← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

🌻 Chapter 105

ယင်းလော့သည် တံခါးဝသို့ ပြေးလာပြီး ကမ်းချန်ချန်နှင့် အခြားအစေခံမလေးတို့ကို မတွေ့ရတော့သဖြင့် ဒေါသတကြီးဖြင့်ပြောသည်။

"အဲဒီနှစ်ယောက်ထဲက တစ်ယောက်က ကမ်းကော်ကော်ဟဲ့၊ သူတို့က ခွင့်ပြုချက်မရှိဘဲ အိမ်တော်ကနေ ထွက်သွားကြတာ၊ နင်တို့ ဘာလို့ မတားလိုက်ကြတာလဲ"

အစောင့်များ မျက်နှာများမှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး

"ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော်တို့ အခုပဲ နောက်ကနေ လိုက်ဖမ်းရမလား"

ယင်းလော့က သူမ မေးစေ့ကို ပွတ်သပ်ကာ ခဏမျှစဉ်းစား သည်။ သူတို့ကို လွှတ်ပေးလိုက်ခြင်းက ကောင်းသည့်အရာ ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။ ဤသို့ဆိုလျှင် စတုတ္ထမင်းသား ပြန်ရောက်လာသည့်အခါ ပိုဒေါသထွက်ပေလိမ့် မည်။

ထို့ပြင် ကမ်းချန်ချန် စဲဖူအဖြစ် တရားဝင်ခန့်အပ်ခံရမည့် အလားအလာသည်လည်း ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် သူမပြုံးကာ "ထားလိုက်ပါတော့၊ ဒါက ရှင်တို့အမှားမှ မဟုတ်တာ၊ စတုတ္ထမင်းသား ပြန်ရောက်လာရင် ဖူကျင်းက သူ့ကို ရှင်းပြပါလိမ့်မယ်၊ ရှင်တို့လည်း ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ပြီး တံခါးကို သေချာစောင့်ကြပါ"

"မီးလောင်တယ်ဟေ့..."

ရုတ်တရက် အရှေ့ဘက်ခြံဝင်းဆီမှ မီးခိုးငွေ့ထူထူများနှင့်အတူ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်နီနီကြီးများ လိမ့်တက်လာသည်။ ယင်းလော့က လှည့်ပတ်ကြည့်လိုက်ရာ စဲဖူ ခြံဝင်းနားတွင် လောင်နေပုံရသည်။

"ဒုက္ခပါပဲ"

သူမ မျက်မှောင်ကြုတ်သွားပြီး စကတ်စကိုမကာ အလျင်အ မြန် ပြေးသွားသည်။

.....

သူတို့နှစ်ဦး မြင်းလှည်းပေါ်သို့ တက်ပြီးနောက် ကမ်းချန်ချန် ရင်ဘတ်ထဲတွင် တဒိတ်ဒိတ်ခုန်နေဆဲပင်။ မင်းသားအိမ်တော်မှ ထွက်ပြေးလာပြီး ဘယ်တော့မှ ပြန်မသွားရတော့မည့် စိတ်လှုပ်ရှားဖွယ် ခံစားချက်မျိုးကို သူမ ခံစားနေရသည်။

ဤသည်မှာ ယခင်က သူမ ဘယ်တုန်းကမှ မတွေးရဲခဲ့သော အရာပင်ဖြစ်သည်။ အဘယ်ကြောင့်ဆို မင်းသားအိမ်တော်တွင် အစေခံများနှင့် မိန်းမစိုးများ ပြည့်နှက်နေပြီး ရှေးခေတ်တွင် အကူအညီမဲ့ကာ အင်အားကင်းမဲ့သော မိန်းမတစ် ယောက်တည်းအတွက် မည်သို့သော ကံကြမ္မာမျိုးစောင့်ကြိုနေမည်ကို သူမ ကောင်းကောင်းသိထားသောကြောင့်ပင်။

ထို့ပြင် ယင်ကျန်းသည် တစ်နေ့တွင် ကြီးမားလှသော အာဏာကို ချုပ်ကိုင်မည့် မင်းကြီးတစ်ပါးဖြစ်ရာ သူ့ကို ဆန့်ကျင်ခြင်းမှာ အလွန်ကြီးမားသော စွန့်စားမှုတစ်ခုဖြစ်သည်။

ထိုအပြင် သူမတွင် မိသားစုရှိသေးသည်။ အကယ်၍ သူမ ဆက်မရှင်သန်ချင်တော့ဘူးဆိုလျှင်တောင်မှ သူမ မိသားစုနှင့် သူမခြံဝင်းထဲရှိ လူများကို ဒုက္ခမပေးနိုင်ပေ။

ခေတ်သစ်မှာတုန်းက သူမ မွေးဖွားပြီးကတည်းက သူမဖခင်နှင့် တစ်ခါမှ မဆုံဖူးခဲ့ချေ။ သူမမိခင်ကသာ သူမကိုတစ် ယောက်တည်း ပြုစုပျိုးထောင်ခဲ့သော်လည်း သူမ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့်နှစ်တွင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

နောက်ပိုင်းမှ သူမ သိလိုက်ရသည်မှာ သူမမိခင်သည် ကျန်းမာရေးချို့တဲ့နေသည်မှာ ကြာပြီဖြစ်သော်လည်း သူမ စာမေးပွဲများကို မထိခိုက်စေရန် ဖျားနာနေသည့်အကြောင်းကို သူမအား မပြောပြခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ရှေးခေတ်တွင်မူ ပထမအချက်အနေဖြင့် သူမသည် အိမ်တော် စည်းမျဉ်းများဖြင့် ကန့်သတ်ခံထားရသဖြင့် သူမ မိသားစုကို မကြာခဏ မတွေ့နိုင်ပေ။

ဒုတိယအချက်အနေဖြင့် သူတို့သည် ခန္ဓာကိုယ်ပိုင်ရှင်အစစ်၏ ဆွေမျိုးများဟာဖြစ်ပြီး သူမအနေဖြင့် သံယောဇဉ် သိပ်မရှိသည့်အပြင် သူမ မူလပိုင်ရှင်မဟုတ်သည်အား သိသွားမည်ကိုလည်း စိုးရိမ်မိသည်။

အခြားသူများကို ဒုက္ခမပေးချင်ခြင်းမှာ သူမ နောက်ဆုံးစည်းမျဉ်းပင်။ တစ်နာရီကျော်ခန့် မြင်းလှည်းစီးပြီးနောက် ကမ်းချန်ချန် အဆုံးတွင် အိမ်သို့ ပြန်ရောက်သွားသည်။

မြို့တော်ရှိ မြေယာများမှာ အလွန်ဈေးကြီးလှသည်။ ကမ်းချန်အန်းသည် ပုံမှန်အားဖြင့် မင်းသားအိမ်တော် အစေခံများနေဆောင်တွင် ယာယီနေထိုင်လေ့ရှိသော်လည်း ကျောက်စီနှင့် အဘွားကမ်းတို့မှာ ထိုနေရာတွင် အလုပ်မလုပ်ကြသဖြင့် သူတို့မိသားစုတွင် မြို့တော် အစွန်အဖျားဒေသ၌လည်း အိမ်တစ်လုံးရှိသည်။

အိမ်ပြန်ရောက်သောအခါ ကမ်းချန်ချန်သည် ယိုယွင်းနေသော မြေနံရံများနှင့် သက်ကယ်မိုးထားသော အိမ်အမိုးကို အနည်းငယ် အသားမကျသလို ခံစားရသည်။

အဘယ့်ကြောင့်ဆိုသော် မင်းသားအိမ်တော်မှာ အလွန်ခမ်း နားလှပပြီး ခေတ်သစ်နှင့် သိပ်မကွာခြားလှပေ။

[ဒါပေမဲ့ ဒါက ရှေးခေတ်က သာမန်လူတွေရဲ့ ဘဝကို အမှန်တကယ် ထင်ဟပ်နေတာပဲ၊ တချို့ဆို ဒီလိုသက်ကယ်တဲလေးတောင် ရှိချင်မှ ရှိမှာ]

ရုတ်တရက်ဆိုသလို သူမသည် ကင်းကွာနေသော ခံစားချက်မျိုး မရှိတော့ဘဲ ဤလောကတွင် အမှန်တကယ် ရှင်သန်နေသလို ခံစားလိုက်ရသည်။

ကမ်းချန်အန်းက အပြင်သို့ထွက်လာပြီး သူတို့နှစ်ဦးကို မြင်သောအခါ အလျင်အမြန် လျှောက်လာကာ "ချန်ချန်... သမီးက ဘာလို့ ဒီလိုပုံစံ ဝတ်လာတာလဲ"

ကမ်းချန်ချန် အထဲသို့ အမြန်ဝင်သွားရင်း "သမီး ခိုးထွက်လာတာပါ၊ မားအခြေအနေ ဘယ်လိုနေလဲ"

"ဟင်"

ကမ်းချန်အန်းမှာ ဤသည်မှာ မသင့်တော်ဟု ခံစားရသော် လည်း ကမ်းချန်ချန် အပြင်သို့ ရောက်လာခဲ့ပြီဖြစ်ပြီး သူမမိခင်ကလည်း အသည်းအသန်ဖျားနာနေကာ အိမ်တွင် အရေးပေါ်ကိစ္စများ ရှိနေသည်ဖြစ်၍ ဘာမှဆက်မပြောတော့ချေ။

အထဲသို့ ရောက်သောအခါ ကမ်းချန်ချန်သည် မြေစိုက်ခုတင်ပေါ်တွင် လှဲလျောင်းနေသော အမျိုးသမီးကိုကြည့်လိုက်သည်။ သူမ နှုတ်ခမ်းများက ပြာနှမ်းနေသော်လည်း မျက်နှာပေါ်တွင် မေတ္တာတရားများ ပြည့်နှက်နေသဖြင့် ကမ်းချန်ချန် မျက်လုံးထဲတွင် မျက်ရည်များ အလိုအလျောက် ဝဲတက်လာကာ "မား... သမီး ပြန်လာပြီ"

[ထူးဆန်းလိုက်တာ၊ ဒါက ခန္ဓာကိုယ်ပိုင်ရှင်အစစ်ရဲ့ မိသားစုအပေါ်ထားတဲ့ မေတ္တာများလား၊ ဒါမှမဟုတ် ငါ့ရဲ့ ကိုယ်ချင်းစာစိတ်ကြောင့်များလား]

ကျောက်စီ သူမကို နှစ်သိမ့်ကာ "ချန်ချန်... မား အခုသက် သာသွားပါပြီ"

ကမ်းချန်အန်းက "ဒီနေ့ သမီးဆီ အကြောင်းကြားစာ ပို့လိုက်တုန်းက မား အခြေအနေက တကယ်ကို ဆိုးရွားနေတာ၊ သတိမရတော့ဘဲ အသက်ရှူရုံလေးပဲ ရှိတော့တာလေ၊ သမီးကို နောက်ဆုံးအနေနဲ့ လာကြည့်ခိုင်းမလို့ စဉ်းစားထားတာ၊ ကံကောင်းချင်တော့ သမားတော်တစ်ယောက် ရောက်လာပြီး မားကို ကုသပေးချင်တယ်လို့ ပြောတယ်၊ သူက ဆေးအရင်တိုက်မယ်၊အသက်မကယ်နိုင်ရင် ပိုက်ဆံမယူဘူးတဲ့၊ သူ ဆေးညွှန်းတစ်ခု ရေးပေးခဲ့ပြီး မား အဲဒီဆေးကို သောက်လိုက်ရုံနဲ့ အသက်ပြန်ရှင်လာတာပဲ"

ကမ်းချန်ချန် သံသယဖြင့် ဆက်တိုက်မေးခွန်းထုတ်လေသည်

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အခြေအနေ သက်သာလာပြီလို့ ပြောတယ်မဟုတ်လား၊ ဘယ်လိုလုပ် ရုတ်တရက် ပြန်ဖြစ်သွားရတာလဲ၊ ရောဂါလက္ခဏာတွေကလည်း အရင်ကနဲ့ မတူသလိုပဲနော်၊ ပြီးတော့ အဲဒီနတ်သမားတော်ကရော ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာရတာလဲ"

သူမဘေးတွင် သုံးနှစ်အရွယ် မြေးလေးကို ပွေ့ချီထားသော အဘွားကမ်းက "ဒါကတော့ ငါက နတ်ဘုရားတွေကို နင့်အမေကို ကာကွယ်ပေးဖို့ ဆုတောင်းထားလို့ ကွမ်ယင်မယ်တော်က နတ်သမားတော်ကို လွှတ်ပြီးလာကုပေးတာပေါ့"

ကမ်းချန်ချန်က သူမကို လျစ်လျူရှုကာ ထပ်မေးသည်။

"နတ်သမားတော်က အခု ပြန်သွားပြီလား၊ အမေ့ရောဂါက ပြန်ဖြစ်လာဦးမလား"

ကမ်းချန်အန်းက "ဒီဆေးညွှန်းက မင်း အမေကို အနည်းဆုံး ဆယ်နှစ်လောက် ကာကွယ်ပေးနိုင်တယ်လို့ နတ်သမားတော်က ပြောသွားတယ်၊ အသက်အန္တရာယ် မရှိတော့ပါဘူးတဲ့"

ကမ်းချန်ချန် ဝမ်းသာအားရဖြင့် "တကယ်လား"

ကမ်းချန်အန်းက ခေါင်းညိတ်ပြပြီး အဘွားကမ်းက မကျေမနပ်ဖြင့် ပြောလာသည်။

"သူ့အသက်ကိုတော့ ကယ်လိုက်နိုင်ပါတယ်၊ ဒါပေမဲ့ ငါတို့ အကြွေးထပ်တင်သွားတာပဲ"

"နတ်သမားတော်ရဲ့ကုသခနဲ့ ဆေးဖိုးတွေပေါင်းရင် ငွေစတစ်ရာကျော် ကုန်သွားတယ်၊ တခြားဟာတွေ မပြောနဲ့ဦး၊ အရည်အသွေးကောင်း ဂျင်ဆင်း နှစ်တန်ခွဲအတွက်တောင် ငွေစဆယ်ကျော်လောက် ကျသွားတာ"

"ငါတို့မိသားစုက ဟိုဟိုဒီဒီ ကြိုးစားပမ်းစားရှာပြီး အိမ်နီး ချင်းတွေဆီက ပိုက်ဆံချေးပေမဲ့လည်း ငွေစ ၂၀ လောက်လိုနေသေးတာ"

ကမ်းချန်ချန်မှာ နားမလည်နိုင်ဖြစ်သွားပြီး "ဒါဆို နောက်ဆုံးကျတော့ ဘယ်လိုလုပ်ပြီး ပေးလိုက်တာလဲ"

ကမ်းချန်အန်း မျက်ခုံးများ ပင့်တက်သွားပြီး တုံ့ဆိုင်းစွာဖြင့်

"အဖေ... အတိုးကြီးငွေ ချေးလိုက်တယ်"

ကမ်းချန်ချန် အံ့အားသင့်သွားပြီး "ဘာ..."

အတိုးကြီးငွေ ချေးခြင်းသည် အစိုးရထံမှ အတိုးကြီးငွေ ချေးခြင်းနှင့် အတူတူပင်ဖြစ်သည်။ အတိုးကြီးငွေများမှာ မကြာသေးမီကပင် ကန်ရှီးဧကရာဇ်သည် ဤကိစ္စအတွက် အလွန်ဒေါသထွက်ခဲ့သည်။

နန်းတော်က အတိုးကြီးငွေ ချေးငှားခြင်းကို တင်းတင်းကျပ် ကျပ် တားမြစ်ထားသော်လည်း ဆေးကုသခြင်းကဲ့သို့သော အရေးကြီးသည့် ကိစ္စများအတွက် အသုံးပြုပါက အရေးယူမည်မဟုတ်ချေ။

သို့သော် သတင်းသာ ပေါက်ကြားသွားလျှင်...

ကျောက်စီက အပြစ်ရှိသလို ခံစားရပြီး "ဟူး... အရာအားလုံးက ကျွန်မ ရောဂါကြောင့်ပါပဲ၊ ကုန်ကျစရိတ်တွေက အရမ်းများလွန်းတယ်"

"အမေရယ်... အဲဒီလို မပြောပါနဲ့၊ ဆေးကုဖို့အတွက် ပိုက်ဆံချေးရတယ်ဆိုတာ နားလည်ပေးလို့ ရပါတယ်။ လူ့အသက်ထက် ပိုအရေးကြီးတာ ဘာမှမရှိပါဘူး"

ကမ်းချန်ချန်က ကျောက်စီ လက်ကိုကိုင်ကာ ပြောသည်။ ထို့နောက် သူမက ကမ်းချန်အန်းဘက်သို့ လှည့်ကာ "ဒီချေးငွေကို ဘယ်တော့ ပြန်ဆပ်ရမှာလဲ၊ ဘယ်လောက်လဲ"

ကမ်းချန်အန်း "အဖေက ရက် ၃၀ အတွက် ချေးချင်တာ ဒါပေမဲ့ သူတို့ခေါင်းဆောင်က ရက် ၃၀ ချေးငွေ မပေးတော့ဘူးလို့ ပြောတယ်၊ အခု တစ်နှစ်စာ ချေးငွေပဲ ရတော့မယ်တဲ့၊ ဒါနဲ့ အဖေလည်း တစ်နှစ်စာ ချေးငွေကို ယူလိုက်ရတယ်၊ ဆိုလိုတာက စုစုပေါင်း ငွေစ ၈၀ ပြန်ဆပ်ရမယ်၊ တကယ်ကို အရှုံးကြီးပဲ"

ကံကောင်းစွာဖြင့် သူမ မလာခင် ဆေးကုသစရိတ်ကုန်ကျနိုင်သည်ဟု ကြိုတင်ရိပ်မိထားသဖြင့် သူမပိုင်ဆိုင်မှု အများစုကို ယူဆောင်လာခဲ့သည်။ ကမ်းချန်ချန်သည် သူမ အထုပ်ထဲမှ ငွေစများနှင့် ရွှေပြားများအားလုံးကို ထုတ်ယူကာပြော သည်။

"ဒီမှာ အနည်းဆုံး ငွေစတစ်ရာတန်တယ်၊ အဲဒီ အတိုးကြီးသမားတွေကို မြန်မြန်သွားပြန်ဆပ်လိုက်ပါ"

ကမ်းချန်အန်းသည် ငွေစများနှင့် ရွှေပြားများကို ယူလိုက်ပြီး မျက်လွှာချကာပြောသည်။

"ငါတို့က တစ်နှစ်စာ ချေးထားပြီးပြီလေ၊ အစောကြီးပြန်ဆပ်လိုက်ရင် ပိုနစ်နာမှာပေါ့"

ကမ်းချန်ချန် စိတ်မရှည်စွာဖြင့် "ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲ၊ စတုတ္ထမင်းသား အိမ်တော်က ကိုယ်လုပ်တော်နဲ့ သူတို့ရဲ့ မိသားစုတွေက အတိုးကြီးငွေချေးယူနေကြတယ်လို့ သတင်းထွက်သွားရင် စတုတ္ထမင်းသားက သေချာပေါက် စုံစမ်းစစ်ဆေးမှာပဲ၊ ကျွန်မတို့ မိသားစုကြောင့် စတုတ္ထမင်းသား မျက်နှာပျက်ရရင် သူက အဖေ့ကိုရော သမီးကိုရော သက်ညှာမှာ မဟုတ်ဘူး၊ ပြီးရင် သမီး မျက်နှာသာပေးခံရတာတွေ၊ အဖေ့အလုပ်တွေကို ပြန်ရုပ်သိမ်းသွားလိမ့်မယ်"

🌻 Chapter 106

ကမ်းချန်အန်းသည် ဤမျှအထိ ကြိုမတွေးထားခဲ့ချေ။ အလွန်ဆုံး ကမ်းချန်ချန် ခဏလောက် မျက်နှာသာပေးမခံရရုံသာ ရှိမည်ဟု ထင်ထားခဲ့သည်။ ထိုစကားကို ကြားသောအခါ သူ ရုတ်တရက် အမှန်တရားကို သဘောပေါက်သွားပြီး ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။

ကျောက်စီမှာ မျက်ရည်များ စီးကျလျက် လှဲလျောင်းနေစဉ် ကမ်းအဘွားကြီးက သူမကို စူးစိုက်ကြည့်ကာ တိုက်တွန်းသည်။

"ဒါဆိုရင်လည်း သား... မြန်မြန်သွားပြန်ဆပ်လိုက်၊ သားရဲ့ အလုပ်တော့ အပြုတ်ခံလို့ မဖြစ်ဘူး"

ကမ်းချန်အန်း ချက်ချင်းပင် "အင်း... အဖေ ခဏနေ သွားလိုက်မယ်"

ကမ်းချန်ချန်သည် ကျောက်စီကို စိတ်အေးသွားစေရန် နှိမ့်သိမ့်ပေးသည်။

"အမေ... စိတ်မပူပါနဲ့၊ ပြန်ဆပ်လိုက်ရင် အဆင်ပြေသွားမှာပါ၊ ဘာပဲဖြစ်ဖြစ် သမီးက သာမန် ကိုယ်လုပ်တော်လေး တစ်ယောက်ပဲဆိုတော့ လောလောဆယ် ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး"

ကျောက်စီက မေးသည်။

"ချန်ချန်... သမီး ထမင်းစားပြီးပြီလား"

သုံးနာရီကျော်ကြာ ခရီးနှင်လာခဲ့ရသဖြင့် ကမ်းချန်ချန် ဗိုက်ထဲတွင် တဆာလောင်လွန်း၍ မြည်ဟည်းနေပြီဖြစ်သည်။ သူမ မျက်နှာလေး ရဲသွားကာ ပြုံးလျက် ပြောသည်။

"သမီး မစားရသေးဘူး"

ကမ်းချန်အန်းက "ကံကောင်းတာက နေ့လယ်စာ ပေါက်စီတချို့နဲ့ ကြက်ပေါင်တွေ ကျန်နေသေးတယ်၊ နွေးနေတုန်းပဲ၊ သမီးနဲ့ သမီးအစေခံတို့နှစ်ယောက် ကေ အဲဒါလေး စားလိုက်ကြ"

ကျောက်စီ ထိုင်လိုက်ပြီးပြောသည်။

"ကြက်ဥနှစ်လုံး ထပ်ယူခဲ့၊ ဆားနဲ့ ကြက်သွန်မြိတ်လေးထည့်ပြီး ကြက်ဥပေါင်း နှစ်ပန်းကန်လောက် ပေါင်းပေးလိုက်"

ကမ်းအဘွားကြီးက မျက်မှောင်ကြုတ်ကာ ဗြုန်းစားကြီး ဝင်ပြောသည်။

"ဒီနေ့မှ ကြက်ဥနှစ်လုံး ဥထားတာ၊ နင့်အတွက် အားရှိအောင် ချန်ထားရမှာလေ"

ကမ်းချန်ချန် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက်ပြောသည်။

"ဟုတ်တယ်၊ သမီးတို့ စားပြီးတာနဲ့ ချက်ချင်းပြန်ရမှာ၊ အလျင်လိုနေတော့ ကြက်ဥပေါင်းကျက်တဲ့အထိ မစောင့်နိုင်တော့ဘူး"

ကမ်းအဘွားကြီးက ကျေနပ်သွားသော အပြုံးဖြင့် "အင်း... ချန်ချန်က အမြဲတမ်းနားလည်မှုရှိတာပဲ၊ မိန်းကလေးဆိုတာ ဒီလိုမှပေါ့၊ အဘွား သွားပြီး ချန်ချန်အတွက် ကြက်ပေါင်တွေ ယူလာခဲ့မယ်"

ထိုသို့ပြောပြီးနောက် သူမက မြေးဖြစ်သူကို ကမ်းချန်အန်း လက်ထဲသို့ ဂရုတစိုက် ထည့်ပေးကာ မီးဖိုချောင်ဘက်သို့ ထွက်သွားလေသည်။

ကမ်းချန်ချန်က ဟွာစန်းကို အထဲသို့ ခေါ်လိုက်ပြီး သူတို့နှစ်ဦး စားပွဲတွင် အတူတကွ ထိုင်စောင့်နေကြသည်။

မကြာမီတွင် ကမ်းအဘွားကြီးသည် ပေါက်စီလေးလုံး၊ ကြက်ပေါင်နှစ်ခုနှင့် ဟင်းသီးဟင်းရွက်ချဉ် တစ်ပန်းကန်ကြီးကို ယူလာကာ ပြုံးလျက် ပြောသည်။

"ဟင်းသီးဟင်းရွက်ချဉ်တွေကတော့ အများကြီးရှိတယ်၊ စားလို့မလောက်ရင် အဘွား ထပ်ယူပေးမယ်"

ကျောက်စီက စားပွဲကို ကြည့်လိုက်ပြီး "ကြက်ပေါင် လေးခု ကျန်နေတာ မဟုတ်ဘူးလား"

ကမ်းအဘွားကြီးက အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး

"ညည်းပြောတဲ့စကားကိုလည်း ကြည့်ဦး၊ ချန်ချန်က မင်းသားအိမ်တော်မှာ နေ့တိုင်း ဟင်းကောင်းတွေ စားနေရတာ၊ ဒီကြက်ပေါင်တွေကို ဘယ်လိုလုပ် သဘောကျပါ့မလဲ၊ အများကြီးစားရင် အီသွားမှာပေါ့"

"ကျွမ့်အာလေးက မွေးကတည်းက အားနည်းတော့ ညစာအတွက် ကြက်ပေါင်နှစ်ခုချန်ထားတာ၊ ချန်ချန်က သူ့အစ်မပဲဟာ၊ စိတ်မဆိုးလောက်ပါဘူး ဟုတ်တယ်မလား"

လေထုက ချက်ချင်းဆိုသလို အေးခဲသွားသည်။ ထိုသည်မှာ တစ်ရှူးမပါဘဲ လမ်းလျှောက်သွားရင်း လည်ပင်းမှာ သလိပ်ကပ်နေသ၍ မျိုချရမလို၊ ထွေးထုတ်ရမလို ဖြစ်နေသကဲ့သို့ပင်။

ကမ်းချန်ချန် တစ်ခွန်းမျှ ဝင်မပြောသော်လည်း ကမ်းအဘွားကြီးက အရှက်ကင်းမဲ့စွာဖြင့် ဆက်ပြောသည်။

"ချန်ချန် အိမ်တော်မှာ မျက်နှာသာပေးခံရတယ်လို့ ချန်အန်းပြောတာ ကြားဖူးပေမယ့် အခုလို ရွှေတွေအများကြီး ပြန်ယူလာနိုင်မှပဲ ငါ ယုံတော့တယ်"

"ဘေးအိမ်က ကျင်းရှို့ဆိုရင် မကြာသေးခင်က ပိုးထည်ဆိုင်ပိုင်ရှင် သခင်ကြီးကျန်းရဲ့ ဒုတိယမယားဖြစ်သွားတာ၊ အခုဆို ရွှေတွေ ငွေတွေနဲ့ ဝေနေတာပဲ"

"ပြီးခဲ့တဲ့တစ်ခေါက် မိဘအိမ် ပြန်လာတုန်းကလည်း ပစ္စည်းကောင်းတွေ အများကြီး ယူလာသေးတယ်၊ သူ့မောင်လေး မင်္ဂလာဆောင်ဖို့ တင်တောင်းငွေအတွက် စုဆောင်းနေတယ်လို့တောင် ကျင်းရှို့က ပြောသွားသေးတယ်"

"အဟွတ်... အဟွတ်..."

ကမ်းချန်ချန် ပေါက်စီသီးသွားပြီး ရေကို အမြန်သုံးလေးငုံခန့် သောက်ချလိုက်မှပဲ သက်သာသွားတော့သည်။

ကျောက်စီ မျက်မှောင်ကြုတ်ကာ "အမေ... ကလေးထမင်း စားနေတာကို ဘာလို့ အဲဒီစကားတွေ ပြောနေရတာလဲ"

ကမ်းချန်ချန်သည် ကမ်းချန်အန်းကို လှမ်းကြည့်လိုက်ရာ သူက ဘာမှမသိသလို ခံစားချက်ကင်းမဲ့စွာ ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် သူမ ရင်ထဲပိုလေးလံသွားသည်။

ကမ်းအဘွားကြီးက နှုတ်ခမ်းကိုစူကာ "ဟွန်း... ဒီလိုပဲ စကားစပ်လို့ ပြောတာပါ၊ ချန်ချန်ကို မတွေ့ရတာ ကြာပြီဆိုတော့ အရမ်းလွမ်းလို့စကားပိုပြောချင်ရုံပါ"

ကမ်းချန်ချန်မှာမူ ရင်ထဲတွင် မွန်းကျပ်မှုကို ခံစားလိုက်ရသည်။ သူမ အလွန်ဆာလောင်နေသော်လည်း ပေါက်စီတစ်လုံးနှင့် ကြက်ပေါင်တစ်ခုကိုသာ စားလိုက်ပြီး ဟွာစန်းကို ပေါက်စီသုံးလုံးနှင့် ကြက်ပေါင်တစ်ခု ပေးလိုက်သည်။

အစားကြီးသော ဟွာစန်းကမူ ပေါက်စီများနှင့်အတူ ဟင်းသီးဟင်းရွက်ချဉ် ပန်းကန်ပြောင်သွားသည်အထိ စားပစ်လိုက်သည်။

အဘွားက ဟွာစန်းကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်သော်လည်း တာ၀န်အရမေးသည်။

"လောက်ရဲ့လား၊ ဟင်းသီးဟင်းရွက်ချဉ်တွေ အများကြီး ရှိသေးတယ်နော်"

ဟွာစန်းက ပွင့်လင်းသောသူဖြစ်သည့်အတွက် ဟင်းသီး ဟင်းရွက်ချဉ် ပန်းကန်ကို ကိုင်ကာမေးသည်။

"ကျွန်မ... ယူသွားလို့ရမလား"

ကမ်းအဘွားကြီး နားမလည်လိုက်သဖြင့် ကမ်းချန်ချန်က ဝင်ပြောသည်။

"သူက ဟင်းသီးဟင်းရွက်ချဉ် နည်းနည်းယူသွားချင်လို့တဲ့၊ ခုနကပဲ အဘွားက အများကြီးရှိတယ်လို့ ပြောတယ်မဟုတ်လား"

ကမ်းအဘွားကြီး အံ့ကိုကြိတ်ကာ "ကောင်းပြီလေ၊ အဘွား အခုပဲ ထုပ်ပေးလိုက်မယ်"

အပြန်လမ်းတွင် ကမ်းချန်ချန်သည် ယမန်နေ့က ယင်ကျန်းကို မြင်းစီးသင်ခိုင်းခဲ့ခြင်း မရှိသည်ကို အလွန်နောင်တရနေမိသည်။ မြင်းလှည်းဖြင့် အသွားအပြန်ဆိုလျှင် ခြောက်နာရီနီးပါး ကြာသည်။

အကယ်၍ သူမ မြင်းစီးလာခဲ့လျှင် အရှိန်က နှစ်ဆပိုမြန်ပေလိမ့်မည်။

သို့သော် ပြန်တွေးကြည့်မိချိန် မနေ့က သင်ခဲ့လျှင်တောင် နာရီအနည်းငယ်လောက်နှင့်တော့ ကျွမ်းကျင်သွားမှာ မဟုတ်ပေ။

[အသွားတုန်းက ဘာမှမဖြစ်ခဲ့ဘူးဆိုတော့ အပြန်လမ်းမှာလည်း အန္တရာယ်ကင်းမှာပါ၊ ဘာပဲဖြစ်ဖြစ် ဒါက ကန်ရှီးခေတ်က ပေဂျင်းမြို့လေ၊ ဘယ်သူက ငါ့ကို ဓားပြတိုက်ရဲမှာလဲ] ဟ

အမှန်တွင် သူမတွေးထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ မြင်းလှည်းထွက်လာသည်မှာ နာရီဝက်ခန့် အကြာတွင် မှောင်မိုက်နေသော လမ်းကြားလေးတစ်ခုကို ဖြတ်အသွား လူကောင်ထွားထွား လူသုံးယောက်က တားဆီးလာသည်။

ရထားထိန်းက အထစ်အထစ်ဖြင့် "ခင်ဗျား... ခင်ဗျားတို့က ဘယ်သူတွေလဲ"

ခေါင်းဆောင်ဖြစ်ပုံရသော မုတ်ဆိတ်မွေးထူထူနှင့် လူကောင်ထွားထွားကြီးက ကြမ်းတမ်းသော လေသံဖြင့် "အဘိုးကြီး... ဒီနေ့ ငါတို့နဲ့ လာဆုံတာ မင်း ကံဆိုးတာပဲ၊ ဒီလမ်းကနေ ဖြတ်သွားချင်ရင် မင်းမြင်းလှည်းထဲက လူတွေကို ဒီမှာ ထားခဲ့"

ရထားထိန်းမှာ ကြောက်လန့်တကြား တုန်ယင်နေပြီး သူ့အလုပ် ကျင့်ဝတ်ကို လိုက်နာရမလား၊ ကိုယ့်အသက်ကိုပဲ ဦးစားပေးရမလား တုံ့ဆိုင်းနေမိသည်။ သူ မြင်းလှည်းထဲက လူတွေကို ထားခဲ့ရမလား...

[ဒီလူတွေက ငါ့ကို ပစ်မှတ်ထားနေတာပဲ ဖြစ်ရမယ်၊ မဟုတ်ရင် ဘာလို့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို အရင်မတောင်းတာလဲ]

ကမ်းချန်ချန်သည် ဟွာစန်းနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး လက်ဟန်ခြေဟန် ပြကာ စကားလုံးတချို့ကို အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံ ပြောသည်။ ဟွာစန်းက နားလည်သဘောပေါက်ကာ ခေါင်းညိတ်ပြသည်။

ကမ်းချန်ချန် လိုက်ကာကိုမကာ "အစ်ကိုကြီးတို့... ကျွန်မနဲ့ ရန်ငြိုးများရှိလို့လား၊ ကျွန်မကို သတ်ချင်နေတာလား"

ခေါင်းဆောင်လုပ်သူက လှောင်ပြုံးပြုံးကာ "မင်းနဲ့ ငါတို့ကြား ဘာရန်ငြိုးရှိရမှာလဲ၊ မင်းက လှတော့ ငါတို့အိမ်ကို ဖိတ်ခေါ်ချင်ရုံတင်ပါ"

[မြင်းလှည်းကို တားလိုက်ရုံနဲ့ ငါ့ရုပ်ကို သူ ဘယ်လိုလုပ် သိနိုင်မှာလဲ၊ အကြောင်းမသိတဲ့ သူဆိုရင်တော့ သူတို့မှာ အတွင်းကို ဖောက်မြင်နိုင်တဲ့ မျက်လုံးတွေ ရှိတယ်လို့ ထင်သွားမှာပဲ၊ သူက ငါ့ကို သတ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးဆိုတော့ အသက်ရှင်ဖို့ အခွင့်အရေးပိုများတာပေါ့]

ကမ်းချန်ချန်ကညင်သာစွာ ပြုံးလိုက်ပြီး "အို... ဟုတ်လား၊ ပြဿနာမရှိပါဘူးရှင်၊ ပြဿနာမရှိပါဘူး၊ ကျွန်မ လည်ပင်းပေါ်က ဓားကို အရင်ဖယ်ပေးပါလား၊ နေ့ခင်းကြောင်တောင်ကြီး မျက်စိတစ်မှိတ်အတွင်း လူတစ်ယောက် သေသွားရင် မကောင်းဘူးလေ"

ခေါင်းဆောင်လုပ်သူက သူမကို မယုံကြည်ကြောင်း သိသာစွာဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

ကမ်းချန်ချန်က ဆင်းတော့မည့်ဟန်ဖြင့် ခြေထောက်ကို ဆန့်ထုတ်လာသည်။ ဓားသည်တော့ အလျားလိုက် ရှိနေဆဲပင်။

ကမ်းချန်ချန် လှည့်လိုက်ပြီး မြင်းလှည်းထဲမှ သူမအထုပ်ကို ယူလိုက်သည်။ အထဲတွင် ငွေများမရှိတော့သော်လည်း ဟင်းသီးဟင်းရွက်ချဉ်များ ထည့်ထားသောဝါးကျည် တောက်ကြီး တစ်ခုရှိနေသည်။

သူမက ထိုအရာကို ကမ်းပေးရင်း "ရှင်တို့က မြင်းစီးလာတာ၊ ကျွန်မတို့က သာမန်မြင်းလှည်းပဲ၊ ကျွန်မတို့ ထွက်ပြေးချင်တယ်ဆိုရင်တောင် ရှင်တို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ ဒါလေးကို ကျွန်မအတွက် ကိုင်ထားပေးပါ၊ အရမ်းအရေးကြီးလို့ပါရှင်"

ထိုအခါ လူကြီးက ဓားကို အိမ်ထဲပြန်ထည့်လိုက်ပြီး အထုပ်ကိုယူကာ တစ်ချက် ကြည့်လိုက်သည်။ သို့သော် မထင်မှတ်စွာ ဟွာစန်းက မြင်းတင်ပါးကို ရုတ်တရက် ထိုးချလိုက်သည်။

မြင်းကြီးမှာ လန့်ဖြန့်သွားပြီး ရှေ့သို့ ပြေးထွက်သွားသည်။ ဟွာစန်း လှုပ်ရှားမှုက အလွန်မြန်လွန်းသဖြင့် ထိုလူသုံးယောက်မှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ ကမ်းချန်ချန်လည်း သူမ၏ ခြေထောက်ကို အလျင်အမြန် ပြန်ရုပ်လိုက်သည်။

ကမ်းချန်ချန်သည် မြင်းလှည်းထဲတွင် သက်တောင့်သက်သာ ထိုင်ရင်း ဘယ်သူက ဟွာစန်းကို တုံးတယ်လို့ ပြောတာလဲ၊ သူက အတော်လေး ဉာဏ်ကောင်းသားပဲဟု ကျေနပ်စွာ တွေးနေသည်။

ရထားထိန်းမှာ သူ့အင်အားရှိသမျှသုံးကာ ဇက်ကြိုးကို ထိန်းချုပ်ရင်း "သခင်မလေး... ဘာလုပ်တာလဲ၊ ဒီလောက် ပြင်းပြင်းထန်ထန် အရိုက်ခံရလို့ မြင်း ရူးသွားရင် ဘယ်လိုလုပ်မလဲ"

ကမ်းချန်ချန် မြင်းတင်ပါးကို ပွတ်သပ်ရင်း "လမ်းမှာ ဘယ်သူမှ မရှိဘူးလေ၊ ဘာကြောက်စရာရှိလို့လဲ၊ ပြီးတော့ တစ်ချက်လောက် ထိုးလိုက်တာနဲ့ မြင်းက ရူးမသွားပါဘူး၊ အဘိုး... အကယ်၍ ဒီလူတွေဆီကနေ လွတ်အောင် ပြေးနိုင်ရင် အဘိုးကို ငွေစ ၅ ကျပ် အပိုဆုချမယ်"

"ကောင်းပြီ"

All Chapters