အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
📗 Chapter 93
သမီးဖြစ်သူကို ပြန်မြင်လိုက်ရသောအခါ ဟယ်ချောင်းရှန့်၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရှုပ်ထွေးသွားခဲ့ပါသည်။
၁၈ နှစ်နီးပါး အရိပ်တကြည့်ကြည့်ဖြင့် အပင်ပန်းခံ ပြုစုပျိုးထောင်ပေးခဲ့ရသည့် သမီးဖြစ်သူမှာ အခြားတစ်ယောက်၏ ကလေးဖြစ်နေရုံသာမက မြောင်စွေ့ဖန်းမှ မွေးဖွားခဲ့သည့် ကလေးပင် ဖြစ်နေသဖြင့် သူမ ဒေါသဖွင့်ချစရာ နေရာမရှိအောင် ပေါက်ကွဲခဲ့ရသည်။
လွန်ခဲ့သည့် ၁၉ နှစ်ခန့်က သူမတို့နှစ်ဦးသည် ခင်ပွန်းများနှင့်အတူ စစ်စခန်းသို့ လိုက်ပါသွားခဲ့ကြသည်။
ထိုကျေးတောသူက မည်သည့်နေရာတွင် ကောင်းမွန်နေသည်ကို ဟယ်ချောင်းရှန့် နားမလည်နိုင်ခဲ့ပေ။
သူမ၏ ပညာရေးနှင့် မိသားစုနောက်ခံကလည်း ဟယ်ချောင်းရှန့်ကို မယှဉ်နိုင်ပါ။
သို့သော် မြောင်စွေ့ဖန်းသည် သူမကို ကျော်လွန်ပြီး စစ်တပ်ဝင်းထဲတွင် နာမည်အကြီးဆုံး ဗိုလ်ကတော်ဖြစ်လာခဲ့သည်။
တပ်ရင်းရှိ တပ်သားငယ်လေးများမှစ၍ ကျန်မိသားစုဝင်များအထိ သူမ၏ အိမ်မှုကိစ္စနိုင်နင်းမှု၊ သွက်လက်ချက်ချာမှုတို့ကို ချီးမွမ်းထောပနာ ပြုခဲ့ကြသည်။
ဟယ်ချောင်းရှန့်၏ ခင်ပွန်းကိုယ်တိုင်ပင်လျှင် ထိုကျေးတောသူကို ချီးကျူးမဆုံး ဖြစ်ခဲ့ဖူးသည်။
သူမ၏ အလှည့်တွင်မူ အများဆုံးကြားရသည်မှာ ‘လှပသည်’ဟူသော စကားလုံးတစ်ခုတည်းသာ ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူမသည် အိမ်မှုကိစ္စ မနိုင်နင်းပေ။ ထိုအချက်ကြောင့်ပင် ဟယ်ချောင်းရှန့်၏ မာနမှာ သူတစ်ပါး၏ ခြေဖဝါးအောက်တွင် နင်းချေခံခဲ့ရသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ကလေးမွေးဖွားပြီး မကြာမီမှာပင် အခြေအနေများ ပြောင်းလဲသွားခဲံသည်။
ယဲ့ကျန်းကော်သည် ထိခိုက်ဒဏ်ရာတစ်ခုကြောင့် တပ်ထဲမှ ထွက်သွားခဲ့ရသည်။
တစ်ဖက်တွင် ဟောက်ချန်းပင်မှာမူ ဂုဏ်ထူးဆောင်ဘွဲ့များ အမြောက်အများ ရရှိကာ ရာထူးများလည်း ဆက်တိုက် တက်ခဲ့ပြီး နောက်ဆုံးတွင် ပေကျင်းမြို့သို့ပင် ပြောင်းရွှေ့လာနိုင်ခဲ့ပါသည်။
သူမနှင့် မြောင်စွေ့ဖန်းတို့ ထပ်မံ ဆုံစည်းစရာအကြောင်း မရှိတော့ဟု ဟယ်ချောင်းရှန့် ထင်ထားခဲ့သော်လည်း ကံကြမ္မာက သူမတို့နှစ်ယောက်ကို ရက်ရက်စက်စက် သရော်ခဲ့လေသည်။
“ဝင်ခဲ့လေ”
ဟယ်ချောင်းရှန့်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။
အပေါ်ထပ်မှ ဟောက်ချန်းပင်လည်း အသံများကို ကြားကာ အောက်သို့ ဆင်းလာခဲ့ပါသည်။။
“ရှောင်ရှောင် အိမ်ထဲမြန်မြန်ဝင်ခဲ့လေ! ဘာမှမပြောဘဲ အိမ်ကထွက်သွားတုန်းက အဖေတို့ ဘယ်လောက် စိတ်ပူခဲ့ရလဲ သိလား!”
ဤစကားကို မူလခန္ဓာကိုယ်ပိုင်ရှင်သာ ကြားသွားလျှင် ဝမ်းသာမျက်ရည် ကျမိပေလိမ့်မည်။
သို့သော် ယဲ့ရှောင်ရှောင်အတွက်မူ ထိုစကားများက အပေါ်ယံစကားဟူသည်ထက် မပိုဟု ခံစားရပါသည်။
သူတို့သာ အမှန်တကယ် စိတ်ပူခဲ့ကြလျှင် လပေါင်းများစွာကြာသည်အထိ သူမကို လိုက်မရှာဘဲ နေခဲ့ကြမည် မဟုတ်ပေ။
ယဲ့ရှောင်ရှောင် ဧည့်ခန်းထဲသို့ ဝင်လာချိန်တွင် သူမနောက်တွင် ပါလာသော လုဟန်ချွမ်ကို ဟယ်ချောင်းရှန့်နှင့် ဟောက်ချန်းပင်တို့ သတိပြုမိသွားကြတော့သည်။
ဟောက်ချန်းပင်က သူ့ကို ချက်ချင်းပင် မှတ်မိသွားသည်။
“မင်းက လုမိသားစုက ကောင်လေး မဟုတ်လား”
“ဟုတ်ပါတယ် ဦးလေးဟောက်၊ ရုတ်တရက်ကြီး ရောက်လာမိလို့ တောင်းပန်ပါတယ်”
လုဟန်ချွမ် ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်ပါသည်။
ဟောက်ချန်းပင်၏ မျက်နှာမှာ တည်တံ့သွားခဲ့ရသည်။
လုဟန်ချွမ်သည် ငယ်ရွယ်သော်လည်း စစ်တပ်အတွင်း သူ၏ ရာထူးနှင့် အဆန့်အတန်းများက သက်တူရွယ်တူများထက် မြောက်များစွာ သာလွန်နေပါသည်။
ဤနေရာတွင် လုမိသားစု၏ မျိုးရိုးစဉ်ဆက် တည်ဆောက်ခဲ့သော ဂုဏ်သိက္ခာများက တစ်ထောင့်တစ်နေရာမှ ပါဝင်နေသောလည်း လုဟန်ချွမ်ကိုယ်တိုင်ကလည်း အရည်အချင်းမရှိသော လူဖျင်းတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေခြင်းပင်။
ဟောက်ချန်းပင်ကိုယ်တိုင်ပင် စစ်တပ်အတွင်း ဤလူငယ်လေးလောက် အလားအလာ မကောင်းခဲ့ဖူးပါ။ ထို့ကြောင့် ဤသို့ တွေ့ဆုံရခြင်းမှာ သူ့အတွက် အလွန်ပင် ထူးခြားနေခဲ့ပါသည်။
ဟယ်ချောင်းရှန့်ကလည်း လုဟန်ချွမ်ကို အကဲခတ်နေသည်၊။
“ဒီကိုလာတာ ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ပစ္စည်းတွေအများကြီး သယ်လာတာက…”
သူမရင်ထဲတွင် ခံစားချက်များ မကောင်းတော့ပေ။
ထင်မှတ်ထားသည့်အတိုင်းပင် လုဟန်ချွမ်သည် ပစ္စည်းများကို အောက်ချလိုက်ပြီး အနည်းငယ်ပြုံးကာ ယဲ့ရှောင်ရှောင်၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
“လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ၊ ကျွန်တော် ရှောင်ရှောင့်ကို လိုက်ပို့ရင်းနဲ့ လူကြီးနှစ်ယောက်ကိုလည်း ဂါဝရ လာပြုတာလေ”
ဟောက်ချန်းပင် ရုတ်တရက် နားလည်သွားခဲ့ရသည်။
“မင်းတို့နှစ်ယောက်က…”
လုဟန်ချွမ်က ယဲ့ရှောင်ရှောင်၏ လက်ချောင်းများနှင့် သွယ်ယှက်ကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့ တွဲနေကြတာပါ”
ပထမတော့ ဟောက်ချန်းပင် အနည်းငယ် အံ့အားသင့်သွားသော်လည်း ခပ်မြန်မြန်ပင် ဝမ်းသာသွားခဲ့ပါသည်။
ရှောင်ရှောင်ကို သူအတော်လေး သဘောကျပါသည်။ သွေးသား မတော်စပ်လျှင်ပင် သူမကို သမီးအရင်းကဲ့သို့ပင် မှတ်ယူထားဆဲဖြစ်သည်။
ယခင်က အမှန်တရားကို သိလိုက်ရချိန်တွင် ခဏတာ လက်မခံနိုင်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ယဲ့ရှောင်ရှောင် အိမ်မှ ထွက်ပြေးသွားချိန်၌ ဇနီးဖြစ်သူ၏ ဖျောင်းဖျမှုကြောင့် အရှိတရားကို လက်ခံနိုင်ခဲ့ပါသည်။
ယဲ့မိသားစုကလည်း သူတို့သမီးအရင်းကို ပြန်လိုချင်ကြမည်မှာ သေချာသဖြင့် သူ့ဘက်က တစ်ကိုယ်ကောင်းဆန်စွာ သိမ်းပိုက်ထား၍ မဖြစ်ပေ။
ဤသည်မှာ မိမိကိုယ်ကို ဖြေသိမ့်ခြင်း ဟုတ်၊ မဟုတ် အရေးမကြီးတော့ပါ။
အရေးကြီးသည်မှာ လုမိသားစုနှင့် ဆွေမျိုးတော်စပ်ခွင့်ရလျှင် သူ၏ အနာဂတ်တက်လမ်းအတွက် ကျိန်းသေ အထောက်အကူ ဖြစ်နိုင်ပါသည်။
“ထိုင်ကြဦးလေ၊ ထိုင်ကြပါဦး၊ မတ်တပ်ရပ်ပြီး ဘာလုပ်နေကြတာလဲ၊ ဘယ်တုန်းက စတွဲဖြစ်ကြတာလဲ၊ အရင်တုန်းကဆို ရှောင်ရှောင်က ရှု…”
သူစကားမဆုံးခင် ဟယ်ချောင်းရှန့်က သူ့ခြေထောက်ကို တက်နင်းပစ်လိုက်ရာ ဟောက်ချန်းပင် ပါးစပ်ပိတ်သွားရတော့သည်။
ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်ို့ ဧည့်ခန်းထဲတွင် ဝင်ထိုင်လိုက်ကြသည်။
“ရှုမိသားစုနဲ့ စေ့စပ်ကြောင်းလမ်းထားတာက ဟောက်ယန်ယန်နဲ့ပဲ သက်ဆိုင်တော့တာကို သမီးသိပါတယ်၊ သမီး မကန့်ကွက်ပါဘူး၊ ပြီးတော့ ရှုကျမ့်ဝမ်ကိုလည်း သမီးတို့ကြားမှာ ဘာပတ်သတ်မှုမှ မရှိတော့ဘူးလို့ အပြတ် ပြောထားပြီးပါပြီ”
ယဲ့ရှောင်ရှောင်၏ တည်ငြိမ်အေးဆေးမှုကြောင့် ဟောက်လင်မယားနှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ရသည်။
သူတို့မျှော်လင့်ထားခဲ့သည့် ပြဿနာမှာ ထင်သလို ဖြစ်မလာခဲ့ပါ။
သို့သော် ဟယ်ချောင်းရှန့်က မပျော်ရွှင်နိုင်သေးပေ။
‘ဟုတ်တာပေါ့…’
လုဟန်ချွမ်ကဲ့သို့ လူတစ်ယောက်ကို ပိုင်ဆိုင်ထားမှတော့ ရှုမိသားစုအား မည်သူက ဂရုစိုက်နေဦးမည်နည်း။
ဟယ်ချောင်းရှန့် အနည်းငယ် မနာလိုဖြစ်ကာ မကျေမနပ်လည်း ဖြစ်မိသွားသည်။ ထိုမိန်းမ၏ သမီးဖြစ်နေ၍ ဤမျှ ကံကောင်းနေခြင်းပဲလား။
ဟယ်ချောင်းရှန့် ခါးသီးစွာ ပြောလိုက်သည်။
“နင့်ဆုံးဖြတ်ချက်ပဲလေ၊ နောက်မှ နောင်တမရရင် ပြီးတာပါပဲ၊ ငါတို့မှာ နင့်ကို ထိန်းချုပ်ပိုင်ခွင့် မရှိတော့ဘူး”
ဟောက်ချန်းပင်က ဇနီးဖြစ်သူကို ဘဝင်မကျစွာ ကြည့်လျက် ယဲ့ရှောင်ရှောင်အား နှစ်သိမ့်ပေးလိုက်ပါသည်။
“ရှောင်ရှောင်၊ သမီးဆုံးဖြတ်ချက်ကို အဖေတို့အားလုံး အသိအမှတ်ပြုတယ်လို့ သမီးအမေက ပြောချင်တာပါ”
ယဲ့ရှောင်ရှောင်: “သမီးနားလည်ပါတယ်”
သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ခံစားချက်များကို မခံစားရသေးသဖြင့် ဤနေရာတွင် ထိုင်နေရသည်မှာ အတော်လေး စိတ်မသက်မသာဖြစ်ရပါသည်။
ဟောက်ချန်းပင်: “ထမင်းစားသွားကြဦးလေ၊ အခု သမီးဘယ်မှာ နေနေလဲ၊ အိမ်မှာပဲ ပြန်လာနေပါလား”
ထိုသို့ပြောပြီးမှ ယဲ့ရှောင်ရှောင်၏ အိပ်ခန်းကို ဟောက်ယန်ယန်က ယူထားပြီးပြီဖြစ်မှန်း ဟောက်ချန်းပင် သတိရသွားပါသည်။
သူမသာ လာနေမည်ဆိုလျှင် ဧည့်သည်အခန်းတစ်ခန်းကို ရှင်းလင်းပေးရလိမ့်မည်။
ကံကောင်းစွာဖြင့် ယဲ့ရှောင်ရှောင်က ပြန်လာနေဖို့ စိတ်ကူးမရှိပေ။
“မနေတော့ပါဘူး၊ သမီးကျောင်းက အဆောင်မှာပဲ နေနေတယ်”
ဟောက်ချန်းပင်က ခေါင်းညိတ်သည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွေတောင် ပြီးပြီမလား၊ သမီး ဘယ်တက္ကသိုလ်ဝင်ခွင့်ရခဲ့လဲ”
ယဲ့ရှောင်ရှောင်: “ကျင့်ဟွာတက္ကသိုလ်ပါ”
ခွက်ခနဲ မြည်သံနှင့်အတူ ဟယ်ချောင်းရှန့်သည် ကော်ဖီစားပွဲပေါ်ရှိ ဖန်ခွက်ကို ကြမ်းပြင်ပေါ်သို့ တိုက်ချမိသွားသည်။
“ကျွန်မ လက်ချော်သွားလို့”
“ဘာလို့ အဲ့လောက် နမော်နမဲ့နိုင်ရတာလဲ’
ဇနီးဖြစ်သူကို ပွစိပွစိပြောပြီးမှ ယဲ့ရှောင်ရှောင်အား ဟောက်ချန်းပင် ပြန်လှည့်ပြောလိုက်သည်။
“ကျင့်ဟွာတက္ကသိုလ်ဟုတ်လား! အဲ့တာ အဖေတို့ နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုပဲမဟုတ်လား၊ ရှုကျမ့်ဝမ်လည်း ကျင့်ဟွာမှာတက်နေတာမလား”
ယဲ့ရှောင်ရှောင် တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။
“သူနဲ့ တွေ့ပြီးပါပြီ”
ယဲ့ရှောင်ရှောင်၏ လက်ကို ဆုပ်ကိုင်ထားသည့် လုဟန်ချွမ်၏ လက်မှာ ရုတ်တရက်ဆိုသလိုပင် တင်းကျပ်သွားခဲ့သည်။
ယဲ့ရှောင်ရှောင် သူ့ကို ဇဝေဇဝါဖြစ်စွာ မော့ကြည့်လိုက်ပါသည်။
ဟောက်ချန်းပင်က တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ဆိုသည်။
“သူနဲ့ တွေ့ပြီးသွားပြီပေါ့ ဟုတ်လား”
လုဟန်ချွမ်က ယဲ့ရှောင်ရှောင်ကို ခေါ်ကာ ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
“ဦးလေးဟောက်၊ ကျွန်တော်တို့ ဒီမှာ မစားတော့ပါဘူး၊ ယဲ့ရှောင်ရှောင်ကို ကျွန်တော့်အိမ် ခေါ်သွားရဦးမယ်၊ ကျွန်တော့်မိဘတွေကိုလည်း အသိပေးပြီးသားမို့လို့ပါ”
ဟောက်ချန်းပင်လည်း မတ်တပ်ထရပ်လိုက်သည်။
“မြန်လှချည်လားကွ”
လုဟန်ချွမ်: “ကျွန်တော့် တပ်ရင်းကနေ ခွင့်ရဖို့ဆိုတာ မလွယ်လို့ပါ”
ထိုအချက်ကို ဟောက်ချန်းပင်လည်း နားလည်ပါသည်။ ထို့ကြောင့် ဘာမှဆက်မမေးတော့ပေ။
အကြံဉာဏ်အချို့ပေးလိုက်ပြီးနောက် သူတို့နှစ်ယောက်ကို အိမ်ရှေ့ထိ လိုက်ပို့ပေးခဲ့ပါသည်။
ယဲ့ရှောင်ရှောင်နဲ့ လုဟန်ချွမ်တို့ ပြန်သွားသောအခါမှ ဇနီးဖြစ်သူကို ဟောက်ချန်းပင် မကျေမနပ် ဆူငေါက်လိုက်သည်။
“ခုနက မင်းဘာတွေ သွားပြောလိုက်တာလဲ၊ ရှောင်ရှောင်က အခုမှ ပြန်လာတာကို၊ မင်းသူ့ကို သမီးအဖြစ် တကယ် အသိအမှတ်မပြုတော့ဘူးလား”
ဟယ်ချောင်းရှန့်က အံကြိတ်လျက် ပြောသည်။
“ဟောက်ချန်းပင်! ရှောင်ရှောင်ကို ကျွန်မ ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ ရှင့်ကိုယ်ရှင် ပြန်မေးကြည့်လိုက်ပါဦး၊ ကျွန်မ သူ့ကို ထူးချွန်ထက်မြက်လာအောင် ပျိုးထောင်ပေးခဲ့တယ်၊ ဘယ်ကိုပဲသွားသွား လှပတင့်တယ်တဲ့ စံပြမိန်းကလေးတစ်ယောက် ဖြစ်နေတာ ဘယ်သူ့ကြောင့်လဲ”
“ပြီးတော့ ယန်ယန်ကို ယဲ့မိသားစုက ဘယ်လိုပျိုးထောင်ပေးထားလဲ ကြည့်ပါဦး! ပညာရေးက ညံ့ဖျင်းလွန်းလို့ ကျောင်းတက်ခဲ့ရတယ်ဆိုတာကိုတောင် သံသယဖြစ်လာမိပြီ၊ သူ့မှာ ဘာပါရမီမှလည်း မရှိဘူး၊ ဘယ်မိသားစုက တာဝန်ပိုမကျေတာလို့ ရှင်ထင်လို့လဲ”
ဟောက်ချန်းပင်လည်း သေချာသုံးသပ်ပြီးပါပြီ။
ယန်ယန်သည် ရှောင်းရှောင်းလောက် မထူးချွန် မထက်မြက်သော်လည်း ထင်သလောက်တော့ မဆိုးရွားပေ။
ဇနီးဖြစ်သူ၏ စံနှုန်းများက မြင့်မားလွန်းခြင်းသာဖြစ်ပြီး ဟောက်ယန်ယန်က သူမထုတ်ကြွားနိုင်သည့် ဂုဏ်ပုဒ်တစ်ခု ဖြစ်မလာသည်ကို မကျေမနပ် ဖြစ်နေခြင်းသာ။
ဟယ်ချောင်းရှန့်၏ စိတ်ကို သူကောင်းကောင်းကြီး နားလည်ပါသည်။
ဟောက်ချန်းပင်က တရားမျှတစွာ ဆိုလိုက်သည်။
“ယဲ့မိသားစုရဲ့ အခြေအနေက ငါတို့နဲ့ တူလို့လားကွ၊ ယန်ယန်ကို အရွယ်ရောက်တဲ့အထိ ပြုစုပျိုးထောင်ပေးနိုင်တာနဲ့တင် လုံလောက်နေပြီ၊ ပြီးတော့ ယဲ့မိသားစုက ငါတို့အပေါ် ဘာအပြစ်လုပ်ထားဖူးလို့လဲ၊ အရင်တုန်းက…”
ဟောက်ချန်းပင် ပြောဖို့ကျန်ထားသည့် စကားလုံးများကို ပြန်မျိုသိပ်လိုက်ရသည်။
ဟယ်ချောင်းရှန့်ကမူ ခင်ပွန်းဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်ရင်း ခေါင်းမာစွာ ဆက်ပြောလိုက်သည်။
“ကျွန်မကတော့ ယဲ့မိသားစုကလူတွေကို မုန်းတယ်၊ ကျွန်မကို သဘောထားကြီးပေးပါလို့ လာမတောင်းဆိုနဲ့၊ အခုချိန်မှာ ကျွန်မ မမြင်ချင်ဆုံးလူက ယဲ့ရှောင်ရှောင်ပဲ!”
📗 Chapter 94
ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ ဟောက်မိသားစုအိမ်မှ ထွက်လာခဲ့ကြသည်။
ခြံတံခါးဝသို့ ရောက်သည်နှင့် ယဲ့ရှောင်ရှောင်က မဝံ့မရဲ ပြောလိုက်ပါသည်။
“ဟို… ကျွန်မလက်ကို လွှတ်ပေးလို့ရပြီနော်”
လက်ချင်းချိတ်ထားခြင်းမှာ အလွန်ရင်းနှီးလွန်းသော အပြုအမူဖြစ်သော်လည်း လုဟန်ချွမ်က မထူးဆန်းသော အပြုအမူတစ်ခုပမာ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် ယဲ့ရှောင်ရှောင်မှာပင် ထူးထူးခြားခြား မဟုတ်တော့သလို ခံစားလာရသည်။
“ကိုယ့်အိမ်ကို သွားကြစို့”
လုဟန်ချွမ်က လက်ကိုလွှတ်ပေးရင်း ပြောလိုက်သည်။
ဤသည်မှာ ယခင်က သူတို့သဘောတူညီထားသည့်အတိုင်းပင်။
လုဟန်ချွမ်က သူမကို ဟောက်မိသားစုနှင့် ရှုမိသားစုကိစ္စအတွက် ကူညီပေးရမည်ဖြစ်ပြီး သူမကလည်း လုမိသားစုရှေ့တွင် လုဟန်ချွမ်ကို ပြန်လည်ကူညီပေးရပါမည်။
သို့သော် ယဲ့ရှောင်ရှောင်မှာ ရင်တုန်နေဆဲပင်။ သူမ ဤကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမှ မလုပ်ဖူးခဲ့ပေ။
“မကြောက်ပါနဲ့၊ အိမ်မှာ ကိုယ့်မိဘတွေ မရှိဘူး၊ အဘိုးနဲ့ အဘွားပဲရှိတယ်”
လုဟန်ချွမ်က မိဘများကို ကြိုတင် အသိမပေးခဲ့ပါ။
သူသာ အသိပေးလိုက်လျှင် မိဘနှစ်ပါးက ချက်ချင်း အိမ်ပြန်လာကြလိမ့်မည်။
သို့သော် လက်ရှိ ‘ချစ်သူရည်းစား’ဟူသည့် ဂုဏ်ပုဒ်မှာ ခေတ္တငှားရမ်းထားခြင်းသာဖြစ်မှန်း လုဟန်ချွမ် နားလည်ပါသည်။
ထို့ကြောင့် လူတိုင်းကို မပြောပြသေးဘဲ ပိုမိုခိုင်မာသော အခြေအနေတစ်ခုကို ရောက်မှသာ အသိပေးမည်ဟု ဆုံးဖြတ်ထားပါသည်။
“ကျွန်မ မကြောက်ပါဘူး”
ယဲ့ရှောင်ရှောင်က အသက်ပြင်းပြင်းရှူကာ ပြန်ပြောလိုက်သည်။
သူမကို ကြည့်ရင်း လုဟန်ချွမ် ခပ်တိုးတိုး ရယ်မောလိုက်ပါသည်။
အပြန်လမ်းတွင် လုဟန်ချွမ် မနေနိုင်ဘဲ မေးကြည့်မိသည်။
“ရှုကျမ့်ဝမ်နဲ့ ကျောင်းမှာတွေ့ခဲ့တယ်ဆိုတာ ဟုတ်လား”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ စကားတစ်ခွန်းနှစ်ခွန်းပဲ ပြောခဲ့တာပါ”
လုဟန်ချွမ်: “သူနှောင့်ယှက်တာမျိုးရှိရင် ကိုယ့်ကို ပြောလို့ရတယ်”
ယဲ့ရှောင်ရှောင်က နှုတ်ခမ်းလေးတွန့်လျက် ပြုံးကာ ဆိုသည်။
“နှောင့်ယှက်စရာလား၊ သူက ဂုဏ်သိက္ခာကို အရမ်းတန်ဖိုးထားတဲ့လူလေ၊ သူ့ကို တစ်ကြိမ်တစ်ခါ ငြင်းပြီးသွားပြီဆိုတော့ မျက်နှာပြောင်တိုက်ပြီး ထပ်မလာလောက်တော့ပါဘူး”
လုဟန်ချွမ်: “သူ့ဘက်က အဲ့လိုတွေးချင်မှ တွေးမှာလေ၊ ဒါပေမယ့် သူက မကြာခင် ဘွဲ့ရတော့မှာဆိုတော့ လက်တွေ့ဆင်းဖို့ သွားရတော့မယ်၊ ကျောင်းမှာကြာကြာ ဆက်မနေရတော့ပါဘူး”
ယဲ့ရှောင်ရှောင်: “ရှုကျမ့်ဝမ်ရဲ့ အခြေအနေကို ရှင်တော်တော်သိထားတဲ့ပုံပဲနော်”
လုဟန်ချွမ်က မလိမ်ညာဘဲ အမှန်တိုင်း ပြောလိုက်သည်။
“စုံစမ်းထားတာကိုး”
ရန်သူ့အကြောင်း သိထားမှ အောင်ပွဲကိုရရှိမည် မဟုတ်ပါလား။
--- --- ---
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို အိမ်သို့ ခေါ်လာခဲ့သည်။
အိမ်ရှေ့သို့ ရောက်သည်နှင့် ခြံထဲမှ အသံများကို ကြားလိုက်ပါသည်။
လုကော်ဖုန်းသည် ခြံထဲတွင် ထိုင်နေပြီး ချန်းယန်က သူ့ပုံတူပန်းချီကို ရေးဆွဲပေးနေပါသည်။
အဘွားလုက ပွစိပွစိ ပြောလိုက်သည်။
“ရှင့်ကို မလှုပ်နဲ့လို့ ပြောထားတယ်လေ! ဒီမှာတွေ့လား ကျွန်မဆွဲထားတာတွေ မမှန်တော့ဘူး”
လုကော်ဖုန်းက စိတ်မရှည်စွာ မတ်တပ်ထရပ်လိုက်သည်။
“တော်ပြီကွာ တော်ပြီ၊ ငါ့ကိုလာမနှောင့်ယှက်နဲ့တော့ မင်းဖာသာမင်း ဆွဲချင်တဲ့ပုံသွားဆွဲ”
အဘွားလုက သူ့ကို မကျေမနပ်ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မလည်း ရှင့်ပုံကို မဆွဲချင်တော့ပါဘူး”
သူတို့နှစ်ယောက်၏ စကားပြောဆိုပုံမှာ ကလေးကြီးနှစ်ယောက် အငြင်းအခုံဖြစ်နေသကဲ့သို့ပင်။
လုဟန်ချွမ်က လှမ်းခေါ်လိုက်သည်။
“အဘိုးနဲ့အဘွား၊ ကျွန်တော် ပြန်လာပြီ”
လုကော်ဖုန်းက ပြန်ထူးသည်။
“ပြန်လာပြီကိုး…”
လုဟန်ချွမ်ဘေးတွင်ပါလာသည့် ယဲ့ရှောင်ရှောင်ကို မြင်လိုက်ရသောအခါ လုကော်ဖုန်း စကားတစ်ဝက်တွင် ရပ်တန့်သွားခဲ့ရသည်။
ယဲ့ရှောင်ရှောင်: “တွေ့ရတာ ဝမ်းသာပါတယ် အဘိုးနဲ့ အဘွား”
ချန်းယန်လည်း မော့ကြည့်လိုက်ပြီး ပန်းချီဆွဲနေသည်ကိုရပ်ကာ စုတ်တံကို ဘေးချလျက် ဝမ်းသာအားရ ပြေးလာခဲ့တော့သည်။
“ဒါ ရှောင်ရှောင်ဆိုတာလား! ကြိုဆိုပါတယ်ကွယ်”
အဘွားလု ရောက်လာပြီး ယဲ့ရှောင်ရှောင်၏လက်ကို ဆုပ်ကိုင်ကာ သေချာအကဲခတ်ကြည့်လိုက်သည်။
“သမီးလေးက တကယ်လှတာပဲ၊ ပန်းချီကားထဲက ထွက်လာတဲ့ နတ်သမီးလေးကျနေတာပဲ”
ယဲ့ရှောင်ရှောင်: “ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် အဘွား”
အဘွားလုသည် သူမကို အိမ်ထဲသို့ ဆွဲခေါ်လာခဲ့ပါသည်။
“အိမ်ထထဲမှာ စကားပြောကြရအောင်လေ”
မြေးအရင်းဖြစ်သူကိုတော့ သူမ လုံးဝ မေ့လျော့သွားခဲ့သည်။
လုကော်ဖုန်းက မြေးဖြစ်သူ၏ ပခုံးကို ရိုက်ကာ ဆူငေါက်လိုက်သည်။
“ခွေးကောင်၊ သူများကို အိမ်ခေါ်မလာခင် ငါတို့ကို ဘာလို့ကြိုအသိမပေးတာလဲကွ၊ မင်းအဘွားနဲ့ ငါနဲ့ ဘာမှ မပြင်ဆင်ရသေးဘူး”
လုဟန်ချွမ်ကလည်း အဘိုးဖြစ်သူ၏ ဆူငေါက်မှုကို စိတ်မဆိုးပေ။
“ကျွန်တော်တို့လည်း ရုတ်တရက် ဆုံးဖြတ်လိုက်တာမို့လို့ပါ”
လုကော်ဖုန်းသည် အိမ်အကူ ရှောင်ချန်းကို ဈေးသွားဝယ်ခိုင်းပြီး ညစာ ချက်ပြုတ်ပြင်ဆင်ပေးဖို့အတွက် ညွှန်ကြားလိုက်ပါသည်။
ယဲ့ရှောင်ရှောင်ကမူ ဧည့်ခန်းထဲတွင် အဘွားလုနှင့် စကားလက်ဆုံပင် ကျနေလေပြီ။
ချန်းယန်သည် ငယ်စဉ်ကတည်းက အလွန်တက်ကြွသူဖြစ်ရာ အသက်ကြီးသည့်တိုင်အောင် စကားများနေဆဲပင်။
ယဲ့ရှောင်ရှောင်ကလည်း စကားပြောကောင်းသဖြင့် အဘွားလုမှာ အလွန်ပျော်ရွှင်နေရပါသည်။
“ကျောင်းတက်ရတာ အဆင်ပြေရဲ့လား၊ အရမ်းပင်ပန်းနေပြီလား၊ အိမ်မှာ အခက်အခဲတွေ ဘာတွေကောရှိလား”
အဘွားလုသည် ယဲ့ရှောင်ရှောင်ကို ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်နေမိသည်။
“အဘွားတို့အိမ်က ဖုန်းနံပါတ်ကို ယူသွားလိုက်၊ အခက်အခဲတစ်ခုခုရှိရင် အဘွားကိုသာ ဖုန်းဆက်နော်၊ ချွမ်လေးက တပ်ထဲရောက်နေတာဆိုတော့ ဖုန်းတွေဘာတွေ သိပ်မကိုင်နိုင်ဘူးလေ”
ယဲ့ရှောင်ရှောင်သည် အဘွားဖြစ်သူ၏ စေတနာအတွက် ကျေးဇူးတင်လိုက်ပါသည်။
သူမ၏ ယဉ်ကျေးပျူငှာသော အမူအရာများကြောင့် အဘွားလုက ပို၍ပင် သဘောကျသွားခဲ့သည်။
လုကော်ဖုန်းက စကားသိပ်မပြောသော်လည်း ကလေးမကို အတော်လေး သဘောကျပါသည်။
‘မဆိုးပါဘူး… ငါ့မြေးက ငါ့လို အမြင်ရှိသားပဲ’
--- --- ---
အဘိုးအဘွားများနှင့် ညစာအတူတူ စားသုံးပြီးနောက် ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ ပြန်ဖို့ ပြင်ဆင်ကြပါသည်။
သူတို့ မပြန်မီ အဘွားလုက ယဲ့ရှောင်ရှောင်၏လက်ထဲ စာအိတ်နီတစ်လုံး အတင်းထည့်ပေးဖို့ ကြိုးစားလေသည်။
“ရှောင်ရှောင် ဒီနေ့ အဘွားဘာမှ ကြိုပြင်ဆင်မထားမိဘူး၊ ဒီစာအိတ်နီလေးကိုပဲ အဘွားရဲ့ မေတ္တာလက်ဆောင်အဖြစ် သဘောထားပြီး ယူသွားလိုက်နော်”
ယဲ့ရှောင်ရှောင် အသက်ရှူပင် မှားသွားရသည်။
ဤသည်မှာ မြေးချွေမတစ်ယောက်ကို ဆက်ဆံသည့် ပုံစံမျိုး မဟုတ်ပါလား။
လုဟန်ချွမ်ကို သူမ လှည့်ကြည့်လိုက်မိသည်။ သူတို့နှစ်ယောက် သဘောတူညီချက် ယူခဲ့မိသည်မှာ မှားယွင်းသွားပြီလားဟုပင် ယဲ့ရှောင်ရှောင် ခံစားလာရပါပြီ။
အားလုံးက အတုအယောင်များသာဖြစ်မှန်း သိသွားကြလျှင် အဘိုးနှင့်အဘွား ရင်ကွဲရလိမ့်မည်။
လုဟန်ချွမ်က အနားရောက်လာပြီး စာအိတ်နီကို ယူကာ ယဲ့ရှောင်ရှောင်၏ လက်ထဲသို့ သေချာ ထည့်ပေးလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ် အဘွား၊ ရှောင်ရှောင်ကို ကျွန်တော် ကျောင်းပြန်လိုက်ပို့ပေးလိုက်တော့မယ်၊ နောက်နေ့ကျမှ ထပ်လာခဲ့ပါ့မယ်”
ချန်းယန်: “လမ်းမှာ ဖြည်းဖြည်းသွားကြနော်”
--- --- ---
လုအိမ်တော်အပြင်သို့ ရောက်သည်နှင့် ယဲ့ရှောင်ရှောင်က စာအိတ်နီကို လုဟန်ချွမ်အား ပြန်ပေးဖို့ ကြိုးစားသည်။
လုဟန်ချွမ်က မယူပေ။
“သိမ်းထားလိုက်ပါ၊ အဘွားက လက်ဆောင်ပေးတာပဲကို”
ယဲ့ရှောင်ရှောင်က သူ့ကို စိတ်ဖိစီးစွာ ကြည့်နေသဖြင့် လုဟန်ချွမ် ခြေလှမ်းများ ရပ်တန့်သွားရသည်။
“ဘာဖြစ်လို့လဲ”
ယဲ့ရှောင်ရှောင်: “ခုနက ကျွန်မကို ဟောက်မိသားစုကိစ္စမှာ ကူညီပေးခဲ့တယ်ဆိုပေမယ့်၊ ကျွန်မ အခုလို ပြောလိုက်လို့ ကျေးဇူးကန်းရာ ကျမယ်ဆိုတာ သိပေမယ့် ပြောရမှာပဲ”
လုဟန်ချွမ်က အလွန်တည်ငြိမ်နေပါသည်။
“ပြောလေ၊ မင်းပြောချင်တာ ပြောလို့ရတယ်”
ယဲ့ရှောင်ရှောင်: “ရှင့်အဘိုးအဘွားတွေက ရှင့်ကို တကယ်ဂရုစိုက်ပါတယ်၊ ရှင် ရည်းစားမထားချင်ဘူး ဆိုရင်တောင် ဒီလိုတွေမလုပ်ဘဲ သူတို့ နားဝင်အောင် သေသေချာချာ ရှင်းပြသင့်တယ်”
အဘိုးလုနှင့် အဘွားလုကို မြင်လိုက်ရချိန်တွင် ယဲ့ရှောင်ရှောင်သည် သူမ၏ အဘိုးအဘွားများကို ပြန်လည်အမှတ်ရမိပါသည်။
သူတို့ကို လိမ်ညာရသည်မှာ သူမအတွက် ခံစားချက် မကောင်းလှပါ။
လုဟန်ချွမ်က ယဲ့ရှောင်ရှောင်ကို စစ်တပ်ဝင်းအတွင်းရှိ တိတ်ဆိတ်အေးချမ်းသော နေရာလေးတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
“ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ’
ယဲ့ရှောင်ရှောင်က မျက်နှာကို လက်ဖြင့်အုပ်ကာ ပြောလိုက်သည်။
“ရှင့်အဘိုးအဘွားတွေက ကျွန်မကို မြေးချွေးမတစ်ယောက်လို သဘောထားနေကြတာလေ၊ ကျွန်မ လိပ်ပြာမလုံ ဖြစ်မိလို့ပါ”
လုဟန်ချွမ်က သူမလက်များကို ဆွဲချလိုက်ပြီး မျက်ဝန်းတွေထဲ စေ့စေ့ စိုက်ကြည့်လိုက်သည်။
“ဘာကို လိပ်ပြာမလုံ ဖြစ်တာလဲ”
ယဲ့ရှောင်ရှောင်: “ကျွန်မက ရှင့်ကောင်မလေးအစစ်မှ မဟုတ်တာ၊ ဒီတိုင်းဟန်ဆောင်နေကြတာလေ၊ ကျွန်မတို့ လမ်းခွဲရမယ့်အချိန်ရောက်ရင် ရှင့်အဘိုးအဘွားတွေ အရမ်းဝမ်းနည်းသွားကြမှာ”
ထို့နောက် သူမလက်ထဲက စာအိတ်နီလေးကို ငုံ့ကြည့်လိုက်သည်။
“ပြီးတော့ ရှင့်မိသားစုပေးတဲ့ မုန့်ဖိုးကိုတောင် ယူလာခဲ့သေးတယ်!”
လုဟန်ချွမ် အားရပါးရ ရယ်မောလိုက်ပါသည်။
“အဲ့လောက်ကြီး စိတ်ဖိအားများစရာမလိုပါဘူး၊ ဒီတိုင်းနေလိုက်လည်း ရတယ်”
ယဲ့ရှောင်ရှောင် နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
“ဘယ်လိုနေရမှာလဲ”
လုဟန်ချွမ်: “ကိုယ့်ကောင်မလေးအဖြစ်လေ”
“ဘာ… ရှင်ဘာပြောလိုက်တာ!”
“ကိုယ့်ကောင်မလေးအဖြစ် နေလို့ရတယ်လို့”
လုဟန်ချွမ်က အခိုင်အမာ အတည်ပြုပေးလိုက်ပါသည်။
“ရှောင်ရှောင်၊ ကိုယ့်ကို ပေါ့ပေါ့တန်တန်သမားတစ်ယောက်လို့ မင်းထင်နေတာတော့ မဟုတ်ပါဘူးနော်၊ ကိုယ်သာ မင်းကို တကယ်သဘောမကျရင် မင်းအပေါ်ကောင်းသလို လူတိုင်းကို လိုက်ကောင်းပြနေမယ်လို့ ထင်လို့လား”
ယဲ့ရှောင်ရှောင် မှင်သက်သွားခဲ့ရသည်။
“လုဟန်ချွမ်၊ ရှင့်မှာ စဉ်းစားဆင်ခြင်ဉာဏ်ရှိသေးရဲ့လား၊ ရှင်…”
‘စိတ်မှန်သေးရဲ့လား’
ကောင်မလေးတစ်ယောက်ကို ဤသို့ ပိုးပန်းသည့် ပုံစံမျိုးအား ယဲ့ရှောင်ရှောင် တစ်ခါမှ မတွေ့ဖူးပေ။
လုဟန်ချွမ်: “ကိုယ့်မှာ စဉ်းစားဆင်ခြင်ဉာဏ်ရှိပါသေးတယ်”
ယဲ့ရှောင်ရှောင် ဘာပြောရမှန်းမသိတော့ပေ။
သူမတို့ စတင်ဆုံတွေ့စဉ်ကတည်းက လုဟန်ချွမ်မှာ ထူးဆန်းခဲ့သူဖြစ်သည်။
သူမကို သဘောကျခြင်းလား မူလခန္ဓာကိုယ်ပိုင်ရှင်ကို သဘောကျခြင်းလား ယဲ့ရှောင်ရှောင် မပြောတတ်ပေ။
“ကျွန်မကို ဘယ်တုန်းကတည်းက သဘောကျတာလဲ၊ ကျွန်မရဲ့ ဘယ်အချက်တွေကို သဘောကျတာလဲ”
ယဲ့ရှောင်ရှောင် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး မေးမြန်းလိုက်သည်။
သူမ မကြားချင်သည့် အဖြေကို ကြားရသည်နှင့် ထွက်ပြေးဖို့ အသင့်ဖြစ်နေပါပြီ။
လုဟန်ချွမ်ကလည်း ရှေ့တိုးမလာဘဲ မေးခွန်းကိုသာ လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
“စုန့်လင်မြို့မှာ မင်းကို စစတွေ့ချင်းကတည်းကပဲ၊ အဲ့ဒီအချိန်တုန်းက ဈေးထဲမှာ ဆူညံနေခဲ့တာလေ၊ လူတွေအများကြီးထဲမှာ မင်းတစ်ယောက်တည်းကိုပဲ ကိုယ်ချက်ချင်း မြင်ခဲ့တာ၊ ကိုယ့်ခံစားချက်ကို ကိုယ်ယုံကြည်မှုအပြည့် ရှိတယ်၊ ရှောင်ရှောင်… ကိုယ်မင်းကို သဘောကျတယ်”
သဘောကျတယ်တဲ့…
ထိုစကားလုံး လေးလုံးကို ကြားမိရုံနှင့်ပင် ပတ်ဝန်းကျင်တစ်ခုလုံး ပူလောင်သွားသလို ယဲ့ရှောင်ရှောင် ခံစားလိုက်ရသည်။
စူးရှလှသည့် သူ့မျက်ဝန်းများကြောင့် ယဲ့ရှောင်ရှောင်မှာ ထိုနေရာမှ ထွက်ပြေးသွားချင်စိတ်များ တဖွားဖွား ပေါ်လာနေပါပြီ။