အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
🌻 Chapter 101
ဒသမမင်းသားက ယင်ကျန်းကို လက်ညှိုးထိုးကာ အော်ပြောသည်။
"ဒါက ငါ့ရဲ့ စတုတ္ထအစ်ကိုတော်ရဲ့ လှေလေ၊ ဒါကြောင့် ဘာပျော်စရာကောင်းတာမှ မရှိဘူး"
[ဟမ့်... နင်တို့အားလုံး သူ့လှေပေါ်ကို အတင်းတက်လာခဲ့ကြတာ မဟုတ်ဘူးလား၊ အခုကျမှ လာပြောနေတယ်ပေါ့၊ နင့်ကို ငါ ပြောလိုက်မယ်၊ ယင်ကျန်းက အငြိုးအတေးကြီးပြီး ရက်စက်တဲ့ ကာရိုက်တာမျိုးနော်၊ သတိထားကြ... သူ အာဏာရလာတာနဲ့ နင်တို့ကို တစ်ယောက်ချင်းစီ ရှင်းပစ်လိမ့်မယ်]
နျန်ကုန်းယောင်က ရယ်မောပြီး "ဒီက ကျွန်တော့်ညီမမှာ အရည်အချင်း နည်းနည်းပါးပါး ရှိပါတယ်၊ လွန်ခဲ့တဲ့ရက်ပိုင်းက ဆန်ပြုတ်ဝေငှစဉ်မှာ သူမရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ စတုတ္ထမင်းသားကို ကျေးဇူးဆပ်တဲ့အနေနဲ့ သခင်လေးတို့အတွက် သူမက ကကွက်တစ်ခုလောက် ဖျော်ဖြေပေးရင် ဘယ်လိုလဲ"
[နေပါဦး... ငါ ကြားလိုက်တာ မှန်ရဲ့လား၊ ဆန်ပြုတ်ဝေငှတုန်းက ဟုတ်လား၊ ဒါဆို သူတို့က သီးသန့် အဆက်အသွယ်တောင် ရှိခဲ့ကြတာပေါ့]
[တကယ်ကို ကံကြမ္မာပဲ... ဟမ့်]
ကမ်းကော်ကော်က သူမ ဘယ်ဘက်လက်မရှိ ကျောက်စိမ်းဖြူ လက်စွပ်ကို ပွတ်သပ်ကာ သူမ မျက်တောင်များက ဝမ်းနည်းစွာ ကျဆင်းသွားပြီး လည်ချောင်းထဲတွင် ဝါဂွမ်းများ ဆို့နေသကဲ့သို့ ခံစားလိုက်ရသည်။
ချွင်းလင်က ခေါင်းငုံ့ထားရာမှ ယင်ကျန်းကို ရှက်သွေးဖြာကာ မျှော်လင့်ချက်အပြည့်ဖြင့် ခိုးကြည့်လာသည်။
ယင်ကျန်းမှာ တည်ငြိမ်နေခဲ့ပြီး နဝမမင်းသားက မျက်လုံးများကို မှေးကျဉ်းလိုက်ကာ သူ့လေသံတွင် အနည်းငယ်ထူးဆန်းသော အရိပ်အငွေ့များ ပါဝင်နေသည်။
"ကြည့်ရတာ ငါတို့က စတုတ္ထအစ်ကိုတော်ရဲ့ စေသနာထက်သန်မှုကနေ အကျိုးအမြတ် ရလိုက်တာပဲ"
ဒသမမင်းသားက ကြည့်ရှုရန် စိတ်အားထက်သန်နေသည်။
"ကောင်းပြီ... မြန်မြန်ကပြပါတော့၊ ဒီဒသမမင်းသားက ကြည့်ရတာ အရမ်း သဘောကျတယ်"
ချွင်းလင် နှုတ်ခမ်းကို ကိုက်လိုက်ကာ တုံ့ဆိုင်းစွာဖြင့် ပြောလာသည်။
"ဒါပေမဲ့... တီးခတ်ပေးမယ့်သူ မရှိဘူးလေ၊ ကမ်းကော်ကော် စောင်းတီးတတ်မလား မသိဘူး"
[သူမက ငါ့ကို တိုက်ရိုက် စကားလာပြောလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး]
[ဟုတ်တယ်... သူမ အိမ်တော်မှာ ရှိနေတုန်းက စုန့်ကော်ကော်နဲ့ ငါ့ကိုမြင်ဖူးခဲ့တာများလာ၊ ပြီးတော့ စုန့်ကော်ကော်က ပိန်ပါးပြီး ငါ့ထက် အသက်ဆယ်နှစ်လောက် ကြီးတာဆိုတော့ သူမက ငါဘယ်သူဆိုတာကို ချက်ချင်း ခန့်မှန်းမိသွားတာနဲ့တူတယ်]
သူမအတွေးများက လျင်မြန်စွာ ပြေးလွှားနေသော်လည်း ကမ်းကော်ကော်က တိုက်ရိုက်ပင်ငြင်းဆိုသည်။
"ကျွန်မ မတီးတတ်ပါဘူး"
နဝမမင်းသားက ချွင်းလင်နှင့် ကမ်းကော်ကော်ကို စိတ်ဝင်တစား ကြည့်လိုက်ပြီး ပြုံးကာပြောသည်။
"ကျွန်တော်ရဲ့ စတုတ္ထအစ်ကိုတော်က စောင်းတီးတတ်တယ်လေ၊ ဘာလို့ သူ့ကို မဖိတ်ခေါ်တာလဲ"
လူတိုင်းက ယင်ကျန်းကို ကြည့်လာကြသည်။
[နဝမမင်းသားက တကယ်ပဲ အမြင်ကတ်စရာ ကောင်းတာ]
ကမ်းကော်ကော်က ယင်ကျန်းထံမှ သူမလက်ကို ဆွဲဖယ်လိုက်ပြီး ဂရုမစိုက်ဟန်ဆောင်ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။
ယင်ကျန်း "ငါ ဒီနေ့ အရက်သောက်ထားတာ များသွားပြီ၊ စောင်းတီးဖို့ မသင့်တော်တော့ဘူး"
သူ ထိုသို့ပြောသည်ကို ကြားသောအခါ ကမ်းကော်ကော်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
[ဒါပေမဲ့ ငါက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ၊ ဒီတစ်ခေါက် သူ စောင်းမတီးပေးရင်တောင် နောက်တစ်ခေါက်ကျရင်ကော၊ နောက်ဆုံးတော့လည်း သူက သူမကို သူ့အိမ်တော်ထဲ ခေါ်သွားပြီး အဖိုးတန်ရှားပါးရတနာလေးလို အလိုလိုက်တော့မှာပဲလေ]
ဒသမမင်းသား "ဟေ့... အစ်ကိုတော် နှစ်ခွက်ပဲ သောက်ရသေးတာ မဟုတ်ဘူးလား၊ ဘယ်တုန်းက များသွားတာလဲ"
ဆယ့်လေးပါးမြောက်မင်းသားက ရုတ်တရက် အေးစက်စွာဖြင့် ၀င်ပြောသည်။
"လိမ်နေတာ"
[...]
ယင်ကျန်း: ဘာပဲဖြစ်ဖြစ် ငါ အရှက်မကွဲသရွေ့တော့ တခြားသူတွေအရှက်ကွဲလည်း ဂရုမစိုက်ဘူး
နဝမမင်းသားက ယပ်တောင်ကို ပိတ်လိုက်ကာ စောင်းရှိရာသို့ လျှောက်သွားပြီး ထိုင်သည်။
"မိန်းကလေးနျန်... ငါ မင်းအတွက် တီးခတ်ပေးမယ်ဆိုရင် ဘယ်လိုလဲ"
ချွင်းလင်က ဒူးညွှတ်အရိုအသေပေးကာ ပြုံးသည်။
"ကျေးဇူးတင်ပါတယ် နဝမမင်းသား"
အဋ္ဌမမင်းသားက ပြုံးကာ ပြောသည်။
"နဝမအစ်ကိုတော်ရဲ့ စောင်းတီးလက်ရာကလည်း အရမ်းထူးချွန်တာပဲ၊ ဒီနေ့ ငါတို့ မြင်တွေ့ခွင့်ရတာရော ကြားခွင့်ရတာကရော ဘာပဲဖြစ်ဖြစ် ကံကောင်းတာပဲ"
[တကယ်လား၊ အဲဒါ အရမ်းကောင်းတာပေါ့၊ စတုတ္ထမင်းသားရဲ့ စောင်းတီးတာနဲ့ ဘယ်လိုကွာလဲဆိုတာ ငါ နားထောင်ကြည့်ဦးမယ်]
ယင်ကျန်း မျက်မှောင်ကြုတ်ကာ သူမကို စူးရဲစွာစိုက်ကြည့်နေသည်။ ကမ်းကော်ကော်က သူ့အကြည့်ကို ခံစားမိပြီး ပြန်လည် စူးရဲစွာ စိုက်ကြည့်သည်။
[ရှင်က ငါလေးကို ဘာလို့ စိုက်ကြည့်နေတာလဲ၊ လူယုတ်မာကြီး... ရှင် အဲ့လောက်တောင် သမာဓိခိုင်လုံနေရင် တခြားမိန်းမတွေ ကတာကို မကြည့်နဲ့လေ၊ မိန်းမလိုက်စားတဲ့လူကြီး]
ရုတ်တရက် သူမလက်ကို သူ ထပ်မံ ဆုပ်ကိုင်လာပြန်ပြီး ဤတစ်ကြိမ် တော်တော်လေးလည်း တင်းကျပ်နေသည်။ ကမ်းကော်ကော်က ရုန်းထွက်ရန် ကြိုးစားသော်လည်း မရခဲ့ပေ။ သူမက မျက်မှောင်ကြုတ်ကာ တီးတိုးသာပြောလေသည်။
"စတုတ္ထမင်းသား..."
"ရှင့်လက်ကို ဖယ်လိုက်ပါ၊ ဒါ တကယ်ကို လွန်လွန်းနေပြီနော်၊ မဟုတ်ရင် ရှင်နဲ့ကျွန်မ အိန္ဒြေပျက်စရာ ဖြစ်ကုန်လိမ့်မယ်"
ယင်ကျန်းက သူမလက်ကို သူ့ပေါင်ပေါ်တွင် တင်လိုက်ပြီး ရင်းနှီးနေသော မွှေးရနံ့ကို ရှူရှိုက်ရမှ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။
သူတို့နှစ်ဦးကြားရှိ အပြန်အလှန် ဆက်ဆံမှုကို ထိုင်နေသူများအတွက် မသိသာသော်လည်း မတ်တပ်ရပ်နေသူများအဖို့မူ ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ချွင်းလင် မျက်လုံးများ အနည်းငယ်မှေးမှိန်သွားသည်။ နဝမမင်းသားက မေးလာသည်။
"မင်းက ဘာအက ကမှာလဲ"
ချွင်းလင်က ပြန်ဖြေသည်။
"ချွင်းလင်က မကြာသေးခင်ကမှ လက်ရှည် ခါးကွေးအကကို သင်ထားတာပါ၊ သိပ်တော့ မကျွမ်းကျင်သေးပါဘူး၊ မင်းသားတို့ သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
ဒသမမင်းသားက သူ့ ဝဝကစ်ကစ် မေးစေ့ကို ပွတ်သပ်ကာ ရယ်မောသည်။
"ကောင်းတာ၊ မကောင်းတာထက် ကြည့်စရာတစ်ခုခု ရှိနေရင်ကိုပဲ လုံလောက်နေပြီ"
နဝမမင်းသားက စောင်းကြိုးများကို ခဏမျှ ညှိလိုက်ပြီးနောက် စတင် တီးခတ်လေတော့သည်။ အသံမှာ ပြေပြစ်ပြီး သာယာငြိမ့်ညောင်းကာ ချွင်းလင်၏ ကျက်သရေရှိသောအကနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်နေသဖြင့် ကြည်နူးစရာမြင်ကွင်းပင် ဖြစ်သည်။
ကမ်းကော်ကော်က ယင်ကျန်း ပေါင်ကို ညင်သာစွာ ဖိချပြီး သူမ လက်ချောင်းထိပ်လေးများဖြင့် မသိမသာ ဆွဲဆိတ် သည်။ ယင်ကျန်း မျက်တောင်များ တဖျပ်ဖျပ်ခတ်သွားပြီး သူမကို သတိပေးသည့်အနေဖြင့် စူးရဲစွာ စိုက်ကြည့်လာသည်။
[ဒီအကက အရမ်းလှတာပဲ၊ ငါလည်း သင်ချင်လိုက်တာ၊ ဟူး... ခေတ်သစ်မှာတုန်းက ကျောင်းစာတွေနဲ့ပဲ အလုပ်ရှုပ်တာများလွန်းလို့ ဘာအထူးစွမ်းရည်မှ မသင်ခဲ့ရဘူး၊ ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ ငါ အတော်လေး အားလပ်မှာဆိုတော့၊ စတုတ္ထမင်းသားကသာ ခွင့်ပြုပေးမယ်ဆိုရင် သင်ချင်သေးတယ်...]
ယင်ကျန်း အကြည့်များက သူမ ခါးဆီသို့ ကျရောက်သွားပြီး သူ့လည်စေ့မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားရသည်။ ပွဲတော် ပြီးဆုံးသွားပြီးနောက် အဖွဲ့သည် လမ်းခွဲခဲ့ကြသည်။
နျန်ကုန်းယောင် "တကယ်တော့... စတုတ္ထမင်းသားရဲ့ အိမ်တော်ကို သွားဖို့ မလိုအပ်ဘူးထင်တယ်၊ ဒီအတိုင်းပဲ မေ့လိုက်ကြရအောင်"
ချွင်းလင်က သူမနှုတ်ခမ်းကို ကိုက်လိုက်ကာ မျက်လုံးများ နီရဲလျက် "ကျွန်မကို ကြာပွတ်နဲ့ ရိုက်ခဲ့တဲ့ ကိုယ်လုပ်တော်ဝူက မင်းသားရဲ့ အိမ်တော်မှာ အကောင်းပကတိ အသက်ရှင်နေတုန်းပဲလို့ ကျွန်မ ကြားတယ်"
နျန်ကုန်းယောင် မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး "မင်း သူမကို မုန်းရင် ရက်အနည်းငယ်လောက်နေရင် အစ်ကိုတော် ရှင်းလိုက်မယ်"
ချွင်းလင်က နျန်ကုန်းယောင်ကို မျက်လုံးပြူးကာ စိုက်ကြည့်ပြီး ခေါင်းယမ်းလျက် "အဲ့လို မလုပ်ပါနဲ့၊ သူမကို နာကျင်စေမယ့် တကယ့်နည်းလမ်းက သူမ စိတ်ကြိုက် အနိုင်ကျင့်ခဲ့တဲ့ အစေခံမလေးက သူမချစ်ရတဲ့သူရဲ့ မျက်နှာသာပေးမှုကို ရရှိပြီး သူမကို ခြေထောက်အောက်မှာ နင်းချေနိုင်တာကိုမြင်စေဖို့ပဲ"
နျန်ကန်းယောင်က သဘောမတူပေ။
"အဲဒါက အရမ်း ဒုက္ခများလွန်းတယ်၊ ရန်သူတွေကို မြန်မြန် ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်ရမယ်"
ချွင်းလင်က သူ့လက်မောင်းကို ဖက်ထားလိုက်ပြီး သူမလေသံမှာ တုန်ယင်နေသည်။
"အစ်ကိုကြီး... အစ်ကို့လက်တွေမှာ သွေးမစွန်းစေနဲ့နော်၊ ကျွန်မ ကြောက်တယ်"
နျန်ကုန်းယောင် သူမခေါင်းကို ပုတ်ပေးလာသည်။
🌻 Chapter 102
"အရူးမလေး... မင်းက ဘာကို တွေးကြောက်နေရတာလဲ"
မြင်းလှည်းပေါ်တွင်၊ ယင်ကျန်းက ထင်းရှူးပင်အလား မတ်မတ်ထိုင်နေပြီး သူ့လက်ထဲရှိ ကျောက်စိမ်းဖြူ လက်စွပ်ကို ပွတ်သပ်ကာ ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလာသည်။
"ငါ့ညီတော်တွေရဲ့ ရုပ်ရည်နဲ့ ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ"
[ဒီမေးခွန်းရဲ့ အဖြေကိုဘယ်လိုဖြေရမလဲ ငါလေး သိတယ်]
ကမ်းကော်ကော်က ချက်ချင်းပင် "ဒသမမင်းသားကလွဲရင် အားလုံးက တော်တော်လေး ကြည့်ကောင်းကြပါတယ်၊ မဟုတ်ရင် သူတို့က အရှင်မင်းသားရဲ့ ညီတော်တွေ ဘယ်ဖြစ်ပါ့မလဲ"
"ဒါပေမဲ့ ကျွန်မ အမြင်မှာတော့ သူတို့အားလုံး ပေါင်းလိုက်ရင်တောင် အရှင်လောက် မချောပါဘူး၊ အရှင်က တကယ့်ကို ကောင်းကင်ဘုံက နတ်သားတစ်ပါးလို အလွန်အမင်း ချောမောလွန်းလှပါတယ်၊ အရှင်မင်းသားကို မြင်ရတိုင်း ကျွန်မတောင် ရှက်သွားရတယ်"
ယင်ကျန်းက ခပ်တိုးတိုး ရယ်မောလိုက်ပြီး လှောင်ပြောင်လိုသည့်အသံဖြင့် ထပ်ပြောသည်။
"ဟုတ်လို့လား"
ကမ်းကော်ကော်က ကောင်းကင်ကို ကြည့်လိုက်ရာ အနည်း ငယ် မှိုင်းညို့လာပြီး လေများပင်တိုက်နေသဖြင့် ဂရုမပြုမိစွာ ပြောလိုက်သည်။
"အရှင်မင်းသား... ကျွန်မတို့ မြန်မြန် ပြန်ကြရအောင်"
ယင်ကျန်း သူမကို စူးစိုက်ကြည့်လာသည်။
"မြင်းစီး မသင်တော့ဘူးလား"
ကမ်းကော်ကော်လည်း နောင်တရသလို ခံစားလိုက်ရသည်။
"နောက်တစ်ခေါက်မှပဲပေါ့၊ ဒီနေ့ ရာသီဥတုက မသင့်တော်ဘူး၊ တကယ်လို့ အရှင် မိုးမိသွားရင် ကျွန်မ အပြစ်ဖြစ်သွားလိမ့်မယ်"
[တကယ်တော့ ငါ သင်ထားရင်တောင် အတွင်းဆောင်မှာပဲ ပိတ်လှောင်ခံထားရမှာဆိုတော့ တစ်သက်လုံးမှာ ဘယ်နှစ်ကြိမ်များ အပြင်ထွက်ပြီး မြင်းစီးခွင့်ရမှာလဲ]
ယင်ကျန်း သူမပခုံးပေါ်သို့ လက်တင်ကာ ကတိပေးလာသည်။
"အနာဂတ်မှာ အခွင့်အရေးရှိလာရင် မင်းကို အပြင်ထပ်ခေါ်သွားပေးမယ်"
ကမ်းကော်ကော်က သူ့ကို စိုက်ကြည့်လာသည်။
"အရှင်မင်းသားက ကျွန်မကို ပျော်အောင်လို့ သက်သက် ပြောနေတာပဲ"
[သူက ဒီလောက် ချိုချိုသာသာ ပြောတတ်ဖို့ ဘယ်တုန်းက သင်ထားတာလဲ၊ ငါက ဆယ့်ငါးနှစ်အရွယ် ကောင်မလေးမှ မဟုတ်တာ သူ့ကို ဘယ်လိုလုပ် ယုံနိုင်မှာလဲ]
[ကျွန်မက နောင်အနာဂတ်မှာ ရှင်ရဲ့ နောက်ဆောင်မှာ အလှမယ် သုံးထောင်လောက် ရှိလာပြီး ကျွန်မလို သာမန်မိန်းမတစ်ယောက်ကို ဖြည်းဖြည်းချင်း မေ့သွားလိမ့်မယ်ဆိုတာကို သိရုံတင်မကဘူး၊ ရှင်က အိပ်ချိန်တောင် မရှိလောက်အောင် အလုပ်များနေမယ့်သူဆိုတာကိုလည်း သိနေတော့ ကျွန်မနဲ့အပြင်ထွက်ဖို့ အချိန်ဘယ်ရှိမှာလဲ]
ယင်ကျန်းက မတတ်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး ပြောလာသည်။
"အများကြီး မတွေးနဲ့၊ ပစ္စုပ္ပန်ကိုသာ တန်ဖိုးထား"
ကမ်းကော်ကော်က သူမ ခေါင်းကို သူ့ပခုံးပေါ်သို့ မှီတင်လိုက်ပြီး သူမ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာသည်။
[ဒီက အရာအားလုံးက အိပ်မက်တစ်ခုပဲဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ]
ဤဆန်းကြယ်မှုများကို ကြုံရပြီး ဇာတ်ကောင်နေရာတစ်ခုတွင် နိုးထလာခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် သူမသည် အခြားကမ္ဘာတစ်ခုရှိ ဘဝ၊ ထိုနေရာမှ လူများ၊ သူငယ်ချင်းများ၊ အထက်လူကြီးများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် သူမ ရန်ဖြစ်ခဲ့ဖူးသော အွန်လိုင်းသူငယ်ချင်းများကိုပင် အလွန်အမင်း လွမ်းဆွတ်တမ်းတနေမိသည်။
[ဟူး... ငါ မသေခင်မှာ ရန်ဖြစ်တာတစ်ခုကိုတောင် မနိုင်ခဲ့ဘူး၊ တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ]
အချိန်အနည်းငယ် ကြာပြီးနောက် ကမ်းကော်ကော်က သူမကို စဲဖူအဖြစ် တင်မြှောက်ရန် ဧကရာဇ်ထံ အမိန့်ပြန်တမ်း တောင်းခံသည့် ကိစ္စကို သတိရသွားကာ ထပ်မေးသည်။
"အရှင်... အရှင်က ကျွန်မကို စဲ့ဖူအဖြစ် တင်မြှောက်ဖို့အတွက် ဧကရာဇ်ဆီ သွားပြီး အမိန့်ပြန်တမ်း တောင်းခံခဲ့တာလား"
ယင်ကျန်း လက်ချောင်းထိပ်များက သူမ ဆံပင်တစ်ချောင်းကို လိမ်နေသည်။
"ဟုတ်တယ်၊ မျှော်လင့်မထားတာ တစ်ခုခု မဖြစ်ခဲ့ရင် ဓလေ့ထုံးစံရေးရာ ဝန်ကြီးဌာနက ဒီလထဲမှာပဲ ကိုင်တွယ်ဖြေရှင်းနိုင်လောက်ပါတယ်"
"တကယ်လား၊ သိပ်ကောင်းတာပေါ့၊ အရှင် မင်းကြီးကို ဘယ်လို ပြောခဲ့တာလဲ၊ ကျွန်မ ဆိုလိုချင်တာက... ဒါက စည်းကမ်းတွေနဲ့ နည်းနည်းများ ဆန့်ကျင်နေတာ မဟုတ်ဘူးလား"
ကမ်းကော်ကော်က သူ့ကို မော့ကြည့်လိုက်ရာ သူမမျက်လုံးများက ပြင်းပြသော ခံစားချက်များဖြင့် တောက်လောင်နေသည်။ ယင်ကျန်း နှုတ်ခမ်းကို စေ့လိုက်ကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။
"ကိုယ် လုပ်ကြံခံရမလို ဖြစ်ခဲ့ပြီး ဘေးဒဏ်သင့်ပြည်သူတွေကိုလည်း သေချာစီမံခန့်ခွဲနိုင်ခဲ့တယ်၊ ခမည်းတော်က ကိုယ့်ကို ဆုလာဘ်တချို့ ပေးချင်တယ်လို့ပြောပြီး ဘာလိုချင်လဲလို့မေးခဲ့တယ်"
"ကိုယ်က ဘာမှမလိုချင်ဘူးလို့ ပြောခဲ့ရင် နာမည်နဲ့ ဂုဏ်သတင်းကိုပဲ မက်မောနေတယ်လို့ ထင်ရပြီး ခမည်းတော်နဲ့ အိမ်ရှေ့စံမင်းသားဆီက သံသယကို နှိုးဆွလိုက်သလို ဖြစ်သွားလိမ့်မယ်၊ ကိုယါက အရမ်းကြီး တောင်းဆိုလိုက်ရင်လည်း ခမည်းတော်က သဘောကျမှာ မဟုတ်ဘူး၊ ဒါကြောင့် ငါ ဒီကိစ္စကို ထုတ်ပြောခဲ့တာပဲ"
ကမ်းကော်ကော် စိတ်လှုပ်ရှားမှုများ အနည်းငယ် ငြိမ်ကျသွားပြီး သူမက ခေါင်းညိတ်လာသည်။
"ဪ... ကျွန်မ သဘောပေါက်ပြီ"
[ငါ့စိတ်ထဲမှာ လှပတဲ့ စိတ်ကူးယဉ်မှုလေးကို ဆက်သိမ်းထားနိုင်အောင် အစထဲက မမေးတာကမှ ပိုကောင်းဦးမယ်]
[ရှင်က ဘာလို့ ဒီလောက်ရှည်လျားတဲ့ စကားတွေကို ရှင်းပြနေရတာလဲ၊ တကယ် အမြင်ကတ်စရာပဲ]
ရုတ်တရက် အပြင်ဘက်မှ သိမ်မွေ့ပြီး မြူနှင်းများ ဖုံးလွှမ်းနေသော မိုးရွာသံကို ကြားလိုက်ရသည်။ ကမ်းကော်ကော်က မြင်းလှည်း ပြတင်းပေါက်ကို ဖွင့်ကာ မိုးစက်များကို ဖမ်းယူရန် သူမလက်ကို ဆန့်ထုတ်လိုက်သည်။
[ခေတ်သစ်မှာဆိုရင် ဘယ်သူကမှ ဒီလိုလုပ်ရဲမှာ မဟုတ်ဘူး၊ ဒီလိုလုပ်လို့ ဘတ်စ်ကားပေါ်မှာ ကောင်လေးတစ်ယောက် လက်နှစ်ဖက်လုံး ပြတ်သွားတယ်လို့ ငါ ကြားဖူးတယ်]
[ရှေးခေတ်တုန်းကတော့ မြင်းလှည်းတွေနဲ့ မြင်းတွေက နှေးတယ်၊ ယောကျာ်းတစ်ယောက်က မိန်းမအများကြီး ယူနိုင်ပေမယ့် မိန်းမအများစုကတော့ သူတို့ရဲ့ တစ်သက်တာမှာ လူတစ်ယောက်တည်းကိုပဲ ချစ်ခွင့်ရှိခဲ့တယ်]
[ဒါက သူတို့ မွေးကတည်းက ရခဲ့တဲ့ အခွင့်ထူးတွေပဲ၊ ယောကျာ်းတွေက မြင့်မြတ်ပြီး မိန်းမတွေက နိမ့်ကျတယ်တဲ့... ဟွန့်၊ တကယ်လို့ ကျား/မ ပြောင်းပြန်ကမ္ဘာသာ ဖြစ်ခဲ့မယ်ဆိုရင် ငါလည်း ပျော်နေရလောက်မှာ မဟုတ်ဘူးလား]
[အား... ယင်ကျန်း၊ ရှင် ငါလေးခါးကို နာအောင် ထပ်ဆိတ်နေပြန်ပြီ]
မင်းသားအိမ်တော်သို့ ရောက်သောအခါ မြင်းလှည်းမှာ ရပ်တန့်သွားလေသည်။
ယင်ကျန်းက စာအုပ်တစ်အုပ် ဖတ်နေပြီး အပြင်ထွက်ရန် အလောတကြီး မရှိပေ။
ကမ်းကော်ကော်က မြင်းလှည်းတံခါးကို ရုတ်တရက်ဖွင့်ကာ ခုန်ဆင်းလိုက်သည်။
[အပြင်ဘက်က မိုးရေက အရမ်းကို လန်းဆန်းသွားစေတာပဲ၊ ဒါပေမဲ့ တစ်နှစ်ကို ဘယ်နှကြိမ်လောက်များ ဒီလိုမိုးမျိုးကို ခံစားခွင့်ရမှာလဲ]
[တကယ် လန်းဆန်းသွားတာပဲ]