← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

📗 Chapter 95

“ဗိုလ်မှူးလုဟန်ချွမ်၊ ရှင်က နှလုံးသားနဲ့ ဆုံးဖြတ်ရမယ့်ကိစ္စကို အမြင်အာရုံနဲ့ ဆုံးဖြတ်လိုက်တာပဲ၊ အဲ့လိုလုပ်တာ သိပ်မှားတယ်”

လုဟန်ချွမ်က ပြန်ပြောသည်။

“ကိုယ့်ကို ဘယ်လိုပဲ ဝေဖန်ပါစေ လက်ခံပေးနိုင်တယ်၊ ဒါပေမယ့် အစကနေ ပြန်ပြုပြင်နိုင်မယ့် အခွင့်အရေးလေးတစ်ခုလောက်တော့ ကိုယ့်ကို ပေးပါလို့ တောင်းဆိုပါရစေ”

ယဲ့ရှောင်ရှောင် သူ့ကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။

“ရှင်က တကယ်ပြောင်းလဲမယ်ပေါ့”

လုဟန်ချွမ် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

“မင်းမကြိုက်တဲ့ အချက်မှန်သမျှကို ကိုယ်ပြောင်းလဲပေးနိုင်တယ်၊ ဒါပေမယ့် ရှောင်ရှောင်… ကိုယ့်ကို အခွင့်အရေးလေးတစ်ခုတော့ ပေးမှ ဖြစ်မယ်လေ”

ယဲ့ရှောင်ရှောင် နားမလည်နိုင်ဖြစ်သွားသည်။

“ဘယ်လိုအခွင့်အရေးမျိုးကို ရှင်ပြောနေတာလဲ”

လုဟန်ချွမ်က လက်တစ်ဖက်လှမ်းလိုက်ပြီး သူမကို အနားသို့ ဆွဲခေါ်လိုက်သည်။

ယဲ့ရှောင်ရှောင်မှာ တစ်ကိုယ်လုံး ဟန်ချက်ပျက်သွားပြီး လုဟန်ချွမ်၏ ရင်ခွင်ထဲ တိုးဝင်မိတော့မလိုပင် ဖြစ်သွားသည်။

ဤမျှ နီးကပ်လွန်းသော အကွာအဝေး၌ လုဟန်ချွမ်၏ အသက်ရှူငွေ့များက သူမမျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်နေပါသည်။

လုဟန်ချွမ်က ငုံ့ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ အပူချိန်များ ဖြည်းဖြည်းချင်း မြင့်တက်လာသလို ယဲ့ရှောင်ရှောင် ခံစားလိုက်ရသည်။

“ကိုယ့်ကောင်မလေးအဖြစ် နေပေးပါ ရှောင်ရှောင်၊ မြင်မြင်ချင်း ချစ်မိသွားတဲ့အချစ်ဆိုတာ ခဏတာစိတ်ကစားတာ မဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်းကို ကိုယ်သက်သေပြပါ့မယ်၊ တစ်နှစ်မကလို့ ဆယ်နှစ်၊ ဆယ်နှစ်မကလို့ နှစ် တစ်ရာ ကြာရင်တောင် ကိုယ့်ခံစားချက်တွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး”

ဒုတ်… ဒုတ်… ဒုတ်…

ယဲ့ရှောင်ရှောင်၏ နှလုံသားမှာ ထိန်းမနိုင်သိမ်းမရ ဗြောင်းဆန်နေသော်လည်း ဦးနှောက်ကတော့ ရှင်းလင်းပြတ်သားနေဆဲပင်။

“လုဟန်ချွမ်၊ ကျွန်မကို စဉ်းစားဖို့ အချိန်လေး ပေးလို့ရမလား”

လုဟန်ချွမ်ကလည်း ဖိအားထပ်မပေးတော့ပေ။ ဤကဲ့သို့ အဖြေမျိုး ကြားရရုံနှင့်ပင် အလွန်ကျေနပ်နေပါပြီ။

သူမသာ တဲ့တိုးငြင်းဆန်လိုက်လျှင် သူ့မျှော်လင်းချက်များ ပျက်သုဉ်းရလိမ့်မည်။

“ရပါတယ်၊ ရှောင်ရှောင် အချိန်ယူပြီးစဉ်းစားပါ၊ ကိုယ်စောင့်နိုင်ပေမယ့် အကြာကြီးတော့ မစောင့်ခိုင်းထားနဲ့နော်၊ ကိုယ့်အတွက် အရမ်းခက်ခဲလိမ့်မယ်”

လုဟန်ချွမ်လေသံထဲတွင် အနည်းငယ် ဝမ်းနည်းနေသော အရိပ်အယောင်အချို့ ပါဝင်နေပါသည်။

သူ၏ ရုပ်ရည်၊ မိသားစုနောက်ခံမျိုးနှင့်သာဆိုလျှင် အနည်းငယ် အလျှော့ပေးလိုက်ရုံနှင့် မည်သည့်မိန်းကလေးကိုမဆို ဖမ်းစားနိုင်စွမ်း ရှိလိမ့်မည်။

သို့သော် ယဲ့ရှောင်ရှောင်ကတော့ သံမဏိနှလုံးသားပိုင်ရှင်ဖြစ်၍ အကြည့်ကို လွှဲပစ်နိုင်ခဲ့ပါသည်။

“ကျွန်မကို ကျောင်းအရင်ပြန်လိုက်ပို့ပေးပါ”

သနားစရာကောင်းအောင် လုပ်ပြပြီးနောက်တွင် လုဟန်ချွမ်သည် ရှေ့တိုးရမည့်အချိန်နှင့် နောက်ဆုတ်ရမည့်အချိန်ကို ကောင်းကောင်း နားလည်ပါသည်။

“သွားကြစို့”

--- --- ---

အပြန်လမ်းတွင် ယဲ့ရှောင်ရှောင်မှာ တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့သည်။

စဉ်းစားပေးပါမည်ဟု ပြောထားသော်လည်း သူမ၏စိတ်က ယိမ်းယိုင်နေပြီဖြစ်မှန်း သူမကိုယ်သူမ နားလည်ပါသည်။

ယခင်ဘဝက ရည်းစားမထားဖူးသော်လည်း ငယ်စဉ်က ရည်းစားစကား များစွာအပြောခံခဲ့ရဖူးပြီး အကြိမ်တိုင်းလည်း မဆိုင်းမတွ ငြင်းဆန်ခဲ့သည်။

သဘောကျလျှင် ကျသည်၊ သဘောမကျလျှင် မကျဘူးဟူ၍ ချက်ချင်း ပြတ်သားနိုင်ခဲ့သည်။

ယခုအခါတွင်မူ စဉ်းစားပေးမည်ဟု သဘောတူလိုက်ခြင်းမှာ သူမတွင် ခံစားချက် ရှိနေပြီဟု ဝန်ခံလိုက်ခြင်းနှင့် အတူတူပင်။

ကျောင်းတံခါးဝသို့ ရောက်သည့်အခါ ယဲ့ရှောင်ရှောင်သည် ကားပေါ်မှ ဆင်းရဖို့ မစောင့်နိုင်တော့ပေ။

သူမ ကားပေါ်မှဆင်းဖို့ ပြင်လိုက်စဉ် လုဟန်ချွမ်က သူမလက်ကို လှမ်းဆုပ်ကိုင်လိုက်ပါသည်။

“ရှောင်ရှောင်၊ သေချာစဉ်းစားနော်၊ နောက်တစ်ခါတွေ့ရင် ကိုယ်အဖြေကို မျှော်နေမယ်”

သူ့လက်ဖဝါးမှ နွေးထွေးမှုမှာ သူမ၏ အင်္ကျီမှတဆင့် လက်ပေါ်သို့ စီးဆင်းလာသည်ကို ယဲ့ရှောင်ရှောင် ခံစားမိပါသည်။

“ကျွန်မသိပါတယ်”

ထိုသို့ပြောပြီးသည်နှင့် သူ့လက်ကို ခါထုတ်ကာ ကားပေါ်မှ ဆင်းသွားတော့သည်။

လုဟန်ချွမ်က သူမ၏ ကျောပြင်ကို ငေးကြည့်ရင်း လှမ်းသတိပေးလိုက်သေးသည်။။

“လမ်းကိုဖြည်းဖြည်းလျှောက်နော်!”

ယဲ့ရှောင်ရှောင်က ပို၍ပင် မြန်မြန်ပြေးခဲ့တော့သည်။

--- --- ---

အဆောင်သို့ ရောက်သည့်တိုင်အောင် ယဲ့ရှောင်ရှောင်၏ နှလုံးသားက တဒိတ်ဒိတ် ခုန်နေဆဲပင်။

စုန့်ကွမ်းကျင့်ထံမှ ရရှိထားသော ဆေးစာအုပ်များကို လှန်ဖတ်လိုက်ပြီးမှ စိတ်ပြန်လည်တည်ငြိမ်သွားခဲ့ပါသည်။

“စာအရမ်းကြိုးစားတာပဲနော်၊ အဆောင်မှာတောင် စာဖတ်နေတုန်းပဲလား”

ရှားလီနှင့် ဟယ်ကျင်းတို့ အတန်းတက်ပြီး ပြန်ရောက်လာကြသည်။

သူမတို့၏ အချိန်ဇယားက ယဲ့ရှောင်ရှောင်နှင့် မတူညီဘဲ ယနေ့အတန်းချိန်များ ပြည့်လို့နေပါသည်။

ယဲ့ရှောင်ရှောင်က စာအုပ်ကို ပိတ်လိုက်ပါသည်။

“အပျင်းပြေ ဖတ်ကြည့်နေတာပါ”

စာအုပ်များကို သိမ်းဆည်းပြီးနောက် ရှားလီက အတင်းစပြောလေတော့သည်။

“ဒီနေ့ အဆောင်ရှေ့မှာ အရမ်းအရမ်းချောတဲ့ ကောင်လေးတစ်ယောက် လာစောင့်နေတယ်လို့ ပြောကြတယ်၊ ငါတို့ အတန်းတက်နေရလို့ မမြင်လိုက်ရတာ နာတာပဲ”

ယဲ့ရှောင်ရှောင်သည် ထိုအကြောင်းကို စိတ်မဝင်စားသလို နေလိုက်သော်လည်း ထိုကောင်လေးဟူသည်မှာ မည်သူမည်ဝါဖြစ်မှန်း မျက်လုံးမှိတ်ထားလျှင်ပင် ခန့်မှန်းနိုင်ပါသည်။

ဟယ်ကျင်းက ကျီစယ်သည်။

“မိန်းကလေးအဆောင်ရှေ့မှာ စောင့်နေတာဆိုတော့ ကောင်မလေးရှိလို့ပေါ့၊ နင်စိတ်ကူးယဉ်မနေစမ်းပါနဲ့!”

ရှားလီက ထိုင်ခုံတွင်ထိုင်ရင်း မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ ပြောလိုက်သည်။

“ငါက ကြီးကျယ်ချမ်းနားပြီး ရင်ခုန်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးကို စောင့်မျှော်နေတာပါ”

ဟယ်ကျင်း ခေါင်းခါလိုက်မိသည်။

“နင်က အပြောနဲ့အလုပ်ကို မညီဘူး”

ထိုအချက်ကိုတော့ ရှားလီ မငြင်းနိုင်ပေ။

ယခုအချိန် ကောင်လေးတစ်ယောက်ယောက်သာ သူမကို အမှန်တကယ်ဖွင့်ပြောလာခဲ့လျှင် သူမဘက်မှ လက်ခံနိုင်မည် ထင်ပါ။

ဟယ်ကျင်းက မေးသည်။

“ဒါနဲ့၊ နင်တို့ ဘယ်အသင်းတွေဝင်ကြမှာလဲ”

ရှားလီက ခေါင်းကို လက်ဖြင့်ထောက်ရင်း ပြန်ဖြေသည်။

“ငါကတော့ ပြဇာတ်အသင်းထဲ ဝင်ချင်တာ၊ ဒါပေမယ့် သူတို့က အနုပညာမေဂျာသမားတွေကိုပဲ လက်ခံချင်ကြတာတဲ့”

“ငါကတော့ တက္ကသိုလ်လူငယ်စာပေအသင်းကို ဝင်ပြီးပြီ”

ဟယ်ကျင်းက ယဲ့ရှောင်ရှောင်အား လှည့်ကြည့်ကာ မေးလိုက်သည်။

“ရှောင်ရှောင် နင်ကော စိတ်ဝင်စားတဲ့ဝါသနာရှိလား”

ယခင်ဘဝက ဆေးပညာလေ့လာခြင်းအပြင် ယဲ့ရှောင်ရှောင်၏ မိသားစုသည် သူမအတွက် အခြားသော ဝါသနာများကိုလည်း ပျိုးထောင်ပေးခဲ့သည်။

သူမငယ်စဉ်က မိဘများမှာ သူမကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ အချိန်မရှိကြသဖြင့် ပြင်ပသင်တန်းများစွာကို ထားပေးခဲ့သည်။

သို့သော် သူမအထူးချွန်ဆုံး ဝါသနာကို ရွေးရမည်ဆိုလျှင် တယောထိုးခြင်းသာ ဖြစ်ပေလိမ့်မည်။

တက္ကသိုလ်၏ အဆိုနှင့်တူရိယာအသင်းက လူသစ်ခေါ်ယူနေသေးလျှင် သူမ ကြိုးစားကြည့်ချင်ပါသည်။

သို့သော်လည်း အခန်းဖော်များ၏ မေးခွန်းကိုတော့ ထိန်းထိန်းသိမ်းသိမ်းသာ ပြန်ဖြေခဲ့သည်။

“ငါစိတ်ဝင်စားတဲ့ အသင်းဆိုရယ်လို့တော့ အထူးတလည် မရှိပါဘူး”

ရှားလီက ဆိုသည်။

“အသင်းတစ်ခု ဝင်ရတာအဲ့လောက်လည်း မကောင်းပါဘူး၊ သူတို့ အခမ်းအနားတွေ လုပ်ရင် သွားပေးရသေးတယ်၊ နောက်ပိုင်း စာကြည့်ချိန်တွေပါ ပဲ့ပါသွားနိုင်တယ်၊ နင့်လို ထိပ်တန်းကျောင်းသူတစ်ယောက်က အဲ့လို ပြင်ပအရာတွေမှာ စိတ်မဝင်စားတာ သာမန်ပါပဲ”

ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။

“သင့်တော်တာတွေ့ရငတော့ ဝင်လိုက်ပါ့မယ်”

ထိုစဉ် အဆောင်အခန်းတံခါးပွင့်လာပြီး လီမိန့်ရူနှင့် ဝမ်ကျောင်းတို့ ဝင်လာကြသည်။

ဝမ်ကျောင်းက အခန်းထဲ ရောက်ရောက်ချင်းမှာပင် ဝမ်းသာအားရ အော်လိုက်ပါသည်။

“ရဲဘော်တို့! လာမယ့်သောကြာနေ့မှာ ငါတို့ကျောင်းရဲ့ ကျောင်းသားသစ်ကပွဲကို ကျင်းပမှာနော်၊ အဆင်သင့် ဖြစ်ကြပြီလား”

ရှားလီ မှင်သက်သွားသည်။

“ကျောင်းသားသစ်ကပွဲဟုတ်လား”

ဝမ်ကျောင်းက အဆောင်ခန်းထဲတွင် တစ်ပတ်လှည့်ကာ ရှင်းပြလိုက်သည်။

“ကျင့်ဟွာတက္ကသိုလ်ရဲ့ အစဉ်အလာတစ်ခုပဲလေ၊ ကျောင်းသားသစ်တွေကို ကြိုဆိုဖို့ အခမ်းအနားတစ်ခု ကျင်းပပေးတာ၊ ကျောင်းသားသစ်တွေကော ကျောင်းသားဟောင်းတွေကော တက်လို့ရတယ်၊ ကပွဲမှာ ယောက်ျားလေးတွေက မိန်းကလေးတွေကို အတူတူကဖို့ ဖိတ်ခေါ်လို့ရတယ်”

ရှားလီမှာ စိတ်လှုပ်ရှားသလို ရင်လည်းတုန်နေသည်။

“ဒါပေမယ့် ငါမှ မကတတ်တာ”

ဝမ်ကျောင်း: “သွားသင်လိုက်ပေါ့! စီနီယာကြီးတချို့က ချင်းရွှယ်အဆောက်အအုံ အခန်း(၄၀၉)မှာ အကသင်တန်းပေးနေတယ်၊ ဘယ်သူမဆို သွားတက်လို့ရတယ်တဲ့”

ရှားလီက အခြားသူများကို လှည့်ကြည့်လိုက်သည်။

“နင်တို့ကော သွားကြမှာလား၊ ငါသွားချင်တယ်”

ယဲ့ရှောင်ရှောင်ကဆိုသည်။

“စုံတွဲကပွဲဆိုရင်တော့ ငါကတတ်ပါတယ်၊ ဒါပေမယ့် ကပွဲကို တက်ရောက်ဖို့ သိပ်စိတ်မပါဘူး”

ရှားလီက တိုက်တွန်းသည်။

“သွားလိုက်ပါ! ကျောင်းသားသစ်ကပွဲဆိုတာ တစ်ကြိမ်တစ်ခါပဲ ကြုံရမှာ၊ အလကား မဖြစ်သင့်ဘူး၊ ပြီးတော့ ငါတို့က ဘဝအတွေ့အကြုံယူဖို့ တက္ကသိုလ်ကို ရောက်လာကြတာလေ၊ အကျဉ်းကျနေသလို နေဖို့မှ မဟုတ်တာ၊ ဘာမှ ဝင်မပါဘူးဆိုရင် လွတ်လပ်မှုအရသာကို ခံစားရတော့မှာ မဟုတ်ဘုူး”

ယဲ့ရှောင်ရှောင်: “ကပွဲက နှစ်တိုင်းကျင်းပမှာ မဟုတ်ဘူးလား”

ရှားလီ: “ဒါပေမယ့် နောက်နှစ်ဆို နင်က ကျောင်းသားသစ် မဟုတ်တော့ဘူးလေ!”

ရှားလီက သူမကို တိုက်တွန်းနေရုံသာဖြစ်သော်လည်း ထိုစကားများက ယဲ့ရှောင်ရှောင်အား တစ်စုံတစ်ခုကို သတိရသွားစေသည်။

ဤခေတ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ဘဝကို ပေါ့ပေါ့ပါးပါးပင် ဖြတ်သန်းသင့်သည် မဟုတ်ပါလား။

“အေးပါ၊ အဲ့အကသင်တန်းကို နင်နဲ့အတူ လိုက်ခဲ့ပါ့မယ်”

ရှားလီ: “ဟုတ်ပြီကွ! သွားခါနီးကျရင် ငါပြောမယ်”

ဝမ်ကျောင်းမှာမူ သောကြာနေ့တွင် ဝတ်သွားဖို့အတွက် အဝတ်အစားများကို စတင်ရွေးချယ်နေတော့သည်။

ဂါဝန်အမျိုးမျိုးကို သူမကိုယ်ပေါ်တွင်တင်ကာ အခြားသူများအား မေးမြန်းနေလေသည်။

“ငါဒါလေးနဲ့ လိုက်မယ်ထင်လား”

ရှားလီ ခေါင်းညိတ်လိုက်သည်။

“လှပါတယ်”

သူမတွင်လည်း ဂါဝန်များရှိပါသည်။ သို့သော် ဝမ်ကျောင်း၏ အဝတ်အစားများကဲ့သို့တော့ အရောင်အသွေး မစုံလင်လှပေ။

သို့သော် ဝမ်ကျောင်းကမူ မကျေနပ်သေးပေ။

“အပ်ချုပ်ဆိုင်သွားပြီး ဂါဝန်အသစ်တစ်ထည်လောက် အမြန်သွားချုပ်ခိုင်းရမယ်၊ ကပွဲကျရင် ငါ့ကိုမြင်ပြီး အားလုံး မှင်သက်သွားစေရမယ်!”

ရှားလီ၏ အားကျနေသော အကြည့်အောက်တွင် ဝမ်ကျောင်း အဆောင်ထဲမှ ပြန်ထွက်သွားခဲ့သည်။

“ငါလည်း ဂါဝန်အသစ်တစ်ထည်လောက် လိုချင်လိုက်တာ၊ ဒါပေမယ့် ငါ့မုန့်ဖိုးတွေ ကုန်တော့မယ်”

‘မုန့်ဖိုး’ဟူသည့် စကားကိုကြားသောအခါ ယဲ့ရှောင်ရှောင် တစ်စုံတစ်ခုကို သတိရသွားခဲ့သည်။

သူမအိတ်ထဲမှ ပစ္စည်းလေးတစ်ခုကို ထုတ်ယူလိုက်ပါသည်။

၎င်းမှာ သူမ ပြန်ပေး၍ မရခဲ့သော အဘွားလု အတင်းထည့်ပေးလိုက်သည့် စာအိတ်နီလေးပင် ဖြစ်သည်။

ကျေးဇူးကြွေးများ ပိုမို များပြားလာရုံသာမက ယခုအခါတွင် ပိုက်ဆံအကြွေးများပါ ပိုမိုများပြားလာသည်ဟု ယဲ့ရှောင်ရှောင် ယဲ့ရှောင်ရှောင် ခံစားနေရပါပြီ။။

📗 Chapter 96

ကျောင်းသားသစ်ကပွဲသည် နောင်ဆယ်စုနှစ်များတွင် ကျင်းပလေ့ရှိသော ကျောင်းသားသစ်ကြိုဆိုပွဲများနှင့် ဆင်တူသော်လည်း ဟန်ရေးပြများ သိပ်မပါလှပါ။

ထို့အပြင် ကျောင်းသားကျောင်းသူများ၏ အကများမှာလည်း အလွန်ပင် စည်းစနစ်ကျလှပါသည်။

ကပွဲတွင် အသုံးပြုမည့် သီချင်းများကိုပင် ကြိုတင် တင်ပြထားရပြီး တက္ကသိုလ်၏ ခွင့်ပြုချက်ကို ရမှ ကပွဲတွင် အသုံးပြုခွင့် ရရှိခြင်းဖြစ်သည်။

ကျောင်းသားကျောင်းသူများသည် စိတ်အားထက်သန်ကာ တက်ကြွနေကြသော်လည်း တစ်ချိန်တည်းမှာပင် ဣန္ဒြေလည်း မပျက်ကြပေ။

ဤပွဲသည် တစ်ကျောင်းလုံးနှင့် သက်ဆိုင်ရုံသာမက ဤကျောင်းတွင် တက်ရောက်ရမည့် မိမိတို့၏ ဂုဏ်သိက္ခာများနှင့်လည်း ပတ်သတ်နေသဖြင့် မည်သူကမှ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်မျိုး မလုပ်ဝံ့ကြပေ။

ယဲ့ရှောင်ရှောင်နှင့် ရှားလီတို့နှစ်ယောက် စီနီယာကျောင်းသားများ သင်ကြားပေးသည့် ‘အကသင်တန်း’သို့ သွားရောက်လေ့လာခဲ့ကြသည်။

ယဲ့ရှောင်ရှောင်သည် တစ်ကြိမ်သင်ရုံနှင့် ကကွက်များကို အလွယ်တကူ မှတ်မိသွားပါသည်။

ကပွဲမတိုင်ခင် ကျောင်းသားများသည် မိမိတို့သဘောကျသည့် အကပါတနာများကို ကြိုတင်ဖိတ်ခေါ်ထားလေ့ ရှိကြသည်။

လွန်ခဲ့သည် ၂ ရက်အတွင်းမှာပင် ယဲ့ရှောင်ရှောင်သည် ကျောင်းသားပေါင်း ၁၀ ယောက်ကျော်ထံမှ အတူတူတွဲကဖို့ ကမ်းလှမ်းချက်များကို ရရှိခဲ့ပါသည်။ သူမ မသိကျွမ်းသည့် လူများပင် ပါသေးသည်။

သို့သော် ယဲ့ရှောင်ရှောင်ကမူ အားလုံးကို ငြင်းပယ်ခဲ့သည်။

“ရှောင်ရှောင်၊ နင်အကပါတနာ မရှာရသေးဘူးမလား”

ရှားလီကမူ အတန်းဖော်ကောင်လေးတစ်ယောက်၏ ကမ်းလှမ်းမှုကို လက်ခံထားပြီးပါပြီ။

ကပွဲတစ်ခုသာဖြစ်၍ အခြားဘာမှ စဉ်းစားနေစရာမလိုအပ်ပါ။

ယဲ့ရှောင်ရှောင် ခေါင်းခါပြလိုက်သည်။

ရှားလီက မေးသည်။

“နင့်အတန်းထဲက ကောင်လေးတွေဆိုရင်ကော၊ သူတို့ကော ကပွဲကို စိတ်မဝင်စားကြဘူးလား”

ယဲ့ရှောင်ရှောင်သည် မရင်းနှီးသည့် လူများနှင့် တွဲကရမည်ကို ရှက်ရွံ့နေခြင်းဖြစ်မည်ဟု ရှားလီ တွေးလိုက်ပါသည်။

သို့သော် ကျောင်းတက်သည်မှာ တစ်လပင် ရှိနေပြီဖြစ်သဖြင့် သူမအတန်းထဲက ကောင်လေးများနှင့်တော့ ရင်းနှီးနေသင့်ပြီ မဟုတ်ပါလား။

သို့သော် ယဲ့ရှောင်ရှောင်ကမူ စိတ်ဝင်စားပုံမပေါ်ပေ။

“သူတို့လား၊ သူတို့က အတွင်းအားတွေပြိုင်ဆိုင်နေကြတာနဲ့တင် အလုပ်ရှုပ်နေတာ”

ရှားလီ ဇဝေဇဝါဖြစ်သွားသည်။ ထိုစကားကို သူမ နားမလည်ပါ။

“သူတို့အချင်းချင်း အပြိုင်အဆိုင် စာလုပ်နေကြတာကို ပြောတာ၊ အကုန်လုံးက စာကြမ်းပိုးတွေချည့်ပဲ၊ အခု တက္ကသိုလ်မှာ ကပွဲကျင်းပမယ်ဆိုတာတောင် သူတို့မသိလောက်ဘူးလို့ ငါလောင်းရဲတယ်”

ရှားလီ မျက်ခွံများလှုပ်သွားရသည်။

“အဲ့လောက်တောင်လား”

ယဲ့ရှောင်ရှောင် အတည်ပေါက် ခေါင်းညိတ်လိုက်ပါသည်။ သူမ ကျီစယ်နေခြင်း မဟုတ်ပေ။

--- --- ---

သူမတို့နှစ်ယောက် အဆောင်သို့ပြန်လာသောအခါ ဝမ်ကျောင်းတစ်ယောက် ဂါဝန်အသစ်ဝတ်ရင်း အခန်းဖော်များအား ကြွားဝါနေသည်ကို မြင်လိုက်ရသည်။

“ဘယ်လိုလဲ၊ ငါလှရဲ့လား”

သူမဝတ်ထားသည်မှာ အဖြူရောင်ကော်လံပါသော ပန်းရောင်ကွက်စိတ် ဂါဝန်လေးဖြစ်ပြီး ခါးနားတွင် အနည်းငယ်ကျပ်ထားကာ ဒူးအောက်နားထိ ရှည်ပါသည်။

ဝမ်ကျောင်းသည် မူလကတည်းက သေးသေးသွယ်သွယ်နှင့် ချစ်စရာကောင်းသူဖြစ်၍ ထိုဂါဝန်ကို ဝတ်လိုက်သောအခါ မင်းသမီးလေးတစ်ပါးနှင့်ပင် တူသွားတော့သည်။

ရှားလီက အားပေးအားမြှောက်ပြုစွာ ခေါင်းညိတ်လိုက်သည်။

သို့သော် ယဲ့ရှောင်ရှောင်ကို မြင်ပြီး ဝမ်ကျောင်း ရုတ်တရက် အားငယ်သွားသလို ခံစားလိုက်ရသည်။

အကယ်၍ ကျင့်ဟွာတက္ကသိုလ်တွင် ယဲ့ရှောင်ရှောင်သာ ရှိမနေလျှင် ကျောင်းသူသစ်များထဲ အလှဆုံးက သူမ ဖြစ်သွားနိုင်သည်ဟု ဝမ်ကျောင်း တွေးလိုက်မိပါသည်။

ဝမ်ကျောင်းက ယုံကြည်မှုရှိဟန်ပေါ်စေဖို့အတွက် အသံကို မြှင့်ကာ ပြောလိုက်သည်။

“ငါ့ပါတနာက အတန်း(၁)က ဖန့်ခိုင်ရွှမ်လေ”

ရှားလီ အံ့အားသင့်မှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည််။

“အား! ငါသူ့ကို သိတယ်၊ သူက ပြည်နယ်အလိုက် အမှတ်အများဆုံးရတဲ့ ကျောင်းသားဆို၊ ရုပ်လည်းချောတော့ အတန်း(၁)မှာ နာမည်အရမ်းကြီးတာ”

ဝမ်ကျောင်းက ခေါင်းမော့ ရင်ကော့လျက် ဆိုသည်။

“ငါ့အတွက်တော့ သာမန်ပါပဲ”

ယဲ့ရှောင်ရှောင်သည် ထိုင်ခုံတွင်ထိုင်ကာ ဘေးနားရှိ ထန်ရှို့ရှို့အား မေးမြန်းလိုက်သည်။

“နင်ကော ကပွဲတက်မှာလား”

ထန်ရှို့ရှို့က စာအုပ်လှန်ရင်း ပြန်ဖြေသည်။

“ငါသိပ်စိတ်မဝင်စားပါဘူး၊ ဒီလောက်အချိန်တိုအတွင်း ဘယ်ယောက်ျားလေးနဲ့မှ တရင်းတနှီး နေနိုင်မယ် မထင်ဘူး၊ စုံတွဲကပွဲတွေက ငါနဲ့ မသက်ဆိုင်ပါဘူး”

ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်သည်။

“ယောက်ျားလေးနဲ့ပဲ တွဲကရမယ်လို့ ဘယ်သူမှ မပြောပါဘူး၊ နင်ငါနဲ့ တွဲကလို့လည်း ရတာပဲ ရှို့ရှို့၊ ငါ ဦးဆောင်ပေးပါ့မယ်”

ထန်ရှို့ရှို့သည် အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့် စာအုပ်ကို လက်ထဲမှ ချလိုက်သည်။

“ဟုတ်ပြီလေ၊ အဲ့လိုဆိုရင်တော့ သောကြာနေ့ကို မျှော်နေတော့မယ်”

ဝမ်ကျောင်းက ဝင်မေးသည်။

“နင်တို့နှစ်ယောက် အဲ့လိုလုပ်တော့ ဘာထူးတော့မှာလဲ”

ထန်ရှို့ရှို့: “ဘာကို မထူးရမှာလဲ၊ ငါက ယောက်ျားလေးတစ်ယောက်နဲ့ တွဲမကချင်လို့လေ”

ဝမ်ကျောင်းက မနေနိုင်ဘဲ လွှတ်ခနဲ မေးလိုက်ပါသည်။

“ထန်ရှို့ရှို့၊ နင်က ယောက်ျားမုန်းတီးရေးဝါဒီသမားလား”

ထန်ရှို့ရှို့က ထိုစကားကို ဒေါသမထွက်ဘဲ မျက်ခုံးပင့်ကာ ပြန်ဖြေလိုက်သည်။

“ငါ့ထက်မသာတဲ့ ယောက်ျားလေးတွေကို သဘောမကျရုံပါ”

ယဲ့ရှောင်ရှောင် နားလည်သွားပါသည်။ အချို့လူများက မိမိထက် ပိုသာသူများကိုသာ အမှန်တကယ် သဘောကျတတ်ကြသည်။

ထန်ရှို့ရှို့ကလည်း အဆိုပါအုပ်စုတွင် ပါဝင်နိုင်ပါသည်။

ဟယ်ကျင်းက ဘေးနားမှနေ၍ ရယ်မောသည်။

“နင်တို့လို အလှလေးနှစ်ယောက် ပွဲတက်လာရင် လာကမ်းလှမ်းတဲ့လူတွေ အများကြီးရှိမှာ သေချာတယ်၊ ပါတနာ ကြိုရှာထားစရာတောင် မလိုဘူး”

ရှားလီ: “အဲ့လိုတော့ မလုပ်လောက်ပါဘူး၊ တခြားတစ်ယောက် ဘယ်လောက်ပဲ လှနေပါစေ ယောက်ျားလေး တစ်ယောက်က သူကြိုဖိတ်ထားတဲ့မိန်းကလေးကို ပစ်ပြီး သူများနဲ့ သွားကတာက အရမ်းတာဝန်မဲ့ရာ ကျတယ်လေ”

ရှားလီ၏ စကားက အဓိပ္ပာယ်ရှိပါသည်။

အဆောင်အခန်းထဲကလူတိုင်း သောကြာနေ့ ကပွဲအကြောင်းကို ဆွေးနွေးနေကြသော်လည်း လီမိန့်ရူမှာမူ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် စာဖတ်နေလေသည်။

လွန်ခဲ့သည့် တစ်လအတွင်း သူမ၏ စရိုက်က ရုတ်တရက် ပြောင်းလဲသွားသလိုပင်။

ယဲ့ရှောင်ရှောင်နှင့် ဆုံလျှင် နှုတ်ဆက်နေဆဲဖြစ်သော်လည်း ယခင်ကထက် များစွာ ပိုတည်ငြိမ်သွားခဲ့သည်။

လီမိန့်ရူကိုယ်တိုင်က ပြောပြချင်စိတ်ရှိပုံမပေါ်သဖြင့် အခန်းဖော်များကလည်း သူမတွင် အခက်အခဲတစ်စုံတစ်ရာ ရှိနေသလား မမေးရဲကြပေ။

---- --- ---

သောကြာနေ့သို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့သည်။

ကပွဲအချိန်မှာ မနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအထိ ဖြစ်သည်။

ထိုနေ့တွင် ယဲ့ရှောင်ရှောင်သည် အဖြူရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပါသည်။

ဂါဝန်၏ အောက်အနားသတ်နှင့် ကော်လံတွင် အပြာနုရောင် ခေါင်ရမ်းပန်းလေးများကို ပန်းထိုးထားပြီး သူမ၏ ပုံစံမှာ အလွန်ပင် ဖြူစင်တောက်ပနေခဲ့ပါသည်။

အနီရောင်ဂါဝန်ကို ဝတ်ဆင်ခဲ့စဉ်ကနှင့် လုံးဝကွဲပြားသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

သူမ၏ ဆံနွယ်များက အလွန်နက်မှောင် ဖြောင့်စင်းနေကာ မျက်နှာသွင်ပြင်မှာလည်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။ မျက်တောင်လေးများကအစ အချိုးကျစွာ ကော့ညွှတ်နေပါသည်။

သူမ ပြုံးလိုက်သောအခါ ပါးနှစ်ဖက်တွင် ပါးချိုင့်လေးများ ပေါ်လာတတ်သော်လည်း မပြုံးသည့်အခါတွင်မူ အေးစက်တည်ကြည်သည် အရှိန်အဝါမျိုးကြောင့် အခြားသူများ အနားမကပ်ရဲလောက်အောင်ပင် ဖြစ်ခဲ့ရသည်။

သူမ အဆောင်ထဲမှ ထွက်လာသည့်အခါ စင်္ကြံလမ်းမှ မိန်းကလေးများပင် မကြာခဏ လှည့်ကြည့်သွားကြရသည်။

ရှားလီက အနောက်ဆုံးမှ လိုက်လာပါသည်။

“ငါရှောင်ရှောင်နဲ့ ဝေးရာမှာ နေရမယ်၊ သူ့ဘေးနားကနေ လုံးဝ ကပ်လျှောက်လို့မဖြစ်ဘူး”

ဝမ်ကျောင်း၏ဖိနပ်သံမှာ စင်္ကြန်လမ်းထဲ တဒေါက်ဒေါက်မြည်နေခဲ့သည်။

“သူရဲဘောကြောင်လိုက်တဲ့ နင့်ပုံစံနင် ပြန်ကြည့်ပါဦး၊ သူက လှတာ မှန်ပေမယ့် ငါကလည်း မဆိုးပါဘူး ဟုတ်တယ်မလား”

ရှားလီ: “ဟုတ်ပါတယ် ဟုတ်ပါတယ်၊ နင်လည်း အရမ်းကြည့်ကောင်းပါတယ်”

သို့သော် သူမ စိတ်ထဲက အမှန်တရားကိုတော့ ဖွင့်မပြောရဲခဲ့ပေ။

‘နင်က ကြည့်ကောင်းပေမယ့် ယဲ့ရှောင်ရှောင်က အလှဆုံးပဲ’

ကပွဲကို ကျစ်ယွမ်အဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် ကျင်းပသည်။

ထိုနေရာကို ပုံမှန်အားဖြင့် မိန့်ခွန်းပြောခြင်း၊ အစည်းအဝေးကျင်းပခြင်းနှင့် ဖျော်ဖြေပွဲများအတွက်သာ အသုံးပြုလေ့ရှိသည်။

အပေါ်တွင် စင်မြင့်အကြီးကြီးတစ်ခု ရှိပါသည်။ ကပွဲကို ကျောင်းသားများကသာ စီမံခြင်းဖြစ်သောကြောင့် ဆရာဆရာမများ မရှိကြပေ။

ကျောင်းသားများက အထူးတလည်ဖိတ်ကြားထားမှသာ ဆရာဆရာမအချို့က တက်ရောက်ကြပါသည်။

ကပွဲကို စနစ်တကျ ကျင်းပခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ကျောင်းသားအများစုက နှစ်ယောက်တစ်တွဲ တက်ရောက်လာတတ်ကြသည်။

ကျောင်းသားကျောင်းသူများ စုံလင်သည်နှင့် ပထမဆုံးတေးသီချင်းကို စဖွင့်ခဲ့ပါသည်။ အကပါတနာရှိသူများက စင်ပေါ်သို့ တက်ကနိုင်သည်။

ပွဲကြည့်ဖို့ ရောက်လာသူများကလည်း စင်အောက်တွင် ထိုင်ကြည့်နိုင်ကြပါသည်။ ပွဲကြည့်သူများ၏ အရှေ့ဘက်တွင် သစ်သီးဝလံများ၊ မုန့်ပဲသရေစာများကို စုံလင်စွာ တည်ခင်းပြင်ဆင်ပေးထားသည်။

ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့သည် ပထမဆုံး တေးသီချင်းတွင် စင်ပေါ်သို့ တက်ရောက်ခြင်း မရှိသေးပေ။

သူတို့နှစ်ဦး ပွဲကြည့်ထိုင်ခုံများတွင် ထိုင်နေကြစဉ်အတွင်း ကျောင်းသားပေါင်းများစွာက အတူတူကဖို့ လာရောက် ကမ်းလှမ်းကြပါသည်။

အဓိကပစ်မှတ်က ယဲ့ရှောင်ရှောင်ဖြစ်ကာ ထန်ရှို့ရှို့က စူးစူးရှရှ စိုက်ကြည့်လိုက်မှသာ အားလုံး နောက်ဆုတ်သွားခဲ့ကြသည်။

“ဟူး… အဝေးရောက်ချစ်သူထားရတာရဲ့ အားနည်းချက်က ဒါပဲပေါ့၊ နင့်ကောင်လေးသာ ကျင့်ဟွာတက္ကသိုလ်မှာ ရှိနေရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ”

ထိုသို့ပြောပြီးနောက် ထန်ရှို့ရှို့ ရုတ်တရက် အကြံပြုလိုက်သည်။

“နင်တို့ လက်ထပ်လိုက်ကြပါလား၊ စစ်သားတစ်ယောက်ရဲ့ အိမ်ထောင်ရေးကို နှောင့်ယှက်ဖျက်ဆီးတာက ရာဇဝတ်မှု မြောက်တယ်မလား”

ယဲ့ရှောင်ရှောင် တံတွေးသီးလုနီးပါးပင် ဖြစ်သွားသည်။

သူမအရေးကြီးသည့် အရာတစ်ခုကို မေ့လျော့နေခဲ့ပါသည်။

အမှန်ပင်။ လုဟန်ချွမ်အား စဉ်းစားပေးမည်ဟု သူမ ကတိပေးထားခဲ့သည်မဟုတ်ပါလား။

သို့သော် ကျောင်းသို့ ပြန်ရောက်သည်နှင့် စာပိနေသဖြင့် ထိုအကြောင်းကို အသေးစိတ် စဉ်းစားဖို့ အချိန်မရှိခဲ့ပါ။

ယခု ထန်ရှို့ရှို့က မဆီမဆိုင် ရုတ်တရက် ပြောလိုက်ခါမှ ယဲ့ရှောင်ရှောင် အတွေးနယ်လွန်သွားခဲ့တော့သည်။

ပထမဆုံး တေးသီချင်း အဆုံးသတ်သွားသောအခါ ဒုတိယမြောက် တေးသီးချင်း၏ အစပျိုးသံ စတင်ထွက်ပေါ်လာပါသည်။

ထန်ရှို့ရှို့က မင်းသမီးလေးတစ်ပါးကို ဖိတ်ခေါ်သော အမူအရာမျိုး ပြုလုပ်လိုက်သည်။

“ချစ်လှစွာသော သခင်မလေးယဲ့၊ စိတ်ကူးယဉ်နေတာတွေကို ရပ်ပြီး တို့တွေ ကပွဲရဲ့ ရသကို အတူတူ သွားရောက် ခံစားကြည့်ကြရအောင်လား”

ယဲ့ရှောင်ရှောင် ခပ်သဲ့သဲ့ ရယ်မောလိုက်ပြီး သူမလက်ကို ထန်ရှို့ရှို့၏လက်ထဲသို့ ထည့်လိုက်သည်။

သူမတို့နှစ်ဦး၏ တွဲဖက်မှုမှာ လူအများအတွက် မျက်စိကျစရာကောင်းသော်လည်း မည်သူကမှ ထူးဆန်းသည်ဟု မထင်မိကြပါ။

ထို့အပြင် ပါတနာ မရသေးသည့် အချို့ကျောင်းသား၊ ကျောင်းသူများသည်လည်း ယဲ့ရှောင်ရှောင်တို့ကဲ့သို့ပင် သူငယ်ချင်း အချင်းချင်း တွဲဖက်၍ စင်ပေါ်သို့ တက်ရောက်ခဲ့ကြတော့သည်။

All Chapters