အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
🌻 Chapter 109
လီစဲဖူမှာ အပြစ်ရှိသလို ခံစားရသော်လည်း ခါးကို မတ်မတ်ထားကာ "အရှင်မင်းသား... ဒီမိန်းကလေး လျှောက်ပြောနေတာတွေကို နားမယောင်ပါနဲ့၊ ကျွန်မခြံဝင်းထဲက အစေခံတွေက သူမနဲ့ စကားများရုံလေး စကားများခဲ့တာပါ၊ စည်းမျဉ်းတွေအရဆိုရင် ခွင့်ယူဖို့အတွက် သုံးရက်ကြိုပြီး တောင်းရမှာလေ၊ သူမကို အထူးခွင့်ပြုချက်ပေးဖို့ ကျွန်မမှာ ဘယ်လိုလုပ် အခွင့်အာဏာ ရှိမှာလဲ"
ယင်ကျန်းက ဖူကျင်းဘက်သို့ လှည့်ကြည့်လိုက်ရာ ဖူကျင်းက ဝင်ပြောသည်။"စတုတ္ထအရှင်မင်းသားနဲ့ ကျွန်မ နှစ်ယောက်စလုံး မရှိတဲ့အချိန်မှာ လီစဲဖူက အိမ်တော်မှာ အာဏာအရှိဆုံးသူပဲလေ၊ ဒီလို အခြေအနေမျိုးမှာ လီစဲဖူက ကမ်းကော်ကော်ကို အထူးခွင့်ပြုချက် ပေးသင့်တာပေါ့"
[မှန်လိုက်တာ]
လီစဲဖူ မျက်လွှာချလိုက်ပြီး "ဟုတ်ပါတယ်၊ ဒီကိစ္စအတွက် ကျွန်မမှာလည်း တာဝန်ရှိပါတယ်၊ နောက်တစ်ခါ ပိုပြီး ဂရုစိုက်ပါ့မယ်၊ ဒါပေမဲ့ သူမက ခွင့်ပြုချက်မရှိဘဲ အမှတ်အသားကို ယူတာ၊ ကလဲ့စားချေဖို့အတွက် အိမ်ကို တမင်သက်သက် မီးရှို့တာနဲ့ အိမ်တော်ကနေ ခွင့်ပြုချက်မရှိဘဲ ထွက်သွားတာတွေက ပိုပြီး မှားယွင်းနေပါတယ်"
ကမ်းချန်ချန် နားမလည်နိုင်စွာဖြင့် "နေပါဦး၊ လီစဲဖူ ဘာပြောလိုက်တယ်၊ အိမ်ကို တမင်သက်သက်မီးရှို့တယ် ဟုတ်လား၊ ကျွန်မ ဘယ်တုန်းက အိမ်ကို တမင်သက်သက် မီးရှို့ခဲ့လို့လဲ"
လီစဲဖူ သရော်လိုက်ပြီး "နင်က လုပ်တော့ လုပ်ရဲပြီး တာဝန်တော့ မယူရဲဘူးပေါ့လေ၊ ငါက နင့်ကို အိမ်တော်ကနေ ထွက်ခွင့်မပေးလို့ နင့်အစေခံကို ငါ့ခြံဝင်းကို မီးရှို့ခိုင်းလိုက်တာလား၊ ကံကောင်းလို့ ငါ့လူတွေက အချိန်မီ သတိထားမိပြီး ရေနဲ့ ငြှိမ်းသတ်နိုင်ခဲ့လို့ ဘယ်သူမှ ဒဏ်ရာမရခဲ့တာ၊ ဒါပေမဲ့ မီးက ငါ့ရဲ့ လှပတဲ့ ပျိုနီပန်းဆယ်ပင်ကျော်ကို ဖျက်ဆီးပစ် လိုက်ပြီ၊ ကမ်းချန်ချန်... နင်က တကယ်ကို ယုတ်မာလွန်းတယ်"
[ဒါကြောင့် သူမခြံဝင်းက ဟာလာဟင်းလင်း ဖြစ်နေတာကိုး၊ ပျိုနီပန်းတွေ မရှိတော့လို့ကိုး။ အဲဒီပန်းတွေက အရမ်းလှတာကို...]
ကမ်းချန်ချန် "လီစဲဖူရဲ့ ပန်းတွေ ပျက်စီးသွားတဲ့အတွက် ကျွန်မလည်း အရမ်း စိတ်မကောင်းဖြစ်ရပါတယ်၊ ဒါပေမဲ့ ကျွန်မ မီးမရှို့ခဲ့ပါဘူး၊ ကျွန်မ အိမ်တော်ကနေ ထွက်သွားတုန်းက လီစဲဖူရဲ့ ခြံဝင်း မီးလောင်နေတာကို မတွေ့ခဲ့ပါဘူး၊ ကျွန်မ မီးရှို့ခဲ့တယ်ဆိုတာကို သက်သေပြဖို့ လီစဲဖူမှာ ဘာအထောက်အထား ရှိလို့လဲ"
လီစဲဖူက ကျောက်စိမ်းဆွဲကြိုးတစ်ကုံးကို ထုတ်ပြလိုက်ပြီး
"ဒါကို ငါ့ခြံဝင်းနားကနေ တွေ့ခဲ့တာ၊ ဒါက ဘာကိုမှ သက် သေမပြနိုင်တာ သေချာလား"
ဟွာစန်း သူမခါးကို စမ်းကြည့်လိုက်ပြီး ကမ်းချန်ချန်အား အလောတကြီးဖြင့် ပြောမိသွားသည်။
"ကျွန်မဟာပဲ..."
ကမ်းချန်ချန် သက်ပြင်းချမိပြီး [ဟူး... ဟွာစန်း... နင်က ဘယ်သူ့ ဘက်မှာလဲ၊ အဲဒါ နင့်ရဲ့ ကျောက်စိမ်းဆွဲကြိုးမှန်း ဘာလို့ ဝန်ခံလိုက်ရတာလဲ]
လီစဲဖူမှာ မေးစရာပင် မလိုဘဲ ဝန်ခံလိုက်သဖြင့် ကျေနပ်ဂုဏ်ယူစွာဖြင့် "မေးစရာတောင်မလိုဘဲ ဝန်ခံလိုက်ပြီပဲ၊ ကမ်းချန်ချန်... နင်က အစေခံကို မီးရှို့ဖို့ အမိန့်ပေးခဲ့တာ၊ ဘာများ ပြောစရာကျန်သေးလို့လဲ"
[ဒီလောက်နဲ့တင် စကားပြန်မပြောနိုင်အောင် ဖြစ်ရမှာလား၊ နင်က ငါ့ကို တုံးတယ်လို့ ထင်နေတာလား၊ ဒါမှမဟုတ် တခြားသူတွေ အကုန်လုံးကပဲ တုံးနေတယ်လို့ ထင်နေတာလား]
ကမ်းချန်ချန် နှုတ်ခမ်းဆူလိုက်ပြီး တိုက်ရိုက်မေးသည်။
"ဟွာစန်း... နင် မီးရှို့ခဲ့တာလား"
ဟွာစန်း ခေါင်းခါပြပြီး တုန်ရီစွာ ပြန်ဖြေရှာသည်။
"ကျွန်မ... မရှို့ခဲ့ပါဘူး"
[လူတွေ များလာလေ သူမက ပိုပြီးစိုးရိမ်ထိတ်လန့်တက်လေပဲ၊ သူမက ခန္ဓာကိုယ်သာ ကြီးပေမယ့် လူကြောက်တတ်တဲ့ ကလေးတစ်ယောက်လိုပဲ ပြုမူနေတာ]
[ဒါပေမဲ့ အန္တရာယ်ကြုံလာရင်တော့ သူမကိုယ် သူမ ချက် ချင်းကာကွယ်နိုင်တယ်]
ကမ်းချန်ချန် "သူမ မီးမရှို့ခဲ့ဘူးလို့ ပြောတယ်"
လီစဲဖူ ခေါင်းခါလိုက်ပြီး "ဒီလို မကောင်းတာလုပ်တဲ့သူတိုင်းက ငြင်းကြမှာပဲလေ၊ တကယ်လို့ ပြစ်မှုကျူးလွန်သူတွေက ကိုယ့်ဘာသာ ဝန်ခံကြမယ်ဆိုရင် တရားသူကြီးလို တည့်မတ်မှန်ကန်တဲ့ အရာရှိတွေက ဘာလို့ စုံစမ်းစစ်ဆေးပြီး စစ်ကြောရေး လုပ်နေဖို့ လိုတော့မှာလဲ"
[လီစဲဖူရဲ့အဖေက ယင်ကျန်းရဲ့ ခွင့်ပြုချက်နဲ့ မကြာသေးခင်ကမှ ခရိုင်တရားသူကြီးအဖြစ် ခန့်အပ်ခံရတယ်လို့ ငါ ကြားဖူးတယ်၊ တရားသူကြီးလီကသာ သူ့သမီး အမှုတွေကို ကိုင်တွယ်မယ်ဆိုရင် မှားယွင်းတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေ အများကြီးဖြစ်လာတော့မှာ မဟုတ်ဘူးလား]
ကမ်းချန်ချန် "ဟွာစန်း လိမ်နေတယ်လို့ ယူဆရင်တောင် သူမ စောစောက ပြောခဲ့တဲ့ ကျွန်မဟာဆိုတဲ့ စကားကလည်း အလိမ်အညာ ဖြစ်နိုင်တာပဲ၊ ဒီကျောက်စိမ်းဆွဲကြိုးက သူမဟာ မဟုတ်တာလည်း ဖြစ်နိုင်တယ်၊ တကယ်လို့ သူမ အမှန်တိုင်း ပြောနေတာဆိုရင် မီးမရှို့ဘူးဆိုတာက မီးမရှို့ဘူးပေါ့၊ အပြစ်ကင်းတဲ့သူကို အပြစ်လာပုံချလို့ မရဘူးလေ"
လီစဲဖူ "ရယ်စရာကောင်းလိုက်တာ၊ မနေ့က နင့်ခြံဝင်းထဲက အစေခံတွေနဲ့ မိန်းမစိုးတွေကို နင်ပေးခဲ့တဲ့ ကျောက်စိမ်းဆွဲကြိုးဆိုတာ လူတိုင်းသိနေတာပဲ၊ လူတိုင်းမှာ တစ်ကုံးစီရှိပြီး သူတို့နာမည်ထဲက စာလုံးတစ်လုံးစီ ထွင်းထားတယ်လေ၊ ဒီတစ်ခုမှာက စန်းလို့ ထွင်းထားတယ်၊ နင်က ဘာကို ငြင်းချင်နေသေးတာလဲ"
ကမ်းချန်ချန် "လူတိုင်း သိနေမှတော့ ဒါကို အတုလုပ်လို့ရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား၊ ပြီးတော့ ဒီကျောက် စိမ်းဆွဲကြိုးကို ဟွာစန်းဆီကနေ တခြားတစ်ယောက်ယောက်က ခိုးသွားတာလည်း ဖြစ်နိုင်တာပဲ၊ အတိုချုပ်ပြောရရင် ဟွာစန်း မီးရှို့တာကို ဘယ်သူမှ မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့သလို အခင်းဖြစ်ပွားတဲ့ နေရာမှာလည်း တခြားအထောက်အထား ဘာမှ မတွေ့ရဘဲနဲ့ ဒီလိုကောက်ချက်ချလို့ မရဘူးလေ"
ထိုအချိန်မှာပဲ စုန့်ကော်ကော်က လက်ခုပ်တီးလာသည်။
"နင်... နင် တကယ် စကားပြောကောင်းတာပဲ"
လီစဲဖူကမူ ယင်းလော့အား မျက်စိပစိပြသည်။ ယင်းလော့က ဟွာစန်းဆီသို့ လျှောက်သွားကာ သူမလက်ထဲရှိ ကျောက်စိမ်းဆွဲကြိုးကို ဝှေ့ယမ်းပြရင်းမေးသည်။
"ဒီကျောက်စိမ်းဆွဲကြိုးက နင့်အတွက် အရမ်းအရေးကြီးတယ် မဟုတ်လား၊ ဒါသာ ပျောက်သွားရင် နင် သတိမထားမိဘဲ နေမှာမဟုတ်ဘူးမလား"
ဟွာစန်း မျက်လုံးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲသွားပြီး ကိစ္စနှစ်ခုကို တစ်ပြိုင်နက်တည်း တွေးတောရသဖြင့် သိသိသာသာကို စိတ်ရှုပ်ထွေးသွားဟန် ရှိသည်။
ကမ်းချန်ချန်က ဦးစွာကန့်ကွက်လာသည်။
"ကျွန်မ ကန့်ကွက်တယ်၊ ဟွာစန်းက တုံ့ပြန်မှုနှေးကွေးတယ်၊ သူမရဲ့ ကျောက်စိမ်းဆွဲကြိုး ပျောက်နေတာကိုတောင် သူမ သတိထားမိမှာ မဟုတ်ဘူး၊ တကယ်တော့ သာမန်လူတစ်ယောက်တောင် ချက်ချင်းသတိထားမိချင်မှ ထားမိမှာ၊ ဥပမာ... လီစဲဖူရဲ့ တံဆိပ်ကို ကျွန်မ ခိုးယူခဲ့တာတောင် လီစဲဖူက အချိန်မီ သတိထားမိခဲ့ရင် ကျွန်မ အိမ်တော်ကနေထွက်သွားလို့ ရမှာမဟုတ်ဘူးလေ"
လီစဲဖူက "ပါးစပ်ပိတ်ထားစမ်း၊ အဲဒီကျောက်စိမ်းဆွဲကြိုးက အမြဲတမ်း ကိုယ်နဲ့မကွာရှိနေတာ၊ သူ့မှာ တစ်ခုတည်း ရှိတာလေ၊ တံဆိပ်နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ရမှာလဲ"
ကမ်းချန်ချန် အပြစ်ကင်းဟန်ဖြင့် "ဒါပေမဲ့ တံဆိပ်ဆိုတာက အရေးကြီးတဲ့ အရာတစ်ခု၊ အရေးကြီးတဲ့ တာဝန်တွေပါ ပါဝင်နေတာလေ၊ ကျောက်စိမ်းဆွဲကြိုးကတော့ ကစားစရာ သက်သက်ပါပဲ"
ဖူကျင်း "ကမ်းကော်ကော်... ဝင်မစွက်ဖက်နဲ့၊ ယင်းလော့ကို ဆက်မေးခိုင်းလိုက်"
ကမ်းချန်ချန် ယင်ကျန်းအား သနားစရာအကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူမနှုတ်ခမ်းကို ကိုက်ထားသည်။
ယင်ကျန်းမှာ သူ့လက်ချောင်းပေါ်ရှိ လက်စွပ်ကို ပွတ်သပ်ရင်း အတွေးလွန်နေလေသည်။
ယင်းလော့ "ဒီနေ့ နင် အိမ်တော်ရဲ့ အနောက်ဘက်ခြမ်းကို သွားခဲ့လား"
ဟွာစန်း "ဟုတ်"
[သူမ အနောက်ဘက်ခြမ်းကို သွားတာ ပုံမှန်ပဲ မဟုတ်ဘူးလား၊ အဲဒီမှာ မီးဖိုချောင် ရှိတယ်လေ]
ယင်းလော့က ထပ်မံ၍ "နင် တစ်ခုခု လုပ်ခဲ့သေးလား"
ဟွာစန်း "ဟုတ်"
ကမ်းချန်ချန် တိတ်တဆိတ် သူမဒူးခေါင်းများကို ပွတ်သပ်လိုက်သည်။
[ယင်းလော့က ဝန်ခံအောင် မြှူဆွယ်နေတာလား၊ သူမက ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်မေးနေတာလဲ]
[တစ်နေ့လုံး ဒီလိုတွေဖြစ်နေတော့ ငါ အရမ်းပင်ပန်းနေပြီ၊ ငါ မေ့လဲတော့မှာပဲ]
[တောင့်ထား... မေ့လဲလို့မဖြစ်ဘူး၊ ငါသာ မေ့လဲသွားရင် ဟွာစန်း ပိုပြီးစိတ်ရှုပ်ထွေးသွားလိမ့်မယ်]
သူမ နှုတ်ခမ်းများ ဖြူရော်နေပြီး မျက်လုံးများက ဝေဝါးလာသော်လည်း သူမ လက်ဖဝါးများကို တင်းကြပ်စွာဆုပ်ထားမိသည်။
"တော်လောက်ပြီ"
ယင်းလော့ တစ်ခုခု ထပ်ပြောချင်နေသော်လည်း ယင်ကျန်းမတ်တတ်ထရပ်ကာ ကမ်းချန်ချန်ကို သွားရောက်တွဲထူပေးရင်း "အချိန်လည်း လင့်နေပြီ၊ ကမ်းကော်ကော်က ဟွာစန်းကို မခိုင်းခဲ့ဘူးလို့ ပြောမှတော့ ငါ သူ့ကို ယုံတယ်၊ ဖူကျင်း... လီစဲဖူ ခြံဝင်းထဲက ရိုင်းစိုင်းပြီးစည်းကမ်းမဲ့တဲ့ အဲဒီအစေခံတွေကို မင်းပဲ ကိုင်တွယ်လိုက်တော့"
လူတိုင်း မှင်သက်သွားကြသည်။ ယင်ကျန်းမှ စစ်ဆေးမေးမြန်းရေကို ရုတ်တရက် အဆုံးသတ်လိုက်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။
"အရှင်..."
သို့သော် လီစဲဖူမှာ စကားပင်မဆုံးလိုက် ယင်ကျန်း၏စူးရှသော အကြည့်များကို မြင်လိုက်ရသဖြင့် နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲတော့ပေ။
ကမ်းချန်ချန်မှာ သူ့ကို အားနည်းစွာမှီချလိုက်ပြီး အားတင်းမေးသည်။
"ဟွာစန်းကရော"
ယင်ကျန်း "ဒီကိစ္စကို ဖူကျင်းက စုံစမ်းစစ်ဆေးလိမ့်မယ်၊ တကယ်လို့ သူမ လုပ်ခဲ့တာ မှန်ရင်တော့ သေချာပေါက် အလွယ်တကူ လွှတ်ပေးလို့ မရဘူး၊ ဒါပေမဲ့ သူမ လုပ်ခဲ့တာ မဟုတ်ဘူးဆိုရင်လည်း ကိုယ်တို့ အိမ်တော်က အစေခံမလေး တစ်ယောက်ကို မတရားအပြစ်ပေးမှာ မဟုတ်ဘူး"
သူစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကမ်းချန်ချန်အား ပွေ့ချီလိုက်သည်။
ကမ်းချန်ချန်မှာ အံ့ဩသွားရသည်။
"အရှင်"
ယင်ကျန်း သူမကို ဂရုမစိုက်ဘဲ တံခါးအပြင်ဘက်သို့ တန်း တန်းမတ်မတ် လျှောက်သွားသည်။
ချန်ကော်ကော်မှာ လက်ကိုင်ပဝါကို တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်ပြီး သူမမျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
ဝူကော်ကော် "ဒါဆိုရင် ဟွာစန်း မီးရှို့တာပဲဖြစ်ဖြစ်၊ မရှို့တာပဲဖြစ်ဖြစ် ကမ်းကော်ကော်မှာ တာဝန်မရှိဘူးပေါ့"
လီစဲဖူ သူမလက်ဖက်ရည်ခွက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ နှုတ်ခမ်းနီနီများကိုဆူကာ "အဲဒါက အရှင်မင်းသားရဲ့ ဆုံးဖြတ်ချက်ပဲ၊ ဒါပေမဲ့ ဒါက အရမ်းမျက်နှာ လိုက်လွန်းတယ်"
စုန့်ကော်ကော် "ဒါပေမဲ့ နင့်ရဲ့ အစေခံတွေက ကမ်းကော်ကော်ကို စော်ကားခဲ့တာတောင် အရှင်မင်းသားက နင့်ကိုလည်း အပြစ်မတင်ခဲ့ဘူး မဟုတ်လား"
ဖူကျင်း "ညီမတော်စုန့်... မှားနေပြီ၊ မီးရှို့တာကို လျစ်လျူရှုတာနဲ့ ကော်ကော်တစ်ယောက်ကို စော်ကားတာကို လျစ်လျူ ရှုတာကို ဘယ်လိုလုပ် တူညီတယ်လို့ သတ်မှတ်လို့ရမှာလဲ"
စုန့်ကော်ကော် "ဒါပေမဲ့ ဘယ်သူကများ အသိဉာဏ်နည်းတဲ့ အစေခံမလေးကို မီးရှို့ဖို့ခိုင်းမှာတဲ့လဲ"
🌻 Chapter 110
အပြင်ဘက်တွင်မူ ကမ်းချန်ချန်မှာ နောက်ဆုံးတွင် သတ္တိမွေးကာ "ကျွန်မ ဘာသာ လမ်းလျှောက်နိုင်ပါတယ်"
[ဒါ အရမ်း သိသာလွန်းနေတယ်လို့]
ယင်ကျန်း ခြေလှမ်းရပ်လိုက်ပြီး သူမကို ငုံ့ကြည့်ကာ "မင်းကို ကိုယ် အောက်ကိုပစ်ချလိုက်ရမလား၊ ဒါမှမဟုတ် ပါးစပ်ပိတ်ထားမလား"
ကမ်းချန်ချန် ပါးစပ်ပိတ်သွားပြီး သူမလက်မောင်းများကို သူ့လည်ပင်းတွင် တင်းကြပ်စွာ ဖက်တွယ်ထားလိုက်သည်။
[ရှင်က ဘာလို့ ဒီလိုဖြစ်နေရတာလဲ၊ သဘောကောင်းသလိုနဲ့ တအားကို ကြမ်းတမ်းတာပဲ]
[ဘာလို့မှန်းတော့ မသိဘူး၊ သူက အောက်ကို ပစ်ချမယ်လို့ ပြောတုန်းက ငါ တကယ် ယုံသွားတယ်၊ အဲ့လိုသာဆို ငါ့တင်ပါးတော့ နာသွားမှာပဲ]
ယင်ကျန်း ပြုံးလိုက်မိပြီး သနားကြင်နာမှု အနည်းငယ် ပါဝင်သော လေသံဖြင့် "မင်း ပင်ပန်းသွားရပြီ"
[ပင်ပန်းတယ် ဟုတ်လား၊ ငါ ဒီနေ့ ပိုင်လျန်ဂိုဏ်းက ဓားပြတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ပြန်ပေးဆွဲခံရမလို ဖြစ်ခဲ့တာကို သူ ကြိုသိနေလို့များလား]
[ရယ်စရာကောင်းလိုက်တာ၊ သူက ဘယ်လိုလုပ်သိနိုင်မှာလဲ၊ သူမှ နတ်ဘုရား မဟုတ်တာ၊ သူသာ သိရင် ငါ့ကို ထပ်ပြီး စစ်ဆေးရေးလုပ်ဦးမှာ သေချာတယ်၊ ဟူး...]
ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ကမ်းချန်ချန်ကို အောက်ချပေးလိုက်ရာ သူမက အိမ်ထဲသို့ အမြန်ပြေးဝင်သွားလေသည်။
ယင်ကျန်း အပြင်ဘက်တွင် ကျန်းတာ့နျန်ကို ညွှန်ကြားချက်အချို့ ပေးနေပြီး သူမထက် ခြေလှမ်းအနည်းငယ် နောက်ကျမှ ဝင်လာသည်။
ယွင်ကျွမ်း "အစားအသောက်တွေ ပြင်ဆင်ထားတာ ကြာပါပြီ၊ အားလုံးက ကော်ကော် ကြိုက်တာချည်းပါပဲ"
ကမ်းချန်ချန် မျက်ရည်ဝဲကာ ခေါင်းညိတ်လိုက်ပြီး သူမ တူများကို ယူလိုက်သော်လည်း ပြန်ချထားပြန်သည်။
"ဟူး... ဟွာစန်းက ဖူကျင်းဆီမှာဆိုတော့ သူမ တစ်ခုခုစားမှစားရပါ့မလား မသိဘူး"
ထိုသို့ပြောပြီးနောက် သူမက ယင်ကျန်းအား မျှော်လင့်တကြီး ကြည့်လိုက်သည်။
ယင်ကျန်းမှာ မည်သို့မျှ တုံ့ပြန်မှုမရှိချေ။
ကမ်းချန်ချန်မှ ယင်ကျန်း အင်္ကျီလက်စကို အလျင်အမြန် ဆွဲကိုင်လိုက်ပြီး "အရှင်~..."
ယင်ကျန်း ကောရှီးလဲ့ကို တစ်ချက် ကြည့်လိုက်ရာ သူက လှည့်ထွက်သွားလေသည်။
ကမ်းချန်ချန် ထမင်းစားနေစဉ် ယင်ကျန်းက သူမဘေးတွင် စာအုပ်ဖတ်နေပြီး သူမကို တစ်ချက်တစ်ချက် လှမ်းကြည့်နေရာ ထိုအကြည့်များကြောင့် သူမကျောရိုးတစ်လျှောက် စိမ့်တက်သွားရသည်။
ကမ်းချန်ချန် ထမင်းစားရပ်လိုက်ပြီး "အရှင်မင်းသား တကယ်ပဲ ဘာမှ မစားတော့ဘူးလား"
ယင်ကျန်းက ပြန်သာမေးသည်။
"မင်း စားလို့ပြီးပြီလား"
ကမ်းချန်ချန် အလျင်အမြန် ခေါင်းခါပြသည်။ ယင်ကျန်းက ထပ်မံ၍မေးသည်။
"ဒီနေ့ မင်း အပြင်သွားတုန်းက တစ်ခုခုနဲ့ ကြုံတွေ့ခဲ့သေးလား"
ကမ်းချန်ချန် တစ်ခဏမျှ တွေဝေသွားပြီးနောက် ပြန်ဖြေ သည်။
"မကြုံပါဘူး"
[အဲဒီ ပိုင်လျန်ဂိုဏ်းက သုံးယောက် မြို့တော်ကနေထွက်သွားလောက်ပြီလား မသိဘူး၊ ဒီတစ်သက် သူတို့နဲ့ ထပ်မတွေ့ရဖို့ မျှော်လင့်ပါတယ်]
ယင်ကျန်း သူမကို စိုက်ကြည့်ကာ "မင်း ဒီနေ့ အစေခံမလေး တစ်ယောက်တည်းကိုပဲ ခေါ်သွားတာ အရမ်းအဆင်အခြင်မဲ့လွန်းတယ်"
ကမ်းချန်ချန် နှုတ်ခမ်းဆူလိုက်ပြီး မကျေမနပ်ဖြင့် "ကျွန်မ... အစေခံ တစ်ယောက်တည်း ခေါ်သွားရဖို့ကိုတောင် အရမ်း ခက်ခဲခဲ့တာ၊ အခုလည်း စစ်ဆေးရေး လုပ်ခံရသေးတယ်၊ ကျွန်မ ဒူးတွေ အရမ်းနာနေပြီ"
ယင်ကျန်း "မင်းအမေ နေမကောင်းတာရော ဘယ်လိုနေလဲ"
ကမ်းချန်ချန် ပြုံးလိုက်ပြီး ပြန်ဖြေသည်။
"အတော်လေး အခြေအနေဆိုးနေလို့ ကျွန်မ အလောတကြီး ထွက်သွားခဲ့ရတာပါ၊ ကံကောင်းလို့ ကျွန်မအမေက အရည် အချင်းရှိတဲ့ သမားတော်နဲ့တွေ့ပြီး အခြေအနေ တည်ငြိမ်သွားပါပြီ"
ယင်ကျန်း "ကောင်းတာပေါ့"
ကမ်းချန်ချန် တစ်နေ့လုံး ကြောက်လန့်နေခဲ့ရသဖြင့် ချွေးများလည်း ရွှဲနစ်နေခဲ့သည်။ သူမ ယင်ကျန်းကို အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်သဖြင့် မအိပ်မီ ရေတစ်ခါ ထပ်ချိုးလိုက်သော်လည်း ရေချိုးစည်ပိုင်းထဲတွင်ပင် အိပ်ပျော်သွားလေသည်။
ယင်ကျန်းက သူမကို ရေချိုးစည်ပိုင်းထဲမှ ထုတ်ကာရေခြောက်အောင် သုတ်ပေးပြီး ကုတင်ပေါ်တွင် တင်ပေးသည်။ နောက်တစ်နေ့ မနက်စောစောတွင် ကမ်းချန်ချန် အတွေးနက်နေစဉ် သူမဘေးတွင် ရပ်နေသော ယွင်ကျွမ်းက မေးလာသည်။
"ကော်ကော်... ဆံပင်ဖြီးပေးရမလား"
ကမ်းချန်ချန် သူမကို စူးစိုက်ကြည့်လာရာ ကြည်လင်နေသော ကမ်းချန်ချန် မျက်လုံးများတွင် စူးရှသော အလင်းရောင်များ တောက်ပသွားသည်။
"ယွင်ကျွမ်း... နင်လား"
ယွင်ကျွမ်း မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်သည်။
"ကော်ကော်... ကျွန်မ အပြစ်ကင်းပါတယ်၊ ကျွန်မ တကယ် သစ္စာမဖောက်ခဲ့ပါဘူး၊ ဟွာစန်းရဲ့ ကျောက်စိမ်းဆွဲကြိုး ဘယ်အချိန်က ပျောက်သွားလဲဆိုတာကိုတောင် ကျွန်မ သတိမထားမိပါဘူး၊ ကော်ကော် အိမ်ပြန်မလာနိုင်လို့ လူတိုင်း ပြာယာခတ်ပြီး ဖြေရှင်းဖို့ နည်းလမ်းကို ခေါင်းစားနေကြတာဆိုတော့ ဘယ်သူမှ ဘာကိုမှ သတိမထားမိခဲ့ကြဘူးလေ"
ကမ်းချန်ချန် သက်ပြင်းချလိုက်ပြီး သူမကို တွဲထူပေးလိုက်သည်။
"နင်ပြောတာ မှန်ပါတယ်၊ ငါ အရမ်းသံသယလွန်မိသွားတယ်"
သူမ ကိုယ့်လူကိုကိုယ် မသင်္ကာ မဖြစ်သင့်ပေ။ သူမမှာ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး မနက်စာပင် မစားနိုင်ခဲ့ချေ။ ဟွာစန်းက သူမကြောင့် အမှုပတ်သွားခဲ့ရသည်။
သို့သော် အချိန်အနည်းငယ်ကြာသောအခါ ဟွာစန်းလွတ် မြောက်လာပြီး လူတိုင်းက သူမကို စိတ်လှုပ်ရှားစွာ ဝိုင်းရံလာကြသည်။ သူမအား စိုစွတ်သော မျက်နှာသုတ်ပဝါများ ကမ်းပေးကာ သစ်သီးသကြားလုံးများကို ပါးစပ်ထဲသို့ ထည့်ပေးကြသည်။
"ဘယ်လိုနေလဲ၊ ဖူကျင်းက နင့်ကို ဘယ်လိုလုပ် လွှတ်ပေးလိုက်တာလဲ"
"ကျွန်မ... စု..."
ဟွာစန်းမှာ ပိုစိုးရိမ်လာလေ၊ စကားပြောရ ပိုခက်လာလေဖြစ်ပြီး သူမ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်ကြီးများပင် ထွက်လာတော့သည်။
ဟွာယွီက ပြုံးကာ ပြောသည်။
"အကြောင်းရင်းကို သူ့ဘာသာ ရှင်းပြပါစေဆိုရင်တော့ ညမှောင်သွားလိမ့်မယ်၊ အဲဒီအစား ကျွန်မ ကိုယ်တိုင်သွားပြီး အခုချက်ချင်း စုံစမ်းလိုက်ရင် မကောင်းဘူးလား"
ကမ်းချန်ချန် ခေါင်းညိတ်လိုက်သည်။
ခဏအကြာ ဟွာယွီက အမြန်ပြေးကာ ပြန်လာပြီး ပြုံးကာ ပြောသည်။
"စုဖေးရှန်လေ"
သူမက စကားတစ်ခွန်းတည်းပြောပြီးနောက် လက်ဖက်ရည်ကို ဦးစွာသောက်နေလေသည်။
ဟွာစန်းက သက်သာရာရသွားသည့်အလား ခေါင်းညိတ်ပြီး အဆုံးတော့ စိတ်သက်သာရာရသွားကာ မုန့်တစ်ချပ်ကို စားနိုင်သွားသည်။
ကမ်းချန်ချန် မျက်မှောင်ကြုတ်ကာ "သူပဲလား"
ဟွာယွီ "စုဖေးရှန်က တရားခံကို ဖမ်းမိခဲ့တာလေ၊ အခုတော့ သူက စုံထောက်တစ်ယောက်လိုဖြစ်နေပြီ၊ ကျွန်မတို့ရဲ့ဟွာစန်းလေးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပြီး ကျွန်မတို့ ခြံဝင်းလေးရဲ့အပြစ်ကင်းစင်မှုကို သက်သေပြလိုက်တာပဲ"
ယွင်ကျွမ်း၏ စိုးရိမ်ပူပန်ပြီး စိတ်ပျက်နေသော စိတ်အခြေ အနေမှာ ချက်ချင်းပင် လင်းလက်သွားပြီး သူမက ဟွာယွီကို ဆွဲကာ "အသေးစိတ် ပြောပြပါဦး၊ ဘာတွေဖြစ်ခဲ့တာလဲ"
ဟွာယွီ ဆက်ပြီး စိတ်လှုပ်ရှားအောင် မလုပ်တော့ဘဲ တိုက် ရိုက်ပင် ပြောတော့သည်။
"မနေ့က မွန်းလွဲပိုင်းမှာ သူ မီးငြှိမ်းသတ်ဖို့ ကူညီပေးတုန်းက ချန်ကော်ကော်ရဲ့ ခြံဝင်းထဲက စွန်းလွန်က မသင်္ကာစရာကောင်းနေတာကို သူ သတိထားမိခဲ့တယ်တဲ့"
"အဲဒီလူက မီးငြှိမ်းဖို့ ရေပုံးတွေ ယူလာပေမယ့် သူက ခြံဝင်းထဲက မီးလောင်နေတဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ပိုပြီး စိတ်ဝင်စားနေပုံရတယ်"
"သူက အရင်တုန်းက ရွာထဲမှာ သူခိုးတချို့ကပြစ်မှုကျူးလွန်ပြီးရင် သူတို့ရဲ့ရလဒ်တွေကို စောင့်ကြည့်ဖို့ အဲဒီနေရာကို ပြန်လာလေ့ရှိတယ်ဆိုတာ မြင်ဖူးတော့ သူ သံသယဝင်မိသွားတာ"
"ဒါကြောင့် စုဖေးရှန်က သူ့ရဲ့ယုံကြည်ရတဲ့ ညီအစ်ကိုနှစ်ယောက်နဲ့အတူ မနေ့ညက ချန်ကော်ကော်ရဲ့ခြံဝင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့တယ်"
"ပြီးတော့ သူ တကယ်ပဲ ဖမ်းမိသွားတယ်"
"စွန်းလွန်က အထုပ်တစ်ထုပ်နဲ့ ပေါက်တူးတစ်လက်ကို ကိုင်ပြီး တံခါးပေါက်ကနေ တိတ်တဆိတ် ထွက်လာခဲ့တယ်တဲ့၊ ပြီးတော့ အဲဒီအထုပ်ကို မေဟွာပင်အောက်မှာ မြှုပ်ဖို့ရည် ရွယ်ချက်နဲ့ ကျွန်မတို့ အနောက်ဘက် ခြံဝင်းထဲက ဥယျာဉ်ကြီးဆီကို လာခဲ့တာတဲ့"