← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

🌻 Chapter 107

အဘိုးကြီးမှာ ရဲဆေးတင်လိုက်သလိုဖြစ်သွားပြီး မြင်းတင်ပါးကို နောက်ထပ် နှစ်ချက်သုံးချက်မျှ ရိုက်ချလိုက်သည်။

ဤလမ်းကြားကို ဖြတ်သွားလိုက်သည်နှင့် လူစည်ကားသော လမ်းမကြီးကို ရောက်သွားမှာဖြစ်ပြီး လူများလာလျှင် သူတို့ ဘာမှလုပ်ရဲမှာ မဟုတ်တော့ချေ။

ကမ်းချန်ချန်မှာ အလွန်စိုးရိမ်ပူပန်နေသော်လည်း မျှော်လင့် ချက်ရောင်ခြည်လေး တစ်ပွင့်ဖြင့် သူမကိုယ်သူမ နှစ်သိမ့်နေစဉ် ထိုမြင်းသုံးကောင်က သူမတို့ လမ်းကို ထပ်မံပိတ်ရပ်လိုက်ပြန်သည်။

သူတို့က အရမ်းမြန်လွန်းနေတာ မဟုတ်ဘူးလား...

လမ်းကြားထဲမှ ထွက်ရန် သုံးပုံတစ်ပုံခန့် လိုသေးသဖြင့် ကမ်းချန်ချန် ရင်ထဲတွင် လေးလံသွားသည်။ ရထားထိန်းမှာ ကန်ချခံလိုက်ရပြီး အခြားလူတစ်ယောက်က မြင်းလှည်းကို ထိန်းချုပ်လိုက်စဉ် ကျန်နှစ်ယောက်က တစ်ဖက်စီမှ လိုက်ကာများကို မတင်လိုက်ကြသည်။

မုတ်ဆိတ်မွေးနှင့် လူကြီးမှာ ဒေါသတကြီးဖြင့် လှောင်ပြုံးပြုံးကာ ပြောသည်။

"ကျွမ်းကျင်တဲ့ မုဆိုးကြီးက ဒီနေ့မှ မိန်းမတစ်ယောက်ရဲ့ လှည့်ကွက်ထဲ မိသွားရတယ်လို့"

ဟွာစန်းက ကမ်းချန်ချန် ရှေ့တွင် ဝင်ရပ်လိုက်ပြီး မျက်လုံးများ နီရဲကာ "နင်တို့ ဘာအခွင့်အရေးမှ မရစေရဘူး"

ဟွာစန်းသည် သာမန်မိန်းမများထက် ပိုသန်စွမ်းကြောင်း ကမ်းချန်ချန် သိသော်လည်း သူမက ဤလူသုံးယောက်ကို မနိုင်နိုင်မှန်းလည်း ကောင်းကောင်းသိသည်။ သူတို့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ကြည့်ရသည်မှာ လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားများနှင့် တူနေသည်။

ထို့ကြောင့် ကမ်းချန်ချန်က "အစ်ကိုကြီးတို့... သူတို့က ရှင်တို့ကို ငွေဘယ်လောက် ပေးထားလို့လဲ၊ ကျွန်မက ဆယ်ဆ၊ အဆတစ်ရာ ပေးပါ့မယ်"

မုတ်ဆိတ်မွေးနှင့် လူကြီးက "ဒါက ပိုက်ဆံနဲ့ မဆိုင်ပါဘူး၊ ဘယ်သူကမှလည်း ငါ့ကို ငှားထားတာ မဟုတ်ဘူး ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကြက်တစ်ကောင်တောင် မသတ်နိုင်တဲ့ မိန်းမတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူရလောက်အောင် ငါ မအောက်တန်းကျပါဘူး"

ထိုသို့ပြောပြီးနောက် သူက ဟွာစန်းအင်္ကျီကော်လာကို လှမ်းဆွဲသည်။ ဟွာစန်းက အတော်လေး လေးနေသဖြင့် သူ ချက်ချင်းမယူနိုင်ဘဲ သူမကို ရွှေ့ရန် အင်အား အတော်များများ ထပ်သုံးလိုက်ရသည်။

ဟွာစန်းမှာ အပြင်းအထန် ရုန်းကန်ပြီး သူ့ကို လက်သီးဖြင့် ထိုးလိုက်သော်လည်း ထိုလူကြီးက ဟွာစန်းလက်သီးကို ဘေးသို့ ရှောင်လိုက်ပြီးနောက် ဟွာစန်းလက်မောင်းကို ဆွဲကာ မြင်းလှည်းထဲမှ အပြင်သို့ ပစ်ချလိုက်သည့် ပါးနပ်သော လှည့်ကွက်တစ်ခုကို သုံးလိုက်သည်။

[ပိုက်ဆံကြောင့် မဟုတ်ဘူးဆိုရင် ရန်ငြိုးကြောင့် ဖြစ်ရမယ်]

ကမ်းချန်ချန်က ခန့်မှန်းကြည့်ရင်း "ရှင်တို့ ကျွန်မကို ပြန်ပေးဆွဲတာ ဓားစာခံလုပ်ဖို့လား"

သူမ ထိုသို့ပြောသည်ကို ကြားသောအခါ ထိုလူသုံးယောက်က မငြင်းကြချေ။ ကမ်းချန်ချန်သည် မျက်လုံးများကို ကစားလိုက်ပြီး ဒေါသထွက်ဟန်ဆောင်ကာပြောသည်။

"သိုင်းလောကက သူရဲကောင်းတွေဆိုတာ ဂုဏ်သိက္ခာရှိတဲ့ နည်းလမ်းတွေကို သုံးမယ်လို့ ကျွန်မ အမြဲထင်ခဲ့တာ၊ ဒါပေမဲ့ ဒီနေ့ ရှင်တို့ လုပ်ရပ်ကို မြင်ရတော့ ကျွန်မ တကယ်ကို စိတ်ပျက်မိတယ်"

ထိုလူသုံးယောက်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားပြီး အရှက်ရခြင်းနှင့် လွန်ဆွဲခြင်းများ ရောထွေးနေသည်။

မုတ်ဆိတ်မွေးနှင့် လူကြီးက ကမ်းချန်ချန်ကို မြင်းလှည်းပေါ်မှ ဆွဲချကာ သူ့မြင်းပေါ်တွင် ကန့်လန့်ဖြတ် တင်လိုက်ပြီး

"အပိုစကားတွေ များနေတာ တော်တော့၊ ငါတို့နဲ့ လိုက်ခဲ့"

ဟွာစန်းနှင့် ရထားထိန်းတို့မှာ သတိလစ်အောင် အရိုက်ခံလိုက်ရပြီးနောက် ကြိုးတုပ်ကာ မြင်းလှည်းထဲသို့ ပစ်ထည့်ခံလိုက်ရသည်။

ကမ်းချန်ချန် "ရဲစွမ်းသတ္တိရှိတဲ့ သူကဲကောင်းတို့... ရှင်တို့က အိမ်ရှေ့မင်းသားအတွက် အလုပ်လုပ်နေတာများလား"

အိမ်ရှေ့မင်းသားသည် သူမ နှုတ်ခမ်းနီကို စိတ်ဝင်စားနေဆဲ ဖြစ်ပုံရကြောင်း သူမ မှတ်မိနေသော်လည်း သူ ထိုမျှလောက်အထိ အားမနေလောက်ဘူး မဟုတ်လား။

မုတ်ဆိတ်မွေးနှင့် လူကြီး၏မျက်နှာပေါ်တွင် ချက်ချင်းပင် ရက်စက်မှုများ ဖြတ်ပြေးသွားပြီး "မင်း မျက်လုံးကန်းနေတာလား၊ အဲဒီခွေးကောင်က အဲ့လောက် မတန်ပါဘူး"

[ငါ ခန့်မှန်းတာ မှားသွားတော့ကော ဘာဖြစ်လဲ၊ ဘာလို့ လာဆဲနေတာလဲ]

ကမ်းချန်ချန် ဆက်၍ "ဒါဆို ရှင်တို့က ပိုင်လျန်ဂိုဏ်းက သူရဲကောင်းတွေတော့ မဟုတ်လောက်ပါဘူးနော်"

ပိုင်လျန်ဂိုဏ်းဟူသော စကားကို ကြားသည်နှင့် ထိုလူသုံးယောက်မျက်လုံးများ ချက်ချင်းပြောင်းလဲသွားပြီး အလွန် သတိထားလာကြသည်။

ကမ်းချန်ချန် ကျောချမ်းသွားပြီး တွေးမိသည်။ ဒုက္ခပါပဲ၊ တကယ်ကြီးပဲကိုး...

ဤပိုင်လျန်ဂိုဏ်းသည် မင်းသားယင်ကျန်းကို အမှန်တကယ် ပစ်မှတ်ထားနေပုံရသည်။ စုဖေးရှန်ကို ဓားဖြင့် ဝင်ခုတ်သော လုပ်ကြံသူသည်လည်း ပိုင်လျန်ဂိုဏ်းမှဖြစ်ကြောင်း သူမ ကြားဖူးသည်။

မြင်းက စတင်ရွေ့လျားသွားသော်လည်း သိပ်မမြန်လှပေ။ ထိုလူများက သူမ နောက်ထပ် စကားအနည်းငယ် ပြောသည်ကို ကြားချင်နေကြ၍ ဖြစ်မှန်း သူမ သိသည်။

ကမ်းချန်ချန်သည် သူမ ဗိုက်ကို အနည်းငယ် သက်တောင့်သက်သာ ဖြစ်စေရန် ခန္ဓာကိုယ်ကို ရွှေ့လိုက်ပြီး ပြုံးကာ

"အဲဒီလိုဆိုရင်တော့ ကျွန်မ စိတ်အေးသွားပါပြီ၊ ကျွန်မတို့အားလုံးက ချင်းမင်းဆက်ကို ဆန့်ကျင်ပြီး မင်မင်းဆက် ပြန်လည်တည်ထောင်ဖို့ တိုက်ပွဲဝင်နေတဲ့ ဖြောင့်မတ်တဲ့လူတွေပဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဘာလို့ အခက်တွေ့အောင် လုပ်နေရမှာလဲ"

မုတ်ဆိတ်မွေးနှင့်လူက သူ့ မုတ်ဆိတ်မွေးများ မထိန်းနိုင်ဘဲ တုန်ခါသွားသည်အထိ ရူးသွပ်စွာ ရယ်မောလိုက်သည်။

သူ့မျက်လုံးများက သွေးရောင်လွှမ်းနေကာ "မင်းက ချင်းမင်းဆက်ကို ဖြုတ်ချပြီး မင်မင်းဆက်ကို ပြန်လည်တည် ထောင်ဖို့အကြောင်း ပြောရဲတယ်ပေါ့"

ကမ်းချန်ချန်မှာ ခေါင်းမူးပြီး ဦးရေပြားများပင် ထုံကျဉ်သွားသော်လည်း အံ့ကိုကြိတ်ကာ ပြောသည်။

"ကျွန်မက ဘာလို့ မပြောရဲရမှာလဲ၊ ရှင်တို့ ကျွန်မကို ဖမ်းလာတာ စတုတ္ထမင်းသားအိမ်တော်က ဖြစ်နေလို့ပဲလေ၊ ဒါပေမဲ့ ရှင်တို့ စဉ်းစားမကြည့်ဘူးလား၊ အဲဒီခွေးမင်းသားရဲ့ အစေခံလုပ်ဖို့ အိမ်တော်ထဲကို ကျွန်မ သဘောဆန္ဒအလျောက်ဝင်သွားခဲ့တာများ မှတ်လို့လား၊ အဲဒီ မန်ချူးလူမျိုးတွေက ကျွန်မတို့ ဟန်လူမျိုးတွေရဲ့ ခေါင်းပေါ်ကို တက်နင်းပြီး ဘဝင်မြင့်နေရအောင် ဘာအခွင့်အရေးများ ရှိလို့လဲ၊ ယန်ကျိုးဆယ်ရက် သတ်ဖြတ်မှုမှာ သွေးချောင်းစီးခဲ့တယ်၊ မန်ချူးတွေက ရက်စက်ကြမ်းကြုတ်ပြီး လူသတ်ကွင်းပြင် ဖန်တီးခဲ့ကြတယ်၊ နောက်တော့ ကျွန်မတို့ ဟန်လူမျိုးတွေကို ဆံပင်ရိတ်ဖို့နဲ့ အဝတ်အစားတွေ ပြောင်းဝတ်ဖို့ အတင်းအ ကျပ် ခိုင်းစေခဲ့တယ်၊ ကျွန်မရဲ့ဘိုးဘေးကြီးက ငြင်းဆန်ခဲ့လို့ ဓားနဲ့ လည်လှီးခံခဲ့ရတော့ ကျွန်မ အရမ်းမုန်းတယ်"

မုတ်ဆိတ်မွေးနှင့်လူက သူ့မြင်းနှင်တံအား သူမကျောပေါ် တင်ကာပြောသည်။

"မင်း သဘောမတူဘူးဆိုရင် ဘာလို့ မခုခံခဲ့တာလဲ၊ မင်းမှာ အမုန်းတရားတွေ ရှိနေမှတော့ ဘာလို့ ကလဲ့စားမချေခဲ့တာလဲ၊ မင်းက အဲဒီခွေးမင်းသားရဲ့ မိန်းမပဲ၊ သူ့ကို လုပ်ကြံဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာ သိသာနေတာပဲ၊ ဘာလို့ လက်မရဲတာလဲ"

ကမ်းချန်ချန် "ကျွန်မက ကြက်တစ်ကောင်ကိုတောင် သတ်ဖို့ အားနည်းလွန်းတာ၊ သူ့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ၊ ညအိပ်ရင်တောင် အစေခံမလေးတွေက အမြဲစောင့်ကြည့်နေကြတာဆိုတော့ ကျွန်မမှာ လှုပ်ရှားဖို့ အခွင့်အရေးမှ မရှိတာ၊ ပြီးတော့ စတုတ္ထမင်းသားကို သတ်လိုက်ရုံနဲ့ လောကကြီးက မန်ချူးတွေ အကုန်လုံး ပျက်သုဉ်းသွားမှာတဲ့လား၊ အင်ပါယာကြီးက ကျွန်မတို့ ဟန်လူမျိုးတွေဆီ ပြန်ရောက်လာမှာတဲ့လား၊ ကန်ရှီးမှာ သားတော်တွေ အများကြီးရှိတာ၊ စတုတ္ထမင်းသားက ဘာများအရေးပါလို့လဲ၊ အရာအားလုံးက ပိုမိုကြီးမားတဲ့ အကျိုးအတွက် ဖြစ်ရမယ်လေ"

မုတ်ဆိတ်မွေးနှင့်လူသည်လည်း တည်ငြိမ်သွားပြီး "မင်းရဲ့ အမြင်အရဆိုရင် ငါ မင်းကို ဓားစာခံအဖြစ် မဖမ်းခဲ့သင့်ဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဲဒီခွေးမင်းသား ယင်ကျန်းက ငါတို့ ညီအစ်ကို နှစ်ဆယ်ကျော်ကို သတ်ဖို့ ဘယ်သူက ခိုင်းခဲ့လို့လဲ၊ ဒီကိစ္စအတွက် ငါတို့ ကလဲ့စားချေရမယ်"

[ဒီလို ရန်ငြိုးဟောင်း ရှိနေတာကိုး]

သူမ ခေါင်းငုံ့ထားရသဖြင့် သူမခေါင်းထဲသို့ သွေးများဆောင့်တက်လာကာ မျက်နှာမှာနီရဲနေပြီ ဖြစ်သော်လည်း တတ်နိုင်သမျှ ပီပီသသပြောရန် ကြိုးစားသည်။

"ကျွန်မကို ဖမ်းထားရုံနဲ့ ယင်ကျန်းက အရှုံးပေးလိမ့်မယ်လို့ ရှင်တို့ ထင်နေရင် ရှင်တို့က တအားကို တုံးအလွန်းနေပြီ၊ သူလို ယုတ်မာပြီး အရှက်မရှိတဲ့လူမျိုးကို မပြောနဲ့၊ သာမန်ယောက်ျားတစ်ယောက်ဆိုရင်တောင် ကိုယ်လုပ်တော်တစ်ယောက်ကို ကယ်ဖို့ သူ့အသက်ကို စွန့်ရဲပါ့မလား"

ကမ်းချန်ချန် စိတ်ထဲတွင်တော့ ယင်ကျန်းမှာ ယုတ်မာပြီး အရှက်မရှိသူ မဟုတ်ပေ။ သို့သော် ဤအချိန်၌ သူမအသက်ရှင်ရေးက ပထမဦးစားပေး ဖြစ်နေသည်။ လိုအပ်ပါက သူ့ကို ထိုထက်ပို၍ပင် ပြင်းပြင်းထန်ထန် ကျိန်ဆဲနိုင်သေးသည်။

မုတ်ဆိတ်မွေးနှင့်လူမှာ တွေဝေသွားပြီး "အဲဒါလည်း ယုတ္တိရှိတာပဲ၊ ဒါပေမဲ့ မင်းက သူ့ရဲ့အချစ်တော်ဆုံး ကိုယ်လုပ်တော် မဟုတ်ဘူးလား"

ကမ်းချန်ချန် "ဒါက ဒီနှစ်ထဲမှာ ကျွန်မကြားဖူးသမျှ အရယ်ရဆုံးဟာသပဲ၊ ကျွန်မကသာ သူ့ရဲ့ အချစ်တော်ဆုံးကိုယ်လုပ် တော်ဆိုရင် ကျွန်မ မိဘအိမ်ကို ပြန်တဲ့အခါ ကိုယ်ပိုင် အစေခံမလေး တစ်ယောက်တည်းကိုပဲ ခေါ်လာပါ့မလား၊ ကျွန်မရဲ့ အထုပ်ထဲမှာ ဝါးကျည်တောက်နဲ့ ထည့်ထားတဲ့ ချဉ်ဖတ်တွေပဲ ဘာလို့ ပါရတာလဲ၊ ဘယ်လို အခြေအနေမျိုးမှာများ ချဉ်ဖတ်တွေကို အိမ်ပြန်သယ်သွားဖို့ လိုအပ်မှာလဲ၊ ရှင်တို့ ကျွန်မကို ချုပ်ထားလို့ရတယ်၊ ကျွန်မ ပိုက်ဆံအိတ်ထဲမှာ ငွေဆယ်ကျပ်သားတောင် မရှိဘူး၊ ဒါက မင်းသားတစ်ပါးရဲ့ အချစ်တော် ကိုယ်လုပ်တော်တစ်ယောက်ရတဲ့ ဆက်ဆံရေးမျိုးလား"

မုတ်ဆိတ်မွေးနှင့်လူက ထစ်ထစ်ငေါ့ငေါ့ ဖြစ်သွားသည်။

"ဒါ... ဒါပေမဲ့..."

မြင်းနက်တစ်ကောင်ကို စီးထားသည့် အေးစက်စက်ရုပ်သွင်နှင့် အခြားအမျိုးသားတစ်ဦးက ပြောလာသည်။

"အစ်ကိုကြီး... သူ့ကို မယုံနဲ့၊ ကျွန်တော်တို့မှာ နောက်ဆုံးမှ ဒီအခွင့်အရေး ရလာတာလေ"

ကမ်းချန်ချန် "ဒါက အခွင့်အရေးဆိုတာ ရှင်တို့ တကယ် သေချာလို့လား၊ ယင်ကျန်း လာတယ်ဖြစ်ဖြစ် မလာဘူးဖြစ်ဖြစ် ရှင်တို့အားလုံး သေရဖို့သေချာတယ်ဆိုတာ ကျွန်မ ရဲရဲကြီး လောင်းရဲတယ်၊ ရှင်တို့ မြို့တော်နားမှာ ပုန်းအောင်းနေဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး၊ ဘာလို့ မြို့တော်ကနေ ထွက်သွားပြီး ပုန်ကန်မှုအသစ်ကို မစတင်ကြတာလဲ၊ အခုလိုမျိုး နှစ်ယောက် သုံးယောက်နဲ့ဆိုရင် ရှင်တို့ အသက်ကို အလကားလွှင့်ပစ်နေတာ မဟုတ်ဘူးလား"

🌻 Chapter 108

ထိုအမျိုးသားက သရော်လိုက်ပြီး "မင်းက မင်းအသက်ရှင်ဖို့အတွက် လိမ်ညာပြီး လူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာပဲ၊ ငါတို့ မင်းကို ဖမ်းမိထားမှတော့ မင်း ထွက်ပြေးချင်တယ်ဆိုရင်တောင် ငါတို့ မင်းကို သတ်ရမှာပဲ၊ ငါတို့ရှိနေတဲ့ နေရာကို မင်းပြောတာမျိုး အဖြစ်ခံလို့ မရဘူး"

မုတ်ဆိတ်မွေးနှင့်လူက ၀င်ပြောသည်။

"တတိယညီ... သူက မိန်းမသား တစ်ယောက်ပါ"

ကမ်းချန်ချန် ဝမ်းနည်းစွာ ပြုံးပြလိုက်ပြီး "ကောင်းပြီလေ၊ ကောင်းပြီ... မန်ချူးမင်းသားအတွက် ကလေး မမွေးပေးချင်လို့ ကျွန်မဘာသာ ကတိုးနံ့သာတွေ သောက်ထားခဲ့တာ၊ အနည်းဆုံး နောက်ထပ် ဆယ်နှစ်လောက်အထိ ကျွန်မ ကလေးယူလို့ ရမှာ မဟုတ်ဘူး၊ ပြီးတော့ ရှင်တို့က ကျွန်မလို သစ္စာရှိပြီး စိတ်ဓာတ်ပြတ်သားတဲ့ မိန်းမတစ်ယောက်ကို သတ်ချင်တယ်ဆိုရင် ကျွန်မက ရှင်တို့ကို အထင်သေးတာထက် ပိုင်လျန်ဂိုဏ်းက တခြားသူတွေကလည်း ရှင်တို့ကို အထင်သေးလိမ့်မယ်၊ ထျန်းတိဟွေ့က သူရဲကောင်းတွေတောင် ရှင်တို့ကို အထင်သေးလိမ့်မယ်၊ အဲဒီကျရင် ရှင်တို့ရဲ့ ပိုင်လျန်ဂိုဏ်းက လောကကြီးမှာ ခြေကုပ်ယူနိုင်သေးလားဆိုတာ စောင့်ကြည့်ကြတာပေါ့"

မုတ်ဆိတ်မွေးနှင့်လူက "တကယ်လား၊ ဟုတ်ရောဟုတ်လို့လား၊ မင်းက ထျန်းတိဟွေ့အကြောင်းကိုတောင် သိသေးတယ်ပေါ့"

ကမ်းချန်ချန်က ပြန်ဖြေသည်။

"ကျွန်မက ငယ်ငယ်ကတည်းက ထျန်းတိဟွေ့ကို ကိုးကွယ်လာခဲ့တာပါ"

ကျန်နှစ်ယောက်ထက် အနည်းငယ် ပိုယဉ်ကျေးပုံရပြီး ယခုအချိန်ထိ စကားတစ်ခွန်းမှ မပြောသေးသော အမျိုးသားက ကမ်းချန်ချန်ကို သူ့မြင်းပေါ်သို့ မတင်လိုက်ပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်လေသည်။

အဆုံးတွင် လဲလျောင်း နေရာမှထိုင်ရက် အနေအထားသို့ ပြောင်းလဲသွားသောအခါ ကမ်းချန်ချန်က ကိုယ်ကိုကိုင်းကာ မြေကြီးပေါ်သို့ အန်ချလိုက်သည်။ သူမ နေ့လယ်စာ စားထားသမျှ အစားအသောက်များ အကုန်လုံးကို အန်ချလိုက်ခြင်း ဖြစ်သည်။ အန်ဖတ်ပုံကြီးထံမှ ချဉ်စူးစူး အနံ့တစ်ခု ထွက်ပေါ်လာသည်။

အမျိုးသားသုံးယောက်မှာ ရွံရှာသွားပြီး မြင်းတင်ပါးကို ထပ်မံ ရိုက်နှင်လိုက်ရာ မြင်းမှာ ခြေလှမ်းပိုမြန်သွားသည်။ ကမ်းချန်ချန်မှာ အပြင်ပန်းတွင် အနည်းငယ် အပြစ်ရှိသလို ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်မူ သူတို့အားလုံးကို ကျိန်ဆဲနေမိသည်။

[နင်ဘာလို့ မေ့မလဲသွားရတာလဲ]

မုတ်ဆိတ်မွေးနှင့်လူကမေးသည်။

"ဒုတိယညီ... ဘယ်လိုနေလဲ"

ဒုတိယညီတော်က လေးနက်စွာဖြင့် "သူပြောတဲ့အတိုင်း အတိအကျပါပဲ"

မုတ်ဆိတ်မွေးနှင့်လူက အားရပါးရ ချီးကျူးလာသည်။

"ကောင်းတယ်၊ မင်းမှာ သတ္တိရှိတာပဲ၊ မင်းက တကယ်ကို စိတ်ဓာတ်ခိုင်မာတဲ့ မိန်းမတစ်ယောက်ပဲ၊ ငါတို့ မင်းကို လွှတ်ပေးလိုက်မယ်"

တတိယညီကမူ အလိုမကျစွာ "အစ်ကိုကြီး"

ကမ်းချန်ချန်က ဖြူလျော့နေသော မျက်နှာဖြင့် "စိတ်မပူပါနဲ့၊ ကျွန်မ ပြန်ရောက်ရင် ရှင်တို့ကို သစ္စာမဖောက်ပါဘူး၊ ကျွန်မ ရှင်တို့ရဲ့ သူလျှိုတောင် လုပ်ပေးပါ့မယ်၊ နောက်တစ်ခါ ရှင်တို့ လူစုပြီး မြို့တော်ကို လာတဲ့အခါ ကျွန်မဆီ သတင်းပို့လိုက် ပါ၊ ကျွန်မ သေချာပေါက် ကူညီပေးပါ့မယ်"

မုတ်ဆိတ်မွေးနှင့်လူက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပေးသည့် ဟန်ဖြင့် "ကတိနော်"

အမျိုးသားသုံးဦး ထွက်ခွာသွားသော ကျောပြင်များကို ကြည့်ရင်း ကမ်းချန်ချန်မှာ တိတ်တဆိတ် သက်ပြင်းချမိသည်။ သူမ နဖူးမှ ချွေးများကို သုတ်လိုက်ရုံရှိသေး မြင်းခွာသံကို ကြားလိုက်ရသည်။

သူမ လှည့်မကြည့်ရသေးခင်မှာပင် ဓားဖျားတစ်ချောင်းက သူမ ရင်ဘတ်ကို ဖိကပ်လာသည်။ ကမ်းချန်ချန်မှာ မျက်လုံးများ ပြူးကျယ်သွားပြီး မော့ကြည့်လိုက်သည်။

မြင်းနက်ပေါ်မှ အမျိုးသားက သူမကို ငုံ့ကြည့်ကာခြိမ်း ခြောက်လေသည်။

"မင်းသာ ငါတို့ကို သစ္စာဖောက်ရဲရင် မင်းရဲ့ အသည်းနှလုံးတွေကို ဆွဲထုတ်ပြီး ခွေးစာကျွေးဖို့ လမ်းပေါ် ပစ်ချလိုက်မယ်"

ကမ်းချန်ချန် အားတင်းပြုံးပြကာ "ကျွန်မ မလုပ်ပါဘူး၊ ရှင် မယုံရင် ကျွန်မ ကျိန်ဆိုရဲပါတယ်"

ထိုအမျိုးသားက သရော်လိုက်ပြီး "တစ္ဆေသရဲတွေ၊ နတ်ဘုရားတွေဆိုတဲ့ အဓိပ္ပာယ်မရှိတာတွေကို ဘယ်သူက ယုံမှာလဲ"

[ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ရှင်က မယုံဘူးပေါ့၊ ဒါဆိုရင် ရှင်က ဘာလို့ ပိုင်လျန်ဂိုဏ်းထဲ ဝင်ခဲ့သေးလဲ]

ကမ်းချန်ချန် တစ်ယောက် ဟွာစန်းနှင့် မြင်းလှည်းဆရာတို့ဆီသို့ ရောက်ရှိသွားချိန်၌ နာရီဝက်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ် သည်။

မြင်းလှည်းထဲရှိ လူနှစ်ယောက်မှာ ယခုမှ နိုးလာကြသော် လည်း ကြိုးများကို မဖြည်နိုင်ကြချေ။ ကမ်းချန်ချန်က သူတို့ကို ကူညီပေးလိုက်သည်။

မြင်းလှည်းပေါ်သို့ ပြန်ရောက်သောအခါမှသာ ကမ်းချန်ချန်မှာ သူမ ချွေးစေးများကို သုတ်ရန် အချိန်ရတော့သည်။ ယနေ့သည် မယုံနိုင်လောက်အောင် အန္တရာယ်များလွန်းလှသည်။

[ငါက ယင်ကျန်းရဲ့အချစ်တော် ကိုယ်လုပ်တော်လို့ သူတို့ကို ဘယ်သူကများ ပြောလိုက်တာလဲ]

ဟွာစန်း "သခင်မလေး... အဆင်ပြေရဲ့လား"

ကမ်းချန်ချန်က ခေါင်းခါပြကာ သူမကို အားနည်းစွာ မှီချသည်။ ပြေးလွှားခဲ့ရသဖြင့် သူမမှာ မောပန်းနွမ်းနယ်နေပြီး ထိုသုံးယောက် စိတ်ပြောင်းသွားကာ သူမကို ဓားနှင့် ပြန်ထိုးမည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။

အားအင်များ ပြန်လည်ပြည့်ဖြိုးလာပြီးနောက် ကမ်းချန်ချန်က မြင်းလှည်းပေါ်တွင်ပင် အဝတ်အစား လဲလှယ်လိုက်သည်။ စိတ်အေးလက်အေး ဖြစ်သွားပြီးနောက် သူမက ဟွာစန်းနှင့် စတင် တိုင်ပင်တော့သည်။

"အိမ်တော်ကို ရောက်လို့ ငါ ရုတ်တရက် မေ့လဲသွားရင် နင်က ငါ့အုတ်ဂူရှေ့မှာ ငိုသလိုမျိုး အသံကုန်ဟစ်ပြီး ငိုရမယ်နော်၊ ပြီးခဲ့တဲ့တစ်ခေါက် နှင်းတောထဲမှာ မေ့လဲသွားကတည်းက ငါ နေမကောင်းဖြစ်နေတာလို့ ပြောလိုက်၊ ထားလိုက်ပါတော့၊ စကားမပြောနဲ့တော့၊ ငိုပဲ ငိုနေလိုက်၊ စကားတွေ အများကြီး ပြောနေတာက နင့်ရဲ့ စရိုက်နဲ့ မကိုက်ညီဘူး"

ဟွာစန်း ခေါင်းညိတ်လိုက်ပြီးနောက် အနေခက်စွာဖြင့် ခေါင်းကုတ်ကာပြောသည်။

"...ကျွန်မ ဘယ်လိုငိုရမလဲ မသိဘူး"

ကမ်းချန်ချန်မှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ စကား ပြောရင်း လက်တွေ့ပါလုပ်ပြသည်။

"နင့်ပေါင်ကိုသာ ဆွဲလိမ်လိုက်၊ အဲဒါဆို ငိုထွက်လာလိမ့်မယ်၊ တကယ်လို့ မျက်ရည်မထွက်လာရင်လည်း အော်သာငိုလိုက်၊ ဘယ်သူမှ မသိအောင်လို့ အင်္ကျီလက်နဲ့ မျက်လုံးကို သုတ်သလိုမျိုး ဟန်ဆောင်နေလိုက်"

သူမက ယင်ကျန်းရှေ့တွင် ခဏခဏ ဟန်ဆောင်ငိုပြလေ့ရှိသဖြင့် မျက်ရည်တုကျသည့် နေရာတွင် အလွန်အတွေ့အကြုံ များသည်။

မြင်းလှည်း ဈေးထဲသို့ ရောက်သောအခါ အစားအသောက် အနံ့များက လေထုထဲတွင် ပျံ့လွင့်နေသည်။ ကမ်းချန်ချန်ရော ဟွာစန်းပါ ဗိုက်ဆာနေကြပြီ ဖြစ်၍ အစားအသောက် အချို့ဝယ်ရန် မြင်းလှည်းဆရာကို ငွေတစ်ကျပ်သား ထပ်ပေးသည်။

မည်သို့ပင်ဖြစ်စေ ထိုပိုင်လျန်ဂိုဏ်းသား သုံးယောက်၏ နှောင့်ယှက်မှုကြောင့် အချိန်က တော်တော်လေး နောက်ကျနေပြီ ဖြစ်သည်။ ထင်သည့်အတိုင်းပင် ဟွာစန်းနှင့် သူမတို့ အပြေးအလွှား ပြန်ရောက်လာချိန်၌ ကောင်းကင်ကြီးမှာ လုံးဝ မှောင်မိုက်နေပြီ ဖြစ်သည်။

ကမ်းချန်ချန် တံခါးဝသို့ရောက်ရောက်ချင်းပင် စဲဖူအဆောင်ထဲသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။

[ထူးဆန်းလိုက်တာ၊ စဲဖူ အခန်းအပြင်ဘက် ခြံဝင်းရဲ့ဘယ်ဘက်ခြမ်းမှာ တစ်ခုခု ပျောက်ဆုံးနေသလိုပဲ]

ထိုနေရာမှာ ဟာလာဟင်းလင်းဖြစ်နေပြီး မီးလောင်ထားသော အနံ့လည်း ရနေသည်။

[ဒီည သူတို့ အသားကင် စားထားကြလို့လား]

ယင်ကျန်း၊ ဖူကျင်း၊ လီစဲဖူ၊ စုန့်ကော်ကော်၊ ချန်ဝမ်အာနှင့် ဝူကော်ကော် တို့အားလုံး ထိုနေရာတွင် ရှိနေကြသည်။

[လူတွေ အများကြီးပါလား]

[ယင်ကျန်းမျက်နှာကြီးက မှောင်မည်းပြီး အုံ့မှိုင်းနေလိုက်တာ၊ လူတစ်ယောက်ကို သေလောက်အောင် လန့်သွားစေနိုင်တယ်]

လူတိုင်း အကြည့်များအောက်တွင် ကမ်းချန်ချန် စုန့်ကော်ကော်ထံသို့ အပြေးအလွှား သွားကာလက်ဖက်ရည်ကို ယူ၍ တကျိုက်တည်း မော့သောက်လိုက်သည်။ ထို့နောက် နောက် ထပ် တစ်ခွက် ငဲ့ကာ ဟွာစန်းကိုကမ်းပေးသည်။

တခြား အစေခံမလေး တစ်ယောက်သာဆိုလျှင် ဤသို့ သောက်ရဲမည် မဟုတ်သော်လည်း ဟွာစန်းကမူ ဂရုမစိုက်ပေ။ သူမက ရေဆာနေသဖြင့် ယူသောက်လေသည်။

ထိုအရာအားလုံးကို လုပ်ပြီးနောက် ကမ်းချန်ချန်က အခန်းအလယ်တွင် တိုက်ရိုက် ဒူးထောက်ချလိုက်ပြီးပြောသည်။

"စတုတ္ထအရှင်မင်းသား၊ ဖူကျင်း... ကျွန်မ မှားသွားမှန်း သိပါပြီ"

လီစဲဖူမှာ မာနကြီးသော ကမ်းချန်ချန်ကို အံ့သြမှင်သက်စွာ စိုက်ကြည့်နေမိသည်။ အားရပါးရ ဟဟလာသော သူမပါးစပ်မှာ ဖြည်းညင်းစွာ ပြန်ပိတ်သွားသည်။ သူမ ဘယ်လို ရယ်စရာကောင်းတဲ့ ဆင်ခြေမျိုးပေးဦးမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့...

ယင်ကျန်း "မင်းမှားမှန်း သိတယ်ပေါ့၊ ပြောစမ်း... မင်း ဘာအမှား လုပ်ခဲ့လို့လဲ"

ကမ်းချန်ချန်က "ဒီနေ့ ကျွန်မအမေ အပြင်းအထန်နေမကောင်းဖြစ်နေလို့ အိမ်ပြန်သွားကြည့်ဖို့ ခွင့်တောင်းခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်မ အကြိမ်ကြိမ် တောင်းပန်ခဲ့တာတောင် စဲဖူက ငြင်းပယ်ခဲ့ပါတယ်၊ အဲဒါကြောင့် ကျွန်မက စဲဖူရဲ့ တံဆိပမပြားကို ခိုးယူပြီး အိမ်တော်ကနေ ထွက်သွားခဲ့တာမလို့ အိမ်တော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိသွားပါတယ်"

လီစဲဖူက ဒေါသတကြီးဖြင့် "အဓိပ္ပာယ်မရှိတာ၊ ငါက ကိုယ် ဝန်နဲ့မလို့ အနားယူနေတာလေ၊ နင်က ငါနိုးလာတာကိုတောင် မစောင့်ဘဲ ဒီလိုပြောရသလား၊ နင် ငါ အနားယူနေတာကို တမင်သက်သက် နှောင့်ယှက်ပြီး ငါ့ဝမ်းဗိုက်ထဲက ကလေးကို ထိခိုက်အောင် လုပ်ချင်နေတာလား၊ ဒါမှမဟုတ် စည်း မျဉ်းတွေကို ချိုးဖောက်မိတဲ့အတွက် နင့်ကိုယ် နင် ဆင်ခြေပေးနေတာလား"

[သူမ လျှောက်ပြောနေတာပဲ]

ကမ်းချန်ချန်က နာကျင်စွာဖြင့် ငိုကြွေးကာ "လောကကြီးမှာ အကြီးမားဆုံး သတ္တိတွေ ရှိနေရင်တောင် စဲဖူနဲ့ ဝမ်းဗိုက်ထဲက ကလေးကို ထိခိုက်အောင်လုပ်ဖို့ ကျွန်မ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မတွေးရဲပါဘူး။

ဘာလို့များ စဲဖူက ကျွန်မကို ဒီလို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်နဲ့ စွပ်စွဲရတာလဲ၊ ကျွန်မက တံခါးအပြင်ဘက်မှာ ဒူးထောက်ပြီး အသံဝင်သွားတဲ့အထိ အသနားခံခဲ့တာတောင် စဲဖူရဲ့ အစေခံတွေက ကျွန်မကို စော်ကားပြီး အရှက်ခွဲခဲ့ကြတယ်။

ကျွန်... ကျွန်မ ထိတ်လန့်သွားတဲ့ အချိန်လေးမှာ စိတ်လိုက်မာပါ လုပ်မိသွားတာပါ၊ အတိုချုပ်ပြောရရင် ကျွန်မ အမှားပါ"

ယင်ကျန်း လီစဲဖူဘက်သို့လှည့်ကာ မေးလိုက်သည်။

"လီစဲဖူ... ဒါအမှန်ပဲလား"

All Chapters