့် အိမ်ထဲက လူတိုင်း ကြားနိုင်ပါသည်။
ယဲ့ရှောင်ရှောင်သည် အရာအားလုံးကို အပြုံးဖြင့်သာ ရင်ဆိုင်ခဲ့သည်။
လည်ပိတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် အိမ်ထဲမှ ထွက်လာသည်။
သူမ၏ ဝတ်စားဆင်ယင်ပုံက အလွန်တင့်တယ်ခမ်းနားလွန်းသဖြင့် မည်သူမည်ဝါဖြစ်မှန်း ယဲ့ရှောင်ရှောင် ချက်ချင်း ခန့်မှန်းမိလိုက်သည်။
“အမေ…”
ဟယ်ချောင်းရှန့်က ယဲ့ရှောင်ရှောင်ကို ကြည့်လိုက်သည်။
ဟောက်မိသားစုမှ ထွက်သွားခဲ့သော်လည်း ဤကောင်မလေး၏ ဝတ်စားဆင်ယင်မှုမှာ ညံ့ဖျင်းမသွားသေးပေ။
ပိတ်သားမှာ ပေကျင်းစတိုးဆိုင်များမှ ဝယ်ယူထားသည့် အသားလောက် မကောင်းမွန်သော်လည်း အသစ်ဖြစ်မှန်းတော့ သိသာပါသည်။
အမှန်ဆိုရလျှင် သူမ၏ ဝတ်စားဆင်ယင်မှုမှာ ဟောက်ယန်ယန် ပထမဦးဆုံး ရောက်ရှိလာစ အချိန်ကထက်ပင် ပိုမို တင့်တယ်နေပါသေးသည်။