← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

📗 Chapter 97

ဒုတိယမြောက် တေးသီးချင်း ပြီးဆုံးသွားသောအခါ ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့ စင်ပေါ်မှ ပြန်ဆင်းလာခဲ့ကြသည်။

ကပွဲအတွက် စုစုပေါင်း သီချင်း ၉ ပုဒ် ပြင်ဆင်ထားသော်လည်း ကျောင်းသားတိုင်းက အဆုံးအထိ မနေကြပေ။

အများစုက တစ်ပုဒ်နှစ်ပုဒ်ပြီးသောအခါ ပြန်သွားလေ့ရှိကြသည်။ ယဲ့ရှောင်ရှောင်နှင့် ထန်ရှို့ရှို့တို့လည်း တစ်ကြိမ် ကပြီးပြီဖြစ်၍ ပြန်ဖို့ အသင့်ပြင်လိုက်ကြပါသည်။

ကပွဲအတွင်း သူမတို့ကို စကားလာပြောသူ အလွန်များပြားလွန်းသဖြင့် ကပွဲ၏ ရသကို အပြည့်အဝပင် မခံစားနိုင်ဘဲ အနှောင့်အယှက် ဖြစ်ခဲ့ရသည်။

ထန်ရှို့ရှို့က ယဲ့ရှောင်ရှောင်၏ ပခုံးကိုပုတ်ကာ ဆိုသည်။

“နောက်တစ်ခါကျရင် ကပွဲတစ်ခုဆီလိုက်ပို့ပေးဖို့ နင့်ကောင်လေးကို ပူဆာလိုက်ဦး၊ ငါတို့ကျောင်းက ဝံပုလွေများပြီး အသားနည်းတဲ့ နေရာပဲ၊ ယောက်ျားလေးတွေက တော်တော် ဆာလောင်နေကြတာ”

ယဲ့ရှောင်ရှောင် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။

မူလက နှစ်ယောက်အတူတူ ပြန်ဖို့ စီစဉ်ထားသော်လည်း မထွက်ခွာမီလေးတွင် ကျောင်းသားတစ်ဦးက ထန်ရှို့ရှို့အား အတူတူကဖို့ လာရောက်ဖိတ်ခေါ်လေသည်။

ယဲ့ရှောင်ရှောင်ကလည်း ထန်ရှို့ရှို့ကို ‘ကံကောင်းပါစေ’ဟူသော အကြည့်မျိုးဖြင့်ကြည့်ကာ လစ်ထွက်လာခဲ့တော့သည်။

ကျစ်ယွမ်အဆောက်အဦးမှ ယဲ့ရှောင်ရှောင် ထွက်လာပြီး ဝင်ပေါက်ရှေ့သို့ ရောက်သောအခါ ကောင်လေးတစ်ယောက်က နောက်မှလိုက်လာခဲ့ပါသည်။

“ကျောင်းသူယဲ့ရှောင်ရှောင် ခဏစောင့်ပါဦး”

ယဲ့ရှောင်ရှောင် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

ထိုကောင်လေးမှာ အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူမကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်နေပါသည်။

ယဲ့ရှောင်ရှောင်အတွက်မူ မြင်ဖူးနေကျ အမူအရာမျိုးဖြစ်သည်။ ဤကဲ့သို့ အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် သူမအတွက် အသားကျနေပါပြီ။

ကောင်‌လေးက ခေါင်းကို မဝံ့မရဲ ငုံ့ထားသော်လည်း အဆောက်အအုံရှေ့ရှိ မိုးမခပင်မှ တိုက်ခတ်လာသော လေပြည်လေညင်းသည် သူ့ကို သတ္တိမွေးပေးလိုက်ပုံရသည်။

“ကျောင်းသူယဲ့ရှောင်ရှောင်၊ ကျွန်တော် ယဲ့ရှောင်ရှောင်အပေါ် တကယ်ပဲ စိတ်ဝင်စားမိလို့ပါ၊ ကျွန်တော်တို့… ဒီ့ထက်ပိုပြီး ရင်းနှီးခွင့်ရှိမလားဟင်”

အလွန်ယဉ်ကျေးပျူငှာသော ရည်းစားစကားပင်ဖြစ်သည်။

ယဲ့ရှောင်ရှောင် ငြင်းဆန်ဖို့ ကြံလိုက်စဉ်မှာပင် အနောက်ဘက်မှ ရင်းနှီးနေသည့်အသံတစ်သံက ကြားဝင် ဖြတ်ပြောလိုက်ပါသည်။

“စိတ်မကောင်းပါဘူး ကျောင်းသားလေး၊ ကျောင်းသူ ယဲ့ရှောင်ရှောင်မှာ ကောင်လေးရှိပြီးသားပါ”

လုဟန်ချွမ် အနားရောက်လာပြီး ယဲ့ရှောင်ရှောင်၏ ပခုံးကို ဖက်လိုက်သည်။

ထို့နောက် ထိုကျောင်းသားအား စိုက်ကြည့်လိုက်ပြီး သူ့ပိုင်ဆိုင်မှုကို ဂုဏ်ယူဝံ့ကြွားစွာ ကြေညာလိုက်ပါသည်။

ကောင်လေးမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။

‘တောင်းပန်ပါတယ်’ဟု ထစ်ထစ်ငေါ့ငေါ့ပြောပြီးနောက် အလျင်အမြန် ထွက်ပြေးသွားတော့သည်။

ထိုကောင်လေး ထွက်ပြေးသွားသည်ကို ငေးကြည့်ပြီးနောက် ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ကို တံတောင်ဖြင့် တွတ်လိုက်ပြီး သူမကို လွှတ်ပေးဖို့ အချက်ပြလိုက်သည်။

“ရှင့်မှာ အရှက်မရှိဘူးလား! ကျွန်မဘက်က ဘာမှတောင် သဘောမတူရသေးဘူး”

လုဟန်ချွမ်က နာကျင်သွားဟန်ဖြင့် သူ့ဝမ်းဗိုက်ကို ဖိကိုင်ထားလိုက်သည်။

“ရှောင်ရှောင်… ဒါ… ကိုယ့်ယောက်ျားကိုယ် လုပ်ကြံတာနော်”

ယဲ့ရှောင်ရှောင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကံကောင်းထောက်မစွာဖြင့် မည်သူမှ ရှိမနေပေ။

“ရှင်ပေါက်ကရတွေ ဆက်ပြောနေဦးမယ်ဆိုရင် တရုတ်တိုင်းရင်းဆေးပညာရဲ့ အပ်စိုက်ကုထုံးကို မြည်းစမ်းခိုင်းလိုက်မှာနော်”

လုဟန်ချွမ်က ထိုခြိမ်းခြောက်မှုကို ကြောက်စရာမကောင်းဘဲ ချစ်စရာကောင်းသည်ဟု ထင်မိသော်လည်း ချက်ချင်းပင် လက်မြှောက်ကာ အရှုံးပေးလိုက်ပါသည်။

“အပြင်မှာ စကားပြောရအောင်”

အချို့ကိစ္စများကို ဖြတ်သွားဖြတ်လာများသည့် ကျောင်းဝင်းထဲတွင် ပြောရမည်မှာ မသင့်တော်လှပါ။

ထို့ကြောင့် ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပြီး သူ့ကို လမ်းကြားလေးအတိုင်း ခေါ်ဆောင်သွားခဲ့ပါသည်။

--- --- ---

ကျောင်းပြင်သို့ ထွက်လာပြီးနောက် လုဟန်ချွမ်က သူမကို အသစ်ဆောက်လုပ်ထားသည့် ပန်းခြံတစ်ခုထံသို့ ခေါ်လာခဲ့သည်။

ထိုနေရာတွင် လူရှင်းသဖြင့် စကားပြောရန် အဆင်ပြေပါသည်။

“ဒီနေ့ ကျောင်းမှာ စုံတွဲကပွဲရှိတယ်ဆို၊ ပျော်ခဲ့ရဲ့လား”

သူ့အသံတွင် သဝန်တိုသည့် အရိပ်အယောင်များ ပါဝင်နေမှန်း လုဟန်ချွမ်ကိုယ်တိုင်ပင် မသိပါ။

သို့သော် ယဲ့ရှောင်ရှောင်ကတော့ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေခဲ့သည်။

“ပျော်ခဲ့ပါတယ်”

လုဟန်ချွမ် လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ပြီး လေးလေးနက်နက် မေးမြန်းလိုက်သည်။

“ဒါဆို ကျောင်းသူ ယဲ့ရှောင်ရှောင် သေချာစဉ်းစားပြီးပြီလား”

ထိုသို့မေးပြီးနောက် လုဟန်ချွမ်၏ အသက်ရှူသံများ ပိုမိုမြန်ဆန်လာခဲ့သည်။

ဤသည်မှာ သူအဖြေတောင်းသည့် ဒုတိယအကြိမ်မြောက်ပင်။

အကယ်၍ သူမသာ ငြင်းဆန်လိုက်လျှင် သူလက်လျှော့လိုက်မည်လား…။

ထိုအတွေးကို လုဟန်ချွမ် ခေါင်းထဲမှ အမြန်ထုတ်လိုက်ပါသည်။ သူမ အမှန်တကယ်သဘောကျသည့် လူတစ်ယောက် မရှိသေးသရွေ့ သူ့တွင် အခွင့်အရေးရှိနေပါသေးသည်။

ယဲ့ရှောင်ရှောင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ခြေဖျားထောက်ထားမိသည်။

အဖြေကို စောင့်ဆိုင်းနေချိန်အတွင်း လုဟန်ချွမ်မှာ ရင်ခုန်ရသလို စိတ်လည်း ဖိစီးနေရပါသည်။ သူ့ပုံစံမှာ စီရင်ချက် ချမှတ်ခံရတော့မည့် တရားခံတစ်ယောက်နှင့် တူနေလေသည်။

ကံကောင်းစွာဖြင့် ‘တရားသူကြီး’က သူ့ကို ကြာကြာ မစောင့်ဆိုင်းစေခဲ့ပေ။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အနားသို့ ကပ်လာပြီး သူမ လက်ကို ကမ်းပေးလိုက်သည်။

“ဒါဆိုလည်း ကြိုးစားကြည့်ကြတာပေါ့ ဗိုလ်မှူးလုဟန်ချွမ်”

လုဟန်ချွမ်သည် သူမကို ရုပ်ရည်ကြောင့် ရင်ခုန်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သော်လည်း သူမကိုယ်တိုင်လည်း အတူတူပင် မဟုတ်ပါလား။

ရင်ခုန်စရာ အခိုက်အတန့်များ၊ အထိအတွေ့များအကြောင်း စဉ်းစားကြည့်သောအခါ တစ်ဖက်လူမှာ လုဟန်ချွမ်သာ ဖြစ်နေလျှင် လက်မခံနိုင်စရာ အကြောင်းမရှိပေ။

ထို့အပြင် လုဟန်ချွမ်သည် မူလယဲ့ရှောင်ရှောင်ကို သိကျွမ်းသူမဟုတ်ဘဲ ယခုလက်ရှိ ယဲ့ရှောင်ရှောင်ကိုသာ နှစ်သက်သဘောကျသူဖြစ်သည်။

လုဟန်ချွမ်သည် သူ့ရှေ့က ကောင်မလေးကို ငေးကြည့်နေခဲ့ပြီး သူမ၏ အပြုံးတိုင်းနှင့် အမူအရာတိုင်းကို နှလုံးသားထဲ ရေးထွင်းထားနိုင်လျှင် သိပ်ကောင်းမည်ဟု တွေးမိနေပါသည်။

“ယဲ့ရှောင်ရှောင်၊ မင်းမှာ နောင်တရခွင့်မရှိဘူးနော်”

သူမလက်ကို ဆုပ်ကိုင်လျက် သူ့နားသို့ ဆွဲခေါ်လိုက်သည်။ ထို့နောက် သူ့ခေါင်းကို အနည်းငယ်ငုံ့လျက် နက်ရှိုင်းသော အကြည့်ဖြင့် မေးလိုက်သည်။

“ကိုယ်နမ်းလို့ ရမလား”

ယဲ့ရှောင်ရှောင်: “…”

လုဟန်ချွမ်က ထပ်မေးသည်။

“ရမလားလို့”

ယဲ့ရှောင်ရှောင် ပါးပြင်များ အလွန်ပူနွေးလာပြီး မျက်နှာလွှဲလိုက်သည်။

‘နမ်းမှာဖြင့်လည်း နမ်းပါလား၊ မေးစရာလိုသေးလို့လား’

လုဟန်ချွမ် တိုးညှင်းစွာ ရယ်မောလိုက်သည်။

“အဲ့တာဆို ခွင့်ပြုတယ်လို့ပဲ သဘောထားလိုက်တော့မယ်နော်”

လုဟန်ချွမ်သည် ခေါင်းကို ထပ်ငုံ့လိုက်ရာ လူသူကင်းမဲ့သည့် ထိုထောင့်တစ်နေရာလေးတွင် သူတို့နှစ်ယောက်၏ အသက်ရှူသံများ ထပ်တူကျသွားခဲ့ကာ နှစ်ယောက်အကြား ပျော်ရွှင်မှုကို မျှဝေခဲ့ကြပါသည်။

နောက်ဆုံးတော့ သူ့ကို ယဲ့ရှောင်ရှောင် ပြန်တွန်းထုတ်လိုက်သည်။ တွန်းမထုတ်လျှင်လည်း သူမ အသက်ရှူကျပ်ရတော့မည်။

လုဟန်ချွမ်မှာမူ သူမ၏ နှုတ်ခမ်းနီနီလေးကို ငေးကြည့်နေဆဲပင်။

သူ့တွင်ရှိသမျှ နူးညံ့သိမ်မွေ့မှုအားလုံးကို ထုတ်သုံးကာ သူမနှုတ်ခမ်းထောင့်တွင် မသိမသာစွန်းထင်နေသော နှုတ်ခမ်းနီရာလေးကို လက်ဖြင့် သုတ်ပေးလိုက်ပါသည်။

“သွားရအောင်၊ ကိုယ်ဒီနေ့ အရမ်းပျော်နေတယ်၊ အရသာရှိတာတစ်ခုခု သွားစားကြရအောင်”

လုဟန်ချွမ်သည် ဘဝတွင် ပျော်စရာအကောင်းဆုံး အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ခဲ့ရသဖြင့် အလွန်တက်ကြွလန်းဆန်းနေပါသည်။

သူအမြဲတမ်းလိုချင်ခဲ့သည့်အရာကို ရရှိခဲ့ပြီဖြစ်၍ ယဲ့ရှောင်ရှောင်၏ လက်ကို ပွင့်ပွင့်လင်းလင်းတွဲကာ ပန်းခြံထဲမှ ပြန်ထွက်လာခဲ့တော့သည်။

--- --- ---

အမှန်တကယ် ချစ်သူရည်းစားများ ဖြစ်သွားကြသောအခါတွင်မူ သူတို့နှစ်ဦးသည် ယခင်ကထက်ပင် ပိုမို စည်းစောင့်ခဲ့ကြပါသည်။

တစ်ခုခု လုပ်သင့်သည်ဟု ခံစားနေရသော်လည်း ရှက်သွေးဖြာနေကြသည်။ မျက်လုံးချင်း ဆုံမိသည့် အခါတိုင်း မျက်နှာများ နီမြန်းသွားရသည်။

လုဟန်ချွမ် သူမကို ပြန်ပို့ပေးသည့် အချိန်ထိ ထိုပထမဆုံး အနမ်းမှလွဲ၍ အခြားဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ကြပေ။

ကားပေါ်မှ ဆင်းသောအခါ ယဲ့ရှောင်ရှောင်သည် အထဲသို့ အပြေးအလွှား ဝင်မသွားသေးပါ။

လုဟန်ချွမ်က ညည်းတွားသံနှင့် သက်ပြင်းချသံကို ရောယှက်နေသည့် လေသံဖြင့် ပြောလိုက်သည်။

“အထဲဝင်တော့လေ၊ ကိုယ်အားတဲ့အချိန်ကျမှ ထပ်လာတွေ့မယ်နော်၊ ဆေးကျောင်းသားတွေက တခြားကျောင်းသားတွေထက် တစ်နှစ်အပို တက်ရတယ်မလား၊ မင်းဘယ်တော့ ဘွဲ့ရမှာလဲ”

ယဲ့ရှောင်ရှောင်က ခေါင်းလေးစောင်းက ပြောလိုက်သည်။

“ကျွန်မ ကျောင်းတက်နေတာ မဟုတ်ရင်တောင် ရှင့်ရဲ့ တာဝန်တွေများပုံမျိုးနဲ့ နေ့တိုင်း တွေ့လို့မရဘူးနော်၊ ရှင်တို့ တပ်ရင်းမှာ တရုတ်တိုင်းရင်းဆေးဆရာတွေကို ခေါ်လို့လား”

လုဟန်ချွမ် စိတ်ပျက်လက်ပျက် ရယ်မောလိုက်သည်။

“ကိုယ့်နှလုံးသားကို ဓားနဲ့ဘယ်လိုမွှန်းရမလဲ မင်းတော်တော်သိတာပဲ”

ယဲ့ရှောင်ရှောင် တံခါးဖွင့်ကာ နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

“ကြိုးစားပါ၊ စစ်တပ်မှာလည်း တရုတ်တိုင်းရင်းဆေးပညာရပ်ကို လိုအပ်လိမ့်မယ်လို့ ကျွန်မထင်တယ်”

ထိုသို့ပြောပြီးနောက် ယဲ့ရှောင်ရှောင် နောက်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

လုဟန်ချွမ်: “…”

စစ်တပ်က လိုအပ်သည် ဆိုလျှင်ပင် သူမ ကျောင်းပြီးဖို့ ငါးနှစ်လောက် စောင့်ရပါဦးမည်။ ထိုအချိန်အထိ သူ မစောင့်နိုင်ဟု ခံစားနေရသည်။

ချစ်သူ၏ အသက်မွေးဝမ်းကျောင်းနှင့် ပညာရပ်များကို အားပေးထောက်ခံသော်လည်း လက်ထပ်စာချုပ် အရင်ဆုံး ချုပ်ဆိုထား၍ ရနိုင်သည် မဟုတ်ပါလား။

တရားဝင်ချစ်သူဖြစ်သည့် ပထမဆုံးနေ့မှာပင် သူ၏ စိတ်ကူးများမှာ အဆုံးစွန်ထိ ရောက်ရှိနေလေပြီ။

--- --- ---

ယဲ့ရှောင်ရှောင် အဆောင်သို့ ပြန်ရောက်သောအခါ အခန်းဖော်တစ်ဦးမှ ရှိမနေပေ။

ကပွဲပြီးနောက် အခြားနေရာများသို့ ထွက်သွားကြသည်မှာ သိသာသည်။ ယဲ့ရှောင်ရှောင် ပြန်ရောက်ပြီး ၁၅ မိနစ်ခန့် အကြာမှ သူတို့ ပြန်ရောက်လာကြပါသည်။

“နင်တို့ ညစာထွက်စားကြတာလား”

ယဲ့ရှောင်ရှောင်က ယိုင်တိယိုင်တိုင် လမ်းလျှောက်လာသော ရှားလီနှင့် ဝမ်ကျောင်းတို့ကို ကြည့်ရင်း မေးလိုက်သည်။

“အားလုံးအတူတူ သွားတာတော့ မဟုတ်ပါဘူး၊ ရှို့ရှို့က အရင်ထွက်သွားတာထင်တယ်၊ လီမိန့်ရူဆို ကပွဲတောင် မလာဘူး၊ ဟယ်ကျင်းကတော့ စာပေအသင်းက သူ့သူငယ်ချင်းတွေနဲ့ လိုက်သွားတာ…”

ရှားလီသည် ကုတင်လှေကားကို ကျောမှီရင်း ဖြေလိုက်ပါသည်။ သူမ၏ ခြေလှမ်းများက မမှန်သော်လည်း စကားပြောသံကတော့ ကြည်လင်ပြတ်သားနေပါသေးသည်။

ဝမ်ကျောင်းမှာမူ အခန်းထဲ ဝင်လာသည်နှင့် ကုတင်ပေါ် မှောက်သွားခဲ့သည်။

ယဲ့ရှောင်ရှောင်က ရှားလီအနားသို့ လျှောက်သွားလိုက်သည်။

“နင်အိပ်ရာဝင်တော့မှာလား၊ ငါကူညီပေးမယ်လေ”

ရှားလီက လက်ကာပြလိုက်သည်။

“ရပါတယ်၊ ငါ့ဖာသာငါ တက်လို့ရတယ်”

ပြောပြောဆိုဆိုနှင့် အပေါ်ထပ်ကုတင်ကို တက်ဖို့ ကြိုးစားသည်။ ကံကောင်းစွာဖြင့် ဟယ်ကျင်းနှင့် ထန်ရှို့ရှို့တို့လည်း အချိန်မှီပြန်ရောက်လာကြပြီး သူတို့သုံးယောက်ပေါင်းကာ ရှားလီကို ကုတင်ပေါ် တင်ပေးလိုက်ကြပါသည်။

“သူတို့ တကယ်ကြီး သွားသောက်ခဲ့ကြတာပဲ!”

ဟယ်ကျင်းလည်း အပေါင်းအသင်းများနှင့် ထွက်သွားခြင်းဖြစ်သော်ငြား မည်သူမှ အရက်မသောက်ခဲ့ကြပါ။

ရှားလီနှင့် ဝမ်ကျောင်းတို့နှစ်ယောက်မှာမူ မည်သူနှင့် အပြင်ထွက်သွား၍ ဤမျှ အခြေအနေ ဆိုးရွားလာရကြောင်းကို သူမ မသိတော့ပေ။

📗 Chapter 98

ရှားလီကို ကုတင်ပေါ် တင်ပေးပြီးနောက် ဟယ်ကျင်းက ရုတ်တရက် မေးလိုက်သည်။

“လီမိန့်ရူ ဘယ်မှာလဲ၊ သူဘာလို့ အခုချိန်ထိ ပြန်မလာသေးတာလဲ”

ထန်ရှို့ရှို့က ပြန်ဖြေသည်။

“သူဒီနေ့ ကပွဲကို မလာဘူးမလား၊ အပြင်ထွက်ဖို့ ခွင့်ယူထားတာများလား”

ဟယ်ကျင်း: “ငါ့ကိုတော့ ဘာမှ ပြောမသွားဘူး”

အဆောင်မှူးကို ခွင့်တိုင်ထားလျှင်ပင် ညပိုင်းတွင် အဆောင်စစ်ဆေးမှုများ ရှိသဖြင့် အဆောင်ခေါင်းဆောင်ဖြစ်သည့် သူမကိုလည်း အသိပေးခဲ့သင့်ပါသည်။

သူမ ခွင့်ယူထားခြင်းလား၊ သို့မဟုတ် ဤအတိုင်း ပြန်ရောက်မလာသေးခြင်းလား မသိလျှင်် အဆောင်စစ်ဆေးသူကို မည်သို့ ပြန်ပြောရမည်နည်း။

အဆောင်ပိတ်ချိန် ကျော်လွန်သွားပြီ ဖြစ်သော်လည်း လီမိန့်ရူမှာမူ ပြန်ရောက်မလာသေးပေ။

နောက်ထပ် နာရီဝက်ခန့်ကြာလျှင် အဆောင်စစ်ဆေးသူ ရောက်ရှိလာပါတော့မည်။

ဟယ်ကျင်းက စိတ်ဖိစီးစွာ မေးလိုက်သည်။

“ငါတို့ဘယ်လိုလုပ်ကြမလဲ၊ ငါတို့အခန်းမှာ အမူးသမား နှစ်ယောက်ရှိရုံတင် မဟုတ်ဘူး တစ်ယောက်ကလည်း ပျောက်နေသေးတယ်”

ထန်ရှို့ရှို့က အကြံပြုသည်။

“အမှန်အတိုင်းပဲပြောလိုက်ပေါ့၊ သူဘယ်သွားလဲ ငါတို့မှ တကယ်မသိတာ၊ လီမိန့်ရူ အပြင်မှာ အန္တရာယ်နဲ့ ကြုံလာရရင် ငါတို့ခေါင်းပေါ် ကျလာလိမ့်မယ်”

ရွေးချယ်စရာဟူ၍ ထိုတစ်လမ်းသာ ရှိပါတော့သည်။

မီးများမပိတ်ခင် အဆောင်စစ်ဆေးသူ ရောက်ရှိလာသောအခါ လွတ်နေသည့် အပေါ်ထပ်ကုတင်တစ်လုံးကို လက်ညှိုးထိုးပြလျက် မေးလိုက်သည်။

“အဲ့ဒီကုတင်က ဘာလို့လွတ်နေတာလဲ”

ဟယ်ကျင်းလည်း အမှန်အတိုင်း ပြန်ဖြေလိုက်ရပါသည်။

“သူ အခုထိ ပြန်မလာသေးလို့ပါ၊ သူခွင့်ယူထားသလားဆိုတာလည်း ကျွန်မတို့မသိဘူး၊ ကျွန်မတို့ကို ဘာမှ ပြောမသွားဘူး”

အဆောင်စစ်ဆေးသူက လက်ထဲမှ အမည်စာရင်းကို လှန်ကြည့်လိုက်သည်။

“နာမည်က?”

ဟယ်ကျင်း: “လီမိန့်ရူပါ”

“နာမည်ကို မှတ်ထားလိုက်ပြီး၊ အဆောင်မှူးကို သွားမေးပြီး အခြေအနေကို စစ်ဆေးမယ်၊ တကယ်လို့ ခွင့်မယူထားဘဲ ညဘက် အပြင်ရောက်နေတာဆိုရင်တော့ အပြစ်ပေးအရေးယူခံရလိမ့်မယ်”

“…”

ထိုနေ့ညက အခန်းထဲကလူတိုင်း စိတ်မသက်သာစွာဖြင့် အိပ်စက်ခဲ့ကြရသည်။

နောက်တစ်နေ့ မနက်စောစောတွင် ကံမကောင်းလှသည့် ရှားလီနှင့် ဝမ်ကျောင်းတို့နှစ်ယောက် ခေါင်းများကိုက်ခဲကာ ညည်းညူလျက် အိပ်ရာနိုးလာကြပါသည်။

ဟယ်ကျင်းက မေးသည်။

“နင်တို့နှစ်ယောက် မနေ့က ဘာတွေလုပ်ခဲ့ကြတာလဲ၊ အရက်တောင် သောက်လာခဲ့ကြသေးတယ်ပေါ့ ဟုတ်လား၊ အဲ့တာ ဘယ်လောက် အန္တရာယ်များလဲ သိရဲ့လား”

ရှားလီက ခေါင်းကို ကိုင်လျက် ရှင်းပြလိုက်သည်။

“ဒီတိုင်း ညစာထွက်စားတာပါ၊ တခြားသူတွေအားလုံးလည်း သောက်နေကြတော့ မသောက်ဘူးလို့ ငြင်းရင် ရှက်စရာကောင်းမှာစိုးလို့လေ”

ဟယ်ကျင်း: “နင်တို့ကိုတော့ ဘာမှမပြောချင်တော့ဘူး၊ ငါအဆောင်မှူးနဲ့ သွားတွေ့ရဦးမယ်”

လီမိန့်ရူအကြောင်း သူမ မေးမြန်းရပါဦးမည်။

လီမိန့်ရူ ယခုချိန်ထိ ကျောင်းပြန်မလာသေးပါ။

အပြင်ဘက်တွင် အန္တရာယ်တစ်ခုခုနှင့် ကြုံနေရခြင်း ဖြစ်နိုင်သည်။

ယဲ့ရှောင်ရှောင်တွင် မနက်ခင်း အတန်းချိန်များရှိသဖြင့် စောစောထွက်လာခဲ့ပါသည်။

အတန်းထဲသို့ ရောက်သည်နှင့် ကျန်းခိုင်နင်က သူမကို စကားလာပြောသည်။

“ဟဲ့ ရှောင်ရှောင်၊ ငါလည်း မနေ့က ကပွဲသွားခဲ့သေးတယ်သိလား”

ယဲ့ရှောင်ရှောင်: “ဟုတ်လား၊ ငါနင့်ကို မမြင်မိပါလား”

ကျန်းခိုင်နင်: “ငါက သူများတွေ ကတာကြည့်ဖို့ သွားတာပါ၊ ငါကိုယ်တိုင်ကဖို့ မဟုတ်ဘူး၊ ဒါနဲ့ နင်က မိန်းကလေး အတန်းဖော်တစ်ယောက်နဲ့ တွဲကခဲ့တာနော်၊ အဲ့တာ နင့်အဆောင်အခန်းဖော်လား”

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်လေ”

ထိုအခါ ကျန်းခိုင်နင်က ရှက်သွေးဖြာသွားသည့် ပုံစံမျိုး လုပ်ပြလိုက်လေသည်။

ယဲ့ရှောင်ရှောင်က မေးသည်။

“ဘာလဲ ငါ့အခန်းဖော်ကို နင်စိတ်ဝင်စားလို့လား”

သို့သော်လည်း ထန်ရှို့ရှို့ကတော့ ဝဝတုတ်တုတ် ကျောင်းသားတစ်ယောက်ကို သဘောကျလိမ့်မည် မဟုတ်ဟု ယဲ့ရှောင်ရှောင် ခံစားနေရသည်။

ထင်မှတ်မထားစွာဖြင့် ကျန်းခိုင်နင်က လက်ကို အလျင်အမြန်ယမ်းပြလိုက်ပါသည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ဒီတိုင်း မေးကြည့်တာပါ”

ယဲ့ရှောင်ရှောင်လည်း သူ့ကို နားလည်မှုဖြင့် ကြည့်လိုက်သည်။

“ဟုတ်ပါပြီ”

မနက်ခင်း အတန်းချိန်များ ပြီးဆုံးသောအခါ ဟယ်ကျင်းသည် ယဲ့ရှောင်ရှောင်ကို စာသင်ခန်း တံခါးဝတွင် ထူးထူးခြားခြား လာစောင့်နေပါသည်။

“ငါ့ကို ဘာလို့လာစောင့်နေတာလဲ”

ဟယ်ကျင်းက သက်ပြင်းချကာ ရှင်းပြလိုက်သည်။

“မနက်က ငါအဆောင်မှူးနဲ့ သွားတွေ့ခဲ့တယ်၊ မနေ့က လီမိန့်ရူ ခွင့်ယူမသွားဘူးတဲ့၊ ပြီးတော့ အခုထိလည်း ပြန်မလာသေးဘူး၊ သူအန္တရာယ်တစ်ခုခုဖြစ်နေတာများလား မသိဘူးနော်”

ယဲ့ရှောင်ရှောင်: “ဟင်”

ဟယ်ကျင်း: “အဆောင်ရောက်မှ အကျိုးအကြောင်း ဆက်ပြောကြတာပေါ့”

ယဲ့ရှောင်ရှောင်: “ပုံမှန်ဆို လီမိန့်ရူ ဘယ်တွေ သွားတတ်လဲ၊ ကျောင်းပြင်ပမှာ ဘာတွေလုပ်တတ်လဲ”

အဆောင်သို့ အပြန်လမ်းတွင် ယဲ့ရှောင်ရှောင်နှင့် ဟယ်ကျင်းတို့ ထိုကိစ္စအကြောင်း ဆွေးနွေးခဲ့ကြသော်လည်း မည်သူမှ သဲလွန်စ မရခဲ့ကြပေ။

အဆောင်သို့ ပြန်ရောက်သောအခါ အခြားအခန်းဖော်များလည်း ရှိနေကြပါသည်။

အဆောင်အခန်းဖော်တစ်ဦး ပျောက်ဆုံးနေသဖြင့် အားလုံး အလေးအနက်ထားကာ စုဝေး တိုင်ပင်ကြရပါမည်။

ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဤခေတ်တွင် လူပျောက်ရှာဖွေဖို့ ဟူသည်မှာ မလွယ်ကူပါ။

လုံခြုံရေးကင်မရာများ မရှိသေးသလို၊ ဖုန်းဖြင့် ခြေရာခံဖို့လည်း မဖြစ်နိုင်သေးပါ။

လူတစ်ယောက်ပျောက်သွားလျှင် ပျောက်သွားသည်ဟုသာ မှတ်ရလိမ့်မည်။

ထန်ရှို့ရှို့က ရုတ်တရက် ပြောလိုက်သည်။

“ဟိုဘက်အခန်းက ကျောင်းသူတွေကို နင်တို့မှတ်မိလား၊ စစ်သင်တန်းတုန်းက လီမိန့်ရူနဲ့ မတည့်ဘဲ ရန်ဖြစ်ခဲ့ကြတဲ့ လူတွေလေ၊ ငါ ခုနလေးတင် သူတို့ကို သွားမေးလာခဲ့တာ၊ အဲ့ကောင်မလေးတွေက အချိုးမပြေပေမယ့် သူတို့ တစ်ခုခု သိထားတယ်လို့ ငါခံစားနေရတယ်”

ဝမ်ကျောင်းက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဝင်ပြောလိုက်သည်။

“လီမိန့်ရူက ကျောင်းပြင်ပမှာ အချိန်ပိုင်းအလုပ် ရှာနေတာထင်တယ်၊ သူ့အသုံးစရိတ်တွေ မလောက်တော့လို့ အလုပ်ရှာနေတာလို့ ညည်းတဲ့အသံ ကြားဖူးတယ်”

ကျောင်းဖွင့်သည်မှာ တစ်လခန့်သာ ရှိပါသေးသည်။

ဤစာသင်နှစ်အတွက် ကျောင်းသားများ၏ ထောက်ပံ့ကြေးကိုလည်း ကျောင်းက ထုတ်မပေးသေးပေ။

လီမိန့်ရူ၏ မိသားစုက သူမကို မုန့်ဖိုးအများကြီး မပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ကျောင်းပြင်ပတွင် အချိန်ပိုင်းအလုပ် ရှာဖွေရခြင်း ဖြစ်ပါလိမ့်မည်။

ဟယ်ကျင်း: “အဲ့တာဆို ခုတလော သူစောစောထွက်သွားပြီး နောက်ကျမှ ပြန်လာတာတွေက အချိန်ပိုင်းအလုပ် လုပ်နေလို့ပေါ့ ဟုတ်လား”

ဝမ်ကျောင်းက ‌ခေါင်းညိတ်လိုက်သည်။

“ဟိုဘက်အခန်းက ရှန်းနန်က လီမိန့်ရူကို အလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တယ်တဲ့”

ရှားလီ: “ဘယ်လိုအလုပ်လဲ၊ လီမိန့်ရူပျောက်နေတာ အဲ့ဒီအလုပ်နဲ့ ပတ်သတ်နေတာတော့ မဟုတ်လောက်ပါဘူးနော်”

ယဲ့ရှောင်ရှောင်ကမူ ဘေးဘက်ခန်းရှိ ကျောင်းသူများက လီမိန့်ရူနှင့် ရန်ငြှိုးရန်စရှိသဖြင့် ဤမျှ သဘောကောင်းလိမ့်မည် မဟုတ်ဟု ခံစားမိသည်။

“ငါတို့ ရဲတိုင်ကြမလား”

ထန်ရှို့ရှို့က နာရီကို လှမ်းကြည့်လိုက်သည်။

“ဒီနေ့ကုန်လို့မှ လီမိန့်ရူ ပြန်မလာသေးဘူးဆိုရင် တိုင်ကြတာပေါ့”

သို့သော် ဤကိစ္စမှာ ရဲတိုင်ရသည်အထိ ကြီးမားမသွားခဲ့ပေ။

ညနေပိုင်းတွင် လီမိန့်ရူသည် ပင်ပန်းနွမ်းလျပြီး ဖရိုဖရဲဖြစ်နေသော ပုံစံဖြင့် အဆောင်သို့ ပြန်ရောက်လာခဲ့ပါသည်။

ဟယ်ကျင်းက သူမကို ချက်ချင်း မေးမြန်းခဲ့သည်။

“နင်ဘယ်တွေသွားနေတာလဲ၊ ငါတို့ ရဲကိုတောင် အကြောင်းကြားတော့မလို့!”

လီမိန့်ရူ: “ငါမနေ့က အချိန်ပိုင်းအလုပ်လုပ်ဖို့ သွားခဲ့တာ၊ အဲ့ဒီမှာ သူတို့အလုပ်ကို ငါသိပ်မကျွမ်းကျင်လို့ ပြဿနာနည်းနည်းတက်ပြီး အထိန်းသိမ်းခံခဲ့ရတာ”

ဟယ်ကျင်းက ဖြစ်ကြောင်းကုန်စင်ကို အကြိမ်ကြိမ် မေးမြန်းတော့မှသာ လီမိန့်ရူ ရှင်းပြလိုက်တော့သည်။

မနေ့က သူမ အလုပ်သွားလုပ်သည့် နေရာမှာ အထည်စက်ရုံတစ်ခုဖြစ်သည်။ သို့သော် နိုင်ငံပိုင် စက်ရုံကြီးမျိုး မဟုတ်ဘဲ အလုပ်ရုံအဆင့်သာ ရှိပါသည်။

ထိုအလုပ်မှာ အချိန်အတိအကျ သတ်မှတ်ထားခြင်း မဟုတ်ဘဲ လုပ်သလောက် ရနိုင်သည့် စနစ်ဖြစ်၍ သူမကဲ့သို့ တက္ကသိုလ်ကျောင်းသူမျိုးအတွက် အလွန်အဆင်ပြေပါသည်။

မနေ့က သူမ ပထမဆုံးအလုပ်ဆင်းသည့်နေ့ဖြစ်ကာ အလုပ်လုပ်နေစဉ် စက်ပစ္စည်းတစ်ခု ပျက်စီးသွားခဲ့သည်။

ထို့ကြောင့် သူမကို ပြန်ခွင့်မပေးဘဲ ထိန်းသိမ်းထားခဲ့ကြပါသည်။

ဟယ်ကျင်း: “အဲ့လိုစက်တွေက အရမ်းတန်ဖိုးကြီးတာမလား၊ သူတို့က နင့်ကို လျော်ကြေးတောင်းတာလား”

လီမိန့်ရူ ခေါင်းညိတ်လိုက်သည်။

ရှားလီ: “သူတို့ ငွေလိုချင်တာဆိုရင်တောင် လူကို ထိန်းသိမ်းထားလို့တော့ မရဘူးလေ၊ အဲ့တာ တရားမဝင်တဲ့ မှောင်ခိုစက်ရုံဆိုတာ သေချာတယ်၊ နင်ရဲသာ တိုင်လိုက်ရမှာ”

လီမိန့်ရူမျက်နှာ ဖြူဖျော့သွားခဲ့သည်။

“အဲ့ဒီစက်တွေက ယွမ် ၁,၀၀၀ ကျော် တန်ကြေးရှိတာ၊ ငါဘယ်လိုလုပ် လျော်ပေးနိုင်မှာလဲ”

ဟယ်ကျင်း: “အခုကော ဘယ်လိုဖြေရှင်းလိုက်လဲ၊ သူတို့နင့်ကို ဘာလို့ပြန်လွှတ်ပေးလိုက်တာလဲ”

လီမိန့်ရူ မျက်နှာကို လက်ဖြင့်အုပ်ကာ မျက်ရည်များ စီးကျလာသည်။

“စက်ရုံက ငါ့ကို အလုပ်သမားစာချုပ်တစ်ခု ချုပ်ခိုင်းတယ်…”

ထန်ရှို့ရှို့က သူမအတွက် ရေတစ်ခွက် ငှဲ့ပေးလိုက်သည်။

“အဲ့ဒီစာချုပ်က တရားမဝင်ဘူးမလား၊ စာချုပ်ပါ အကြောင်းအရာတွေကို နင်မှတ်မိသေးလား”

ဟယ်ကျင်းကလည်း မေးသည်။

“နင်ကျောင်းတက်ရဦးမယ်လေ၊ အထည်စက်ရုံတစ်ရုံမှာ အလုပ်လုပ်ဖို့အတွက်နဲ့ ဆရာဝန်တစ်ယောက် ဖြစ်လာမယ့် အနာဂတ်ကို လက်လွှတ်လိုက်တော့မှာလား”

လီမိန့်ရူတစ်ယောက် တစ်ကိုယ်လုံး ယိမ်းယိုင်နေပြီး လဲကျတော့မည့် ပုံစံမျိုး ဖြစ်နေသည်ကို မြင်သောအခါ ယဲ့ရှောင်ရှောင်က ဟယ်ကျင်းကို တားလိုက်ပါသည်။

“သူ့ကို အရင်နားခွင့်ပေးလိုက်ပါဦး၊ အခုချိန်မှာ သူဘာမှ စဉ်းစားနိုင်ဦးမှာမဟုတ်ဘူး၊ ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မယ့် အခြေအနေမှာ မရှိဘူး”

ဟယ်ကျင်း: “အေးပါ၊ အရင်နားလိုက်ဦး၊ နင်နိုးလာမှ ငါတို့ ဆက်တိုင်ပင်ကြတာပေါ့”

ရှားလီ: “နင် စားပြီးပြီလား၊ ငါကန်တင်းကနေ နင့်အတွက် တစ်ခုခုသွားဝယ်ပေးရမလား”

လီမိန့်ရူ စားချင်စိတ်လည်း မရှိတော့ပေ။

ထို့ကြောင့် ခေါင်းသာခါပြလိုက်ပြီး အိပ်ရာထဲ ခွေအိပ်နေခဲ့တော့သည်။

ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားသုံးသပ်လိုက်သည်။

“တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူးနော်၊ အရမ်းတိုက်ဆိုင်လွန်းနေတယ်၊ လီမိန့်ရူကို တစ်ယောက်ယောက် အကွက်ဆင်လိုက်တာများလား”

ဟယ်ကျင်းက မျက်နှာလွှဲကာ ‌လေသံနှိမ့်ပြီး မေးလိုက်သည်။

“ဟိုဘက်အခန်းကဟာတွေ လီမိန့်ရူကို ကလဲ့စားချေတာလို့ နင်ပြောချင်တာလား”

စစ်သင်တန်းအတွင်း လီမိန့််ရူနှင့် ပြဿနာတက်ခဲ့ခြင်းကြောင့် ထိုမိန်းကလေးများသည် လေ့ကျင့်ရေး တစ်ရက် ဆိုင်းငံ့ခံခဲ့ရပြီး နောက်ပိုင်းတွင်လည်း နည်းပြဖြစ်သူ၏ အပြစ်ပေးမှုကို ခံခဲ့ရကာ စစ်သင်တန်းအဆင့်များလည်း နိမ့်ကျခဲ့ရပါသည်။

ထန်ရှို့ရှို့: “အခုသွားမေးရင်တောင် သူတို့ ဝန်ခံမှာ မဟုတ်ဘူး၊ အဲ့ဒီစက်ရုံကနေ အရင် စုံစမ်းတာ ပိုကောင်းမယ် ထင်တယ်”

All Chapters